အပိုင်း ၁၀၅ (ဇနီးမောင်နှံ နှစ်စုံတွဲ)
လစဉ် ကျင်းပမြဲဖြစ်သော တိုင်းပြည်စီမံခန့်ခွဲမှုဆိုင်ရာ ကောင်စီ ညီလာခံ ကျင်းပသည့်နေ့ပင်။
ဤညီလာခံသို့ အဆင့်မြင့်အရာရှိကြီးများနှင့် ကော်မတီဝင် အများစု တက်ရောက်ကြပြီး၊ ဧကရာဇ် ဆိုဗီရ်ရှုအနေဖြင့် မဖြစ်မနေ တက်ရောက်ရမည် ဖြစ်သော်လည်း ဧကရီဖြစ်သော ကျွန်မအတွက်မူ အခြေအနေက အနည်းငယ် ကွဲပြားသည်။
ကျွန်မ၏ တက်ရောက်မှုက မဖြစ်မနေ မဟုတ်သဖြင့် ကျွန်မနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ သို့မဟုတ် ကျွန်မ တာဝန်ယူထားသည့် အကြောင်းအရာများ အစီအစဉ်တွင် ပါဝင်သည့်အခါမျိုး၌သာ တက်ရောက်လေ့ရှိ၏။
ဤသဘောအရဆိုလျှင် ယနေ့က ကျွန်မ တက်ရောက်ရန် မလိုအပ်သောနေ့ပင်။
ဆွေးနွေးမည့် အစီအစဉ်များနှင့် အကြောင်းအရာများကို စစ်ဆေးကြည့်ပြီးသော်လည်း ကျွန်မကိုယ်တိုင် ပါဝင်ဆောင်ရွက်ရမည့် ကိစ္စမျိုး မရှိပေ။
သို့သော် နာရီဝက်ခန့် စဉ်းစားပြီးသည့်နောက်တွင်မူ ကျွန်မလည်း တက်ရောက်ရန် ဆုံးဖြတ်ကာ အကြောင်းကြားလိုက်သည်။
ဆိုဗီရ်ရှုက ကျွန်မကို ကွာရှင်းရန် ကြံစည်နေကြောင်း သိထားသဖြင့် ယခုအချိန်အထိ အရာအားလုံး တိတ်ဆိတ်နေခြင်းက ကျွန်မကို စိုးရိမ်ပူပန်စေသောကြောင့်ပင်။
ယနေ့တွင် သူက ကျွန်မနှင့် ကွာရှင်းမည့်အကြောင်းကို လူသိရှင်ကြား ချပြလောက်မလားမသိပေ။
‘မက်ကန်နာ ဟိုင်န်ရီဆီ ပြန်သွားလောက်ပြီလား။’
ဟိုင်န်ရီကရော ဘယ်လိုတုံ့ပြန်မလဲ။
အခြေအနေများ ရှုပ်ထွေးသွားပြီဖြစ်ရာ ကျွန်မကို မိဖုရားအဖြစ် တင်မြှောက်ရန်ကိုပဲ လက်လျှော့လေမည်လား။
သို့မဟုတ် အခြားနည်းလမ်းရှာပြီး ဆက်သွယ်လာမည်လား။
စဉ်းစားရင်း လျှောက်လာခဲ့ရာမှ မကြာမီမှာပင် ညီလာခံခန်းမသို့ ရောက်ရှိလာခဲ့သည်။
ကျွန်မထက် အရင်ရောက်နှင့်နေသော ဆိုဗီရ်ရှုက ကျွန်မကို မြင်သော်လည်း နှုတ်ဆက်ခြင်းပင်မပြုဘဲ ခေါင်းလွှဲသွား၏။
‘အားနာသလို ဟန်ဆောင်နေပြီးတော့။ လက်ဆောင်ကို ငြင်းလိုက်တာနဲ့ ချက်ချင်း သူ့ရဲ့ ပင်ကိုစရိုက်အမှန်ကို ထုတ်ပြတော့တာပဲ။’
ကျွန်မလည်း မသိချင်ယောင်ဆောင်နေသော သူ့ကို သွားမနှောင့်ယှက်ဘဲ မိမိနေရာတွင်ထိုင်ကာ အရှေ့တည့်တည့်သို့သာ စိုက်ကြည့်နေလိုက်သည်။
ရံဖန်ရံခါ ဘေးချင်းကပ်လျက်နေရာမှ ခိုးကြည့်နေသည့် အကြည့်များကို ခံစားမိသော်လည်း ပြန်လှည့်မကြည့်ခဲ့ပေ။
ညီလာခံ စတင်ပြီးနောက် ခေတ္တနားသည့် အချိန်တွင်လည်း ကျွန်မတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် လုံးဝဥပေက္ခာပြုထားကြ၏။
ခေတ္တနားချိန် ပြီးဆုံးသွားသည့်နောက်တွင်မူ အခြေအနေက ပို၍ စိတ်ကသိကအောက်ဖြစ်စရာ ဖြစ်လာခဲ့သည်။
ဒုတိယပိုင်း ညီလာခံ ပြန်လည်စတင်ချိန်တွင် ပထမဆုံး တင်ပြလာသူက ဖါရ်မဲ နယ်မြေအရှင်သခင် စေလွှတ်လိုက်သူဖြစ်ကာ သူက ကျွန်မအစ်ကိုအကြောင်း စတင်ပြောဆိုလာခဲ့သောကြောင့်ပင်။
“ဆာ ခိုရှာရ် မြို့တော်ကို ထွက်သွားပြီးတဲ့နောက်မှာ တောပုန်းဓားပြအဖွဲ့တွေ ပြန်ပြီး သောင်းကျန်းလာကြပါတယ်။ သူတို့က ဘယ်နေရာမှာ ဘယ်လိုမျိုး နိုင့်ထက်စီးနင်းလုပ်ကြမလဲဆိုတာ မသိရတဲ့အတွက် ကုန်သည်တွေလည်း ဖါရ်မဲကို မလာရဲကြတော့ပါဘူး။ အရှင်ဧကရာဇ်ရဲ့ ထောက်ထားသက်ညှာမှုနဲ့ အဲ့ဒီဓားပြအုပ်စုကို နှိမ်နင်းပေးစေလိုပါတယ်။”
သူက အစ်ကို့ကို ပြည်နှင်ဒဏ်ပေးသည့်ကိစ္စနှင့် ပတ်သက်၍ တိုက်ရိုက်ပြောခြင်း မဟုတ်ဘဲ စကားစပ်မိ၍ ပြောလိုက်ခြင်းဖြစ်သော်လည်း ဆိုဗီရ်ရှု၏ မျက်နှာက ချက်ချင်း ညိုမှောင်သွား၏။
အကင်းပါးသော မှူးမတ်များက ဖါရ်မဲ နယ်မြေအရှင်သခင်၏ သံတမန်ကို ‘တော်တော့’ ဟူသော အဓိပ္ပာယ်ဖြင့် မျက်ရိပ်မျက်ကဲ ပြကုန်ကြသည်။
သို့သော် မိမိနယ်မြေ၏ လုံခြုံရေးက အရေးပေါ် စိုးရိမ်နေရသဖြင့် ဖါရ်မဲမှ လာသူကမူ ဆိုဗီရ်ရှုကို အားကိုးတကြီး မျက်ဝန်းများဖြင့်သာ ကြည့်နေလေ၏။
“ပြန်သုံးသပ်ပေးမယ်။”
ဆိုဗီရ်ရှုက အသံတောင့်တောင့်ကြီးဖြင့် ပြန်လည်ဖြေကြားခဲ့သည်။
သို့သော် နောက်ထပ် နှစ်ဦးအကျော်တွင်။
“ဟို... အရှင်ဧကရာဇ်။”
အလှည့်ကျသူ မဟုတ်သော်လည်း ဘယ်ရွန် လန့်ထ်က လက်ညှိုးထောင်ကာ သတိထားပြီး အရှေ့သို့ ထွက်လာသည်။
ထိုအခိုက်အတန့်တွင် ကျွန်မ၏ ရင်ထဲ၌ ဒိန်းခနဲ ဖြစ်သွား၏။
ဘယ်ရွန် လန့်ထ်က ဆိုဗီရ်ရှု၏ အတွင်းရေးမှူးပင်။
ဆိုဗီရ်ရှုက သူ့ကို တစ်ဆင့်ခိုင်းစေပြီး ကျွန်မနှင့် ကွာရှင်းမည့်အကြောင်းကို စတင်ပြောဆိုခိုင်းတော့မည်လား။
ကျွန်မ ပလ္လင်၏ လက်တင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်မိသည်။
ပုံမှန်ဆိုလျှင် အလှည့်ကျမှပြောရန် ပြတ်ပြတ်သားသား တားမြစ်မည့် ဆိုဗီရ်ရှုက “ဘာကိစ္စလဲ” ဟု မေးကာ ဘယ်ရွန် လန့်ထ်အား စကားပြောခွင့်ပေးလိုက်တော့ စိုးရိမ်စိတ်က ပို၍ ကြီးထွားလာ၏။
“လေဒီ ရက်ရှ်တာရဲ့ မိဘတွေနဲ့ ပတ်သက်တဲ့ကိစ္စပါ။”
သို့သော် ဘယ်ရွန် လန့်ထ် ပြောလာသည်က ကျွန်မအကြောင်းမဟုတ်ဘဲ ရက်ရှ်တာနှင့် သက်ဆိုင်သည့်ကိစ္စသာ။
“မိဘတွေ။”
“ဟုတ်ကဲ့၊ လေဒီ ရက်ရှ်တာရဲ့ မိဘတွေပါဆိုပြီး အခိုင်အမာပြောနေတဲ့သူတွေ ပေါ်လာပါတယ်။”
ဆိုဗီရ်ရှုက စိတ်ဝင်စားသွားဟန်ဖြင့် မေးမြန်းခဲ့သည်။
“ဘယ်သူတွေများလဲ။”
ဘယ်ရွန် လန့်ထ်က ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ပြီး ပြောလာ၏။
“ကယ်ရင် အိမ်တော်က လူတွေပါ။”
“အိုး...” ဟူ၍ သိသလိုလို အသံပြုသူများ ပေါ်ထွက်လာသည်။
ထိုအိမ်တော်အကြောင်း ကျွန်မလည်း ကြားဖူး၏။
လွန်ခဲ့သော မျိုးဆက်နှစ်ခုခန့်က အတော်လေး ကောင်းစားခဲ့သည့် အိမ်တော်ဖြစ်သော်လည်း မင်းသားများ ထီးနန်းလုသည့် တိုက်ပွဲတွင် ဘက်မှားခဲ့သဖြင့် အတူတကွ ပျက်သုဉ်းသွားခဲ့ရသော အိမ်တော်ပင်။
ရက်ရှ်တာက အဲ့ဒီအိမ်တော်ကလူတဲ့လား။
“သေချာရဲ့လား။”
“မသိရသေးပါဘူး။ အသေးစိတ်ကိုတော့ ထပ်ပြီး စစ်ဆေးကြည့်ရဦးမှာပါ။”
“တကယ်ဆိုရင်တော့ ကောင်းတာပေါ့။”
ဆိုဗီရ်ရှု ကျွန်မကို ကွာရှင်းရန် ပြင်ဆင်နေသည့် ဤအချိန်တွင်မှ သူ့အတွက် မှူးမတ်အနွယ်တော် မိဘများ ပေါ်လာသတဲ့လား။
အင်မတန် တိုက်ဆိုင်လွန်းလှသည့် အချိန်ကိုက်ပင်။
ဆိုဗီရ်ရှုနှင့် ဘယ်ရွန် လန့်ထ်တို့၏ စကားဝိုင်းကို အသာလေး နားထောင်ရင်း ရယ်ချင်စိတ်ပင် ပေါက်လာမိ၏။
ဤကိစ္စက ဆိုဗီရ်ရှု ရက်ရှ်တာကို မှူးမတ်အနွယ်တော် မိဘများ ဖန်တီးပေးလို၍ ကြံစည်ထားသည့်ကိစ္စဖြစ်ပေလိမ့်မည်။
ငယ်စဉ်ကမူ ဆိုဗီရ်ရှုက ခမည်းတော် ဧကရာဇ်က ထိုကဲ့သို့ လုပ်ဆောင်သည်ကိုမြင်လျှင် အလွန် ဒေါသထွက်ခဲ့သူပင်။
ယခုအခါ ထိုလုပ်ရပ်ကို သူကိုယ်တိုင် ပြန်လည်လုပ်ဆောင်နေသည်ကို မြင်ရသည်က တကယ် ရယ်စရာကောင်းလှ၏။
“……”
ဆိုဗီရ်ရှုလည်း ထိုအတိုင်းပင် တွေးနေ၍လားမသိ၊ သူ၏ နားရွက်ဖျားများက နီမြန်းနေသည်။
‘တခြားတစ်ဖက်ကနေ ကြည့်မယ်ဆိုရင်... သူ ရက်ရှ်တာကို ဘယ်လောက်တောင် ချစ်လို့ သူကိုယ်တိုင် မုန်းတီးခဲ့တဲ့ ဒီလိုဇာတ်လမ်းမျိုးအထိ ဖန်တီးရတာပါလိမ့်။’
ရက်ရှ်တာက သာမန်အရပ်သူဖြစ်ကြောင်း ဘူးခံငြင်းဆန်ခဲ့စဉ်က မိဘအတုများ ဖန်တီးပေးခြင်းမရှိခဲ့၍ သူက သူ၏ကိုယ်ပိုင်စံနှုန်းကိုတော့ ဆက်လက် ထိန်းသိမ်းထားသည်ဟု ထင်ခဲ့မိသည်ကို။
“ဒါဆိုရင် နောက်မှပဲ သူတို့ကို ခေါ်လာခဲ့ပါမယ်။”
တာဝန်ပြီးဆုံးသွားသော ဘယ်ရွန် လန့်ထ် နောက်သို့ဆုတ်သွားတော့ ပရိသတ်၏ တုံ့ပြန်မှုက ရေရေရာရာမရှိလှပေ။
ဆိုဗီရ်ရှု ကြံစည်ထားသည့်ကိစ္စဟု ယူဆသူများ ရှိသလို၊ တကယ်ပဲလားဟု စိတ်ဝင်စားသွားသူများလည်း ရှိပေလိမ့်မည်။
ဆိုဗီရ်ရှုက မူလအလှည့်ကျသူကို အစီရင်ခံရန် ချက်ချင်း အချက်ပြလိုက်၏။
ထိုအခါ ဘယ်ရွန် လန့်ထ်၏ ကြားဖြတ်မှုကြောင့် အလှည့်နောက်ကျသွားသူက ရှေ့သို့ ထွက်လာသည်။
သူက ဘလူးဘိုဟဲယန်း၏ သံအမတ် ရင်ဂါဖြစ်ပြီး၊ သူ၏ မျက်နှာထားက အနည်းငယ် ထူးဆန်းနေ၏။
သူ၏ မျက်နှာက ရယ်ရခက်၊ ငိုရခက် ဖြစ်နေကာ ခြေလှမ်းများကလည်း တုံ့ဆိုင်းနေသည်။
ထို့အပြင် အရှေ့သို့ ထွက်လာရင်းမှ ဘယ်ရွန် လန့်ထ်ကိုလည်း ခဏခဏ ပြန်လှည့်ကြည့်နေ၏။
‘ဘာဖြစ်နေတာပါလိမ့်။’
သိသိသာသာ ထူးဆန်းနေသော အပြုအမူကြောင့် အားလုံး၏အာရုံက သူ့ဆီသို့ ရောက်ရှိသွားတော့သည်။
သူ ပါးစပ်ဟလိုက်သည်နှင့် အကြောင်းရင်းကို ချက်ချင်း သိလိုက်ရတော့၏။
“ဟို... အမှန်တော့ အရှင်ဧကရာဇ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဘလူးဘိုဟဲယန်းက ဇနီးမောင်နှံ နှစ်ယောက် ကျွန်တော့်ဆီ ရောက်လာပြီး ထူးဆန်းတဲ့ စကားတွေ ပြောသွားပါတယ်။”
“ထူးဆန်းတဲ့စကားဆိုတာ ဘာလဲ။”
“အရှင်ဧကရာဇ်ရဲ့ချစ်သူ လေဒီ ရက်ရှ်တာက သူတို့ရဲ့ ပျောက်ဆုံးသွားခဲ့တဲ့ သမီးလေး ဖြစ်နိုင်တယ်လို့ ပြောပါတယ်။”
“……”
ခဏချင်းမှာပင် ဆိုဗီရ်ရှု၏ မျက်နှာက မှင်တက်သွားသော ရက်ကွန်းတစ်ကောင်လို ဖြစ်သွားတော့သည်။
ကျွန်မ မေးစေ့ကို တင်းတင်းစေ့ကာ နှုတ်ခမ်းကို ဖျစ်ညှစ်ကိုက်ထားလိုက်ရ၏။
မှူးမတ်များကြားမှလည်း ရယ်သံများ ထွက်ပေါ်လာသည်။
ဘယ်ရွန် လန့်ထ် တစ်ယောက်တည်းသာ မျက်လုံးအပြူးသားနှင့် သံအမတ် ရင်ဂါကို စိုက်ကြည့်နေ၏။
သံအမတ် ရင်ဂါက အကျပ်ရိုက်နေဟန်ဖြင့် ဆက်ပြောလာသည်။
“ဟို... အမ်။ အဲ့ဒီဇနီးမောင်နှံကလည်း မှူးမတ်အနွယ်တော်တွေပါပဲ။”
ဆိုဗီရ်ရှုက ကျွန်မဘက်သို့ လှည့်ကြည့်လာသည်။
“လေဒီ ရက်ရှ်တာမှာ မိဘက ခြောက်ယောက်တောင် ရှိနေတဲ့ပုံပဲနော်။”
သူ့တစ်ယောက်တည်း ကြားနိုင်လောက်သည့်အသံဖြင့် ခနဲ့လိုက်တော့ သူ၏ မျက်နှာက ချက်ချင်းပင် မုန်လာဥနီလို နီမြန်းသွားတော့သည်။
ကျွန်မက ရှေ့တည့်တည့်သို့သာ ပြန်ကြည့်နေလိုက်၏။
မှူးမတ်များကလည်း ဆိုဗီရ်ရှု၏ မျက်နှာရိပ်မျက်ကဲကိုကြည့်ကာ ရယ်ချင်စိတ်ကို အတင်းဖျစ်ညှစ် အောင့်ထားကြရသည်။
တစ်ဖက်တွင်လည်း ဤကိစ္စ မည်သို့ဆက်ဖြစ်မည်ကို သိချင်စိတ်ဖြင့် မျက်လုံးများ တလက်လက် တောက်ပကာ ဆိုဗီရ်ရှုကို မော့ကြည့်နေကြ၏။
ဆိုဗီရ်ရှုက စိတ်တိုတိုနှင့် ပလ္လင်လက်တင်ကို လက်ချောင်းဖြင့် တတောက်တောက် ခေါက်နေရင်း အမိန့်ပေးခဲ့သည်။
“အဲ့ဒီ ဇနီးမောင်နှံ နှစ်တွဲထဲမှာ တစ်တွဲကတော့ ကျိန်းသေပေါက် လူလိမ်တွေပဲဖြစ်ရမယ်။ ဒါမှမဟုတ် နှစ်တွဲလုံးလည်း ဖြစ်နိုင်တာပဲ။ ဘယ်ဘက်ကပဲဖြစ်ဖြစ် လူလိမ်ကိုတော့ ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး။ အားလုံးကို ဖမ်းထားလိုက်။”
~~~~
“ရှင်။ အဲ့ဒီလိုအဖြစ်မျိုး ရှိခဲ့တာလား။”
အပြာရောင်ငှက်ကိစ္စကြောင့် စိတ်ဓာတ်ကျနေသော ရက်ရှ်တာတစ်ယောက် မြို့စားမင်း အယ်ရ်ဂီထံသို့ သွားလည်ရင်း ညီလာခံခန်းမမှ သတင်းကို ကြားရတော့ ရယ်မိသွားသည်။
“မိန်းကလေးက ရယ်လို့ဘယ်ဖြစ်မလဲ။”
မြို့စားမင်း အယ်ရ်ဂီ ထောက်ပြလိုက်တော့မှ ရက်ရှ်တာက “အာ” ဟု ဆိုကာ မျက်နှာထားကို ပြန်ပြင်လိုက်သည်။
“ဟုတ်ပါရဲ့။ နှစ်တွဲလုံးက လူလိမ်တွေလား။”
“ဟင့်အင်း။ ဘလူးဘိုဟဲယန်းကနေ လာတဲ့ဘက်ကတော့ ကျုပ် ဝယ်ထားတဲ့ ဇနီးမောင်နှံပဲ။”
“အာ၊ အဲ့ဒီတုန်းက ပြောခဲ့တဲ့ ဟို...”
“ဟုတ်တယ်။”
ရက်ရှ်တာက “ကျေးဇူးတင်ပါတယ်” ဟု အော်ပြောလိုက်ပြီးမှ မျက်မှောင်ကြုတ်သွားသည်။
“ဒါဆိုရင် ဘယ်ရွန် လန့်ထ် ခေါ်လာတဲ့ဘက်က လူလိမ်ဖြစ်မှာပေါ့နော်။”
မြို့စားမင်း အယ်ရ်ဂီက ခပ်ပြုံးပြုံးဖြင့် ဖြေလာသည်။
“မိန်းကလေးရဲ့ချစ်သူ ဝယ်ထားတဲ့ အတုတွေနေမှာပေါ့။”
“ကျွန်မရဲ့ ချစ်သူ။ အာ...”
ရက်ရှ်တာက လက်နှစ်ဖက်ဖြင့် ပါးစပ်ကို အုပ်လိုက်မိသည်။
“အရှင်ဧကရာဇ်ကလား။”
မိမိကို ဧကရီအဖြစ် တင်မြှောက်ပေးမည်ဟု ပြောထားပြီး ဘာမှမလှုပ်ရှားဘူးဟု ထင်ထားခဲ့သည်ကို။
ကွယ်ရာမှာ ဒီလိုတွေ ပြင်ဆင်နေခဲ့တာပါလား။
ရက်ရှ်တာ အင်မတန် စိတ်လှုပ်ရှားဝမ်းသာသွားမိသည်။
ဤကိစ္စက ဆိုဗီရ်ရှုနှင့် မြို့စားမင်း အယ်ရ်ဂီတို့ တူညီသော လုပ်ရပ်ကို တစ်ပြိုင်နက်တည်း ကြံစည်မိရာမှ ဖြစ်ပေါ်လာသော အခြေအနေမှန်း သိလိုက်ရတော့၊ စောစောက ရယ်စရာကောင်းသည်ဟု ထင်ခဲ့မိသောအဖြစ်က ယခုအခါ စိတ်လှုပ်ရှားစရာ အမှတ်တရ ဖြစ်သွားတော့၏။
ရက်ရှ်တာ မျက်နှာလေး နီမြန်းကာ ပြုံးပျော်သွားမိသည်။
“နှစ်ယောက်လုံးက ချစ်ဖို့ကောင်းလိုက်တာ။ ရက်ရှ်တာ့အတွက် ဒီလောက်အထိပါ...”
မြို့စားမင်း အယ်ရ်ဂီက ကုလားထိုင်၏ လက်တန်းကိုမှီကာ ခပ်စောင်းစောင်း ထိုင်ရင်း အသာဖွဖွ ရယ်ခဲ့သည်။
ဘာကြောင့်မှန်းမသိ စိတ်ကြည်နေသည့်ပုံပင်။
ရက်ရှ်တာက ခေါင်းလေးငဲ့စောင်းကာ သူ့ကို ကြည့်နေရင်းမှ ရုတ်တရက် အလန့်တကြား မေးလိုက်၏။
“ဒါဆိုရင် အခု ဘယ်လိုဖြစ်မှာလဲဟင်။”
“မိဘက လေးယောက်ဖြစ်နေလို့မရတော့ တစ်ဖက်က အတုဖြစ်သွားမှာပေါ့။”
“ဘယ်ဘက်ကလဲဟင်။”
“မိန်းကလေးက ဘယ်ဘက်ကို အစစ်ဖြစ်စေချင်လဲ။”
“အဲ့ဒါက... လူတွေ ယုံကြည်နိုင်လောက်တဲ့ဘက်ကိုပါ။”
ရက်ရှ်တာ၏ အဖြေကို သဘောကျသွားပုံရသော မြို့စားမင်း အယ်ရ်ဂီက နှုတ်ခမ်းတစ်ဖက်ကိုပင့်ကာ ပြုံးလိုက်သည်။
“အဖြေမှန်ပဲ။”
“လူတွေက ဘယ်သူ့စကားကို ယုံကြမလဲဟင်။”
“မှူးမတ်တွေကတော့ အစကတည်းက ဘယ်ရွန် လန့်ထ် ခေါ်လာတဲ့ မိဘတွေကို အတုလို့ပဲ ထင်နေကြမှာပေါ့။ မိဘအတုလုပ်ပေးတဲ့ ဇနီးမောင်နှံ ဒါမှမဟုတ် ဟန်ပြလက်ထပ်တာတွေက အရိုက်အရာအဆင့်အတန်းကို ပြောင်းလဲဖို့အတွက် ခဏခဏ သုံးလေ့ရှိတဲ့ နည်းလမ်းတွေလေ။ ဒီတစ်ခေါက်လည်း အရှင်ဧကရာဇ်က ကြံစည်ထားတာပဲလို့ ထင်နေရင်းနဲ့ သိလျက်က၊ မသိသလိုလိုပဲ နေကြမှာပေါ့။”
“အာ...”
“ဒါပေမဲ့ နောက်ထပ် ဇနီးမောင်နှံတစ်တွဲ ထပ်ပေါ်လာတော့၊ အပြန်အလှန်အားဖြင့် ငါတို့ဘက်က ဇနီးမောင်နှံအပေါ် ယုံကြည်မှု ပိုမြင့်တက်သွားမှာပေါ့။ အရှင်ဧကရာဇ်က နှစ်တွဲတောင် ပြင်ဆင်ထားစရာအကြောင်းမရှိဘူးမဟုတ်လား။”
“ဒါဆိုရင် ရက်ရှ်တာက၊ မြို့စားမင်း အယ်ရ်ဂီ စီစဉ်ပေးတဲ့ မှူးမတ်အနွယ်တော်မိဘတွေက ရက်ရှ်တာရဲ့ မိဘတွေပါလို့ပြောရင် ရပြီလား။”
“တော်သားပဲ။”
မြို့စားမင်း အယ်ရ်ဂီက ချီးကျူးလိုက်တော့ ရက်ရှ်တာက “ဟဲဟဲ” ဟု ချစ်စဖွယ် ရယ်ခဲ့သည်။
မိဘအတုများ ရပြီဖြစ်၍ ယခုအခါ သူက မှူးမတ်အနွယ်တော်တစ်ယောက် ဖြစ်လာပေပြီ။
မြို့စားမင်း အယ်ရ်ဂီက ဧကရီဖြစ်လာရန် သာမန်အရပ်သားများ၏ ထောက်ခံမှုနှင့် ကောင်စီ၏ ယုံကြည်မှုကို ရယူရမည်ဟု ပြောခဲ့သော်လည်း၊ ထိုအရာက ဆိုဗီရ်ရှု မိမိကို ဧကရီအဖြစ် တင်မြှောက်ရန် ဆန္ဒမရှိသည့်အခါမျိုးတွင်သာ လိုအပ်ခြင်းဖြစ်၏။
ယခု ဆိုဗီရ်ရှုကိုယ်တိုင်က မိမိကို ဧကရီအဖြစ် တင်မြှောက်မည်ဟု ပြောထားပြီးဖြစ်ရာ တားဆီးနိုင်မည့်အရာ ဘာမှမရှိတော့ပေ။
အရာအားလုံး ပြည့်စုံသွားပြီ။
အရာအားလုံးက…
“အာ၊ မိန်းကလေး။ သတိထားရမဲ့အချက်တစ်ခု ရှိတယ်။”
“ကောင်စီဝင်တွေကို စည်းရုံးရမယ်ဆိုတာလားဟင်။”
“အဲ့ဒါကတော့ အချိန်ယူရဦးမဲ့ကိစ္စပဲ။ တခြားဟာ။”
“ဘာများလဲဟင်။”
“မိဘအတုတွေအကြောင်း။”
“....”
“မိဘအရင်းတွေလို ဆက်ဆံမှဖြစ်မယ်။”
“ရှင်။ အဲ့ဒီလူတွေက ဒီအတိုင်း ပိုက်ဆံယူပြီး နာမည်ပဲ ငှားပေးကြတာ မဟုတ်ဘူးလား။”
“အဲ့ဒီလိုဆိုရင် အတုမှန်း သိသာသွားမှာပေါ့။”
“...”
“မိန်းကလေးရဲ့ ပန်းတိုင်က ချစ်သူ မဟုတ်ဘဲ ဧကရီမဟုတ်လား။ မိဘအတုရှိတဲ့ ‘ချစ်သူ’ ဆိုရင်တော့ လူတွေက ဒီအတိုင်း လွှတ်ထားကြပေမဲ့၊ မိဘအတုရှိတဲ့ ‘ဧကရီ’ ဆိုတာတော့ မရှိဘူးလေ။”
“အာ...”
“အဲ့ဒီလူတွေက မိန်းကလေးကို ‘မတတ်သာတဲ့ အခြေအနေကြောင့် ပျောက်ဆုံးသွားခဲ့ရတဲ့ သမီးလေး’ လို ဆက်ဆံကြလိမ့်မယ်။ ဒါကြောင့် မိန်းကလေးကလည်း ဆန်းဆန်းကြယ်ကြယ် ပြန်ဆုံရတဲ့ မိဘတွေလိုမျိုး သူတို့ကို ဂရုစိုက်ပေး။ အဲ့ဒီလိုလုပ်မှဖြစ်မှာ။”
~~~~
ရက်ရှ်တာ မြို့စားမင်း အယ်ရ်ဂီထံမှ ညီလာခံသတင်းကို ကြားသိပြီး ဝမ်းသာနေသည့် ထိုအချိန်တွင်။
ဆိုဗီရ်ရှုကမူ ဤကိစ္စနှင့် ပတ်သက်၍ အလေးအနက် စဉ်းစားနေခဲ့သည်။
မြို့စားမင်း အယ်ရ်ဂီ ထောက်ပြခဲ့သော အချက်ကို ဆိုဗီရ်ရှုလည်း သိထားပြီးဖြစ်၏။
လူတို့က ဘယ်ရွန် လန့်ထ် ခေါ်လာသော မှူးမတ်အနွယ်တော်ဇနီးမောင်နှံကို အတုဟု ထင်ကြပေလိမ့်မည်။
သို့သော် ထူးဆန်းစွာပင်၊ ထိုအချက်ကြောင့် ဘလူးဘိုဟဲယန်းမှလာသော မှူးမတ်အနွယ်တော်ဇနီးမောင်နှံက အစစ်အမှန် ဖြစ်နိုင်သည်ဟု လူတို့က တွေးတောမိကြမည်သာ။
လူလိမ်က ဧကရာဇ်၏ ချစ်သူကို လိမ်လည်လှည့်ဖြားရန် ကြိုးစားခြင်းထက်၊ မိဘများနှင့် ဆန်းကြယ်စွာ ပြန်လည်ဆုံတွေ့ရသည့် သနားစရာကောင်းသော မှူးမတ်အနွယ်တော်အမျိုးသမီးလေး၏ ဇာတ်လမ်းက ပို၍ စိတ်ဝင်စားစရာ ကောင်းနေသောကြောင့်ပင်။
ရှေ့နောက် အကြောင်းအရာများသာ ညီညွတ်သွားမည်ဆိုလျှင် အားလုံးက ဤဇာတ်လမ်းကို ဝိုင်းဝန်းအားပေးကြပေလိမ့်မည်။
ပြဿနာကား... ဤကိစ္စကြောင့် ဆိုဗီရ်ရှုကိုယ်တိုင်ကမူ လူရယ်စရာဖြစ်သွားရခြင်းပင်။
ဆိုဗီရ်ရှု ခေါင်းမူးလာသဖြင့် မျက်စိကို မှိတ်ထားလိုက်မိသည်။
‘ရယ်စရာကောင်းတဲ့ လုပ်ရပ်’ ဟု မိမိကိုယ်တိုင် ယူဆခဲ့သော ခမည်းတော်၏ ခြေရာကို ကိုယ်တိုင်က ပို၍ဆိုးဝါးသော နည်းလမ်းဖြင့် လိုက်နင်းမိခဲ့ပေပြီ။
နာဗီရယ်က ဘေးနားမှနေ၍ လှောင်ပြောင်နေမည်သာ။
“အရှင်ဧကရာဇ်...”
ဘယ်ရွန် လန့်ထ်က ဘေးမှနေ၍ စိုးတထိတ်ထိတ်ဖြင့် ဂယောက်ဂယက် ဖြစ်နေသည်။
မိဘအတုများကို ကိုယ်တိုင်ရှာဖွေလာခဲ့သူဖြစ်သဖြင့် အပြစ်ရှိသလို ခံစားနေရခြင်းပင်။
တကယ်တမ်းတွင် ဤကိစ္စက သူ၏ အပြစ်ဟုလည်း ပြော၍မရပေ။
မှူးမတ်များက ညီလာခံတွင် တင်ပြမည့် အကြောင်းအရာများကို ကြိုတင် တင်သွင်းထားရမည်ဖြစ်သော်လည်း၊ သံအမတ် ရင်ဂါက ရက်ရှ်တာ၏ မိဘကိစ္စကို ကြိုတင် တင်ပြထားခြင်းမရှိခဲ့သောကြောင့်ပင်။
ဘယ်ရွန် လန့်ထ် ကိုယ်တိုင်လည်း ကြိုတင်တင်ပြခဲ့ခြင်းမရှိခဲ့သည့်တိုင် ယင်းက စိတ်လှုပ်ရှားမှုကို ပို၍နှိုးဆွရန်သာဖြစ်သည်။
အရေးတကြီး ယူဆောင်လာရသည့်ကိစ္စဖြစ်ကြောင်း သိစေရန်အတွက်။
ဘယ်ရွန် လန့်ထ်တစ်ယောက် နောင်တရမိတော့၏။
‘ကြိုတင် တင်ပြလိုက်ရမှာ...’
သို့ဆိုလျှင် သံအမတ် ရင်ဂါက သံသယဖြစ်ပြီး သူ့ကို အရင်လာမေးကောင်း မေးနိုင်ခဲ့ပေလိမ့်မည်။
ထိုအတိုင်းသာဆိုလျှင် အရှင်ဧကရာဇ်လည်း ယခုကဲ့သို့ လူရယ်စရာဖြစ်ရမည် မဟုတ်ပေ။
“ဘာမှမဖြစ်ဘူး။”
ဆိုဗီရ်ရှုက လုံးဝ အဆင်မပြေသော်လည်း၊ သစ္စာရှိ အမှုထမ်းအတွက် အတင်းဖျစ်ညှစ်ကာ လိမ်ညာပြောလိုက်သည်။
သို့သော် သူ၏အသံထဲတွင် မပြေလည်သည့် အရိပ်အယောင်များ ပါဝင်နေသဖြင့် ဘယ်ရွန် လန့်ထ်တစ်ယောက် ပို၍ပင် စိတ်မကောင်းဖြစ်သွားရ၏။
သူက အချိန်အတော်ကြာအောင် ထိုအတိုင်း ရှိနေခဲ့သည်။
အတော်ကြာ မျက်စိမှိတ်ကာ တိတ်ဆိတ်နေသော ဆိုဗီရ်ရှုက မျက်ခွံများကို ဖြည်းညှင်းစွာ ဖွင့်လာ၏။
စောစောကနှင့် မတူဘဲ သူ၏ မျက်ဝန်းထဲတွင် ဝေခွဲမရသည့် အရိပ်အယောင်များ မရှိတော့ပေ။
တစ်စုံတစ်ရာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်သည့်ပုံပင်။
ဘယ်ရွန် လန့်ထ်နှင့် မားကီးစ် ကားလ်တို့ တစ်ဦးကိုတစ်ဦး ကြည့်ကာ မျက်ရိပ်မျက်ကဲ ပြလိုက်ကြသည်။
သို့သော် သူတို့နှစ်ဦး မည်သို့ပင် ကြိုးစားကြည့်ပါစေ ဆိုဗီရ်ရှု ဘာတွေးနေမှန်းကိုမူ မသိနိုင်ခဲ့ကြပေ။
“ဘယ်ရွန် လန့်ထ်။”
“ဟုတ်ကဲ့၊ အရှင်ဧကရာဇ်။”
“မောင်မင်း ခေါ်လာတဲ့ ဇနီးမောင်နှံကို ဘယ်မှာ ဖမ်းထားလဲ။”
“သူတို့က တကယ့်အပြစ်သားတွေ မဟုတ်သေးတဲ့အတွက်၊ အနောက်ဘက်မျှော်စင်ရဲ့ ပထမထပ်မှာ ရှိနေပါတယ်။ ဇနီးမောင်နှံ နှစ်တွဲစလုံးပါ။”
‘အနောက်ဘက်မျှော်စင်’ ဆိုသည်မှာ အမည်နှင့်မလိုက်စွာ အနောက်ဘက်တွင် ရှိနေသည့်မျှော်စင် မဟုတ်ပေ။
နဂိုက အနောက်ဘက်တွင် ရှိခဲ့ခြင်းမှာ မှန်သော်လည်း နန်းဆောင်အသစ်များ ထပ်မံတိုးချဲ့လိုက်သောအခါ အနောက်ဘက် မဟုတ်တော့။
အသုံးပြုပုံကလည်း ပြောင်းလဲသွားကာ ယခုအခါ နိုင်ငံရေးအရ အရေးနိမ့်သွားသော တော်ဝင်မိသားစုဝင်များ သို့မဟုတ် အပြစ်ရှိသော တော်ဝင်မိသားစုဝင်များကို ထိန်းသိမ်းထားရာတွင် အများဆုံး အသုံးပြုလျက်ရှိသည်။
မျှော်စင်အတွင်း အကျဉ်းသား မရှိသည့်အခါမျိုးတွင် ပထမထပ်ရှိ အစောင့်ခန်းကို ယခုကဲ့သို့ ‘အပြစ်ရှိကြောင်း မသေချာသေးသော်လည်း စစ်ဆေးမေးမြန်းရန် လိုအပ်သည့်’ မှူးမတ်များကို ယာယီ ဖမ်းဆီးထားရန် အသုံးပြုလေ့ရှိ၏။
“သွားကြစို့။”
ဆိုဗီရ်ရှု ထရပ်လိုက်သည်။
ဘယ်ရွန် လန့်ထ်နှင့် မားကီးစ် ကားလ်တို့လည်း ချက်ချင်းပင် အနောက်မှ လိုက်ပါသွားကြ၏။
သို့သော် အနောက်ဘက်မျှော်စင်သို့ရောက်တော့ ဆိုဗီရ်ရှုက ဘယ်ရွန် လန့်ထ်နှင့် မားကီးစ် ကားလ်တို့ကို အပြင်တွင် ထားရစ်ခဲ့ကာ တစ်ဦးတည်းသာ ပထမထပ်သို့ ဝင်သွားခဲ့သည်။
ဘယ်ရွန် လန့်ထ် ခေါ်ဆောင်လာခဲ့သော ‘မိဘအတုများ’ က အစွန်ဆုံးအခန်းတွင် ရှိနေကာ၊ ဆိုဗီရ်ရှု တံခါးရှိ ပြတင်းပေါက်ကို ဖွင့်လိုက်တော့ သူတို့က ဒူးထောက်ပြီး ခွင့်လွှတ်ရန် တောင်းပန်ကြတော့၏။
“တောင်းပန်ပါတယ်၊ အရှင်ဧကရာဇ်။ ကျွန်တော်တို့လည်း အလှည့်စားခံရတာပါ။”
“ဘယ်ရွန် လန့်ထ်က လေဒီ ရက်ရှ်တာရဲ့ မိဘအတုအဖြစ် ဟန်ဆောင်တာကို အရှင်ဧကရာဇ်ရဲ့ အလိုတော်ဆိုပြီး ပြောခဲ့တာပါ။”
“ကျွန်တော်တို့ တကယ်ပဲ လိမ်လည်ဖို့ ရည်ရွယ်ခဲ့တာမဟုတ်ပါဘူး။”
ဆိုဗီရ်ရှုက ငိုယိုနေသော ထိုမှူးမတ်အနွယ်တော်နှစ်ဦးကို အသာကြည့်နေလိုက်သည်။
မှူးမတ်အနွယ်တော်များဟုသာ ပြောရသော်လည်း အလွန်ပင် ပိန်ချုံးနေ၏။
ပါးနှစ်ဖက်က ချောင်ကျနေကာ မျက်နှာအသားအရေကလည်း မကောင်းလှပေ။
ဤအခြေအနေသို့ ရောက်နေသဖြင့် မှူးမတ်အနွယ်တော်တို့ အသက်ထက် အရေးကြီးသည်ဟု ယူဆသော မိသားစုအရိုက်အရာကို ရောင်းစားရန် ကြိုးစားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ယခုအခါ အချုပ်ထဲသို့ပင် ရောက်နေပြီဖြစ်ရာ သူတို့က အလွန်ပင် စိတ်အားထက်သန်စွာ တောင်းပန်နေကြ၏။
ဆိုဗီရ်ရှုလည်း ထိုသူများက မိမိ၏ စကားကို ကျိန်းသေပေါက် လိုက်နာလိမ့်မည်ဟု ဆုံးဖြတ်ကာ ပါးစပ်ဟလိုက်သည်။
“မောင်မင်းတို့ကို လိမ်ခိုင်းတဲ့သူရဲ့ နာမည်က...”
“ဘယ်ရွန် လန့်ထ်ပါ။ ဘယ်ရွန် လန့်ထ်။”
“ခိုရှာရ် ရီလ်ဒါ ထရိုဗီ မဟုတ်ဘူးလား။”
“ခင်ဗျာ။”
မှူးမတ်အနွယ်တော်ဇနီးမောင်နှံလည်း ဧကရာဇ်ထံမှ ရုတ်တရက် ထွက်ပေါ်လာသော စကားကြောင့် မျက်လုံးပြူးသွားကြသည်။
သူတို့က မှူးမတ်အနွယ်တော်နှင့်မတူသည့် မှူးမတ်အနွယ်တော်များ ဖြစ်ကြသော်လည်း အခြေခံအကျဆုံး လူမှုရေး သတင်းအချက်အလက်များကိုမူ သိကြ၏။
ခိုရှာရ် ရီလ်ဒါ ထရိုဗီဆိုသည်မှာ ဧကရီ၏အစ်ကို မဟုတ်ပါလား။
နာမည်ကျော် ထရိုဗီ အိမ်တော်၏ ဆက်ခံသူပင်။
“မဟုတ်ပါဘူး။ ဘာကိုဆိုလိုမှန်း...”
“သေချာပြန်စဉ်းစားကြည့်ဦး။”
“မဟုတ်ပါဘူး။ အဲ့ဒီလူက ဘယ်ရွန် လန့်ထ်ဆိုတာ သေချာပါတယ်။”
ဆိုဗီရ်ရှုက တံခါးရှိ ပြတင်းပေါက်သံတိုင်များကို လက်ချောင်းဖြင့် တတောက်တောက် ခေါက်ရင်း အေးစက်စွာ အမိန့်ပေးခဲ့သည်။
“နောက်တစ်ခေါက် ပြန်စဉ်းစားကြည့်။”
ထိုမှူးမတ်အနွယ်တော်ဇနီးမောင်နှံလည်း ထိုအခါမှသာ ဧကရာဇ်၏ ရည်ရွယ်ချက်ကို နားလည်ကာ ထိတ်လန့်သွားကြတော့သည်။
ယခု ဧကရာဇ်က ဧကရီ၏ အစ်ကိုအပေါ် အပြစ်ပုံချရန် ကြိုးစားနေခြင်းပင်။
သူတို့ ဇနီးမောင်နှံလည်း ကြောက်လန့်တကြား အချင်းချင်း ကြည့်လိုက်ကြသည်။
သူတို့က သာမန်လူများသာ။
ပုံမှန်ဆိုလျှင် စိတ်ရင်းကောင်းသူများ ဖြစ်ကြသော်လည်း၊ အသက်အန္တရာယ်နှင့် ကြုံလာရတော့ မိမိတို့၏ အသက်ကိုသာ ဦးစားပေးမိတော့၏။
သူတို့ လိမ်လည်ပြောဆိုလိုက်လျှင် ဧကရီ၏ အစ်ကို၊ ဧကရီနှင့် ထိုအိမ်တော်တို့ အခက်တွေ့မည်မှန်း သိသော်လည်း၊ မလိမ်ညာပါက ဧကရာဇ်ကို လှည့်စားရန် ကြိုးစားသည့် အပြစ်ဖြင့် သေဒဏ် သို့မဟုတ် ထောင်ဒဏ် ကျခံရပေလိမ့်မည်။
ဧကရီကို သဘောကျသူများ ဖြစ်ကြသော်လည်း၊ ထိုအရာထက် မိမိတို့၏ အသက်က ပို၍အရေးကြီး၏။
လတ်တလောတွင် မိမိတို့၏ အသက်က အန္တရာယ်ရှိနေရာ သူတစ်ပါးကို ငဲ့ကွက်နေရန် အချိန်မရှိပေ။
ဧကရီက မည်မျှပင် ဧကရီကောင်းဖြစ်ပါစေ၊ ယင်းက မိမိတို့ အသက်ရှင်နေချိန်မှသာ ဧကရီကောင်း ဖြစ်နိုင်မည်မဟုတ်ပါလား။
“မှန်ပါတယ်။ ဟုတ်ပါတယ်။”
“ပြန်စဉ်းစားကြည့်တော့ အဲ့ဒီနာမည်ပါပဲ။”
“မျက်နှာကရော။”
“အဲ့ဒါက...”
“ချောတယ်။ ဧကရီနဲ့ ဆင်တယ်။”
“ဟုတ်ပါတယ်၊ မှန်ပါတယ်။ အဲ့ဒီအတိုင်းပါပဲ။”
“မျက်လုံးအရောင်က။”
“အပြာရောင်…”
“အစိမ်းရောင်။ ဆံပင်အရောင်ကရော။”
“ရွှေရောင်ပါ။”
“ဟုတ်တယ်။ ရွှေရောင်ရင့်ရင့်။”
ထိုဇနီးမောင်နှံခမျာ အတုန်တုန်အယင်ယင်ဖြင့် လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားမိကြသည်။
ဘယ်လိုများ ဤသို့သောကိစ္စများထဲ ပါဝင်ပတ်သက်မိသွားရသနည်း။
ဘဝပျက်သွားသော မှူးမတ်အနွယ်တော်များ ရံဖန်ရံခါ လုပ်လေ့လုပ်ထရှိသည့် လုပ်ရပ်မျိုးကို သူတို့လည်း လုပ်ကြည့်ရန် ကြိုးစားခဲ့ရုံသာ။
နာမည်လေးသာ ငှားပေးကာ ပိုက်ဆံယူ၊ ငြိမ်ငြိမ်လေး နေရုံပဲဟု ထင်ခဲ့သည်ကို။
လိမ်ညာနေရင်းကပင် အလွန် စိတ်ဒုက္ခရောက်ကာ နိမ့်ကျသလို ခံစားနေရ၏။
သို့သော် ထိုအရာထက်ပို၍ ကြောက်လန့်နေမိကြသည်။
“လူတွေရှေ့မှာလည်း အဲ့ဒီအတိုင်းပဲ သက်သေထွက်ဆို။”
“အသက်…. ချမ်းသာပေးမှာပါလား။”
“‘ခိုရှာရ်’ က လိမ်ညာပေးခအနေနဲ့ မောင်မင်းတို့ကို ဘာပေးမယ်လို့ ပြောထားလဲ။”
“ငွေပေးမယ်လို့ ပြောခဲ့ပါတယ်။”
“ငါးဆပိုပေးမယ်။”
“....”
“‘ခိုရှာရ်’ က မောင်မင်းတို့ကို လိမ်ညာဖို့ တောင်းဆိုပြီး ခြိမ်းခြောက်ခဲ့တယ်။ ရက်ရှ်တာရဲ့ မိဘအဖြစ် အောင်အောင်မြင်မြင် ဟန်ဆောင်နိုင်ခဲ့ရင် နောက်ပိုင်းမှာ အမိန့်ပေးမယ်လို့ ပြောခဲ့တယ်။ သူက ပြည်နှင်ဒဏ် အပေးခံထားရတဲ့အတွက်၊ အဲ့ဒီအမိန့်က ဘာမှန်းတော့ ချက်ချင်း မသိရသေးဘူး။ ဟုတ်တယ်မဟုတ်လား။”
“ဟုတ်ပါတယ်၊ အဲ့ဒီအတိုင်းပါပဲ။ မှန်ပါတယ်။”
အသနားခံနေသော ‘မိဘအတုများ’ ကို ထားရစ်ခဲ့ပြီး ထွက်လာသော ဆိုဗီရ်ရှုက မိမိ၏ အခန်းသို့ ရောက်သည်နှင့် ချက်ချင်းပင် မားကီးစ် ကားလ်အား အမိန့်ပေးလိုက်သည်။
“ကွာရှင်းပြတ်စဲခြင်း လျှောက်ထားလွှာ ယူလာခဲ့။”
ဤကိစ္စကို မည်သို့ ဖြေရှင်းမည်နည်းဟု သိချင်နေသော မားကီးစ် ကားလ်လည်း လန့်ဖျပ်သွားရ၏။
ဧကရာဇ်က ဧကရီနှင့် ကွာရှင်းမည့်အကြောင်း ပြောခဲ့ဖူးသော်လည်း၊ ယခုကဲ့သို့ ရုတ်တရက်ကြီး လုပ်ဆောင်လိမ့်မည်ဟု ထင်မထားခဲ့သဖြင့် ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားရတော့သည်။
~~~~
Miel’s Translations
Morning Star website နဲ့ telegram paid group မှာ အပိုင်း ၁၈၅ အထိ ဖတ်လို့ရပါပြီ။
Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။