no

Font
Theme

အပိုင်း ၇၇ (အနောက်ဘုရင့်တိုင်းပြည်၏ ဘုရင်)

“တကယ်စိတ်ရင်းဆိုရင် ပိုလို့တောင်အန္တရာယ်များသေးတာပေါ့။ အရှင်ဧကရာဇ်ကို ထိခိုက်စေမဲ့ အပြုအမူမျိုး လုပ်ရုံနဲ့တင် သေဒဏ်အထိ ကျခံရနိုင်တာကို အစ်ကို မသိဘူးလား။”

“ဒါဆိုရင် အဲ့ဒီမိန်းမကိုပဲ သတ်ပစ်မယ်။”

“ပုဂ္ဂိုလ်ရေးအရ လူသတ်မှုကျူးလွန်တာကလည်း ကြီးလေးတဲ့ပြစ်မှုပဲလေ။ အစ်ကိုလည်း သိရဲ့သားနဲ့။”

ကျွန်မ လက်ဖြင့် အစ်ကို့ဝမ်းဗိုက်နေရာကို ညွှန်ပြလိုက်သည်။

“ပြီးတော့ လေဒီ ရက်ရှ်တာရဲ့ ဗိုက်ထဲမှာရှိနေတာက အရှင်ဧကရာဇ်ရဲ့ ရင်သွေးလေးလေ၊ အစ်ကို။”

“အဲ့ဒီ တိတ်တိတ်ပုန်းကလေးကလား။”

“တိတ်တိတ်ပုန်းကလေးပေါ့။ အရှင်ဧကရာဇ် သိပ်ကို မျှော်လင့်နေတဲ့ တိတ်တိတ်ပုန်းကလေး။”

အစ်ကိုက ထိုအချက်ကို ဂရုမစိုက်သည့် မျက်နှာထားမျိုး လုပ်နေ၏။

ကျွန်မ နားထင်များပင် ကိုက်လာရသည်။

အခြားသူသာဆိုလျှင် ဒေါသအလျောက် လွှတ်ခနဲ ပြောလိုက်မိခြင်းဟု ယူဆနိုင်သော်လည်း ကျွန်မအစ်ကိုက ထိုသို့မဟုတ်ပေ။

အစ်ကိုက စကားပြောပြီးလျှင် လက်တွေ့လုပ်နိုင်သည့်လူစားမျိုးပင်။

ဟင့်အင်း၊ ဒေါသထွက်လာလျှင် စကားထက် လက်က အရင်ဦးသွားတတ်သည့်သူမျိုး။

“ကောင်းပြီလေ နာဗီရယ်။ ဒါဆိုရင် အဲ့ဒီကလေးကို မမွေးလာအောင်ပဲ လုပ်လိုက်မယ်။”

“အဲ့ဒီကလေးကိုထိရင် ပြစ်ဒဏ်က ပိုပြီးတော့တောင် ပြင်းထန်သွားမယ်လို့ ပြောနေတယ်မဟုတ်လား။”

နန်းတော်အတွင်း သာမန်လူသတ်မှုကျူးလွန်လျှင်ပင် ကြီးလေးသောပြစ်မှုဖြစ်သည်။

သို့သော် ဧကရာဇ်၏ သွေးသားကို ထိခိုက်စေခြင်းက ထိုထက်ပို၍ ကြီးမားပြင်းထန်သော ပြစ်မှုအဖြစ် သတ်မှတ်ခံရ၏။

ဗိုင်းကောင့် လန်ဒရယ် ကွပ်မျက်ခံရလုနီးပါးဖြစ်ခဲ့သည်မှာလည်း ရက်ရှ်တာကို ဓားဖြင့်ထိုး၍မဟုတ်ဘဲ ရက်ရှ်တာ၏ ဗိုက်ထဲရှိ ဧကရာဇ်၏ရင်သွေးကို သတ်မိတော့မလို ဖြစ်ခဲ့သောကြောင့်ပင်။

ဥပဒေက ဧကရာဇ်၏ တိတ်တိတ်ပုန်းသားသမီးများကို တော်ဝင်မင်းသား၊ မင်းသမီးအဖြစ် အသိအမှတ်မပြုသော်လည်း လုံးဝ သာမန်မှူးမတ်အဆင့်အတန်းမျိုးနှင့်တော့ မတူပေ။

“ပြီးတော့ အစ်ကို။ အစ်ကိုက လေဒီ ရက်ရှ်တာကို သတ်ပစ်လိုက်တယ်ပဲထားပါဦး၊ အရှင်ဧကရာဇ်က နောက်ထပ် ချစ်သူတစ်ယောက် ထပ်မရှာတော့ဘူးလို့ ထင်နေတာလား။”

မည်သို့ပင် ချော့မော့​ဖြောင်းဖျပါစေ အစ်ကိုက အလွယ်တကူ စိတ်မလျှော့နိုင်ဘဲ ဖြစ်နေသည်။

အစ်ကို လက်နှစ်ဖက်ဖြင့် သူခေါင်းသူ အုပ်ကိုင်ပြီး အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေစဉ် ကျွန်မက ဈေးဝယ်အိတ်ထဲမှ အစ်ကိုယူလာသည့် လက်ဆောင်ကို ထုတ်ကြည့်လိုက်သည်။

ဦးထုပ်ပင်။

ဆောင်းထားသည့်ပုံစံကို အစ်ကို့အား ပြလိုက်လျှင် စိတ်ပြေသွားမလားဟူသော အတွေးဖြင့် ဦးထုပ်ကို ခေါင်းပေါ်သို့ အသာလေး တင်လိုက်မိ၏။

ဆံပင်ကို သေသေချာချာ ပြန်ပြင်ပြီးနောက် အစ်ကို့ကို လှမ်းကြည့်လိုက်သော်လည်း ထိရောက်မှုမရှိခဲ့ပေ။

ထိုအတောအတွင်း အစ်ကိုက ဦးထုပ်ဆောင်းထားသည့်ပုံလေး မြင်ရရုံဖြင့် စိတ်မပြေနိုင်လောက်အောင် ပို၍ ဒေါသထွက်လာခဲ့သည်။

ကျွန်မ၏ စားပွဲရှေ့တွင် ရပ်တန့်သွားသော အစ်ကိုက ကျွန်မ၏ ပြက္ခဒိန်ကို ကြောက်စရာကောင်းလောက်အောင် စိုက်ကြည့်နေ၏။

“ပါတီတဲ့လား။”

ပြက္ခဒိန်တွင် ကျွန်မ၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို မှတ်သားထားသည်။

ထိုအထဲတွင် ကျိန်းသေပါက် ရက်ရှ်တာ၏ရင်သွေးအတွက် ကျင်းပမည့် ပါတီအစီအစဉ်ကိုလည်း မှတ်သားထား၏။

“အစ်ကို။”

ကျွန်မ အလျင်အမြန် ချဉ်းကပ်ပြီး ပြက္ခဒိန်ကို ယူရန်ပြင်လိုက်သော်လည်း အစ်ကိုက တစ်လှမ်း ပိုမြန်ခဲ့သည်။

ပြက္ခဒိန်ကို အရင်ဆုံး စစ်ဆေးပြီးသွားသော အစ်ကိုက မယုံနိုင်သည့်အလား ကျွန်မကို စိုက်ကြည့်လာ၏။

“ဘာလို့ နင်က သူတို့နှစ်ယောက်အတွက် ပါတီကို စီစဉ်ပေးနေရတာလဲ။”

“သူတို့နှစ်ယောက်တင် မဟုတ်ပါဘူး၊ နန်းတော်တွင်း ပါတီအားလုံးက ကျွန်မရဲ့တာဝန်မဟုတ်လား။”

အစ်ကိုက ခေတ္တ နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း ကျွန်မကို စိုက်ကြည့်နေသည်။

သို့သော်လည်း နှုတ်မှထွက်လာသောစကားက ပါတီအကြောင်း မဟုတ်ခဲ့ပေ။

“ဦးထုပ်က နင်နဲ့ လိုက်တယ်။”

မမျှော်လင့်ဘဲ ချီးကျူးစကားဆိုပြီးနောက် အစ်ကိုက ကိုယ်ကိုလှည့်ကာ အပြင်သို့ ထွက်သွားတော့သည်။

စိုးရိမ်စိတ်ဖြင့် ကျောပြင်ကို ငေးကြည့်နေမိရာမှ ဦးထုပ်ကို ချွတ်ကာ ဆိုဖာပေါ်သို့ တင်လိုက်မိ၏။

ငိုင်တိုင်တိုင် ရပ်နေစဉ်မှာပင် ပြတင်းပေါက်အပြင်ဘက်မှ အော်ဟစ်နေသည့်နှယ် စူးစူးဝါးဝါး ငှက်သံကို ကြားလိုက်ရသည်။

ကျူးကျော်သူ တစ်ယောက်ယောက် ပေါ်လာ၍လားမသိ၊ အလွန်အမင်း သတိကြီးစွာဖြင့် အော်နေသည့်အသံမှာ စိုးရိမ်ဖွယ်ကောင်းလှ၏။

ပြတင်းပေါက်ကိုဖွင့်ပြီး ခေါင်းပြူကြည့်သော်လည်း ငှက်သံက ဘယ်ကလာမှန်း သိရန်ခက်ခဲလှသည်။

ထိုအစား ‘ဂူဂူ’ ဟု မြည်သံပေးတတ်သည့် ကွီးန်ကို သတိရလိုက်မိ၏။

အကြောင်းရင်းမရှိဘဲ စိုးရိမ်စိတ်ဝင်လာသည်။

ကျွန်မ၏ အခြေအနေက မကောင်းသောကြောင့် ဖြစ်မည်လား။

တော်ဝင်မင်းသား ဟိုင်န်ရီနှင့် ကွီးန်တို့ထံတွင်လည်း မကောင်းတာတစ်ခုခု ဖြစ်ပျက်နေမလားဟု ကြောက်ရွံ့မိ၏။

အနောက်ဘုရင့်တိုင်းပြည်ကို ရောက်ဦးမည်မဟုတ်သေးပေ။

ဘေးကင်းကင်းနဲ့မှ သွားနေကြရဲ့လား……

~~~~

အရှေ့အင်ပါယာမှ ထွက်ခွာလာသော တော်ဝင်မင်းသား ဟိုင်န်ရီ၏ အဖွဲ့က ဘိုရာယွန်တောင်တန်းကို ဖြတ်ကျော်နေကြသည်။

သို့သော် နာဗီရယ်၏ ခန့်မှန်းချက်နှင့်ဆန့်ကျင်စွာ တော်ဝင်မင်းသား ဟိုင်န်ရီနှင့် မက်ကန်နာတို့ နှစ်ဦးစလုံးကမူ အနောက်ဘုရင့်တိုင်းပြည်သို့ ရောက်ရှိနေချေပြီ။

တော်ဝင်မင်းသား ဟိုင်န်ရီက ဘုရင်မင်းမြတ်၏ အိပ်ဆောင်ထဲတွင် ရှိနေ၏။

ဘုရင်မင်းမြတ်၏ ခုတင်က နံ့သာရောင်နှင့် ရွှေရောင်တို့ဖြင့် အလွန်ခမ်းနားလှပသည်။

ခုတင်၏ ခေါင်းရင်းပိုင်းတွင် ရွှေထည်များဖြင့် သေသေချာချာ အလှဆင်ထား၏။

သို့သော် ထိုခုတင်ပေါ်တွင် လဲလျောင်းနေသော တတိယမြောက် ဝေါ်တန်ကမူ မျက်တွင်းများ ဟောက်ပက်ဖြစ်ကာ မျက်နှာတစ်ခုလုံးလည်း ညိုမည်းနေလေသည်။

သွေးကြောများ ယှက်သန်းနေသော မျက်လုံးများဖြင့် ခဲရာခဲဆစ် အသက်ရှူနေပုံက အင်မတန် ပင်ပန်းနေသလိုပင်။

တော်ဝင်မင်းသား ဟိုင်န်ရီက မိမိ၏ မွေးချင်းအစ်ကိုဖြစ်သူ အနောက်ဘုရင့်တိုင်းပြည်၏ ပြည့်ရှင် တတိယမြောက် ဝေါ်တန်၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။

ခက်ခက်ခဲခဲ ရှူနေရသည့် ဝင်သက်ထွက်သက်အသံကို ကြားရတိုင်း အလိုလိုပင် မျက်မှောင်ကြုတ်မိသွား၏။

အတော်ကြာအောင် မောဟိုက်နေသော တတိယမြောက် ဝေါ်တန်က အချိန်အတော်ကြာမှ ညီဖြစ်သူကို မှတ်မိသွားသည့်အလား ပါးစပ်ဟလာသည်။

“ဟိုင်န်ရီ……”

“ဟုတ်ကဲ့။”

“ဟိုင်န်ရီ……”

“ဟုတ်ကဲ့။ ဒီမှာ ရှိနေပါတယ်။ ဘေးမှာ ရှိနေပါတယ်၊ အစ်ကိုတော်။”

တော်ဝင်မင်းသား ဟိုင်န်ရီနှင့် ဆုပ်ကိုင်ထားသော တတိယမြောက် ဝေါ်တန်၏ လက်တွင် အားများဝင်လာသည်။

“ဟိုင်န်ရီ……ထိမ်းမြားတော့။”

တော်ဝင်မင်းသား ဟိုင်န်ရီလည်း မျက်မှောင်ကြုတ်မိသွားသည်။

ရောဂါမပြင်းထန်ခင်ကတည်းက အမြဲပြောနေကျ စကားဖြစ်သော်လည်း ယခုကဲ့သို့ အချိန်မျိုးမှာပင် အိမ်ထောင်ပြုရန်အကြောင်း ပြောရသလား။

သို့သော် နာမကျန်းဖြစ်နေသော အစ်ကိုဖြစ်သူကို အာရုံထဲမထားပါနဲ့ဟု အေးစက်စွာ တုံ့ပြန်၍ မရနိုင်ပေ။

ဘာမှမပြောဘဲ ဟိုင်န်ရီက တတိယမြောက် ဝေါ်တန်၏ လက်ကိုသာ အားထည့်၍ ဆုပ်ကိုင်ထားလိုက်သည်။

တတိယမြောက် ဝေါ်တန်က မှုန်ရီရီအကြည့်ဖြင့် ဟိုင်န်ရီကို ကြည့်လာ၏။

ညီဖြစ်သူ၏ မကျေနပ်သော မျက်နှာထားကို သတိထားမိ၍လားမသိ၊ ညှိုးနွမ်းနေသော မျက်နှာထက်တွင် အပြုံးရိပ်လေး မသိမသာ ထင်ဟပ်လာသည်။

“ပူညံပူညံလုပ်နေတာ မဟုတ်ဘူး။ တကယ်၊ တကယ်အတည် ထိမ်းမြားတော့ ဟိုင်န်ရီ။”

“……သိပါပြီ။”

“ငါ သေသွားရင်…… မင်းက ဘုရင်ပဲ။ နန်းမွေခံ ရှိမှဖြစ်မယ်။”

“……”

“ဘုရင်က…… မိဖုရားကို လက်ခံရယူတာက…… ရွေးချယ်မှုဟုတ်ဘဲ တာဝန်ပဲ။”

ဟိုင်န်ရီလည်း သက်ပြင်းတစ်ချက်ကို ခပ်တိုးတိုး ရှိုက်ထုတ်လိုက်သည်။

“ဒီကြားထဲမှာတောင် လေးလံတဲ့စကားတွေပဲ ပြောနေတာလား။”

“မင်းအတွက် ကောင်းတဲ့မိန်းမ မဟုတ်ဘဲ…… တိုင်းပြည်အတွက် ကောင်းမဲ့မိန်းမကို လက်ထပ်မှဖြစ်မယ်။ မင်းအတွက် ချစ်စရာကောင်းတဲ့မိန်းမ မဟုတ်ဘဲ၊ ပြည်သူတွေ ချစ်ခင်ရမဲ့ မိဖုရားကို တင်မြှောက်။”

တော်ဝင်မင်းသား ဟိုင်န်ရီ၏ ခေါင်းထဲတွင် တစ်ယောက်သောသူ၏မျက်နှာ ပေါ်လာသည်။

သူ၏ မျက်လုံးထဲတွင်လည်း ချစ်စရာကောင်းပြီး ပြည်သူများလည်း ချစ်ခင်မြတ်နိုးနိုင်မည့် မိဖုရား။

သို့သော် အခြားယောက်ျားတစ်ယောက်၏ အပါးတွင် ရပ်နေသည့် မိန်းမ……။

ရင်ထဲတွင် ဆစ်ခနဲ နာကျင်သွားရသည်။

“နှစ်ခုလုံးနဲ့ ကိုက်ညီတဲ့မိန်းမ ရှိတယ်ဆိုရင်ရော။”

“ကောင်းတာပေါ့။ အဲ့ဒီလိုဆိုရင် လုံးဝအလွတ်မပေးနဲ့။”

တတိယမြောက် ဝေါ်တန်က ဘုရင်တစ်ပါးအနေနှင့် မဟုတ်ဘဲ အစ်ကိုတစ်ယောက်၏ အပြုံးမျိုးဖြင့် ပြုံးပြခဲ့သည်။

“အိမ်ထောင်ပြုပြီးရင် အပျော်အပါးလိုက်စားတဲ့ ဘဝကို စွန့်လွှတ်တော့။”

ပေါ့ပြက်ပြက်ပုံစံမျိုးပေါက်အောင် အပျော်အပါးလိုက်စားသလို ဟန်ဆောင်ခဲ့သော်လည်း၊ အမှန်တကယ် ချစ်ရသည့်မိန်းမ ပေါ်လာပြီးသည့်နောက်တွင် ထိုသို့လုပ်ခဲ့မိသည်ကို အကြီးအကျယ် နောင်တရနေမိသည်။

ဟိုင်န်ရီက နှုတ်ခမ်းထောင့်စွန်းကို အသာလေး ပင့်လိုက်၏။

“ဆက်ဆက် စွန့်လွှတ်မှာပါ။”

“အေး…… တိုင်းပြည်အရေးကတော့…… မင်းလည်း မင်းဘာသာမင်း ကောင်းကောင်းလုပ်နိုင်မှာပါ။”

ဟိုင်န်ရီက သက်ပြင်းချရင်း အစ်ကိုဖြစ်သူ၏ လက်ဖမိုးကို အသာဖွဖွ ပုတ်ပေးလိုက်သည်။

“တခြားပြောစရာ မရှိတော့ဘူးလား။ လေးပင်တဲ့ အကြောင်းအရာတွေ မဟုတ်တာမျိုးလေ။”

နဂိုကတည်းက ရင်းရင်းနှီးနှီး ရှိခဲ့ကြသည်မဟုတ်သော်လည်း ယခုကဲ့သို့ အချိန်မျိုး၌ပင် လေးလံသော စကားများသာ ပြောနေသဖြင့် သနားစရာကောင်းသလို၊ ဝမ်းနည်းစရာလည်း ကောင်းကာ နှမြောသလိုလည်းဖြစ်နေမိသည်။

တတိယမြောက် ဝေါ်တန်က တစ်ချက် မျက်တောင်ခတ်လိုက်၏။

ထို့နောက် ခုတင်၏ အပေါ်ဘက် မျက်နှာကြက်ဆီသို့ ငေးမောကြည့်နေခဲ့သည်။

တော်ဝင်မင်းသား ဟိုင်န်ရီလည်း ခပ်ဖွဖွ ရယ်လိုက်မိ၏။

“ပြောစရာမရှိတော့ဘူး ထင်ပါရဲ့။”

တော်ဝင်မင်းသား ဟိုင်န်ရီနှင့်အတူ လိုက်ရယ်ရာမှ တိုးညင်းသော လေသံဖြင့် တောင်းဆိုလာသည်။

“……မင်းရဲ့ မရီးကိုလည်း ကောင်းကောင်းစောင့်ရှောက်ပေး။”

“ဟုတ်ကဲ့။”

“တခြား မှူးမတ်တွေ အထင်မသေးရအောင်……”

“သိပါပြီ။”

“ဘယ်သူက ဘာပြောပြော ကာကွယ်ပေး……”

နှုတ်ခမ်းများ တုန်ယင်နေသော တတိယမြောက် ဝေါ်တန်က မောသွားသည့်အလား မျက်လုံးမှိတ်လိုက်တော့သည်။

သူက ဝင်သက်ထွက်သက်အနည်းငယ်ကို လေးပင်နှေးကွေးစွာ ရှူထုတ်ခဲ့၏။

အင်မတန် နှေးကွေးသော အသက်ရှူသံပင်။

နာကျင်ရလောက်အောင် ဟိုင်န်ရီ၏လက်ကို ဆုပ်ကိုင်ထားသော သူ၏လက်မှလည်း အားက တဖြည်းဖြည်း လျော့သွားတော့သည်။

ဟိုင်န်ရီလည်း အစ်ကိုဖြစ်သူ၏လက်ကို ဖြည်းညင်းစွာ ချလိုက်၏။

မြင်သာရုံမျှသာ နိမ့်ချည်မြင့်ချည်ဖြစ်နေသော ရင်ဘတ်က လှုပ်ရှားခြင်း မရှိတော့ပေ။

“……”

ဟိုင်န်ရီက မျက်လုံးမှိတ်ကာ လက်နှစ်ဖက်ကို စုစည်းလိုက်သည်။

မျက်ရည်များ အလိုလို စီးကျလာတော့၏။

အနောက်တွင် ရပ်နေသော နန်းတွင်းသမားတော်က ချဉ်းကပ်လာကာ ဘုရင်မင်းမြတ်၏ သွေးခုန်နှုန်းကို စစ်ဆေးပြီး လေးပင်သောအသံဖြင့် ကြေညာခဲ့သည်။

“……နတ်ရွာစံသွားပါပြီ။”

နံရံနားကပ်ကာ တိတ်တဆိတ် ရပ်နေကြသူများက ချဉ်းကပ်လာပြီး ဘုရင်အသစ်၏ ရှေ့မှောက်တွင် ဒူးထောက်လိုက်ကြတော့၏။

ဟိုင်န်ရီက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်ပြီးနောက် မျက်ရည်စများဖြင့် သူတို့ကို ငုံ့မိုးကြည့်နေခဲ့သည်။

~~~~

ချက်ချင်း ပြဿနာရှာတော့မလားမှတ်ရသည့် အစ်ကိုက တော်သေး၍ ရက်ပိုင်းလောက်ကြာသည်အထိ ငြိမ်နေခဲ့သည်။

ဒေါသထွက်နေသော ပစ်မှတ်များထဲမှ တစ်ဦးဖြစ်သည့် ‘ဆိုဗီရ်ရှု’ ကို ဒေါသပင်ထွက်ခွင့်မရှိသဖြင့် စိတ်ပျက်နေခြင်းလား မသိပေ။

မိသားစုဝင်များကလည်း အိမ်ပြန်ရောက်လာသော အစ်ကို့ကို နားချကြပေလိမ့်မည်။

ဆိုဗီရ်ရှုကို ဒေါသထွက်ပြခြင်းက ကျွန်မအတွက် မဟုတ်ကြောင်း။

ထိုအစား ကျွန်မ၏ နေရာကိုသာမက အသက်ကိုပင် ထိခိုက်စေနိုင်ကြောင်း။

ယခု ရက်ရှ်တာကို တိုက်ရိုက် ဒေါသဖော်ပြခြင်းကလည်း ဆိုဗီရ်ရှု၏ အမျက်ဒေါသကို ခံရစေကာ ကျွန်မကို ဒုက္ခရောက်စေခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း အစရှိသဖြင့်။

‘……ဒီလို စဉ်းစားကြည့်လိုက်တော့ တကယ် ဘာမှလုပ်လို့မရတဲ့ အခြေအနေမှာ ရောက်နေတာပဲ။’

ရက်ရှ်တာကို စိတ်ဆိုးခြင်းဖြစ်စေ၊ ဒေါသပုံချပေါက်ကွဲခြင်းဖြစ်စေ လုပ်မိသည့် အခိုက်အတန့်တွင် ကျွန်မက ခင်ပွန်းဖြစ်သူ ဧကရာဇ်ကိုတော့ ဘာမှမလုပ်ရဲဘဲ သနားစရာ ချစ်သူမိန်းကလေးကိုသာ ဒေါသပုံချသည့် ယုတ်မာသော မိန်းမဆိုးကြီး ဖြစ်သွားပေလိမ့်မည်။

တစ်ဖက်တွင်လည်း ဆိုဗီရ်ရှုကို ‘အတိုင်းအဆထက် ပို၍’ ဒေါသထွက်ပြသည့် အခိုက်အတန့်တွင် ယခုတစ်ကြိမ်တွင်မူ ဧကရီဖြစ်ပါလျက် မိမိ၏ ခံစားချက်ကိုပင် မထိန်းချုပ်နိုင်သူဟု ကဲ့ရဲ့ခံရမည်သာ။

ဆိုဗီရ်ရှုကို ကိုယ်ထိလက်ရောက် ဒေါသပုံချမိပါက ကျွန်မ၊ မတော်လျှင် ကျွန်မ၏ မိသားစုနှင့် အိမ်တော်ပါ ဒုက္ခရောက်ကုန်ပေမည်။

ထူးဆန်းသည်က ဆိုဗီရ်ရှုနှင့် ရက်ရှ်တာကို သည်းခံပေးလျှင် သည်းခံပေးသည့်အလျောက် အဖြစ်မရှိသူဟု သတ်မှတ်ခံရခြင်းပင်။

ကျွန်မတစ်ဦးတည်း မဟုတ်ဘဲ ကျွန်မတို့ အိမ်တော်တစ်ခုလုံးနှင့် သက်ဆိုင်သည့် အကြောင်းအရာဖြစ်နေ၏။

မှန်ကို ငေးကြည့်နေမိရာမှ ထူးဆန်းစွာပင် ရယ်ချင်စိတ် ပေါ်လာသည်။

ယုတ်မာသော မိန်းမဆိုးနှင့် မိသားစု၏ ဘေးကင်းရေး၊ အရည်အချင်းမရှိသော ဧကရီ၊ အဖြစ်မရှိသော အမျိုးသမီး။

ဤဝင်္ကပါထဲမှ ထွက်ပေါက်မရှိနိုင်တော့ဘူးလား။

“ဧကရီ အရှင်မ။”

ထိုစဉ်မှာပင် ဧည့်ခန်းထဲမှ နယ်စားကတော် အယ်လီဇာ၏ ခေါ်သံကို ကြားလိုက်ရသည်။

ဝင်လာနိုင်ကြောင်း အချက်ပြသည့်အနေနှင့် မှန်တင်ခုံပေါ်မှ ခေါင်းလောင်းလေးကို တီးလိုက်တော့ သူက စိတ်မကောင်းသော မျက်နှာထားဖြင့် ဝင်လာ၏။

“နယ်စားကတော်ကြီး။ အဆင်ပြေရဲ့လား။”

ထိုမျက်နှာထားကြောင့် ချက်ချင်းပင် ထိတ်လန့်သွားကာ မေးလိုက်မိသည်။

မကြာသေးမီကပင် မကောင်းသောကိစ္စများ ဆက်တိုက်ကြုံတွေ့နေရသဖြင့် ကြောက်ရွံ့စိတ်က ချက်ချင်း ဝင်လာခြင်းပင်။

ခန့်မှန်းချက်က ထက်ဝက်မှန်ကန်သွား၏။

“အနောက်ဘုရင့်တိုင်းပြည်က စေလွှတ်လိုက်တဲ့ သံတမန်အဖွဲ့ ရောက်လာပါတယ်။”

ကျွန်မနှင့် ပတ်သက်သည့်ကိစ္စမဟုတ်သော်လည်း မကောင်းသောသတင်းဖြစ်သည်မှာတော့ အမှန်ပင်။

“နာရေးသတင်းလား။”

“ဟုတ်ပါတယ်။ တတိယမြောက် ဝေါ်တန် နတ်ရွာစံသွားပြီလို့ သိရပါတယ်။”

တော်ဝင်မင်းသား ဟိုင်န်ရီ၏ အစ်ကိုတော်က……

နောက်ဆုံးတော့ အဲ့ဒီလို ဖြစ်သွားပြီကိုး။

အမြဲတစေ တက်ကြွစွာ ပြုံးနေတတ်သော တော်ဝင်မင်းသားတစ်ယောက် ကြီးစွာသော ဝမ်းနည်းမှုတွင် နစ်မွန်းနေမည့်အဖြစ်ကို တွေးလိုက်မိတော့ ကျွန်မ၏ စိတ်နှလုံးလည်း လေးပင်သွားရတော့သည်။

~~~~

ညအချိန်ဖြစ်သော်လည်း လနှင့် ကြယ်များကို မမြင်ရပေ။

ထူထပ်သော မိုးတိမ်များကြောင့် ကောင်းကင်ယံက မည်းမှောင်နေကာ တစ်ခါတစ်ရံ မှိန်ဖျော့သော မီးခိုးရောင်သန်းသည့် အဝါရောင် အဝိုင်းလေးများကို မြင်ရရုံမျှသာ။

ပြတင်းပေါက်တွင် လက်တစ်ဖက်တင်ရင်း ထိုမြင်ကွင်းကို ငေးကြည့်နေမိ၏။

‘နောက်ရက်ပိုင်းလောက်ဆိုရင် ရက်ရှ်တာရဲ့ ရင်သွေးအတွက် ပါတီ ကျင်းပတော့မှာပဲ။’

ထိုနေရာတွင် ကျွန်မက ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး မျက်နှာထားကို ထိန်းချုပ်နိုင်ပါ့မည်လား။

နှစ်ပေါင်းများစွာ လုပ်လာခဲ့တဲ့အရာပဲကို။

ယခုမှ အသစ်အဆန်းဖြစ်ကာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးလာရသည်။

ပို၍ တိတိကျကျ ပြောရလျှင် မျက်နှာထားကို မထိန်းချုပ်လိုတော့ခြင်းပင်။

‘……နောက်ဆုံးတော့လည်း အဲ့ဒီအချိန်ရောက်ရင် လုပ်မိဦးမှာပဲ။’

အေးစက်သောလေကြောင့် ပါးပြင်ပေါ်တွင် ကြက်သီးများ ထလာသည်။

ကောင်းကင်မှ ရေစက်ကလေးများ တစ်စက်နှစ်စက် လက်ဖျားပေါ်သို့ စတင်ကျလာတော့၏။

ကျွန်မ ပြတင်းပေါက်မှ လက်ကိုခွာပြီး ပြတင်းပေါက်ကို ပိတ်လိုက်သည်။

သို့သော် ပြတင်းပေါက် ပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် မှောင်မည်းနေသော အမှောင်ထုထဲမှ အပြာရောင်ငှက်တစ်ကောင် အရှိန်ပြင်းပြင်းဖြင့် ပျံသန်းလာသည်ကို မြင်လိုက်ရ၏။

“အာ။”

ကွီးန်ရဲ့ လက်အောက်ငယ်သားလား။

ကျွန်မ အံ့ဩတကြီး ပြတင်းပေါက်ကို ပြန်ဖွင့်လိုက်သည်။

မသေချာခဲ့သော်လည်း အမှန်ဖြစ်နေ၏။

အပြာရောင်ငှက်လေးက ပြတင်းပေါက်ထဲသို့ အမြန် ဝင်လာသည်။

သို့သော် ရဲရဲဝံ့ဝံ့ ဝင်လာတတ်သည့် ကွီးန်လိုမဟုတ်ဘဲ အပြာရောင်ငှက်လေးကမူ အနည်းငယ် တွန့်ဆုတ်နေကာ သတိထားနေသည့် ပုံစံမျိုးပင်။

“ကွီးန်ရဲ့ သူငယ်ချင်းမဟုတ်လား။”

တစ်ဖက်လူက ငှက်မှန်းသိသော်လည်း ကျွန်မ သတိထားပြီး မေးလိုက်မိသည်။

ကွီးန်က ထက်မြက်သော ငှက်ဖြစ်သဖြင့် ဤငှက်သည်လည်း ကွီးန်ကဲ့သို့ပင် လိမ္မာပါးနပ်မည်ဟု ယူဆမိသောကြောင့်ပင်။

အပြာရောင်ငှက်လေးက ခေါင်းညိတ်ပြကာ အရိုအသေပင် ပေးခဲ့သေးသည်။

-ကျစ်

မထင်မှတ်ဘဲ ပြန်နှုတ်ဆက်လိုက်တော့ အပြာရောင်ငှက်လေးက သူ၏ ခြေထောက်ကို အသာလေး ထိုးပေးလာသည်။

ခြေထောက်တွင် စာတိုလေးတစ်စောင်ကို ချည်ထား၏။

“တော်ဝင်မင်းသား ဟိုင်န်ရီ ပို့လိုက်တာလား။”

-ကျစ်

တတ်နိုင်သမျှ ဂရုတစိုက်ဖြင့် သေးသွယ်သော ခြေထောက်မှ စာကို ဖြုတ်ယူလိုက်သည်။

စာကိုဖြန့်လိုက်တော့ အပြာရောင်ငှက်လေးက ကွီးန် လုပ်လေ့ရှိသလို အတူတူဖတ်ရန် ဘေးနားသို့ တိုးလာကာ ခေါင်းလေးပြူကြည့်နေ၏။

ကျွန်မက စာကို ဒူးပေါ်တင်ပြီး ဖတ်နေရာမှ လက်တစ်ဖက်ဖြင့် မျက်နှာကို အုပ်လိုက်မိသည်။

-ကွီးန်၊ ခင်ဗျားအကြောင်းကိုပဲ တွေးနေမိပါတယ်။ ကျွန်တော့်ရဲ့ သူငယ်ချင်း၊ ကျွန်တော့်ကို နှစ်သိမ့်ပေးနိုင်တဲ့ တစ်ဦးတည်းသောသူ။ ခင်ဗျားရဲ့ နှစ်သိမ့်မှု လိုအပ်နေပါတယ်။

ယခင်ကနှင့် လက်ရေးက သိသိသာသာ ကွာခြားနေခဲ့သည်။

အခြားသူက ရေးပေးထားခြင်းထက် ရေးနေစဉ်တွင် လက်များ အလွန်တုန်ယင်နေခဲ့ပုံပင်။

စာသား အနည်းငယ်မျှသာ ဖြစ်သော်လည်း သူက အလွန်ပင် ဝမ်းနည်းနေကြောင်း ပေါ်လွင်နေ၏။

-ကျစ်……

စာကို ချလိုက်တော့ အပြာရောင်ငှက်လေးက အရင်ဆုံး အင်အားမရှိသလို အော်ခဲ့သည်။

ကျွန်မလည်း ချက်ချင်းပင် စားပွဲဆီသို့သွားကာ မင်တံကို ကိုင်လိုက်၏။

သို့သော် မည်သို့နှစ်သိမ့်ပေးရမည်ကို ဝေခွဲမရ ဖြစ်နေမိသည်။

တော်ဝင်မင်းသား ဟိုင်န်ရီက ကျွန်မကို သူ့အား နှစ်သိမ့်ပေးနိုင်မည့် တစ်ဦးတည်းသောသူဟု ပြောခဲ့သော်လည်း……

ကျွန်မ၏ စကားအနည်းငယ်ဖြင့် မွေးချင်းအစ်ကို ဆုံးရှုံးသွားရသည့် ဝမ်းနည်းမှုကို နှစ်သိမ့်ပေးနိုင်ပါ့မည်လား။

အနားတွင် ရှိနေခဲ့လျှင် ဘာမှမပြောဘဲ အတူတူ ရှိနေပေးရုံသာ ရှိသော်လည်း။

စာ၊ ယင်းမှာလည်း စာသားများများစားစားပင် မရေးနိုင်သည့် စာတိုလေးဖြင့် မည်သို့သော နှစ်သိမ့်မှုမျိုး ပေးနိုင်ပါမည်နည်း။

-တအား အများကြီး မနာကျင်ရစေဖို့ မျှော်လင့်ပါတယ်။ စိတ်ရင်းနဲ့ပါ……

နောက်ဆုံးတော့လည်း အက်ကြောင်းထပ်နေသော စကားလုံးများကိုသာ ရေးလိုက်မိတော့သည်။

~~~~

အပြာရောင်ငှက်လေး ပျံသန်းသွားပြီးနောက် နောက်တစ်နေ့တွင် ခါ့ဖ်မန်း မင်းသားကြီးလည်း နန်းတော်မှ ထွက်ခွာသွားသည်။

အချစ်ဆေးကို မဖြေနိုင်ခဲ့သောကြောင့် ဖြစ်မည်လား၊ သူက ကျွန်မကို သီးသန့်နှုတ်ဆက်ခြင်း မပြုခဲ့ပေ။

ထိုအစား လူလွှတ်၍ လွီပ်(ထ်)၏ စာအုပ်ကို လက်ဆောင်အဖြစ် ချန်ထားပေးခဲ့သည်။

ဘုရင်မင်းမြတ်၏ ဈာပနသတင်းကို အကြောင်းကြားရန် အလျင်အမြန် ရောက်လာသော သံတမန်အဖွဲ့သည်လည်း ချက်ချင်း ပြန်သွားကြ၏။

ခွဲခွာခြင်း၊ ခွဲခွာခြင်းနှင့် ခွဲခွာခြင်းများ ဆက်တိုက်ပင်။

သို့သော် ဤခွဲခွာခြင်းနှင့် နှုတ်ဆက်ခြင်းများအားလုံး၏ သက်ရောက်မှုကို ခံစားနေရသူက ကျွန်မတစ်ယောက်တည်း ဖြစ်ပုံရ၏။

လူတို့က အသစ်နန်းတက်မည့် အနောက်ဘုရင့်တိုင်းပြည်၏ ပေါ့ပြက်ပြက်နိုင်သော မင်းပျိုမင်းလွင်အကြောင်းကိုသာ ပြောဆိုနေကြသည်။

ထို့နောက် ပျင်းလာလျှင် ရက်ရှ်တာ၏ ရင်သွေးအကြောင်း ပြောကြပြန်၏။

ပင်မနန်းဆောင်တွင်မူ အားလုံးက နှုတ်စောင့်ကြသော်လည်း တိုင်းတစ်ပါးသားများသော တောင်နန်းဆောင်သို့ သွားလျှင်မူ ကောလာဟလများက ပို၍ဗြောင်ကျလှသည်။

“တော်ဝင်မင်းသား ဟိုင်န်ရီကလည်း လေဒီ ရက်ရှ်တာကို သဘောကျခဲ့တာ မဟုတ်ဘူးလား။”

“ဟုတ်တာပေါ့။ အရှင်ဧကရာဇ်နဲ့ တော်ဝင်မင်းသားတို့ နှစ်ယောက်စလုံး လေဒီ ရက်ရှ်တာကို လုပြီး ရန်ဖြစ်ခဲ့ကြတယ်ဆိုတဲ့ စကားတောင် ကြားလိုက်ရသေးတယ်။”

“ဘာကို ရန်ဖြစ်ရမှာလဲ။ အဲ့ဒါက လေဒီ ရက်ရှ်တာနဲ့ တော်ဝင်မင်းသား ဟိုင်န်ရီတို့က စာဖလှယ်ဖော်သူငယ်ချင်းတွေဆိုတော့ အရှင်ဧကရာဇ်လည်း သဝန်တိုမှာပေါ့။”

“တော်ဝင်မင်းသား ဟိုင်န်ရီလည်း အိမ်တွင်းရေးကိစ္စတွေအပြင် လေဒီ ရက်ရှ်တာရဲ့ ကိုယ်ဝန်ကိစ္စပါ ကြားရတော့ ရင်ကွဲနေတော့မှာပဲ။”

ကျွန်မလည်း တောင်နန်းဆောင် အနီးရှိ ဥယျာဉ်ထဲတွင် လမ်းလျှောက်နေရင်း ရပ်တန့်သွားသည်။

စိတ်ညစ်နေသည့်ကြားထဲမှ ပျော်စရာကိစ္စလေးများကို သတိရချင်၍ ဤဘက်သို့ လာခဲ့ခြင်းဖြစ်သော်လည်း။

ဤနေရာ၌ပင် ထိုသို့သော စကားမျိုးကို ကြားနေရသဖြင့် စိတ်အနှောင့်အယှက် ဖြစ်လာမိသည်။

‘ပြန်တာပဲ ကောင်းမယ်။’

သက်ပြင်းချလိုက်ပြီးနောက် လျှောက်လာခဲ့သော စင်္ကြံလမ်းအတိုင်း ပြန်လှည့်လာခဲ့၏။

သို့သော် အရှေ့နန်းဆောင်၊ အနောက်နန်းဆောင်နှင့် တောင်နန်းဆောင်တို့ ခွဲထွက်သွားသည့် လမ်းဆုံသို့ ရောက်ချိန်တွင်။

အနည်းငယ်မျှသာ တွေ့ဖူးသော်လည်း ကျိန်းသေပေါက် မှတ်မိနေသောသူတစ်ဦးက ကျွန်မကို နှုတ်ဆက်လာသည်။

“ဧကရီ အရှင်မ၊ ဒီလိုနေရာမျိုးမှာ တွေ့ရတာ တကယ် ဂုဏ်ယူဝမ်းမြောက်မိပါတယ်ခင်ဗျ။”

ရက်ရှ်တာကို ကျွန်အဖြစ် ထားခဲ့သည်ဆိုသော ဗိုင်းကောင့် လိုတဲရှုပင်။

သူ၏ အပြုံးက စဉ်းလဲကောက်ကျစ်ပုံရ၏။

သင့်တော်သလို နှုတ်ဆက်လိုက်တော့ သူက ညစ်ကျယ်ကျယ်ပြုံးခဲ့ကာ ကျွန်မကမူ စကားအပိုမပြောတော့ဘဲ အရှေ့နန်းဆောင်သို့ ပြန်လာခဲ့သည်။

‘အခုတလော အဲ့ဒီလူ နန်းတော်ထဲကို အဝင်အထွက် စိပ်နေတယ်လို့ ကြားမိသား။ ရက်ရှ်တာကို တွေ့ဖို့လာတာများလား။’

သို့သော် ထူးဆန်းနေသည်။

ရက်ရှ်တာအတွက် သူက ရန်သူလိုလူမျိုး ဖြစ်လိမ့်မည်ဟု ထင်ခဲ့သော်လည်း။

ရက်ရှ်တာက သူ့ကို ဘာကြောင့် လက်ခံပေးနေရသနည်း။

‘ထင်တဲ့အတိုင်း အကျပ်ကိုင်ခံနေရတာများလား……’

~~~~

“လာရင်းလမ်းမှာ ဧကရီကို တွေ့ခဲ့တယ်။”

ဗိုင်းကောင့် လိုတဲရှုက ရက်ရှ်တာကို မြင်မြင်ချင်း ပထမဆုံး ပြောလိုက်သည့် စကားပင်။

မမြင်ချင်သောသူကို တွေ့ရသဖြင့် စိတ်တိုနေသော ရက်ရှ်တာတစ်ယောက် မျက်မှောင်ကြုတ်လိုက်မိသည်။

ဗိုင်းကောင့် လိုတဲရှု ဧကရီအကြောင်း ပြောခြင်းမှာ သိပ်မကောင်းသော လက္ခဏာဟု ယူဆရ၏။

တကယ်လည်း သူက တစ်ခုတည်းသော အခြေအနေတွင်သာ ဧကရီအကြောင်းကို ထုတ်ပြောလေ့ရှိသည်။

ရက်ရှ်တာနှင့် ဧကရီကို နှိုင်းယှဉ်သည့်အခါမျိုး၌ပင်။

“ထပ်ပြီး ဘာပြောဦးမလို့လဲ။”

ရက်ရှ်တာ အေးစက်စွာ မေးလိုက်တော့ ဗိုင်းကောင့် လိုတဲရှုက တဟားဟား ရယ်ခဲ့သည်။

“မဟုတ်ပါဘူး၊ ဒီအတိုင်း။ နင်နဲ့ကတော့ ကြည့်လိုက်တာနဲ့တင် အရောင်အဝါချင်း ကွာခြားလွန်းလို့ ပြောတာပါ။”

“ဘာအဓိပ္ပာယ်လဲ။”

“ဒီအတိုင်း အကြည့်နဲ့တင် မြင့်မြတ်တဲ့ အငွေ့အသက်တွေ ထွက်နေတယ်လို့၊ အဲ့ဒီသဘောပေါ့။”

“ရက်ရှ်တာက အဲ့ဒီလို မဟုတ်ဘူးလို့ ပြောချင်တာလား။”

“မပြောတတ်ဘူး။ နင်လည်း နန်းတော်ထဲမှာ နှစ် ၂၀ လောက် နေလိုက်ရင်တော့ တူကောင်းတူလာမှာပေါ့။”

ဗိုင်းကောင့် လိုတဲရှုက တဟားဟားနှင့် ညစ်ကျယ်ကျယ်ရယ်ရင်း ထပ်ပြောခဲ့သည်။

“ကျိန်းသေပေါက် အဲ့ဒီမတိုင်ခင် နှင်ထုတ်မခံရမှဖြစ်မယ်ဆိုပေမဲ့ပေါ့လေ။”

“...”

ရက်ရှ်တာက ဗိုင်းကောင့် လိုတဲရှုကို စိုက်ကြည့်လိုက်သော်လည်း သူကမူ အေးအေးလူလူပင် မေးလာသည်။

“စားစရာလေးဘာလေး မရှိဘူးလား။”

“လာရင်းကိစ္စကိုပဲပြောပြီး ထွက်သွားပါ။”

“ရက်စက်လိုက်တာ။”

ဗိုင်းကောင့် လိုတဲရှု၏ အရှက်မရှိသော စကားကြောင့် ရက်ရှ်တာတစ်ယောက် ဒေါသထွက်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။

တစ်လှေတည်းစီးရန် ဆုံးဖြတ်ထားသော်လည်း ထိုလူကို အမြဲ မုန်းတီးနေမိ၏။

‘ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သူ့ကို ဖယ်ထုတ်ပစ်ရမယ်……’

သက်ပြင်းချလိုက်သော ရက်ရှ်တာက ဗိုင်းကောင့် လိုတဲရှုကို တစ်ဖန်ထပ်၍ မေးလိုက်သည်။

“ဘာအတွက်ကြောင့် လာတာလဲ၊ ဒီတစ်ခါရော။”

“အင်း။ ငွေ အရေးပေါ် လိုအပ်နေလို့။”

ရက်ရှ်တာ အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

“လိုပြန်ပြီလား။ မကြာသေးခင်ကပဲ ခရန်း ၅ သိန်း ယူသွားပြီးပြီလေ။”

“အဲ့ဒါက အိမ်ဝယ်ဖို့ သုံးလိုက်တာလေ။”

“ဒါဆို အခုကရော။”

“အိမ်ကကျယ်တော့ အစေခံတွေ အများကြီး လိုအပ်လို့။”

ရက်ရှ်တာတစ်ယောက် လက်ဖဝါးထဲသို့ လက်သည်းများ နစ်ဝင်သွားသည်အထိ လက်သီးကို အားထည့်ကာ ဆုပ်ထားလိုက်သည်။

မုန်းစရာ ကောင်းလှချည်လား၊ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် မုန်းဖို့ကောင်းတဲ့လူ ရှိရတာလဲ။

ဖြစ်တည်မှုကပင် ကြောက်စရာကောင်းလှ၏။

ဗိုင်းကောင့် လိုတဲရှုက ရက်ရှ်တာ မိမိကို စက်ဆုပ်စရာလို စိုက်ကြည့်နေမှန်း သိသိကြီးနှင့်ပင် ဘာမှမဖြစ်သလိုပြုံးကာ စကားဆက်​ခဲ့သည်။

“နောက်ပြီး မိသားစုဝင်လည်း များလာပြီဆိုတော့ လက်တိုလက်တောင်း လုပ်ပေးမဲ့သူတွေ အများကြီး လိုတာပေါ့။”

“မိသားစုဝင်ဆိုလို့ နှစ်ယောက်တည်းရှိတာ မဟုတ်ဘူးလား။ အဲ့ဒီဘက်နဲ့…… ကလေးနဲ့။”

“နှစ်ယောက်တည်း၊ ဟုတ်လား။”

ရက်ရှ်တာက ဗိုင်းကောင့် လိုတဲရှုကို စိုက်ကြည့်ရင်း မေးလိုက်သည်။

“တခြားလူ ရှိသေးလို့လား။”

ဗိုင်းကောင့် လိုတဲရှုက အဓိပ္ပာယ်မရှိတာဟု ပြောနေသလို ရယ်ရင်း ပြန်ဖြေခဲ့သည်။

“ငါ့သားနဲ့ သမီးကိုလည်း ဆက်ဆက် ခေါ်လာတာပေါ့။ မဟုတ်မှ ငါက နင့်ကလေးတစ်ယောက်တည်းကိုပဲ ခေါ်လာမယ်မှတ်နေတာလား။”

ထိုစကားကြောင့် ရက်ရှ်တာ၏ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားတော့သည်။

“ဘာ……”

ရက်ရှ်တာတစ်ယောက် ထိတ်လန့်သွားကာ နှုတ်ခမ်းများ တဆတ်ဆတ်တုန်ယင်လျက် သူ့ကို စိုက်ကြည့်နေမိ၏။

“ဘယ်သူ့ကို ခေါ်လာတယ်။”

ဗိုင်းကောင့် လိုတဲရှု၏ နှုတ်ခမ်းထောင့်စွန်းများ ပင့်တက်သွားတော့သည်။

“ဘာလဲ။ ငါ့သားကို မတွေ့ရတာကြာလို့ တွေ့ချင်နေတာလား။”

~~~~

Miel’s Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment