အပိုင်း ၈၂ (အသံတိတ် အပြစ်တင်ခြင်း)
“အရှင်မင်းကြီး၊ လေဒီ မော်လေနီ ရောက်နေပြီး အခု ဧည့်ခန်းထဲမှာ စောင့်နေပါတယ်။”
မက်ကန်နာ ထိုအကြောင်းကို လာပြောချိန်တွင် ဟိုင်န်ရီက ခုတင်ပေါ်တွင်ထိုင်ရင်း သူ၏ ပိုင်ဆိုင်မှုစာရင်းများကို စစ်ဆေးနေခြင်းဖြစ်သည်။
ဟိုင်န်ရီက မျက်မှောင်ကြုတ်ကာ စာရင်းဇယားများကို ဘေးသို့ ချထားလိုက်၏။
“မော်လေနီဆိုတာက ဘယ်သူလဲ၊ တကယ်ပဲ။”
“အရှင်မင်းကြီး တွေ့ပေးရမဲ့ ၁၂ ယောက်မြောက် မိဖုရားလောင်း မှူးမတ်အနွယ်တော် သခင်မလေးပါ။”
ဟိုင်န်ရီ သက်ပြင်းတစ်ချက်ချလိုက်မိသည်။
ဤရက်ပိုင်းတစ်လျှောက်လုံး ထိုသို့ချည်းသာ။
မက်ကန်နာက တစ်ရက် သို့မဟုတ် နှစ်ရက်ခြားတစ်ခါ မျိုးရိုးမြင့်ပြီး ထက်မြက်သည်ဟု နာမည်ကြီးသော သခင်မလေးများကို ဟိုင်န်ရီထံ ခေါ်လာလေ့ရှိသည်။
သို့သော် ဟိုင်န်ရီ၏ အမြင်တွင်မူ ထိုအထဲမှ တစ်ဝက်ခန့်က မျိုးရိုးမြင့်ရုံသက်သက်နှင့် ရောက်လာသူများသာဖြစ်ကြ၏။
ကျန်တစ်ဝက်က သတင်းအတိုင်း ထက်မြက်ကြသော်လည်း အရေးအကြီးဆုံးအချက်မှာ ထိုသူတို့ ထက်မြက်သည်ဖြစ်စေ၊ မထက်မြက်သည်ဖြစ်စေ ဟိုင်န်ရီက သူတို့အနက်မှ မည်သူ့ကိုမျှ စိတ်မဝင်စားခြင်းပင်။
“တော်လောက်ပြီ မဟုတ်လား၊ မက်ကန်နာ။”
“မိဖုရားတင်မြှောက်ပြီးမှပဲ တော်လို့ရမှာပါ။”
ဟိုင်န်ရီ နောက်တစ်ကြိမ် သက်ပြင်းချလိုက်မိသော်လည်း ပြန်လည်မချေပနိုင်ခဲ့ပေ။
မက်ကန်နာက အပိုတွေလုပ်နေခြင်းမဟုတ်ကြောင်း သူကိုယ်တိုင် အသိဆုံးဖြစ်နေသောကြောင့်ပင်။
“ဒီတစ်နှစ်၊ နှစ်နှစ်အတွင်းမှာ မဖြစ်မနေလက်ထပ်ဖို့ မလိုအပ်သေးဘူး။”
“ဒါပေမဲ့ မြန်မြန်လက်ထပ်လေ ပိုကောင်းလေပါပဲ၊ အရှင်မင်းကြီး။”
“……အဲ့ဒါကတော့ အဲ့ဒီလိုပေါ့။ မရီးက ကြားထဲမှာ ရှိနေတာကိုး။”
မျိုးဆက်တစ်ခုမှ တစ်ခုသို့ ကူးပြောင်းချိန်တွင် များစွာသော အပြောင်းအလဲကြီးများ ဖြစ်ပေါ်တတ်သည်။
ထိုအချိန်တွင် လူတို့က ခဏတာမျှ အပြောင်းအလဲများကို လက်ခံရန် စိတ်အားထက်သန်နေတတ်ကြသဖြင့် မိဖုရားသစ်တစ်ပါးအနေနှင့် နန်းတွင်းကိစ္စအရပ်ရပ်ကို မိမိ၏ ကိုယ်ပိုင်ဟန်ဖြင့် ပြောင်းလဲလိုလျှင် ဤအချိန်က အကောင်းဆုံးပင်။
ဤအခွင့်အရေးကို လက်လွှတ်လိုက်ပါက နောက်ပိုင်းတွင် ခက်ခဲသွားပေလိမ့်မည်။
ထို့အပြင် ဟိုင်န်ရီ၏ဘေးတွင် နတ်ရွာစံဘုရင်၏ မိဖုရား ခရစ္စတာ ရှိနေသေးကာ နန်းတွင်းသူနန်းတွင်းသားများကလည်း ခရစ္စတာ မိဖုရားဖြစ်ခဲ့စဉ်က ချမှတ်ခဲ့သော စနစ်များနှင့် လုပ်ထုံးလုပ်နည်းများကို အသားကျနေကြပေပြီ။
သို့သော် ဟိုင်န်ရီ ဘုရင်ဖြစ်လာပြီးနောက်၌ပင် ခရစ္စတာ၏ ပုံစံအတိုင်း နန်းတွင်းရေးရာများက ဆက်လက်လည်ပတ်နေပြီး ဤစနစ်သာ ကြာရှည်စွာ အမြစ်တွယ်သွားမည်ဆိုလျှင် နောင်တွင် မိဖုရားသစ်ရောက်လာ၍ သူ၏ ကိုယ်ပိုင်ဟန်ဖြင့် နန်းတွင်းရေးရာများကို ပြောင်းလဲလိုသောအခါ အခက်တွေ့ပေလိမ့်မည်။
မက်ကန်နာ စိုးရိမ်နေသည်က ဤအချက်ပင်။
ဟိုင်န်ရီက တည်ကြည်သော မျက်နှာထားဖြင့် နေရာမှ ထလိုက်သည်။
“အေးလေ။ သွားရမှာပေါ့။ ငြင်းမယ်ဆိုရင်တောင် မျက်နှာချင်းဆိုင်ပြီး သေချာပြောရမှာပေါ့။ အလကားနေရင်း ရန်ငြိုးအဖွဲ့ခံဖို့ မလိုဘူးလေ။”
“ဒါပေါ့ဗျာ။”
မက်ကန်နာက ဟိုင်န်ရီ ချွတ်ထားသော အပေါ်အင်္ကျီကို အမြန်ယူလာကာ ဝတ်ဆင်ရန် ကူညီပေးလိုက်သည်။
“ဒါနဲ့ ပိုင်ဆိုင်မှုစာရင်းတွေကို ဘာလို့ ခဏခဏ ကြည့်နေရတာလဲခင်ဗျ။”
“သူရဲကောင်း ဘွဲ့ထူးအသစ်တစ်ခု ဖန်တီးဖို့ စဉ်းစားနေတာ။”
“ဘွဲ့ထူး ဟုတ်လား။”
“အင်း။ ခပ်မိုက်မိုက် နာမည်တစ်ခုလောက် ပေးပြီးတော့လေ။”
“ဗျာ။”
“အဖြောင့်မတ်ဆုံးနဲ့ သစ္စာအရှိဆုံး သူရဲကောင်းကို ပေးဖို့ပေါ့။”
“အဲ့ဒီလောက်အထိ လိုအပ်လို့လားဗျ။ အရှင်မင်းကြီးမှာ အရည်အချင်းရှိတဲ့ စစ်သည်တော်တွေ အများကြီး ရှိနေတာပဲ မဟုတ်လား။”
“အရည်အချင်းရှိတဲ့သူဆိုတာ အမြဲတမ်း လိုအပ်နေတာပဲ မက်ကန်နာ။ အခု အသက် ၁၆ နှစ်ပဲ ရှိသေးတဲ့ ကလေးက နောက် ၅ နှစ်နေရင် ထိပ်တန်း စစ်သည်တော် ၃ ယောက်ထဲက တစ်ယောက် ဖြစ်မလာဘူးလို့ ဘယ်သူသိမှာလဲ။”
“အဲ့ဒါကတော့ ဟုတ်ပါတယ်။”
“ပြီးတော့ ဒီဘွဲ့ထူးကို တအားမက်လောက်စရာကောင်းအောင် ပြင်ဆင်ထားရင် အရည်အချင်းရှိတဲ့ စစ်သည်တော်တွေက အဲ့ဒီဘွဲ့ထူးကို ရဖို့အတွက် အပြိုင်အဆိုင် ကြိုးစားကြမှာပဲ။ စံသတ်မှတ်ချက်ထဲမှာ ‘သစ္စာရှိမှု’ ပါတဲ့အတွက် သဘာဝကျကျပဲ ငါ့အတွက်လည်း အကျိုးရှိလာမှာပေါ့။”
“အာ……”
“ပြဿနာက ဘယ်လိုမျိုး ဆွဲဆောင်မှုရှိအောင် ပြင်ဆင်ရမလဲ ဆိုတာ……”
ဟိုင်န်ရီက စကားကိုဖြတ်ပြီး ရုတ်တရက် ရပ်တန့်သွားကာ မက်ကန်နာကို ‘တိုးတိုးနေ’ ဟု လက်ဟန်ပြလိုက်သည်။
မက်ကန်နာက နားမလည်သော မျက်နှာဖြင့် ရှိနေသော်လည်း မကြာမီမှာပင် ဟိုင်န်ရီ အဘယ်ကြောင့် ဤသို့ ပြုမူခဲ့သည်ကို သတိထားမိသွား၏။
စကားပြောရင်း လျှောက်လာကြရာမှ လေဒီ မော်လေနီ စောင့်ဆိုင်းနေသည့် ဧည့်ခန်းအနီးသို့ ရောက်ရှိလာခဲ့ခြင်းပင်။
သို့သော် တိတ်ဆိတ်နေရမည့် ဧည့်ခန်းအတွင်းမှ ပြတ်သားစူးရှသော အသံများ ထွက်ပေါ်နေသည်။
ဟိုင်န်ရီက အသံမထွက်အောင်ဖိနှိပ်ကာ တံခါးဝသို့ အသာလေး ချဉ်းကပ်သွား၏။
“ကျွန်မက မပြောသင့်တာကို ပြောခဲ့တာမှ မဟုတ်တာ။”
“ရိုင်းလှချည်လား။”
“တောင်းပန်ပါတယ် လေဒီ ခရစ္စတာ။ ဒါပေမဲ့ ကျွန်မစကားက မှန်နေတာပဲမဟုတ်လား။ လေဒီ ခရစ္စတာက အခု မိဖုရားမဟုတ်တော့ဘူးလေ။”
“အဲ့ဒီနေရာက လောလောဆယ် လစ်လပ်နေတာဆိုတော့ အခုလက်ရှိ အဲ့ဒီဂုဏ်ပုဒ်နဲ့ အနီးစပ်ဆုံးက ငါပဲပေါ့။”
“မဟုတ်ပါဘူး။ လေဒီ ခရစ္စတာက အဲ့ဒီနေရာနဲ့ အဝေးဆုံးလူပါ။ မှူးမတ်အနွယ်တော်တွေထဲမှာ အဲ့ဒီနေရာမှာ ထိုင်ပိုင်ခွင့်မရှိမဲ့ တစ်ဦးတည်းသောလူက လေဒီ ခရစ္စတာပဲမဟုတ်လား။”
“မိဖုရားအသစ် မလာမချင်း ဘယ်သူမှ ငါ့ကို အဲ့ဒီလိုစကားမျိုး ပြောလို့မရဘူး။ အဲ့ဒါအပြင် အဲ့ဒီနေရာက ဆင်းပေးလိုက်ပြီဆိုဦးတော့၊ ငါက ဂုဏ်သရေကြီးမြင့်တဲ့ နတ်ရွာစံဘုရင်မင်းမြတ်ရဲ့ မိဖုရားပဲကို။ လေဒီ မော်လေနီဆီက အဲ့ဒီလိုစကားမျိုး ကြားရဖို့လိုလို့လား။”
“အရင်ဆုံး လာတွေ့ပြီး အမိန့်တွေအမျိုးမျိုးပေးခဲ့တာ လေဒီ ခရစ္စတာပါ။”
“ကိုယ့်အိမ် လာတဲ့သူကို ပြောသင့်ပြောထိုက်တာလေး ပြောပြတာပဲကို။”
“ဒါက လေဒီ ခရစ္စတာရဲ့အိမ် မဟုတ်တော့ဘူးလေ။”
“……ဘာပြောလိုက်တယ်။”
“လေဒီ ခရစ္စတာက ဘုရင့်မယ်တော်လည်း မဟုတ်သလို၊ အသက်ကလည်း ငယ်သေးတာကို။ ဘုရင့်နန်းတော်မှာ ဆက်နေနေရင် နောက်ပိုင်း မိဖုရားဖြစ်လာမဲ့သူအတွက် အနေခက်စေမှာပါ။ အခုလိုပဲ မိဖုရားတစ်ပါးလို ဆက်ပြီး ပြုမူနေဦးမှာမို့လို့။”
“လေဒီ မော်လေနီ။”
“အရင်က သာဓကတွေကို ကြည့်ရင်လည်း ဒီလိုအခြေအနေမျိုးမှာ နတ်ရွာစံဘုရင်တွေရဲ့ မိဖုရားတွေက ကွန့်ဖ်ရှိုင်းယားက စံအိမ်တော်ကို သွားနေကြတာပါပဲ။ အဲ့ဒါက အစဉ်အလာပါ။”
လေဒီ မော်လေနီနှင့် ယခင်မိဖုရား ခရစ္စတာတို့ကြားတွင် အချေအတင်ဖြစ်နေသည့်ပုံပင်။
မက်ကန်နာက ချီးကျူးတစ်ဝက်၊ အံ့သြတစ်ဝက်ဖြင့် ရေရွတ်လိုက်သည်။
“တကယ် ရဲတင်းတဲ့ သခင်မလေးပဲကိုး။”
အနောက်ဘုရင့်တိုင်းပြည်မှ ဘုရင်အသစ်များက ယခင်ဘုရင် နတ်ရွာစံပြီးမှသာ ထီးနန်းဆက်ခံခြင်းဖြစ်သောကြောင့် နတ်ရွာစံဘုရင်၏မိဖုရားအတွက် သီးသန့်အရိုက်အရာ သတ်မှတ်ထားခြင်း မရှိပေ။
အကယ်၍ နတ်ရွာစံဘုရင်၏မိဖုရားက ဘုရင့်မယ်တော်ဖြစ်နေလျှင် သဘာဝကျစွာ ဘုရင်ထက်ပင် ပိုမို၍ ရိုသေခံရမည်ဖြစ်သော်လည်း ဘုရင့်မယ်တော်မဟုတ်ပါက အာဏာစက် ယခင်မိဖုရားထံသို့ ပျံ့နှံ့သွားခြင်းကို တားဆီးရန်ဖြစ်သည်။
ဟိုင်န်ရီ၏နောင်တော် ကွယ်လွန်ခါနီးတွင် သူ့ဇနီးကို စောင့်ရှောက်ပေးရန် မှာကြားခဲ့သည်မှာလည်း ဤကဲ့သို့သော စနစ်ကြောင့်ပင်။
အာဏာ၏ အထက်ဆုံး၌ရှိခဲ့သူက နောက်သို့ ဆုတ်ပေးရသည့် ဖြစ်စဉ်တွင် ပေါ်ပေါက်လာနိုင်သော ပဋိပက္ခများကို စိုးရိမ်သောကြောင့်ဖြစ်၏။
“လေဒီ ခရစ္စတာအတွက် စိတ်မကောင်းပေမဲ့ အခု လေဒီ ခရစ္စတာဆီရောက်နေတဲ့ အာဏာကို ပြန်ယူဖို့ဆိုရင် ဒီလောက် သတ္တိမျိုးတော့ ရှိရမှာပေါ့။”
ဟိုင်န်ရီက မက်ကန်နာ၏စကားကို တုံ့ပြန်ခြင်းမရှိဘဲ တံခါးကို အသာလေး ခေါက်လိုက်သည်။
အသံကြားသည်နှင့် ငြင်းခုံသံများ ချက်ချင်း ရပ်သွား၏။
တံခါးဖွင့်ဝင်လာသော ဟိုင်န်ရီကို မြင်လိုက်ရသည့် လေဒီ မော်လေနီနှင့် ခရစ္စတာတို့ နှစ်ယောက်စလုံး အိုးတိုးအမ်းတမ်းဖြစ်သွားကြသည်။
ဟိုင်န်ရီက အကျင့်အတိုင်းပြုံးကာ နှစ်ယောက်လုံးကို နှုတ်ဆက်လိုက်၏။
မက်ကန်နာက ဟိုင်န်ရီနှင့် မော်လေနီတို့ နှစ်ယောက်တည်း ကျန်ရစ်နိုင်စေရန် ခရစ္စတာကို ‘ကျွန်တော်တို့ ထွက်သွားရအောင်’ ဟု မျက်ရိပ်ပြခဲ့သည်။
သို့သော် ခရစ္စတာ ထွက်မသွားမီမှာပင် ဟိုင်န်ရီက လေဒီ မော်လေနီကို အရင်ပြောလိုက်၏။
“လေဒီ မော်လေနီ ပြောလိုက်တဲ့စကား။ နောက်ဆုံးအပိုင်းတွေကို အကုန် ကြားလိုက်တယ်။”
လေဒီ မော်လေနီက အံ့သြတကြီးနှင့် မျက်လုံးအဝိုင်းသား ဖြစ်သွားသည်။
ခရစ္စတာလည်း အလားတူပင်။
မက်ကန်နာက ‘ဘာဖြစ်လို့ အဲ့ဒါကို သွားပြောရတာလဲ’ ဟူသည့် စိတ်ဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားသော်လည်း ဟိုင်န်ရီက တည်ငြိမ်စွာပင် ဆက်ပြောခဲ့သည်။
“တကယ် လက်တွေ့ကျတဲ့ စိုးရိမ်ပူပန်မှုပါပဲ၊ လေဒီ မော်လေနီ။ ဒါပေမဲ့ ဒါက မယ်မင်း စိုးရိမ်ရမဲ့ကိစ္စတော့ မဟုတ်ဘူး။”
ယင်းမှာ ခရစ္စတာဘက်မှ သိသိသာသာ ဘက်လိုက်ပြောလိုက်သည့် စကားပင်။
လေဒီ မော်လေနီက ခေတ္တတုံ့ဆိုင်းသွားသော်လည်း မကြာမီမှာပင် “ဟုတ်ကဲ့ပါ” ဟု တည်ငြိမ်စွာ ရေရွတ်ပြီး ပြုံးလျက် ဂါရဝပြုခဲ့သည်။
သပ်ရပ်လှပသော ဂါရဝပြုမှုပင်။
သို့သော် လေဒီ မော်လေနီ ထွက်သွားပြီးနောက် အခြေအနေကမူ သပ်ရပ်မနေခဲ့ပေ။
ခရစ္စတာပါ အိုးတိုးအမ်းတမ်း ထွက်သွားပြီးနောက် မက်ကန်နာက လက်နှစ်ဖက်ဖြင့် သူ့ခေါင်းသူ ဆွဲဖွသကဲ့သို့ အုပ်ကိုင်ကာ အော်ဟစ်တော့သည်။
မိဖုရားဖြစ်ရန် အရည်အချင်းရှိသည်ဟူသော ၁၂ ယောက်မြောက် သခင်မလေးနှင့် ၅ မိနစ်ပင် စကားမပြောဘဲ လွှတ်လိုက်သည်ကို မကျေနပ်သည့်ပုံပင်။
“အရှင်မင်းကြီး။ တကယ်…… တကယ်ကို လွန်လွန်းပါတယ်။”
“ဒါပေမဲ့ အဲ့ဒီနေရာမှာ မရီးကို ထွက်သွားခိုင်းလို့မှ မရတာ။”
“စိတ်ထဲကနေ ဧကရီ နာဗီရယ်ကို ထုတ်မရတာဖြစ်မှာပါ။”
“သိသိကြီးနဲ့ သခင်မလေးတွေကို ခေါ်နေတဲ့ မင်းကလည်း တော်တော်ဆိုးမှန်း သိရဲ့လား။”
“ကျွန်တော်က အရှင်မင်းကြီးအတွက်…”
“ငါ့အတွက် မဟုတ်ဘဲ အဲ့ဒီသခင်မလေးတွေအတွက်။”
“……”
“မိဖုရားတင်မြှောက်ဖို့ လိုတယ်ဆိုပေမဲ့ အခုချက်ချင်းကြီး ရက်ပိုင်းအတွင်း လုပ်ရမဲ့အထိတော့ မဟုတ်ဘူးလေ။ အခု နန်းတက်ပွဲရော၊ ပြုပြင်ချင်တဲ့ လုပ်ထုံးလုပ်နည်းတွေရော အများကြီးပဲ။ အဲ့ဒီအလုပ်တွေကနေ အရင်စရအောင်။”
ပြတ်သားစွာ ပြောပြီးနောက် ဟိုင်န်ရီက မက်ကန်နာ၏ ပခုံးကို ပုတ်ကာ ဧည့်ခန်းထဲမှ ထွက်သွားခဲ့သည်။
အိပ်ခန်းသို့ ပြန်သွားပြီး ပိုင်ဆိုင်မှုစာရင်းများကို ဆက်ကြည့်မည့်ပုံပင်။
“အဲ့ဒီပုဂ္ဂိုလ်ကို မိဖုရားအဖြစ် တင်မြှောက်ဖို့ဆိုရင် စစ်ပွဲနွှဲမှဖြစ်မှာပါ အရှင်မင်းကြီး။”
မက်ကန်နာက နောက်မှ အသာလိုက်သွားရင်း တီးတိုးရေရွတ်ခဲ့သည်။
တိုးညင်းသော်လည်း ဟိုင်န်ရီ ကြားနိုင်လောက်သည့် အသံပင်။
ဟိုင်န်ရီ ဆတ်ခနဲတုန်သွား၏။
“ကျိန်းသေပေါက်၊ တစ်နေ့တော့ စစ်ဖြစ်မှာပေါ့။ ဒါပေမဲ့ စစ်တိုက်ပြီး ခေါ်လာတဲ့ မိဖုရားကို ကြိုဆိုမဲ့ပြည်သူဆိုတာ မရှိပါဘူး။”
မက်ကန်နာက ထပ်လောင်းပြောလိုက်သော်လည်း ယခုတစ်ကြိမ်တွင်မူ ဟိုင်န်ရီက တုံ့ပြန်ခြင်း မရှိခဲ့ပေ။
အိပ်ခန်းထဲသို့ရောက်တော့ ဟိုင်န်ရီက ပိုင်ဆိုင်မှုစာရင်းကို မကြည့်ဘဲ စားပွဲတွင်ထိုင်ကာ စာရွက်နှင့် မင်တံကို ထုတ်ယူလိုက်သည်။
~~~~
-ကွီးန်သာ ကျွန်တော့်မိဖုရား ဖြစ်လာရင် သိပ်ကောင်းမှာပဲ။ မက်ကန်နာက မိဖုရားမြန်မြန်တင်မြှောက်ဖို့ တွန်းအားပေးနေတာ မလွယ်ပါဘူး။ ကွီးန်သာ အနောက်ဘုရင့်တိုင်းပြည်ရဲ့ မိဖုရားဖြစ်ပေးမယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ……
အကြာကြီးနေမှ အပြာရောင်ငှက်ကလေး ယူဆောင်လာသည့် တော်ဝင်မင်းသား ဟိုင်န်ရီ၏ စာကို ဖတ်နေချိန်တွင်ဖြစ်သည်။
ဘေးတွင် ခေါင်းချင်းယှဉ်ကာ စာကို အတူဖတ်နေသော အပြာရောင်ငှက်ကလေးက ရုတ်တရက် တောင်ပံကိုဖြန့်ကာ ကိုယ်ကို တဖျပ်ဖျပ်ခါလိုက်၏။
တစ်နေရာရာများ နေမကောင်းဖြစ်နေသလားဟု ကြည့်လိုက်တော့ အင်မတန်…… ဒေါသထွက်နေသည့် မျက်နှာနှင့် ဖြစ်နေသည်။
ငှက်၏ မျက်နှာအမူအရာဖြစ်၍ သေချာမပြောနိုင်သော်လည်း အနည်းဆုံးတော့ ကျွန်မ အမြင်တွင် ထိုသို့ထင်ရ၏။
“အဆင်ပြေရဲ့လား။”
ဂရုတစိုက် မေးလိုက်တော့ ငှက်ကလေးက ဖြန့်ထားသော တောင်ပံများကို ပြန်သိမ်းကာ ရုတ်တရက် တိတ်ဆိတ်သွားရာမှ တကျီကျီ အော်မြည်ခဲ့သည်။
“ကွီးန်ကလည်း ထူးဆန်းသလို နင်ကလည်း တကယ် ဆန်းကြယ်တာပဲ။”
....
“ကွက်တိ လူအတိုင်းပဲ။”
.....
“တော်ဝင်မင်းသား ဟိုင်န်ရီက အရည်အချင်းရှိတဲ့ ငှက်တွေကိုပဲ မွေးတာကိုး။”
အာ။ အလို။
အခုက တော်ဝင်မင်းသား မဟုတ်တော့ဘူးလေ။
သို့သော် ‘ဘုရင် ဟိုင်န်ရီ’ ဟု ခေါ်ရန်ကလည်း အင်မတန် စိမ်းသက်နေသည်။
အမှတ်တမဲ့ ငှက်ကလေး၏ နှုတ်သီးကို လက်ချောင်းဖြင့် သွားထိလိုက်မိသည်။
အသာလေး ထိတွေ့ကြည့်ရန် ကြိုးစားလိုက်ခြင်းဖြစ်သော်လည်း ငှက်ကလေးက ကိုယ်ကို နောက်သို့ဆုတ်ကာ ကျွန်မ၏ လက်ချောင်းကို ရှောင်ဖယ်သွား၏။
‘ထက်မြက်တာကတော့ မှန်ပေမဲ့ ကွီးန်နဲ့ သိသိသာသာ ကွာခြားတဲ့အချက် ရှိနေတာပဲ။’
“မကိုင်တော့ဘူးနော်။”
ပြုံးလျက် ငှက်ကို တောင်းပန်ပြီးနောက် ကျွန်မ ဖတ်လက်စ စာကို ပြန်ဖြန့်လိုက်သည်။
-နန်းတက်ပွဲက မဝေးတော့ပါဘူး။ အရှေ့အင်ပါယာဆီကလည်း သံတမန်အဖွဲ့တွေ လာမှာပေါ့။ ကွီးန်က သံတမန်အဖွဲ့ရဲ့ ခေါင်းဆောင်အနေနဲ့ လာလို့မရဘူးလား။
နန်းတက်ပွဲ…… စာထဲတွင် ရေးထားသော နေ့စွဲကို စစ်ဆေးပြီးနောက် ပြက္ခဒိန်ကို ကြည့်လိုက်သည်။
အခမ်းအနားကြီးကြီးမားမား မရှိသောအချိန်ပင်။
အဆင်ပြေလျှင် သွားနိုင်လောက်၏။
နန်းတက်ပွဲသို့ တော်ဝင်မိသားစုဝင်တစ်ယောက် တက်ရောက်ရမည်ကလည်း ထုံးစံပင်။
သို့သော် ယခု ‘လာနိုင်သည်’ ဟု ရေးလိုက်ပြီးမှ အကြောင်းတစ်ခုခုကြောင့် မသွားဖြစ်လျှင် ခက်ရပေမည်။
တက်ရောက်နိုင်အောင် တတ်နိုင်သမျှ အချိန်ဇယားကို စစ်ဆေးကြည့်ပါ့မယ်။
နောက်ဆုံးတွင် မရေမရာသာ ရေးပြီးနောက် အပြာရောင်ငှက်ကလေး၏ ခြေထောက်တွင် ချည်ပေးလိုက်သည်။
“သေချာပို့ပေးနော်။”
အမှတ်တမဲ့ ကွီးန်ကို လုပ်ပေးနေကျအတိုင်း ခေါင်းလေးကို ပုတ်ပေးရန် ပြင်လိုက်သော်လည်း အပြာရောင်ငှက်ကလေးက ယခုတစ်ကြိမ်တွင်လည်း ကျွန်မ၏ လက်ကို ရှောင်ဖယ်သွားပြန်၏။
အိုးတိုးအမ်းတမ်းဖြစ်သွားကာ လက်ကိုပြန်ချလိုက်တော့ ငှက်ကလေးက အားနာသည့်အလား တောင်ပံကို တစ်ချက်နှစ်ချက်ခတ်ပြီး ပြတင်းပေါက်အပြင်သို့ ပျံထွက်သွားတော့သည်။
ကျွန်မ ပြတင်းပေါက်တွင်ရပ်ရင်း ငှက်ကလေးကို မမြင်ရတော့သည်အထိ ငေးကြည့်နေမိ၏။
အတော်ကြာမှ ဟိုင်န်ရီနှင့် စာချင်းဖလှယ်ရ၍ ဖြစ်မည်လား။
လွန်ခဲ့သော လပိုင်းမှ ကိစ္စများက အိပ်မက်တစ်ခုလို ပြန်ပေါ်လာသည်။
ရက်ရှ်တာ ရောက်လာခါစ အချိန်ဖြစ်၍ စိတ်က အထူးပင် နာကျင်ခဲ့ရသော်လည်း ကျွန်မ၏ သူငယ်ချင်းများ အနီးအနားတွင်ရှိခဲ့သော အချိန်များ…… သို့သော် အေးလာသဖြင့် ပြတင်းပေါက်ကိုပိတ်ရန် ပြင်နေသည့် အချိန်တွင်။
“ဧကရီ အရှင်မ။”
ဧည့်ခန်းထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ကျွန်မကို ရှာသည့်အသံ ကြားလိုက်ရသည်။
ဝင်လာနိုင်ကြောင်း အချက်ပြလိုက်တော့ နယ်စားကတော် အယ်လီဇာနှင့် ရံရွေတော်များ အခန်းထဲသို့ အစုလိုက်အပြုံလိုက် ဝင်လာကြ၏။
အားလုံး၏ မျက်လုံးများက တောက်ပနေကာ စိတ်လှုပ်ရှားနေသည့် ပုံစံများပင်။
“ဘာကိစ္စရှိလို့လဲ။”
နားမလည်၍ မေးလိုက်တော့ လော်ရာက နှာမှုတ်သံပင် ထွက်လာသည်အထိ စိတ်လှုပ်ရှားစွာ အော်ဟစ်ခဲ့၏။
“ရက်ရှ်တာ၊ အဲ့ဒီမိန်းမရဲ့ အစားအသောက်ထဲမှာ ကိုယ်ဝန်ဖျက်ဆေးတွေ ပါနေတယ်တဲ့ရှင့်။”
“လေဒီ ရက်ရှ်တာဆီမှာပေါ့လေ။ သေချာရဲ့လား။”
“ဟုတ်ကဲ့! အရှင်ဧကရာဇ်က သိသွားတာလို့ ကြားပါတယ်။”
ဆိုဗီရ်ရှုက မည်သည့်နည်းနှင့် ထိုအဖြစ်ကို သိခဲ့မှန်းမသိသော်လည်း ဤသို့သော ကိစ္စမျိုးဆိုလျှင် ရံရွေတော်များ ဤမျှအထိ အလန့်တကြား ပြေးလာကြသည်မှာလည်း ဖြစ်သင့်ပေသည်။
အရှေ့နန်းဆောင်တွင် ပို၍ ပွက်လောရိုက်နေလောက်ပေမည်။
“လေဒီ ရက်ရှ်တာရော ဆေးကို သောက်လိုက်မိသေးလား။”
ပွက်လောရိုက်နေခြင်းက ‘ဤမျှလောက်သာ’ ဆိုလျှင် မသောက်ရသေးပုံရသော်လည်း……
“ဒီတစ်ခေါက်တော့ ကြိုပြီးတွေ့သွားတဲ့ပုံပါပဲ။”
နယ်စားကတော် အယ်လီဇာ၏ စကားက အဓိပ္ပာယ်ပါနေသည်။
“ဒီတစ်ခေါက်တဲ့လား။”
“ဧကန္တများ မသိနိုင်လို့ အရှင်ဧကရာဇ်က တော်ဝင်သမားတော်ကိုခေါ်ပြီး စမ်းသပ်ခိုင်းတော့ အရင်ကတည်းက ပမာဏနည်းနည်းစီ အကြိမ်ပေါင်းများစွာ စားခဲ့ရတယ်လို့ ပြောပါတယ်။”
ဘယ်သူလုပ်တာပါလိမ့်။
ခဏလောက် စဉ်းစားကြည့်နေစဉ် ကျွန်မ အရေးကြီးဆုံးအချက်ကို မမေးရသေးကြောင်း သတိရလိုက်သည်။
“လေဒီ ရက်ရှ်တာနဲ့ ကလေးကရော ဘေးကင်းရဲ့လား။”
“အသုံးပြုထားတဲ့ ဆေးက မိခင်ကို ထိခိုက်မှု မရှိသလောက်ပဲမို့လို့ လေဒီ ရက်ရှ်တာကတော့ အဆင်ပြေပါတယ်။”
“ကလေးကရော……”
ရုတ်တရက် ရက်ရှ်တာကို ဆေးခတ်သည့်သူက ကျွန်မ ပတ်ဝန်းကျင်ကလူ ဖြစ်နေမလားဟု အတွေးဝင်လာမိသည်။
ရက်ရှ်တာ၏ကလေးကို သတ်ပြီး အကျိုးရှိမည့်သူက အခြား ဘယ်သူများ ရှိဦးမည်နည်း။
“ကိုယ်ခံအား နည်းသွားပုံရပေမဲ့ အခုအထိတော့ အဆင်ပြေပါတယ်ရှင့်။”
ဆိုဗီရ်ရှုကလည်း ကျွန်မလိုပင် ‘ကလေး မရှိတော့ရင် ဧကရီအတွက် အကျိုးရှိတယ်မဟုတ်ဘူးလား’ ဟု တွေးနေမည်ကို စိုးရိမ်လာမိသည်။
ရက်ရှ်တာ ရောက်လာပြီးနောက် ဆိုဗီရ်ရှု ကျွန်မအပေါ် ပြုမူခဲ့ပုံများကို ပြန်တွေးမိ၏။
သူက မကျေနပ်ချက်ရှိလျှင် ကျွန်မကိုခေါ်ခြင်းဖြစ်စေ၊ ကိုယ်တိုင် လာခြင်းဖြစ်စေလုပ်ကာ စကားနာထိုးတတ်ပေသည်။
ယခုလည်း ထိုသို့မလုပ်ဘူးဟု ဘယ်သူပြောနိုင်မည်နည်း။
“ဧကရီ အရှင်မ။ လက်ဖက်ရည်နွေးနွေးလေးတစ်ခွက် ယူလာပေးရမလားရှင့်။”
“ရပါတယ်၊ ခဏလောက် တစ်ယောက်တည်း နေချင်လို့……”
နယ်စားကတော် အယ်လီဇာ ထွက်သွားပြီးသည့်နောက်တွင်။
ဆိုဗီရ်ရှုက ကျွန်မကို ထပ်မံခေါ်ယူပြီး နှိပ်စက်ဦးမည်ဆိုလျှင်ပင် စိတ်မထိခိုက်ဘဲနေရအောင်ဟု အထပ်ထပ်အခါခါ ဆုံးဖြတ်ချက်ချလိုက်မိ၏။
သို့သော် ဆိုဗီရ်ရှုက ကျွန်မကို မခေါ်ခဲ့။
ကျွန်မတို့ အတူတူ ထမင်းလက်ဆုံ စားသောက်ရမည့်နေ့အထိတိုင်အောင်ပင်။
~~~~
ဆိုဗီရ်ရှုက ယနေ့ အတူလက်ဆုံမစားချင်ဘူးဟူ၍သော်လည်းကောင်း၊ မတွေ့ချင်ဘူးဟူ၍သော်လည်းကောင်း၊ အလုပ်များနေသည်ဟူ၍သော်လည်းကောင်း စကားပါးခဲ့ခြင်းမျိုးမရှိသဖြင့် ကျွန်မလည်း မတတ်သာဘဲ ညစာစားချိန်တွင် အရှေ့နန်းဆောင်ဆီကို သွားခဲ့ရသည်။
“အရှင်ဧကရာဇ်ကို ငါလာတဲ့အကြောင်း လျှောက်တင်လိုက်။”
ဆိုဗီရ်ရှု၏ အခန်းရှေ့တွင် စောင့်နေသော အစေခံကို ညွှန်ကြားလိုက်တော့ အစေခံက အမြန်ပင် အခန်းထဲသို့ ဝင်သွားခဲ့သည်။
သို့သော် ပြန်ထွက်လာသော အစေခံ၏ မျက်နှာက မှောင်မှိုင်းနေ၏။
အထဲမှာ ဘာဖြစ်နေလို့ပါလိမ့်။
နားမလည်ဘဲ ကြည့်နေစဉ် အစေခံက ကျွန်မအနား ချဉ်းကပ်ပြီး ပြောလာသည်။
“ဟို…… ဧကရီ အရှင်မ။ အရှင်ဧကရာဇ်က ဟို…… ဘာစကားမှ မမိန့်ကြားလိုက်ပါဘူး။”
အင်မတန် အားတုံ့အားနာဖြစ်နေသည့် မျက်နှာထားပင်။
ကျွန်မ မျက်ခုံးပင့်လိုက်မိသည်။
“ဘာစကားမှ မမိန့်ကြားဘူး၊ ဟုတ်လား။”
ပြန်သွားလို့လည်း မပြောဘူး၊ ဘာမှလည်း မပြောဘူးလား။
“ဟုတ်ပါတယ်။”
အစေခံက တောင်းပန်သည့်အလား ကျွန်မ၏ မျက်နှာကို စေ့စေ့ကြည့်လာသည်။
သို့သော် သူ၏ စကားက မပြောင်းလဲသည့်အတွက် အမှန်ဖြစ်သည့်ပုံပင်။
“နောက်တစ်ခေါက် ထပ်ဝင်သွားပြီး လျှောက်တင်လိုက်။”
ထပ်မံအမိန့်ပေးလိုက်တော့ အစေခံက ပျာပျာသလဲနှင့် အခန်းထဲသို့ ထပ်ဝင်သွားပြန်၏။
ခဏအကြာတွင် အစေခံက ပြန်ထွက်လာကာ ပြောခဲ့ပြန်သည်။
“ဧကရီ အရှင်မ။ အခုအထိလည်း ဘာစကားမှ မမိန့်ကြားလိုက်ပါဘူး။”
သူက ငိုတော့မလို မျက်နှာထားနှင့် ဖြစ်နေပေပြီ။
တံခါးရှေ့မှ စစ်သည်တော်နှစ်ယောက်၏ မျက်လုံးများကလည်း စိုးရိမ်တကြီး တုန်ယင်နေ၏။
ကျွန်မ မျက်မှောင်ကြုတ်ကာ ဆိုဗီရ်ရှု၏ တံခါးဘက်သို့ ဦးတည်လိုက်မိသည်။
ဘာကြောင့် ကျွန်မကို အပြစ်မတင်သလဲဟု တွေးနေခဲ့သည်ကို။
‘လုပ်တောင်လုပ်နေပြီကိုး။’
သူ၏နည်းလမ်းက ခေါ်ယူဆူပူခြင်းမျိုး မဟုတ်ဘဲ လျစ်လျူရှုသည့်နည်းလမ်း ဖြစ်သည့်ပုံပင်။
သက်ပြင်းတစ်ချက် ထွက်လာသည်။
ဘာကြောင့် ဆိုဗီရ်ရှုက ရက်ရှ်တာနှင့် ပတ်သက်သည့် ကိစ္စမှန်သမျှတွင် ကျွန်မကိုချည်း အပြစ်တင်နေရသနည်း။
~~~~
“ဧကရီရဲ့ အမှားမို့လို့။”
ဆိုဗီရ်ရှု၏ ပြတ်သားသော စကားကြောင့် အတွင်းရေးမှူးချုပ် မားကီးစ် ကားလ်က နေရခက်စွာဖြင့် လက်ထဲမှ ကော်ဖီခွက်ကို ပွတ်သပ်နေမိသည်။
နေရခက်ရုံတင်မကဘဲ အင်မတန် မျက်နှာပူရ၏။
သူက မကြာမီ ကျင်းပမည့် အနောက်ဘုရင့်တိုင်းပြည်၏ နန်းတက်ပွဲကိစ္စနှင့် ပတ်သက်ပြီး လာရောက်တိုင်ပင်ခြင်းသာ။
သို့သော် မမျှော်လင့်ဘဲ ဧကရာဇ်နှင့် ဧကရီကြားမှ စစ်အေးတိုက်ပွဲတွင် ကြားညှပ်နေရခြင်းပင်။
မျက်နှာချင်းဆိုင်ကာ စစ်အေးတိုက်နေသည်ဆိုလျှင်ပင် တော်သေး၏။
ယခုမူ ဆိုဗီရ်ရှုက အခန်းထဲတွင် အောင်းနေကာ ဧကရီကို တစ်ဖက်သတ် ဝင်ခွင့်မပေးဘဲ နေနေခြင်းဖြစ်သည်။
“မားကီးစ် ဖာရ်အန်းက ကိုယ်ဝန်ဖျက်ဆေး ဝယ်ခဲ့တာ မှန်ပေမဲ့ အဲ့ဒါကို ဧကရီ အရှင်မနဲ့ မဖြစ်မနေ ဆက်စပ်တွေးဖို့ လိုပါရဲ့လား……”
“မားကီးစ် ဖာရ်အန်းက ခိုရှာရ်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းလေ။ ပြီးတော့ ခိုရှာရ်က လူပေလူတေဆိုပေမဲ့ သူ့ညီမကိစ္စဆိုရင်တော့ ကမူးရှူးထိုးလုပ်တတ်တဲ့သူ။ ဒီလိုဖြစ်နေတာတောင် ဆက်စပ်တွေးဖို့ မလိုဘူးလို့ ပြောချင်တာလား။”
“ဒါပေမဲ့လည်း ဧကရီ အရှင်မကိုယ်တိုင်က ဒီကိစ္စမှာ ပါဝင်မှာ မဟုတ်ပါဘူး။”
“အဲ့ဒီလိုပဲဖြစ်မှာပေါ့။ အဲ့ဒါကို ကျုပ်လည်း သိတယ်။”
“ဗျာ။”
“ဒါပေမဲ့ ရက်ရှ်တာအကြောင်းကိုတော့ တစ်ခုခုပြောပြခဲ့မှာပဲ။ မကောင်းတဲ့ဘက်ကနေ။”
ဆိုဗီရ်ရှုက အေးစက်စွာပြောပြီးနောက် တံခါးအပြင်ဘက်ကို စိတ်ပျက်စွာ လှည့်ကြည့်လိုက်သည်။
“ဉာဏ်ကောင်းတဲ့ ဧကရီက သူ့စကားတစ်ခွန်းကြောင့် မိုက်မဲတဲ့ ခိုရှာရ် ဘယ်လို တုံ့ပြန်လာမလဲဆိုတာကို ကြိုပြီးမခန့်မှန်းနိုင်ဘူးများ မှတ်နေလား။”
“အဲ့ဒါကတော့……”
“အခုချက်ချင်း ခိုရှာရ်ကို ဖမ်းခေါ်လာပြီး အမှန်အတိုင်းပြောဖို့ နှိပ်စက်တာမျိုး မလုပ်တာကပဲ တော်တော်လေး သည်းခံပေးနေတာ မဟုတ်ဘူးလား။”
~~~~
Miel’s Translations