no

Font
Theme

အပိုင်း ၇၈ (မဖြစ်နိုင်တဲ့အရာလား)

ဗိုင်းကောင့် လိုတဲရှု၏ သားဆိုလျှင် အာလန်ပင်။

အာလန် လိုတဲရှု။

ရက်ရှ်တာ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။

အာလန်က ရက်ရှ်တာ တစ်ချိန်က ချစ်ခဲ့ဖူးသည့် ယောက်ျားဖြစ်သလို၊ သူ့ကို စွန့်ပစ်ခဲ့သူလည်းဖြစ်ပြီး...

ထို့အပြင် ဗိုင်းကောင့် လိုတဲရှုထံတွင် ရှိနေသည့် ကလေး၏ ဖခင်လည်း ဖြစ်နေပြန်၏။

“ကတိက ဒီလိုမှမဟုတ်တာ။”

နောက်ဆုံးတွင် ရက်ရှ်တာတစ်ယောက် မအောင့်နိုင်တော့ဘဲ ဒေါသများကို ပေါက်ကွဲထုတ်လိုက်တော့သည်။

အတိတ်ကို လျှို့ဝှက်ပေးထားပါမည်ဟုဆိုပြီးမှ အတိတ်နဲ့ပတ်သက်သမျှ လူများကို အကုန်ခေါ်လာရသလား။

သူတို့ရဲ့ ရည်ရွယ်ချက်ကို သံသယမဝင်ဘဲ မနေနိုင်တော့ပေ။

ဗိုင်းကောင့် လိုတဲရှုက စုတ်တစ်ချက်သပ်လိုက်ရင်း….

“ကတိဖျက်တယ်ဟုတ်လား။ ငါက ဘယ်တုန်းက ကလေးကို ပိတ်လှောင်ထားပြီး မွေးပါ့မယ်လို့ ကတိပေးခဲ့လို့လဲ။”

“ပိတ်လှောင်ထားခိုင်းတာ မဟုတ်ဘဲ…”

“အာ... တော်စမ်းပါ။ ကလေးကို လူမှုရေးအသိုင်းအဝိုင်းထဲ ပွဲထုတ်မလာရင် ရပြီမဟုတ်ဘူးလား။”

“အာလန်နဲ့ ရီဗယ်တီကရော။ သူတို့က ဒီကိုလာရင် အိမ်ထဲမှာပဲ အောင်းနေမှာတဲ့လား။ မဟုတ်ဘူးလေ။ တကယ်လို့များ ရှင့်သားသမီးတွေက ရက်ရှ်တာအကြောင်းကို လူမှုရေးလောကထဲ လျှောက်ပြောရင် ဘယ်လိုလုပ်မလဲ။”

“ငါ့ကလေးတွေက နင့်ကို အရှင်ဧကရာဇ်ရဲ့ ချစ်သူမှန်းတောင် သိတာမဟုတ်ဘူး။”

“အဲ့ဒါက ဘယ်လောက်အထိ ကြာကြာခံမယ်မှတ်နေလဲ။”

“သိသွားရင်တောင် ပါးစပ်ပိတ်ထားခိုင်းရင် ရတာပဲလေ။”

မည်မျှပင် ပါးစပ်ပိတ်ထားခိုင်းပါစေ၊ စိုးရိမ်စိတ်ကတော့ ရှိနေဆဲပင်။

တုန်ယင်နေသည့် ရက်ရှ်တာကို ကြည့်ပြီး ဗိုင်းကောင့် လိုတဲရှုက ဘာကို အဲ့ဒီလောက် စိုးရိမ်နေတာဟူသည့် လေသံနှင့် မေးလာသည်။

“မပူပါနဲ့။ အာလန်က နင့်ကလေးရဲ့ အဖေပဲ မဟုတ်လား။”

“...”

“သူ့ကလေးအတွက်ပဲဖြစ်ဖြစ် အာလန်က ပါးစပ်ပိတ်ထားမှာပေါ့။”

ရက်ရှ်တာကမူ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်သေးပေ။

ကတိတစ်ခါဖျက်ဖူးသည့်လူကို ပြန်ယုံကြည်ရန်က မဖြစ်နိုင်သည့်အရာပင်။

ထိုအခြေအနေကိုကြည့်ရင်း ဗိုင်းကောင့် လိုတဲရှုက နောက်ကျမှ ဆင်ခြေပေးသလို ထပ်ပြောလာသည်။

“မတတ်နိုင်ဘူးလေ။ အာလန်က ထင်ထားတာထက် အာန်ကို သေချာဂရုစိုက်နေတော့ သူတို့ကို ခွဲထားလို့ မရဘူးပေါ့။”

“အာန်။”

“နင့်သား နာမည်လေ။”

ကလေးအကြောင်း ကြားလိုက်ရတော့ ရက်ရှ်တာ၏ မျက်ဝန်းများ တုန်လှုပ်သွားလေသည်။

ဗိုင်းကောင့် လိုတဲရှုက ထိုအခွင့်အရေးကို လက်လွှတ်မခံဘဲ မေးလာ၏။

“ဒါနဲ့ ဘယ်လိုလဲ။ နင့်ကလေးကို တစ်ခါလောက် မတွေ့ချင်ဘူးလား။”

ရက်ရှ်တာ လန့်သွားကာ ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။

“ဟင့်အင်း။”

တွေဝေတုံ့ဆိုင်းခြင်းမရှိသည့် အပြုအမူဆိုသော်လည်း မျက်နှာထားကမူ ထိုသို့မဟုတ်ပေ။

ထိုရှေ့နောက်မညီမှုကို ကြည့်ပြီး ဗိုင်းကောင့် လိုတဲရှုက ခပ်တိုးတိုး ရယ်လိုက်သည်။

ဗိုင်းကောင့် လိုတဲရှု ထွက်သွားပြီးနောက် ရက်ရှ်တာတစ်ယောက် တစ်ခန်းလုံးကို ပတ်ချာလည်လျှောက်ရင်း နှုတ်ခမ်းကို ဖိကိုက်ထားမိ၏။

ဝေခွဲမရ ဖြစ်နေသည်။

ကလေးကို ဗိုက်ထဲ၌ လွယ်ထားရသည့် ဆယ်လအတောအတွင်း သူ ကလေးကို တကယ်ချစ်ခဲ့၏။

တစ်ကိုယ်လုံး ကြေမွသွားမတတ် ခံစားရသော မီးဖွားခြင်းဝေဒနာ ပြီးဆုံးသွားသည်နှင့် ချက်ချင်းပင် ကလေးက အသတ်ခံလိုက်ရပြီး အလောင်းကို မြင်လိုက်ရသည့်အချိန်...

ထိုစဉ်က ထိတ်လန့်လွန်း၍ အရူးတစ်ပိုင်းဖြစ်သွားခဲ့ဖူးသည်။

ထိုအခြေအနေနှင့် လပေါင်းများစွာ ရှင်သန်ခဲ့ရ၏။

အင်မတန်နာကျင်ခဲ့ရသလို တအားလည်း ပင်ပန်းခဲ့ရသည်။

နောက်ဆုံးတွင် သေရန်သာဆုံးဖြတ်ကာ ဗိုင်းကောင့် လိုတဲရှု၏ နယ်မြေမှ ထွက်ပြေးလာခဲ့ခြင်းပင်။

သို့သော် ထိုကလေးက အသက်ရှင်နေသည်ဟု ဆိုပြန်သည်။

ထိုရန်သူလိုလူနှင့် မိမိအားစွန့်ပစ်ခဲ့သည့် ချစ်သူက ကလေးကို မွေးထားသတဲ့လား။

ကလေးကို သတ်ပြီး သူ့ကို ရူးအောင်လုပ်ခဲ့သလို၊ ယခုလည်း ကလေးကို အသက်ရှင်စေပြီး သူ့ကို ရူးအောင်လုပ်ရန် ကြိုးစားနေကြပြန်သည်။

ရက်ရှ်တာတစ်ယောက် မျက်နှာပင် မမြင်ဖူးသည့် ကလေးက သူ့အပေါ် လွှမ်းမိုးထားခြင်းကို စိတ်ကုန်လာမိ၏။

ကလေးက သူ့ခြေထောက်ကို ချည်နှောင်ထားသည့် နှောင်ကြိုးတစ်ခုလိုပင်။

ထိုကလေးနှင့် ပတ်သက်မိတိုင်း သူက တွင်းနက်ကြီးထဲသို့ တဖြည်းဖြည်း နစ်မြုပ်နေသလိုခံစားရသည်။

သို့သော် တစ်ချိန်တည်းမှာပင် ထိုသို့တွေးမိခြင်းကို နာကျင်ပြီး အားနာမိပြန်၏။

ရက်ရှ်တာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေခြင်းကိုရပ်ကာ နေရာမှာတင် ထိုင်ချပြီး ငိုချလိုက်တော့သည်။

~~~~

“ကလေးရလာတာက ဘယ်လိုခံစားချက်မျိုးလဲဟင်။”

ကျွန်မ၏ မေးခွန်းကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။

ကျွန်မ စာအုပ်မှ မျက်လုံးခွာပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်မိ၏။

ရံရွေတော်များက မျက်နှာအပျက်ပျက်နဲ့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။

'အာ...'

ကျွန်မစကားက အထင်လွဲစရာ ဖြစ်သွားကြောင်း သိလိုက်ရသဖြင့် ချက်ချင်းပင် ပြုံးပြကာ စာအုပ်ကို ညွှန်ပြလိုက်သည်။

“ဒီထဲမှာ အဲ့ဒီအကြောင်း ပါနေလို့လေ။”

ရက်ရှ်တာနဲ့ ဆိုဗီရ်ရှုတို့ကြားတွင် မွေးလာမည့်ကလေး။

ထိုကလေးအတွက် ဂုဏ်ပြုပွဲ ပြင်ဆင်မှုများကလည်း ပြီးသလောက် ရှိနေပေပြီ။

ထို့ကြောင့် ပုံမှန်ထက် အလုပ်များ လျော့သွားကာ အေးအေးဆေးဆေး အချိန်ဖြုန်းနေခြင်းဖြစ်သော်လည်း ကျွန်မ၏စကားတစ်ခွန်းကြောင့် ရံရွေတော်များ ​ဘာလုပ်ရမှန်းမသိ ဖြစ်သွားကြခြင်းပင်။

“ရင်သွေးတော် လွယ်ချင်လို့ပါလား၊ ဧကရီ အရှင်မ။”

နယ်စားကတော် အယ်လီဇာက အကဲခတ်သလို မေးလာသည်။

ကျွန်မ ပြုံးပြီး ခေါင်းခါပြလိုက်၏။

“တကယ် အဲ့ဒီလို ရည်ရွယ်ချက်နဲ့ မေးတာမဟုတ်ပါဘူး။”

ကျိန်းသေပေါက် ယခုမေးခွန်းက ထိုသို့သောရည်ရွယ်ချက် မဟုတ်သော်လည်း ကလေးအကြောင်းကို လုံးဝ မတွေးမိခြင်းတော့ မဟုတ်ပေ။

ရက်ရှ်တာတွင် ကိုယ်ဝန်ရှိနေပြီဖြစ်၍ ကျွန်မလည်း မြန်မြန် ကလေးရမှဖြစ်မည်ဟုတော့ တွေးမိ၏။

ရက်ရှ်တာ၏ ကလေးနှင့် ကျွန်မကလေး အသက်ကွာခြားချက် အများကြီးရှိသွားလျှင် ဖြစ်လာနိုင်မည့် မလိုလားအပ်သော ပြဿနာများကို ကြိုတင်ကာကွယ်သည့်အနေနှင့်။

ဥပဒေအရ ရက်ရှ်တာ၏ ကလေးက ထီးနန်းဆက်ခံခွင့် မရှိဟုဆိုသော်လည်း ဥပဒေဆိုသည်က အမြဲတမ်း တစ်သမတ်တည်းသွားသည့်အရာ မဟုတ်ပေ။

ယခု ဆိုဗီရ်ရှုနှင့် ကလေးယူရန်က... ကျွန်မအတွက်ရော ဆိုဗီရ်ရှုအတွက်ပါ ခက်ခဲပေဦးမည်။

'ဘုရားရေ။'

ကျွန်မ မည်မျှပင် ငြင်းပါစေ၊ အနေခက်စရာဖြစ်သွားသည့် အနေအထားကမူ ပြေလျော့မသွားပေ။

“လေဒီ ရက်ရှ်တာရဲ့ ကလေးအတွက် လက်ဆောင်ပေးရမှာ ဆိုတော့။ အားလုံးပဲ ပြင်ဆင်ပြီးကြပြီလား။”

ကျွန်မ ရံရွေတော်များ စိတ်ဝင်စားမည့် အခြား အကြောင်းအရာတစ်ခုကို မြန်မြန်ပြောင်းပြောလိုက်သည်။

ပျော်စရာအကြောင်းအရာမဟုတ်သော်လည်း ကျွန်မ ရည်ရွယ်ထားသည့်အတိုင်း အနေခက်စရာ အနေအထားက ချက်ချင်း ပျောက်ကွယ်သွား၏။

ရံရွေတော်များက မျက်စောင်းတခဲခဲနှင့် ညည်းညူကြတော့သည်။

သို့သော် 'ဘာလို့ လေဒီ ရက်ရှ်တာကို လက်ဆောင်ပေးရမှာလဲ' ဟု ပြန်မေးသူတော့ မရှိပေ။

ဧကရာဇ်ရဲ့ကလေး မွေးဖွားခြင်းအတွက် ဂုဏ်ပြုပွဲတွင် ကလေးအတွက် လက်ဆောင်ပေးရသည်က ထုံးစံပင်မဟုတ်ပါလား။

“ကျွန်မကတော့ အဝတ်အစား ပြင်ထားပါတယ်။ မျက်နှာပန်းလည်းလှပြီး တအားအလေးအနက်ထားလွန်းတယ်လို့ မထင်ရမဲ့ အရာမျိုးပေါ့။”

“ကျွန်မကတော့ ဘာပေးရမလဲ မဆုံးဖြတ်ရသေးပါဘူး။”

“သင့်တော်တဲ့ ကလေးသုံး အသုံးအဆောင်လေးတွေ ပြင်ထားပေမဲ့... စဉ်းစားနေတုန်းပါပဲ။ ပြောင်းရင်လည်း ပြောင်းဦးမှာပါ။”

ထိုသို့နှင့် တဒင်္ဂ အချေအတင် ပြောဆိုပြီးသည့်နောက်တွင် အသာငြိမ်ပြီး နားထောင်နေသည့် နယ်စားကတော် အယ်လီဇာက ကျွန်မကို သတိထားပြီး မေးလာသည်။

“ဘယ်လိုလက်ဆောင်မျိုး ပေးမလဲလို့ ကြိုပြီး စဉ်းစားထားတာ ရှိပါသလား၊ ဧကရီ အရှင်မ။”

ရံရွေတော်များလည်း စကားပြောခြင်းကိုရပ်ပြီး ကျွန်မဘက်ကို လှည့်ကြည့်လာကြသည်။

ကျွန်မ ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်၏။

“ကျွန်မကတော့ ကလေးကို အလှကိုင်ဓား​လေး ပေးမလို့လေ။”

“အလှကိုင်ဓား၊​ ဟုတ်လား။ အဲ့ဒီမိန်းမရဲ့ ကလေးကို အလှကိုင်ဓား​ ပေးမယ်ပေါ့လေ။”

အဖြေကို သဘောမကျသည့် လော်ရာက ဒေါသတကြီး အော်ဟစ်ခဲ့သည်။

“ဘာလို့ အဖိုးတန်တဲ့လက်ဆောင်ကို ပေးမှာပါလဲ။ ဧကရီ အရှင်မ၊ ဒီအတိုင်း သိုးမွေးထိုးထားတဲ့ ဦးထုပ်လေးသာ ပေးလိုက်ပါတော့။”

“လော်ရာ။ အဲ့ဒီလိုလုပ်ရင် ဧကရီ အရှင်မကပဲ လှောင်​ရယ်စရာ ဖြစ်သွားမှာပေါ့။”

“ဘာလို့လဲ။ ဂရုတစိုက် လုပ်ပေးတာကမှ ပိုပြီးထူးဆန်းနေတာ မဟုတ်ဘူးလား။”

“လော်ရာ။”

နယ်စားကတော်က လော်ရာကို ပြတ်ပြတ်သားသား တားလိုက်သော်လည်း လော်ရာကမူ ဒေါသထွက်လွန်း၍ နှာခေါင်းမှ လေများပင်ထွက်နေသည်။

ကျွန်မ သူ့ကို 'အဓိပ္ပာယ်ရှိလို့ ပြင်ဆင်ထားတဲ့ လက်ဆောင်ပါ' ဟု ပြောပြရန်ပြင်ပြီးမှ ပါးစပ်ပိတ်ထားလိုက်မိ၏။

မျက်နှာဖုံးတပ်ကပွဲ မတိုင်ခင်က စကားပေါက်ကြားသွား၍ ရက်ရှ်တာနှင့် ကျွန်မ ဝတ်စုံဆင်တူ ဝတ်မိခဲ့ခြင်းကို သတိရသွားသောကြောင့်ပင်။

တမင် ပေါက်ကြားအောင် လုပ်ခဲ့ခြင်းလားဆိုသည်က မသေချာသော်လည်း ယခုမူ သတိထားခြင်းက အကောင်းဆုံးဖြစ်၏။

“လေဒီ လော်ရာ။ အသေးစိတ်ကိုတော့ နောက်မှပဲ ပြောပြမယ်။”

~~~~

ဘုရင်တစ်ပါး၏ ဈာပန အခမ်းအနားကို ဘုရင် နတ်ရွာစံပြီးမှသာ ပြင်ဆင်ခွင့်ရှိသည်။

ဘုရင်က မည်မျှပင် ပြင်းထန်သောဝေဒနာ ခံစားနေရပါစေ၊ ကြိုတင်ပြင်ဆင်ခြင်းက နိမိတ်မကောင်းဟု ယူဆကြသောကြောင့်ပင်။

ထို့ကြောင့် ဘုရင်အသစ်က ဘုရင်အဟောင်း၏ ဈာပနနှင့်အတူ မိမိ၏ ဘိသိက်ခံနန်းတက်ပွဲကိုပါ တစ်ပြိုင်တည်း ပြင်ဆင်ရတော့သည်။

မိဖုရားသာ ရှိမည်ဆိုလျှင် အလုပ်များကို ခွဲဝေလုပ်နိုင်မည်ဖြစ်သော်လည်း ဟိုင်န်ရီက လူပျိုလူလွတ်ဖြစ်နေ၍ ပို၍ပင် အလုပ်များနေ၏။

စိတ်ညစ်ညူးစရာ တစ်နေ့တာကို ဖြတ်သန်းပြီးနောက် ဟိုင်န်ရီက လေးလံသော ခြေလှမ်းများနှင့် အစ်ကိုတော်၏ ရုပ်အလောင်း ထားရှိရာ မြေအောက် ယာယီဂူဗိမာန်ဆီသို့ သွားခဲ့သည်။

တိတ်ဆိတ်အေးစက်သော ထိုနေရာတွင် တစ်ယောက်တည်း အစ်ကိုဖြစ်သူကို လွမ်းဆွတ်ချင်သည့်စိတ်ကြောင့်ပင်။

သို့သော် အေးစက်လှသည့် ထိုနေရာတွင် ရင်းနှီးနေသူတစ်ဦး အရင်ရောက်နှင့်နေ၏။

ဟိုင်န်ရီ၏ မရီးဖြစ်သူ မိဖုရားဟောင်း ခရစ္စတာပင်။

“မရီး။”

ဟိုင်န်ရီက အိုးတိုးအမ်းတမ်းခေါ်ရင်း အနားသို့ ချဉ်းကပ်သွားသည်။

မျက်နှာချင်းဆိုင် ဆုံဖူးခြင်းသိပ်မရှိသလို၊ ဆုံသည့်အချိန်တွင်လည်း 'အရှင်မိဖုရား' ဟုသာ ခေါ်ခဲ့ရသည့်လူကို ယခု 'မရီး' ဟု ခေါ်ရခြင်းက အနည်းငယ် စိမ်းသက်နေသလိုပင်။

ခရစ္စတာက လှည့်ကြည့်လာပြီး ဟိုင်န်ရီကို အိုးတိုးအမ်းတမ်း ပြုံးပြရင်း မျက်ဝန်းမှ မျက်ရည်များကို လက်ဖြင့်အမြန် သုတ်လိုက်သည်။

ငိုနေခဲ့၍လားမသိ မျက်လုံးများက နီမြန်းနေ၏။

“အဆင်ပြေပါရဲ့လားခင်ဗျ။”

ဟိုင်န်ရီက အနားကို တိုးသွားပြီး ခြေလှမ်းငါးလှမ်းလောက် အကွာတွင်ရပ်ကာ မေးလိုက်သည်။

“ရံရွေတော်တွေ ဘယ်ရောက်သွားလို့ ဒီလို အေးတဲ့နေရာမှာ တစ်ယောက်တည်း နေနေတာလဲ။”

“ဒီလို အေးတဲ့နေရာမှာ တစ်ယောက်တည်း အိပ်စက်နေရတဲ့ လူတောင် ရှိသေးတာပဲလေ။”

“မရီး ဒီမှာနေရာက နာမကျန်းဖြစ်သွားရင် အစ်ကိုတော်က ပိုပြီး စိတ်မကောင်းဖြစ်မှာပါ။”

“ကျွန်မရဲ့ ခန္ဓာကိုယ်က အဲ့ဒီလောက်အထိ အားမနည်းပါဘူး။”

ဟိုင်န်ရီက ထပ်၍ စကားအများကြီး ပြောမနေတော့ဘဲ ရင်ဘတ်ထဲမှ လက်ကိုင်ပဝါကိုထုတ်ပြီး ကမ်းပေးလိုက်သည်။

ခရစ္စတာ၏မျက်ဝန်းတွင် မျက်ရည်များ ဝဲလာပြန်၏။

“ကျေးဇူးတင်ပါတယ်။”

ခရစ္စတာ လက်လှမ်းလိုက်သော်လည်း ဟိုင်န်ရီက လက်ကိုင်ပဝါကို ကမ်းပေးခါနီးမှ “အာ... တောင်းပန်ပါတယ်” ဟု ပြောပြီး လက်ကို ပြန်ရုပ်သွားသည်။

ခရစ္စတာလည်း သူ ပြန်သိမ်းလိုက်သည့် လက်ကိုင်ပဝါတွင် သူ့နာမည်မဟုတ်သော အတိုကောက် စာလုံးလေးများ ထိုးထားသည်ကိုမြင်ပြီး ပြုံးလိုက်မိ၏။

“တခြားလူရဲ့ လက်ကိုင်ပဝါ ထင်တယ်နော်။”

“အာ... ဟုတ်ကဲ့။ အဖိုးတန်တဲ့လူတစ်ယောက်ရဲ့ လက်ကိုင်ပဝါပါ။”

“အဖိုးတန်တဲ့လူ။”

“နေမင်းနဲ့တူတဲ့ လူမျိုးပေါ့။”

ခရစ္စတာက လက်ကိုင်ပဝါကို ကြည့်လိုက်သော်လည်း ခဏလေး မြင်လိုက်ရသည့် စာလုံးလေးများနှင့် မည်သူ့နာမည်မှန်း မသိနိုင်ခဲ့ပေ။

သူ စဉ်းစားနေစဉ် ဟိုင်န်ရီက အခြားဘက်မှ လက်ကိုင်ပဝါ အသစ်တစ်ထည်ထုတ်ပြီး ကမ်းပေးလာသည်။

“ကျေးဇူးတင်ပါတယ်။”

ခရစ္စတာလည်း နာမည်ပိုင်ရှင်အကြောင်း စဉ်းစားနေခြင်းကို ရပ်လိုက်ကာ လက်ကိုင်ပဝါကိုယူပြီး မျက်ရည်သုတ်လိုက်၏။

ဟိုင်န်ရီက ထိုပုံစံကို ကြည့်နေရင်း စကားစခဲ့သည်။

“အစ်ကိုတော် နတ်ရွာမစံခင်က မရီးကို စောင့်ရှောက်ပေးဖို့ ကျွန်တော့်ကို မှာသွားခဲ့ပါတယ်။”

ခရစ္စတာက လက်ကိုင်ပဝါကို မျက်လုံးတွင် အပ်ထားလျက်အတိုင်း မျက်လုံးအဝိုင်းသားနှင့် ကြည့်လာသည်။

ထင်မှတ်မထားဘူးဟူသည့် မျက်နှာထားပင်။

သို့သော် ချက်ချင်းပင် လက်ကိုင်ပဝါကိုချကာ အားမပါသလို ပြုံးလိုက်၏။

“ကြင်နာတတ်တဲ့ပုဂ္ဂိုလ်ပဲလေ။”

“အဲ့ဒါကြောင့်၊ အကယ်၍ တစ်ယောက်ယောက်ကများ မရီးကို ထိခိုက်စေမဲ့ စကားဖြစ်ဖြစ်၊ အပြုအမူဖြစ်ဖြစ် လုပ်ခဲ့ရင် ကျွန်တော့်ကို ချက်ချင်း ပြောပေးပါ။”

“စကားနဲ့တင် ကျေးဇူးတင်လှပါပြီ။”

“စကားသက်သက် မဟုတ်ပါဘူး၊ တကယ် ပြောတာပါ။”

ဟိုင်န်ရီ၏ လေးနက်သောစကားကြောင့် ခရစ္စတာ ကြောင်အမ်းအမ်းနှင့် ခေါင်းညိတ်လိုက်သည်။

“ကောင်းပါပြီ။”

ဟိုင်န်ရီက စကားအနည်းငယ် ထပ်ပြောပြီးနောက် ခရစ္စတာကို ထားခဲ့ကာ မြေအောက်ခန်းမှ အရင်ထွက်လာခဲ့၏။

ဟိုင်န်ရီ တန်းတန်းမတ်မတ် သွားသည့်နေရာက နန်းတက်ပွဲ မတိုင်ခင်အထိ သူ ယာယီနေထိုင်ရာ နေရာပင်။

မက်ကန်နာက စာရွက်စာတမ်းပုံများကြားတွင် နစ်နေရာမှ ဟိုင်န်ရီကိုမြင်တော့ ညည်းတွားရင်း ထရပ်ခဲ့သည်။

“အချိန်ကလည်း ကပ်နေပြီ၊ လူလည်း ဆယ်ကိုယ်လောက်ခွဲရင်တောင် မလောက်တော့ပါဘူး။”

“ဆယ်ကိုယ်မှ မရှိတာကို ဘယ်လောက်မလဲ။”

“ဒီလောက် အလုပ်များနေတဲ့သူကို အရှေ့အင်ပါယာအထိ သွားခိုင်းရတယ်လို့ဗျာ။”

ညည်းညူနေသော မက်ကန်နာ၏ စကားကို မတုံ့ပြန်တော့ဘဲ ဟိုင်န်ရီက စားပွဲပေါ်မှ စာများကို ငုံ့ကြည့်လိုက်သည်။

“နန်းတက်ပွဲ ဖိတ်စာတွေပါ။”

ဟိုင်န်ရီ မမေးခင်မှာပင် မက်ကန်နာက အမြန်ရှင်းပြခဲ့၏။

“သုံးနှစ်သားကလေးတောင် အရှင်မင်းကြီး နန်းတက်မှာကို သိနေတာပဲဆိုပေမဲ့ နန်းတက်ပွဲကိုတော့ တိုင်းတစ်ပါးက အရေးကြီးပုဂ္ဂိုလ်တွေကိုဖိတ်ပြီး သေသေချာချာ လုပ်ရမှာပေါ့။”

ဟိုင်န်ရီ ခေါင်းညိတ်လိုက်ကာ အပေါ်ဆုံးမှ စာတစ်စောင်ကို ကောက်ကိုင်ပြီး လှန်ကြည့်ရင်း မေးလိုက်သည်။

“အရှေ့အင်ပါယာကို ပို့မဲ့စာကရော။”

“အဲ့ဒါမဟုတ်ပါဘူး။ ဒီမှာပါ။”

မက်ကန်နာက အခြားဘက်တွင်ရှိနေသည့် စာလေးစောင်ကို ကမ်းပေးခဲ့သည်။

ဟိုင်န်ရီက စာလက်ခံမည့်သူများကို စစ်ဆေးလိုက်၏။

သုံးစောင်က အချို့သောအိမ်တော်များဆီ ပို့ရမည်ဖြစ်သော်လည်း တစ်စောင်ကိုမူ ဧကရာဇ်ဆီ ပို့ရပေမည်။

ဧကရာဇ်ကိုယ်တိုင်လာရန် မျှော်လင့်ပြီး ပို့ခြင်းထက် တော်ဝင်မိသားစုကို ပို့သည့်စာဟု မြင်ရမည်ပင်။

ထို့အပြင် လက်ရှိ တော်ဝင်မိသားစုမှ လူဆိုလျှင်…

“မဖြစ်နိုင်ပါဘူး၊ အရှင်မင်းကြီး။”

“ငါ ဘာမှမပြောရသေးဘူးလေ၊ မက်ကန်နာ။”

“အရှေ့အင်ပါယာရဲ့ ဧကရီအရှင်မများ လာပေးမလားဆိုပြီး စဉ်းစားနေတာ မဟုတ်လား။”

“မက်ကန်နာ။ လူဆိုတာ... တစ်ခါတလေ အမှန်တရားကို ကြားရတဲ့အခါ ပိုပြီးစိတ်တိုတတ်တယ်၊ သိလား။”

“ဒါဆို မျှော်လင့်ချက်အပြည့်နဲ့ လိမ်ပြောပေးရမှာလားဗျ။”

စိတ်ပျက်စရာကောင်းလိုက်တာဟူသော အကြည့်နှင့် မက်ကန်နာကို စိုက်ကြည့်နေပြီးမှ ဟိုင်န်ရီက ခေါင်းခါရင်း နဖူးကို ဖိလိုက်သည်။

မက်ကန်နာက ထိုသို့သော တော်ဝင်မင်းသားကို သေချာ ကြည့်နေရင်းမှ စနောက်ခြင်းကိုရပ်ကာ တည်တည်ငြိမ်ငြိမ်နှင့် အကြံပေးခဲ့၏။

“အရှင်မင်းကြီး။ ကောင်းကောင်း သိထားပြီးသားဖြစ်မှာဆိုပေမဲ့... အဲ့ဒီပုဂ္ဂိုလ်က ဧကရီပါ။ အဲ့ဒါကလည်း အင်အားကြီးတိုင်းပြည်ရဲ့ ဧကရီ အရှင်မ ဖြစ်နေတာပါ။”

“ဘယ်တော့မှ ငါ့မိဖုရား ဖြစ်လာမှာမဟုတ်တဲ့သူမို့လို့ လက်လျှော့လိုက်တော့လို့ ပြောချင်တာလား။”

“လက်လျှော့တာကလွဲပြီး တခြားနည်းလမ်း ရှိလို့လားဗျ။”

“...မင်းက ဉာဏ်ကောင်းတယ်မဟုတ်လား။”

“ဗျာ။”

“နည်းလမ်းတစ်ခု ရှာစမ်းပါ။”

ဟိုင်န်ရီ၏ တရားလွန်သော တောင်းဆိုမှုကြောင့် မက်ကန်နာလည်း ဖိတ်စာများကိုသာ အလုပ်ရှုပ်ဟန်ဆောင်ပြီး ငုံ့ကြည့်နေလိုက်သည်။

သို့သော် အချစ်ဦးနှင့်ပတ်သက်ပြီး အရူးအမူး ဖြစ်နေသော ဝမ်းကွဲညီအစ်ကိုအတွက်လည်း စိတ်မအေးနိုင်သဖြင့် နောက်ဆုံးတွင် မသိချင်ယောင်ဆောင်မနေတော့ဘဲ ခေါင်းပြန်မော့ကြည့်ခဲ့၏။

ဟိုင်န်ရီက တစ်စုံတစ်ရာကို အလေးအနက် စဉ်းစားနေသည့်ပုံစံပင်။

ရုတ်တရက် မက်ကန်နာ ကျောချမ်းသွားသည်။

ဟိုင်န်ရီက အတော်အတန် ကျိုးကြောင်းဆင်ခြင်တတ်သူဆိုသော်လည်း 'ကျိုးကြောင်းဆင်ခြင်တတ်ခြင်း' ဆိုသည်က သမားရိုးကျအတိုင်းသာ လုပ်ဆောင်မည်ဟု ဆိုလိုခြင်းမဟုတ်ပေ။

သူက တစ်ခါတစ်ရံ အခြားသူများမလုပ်ရဲသည့် အန္တရာယ်များပြီး စွန့်စားရသော အလုပ်များကို ကျိုးကြောင်းဆင်ခြင်သည့် နည်းလမ်းနှင့်သာ အောင်မြင်အောင် လုပ်ပြတတ်သူပင်။

ထိုအချိန်မျိုးတွင် ထွက်လာတတ်သည့် မျက်နှာထားက ယခုအတိုင်းသာ။

“အရှင်မင်းကြီး။”

ဟိုင်န်ရီ ပါးစပ်မှ ဗုံးတစ်လုံး ပေါက်ကွဲမထုတ်မီ မက်ကန်နာက အမြန်ခေါ်လိုက်သည်။

ဟိုင်န်ရီ သူ့ကို လှည့်ကြည့်လာသည်နှင့် ချက်ချင်းပင် လွန်ခဲ့သော ရက်သတ္တပတ်များကတည်းက စဉ်းစားလာခဲ့သည့် အကြောင်းအရာကို အကြံပြုလိုက်၏။

“နတ်ရွာစံဘုရင်မင်းမြတ်ရဲ့ နောက်ဆုံးမှာတမ်းလည်း ရှိနေတာဆိုတော့၊ စပြီး ပြင်ဆင်သင့်ပြီ မဟုတ်လား။ ဟို... အရှင်မင်းကြီးရဲ့ မင်္ဂလာပွဲကိစ္စလေ။”

“လက်တွဲဖော်မှမရှိတာ ဘယ်သူနဲ့ လုပ်ရမှာလဲ၊ မက်ကန်နာ။”

“ရှာရမှာပေါ့ဗျ။”

“ငါ လိုချင်တဲ့လူက အဝေးကြီးမှာ ရှိနေတာ မင်းလည်း သိရဲ့သားနဲ့။”

“အဲ့ဒီလိုဆိုရင်လည်း ရှာရမှာပါပဲ။ မထင်မှတ်ဘဲ အနားမှာတင် အရှင်မင်းကြီးရဲ့ကြင်ဖော် ရှိနေနိုင်တာပဲလေ။”

“အဲ့ဒါက မင်းလို့တော့ မပြောနဲ့နော်။”

ဟိုင်န်ရီ၏ ပြတ်သားသောစကားကြောင့် မက်ကန်နာ စိတ်တိုကာ မျက်မှောင်ကြုတ်မိတော့သည်။

“အဲ့ဒီလို ရွံစရာကောင်းတဲ့ ဟာသမျိုးတော့ မလုပ်ပါနဲ့။”

ဟိုင်န်ရီက အေးစက်စွာပြုံးရင်း ပြန်ပြောခဲ့၏။

“မင်းလည်း ခုနက အဲ့ဒီလိုစကားမျိုးပဲ ပြောခဲ့တာလေ။ ငါ လိုချင်တဲ့လူကို မရနိုင်တာမို့လို့ အနားက တစ်ယောက်ယောက်နဲ့ပဲ ယူလိုက်ပါဆိုပြီး။”

အင်မတန် စိတ်ပျက်နေသည့် လေသံပင်။

ကျွန်တော်က ဘယ်တုန်းက တွေ့ရာလူနဲ့ယူပါဆိုပြီး ပြောလို့လဲ...

မက်ကန်နာက တိုးတိုးညည်းတွားလိုက်ရင်း ဟိုင်န်ရီ၏ မျက်နှာရိပ်မျက်နှာကဲကိုကြည့်ပြီး အသံပြန်မြှင့်လိုက်သည်။

“ကျွန်တော် ပြောတာက၊ အရင်ဆုံး အနားမှာရှိနေတဲ့ ထက်မြက်ပြီး ဂုဏ်သရေရှိ အမျိုးသမီးတွေ၊ ဆိုလိုတာက ကျွန်တော်တို့ အနောက်ဘုရင့်တိုင်းပြည်ရဲ့ အမျိုးသမီးတွေကို တစ်ယောက်ချင်းစီ သေချာကြည့်ကြည့်ပါလို့ ပြောတာပါ။ အရှင်မင်းကြီးက အမြဲတမ်း တိုင်းတစ်ပါးကိုပဲ လှည့်လည်နေတာဆိုတော့ အနောက်ဘုရင့်တိုင်းပြည်က အမျိုးသမီးတွေနဲ့ အဆက်အသွယ် မရှိသလောက်ပဲ မဟုတ်လား။”

“...”

“မျက်မှောင်ကြီးကြုတ်မနေပါနဲ့၊ အရှင်မင်းကြီး။ ဘယ်သူသိမလဲ။ ဒီမှာလည်း ဧကရီ နာဗီရယ်လို အမျိုးသမီးမျိုး ရှိနေနိုင်တာပဲလေ။”

“ကျိန်းသေပေါက် ထူးချွန်တဲ့ အမျိုးသမီးတွေတော့ အများကြီး ရှိမှာပေါ့။ ဒီမှာလည်း။”

ဟိုင်န်ရီက ထိုသို့ပြောလိုက်ပြီးမှ စိတ်ကျဉ်းကျပ်သလို သက်ပြင်းချခဲ့သည်။

“ဒါပေမဲ့ ငါ လိုချင်တာက အဲ့ဒီပုဂ္ဂိုလ်နဲ့တူတဲ့ မိန်းမမဟုတ်ဘဲ၊ အဲ့ဒီပုဂ္ဂိုလ်ဖြစ်နေတာလေ။ ဘယ်လောက်ပဲတူနေပါစေ အကုန် အလကားပဲ။”

~~~~

လာစေချင်သည့် နေ့ရက်များက နှေးကွေးစွာ ရောက်လာတတ်ပြီး၊ မလာစေချင်သည့် နေ့ရက်များကမူ မျက်စိတစ်မှိတ်အတွင်း ရောက်လာတတ်သည်။

ယခုလည်း ထိုနည်းအတိုင်းပင်။

ရက်ရှ်တာ၏ကလေးအတွက် ဂုဏ်ပြုပွဲနေ့တွင် နေမင်းကြီးက ပုံမှန်အတိုင်း ထွက်ပေါ်လာပြီး၊ နေ့လယ်ပိုင်း ရောက်သည်နှင့် မြင်းရထားများ တစ်စီးပြီးတစ်စီး နန်းတော်ထဲသို့ စုဝေးရောက်ရှိလာကြသည်။

ကျွန်မ နန်းတော်ဝင်ပေါက်ကို တစ်ချက်တည်းနှင့်မြင်နိုင်သည့် ပြတင်းပေါက်နားတွင်ရပ်ကာ အဆက်မပြတ် ဝင်လာနေသော မြင်းရထားများကို တစ်ချက် ကြည့်နေမိ၏။

တိတ်တိတ်ပုန်းကလေးဆိုသော်လည်း ဧကရာဇ်၏ ပထမဆုံး ရင်သွေးဟူသောအချက်က အမှန်ပဲဖြစ်၍ လာရောက်သည့် ဧည့်သည်အရေအတွက်က အများကြီးပင်။

အလှဆင်ထားသည့် မြင်းရထားများကို ကြည့်ရသလောက် ဧည့်သည်များကလည်း ကျိန်းသေပေါက် အိမ်တော်အကြီးအကဲများဖြစ်စေ၊ အရေးပါသောပုဂ္ဂိုလ်များဖြစ်စေ ဖြစ်ကြမည်သာ။

'အဲ့ဒီလူတွေကလည်း ဆိုဗီရ်ရှုနဲ့ အတွေးအတူတူပဲတွေပြီး လာကြတာလား။'

ငါ ဘယ်တော့မှ ကလေးမရနိုင်တော့တာမို့လို့ ရက်ရှ်တာရဲ့ ကလေးကို မျက်နှာချိုသွေးထားမှဖြစ်မယ်ဆိုတဲ့ အတွေးမျိုးလား။

'...ဟုတ်ပါရဲ့လေ။ အဲ့ဒီလို မတွေးရင်တောင် ပထမဆုံး ရင်သွေးဆိုတာက အစွမ်းထက်တဲ့အရာပဲ မဟုတ်လား။'

ထို့အပြင် ရက်ရှ်တာ၏ကလေးက ထီးနန်းဆက်ခံခွင့် မရလျှင်ပင် မှူးမတ်များ၏ အနေအထားနှင့်ဆိုလျှင် လျစ်လျူရှုထား၍ မရနိုင်ပေ။

ဆိုဗီရ်ရှု၏ အချစ်ကိုသာ ဆက်လက်ရရှိနေမည်ဆိုလျှင် ထိုကလေးက နယ်စား သို့မဟုတ် မြို့စားဘွဲ့များ ရရှိပြီး အဆင့်မြင့် မှူးမတ်ဖြစ်လာရန် အခွင့်အလမ်းများသောကြောင့်ပင်။

ကျွန်မ သက်ပြင်းချလိုက်ပြီး ကိုယ်ကိုလှည့်ကာ အခန်းထဲ ပြန်ဝင်ခဲ့သည်။

ညနေပိုင်းလောက်တွင် အဝတ်အစားလဲပြီး ဂုဏ်ပြုပွဲခန်းမဆီသို့ သွားခဲ့၏။

နှစ်သစ်ကူးပွဲတော်လောက် ခမ်းခမ်းနားနားလုပ်သည့်ပွဲ မဟုတ်သဖြင့် လူတို့က ဟိုဟိုဒီဒီ သွားလာရင်း ရယ်ရယ်မောမော စကားပြောနေကြပေပြီ။

ရက်ရှ်တာနှင့် ဆိုဗီရ်ရှုကို ရှာရသည်က မခက်လှပေ။

ရက်ရှ်တာက ယနေ့၏ ဇာတ်လိုက်ပီပီ အလယ်ဗဟိုမှ နံရံနားတွင် အထူးစီစဉ်ထားသည့် အိစက်နေသော ဆိုဖာပေါ်၌ ထိုင်နေကာ ဆိုဗီရ်ရှုက သူ့ဘေးတွင် ရပ်နေ၏။

ဆိုဖာ၏ အနောက်နှင့် ဘေးဘက်များတွင် ဧည့်သည်များထံမှ ရရှိသော လက်ဆောင်များကို ပုံထားသည်။

ပွဲစသည်မှာ တစ်နာရီလောက်သာ ရှိသေးသော်လည်း အတော်လေး များနေပေပြီ။

သို့သော် ထိုမျှနှင့် မပြီးသေးဘဲ သူ့ထံသို့ ရောင်စုံ လက်ဆောင်ဘူးများကိုင်ပြီး တိုးသွားနေကြသူများ အများကြီး ရှိနေသေးသည်။

အချို့က မတတ်သာဘဲ ဖိတ်ကြားခံရ၍ လာသည့်ပုံစံမျိုးဖြစ်သော်လည်း၊ အချို့ကမူ တကယ် သူ့ကို မျက်နှာချိုသွေးလိုသည့် ပုံစံပင်။

သို့သော် ကျွန်မ အနားသို့ ချဉ်းကပ်သွားလိုက်တော့ သူတို့အားလုံး ပါးစပ်ပိတ်ပြီး ဘေးသို့ လမ်းဖယ်ပေးကြလေသည်။

ကျွန်မလည်း ယူလာသော လက်ဆောင်ကိုကိုင်ပြီး ရက်ရှ်တာနှင့် ဆိုဗီရ်ရှုအရှေ့သို့ သွားလိုက်၏။

“ဧကရီ အရှင်မ။”

ကျွန်မကို မြင်လိုက်ရသည့် ရက်ရှ်တာက နတ်သမီးလေးလိုပြုံးကာ ဝမ်းသာအားရ ထရပ်ခဲ့သည်။

“ဧကရီ အရှင်မ လာတာကိုမြင်ရလို့ အရမ်းဝမ်းသာတာပဲ။ တစ်နာရီကျော်သွားတာတောင် မလာသေးတော့ မလာတော့ဘူးလို့ ထင်နေတာပါ။”

ရက်ရှ်တာလိုမဟုတ်ဘဲ ဆိုဗီရ်ရှုကမူ အနည်းငယ် တုန်လှုပ်နေသည့်ပုံစံပင်။

ဆန့်ကျင်ဘက်အနေနှင့် ဘေးတွင်ရှိသော မှူးမတ်အနွယ်တော်များထံမှ စူးစမ်းလိုသည့် အကြည့်များကို ခံစားနေရသည်။

ကျွန်မ စကားတစ်ခွန်းမှမပြောဘဲ ကိုင်လာသည့်လက်ဆောင်ကို ကမ်းပေးလိုက်၏။

ရက်ရှ်တာနှင့် ဆိုဗီရ်ရှုတို့က ကျွန်မ ကမ်းပေးလိုက်သည့် လက်ဆောင်ထံသို့ တစ်ပြိုင်တည်း ကြည့်လာကြသည်။

အလှကိုင်ဓားကို ခမ်းနားသော ဓားအိမ်ထဲတွင်ထည့်ပြီး တောက်ပသောစက္ကူနှင့် ထုပ်ပိုးကာ ဖဲပြားလေး ချည်ထားသဖြင့် အပြင်ပန်းကြည့်ရုံနှင့် မည်သည့်လက်ဆောင်မှန်း ခွဲရခက်လှ၏။

ရက်ရှ်တာက လက်ဆောင်ကို လက်နှစ်ဖက်နှင့် လှမ်းယူပြီး ဆိုဗီရ်ရှု၏ မျက်နှာကို တွေဝေတုံ့ဆိုင်းစွာ အကဲခတ်ကြည့်ရင်း ဖဲပြားကို ဆွဲဖြုတ်ကာ လက်ဆောင်ကို ဖွင့်ခဲ့သည်။

အခြားလက်ဆောင်များကို မဖွင့်သေးဘဲ ကျွန်မ၏လက်ဆောင်ကို ဘာမှန်း အင်မတန် သိချင်နေသည့်ပုံပင်။

မဟုတ်လည်း အခြားသူများကို ပြလိုခြင်းဖြစ်နိုင်၏။

“အာ... ဒါက...”

လက်ဆောင်ကို ဖွင့်လိုက်သော ရက်ရှ်တာ၏ မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားတော့သည်။

~~~~

Miel’s Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment