no

Font
Theme

အပိုင်း ၉၀ (သူ့လို ဖြစ်ချင်တယ်)

“အဲ့ဒီလိုလား။”

ဟိုင်န်ရီက တကူးတက ရှင်းပြပြီး အထင်လွဲမှုကို မဖြေရှင်းခဲ့ပေ။

မက်ကန်နာလည်း မျက်လုံးအပြူးသား ဖြစ်သွားတော့၏။

ဝိုင်းစက်သွားသော မျက်လုံးများက ဟိုင်န်ရီ၏ ဘေးတိုက်မျက်နှာအလှကို အကဲခတ်လျက်။

‘အရှင်မင်းကြီးက ဘာလို့ အဲ့ဒီလိုလုပ်တာပါလိမ့်။’

သူ နားမလည်နိုင်ခဲ့။

ရီထယ်ယန် မင်းသားကြီးကမူ ဟိုင်န်ရီ အမှန်တကယ် တမ်းတမ်းစွဲနေသူက မည်သူမှန်း မသိဘဲ၊ သူ ကောင်းကောင်း မြှောက်ပင့်နိုင်ခဲ့ပြီဟုထင်ကာ ကျေနပ်အားရစွာ တဟားဟား ရယ်နေခဲ့သည်။

ဟိုင်န်ရီက မင်းသားကြီးနှင့် လမ်းခွဲသည့်တိုင်အောင် ထိုအထင်လွဲမှုကို မဖြေရှင်းခဲ့ပေ။

“သဘောကျတဲ့သူက ဘယ်သူမှန်း မပြောပြရင်တောင် ဘာလို့ အထင်လွဲနေတာကို မရှင်းပြခဲ့တာလဲဗျ။”

နောက်ဆုံး နှစ်ယောက်တည်းရှိချိန်၌ မက်ကန်နာက ဟိုင်န်ရီကို တဲ့တိုးပင် မေးလိုက်တော့သည်။

သိလိုစိတ်က မေးစေ့အထိ တက်လာနေသဖြင့် အောင့်မထားနိုင်တော့ခြင်းပင်။

ဟိုင်န်ရီက လည်ပင်းအထိ တင်းကျပ်စွာ တပ်ထားသော အင်္ကျီကြယ်သီးကို လက်တစ်ဖက်ဖြင့်ဖြုတ်ရင်း ခနဲ့တဲ့တဲ့ ပြုံးခဲ့သည်။

“ဘယ်သူ့အတွက် ကောင်းဖို့လဲ။”

“လောလောဆယ်…… ကျွန်တော့်အတွက် ကောင်းသွားမှာပေါ့။ သိချင်စိတ် ပြေသွားမှာလေ။”

“အဲ့ဒါအပြင်ရော။”

“အမ်…… အဝေးကြီးကို တွေးကြည့်မယ်ဆိုရင်တော့ ရီထယ်ယန် မင်းသားကြီးအတွက်လည်း ကောင်းနိုင်ပါတယ်။ အရှင်မင်းကြီးအရှေ့မှာ အဓိပ္ပာယ်မရှိတဲ့စကားတွေ နည်းနည်းဖြစ်ဖြစ် လျှော့ပြောမိမှာပေါ့။”

‘အခုတော့ ပြောချင်သလောက် ပြောသွားတာပဲ’ ဟု မက်ကန်နာက တိုးတိုးလေး ထပ်ဖြည့်ပြောခဲ့သည်။

ဟိုင်န်ရီက ကြယ်သီးများကို အကုန်ဖြုတ်ပြီးနောက် အပေါ်အင်္ကျီကိုချွတ်ကာ ဘေးသို့ ပစ်တင်လိုက်၏။

မက်ကန်နာက အင်္ကျီကိုယူပြီး သေသေချာချာခေါက်ရင်း ဟိုင်န်ရီ၏ အဖြေကို စောင့်နေခဲ့သည်။

ဟိုင်န်ရီက မင်းသားတစ်ပါးဖြစ်ခဲ့ပြီး မက်ကန်နာကလည်း ချစ်သူမှ မွေးဖွာလားသူဖြစ်သည့်တိုင် တော်ဝင်သွေးနှောသူပင်။

သို့သော် သူတို့နှစ်ဦးက နန်းတော်ပြင်ပတွင် လှည့်လည်သွားလာဖူးသူများ ဖြစ်သဖြင့် ကိုယ်တိုင်ကိုယ်ကျ ဝေယျာဝစ္စလုပ်ရခြင်းနှင့် အသားကျနေပေပြီ။

“မင်းရဲ့ အကြံပြုချက်ကို သေချာစဉ်းစားကြည့်ထားလို့လေ။”

“ဗျာ။”

“ဘာလို့ အထင်လွဲတာကို မဖြေရှင်းခဲ့လဲဆိုတော့ မင်းရဲ့ အကြံပြုချက်အတိုင်း လုပ်ခဲ့တာမို့လို့။”

“……ကျွန်တော်က အဲ့ဒီလို အကြံပေးခဲ့လို့လား။”

“စစ်ခင်းပြီးခေါ်လာတဲ့ မိဖုရားကို ကြိုဆိုမဲ့ပြည်သူ မရှိဘူးလို့ မင်းပဲ ပြောခဲ့တယ်မဟုတ်လား။”

“ဟုတ်ပါ….တယ်။ အဲ့ဒီလိုတော့ ပြောခဲ့ဖူးတာပေါ့။”

မက်ကန်နာတစ်ယောက် ကြောင်အမ်းအမ်းဖြင့် ဟိုင်န်ရီကို ကြည့်လိုက်မိသည်။

ထိုစကားက ရီထယ်ယန် မင်းသားကြီး၏ အထင်လွဲမှုကို မဖြေရှင်းခဲ့ခြင်းနှင့် ဘာဆိုင်သနည်း။

ဟိုင်န်ရီက ဘောင်းဘီတစ်ထည်တည်းနှင့် ခုတင်ပေါ်တွင်ထိုင်ကာ ရယ်လိုက်သည်။

“ငါတို့တွေ စစ်ခင်းကြတော့မှာ မဟုတ်လား။”

“ဟုတ်တာပေါ့။”

“ကွီးန်ကြောင့် စစ်ခင်းဖို့ ဆုံးဖြတ်ခဲ့တာမဟုတ်ဘူး။ အနည်းဆုံးတော့ စစ်ပွဲရဲ့အကြောင်းပြချက် လုံးဝမဟုတ်ဘူးလေ။”

“စစ်ပွဲရဲ့ အကြောင်းရင်းတော့ လုံးဝ မဟုတ်ဘူးပေါ့။”

မက်ကန်နာ ခေါင်းညိတ်လိုက်သည်။

တကယ်က ပြောင်းပြန်ပင်။

မက်ကန်နာတစ်ယောက် အရှေ့အင်ပါယာတွင်ရှိစဉ်က ဟိုင်န်ရီ ဧကရီ နာဗီရယ်ကို ချစ်မိသွားသဖြင့် စစ်ခင်းရန် လက်လျှော့လိုက်လေမလားဟုပင် ထင်ခဲ့မိသည်။

နေ့တိုင်း မြေပုံများနှင့် စစ်ဗျူဟာစာအုပ်များကိုသာ ဖြန့်ခင်းပြီး အားထုတ်နေခဲ့သူက လပေါင်းများစွာ စာတစ်စောင် ကိုက်ချီကာ တောင်ပံပြုတ်ထွက်မတတ် ပျံသန်းနေသည်ကို မြင်ရသူတိုင်း ထိုသို့ထင်မိကြမည်သာ။

အထင်မှားခဲ့ခြင်းဖြစ်သော်လည်း။

“ဒါပေမဲ့ ငါက ကွီးန်ကို ချစ်နေတယ်ဆိုတဲ့သတင်း ပြန့်သွားရင် လူတွေက ကျိန်းသေမလွဲ ကွီးန်ကို စစ်ပွဲနဲ့ ဆက်စပ်ပြီး တွေးကြလိမ့်မယ်။ ကွီးန်ကို စစ်ပွဲရဲ့တရားခံလို့ သတ်မှတ်ပြီး နာကြည်းကြမှာ။”

“အင်း။ အဲ့ဒီလိုပဲ ဖြစ်နိုင်တာပေါ့။”

“အဲ့ဒီလိုနည်းနဲ့ ကွီးန်ကို ပတ်သက်တာမျိုး မဖြစ်စေချင်ဘူး။ မင်းစကား မှန်တယ်။ စစ်ပွဲရဲ့ အကြောင်းရင်းဆိုပြီး အပြောခံရမဲ့ အခန်းကဏ္ဍကိုတော့ တခြားတစ်ယောက်ကိုပဲ လွှဲပေးရမှာပေါ့။”

မက်ကန်နာ မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်မိသည်။

“ကျွန်တော် ပြောခဲ့တာတော့ မှန်ပေမဲ့…… အဓိပ္ပာယ်က နည်းနည်း လွဲသွားသလိုပဲနော်။”

“မင်း တော်တယ်၊ မက်ကန်နာ။”

“အဓိပ္ပာယ်ဖွင့်ဆိုချက်က အရမ်း ဘောင်လွတ်နေပါတယ်၊ အရှင်မင်းကြီး။”

“မက်ကန်နာ။”

“……ဟုတ်ကဲ့။”

“ငါက အဲ့ဒီမိန်းမကို ဒိုင်းအဖြစ်အသုံးချပြီး ကွီးန်ကို အတင်းအဖျင်းတွေထဲ မပါအောင် ကာကွယ်မှာ။”

မက်ကန်နာလည်း မှင်တက်လွန်း၍ ဘာမှမပြောနိုင်အောင် ဖြစ်သွားတော့သည်။

အဘယ်ကြောင့် ထိုသို့လုပ်မှန်း နားလည်သော်လည်း အနည်းငယ်တော့ စိုးရိမ်မိ၏။

ဟိုင်န်ရီ အရှေ့အင်ပါယာနှင့် စစ်ခင်းရန် ပြင်ဆင်နေသည်မှာ ကြာခဲ့ပေပြီ။

ထိုလုပ်ငန်းစဉ်အတွင်း သူက ကွီးန်- ဧကရီ နာဗီရယ်နှင့် တွေ့ဆုံကာ ချစ်မိသွားခဲ့သည်။

တကယ့်စိတ်ရင်းနှင့်။

အလွန် ပြင်းပြစွာဖြင့်။

သို့သော် ဟိုင်န်ရီ နောက်ထပ် ဘာကို စီစဉ်နေမှန်း မက်ကန်နာ မသိနိုင်ခဲ့ပေ။

သူက ယခုတိုင် စစ်ပွဲအတွက် ပြင်ဆင်နေဆဲပင်။

သို့သော်လည်း ဧကရီကို အတင်းအကျပ် ဘေးနားခေါ်ထားမည့်ပုံလည်း မပေါ်ချေ။

စစ်တိုက်ဖက်၊ ယင်းကလည်း သူငယ်ချင်းဟု သတ်မှတ်ထားခဲ့သည့် စစ်တိုက်ဖက်ကို သွေးကြီးသော ထိုဧကရီက လက်ခံနိုင်ပါ့မည်လား။

“မက်ကန်နာ။ အရှေ့အင်ပါယာကို ဖြိုလှဲပြီးရင် ကွီးန်ကို စော်ကားခဲ့တဲ့ အဲ့ဒီလူရဲ့ ပါးစပ်ထဲကို ကျောက်ခဲတွေ အပြည့်ထိုးသိပ်ပစ်မယ်။”

“ကျောက်ခဲ……”

“ကျောက်ခဲတွေ ထည့်ပြီးမှ ပါးစပ်ကို ပြန်ချုပ်၊ ပြီးရင် ကွီးန်ရဲ့ရှေ့မှာ ဒူးထောက် တောင်းပန်ခိုင်းရမှာပေါ့။”

ပျော်စရာကောင်းသောအရာကို စိတ်ကူးယဉ်နေသည့်အလား ပြုံးနေသည့် ဟိုင်န်ရီကိုကြည့်ရင်း မက်ကန်နာ စုတ်သပ်လိုက်မိသည်။

“အဲ့ဒါကလည်း အဆင်ပြေပေမဲ့၊ အရှင်မင်းကြီး။ အဲ့ဒါထက်……ကိုယ့်တိုင်းပြည်ကို စစ်ခင်းခဲ့တဲ့ တိုင်းပြည်ရဲ့ဘုရင်ကို ဧကရီ နာဗီရယ်က လက်ခံနိုင်ပါ့မလားဆိုတာ အရင်စိုးရိမ်သင့်တယ် မဟုတ်ဘူးလား။”

“ဟုတ်လား။”

“ဟုတ်ကဲ့။ အချစ်တွေ ဘာတွေ အသာထား အရင်ဆုံး သူငယ်ချင်းအဆင့်မှာတင် အကုန်ပြတ်တောက်သွားလိမ့်မယ် ထင်ပါတယ်……”

“……”

“'အိမ်နီးချင်းတိုင်းပြည်ရဲ့ တော်ဝင်မင်းသား' အနေနဲ့တောင်မှ နှလုံးသားကို မရယူနိုင်ခဲ့တာ။ 'ရန်သူ့တိုင်းပြည်ရဲ့ ဘုရင်' အနေနဲ့ နှလုံးသားကို ဘယ်လိုများ ရယူဖို့ စဉ်းစားနေတာလဲဗျ။”

“ငှက်တွေက ပိုးပန်းတဲ့အခါ ကကြတယ်မဟုတ်လား၊ မက်ကန်နာ။ ငါတို့က ငှက်တွေလေ။”

“ပိုးပန်းတဲ့ အကကို ကပြမလို့လားဗျ……”

“မအောင်မြင်နိုင်လောက်ဘူးလား။”

နောက်နေသလား၊ အတည်ပြောနေသလား မသဲကွဲသော မျက်နှာထားဖြင့် ဟိုင်န်ရီက အလေးအနက် မေးလာသည်။

မက်ကန်နာလည်း ဘေးသို့ အကြည့်လွှဲကာ မေးရိုးကို တင်းထားရင်း လိမ်ပြောလိုက်၏။

“အောင်မြင်မှာပါ။ ကောင်းကောင်း ကပြကြည့်လိုက်ပါ။”

~~~~

တဖြည်းဖြည်းနှင့် နွေဦးအငွေ့အသက်များ စတင်အသက်ဝင်လာချေပြီ။

လေထုက နှာဖျားတွင် အေးမြနေဆဲဖြစ်သော်လည်း စိမ့်နေအောင် မအေးတော့ပေ။

ကျွန်မ ပြတင်းပေါက်ကိုဖွင့်ကာ ခါ့ဖ်မန်း မင်းသားကြီး ပေးသွားသော လွီပ်(ထ်)၏ စာအုပ်ကို ဖတ်နေမိသည်။

ခါ့ဖ်မန်း မင်းသားကြီး ပေးခဲ့သော စာအုပ်များကို ယခုအခါ အကုန်နီးပါး ဖတ်ပြီးသွားပြီဖြစ်ကာ ဤစာအုပ်က ကျန်ရှိနေသော သုံးအုပ်အနက်မှ တစ်အုပ်ပင်။

ယခုတိုင် ကျွန်မက လွီပ်(ထ်)နှင့် ကုန်သွယ်ရေး မဖြစ်မြောက်ခဲ့သည့်အတွက် နှမြောနေမိ၏။

အကယ်၍ အဆင်ပြေခဲ့မည်ဆိုလျှင် တိုက်ကြီးနှစ်ခုအကြား ကုန်သွယ်ရေး အချက်အချာနေရာအဖြစ် အကျိုးအမြတ် အများကြီး ရနိုင်မည်ကို……

ကျိန်းသေပေါက် ထိုအချက်က ကုန်သွယ်ရေးအောင်မြင်မှသာ ဖြစ်နိုင်မည့်အရာဆိုသော်လည်း။

‘မကြာခင် နန်းတက်ပွဲ တက်ရောက်ခဲ့တဲ့ သံတမန်အဖွဲ့တွေလည်း ပြန်ရောက်လာတော့မှာပဲ။’

ရီထယ်ယန် မင်းသားကြီး၏ ပါးစပ်မှတစ်ဆင့်ဖြစ်သည့်တိုင် ဟိုင်န်ရီ ဘေးကင်းစွာ ရာဇပလ္လင်ပေါ် တက်နိုင်ခဲ့ပြီဟူသည့် သတင်းကိုတော့ ကြားလိုမိသည်။

သစ်ကိုင်းပေါ်တွင် အဖျားလေးသာ ထွက်ပြူနေသော အစိမ်းရောင် အဖူးလေးကို ငေးကြည့်နေရင်း ကျွန်မ လက်လှမ်းကာ ပြတင်းပေါက်လက်ကိုင်ကို ဖမ်းကိုင်လိုက်၏။

နွေဦးအငွေ့အသက်လေး ရနေပြီဆိုသော်လည်း ပြတင်းပေါက်ကို အကြာကြီး ဖွင့်ထားရန်မှာ အေးနေဆဲပင်။

သို့သော် ပြတင်းပေါက်ကို မပိတ်မီ အပြာရောင် ငှက်လေးတစ်ကောင်က ကျွန်မရှေ့သို့ မြားတစ်စင်းအလား ပျံသန်းလာခဲ့သည်။

ငှက်ကလေးက အထဲသို့ပေးဝင်ရန် တောင်းဆိုနေသည့်အလား ပြတင်းပေါက်နားတွင် ဝဲပျံနေပြီးမှ ဘောင်ပေါ်တွင်နားခဲ့၏။

“ကွီးန်ရဲ့ သူငယ်ချင်းပဲ။”

တော်ဝင်မင်းသား ဟိုင်န်ရီ မွေးထားသည့် နောက်ထပ် ငှက်တစ်ကောင်ပင်။

ဝမ်းသာအားရ အော်လိုက်တော့ ငှက်ကလေးက ဆတ်တောက်ဆတ်တောက်လျှောက်ရင်း ပြတင်းပေါက်အတွင်းသို့ ဝင်လာသည်။

ကျွန်မ ပြတင်းပေါက်ကို တစ်ဝက်ပိတ်လိုက်ပြီးနောက် ငှက်ကလေးအတွက် ရေခွက်ပြင်ပေးနေစဉ် အံ့သြသွားရ၏။

ငှက်ကလေးက လက်စွပ်တစ်ကွင်းကို ဆွဲကြိုးကဲ့သို့သီပြီး လည်ပင်းတွင် ဆွဲလာခြင်းပင်။

‘ဒါကို ဘာလို့ ဆွဲလာတာပါလိမ့်။’

ထူးဆန်းသည်ဟု ထင်မိသော်လည်း လက်စွပ်ကိုမထိဘဲ၊ ငှက်လေး၏ ခြေထောက်မှ စာကိုသာ ဖြုတ်ယူကာဖတ်လိုက်သည်။

အဖြေက စာထဲတွင် ရှိနေ၏။

-လက်စွပ်က ကွီးန်အတွက်ပေးတဲ့ လက်ဆောင်။

- ကွီးန်သာ ကျွန်တော့်မိဖုရားဖြစ်ရင် ကောင်းမှာပါ။

- ကွီးန်ကို တွေ့ပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့အမြင်က တအားမြင့်သွားပြီ။

- မလာလို့ စိတ်မကောင်းဖြစ်ရတယ်။ ဟိုင်န်ရီ စိတ်မကောင်းဘူး။

စာရွက်လေးက သေးငယ်လွန်းသဖြင့် ဝါကျများက ပြတ်တောင်းပြတ်တောင်း ဖြစ်နေသည်။

ထို့ကြောင့်ပဲလားမသိ။

အနည်းငယ် ကလေးဆန်သလိုရှိသော်လည်း ချစ်ဖို့ကောင်းနေ၏။

ယခုအခါ တိုင်းပြည်တစ်ပြည်၏ ပြည့်ရှင်ဘုရင်ဖြစ်နေပြီဖြစ်၍ ယင်းအလျောက် လေးစားရမည်မှန်း သိသော်လည်း ရယ်မိသွားသည်။

တစ်ဖန် နောက်ဆုံးတွင် မိမိကိုယ်ကိုယ် နာမ်စားအဖြစ် သုံးထားသည်က ရက်ရှ်တာကို လိုက်တုထားခြင်းပေပဲလား။

ဗိုက်နှိပ်ပြီး တဟားဟား ရယ်လိုက်မိရာ အပြာရောင်ငှက်ကလေးက ခေါင်းငဲ့စောင်းပြီး ကျွန်မကို ထူးဆန်းသလို စိုက်ကြည့်လာတော့သည်။

“နင့်သခင်က တော်တော်လည်း ရယ်ရတဲ့လူပဲ။”

အပြာရောင်ငှက်ကလေးကို ပြောလိုက်တော့ ငှက်ကလေးက ထူထဲသော မျက်ခုံးများကို ပင့်တင်ကာ ထူးဆန်းသော မျက်နှာထားမျိုး လုပ်ပြလေ၏။

အပြာရောင်ငှက်ကလေးက ခေါင်းငုံ့ပေးလာသဖြင့် ကျွန်မလည်း သူ့လည်ပင်းတွင် ဆွဲထားသော လက်စွပ်ဆွဲကြိုးကို အလွယ်တကူပင် ဖြုတ်ယူလိုက်သည်။

ထိုနေရာမှ လက်စွပ်ကိုသာ ဖြုတ်ယူကာ ဆွဲကြိုးကို ပြန်ဆွဲပေးလိုက်ပြီးနောက် လက်စွပ်ကို အသေအချာ ကြည့်လိုက်မိ၏။

လက်စွပ်တွင် အနောက်ဘုရင့်တိုင်းပြည်၏ တံဆိပ်ကို ထွင်းထုထားသည်။

ပထမဆုံး လက်ညှိုးတွင် ဝတ်ကြည့်တော့ အနည်းငယ် သေးနေသော်လည်း၊ လက်သူကြွယ်တွင် ဝတ်ကြည့်လိုက်ရာ ကွက်တိ အံဝင်ခွင်ကျပင်။

ကျွန်မ လက်စွပ်ကို ပြန်ချွတ်ကာ ရတနာသေတ္တာထဲသို့ သေသေချာချာ ထည့်ထားလိုက်ပြီးနောက် စာရေးစက္ကူကို ထုတ်ယူပြီး စားပွဲရှေ့တွင် ထိုင်လိုက်သည်။

အကြာကြီးနေမှ မအောင့်အည်းဘဲ ရယ်မောခဲ့ရခြင်းကြောင့်လားမသိ။

စိတ်ထဲတွင် ကြည်လင်နေ၏။

ကျွန်မ စာရေးစက္ကူကိုကိုင်ကာ အချိန်အတော်ကြာ တုံ့ဆိုင်းနေမိသည်။

ကျွန်မလည်း တော်ဝင်မင်းသား ဟိုင်န်ရီ၊ ဟင့်အင်း၊ ဟိုင်န်ရီကို ထိုကဲ့သို့သော တူညီသည့်ခံစားချက်မျိုး ပေးချင်သောကြောင့်ပင်။

အစ်ကိုတော် နတ်ရွာစံခြင်း၊ နန်းတက်ပွဲ၊ အသစ် ပြန်လည်ပြင်ဆင်ရမည့် ကိစ္စများစွာနှင့် အလုပ်များနေပေလိမ့်မည်။

ထိုအရာအားလုံးကို မေ့သွားပြီး တဟားဟား ရယ်မောမိအောင် လုပ်ပေးချင်၏။

“……”

သို့သော် ကျွန်မတွင် လူကို ရယ်အောင်လုပ်ရာ၌ ပါရမီမရှိပေ။

မည်မျှပင် တွေးကြည့်ပါစေ သူ့ကို ရယ်မောစေမည့်စကားမျိုး ပေါ်မလာခဲ့။

အဆုံးတွင် စိတ်ရင်းနှင့်သာ အကြံပေးလိုက်တော့သည်။

-ထက်မြက်ပြီး အမြော်အမြင်ရှိတဲ့ အမျိုးသမီးတွေ အများကြီးပါပဲ။ မိဖုရားကောင်းကို ရှာတွေ့နိုင်မှာပါ။

သို့သော် ဤသို့ရေးပြီးနောက်တွင် အလွန် ပုံသေကားကျဆန်သော အဖြေဟု ခံစားလိုက်ရသည်။

သူငယ်ချင်းအချင်းချင်း မဟုတ်ဘဲ၊ အိမ်နီးချင်းတိုင်းပြည်မှ ဧကရီ၏ စာတစ်စောင်နှင့်သာ တူနေ၏။

သံတမန်အဖွဲ့မှတစ်ဆင့် ပေးပို့လျှင်ရလောက်မည့် စာမျိုးပင်။

“ဒါကတော့ မဟုတ်သေးဘူး။ ဟုတ်တယ်မဟုတ်လား။”

အပြာရောင် ငှက်ကလေးကို မေးလိုက်ရာ ငှက်လေးက ကော်ဖီခွက်ကို စောင်းငဲ့ကြည့်နေရာမှ လန့်ဖျပ်သွားပြီး ‘ကျိ’ ဟု မြည်သံပေးခဲ့သည်။

ကျွန်မ အတန်ကြာ တုံ့ဆိုင်းနေပြီးမှ ပို၍ ပုဂ္ဂိုလ်ရေးဆန်သည့် အကြောင်းအရာကို အောက်တွင် ထည့်ရေးလိုက်၏။

- ကျွန်မကတော့ ပွဲဦးထွက်ကပွဲအတွက် ပြင်ဆင်နေတယ်။

ဟုတ်ပြီ။

ဒီလိုဆို နည်းနည်း ပိုပြီး တရင်းတနှီးရှိတဲ့ စကားပြောပုံလို ခံစားချက်မျိုးပေးမှာပေါ့။

“ဘယ်လိုလဲ။ ရင်းနှီးတဲ့ပုံပေါက်လား။”

အပြာရောင် ငှက်ကလေးအား စာကိုပြရင်း မေးလိုက်ရာ၊ အပြာရောင် ငှက်ကလေးက လန့်သွားပြီး ကျွန်မနှင့်စာကို အမြန်ပင် တစ်လှည့်စီ ကြည့်ခဲ့သည်။

“သူငယ်ချင်းအချင်းချင်း အပြန်အလှန်ပြောတဲ့ စကားမျိုးနဲ့ တူတယ်မဟုတ်လား။”

ထပ်မံမေးမြန်းလိုက်တော့ အပြာရောင်ငှက်ကလေးက ခေတ္တမျှ နှုတ်သီးကို စေ့ထားကာ ငြိမ်နေပြီးမှ ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်ပြခဲ့သည်။

~~~~

“ဘယ်လိုမှ ရွေးလို့မရတော့ဘူး။”

ရက်ရှ်တာက ဒီဇိုင်နာ၏ ပုံကြမ်းစာအုပ်ကို ချထားရင်း ညည်းညူလိုက်သည်။

“ဒီလူ့အင်္ကျီတွေလည်း အကုန်လှတာပဲ။ ဘာလို့ အားလုံးက ဒီလောက်တောင် ပါရမီ ရှိနေကြတာလဲ။”

ပွဲဦးထွက် ကပွဲနေ့ နီးကပ်လာပြီ ဖြစ်သော်လည်း သူက ယခုတိုင် ဗိုင်းကောင့် လိုတဲရှု၏သမီး ရီဗယ်တီအတွက် ဝတ်စုံကို ရွေးချယ်နေဆဲပင်။

မစောင့်နိုင်တော့သော ဗိုင်းကောင့် လိုတဲရှုက လွန်ခဲ့သော နှစ်ရက်ကတည်းကပင် လောနေခဲ့သော်လည်း ရက်ရှ်တာက ရီဗယ်တီအတွက် ဝတ်စုံရွေးရန် အခက်တွေ့နေ၏။

“လှနေလို့ မဖြစ်ဘူး။ ဒါပေမဲ့ အရမ်း ပေါ့တိပေါ့ပြက်လုပ်ထားမှန်း သိသာနေလို့လည်း မဖြစ်တာကို……”

ရက်ရှ်တာ တိုးတိုးလေးရေရွတ်ရင်း စာအုပ်ကို ပြန်လှန်ကြည့်ခဲ့ပြန်သည်။

သို့သော် ရက်ရှ်တာထံ အမည်စာရင်းရောက်လာသော ဒီဇိုင်နာများက တစ်ယောက်မကျန် လူမှုရေးလောကတွင် နာမည်ကြီးသူများ ဖြစ်သည့်အပြင်၊ ပွဲဦးထွက် ဝတ်စုံများက နဂိုကပင် တောက်ပခမ်းနားမှုကြောင့် ကျော်ကြားကြသည်။

ထို့ကြောင့် မလှသည့်အရာကိုရှာရန် ခက်ခဲလှ၏။

‘ဒါမှမဟုတ် တခြားလူတွေ အကုန်လုံး ဝတ်နိုင်လောက်တဲ့ ရိုးရိုးရှင်းရှင်းလေးပဲ ပေးလိုက်ရမလား။’

ဆင်တူယိုးမှားဝတ်စုံ ဝတ်ဆင်ထားသူများ စုဝေးနေမည်ဆိုလျှင် ကြည့်စရာဖြစ်နေပေမည်။

‘ဆင်တူ ဝတ်စုံ။’

ထိုစဉ် ရက်ရှ်တာ၏ ခေါင်းထဲ၌ အတိတ်မှ အဖြစ်တစ်ခု ပေါ်လာ၏။

ဧကရီနှင့် ဝတ်စုံထပ်သွား၍ တိုင်းသိပြည်သိ အတိုင်းအတာဖြင့် အရှက်ခွဲခံခဲ့ရသော ထိုအဖြစ်။

မနှစ်မြို့ဖွယ် ထိုအဖြစ်က ရက်ရှ်တာ၏ ခေါင်းထဲ၌ အကြံကောင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

‘ရီဗယ်တီကို ငါနဲ့ ဆင်တူဝတ်စုံမျိုး ဝတ်ခိုင်းလိုက်ရင် ရတာပဲ။’

ထိုသို့ဆိုလျှင် လူတို့ အတင်းပြောကြမည်သာ။

ယခင်က ဧကရီ၏ အဆင့်အတန်းက မြင့်မားသဖြင့် မိမိကိုယ်တိုင်က လိုက်တုသူ ဖြစ်သွားခဲ့သော်လည်း ရီဗယ်တီကို ရည်ရွယ်လျှင်မူ တစ်မျိုးတစ်ဖုံ ကွဲပြားသွားပေလိမ့်မည်။

လူမှုရေးလောက၏ နာမည်ကျော်က ရက်ရှ်တာဖြစ်ပြီး ရီဗယ်တီက နယ်မြေငယ်လေးတစ်ခုမှ အရှင်သခင်၏ သမီးမျှသာ။

ဝတ်စုံချင်း တူညီနေမည်ဆိုလျှင် ရီဗယ်တီက လိုက်တုသူ ဖြစ်သွားပေလိမ့်မည်။

ကျိန်းသေပေါက် ရီဗယ်တီရော၊ ဗိုင်းကောင့် လိုတဲရှုပါ ပွဲဦးထွက်ဝတ်စုံကို အကျပ်ကိုင်ပြီး ရယူခဲ့သည်ဟု ပြောနိုင်မည်မဟုတ်ပေ။

ရက်ရှ်တာက နှုတ်ခမ်းကိုကွေးလိုက်ပြီး အစေခံကိုခေါ်ကာ ညွှန်ကြားလိုက်၏။

“ရက်ရှ်တာ ရွေးထားတဲ့ဝတ်စုံ ရှိတယ်မဟုတ်လား။”

“ဟုတ်ကဲ့၊ လေဒီ ရက်ရှ်တာ။”

“အဲ့ဒါနဲ့ အတူတူကိုမှ ဆိုဒ်ကိုတော့ နည်းနည်း ပိုသေးတာလေး တစ်ထည် ထပ်လုပ်ပေး။ ဒီမှာ၊ ဒီဆိုဒ်အတိုင်းပဲ လုပ်ပေး။”

ရက်ရှ်တာက ရီဗယ်တီ၏ ကိုယ်တိုင်းများ ရေးထားသော စာရွက်ကို ကမ်းပေးလိုက်သည်။

ဗိုင်းကောင့် လိုတဲရှုထံမှ ကြိုတင်ရယူထားသော စာရွက်ပင်။

ရက်ရှ်တာ အကျပ်ကိုင်ခံနေရမှန်း မသိသော်လည်း တစ်စုံတစ်ဦးအတွက် ပွဲဦးထွက်ဝတ်စုံ ရွေးပေးနေကြောင်း သိနေသဖြင့် အစေခံလည်း အံ့အားသင့်သွားကာ မေးလာ၏။

“လေဒီ ရက်ရှ်တာနဲ့ ဝတ်စုံအတူတူ လုပ်ပေးမလို့လား။”

“အင်း။ ဘာရွေးရမှန်း မသိလို့လေ။”

“ဒါပေမဲ့…… ဝတ်စုံချင်းတူနေရင် တအား သိသာမနေဘူးလားရှင့်။”

“ဒါပေမဲ့ ဘယ်လိုပဲ စဉ်းစားစဉ်းစား ရက်ရှ်တာ ရွေးထားတဲ့ ဝတ်စုံက အလှဆုံး ဖြစ်နေတာကို။ မလှတာ ပေးလိုက်ဖို့ကျတော့ အားနာစရာကြီးလေ။”

“လေဒီ ရက်ရှ်တာကတော့…… ဘာလို့ ဒီလောက်တောင် စိတ်ထားကောင်းရတာလဲ။”

အစေခံက သက်ပြင်းချခဲ့သည်။

ရက်ရှ်တာက ဧကရီ နာဗီရယ် ပြုံးလေ့ရှိသလို နှုတ်ခမ်းထောင့်စွန်းတွင် ရစ်သီဝေ့ဝဲရုံ အပြုံးရေးရေးလေးကို နူးညံ့စွာ ပြုံးလိုက်၏။

~~~~

ပွဲဦးထွက်ကပွဲ ကျင်းပသောနေ့ပင်။

ကပွဲက နှစ်သစ်ကူးပွဲတော်လောက် မခမ်းနားသော်လည်း ယနေ့က လူမှုရေးလောကသို့ မျက်နှာသစ်များစွာ စတင် ပွဲဦးထွက်လာသည့်နေ့ဖြစ်၍ အငွေ့အသက် အနေအထားက အလွန်တက်ကြွနေသည်။

တစ်သက်နှင့်တစ်ကိုယ် အခမ်းနားဆုံး ပြင်ဆင်လာကြမည့် သခင်မလေး၊ သခင်လေးများ၏ ဝတ်စားဆင်ယင်မှုကို ကြည့်ရသည်မှာလည်း စိတ်ဝင်စားစရာပင်။

“ခဏတဖြုတ်တော့ ကပွဲတိုင်းကို အဲ့ဒီလိုမျိုး ဝတ်စားဆင်ယင်ပြီး သွားလာနေကြမှာပဲနော်။”

“တစ်နှစ်၊ နှစ်နှစ်လောက် ကြာသွားရင်တော့ ဇာနားတွေနဲ့ ရတနာတွေက တဖြည်းဖြည်း လျော့သွားမှာပေါ့။”

ရံရွေတော်များကလည်း ကလေးကလား အငွေ့အသက် မကင်းသေးသည့် လူငယ်လေးများကိုကြည့်ကာ ချစ်ဖို့ကောင်းသည်ဟုဆိုပြီး တဟားဟား ရယ်မောနေကြသည်။

ဧကရာဇ် ဆိုဗီရ်ရှုက အလုပ်များသဖြင့် မတက်ရောက်နိုင်သောကြောင့် အငွေ့အသက်က ပို၍ပင် ပေါ့ပါးနေ၏။

“ဟိုမှာ လေဒီ ရီဗယ်တီ ရှိနေတာပဲ။”

မျက်မှန်းတန်းမိနေပြီဖြစ်သောကြောင့် လော်ရာက ဝမ်းသာအားရဖြင့် ရီဗယ်တီကို ညွှန်ပြခဲ့သည်။

ရီဗယ်တီက အသစ် ပွဲဦးထွက်လာသည့် မိန်းကလေးများနှင့် ယောကျ်ားလေးများ ကြားတွင် ရှိနေ၏။

ဆံပင်တိုလေးကို ကောက်ထားကာ အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သူက စာငှက်ပေါက်လေးပမာ ချစ်ဖို့ကောင်းနေသည်။

ကျွန်မဘက်ကို လှမ်းကြည့်လာသဖြင့် လက်လှမ်းပြလိုက်ရာ၊ ရီဗယ်တီတစ်ယောက် မျက်နှာလေး နီရဲသွားကာ ခြေတဆတ်ဆတ် ခုန်နေတော့၏။

“အဲ့ဒီကလေးက တကယ်ပဲ ဧကရီ အရှင်မကို သဘောကျတဲ့ပုံနော်။”

နယ်စားကတော် အယ်လီဇာက ပြုံးရင်း ပြောလာသည်။

ကျွန်မလည်း ခါးသက်သော ခံစားချက်ကို ဖုံးကွယ်ရင်း ခေါင်းညိတ်လိုက်မိ၏။

ကျွန်မအပေါ် စိတ်ရင်းဖြင့် ချစ်မြတ်နိုးပေးသော ကလေးကို နောက်ကွယ်မှ စုံစမ်းနေသူက မိမိကိုယ်တိုင်ဖြစ်နေကြောင်း သတိရသွားသောကြောင့်ပင်။

ဂီတသံ စတင်သည်နှင့် လူငယ်လေးများက တစ်ဦးနှင့်တစ်ဦး အဖော်ညှိကာ စတင်ပြီး ကခုန်ကြတော့သည်။

ကျွန်မ ဂီတသံကို နားထောင်ရင်း ခန်းမအတွင်းကို အကဲခတ်နေမိ၏။

ပွဲဦးထွက် ကပွဲဖြစ်သဖြင့် တက်ရောက်လာသူများက ပွဲဦးထွက်မည့်သူများ၊ ပွဲဦးထွက်မည့် ဆွေမျိုး သို့မဟုတ် မိတ်ဆွေရှိသူများ၊ လူမှုရေးလောကကို စိတ်ဝင်စားသဖြင့် မျက်နှာသစ်များကို ကြိုတင်အကဲခတ်လိုသူများ အများစုဖြစ်သည်။

လူမှုရေးလောက၏ နာမည်ကျော်ဖြစ်သလို အပျော်အပါးလိုက်စားသူအဖြစ် ကျော်ကြားသော မြို့စားမင်း အယ်ရ်ဂီကမူ ရောက်မလာခဲ့ပေ။

အင်မတန် ငယ်လွန်းသော မိန်းကလေးများကို စိတ်မဝင်စားသည့်ပုံပင်။

ထူးဆန်းသည်က ရက်ရှ်တာကိုလည်း မတွေ့ရခြင်းဖြစ်သည်။

‘ရီဗယ်တီကြောင့် မလာတာများလား။’

ထူးဆန်းသည်ဟုတွေးရင်း ကျွန်မ အစေခံ ယူလာပေးသော ကိတ်မုန့်တစ်ပိုင်းကို မြည်းစမ်းလိုက်သည်။

ပါးစပ်ထဲတွင် ချိုမြိန်သော ခရင်မ်နှင့် မြေပဲနံ့လေး မွှေးပျံ့သွား၏။

သို့သော် ကိတ်မုန့်ကို ဝါးနေစဉ် လူများ တစ်နေရာရာမှ စုရုံး အတင်းပြောနေကြသော အသံကို ကြားလိုက်ရ၏။

ဘာများဖြစ်သလဲဟု လှည့်ကြည့်လိုက်ရာ၊ ရက်ရှ်တာက နောက်ကျမှ ဝင်လာဟန်တူပြီး လူအများ၏ အကြည့်ကို ခံနေရသည်။

ပြဿနာကား ရက်ရှ်တာ ဝတ်လာသော ဝတ်စုံက……

ကျွန်မ၏ အကြည့်က အလိုလိုပင် ရီဗယ်တီ ဝတ်ထားသော ဝတ်စုံဆီသို့ ရောက်သွားတော့သည်။

ကျွန်မ နဖူးကို လက်နှင့် ဖိလိုက်မိ၏။

ရက်ရှ်တာ ဝတ်ထားသော အဝါရောင် ဝတ်စုံနှင့် ရီဗယ်တီ ဝတ်ထားသော အဝါရောင်ဝတ်စုံက လုံးဝနီးပါး တူညီနေသည်။

ရီဗယ်တီက ဘာမှမသိရှာဘဲ သခင်လေးတစ်ဦးနှင့် လက်တွဲကာ ကနေရသဖြင့် အလုပ်ရှုပ်နေ၏။

“ဟိုဟာကတော့ ထပ်ပြီး….”

လော်ရာတစ်ယောက် သွားကြိတ်ရင်း ရှူးရှူးရှားရှားဖြစ်နေတော့သည်။

“အဲ့ဒီ လိုက်တုတဲ့ဟာက၊ ဒီတစ်ခါတော့ ရီဗယ်တီရဲ့ဝတ်စုံကို လိုက်တုဝတ်လာတာ ထင်တယ်။”

ဂီတသံ ဆုံးသွားပြီးသည့်နောက်မှသာ ရီဗယ်တီတစ်ယောက် ရက်ရှ်တာကို တွေ့သွားပြီး ရက်ရှ်တာ ဝတ်ထားသော ဝတ်စုံကိုပါ တွေ့သွားလေ၏။

နဂိုကပင် ကြီးမားသော မျက်လုံးများက ပို၍ပင် ဝိုင်းစက်သွားတော့သည်။

လူအများ စုရုံးအတင်းပြောလာသောအခါ ရီဗယ်တီလည်း စောစောကနှင့် မတူသော အဓိပ္ပာယ်ဖြင့် မျက်နှာလေး နီရဲလာ၏။

ထိုအရာကို မြင်လိုက်ရတော့ စိတ်မကောင်းဖြစ်မိလာသည်။

ကျွန်မ၏ အစွဲကြောင့်ပဲလားမသိ။

ထပ်တူ အံ့သြသွားသည့် မျက်နှာထားမျိုး ရှိနေသော်လည်း ရက်ရှ်တာက တမင်လုပ်ခဲ့ခြင်းဟုသာ မြင်နေမိ၏။

ရီဗယ်တီ ငိုမဲ့မဲ့ဖြစ်လာပြီး၊ သက်တူရွယ်တူ မှူးမတ်အနွယ်ဝင်များကလည်း ရီဗယ်တီကို ထူးဆန်းသလို စိုက်ကြည့်နေကြသည်။

ကြည့်မနေနိုင်တော့သဖြင့် ကျွန်မလည်း နေရာမှထရပ်ကာ ရီဗယ်တီရှိရာသို့ လျှောက်သွားလိုက်၏။

လူတို့က အံ့သြတကြီးဖြင့် ဘေးသို့ လမ်းဖယ်ပေးကြသည်။

ရုံထားသော ခြုံလွှာကိုချွတ်ပြီး ရီဗယ်တီ၏ ပခုံးပေါ်တွင် ရုံပေးလိုက်ရာ ရီဗယ်တီက မျက်လုံးအပြူးသားဖြင့် ကျွန်မကို မော့ကြည့်လာ၏။

“ဒီဝတ်စုံက ခေတ်စားနေတဲ့ပုံပဲ။ ဒီလိုဆိုရင် နည်းနည်း ကွဲပြားသွားလောက်မလား။”

ပြုံးရင်း တမင် ထိုသို့ပြောလိုက်တော့ ရီဗယ်တီခမျာ မျက်ရည်လေးများ ဝိုင်းလာတော့သည်။

စိတ်သက်သာရာရသွားကြသည့် အသံများနှင့် ကျွန်မ၏ ပါးနပ်မှုကို ချီးကျူးသံများ ထွက်ပေါ်လာ၏။

ကျွန်မက ချီးကျူးသံကို နားထောင်ရန်အတွက် လုပ်ဆောင်ခဲ့ခြင်း မဟုတ်သောကြောင့် ရီဗယ်တီကို ချော့မော့ပြီးနောက် ကျွန်မ ထိုင်နေသည့်နေရာသို့ ခေါ်ဆောင်လာခဲ့သည်။

ထိုသို့ လုပ်ဆောင်နေစဉ် ရက်ရှ်တာကို တစ်ချက် လှမ်းကြည့်လိုက်မိ၏။

ဘယ်လိုများတွေးပြီး နောက်တစ်ခါ ဝတ်စုံချင်းတူအောင် ဝတ်လာရတာပါလိမ့်။

သူ့ခေါင်းထဲကို စူးစမ်းလိုမိသည်။

သို့သော် ရက်ရှ်တာက အံ့သြစရာကောင်းလောက်အောင်ပင် ရီဗယ်တီကို ကြည့်မနေခဲ့။

သူက ကျွန်မကို တစ်ချက်တစ်ချက် လှမ်းကြည့်ရင်း မှတ်စုစာအုပ်လေးထဲတွင် တစ်စုံတစ်ရာကို ရေးမှတ်ခြင်းဖြင့် အလုပ်များနေခဲ့သည်။

~~~~

Miel’s Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment