no

Font
Theme

အပိုင်း ၈၁ (ကိုယ့်ကိုယ်ကိုယ် ကိုယ်ပဲ ကာကွယ်ရမယ်)

“…… ဘာ​။”

အဓိပ္ပာယ်မရှိလွန်းလှသဖြင့် အံ့အားသင့်ကာ ဟက်ခနဲ ရယ်မိသွားသည်။

ကျွန်မက ဘယ်သူ့ရဲ့ မွေးစားမိခင် လုပ်ပေးရမယ်။

အဓိပ္ပာယ်မရှိလွန်း၍ ပြန်မေးလိုက်သော်လည်း ကျွန်မစကားပင် မဆုံးသေးမီ တစ်စုံတစ်ယောက်က ရှေ့သို့ ဝုန်းခနဲ ​ထွက်လာသည်။

“အခု ဘာပြောလိုက်တယ်။”

အစ်ကိုပင်။

ကျွန်မနှင့် ရုပ်ချင်းဆင်သော်လည်း အစ်ကိုက မျက်မှောင်ကြုတ်လိုက်လျှင် အလွန်ပင် ကြောက်စရာကောင်းလှသည်။

နယ်စပ်ဒေသများတွင် အသက်နှင့်ရင်း၍ တိုက်ပွဲပေါင်းများစွာ ဆင်နွှဲခဲ့သူဖြစ်ရာ သူ အတည်ပေါက် ဒေါသထွက်လာလျှင် ပတ်ဝန်းကျင်အနေအထားကလည်း တစ်မျိုး ပြောင်းလဲသွားတတ်၏။

“ဧကရီအရှင်မက အရင်……”

ရက်ရှ်တာက နောက်သို့ ဆုတ်သွားရင်း မသဲမကွဲ တီးတိုးလေး ရေရွတ်ခဲ့သည်။

အစ်ကို၏ အရှိန်အဝါကြောင့် အတော်လန့်သွားပုံပင်။

ထို့နောက် အစ်ကိုက ခြိမ်းခြောက်သည့်အလား ပို၍ အနားတိုးသွားတော့ သူက ယိမ်းထိုးသွားကာ အနောက်သို့ ပက်လက်လန်ပြီး လဲကျသွားတော့သည်။

“အား။”

ဖင်ထိုင်လျက် လဲကျသွားသော ရက်ရှ်တာက သနားစဖွယ် တရှုံ့ရှုံ့ငိုရင်း သူ၏ဗိုက်ကို ပိုက်လိုက်၏။

ကျွန်မလည်း အမြန်ပြေးသွားကာ အစ်ကို၏ အင်္ကျီစကို လှမ်းဆွဲလိုက်မိသည်။

“တော်တော့။”

တစ်ချိန်တည်းမှာပင် မားကီးစ် ဖာရ်အန်းကလည်း အစ်ကို၏ လက်မောင်းကို လှမ်းဆွဲကာ ဆွဲထုတ်ခဲ့၏။

“စိတ်ထင်ရာ လျှောက်ပြောနေတာ လွှတ်ထားလိုက်စမ်းပါ။ ဝင်မပါနဲ့။”

ထိုအခိုက်အတန့်မှာပင်။

ဗိုက်ကို အုပ်ကိုင်လျက် ကြောက်လန့်တကြား မျက်လုံးများဖြင့် ကျွန်မတို့ကို မော့ကြည့်နေသော ရက်ရှ်တာက ရုတ်တရက် စူးစူးဝါးဝါး အော်ဟစ်လေတော့သည်။

“အား……။ ဗိုက်က။”

ထို့နောက် နာကျင်လွန်းသည့် မျက်နှာထားဖြင့် မြေပြင်ပေါ်တွင် လူးလိမ့်နေ၏။

“ဘယ်ကိုလာပြီး မူရာမာယာများနေတာလဲ။”

ဒေါသထွက်နေသော အစ်ကို တကယ် ပေါက်ကွဲအံ့ဆဲဆဲတွင် မားကီးစ် ဖာရ်အန်းက သူ့ကို တင်းတင်းကျပ်ကျပ် ဖမ်းဆွဲကာ အနောက်သို့ အတင်းဆွဲခေါ်သွားတော့သည်။

ရက်ရှ်တာကမူ ဗိုက်ကို ပိုက်ထားဆဲပင်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ကျွန်မ၏ နှလုံးက ဒိတ်ခနဲ ခုန်သွားကာ ခေါင်းထဲသို့ ရေအေးဖြင့် လောင်းချလိုက်သလို ခံစားလိုက်ရ၏။

မားကီးစ် ဖာရ်အန်း အစ်ကို့ကို အနောက်သို့ ဆွဲခေါ်သွားစဉ် လူများ ဝိုင်းအုံလာကြတော့သည်။

“ဗိုက်နာပါတယ်။ အား…… ဗိုက်ထဲက နာတယ်။”

ထိုအတောအတွင်းမှာပင် ရက်ရှ်တာက ဆက်တိုက် အော်ဟစ်နေ၏။

ဝိုင်းအုံလာသူများအနက်မှ အစ်ကို၏ မျက်နှာနှင့် သူ၏ နာမည်ဆိုးကို သိသူများက တုန်လှုပ်သွားကြသည်။

သို့သော် ခဏမျှသာ။

ရက်ရှ်တာက နာကျင်ကြောင်း တစာစာ အော်ဟစ်နေသဖြင့် သူတို့လည်း အပြေးအလွှား လှုပ်ရှားကြတော့သည်။

အချို့က ပင်မနန်းဆောင်ဘက်သို့ အပြေးသွားကြပြီး၊ အချို့က ရက်ရှ်တာ့အနားသို့ ချဉ်းကပ်ကာ အခြေအနေကို စစ်ဆေးကြ၏။

တော်ဝင်ကိုယ်ရံတော်များကလည်း မားကီးစ် ဖာရ်အန်းနှင့်အတူ အစ်ကို့ကို ဝိုင်းတားကြလေသည်။

“ဟေ့ မင်း။ နာဗီရယ်က မြုံနေတဲ့မိန်းမမို့လို့ မင်းရဲ့ကလေးတွေကို မွေးစားပေးရမယ်ဆိုပြီး ထပ်ပြောရဲပြောကြည့်။ လျှာကို ဆွဲထုတ်ပစ်မှာမို့လို့။”

အတင်းအဓမ္မ ဆွဲခေါ်ခံနေရသည့်တိုင် အစ်ကိုက အော်ဟစ်ဆဲဆိုနေဆဲပင်။

ထိုအသံကြောင့် ရက်ရှ်တာ၏ မျက်ဝန်းများ ဝိုင်းစက်တုန်ယင်သွားသည်။

အစ်ကို ပြောနေသည်က သူပြောခဲ့သည့် စကားများအတိုင်းပင်ဖြစ်သော်လည်း မရေမရာရှိခဲ့သော ဆိုလိုရင်းက ပို၍သိသာဆိုးဝါးသွားသောကြောင့်ပင်။

သို့သော် အော်ဟစ်နေရသဖြင့် ပြန်လည်ချေပရန် ခက်ခဲနေသည့်အလား ဘာမှမပြောနိုင်ခဲ့ပေ။

မောဟိုက်နေသော အစ်ကို့ကို ကိုယ်ရံတော်များနှင့် မားကီးစ် ဖာရ်အန်းတို့က မနည်းခေါ်ဆောင်သွားကြတော့သည်။

ရက်ရှ်တာက နန်းတွင်းအမှုထမ်းများ၏ တွဲကူမှုကို ခံယူရင်း ကျွန်မကို မော့ကြည့်ကာ သနားစဖွယ် ရှိုက်ငိုနေ၏။

နဖူးတွင် ချွေးစေးများထွက်နေပုံထောက်လျှင် ဟန်လုပ်နေခြင်းမဟုတ်ဘဲ တကယ် အတော်လေး နာကျင်နေသည့်ပုံပင်။

ရက်ရှ်တာက ကျွန်မကိုကြည့်ရင်း နှုတ်ခမ်းလေးများ လှုပ်ရှားလာသည်။

ကူညီပါဟု ပြောနေသည့်နှယ်။

သို့သော် သူ ဘာကိုမျှော်လင့်နေမှန်း ကျွန်မ မသိပေ။

မကြာခင် သမားတော် ရောက်လာပေလိမ့်မည်။

ဘေးပတ်ဝန်းကျင်တွင်လည်း ပြုစုပေးမည့် နန်းတွင်းအမှုထမ်းများစွာ ရှိနေသလို တွဲပေး၊ ပွေ့ချီပေးမည့် ကိုယ်ရံတော်များလည်းရှိ၏။

ကျွန်မ သူ့အတွက် လုပ်ပေးနိုင်သည့်အရာ ဘာမှမရှိပေ။

ခေတ္တ ငုံ့ကြည့်နေပြီးမှ ကိုယ်ကိုလှည့်ကာ အစ်ကိုရှိရာသို့ ထွက်လာခဲ့တော့သည်။

~~~~

“ရက်ရှ်တာရော အဆင်ပြေရဲ့လား။”

နန်းတွင်းသမားတော်က အလေးအနက် မျက်နှာထားဖြင့် ရက်ရှ်တာကို အဆက်မပြတ် စစ်ဆေးနေရာ မအောင့်နိုင်တော့သည့် ဆိုဗီရ်ရှုက မေးခဲ့သည်။

ရက်ရှ်တာက မျက်ရည်ဝိုင်းလျက် သမားတော်ကို ကြည့်နေ၏။

“ကလေးက အရင်ပါ။ ကလေးရော အဆင်ပြေရဲ့လားဟင်။”

ဆိုဗီရ်ရှုက စုတ်တစ်ချက်သပ်လိုက်သည်။

“ဒီလိုအခြေအနေမှာ ကလေးက အရေးကြီးလို့လား။”

“ရက်ရှ်တာအတွက်တော့ ကလေးက အရေးအကြီးဆုံးပါပဲ။”

“မွေးတောင်မမွေးသေးတဲ့ ကလေးထက် မင်းက ပိုအရေးကြီးတယ်။”

“ဒါပေမဲ့ ရက်ရှ်တာက……”

“တော်တော့။ စိတ်မလှုပ်ရှားနဲ့ဦး။”

ဆိုဗီရ်ရှုက ရေဖတ်ဝတ်ဖြင့် ရက်ရှ်တာ၏နဖူးမှ ချွေးစေးများကို သုတ်ပေးရင်း သမားတော်ကို မျက်ရိပ်ပြလိုက်သည်။

အမြန်ဖြေဟူသော အချက်ပြမှုပင်။

သမားတော်က အနောက်သို့ တစ်လှမ်းဆုတ်ကာ စိတ်မကောင်းစွာ ဖြေကြားလေ၏။

“လေဒီ ရက်ရှ်တာက မဖြစ်မနေ အနားယူမှဖြစ်ပါမယ် အရှင်ဧကရာဇ်။”

“ရက်ရှ်တာ ဒဏ်ရာရသွားလို့လား။”

ဆိုဗီရ်ရှုက ပြတ်သားစွာ ပြန်မေးခဲ့သည်။

“အဲ့ဒါတော့ မဟုတ်ပါဘူး။”

သမားတော်က တောင်းပန်သည့်အလား လက်နှစ်ဖက်ကို စုစည်းကာ သတိထားပြီး ပြောလာ၏။

“ကိုယ်ဝန်ကနဦးကာလမှာ အင်မတန် ဂရုစိုက်မှဖြစ်မှာပါ။ လေဒီ ရက်ရှ်တာက နဂိုကတည်းက ကျန်းမာရေး သိပ်ကောင်းလှသူ မဟုတ်ပါဘူး။ တစ်ခုခု ချွတ်ချော်သွားရင် ကိုယ်ဝန်ပျက်ကျနိုင်တာကြောင့် ရှေ့လျှောက် ဒီလိုမျိုးကိစ္စတွေ ထပ်မဖြစ်အောင် သတိထားမှဖြစ်ပါမယ်။”

သမားတော် ထွက်သွားသည်နှင့် ဆိုဗီရ်ရှုက ဒေါသတကြီးဖြင့် ဆိုဖာကို ကန်လိုက်တော့သည်။

ရက်ရှ်တာ၏ မျက်ဝန်းတွင် မျက်ရည်များ ဝိုင်းလာကာ စောင်ကို တင်းတင်းဆုပ်ထားမိ၏။

ဆိုဗီရ်ရှုက မျက်လုံးမှိတ်ကာ အသက်ကို ပြင်းပြင်းရှူသွင်းပြီးနောက် မနည်းစိတ်ကိုထိန်းပြီး အကြံပေးလာသည်။

“ရက်ရှ်တာ။ ခိုရှာရ်ရဲ့ ရှေ့မှာ စကားကို ဆင်ခြင်ပြော။ အဲ့ဒီလူက စိတ်တိုလွယ်ပြီး စိတ်ဆတ်တဲ့လူမျိုး။ အနားမကပ်ဖို့ အမိန့်ထုတ်ထားမှာဆိုပေမဲ့ စိတ်လွတ်သွားရင် ဘာလုပ်မယ်မှန်း မသိနိုင်တဲ့လူပဲ။”

ရက်ရှ်တာလည်း အံ့အားသင့်သည့် မျက်နှာဖြင့် “ရှင်” ဟု ပြန်မေးမိတော့သည်။

“စကားကို ဆင်ခြင်ရမယ် ဟုတ်လားရှင့်။”

“လူတွေ ပြောစကားအရဆိုရင် မင်းကလည်း ဧကရီကို မြုံနေတယ်ဆိုပြီး စိတ်အနှောင့်အယှက်ဖြစ်စရာ စကားတွေ ပြောခဲ့တယ်ဆို။”

“မ…… မဟုတ်ပါဘူး အရှင်ဧကရာဇ်။”

ခိုရှာရ် ဒေါသတကြီး အော်ဟစ်နေသည်ကို ပြန်သတိရမိကာ ရက်ရှ်တာက အလျင်အမြန် ခေါင်းခါပြမိ၏။

သို့သော် မျက်မြင်သက်သေများပြားသဖြင့် ဆိုဗီရ်ရှုက ယုံကြည်သည့်ပုံမပေါ်ပေ။

ခိုရှာရ် လူအများရှေ့တွင် မိမိကို အော်ဟစ်ခဲ့သည့် စကားများကို ပြန်တွေးမိကာ ရက်ရှ်တာတစ်ယောက် မခံချင်စိတ်ဖြင့် ပါးစပ်က လှုပ်လှုပ်ရွရွ ဖြစ်လာသည်။

“တကယ် မဟုတ်တာကို……”

ထိုစဉ်က စကားကို ချက်ချင်း ပြင်ပြောခဲ့သင့်သည်ကို။

ထိုအချိန်က ဗိုက်အလွန်နာနေသဖြင့် သေချာ ရှင်းမပြနိုင်ခဲ့ပေ။

ထို့ကြောင့် ကျိန်းသေပေါက် လူများက ခိုရှာရ်၏စကားကို ချက်ချင်း ယုံကြည်သွားကြပေလိမ့်မည်။

မတရားသလို ခံစားရသော်လည်း ရက်ရှ်တာက မဟုတ်ပါဘူးဟု ဆက်၍ဆင်ခြေမပေးဘဲ ငိုယိုရင်း ပြန်လည်ချေပလိုက်၏။

“ဧကရီက ရက်ရှ်တာကို အသုံးမကျတဲ့လူလို့ အရင်ပြောခဲ့တာပါ။”

သို့သော် ဆိုဗီရ်ရှုက မမျှော်လင့်ဘဲ နာဗီရယ်ဘက်မှ မားမားမတ်မတ် ရပ်တည်ပေးခဲ့သည်။

“ဧကရီက သူ့ပုံရိပ်သူ အင်မတန် ထိန်းသိမ်းတတ်တဲ့သူကို အဲ့ဒီလိုပြောပါ့မလား။”

ရက်ရှ်တာတစ်ယောက် ထင်မှတ်မထားသော တုံ့ပြန်မှုကြောင့် မျက်နှာတစ်ခုလုံး နီမြန်းသွားရ၏။

ကျိန်းသေပေါက် ဧကရီ ပြောခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း။

မိမိစကားကို မယုံကြည်သော ဆိုဗီရ်ရှုအပေါ် စိတ်ခုမိသွား၏။

ထို့နောက် စိုးရိမ်စိတ်များ တိုးဝင်လာသည်။

ဤအတိုင်းဆိုလျှင် ဧကရီကို စော်ကားစကားများ ပြောဆိုပြီးမှ မိမိဘာသာ လဲကျသွားခြင်းသာ ဖြစ်သွားပေလိမ့်မည်။

‘ငါ့ဘာသာ လဲကျတာ မှန်ပေမဲ့လည်း။ အဲ့ဒီလောက် ကြောက်စရာကောင်းတဲ့လူက ခြိမ်းခြောက်ပြီး အနားတိုးလာရင် ဘယ်သူမဆို လန့်ပြီးလဲကျမှာပဲလေ။’

ခံပြင်းနေသော ရက်ရှ်တာက အောက်နှုတ်ခမ်းကို တင်းတင်းကိုက်ထားလိုက်၏။

စိတ်ဖိစီးမှုကြောင့်လားမသိ။

ဗိုက်က တစ်ဖန်ပြန်ပြီး ရစ်နာလာသည်။

လွန်ခဲ့သော နာရီပိုင်းက နာကျင်မှုကို ပြန်သတိရမိသလို၊ ဧကရီ၏ အေးစက်သော အကြည့်ကိုလည်း မြင်ယောင်လာ၏။

အကူအညီတောင်းနေသော မိမိကို စိမ်းကားစွာ ငုံ့မိုးကြည့်နေသည့် အေးစက်စက် ထိုအကြည့်……

“ရက်ရှ်တာ။”

ဆိုဗီရ်ရှုက ချော့မော့သလို ခေါ်လိုက်သော်လည်း ရက်ရှ်တာကမူ နှုတ်ခမ်းကို တင်းတင်းစေ့ထားဆဲပင်။

သူက စိတ်ကောက်နေဆဲဖြစ်သည်။

ဆူပြီးမှ ပြန်ချော့လျှင် ဒေါသပြေသွားတတ်သော ခွေးကလေးမဟုတ်ပေ။

ထို့အပြင် ထိတ်လန့်စိုးရိမ်မိ၏။

ဤအတိုင်း ဆိုဗီရ်ရှု၏ အထင်လွဲခြင်းကိုခံရပြီး မိန်းမဆိုးတစ်ယောက်ဟု သတ်မှတ်ခံလိုက်ရလျှင် ဘာဖြစ်သွားမည်နည်း။

‘ဧကရာဇ်၏ ချစ်သူ’ ဆိုသည်မှာ တည်မြဲခိုင်မာသော နေရာမဟုတ်ဟု ကြားဖူး၏။

ဆိုဗီရ်ရှု၏ အမုန်းကိုခံရလျှင် နှင်ထုတ်ခံရခြင်းဖြစ်စေ၊ စွန့်ပယ်ခံရခြင်းဖြစ်စေ ဖြစ်လာနိုင်ပေသည်။

‘အရင်ဧကရာဇ်ရဲ့ ချစ်သူတွေလို ဖြစ်သွားမှာပဲ။’

နန်းတော်မှ နှင်ထုတ်ခံရလျှင် ဘာဖြစ်မည်နည်း။

ငွေအနည်းငယ်ပေးပြီး ကလေးနှင့်အတူ မောင်းထုတ်ခံရမည်လား။

သို့မဟုတ် ကလေးကို လုယူပြီး သူ့တစ်ယောက်တည်းကိုသာ နှင်ထုတ်မည်လား။

ယင်းနှင့်တင်မကသေး။

ဧကရီ၏အစ်ကို၊ ဗိုင်းကောင့် လန်ဒရယ် သို့မဟုတ် ဗိုင်းကောင့် လိုတဲရှုတို့က သူ့ကို ချောင်းမြောင်းပြီး ဒုက္ခပေးကြပေလိမ့်မည်။

ရက်ရှ်တာ ရင်ထဲတုန်လှုပ်သွားတော့၏။

စွန့်ပစ်ခံရဖူးပြီး၊ ကလေးကိုလည်း အလုခံရဖူးကာ၊ သေလုမျောပါးလည်း ဖြစ်ဖူးခဲ့ပေပြီ။

ထိုဒဏ်ရာမျိုးကို နှစ်ကြိမ်တိုင်တိုင် မခံစားလိုတော့ပေ။

‘ဒီအတိုင်းတော့ မဖြစ်ဘူး။’

ဧကရီက ဂုဏ်သိက္ခာရှိချင်ရှိမည်ဖြစ်သော်လည်း သွေးအေးသူပင်။

သူ၏အစ်ကိုကလည်း ကြမ်းတမ်းရိုင်းစိုင်း၏။

မှူးမတ်များက မိမိကို ချစ်စရာကောင်းသည်ဟု ဆိုကြသော်လည်း မသိမသာ အထင်သေးကြကာ အလွယ်တကူ ကျောခိုင်းသွားကြမည်သာ။

ဆိုဗီရ်ရှုကို ချစ်သော်လည်း သူ့ကို ယုံကြည်အားကိုး၍ မရနိုင်ပေ။

ရက်ရှ်တာတစ်ယောက် မိမိနှင့် မိမိကလေးကို မိမိကိုယ်တိုင်သာလျှင် ကာကွယ်နိုင်မည်ဖြစ်ကြောင်း နားလည်သွားတော့သည်။

ဆုံးဖြတ်ချက် ချပြီးသည်နှင့် သူက တိုးတိုးလေး ရေရွတ်လိုက်၏။

“ရက်ရှ်တာက ဧကရီကို မြုံနေတယ်လို့ မပြောခဲ့ပါဘူး။ ရက်ရှ်တာ့စကားက အထင်လွဲစရာ ဖြစ်ခဲ့တယ်ဆိုရင်တောင်…… ရက်ရှ်တာက အရှင်ဧကရာဇ်ရဲ့ရင်သွေးကို လွယ်ထားတာပဲမဟုတ်လား။ အဲ့ဒီလိုမျိုး အတင်းတွန်းထုတ်လိုက်တာတော့ မလုပ်သင့်ဘူးလေ။”

ဆိုဗီရ်ရှု မျက်မှောင်ကြုတ်သွားသည်။

“ခိုရှာရ်က မင်းကို တွန်းလိုက်တယ် ဟုတ်လား။”

“ဟုတ်ပါတယ်။ ပြင်းပြင်းထန်ထန် တွန်းတာမဟုတ်ပေမဲ့ သေချာပေါက် တွန်းခဲ့တာပါ။”

ရက်ရှ်တာ သတိထားပြီး ဖြည့်ပြောလိုက်သောစကားကြောင့် ဆိုဗီရ်ရှု၏ မျက်လုံးများ ဒေါသဖြင့် တောက်လောင်လာတော့သည်။

“နောက်ဆုံးတော့ အဲ့ဒီလူက……”

မဟုတ်တောင် သမားတော် ရက်ရှ်တာကို စမ်းသပ်နေစဉ်အတွင်း မျက်မြင်သက်သေများထံမှ အဖြစ်အပျက်ကို အကျဉ်းချုပ် အစီရင်ခံစာ လက်ခံရရှိထားသော်လည်း မည်သူကမျှ ရက်ရှ်တာ လဲကျရသည့် အကြောင်းရင်းကို မသိရှိခဲ့ကြပေ။

လူများ ရောက်လာချိန်တွင် ရက်ရှ်တာက လဲကျနေပြီးဖြစ်ကာ နာဗီရယ်နှင့် မားကီးစ် ဖာရ်အန်းတို့က ဒေါသထွက်နေသော ခိုရှာရ်ကို တားဆီးနေကြခြင်းသာဖြစ်သဖြင့် အခြေအနေမှန်ကို သိသူမရှိခဲ့။

သို့သော် ခိုရှာရ်က ရက်ရှ်တာကို တွန်းခဲ့သတဲ့လား။

ရက်ရှ်တာက မိမိကိုတွန်းသူမှာ နာဗီရယ်ဖြစ်သည်ဟု ပြောလျှင် ဆိုဗီရ်ရှု ယုံကြည်မည်မဟုတ်ပေ။

သို့သော် ခိုရှာရ်ကမူ ထိုသို့သော လုပ်ရပ်မျိုးလုပ်ရန် လုံလောက်သည့် အကြောင်းရင်းရှိသလို၊ နာမည်ကျော် ရာဇဝင်လည်း ရှိထားသူပင်။

“လောလောဆယ် အနားယူလိုက်ဦး။”

ဆိုဗီရ်ရှုက အတုန်တုန်အယင်ယင်ဖြစ်နေသော ရက်ရှ်တာကို စောင်ခြုံပေးပြီးနောက် အခန်းထဲမှ ထွက်လာခဲ့သည်။

သို့သော် သူ၏ တည်ငြိမ်မှုက ခြေလှမ်းအနည်းငယ်အထိသာ ခံခဲ့၏။

ဆိုဗီရ်ရှုက မိမိ၏အိပ်ဆောင်သို့ ပြန်ရောက်သည်နှင့် ချက်ချင်းပင် အကြီးတန်းအတွင်းရေးမှူး မားကီးစ် ကားလ်ကို ခေါ်ယူကာ ညွှန်ကြားလိုက်သည်။

“မားကီးစ် ကားလ်။ အခုကစပြီး ကျုပ်ဆီက သီးသန့်ခွင့်ပြုချက် မရမချင်း ခိုရှာရ် ရီလ်ဒါ ထရိုဗီကို နန်းတော်ထဲဝင်ခွင့် လုံးဝပိတ်လိုက်။”

“ဗျာ။ စောစောကတော့ အနားမကပ်ဖို့ အမိန့်လို့……”

“အနားမကပ်ရုံနဲ့ မလုံလောက်ဘူး။”

“ဒါပေမဲ့ အရှင်ဧကရာဇ်၊ ဆာ ခိုရှာရ်က ဧကရီအရှင်မရဲ့ အစ်ကိုအရင်းဖြစ်သလို ထရိုဗီ မြို့စားအိမ်တော်ရဲ့ ဆက်ခံသူလည်း ဖြစ်တဲ့သူပါ။”

“အဲ့ဒါကြောင့်ပဲ ဒီအဆင့်လောက်မှာ ရပ်ပေးထားတာပေါ့။ သူ့ဘာသာလည်း ရက်ရှ်တာကို တွန်းခဲ့တုန်းက ဒီလောက်အထိ အကျိုးဆက်ကို တွေးထားပြီးသားဖြစ်မှာပဲ။”

“ဆာ ခိုရှာရ်က လေဒီ ရက်ရှ်တာကို တွန်းလိုက်တာလားဗျ။”

“ရက်ရှ်တာရဲ့ ပြောစကားအရဆိုရင်ပေါ့။”

ဆိုဗီရ်ရှု၏ အဖြေက မရေမရာဖြစ်နေသည်။

ရက်ရှ်တာဘက်မှ ရပ်တည်ပေးနေပုံရသော်လည်း သူ၏စကားကို လုံးဝဥဿုံ ယုံကြည်နေခြင်း မဟုတ်ကြောင်း မသိမသာ ခံစားရ၏။

မားကီးစ် ကားလ်လည်း ဆိုဗီရ်ရှု ဗိုင်းကောင့် လန်ဒရယ်၏ အစီရင်ခံစာကို မဖျက်ဆီးဘဲ သိမ်းဆည်းထားခဲ့သည့်အဖြစ်အား ပြန်လည် အမှတ်ရမိသွားတော့သည်။

~~~~

“နန်းတော်ထဲ ဝင်ခွင့်ပိတ်တယ် ဟုတ်လား။”

ဧကရာဇ်၏ အပါးတော်မြဲ အစ်ကို့ထံသို့ နန်းတော်အတွင်း ဝင်ခွင့်ပိတ်သည့်အမိန့်ကို လာရောက်အသိပေးချိန်တွင် အစ်ကိုက ကျွန်မနှင့် အတူရှိနေ၏။

အစ်ကိုက ဒေါသတကြီး အော်ဟစ်လိုက်သဖြင့် အပါးတော်မြဲလည်း ကြောက်လန့်တကြား ဆတ်ခနဲတွန့်သွားရှာသည်။

အစ်ကို၏ ကြမ်းကြုတ်သော ကောလာဟလများကို သိထားသဖြင့် ကြောက်ရွံ့နေသည့်ပုံပင်။

“ဟုတ်ပါတယ်။ နောက်ပြီးတော့ လေဒီ ရက်ရှ်တာကို နောက်တစ်ခါထပ်ပြီး တွန်းတာမျိုးဖြစ်စေ၊ ခြိမ်းခြောက်တာမျိုးဖြစ်စေ လုပ်မယ်ဆိုရင် တော်ဝင်မိသားစုဝင်ကို ခြိမ်းခြောက်မှုနဲ့ အရေးယူမယ်လို့ မိန့်ကြားလိုက်ပါတယ်ခင်ဗျ။”

“ဘယ်သူက ဘယ်သူ့ကို တွန်းတယ်။”

အစ်ကိုက အံကြိတ်ရင်း ဆိုဖာကူရှင်ကို တစ်ချက်တည်းနှင့် ဆုပ်ဖြဲလိုက်ရာ အပါးတော်မြဲလည်း အပြေးအလွှား ထွက်ပြေးသွားလေတော့သည်။

“တကယ့်ကို အံ့ဩစရာပါလား။”

အပါးတော်မြဲ ထွက်ပြေးသလို ထွက်သွားပြီးသည့်နောက်တွင်လည်း အစ်ကိုက စိတ်မလျှော့နိုင်သေးပေ။

“ငါက အဲ့ဒီမိန်းမကို တွန်းတယ်ပေါ့လေ။ ငါသာ တွန်းလိုက်ရင် အဲ့ဒီမိန်းမ အကောင်းအတိုင်း ကျန်ပါ့ဦးမလား။”

“အစ်ကို။”

“နာဗီရယ်။ အဲ့ဒီမိန်းမရဲ့လျှာက ပြဿနာလား၊ နင့်ယောက်ျားရဲ့နားက ပြဿနာလား။”

“အစ်ကို။”

စိတ်လျှော့ပါဟု ပြောသော်လည်း ယခုအချိန်တွင် ကြားမည့်ပုံမပေါ်ပေ။

ကျွန်မလည်း အနားတိုးသွားကာ အစ်ကို၏ကျောပြင်ကို ဖွဖွလေး ပုတ်ပေးလိုက်သည်။

အစ်ကိုက ဆုပ်ဖြဲထားသော ကူရှင်ကို ပွေ့ပိုက်ထားရင်း အံကြိတ်နေခဲ့ရာမှ အတော်ကြာမှသာ တောင်းပန်လာ၏။

“…ကူရှင်အတွက် တောင်းပန်ပါတယ်။”

“ရပါတယ်။ အစ်ကိုရော။ နည်းနည်းအဆင်ပြေသွားပြီလား။”

“နင်သာ ဘေးမှာမရှိရင် အမိန့်လာပြောတဲ့ အပါးတော်မြဲကို ထိုးမိမှာ။”

“ဒေါသလေး နည်းနည်းလျှော့စမ်းပါ။”

“ဒါပေမဲ့ အခုကတော့။”

“ခံပြင်းမှာပဲပေါ့။”

ကျွန်မပင် ဤမျှအထိ မခံမရပ်နိုင် ဖြစ်နေရလျှင် ကာယကံရှင်ဖြစ်သော အစ်ကိုက ပိုဆိုးပေလိမ့်မည်။

ကျိန်းသေပေါက် ‘ကျွန်မတို့ဘက်တွင်’ လူအများကြီးရှိနေကာ ရက်ရှ်တာက တစ်ယောက်တည်းဖြစ်နေသည့် အခြေအနေတွင် ကြောက်စရာကောင်းသော အရှိန်အဝါရှိသည့် အစ်ကိုက သူ့အနားသို့ တိုးသွားခြင်းကပင် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေမည်သာ။

ရက်ရှ်တာက ထိုအချက်ကို ကိုးကားပြီး မိမိဘာသာ လဲကျသွားခြင်းကို အစ်ကို၏အပြစ်ဟု လွှဲချခဲ့လျှင် နားလည်ပေးနိုင်သေးသည်။

သို့သော် အစ်ကိုက ‘တွန်းလိုက်၍’ လဲကျသွားခြင်းဆိုသည်မှာ လုံးဝဥဿုံ လိမ်ညာခြင်း မဟုတ်ပါလော။

ထိုထက်ပိုဆိုးသည်မှာ ဆိုဗီရ်ရှုက ထိုစကားကိုယုံကြည်ပြီး အစ်ကို့ကို နန်းတော်ထဲသို့ ဝင်ခွင့်ပိတ်လိုက်ခြင်းပင်။

တော်ဝင်မင်းသား ဟိုင်န်ရီ၏ စာဖလှယ်ဖော်အဖြစ် ဟန်ဆောင်ခဲ့စဉ်ကလည်း ထိုအတိုင်းသာ။

ရက်ရှ်တာက လိမ်ညာရာတွင် အလွန်ပင် ကျင်လည်သူဖြစ်၏။

“လောလောဆယ်တော့ သတိထားတာ အကောင်းဆုံးပဲ အစ်ကို။”

“အဲ့ဒီ သောက်ရေးမပါတဲ့ဟာရဲ့ အရိပ်အခြည်ကို ကြည့်နေရမယ်ပေါ့လေ။”

“တူအာနီယာ မြို့စားကတော် ကွာရှင်းခဲ့ရတဲ့အကြောင်းကို ကြားပြီးပြီလား။”

“အရိပ်အမြွက်တော့ ကြားမိတယ်။”

“အဲ့ဒီကွာရှင်းမှုမှာ တစ်ထောင့်တစ်နေရာက ပါဝင်ခဲ့တာ အဲ့ဒီမိန်းမပဲ။ မြို့စားကတော်ရဲ့ အရင်က ကောလာဟလတွေကို အစပြန်ဖော်ပြီး မဟုတ်မမှန်တွေ လုပ်ကြံဖန်တီးခဲ့တာ။”

“...”

“သူ့ကို အဆင့်အတန်းတက်သွားတဲ့ ချစ်သူတစ်ယောက်အနေနဲ့ပဲ သာမန်ကာလျှံကာ ကြည့်လို့မရဘူး။ တော်တော်လေး ဉာဏ်ကောင်းတယ်။”

ဆိုဗီရ်ရှုက ရက်ရှ်တာ့စကားဆိုလျှင် အတတ်နိုင်ဆုံး ယုံကြည်ပေးတတ်သည် မဟုတ်ပါလား။

ရက်ရှ်တာကိုယ်တိုင်ကလည်း လူထု၏အမြင်ကို လှည့်စားပြီး လူချစ်လူခင်ပေါအောင်လုပ်ရာတွင် ပါရမီပါသူဖြစ်ပေသည်။

ထိုကြားထဲတွင် ဗိုက်ထဲ၌လည်း ဧကရာဇ်၏ ပထမဆုံး ရင်သွေးကို လွယ်ထားသေး၏။

သူ့ကို ကြောက်နေစရာမလိုသည့်တိုင် မလိုအပ်ဘဲ ထိပ်တိုက်ရင်ဆိုင်စရာလည်း မလိုပေ။

အစ်ကိုက တစ်ခုခု အော်ဟစ်ချင်ပုံရသော်လည်း ကျွန်မ၏ မျက်နှာကို ကြည့်ပြီးမှ ဆဲဆိုသံများကို မျိုသိပ်ထားခဲ့သည်။

“ငါကွာ။ ပုပ်သိုးနေတဲ့ကောင်တွေ။”

~~~~

ထိုနေ့ညတွင်။

ခိုရှာရ်က သူငယ်ချင်းဖြစ်သူ မားကီးစ် ဖာရ်အန်းနှင့်အတူ အရက်ပြင်းများကိုချပြီး ယှဉ်ပြိုင်သောက်နေခဲ့သည်။

“ဟော၊ တစ်ဆိတ်လောက် ဖြည်းဖြည်းသောက်စမ်းပါဦး။”

ခိုရှာရ်က အရက်ကို အဆက်မပြတ် မော့နေသဖြင့် သူငယ်ချင်းဖြစ်သူက စိုးရိမ်တကြီးတားသော်လည်း မရပေ။

“မူးချင်လို့ သောက်နေတာ။ အသာလွှတ်ထားစမ်းပါ။”

“မူးပြီး နန်းတော်တံတိုင်းကို ကျော်တက်နေမှာစိုးလို့လေ။”

“မင်း တားပေးရင် ရတာပဲမဟုတ်လား။”

“သေချင်လို့ တားရမှာလား။ လူကောင်းအတိုင်းတောင် မနည်းတားနေရတာကို၊ မူးနေတဲ့ မင်းကို ငါက ဘယ်လိုလုပ် တားနိုင်မှာလဲ။”

ခိုရှာရ်က နှာခေါင်းရှုံ့လိုက်ပြီး အရက်ပြင်းပြင်းကို ဖန်ခွက်အကြီးထဲသို့ လောင်းထည့်လိုက်လေသည်။

“အိမ်ရောက်တာနဲ့ အဖေနဲ့ အမေကလည်း ဆူကြတာပဲ။ ငါက တစ်ခုခုလျှောက်လုပ်ရင် နာဗီရယ်ကို ထိခိုက်မှာမို့လို့ ကိုယ့်ကိုယ်ကိုယ် ထိန်းထိန်းသိမ်းသိမ်းနေတဲ့။”

“…… ခိုရှာရ်။”

“ထိန်းထိန်းသိမ်းသိမ်းတော့နေတာပဲကို။ နောက်ဆုံးတော့ ဒီအခြေအနေ ဖြစ်သွားတာပဲ။”

ခိုရှာရ်က အရက်ကို တစ်ကျိုက်တည်း မော့လိုက်ပြီး ဖန်ခွက်ကို စားပွဲပေါ်သို့ ဒုန်းခနဲမြည်အောင် ချလိုက်သည်။

“ဒေါသထွက်တာက၊ ငါ အပြစ်ပေးခံထိုက်လောက်တဲ့အရာ ဘာမှမလုပ်ရသေးတာကိုပဲ။”

“အင်း။ ဒီတစ်ခါတော့ မင်းလည်း တော်တော်လေး ခံပြင်းမှာပဲ။”

“ငါ အဲ့ဒီမိန်းမကို မတွန်းခဲ့ဘူးကွ။”

“ငါလည်း မြင်ပါတယ်။ မင်းက မျက်မှောင်ကြုတ်ပြီး အနားတိုးသွားရုံတင်ပဲဆိုတာ။”

မားကီးစ် ဖာရ်အန်းက ‘ဒါပေမဲ့ အဲ့ဒီလောက်ဆိုရင်တောင် သာမန်လူတွေက ကြောက်ပြီးထွက်ပြေးကြတာပဲ’ ဟုတော့ ဖြည့်မပြောတော့ပေ။

ယခုအချိန်တွင် သူငယ်ချင်းဖြစ်သူအတွက် လိုအပ်သည်က ပူညံပူညံလုပ်ခြင်းမဟုတ်ဘဲ နှစ်သိမ့်ပေးခြင်းသာ။

သို့သော် သူငယ်ချင်း၏ နောက်ထပ်စကားကိုကြားရတော့ မားကီးစ် ဖာရ်အန်းလည်း နှစ်သိမ့်ရုံနှင့်မပြီးတော့ပေ။

“အဲ့ဒီလိုမိန်းမမျိုးက ကလေးမွေးလာရင် တစ်နေ့နေ့ နာဗီရယ်ကို ဝါးမျိုဖို့ ကြိုးစားလာမှာပဲ။ အရင်ဆုံး ဦးချိုးထားမှဖြစ်မယ်။”

မားကီးစ် ဖာရ်အန်းလည်း သီးသွားကာ တဟွတ်ဟွတ် ချောင်းဆိုးရင်း မနည်းပြန်မေးလိုက်ရသည်။

“အဲ့ဒီမိန်းမကို ဦးချိုးမယ်။ ဧကရာဇ်ရဲ့ ချစ်သူကိုလား။”

“အေး။”

“ဘယ်လိုနည်းနဲ့လဲ။”

“သူ့ရဲ့အားနည်းချက်ကို ရှာရမှာပေါ့။”

“တော်စမ်းပါ။ မင်းက နန်းတော်ထဲတောင် ဝင်လို့မရတော့တာကို ဘယ်လိုလုပ်မလဲ။”

“ငါ ဝင်လို့မရတာပဲ ရှိတာလေ။ ငါ့ရဲ့ ငွေနဲ့ အာဏာကတော့ ဝင်လို့ရတာပေါ့။”

“အဲ့ဒါကတော့…… ဟုတ်တာပေါ့လေ။”

“မင်းလည်း ဝင်လို့ရတာပဲ။”

“ဟင်။ ငါ့ကိုပါ ဆွဲထည့်နေတာလား။”

မားကီးစ် ဖာရ်အန်းက မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း ကြောင်အမ်းအမ်း ဖြစ်သွားသည်။

“အေးပေါ့လေ၊ ဟုတ်ပါရဲ့။ ကောင်းပြီလေ၊ အပ်သွားတဲ့နေရာ အပ်ချည်လိုက်ရမှာပေါ့။ ဟုတ်ပါပြီ၊ အားနည်းချက်ကို ရှာပြီးရင် ဘာလုပ်မှာလဲ။”

“အဲ့ဒါကတော့ အားနည်းချက်က ဘယ်လိုမျိုးလဲဆိုတဲ့အပေါ်မှာ မူတည်တာပေါ့။”

“ခုနက မင်း ဧကရီအရှင်မနဲ့ ရှိနေတုန်း ငါ နည်းနည်း စုံစမ်းကြည့်ခဲ့သေးတယ်။ အဲ့ဒီမိန်းမက ကျွန်ဘဝကလာတာဆိုတဲ့စကားတွေ ထွက်နေတာလေ။”

“ကျွန်။”

“ဗိုင်းကောင့် လိုတဲရှုဆိုတဲ့လူက နှစ်သစ်ကူးပွဲတော်တုန်းက အဲ့ဒီမိန်းမကို သူ့ဆီက ထွက်ပြေးသွားတဲ့ ကျွန်ပါဆိုပြီး ဖွင့်ချခဲ့ဖူးတယ်ဆိုပဲ။”

“တကယ်လား။”

“ဒါပေမဲ့ ချက်ချင်းပဲ စကားပြန်ပြောင်းပြီး လူမှားတာပါလို့ ပြောခဲ့တာတဲ့။”

“အဲ့ဒါကို အသုံးချလို့ မရဘူးလား။”

“မပြောတတ်ဘူးလေ။ ဗိုင်းကောင့် လိုတဲရှု စကားပြန်ပြောင်းသွားတာက အရှင်ဧကရာဇ်နဲ့ တွေ့ပြီးမှဆိုတော့၊ အဲ့ဒါက ခက်လိမ့်မယ်။ အရှင်ဧကရာဇ်ကိုယ်တိုင်က အဲ့ဒီကောလာဟလကို ဖုံးကွယ်ဖို့ ကြိုးစားနေတာမို့လို့။”

“အားနည်းချက်ကို ဘယ်လို အသုံးချမလဲဆိုတာကတော့ နောက်မှ ဆုံးဖြတ်ကြတာပေါ့။”

ခိုရှာရ်က ရေရွတ်လိုက်ပြီး ရင်ဘတ်ထဲမှ အိတ်လေးတစ်အိတ်ကိုထုတ်ကာ မားကီးစ် ဖာရ်အန်းထံသို့ ကမ်းပေးခဲ့သည်။

“ဒါနဲ့ လူငှားပြီး စုံစမ်းခိုင်းလိုက်။”

မားကီးစ် ဖာရ်အန်းလည်း အိတ်ထဲသို့ တစ်ချက်ကြည့်လိုက်၏။

ကျောက်မျက်ရတနာများ ပါဝင်နေသည်။

သူတို့နှစ်ဦး ဖါရ်မဲနယ်မှ တောပုန်းဓားပြများကို နှိမ်နင်းစဉ်က သိမ်းဆည်းရမိခဲ့သော အရာများပင်။

“ဓားပြတွေဆီက သိမ်းခဲ့တဲ့ ရတနာတွေဆိုတော့ နောက်ပိုင်းမှာ မိသွားရင်တောင် ပိုင်ရှင်ကို လိုက်ရခက်လိမ့်မယ်။”

“သိပြီ။”

မားကီးစ် ဖာရ်အန်းက ခေါင်းညိတ်ပြီး အိတ်ကို သေချာချည်ကာ သူ၏ ရင်ဘတ်ထဲသို့ ထည့်လိုက်သည်။

ခိုရှာရ်က လက်ညှိုးဖြင့် သူ့ရှေ့မှစားပွဲကို တတောက်တောက် တောက်နေ၏။

“နောက်တစ်ခု ရှိသေးတယ်။”

“ဘာလဲ။”

“အာနိသင် သေချာတဲ့ ကိုယ်ဝန်ဖျက်ဆေး ရှာရမယ်။ မိခင်လောင်းကိုတော့ တတ်နိုင်သမျှ မထိခိုက်စေတဲ့ ဆေးမျိုး။”

မားကီးစ် ဖာရ်အန်း မျက်လုံးပြူးသွားတော့သည်။

ဤအခြေအနေတွင် ကိုယ်ဝန်ဖျက်ဆေး တိုက်မည့်လူဆိုလျှင်……

“မင်း တကယ် ပြောနေတာလား။”

ခိုရှာရ်၏ နှုတ်ခမ်းများတွင် အန္တရာယ်ရှိသော အပြုံးတစ်ခု ပေါ်လာတော့သည်။

~~~~

Miel’s Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment