အပိုင်း ၁၀၉ (ဖုံးကွယ်ထားခဲ့သော အကြောင်းအရာ)
ထိုဇနီးမောင်နှံ၏ လိမ်ညာမှုကို သူ ယုံကြည်လိမ့်မည်မဟုတ်ဟု ကျွန်မ ထင်ထားခဲ့သည်။
သူတို့၏ လိမ်ညာမှုက အလွန်ပင် ရယ်စရာကောင်းလွန်းလှသည်မဟုတ်ပါလား။
သို့သော် ဆိုဗီရ်ရှုက ကျွန်မစကားကို လက်မခံဘဲ ပြတ်သားစွာပင် ပြောလာ၏။
“ဧကရီက ပဲကို ပဲနီလို့ ဇွတ်ငြင်းနေမယ်ဆိုရင်၊ လူအများစုကလည်း လိုက်ပြီး ပဲနီလို့ပဲ ပြောရမှာပေါ့။”
သူ၏ တည်ကြည်ပြတ်သားသော မျက်နှာထားကို မြင်လိုက်ရသည့် ခဏ၌ပင် သူ၏ ရည်ရွယ်ချက်ကို ကျွန်မ နားလည်သွားတော့သည်။
ထိုသူတို့ပြောသည့်စကား အမှန်လား၊ အမှားလားဆိုသည်က ဆိုဗီရ်ရှုအတွက် အရေးမကြီးတော့ပေ။
သူက ကျွန်မကို ကွာရှင်းရန် အခွင့်ကောင်းကို စောင့်နေခဲ့ခြင်းပင်။
ယခုလည်း ထိုကိစ္စကို အကြောင်းပြချက်ကောင်းတစ်ခုအဖြစ် အသုံးချကာ ကျွန်မကို ကွာရှင်းပေတော့မည်။
သူ၏ ရင်သွေးကို ဒုက္ခပေးရန် ကြံစည်မှုဖြင့် ပြည်နှင်ဒဏ် အပေးခံခဲ့ရသော ဧကရီ၏ အစ်ကိုက၊ မကြာမီမှာပင် သူ၏ရင်သွေးကို နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ရန် ကြံစည်သတဲ့လား။
ဤသည်က ကွာရှင်းရန် အကြောင်းပြချက်အဖြစ် အခိုင်အမာ အသုံးချ၍ရပေသည်။
တော်ဝင်ဇနီးမောင်နှံ၏ ကွာရှင်းမှုဆိုသည်မှာ ဂုဏ်သိက္ခာနှင့် အကြောင်းပြချက် တိုက်ပွဲတစ်ခုပင်။
လူတို့ ထိုအကြောင်းပြချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ အရေးမကြီးပေ။
အဓိပ္ပာယ်မရှိသော စကားဖြစ်နေပါစေဦး၊ တော်ကာကျရုံလောက်ဆိုလျှင် ကွာရှင်း၍ ရပေပြီ။
နောင်နှစ်ပေါင်းများစွာကြာလျှင် သမိုင်းစာအုပ်များတွင်လည်း ထိုအဓိပ္ပာယ်မရှိသော စကားများကသာ အမှန်တရားအဖြစ် မှတ်တမ်းတင်ခံရပေလိမ့်မည်။
ထိုအမှန်တရားကို သဘောပေါက်လိုက်သည်နှင့် ကျွန်မ ယခုလို ငြိမ်နေ၍မဖြစ်တော့ဟု တွေးမိသွား၏။
ဆိုဗီရ်ရှုက ထိုလိမ်ညာထွက်ဆိုချက်ကို ကျွန်မထက်အရင် ကြားထားခဲ့ပြီးဖြစ်ပေလိမ့်မည်။
ထိုထွက်ဆိုချက်ကို ကြားကြားချင်း သူ ဘာဆက်လုပ်နေမည်နည်း။
“....”
ကျွန်မလည်း ဆိုဗီရ်ရှုနှင့် ဆက်စကားများမနေတော့ဘဲ အနောက်ဘက်မျှော်စင်မှ ချက်ချင်းထွက်ကာ ကျွန်မ၏ အခန်းသို့ ပြန်လာခဲ့သည်။
“ဧကရီ အရှင်မ၊ အဲ့ဒီဇနီးမောင်နှံနဲ့ တွေ့ခဲ့ပြီလား။”
“သူတို့ ဘာပြောကြလဲဟင်။”
“ဧကရီ အရှင်မကို မျက်နှာချင်းဆိုင်ပြီး ရာရာစစ အဲ့ဒီလောက်တောင် လိမ်ရဲကြတာလား။”
ရံရွေတော်များက စိုးရိမ်တကြီးနှင့် စုရုံးလာကြသော်လည်း၊ ယခုအချိန်တွင် သူတို့ကို စိတ်အေးအောင် ချော့မော့နေရန် အချိန်မရှိပေ။
ကျွန်မလည်း ချက်ချင်းပင် လက်ထောက်ကို ခေါ်ခိုင်းလိုက်ကာ ရံရွေတော်များနှင့် သူ့ကို အမိန့်ပေးလိုက်သည်။
“အရှင်ဧကရာဇ်ရဲ့ အတွင်းရေးမှူးတွေ ဘယ်နေရာမှာ ရှိနေလဲဆိုတာ အမြန်ဆုံး စုံစမ်းပေးပါ။”
အားလုံးက ကြောင်အမ်းအမ်း ဖြစ်သွားကြသော်လည်း၊ ဘာမှပြန်မမေးဘဲ နားလည်ပါပြီဟု ဖြေကာ လူစုခွဲသွားကြ၏။
ကျွန်မလည်း ဧည့်ခန်းရှိ ထိုင်ခုံတွင် ထိုင်ကာ သူတို့ ပြန်အလာကို စိုးရိမ်တကြီး စောင့်ဆိုင်းနေမိသည်။
နာရီဝက်ခန့်ကြာတော့ တစ်ယောက်ပြီးတစ်ယောက် စုရုံးလာကြ၏။
တစ်ယောက်က ညီလာခံခန်းမတွင် ရှိနေသည်၊ တစ်ယောက်က ဆိုဗီရ်ရှုနှင့်အတူ ရှိနေသည်၊ နောက်တစ်ယောက်က မှူးမတ်တစ်ဦးနှင့် ရှိနေသည်၊ နောက်တစ်ယောက်က ရုံးခန်းတွင် ရှိနေသည်… စသည်ဖြင့်။
နေရာတွင် မရှိသည်က တစ်ယောက်တည်းသာ။
“မားကီးစ် ကားလ်က နန်းတော်ထဲမှာ မရှိပါဘူး။”
“ဘယ်ကို သွားတယ်လို့ ပြောလဲ။”
“မသိပါဘူး။ ဘယ်ကိုသွားမယ်ဆိုတာ မပြောဘဲ၊ အရှင်ဧကရာဇ်ရဲ့ အမိန့်ကြောင့်ဆိုပြီး နန်းတော်က ထွက်သွားတာပါ။ ရက်ပိုင်းလောက် ကြာလိမ့်မယ်လို့ ပြောသွားတယ်ဆိုပြီး သိရပါတယ်။”
အဲ့ဒီလူပဲ။
လက်ထောက်၏ စကားကို ကြားလိုက်ရသည်နှင့် အခြေအနေအားလုံးက ပုံရိပ်တစ်ခုလို ပေါ်လာတော့သည်။
ဧကရာဇ်က ကွာရှင်းလိုလျှင် အရင်ဆုံး အထွတ်အမြတ်ဘုန်းတော်ကြီးထံ ကွာရှင်းခွင့် တောင်းခံလွှာ တင်ရပေမည်။
မားကီးစ် ကားလ်က ဆိုဗီရ်ရှု၏ အမိန့်ဖြင့် ကွာရှင်းခွင့် တောင်းခံလွှာကို ယူဆောင်ကာ အထွတ်အမြတ် ဘုန်းတော်ကြီးထံ သွားနေခြင်းမှာ သေချာသလောက်ပင်။
ကျွန်မ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်။
နှလုံးတစ်ဝိုက်ကို ကြွက်တစ်ကောင်က ကိုက်ဖြတ်နေသလိုပင်။
ကွာရှင်းမှု လုပ်ထုံးလုပ်နည်းက မည်သို့နည်း။
ကွာရှင်းခွင့်တောင်းခံလွှာ တင်ပြီးလျှင်… အထွတ်အမြတ်ဘုန်းတော်ကြီး ရောက်လာလိမ့်မည်။
သူက ကိုယ်တိုင် လာရောက်ပြီး ကျွန်မနှင့် ဆိုဗီရ်ရှုကို တစ်ယောက်ချင်းစီ တွေ့ဆုံမေးမြန်းပေမည်။
ထို့နောက် တရားရုံးတွင် လူအများကို စုဝေးစေကာ ကျွန်မကို မေးမည်သာ။
ဆိုဗီရ်ရှုက ကွာရှင်းချင်နေသည်ကို လက်ခံမည်လားဟူ၍။
ထိုနေရာတွင် ‘ဟုတ်ကဲ့’ ဟု ဖြေလိုက်လျှင် ကွာရှင်းမှုက ပြီးဆုံးသွားပေမည်။
‘လက်မခံဘူး’ ဟု ငြင်းလိုက်လျှင် ထိုအချိန်မှစ၍ ရှည်လျားထွေပြားလှသည့် ကွာရှင်းခြင်း လုပ်ငန်းစဉ်များထဲ ရောက်သွားမည်သာ။
သို့သော်လည်း ထိုလုပ်ငန်းစဉ်များ၏ အဆုံးသတ်က အမြဲတမ်း ဧကရာဇ်၏အောင်ပွဲပင် မဟုတ်ပါလား။
တစ်ဖန်… တစ်ဖန်…
‘အာ’
“ဧကရီ အရှင်မ။ အဆင်ပြေပါရဲ့လား။”
“ဧကရီ အရှင်မ၊ ဘာဖြစ်လို့ပါလဲ။”
ဒေါသ၊ နာကြည်းမှုနှင့် စိုးရိမ်ပူပန်မှုများက ကျွန်မ၏ မျက်နှာတွင် ထင်ဟပ်သွားသည့်ပုံပင်။
ရံရွေတော်များက ကျွန်မကို စိုးရိမ်တကြီး လှမ်းခေါ်ခဲ့ကြသည်။
ကျွန်မလည်း အဆင်ပြေကြောင်း ဟန်ဆောင်ပြောဆိုကာ အိပ်ခန်းထဲသို့ တစ်ယောက်တည်း ဝင်သွားပြီး၊ စာရေးကိရိယာများကို ထုတ်ယူလိုက်၏။
စားပွဲတွင်ထိုင်ကာ ဟိုင်န်ရီထံ ပေးပို့မည့်စာကို တစ်ဖန် ပြန်လည်ရေးသားတော့သည်။
စာက ရှည်လျားသော်လည်း လိုရင်းက ရိုးရှင်း၏။
ကွာရှင်းရတော့မည်မှာ လက်တစ်ကမ်းအလိုသို့ ရောက်နေပြီဖြစ်၍၊ ဖြစ်နိုင်လျှင် အမြန်ဆုံး ပြန်လည်ထိမ်းမြားလိုကြောင်းပင်။
ယခုလို စာကို ရုတ်တရက် ရေးသားရခြင်းမှာ စောစောက ကွာရှင်းမှု လုပ်ထုံးလုပ်နည်းများကို ပြန်လည်စဉ်းစားရာမှ ပေါ်လာသည့် အတွေးကြောင့်ဖြစ်၏။
ကွာရှင်းရတော့မည်မှာ အမှန်တကယ် ဖြစ်လာတော့မည်ဖြစ်၍လားမသိ။
ယခင်က ဟိုင်န်ရီနှင့် ပြန်လည်ထိမ်းမြားလိုက်လျှင် အားလုံး ပြေလည်သွားမည်ဟု ထင်ခဲ့သော်လည်း၊ ယခုမူ မကောင်းသော အတွေးတစ်ခု ဝင်လာသည်။
ဆိုဗီရ်ရှုက ဟိုင်န်ရီကို မုန်းတီးသဖြင့် ကျွန်မ နောက်အိမ်ထောင်ပြုရန် ခွင့်ပြုချက်ရရေးအတွက် အထွတ်အမြတ်ဘုန်းတော်ကြီးကို တွေ့ဆုံသည့်အခါ ကွာရှင်းပြီးသည့်တိုင်အောင် သူက နှောင့်ယှက်လိမ့်မည်ဟု တွေးမိသွားခြင်းပင်။
သမိုင်းတစ်လျှောက်တွင် ကွာရှင်းပြီးနောက် နောက်အိမ်ထောင်ပြုသည့် ဧကရီ သို့မဟုတ် မိဖုရား တစ်ဦးတစ်ယောက်မျှ မရှိခဲ့ဖူးပေ။
တော်ဝင်မိသားစုဝင်က မှူးမတ်အနွယ်တော်နှင့် လက်ထပ်မည်ဆိုလျှင် အဘက်ဘက်မှ ပတ်သက်မှုများ ရှုပ်ထွေးသွားနိုင်သောကြောင့်ပင်။
ဆိုဗီရ်ရှုက ဤအဖြစ်ကို မလိုလား၍ ကျွန်မ၏ နောက်အိမ်ထောင်ပြုခြင်းကို တားဆီးပေလိမ့်မည်။
ထို့ကြောင့် အရာအားလုံး အနှောင့်အယှက်မရှိ ချောမွေ့စေရန်အတွက်၊ အထွတ်အမြတ်ဘုန်းတော်ကြီး ကွာရှင်းမှုလုပ်ငန်းစဉ်များ ဆောင်ရွက်ရန် အရှေ့အင်ပါယာသို့ ရောက်ရှိလာချိန်၌ နောက်အိမ်ထောင်ပြုရန် ခွင့်ပြုချက်ကိုပါ တစ်ပါတည်း အတည်ပြုရယူထားလိုက်ခြင်းက ပို၍ ကောင်းမည်သာ။
ကျွန်မ ထိုအကြောင်းအရာအားလုံးကို စာထဲတွင် ရေးသားပြီးနောက်၊ စာအိတ်ထဲထည့်ကာ ချိပ်ပိတ်လိုက်သည်။
ချိပ်တံဆိပ်ပင် မခြောက်သေးမီ ဧည့်ခန်းသို့ ပြန်ထွက်လာခဲ့၏။
ရံရွေတော်များ၊ လက်ထောက်နှင့် ဆာ အာရ်တီနာတို့ အားလုံး ဧည့်ခန်းထဲတွင် ရှိနေဆဲပင်။
သူတို့အားလုံး၏ မျက်နှာတွင် စိုးရိမ်စိတ်များ အရိပ်ထင်နေကြသည်။
“ဆာ အာရ်တီနာ။”
“ဟုတ်ကဲ့၊ ဧကရီ အရှင်မ။”
“ဒါကို ဖာရ်အန်း မားကီးစ်ဆီ ပေးလိုက်၊ ပြီးတော့ ဒါကိုပါ အတူတူပို့ပေးဖို့ ပြောလိုက်ပါ။”
ကျွန်မ စာကို ဆာ အာရ်တီနာထံ ကမ်းပေးလိုက်သည်။
အခြား ရှင်းပြချက်များ မထည့်တော့ပေ။
ဖာရ်အန်း မားကီးစ်ဆိုလျှင် ဤမျှနှင့်တင် ကျွန်မက ဤစာကို စာပို့ငှက်မှတစ်ဆင့် ပို့ချင်နေကြောင်း သိပေလိမ့်မည်။
“ဟုတ်ကဲ့ပါ၊ ဧကရီ အရှင်မ။”
ဆာ အာရ်တီနာက စာကို လက်နှစ်ဖက်ဖြင့် တရိုတသေ လက်ခံရယူကာ အပြင်သို့ အမြန်ထွက်သွားလေသည်။
“ဧကရီ အရှင်မ။ တကယ်ပဲ ဘာတွေဖြစ်နေတာလဲဟင်။”
ဆာ အာရ်တီနာ ထွက်သွားသည်နှင့် ရံရွေတော်များက ပို၍ စိုးရိမ်တကြီး မေးမြန်းကြသော်လည်း… ကျွန်မ ပြောပြ၍ မဖြစ်သေးပေ။
လျှို့ဝှက်ချက်ဆိုသည်မှာ သိသူနည်းလေ ကောင်းလေပင်။
ယခင်က ဝတ်စုံနှင့် ပတ်သက်သည့်ကိစ္စ တစ်ကြိမ် ပေါက်ကြားခဲ့ဖူးသည်မဟုတ်ပါလား။
ဤကိစ္စက ဝတ်စုံကိစ္စထက် အဆပေါင်းများစွာ ပို၍အရေးကြီးသဖြင့်၊ တတ်နိုင်သမျှ သတိထားပြီး သိသူအနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရပေမည်။
“အားနာပါရဲ့။ နောက်မှပဲ… အားလုံး အဆင်ပြေသွားတဲ့အခါမှ ပြောပြပေးမယ်။”
ထို့နောက် ကျွန်မ အခန်းထဲတွင် အောင်းနေရင်း ဆာ အာရ်တီနာ ပြန်အလာကို စိုးရိမ်တကြီး စောင့်ဆိုင်းနေမိသည်။
ဖာရ်အန်း မားကီးစ်၏ အိမ်က မြို့တော်၏ အစွန်အဖျားတွင် ရှိ၏။
‘ဒါပေမဲ့ မြင်းစီးသွားရင်တော့ အကြာကြီး မကြာလောက်ပါဘူး။’
အသွားအပြန် အချိန်မည်မျှကြာမည်နည်း။
ကျွန်မ နာရီကို အကြိမ်ကြိမ် ပြန်ကြည့်နေမိရင်း၊ ဆာ အာရ်တီနာ ပြန်လာပြီး ‘ဖာရ်အန်း မားကီးစ်ဆီ စာကို ပေးအပ်ခဲ့ပါပြီ’ ဟူသည့် သတင်းကို စောင့်မျှော်နေမိသည်။
နောက်ဆုံးတွင် ဆာ အာရ်တီနာ ပြန်ရောက်လာတော့ ကျွန်မ ချက်ချင်း ထရပ်ကာ မေးလိုက်၏။
“ပေးခဲ့ပြီလား။”
သို့သော် ဆာ အာရ်တီနာ၏ အဖြေက ကျွန်မကို ထိတ်လန့်သွားစေခဲ့သည်။
“မပေးနိုင်ခဲ့ပါဘူး။”
“...”
“ဖာရ်အန်း မားကီးစ်က အိမ်မှာ မရှိပါဘူး၊ ဧကရီ အရှင်မ။”
“ဘယ်ကို သွားတယ်လို့ ပြောလဲ။”
“အိမ်တော်ထိန်း ပြောပြချက်အရဆိုရင်၊ သူငယ်ချင်းတစ်ယောက်ဆီ အလည်သွားမယ်ဆိုပြီး အထုပ်အပိုးတွေနဲ့ ထွက်သွားတာလို့ သိရပါတယ်။ ဒါပေမဲ့ ဘယ်ကို သွားတယ်ဆိုတာတော့ သူလည်း မသိပါဘူးတဲ့။”
အနောက်ဘုရင့်တိုင်းပြည်ကို သွားတာပဲ။
အစ်ကို့ဆီသွားတာဖြစ်ရမယ်။
“အနောက်ဘုရင့်တိုင်းပြည်ကို သွားတာဖြစ်လိမ့်မယ်။”
“အနောက်ဘုရင့်တိုင်းပြည်။”
“ပြီးခဲ့တဲ့ နာရီပိုင်းကမှ ငါ့ဆီ လာခဲ့တာဆိုတော့ အဝေးကြီး မရောက်လောက်သေးဘူး။ ဆာ အာရ်တီနာ၊ ဖာရ်အန်း မားကီးစ်နောက်ကို လိုက်သွားပြီး ဒီစာ ပေးပေးပါဦး။ ဆက်ဆက်ပေးနိုင်မှ ဖြစ်မှာမို့လို့။”
ဆာ အာရ်တီနာက အံ့အားသင့်သွားပုံရသော်လည်း၊ မကြာမီမှာပင် တည်ကြည်သော မျက်နှာထားဖြင့် နားလည်ပါပြီဟုဖြေကာ အပြင်သို့ ပြန်ထွက်သွားလေသည်။
ကျွန်မ အားအင်အားလုံး ကုန်ခမ်းသွားသလို ခံစားရပြီး ခုတင်ပေါ်တွင် ထိုင်ချလိုက်မိ၏။
ယခုမူ ဆာ အာရ်တီနာက ဖာရ်အန်း မားကီးစ်ကို မည်မျှမြန်မြန် လိုက်မီနိုင်မလဲဆိုသည့်အပေါ်တွင်သာ အရာအားလုံး မူတည်နေချေပြီ။
အထွတ်အမြတ်ဘုန်းတော်ကြီး ရောက်မလာခင် စာက ဟိုင်န်ရီဆီသို့ အရင်ရောက်သွားရမည်ဖြစ်၍…
ဖြစ်နိုင်ပါ့မလား။
~~~~
ထိုနေ့မှစ၍ ရက်ပိုင်းမျှကြာသည်အထိ ကျွန်မ၏စိတ်က လွင့်ပျံ့နေသလို ခံစားနေရသည်။
သို့သော် ယခင်ကထက် ပို၍ အလုပ်များနေ၏။
ပုံမှန် အစီအစဉ်များကြောင့် မဟုတ်ပေ။
ယခင်နှစ်များနှင့်ယှဉ်လျှင် ဤအချိန်က ပွဲလမ်းသဘင် မရှိသဖြင့် အားလပ်သည့် အချိန်ပင်။
ကျွန်မ အလုပ်များနေရခြင်းမှာ မကွာရှင်းမီ အပြီးသတ်ချင်သည့် အလုပ်များစွာ ရှိနေသောကြောင့်ဖြစ်၏။
ကျွန်မ၏နောက်တွင် ဧကရီဖြစ်လာမည့်သူက ရက်ရှ်တာပင်။
နေ့စဉ် လူထုနှင့် အခစားဝင်ခြင်းမျိုးကိုမူ သူလည်း ချက်ချင်း လုပ်နိုင်ပေလိမ့်မည်။
နန်းတော်၏ အသုံးစရိတ်များကို စီမံခန့်ခွဲခြင်းကလည်း…
စိုးရိမ်စရာဖြစ်သည့်တိုင် ဘယ်ရွန် လန့်တ်၏ အကူအညီကိုယူကာ ယခင်နမူနာများအတိုင်း လိုက်လုပ်လျှင် ဟန်မပျက် လုပ်နိုင်မည်သာ။
မျိုးဆက်များစွာ လက်ဆင့်ကမ်းလာသည့် နိုင်ငံတော်စီမံကိန်းများကိုလည်း ဆိုဗီရ်ရှုက ကူညီပေးပေလိမ့်မည်။
သို့သော် ကျွန်မ၏ ကိုယ်ပိုင်အသုံးစရိတ်ဖြင့် လည်ပတ်နေသည့် မိဘမဲ့ဂေဟာ၊ ဘိုးဘွားရိပ်သာ၊ တစ်ကိုယ်တော်မိခင်များ ထောက်ပံ့ရေးစင်တာ၊ အခမဲ့ဆေးရုံနှင့် ထမင်းချက်ရုံများက ပြဿနာပင်။
အကယ်၍ ကျွန်မ၏ အမည် သို့မဟုတ် ကျွန်မမိသားစု၏ အမည်နှင့် လည်ပတ်ခဲ့မည်ဆိုလျှင် ကွာရှင်းပြီးနောက်တွင်လည်း ဆက်လက် လုပ်ဆောင်နိုင်မည်ဖြစ်သည့်တိုင် ကျွန်မက တော်ဝင်မိသားစု၏ အမည်နှင့်သာ လည်ပတ်ခဲ့ခြင်းဖြစ်သည်။
အလှူငွေအများစုက ကျွန်မထံမှ လာသည်ဆိုသော်လည်း ဧကရီအဖြစ်မှ နုတ်ထွက်လိုက်သည်နှင့် တော်ဝင်မိသားစုပိုင် အဖွဲ့အစည်းများကို ကျွန်မက စီမံခန့်ခွဲပိုင်ခွင့် မရှိတော့ပေ။
ထိုအခါ ရက်ရှ်တာက ထိုနေရာများကို ဆက်လက် စီမံခန့်ခွဲရပေလိမ့်မည်။
သူက နှစ်စဉ် ကိုယ်ပိုင်ငွေများ အကုန်အကျခံကာ ထိုအဖွဲ့အစည်းများအား ဆက်လက် လည်ပတ်ပေးမည်လားဆိုသည်ကို မသိနိုင်ပေ။
ထို့အပြင် ရက်ရှ်တာထံ သွားရောက်ကာ ထိုအဖွဲ့အစည်းများကို အပ်ပါသည်ဟု အကူအညီတောင်းရန်လည်း မဖြစ်နိုင်ရာ၊ ကြိုတင်၍ နောင်နှစ်အနည်းငယ်စာ အသုံးစရိတ်များနှင့် စီမံခန့်ခွဲမှုများကို ပြင်ဆင်ထားခဲ့ရုံသာ ရှိတော့သည်။
‘နှစ်ပိုင်းလောက်ဆိုရင် ရက်ရှ်တာလည်း ဧကရီရဲ့ အလုပ်တွေကို အတိုင်းအတာတစ်ခုအထိ အသားကျသွားမှာပေါ့။’
သာမန်လူတန်းစားများက ရက်ရှ်တာကို ထောက်ခံအားပေးကြသည်။
သူ့ကို ချစ်မြတ်နိုးကြပြီး မျိုးရိုးအဆင့်အတန်းတံတိုင်းကို ကျော်လွှားနိုင်ခဲ့သည့် သူရဲကောင်းတစ်ဦးလို အမွှမ်းတင်ကြ၏။
ထိုသို့ ချစ်ခြင်းများကို ခံရသည်ဖြစ်ရာ၊ နှစ်ပိုင်းမျှကြာ၍ ဧကရီ၏ တာဝန်များကို ကျွမ်းကျင်လာလျှင် ရက်ရှ်တာလည်း ထိုအဖွဲ့အစည်းများကို ဂရုစိုက်လာပေလိမ့်မည်။
~~~~
ရက်ပိုင်းမျှကြာသည်အထိ ဆာ အာရ်တီနာကို စောင့်မျှော်နေခဲ့သော်လည်း၊ မမျှော်လင့်ဘဲ ရောက်လာသူက မြို့စားမင်း အယ်ရ်ဂီ ဖြစ်နေခဲ့သည်။
“အမ်း။ စိတ်မသက်မသာဖြစ်နေတာက သိသိသာသာ ပေါ်နေတာပဲ။”
‘ဒီလူက ဘာဖြစ်လို့ ငါ့ဆီ လာရတာလဲ’ ဟူသည့် အကြည့်ဖြင့် ကြည့်လိုက်တော့ မြို့စားမင်း အယ်ရ်ဂီက တဟားဟားရယ်ရင်း အေးရာအေးကြောင်းပင် ဝတ်ရုံကိုချွတ်ကာ ထိုင်ခုံနောက်မှီတွင် ချိတ်ထားလေ၏။
သူနှင့် စကားပြောစရာ မရှိသော်လည်း၊ ကျွန်မက ဧကရီဖြစ်နေဆဲဖြစ်သလို သူက ကျွန်မတို့တိုင်းပြည်တွင် တည်းခိုနေသည့် ဂုဏ်သရေရှိ ဧည့်သည်တော်တစ်ဦးပင်။
ကျွန်မကိုယ်တိုင်လည်း သူ့ထံ အကြောင်းမဲ့ သွားရောက်ခဲ့ဖူးသဖြင့်၊ ဟန်ဆောင်ပြုံးကာ မေးလိုက်၏။
“ဘာကိစ္စရှိလို့ ရောက်လာတာလဲ။”
မြို့စားမင်း အယ်ရ်ဂီက ပြန်မဖြေဘဲ ကျွန်မစားပွဲပေါ်မှ စာရွက်စာတမ်းများကိုကြည့်ကာ နှာခေါင်းရှုံ့ခဲ့သည်။
“ဘာလို့ ဒီလောက်တောင် စာရွက်စာတမ်းတွေ များနေတာလဲဗျ။”
“ဒီအတိုင်း… အလုပ်ကိစ္စတွေလေ။”
“အလုပ်တွေကို တစ်ယောက်တည်း လုပ်နေတာလားဗျ။ လက်ထောက်တွေရော။”
ပုံမှန်ဆိုလျှင် အတူတူလုပ်ကြမည်ဖြစ်သော်လည်း၊ နောင်လာမည့် နှစ်ပိုင်းစာ အလုပ်များကို ကြိုတင်စီစဉ်နေသည်ဆိုလျှင် လက်ထောက်များက သံသယဝင်သွားနိုင်သဖြင့် ကြိတ်မှိတ်ကာ တစ်ယောက်တည်း လုပ်နေရခြင်းပင်။
ပြန်မဖြေဘဲ ဘာကိစ္စရှိလို့လဲဟု ထပ်မံမေးမြန်းလိုက်တော့ မြို့စားမင်း အယ်ရ်ဂီက နှုတ်ခမ်းကို တင်းတင်းစေ့ကာ ကျွန်မကိုသာ စိုက်ကြည့်နေလေသည်။
“မြို့စားမင်း။”
ဘာလို့ အဲ့ဒီလိုကြည့်နေတာလဲဟု ထပ်မေးလိုက်တော့ သူက တစ်ချက် ခေါင်းမော့ကာ မျက်နှာကြက်ကို ကြည့်လိုက်ပြီးနောက် ခေါင်းကို အမြန် ပြန်ငုံ့သွား၏။
“ကျွန်တော့်ကို အပြစ်ရှိစိတ်တွေနဲ့ သတ်ပစ်ချင်နေတာကိုး။”
“အပြစ်ရှိစိတ်။”
ဘာစကားလဲဟ။
နားမလည်ဘဲ ကြည့်နေစဉ်၊ မြို့စားမင်း အယ်ရ်ဂီက လက်တစ်ဖက်ဖြင့် ခေါင်းကိုထောက်ကာ ကျွန်မကို ပြန်ကြည့်နေခဲ့သည်။
ထိုအတိုင်း အတန်ကြာပြီးနောက်၊ မြို့စားမင်း အယ်ရ်ဂီက ကျွန်မ သူ့အိပ်မက်ထဲအထိ ပါလာလိမ့်မည်ဟုဆိုကာ ထရပ်၍ နှုတ်ဆက်ပြီး ထွက်သွားတော့၏။
‘ဘာဖြစ်လို့ အဲ့ဒီလိုလုပ်တာပါလိမ့်။’
သူ၏ အပြုအမူကို နားလည်ရခက်သော်လည်း၊ အနောက်မှ လိုက်သွားကာ ဘာစကားလဲဟု မေးနေရန် အချိန်မရှိပေ။
ဆာ အာရ်တီနာ ရောက်မလာမီ၊ မကွာရှင်းမီ၊ အထွတ်အမြတ် ဘုန်းတော်ကြီး ရောက်မလာမီ အပြီးသတ်ရမည့် အလုပ်များက များပြားလှသဖြင့် တစ်ညလုံး မအိပ်ဘဲလုပ်သည့်တိုင် မလောက်နိုင်အောင်ပင်။
ကျွန်မ နယ်စားကတော်ကြီး အယ်လီဇာကို အဆာပြေစာ ယူလာပေးရန် အကူအညီတောင်းပြီးနောက် စားပွဲတွင် ပြန်ထိုင်လိုက်သည်။
ယခု ဆုတောင်းနေမိသည်က ဆာ အာရ်တီနာ အထွတ်အမြတ် ဘုန်းတော်ကြီးထက် အရင်ရောက်ရှိသွားပါစေဟူ၍ပင်…
သို့သော် နောက်တစ်နေ့၌။
နန်းတော်သို့ ရောက်ရှိလာသူက အထွတ်အမြတ်ဘုန်းတော်ကြီး ဖြစ်နေ၏။
ဆာ အာရ်တီနာထံမှ သတင်းကမူ ယခုအထိ အစအနပင် မရှိသေးပေ။
နှစ်သစ်ကူးပွဲတော် ဖိတ်ကြားမှုကိုပင် ငြင်းပယ်ခဲ့သော အထွတ်အမြတ် ဘုန်းတော်ကြီး မမျှော်လင့်ဘဲ ရောက်ရှိလာမှုအပေါ် လူအများက အံ့ဩတကြီး တီးတိုးပြောဆိုနေကြသည်။
အရေးကြီးသည့် ကိစ္စများရှိမှသာ လာရောက်လေ့ရှိသူ ရုတ်တရက် ပေါ်လာသဖြင့် ဘာများဖြစ်သနည်းဟု စိုးရိမ်နေကြပုံပင်။
သို့သော် အထွတ်အမြတ် ဘုန်းတော်ကြီးက နန်းတော်သို့ ရောက်သည်နှင့် ဘာမှမပြောဘဲ ဆိုဗီရ်ရှုထံသို့သာ အရင် သွားရောက်ခဲ့သည်။
သူတို့နှစ်ဦး တံခါးပိတ်ကာ စကားပြောနေကြသည်ဟူသော သတင်းကို ကြားရတော့ ကျွန်မ ပြိုလဲလုမတတ် ဖြစ်နေသည့်စိတ်ကို အားတင်းကာ ထိန်းချုပ်လိုက်၏။
ဘာမှမဖြစ်ဘူး။
ဆိုဗီရ်ရှုက နောက်အိမ်ထောင်ပြုရန် လျှောက်ထားမှုကို နှောင့်ယှက်ကောင်း နှောင့်ယှက်နိုင်လိမ့်မည်ဆိုသော်လည်း နည်းလမ်းတစ်ခုခုတော့ ရှိမည်ပင်။
ဟိုင်န်ရီသာ လက်ထပ်ခွင့်တောင်းဆိုမှုကို မငြင်းပယ်လျှင် သို့မဟုတ် စိတ်မပြောင်းဘူးဆိုလျှင် မည်သို့ပင်ဖြစ်စေ ကျော်ဖြတ်သွားနိုင်၏။
ကွာရှင်းခွင့်ကို အတည်ပြုချိန်တွင် နောက်အိမ်ထောင်ပြုရန်ကိုပါ တစ်ပါတည်း လျှောက်ထားရန် မလိုပေ…
~~~~
အထွတ်အမြတ် ဘုန်းတော်ကြီးက ဇနီးမောင်နှံမဖြစ်မီ ကလေးဘဝမှ ဆိုဗီရ်ရှုနှင့် နာဗီရယ်ကို မှတ်မိနေခဲ့သည်။
တော်ဝင်မိသားစုဝင်များက နန်းမွေဆက်ခံခွင့် အဆင့်မြင့်သည်နှင့်အမျှ၊ ငယ်ရွယ်စဉ်မှာပင် လက်ထပ်ရလေ့ရှိသော်လည်း၊ ဤကလေးနှစ်ယောက်ကမူ ထိုအထဲတွင်ပင် အထူးတလည် ငယ်ရွယ်သူများ ဖြစ်ကြ၏။
ထို့အပြင် နှစ်ယောက်စလုံးက အင်မတန် ချစ်စရာကောင်းသည့် ရုပ်ရည်ရှိသဖြင့် မမှတ်မိဘဲ မနေနိုင်ခဲ့ပေ။
အထွတ်အမြတ် ဘုန်းတော်ကြီးက လက်ထပ်စာချုပ် ရေးထိုးပေးစဉ်တွင်ပင် သူတို့ကို ‘စာကလေး ဇနီးမောင်နှံ’ ဟု ဆိုကာ တစ်ချိန်လုံး နောက်ပြောင်ခဲ့သလို၊ သတို့သားလေးနှင့် သတို့သမီးလေးကလည်း ‘သူက စာကလေး၊ ငါက လင်းယုန်’၊ ‘ငါက လင်းယုန်၊ သူက စာကလေး’ ဟု ဆိုကာ အချင်းချင်း ငြင်းခုံခဲ့ကြသည်။
တကယ်ပင် ချစ်စရာကောင်းလှ၏။
လက်ချင်း မြဲမြဲဆုပ်ကိုင်ထားသည့် ကလေးငယ်နှစ်ဦးက မျက်လုံးချင်း ဆုံမိတိုင်း ပြုံးရယ်နေကြသည်။
ဧည့်ခံပွဲတစ်လျှောက်လုံးတွင်လည်း ထိုနှစ်ဦးက တစ်ပူးတွဲတွဲ ရှိနေခဲ့၏။
ငယ်ရွယ်သော နာဗီရယ်က ရှူးဖိနပ်ကို ကြာရှည်စီးထားသဖြင့် ခြေထောက်နာလာတော့ သတို့သားလေး ဆိုဗီရ်ရှုက သတို့သမီးလေးကို ကျောပိုးထားရာ လူအများ၏ ရယ်မောမှုကို ခံခဲ့ရသည်။
အထွတ်အမြတ် ဘုန်းတော်ကြီးလည်း ဤဇနီးမောင်နှံ၏ အနာဂတ်တွင် ပျော်ရွှင်မှုများဖြင့်သာ ပြည့်နှက်နေလိမ့်မည်ဟု ယုံကြည်ခဲ့၏။
သို့သော် ယခုမူ ကွာရှင်းကြမည်တဲ့လား။
ကွာရှင်းကြမယ်တဲ့။
သူက နန်းတော်ထဲသို့ ဝင်သည်နှင့် ဆိုဗီရ်ရှုကို ချက်ချင်း တွေ့ဆုံခဲ့သည်။
တံခါးပိတ်သွားပြီး အခန်းထဲတွင် နှစ်ဦးတည်းသာ ကျန်ရှိတော့သောအခါ အထွတ်အမြတ် ဘုန်းတော်ကြီးက အံ့ဩတကြီး မေးလိုက်၏။
“ဧကရာဇ် ဆိုဗီရ်ရှု။ ဒါက တကယ်ပဲ ဘာစကားလဲ။ ကွာရှင်းမယ်ဆိုတာက ဘာလဲ။”
လက်ထပ်စာချုပ် ချုပ်စဉ်က သတို့သမီး၏လက်ကို မြဲမြဲဆုပ်ကိုင်ထားခဲ့သော သတို့သားလေးက ယခုမူ အရပ်ရှည်ကာ ခံ့ညားထည်ဝါသော အမျိုးသားတစ်ဦး ဖြစ်နေပေပြီ။
လက်တင်ကုလားထိုင်ပေါ်တွင် ပေါ့ပေါ့ပါးပါး ချိတ်ထားသည့် ခြေတံများက ရှည်လျားကာ ဧကရာဇ်ဝတ်စုံကို ဝတ်ဆင်ထားသည့် ကိုယ်ဟန်ကလည်း ကြည့်ကောင်းလှ၏။
အနောက်သို့ သေသပ်စွာ သပ်တင်ထားသည့် ဆံနွယ်များအောက်တွင် ပေါ်လွင်နေသော မျက်နှာက နဖူးမှ လည်ပင်းအထိ အံ့ဩစရာကောင်းလောက်အောင် ပြေပြစ်နေကာ အသေအချာ ထုဆစ်ထားသည့် ဘုရားကျောင်းရှိ ကျောက်ဆစ်ရုပ်တုလို ထင်မှတ်ရသည်။
သို့သော် အေးစက်ပြီး အာဏာစက်ပြင်းလှသည့် လှပသော ပြည့်ရှင်တစ်ပါး၏ ပုံရိပ်ထဲတွင် သူ၏ သတို့သမီးကို ဂရုစိုက်ခဲ့သည့် သတို့သားလေး၏ ပုံရိပ်ကလည်း ကျန်ရှိနေဆဲပင်။
“ငါ မှားကြည့်မိတာလို့ပဲ ပြောပေးစမ်းပါ။”
အထွတ်အမြတ် ဘုန်းတော်ကြီးက သူ၏မျက်နှာချင်းဆိုင်ရှိ ထိုင်ခုံတွင် ထိုင်ရင်း စိတ်ရင်းဖြင့် ပြောခဲ့သည်။
သို့သော် ဆိုဗီရ်ရှုက သူ၏ မျှော်လင့်ချက်ကို ပြတ်သားစွာပင် ရိုက်ချိုးလိုက်၏။
“အမှန်ပါပဲ။ ကျွန်တော် ဧကရီနဲ့ ကွာရှင်းဖို့ ဆုံးဖြတ်ထားပါတယ်။”
“ဧကရာဇ် ဆိုဗီရ်ရှု။”
“ကွာရှင်းခွင့် တောင်းခံလွှာကို ဖတ်ကြည့်ပြီးပြီလားဗျ။”
“ဖတ်ပြီးပြီ။ ဒါပေမဲ့ ဒါက ဧကရီရဲ့အမှား မဟုတ်ဘူးလေ။”
“ဧကရီရဲ့ အမှားမဟုတ်ပေမဲ့ ဧကရီကို အကြောင်းပြုပြီး ဖြစ်ပျက်နေတဲ့ ကိစ္စတွေပါ။”
“ဧကရီက…”
“ခိုရှာရ်ကို သူ မထိန်းချုပ်နိုင်ပါဘူး။”
“မြုံနေတယ်ဆိုတာကရော။ ဒီမှာရေးထားတဲ့ မြုံနေတဲ့ကိစ္စက တကယ်ပဲ ဘာလဲ။”
ဆိုဗီရ်ရှု၏မျက်နှာ ညှိုးမှိုင်သွားသည်။
အထွတ်အမြတ် ဘုန်းတော်ကြီးက တင်းမာစွာ ပြောလာ၏။
“ဧကရီကို မြုံနေတယ်လို့ စွပ်စွဲမယ်ဆိုရင်၊ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိမှဖြစ်မယ်။”
“……ဘုန်းတော်ကြီးအနေနဲ့လည်း ဒီကိစ္စကို လျှို့ဝှက်ထားပေးမှဖြစ်ပါမယ်။”
အထွတ်အမြတ် ဘုန်းတော်ကြီးက မြုံနေသည်ဆိုသည့်စကားကို ဆင်ခြေတစ်ခုမျှသာဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့၏။
ငယ်ရွယ်သော်လည်း နှစ်အနည်းငယ်ကြာသည်အထိ ကိုယ်ဝန်မရသဖြင့် သံသယဖြစ်စရာရှိသည်မှာ မှန်သော်လည်း၊ ထိုမှတစ်ပါး အခြား ခိုင်လုံသော အကြောင်းပြချက် မရှိနိုင်ဟု ယူဆခဲ့သည်။
သို့သော် ဆိုဗီရ်ရှုတွင်မူ ထိုကိစ္စနှင့် ပတ်သက်သည့် အကြောင်ရင်းတစ်စုံတစ်ရာ ရှိနေသည့်ပုံပင်။
အထွတ်အမြတ် ဘုန်းတော်ကြီးလည်း စိုးရိမ်စိတ်ဝင်လာတော့၏။
ဆိုဗီရ်ရှုက အတန်ကြာအောင် ဝေခွဲမရဖြစ်နေရာမှ လေးလံသော လေသံဖြင့် စတင်ပြောဆိုလာတော့သည့်။
“ကျွန်တော် အိမ်ရှေ့စံဘဝက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်ပါ……”
~~~~
ကြီးကျယ်သော ပွဲလမ်းသဘင်ကြီးတစ်ခု ကျင်းပရန် နီးကပ်နေချိန်တွင် အိမ်ရှေ့စံ ကြင်ရာတော်လေးခမျာ အစားအသောက်ကို တင်းကျပ်စွာ ကန့်သတ်ခံနေရသည်။
“ဗိုက်သားလေးက စကတ်အောက်မှာ ဖုံးနေတာပဲမဟုတ်ဘူးလား။ ဟင့်အင်း၊ နည်းနည်းလေး ဝနေရင်လည်း ချစ်စရာကောင်းတာပဲမဟုတ်လား။”
ဆိုဗီရ်ရှုက ပွဲစီစဉ်သည့် အရာရှိကို ကန့်ကွက်ခဲ့သော်လည်း အရာရှိက ပြတ်သားစွာပင် မရပါဟု ငြင်းဆိုခဲ့သည်။
အိမ်ရှေ့စံဇနီးမောင်နှံ၏ ပုံရိပ်ကို လူအများအား ပြသရမည်ဖြစ်ပြီး၊ လူအပေါင်းက ငယ်ရွယ်နုနယ်သည့် ဇနီးမောင်နှံကို ကြည့်ရှုရန် အရပ်ရပ်မှ စုရုံးလာကြမည်ဖြစ်ရာ၊ အိမ်ရှေ့စံ ဇနီးမောင်နှံက တတ်နိုင်သမျှ ပြီးပြည့်စုံပြီး ပန်းချီကားတစ်ချပ်လို လှပနေရမည်ဟုဆို၏။
“အရှင့်သားလည်း သတိလက်လွတ်နေလို့မဖြစ်ပါဘူး။”
ဓားရေး၊ ကိုယ်ခံပညာ၊ စစ်သည်တော်များနှင့်အတူ လေ့ကျင့်ချိန်၊ မြင်းစီးခြင်း စသည်ဖြင့် တစ်နေ့လျှင် ၄ နာရီနီးပါး လေ့ကျင့်ခန်းလုပ်နေသော ဆိုဗီရ်ရှုလည်း ပုံမှန်ထက် အစားအသောက် လျှော့စားနေရသည့် အခြေအနေပင်။
တာဝန်ခံအရာရှိက အိမ်ရှေ့စံ ဇနီးမောင်နှံ၏ လှပသော အသွင်အပြင်ကို မည်သည့်အကြောင်းနှင့်မျှ အလျှော့ပေးရန် အစီအစဉ်မရှိပေ။
‘နာဗီရယ်က စားသောက်ရတဲ့အားနဲ့ ရှင်သန်နေတဲ့သူကို။’
နောက်ဆုံးတွင် ဆိုဗီရ်ရှုလည်း မိခင်ဖြစ်သူထံ နားပူနားဆာလုပ်ရန် ဆုံးဖြတ်ကာ ဧကရီ၏ အခန်းသို့ သွားရောက်ခဲ့သည်။
မိခင်ဖြစ်သူက အခန်းထဲတွင် မရှိပေ။
သို့သော် စားပွဲပေါ်ရှိ သေတ္တာထဲတွင် အင်မတန် စားချင်စဖွယ်ကောင်းသော ကွတ်ကီးများ ရှိနေ၏။
တစ်စုံတစ်ဦးကို လက်ဆောင်ပေးရန် ပြင်ဆင်ထားခြင်းလားမသိ၊ သေတ္တာကို တလက်လက်တောက်နေသည့် စက္ကူများ၊ ပိုးဖဲကြိုးများဖြင့် တစ်ဝက်တစ်ပျက် ထုပ်ပိုးထားသည်။
ဆိုဗီရ်ရှုကို လက်ဖက်ရည်တည်ခင်းရန် ထွက်သွားသည့် ရံရွေတော်က စောစောကအထိ ယင်းတို့ကို ထုပ်ပိုးနေခဲ့ပုံပင်။
အခြားသူကိုပေးမည့်လက်ဆောင်။
ပုံမှန်ဆိုလျှင် လက်ဖျားနှင့်ပင် လုံးဝ ထိမည်မဟုတ်ပေ။
သို့သော် ယခုမူ…
ဆိုဗီရ်ရှု ဘေးဘီကို ဝေ့ကြည့်လိုက်သည်။
ရံရွေတော်က ပြန်မလာသေးပေ။
ဆိုဗီရ်ရှု ကွတ်ကီးများကို ချက်ချင်းယူကာ အပြင်သို့ ထွက်ပြေးလာခဲ့တော့၏။
“အိမ်ရှေ့စံ အရှင့်သား။”
လက်ဖက်ရည်အိုးကို ကိုင်ဆောင်လာသည့် ရံရွေတော်က အလန့်တကြား လှမ်းခေါ်ခဲ့သော်လည်း ဆိုဗီရ်ရှုကမူ ဘာမှပြန်မပြောဘဲ ထွက်ပြေးသွားခဲ့သည်။
သူက ထိုလမ်းအတိုင်း နာဗီရယ်ထံသို့ တိုက်ရိုက် သွားရောက်ခဲ့၏။
နာဗီရယ်က သူ့အခန်းထဲတွင် စာအုပ်အထူကြီးတစ်အုပ်ကို ရှေ့တွင်ချကာ ဖတ်ရှုနေသည်။
“နာဗီရယ်။”
ဆိုဗီရ်ရှု ဝင်လာသည်နှင့် နာဗီရယ်က ပြုံးရွှင်စွာဖြင့် သူ့ထံသို့ ပြေးလာ၏။
“အရှင့်သား။”
ဆိုဗီရ်ရှုက တံခါးကို ပိတ်လိုက်ကာ နာဗီရယ်ကို ထောင့်တစ်နေရာတွင် ထိုင်စေပြီး ခိုးလာသည့် ကွတ်ကီးထုပ်ကို ဖြေလိုက်သည်။
“ဒါ ဘာတွေလဲဟင်။”
“စားရအောင်။”
“စားလို့ရပါ့မလား။ ရမှာပါ။”
ဗိုက်အတော်ဆာနေပုံရသည့် နာဗီရယ်က သူ့ဘာသာ နိဂုံးချုပ်ပြီး လက်ကို ချက်ချင်း လှမ်းခဲ့သည်။
ထို့နောက် ကွတ်ကီးကို ပါးစပ်ထဲထည့်ကာ ဝါးစားရင်း ပြုံးပြုံးလေးနှင့် ဆိုဗီရ်ရှုကို ပြောလာ၏။
“အရှင့်သားလည်း သုံးဆောင်ပါဦး။”
“မင်းပဲ စား။ ငါက အဆင်ပြေတယ်။”
“အရှင့်သားလည်း ဗိုက်ဆာနေတာပဲမဟုတ်လား။ အဆာပြေမုန့်တွေ အကုန်လုံး အဖြတ်ခံထားရတယ်လို့ ကြားတာကို။”
“……”
“ဒါတွေကို တစ်ယောက်တည်း အကုန်စားလိုက်ရင် အစားလျှော့စားထားတဲ့ အကျိုးသက်ရောက်မှု ပျောက်သွားပြီး ချက်ချင်း သိသာသွားမှာပေါ့။”
ပြောပြီးသည်နှင့် နာဗီရယ်က ကွတ်ကီးတစ်ချပ်ကိုယူကာ ဆိုဗီရ်ရှု၏ ပါးစပ်ထဲသို့ ထည့်ပေးခဲ့သည်။
ကလေးနှစ်ဦး ကွတ်ကီးများကို ချစ်ချစ်ခင်ခင် ခွဲဝေစားသောက်ခဲ့ကြပြီး၊ ဆိုဗီရ်ရှုတစ်ယောက် နာရီပိုင်းအကြာတွင် မိခင်ဖြစ်သူထံ၌ မိသွားသဖြင့် အကြီးအကျယ် အဆူခံရတော့၏။
ဧကရီက ထူးဆန်းလောက်အောင်ပင် မျက်နှာဖြူဖျော့သွားကာ ဒေါသတကြီး အော်ဟစ်ခဲ့သည်။
“အဲ့ဒီကွတ်ကီးတွေက နယ်စားကတော် ဆိုဖီယာကိုပေးဖို့ ပြင်ထားတာဟဲ့။”
နယ်စားကတော် ဆိုဖီယာက ခမည်းတော်၏ အချစ်ဆုံး ချစ်သူပင်။
သူ့ကို မုန်းတီးသော ဆိုဗီရ်ရှုက မျက်နှာစူပုပ်ကာ ပြောလိုက်သည်။
“ထပ်လုပ်ပြီး ပေးလိုက်ရင် ရတာပဲကို။ နေပါဦး၊ မယ်မယ်က ဘာဖြစ်လို့ အဲ့ဒီမိန်းမကို တကူးတက မုန့်ပေးရတာလဲ။”
ဧကရီက အတုန်တုန်အယင်ယင်ဖြင့် နောက်ဆုံးတွင် ပွင့်ပွင့်လင်းလင်းပင် မေးမြန်းတော့သည်။
“အဲ့ဒီထဲမှာ ကိုယ်ဝန်ဖျက်ဆေးတွေပါတယ်။ အဓိက အာနိသင်က ကိုယ်ဝန်ဖျက်ဆေးဆိုပေမဲ့၊ မြုံစေတဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိတယ်လို့။”
ဆိုဗီရ်ရှုလည်း အထိတ်တလန့်နှင့် မျက်လုံးအဝိုင်းသား ဖြစ်သွားတော့သည်။
“အိမ်ရှေ့စံ။ ဖြေစမ်း။ အဲ့ဒီကွတ်ကီးတွေ… စားလိုက်ပြီလား။”
ဧကရီက စိုးရိမ်တကြီး မေးလာသည်။
ဆိုဗီရ်ရှု ကြောင်အမ်းအမ်းဖြင့် ခေါင်းညိတ်ပြလိုက်မိ၏။
ဧကရီက ရှိုက်ကြီးတငင် ငိုကြွေးကာ ထပ်မံမေးမြန်းခဲ့ပြန်သည်။
“အိမ်ရှေ့စံ ကြင်ရာတော်ဆီ သွားခဲ့တယ်ဆို။ ဧကန္တ… အတူတူ စားခဲ့ကြတာလား။”
အလိမ်အညာက ချက်ချင်းပင် ထွက်သွားခဲ့သည်။
“တစ်ယောက်တည်းပဲ စားလိုက်တာပါ။”
ငယ်သေးသော်လည်း ဤအမှန်တရားကို လျှို့ဝှက်ထားရမည်မှန်း ကျိန်းသေပေါက် သိနေခဲ့သည်။
ဆိုဗီရ်ရှု အတုန်တုန်အယင်ယင်ဖြင့် လိမ်ပြောလိုက်မိ၏။
“အတူတူ စားရအောင်လို့ ပြောခဲ့ပေမဲ့၊ နာဗီရယ်က အဲ့ဒီလိုလုပ်လို့ မဖြစ်ဘူးဆိုပြီး မစားခဲ့ပါဘူး။”
~~~~
Miel’s Translations
Morning Star website နဲ့ telegram paid group မှာ အပိုင်း ၁၉၅ အထိ ဖတ်လို့ရပါပြီ။
Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။