အပိုင်း ၈၉ (သတင်းဖြန့်သူနှင့် အမြတ်ထုတ်သူ)
လွန်ခဲ့သော ရက်ပိုင်းက လေဒီ ရီဗယ်တီနှင့် အခြားသော သခင်မလေးများကို ပြန်လွှတ်လိုက်စဉ် မကြာမီ လက်ဖက်ရည်ပါတီလေးတစ်ခု ကျင်းပမည်ဟု ကျွန်မ ကတိပေးခဲ့သည်။
ထိုကတိကို တည်စေရန်အတွက် ထိုနေ့က လာခဲ့သော သခင်မလေးများထံသို့ ဖိတ်စာများ ပေးပို့လိုက်၏။
အမှန်တော့ နှစ်စဉ် ဤအချိန်မျိုးတွင် သခင်မလေးများကို ဖိတ်ကြားကာ လက်ဖက်ရည်ပါတီ ကျင်းပလေ့ရှိသဖြင့် ရီဗယ်တီအား တက်ရောက်စေခြင်းကို ဆိုဗီရ်ရှုအနေနှင့် အပြစ်ရှာရန် အကြောင်းမရှိပေ။
များသောအားဖြင့် အနီးအနားတွင် နေထိုင်သော သခင်မလေးများကိုသာ ဖိတ်စာပို့လေ့ရှိကာ ရီဗယ်တီသည်လည်း မကြာသေးမီကမှ ထိုအနီးအနားသို့ ပြောင်းရွှေ့လာခဲ့သူ မဟုတ်ပါလား။
ရက်ရှ်တာကမူ မှူးမတ်အနွယ်တော် မဟုတ်သည့်အတွက် ကျိန်းသေပေါက် ဖိတ်ကြားခြင်းမခံရပေ။
လက်ဖက်ရည်ပါတီ ကျင်းပသည့်နေ့တွင် ရီဗယ်တီက ကပွဲတက်လာသလို အလွန်အမင်း ပြင်ဆင်လာခဲ့သဖြင့် တဒင်္ဂ ကျီစယ်စနောက်ခြင်း ခံခဲ့ရသော်လည်း ယေဘုယျအားဖြင့် အခြားသော သခင်မလေးများနှင့် ကောင်းကောင်း အဆင်ပြေခဲ့သည်။
ပါတီတစ်ခုလုံးတွင် ပျော်ရွှင်ကြည်နူးဖွယ် အငွေ့အသက်များသာ လွှမ်းမိုးနေခဲ့၏။
လက်ဖက်ရည်ပါတီ ပြီးဆုံးသွားပြီးနောက် သခင်မလေးများ အားလုံး ပြန်သွားကြသော်လည်း ကျွန်မ ရီဗယ်တီတစ်ယောက်တည်းကိုသာ တမင်ချန်ထားခဲ့ကာ အတူတူ လမ်းလျှောက်ရန် ကမ်းလှမ်းလိုက်သည်။
“ကျွန်... ကျွန်မက အဲ့ဒီလိုလုပ်ခွင့် ရှိလို့လားဟင်။”
ရီဗယ်တီက သနားစရာကောင်းလောက်အောင် တဆတ်ဆတ်တုန်ယင်ရင်း မေးလာသည်။
သို့သော် ကျွန်မ စိတ်ပြောင်းသွားမည်စိုးသည့်အလား ချက်ချင်းပင် လုပ်ပါ့မယ်ဟု အော်ပြောကာ ကျွန်မအနားသို့ သုတ်သီးသုတ်ပျာ ကပ်လာ၏။
ကျွန်မတို့ အနောက်နန်းဆောင်မှစတင်ကာ ငွေဥယျာဉ်သို့ ဆက်သွယ်ထားသော လမ်းကလေးအတိုင်း လမ်းလျှောက်ခဲ့ကြသည်။
ရက်ရှ်တာဖြစ်စေ၊ ရင်မ်ဝဲလ်နယ်မြေနှင့် ပတ်သက်သော ကိစ္စများကိုဖြစ်စေ တမင် မမေးမြန်းခဲ့ပေ။
ဗိုင်းကောင့် လိုတဲရှုက သူ့ကို နှုတ်ပိတ်ခိုင်းထားသည်ဆိုပါက အလကားနေရင်း သံသယကို နှိုးဆွရန်မလိုသောကြောင့်ပင်။
“ကျွန်... ကျွန်မဆီမှာ ဧကရီအရှင်မရဲ့ ပုံတူပန်းချီကား ရှိပါတယ်။”
“ငါ့ရဲ့ ပုံတူပန်းချီကားပေါ့လေ။ တကယ်ပဲလား။”
“ဟုတ်ပါတယ်။ အဲ့ဒါက... ဟုတ်ကဲ့။ ဝယ်ထားတာပါ။”
“အဲ့ဒီလိုဟာတွေ ရောင်းတယ်ပေါ့လေ။”
“လူကြိုက်အရမ်းများတာပါ။ ကျွန်မကတော့ ထွက်လာသမျှ ပုံစံအမျိုးမျိုးကို အကုန်ဝယ်ပစ်၊ အာ...”
“ပုံစံအမျိုးမျိုးကို ဝယ်တယ်ဆိုတော့ တစ်ပုံတည်းရှိတာ မဟုတ်ဘူးပေါ့။”
“အဲ့... အဲ့ဒါက...”
“ငါးပုံလား။”
“...”
“ဆယ်ပုံလား။”
“...”
ရီဗယ်တီက မျက်နှာတစ်ခုလုံး နီမြန်းလျက် ‘ဆယ့်ငါးပုံ’ ဟု တီးတိုးရေရွတ်နေရာမှ ငိုတော့မည့် မျက်နှာလေးဖြင့် ဝန်ခံခဲ့သည်။
“ပုံသုံးဆယ်ပါ။”
“တကယ်ပဲ ငါ့ရဲ့ ပုံတူပန်းချီကား ပုံသုံးဆယ်တောင် ရှိတာလား။”
ကျွန်မ အံ့ဩတကြီး မေးလိုက်တော့ ရီဗယ်တီတစ်ယောက် နားရွက်များအထိ နီရဲသွားကာ မသဲမကွဲ ရေရွတ်ခဲ့သည်။
“ကျွန်မက လုံးဝ ထူးဆန်းတဲ့ကလေး မဟုတ်ပါဘူးရှင့်။”
“ထူးဆန်းတယ်လို့လည်း မမြင်ပါဘူး။”
ချစ်ဖို့ကောင်းလွန်းသဖြင့် ကျွန်မ ရယ်လိုက်တော့မှ ရီဗယ်တီလည်း စိတ်အေးသွားသည့်ပုံစံမျိုး ဖြစ်သွားတော့၏။
သို့သော် ပြောလိုက်မိသည်ကို နောင်တရနေသည့်အလား မျက်ဝန်းအိမ်တွင် မျက်ရည်များ ဝိုင်းနေဆဲပင်။
“တကယ် ထူးဆန်းတယ်ဆိုပြီး မမြင်တာမို့လို့ မငိုနဲ့။ ဟုတ်ပြီလား။”
“ဟို... ဟုတ်၊ ဟုတ်ကဲ့ပါ။”
“ငိုတတ်တဲ့ မိန်းကလေးပဲ။ တကယ် ဘာမှမဖြစ်ပါဘူးဆို။”
“ဟုတ်ကဲ့... ဒါပေမဲ့ ဟို၊ ပုံတူပန်းချီကားတွေက ဧကရီအရှင်မလောက်တော့ မလှပါဘူး။”
စကားများ အပြန်အလှန်ပြောရင်း လမ်းလျှောက်နေစဉ်မှာပင် တောင်နန်းဆောင်ရှိ အခန်းတစ်ခုမှ ရက်ရှ်တာ ထွက်လာသည်ကို တွေ့လိုက်ရသည်။
ရက်ရှ်တာ၏ဘေးတွင် မြို့စားမင်း အယ်ရ်ဂီလည်း အတူတူရှိနေ၏။
အကွာအဝေးက သိပ်မဝေးသဖြင့် ကျွန်မတို့ မျက်လုံးချင်း ဆုံသွားကြသည်။
အမြဲ သဘောကောင်းကြင်နာတတ်သည့်မိန်းကလေး မဟုတ်၍လားမသိ၊ ရက်ရှ်တာကို မြင်မြင်ချင်းပင် ရီဗယ်တီ၏မျက်နှာထားက အေးစက်သွားတော့၏။
ကျွန်မ၏ အကဲခတ်မှုကို ခံစားမိသွား၍ ချက်ချင်းပင် နူးညံ့သော မျက်နှာထားအဖြစ် ဣန္ဒြေပြန်ဆည်လိုက်သော်လည်း တဒင်္ဂ ပေါ်သွားသည့် မျက်နှာထားက တကယ်ပင် ခက်ထန်လှသည်။
‘လူမှုရေးလောကမှာ ကောင်းကောင်း ရှင်သန်နိုင်မဲ့သူပဲ’ ဟု စိတ်ထဲမှ ချီးကျူးနေစဉ် မြို့စားမင်း အယ်ရ်ဂီနှင့် ရက်ရှ်တာတို့က ဤဘက်သို့လာကာ အရင်နှုတ်ဆက်ခဲ့ကြ၏။
“ဧကရီအရှင်မ၊ အခုလို ထပ်ပြီး တိုက်တိုက်ဆိုင်ဆိုင် တွေ့ရပြန်တာပဲ။”
မြို့စားမင်း အယ်ရ်ဂီက ထူးဆန်းသောအပြုံးနှင့် စကားဆိုပြီးနောက် ရီဗယ်တီဘက်သို့ အကဲခတ် ကြည့်ခဲ့သည်။
ရီဗယ်တီက မြို့စားမင်း အယ်ရ်ဂီ၏ စူးရှသောအကြည့်ကြောင့် ကြောက်လန့်သွားကာ ကျွန်မအနားသို့ ပို၍ကပ်လာ၏။
“ဧကရီအရှင်မ။ ဘေးမှာ အလှဆင်တန်ဆာလေးလို ခေါ်လာတဲ့ ဟောဒီ သေးသေးကွေးကွေးနဲ့ ချစ်စရာ သခင်မလေးက ဘယ်သူပါလဲ။”
မြို့စားမင်း အယ်ရ်ဂီက ထိုသို့ပြုမူနေသော ရီဗယ်တီကို ချစ်စရာကောင်းသည်ဟူသော မျက်နှာထားဖြင့် ပြုံးလျက်မေးလာသည်။
အလှဆင်တန်ဆာဟု သုံးနှုန်းလိုက်ခြင်းမှာ ကောင်းသောအဓိပ္ပာယ်ဖြင့် ချီးကျူးခြင်းမဟုတ်မှန်း သိသာလှ၏။
ရက်ရှ်တာကမူ ရီဗယ်တီဘက်သို့ မကျေမနပ် စိုက်ကြည့်နေသည်။
ကျွန်မ ရီဗယ်တီကို ‘ဗိုင်းကောင့် လိုတဲရှု၏ သမီး’ ဟု မိတ်ဆက်ပေးရန် ပြင်လိုက်ပြီးမှ ရက်ရှ်တာကိုမြင်တော့ စိတ်ပြောင်းသွား၏။
ရက်ရှ်တာ ကျွန်မကို ‘မမ’ ဟု အမြဲတမ်း ခေါ်ချင်နေခဲ့သည့်ကိစ္စကို သတိရသွားသောကြောင့်ပင်။
“အသစ်သိကျွမ်းထားတဲ့ သခင်မလေးလေ။ တော်တော့်ကို ချစ်ဖို့ကောင်းတဲ့ မိန်းကလေးပေါ့။”
ကျွန်မ ရီဗယ်တီကို တမင်အမွှမ်းတင်ပြီးနောက် သူ့ကို နူးညံ့စွာ ငုံ့ကြည့်ရင်း ချီးကျူးလိုက်သည်။
“ညီမလေးတစ်ယောက်လို ထားချင်မိလောက်အောင် သဘောကျရတာ။”
ရီဗယ်တီက ရက်ရှ်တာနှင့် မျက်လုံးချင်း အပြိုင်စိုက်ကြည့်နေရာမှ ကျွန်မ ညီမလေးဟုခေါ်လိုက်တော့ အံ့အားသင့်သွားကာ မျက်နှာတစ်ခုလုံး နီမြန်းသွားတော့သည်။
“ဧကရီအရှင်မ...”
ရီဗယ်တီက တိုးညင်းသော အသံလေးဖြင့် ရေရွတ်ခဲ့၏။
ကျွန်မက တမင်ပြုံးပြလျက် သူ့ကို ကမ်းလှမ်းလိုက်သည်။
“ဝန်မလေးဘူးဆိုရင် တစ်ချိန်ချိန် ‘မမ’ လို့ တစ်ခါလောက် ခေါ်ကြည့်မလား။”
ရီဗယ်တီက ရက်ရှ်တာ့အကြောင်းကို လုံးဝ မေ့သွားသည့်အလား မျက်ဝန်းအိမ်တွင် မျက်ရည်များ ဝိုင်းလာတော့သည်။
တကယ် ချစ်ဖို့ကောင်းပြီး အသည်းယားစရာပုံစံလေးပင်။
ပခုံးပေါ်မှ ခဏခဏ လျှောကျနေသော သူ၏ ခြုံထည်လေးကို သေချာ ပြန်ဆွဲတင်ပေးလိုက်ပြီးနောက် ရက်ရှ်တာဘက်သို့ တစ်ချက်ကြည့်လိုက်၏။
တမင်ရည်ရွယ်ခဲ့ခြင်းဖြစ်သော်လည်း ရက်ရှ်တာက ထင်ထားသည်ထက် ပို၍စိတ်ထိခိုက်သွားသော မျက်နှာထားဖြစ်နေသည်။
ကျွန်မကိုယ်တိုင်ပင် အိုးတိုးအမ်းတမ်းဖြစ်သွားရလောက်သည့် အတိုင်းအတာအထိ။
‘ရက်ရှ်တာနဲ့ ရီဗယ်တီကြားက ဆက်ဆံရေးက ထင်ထားတာထက် အများကြီး ပိုဆိုးနေတာ ဖြစ်နိုင်တယ်...’
~~~~
ထိုနေ့ည။
ရက်ရှ်တာက ဆိုဗီရ်ရှုကို သူ၏ လက်ဖက်ရည်ပါတီတွင် မြို့စားမင်း အယ်ရ်ဂီမှလွဲ၍ မည်သူမျှ မလာခဲ့ကြောင်းနှင့် သခင်မလေးများ အားလုံးက ဧကရီ၏ လက်ဖက်ရည်ပါတီသို့သာ သွားခဲ့ကြကြောင်း ရင်ဖွင့်လေသည်။
“တခြားရက်မှာ လုပ်မှပေါ့။”
ဆိုဗီရ်ရှုက တော်တော်လည်း ထူးဆန်းသောအလုပ်ကို လုပ်သည်ဟု ပြောနေသလို ပြောခဲ့သော်လည်း သနားစရာကောင်းသည်ဟူသော အမူအရာဖြင့် ရက်ရှ်တာကို ပွေ့ဖက်ကာ ကျောလေးကို ပုတ်ပေးနေခဲ့သည်။
“ဘယ်သူမှ ရက်ရှ်တာဆီ လာမှာမဟုတ်ဘူးလို့ လုံးဝ ထင်မထားခဲ့ပါဘူး။”
“ဧကရီနဲ့ မင်းက တစ်ပြိုင်တည်း ဖိတ်တယ်ဆိုရင် ဧကရီဆီကိုပဲ သွားကြမှာပေါ့။”
“ဒါပေမဲ့ ဧကရီက သခင်မလေးတွေ အကုန်လုံးကို ဖိတ်တာမှမဟုတ်တာ။”
ရက်ရှ်တာက နှုတ်ခမ်းလေးကိုစူလျက် ချစ်စရာကောင်းအောင် ညည်းညူခဲ့သည်။
မြို့စားမင်း အယ်ရ်ဂီက လာမှာမဟုတ်ဘူးဟု ပြောခဲ့သော်လည်း ရက်ရှ်တာကမူ ဧကရီထံမှ ဖိတ်စာမရသည့် သခင်မလေး တစ်ယောက်စ၊ နှစ်ယောက်စတော့ မိမိဆီ လာလိမ့်မည်ဟု အမှန်တကယ် ယုံကြည်ခဲ့၏။
သို့သော် ဧကရီထံမှ ဖိတ်စာမရသူများပင်လျှင် ရက်ရှ်တာ၏ လက်ဖက်ရည်ပွဲသို့ မလာခဲ့ကြပေ။
မြို့စားမင်း အယ်ရ်ဂီ၏ ရှင်းပြချက်အရဆိုလျှင် ‘ဧကရီနှင့် ထိပ်တိုက်တွေ့သည့်ပုံစံမျိုး မပေါ်လိုကြသောကြောင့်’ ဖြစ်လိမ့်မည်။
သို့သော် ထိုအချက်က ထိုသူတို့၏ ဆင်ခြေသာ။
မည်သည့်အကြောင်းကြောင့် မလာနိုင်သည်ဖြစ်စေ ရက်ရှ်တာ ရရှိခဲ့သော ဒဏ်ရာကမူ အလွယ်တကူ ပျောက်ကွယ်သွားမည် မဟုတ်ပေ။
ထို့အပြင် ရီဗယ်တီ။
ထိုမုန်းစရာကောင်းပြီး ကျက်သရေတုံးသည့် ရီဗယ်တီက ဧကရီ၏ ချစ်စရာကောင်းသော ညီမလေးတစ်ယောက်လို ဆက်ဆံခံရသတဲ့လား…
“သိပ်ပြီးတော့လည်း စိတ်ထဲထားမနေနဲ့။ မြို့စားမင်း အယ်ရ်ဂီက လူဆယ်ယောက်စာလောက် တန်ဖိုးရှိတာကို။”
“ဧကရီက ရက်ရှ်တာကို အရမ်း မုန်းနေတာလားဟင်။”
“ဧကရီက... ကျောက်တုံးလိုပဲ။”
“...”
“ကိုယ့်ခံစားချက်ကိုယ်တောင် ဂရုမစိုက်တဲ့သူက သူများခံစားချက်ကို ဂရုစိုက်ပါ့မလား။”
~~~~
တစ်ဖက်တွင်လည်း ကိုယ်ဝန်ဖျက်ဆေးကိစ္စ မအောင်မြင်ခဲ့သည့်အပြင် ညီမဖြစ်သူကို ဒုက္ခပေးမိသည်ဟု စိတ်ပျက်နေသော ခိုရှာရ်က ဗိုင်းကောင့် လိုတဲရှုကို စုံစမ်းထောက်လှမ်းသည့် ကိစ္စတွင် ပို၍အာရုံစိုက်နေခဲ့သည်။
နာဗီရယ်က ‘အခု ရက်ရှ်တာကို နှင်ထုတ်လိုက်ရင်တောင် အရှင်ဧကရာဇ်က နောက်ထပ် ချစ်သူအသစ် ထပ်ရှာမှာပဲ’ ဟု ဆိုခဲ့သော်လည်း ခိုရှာရ်၏ အတွေးကမူ ထိုသို့မဟုတ်ပေ။
အခုရှိနေတဲ့ ချစ်သူကို နှင်ထုတ်လိုက်လို့ ဧကရာဇ်က နောက်ထပ်တစ်ယောက် ထပ်ရှာလာရင်။
နောက်တစ်ယောက်ကိုလည်း ထပ်ပြီး နှင်ထုတ်လိုက်ရုံပေါ့။
နောက်တစ်ယောက် ထပ်ပေါ်လာရင်ရော။
အဲ့ဒီအခါမှာလည်း ထပ်ပြီး နှင်ထုတ်ရုံပဲလေ။
ဧကရာဇ်တိုင်းမှာ ချစ်သူတွေ ရှိကြတယ်ဆိုပေမဲ့ အဲ့ဒါက ဘာအရေးလဲ။
ထိုဧကရာဇ်များက သူ့ညီမနှင့် လက်ထပ်ထားကြသည်မဟုတ်။
‘နာဗီရယ်ရဲ့ ယောက်ျားသာ ဧကရာဇ်မဟုတ်ခဲ့ရင် ကိစ္စတွေက ပိုပြီး လွယ်ကူမှာကို။’
ခိုရှာရ် သွားချင်းကြိတ်ရင်း ဗိုင်းကောင့် လိုတဲရှု၏ နောက်ကျောကို စိုက်ကြည့်လိုက်သည်။
ရက်ပိုင်းလောက် စုံစမ်းခဲ့သဖြင့် ဗိုင်းကောင့် လိုတဲရှုက ရက်ရှ်တာကို ကူညီနေကြောင်း သူ သိထားပြီးသားပင်။
ဗိုင်းကောင့် လိုတဲရှုက သူ ရက်ရှ်တာအား ကူညီနေခြင်းကို တကူးတက ဖုံးကွယ်မထားပေ။
ကာယကံရှင်ကိုယ်တိုင်က ‘ကျွန်တော့်အမှားကြောင့် လေဒီ ရက်ရှ်တာကို ဒုက္ခပေးမိလို့ ပြန်ပေးဆပ်နေတာပါ’ ဟု ဆိုသော်လည်း…
‘မဖြစ်နိုင်တာ။’
မကြာမီ ဗိုင်းကောင့် လိုတဲရှုက အရက်ဆိုင်တစ်ခုအတွင်းသို့ ဝင်သွားခဲ့သည်။
ခိုရှာရ်လည်း အချိန်ခဏခြားပြီးမှ ထိုအရက်ဆိုင်အတွင်းသို့ လိုက်ဝင်သွား၏။
အရက်ဆိုင်အတွင်း၌မူ တက်ကြွလှုပ်ရှားကာ ဆူညံလျက်။
သာမန်အရပ်သားများ စုဝေးရာ အရက်ဆိုင်ဖြစ်သော်လည်း အတန်အသင့် ခမ်းနားသဖြင့် မှူးမတ်အနွယ်တော်နှင့်တူသူအချို့ကိုလည်း တွေ့ရသည်။
ဗိုင်းကောင့် လိုတဲရှုက အံ့သြစရာကောင်းလောက်အောင် ထိုသို့သော အခြေအနေကို နှစ်သက်ပုံရကာ ထောင့်တစ်နေရာရှိ စားပွဲတစ်ခုတွင် နေရာယူထား၏။
မျက်နှာချင်းဆိုင်တွင် မိတ်ဆွေဖြစ်ပုံရသူနှစ်ဦးလည်း ရှိနေသည်။
ဟင်းလျာများ မရောက်သေးပုံရကာ သူတို့အရှေ့မှ စားပွဲက အလွတ်အတိုင်းပင်။
ခိုရှာရ်က အနီးအနားတွင် နေရာယူရန် ကြိုးစားခဲ့သော်လည်း လွတ်နေသောနေရာ မရှိခဲ့။
သူလည်း မတတ်သာသည့်အဆုံး ဒုတိယထပ်ရှိ လက်ရန်းဘေးမှနေရာကို ယူလိုက်သည်။
စကားသံများကို မကြားရသော်လည်း ဗိုင်းကောင့် လိုတဲရှုကို ငုံ့ကြည့်နိုင်သော နေရာပင်။
“လူကြီးမင်း။ ဘာမှာမလဲခင်ဗျ။”
အသက် ဆယ့်ငါး၊ ဆယ့်ခြောက်နှစ်ခန့်သာ ရှိဦးမည့် ဝန်ထမ်းလေးက ပြေးလာကာ အမှာလက်ခံခဲ့သည်။
“ဟိုလူတွေ မှာထားတဲ့အတိုင်းပဲ ပေး။”
ခိုရှာရ်က ဗိုင်းကောင့် လိုတဲရှု၏ စားပွဲကို လက်ညှိုးညွှန်ပြလိုက်သည်။
ဝန်ထမ်းလေးက မျက်လုံးအစုံကို လျင်မြန်စွာ ကစားလိုက်၏။
“အဲ့ဒီလူတွေ ပြောနေတဲ့ စကားတွေပါ အတူတူ ယူလာပေးနိုင်ရင် ပိုကောင်းမယ်။”
ခိုရှာရ်က အပိုအမှာစကားနှင့်အတူ ဝန်ထမ်းလေးအား ကျောက်မျက်ရတနာ သေးသေးလေးတစ်ခု ပေးလိုက်သည်။
ဝန်ထမ်းလေးလည်း မျက်လုံးများ ပြူးသွားကာ ကျောက်မျက်ကို အင်္ကျီအိတ်ထဲသို့ အမြန်ထည့်လိုက်၏။
မုန့်ဖိုးအဖြစ် ငွေဒင်္ဂါးပေးသူအချို့ ရှိသလို၊ လက်ဖွာသူအချို့က တစ်ခရန်းတန် ရွှေဒင်္ဂါး ပေးတတ်ကြသော်လည်း ဤမျှလက်ဖွာသော ဧည့်သည်မျိုးမှာ ပထမဆုံးအကြိမ်ပင်။
“ခဏလေး စောင့်ပေးပါဦး။ အစားအစာတွေ မကြာခင် လာပို့ပါ့မယ်။”
ဝန်ထမ်းလေးက ဦးညွှတ်နှုတ်ဆက်ပြီးနောက် လှေကားအတိုင်း အမြန်ဆင်းသွားခဲ့သည်။
အသာစောင့်ကြည့်နေစဉ် ဝန်ထမ်းလေးက အစားအသောက်များ လိုက်ပို့ရင်း ဗိုင်းကောင့် လိုတဲရှုတို့လူစု အနီးအနားတွင် ရစ်သီရစ်သီ လုပ်နေသည်ကို တွေ့ရ၏။
ထိုအခါမှသာ ခိုရှာရ်လည်း အနည်းငယ် စိတ်လျှော့ကာ ကုလားထိုင်တွင် အေးအေးလူလူ မှီထိုင်လိုက်သည်။
ဘေးပတ်ဝန်းကျင်မှ လူများ၏ စကားသံများကိုလည်း တစ်ခုပြီးတစ်ခု စတင်ကြားလာရ၏။
သို့သော် ခိုရှာရ်တစ်ယောက် လူတို့ပြောဆိုနေကြသည်များကို ကြားလိုက်ရသောအခါ ဆက်ပြီးအေးအေးဆေးဆေး မနေနိုင်တော့ပေ။
“ဒါဆိုရင် ဧကရီအရှင်မက တမင်တကာ...”
“အေးလေ။ အရှင်ဧကရာဇ်ရဲ့ ချစ်သူက လက်ဖက်ရည်ပါတီ ကျင်းပမယ်ဆိုတော့ တမင်တကာ ရက်စွဲတူအောင် လုပ်လိုက်တာတဲ့။”
“ဝါး။ အဲ့ဒီလိုမလုပ်လောက်ဘူးလို့ ထင်ထားတာ၊ တော်တော်လွန်တာပဲ။ ဝိုင်းကြဉ်လိုက်တာပဲမဟုတ်လား။”
“ချစ်သူ ကျင်းပတဲ့ လက်ဖက်ရည်ပါတီကို ဘယ်သူမှ မတက်ကြဘူးတဲ့။”
“လင်ဖြစ်သူရဲ့ ချစ်သူဆိုတော့လည်း မုန်းမှာပေါ့။ အဲ့ဒီလို ဖြစ်နိုင်တာပဲလေ။”
“ဒါပေမဲ့လည်းကွာ။ အခု အရှင်ဧကရာဇ်ရဲ့ ချစ်သူက ငါတို့လို သာမန်အရပ်သူဆိုတော့။ အထင်သေးပြီး ပိုလုပ်တာမဟုတ်ဘူးလား။”
“ဟုတ်တယ်။ မှူးမတ်တွေက အရမ်း အထင်သေးပြီး အနိုင်ကျင့်ကြတာတဲ့။”
“အရင်က မျက်နှာဖုံးတပ် ကပွဲမှာ ငါ အဲ့ဒီပုဂ္ဂိုလ်ကို တွေ့ဖူးတယ်။ အဲ့ဒီချစ်သူလေ။ တကယ့်ကို ချစ်ဖို့ကောင်းတဲ့သူကို။”
“ငါလည်း ကြားဖူးတယ်။ မှူးမတ်တွေက အကုန်လုံး ဟိတ်ကြီးဟန်ကြီးနဲ့ တသီးတသန့်နေကြတာကို၊ အဲ့ဒီပုဂ္ဂိုလ်တစ်ယောက်တည်းကပဲ သာမန်အရပ်သားတွေနဲ့ အဆင်ပြေပြေရောနှောတာတဲ့။”
“မကြည့်လည်း သိသာနေတာပဲ။ နန်းတော်ထဲမှာ ဘယ်လိုမျိုး အဆက်ဆံခံရမလဲဆိုတာ ပုံဖော်လို့တောင်ရတယ်။”
“အဲ့ဒီလိုဆိုရင်တောင် ငါကတော့ ဧကရီအရှင်မဘက်ကပဲ။”
“ဒါပေါ့လေ၊ ဧကရီအရှင်မကလည်း ဘယ်လိုမတတ်သာဘဲ လူသားတစ်ယောက်ဖြစ်နေတာမို့လို့နေမှာပေါ့။”
နေရာအနှံ့မှ စကားသံများ ရောထွေးနေသဖြင့် အစဉ်လိုက် မဟုတ်သော်လည်း လူတို့က ဧကရာဇ်၊ ဧကရီနှင့် ဧကရာဇ်၏ ချစ်သူအကြောင်း ပြောနေကြသည်မှာ ထင်ရှားလှသည်။
ခိုရှာရ်က မျက်မှောင်ကြုတ်လျက် စကားပြောနေသူများကို အချိန်အတော်ကြာ အကဲခတ်နေ၏။
ထိုစကားဝိုင်းများထဲမှ လူအချို့က ထူးဆန်းနေသည်။
ဧကရီကို နားလည်ပေးသလို ပြောဆိုနေသော်လည်း လိမ္မာပါးနပ်စွာဖြင့် ဧကရီက ချစ်သူကို နှိပ်စက်နေသည်ဟူသောပုံစံမျိုး သတင်းဖြန့်နေကြခြင်းပင်။
ဧကရီဘက်မှ ပြတ်ပြတ်သားသားရပ်တည်သူများ၊ သို့မဟုတ် ချစ်သူဘက်မှ ရပ်တည်သူများထက် ထိုကဲ့သို့သောသူများက ပို၍ စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းနေသည်။
“အရှင်ဧကရာဇ်ကလည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိ။ ဧကရီအရှင်မကလည်း နိုင်ထက်စီးနင်းလုပ်နဲ့။ အရှင်ဧကရာဇ်ရဲ့ မျက်စိကျခြင်းကိုခံရလို့ ချစ်သူဖြစ်လာရတဲ့ လေဒီ ရက်ရှ်တာပဲ သနားစရာကောင်းပါတယ်။”
“အဲ့ဒါပြောတာလေ။ ချစ်သူအဖြစ်ထားရင်လည်း သေသေချာချာ ကာကွယ်ပေးရမှာပေါ့။”
“သာမန်အရပ်သူဖြစ်တဲ့ လေဒီ ရက်ရှ်တာက ဘယ်လိုနည်းနဲ့များ အရှင်ဧကရာဇ်ရဲ့ချစ်သူ ဖြစ်လာရဦးမှာလဲ။ အရှင်ဧကရာဇ်က အတင်းအကျပ် ချစ်သူအဖြစ် သိမ်းပိုက်လိုက်တာပဲနေမှာပေါ့။”
“ဧကရီအရှင်မက အဲ့ဒါကိုတောင် မသိဘဲနဲ့ လေဒီ ရက်ရှ်တာကိုပဲ နှိပ်စက်နေတာဆိုတော့... ကျွတ်စ်ကျွတ်စ်”
အစပိုင်းတွင် ဧကရာဇ်ဘက်မှ လွှတ်လိုက်သူများလားဟု သံသယဝင်ခဲ့သော်လည်း စကားဦးဆောင်ပြောနေသူများက ဧကရာဇ်ကိုပါ သိမ်းကျုံးကာ နာမည်ဖျက်နေကြပုံထောက်လျှင် ထိုသို့လည်း မဟုတ်သည့်ပုံပင်။
‘အဲ့ဒီမိန်းမ လွှတ်လိုက်တဲ့လူတွေများလား။’
ခိုရှာရ် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။
~~~~
လက်ဖက်ရည်ပါတီ ကျင်းပပြီး လေးရက်မြောက်နေ့တွင်။
ဖာရ်အန်း မားကီးစ်က ကျွန်မထံသို့လာကာ မကြာသေးမီက ထွက်ပေါ်နေသော သတင်းများကို ပြောပြလာသည်။
“အဲ့ဒီလိုကောလာဟလတွေ ထွက်နေတာလား...”
ကြားရ၍ စိတ်ချမ်းသာစရာကိစ္စတော့ မဟုတ်ပေ။
ကျွန်မ မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်တော့ ဖာရ်အန်း မားကီးစ်က ကျွန်မ၏ မျက်နှာရိပ်မျက်ကဲကိုကြည့်ရင်း ကော်ဖီကို တစ်ငုံသောက်လေ၏။
သူက ကော်ဖီခွက်ကို ပြန်ချရင်း ဖွင့်ဟပြောလာသည်။
“ခိုရှာရ် ကြားခဲ့တာတဲ့။”
“အစ်ကိုက...”
ကျွန်မကို အလွန်ချစ်သော အစ်ကိုဖြစ်သူက ညီမဖြစ်သူ၏ အတင်းအဖျင်းများကို ကြားလိုက်ရသောအခါ မည်မျှအထိ စိတ်မကောင်းဖြစ်သွားမည်နည်း။
ရင်ထဲတွင် နာကျင်လာရသည်။
စိတ်ထဲရှိသည့်အတိုင်း မပြမိရန် တည်တည်ငြိမ်ငြိမ် နေလိုက်တော့ ဖာရ်အန်း မားကီးစ်က ပျာပျာသလဲ ပြောလာ၏။
“အရမ်းလည်း ဒေါသမထွက်ပါနဲ့၊ ဧကရီအရှင်မ။ ခိုရှာရ်က လူတွေကို လည်ပင်းညှစ်ပြီး ကောလာဟလတွေအကြောင်း စစ်မေးတာမျိုး မလုပ်ခဲ့ပါဘူး။”
“...ဒေါသထွက်တာ မဟုတ်ဘူး။ စိတ်မကောင်းဖြစ်နေတာပါ။”
“မဟုတ်ဘူးလားဗျ။”
“ဟုတ်ကဲ့။”
မားကီးစ်က ပို၍ပင် ပျာယာခတ်သွားကာ သတိထားပြီး မေးလာ၏။
“ကျွန်တော်ရော နည်းနည်းလောက် လက်သုံးကြည့်ရမလားဗျ။ အဲ့ဒီမိန်းမကို တိုင်းသိပြည်သိ မိန်းမဆိုးကြီးဖြစ်အောင် လုပ်ပေးပါ့မယ်။”
“ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုပဲ ဖြစ်သွားမှာပေါ့။”
“ဘာဖြစ်လို့လဲခင်ဗျ။”
“တချို့က ကျွန်မတို့ဘက်က စကားကို ယုံကြည်ပေမဲ့လည်း၊ တချို့ကတော့ လေဒီ ရက်ရှ်တာရဲ့ စကားကို ယုံကြည်မှာမို့လို့လေ။ အဲ့ဒီလို ထပ်တလဲလဲ ဖြစ်လာရင် နောက်ဆုံးမှာ ‘နှစ်ယောက်စလုံး အတူတူပဲ’ ဆိုတဲ့ ဝေဖန်မှုတွေ ထွက်လာလိမ့်မယ်။ အဲ့ဒီအခါကျရင် တော်ဝင်မိသားစုက ရယ်စရာ အတင်းအဖျင်းပဲ ဖြစ်သွားမှာပေါ့။”
မားကီးစ်က စက်ဆုပ်စွာ ညည်းတွားခဲ့သည်။
“ဒါပေမဲ့ အဲ့ဒီမိန်းမရဲ့ လက်ခုပ်ထဲမှာ ကစားခံရတာကိုတော့ ဒီအတိုင်း ကြည့်မနေနိုင်ဘူးမဟုတ်လားဗျ။”
“စကားထက် အပြုအမူနဲ့ သက်သေပြရမှာပါ။”
“အပြုအမူကတော့ အမြဲတမ်း ပြနေတာပဲမဟုတ်လား။ ဒါပေမဲ့ ဧကရီအရှင်မ၊ လူတွေက ပြီးပြည့်စုံတဲ့လူကို မယုံကြည်ကြပါဘူး။ ဧကရီအရှင်မက မှန်ကန်တဲ့ လမ်းစဉ်ကို လျှောက်ပြရင် လူတွေက ချီးကျူးကြမယ်မှတ်သလား။ မဟုတ်ပါဘူး။ ဧကရီအရှင်မ၊ လူတွေက သူရဲကောင်းတွေကို ကြိုက်ကြပါတယ်။ ဒါပေမဲ့ အဲ့ဒါထက် ပိုကြိုက်တာကတော့ ကျဆုံးသွားတဲ့ သူရဲကောင်းတွေပါ။”
“ဖာရ်အန်း မားကီးစ်။ ‘အဲ့ဒီမိန်းမ’ က သူ့တစ်ဖို့တည်းအတွက် လူထုအမြင်ကို လှည့်စားကောင်း လှည့်စားနိုင်လိမ့်မယ်ဆိုပေမဲ့ ကျွန်မကတော့ အဲ့ဒီလို လုပ်လို့မဖြစ်ဘူး။ ကျွန်မက ဧကရီ ဖြစ်သလို၊ ကျွန်မ တိုင်းပြည်နဲ့ ပြည်သူတွေကို ထည့်စဉ်းစားမှဖြစ်မှာမို့လို့။”
ယခုတစ်ကြိမ် လူထုအမြင် လှည့်စားမှုကို ရက်ရှ်တာ ကြံစည်ခြင်းလား၊ ရက်ရှ်တာ့ဘေးမှ မြို့စားမင်း အယ်ရ်ဂီက ကြံစည်ခြင်းလား၊ သို့မဟုတ် ဗိုင်းကောင့် လိုတဲရှုက ကြံစည်ခြင်းလား မသိပေ။
ကျွန်မအထင်တော့ မြို့စားမင်း အယ်ရ်ဂီလက်ချက် ဖြစ်မည့်ပုံပင်။
မည်သို့ပင်ဖြစ်စေ၊ ထိုသုံးယောက်အနက် မည်သူပင်လုပ်လုပ် အားလုံးက လူမိုက်များသာ။
“ကျွန်မပဲ လူဆိုးနေရာကဖြစ်ဖြစ်၊ ရက်ရှ်တာပဲ လူဆိုးနေရာကဖြစ်ဖြစ်၊ နောက်ဆုံးမှာ အရှင်ဧကရာဇ်က သူများရဲ့ လှည့်စားမှုကိုခံရတဲ့ ဆုံးဖြတ်ချက်မပြတ်သားတဲ့ ဧကရာဇ်အဖြစ် အမြင်ခံရလိမ့်မယ်။ အရှိန်အဝါ ညှိုးနွမ်းသွားမှာပေါ့။ လူထုအမြင်မကောင်းရင် အုပ်ချုပ်ရေးကလည်း ခက်ခဲလာမှာ။”
“ဒီလိုအခြေအနေမှာတောင် အရှင်ဧကရာဇ်ကို ငဲ့နေသေးတာလားဗျ။”
“ရေရှည်ကို ကြည့်တာပါ။”
ဆိုဗီရ်ရှုက အရည်အချင်းမရှိသည့် ဧကရာဇ်ဖြစ်သွားလျှင် ကျွန်မကရော တောက်ပလာမည်လား။
မဟုတ်ပေ။
ဆိုဗီရ်ရှု နန်းကျလျှင် ကျွန်မလည်း နန်းကျဧကရီ ဖြစ်ရုံသာ။
သူ မည်မျှပင် မုန်းစရာကောင်းသည့်အလုပ်များ လုပ်ပါစေ၊ ဧကရီနေရာတွင် ရှိနေသရွေ့ ကျွန်မက သူ့ကို ငဲ့ရပေမည်။
ယင်းက လောလောဆယ် ကျွန်မအတွက် ဒဏ်ရာဖြစ်စေသည်ဆိုဦးတော့။
ထို့အပြင်…
“မြို့စားမင်း အယ်ရ်ဂီကို စောင့်ကြည့်ထားပါ။”
“မြို့စားမင်း အယ်ရ်ဂီဆိုတာ ဟို အပျော်အပါးလိုက်စားတဲ့လူကို ပြောတာလားဗျ။”
“ဟုတ်တယ်။”
ရက်ရှ်တာက သူ၏ ကိုယ်ပိုင်ရည်မှန်းချက်အတွက် လူထုအမြင်ကို လှည့်စားသည်ဆိုလျှင် လောဘကြောင့်ဟု သတ်မှတ်၍ရသော်လည်း… ဤကိစ္စကို မြို့စားမင်း အယ်ရ်ဂီက ကြံစည်ခြင်းဆိုလျှင် အနည်းငယ် အန္တရာယ်ရှိပေသည်။
သူက အရှေ့အင်ပါယာ အင်အားတောင့်တင်းလာခြင်းကို မလိုလားသည့် တိုင်းတစ်ပါးသားဖြစ်နေသောကြောင့်ပင်။
တစ်ဖန် မြို့စားမင်း အယ်ရ်ဂီကိုယ်တိုင်လည်း ပြောခဲ့သည်မဟုတ်ပါလား။
ဘုရင် ဟိုင်န်ရီက တစ်စုံတစ်ရာကို ကြံစည်ပြီး သူ့ကို ခေါ်ခဲ့သည်ဟူ၍။
သတိထားနေ၍ အမှားမရှိပေ။
~~~~
ထိုအချိန်တွင်။
အယ်ရ်ဂီကို အရှေ့အင်ပါယာသို့ စေလွှတ်ခဲ့သော ဟိုင်န်ရီကမူ နန်းတက်ပွဲ အခမ်းအနားကို အဆုံးသတ်ပြီးခါစပင် ရှိသေးသည်။
လူတို့က တေးဂီတနှင့်အညီ ကခုန်နေကြကာ တိုင်းတစ်ပါးမှ သံတမန်များကမူ ရာဇပလ္လင်ပေါ်သို့ အသစ်တက်လာသော ဤလူပျိုလူလွတ် ဘုရင်လေးကို အခွင့်သာတိုင်း အကဲခတ်နေကြ၏။
ဟိုင်န်ရီက နူးညံ့စွာပြုံးလျက် ထိုအကြည့်များကို အေးဆေးစွာ ရင်ဆိုင်နေခဲ့သည်။
လူတို့၏ အကြံအစည်ထုတ်နေသည့် အသံများကို နေရာအနှံ့မှ ကြားနေရသလိုရှိသော်လည်း ဟိုင်န်ရီ၏ နှုတ်ခမ်းဖျားမှ အပြုံးကမူ ကော်နှင့်ကပ်ထားသည့်အလား ပျက်ယွင်းခြင်း မရှိခဲ့ပေ။
ထိုအမူအရာက အရှေ့အင်ပါယာ၏ သံတမန်ဖြစ်သော ရီထယ်ယန် မင်းသားကြီးကို တွေ့လိုက်ရသည့်အခါတွင် ပို၍ထင်ရှားလာသည်။
သံတမန်အဖွဲ့ကို ဦးဆောင်လာသူက ဧကရီ နာဗီရယ် မဟုတ်မှန်း သိလိုက်ရချိန်တွင် ဟိုင်န်ရီ အလွန်စိတ်ပျက်သွားသော်လည်း ရီထယ်ယန် မင်းသားကြီး၏ ရှေ့တွင်မူ အရိပ်အယောင်မျှပင်မပြခဲ့။
ရီထယ်ယန် မင်းသားကြီးက ဟိုင်န်ရီ၏ နွေးထွေးသော ဧည့်ဝတ်ပြုမှုကြောင့် စိတ်ရွှင်မြူးကာ တဟားဟား ရယ်မောနေသည်။
သို့သော် ရီထယ်ယန် မင်းသားကြီး မိဖုရားအကြောင်း စကားစလိုက်ချိန်တွင်မူ ဟိုင်န်ရီ၏ မျက်နှာထားက တစ်ချက်လေး ပျက်ယွင်းသွားလေ၏။
“အရှင်မင်းကြီးက အခုအထိ မိဖုရား မတင်မြှောက်သေးဘူးဆို။ ဧကန္တ လေဒီ ရက်ရှ်တာကြောင့်များလား။”
“...ဘာလို့ အဲ့ဒီလို ထင်ရတာလဲ။”
“ဟားဟားဟား။ အရှေ့အင်ပါယာက မှူးမတ်အနွယ်ဝင်ဆိုရင် အကုန်လုံး အဲ့ဒီလိုပဲ ထင်ကြမှာပါ။”
အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်သည့် ရီထယ်ယန် မင်းသားကြီးက ဟိုင်န်ရီ ရက်ရှ်တာကို တဖက်သတ်ချစ်နေဆဲဟု ထင်နေသည့်ပုံပင်။
မက်ကင်နာက ဟိုင်န်ရီ၏နောက်တွင် ရပ်နေရင်း စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်သည်။
ထို့နောက် ရီထယ်ယန် မင်းသားကြီးက ဟိုင်န်ရီ သဘောတော်ကျစေရန် ရက်ရှ်တာကို အစွမ်းကုန် ချီးမွမ်းခန်းဖွင့်သည့်အခါတွင်မူ ပေါ်တင်နှာခေါင်းရှုံ့မိလုမတတ် ဖြစ်သွားရ၏။
ဤအခြေအနေတွင်လည်း နူးညံ့စွာပြုံးနေနိုင်သော ဟိုင်န်ရီကို အသစ်အဆန်းသဖွယ် လေးစားမိရသည့်အထိပင်။
သို့သော် စိတ်လှုပ်ရှားတက်ကြွနေသော ရီထယ်ယန် မင်းသားကြီး ရက်ရှ်တာကို အမွှမ်းတင်ရန်အတွက် ဧကရီကို ပုတ်ခတ်ပြောဆိုလာသည့်အခါတွင်မူ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။
“လေဒီ ရက်ရှ်တာခမျာ ကလေးရပြီးကတည်းက တအားကို အပယ်ခံဖြစ်နေတာပါ၊ အပယ်ခံလေး။ ဧကရီအရှင်မကို အဲ့ဒီလောက် ရက်စက်တဲ့သူမှန်း မသိခဲ့ဘူး။ ဟိုင်န်ရီ အရှင်မင်းမြတ်သာ ဧကရီ နာဗီရယ် လေဒီ ရက်ရှ်တာကို အနိုင်ကျင့်နေတာ ကိုယ်တိုင် မြင်ရရင်တော့လား၊ အလိုလေး။ ရင်နာလွန်းလို့ သည်းခံနိုင်မှာတောင်မဟုတ်ပါဘူးဗျာ။”
မက်ကင်နာလည်း ချက်ချင်းပင် ပြေးသွားကာ ဟိုင်န်ရီ၏ နားကို ပိတ်ပေးချင်လောက်အောင် လက်များ တုန်ယင်သွားတော့သည်။
သို့သော် ဟိုင်န်ရီကမူ မျှော်လင့်မထားသော တုံ့ပြန်မှုကို ပြခဲ့၏။
~~~~
Miel’s Translations