အပိုင်း ၁၂၉ (ဆက်ပြီး ချစ်ပေးပါ)
ဗိုင်းကောင့် လိုတဲရှု ထွက်ခွာသွားပြီးသည့်တိုင်အောင် ရှုပ်ထွေးနောက်ကျိနေသော စိတ်အစဉ်က လွယ်လွယ်နှင့် ငြိမ်ကျမသွားခဲ့ပေ။
ရက်ရှ်တာ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေရင်း နာရီကို လှမ်းကြည့်လိုက်သည်။
ဆိုဗီရ်ရှု လာမည့်အချိန် မဟုတ်သေးပေ။
ရက်ရှ်တာ မချင့်မရဲ ဖြစ်လာသဖြင့် စင်္ကြံလမ်းအတိုင်း ထွက်လာကာ လျှောက်သွားရင်း ဘေးဘီဝဲယာကို ဝေ့ဝဲကြည့်ပြီး အနောက်နန်းဆောင်ဘက်သို့ သွားမိတော့သည်။
ဧကရီ ထွက်ခွာသွားပြီးနောက် အနောက်နန်းဆောင်တစ်ခုလုံး ခြောက်ကပ်ကာ တိတ်ဆိတ်လျက် ကျန်ရစ်ခဲ့၏။
အနောက်နန်းဆောင်ကို အသက်ဝင်စိုပြည်အောင် လုပ်ခဲ့ကြသော ရံရွေတော်များအားလုံးလည်း မိမိတို့၏ အိမ်တော်များသို့ ကိုယ်စီပြန်ကုန်ကြပြီဖြစ်ကာ ကျန်ရှိနေသော အစေခံနှင့် အမှုထမ်းများ၏ အရေအတွက်ကိုလည်း လျှော့ချထားသည်။
ထိုသူတို့ကလည်း တစ်နေ့တစ်ကြိမ်သာ စင်္ကြံလမ်းများကို လာရောက်သန့်ရှင်းရေး လုပ်ကြခြင်းဖြစ်ပြီး ရက်ရှ်တာ သိထားသလောက် ယခုအချိန်က အစေခံများ သန့်ရှင်းရေးလုပ်မည့်အချိန် မဟုတ်ပေ။
ရက်ရှ်တာ အနောက်နန်းဆောင်အတွင်းသို့ ခပ်သွက်သွက်လေး ဝင်သွားလိုက်သည်။
ဤသည်က မကြာသေးမီကမှ ဖြစ်ပေါ်လာသော သူ၏ ဝါသနာအသစ်တစ်ခုပင်။
ဧကရီ၏ အိပ်ခန်းဆောင်တွင်းသို့ဝင်ကာ ဧကရီတစ်ပါး၏ ခံစားချက်ကို ကြိုတင်ခံစားကြည့်ခြင်းဖြစ်၏။
ဆိုဗီရ်ရှုကို ထိုအကြောင်း ပြောပြစဉ် သူက အံ့ဩသွားခဲ့သော်လည်း သော့ကိုမူ လိုလိုလားလား ပေးခဲ့ရှာသည်။
အပြင်အဆင်မရှိဘဲ အလွတ်ဖြစ်နေသော အခန်းဖြစ်၍ စိတ်ကြိုက်လုပ်ဟု ဆိုကာပေးခဲ့ခြင်းပင်။
ဧကရီအသစ် မရွေးချယ်ရသေးမီအထိ ဧကရီ၏ အိပ်ခန်းဆောင်ကို သန့်ရှင်းရေးပင် မလုပ်ကြသဖြင့် ရက်ရှ်တာ လူတို့၏ အမြင်ကို ရှောင်ကွင်းကာ ထိုအခန်းထဲသို့ အေးအေးလူလူ ကူးချည်သန်းချည် လုပ်နေခဲ့သည်။
ယနေ့လည်း ထိုနည်းတူပင်။
ရက်ရှ်တာက အခန်းထဲသို့ ဝင်လိုက်သည်နှင့် တံခါးကို ချက်ချင်း လော့ခ်ချလိုက်သည်။
တံခါးပိတ်ပြီး အခန်းထဲ၌ အောင်းနေလိုက်တော့မှ စိတ်က နည်းနည်း အေးသွားရ၏။
ရက်ရှ်တာ တံခါးကို ကျောမှီကာ ရပ်နေရင်း အထီးကျန်ဆိတ်သုဉ်းနေသော ခမ်းနားထည်ဝါသည့် အခန်းကြီးကို စိုက်ကြည့်နေမိသည်။
ပရိဘောဂများ ရှိနေသေးသော်လည်း လူမရှိ၍လားမသိ။
ထူးဆန်းစွာပင် ဤနေရာ၏ ဟာတာတာဖြစ်နေသည့် ခံစားချက်က ပို၍ ပြင်းထန်နေ၏။
‘ငါ သုံးလိုက်ရင်တော့ အဆင်ပြေသွားမှာပါ။’
ရက်ရှ်တာ စိတ်ထဲမှတွေးရင်း အခန်းတွင်း နေရာအနှံ့သို့ အာရုံများစွာ လျှောက်သွားနေသည်။
အာရုံများစွာ လှုပ်ရှားနေသည်ဟုဆိုသည့်တိုင် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေခြင်းသာ ဖြစ်သော်လည်း ရက်ရှ်တာအတွက်မူ ထိုမျှနှင့်ပင် စိတ်အခြေအနေက ပြန်ကောင်းလာရ၏။
မိမိက ဧကရီဖြစ်သွားသည့် ခံစားချက်ကို အပြည့်အဝ ဖန်တီးယူနေသော ရက်ရှ်တာတစ်ယောက် ယခင်က မြင်တွေ့ခဲ့ရဖူးသော နာဗီရယ်၏ ကိုယ်ဟန်အမူအရာကို မသိမသာ လိုက်လံတုပကြည့်ရင်း တဟိဟိနှင့် ရယ်နေမိသည်။
စာပေ လေ့လာကျက်မှတ်ရသည့်အပိုင်းတွင် အားနည်းသော်လည်း အပြောအဆိုနှင့် အပြုအမူပိုင်းကမူ ယခုအခါ များစွာ တင့်တယ်ပြီး ခမ်းနားလာပေပြီ။
နာဗီရယ်ကို သင်ကြားပြသပေးခဲ့ဖူးသော တော်ဝင်နန်းတွင်းကျင့်ဝတ်ထုံးတမ်းဆရာ မြင်လျှင်လည်း “ဘုရားရေ၊ လေဒီ နာဗီရယ်နဲ့ တော်တော်လေး တူတာပဲ” ဟုဆိုကာ အံ့ဩတုန်လှုပ်သွားရလောက်သည့်အထိပင်။
အမှန်တော့ စာပေပညာဆိုသည်မှာ သင်ယူနေသည့်တိုင်အောင် အပြင်ပန်း၌ သိသိသာသာ ပေါ်လွင်လာတတ်သည်မျိုး မဟုတ်ပေ။
‘အရေးကြီးတာက အပြောအဆို၊ အပြုအမူနဲ့ နန်းတွင်းကျင့်ဝတ်ထုံးတမ်းတွေပဲလေ။’
မင်္ဂလာပွဲကျင်းပမည့်နေ့တွင် လူအားလုံးက ယခင်ဧကရီနှင့် သူ့ကို နှိုင်းယှဉ်ကြည့်ကာ အံ့ဩမှင်တက်သွားကြပေလိမ့်မည်။
ရက်ရှ်တာ တစ်ဆက်တည်းမှာပင် စိတ်က ပို၍ ကြည်လင်လာ၏။
အခြေအနေ ပြန်ကောင်းလာရုံတင်မကဘဲ သိသိသာသာ ပျော်ရွှင်တက်ကြွလာခြင်းပင်။
ရက်ရှ်တာ ရောက်တုန်းရောက်ခိုက် အခန်းထဲရှိ ပရိဘောဂများကိုပါ တစ်ခုချင်းစီ လိုက်လံဖွင့်ကြည့်နေမိ၏။
ထိုသို့လုပ်နေရင်းနှင့် မမျှော်လင့်ဘဲ ထူးဆန်းသောအရာတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
‘ဘာပါလိမ့်။’
မည်သည့် ထူးခြားမှုမျှမရှိဟု ထင်မှတ်ထားခဲ့သော ကုလားထိုင်၏ အပေါ်ဘက်အပိုင်းက အနည်းငယ် ကြွတက်နေသလိုပင်။
ကုလားထိုင်၏ ထိုင်ဖုံကို ဖယ်ရှားကာ ဖွင့်ကြည့်လိုက်ရာ မမျှော်လင့်ဘဲ ယင်း၏အတွင်းပိုင်း၌ လျှို့ဝှက်အံဝှက်တစ်ခု ပေါ်ထွက်လာသည်။
ယခုအထိ ကုလားထိုင်ဟုသာ ထင်မှတ်ထားခဲ့သောအရာက ကုလားထိုင်ပုံစံ ဖန်တီးထားသည့် လျှို့ဝှက်သေတ္တာတစ်ခု ဖြစ်နေခြင်းပင်။
သို့သော်လည်း အံ့ဩစရာကောင်းသည်မှာ ထိုသေတ္တာက ကုလားထိုင်ပုံစံ ဖြစ်နေခြင်းကြောင့် မဟုတ်ပေ။
လျှို့ဝှက်အံဝှက်ထဲတွင် စာရွက်စာတမ်း အထပ်လိုက်ကြီး ရှိနေသောကြောင့်ပင်။
‘နန်းကျဧကရီရဲ့ စာရွက်စာတမ်းတွေလား။’
ရက်ရှ်တာ စူးစမ်းလိုစိတ်များ ပြည့်နှက်နေလျက် ထိုစာရွက်စာတမ်းများကို ကောက်ယူလိုက်သည်။
‘တိုင်းပြည်ဘတ်ဂျက် ထောက်ပံ့မှု လျှောက်ထားလွှာ။’
စာရွက်အချို့၏ အပေါ်တွင် ထိုကဲ့သို့သော ခေါင်းစဉ်များ ရေးသားထား၏။ အခြားစာရွက်များတွင်မူ မိဘမဲ့ဂေဟာစသည့် အကြောင်းအရာများ ပါဝင်နေသည်။
ရက်ရှ်တာ နာရီကို လှမ်းကြည့်ကာ အချိန်ရှိသေးကြောင်း အတည်ပြုလိုက်ပြီးနောက် နေရာတွင် ထိုင်ချပြီး စာရွက်စာတမ်းများကို သေသေချာချာ စိစစ်ဖတ်ရှုတော့၏။
စာရွက်စာတမ်းများကို လွယ်ကူသော စာလုံးများဖြင့် ရေးသားထားသဖြင့် အနည်းငယ် အာရုံစိုက်ဖတ်ကြည့်လိုက်သည်နှင့် မည်သည့်အကြောင်းအရာမှန်း ချက်ချင်း နားလည်နိုင်ခဲ့သည်။
မိဘမဲ့ဂေဟာ၊ ဘိုးဘွားရိပ်သာ၊ တစ်ကိုယ်တော်မိဘများ ကူညီစောင့်ရှောက်ရေးဂေဟာ၊ အခမဲ့ဆေးရုံ၊ အခမဲ့အာဟာရကျွေးမွေးရေးဂေဟာ အစရှိသည်ဖြင့်။
ဧကရီ နာဗီရယ် တော်ဝင်မိသားစု၏ အမည်နာမကို အသုံးပြုပြီး ကိုယ်ပိုင်ငွေကြေးဖြင့် လှူဒါန်းထောက်ပံ့ပေးခဲ့သော အဖွဲ့အစည်းများနှင့် ပတ်သက်သည့် အကြောင်းအရာများပင်။
ထို့အပြင် စာရွက်စာတမ်းများ၏ အောက်ဆုံးတွင် စာတစ်စောင်ပါ ရှိနေသေးသည်။
ရက်ရှ်တာ လက်တစ်ဖက်ဖြင့် စာရွက်စာတမ်းများကို ကိုင်ဆောင်ထားလျက် ကျန်လက်တစ်ဖက်ဖြင့် စာကိုမြှောက်ကာ ဖတ်ရှုလိုက်၏။
‘လေဒီ ရက်ရှ်တာထံသို့……’ စာကို အေးစက်တည်ငြိမ်သော အရေးအသားဖြင့် ရေးသားထားပြီး၊ မိမိက တော်ဝင်မိသားစု၏ အမည်ဖြင့် ဤနေရာများကို ထောက်ပံ့ပေးခဲ့ခြင်းကြောင့် ကွာရှင်းပြတ်စဲပြီးနောက်ပိုင်းတွင် ဆက်လက်၍ မလှူဒါန်းနိုင်တော့ကြောင်း၊ တိုင်းပြည်ဘတ်ဂျက် ထောက်ပံ့မှုက တစ်နှစ်လျှင် တစ်ကြိမ်သာ သက်တမ်းတိုးရခြင်းဖြစ်သဖြင့် ထောက်ပံ့မှုလျှောက်ထားရမည့် ကာလမဟုတ်သော ယခုအချိန်တွင် တိုင်းပြည်ဘတ်ဂျက်ကို လျှောက်ထား၍ မရနိုင်ကြောင်း စသည့်အခြေအနေများကို ရေးသားထားသည်။
ထို့နောက် ရက်ရှ်တာ ဧကရီ ဖြစ်လာမည့် အချိန်လောက်ဆိုလျှင် တိုင်းပြည်ဘတ်ဂျက် လျှောက်ထားရမည့် အချိန်ကာလသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ရာ တိုင်းပြည်ဘတ်ဂျက် လျှောက်ထားလွှာကို ကြိုတင်ပြင်ဆင်ပေးထားခဲ့သဖြင့် ထိုအချိန်ရောက်လျှင် မိမိကိုယ်စား ဤဘတ်ဂျက်လျှောက်ထားလွှာကို တင်ပြပေးပါရန် ရေးသားထားခြင်းပင်။
သို့သော်လည်း လက်ရှိတွင် တိုင်းပြည်ဘတ်ဂျက် အထောက်အပံ့ခံ အဖွဲ့အစည်းများ ပြည့်နှက်နေသဖြင့် ဘတ်ဂျက်ပြဿနာကြောင့် ပယ်ချခံရနိုင်ချေ ရှိနေကြောင်း၊ ထိုသို့ဖြစ်လာပါက ယခင်အတိုင်း တော်ဝင်မိသားစု၏ နာမည်ကိုသုံးကာ ကိုယ်ပိုင်အိတ်စိုက်ငွေဖြင့် ဆက်လက်လုပ်ဆောင်ပေးပါရန်လည်း ပါရှိ၏။
ထိုမှတစ်ပါး အခြားသော စကားများ မပါဝင်ခဲ့ပေ။
တကယ် မိမိ၏ ရာထူးကိုဆက်ခံမည့်သူအား လုပ်ငန်းလွှဲပြောင်းပေးနေသည့်အလား ပျင်းစရာကောင်းပြီး အရသာမရှိလှသော စာတစ်စောင်ပင်။
ထိုစာထဲတွင် ခံစားချက် အနည်းငယ် မျှဝေထားသည်ဟု ဆိုနိုင်သောအချက်မှာ ကိစ္စရပ်များ ရှုပ်ထွေးသွားနိုင်သောကြောင့် ရက်ရှ်တာ၏နာမည်ဖြင့် မလှူဒါန်းပါနှင့်ဟူသော အချက်မျှသာ။
စာကိုဖတ်ပြီးနောက် ရက်ရှ်တာ၏ စိတ်ထဲတွင် အလွန် မရေမရာနှင့် ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်လာတော့သည်။
ထိုခံစားချက်ကို မီးထိုးပေးလိုက်သည့်အလား စက္ကူရွက်အချို့က တရွှပ်ရွှပ်နှင့် လျှောကျလာ၏။
မြောက်မြားလှစွာသော ပမာဏရှိသည့် ငွေလဲလက်မှတ် နှစ်စောင်ပင်။
စာထဲမှ အကြောင်းအရာများသာ အမှန်ဆိုလျှင် ဤသည်က အဆိုပါ အဖွဲ့အစည်းများကို နှစ်နှစ်တိုင်တိုင် လှူဒါန်းထောက်ပံ့နိုင်မည့် ငွေကြေးပမာဏ ဖြစ်ပေသည်။
‘အင်တာဗျူးထဲက စကားတွေက အမှန်ပဲကိုး။ ကွာရှင်းရတော့မဲ့အကြောင်း တကယ် ကြိုတင်သိနေခဲ့တာပဲ။’
ရက်ရှ်တာ မျက်မှောင်ကြုတ်လိုက်မိသည်။
စိတ်၏ အနက်ရှိုင်းဆုံးနေရာမှ ဧကရီအပေါ် အားနာစိတ်နှင့် သူက ဧကရီကောင်းတစ်ပါး ဖြစ်ခဲ့ကြောင်း ဝန်ခံလိုသောစိတ်များ ဖြစ်ပေါ်လာတော့ ထိုအချက်က စိတ်ကို ပို၍ပင် မသက်မသာ ဖြစ်စေခဲ့၏။
ဤအချက်ကို ဝန်ခံလိုက်ရလျှင် ဧကရီကောင်းတစ်ပါးကို မောင်းထုတ်ခဲ့သော မိမိက လူဆိုးကြီး ဖြစ်သွားရတော့မည်မဟုတ်ပါလား။
ရက်ရှ်တာ့အနေဖြင့် မိမိကိုယ်ကိုယ် လူဆိုးဟုတွေးရန်က လုံးဝ လက်မခံနိုင်စရာပင်။
အမှန်ပဲမဟုတ်ပါလား။
ဧကရီက ကံကောင်းလွန်း၍ ဧကရီအဖြစ် မွေးဖွားလာခဲ့ခြင်း ဖြစ်သော်လည်း၊ ရက်ရှ်တာကမူ ဤနေရာသို့ ရောက်ရှိလာရန်အတွက် ဒုက္ခပေါင်းစုံကို အလူးအလဲ ခံစားခဲ့ရသည်။
ဤနေရာသို့ ရောက်ရှိလာပြီးသည့်တိုင်အောင် သူက ဒီအတိုင်း ရှင်သန်နိုင်ရန်အတွက်သာ ရုန်းကန်လှုပ်ရှားခဲ့ရခြင်းဖြစ်၏။
ဧကရီကိုလည်း မည်သည့် ထိခိုက်နစ်နာမှုမျှ မပေးခဲ့ပါဘဲ အသာလေး နေနေသော မိမိကို မောင်းထုတ်ရန် ကြိုးပမ်းခဲ့သူ ဧကရီ နာဗီရယ်ကိုယ်တိုင်ပင်။
ဧကရီ နာဗီရယ်က သူ့ဘာသာ ရက်ရှ်တာကို မောင်းထုတ်ရန် အားကြိုးမာန်တက် ကြိုးစားနေခဲ့ရာမှ မိမိကိုယ်ကိုယ် ဖျက်ဆီးမိသလို နှင်ထုတ်ခံလိုက်ရခြင်း မဟုတ်ပါလား။
‘ဟုတ်တယ်။ အစကတည်းက ကိုယ်ဝန်ဖျက်ဆေးကို မသုံးခဲ့ရင်၊ ဒါမှမဟုတ် သူ့အစ်ကိုဆီ လွှတ်ပြီး ငါ့ကို ကိုယ်ထိလက်ရောက် မစော်ကားခဲ့ရင် အဆင်ပြေနေမှာကို။’
ထိုသို့ဆိုလျှင် ဧကရီနေရာမှ ဖယ်ရှားခြင်းမခံရဘဲ ဆက်လက်အသက်ရှင်နိုင်ပေမည်။
ဤသည်က ထိုနန်းကျဧကရီကိုယ်တိုင် ပြုခဲ့သည့်အမှုသာ။
သို့ဖြစ်ပါလျက် ယခုမှ လူကို လှောင်ပြောင်သလိုဖြစ်စေသည့် ဤကဲ့သို့သော စာမျိုးကို ချန်ထားခဲ့ရသလား။
ကြောင်သူတော်လုပ်လွန်းလှသည်။
“ရက်ရှ်တာကို တော်တော်လေး ရယ်စရာမှတ်နေတာမဟုတ်လား။”
ကိစ္စရပ်အားလုံးကို မိမိဘာသာ လိုသလို ပုံဖော်နားလည်လိုက်သော ရက်ရှ်တာတစ်ယောက် ဒေါသတကြီး ရေရွတ်နေရင်းက ငွေလွဲလက်မှတ်၊ စာနှင့် စာရွက်စာတမ်းများကို သေသေချာချာ သိမ်းဆည်းကာ ရင်ခွင်ထဲသို့ ပွေ့ပိုက်လိုက်သည်။
‘ရက်ရှ်တာရဲ့ နာမည်နဲ့ မလှူဒါန်းပါနဲ့ပေါ့လေ။’
ရက်ရှ်တာ နှာခေါင်းရှုံ့လိုက်သည်။
ကိစ္စတွေ ရှုပ်ထွေးကုန်မှာမို့လို့တဲ့လား။
အဓိပ္ပာယ်မရှိတာ။
သူများရဲ့ ဂုဏ်သတင်း မြင့်တက်သွားမှာကို မလိုလားလို့ပါဆိုပြီး ဒဲ့ပြောလိုက်ပါတော့လား။
ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို ရရှိရန် လိုအပ်သဖြင့် ဤအဖွဲ့အစည်းများထံ ထောက်ပံ့လှူဒါန်းမှုကိုတော့ လုပ်ဆောင်ရမည်သာ။
‘ဒါပေမဲ့ အားလုံးကို ရက်ရှ်တာ့ နာမည်နဲ့ပဲ လုပ်မှာ။ ရက်ရှ်တာက လုပ်ပေးတာပဲလေ။ ဘယ်သူကောင်းစားဖို့ တော်ဝင်မိသားစုရဲ့ နာမည်နဲ့ လုပ်ရမှာလဲ။’
~~~~
“ဆာ ခိုရှာရ်က အရှင်မိဖုရားနဲ့ အမြွှာတွေတော့ မဟုတ်ပါဘူးနော်။”
အစ်ကို စစ်သည်တော် ချီတက်လှည့်လည်မှုခရီးစဉ်ကို ထွက်ခွာသွားခဲ့သည်မှာ ရက်ပိုင်းမျှကြာမြင့်ပြီးသည့် တစ်နေ့ပင်။
လှံကို ဒူးပေါ်တင်ကာ ကြိုးစားပမ်းစား တိုက်ချွတ်နေသော မက်စ်တက်စ်က ကောက်ကာငင်ကာ မေးမြန်းလာ၏။
ဘာကိစ္စပါလိမ့်ဟုတွေးကာ လှမ်းကြည့်လိုက်ရာ၊ သူက ခေါင်းကို ငဲ့စောင်းလျက် စဉ်းစားနေသည်။
“အမြွှာမဟုတ်ပါဘူး။”
ပြုံးလျက် ပြန်ဖြေလိုက်တော့မှ သူက “အာ……” ဟုဆိုကာ ခေါင်းကို တဆတ်ဆတ် ငြိတ်ပြလေ၏။
ထိုအမူအရာကို မြင်လိုက်ရသော ရို့စ်က တဟိဟိနှင့် ရယ်ရင်း မက်စ်တက်စ်၏ နံဘေးကို တံတောင်နှင့် အသာလေး တွတ်ခဲ့သည်။
“စိတ်ဝင်စားလို့လား။”
မက်စ်တက်စ်က တည်တည်ငြိမ်ငြိမ်ပင် ခေါင်းညိတ်ပြခဲ့သည်။
“ဟုတ်ကဲ့။”
ရဲတင်းလှသော ပြန်ဖြေပုံကြောင့် ကျွန်မရော ရို့စ်ပါ အံ့ဩမှင်တက်စွာ စိုက်ကြည့်မိရာ၊ မက်စ်တက်စ်က ယခင်အတိုင်းပင် တည်ငြိမ်စွာ ဆက်ပြောလာ၏။
“အစ်ကိုက ပြောဖူးပါတယ်၊ တော်တော်လေး ကြံ့ခိုင်တယ်ဆိုပြီး။ တစ်ခေါက်လောက် အတူတူ ယှဉ်ချကြည့်ချင်လို့ပါ။”
“ယှဉ်ချတယ်ဆိုတာက ရန်သတ်တာကို ပြောတာမဟုတ်လား။”
ရို့စ် မသင်္ကာသလို မေးလိုက်တော့ မက်စ်တက်စ်က ဟုတ်ကဲ့ဟု ခေါင်းညိတ်ပြရင်း ရို့စ်ကို လူထူးလူဆန်းလို စောင်းငဲ့ကြည့်ကာ ပြောခဲ့သည်။
“အရှင်မိဖုရား။ ဒီစီနီယာကြီးရဲ့ ဦးနှောက်က တကယ် ရွှံ့နွံတွေလို ညစ်ပတ်နေတာ မဟုတ်ဘူးလား။”
ရက်အနည်းငယ် တစ်ချိန်လုံး အတူရှိနေခဲ့ကြသဖြင့် နှစ်ယောက်၏ ဆက်ဆံရေးက အတော်လေး အဆင်ပြေသွားကြပုံပင်။
လော်ရာနှင့် ဂျူဘယ်ရ် နယ်စားကတော်တို့ပါ ရောက်လာလျှင် ဤနေရာက ပို၍ပင် အသက်ဝင်လှုပ်ရှားလာပေလိမ့်မည်။
နယ်စားကတော်ကြီး အယ်လီဇာနှင့် အခြားရံရွေတော်များကို လွမ်းဆွတ်မိသည့်တိုင် ဤနေရာတွင် ဆုံတွေ့ရသော လူသစ်အားလုံးကလည်း စိတ်ထားကောင်းကြသဖြင့် တော်သေးသည်ဟု တွေးမိရ၏။
‘အာ’
ဟုတ်သားပဲ။
နှစ်ယောက်ကိုကြည့်ရင်း ပြုံးနေမိရာမှ မမျှော်လင့်ဘဲ အကြံကောင်းတစ်ခု ခေါင်းထဲသို့ ဖျတ်ခနဲ ဝင်လာသည်။
“လေဒီ ရို့စ်။”
“ဟုတ်ကဲ့၊ အရှင်မိဖုရား။”
“အနောက်ဘုရင့်တိုင်းပြည်ရဲ့ လူမှုရေးလောကမှာ အရှိန်အဝါ အရှိဆုံးက ဘယ်သူလဲ။”
ရို့စ်က ငါ့စကားကြောင့် ခေါင်းကို စောင်းလိုက်သော်လည်း သေသေချာချာ ရှင်းပြပေးရှာသည်။
“ရီဗာတီ မြို့စားမင်းနဲ့ လေဒီ မော်လေနီတို့ပါ။”
“နှစ်ယောက်တည်းလား။”
“တကယ်တော့ အရှိန်အဝါအရှိဆုံးက နဂိုအတိုင်းဆို အရှင်မင်းကြီး ဟိုင်န်ရီ ဖြစ်ခဲ့တာပါ။ ဒုတိယအဆင့်အနေနဲ့ အရှိန်အဝါရှိတာက ရီဗာတီ မြို့စားမင်းနဲ့ လေဒီ မော်လေနီတို့ ဆိုပေမဲ့ အခုတော့ အခြေအနေတွေက ပြောင်းလဲသွားမှာပေါ့။ နန်းတက်သွားတဲ့ အရှင်မင်းကြီးကို လူမှုရေးလောကရဲ့ နာမည်ကျော်လို ဆက်ဆံလို့မရနိုင်တော့ဘူးမဟုတ်လား။”
ရို့စ်က ခေတ္တ စဉ်းစားကြည့်ပြီးမှ ထပ်လောင်းပြောပြလာသည်။
“အာ၊ ရီဗာတီ မြို့စားမင်းနဲ့ လေဒီ မော်လေနီက သွေးနီးတဲ့ဆွေမျိုးတွေပါ။ ရီဗာတီ မြို့စားမင်းက လေဒီ မော်လေနီတို့ အမေရဲ့ အစ်ကိုကြီးလေ။”
“အဲ့ဒီနှစ်ယောက်နဲ့ တွေ့ကြည့်လို့ရမလား။”
ရို့စ်က ကျွန်မ မေးလိုက်သည်နှင့် ချက်ချင်းပင် ကျွန်မ၏ ရည်ရွယ်ချက်ကို ရိပ်မိသွားသည့်အလား “အာ……” ဟုဆိုကာ ပြုံးခဲ့သည်။
“အဲ့ဒီနှစ်ယောက်ကို ကိုယ့်ဘက်ပါအောင် စည်းရုံးသိမ်းသွင်းမလို့လားရှင့်။”
သို့သော်လည်း ပြန်လည်ဖြေကြားချက်ကမူ အားရစရာ မရှိခဲ့ပေ။
“အကြံကောင်းဆိုပေမဲ့ လွယ်ကူမှာတော့ မဟုတ်ပါဘူး။”
“သူတို့က လေဒီ ခရစ္စတာရဲ့ လူတွေမို့လို့လား။”
“ရီဗာတီ မြို့စားမင်းကတော့ ဟုတ်ပါတယ်။”
“ဒါဆို လေဒီ မော်လေနီကရော……”
“လေဒီ မော်လေနီကတော့ လေဒီ ခရစ္စတာနဲ့ ရန်ဖြစ်ဖူးတဲ့အထိ ဆက်ဆံရေးက မကောင်းပါဘူး။”
ထိုသို့ဆိုလျှင် အဆင်ပြေနိုင်သည်မဟုတ်ပါလား။
မျက်ခုံးပင့်ကာ ကြည့်လိုက်တော့ ရို့စ်က ခေါင်းခါပြရင်း စကားဆက်လာ၏။
“လေဒီ မော်လေနီက နဂိုက မိဖုရားလောင်းတွေထဲက တစ်ယောက် ဖြစ်ခဲ့ဖူးလို့ပါ။”
“ကိစ္စမရှိပါဘူး။”
“အဲ့ဒါတင်မကဘဲ ရည်မှန်းချက် အင်မတန်ကြီးတဲ့အပြင် သူတစ်ပါးကို စိုးမိုးခြယ်လှယ်လိုတဲ့စရိုက် ရှိပါတယ်။ ဘယ်သူ့လူပါဆိုပြီး သတ်မှတ်ခံရတာမျိုးကို မုန်းတီးတတ်တာမို့လို့……”
“ဒါပေမဲ့လည်း ကိစ္စမရှိဘူး။ မဖြစ်မနေ ကျွန်မလူ ဖြစ်လာဖို့အထိ မလိုအပ်လို့။”
တူအာနီယာ မြို့စားကတော်သည်လည်း ကျွန်မလူ မဟုတ်ခဲ့ပေ။
ဒီအတိုင်း ကျွန်မ သူငယ်ချင်းသာ။
ရို့စ်က ကျွန်မစကားကြောင့် စိုးရိမ်ပူပန်နေပုံရသော်လည်း အလိုက်သင့်ပင် ပြန်လည်ဖြေကြားလာ၏။
“ချိန်းဆိုမှု လုပ်ကြည့်ပါ့မယ်။”
ကျွန်မ ခေါင်းညိတ်ပြကာ နေရာမှ ထရပ်လိုက်သည်။
တူအာနီယာ မြို့စားကတော်အကြောင်း တွေးမိတော့မှ ပိုကောင်းသော အကြံတစ်ခု ပေါ်လာသောကြောင့်ပင်။
‘ငါ ဘာလို့ ဒီအချက်ကို မတွေးမိခဲ့ရတာပါလိမ့်။’
“အရှင်မိဖုရား။”
“ဆာ မက်ကန်နာဆီကို သွားလိုက်ဦးမယ်။”
“အရှင်မင်းကြီး ဟိုင်န်ရီဆီကို မဟုတ်ဘဲနဲ့လားရှင့်။”
အံ့ဩသွားကြသော ရို့စ်နှင့် မက်စ်တက်စ်တို့ကို ခေါ်ဆောင်ကာ ကျွန်မ ထိုလမ်းအတိုင်း မက်ကန်နာကို သွားရှာခဲ့သည်။
မက်ကန်နာကလည်း ကျွန်မ သူ့ထံ လာတွေ့ခြင်းအပေါ် အံ့ဩသွားသည့် အရိပ်အယောင်ရှိသည့်တိုင် ပြုံးလျက် ကြိုဆိုပေးရှာ၏။
ကျွန်မ အခန်းတွင်းရှိ လူအားလုံးကို အပြင်ထွက်ခိုင်းပြီးနောက် သူ့ကို သတိထားကာ မေးလိုက်သည်။
“ရှင်က ငှက်အဖြစ် ပြောင်းနိုင်တဲ့အကြောင်း သိထားပေမဲ့…ဒါနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခုလောက် မေးလို့ရမလား။”
မက်ကန်နာက မိမိ၏ မျိုးနွယ်စုအကြောင်း ထွက်ပေါ်လာသဖြင့် ပို၍ပင် အကျပ်ရိုက်သွားပုံရသော်လည်း အလိုက်သင့်ပင် “ဟုတ်ကဲ့” ဟု ဖြေလာသည်။
ကျွန်မ မျက်နှာထားကို အကဲခတ်နေပုံအရ မက်ကန်နာကလည်း ကျွန်မ လှည့်စားခံရသည်ဟုဆိုကာ ဒေါသထွက်နေမည်ကို စိုးရိမ်နေသည့် အရိပ်အယောင်ရှိ၏။
သို့သော်လည်း ကျွန်မ မက်ကန်နာကို လာတွေ့ခြင်းမှာ လှည့်စားခြင်းရှိ၊ မရှိဟူသော ပြဿနာကြောင့် မဟုတ်ပေ။
“လူတစ်ယောက်ကို ရှာချင်ပေမဲ့။ ငှက်ရဲ့ ခန္ဓာကိုယ်နဲ့ဆိုရင် အချိန် ဘယ်လောက်လောက် ကြာနိုင်မလဲ။”
မက်ကန်နာက ကျွန်မမေးခွန်းကို ကြားလိုက်ရတော့မှ စိတ်အနည်းငယ် အေးသွားသည့်အလား ပြန်မေးမြန်းလာ၏။
“ရှာချင်တဲ့လူ ရှိနေတာလားဗျ။”
“ဟုတ်တယ်။ ဖြစ်နိုင်မလား။”
“တည်နေရာကို သိလားဗျ။”
“ဟင့်အင်း။ အရှေ့အင်ပါယာမှာ မရှိတာတော့ သေချာပေမဲ့၊ အဲ့ဒီအပြင် တခြားနေရာကိုတော့ မသိဘူး။”
“ဒါဆိုရင်တော့ နည်းနည်း ခက်ခဲပါလိမ့်မယ်။”
သို့သော်လည်း မျှော်လင့်ထားသလိုမဟုတ်ဘဲ မက်ကန်နာက လူရှာရန် ခက်ခဲကြောင်း ပြောလာသည်။
ငှက်၏ ပုံသဏ္ဌာန်ဖြင့် ရှာဖွေမည်ဆိုလျှင်ပင် နောက်ဆုံး၌ တစ်ဦးချင်းစီ၏ မျက်နှာကို လိုက်လံအတည်ပြုရမည် ဖြစ်သောကြောင့်ပင်။
အကြမ်းဖျင်း တည်နေရာကို သိရှိထားလျှင် ယင်းက ဖြစ်နိုင်သော်လည်း ‘အရှေ့အင်ပါယာမှာ မရှိဘူး’ ဟူသော အချက်မျှဖြင့် လူကို လိုက်လံရှာဖွေရန်မှာ ခက်ခဲလွန်းလှသည်ဟုဆို၏။
“အလိုရှိသူစာရင်းအဖြစ် ထုတ်ပြန်ပေးလို့တော့ ရပါတယ်။”
ပြုံးလျက် အကြံပြုလာသော သူ့ပုံစံကြောင့် ကျွန်မ ဆတ်ခနဲလန့်သွားကာ ရပြီဟုပြောပြီး အခန်းသို့ ပြန်လာခဲ့တော့သည်။
ကျွန်မ ရှာဖွေလိုသူက တူအာနီယာ မြို့စားကတော်ကြီးပင်။
ဖြစ်ချင်ဖြစ် မရှာနိုင်လျှင် နေပါစေ၊ သူ့ကို အလိုရှိသူ ဝရမ်းစာရွက်ဖြင့်တော့ လိုက်မရှာနိုင်ချေ။
ကျွန်မ ထပ်ပြီး အတွေးနယ်ချဲ့နေခဲ့ရာမှ ယခုတစ်ကြိမ်တွင် ရို့စ်ကိုခေါ်ကာ အကူအညီတောင်းလိုက်သည်။
“ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်မကို အင်တာဗျူးလုပ်သွားတဲ့ သတင်းထောက်ကို မှတ်မိလား။”
“ဟုတ်ကဲ့။ အဲ့ဒီသတင်းထောက်က အရှင်မိဖုရားနဲ့ စကားပြောခဲ့တဲ့အကြောင်းကို သတင်းစာထဲမှာ ထည့်သွင်းဖော်ပြခဲ့လို့ တော်တော်လေး ဟိုးလေးတကျော်ဖြစ်သွားခဲ့တာလေ။”
“အဲ့ဒီ သတင်းထောက်က အခုအထိ နန်းတော်ထဲမှာ ရှိနေသေးလား။”
“ဟုတ်ကဲ့၊ ရှိနေဦးမှာပါ။”
“အဲ့ဒီ သတင်းထောက်ကို ခေါ်ပေးလို့ရမလား။ ဆံပင်အပြာရောင်နဲ့……”
“ဟုတ်ကဲ့။”
ရို့စ်ကို သတင်းထောက် ခေါ်ပေးရန် အကူအညီတောင်းပြီးနောက် နှစ်နာရီခန့် အကြာတွင် ယခင်က တွေ့ဆုံခဲ့ဖူးသော ထိုသတင်းထောက်နှင့် တွေ့ခွင့်ရခဲ့သည်။
“ဇာနာလို့ ခေါ်ပါတယ်၊ အရှင်မိဖုရား။”
သတင်းထောက်က ကျွန်မ သူ့ကို ဘာကြောင့်ခေါ်မှန်း မသိသဖြင့် စိုးရိမ်ထိတ်လန့်နေသော မျက်နှာထားမျိုး ရှိနေ၏။
မျက်လုံးကို အဆက်မပြတ် ဝေ့ဝဲနေခဲ့သည်။
ထိုသို့ဖြစ်နေသည့်တိုင်အောင် ကျွန်မ၏ မျက်နှာထားကို တစ်ချက်တစ်ချက် အကဲခတ်နေသော မျက်လုံးများက အလွန် စူးရှနေသလိုပင်။
“ငါနဲ့ အင်တာဗျူး လုပ်ခဲ့သလို သတင်းစာထဲမှာ ထည့်သွင်းဖော်ပြပေးစေချင်တဲ့ အကြောင်းအရာတစ်ခုရှိလို့ ခေါ်လိုက်တာ။”
“ဘယ်လို အကြောင်းအရာမျိုးကို ပြောတာပါလဲ……”
“ငါ အနောက်ဘုရင့်တိုင်းပြည်မှာ အဆင်ပြေပြေနဲ့ အခြေကျနေပြီဆိုတဲ့ အကြောင်းအရာ။”
“ဗျာ။”
သတင်းထောက် ဇာနာက တကူးတက ထိုကဲ့သို့သော အရာမျိုးကို သီးသန့်ခေါ်ယူပြီး ရေးသားခိုင်းရခြင်းကို နားမလည်သည့် မျက်နှာထားမျိုး ရှိနေ၏။
သို့သော်လည်း စိုးရိမ်စိတ်က များစွာလျော့ပါးသွားပုံရသဖြင့် ခေါင်းညိတ်ပြရင်း တက်တက်ကြွကြွပင် ပြန်လည်ဖြေကြားလာသည်။
“ခက်ခဲတဲ့အလုပ်တော့ မဟုတ်ပါဘူး။”
“အနောက်ဘုရင့်တိုင်းပြည်မှာ အဆင်ပြေပြေ နေသားကျနေတယ်၊ ဒီနေရာမှာ သဘောထားကောင်းတဲ့ လူတွေအများကြီး ရှိပေမဲ့ တစ်ခါတလေတော့ မိတ်ဟောင်းဆွေဟောင်းတွေကို လွမ်းမိတယ်……အဲ့ဒီလို သတင်းမျိုးဖြစ်အောင် ရေးပေး။”
“ဒါဆို ရပြီလားဗျ……”
“မိတ်ဆွေတွေရဲ့ နာမည်ကိုပါ ထည့်ရေးပေးစေချင်တယ်။”
ဇာနာက ကြောင်အမ်းအမ်း ဖြစ်သွားသော်လည်း သိပါပြီဟုဆိုကာ မှတ်စုစာအုပ်ကို ထုတ်လိုက်ရာ ကျွန်မလည်း သူ့အား ရံရွေတော်များ၏ နာမည်များကို အစဉ်လိုက် ပြောပြပေးနေရင်းမှ တူအာနီယာ မြို့စားကတော်ကြီး၏ နာမည်ကို မသိမသာ ညှပ်ထည့်လိုက်သည်။
ဇာနာ ထွက်ခွာသွားပြီးနောက်။
ရို့စ်နှင့် မက်စ်တက်စ်တို့ ညစာ သွားရောက်ယူဆောင်နေကြစဉ်အတွင်း ကျွန်မ ကျေနပ်အားရသောစိတ်ဖြင့် ပြတင်းပေါက်ဘေးတွင် ရပ်နေမိ၏။
သတင်းထောက်ကို ခေါ်ယူခဲ့ခြင်းက တူအာနီယာ မြို့စားကတော်ကြီးကို ရှာဖွေရန်ဖြစ်ပြီး၊ ထို့ကြောင့်ပင် ရံရွေတော်များ၏ နာမည်များကြားထဲတွင် တူအာနီယာ မြို့စားကတော်ကြီး၏ နာမည်ကို တမင်ထည့်သွင်းထားခဲ့ခြင်းပင်။
တူအာနီယာ မြို့စားကတော်ကြီးက ထက်မြက်ပြီး အကင်းပါးသူဖြစ်ရာ ကျွန်မ၏ အင်တာဗျူးကို တွေ့လျှင် ကျွန်မ သူ့ကို ရှာဖွေနေကြောင်း ချက်ချင်း ရိပ်မိသွားပေလိမ့်မည်။
သူက တစ်နေ့တွင် ကျွန်မကို ဆက်ဆက် ကူညီပေးပါမည်ဟု ကတိပြုခဲ့ဖူးသည်မဟုတ်ပါလား။
ထိုစကားသာ အမှန်ဆိုလျှင် တူအာနီယာ မြို့စားကတော်က ဤနေရာသို့ လာပေလိမ့်မည်။
‘တူအာနီယာ မြို့စားကတော်သာဆိုရင် မျက်စိတစ်မှိတ်အတွင်းမှာတင် ဒီနေရာရဲ့ လူမှုရေးအသိုင်းအဝိုင်းကိုပါ လက်ဝါးကြီးအုပ်နိုင်မှာပဲ။’
ပြည်သူလူထု၏ ချစ်ခင်မြတ်နိုးမှုကို ရရှိရန်အတွက် လက်တွေ့လုပ်ဆောင်ချက်ဖြင့်သာ သက်သေပြရပေမည်။
စကားလုံးများဖြင့် မည်မျှပင် တန်ဆာဆင်ပါစေ၊ နောက်ဆုံးတွင် ပြည်သူလူထုက သူတို့အပေါ် ငဲ့ညှာပေးသော မိဖုရားကိုသာ ချစ်ခင်ကြသည်မဟုတ်ပါလား။
သို့သော်လည်း လူမှုရေးကမူ မတူပေ။
သူတို့က မြောက်မြားလှစွာသော စည်းစိမ်ဥစ္စာနှင့် ဂုဏ်သတင်းကို ပိုင်ဆိုင်ထားကြသူများပင်။
မိဖုရားတစ်ပါးအဖြစ် တာဝန်ကျေပွန်ရုံမျှဖြင့် သူတို့နှင့် ရင်းနှီးကျွမ်းဝင်ရန်မှာ မလွယ်ကူလှပေ။
ကျွန်မကိုယ်တိုင် ချဉ်းကပ်ရမည်ဖြစ်ကာ ထိုသို့ဖြစ်ရန်အတွက် ကျွန်မထံတွင် လူမှုရေးလောက၏ အရှိန်အဝါရှိသူ လိုအပ်ပေသည်။
ကျွန်မအပေါ် လိုလားသော လူမှုရေးလောက၏ နာမည်ကျော်တစ်ဦး။
‘တူအာနီယာ မြို့စားကတော်သာဆိုရင် အဲ့ဒီတာဝန်ကို အပြည့်အဝ ထမ်းဆောင်ပေးနိုင်မှာ သေချာတယ်။’
တံခါးကိုခေါက်သံ ကြားလိုက်ရသဖြင့် ကျွန်မ အတွေးစကို ဖြတ်တောက်ကာ အမြန်သွား၍ တံခါးကို ဖွင့်ပေးလိုက်သည်။
သို့သော်လည်း တံခါးဝတွင် ရပ်နေသူက ရံရွေတော်နှစ်ဦး မဟုတ်ဘဲ ဟိုင်န်ရီ ဖြစ်နေ၏။
“ဟိုင်န်ရီ။”
ထိုမျှတင်မကဘဲ ဟိုင်န်ရီ၏ မျက်နှာထားက အင်မတန် ညှိုးငယ်နေသည်။
“ဘာဖြစ်လို့လဲ။”
အကြောင်သား မေးလိုက်ရာ သူက လေးလံသော မျက်နှာထားဖြင့် ကျွန်မကို စိုက်ကြည့်နေခဲ့ရာမှ မသိမသာ ကျွန်မလက်ကို ဆွဲယူကာ လက်ဖမိုးပေါ်သို့ နမ်းရှိုက်ပြီး မေးလာ၏။
“ကွီးန်။ အထီးကျန်နေလို့လားဟင်။”
ဆိုင်းမဆင့်ဗုံမဆင့် ဒါက ဘာစကားပါလိမ့်။
နားမလည်နိုင်သော မေးခွန်းပင်။
ထူးဆန်းလှ၏။
“မကျန်ပါဘူး။”
နောင်တွင်မူ မိခင်ရော၊ ဖခင်ကိုပါ လွမ်းဆွတ်မိမည် ဖြစ်သော်လည်း။
ယခုချက်ချင်း အထီးကျန်စိတ်နှင့် ပူဆွေးမှုများကြောင့် ငိုကြွေးနေရလောက်သည်အထိ အချိန်ကာလက ထိုမျှမကြာသေးပေ။
ဟိုင်န်ရီက စိုစွတ်သော မျက်ဝန်းများဖြင့် ကျွန်မကို စိုက်ကြည့်နေသည်။
အထီးကျန်ခြင်းမရှိဟု ပြောနေသည့်တိုင် ကျွန်မစကားကို မယုံကြည်သည့်ပုံပင်။
“ဟိုင်န်ရီ။”
ဘယ်သူ့ဆီကနေ ဘာစကားတွေ ကြားလာလို့ပါလိမ့်။
စိုးရိမ်ပူပန်စိတ်ဖြင့် စိုက်ကြည့်နေမိစဉ် သူက တီးတိုးရေရွတ်လာသည်။
“ကွီးန် တအားအထီးကျန်နေရတယ်ဆိုတဲ့ သတင်း……တွေ့ပြီးပါပြီ။”
“အဲ့ဒီ သတင်းထောက်က ရှင့်ကို ပြောပြတာလား။ ချက်ချင်းကြီး။”
“လာတဲ့လမ်းမှာ ဆုံခဲ့တာပါ။ ဘာကိစ္စလဲလို့ မေးကြည့်တော့ ကွီးန်က အထီးကျန်နေရတယ်ဆိုတဲ့ အကြောင်းအရာကို သတင်းစာထဲမှာ ထည့်ပေးဖို့ တောင်းဆိုခဲ့တယ်ဆိုပြီး ပြောလို့……”
ထိုသတင်းထောက်က တမင် စကားလွှဲပြောခဲ့ခြင်းလား၊ သို့မဟုတ် တကယ်ပဲ ကျွန်မစကားကို နားလည်မှုလွဲသွားခဲ့ခြင်းလား မသိရချေ။
ရယ်စရာလည်းကောင်းသလို စိတ်ပျက်စရာလည်း ကောင်းလှသဖြင့် ကျွန်မ ခေါင်းခါပြရင်း ပြန်ပြောလိုက်သည်။
“အဲ့ဒီလို မဟုတ်ပါဘူး၊ ဟိုင်န်ရီ။”
“ကျွန်တော်ကတော့ ခင်ဗျားကို အထီးကျန်တာမျိုး မဖြစ်စေချင်ပါဘူး၊ ကွီးန်။”
“တကယ် အဆင်ပြေပါတယ်။”
“အလိုရှိမယ်ဆိုရင်…… ကျွန်တော် ‘ကွီးန်’ ရဲ့ ပုံစံနဲ့ ညဘက်မှာ အတူတူနေပေးရမလား။”
“....”
“ဘယ်လိုလုပ်ရပ်မျိုးပဲလုပ်လုပ် ငြိမ်ငြိမ်လေး နေပါ့မယ်။ စိတ်ကြိုက် ချစ်ပေးပါ။ အရင်ကလိုမျိုး။ အဲ့ဒါဆိုရင် စိတ်သက်သာရာရသွားမလားဟင်။”
“……”
ကျွန်မ၏ မျက်နှာထားက မည်သို့ဖြစ်သွားမှန်းမသိသော်လည်း ဟိုင်န်ရီက ချက်ချင်းပင် စနောက်ခြင်းဖြစ်ကြောင်း စကားလမ်းကြောင်း လွှဲခဲ့သည်။
ရွေးချယ်မှုကောင်းပင်။
ကျွန်မ သူ့ကို အေးစက်စွာ သတိပေးလိုက်၏။
“ကွီးန်ရဲ့ပုံစံနဲ့ လာရင် နောက်တစ်ခါ အဲ့ဒီအပေါ်မှာ အဝတ်အစားတွေ အတင်းဝတ်ပေးပစ်မှာပါ။”
ကျွန်မကို ထောက်ထားပေးသည့်အလား ပြောဆိုခဲ့သော်လည်း စောစောက ဟိုင်န်ရီ၏ စကားက မည်သို့ပင် နားထောင်ပါစေ ကျီစယ်စနောက်သလိုသာ ဖြစ်နေသောကြောင့်ပင်။
သို့သော်လည်း ငှက်၏ပုံသဏ္ဌာန်ဖြင့် အဝတ်အစား ဝတ်ရသည်ကို အဆင်ပြေ၍လားမသိ၊ ဟိုင်န်ရီက ပြုံးလျက် ပြန်မေးမြန်းလာခဲ့၏။
“အဝတ်ကို ကိုယ်တိုင် ဝတ်ပေးမှာလားဟင်။ Couple ဝတ်စုံလို ဆင်တူ ဝတ်ကြမလား။”
သို့သော် ထိုအချက်ကို ပြန်ဖြေရန် ပြင်လိုက်စဉ် ဟိုင်န်ရီ၏ ပခုံးအလွန်မှ ရံရွေတော်နှစ်ဦးကို လှမ်းမြင်လိုက်ရသည်။
ညစာကို ယူဆောင်လာကြသည့်ပုံပင်။
ကျွန်မ ပြောမည့်စကားကိုရပ်ကာ သူတို့ကို အရင်ဆုံးခေါ်ရန် ပြင်လိုက်သည်။
သို့သော်လည်း……
ဘာဖြစ်လို့ပါလိမ့်။
ရံရွေတော်နှစ်ဦးစလုံး မေးရိုးပြုတ်ကျမတတ်ဖြစ်နေသော မျက်နှာထားမျိုး ရှိနေကြသည်။
အင်မတန် ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်သွားသော မျက်နှာထား။
ဘာကြောင့် ထိုမျှအထိ လန့်သွားကြမှန်း စဉ်းစားကြည့်လိုက်တော့ စောစောက ဟိုင်န်ရီ၏ စကားက အတော်လေး ထူးဆန်းနေသည်။
‘ကွီးန်ရဲ့ ပုံစံနဲ့ ညဘက်မှာ အတူတူနေပေးမယ်’ ဟူသော အပိုင်း။
သူတို့က ဟိုင်န်ရီကို ငှက် ‘ကွီးန်’ ဖြစ်ကြောင်း မသိကြသဖြင့် ဟိုင်န်ရီက ကျွန်မ၏ ဂါဝန်ကို ဝတ်ဆင်ကာ ဘေးနားတွင် နေပေးမည်ဟု နားလည်သွားကြခြင်ပင်……
ဘုရားရေ။
ကျွန်မ သူတို့ဘက်သို့ အလန့်တကြား ခေါင်းခါပြရင်း ဟိုင်န်ရီကို အခန်းထဲသို့ အတင်းဆွဲသွင်းလိုက်မိသည်။
“ဒီကိုလာပါ။”
မည်သို့ပင်ဖြစ်စေ ယခု ဟိုင်န်ရီက ကျွန်မ၏ခင်ပွန်း ဖြစ်နေပြီမဟုတ်ပါလား။
အပျော်အပါးလိုက်စားသူ၊ ဝတ်လစ်စားလစ်ဘုရင် ဟူသော ဂုဏ်ပုဒ်များအပြင် အခြားသော အတင်းအဖျင်း ကောလာဟလတစ်ခု ထပ်မံထွက်ပေါ်လာအောင် ခွင့်ပြု၍မဖြစ်ပေ။
သို့သော်လည်း ထင်ထားသည်ထက် တံခါးပိတ်သံက ကျယ်လောင်သွား၏။
မျက်စိရှေ့တွင် ဖြစ်ပေါ်လာသော ဝုန်းခနဲအသံကြောင့် အလိုလို မျက်မှောင်ကြုတ်မိရသည်။
ဟိုင်န်ရီ အဆင်ပြေရဲ့လားဟု လှမ်းကြည့်လိုက်ရာ သူက ကျွန်မ၏ လက်မောင်းနှင့် တံခါးကြားတွင် ပိတ်မိလျက် မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေလေ၏။
~~~~
Miel’s Translations
Morning Star website နဲ့ telegram paid group မှာ အပိုင်း ၂၆၅ အထိ ဖတ်လို့ရပါပြီ။
၁၇.၁၀.၂၀၂၆ ကနေ ၃၀.၁၁.၂၀၂၆ အထိ Miel's Translation က telegram paid group ရှိတဲ့ novel အားလုံး ပရိုမိုးရှင်း ရှိတယ်နော်။
Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။