အပိုင်း ၉၂ (ငါကလည်း မင်းအပိုင်ပဲကို)
သင့်တော်တဲ့ ပြစ်ဒဏ်တစ်ခုခုတပ်ပြီး ကွပ်မျက်ပစ်လို့ရတယ်ပေါ့လေ……
အဲ့ဒါက တကယ် ဖြစ်နိုင်လို့လား။
ရက်ရှ်တာ၏ မျက်လုံးအစုံက တုန်ယင်သွားတော့သည်။
ဆိုဗီရ်ရှုက သူ့ကို သွေးတိုးစမ်းရန် ပြောနေခြင်းလား သို့မဟုတ် အတည်ပြောနေခြင်းလားဆိုသည်ကို ခွဲခြားရန် ခက်ခဲလှ၏။
တကယ်သာဆိုလျှင် ဗိုင်းကောင့် လိုတဲရှု ပထမဆုံး ပေါ်လာစဉ်ကတည်းက ဘာကြောင့် ထိုသို့ မလုပ်ပေးခဲ့သနည်း။
‘ဟုတ်တယ်။ လိမ်နေတာပဲ ဖြစ်မှာ။’
“ရက်ရှ်တာ။”
ဆိုဗီရ်ရှုက တည်ငြိမ်သောအသံဖြင့် ရက်ရှ်တာကို နောက်တစ်ကြိမ် ခေါ်ခဲ့သည်။
“အကယ်၍များ ငါ့ကို ဖုံးကွယ်ထားတာတစ်ခုခုရှိနေပြီး အဲ့ဒါနဲ့ ဗိုင်းကောင့်က ခြိမ်းခြောက်နေတာဆိုရင် ပြောနော်။ ခြိမ်းခြောက်မှုကို တစ်ခါ အရှုံးပေးလိုက်တာနဲ့ အဆုံးသတ်မှာမဟုတ်ဘူး။”
ရက်ရှ်တာ ခေတ္တ တုံ့ဆိုင်းသွားသည်။
ဆိုဗီရ်ရှုကို အမှန်အတိုင်း ဖွင့်ပြောလိုက်လျှင် ဘာဖြစ်လာမည်နည်း။
မိမိကို ကျွန်ပြေးမှန်း သိလျက်နှင့် လက်ခံပေးခဲ့သော ဆိုဗီရ်ရှုပင်။
အတိတ်၌ အခြားယောက်ျားနှင့် ကလေးရခဲ့ဖူးသည်ကိုလည်း……
‘မဟုတ်သေးဘူး။’
ရက်ရှ်တာက တဖြည်းဖြည်း ပေါ်လာသော မျှော်လင့်ချက်ရောင်ခြည်လေးကို ကိုယ်တိုင်ပင် ပြန်လည်ဖျက်ဆီးပစ်လိုက်သည်။
သဘောကောင်းပြီး ရိုးသားခဲ့သော အာလန်။
အရာအားလုံးကို ပေးဆပ်ပြီး ချစ်ပေးမည့်သူဟု ထင်ခဲ့ရသော အာလန်။
ဗိုင်းကောင့် လိုတဲရှု၏ သားဖြစ်သူ အာလန်ပင်လျှင် နောက်ဆုံးတွင် သူ့ကို စွန့်ပစ်ခဲ့သည်။
ဆိုဗီရ်ရှုကမူ ကွာခြားနိုင်သော်လည်း ထိုမျှော်လင့်ချက်လေးတစ်ခုတည်းနှင့်တော့ မစွန့်စားလိုပေ။
“ရက်ရှ်တာ့မှာ ဖုံးကွယ်ထားတာ ဘာမှမရှိပါဘူး၊ အရှင်ဧကရာဇ်။”
“……တကယ်ပဲလား။”
“တကယ်ပေါ့ရှင့်။”
ရက်ရှ်တာက ဆည်းလည်းသံလေးလို ကြည်လင်စွာ ရယ်လိုက်သည်။
သို့သော် ဆိုဗီရ်ရှုကမူ မျက်နှာပျက်နေဆဲပင်။
“အရှင်ဧကရာဇ်……”
ငါ လိမ်နေတာ သိသာသွားတာလား။
တစ်ခုခုကို သိထားပြီးမှ မေးနေတာလား။
ရက်ရှ်တာ စိုးရိမ်တကြီးဖြင့် သူ့ကို ခေါ်လိုက်သည်။
ဆိုဗီရ်ရှုက ရက်ရှ်တာ၏ ဆံနွယ်များကို လက်ချောင်းများဖြင့် သပ်တင်ပေးခဲ့သော်လည်း သူ၏မျက်နှာကမူ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေဆဲပင်။
“အရှင်ဧကရာဇ်။ ရက်ရှ်တာ တကယ်ပဲ အဆင်ပြေပါတယ်။ မမှန်ကန်တာ ဘာမှမလုပ်ထားတာမို့လို့ပါ။”
ရက်ရှ်တာ ထပ်တလဲလဲ ပြောပြီးမှသာ ဆိုဗီရ်ရှုက သိပြီဟုဆိုကာ ခေါင်းညိတ်ပြခဲ့သည်။
‘တကယ်ပဲ ဘယ်သူကများ ဗိုင်းကောင့် လိုတဲရှုရဲ့ နောက်ကြောင်းကို စုံစမ်းနေလို့ အရှင်ဧကရာဇ်က ဒီလိုဖြစ်နေရတာလဲ။’
ဧကရီလား။
ဒါမှမဟုတ် တခြားမှူးမတ်တွေလား။
ရက်ရှ်တာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
ရန်သူက မည်သူပင်ဖြစ်စေ လျှို့ဝှက်ချက်ကိုတော့ သိနိုင်မည်မဟုတ်ပေ။
ရင်မ်ဝဲလ်နယ်မြေတွင် ကိုယ်ဝန်ရှိခဲ့စဉ်အတွင်း ဗိုင်းကောင့် လိုတဲရှုက ရှက်စရာကောင်းသည်ဟုဆိုကာ ရက်ရှ်တာကို ပိတ်လှောင်ထားပြီး လူတို့ ကိုယ်ဝန်ရှိမှန်း မသိအောင် တားဆီးခဲ့သည်။
ထိုစဉ်က ပင်ပန်းဆင်းရဲခဲ့ရသော်လည်း ကျေးဇူးကြောင့် ရက်ရှ်တာ၏ လျှို့ဝှက်ချက်ကို သိသူက အနည်းငယ်မျှသာရှိ၏။
ဗိုင်းကောင့် လိုတဲရှု၊ အာလန်နှင့် ရီဗယ်တီတို့သာ နှုတ်လုံမည်ဆိုလျှင် အဆင်ပြေမည်ပင်။
“အရှင်ဧကရာဇ်။ အပိုစကား မဟုတ်ပါဘူး၊ တကယ်ပါ။ ဗိုင်းကောင့် လိုတဲရှုကို အကြောင်းပြချက်မရှိဘဲ အန္တရာယ်မပြုပါနဲ့နော်။”
ရက်ရှ်တာက လက်နှစ်ဖက်ကို စုစည်းကာ ပါးစပ်နားသို့ ချစ်စဖွယ် ယူဆောင်သွားရင်း မျက်လုံးအဝိုင်းသားဖြင့် ကြည့်ခဲ့သည်။
“အကယ်၍များ ရက်ရှ်တာကြောင့် ဗိုင်းကောင့်က အကြောင်းမရှိဘဲ အမုန်းခံရမယ်ဆိုရင် ရက်ရှ်တာ စိတ်မကောင်းဖြစ်ရတာကို တောင့်ခံနိုင်မှာ မဟုတ်ဘူး။”
“ကောင်းပြီလေ၊ သိပြီမို့လို့ စိတ်အေးအေးထား။”
ဆိုဗီရ်ရှုက စိတ်သက်သာရာရသွားသလို ပြုံးရင်း ရက်ရှ်တာ၏ ပခုံးကို ပုတ်ပေးကာ လှည့်ထွက်သွား၏။
“ဟို…… အရှင်ဧကရာဇ်။”
ရက်ရှ်တာက ထိုကျောပြင်ကို ကြည့်နေရင်း ထရပ်ကာ သူ့နောက်သို့ အနီးကပ် လိုက်သွားခဲ့သည်။
ဆိုဗီရ်ရှုက နားမလည်သလိုအကြည့်ဖြင့် လှည့်ကြည့်လာ၏။
ရက်ရှ်တာက မျက်လုံးများကို ဝိုင်းစက်အောင်လုပ်ရင်း တောင်းဆိုလိုက်သည်။
“အရှင်ဧကရာဇ်၊ ရက်ရှ်တာကို ချော့သိပ်ပေးလို့ မရဘူးလားဟင်။”
တစ်စုံတစ်ယောက်က မိမိနောက်ကြောင်းကို စုံစမ်းနေသည်ဟု ကြားလိုက်ရ၍လားမသိ။
အဆင်ပြေမည်ဟု တွေးထားသော်လည်း အလိုလို စိုးရိမ်စိတ်ဝင်ကာ မတည်မငြိမ် ဖြစ်နေမိသည်။
ဆိုဗီရ်ရှုသာ ဘေးတွင်ရှိပေးမည်ဆိုလျှင် နည်းနည်း ပိုကောင်းလာမည်ဟု တွေးမိ၏။
“ခက်တာပဲ၊ ရက်ရှ်တာ။”
သို့သော် ဆိုဗီရ်ရှုက နာရီကို တစ်ချက်ကြည့်လိုက်ကာ ချက်ချင်းပင် ပြန်ဖြေလာသည်။
“အရေးကြီးတဲ့ အလုပ်ရှိလို့ အဲ့ဒါတော့ မဖြစ်တာကို။”
“အာ……”
“လိမ္မာတယ်မဟုတ်လား။”
ဆိုဗီရ်ရှုက ကြင်နာသောအသံဖြင့် ချော့မော့ပြီးနောက် ရက်ရှ်တာကို ဆိုဖာပေါ်သို့ ပြန်ခေါ်သွားကာ ကုလားထိုင်နောက်မှ စောင်အိအိလေးကိုယူ၍ ဒူးပေါ်သို့ တင်ပေးခဲ့သည်။
“အေးအေးဆေးဆေး အချိန်ဖြုန်းနေ။”
~~~~
ရက်ရှ်တာ့ အခန်းထဲမှ ထွက်လာသော ဆိုဗီရ်ရှုက သူ၏ ရုံးခန်းသို့ တိုက်ရိုက်သွားခဲ့သည်။
ရုံးခန်းတွင် သူ၏ အတွင်းရေးမှူးချုပ်ဖြစ်သော မားကီးစ် ကားလ်က စောင့်ဆိုင်းနေ၏။
ဆိုဗီရ်ရှုက စားပွဲတွင် ထိုင်ထိုင်ချင်း မေးလိုက်တော့သည်။
“စုံစမ်းရေးရော ဘယ်လိုရှိလဲ။”
မားကီးစ် ကားလ်က သူကိုင်ထားသော စာရွက်များကို စားပွဲပေါ်သို့ အသာအယာ တင်ရင်း အစီရင်ခံခဲ့သည်။
“အမိန့်ပေးထားတဲ့အတိုင်း စုံစမ်းကြည့်ပေမဲ့ အခုအထိတော့ ထူးထူးခြားခြား မရှိသေးပါဘူး။”
“အင်း။”
ဆိုဗီရ်ရှုက နဖူးကိုကျုံ့ကာ စားပွဲကို လက်ချောင်းများဖြင့် တတောက်တောက် ခေါက်နေခဲ့သည်။
“ကျိန်းသေပေါက် တစ်ခုခုရှိနေတဲ့ပုံပဲ……”
ကျွန်ပြေးနှင့် သခင်။
မည်သို့မျှ မသင့်မြတ်နိုင်သော ဆက်ဆံရေးမျိုးဖြစ်သည့်တိုင် ဗိုင်းကောင့် လိုတဲရှု ရက်ရှ်တာထံ လာရောက်သည့် အကြိမ်အရေအတွက်က များလွန်းနေသည်။
နှစ်ယောက်သား မကြာခဏ တွေ့လေလေ ‘ရက်ရှ်တာက ကျွန်တော့်ရဲ့ကျွန် မဟုတ်ခဲ့ပါဘူး’ ဟူသော ဗိုင်းကောင့်၏ အဆိုက ပိုပြီး ယုံကြည်စရာကောင်းလေ ဖြစ်သောကြောင့် တွေ့ဆုံခြင်းကို အတင်းအကျပ် မတားမြစ်ခဲ့သော်လည်း အမှန်တရားကို သိထားသော ဆိုဗီရ်ရှုအတွက်မူ အလွန် ထူးဆန်းနေ၏။
ထို့ကြောင့် ဆိုဗီရ်ရှုက ဗိုင်းကောင့် လိုတဲရှု တစ်ခုခုကို အသုံးချပြီး ရက်ရှ်တာအား ခြိမ်းခြောက်နေခြင်းဖြစ်မည်ဟု သံသယဝင်ကာ မားကီးစ် ကားလ်ကို စုံစမ်းရန် ခိုင်းစေခဲ့ခြင်းပင်။
“လေဒီ ရက်ရှ်တာက ဘာပြောသလဲ၊ အရှင်ဧကရာဇ်။”
“ဘာမှမရှိဘူးတဲ့။”
“အရှင်ဧကရာဇ်က ဖြေရှင်းပေးမယ်လို့ ပြောတာတောင်မှလားခင်ဗျ။”
“အင်း။ ကျုပ်ကို ဒုက္ခမပေးချင်လို့ နေမှာပေါ့။”
ဆိုဗီရ်ရှုက မတတ်သာသလို သက်ပြင်းချရင်း ခေါင်းခါလိုက်သည်။
“ဉာဏ်များဖို့ ကြိုးစားရင်းကတောင် အခုအထိ ဖြူစင်ရိုးစင်းနေတုန်းပဲမို့လို့။”
“အရှင်ဧကရာဇ်အနေနဲ့ အကြောင်းပြချက် တစ်ခုခုပေးပြီး ဗိုင်းကောင့် လိုတဲရှုကို အဝေးပို့လိုက်ရင်ရော ဘယ်လိုလဲခင်ဗျ။”
“ဘယ်သူကြည့်ကြည့် ကျုပ်လက်ချက်မှန်း သိသာနေမယ်မဟုတ်ဘူးလား။”
“အဲ့ဒါကတော့ ဟုတ်ပါတယ်။”
ဆိုဗီရ်ရှု စုတ်တစ်ချက် သပ်လိုက်သည်။
ဗိုင်းကောင့် လိုတဲရှု ဗုံးပစ်ချသလို စကားများကို ပြောခဲ့သည်မှာ လပိုင်းမျှကြာသွားပြီဖြစ်သော်လည်း သူ၏ ပြောဆိုချက်များကို လုံးဝ မေ့ပျောက်သွားခြင်းတော့ မဟုတ်သေးပေ။
ဤအခြေအနေတွင် ဗိုင်းကောင့် လိုတဲရှုကို အကြောင်းပြချက်မရှိဘဲ နှင်ထုတ်လိုက်မည်ဆိုလျှင် မှူးမတ်အနွယ်တော်များက ‘ရက်ရှ်တာက တကယ်ပဲ ကျွန်ပြေး ဖြစ်နေလို့လား’ ဟု တွေးကြပေလိမ့်မည်။
တစ်ဖက်တွင်လည်း အပြစ်ရှာပြီး နှင်ထုတ်ရန်မှာ ဗိုင်းကောင့်ကို မထိပါနှင့်ဟူသော ရက်ရှ်တာ၏ တောင်းပန်စကားလည်း ရှိနေပြန်၏။
ဆိုဗီရ်ရှု သက်ပြင်းချကာ လက်ကို ဝှေ့ယမ်းလိုက်သည်။
“လောလောဆယ်တော့ ဗိုင်းကောင့်ကိစ္စကို ဒီအတိုင်း ထားလိုက်ကြတာပေါ့။ မောင်မင်း သွားလို့ရပြီ။”
“ဟို…… အရှင်ဧကရာဇ်။”
သို့သော် မားကီးစ် ကားလ်က ထွက်မသွားဘဲ တွေဝေတုံ့ဆိုင်းစွာ ဆိုဗီရ်ရှုကို ခေါ်ခဲ့သည်။
“ဘာဖြစ်လို့လဲ။”
အံဆွဲထဲမှ စာရွက်အတွဲကို ထုတ်နေသော ဆိုဗီရ်ရှုက အံဆွဲကို ပြန်ပိတ်ကာ မားကီးစ် ကားလ်ကို ကြည့်လိုက်၏။
မားကီးစ် ကားလ်၏ မျက်နှာက ညှိုးမှိုင်လျက်။
‘ဘာလို့ အဲ့ဒီလို မျက်နှာထား ဖြစ်နေတာလဲ’ ဟု အကဲခတ်နေစဉ် မားကီးစ် ကားလ်က ဖြည်းဖြည်းချင်း အစီရင်ခံလာသည်။
“တကယ်တော့ ဗိုင်းကောင့် လိုတဲရှုအကြောင်း စုံစမ်းနေရင်းနဲ့ ထူးဆန်းတဲ့သူတွေကို တွေ့ခဲ့ရပါတယ်။”
“ထူးဆန်းတဲ့သူတွေ။”
“ဗိုင်းကောင့် လိုတဲရှုရဲ့ နောက်ကြောင်းကို စုံစမ်းနေတာ ကျွန်တော့်အပြင် တခြားသူတွေ ရှိနေပါသေးတယ်။”
“ဟုတ်လား။”
ဆိုဗီရ်ရှုလည်း မကျေနပ်သောမျက်နှာထား ဖြစ်သွားတော့သည်။
“ဟုတ်ပါတယ်။”
“ဘယ်သူလဲ။”
ဆိုဗီရ်ရှု၏ မေးခွန်းကြောင့် မားကီးစ် ကားလ်က နှုတ်ပိတ်ကာ မေးရိုးများကို တင်းထား၏။
သူကိုယ်တိုင် စကားစခဲ့သော်လည်း ပြန်ဖြေရန် ခက်ခဲနေပုံပင်။
“ဘယ်သူလဲလို့။”
ဆိုဗီရ်ရှု ထပ်မံမေးမြန်းပြီးမှသာ မားကီးစ် ကားလ်က လေးလံသောအသံဖြင့် ဖြေကြားခဲ့သည်။
“ဆာ ခိုရှာရ်တို့ဘက်က ဖြစ်မဲ့ပုံပါပဲ။”
ဆိုဗီရ်ရှု၏ မျက်နှာက ဆိုးဝါးစွာ ပျက်ယွင်းသွားတော့သည်။
“လာပြန်ပြီလား အဲ့ဒီပြဿနာအိုး။”
“နယ်စားကတော် အယ်လီဇာဘက်ကလည်း ဗိုင်းကောင့် နေအိမ်ကို စောင့်ကြည့်နေပုံထောက်ရင် ဧကရီ အရှင်မရဲ့ သီးသန့်အမိန့်လည်း ပါဝင်နေတဲ့ပုံပါပဲ။”
ဆိုဗီရ်ရှု စိတ်ပျက်လက်ပျက်ဖြင့် စုတ်တစ်ချက်သပ်လိုက်သည်။
“ရက်ရှ်တာကို လုံးဝ စိတ်မဝင်စားဘူးဆိုပြီးတော့။ ဧကရီရော ဧကရီရဲ့ အိမ်တော်ကပါ ဝိုင်းပြီး ရက်ရှ်တာ့နောက်ကြောင်းကို စုံစမ်းနေကြတာပဲ။”
“ဘယ်လိုလုပ်ရမလဲခင်ဗျ။ ဗိုင်းကောင့် လိုတဲရှုက အင်မတန် စေ့စပ်လွန်းတော့ အဲ့ဒီဘက်ကလည်း ထူးခြားတဲ့ သတင်းအချက်အလက် မရသေးတဲ့ပုံပါပဲ။”
ဆိုဗီရ်ရှုက အမိန့်မပေးဘဲ နှုတ်ခမ်းကို တင်းတင်းစေ့ကာ မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။
“ပြဿနာပါလား။”
ယခုတစ်ကြိမ်တွင်လည်း ခိုရှာရ်က ပြဿနာပင်။
ဧကရီက တော်ဝင်မိသားစု၏ ပုံရိပ်နှင့် မိမိ၏ ပုံရိပ်ကို အလွန် ဂရုစိုက်သူဖြစ်သည်။
ဗိုင်းကောင့် လိုတဲရှုမှတစ်ဆင့် ရက်ရှ်တာက ကျွန်ဖြစ်သည်ဟူသောအချက်အပြင် အခြားတစ်စုံတစ်ရာကို သိသွားလျှင်ပင် မလျော်ကန်သော လုပ်ရပ်မျိုး လုပ်မည်မဟုတ်ပေ။
သို့သော် ခိုရှာရ်ကမူ တစ်မျိုးကွဲပြားသည်။
သူက ရက်ရှ်တာ ကျွန်ဖြစ်ကြောင်း ခိုင်မာသော သက်သေရသည်နှင့် ချက်ချင်း မှူးမတ်အနွယ်တော်အားလုံးထံ လက်ကမ်းစာစောင်များလုပ်ပြီး ဖြန့်ဝေမည့် လူစားမျိုးပင်။
ရရာနည်းဖြင့် ရက်ရှ်တာက ကျွန်ပြေးဖြစ်ကြောင်း လူသိရှင်ကြားဖြစ်အောင် လုပ်မည်သာ။
ထို့အပြင် အခြားလျှို့ဝှက်ချက်များ ရှိနေဦးမည်ဆိုလျှင်လည်း ထိုလျှို့ဝှက်ချက်များကိုပါ အကုန်ဖွင့်ချမည့်သူဖြစ်၏။
“သွားတော့။”
ဆိုဗီရ်ရှုက တစ်ယောက်တည်း တွေးတောချင်သဖြင့် မားကီးစ် ကားလ်ကိုပါ ပြန်လွှတ်လိုက်သည်။
မားကီးစ် ကားလ် တံခါးပိတ်ပြီး ထွက်သွားတော့ ဆိုဗီရ်ရှုက ပြတင်းပေါက်နားတွင် ရပ်နေရင်း မျက်လုံးကို တစ်ဝက်ခန့် မှိတ်ထားလိုက်၏။
ကျွန်ဇာစ်မြစ်မှ ဆင်းသက်လာခြင်းဆိုသည်က လူမှုရေးလောကတွင် အလွန် ကြီးမားသော အမာရွတ်ဖြစ်သည်။
ရက်ရှ်တာ ကိုယ်တိုင်အတွက်ရော နောက်ပိုင်းတွင် မွေးဖွားလာမည့် ကလေးအတွက်ပါ ထိုသို့ပင်။
ရက်ရှ်တာက ချစ်သူမျှသာဖြစ်၍ ပြဿနာဖြစ်လာလျှင် လူမှုရေးလောကသို့ မထွက်ဘဲ နေလိုက်ရုံသာရှိသော်လည်း ကလေးကမူ ထိုသို့လုပ်၍ လုံးဝ မရနိုင်ပေ။
‘ဘယ်လိုလုပ်ရပါ့မလဲ……’
ဆိုဗီရ်ရှု မျက်လုံးဖွင့်ကာ လေးနက်သော မျက်နှာထားဖြင့် ပြတင်းပေါက်အပြင်ဘက်ကို ငုံ့ကြည့်လိုက်သည်။
နောင်တစ်ချိန်တွင် ‘ကျွန်မိခင်က မွေးတဲ့သူ’ ဟုဆိုကာ ထိုကလေး လက်ခံရရှိမည့် ဆက်ဆံပုံများအတွက် စိုးရိမ်မကင်း ဖြစ်မိရ၏။
~~~~
ပုံမှန်အတိုင်း အခစားဝင်ခြင်း ပြီးဆုံးသွားသည့်နောက်တွင်။
ကျွန်မ မရှိမဖြစ် နေသင့်သလောက်သာ နေပြီးနောက် ချက်ချင်း နေရာမှ ထလိုက်၏။
တူအာနီယာ မြို့စားမင်းက ရုတ်တရက် မြို့စားကတော်နှင့် ကွာရှင်းမှုကို ဖျက်သိမ်းပြီး ပြန်လည်ပေါင်းသင်းလိုကြောင်း တင်ပြလာသဖြင့် ထိုကိစ္စနှင့်ပတ်သက်သော စာရွက်စာတမ်းများကို ကြည့်ရန်အတွက်ဖြစ်သည်။
“အလုပ်မများဘူးဆိုရင် ပြောစရာရှိလို့။”
သို့သော် နေရာမှ မထွက်ခွာမီ ဆိုဗီရ်ရှုက ကျွန်မကို အရင်ခေါ်ခဲ့သည်။
လှည့်ကြည့်လိုက်တော့ သူက ပလ္လင်ပေါ်မှဆင်းကာ ကျွန်မထံ လျှောက်လာ၏။
အခစားဝင်ခန်းမရှိ တံခါးနှစ်ချပ်တွင် အစောင့်များ ရှိနေသော်လည်း ခန်းမအတွင်း၌ ကျွန်မတို့ နှစ်ယောက်တည်းသာရှိသည်။
အသာလေး စောင့်ဆိုင်းနေစဉ် အနီးသို့ရောက်လာသော ဆိုဗီရ်ရှုက မကျေမနပ်အသံဖြင့် မေးလာ၏။
“မင်းအစ်ကိုက တကယ်ပဲ အသိတရားဆိုတာ ရှိသေးရဲ့လား။”
ဆိုဗီရ်ရှု၏ အသံက ဟာလာဟင်းလင်းဖြစ်နေသော ခန်းမအတွင်း ဟိန်းထွက်သွားတော့သည်။
အသံကျယ်သွားသည်ဟု ထင်၍လားမသိ ဆိုဗီရ်ရှုက ရုတ်တရက် အသံကို နှိမ့်လိုက်ကာ နောက်ဆက်တွဲ စကားများကို ပြောလာ၏။
“ကိုယ်ဝန်ဖျက်ဆေး အမှုဖြစ်ထားတာ ဘယ်လောက်များရှိသေးလို့ အခု နောက်ထပ်တစ်မှု ထပ်လုပ်နေပြန်တာလဲ။”
“နောက်ထပ်တစ်မှုဆိုတာက ဘာစကားပါလဲ။”
“မသိဘူးလား။”
“သိ၊ မသိဆိုတာကတော့ ဘာကိစ္စလဲ အရင်ပြောပြမှပဲ ဆုံးဖြတ်နိုင်မှာပါ။”
“မသိတဲ့ပုံပဲ။”
ဆိုဗီရ်ရှုက မျက်ခုံးကိုပင့်ပြီးနောက် သဘာဝကျသည်ဟူသော လေသံဖြင့် ရေရွတ်ခဲ့သည်။
“ဟုတ်ပါရဲ့။ ဒီကိစ္စမှာ မင်းနဲ့ မပတ်သက်လောက်ဘူးပေါ့။ ပတ်သက်နေမယ်ဆိုရင် ဒီလို တူညီတဲ့ကိစ္စမျိုး နောက်တစ်ခါ ဘယ်ထပ်လုပ်ပါ့မလဲ။”
တူညီတဲ့ကိစ္စ……
“ဆာ ခိုရှာရ်က ဗိုင်းကောင့် လိုတဲရှုရဲ့ နောက်ကြောင်းကို စုံစမ်းနေတယ်။”
အာ။ အစ်ကိုရောလား။
စိတ်ထဲမှ အံ့ဩသွားသော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်သော မျက်နှာထားကို ထိန်းထားခဲ့သည်။
ဆိုဗီရ်ရှုက မကျေမနပ်ဖြစ်နေသလို မျက်လုံးကို မှေးကြည့်ခဲ့၏။
“အတိအကျ ပြောရရင် ရက်ရှ်တာကို စုံစမ်းနေတာပေါ့။”
“ဟုတ်လားရှင့်။”
“ဧကရီနဲ့ အတူတူပဲ။”
ပြန်မဖြေဘဲ ဆိုဗီရ်ရှု၏ အနက်ရောင် မျက်ဝန်းများကိုသာ စိုက်ကြည့်နေမိသည်။
ကျောက်မျက်ရတနာများနှင့် ရွှေနန်းကြိုးများဖြင့် အလှဆင်ထားသော နာရီသံက သိသိသာသာ ကျယ်လောင်နေ၏။
ဆိုဗီရ်ရှုကလည်း ကျွန်မ၏ မျက်လုံးများကို စိုက်ကြည့်နေရာမှ လက်ကို နောက်ပစ်ကာ လှည့်ထွက်သွားရင်း အကြံပေးခဲ့သည်။
“ဧကရီတစ်ပါးအနေနဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဦး။”
ကျွန်မကတော့ အမြဲတမ်း အဲ့ဒီလိုဖြစ်အောင် ကြိုးစားနေတာပေါ့။
ဧကရီတစ်ပါး၏ ဂုဏ်သိက္ခာကိုသာ ပစ်ပယ်ခဲ့မည်ဆိုလျှင် ကျွန်မ ဆိုဗီရ်ရှု၏ဆံပင်များကို အကြိမ်ပေါင်းများစွာ ဆွဲနုတ်မိပေမည်။
သို့သော် ထိုသို့လုပ်လိုက်လျှင် တဒင်္ဂ စိတ်ကျေနပ်မှုရရုံသာရှိကာ ပို၍ကြီးမားသော မုန်တိုင်းများ ဝင်လာမည်ကို သိနေသောကြောင့်ပင်။
“အဲ့ဒီလို လုပ်ပါ့မယ်။ အမြဲတမ်း လုပ်ခဲ့သလိုမျိုး။”
ရန်ဖြစ်မနေတော့ဘဲ ကျွန်မ ယခုတစ်ကြိမ်တွင်လည်း သင့်တော်သလို သဘောတူလိုက်သည်။
ထို့နောက် လှည့်ထွက်ရန် ပြင်လိုက်စဉ် ဆိုဗီရ်ရှုက နောက်မှ မေးလာ၏။
“တကယ်ပဲ ဘာတွေများ အဲ့ဒီလောက်တောင် အလိုမကျနိုင်ဖြစ်နေရတာလဲ။”
လှည့်ကြည့်လိုက်တော့ သူက တကယ် သိချင်နေသည့်ပုံစံမျိုးဖြင့် ဆက်ပြောလာသည်။
“အဲ့ဒီကလေးခမျာ ဘာမှမရှိရှာဘဲ မင်းမှာတော့ အရာအားလုံး ပိုင်ဆိုင်ထားတာကို။”
“အရှင်ဧကရာဇ်ကို ယူသွားခဲ့တာ မဟုတ်လား။”
ကျွန်မရဲ့ ခင်ပွန်းဖြစ်တဲ့ ရှင့်ကိုလေ။
ဆိုဗီရ်ရှုက ခနဲ့ရယ် ရယ်ခဲ့သည်။
“ငါကလည်း မင်းပိုင်ဆိုင်ထားတဲ့ အရာတွေထဲက တစ်ခုပဲလေ။ အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့။”
ကျွန်မလည်း အံ့ဩလွန်း၍ ရယ်သံထွက်သွားမလို ဖြစ်ခဲ့ရသည်။
ဆိုဗီရ်ရှုက ကျွန်မအပိုင်တဲ့လား။
“ကျွန်မက အရှင်ဧကရာဇ်ကို လေဒီ ရက်ရှ်တာဆီ ငှားပေးထားတယ်လို့ ပြောချင်တာလားရှင့်။”
“ဘာ။”
“အဲ့ဒီလိုမဟုတ်ဘူးဆိုရင်တော့ အရှင်ဧကရာဇ်က ကျွန်မ ပိုင်ဆိုင်တဲ့သူ မဟုတ်ပါဘူး။”
ဆိုဗီရ်ရှုက ကျွန်မစကားကြောင့် ထူးဆန်းသော မျက်နှာထားဖြင့် ရေရွတ်ခဲ့သည်။
“……ထင်တဲ့အတိုင်း မင်းက ရက်ရှ်တာကို မနာလိုဖြစ်နေတဲ့ပုံပဲ။”
“ကျွန်မ အရှင်ဧကရာဇ်ကို ချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ ကျွန်မတို့က ဥပဒေအရ ဇနီးမောင်နှံတွေပဲမဟုတ်ပါလား။”
“ဖြစ်ချင်ဖြစ် ငါ့ကို ချစ်လို့ သဝန်တိုတာလို့သာ ပြောလိုက်စမ်းပါ။ အဲ့ဒါဆိုရင် ကြားရတာတောင် နားဝင်ချိုဦးမယ်။”
“....”
“ဒါပေမဲ့ မင်းကတော့ အဲ့ဒီလို ဘယ်ပြောပါ့မလဲ။ မင်းက ငါ့ကိုမှ မချစ်တာ။”
အရှိအတိုင်း တဲ့ပြောခဲ့သည့် ဆိုဗီရ်ရှုက ကိုယ်ပြောသည့်စကားကို ကိုယ့်ဘာသာ အံ့ဩသွားသည့်ပုံစံပင်။
သူ၏ အနက်ရောင် မျက်ဝန်းများ နာကျင်ရသလို တုန်ယင်နေသည်ကို မြင်လိုက်ရတော့ ကျွန်မ အံ့ဩသွားမိသည်။
ကိုယ့်ဘာသာ ပြောပြီး ကိုယ့်ဘာသာ နာကျင်နေသတဲ့လား။
သူက ထိလိုက်သည်နဲ့ ချက်ချင်း ရှုံ့ဝင်ညှိုးကျသွားတတ်သည့် ထိကရုန်းပင်လေးလိုပင်။
“ထပ်ပြောစရာ မရှိတော့ရင် သွားပါတော့မယ်။”
ယတိပြတ်ပြောပြီး ကိုယ်ကို လှည့်လိုက်စဉ် ဆိုဗီရ်ရှုက ကျွန်မကို ထပ်ခေါ်ခဲ့ပြန်သည်။
“ဧကရီ။”
ဒီတစ်ခါရော ထပ်ပြီးတော့ ဘာလဲ။
လှည့်ကြည့်လိုက်တော့ ဆိုဗီရ်ရှုက ထိကရုန်း အရေခွံကို ခွာချပစ်ကာ ခန့်ညားထည်ဝါသော ဧကရာဇ်၏ အမူအရာဖြင့် မေးလာ၏။
“မှော်အစွမ်း ပျောက်သွားတဲ့ မှော်ဆရာတွေအကြောင်း စုံစမ်းဖို့အတွက် နှစ်ရက်လောက် ခရီးထွက်ဦးမယ်။”
“ကိုယ်တိုင်သွားမှာလားရှင့်။”
“ဘယ်လိုပဲဖြစ်ဖြစ် တကယ်ဖြစ်နေတဲ့ပုံမို့လို့။”
“ဟုတ်ကဲ့ပါ။”
သူ့စကားကို ကြားလိုက်ရတော့ စိုးရိမ်စိတ်ဝင်လာမိသည်။
မှော်ဆရာဆိုသည်မှာ တိုင်းပြည်၏ အင်အားပင်။
အရှေ့အင်ပါယာ၏ သမားရိုးကျစစ်တပ်ကလည်း အားကောင်းသည့်တိုင် မှော်ဆရာစစ်တပ်နှင့် ယှဉ်နိုင်လောက်သည်အထိတော့ မဟုတ်ပေ။
“ဂရုစိုက်ပြီး သေချာစုံစမ်းခဲ့ပါ။”
ယခုတစ်ကြိမ်တွင်မူ ကျွန်မ စိတ်ရင်းဖြင့် ပြောလိုက်ခြင်းပင်။
“……”
သို့သော် ဆိုဗီရ်ရှုက ပြန်မဖြေခဲ့။
ကျွန်မ စကားကို လျစ်လျူရှုလိုက်တာလားဟု တွေးမိသော်လည်း ထိုသို့သော အမူအရာမျိုးတော့ မဟုတ်ပေ။
နားမလည်နိုင်သလို ကြည့်နေစဉ် ဆိုဗီရ်ရှုက ဖြည်းဖြည်းချင်း မေးလာသည်။
“အတူတူ သွားကြမလား။”
“စုံစမ်းရေးကိုလားရှင့်။”
“တစ်လျှောက်လုံး အလုပ်ချည်းပဲလုပ်နေမှာ မဟုတ်ဘူးလေ။ အပြန်လမ်းမှာ နည်းနည်းပါးပါးလည်း အပန်းဖြေလို့ရအောင်……”
ကျွန်မ ငေးကြည့်နေမိတော့ ဆိုဗီရ်ရှုက တစ်ချက် စကားရပ်သွားရာမှ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် အပန်းဖြေရန် နာမည်ကြီးသော နေရာအချို့ကို ရွတ်ပြခဲ့သည်။
အလုပ်ပြီးလျှင် လည်ပတ်ကြရအောင်ဟု ပြောနေသည့်ပုံပင်။
ကျွန်မက ခေါင်းခါပြလိုက်၏။
“မဖြစ်ပါဘူး။”
ဆိုဗီရ်ရှုက စိတ်ပျက်သွားသလို မျက်ခုံးပင့်ခဲ့သည်။
“မဖြစ်ဘူးလား။”
“ကျွန်မ မွေးနေ့တုန်းက ရက်အတော်ကြာ အလုပ်ကနေ နားခဲ့တယ်မဟုတ်လား။”
“....”
“အဲ့ဒီတုန်းက အခစားဝင်တွေ့ဆုံမှုတွေကို ရက်ပိုင်းလောက်ကြာအောင် မလုပ်နိုင်ခဲ့ပါဘူး။ အခုလည်း နှစ်ယောက်လုံး မရှိရင် အခစားဝင်တွေ့ဆုံမှု လုပ်နိုင်မှာ မဟုတ်တာကို အဲ့ဒီနောက်ပိုင်းကနေ ဘယ်နှရက်မှ မကြာသေးဘဲနဲ့ အခစားဝင်တာကို ထပ်ပြီးဖျက်သိမ်းလို့ မဖြစ်ဘူးလေ။”
“နှစ်ရက်တည်းကို။”
“အခစားဝင်ဖို့ တောင်းဆိုထားတဲ့သူတွေက နန်းတော်အနားမှာ တစ်ရက်ချင်းစီ စောင့်ဆိုင်းနေကြတာပါ။”
~~~~
“ဧကရီက အရှင်ဧကရာဇ်ထက် အလုပ်ကို ရှေ့တန်းတင်တဲ့ပုံပဲနော်။”
ရက်ရှ်တာက မကျေမနပ်ဖြစ်နေသော ဆိုဗီရ်ရှု၏ လက်ချောင်းများကို ကိုင်လိုက်၊ လွှတ်လိုက် လုပ်ရင်း ပြောခဲ့သည်။
ဆိုဗီရ်ရှုက ပြန်မပြောဘဲ မျက်လုံးကိုသာ ပိတ်ထား၏။
ရက်ရှ်တာက ဒေါသများ ဖုံးလွှမ်းနေသော ဆိုဗီရ်ရှုကို ဆန်းကြယ်သလို ကြည့်နေမိသည်။
မိမိနှင့် ရှိနေစဉ်တွင် အမြဲတမ်း ဧကရာဇ်လိုပြုမူသော ဆိုဗီရ်ရှုက ‘ဧကရီက စစ်ဆေးရေး ခရီးစဉ် အတူတူသွားဖို့ ကမ်းလှမ်းတာကို ငြင်းလိုက်တယ်’ ဟုဆိုကာ မျက်လုံးပိတ်ထားသည့် အခါတွင်မူ သာမန်ယောက်ျားတစ်ယောက်လိုပင်။
‘ဘယ်လို အခြေအနေမျိုးမှာ ဘယ်လို စကားတွေ ပြောခဲ့ကြလို့ ဒီလောက်တောင် စိတ်ဆိုးနေရတာပါလိမ့်။’
ရက်ရှ်တာက စိတ်ဆိုးနေစဉ်မှာပင် ပန်းချီကားတစ်ချပ်လို လှပသော ဆိုဗီရ်ရှု၏ ဘေးတိုက်မျက်နှာကို ငေးကြည့်နေမိပြီး နောက်မှ ထပ်မံရေရွတ်လိုက်ပြန်သည်။
“ဧကရီက ဘယ်လိုများ အရှင်ဧကရာဇ်ကိုထားပြီး အဲ့ဒီလိုလုပ်နိုင်ရတာလဲ။”
ဆိုဗီရ်ရှုက မျက်လုံးပိတ်ထားဆဲပင်။
ရက်ရှ်တာက သူ၏ပါးကို အသာအယာ နမ်းလိုက်ကာ တိုးတိုးလေး ကပ်ပြောလိုက်သည်။
“ရက်ရှ်တာအတွက်တော့ အရှင်ဧကရာဇ်က အမြဲတမ်း ပထမဦးစားပေးပဲကို။ တကယ် ထူးဆန်းလိုက်တာ။”
“ဧကရီက အလုပ်များတာမို့လို့။”
“ရက်ရှ်တာက ဧကရီရဲ့နေရာကိုတော့ အစားမထိုးနိုင်ပေမဲ့……”
ရက်ရှ်တာ စကားကို အဆုံးမသတ်ဘဲ ချန်ထားတော့မှ ဆိုဗီရ်ရှုက မျက်လုံးဖွင့်ပြီး သူ့ကို ကြည့်လာသည်။
ရက်ရှ်တာက ဆိုဗီရ်ရှု၏ ပခုံးပေါ် ခေါင်းလေးမှီရင်း မေးလိုက်၏။
“အဆင်ပြေမယ်ဆိုရင် ရက်ရှ်တာ အတူတူလိုက်ခဲ့လို့ရော ရမလားဟင်။”
“မင်းကလား။”
“အလုပ်အတွက် အကူအညီမဖြစ်နိုင်ပေမဲ့ အရှင်ဧကရာဇ်အတွက်တော့ အကူအညီဖြစ်မှာပါ။ ပြီးတော့ အရှင်ဧကရာဇ်အတွက် အကူအညီဖြစ်တာက နောက်ဆုံးမှာ တိုင်းပြည်အတွက် အထောက်အကူပြုတာပဲလို့ ထင်ပါတယ်။”
“ပျော်စရာခရီးဖြစ်မှာမဟုတ်ဘူး။”
“ကိစ္စမရှိပါဘူး။”
ရက်ရှ်တာက အလိုလောဘကင်းစင်သော အပြုံးလေးဖြင့် ဆိုဗီရ်ရှုကို မော့ကြည့်ရင်း ရွှန်းရွှန်းစားစား ပြုံးပြခဲ့၏။
“အရှင်ဧကရာဇ်နဲ့ အတူတူသွားရဖို့က ပိုပြီး အရေးကြီးတာပေါ့။”
ဆက်လက်၍ ရက်ရှ်တာက လက်တစ်ဖက်ဖြင့် မိမိ၏ ဝမ်းဗိုက်ကို ပွတ်သပ်ရင်း ဝမ်းနည်းစွာ ပြောလိုက်သည်။
“ပြီးတော့ အရှင်ဧကရာဇ် မရှိတဲ့အချိန် နန်းတော်ထဲမှာ တစ်ယောက်တည်း မကျန်ခဲ့ချင်ပါဘူး။ ကြောက်ပါတယ်။ တစ်ယောက်ယောက်က ကျွန်မတို့ ကလေးကို ထပ်ပြီး အန္တရာယ်ပြုဖို့ ကြိုးစားဦးမလားဆိုပြီး……”
ကိုယ်ဝန်ဖျက်ဆေး အမှုကို ပြန်လည်သတိရစေသော စကားကြောင့် ဆိုဗီရ်ရှုက ခွင့်ပြုမည့်ပုံစံဖြင့် ခေါင်းညိတ်ပြခဲ့သည်။
“စဉ်းစားကြည့်မယ်။”
“ကျေးဇူးတင်ပါတယ်၊ အရှင်ဧကရာဇ်။”
ရက်ရှ်တာက ဆိုဗီရ်ရှု၏ တောင့်တင်းသော ပခုံးပေါ် ခေါင်းမှီရင်း လက်မောင်းကို တင်းတင်းဖက်ထားကာ မြို့စားမင်း အယ်ရ်ဂီ၏ အကြံပေးစကားကို ပြန်လည် အမှတ်ရလိုက်သည်။
‘ရက်ရှ်တာက အခုအထိ ဧကရီ မဟုတ်သေးဘူး။ ရက်ရှ်တာက သာမန်အရပ်သားတွေရဲ့ ထောက်ခံမှုကို ရချင်တယ်ဆိုရင် ကိုယ်တိုင် ဟိုဟိုဒီဒီ သွားလာလှုပ်ရှားမှဖြစ်မယ်။’
~~~~
Miel’s Translations