no

Font
Theme

အပိုင်း ၆၃ (ဟိုင်န်ရီ၏ ထူးခြားစွမ်းရည်)

ရက်ရှ်တာ စိတ်မှိုင်လက်မှိုင်ဖြင့် လက်ဝတ်ရတနာသေတ္တာကို စစ်ဆေးနေမိသည်။

ဧကရာဇ် တစ်ခုပြီးတစ်ခု ဖြည့်ဆည်းပေးခဲ့သော သေတ္တာထဲတွင် ယခုအခါ ဘာမှမရှိသလောက်ပင် ဖြစ်နေချေပြီ။

ရက်ရှ်တာတစ်ယောက် မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်ကာ သက်ပြင်းချလိုက်မိ၏။

'ဒါတွေအားလုံး ဗိုင်းကောင့် လိုတဲရှုကြောင့်ပဲ။'

ဧကရာဇ်ချစ်သူ ဖြစ်ခဲ့သည်မှာ တစ်လကျော်မျှ ရှိခဲ့ပေပြီ။

လက်ရှိတွင် သူပိုင်ဆိုင်သမျှမှာ ဆိုဗီရ်ရှုနှင့် တိုင်းတစ်ပါးမှ မှူးမတ်များပေးသော လက်ဆောင်အနည်းငယ်သာ ရှိသေး၏။

နောင်တွင် ဂုဏ်သိက္ခာထိန်းသိမ်းငွေအဖြစ် နှစ်စဉ် တော်ဝင်နန်းတော်မှ ဘဏ္ဍာငွေရမည်ဟု ဆိုသော်လည်း လက်ထဲသို့ ဘာမှရောက်မလာသေးပေ။

သို့သော် ရှိစုမဲ့စု ရတနာအချို့ကိုပင် ဗိုင်းကောင့် လိုတဲရှုထံ အလုခံလိုက်ရသည်မှာ...

ထို့သို့ဆို၍ ဧကရာဇ်ထံ ရတနာအသစ်များ ထပ်ပေးရန်လည်း ကိုယ်တိုင် တိုက်ရိုက် မတောင်းဆိုနိုင်ပြန်ပေ။

ကိုယ်ပိုင်ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်မရှိသော ကျွန်များအဖို့ သခင်ထံမှဖြစ်စေ၊ ချစ်သူထံမှဖြစ်စေ လက်ဆောင်ရခြင်းကသာ ပိုင်ဆိုင်မှုတိုးပွားနိုင်သည့် တစ်ခုတည်းသော နည်းလမ်းပင်။

သို့သော် ရက်ရှ်တာ တွေ့ကြုံခဲ့ရသော 'မှူးမတ်အနွယ်တော် ချစ်သူများ' က မည်မျှပင် ချမ်းသာကြွယ်ဝပါစေ လက်ဆောင် ပေါ်တင်တောင်းဆိုသည်ကို မနှစ်သက်ကြ။

သူတို့က အာဏာသုံး၍ ရက်ရှ်တာကို ချဉ်းကပ်ခဲ့ကြသော်လည်း ရက်ရှ်တာကိုမူ သူတို့၏ အာဏာနှင့် စည်းစိမ်အပေါ် စိတ်မဝင်စားသူ ဖြစ်စေလိုကြသည်။

ထိုအချက်မှာ အင်မတန် အတ္တကြီးလှ၏။

ရက်ရှ်တာက ဧကရာဇ်ဆိုလျှင်လည်း ထူးခြားမည်မဟုတ်ဟု ထင်မိသည်။

'ဗိုင်းကောင့် လိုတဲရှု ခေါ်ထားတဲ့ ကလေးက ငါ့ကလေးမဟုတ်ကြောင်းသာ သက်သေပြနိုင်ရင် အခုလိုမျိုး အနိုင်ကျင့်ခံနေစရာ မလိုတော့မှာကို...'

ရက်ရှ်တာက သက်ပြင်းတစ်ချက်ချကာ လက်ဝတ်ရတနာသေတ္တာအဖုံးကို ပိတ်လိုက်သည်။

ထိုစဉ် ဧည့်ခန်းတံခါးဖွင့်သံ ထွက်ပေါ်လာ၏။

ရက်ရှ်တာလည်း ရတနာသေတ္တာကို မူလနေရာသို့ အမြန်ပြန်ထည့်ကာ အံဆွဲကို ပိတ်လိုက်တော့သည်။

သူ ထရပ်လိုက်သည်နှင့်တစ်ပြိုင်နက် အိပ်ခန်းတံခါးကို တစ်စုံတစ်ဦးက လာခေါက်လေ၏။

"ဟုတ်ကဲ့။"

ရက်ရှ်တာက အိပ်ခန်းတံခါးကို အမြန်ဖွင့်လိုက်သည်။

"အရှင်ဧကရာဇ်။"

ဆိုဗီရ်ရှုပင်။

ရက်ရှ်တာက ဆိုဗီရ်ရှုကို အမြန်ပြေးဖက်ကာ သူ၏မျက်နှာတွင် မိမိ၏ပါးလေးကို ပွတ်သပ်လိုက်သည်။

သို့သော် ဆိုဗီရ်ရှုက ပုံမှန်လို သူ့ကို ပြန်မဖက်ဘဲ အသာအယာ တွန်းဖယ်ခဲ့၏။

"အရှင်ဧကရာဇ်။"

မျက်နှာက ပုံမှန်ထက် ပို၍ညိုမှောင်နေသည်။

ဧကန္တ ဗိုင်းကောင့် လိုတဲရှုက တစ်ခုခုများ သွားပြောထားလို့လား။

ရက်ရှ်တာ့ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားတော့သည်။

"ရက်ရှ်တာ။ မေးစရာရှိလို့။"

"ဘာ... ဘာများလဲဟင်။"

ရက်ရှ်တာက စိုးရိမ်စိတ်ကို အတတ်နိုင်ဆုံး ဖုံးကွယ်ရင်း ချစ်စဖွယ်ပြုံးကာ ပြန်မေးလိုက်သည်။

"လက်စွပ်အကြောင်း။"

"လက်စွပ်... လား။"

"အနီရောင်မီးလျှံကျောက် အလှဆင်ထားတဲ့ လက်စွပ်။"

"..."

"အဲ့ဒါကို အစေခံမိန်းကလေးဆီ ပေးလိုက်တယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား။"

"ရုတ်တရက် ဘာဖြစ်လို့ အဲ့ဒါကို မေးရတာလဲဟင်..."

"သိချင်တာလေးရှိလို့။"

နှလုံးခုန်နှုန်းက ပို၍မြန်ဆန်လာသည်။

ရက်ရှ်တာ ဆိုဗီရ်ရှု၏ မျက်နှာကို ကြည့်လိုက်၏။

ဒေါသထွက်နေသည့်ပုံ မဟုတ်သော်လည်း ပြုံးမနေပေ။

ထိုမှတစ်ဖန် အစေခံမိန်းကလေးကို ပေးလိုက်သည်ဟုပြောရင်း ပြီးသွားခဲ့သည့်ကိစ္စကို ဘာကြောင့် ရုတ်တရက် လက်စွပ်အကြောင်း အစပြန်ဖော်ရသနည်း။

ဧကန္တ တစ်ခုခုများ သိသွားပြီလား။

ဗိုင်းကောင့်ဆီ လက်စွပ်ပေးလိုက်တဲ့အကြောင်း သိသွားပြီလား။

အဲ့ဒီအစေခံမိန်းကလေးဆီကနေ လက်စွပ်ပြန်တောင်းပေးဖို့ မေးနေတာဖြစ်မလားလည်း မသိဘူး။

မည်သည့်အခြေအနေမျိုး ဖြစ်ပါစေ မကောင်းသည်က အမှန်ပင်။

တစ်ခုခု သိသွားပြီးမှ မေးမြန်းနေခြင်းဖြစ်ပါက ဤသည်မှာ နောက်ဆုံးအခွင့်အရေး ဖြစ်ပေသည်။

လိမ်ညာမှုကို ဖွင့်ချရန် နောက်ဆုံးအခွင့်အရေး။

အစေခံမိန်းကလေးကိုရှာရန် မေးနေခြင်းဖြစ်လျှင်လည်း နောက်ဆုံးတွင် သူ လိမ်ထားသည်ကို သိသွားပေလိမ့်မည်။

ရက်ရှ်တာက ဆက်လက်လိမ်ညာနေမည့်အစား အမှန်တရားကို အတိုင်းအတာတစ်ခုအထိ ပြောပြလိုက်ခြင်းက ပိုကောင်းမည်ဟု ဆုံးဖြတ်လိုက်သည်။

"အဲ့ဒါကလေ... အမှန်တော့ လက်စွပ် ပေးခဲ့တာက အစေခံမိန်းကလေးတစ်ယောက်တည်း မဟုတ်ပါဘူး အရှင်ဧကရာဇ်။"

ဆိုဗီရ်ရှု၏ မျက်ခုံးများ ပင့်တက်သွားသည်။

"လူပေါင်းစုံကို ပေးခဲ့တယ်ပေါ့လေ။"

"နှစ်ယောက်ပါ။ တစ်ယောက်က အစေခံမိန်းကလေးဖြစ်ပြီး... ဟို၊ နောက်တစ်ယောက်က ဗိုင်းကောင့် လိုတဲရှုပါ။"

ဆိုဗီရ်ရှု မျက်မှောင်ကြုတ်သွားသည်။

ထိုမျက်နှာထားကို မြင်လိုက်ရသော ရက်ရှ်တာက မိမိ၏ ရွေးချယ်မှု မှန်ကန်သွားကြောင်း သိလိုက်တော့၏။

ဖြစ်ကြောင်းကုန်စင်ကို မသိသော်လည်း ဆိုဗီရ်ရှုက ဗိုင်းကောင့် လိုတဲရှု လက်စွပ်ကို ကိုင်ထားကြောင်းသိ၍ ရောက်လာခြင်းမှာ သေချာသည်။

ရက်ရှ်တာက သက်ပြင်းတစ်ချက်ချကာ သူ၏လက်နှစ်ဖက်ကိုစုစည်းပြီး ဟိုကိုင်ဒီကိုင် ကစားနေ၏။

"ကျွန်မမျက်စိထဲမှာ လက်စွပ်တွေက အကုန်ဆင်တူတွေလို ဖြစ်နေလို့... တကယ်တော့ အဲ့ဒီလက်စွပ်ကို ယူသွားတာ ဗိုင်းကောင့် လိုတဲရှုလား၊ အစေခံမိန်းကလေးလားဆိုတာ သေချာမပြောတတ်တော့ပါဘူး။"

"ဒါနဲ့ ဘာလို့ အစေခံမိန်းကလေးကို ပေးခဲ့တယ်လို့ ပြောတာလဲ။"

"အဲ့ဒါက... ဗိုင်းကောင့် လိုတဲရှုကို ပေးလိုက်တယ်လို့ ပြောရင် အရှင်ဧကရာဇ် စိတ်မကောင်းဖြစ်မှာစိုးလို့..."

"ဟုတ်တယ်။ စိတ်မကောင်းဖြစ်တယ်။"

ဆိုဗီရ်ရှု၏ မျက်နှာထား မကောင်းသည်ကို မြင်သောအခါ ရက်ရှ်တာက သူ၏လက်မောင်းကို အမြန်ဆွဲဖက်လိုက်သည်။

"တောင်းပန်ပါတယ် အရှင်ဧကရာဇ်။ ဒါပေမဲ့ ကျွန်မအတွက် လိမ်ပေးခဲ့တာကို ကျေးဇူးတင်လွန်းလို့ ဆက်ဆက် ကျေးဇူးတုံ့ပြန်ချင်ခဲ့တာပါ။"

"မင်းအတွက် လိမ်ပေးတာမဟုတ်ဘဲ သူပြောခဲ့တဲ့ စကားအမှားအတွက် တာဝန်ယူရုံသက်သက်ပဲ။"

"အဲ့ဒီလိုဟုတ်ပါ့မလား။"

"ဟုတ်တယ်။ မင်းအနေနဲ့ ကျေးဇူးတင်နေစရာ မလိုဘူး။"

ဆိုဗီရ်ရှုက ပြတ်ပြတ်သားသား ပြောလိုက်ပြီးနောက် ရက်ရှ်တာကို သံသယဖြင့် ခေတ္တ စိုက်ကြည့်ကာ မေးလာသည်။

"ဧကန္တ ကျေးဇူးတင်လို့ ပေးတာမဟုတ်ဘဲ ခြိမ်းခြောက်ခံရလို့ ပေးခဲ့တာတော့ မဟုတ်ပါဘူးနော်။"

"မ၊ မဟုတ်ပါဘူး။ ရက်ရှ်တာက ခြိမ်းခြောက်ခံရစရာ ဘာအကြောင်းများရှိမှာလဲ။"

"..."

"ကျွန်ဇာစ်မြစ်ကိုလည်း အဲ့ဒီလူကပဲ အကုန်ဖွင့်ချပြီးပြီကို။ တကယ် အဲ့လိုမဟုတ်ပါဘူး အရှင်ဧကရာဇ်။"

ခြိမ်းခြောက်ခံရသည်က အမှန်ဖြစ်ကြောင်း ပြောနိုင်လျှင် ကောင်းပေမည်။

ရက်ရှ်တာတစ်ယောက် အကျပ်ရိုက်နေသော်လည်း လိမ်ညာရန်သာ ရှိတော့၏။

ခြိမ်းခြောက်ခံရသည်ဟု ပြောလိုက်လျှင် ဆိုဗီရ်ရှုက ဗိုင်းကောင့် လိုတဲရှုကို အပြစ်ပေးမည်ဖြစ်သော်လည်း ထိုအခါ လိုတဲရှုက ကလေးအကြောင်း ဖွင့်ချပြီး ကျိန်းသေပေါက် ရက်ရှ်တာကိုပါ ဆွဲချပေလိမ့်မည်။

"မင်းက အဲ့ဒီလိုပြောနေတော့ ယုံပေးလိုက်မယ်ဆိုပေမဲ့...."

ဆိုဗီရ်ရှုက မျက်လုံးများကိုကျုံ့ကာ ရက်ရှ်တာ၏ ပါးပြင်ပေါ်သို့ လက်ကို အသာတင်ပြီး သတိပေးခဲ့သည်။

"ဧကန္တ အဲ့ဒီလူက မင်းကို ခြိမ်းခြောက်နေတာဆိုရင်၊ ရက်ရှ်တာ။ လုံးဝ ပစ္စည်းဥစ္စာတွေ ထပ်မပေးဘဲ ငါ့ကို အသိပေး။ သိပြီလား။"

ရက်ရှ်တာက အမြန်ပင် ခေါင်းညိတ်လိုက်သည်။

"အဲ့ဒီလို လုပ်ပါ့မယ်။"

သို့သော် ထိုမျှနှင့်ပင် စိတ်မချနိုင်သော ဆိုဗီရ်ရှုက ထပ်မံမှာကြားပြန်သည်။

"ဒါက အမိန့်ပဲ ရက်ရှ်တာ။ ဟင့်အင်း၊ လောလောဆယ်တော့ ငါကိုယ်တိုင် နေ့တိုင်း စစ်ဆေးတာက ပိုကောင်းလိမ့်မယ်။"

"ရှင်။"

"ပြီးတော့ နောက်ကျလို့ ဂုဏ်သိက္ခာထိန်းသိမ်းငွေ ရလာရင် ဘဏ္ဍာရေးစီမံခန့်ခွဲမှုကို ဘယ်ရွန် လန့်ထ်ဆီပဲ လွှဲပေးထားမယ်။ မင်းကိုယ်တိုင် စီမံနိုင်တဲ့အထိ ပြီးတော့ ဗိုင်းကောင့် လိုတဲရှု မင်းဆီကနေ ဝေးကွာသွားတဲ့အထိ စောင့်ကြည့်ပြီး စီမံခိုင်းရမှာပဲ။"

ရက်ရှ်တာ၏မျက်နှာ ဖြူဖျော့သွားတော့သည်။

ဆိုဗီရ်ရှုသာ စောင့်ကြည့်နေမည်ဆိုလျှင် ဗိုင်းကောင့် လိုတဲရှုကို ငွေဖြစ်စေ၊ ရတနာဖြစ်စေ ပေးနိုင်တော့မည်မဟုတ်ပေ။

ထိုသို့ဆိုလျှင် ဗိုင်းကောင့် လိုတဲရှုက...

'မဖြစ်ဘူး။ ကျိန်းသေပေါက် ကလေးအကြောင်း သတင်းဖြန့်မှာ။'

~~~~

ဝီလ်ဝေါလ်က မှော်ပညာမြို့တော်ဟူ၍ ဂုဏ်သတင်းကျော်စောသော်လည်း ထိုကျော်ကြားမှုနှင့် ဆန့်ကျင်စွာ အလွန်နက်ရှိုင်းသည့် တောင်ကြားထဲတွင် တည်ရှိသည်။

အရပ်လေးမျက်နှာလုံးကို တောင်တန်းများက ဝိုင်းရံထားကာ အလယ်တွင် မြို့ကြီးတစ်မြို့ ရှိနေသည့် ပုံစံမျိုးပင်။

အထူးသဖြင့် ထိုမြို့ကြီး၏ အရှေ့နှင့် အနောက်ဘက်စွန်းတွင် တည်ရှိသော ကြီးမားထည်ဝါလှသည့် အဆောက်အအုံနှစ်ခုက ရင်သပ်ရှုမောစရာဖြစ်ပြီး ယင်းတို့အနက် အရှေ့ဘက်တွင်ရှိသော မှော်အကယ်ဒမီက ယနေ့ ကျွန်မ သွားရောက်ရမည့် နေရာဖြစ်၏။

ကျွန်မ ထောက်ပံ့ပေးနေသည့် မိဘမဲ့ဂေဟာမှ ပထမဆုံးသော မှော်အကယ်ဒမီ ကျောင်းဝင်ခွင့်ရသည့် ကလေးမလေးကို ဂုဏ်ပြုရန် ရောက်ရှိလာခြင်းပင်။

“ဂုဏ်ယူပါတယ်။”

ကျောင်းအုပ်ကြီး၏ ရုံးခန်းတွင် တွေ့ရသော ထိုကလေးမလေးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်၍ ဂုဏ်ပြုစကားပြောလိုက်ရာ ကလေးမလေးက မျက်နှာလေး နီရဲသွားကာ တိုးညင်းသောအသံလေးဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

“ကျေးဇူးတင်ပါတယ်……”

မိဘမဲ့ဂေဟာသို့ သွားရောက်စစ်ဆေးသည့်အခါတိုင်း သူငယ်ချင်းများနှင့် မဝင်ဆံ့ဘဲ ရှိနေတတ်၍ စိုးရိမ်ခဲ့ရသည့် ကလေးမလေးဖြစ်သော်လည်း ယခုကဲ့သို့ ကောင်းမွန်စွာ ကြီးပြင်းလာသည်မှာ ဂုဏ်ယူစရာကောင်းလှသဖြင့် ကျွန်မ နောက်တစ်ကြိမ် ထပ်မံပွေ့ဖက်ကာ ကျောလေးကို ပုတ်ပေးလိုက်ရာ ကလေးမလေးက ကျောက်ရုပ်ပမာ တောင့်ခဲသွားတော့သည်။

ကလေးမလေး ဦးညွှတ်နှုတ်ဆက်ပြီး ထွက်သွားတော့ အကယ်ဒမီကျောင်းအုပ်ကြီးက ရယ်မောလျက် ပြောလာ၏။

“လိမ္မာရေးခြားရှိပြီး ပါရမီလည်း အတော်ကြီးတဲ့ ကလေးပဲဗျာ။”

“ဟုတ်ကဲ့။ ကောင်းကောင်းအပ်ပါတယ်။”

ကလေးမလေးအား ထောက်ပံ့မည့် အကြောင်းကိစ္စများနှင့် ပတ်သက်၍ အသေးစိတ် ထပ်မံဆွေးနွေးပြီးနောက် ကျောင်းအုပ်ကြီး၏ အကြံပြုချက်အရ ကျောင်းဝင်းအတွင်း တစ်ပတ်လှည့်ကြည့်ဖြစ်ခဲ့သည်။

ဝီလ်ဝေါလ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေနှင့် သဘောတရား နီးစပ်သော်လည်း အရှေ့အင်ပါယာ၏ နယ်နိမိတ်အတွင်း တည်ရှိနေခြင်းကြောင့် ကျောင်းအုပ်ကြီးက ကျွန်မအပေါ် သူ့နည်းသူ့ဟန်ဖြင့် အလေးထားဆက်ဆံပေးခြင်း ဖြစ်သည့်ပုံပင်။

“အခုတလော မှော်ဆရာ အရေအတွက်က တဖြည်းဖြည်း လျော့နည်းလာလို့ စိုးရိမ်နေမိတယ်ဗျာ။”

“အဲ့ဒါနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ရထားပါတယ်။ အကြောင်းရင်းကို အခုအထိ မသိရသေးဘူးလားရှင့်။”

“ဟုတ်ကဲ့။ နည်းလမ်းပေါင်းစုံနဲ့ စုံစမ်းနေပေမဲ့ မှော်စွမ်းအား နိုးကြွလာတဲ့ နှုန်းကိုက လျော့နည်းနေတာကြောင့်ပါ။”

“မှော်ဆရာတွေ ရှားပါးလာတာနဲ့အမျှ မှော်ဆရာ အရေအတွက်က တိုင်းပြည်ရဲ့ ကာကွယ်ရေးအင်အားအတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ အချက်တစ်ခု ဖြစ်လာမှာပဲနော်။”

သို့သော် ကျောက်သားများဖြင့် ပြုလုပ်ထားသော စင်္ကြံရှည်ကြီးအတိုင်း လျှောက်လာစဉ် သီးခြားဖြစ်နေသည့် မီးခိုးရောင် ကျောက်နံရံတစ်ခုကို မြင်လိုက်ရသည်။

အခြားနံရံများနှင့် ဆက်စပ်နေခြင်းမရှိဘဲ တစ်ခုတည်း သီးသန့်ဖြစ်နေသည့် နံရံပင်။

ထိုနံရံပေါ်တွင် အရွယ်အစားတူညီသော ပုံတူပန်းချီကားများ စီတန်းချိတ်ဆွဲထားသည်။

“ဒါက……”

အနီးသို့ သွားရောက်ရပ်တန့်ကာ ကြည့်လိုက်တော့ ကျောင်းအုပ်ကြီးက ရှင်းပြလေသည်။

“ဒါတွေက အကယ်ဒမီမှာ ထူးထူးချွန်ချွန် ဘွဲ့ရခဲ့တဲ့ ကျောင်းသားဟောင်းတွေရဲ့ ပုံတူတွေလေ။”

အာ…… ဟုတ်သားပဲ။

အဲ့ဒီလိုဆိုမှ နောက်ဆုံးမှာ ချိတ်ထားတဲ့သူက ခါ့ဖ်မန်း မင်းသားကြီးကိုး။

သေချာကြည့်လိုက်တော့ လက်ရှိကျောင်းအုပ်ကြီး၏ ငယ်စဉ်က ပုံတူပန်းချီကားကိုလည်း ချိတ်ဆွဲထားကြောင်း တွေ့လိုက်ရသည်။

သို့သော် ထူးဆန်းနေသည့် နေရာတစ်ခုရှိ၏။

“ဒီနေရာက ဘာဖြစ်လို့ လွတ်နေရတာလဲ။”

နေရာတစ်ကွက်တွင်သာ ပုံတူပန်းချီကားမရှိဘဲ ဟာနေသဖြင့် စူးစမ်းမေးမြန်းလိုက်ရာ ကျောင်းအုပ်ကြီးက အနည်းငယ် အိုးတိုးအမ်းတမ်း မျက်နှာထားဖြင့် ပြန်ဖြေခဲ့သည်။

“ခေတ္တခဏ ပညာတော်သင်လာသွားတဲ့ လူက ထူးချွန်ဆု ရသွားလို့ ချန်ထားခဲ့တာပါ။ အချိန်ပြည့် ကျောင်းသားအစစ် မဟုတ်လို့လေ။”

“အကယ်ဒမီကျောင်းသား မဟုတ်ဘဲနဲ့ ထူးချွန်ဆုကို ရခဲ့တာလား။ တကယ် အံ့ဩစရာပဲ။ ဘယ်သူများလဲရှင့်။”

အတော်ပင် ထူးခြားသည့် သတင်းဖြစ်သော်လည်း ကျွန်မ တစ်ခါမျှ မကြားဖူးခဲ့ပေ။

ကျောင်းအုပ်ကြီးက အိုးတိုးအမ်းတမ်းအသံဖြင့် ပြန်ဖြေခဲ့၏။

“အနောက်ဘုရင့်တိုင်းပြည်က တော်ဝင်မင်းသား ဟိုင်န်ရီပါ။”

ကျွန်မ အံ့ဩသွားကာ သူ့ကို လှည့်ကြည့်မိသည်။

လူမှုရေးလောကတွင် ချောမောသည့် ရုပ်ရည်နှင့် ပွေရှုပ်မှုကြောင့် နာမည်ကျော်သည့် ထိုတော်ဝင်မင်းသား ဟိုင်န်ရီက အကယ်ဒမီမှ ထူးချွန်ကျောင်းသားလောင်းကို အနိုင်ယူခဲ့သတဲ့လား။

အဲ့ဒီလို အကြောင်းအရာဆိုရင် ကောလာဟလတွေ ပြန့်နေပြီးသား ဖြစ်ရမှာကို…

“အဲ့ဒီအကြောင်းကို ကျွန်မဖြင့် တစ်ခါမှ မကြားဖူးပါဘူး။”

“အကယ်ဒမီဘက်ကတော့ ဒါက ကြွားဝါစရာကိစ္စ မဟုတ်လို့ပါ။”

“ဪ။”

ဟုတ်ပါရဲ့။ သိက္ခာကျစရာကိစ္စမျိုး ဖြစ်မှာပဲပေါ့။

“အဲ့ဒါအပြင် တော်ဝင်မင်းသား ဟိုင်န်ရီကိုယ်တိုင်ကလည်း သီးသန့်တောင်းဆိုထားတာ ရှိနေလို့လေ။”

“တောင်းဆိုတယ်ဆိုတာက။”

“တခြားလူတွေကို မပြောပြဖို့ သူက တောင်းဆိုခဲ့ပါတယ်။”

“……”

ဒါနဲ့ ငါ့ကိုကျတော့ ဘာလို့ ပြောပြတာလဲ။

အဆင်ပြေပါ့မလား။

ရှေ့နောက်မညီသော စကားကြောင့် စူးစမ်းသလိုကြည့်လိုက်ရာ ကျောင်းအုပ်ကြီးက အလျင်အမြန်ပင် ထပ်လောင်းပြောကြားခဲ့သည်။

“ကိစ္စမရှိပါဘူးဗျ။ မဟုတ်တောင် တော်ဝင်မင်းသား ဟိုင်န်ရီက မနေ့ကတင် ခဏ အလည်ရောက်လာပါသေးတယ်။”

“တော်ဝင်မင်းသား ဟိုင်န်ရီကလား။”

မနေ့က ကျွန်မ ထွက်လာသည့်အချိန်အထိ သူ့ကို နန်းတော်ထဲတွင် ရှိနေသေးသည်ဟု ထင်ခဲ့သော်လည်း……

မည်သည့်အချိန်က ထွက်လာခဲ့မှန်း မသိလိုက်ပေ။

“ဟုတ်တယ်ဗျ။ ရုတ်တရက်ကြီး ရောက်လာတာပါ။ ပြီးတော့ စိတ်ကြိုက် လည်ပတ်သွားပြီးမှ၊ တကယ်လို့ ဧည့်သည်တစ်ယောက်ယောက်က အဲ့ဒီ နေရာလွတ်အကြောင်း မေးလာရင် ပြောပြလိုက်လို့ရတယ်ဆိုပြီး မှာသွားတာလေ။”

“အဲ့ဒီလိုကိုး။”

အချိန်ကိုက်လွန်းလှသဖြင့် ထူးဆန်းနေသော်လည်း ထိုအတိုင်းပင် သဘောထားလိုက်သည်။

ထိုအချက်ထက် တော်ဝင်မင်းသား ဟိုင်န်ရီက မှော်ပညာ အသုံးပြုနိုင်သည်ဟူသော အချက်ကို ပို၍ စိတ်ဝင်စားမိ၏။

တော်ဝင်မင်းသား ဟိုင်န်ရီ…… မြို့စားမင်း အယ်ရ်ဂီ၏ စကားအရ သူက နှစ်ပိုင်းလောက် အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်နေသည်ဟု သိရသည်။

အကယ်၍ သူသာ မှော်ပညာ အသုံးပြုနိုင်သူ ဖြစ်ခဲ့လျှင် ထိုအစီအစဉ်ကို မည်သို့ပင် စုံစမ်းစစ်ဆေးပါစေ သိရှိနိုင်ရန် ခဲယဉ်းပေမည်။

မှော်ဆရာများက ရှားပါးလှသဖြင့် ထိုနယ်ပယ်မှာ စနစ်တကျ သုတေသန မပြုလုပ်နိုင်သေးသည့် နယ်ပယ်ဖြစ်သောကြောင့်ပင်။

သို့သော် အကယ်ဒမီတစ်ခုလုံးကို လှည့်လည်ကြည့်ရှုပြီးနောက် ကျောင်းအုပ်ကြီး၏ လိုက်ပါပို့ဆောင်မှုဖြင့် ကျောင်းရှေ့သို့ ရောက်ရှိလာချိန်တွင်။

ကျွန်မ၏ စိတ်ကို စိုးမိုးထားသည့် တော်ဝင်မင်းသား ဟိုင်န်ရီက ဆံပင်အပြာရောင်ရှိသော သူ၏ကိုယ်ရံတော်စစ်သည်နှင့်အတူ ဤဘက်သို့ လျှောက်လာနေသည်ကို မြင်လိုက်ရသည်။

အံ့ဩမှင်တက်စွာဖြင့် ရပ်တန့်လိုက်ရာ တော်ဝင်မင်းသား ဟိုင်န်ရီကလည်း အံ့အားသင့်နေသည့် မျက်နှာထားဖြင့် ကျွန်မရှိရာသို့ အမြန်လျှောက်လာ၏။

“ကွီးန်။ ဘုရားရေ။ ဒီမှာ လာဆုံရတာပဲ။”

တော်ဝင်မင်းသား ဟိုင်န်ရီက ကျွန်မ၏ အရှေ့အထိ ရောက်လာပြီး နှစ်နှစ်ကာကာပြုံးလျက် ကျွန်မကို သေချာစိုက်ကြည့်နေသည်။

သို့သော် သူ၏ ကိုယ်ရံတော်ကမူ ဆန့်ကျင်ဘက် မကျေမနပ်ဖြစ်နေသည့် မျက်နှာထားမျိုး ရှိနေ၏။

ကျွန်မအပေါ် မကျေနပ်ခြင်းထက်…… တော်ဝင်မင်းသား ဟိုင်န်ရီကို ကြည့်နေသည့် သူ၏ အကြည့်များက မကျေမနပ် ဖြစ်နေခြင်းပင်။

အဓိပ္ပာယ်မရှိသည့် စကားကို ကြားလိုက်ရသည့်အလား။

ကိုယ်ရံတော်က တော်ဝင်မင်းသား ဟိုင်န်ရီကို ကြည့်ကာ ခေါင်းတခါခါ လုပ်နေရာမှ ကျွန်မနှင့် အကြည့်ချင်းဆုံသွားချိန်မှသာ ပုံမှန် စစ်သည်တော်လို တည်ငြိမ်သောအမူအရာရှိဟန် ပြင်လိုက်တော့သည်။

တော်ဝင်မင်းသား ဟိုင်န်ရီကမူ ကိုယ်ရံတော် ဘာလုပ်လုပ် ဂရုမစိုက်ဘဲ ပြုံးဖြီးနေ၏။

“တကယ်ကို တိုက်ဆိုင်လွန်းမနေဘူးလား၊ ကွီးန်။”

“ဟုတ်ပါရဲ့။ ဒီလိုနေရာမျိုးမှာ ဆုံရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး၊ တော်ဝင်မင်းသား ဟိုင်န်ရီ။”

“ဒီဘက်မှာ မဖြစ်မနေ လာရမဲ့ကိစ္စတစ်ခု ပေါ်လာလို့လေ။”

“အဲ့ဒီလိုလား။”

“ဟုတ်ကဲ့။ ကြိုတင်ချိန်းဆိုထားတာမျိုးလည်းမဟုတ်ဘဲ အခုလို ‘တိုက်တိုက်ဆိုင်ဆိုင်’ ဧကရီ အရှင်မနဲ့ တွေ့ရပုံထောက်ရင် ကျွန်တော်တို့က ရေစက်တော့ ရေစက်ပဲလို့ ဆိုရမယ်ဗျ။”

ဤမျှလောက်နှင့် ရေစက်ပါသည်ဟု ဆိုခြင်းမှာ အနည်းငယ် ပိုကဲလွန်းသည်ဟု ထင်ရသော်လည်း ထင်မှတ်မထားသည့် နေရာတွင် သူ့ကို တွေ့ရသဖြင့် ကျွန်မကိုယ်တိုင်လည်း ဝမ်းသာမိသည်မှာ အမှန်ပင်ဖြစ်ရာ အလိုလို ရယ်လိုက်မိတော့သည်။

“ဘာကိစ္စနဲ့ လာတာလဲလို့မေးရင် ရိုင်းရာကျမလားဟင်။”

“ကျောင်းအုပ်ကြီးက ကျွန်တော့်ကို တွေ့ချင်တယ် ပြောလို့ပါ။”

“……”

ကျောင်းအုပ်ကြီးကတော့ တော်ဝင်မင်းသား ဟိုင်န်ရီ ရုတ်တရက်ကြီး ရောက်လာတယ်လို့ ပြောခဲ့တာကို။

သို့သော် ရွှန်းရွှန်းစားစား ပြုံးနေသည့် တော်ဝင်မင်းသား ဟိုင်န်ရီကို ထိုအကြောင်း မပြောဖြစ်ခဲ့။

ပြောလိုက်လျှင် သူ အလွန်ပင် ရှက်သွားပေလိမ့်မည်။

အာ……ဒါမှမဟုတ် ဒီနေရာသို့ လာတာကလည်း တော်ဝင်မင်းသား ဟိုင်န်ရီ အကောင်အထည်ဖော်နေတယ်ဆိုတဲ့ အဲ့ဒီ ‘အစီအစဉ်’ ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေမလား။

ကျွန်မ တွေးနေစဉ် တော်ဝင်မင်းသား ဟိုင်န်ရီက အသာအယာ မေးလာခဲ့သည်။

“ဒီလိုဆုံရတာလည်း ရေစက်ပဲဆိုတော့။ အတူတူ လက်ဆုံစားကြမလား၊ ကွီးန်။”

ယနေ့အတွက် အစီအစဉ်များအားလုံး ပြီးဆုံးသွားပြီဖြစ်ရာ ကျွန်မလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်သည်။

“ကောင်းပါပြီ။”

~~~~

“ဒါက ပန်းသီးရယ်၊ ပျားရည်ရယ်နဲ့ လုပ်ထားတဲ့ ဖျော်ရည်ပါ။ အချို ကြိုက်တတ်လားဗျ။”

“အတော်အသင့်ပေါ့။”

“ဒါဆိုရင်တော့ အကြိုက်တွေ့မှာပါ။”

သူ အမြဲသွားနေကျဆိုင်ဟုဆိုကာ အနီးအနားရှိ စားသောက်ဆိုင်ကြီးတစ်ခုသို့ လမ်းပြခေါ်ဆောင်လာသော တော်ဝင်မင်းသား ဟိုင်န်ရီက အစားအစာနှင့် သောက်စရာများကို မီနူးစာအုပ်မှနေ၍ ကျွမ်းကျင်စွာပင် အကြံပြုပေးခဲ့သည်။

“ဘီယာနဲ့ ချက်ထားတဲ့ စွပ်ပြုတ်ကိုရော သုံးဆောင်ဖူးလားဗျ။”

“တစ်ခေါက်ပေါ့။”

“ဒါက ဒီဆိုင်ရဲ့ နာမည်ကြီးဟင်းလျာပါ။ အရသာက အကောင်းဆုံးမို့လို့ မြည်းစမ်းကြည့်ဖို့ အကြံပေးချင်ပါတယ်။”

“ကျွန်မ အကြိုက်နဲ့ မတွေ့ရင် ဘယ်လိုလုပ်မလဲ။”

“ကျွန်တော့်ကို ထိုးချင်သလို ထိုးလို့ရပါတယ်။”

သူက နောက်ရွှတ်ရွှတ်ပြုံးရင်း သူ၏နဖူးကို လက်သီးဖြင့် ခေါက်သည့်ဟန် လုပ်ပြပြီးနောက် စားပွဲထိုးကိုခေါ်ကာ အစားအစာများကို အစုံအလင် မှာယူခဲ့သည်။

ကျွန်မနှင့် တော်ဝင်မင်းသား ဟိုင်န်ရီတို့ ခေါ်လာသော ကိုယ်ရံတော်စစ်သည်များကမူ အနည်းငယ် ဝေးကွာသော စားပွဲဝိုင်းများတွင် သီးခြားစီ ထိုင်နေကြ၏။

စားပွဲထိုးက လတ်လတ်ဆတ်ဆတ် ကြော်ထားသော ပေါင်မုန့်များကို အမြန်လာချပေးသည်။

ကျွန်မ ပေါင်မုန့်ကို လက်ဖြင့် ဖဲ့စားရင်း တော်ဝင်မင်းသား ဟိုင်န်ရီကို ကြည့်လိုက်မိ၏။

သူက အစားမစားဘဲ ကျွန်မကိုသာကြည့်ရင်း ပြုံးနေသည်။

သို့သော် သူ၏အကြည့်က စိတ်အနှောင့်အယှက် မဖြစ်စေခဲ့ပေ။

သူက အရှေ့အင်ပါယာအတွက် အန္တရာယ်ရှိသော အစီအစဉ်များ ကြံစည်နေသလားဟု သံသယဝင်နေမိသော်လည်း။

"အမြဲတမ်း တွေးနေမိတာ...”

“ပြောပါ၊ ကွီးန်။”

“တော်ဝင်မင်းသား ဟိုင်န်ရီက ‘ကွီးန်’ နဲ့ တော်တော်တူတာပဲ။”

“ဟုတ်လို့လားဗျ။”

“ဟုတ်တယ်။ ရွှေရောင်ဆံပင်နဲ့ ခရမ်းရောင် မျက်လုံးတွေကအစလေ။”

ထုတ်မပြောသော်လည်း အလွန် ချောမောခံ့ညားသည်ဟူသည့် အချက်လည်း ပါဝင်၏။

ကျွန်မ၏ ပွင့်လင်းသော မှတ်ချက်ကြောင့် တော်ဝင်မင်းသား ဟိုင်န်ရီက သဘောတွေ့နေပုံရကာ နှုတ်ခမ်းထောင့်စွန်းကို အသာလေး ကွေးညွှတ် ပြုံးလိုက်ရင်း ကိုယ်ကို ကျွန်မဘက်သို့ ကိုင်းကာ မေးလာသည်။

“သေချာ ကြည့်ကြည့်ပါဦး။ တကယ်ကြီးလားဗျ။ ကျွန်တော်က တကယ်ပဲ ငှက်နဲ့ တူနေလို့လား။”

မျက်စိရှေ့သို့ ရောက်လာသော ခရမ်းရောင် မျက်ဝန်းများကို ကြည့်ရသည်မှာ မှုန်ရီရီ ဗိုင်အိုလတ်ပန်းလေးလိုပင်။

အာ...

ကျွန်မ နောက်ကျမှ သူ့အကြည့်ကို ဘာကြောင့် စိတ်မကျဉ်းကျပ်မိမှန်း နားလည်သွားတော့သည်။

မျက်ဝန်းများက အင်မတန် လှပ​သောကြောင့်ပင်။

သူ၏ မျက်ဝန်းများကို ကြည့်မိလျှင် ‘အကြည့်ခံနေရသည်’ ဟူသော ခံစားချက်ထက် ‘လှသည်’ ဟူသော အတွေးက အရင်ဝင်လာတတ်၏။

ဤအချက်ကြောင့်ပင် ဖြစ်ပေမည်။

“ဧကရီအရှင်မရဲ့ မျက်လုံးက အရောင် တကယ် လှပါတယ်။ သိလားဗျ။”

ထိုသို့ တွေးနေစဉ်မှာပင် တော်ဝင်မင်းသား ဟိုင်န်ရီကလည်း ကျွန်မ ယခုလေးတင် တွေးလိုက်သည့် စကားနှင့် ဆင်တူသော စကားမျိုးကို ပြောလာသည်။

ထူးဆန်းလွန်းလှသဖြင့် ကျွန်မက ရှီးခနဲရယ်လိုက်မိတော့ သူက “တကယ်ပြောတာပါ” ဟု ရေရွတ်ရင်း ကိုယ်ကို ပြန်မတ်လိုက်၏။

“အမြဲတမ်း မိန်းမတွေကို မြှောက်ပင့်စကား ပြောနေကျလား။ အခုလိုမျိုးလေ။”

“ဒါဆိုရင် ကွီးန်ကရော အမြဲတမ်း လူကို အခုလိုမျိုး ညှို့ယူပြုစားနေကျလား။ မျက်လုံးနဲ့လေ။”

“အဓိပ္ပာယ်မရှိတာ။”

“သိပါတယ်။ ပြန်ဖြေစရာ စကားမရှိလို့ လျှောက်ပြောလိုက်တာပါ။”

ထိုအတောအတွင်း စားပွဲထိုးက အစားအသောက်များကို လက်တွန်းလှည်းပေါ် တင်ဆောင်ကာ ရောက်ရှိလာသည်။

ကျွန်မ စားပွဲထိုး အစားအသောက်များ ပြင်ဆင်နေစဉ်အတွင်း ဂါဝန်အနားစကို မသိမသာ ကိုင်ကစားနေမိကာ စားပွဲထိုး ပြန်ထွက်သွားသည်နှင့် တော်ဝင်မင်းသား ဟိုင်န်ရီကို ချက်ချင်း မေးလိုက်၏။

“ကျောင်းအုပ်ကြီးဆီက ကြားရသလောက်ဆိုရင် မှော်ပညာမှာ တော်တယ်ဆို။”

တွေ့ကတည်းက မေးချင်နေသော်လည်း ချက်ချင်းမေးလိုက်လျှင် သိသာနေမည်စိုး၍ မမေးဘဲ အောင့်ထားခဲ့သော စကားပင်။

တော်ဝင်မင်းသား ဟိုင်န်ရီက အဝါရောင် ဖျော်ရည်ခွက်ကို ကျွန်မဘက်သို့ တိုးပေးရင်း အိုးတိုးအမ်းတမ်း ပြုံးခဲ့သည်။

“ကျောင်းအုပ်ကြီးဆီက ကြားခဲ့တာကိုး။ ဟုတ်ကဲ့၊ နည်းနည်းပါးပါးပါ။”

“ထိပ်တန်းအဆင့်နဲ့ ထူးထူးချွန်ချွန် အောင်မြင်ခဲ့တာဆို။”

“အလို။ အဲ့ဒီအထိ ပြောပြလိုက်တာလား။”

“ကျွန်မက မှော်ပညာအကြောင်း သိပ်မသိပေမဲ့ မှော်ဆရာတွေမှာ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ထူးထူးခြားခြား ကိုယ်ပိုင်စွမ်းရည်တွေ ရှိကြတယ်လို့ သိထားပါတယ်။ ဟုတ်လားဟင်။”

“အမှန်ပါပဲ။ ကျွန်တော် လုပ်နိုင်တဲ့ မှော်အတတ်ကို တခြားလူက လုံးဝ မလုပ်နိုင်တာမျိုး ရှိသလို၊ တခြားလူ လုပ်နိုင်တာကို ကျွန်တော်က မလုပ်နိုင်တာမျိုးလည်း ရှိတတ်ပါတယ်။”

ကျွန်မက ဘာမှမဟုတ်သည့်ဟန်ဖြင့် ဆက်မေးလိုက်သည်။

“တော်ဝင်မင်းသား ဟိုင်န်ရီရဲ့ ထူးခြားစွမ်းရည်က ဘာများလဲ။”

မိမိ၏ မှော်စွမ်းရည်အကြောင်း အကုန်အစင် ထုတ်ဖော်ပြောပြတတ်သူများ ရှိသည့်တိုင် အသေအချာ ဖုံးကွယ်ထားတတ်သူများကလည်း ဒုနှင့်ဒေးပင်။

တော်ဝင်မင်းသား ဟိုင်န်ရီက ဖြေပေးလိမ့်မည်ဟု မျှော်လင့်ပြီး မေးလိုက်ခြင်းတော့ မဟုတ်ပေ။

သို့သော် သူသာ ဖြေခဲ့မည်ဆိုလျှင် သူ၏ အစီအစဉ်တွင် မှော်အစွမ်းကို အသုံးပြုခြင်း ရှိ၊ မရှိ ခန့်မှန်းရန် ပိုမိုလွယ်ကူသွားပေလိမ့်မည်။

ထို့အပြင် သူ၏ မှော်အစွမ်းက မည်သို့သော အမျိုးအစားဖြစ်သလဲဟူသည့် အချက်အပေါ် မူတည်၍ ဆာ အာရ်တီနာအား နောက်ကွယ်မှ စုံစမ်းခိုင်းထားသည့် အလုပ်ကို ရပ်တန့်ခိုင်းရပေမည်။

မည်သည့်ရလဒ်မှ မရရှိဘဲ နောက်ကြောင်းလိုက် စုံစမ်းနေကြောင်းသာ ပေါ်သွားနိုင်သောကြောင့်ပင်။

တော်ဝင်မင်းသား ဟိုင်န်ရီက “အမ်း……” ဟု မရေမရာ အသံပြုရင်း ပြုံးခဲ့သည်။

“ကောင်းကင်မှာ ပျံသန်းနိုင်တဲ့ ထူးခြားစွမ်းရည်ဖြစ်မလား၊ အဲ့ဒီလိုပဲဆိုပါတော့ဗျာ။”

“ပျံသန်းတာလား။ ကောင်းလိုက်တာ။ ဧကန္တ တခြားလူကိုပါခေါ်ပြီး ပျံသန်းပေးလို့ရော ရလားဟင်။”

“ဘယ်သူလဲဆိုတဲ့အပေါ်မှာ မူတည်တာပေါ့။”

“ကျွန်မဆိုရင်ရော။ ကျွန်မကိုရော ခေါ်ပြီး ပျံသန်းပေးလို့ရမလား။”

ကျွန်မက နောက်တစ်ဝက်၊ အတည်တစ်ဝက်ဖြင့် မေးရင်း သူ့ကို စိုက်ကြည့်လိုက်သည်။

သူ၏ စွမ်းရည်အကြောင်း ပို၍ အသေးစိတ် သိလိုသောကြောင့်ပင်။

သို့သော် မေးခွန်းမေးနေစဉ်မှာပင် ကျိန်းသေပေါက် ဖြစ်နိုင်လိမ့်မည်ဟု တွေးထားမိ၏။

‘သူက ကျွန်မကိုခေါ်ပြီး ပျံသန်းပေးလိမ့်မည်’ ဟု မျှော်လင့်၍ မဟုတ်ဘဲ သူ၏ စွမ်းရည်အရဆိုလျှင် တကယ်ပင် ဖြစ်နိုင်မည်ဟု ထင်မိသောကြောင့်ပင်။

“အာ……”

သို့သော် ထင်မှတ်မထားဘဲ တော်ဝင်မင်းသား ဟိုင်န်ရီက အကျပ်ရိုက်နေသလို မျက်နှာဖြင့် အကြည့်လွှဲကာ ရေရွတ်ခဲ့သည်။

“ကွီးန်က နည်းနည်း၊ အမ်း။ ကျွန်တော် သယ်ဖို့အတွက်တော့ လေးလွန်းပါတယ်။”

“....”

“အာ၊ အထင်မလွဲပါနဲ့ဦး။ ကွီးန်ရဲ့ ကိုယ်အလေးချိန်က လေးတယ်လို့ ပြောတာ မဟုတ်ဘဲ ကျွန်တော် ကောင်းကင်မှာ သယ်ပြီး ပျံဖို့အတွက် လေးတယ်လို့ ဆိုလိုတာပါ။”

“ဟုတ်ပါပြီ။”

“စိတ်ဆိုးသွာလားဗျ……”

“မဆိုးပါဘူး။”

“အဖြေကလည်း တိုလိုက်တာ။ စိတ်ဆိုးနေတဲ့ပုံပါ……”

“မဟုတ်ပါဘူးလို့။”

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment