no

Font
Theme

အပိုင်း ၁၃၀ (စတင်လာသော အက်ကြောင်း​)

ဤမျှအထိ အာဏာပြလိုသော ပုံစံမျိုးလုပ်ရန် ရည်ရွယ်ခဲ့ခြင်း မဟုတ်သော်လည်း ပျာပျာသလဲ လက်ကို ဖယ်ခွာလိုက်စဉ် ဟိုင်န်ရီက ချက်ချင်းပင် လန့်သွားသော မျက်နှာထားကို ဖျောက်ဖျက်ကာ မျက်ဝန်းလေးများ မှေးစင်းပြီး ပြုံးပြရင်း တီးတိုးဆိုလာ၏။

“စောစောက ကျွန်တော် တကယ် ရင်ခုန်သွားတာပါ၊ ကွီးန်။”

“ဒီလို အခြေအနေမျိုးမှာတောင် နောက်ပြောင်နိုင်သေးတယ်ပေါ့။”

“ဒီလို အခြေအနေမျိုးမို့လို့ပဲ နောက်ပြောင်ရတာပေါ့။”

“……ဟုတ်ပါရဲ့။ မသိခြင်းကလည်း ဆေးတစ်ပါးလို့ ပြောကြတာပဲ။”

“အဲ့ဒါက ဘာစကားလဲဗျ။”

ရံရွေတော်များက သူနှင့် ကျွန်မ၏ အပြန်အလှန်စကားများကို အထင်လွဲသွားကြမှန်း မသိရှာသော ဟိုင်န်ရီက ကျွန်မ၏စကားကြောင့် ကြောင်တောင်တောင်ဖြစ်နေသည့်ပုံစံပင်။

ကျွန်မ အကြောင်းမဲ့ တံခါးလက်ကိုင်ကို ခပ်ဖွဖွလေး ပုတ်လိုက်ပြီးနောက် လက်ဖက်ရည်စားပွဲရှေ့ရှိ ကုလားထိုင်တွင် သွားထိုင်လိုက်သည်။

ဟိုင်န်ရီက ကကွက်တစ်ခုလို ပေါ့ပါးသွက်လက်သော ခြေလှမ်းများဖြင့် ချဉ်းကပ်လာကာ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ခဲ့၏။

ထို့နောက် ပြုံးလျက် မေးမြန်းလာသည်။

“ကျွန်တော် ဘေးနားမှာ ရှိနေပေးရင် ပိုပြီးတော့ အထီးမကျန်တော့ဘူးမဟုတ်လား။”

ထိုစကားကို ကြားလိုက်ရတော့မှ ဟိုင်န်ရီတစ်ယောက် တောက်လျှောက် နောက်ရွှတ်ရွှတ်စကားများ ပြောဆိုနေခဲ့ရသည့် အကြောင်းရင်းကို သဘောပေါက်သွားတော့သည်။

သူက ယခုအထိ ကျွန်မ၏ အင်တာဗျူးကိစ္စကို စိတ်ထဲ၌ ဂရုတစိုက် တွေးတောပူပန်ပေးနေခဲ့ခြင်းပင်။

ယခုလို စိတ်ရင်းစေတနာဖြင့် နွေးထွေးစွာ တွေးတောပေးမှုအပေါ် ကျေးဇူးတင်မိသောကြောင့် ကျွန်မ လက်လှမ်းကာ သူ့လက်ကို ဆုပ်ကိုင်လိုက်မိသည်။

“တကယ် ဘာမှမဖြစ်ပါဘူး၊ ဟိုင်န်ရီ။ မိတ်ဟောင်းဆွေဟောင်းကို သတိရမိတာကတော့ မတတ်နိုင်တဲ့ ကိစ္စဆိုပေမဲ့၊ ဒီမှာလည်း အထီးမကျန်ပါဘူး။”

“တကယ်ပဲလားဗျ။”

“လေဒီ ရို့စ်လည်း ရှိတယ်၊ လေဒီ မက်စ်တက်စ်လည်း ရှိသလို၊ အစ်ကိုလည်း ရှိတယ်…… ပြီးတော့ ရှင်လည်း ရှိနေတာပဲ မဟုတ်လား။”

“....”

ဟိုင်န်ရီက ကျွန်မစကားကြောင့် အင်မတန် ဝမ်းသာသွားသည့်ပုံစံဖြင့် မျက်နှာတစ်ခုလုံး ဝင်းပသွားကာ “ဟုတ်ကဲ့” ဟု ပြန်ဖြေခဲ့သည်။

ထိုအပြုံးကို စိုက်ကြည့်နေမိစဉ် ထူးဆန်းစွာဖြင့် စိတ်ထဲ၌ မရိုးမရွဖြစ်လာရတော့၏။

တစ်နေရာတည်းတွင် ဆက်ထိုင်နေရခြင်းကပင် အကြောင်းမဲ့ စိတ်ကျဉ်းကျပ်စရာ ဖြစ်လာသည့်အလား။

မည်သည့်နေရာဖြစ်ဖြစ် အပြင်ထွက်ကာ လမ်းလျှောက်ချင်စိတ် ပေါ်လာရသည်အထိပင်။

နောက်ဆုံးတွင် ကျွန်မ သည်းမခံနိုင်တော့ဘဲ နေရာမှထရပ်ကာ အခန်းတွင်း၌ ဖြည်းဖြည်းချင်း ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည်။

သို့သော်လည်း စိတ်သက်သာရာရမှုက သိပ်မရှိလှသဖြင့် ကျွန်မ သာမန်အတိုင်း အခြားအကြောင်းအရာတစ်ခုသို့ စကားလမ်းကြောင်း လွှဲ​လိုက်တော့၏။

“မင်္ဂလာပွဲအတွက် ပြင်ဆင်နေတဲ့နေရာကို သွားကြည့်ခဲ့သေးတယ်။”

“ကပွဲခန်းမကြီးကို ပြောတာလားဟင်။”

“ဟုတ်မယ်ထင်တယ်။”

“ဘယ်လိုနေလဲဗျ။”

တော်သေး၍ ဟိုင်န်ရီက ကျွန်မ၏စကားနောက်သို့ ချက်ချင်းပင် လိုက်ပါလာခဲ့သည်။

အတော်လေး စိတ်ဝင်စားစရာကောင်းသော အကြောင်းအရာ ဖြစ်နေ၍လားမသိ၊ ကျွန်မ၏စကားကြောင့် မျက်လုံးများ တောက်ပကာ မေးမြန်းလာခဲ့ခြင်းပင်။

“အတတ်နိုင်ဆုံး ခမ်းနားထည်ဝါပြီး လှလှပပ ပြင်ဆင်ဖို့ အမိန့်ပေးထားတာပါ။ အဆင်ပြေရဲ့လားဗျ။”

ကျွန်မက ယခုအထိ ခြေဖဝါး၊ လက်ဖဝါးများ ယားကျိကျိဖြစ်နေဆဲ ဖြစ်သော်လည်း၊ အတတ်နိုင်ဆုံး တည်တည်ငြိမ်ငြိမ်ပင် ပြန်လည်ဖြေကြားလိုက်သည်။

“လှပါတယ်။”

“တော်ပါသေးရဲ့။”

“ဒါပေမဲ့ တအား ခမ်းနားလွန်းနေတာမို့လို့ စိုးရိမ်မိတယ်။”

“ဘာမှမဖြစ်ပါဘူး။ အနောက်ဘုရင့်တိုင်းပြည်က ရတနာအများဆုံးထွက်တဲ့ တိုင်းပြည်ပဲကို။”

ထိုရတနာထွက်ရှိသည့်အကြောင်းကို ဘယ်နှကြိမ်မြောက် ကြားနေရမှန်းပင် မသိတော့ပေ။

ဤမျှအထိ ဆိုလာတော့ ကျွန်မလည်း စိတ်ဝင်စားမိသွားသည်။

ရတနာတွေ ဘယ်လောက်တောင် အများကြီး ထွက်နေလို့ အမြဲတမ်း အဲ့ဒီအကြောင်းကိုပဲ ပြောနေရတာပါလိမ့်။

ဇဝေဇဝါ ဖြစ်နေမိစဉ် ဟိုင်န်ရီက စိုးရိမ်ပူပန်သော လေသံမျိုးဖြင့် တီးတိုးရေရွတ်လာ၏။

“ဘယ်လိုပဲဖြစ်ဖြစ် ခမ်းနားအောင် လုပ်မှဖြစ်မှာပါ။ အများကြီး ခမ်းနားနေမှဖြစ်မှာကို။”

ကျွန်မက မင်္ဂလာပွဲ ခမ်းနားနေသည်ကို မနှစ်သက်သဖြင့် မျက်မှောင်ကြုတ်လိုက်သည်ဟု သူက အထင်လွဲသွားပုံပင်။

ကျွန်မ ခေါင်းခါပြလိုက်သည်။

“ခမ်းနားအောင်လုပ်တာကို မကြိုက်လို့ မဟုတ်ပါဘူး။”

ရိုးရိုးစင်းစင်း လုပ်ရမည့်အချိန် ရှိသလို၊ ခမ်းခမ်းနားနား လုပ်ရမည့်အချိန်လည်း ရှိပေသည်။

ယခု မင်္ဂလာပွဲက ခမ်းနားအောင် လုပ်သည်ဖြစ်စေ၊ ရိုးရှင်းစွာလုပ်သည်ဖြစ်စေ အကြောင်းပြချက် ရှာဖွေနိုင်သော မင်္ဂလာပွဲမျိုး ဖြစ်နေသဖြင့် ခမ်းနားအောင် လုပ်သည်ဆိုရုံမျှနှင့် ကန့်ကွက်ရန် မလိုအပ်ပေ။

ဤအတိုင်း အတိုင်းအတာ လွန်ကဲသွားရာမှ မလိုအပ်ဘဲ အတင်းအဖျင်း စကားများ ထွက်ပေါ်လာမည်ကို စိုးရိမ်မိခြင်းမျှသာ။

ဒါပေမဲ့ သူက ဘာဖြစ်လို့ပါလိမ့်။

ဟိုင်န်ရီ၏ မျက်နှာထားက ထူးဆန်းနေသည်။

ပြုံးသလိုလို မပြုံးသလိုလို မျက်နှာထားမျိုး။

တစ်စုံတစ်ခုကို ကြွားဝါချင်နေသော မျက်နှာထားမျိုး။

“ဟိုင်န်ရီ။”

မူမမှန်သော ထိုမျက်နှာထားကြောင့် ထူးဆန်းနေသဖြင့် သူ့နာမည်ကို ခေါ်လိုက်မိသည်။

“ဘာဖြစ်လို့လဲဟင်။”

ထိုအခါမှ ဟိုင်န်ရီက ရှက်ကိုးရှက်ကန်းနှင့် တီးတိုးရေရွတ်လ၏။

“ဒီလိုအခြေအနေမျိုး ဖြစ်လာတော့လည်း အခုပဲ ဖွင့်ပြောရတော့မှာပေါ့။ ……တကယ်တော့ တအား ခန့်ခန့်ညားညားနဲ့ ပြောချင်ခဲ့တာပါ။”

“ခန့်ခန့်ညားညားနဲ့။ ဘာအကြောင်းကိုလဲ။”

“ဖွင့်​ဟဝန်ခံတာကိုပါ။”

“ဖွင့်​ဟဝန်ခံတယ်ဆိုတာက……”

ဒီလို အခြေအနေမျိုးမှာ ဖွင့်​ဟဝန်ခံစရာ ရှိ…… အာ

“မဟုတ်မှ။”

ငါ့ကို သဘောကျတယ်ဆိုတဲ့စကား ပြောမလို့များလား။

ပျာယာခတ်သွားသဖြင့် စိုက်ကြည့်လိုက်မိတော့ ဟိုင်န်ရီက သူကိုယ်တိုင် ပို၍ပင် အံ့ဩတုန်လှုပ်သွားသော မျက်နှာထားဖြင့် ပြန်မေးလာခဲ့သည်။

“ဟင်။ ကြိုပြီး ရိပ်မိနေတာလားဗျ။”

ကျွန်မ အလန့်တကြား ရင်ဘတ်ကိုဖိထားလျက် သူ့ကို စိုက်ကြည့်နေမိသည်။

တကယ်ကြီး ငါ့ကို သဘောကျတယ်ဆိုတဲ့စကား ပြောမလို့လား။

အင်မတန် ပျာယာခတ်သွားရ၏။

“ရိပ်မိနေတာ မဟုတ်ပါဘူး။ ဟင့်အင်း၊ ဒီအတိုင်း စိတ်ထဲမှာ ဧကန္တများဆိုပြီး တကယ့် နည်းနည်းလေး…… အဲ့ဒီလို ဖြစ်နေမလားလို့ တွေးကြည့်ဖူးရုံပါ။”

ဟိုင်န်ရီက အင်မတန် အံ့ဩမှင်တက်သွားသော မျက်နှာဖြင့် ချီးကျူးလာသည်။

“ကွီးန် ပီသပါပေတယ်။ ဘယ်နှကွက်လောက်အထိ ကြိုမြင်နေရတာလဲ။”

“……”

ကျွန်မ ပါးစပ်ပိတ်လျက်သားနှင့် အိုးတိုးအမ်းတမ်း အကြည့်ကို အောက်သို့ ချလိုက်သည်။

တကယ်တော့ ထူးဆန်းနေခဲ့သည်မှာ အမှန်ပင်။

ကျွန်မ သူနှင့် လက်ထပ်သည့်အခါ သူ ရရှိမည့် အကျိုးအမြတ်။

ကျိန်းသေပေါက် အများကြီး ရှိပေလိမ့်မည်။

သို့သော်လည်း အကျိုးအမြတ်ရသလောက် ဆုံးရှုံးမှုများကလည်း ရှိနေသည်မဟုတ်ပါလား။

ထိုအရာအားလုံးကို ရင်ဆိုင်ရင်း ကျွန်မ၏ လက်ထပ်ခွင့်တောင်းမှုကို လက်ခံခဲ့ရတဲ့ အကြောင်းရင်းကို ပြောရမည်ဆိုလျှင်။

သနား၍လား၊ တွက်ချက်မှုကြောင့်လား၊ သူငယ်ချင်းသံယောဇဉ်ကြောင့်လား၊ သို့မဟုတ် အားလုံး စုပေါင်းနေ၍လား……

အမျိုးမျိုးသော ဖြစ်နိုင်ခြေများကို စဉ်းစားကြည့်ခဲ့ဖူးပြီး၊ ယင်းတို့အနက် တစ်ခုက ချစ်မြတ်နိုးစိတ်ဖြစ်သည်။

ဆိုဗီရ်ရှုနှင့် ရက်ရှ်တာတို့ကဲ့သို့သော ခိုင်မာလှသော အချစ်မျိုး မဟုတ်ပါစေ၊ မပြောပလောက်ရုံမျှ ဖြစ်နေပါစေ၊ သူ ကျွန်မအပေါ် ဆန့်ကျင်ဘက်လိင်အဖြစ် နှစ်သက်မှုမျိုး ရှိနေခြင်းများလား၊ ထိုသို့သော အတွေးမျိုးပင်။

သို့သော်လည်း ထိုအချက်က စိတ်ထဲတွင် စိုးစဉ်းမျှသာ ဖြတ်သန်းသွားခဲ့သော အတွေးတစ်ခုဖြစ်ပြီး၊ ဖြစ်နိုင်ခြေ အလွန်နည်းပါးသည်ဟု ယူဆခဲ့၏။

နှစ်သက်မှု ရှိနေလျှင်ပင် ဆန့်ကျင်ဘက်လိင်အဖြစ် ချစ်မြတ်နိုးစိတ်ထက် သူငယ်ချင်းသံယောဇဉ်နှင့် ပို၍နီးစပ်လိမ့်မည်ဟု ထင်မှတ်ခဲ့သည်။

ထို့ကြောင့်ပင် ပို၍ ဂနာမငြိမ်ဖြစ်မိရတော့၏။

ထိုမျှမက ယခုလို အချိန်ကိုက် ဖွင့်​ဟဝန်ခံလာခြင်းက……ဟင့်အင်း၊ ယင်းထက် သူ ကျွန်မကို ဖွင့်​ဟဝန်ခံလာခဲ့လျှင် ကျွန်မဘက်က မည်သို့ တုံ့ပြန်ရမည်နည်း။

ဟိုင်န်ရီက လူကို အလန့်တကြားဖြစ်အောင် လုပ်ထားပြီးမှ၊ နူးညံ့စွာပြုံးလျက် လက်ကို လှမ်းလင့်ကာ ကျွန်မ၏လက်ကို ဆုပ်ကိုင်လာခဲ့သည်။

“အံ့ဩမှင်တက်သွားအောင် လုပ်ပေးချင်ခဲ့တာပါ။ ဒါပေမဲ့ ကြိုပြီး ခန့်မှန်းထားပြီးသားဆိုတော့ နည်းနည်း နှမြောဖို့ကောင်းသား။”

“အံ့ဩစရာကောင်းပါရဲ့။”

“ဟုတ်ကဲ့။ အမျိုးမျိုးသော ကိစ္စတွေ​နဲ့ အလုပ်ရှုပ်လာရတော့မှာဆိုပေမဲ့ အကျိုးနပ်တဲ့ကိစ္စ ဖြစ်လာမှာပါ။ အမှန်တော့ အချိန်ပဲလိုတာပေါ့။”

“……”

“ကျွန်တော်တို့ရဲ့ မင်္ဂလာပွဲနေ့မှာ၊ ခင်ဗျားက အနောက်အင်ပါယာရဲ့ ပထမဆုံးသော ဧကရီ ဖြစ်လာတော့မှာလေ။”

ဟိုင်န်ရီက အားရပါးရ ပြုံးလိုက်ပြီးနောက် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ကျွန်မကို စိုက်ကြည့်လာသည်။

တောက်ပလှသော အနာဂတ်ကို စိတ်ကူးယဉ်နေသည့် အရောင်အဝါများဖြာထွက်နေသော မျက်နှာထားမျိုးဖြင့်။

သို့သော်လည်း ကျွန်မကမူ တစ်ချက်လေး သူ၏စကားကို နားမလည်နိုင် ဖြစ်သွားခဲ့ရသည်။

ဧကရီတဲ့လား။

ဖွင့်​ဟဝန်ခံချက် မဟုတ်ခဲ့။

ရုတ်တရက်ကြီး ဘာဖြစ်လို့ ဧကရီလဲ။

“ကွီးန်။”

အင်မတန် အံ့ဩတုန်လှုပ်သွားသဖြင့် မျက်နှာထားကို မထိန်းချုပ်နိုင်ခဲ့၍လားမသိ၊ ဟိုင်န်ရီကပါ လိုက်လံပျာယာခတ်သွားကာ မေးမြန်းလာ၏။

“ကွီးန်။ မကြိုက်လို့လားဟင်။”

~~~~

ဟိုင်န်ရီ ပြောခဲ့သော စကားက မည်မျှအထိ ကြီးကျယ်ခမ်းနားလှသော စကားမျိုးဖြစ်ကြောင်း ကျွန်မ နောက်ရက်ကျမှသာ လက်တွေ့ဆန်ဆန် ခံစားမိတော့သည်။

ပထမဆုံးသော ဧကရီ။

အနောက်အင်ပါယာ။

သူက ဧကရာဇ်အဖြစ် ကြေညာရန် စိတ်ကူးရှိနေခဲ့ခြင်းပင်။

ရင်ထဲတွင် တဒိန်းဒိန်း ခုန်လှုပ်လာသဖြင့် ကျွန်မ နိုးနိုးချင်း အကြောင်းမဲ့ စောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်၊ လွှတ်လိုက် အထပ်ထပ်လုပ်နေမိ၏။

အမှန်တော့ လူတို့က အမြဲတမ်း နားမလည်နိုင်ဖြစ်ခဲ့ဖူး၏။

အနောက်ဘုရင့်တိုင်းပြည်က ဘာကြောင့် အင်ပါယာအဖြစ် မကြေညာရသလဲ ဟူသည့်အချက်နှင့်ပတ်သက်၍။

ကျွန်မကိုယ်တိုင်လည်း ထိုနည်းတူပင် ဖြစ်ခဲ့ဖူးပြီး ယခုထက်ထိလည်း ထိုအကြောင်းရင်းကို မသိရှိရသေးပေ။

သို့သော်လည်း အနောက်ဘုရင့်တိုင်းပြည်တွင် အင်ပါယာအဖြစ် ကြေညာနိုင်လောက်သည့် အင်အားနှင့် ကြွယ်ဝမှုများ ရှိနေသည်ကိုမူ မည်သူမဆို သိရှိထားကြပြီးသားပင်။

ရင်ခုန်လာတော့သည်။

ဘုရင့်တိုင်းပြည်က အင်ပါယာအဖြစ် ပြောင်းလဲသွားမဲ့ အခိုက်အတန့်တဲ့လား။

ဤအဖြစ်က ကျိန်းသေပေါက် သမိုင်းတွင် မှတ်တမ်းတင်ကျန်ရစ်ရမည်ဖြစ်ရာ၊ ထိုသမိုင်း၏ ဗဟိုချက်မတွင် ကျွန်မ ရှိနေရမည်ဟူသော အချက်ကြောင့် ရင်ထဲတွင် ပြည့်တက်လာတော့သည်။

ရာဇပလ္လင်နှင့် အလှမ်းဝေးကွာခဲ့သော ဟိုင်န်ရီက ယခုလို ရှေ့သို့ လှမ်းချီနေသည့်ပုံစံကို မြင်တွေ့ရခြင်းကလည်း အလွန်ချီးကျူးစရာ ကောင်းလှသလို အံ့ဩမှင်တက်စရာလည်းဖြစ်နေ၏။

‘ဧကရီကောင်းဖြစ်အောင် လုပ်ရမယ်။’

အင်ပါယာအဖြစ် မကြေညာခဲ့လျှင်ပင် မိဖုရားကောင်း ဖြစ်လာစေရန် ကြိုးစားရမည်မှာမှန်သော်လည်း။

ယခုမူ ပထမဆုံး ‘နောက်အိမ်ထောင်ထူထောင်သည့် ဧကရီ’ သာမက အနောက်အင်ပါယာ၏ ပထမဆုံးသော ဧကရီ ဖြစ်လာတော့မည်ဖြစ်ရာ ပို၍ပင် အပြုအမူများကို ဆင်ခြင်ပြီး ဧကရီတစ်ပါးအနေဖြင့် တာဝန်ဝတ္တရားများကို အစွမ်းကုန် ကြိုးပမ်းရပေလိမ့်မည်။

‘ဟင့်အင်း၊ အခုလို အချိန်ဖြုန်းနေလို့ မဖြစ်ဘူး။’

ကျွန်မ အလျင်အမြန်ပင် အိပ်ရာမှ ထလိုက်ပြီးနောက် ဤနေရာသို့ ရောက်ရှိလာပြီးကတည်းက နေ့စဉ်ရက်ဆက် ဖတ်ရှုနေခဲ့သော စာအုပ်ကို လှမ်းယူလိုက်သည်။

အနောက်ဘုရင့်တိုင်းပြည်၏ စာရေးစာချီက လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း ဘုရင်၏ ညီလာခံများကို မှတ်တမ်းတင်ထားသော စာအုပ်ပင်။

ထို့နောက်တွင် ရံရွေတော်များ ရောက်ရှိလာကာ အဝတ်အစားများ လဲလှယ်ပေးပြီး မနက်စာ သုံးဆောင်ခဲ့ကြသော်လည်း ထိုအချိန်မှလွဲ၍ တစ်ချိန်လုံး စာအုပ်ကိုသာ စွဲစွဲမြဲမြဲ ကိုင်ဆောင်ထားခဲ့၏။

ထိုသို့ဖြင့် အချိန် မည်သို့ကုန်လွန်သွားမှန်းပင် မသိရလောက်အောင် စာအုပ်ထဲ၌ နစ်မြုပ်နေခဲ့စဉ်။

“အရှင်မိဖုရား။”

ဘေးနားတွင် သိုးမွေးထိုးနေသော ရို့စ်က ကျွန်မကို လှမ်းခေါ်ခဲ့သည်။

“ဘလူး သတင်းစာတိုက်ရဲ့ သတင်းထောက် မွန်ဒရယ်က အရှင်မိဖုရားကို အခစားဝင်ခွင့်တောင်းခံနေပါတယ်။”

“ဘလူး သတင်းစာတိုက်။”

“နန်းတော်ထဲ ဝင်ထွက်ခွင့် ပြုထားတဲ့ သတင်းစာတိုက် သုံးခုထဲက တစ်ခုပါ။”

ထိုစကားကို ကြားလိုက်ရသည်နှင့် ချက်ချင်းပင် ဘာကိစ္စမှန်း သိသွားတော့သည်။

နန်းတော်အတွင်း ဝင်ထွက်ခွင့် ရရှိထားသော သတင်းစာတိုက် သုံးခုစလုံးက ပြိုင်ဘက်များ ဖြစ်ကြပေလိမ့်မည်။

သို့သော် ကျွန်မက ယင်းတို့အနက်မှ တစ်ခုနှင့်ပင် နှစ်ကြိမ်တိုင်တိုင် အင်တာဗျူး လုပ်ခဲ့ပြီးပေပြီ။

ထို့ကြောင့် အခြားတစ်ခုက စိုးရိမ်တကြီးဖြင့် လာတွေ့ခြင်းပင်။

ပြဿနာကား……

နောက်ကျမှ ကျွန်မထံ လာရောက်သတင်းယူခြင်းဖြစ်၍ အတတ်နိုင်ဆုံး လှုံ့ဆော်မှုအပြည့်ရှိသော ဆောင်းပါးမျိုးကို ရေးသားချင်ပေလိမ့်မည်။

အင်တာဗျူးအတွင်း အကျပ်ရိုက်စေမည့် မေးခွန်းများ မေးလာနိုင်ခြေ အလွန်မြင့်မား၏။

“ဘယ်လိုလုပ်ရမလဲရှင့်။”

ခေတ္တ စဉ်းစားကြည့်ပြီးမှ ကျွန်မ ပြောလိုက်သည်။

“ဝင်လာခိုင်းလိုက်ပါ။”

မည်သို့ပင်ဖြစ်စေ တောက်လျှောက် ရှောင်ကွင်းနေ၍ရမည့်ကိစ္စမျိုး မဟုတ်ပေ။

ရို့စ်က စိုးရိမ်ပူပန်သော မျက်နှာဖြင့် ထွက်ခွာသွားပြီးနောက် မကြာမီ မွန်ဒရယ်ဆိုသူ သတင်းထောက် ဝင်ရောက်လာ၏။

မွန်ဒရယ်က ခန္ဓာကိုယ်ထွားကြိုင်းသော စစ်သည်တော်လို အငွေ့အသက်ရှိသူပင်။

ပြတ်သားသော မျက်နှာထားဖြင့် ဝင်ရောက်လာသည်ကို ကြည့်ရုံနှင့် ခိုင်ခိုင်မာမာ ပြင်ဆင်လာခဲ့သည့် ခံစားချက်မျိုးပေးနေ၏။

သို့သော်လည်း မသိချင်ယောင်ဆောင်ကာ ပြုံးလျက် ဆီးကြိုနှုတ်ဆက်ပေးလိုက်သည်။

မွန်ဒရယ်က ဂါရဝပြုပြီးနောက် သာမန်အတိုင်း မြှောက်ပင့်စကား အနည်းငယ် ဆိုလာ၏။

ထို့နောက် အကျပ်ရိုက်စေမည့် မေးခွန်းများ စတင်မေးမြန်းတော့မည်ဟု ယူဆရမည့်အချိန်တွင် မျှော်လင့်ထားသည့်အတိုင်း စက်နှိုးလေတော့၏။

“အရှင်မိဖုရားရဲ့ ဂုဏ်သတင်းကတော့ အဝေးကြီးအထိ ပျံ့နှံ့နေပြီးသားဖြစ်သလို၊ အရည်အချင်းနဲ့ ပတ်သက်လို့လည်း ကြားဖူးတာတွေ အများကြီး ရှိပါတယ်။ အဲ့ဒါကြောင့် အရှင်မိဖုရားအနေနဲ့ အနောက်ဘုရင့်တိုင်းပြည်အတွက်တော့ မိဖုရားကောင်းတစ်ပါး ဖြစ်ပေးသွားမှာပါပဲ။”

နောက်ဆက်တွဲစကား ရှိဦးမယ်မဟုတ်လား။

“ဒါပေမဲ့ နည်းနည်းတော့ စိုးရိမ်မိတာလည်း ရှိပါတယ်။”

စလာပြီကိုး။

“အရှင်မိဖုရားအနေနဲ့ နာမည်ကျော် ဧကရီတစ်ပါးအဖြစ် ဂုဏ်သတင်း ကျော်စောခဲ့တယ်ဆိုတာ ​တစ်ဖက်က ပြောရမယ်ဆိုရင် အဲ့ဒီလောက်အထိကို အရှေ့အင်ပါယာအပေါ် သံယောဇဉ်ကြီးခဲ့တယ်လို့ ပြောရမှာမို့လို့ပါ။”

“……”

သို့သော်လည်း သူ ရွေးချယ်လိုက်သော အကျပ်ရိုက်စရာ မေးခွန်းကမူ ကျွန်မ မျှော်လင့်ထားခဲ့သည်ထက် ပို၍ခက်ခဲသောမေးခွန်း ဖြစ်နေသည်။

လွယ်လွယ်ကူကူ ပြန်မဖြေနိုင်ဘဲရှိနေသော ကျွန်မကို မွန်ဒရယ်က အလွန်စိုးရိမ်ပူပန်သည့် မျက်နှာထားမျိုးဖြင့် မေးလာ၏။

“အရှေ့အင်ပါယာနဲ့ အနောက်ဘုရင့်တိုင်းပြည်တို့ မသင့်မမြတ် မဖြစ်ကြသေးတဲ့ အချိန်အထိတော့ ပြဿနာမရှိနိုင်ပေမဲ့…… အကယ်၍ တိုင်းပြည်နှစ်ခုစလုံးက အကျိုးစီးပွားတစ်ခုတည်းအပေါ်မှာ ပြိုင်ဆိုင်မှုတွေ ရှိလာခဲ့မယ်ဆိုရင် အကျပ်ရိုက်စရာ ဖြစ်မလာနိုင်ဘူးလားခင်ဗျ။”

~~~~

ဆိုဗီရ်ရှုတစ်ယောက် နာဗီရယ်ထံသို့ ပေးပို့လိုက်သောစာ ကောင်းကောင်းမွန်မွန် ရောက်ရှိသွားပါ့မလားဟူ၍ ဂနာမငြိမ် ဖြစ်နေသည်။

စာကို ယူဆောင်သွားသော စစ်သည်တော်က ရုတ်တရက် လမ်းပျောက်သွားခြင်းများလား။

အင်မတန် အင်အားကြီးမားလှသော ဓားပြများနှင့် ဆုံတွေ့ကာ စာက လုယက်ခံလိုက်ရခြင်းများလား။

ရုတ်တရက် နှလုံးရပ်သွားခြင်းမျိုးကြောင့် စာကို မပို့ဆောင်နိုင်ခဲ့ခြင်းလား။

စာကို ပျောက်ဆုံးသွားခြင်းများလားဟူ၍ အမျိုးမျိုးသော ပူပန်မှုများ ဖြစ်နေ၏။

အင်အားကြီးသော ဓားပြများ ပေါ်လာခဲ့လျှင်ပင် စာကို ခိုးယူသွားကြမည် မဟုတ်သော်လည်း ယခုအချိန်တွင် ဆိုဗီရ်ရှု၌ ထိုကဲ့သို့သော အချက်များကို စဉ်းစားနိုင်မည့် စိတ်အခြေအနေ မရှိချေ။

ဒီအတိုင်း စာနှင့်ပတ်သက်သောသတင်း ထွက်လာမည့်အရေးကိုသာ စိုးရိမ်တကြီး တမျှော်မျှော် ဖြစ်နေရုံသာ။

ထိုစာသာ နာဗီရယ်ထံသို့ ရောက်ရှိသွားခဲ့လျှင် အရာအားလုံး နဂိုအတိုင်း ပြန်လည်ပတ်သွားတော့မည့်အလား ခံစားနေရသည်။

သို့သော်လည်း စိုးရိမ်ပူပန်နေသည့်တိုင်အောင် သူက အချိန်ကျရောက်လာတော့ တာဝန်ဝတ္တရားအရ အခစားဝင်တွေ့ဆုံခန်းအတွင်းသို့ ဝင်ရောက်လာ၏။

‘ရူးချင်စရာပဲ။’

သို့သော်လည်း နဂိုကတည်းက ရှုပ်ထွေးနေသော စိတ်အခြေအနေတွင် ယနေ့မှ ထူးဆန်းစွာ မင်္ဂလာပွဲကို ကောင်းချီးပေးရန် တောင်းဆိုမှုများကသာ အထူးတလည် များပြားနေ၏။

ဆိုဗီရ်ရှု အကြောင်းမဲ့ ထိုသူအားလုံးကို ကြည့်မရဖြစ်လာကာ ပတ်ဝန်းကျင် အနေအထားကလည်း သဘာဝကျကျပင် လေးလံထိုင်းမှိုင်းသွားရသည်။

သို့သော်လည်း တောင်းဆိုချက် တင်သွင်းလာကြသူများကမူ ထိုလေးလံသော ပတ်ဝန်းကျင်ကို ဧကရာဇ်၏ ခံ့ညားထည်ဝါမှုအဖြစ်သာ မှတ်ယူခဲ့ကြ၏။

ဆိုဗီရ်ရှုက မျက်နှာထားကို သေသေချာချာ ထိန်းချုပ်ထားနိုင်ခဲ့သည့် အချက်ကြောင့်ပင်။

စိတ်ရင်းမပါသော ကောင်းချီးပေးမှုများကို လုပ်ပေးနေရင်းမှ တောက်လျှောက် ကြင်နာတတ်သူလို ပြုံးပြနေခဲ့သောကြောင့်ဖြစ်၏။

နောက်ဆုံးအလှည့်အဖြစ် အခစားဝင်ခွင့် တောင်းခံလာသော ပြည်သူကမူ တော်သေး၍ လက်ထပ်ထိမ်းမြားခါနီး ချစ်သူမောင်နှံ မဟုတ်ခဲ့ပေ။

သူတို့က အသက် ဆယ့်သုံး၊ ဆယ့်လေးနှစ်ခန့် ရှိပြီဖြစ်သော ကလေးတစ်ဦးကို ခေါ်ဆောင်လာခဲ့ကြသည့် ဇနီးမောင်နှံပင်။

“ဒီကလေးက ဒီနေ့ကစပြီး ကျွန်တော်မျိုးတို့ရဲ့သမီး ဖြစ်လာပါပြီ။ ဒီကလေးကို ကောင်းချီးပေးသနားတော်မူဖို့ တောင်းဆိုပါတယ်၊ အရှင်ဧကရာဇ်။”

မွေးကင်းစကလေးငယ်ကို ကောင်းချီးပေးရန် ခေါ်ဆောင်လာကြသည့်အလား၊ မွေးစားထားသော ကလေးကို ကောင်းချီးပေးရန် လာရောက်အခစားဝင်ကြခြင်းပင်။

ဆိုဗီရ်ရှုက ယခုတစ်ကြိမ်တွင်မူ စိတ်ရင်းအမှန်ဖြင့် ကလေးငယ်၏ ရှေ့ဆက်မည့်လမ်းခရီးကို ကောင်းချီးပေးခဲ့သည်။

ထိုသို့လုပ်ပြီးသွားသည့်နောက်တွင် အမှတ်တမဲ့ နာဗီရယ် စောင့်ရှောက်ပေးခဲ့ဖူးသော မိဘမဲ့ကလေးကို သတိရမိသွားတော့၏။

ဆိုဗီရ်ရှုက အခစားဝင်ခြင်းပြီးဆုံးသွားသည်နှင့် စင်္ကြံလမ်းအတိုင်း လျှောက်လှမ်းသွားရင်း မားကီးစ် ကားလ်ကို ညွှန်ကြားလိုက်သည်။

“နာဗီရယ်ရဲ့ လက်ထောက်တွေကို ရုံးခန်းထဲ ခေါ်လာခဲ့။”

ရုံးခန်းသို့ သွားရောက်ကာ အစီရင်ခံလွှာအချို့ကို ဖတ်ရှုနေစဉ် နာဗီရယ်၏ လက်ထောက်နှစ်ဦး ဝင်ရောက်လာ၏။

“မောင်မင်းတို့က နာဗီရယ်ရဲ့ လက်ထောက်တွေလား။”

လက်ထောက်နှစ်ဦးက ဆိုဗီရ်ရှု၏ ဆိုင်းမဆင့်ဗုံမဆင့်ခေါ်ယူမှုကြောင့် တုန်လှုပ်​နေခဲ့ကြရာမှ နန်းကျဧကရီအကြောင်း ထွက်လာသည့်အခါ ပို၍ပင် စိုးရိမ်ပူပန်သော မျက်နှာထားမျိုး ဖြစ်သွားကြဖူးသည်။

ဧကရာဇ် အကြောင်းမဲ့ ဒေါသပုံချလာမည်ကို ပူပန်မိသောကြောင့်ပင်။

“ဟုတ်ပါတယ်၊ အရှင်ဧကရာဇ်။”

“နာဗီရယ် သီးသန့် စောင့်ရှောက်ပေးခဲ့တဲ့ မိဘမဲ့ကလေးတစ်ယောက်ရှိတယ်။ ဘယ်သူ့ တာဝန်လဲ။”

သို့သော်လည်း ဆိုဗီရ်ရှုက နာဗီရယ် စောင့်ရှောက်ပေးခဲ့ဖူးသော မိဘမဲ့ကလေးအကြောင်းကို မေးမြန်းလာသည့်အခါတွင် လက်ထောက်တစ်ဦးက ပျာယာခတ်ကာ ရှေ့သို့ ထွက်လာသည်။

“ကျွန်တော်မျိုးပါ၊ အရှင်ဧကရာဇ်။”

ဧကရာဇ်က မည်သည့်အကြောင်းရင်းကြောင့် ယခုကဲ့သို့သော မေးခွန်းကို မေးမြန်းရခြင်းဖြစ်မည်နည်း။

နားမလည်နိုင်သဖြင့် မတ်မတ်ကြီး တောင့်တင်းနေသော မျက်နှာထားမျိုး ဖြစ်နေ၏။

ဆိုဗီရ်ရှုကမူ ထိုအချက်ကို ဂရုမစိုက်ဘဲ မိမိပြောစရာရှိသည်ကိုသာ ဆက်လက်ပြောဆိုခဲ့သည်။

“အဲ့ဒီကလေး၊ မှော်အစွမ်း ဆုံးရှုံးသွားတယ်လို့ ကြားတယ်။”

“ဟုတ်ပါတယ်၊ အရှင်ဧကရာဇ်။”

“အခုရော ဘယ်လိုဖြစ်သွားပြီလဲ။ ထောက်ပံ့မှုကကော။”

“အခုအထိ မှော်အကယ်ဒမီမှာပဲ ရှိနေဆဲဖြစ်ပြီး၊ ထောက်ပံ့ငွေကိုတော့ မြို့စားမင်းအိမ်တော်ကနေ ပေးပို့နေတယ်လို့ သိထားပါတယ်။”

“အခု မောင်မင်းက အဲ့ဒီအလုပ် မလုပ်တော့ဘူးလား။”

“ဟုတ်ကဲ့။ အခုကတော့ တခြားဌာနမှာ ရှိနေပါတယ်။”

လက်ထောက်က ဆိုဗီရ်ရှု၏ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်ရင်း ပြန်လည်ဖြေကြားခဲ့သည်။

နာဗီရယ် ကွာရှင်းပြတ်စဲပြီးနောက်တွင် သဘာဝကျကျ ဌာနပြောင်းသွားခဲ့သည့်ပုံပင်။

ဆိုဗီရ်ရှုက ခေါင်းညိတ်ပြကာ ညွှန်ကြားခဲ့၏။

“မြို့စားအိမ်တော်ကနေ ထောက်ပံ့ပေးနေတာကို ရပ်ခိုင်းလိုက်။”

လက်ထောက်က ဆိုဗီရ်ရှု၏စကားကြောင့် လန့်သွားကာ အယောင်ယောင်အမှားမှား ပြန်မေးမိတော့သည်။

“ဗျာ။”

“အဲ့ဒီကလေး၊ မျက်နှာကိုရော သိလား။”

“ဟုတ်ကဲ့။ အချိန်မှန် သွားရောက်တွေ့ဆုံပြီး ဆွေးနွေးမှုတွေ လုပ်ခဲ့ဖူးပါတယ်။”

“တွေ့ကြည့်ချင်လို့ ဒီဘက်ကို တစ်ခေါက်လောက် ခေါ်လာခဲ့။”

လက်ထောက်လည်း ပို၍ပင် ဇဝေဇဝါဖြစ်သွားသော မျက်နှာထားမျိုး ဖြစ်သွားရတော့သည်။

ဆိုဗီရ်ရှု ကလေးကို ခေါ်လာခိုင်းရခြင်းမှာ နာဗီရယ် အမြတ်တနိုးရှိခဲ့ဖူးသော ကလေးဖြစ်နေသဖြင့် ကိုယ်တိုင် တိုက်ရိုက်ထောက်ပံ့ပေးရန် စိတ်ကူးရှိနေသောကြောင့်ပင်။

သို့သော်လည်း ဆိုဗီရ်ရှုက မှော်စွမ်းအား ပျောက်ဆုံးသွားသော ကလေးကို မှော်အကယ်ဒမီတွင် ဆက်လက်ထားရှိခြင်းကိုမူ ​ဆန့်ကျင်ကန့်ကွက်လိုသည်။

ထိုသို့သောနေရာမျိုးတွင် ဆက်ရှိနေပါက ကလေးခမျာ ပျောက်ဆုံးသွားသော မှော်အစွမ်းကိုသာ တနုံ့နုံ့ နှမြောတသ ဖြစ်နေရမည်ဖြစ်ကာ မိမိကိုယ်ကိုယ် အသုံးမကျသူအဖြစ် မှတ်ယူနေပေလိမ့်မည်။

ရေရှည်အတွက် ကြည့်မည်ဆိုလျှင် ဖြစ်နိုင်ခြေမရှိတော့သောကိစ္စကို ရပ်တန့်စေကာ ခေါ်ဆောင်လာပြီး အခြားသော အနာဂတ်ကို ရှာဖွေနိုင်ရန် ကူညီပေးသင့်ပေသည်။

ထို့အပြင် ဆိုဗီရ်ရှုက ထိုကလေးသာ အဆင်ပြေသည်ဟုဆိုလာလျှင် မြို့တော်တွင် နေထိုင်ခွင့်ပေးရန် စိတ်ကူးရှိ၏။

ထိုသို့ဆိုလျှင် တစ်နေ့နေ့တွင် နာဗီရယ် ပြန်လာသည့်အခါ စိတ်အေးချမ်းပြီး ဝမ်းသာသွားရမည်မဟုတ်ပါလား။

သို့သော်လည်း လက်ထောက်များအနေဖြင့်မူ ဧကရီကို ကိုယ်တိုင် နှင်ထုတ်ခဲ့သော ဆိုဗီရ်ရှုက ဧကရီ အလွန်ချစ်မြတ်နိုးခဲ့သော ကလေးကို ဂရုစိုက်ပူပန်ပေးလိမ့်မည်ဟူသော အချက်အား မတွေးနိုင်ကြသဖြင့် အကြောင်းမဲ့ စိုးရိမ်ထိတ်လန့်နေကြတော့၏။

~~~~

ဆိုဗီရ်ရှု၏ ရည်ရွယ်ချက်ကို အဓိပ္ပာယ်ကောက်လွဲသွားခဲ့ကြသည်က လက်ထောက်များသာ မဟုတ်ခဲ့ပေ။

“မိန်းကလေးငယ်တစ်ယောက်ကို ခေါ်လာခိုင်းတယ်၊ ဟုတ်လား။”

ရက်ရှ်တာက ဗိုင်းကောင့် လိုတဲရှုထံမှတစ်ဆင့် ဆိုဗီရ်ရှုက မိန်းကလေးတစ်ယောက်ကို ခေါ်လာခိုင်းခဲ့သည်ဟူသော အကြောင်းအရာကို ကြားသိလိုက်ရသဖြင့် မယုံကြည်နိုင်လောက်အောင်ဖြစ်ကာ ပြန်လည်မေးမြန်းမိရတော့သည်။

“အတိအကျပြောစမ်းပါ။ မိန်းမလား၊ ကလေးမလား။”

“ငါလည်း မသိဘူးလေ။ ဒါပေမဲ့ မှော်အကယ်ဒမီ ကျောင်းသူဆိုတော့ ရီဗယ်တီနဲ့ သက်တူရွယ်တူလောက် ဖြစ်မှာပေါ့။”

“မှော်အကယ်ဒမီ……”

ရက်ရှ်တာ ညည်းညူသံတစ်ချက် ထွက်လာတော့သည်။

ဆိုဗီရ်ရှု ခေါ်ယူလိုက်သောလူတွင် မှော်ပါရမီပါ ပိုင်ဆိုင်ထားသည်ဟူသောအချက်က မာနထိစရာပင်။

ကြီးမြတ်သော မှူးမတ်အနွယ်တော်ဖြစ်သည့် နာဗီရယ် မရှိတော့သည့်နောက် ယခုတစ်ကြိမ်တွင် မှော်ဆရာမပါ ရောက်ရှိလာခြင်းများလားဟုတွေးကာ ခေါင်းတစ်ခုလုံး မူးနောက်သွားရတော့၏။

ဆိုဗီရ်ရှုကို လုံးဝ အိမ်ထောင်ရေးဖောက်ပြန်မည့်သူမျိုး မဟုတ်ဟု ယူဆထားခဲ့သော်လည်း။

အထင်လွဲခဲ့ခြင်းများလား။

အခြားသူများက ဆိုဗီရ်ရှုကို ရက်ရှ်တာနှင့် ဖောက်ပြန်ခဲ့သည်ဟု ယူဆကြသော်လည်း၊ ရက်ရှ်တာကမူ ဆိုဗီရ်ရှု မိမိကို ချစ်မြတ်နိုးခဲ့ခြင်းက ဖောက်ပြန်ခြင်းမဟုတ်ဟု မှတ်ယူထား၏။

ဆိုဗီရ်ရှုနှင့် နာဗီရယ်တို့က နိုင်ငံရေးအရ ထိမ်းမြားခြင်းဖြစ်ပြီး၊ ဆိုဗီရ်ရှုနှင့် နာဗီရယ် နှစ်ဦးစလုံးက တစ်ဦးကိုတစ်ဦး ချစ်မြတ်နိုးခြင်း မရှိခဲ့ကြဖူးသောကြောင့်ပင်။

ရက်ရှ်တာ လက်နှစ်ဖက်ကို ပွတ်သပ်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။

မင်္ဂလာပွဲမတိုင်မီကတည်းက အခြားမိန်းကလေးတစ်ဦးကို ခေါ်ယူထားခဲ့ရာမှ၊ ဆိုဗီရ်ရှု စိတ်ပြောင်းသွားကာ ထိုမိန်းကလေးက ဧကရီ ဖြစ်လာခဲ့လျှင် ဘယ်လိုလုပ်ရမည်နည်း။

စိုးရိမ်ပူပန်မိရ၏။

အရွယ်မရောက်သေးသူ ဖြစ်ပါစေ၊ ရီဗယ်တီနှင့် သက်တူရွယ်တူဆိုလျှင် တစ်နှစ်၊ နှစ်နှစ်ခန့်အကြာ၌ အရွယ်ရောက်လာပေလိမ့်မည်။

ဆိုဗီရ်ရှုနှင့်လည်း အသက်အရွယ် ကွာခြားမှု အလွန်မကြီးလှသဖြင့် အချိန်မရွေး သူ၏ချစ်သူ ဖြစ်လာနိုင်စရာ အကြောင်းရှိနေ၏။

ဗိုင်းကောင့် လိုတဲရှုကမူ အတော်လေး ပေါ့ပေါ့ပါးပါးပင် ပြောလာသည်။

“ဘာအကြောင်းကြောင့် ခေါ်လာခိုင်းတာလဲဆိုတာကို အခုအထိ မသိရသေးဘူးဆိုတော့။ စောင့်ကြည့်လိုက်ပါဦး။”

“……”

“အဲ့ဒါကြောင့် ငါက ဘာပြောခဲ့လဲ။ ကြိုတင်ပြီး သတိထား စောင့်ကြည့်နေရမယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား။”

ရက်ရှ်တာ လက်ဖြင့် ဝမ်းဗိုက်ကို ဖက်ထားလိုက်မိသည်။

ဗိုင်းကောင့် လိုတဲရှုက ထိုနေရာသို့ ရောက်ရှိလာရခြင်းမှာ ရက်ရှ်တာကို စိုးရိမ်ပူပန်အောင်လုပ်ခြင်းအားဖြင့် မိမိကိုလိုအပ်ကြောင်း လက်တွေ့ဆန်ဆန် ခံစားမိစေရန်ဖြစ်၏။

ရက်ရှ်တာ စိုးရိမ်ကြောင့်ကြလေ သူ့အတွက် ပိုကောင်းလေဖြစ်နေသောကြောင့်ပင်။

ဗိုင်းကောင့် လိုတဲရှု ထွက်ခွာသွားပြီးနောက်တွင် ရက်ရှ်တာက နောက်ဆုံး၌ ဆိုဖာပေါ်တွင် မှီချကာ ခေါင်းကိုကိုင်ပြီး မျက်လုံးများကို မှိတ်ထားမိတော့သည်။

စိတ်ဖိစီးမှု ခံစားလိုက်ရသဖြင့် လက်တွေ့တွင်လည်း အဖျားတက်လာရ၏။

စိတ်ထဲရှိသည့်အတိုင်းဆိုလျှင် ချက်ချင်း ဆိုဗီရ်ရှုထံသို့ ပြေးသွားကာ ဘယ်သူ့ကို ခေါ်လာခိုင်းတာလဲဟူ၍ မေးမြန်းကြည့်ချင်မိသည်။

အလုပ်ကိစ္စကြောင့် ခေါ်လာခိုင်းခြင်းမျိုးဆိုလျှင် စိတ်အေးသွားရမည် ဖြစ်သောကြောင့်ပင်။

သို့သော်လည်း ဆိုဗီရ်ရှုက မိမိ၏မေးမြန်းမှုကို စိတ်ပျက်စရာကောင်းသော သဝန်တိုမှုအဖြစ် သတ်မှတ်သွားမည်လားဟု စိုးရိမ်မိရပြန်သည်။

သင့်တော်ရုံ သဝန်တိုမှုက ချစ်သူအချင်းချင်း ဆက်ဆံရေးကို ပိုမိုနီးစပ်စေသော်လည်း၊ အချို့သော သဝန်တိုမှုမျိုးက ချစ်သူကို စိတ်ပန်းလူပန်း ဖြစ်စေတတ်သည်မဟုတ်ပါလား။

“ဟို…… လေဒီ ရက်ရှ်တာ။”

ထိုကဲ့သို့သော ရက်ရှ်တာထံ ဗိုင်းကောင့် လိုတဲရှု ထွက်ခွာသွားသော နေရာကို သန့်ရှင်းရေး လုပ်နေခဲ့သော ဒဲလိစ်က စိုးရိမ်တကြီးဖြင့် စကားဆိုလာ၏။

“အရှင်ဧကရာဇ်က အဲ့ဒီလိုလူစားမျိုး မဟုတ်ပါဘူး။ တအားလည်း စိုးရိမ်မနေပါနဲ့။”

ဘေးနားတွင် ခစားနေရင်း ရက်ရှ်တာနှင့် ဗိုင်းကောင့် လိုတဲရှုတို့၏ အပြန်အလှန်စကားများကို အကုန်ကြားသိလိုက်ရသဖြင့် ဆိုလိုက်သောစကားပင်။

သို့သော်လည်း ရက်ရှ်တာက ဒဲလိစ်၏ နှစ်သိမ့်မှုကြောင့် အကြောင်းမဲ့ ပို၍ပင် ဒေါသထွက်မိရတော့၏။

ဒဲလိစ်က ဆိုဗီရ်ရှုကို သဘောကျနေကြောင်း ရှင်းလင်းစွာ သိရှိထားပြီးသား ဖြစ်သော်လည်း ထိုကဲ့သို့သော လူစားမျိုးက ဆိုဗီရ်ရှုဘက်မှ ဖေးမပြောဆိုနေသဖြင့် ဒေါသက ဆတ်ခနဲ မြင့်တက်လာခဲ့ရခြင်းပင်။

“နင်က အရှင်ဧကရာဇ်အကြောင်း ဘာသိလို့ အဲ့ဒီလိုပြောနေမှန်း နားမလည်ဘူး။ အရှင်ဧကရာဇ်ရဲ့ ဇနီးဖြစ်တဲ့ ရက်ရှ်တာထက် အရှင်ဧကရာဇ်အကြောင်း ပိုသိနေတယ်လို့ ပြောချင်တာလား။”

ရက်ရှ်တာ တည်တင်းသော မျက်နှာထားဖြင့် တီးတိုးရေရွတ်လိုက်တော့မှ ဒဲလိစ်လည်း ရက်ရှ်တာ စိတ်အခြေအနေ မကောင်းမှန်း ရိပ်မိသွားကာ အလျင်အမြန် ပါးစပ်ပိတ်သွားရှာတော့သည်။

~~~~

Miel’s Translations

Morning Star website နဲ့ telegram paid group မှာ အပိုင်း ၂၆၆ အထိ ဖတ်လို့ရပါပြီ။

၁၇.၁၀.၂၀၂၆ ကနေ ၃၀.၁၁.၂၀၂၆ အထိ Miel's Translation က telegram paid group ရှိတဲ့ novel အားလုံး ပရိုမိုးရှင်း ရှိတယ်နော်။

Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment