no

Font
Theme

အပိုင်း ၁၀၈ (သူတို့က လိမ်နေကြတာ)

အဲ့ဒီလိုကိုးဟု ကျွန်မ ခေါင်းညိတ်ပြပြီးမှ တစ်ချက် တုံ့ခနဲ ဖြစ်သွားမိသည်။

‘အစာခွက်’ တဲ့လား……

ကွီးန် ပိုးကောင်များကို မစားချင်၍ ငိုပြီး ထွက်ပြေးသွားသည့်အဖြစ်ကို ရုတ်တရက် သတိရသွားမိသောကြောင့်ပင်။

‘ကွီးန်ကလည်း ဟိုင်န်ရီရဲ့ လက်အောက်ငယ်သားဆိုရင် ဘယ်လိုလုပ်မလဲ’ ဟူ၍ မသင်္ကာစိတ်က တစ်ဖန် ပြန်နိုးထလာခဲ့သည်။

“ဧကရီအရှင်မ။ မျက်နှာသိပ်မကောင်းပါလား။”

ဖာရ်အန်း မားကီးစ်က စိုးရိမ်တကြီးနှင့် ကျွန်မကို လှမ်းခေါ်ခဲ့သည်။

“အဆင်ပြေရဲ့လားခင်ဗျ။”

ကျွန်မလည်း ကွီးန်နှင့် ပတ်သက်သည့် အတွေးများကို ခေါင်းထဲမှ အမြန်ဖယ်ထုတ်လိုက်သည်။

ဟုတ်တယ်။

အခု ကွီးန်က အရေးကြီးတာ မဟုတ်ဘူး။

ကျွန်မ ထင်သလို မက်ကန်နာသာ အပြာရောင်ငှက်ဖြစ်နေမည်ဆိုလျှင် သူက ယခုလောက်ဆို……

“ဧကန္တ အဲ့ဒီ အပြာရောင်ငှက်လေး ဒဏ်ရာရနေလားဟင်။”

မရေမရာနှင့် မေးလိုက်တော့ ဖာရ်အန်း မားကီးစ်က ခေါင်းကို ငဲ့စောင်းကာ စဉ်းစားတော့သည်။

“မပြောတတ်ပါဘူး။ ကျွန်တော်လည်း သေချာတော့ မကြည့်မိလိုက်ဘူးဗျ။ ဒါပေမဲ့ ဒဏ်ရာရနေတဲ့ငှက်ကို စာပို့ငှက်အဖြစ် သုံးမှာတော့မဟုတ်လောက်ပါဘူး။”

သေချာမကြည့်မိပုံထောက်လျှင် ပျံသန်းလာသည့်ပုံစံက ထူးထူးခြားခြား မရှိခဲ့၍ ဖြစ်ပေလိမ့်မည်။

ငှက်က ယိုင်တိယိုင်တိုင် ပျံလာသည်ဆိုလျှင် လူက သဘာဝကျကျ သတိထားကြည့်မိမည် မဟုတ်ပါလား။

အပြာရောင်ငှက်က မြားမှန်ပြီး ဒဏ်ရာရခဲ့သလို၊ မက်ကန်နာလည်း အပြင်းအထန် ဒဏ်ရာရထားခဲ့တာ။

ဒါဆို အခုရောက်နေတဲ့ အပြာရောင်ငှက်က ငါ့ဆီ ပုံမှန်လာနေကျ ငှက်လေး မဟုတ်တာများလား။

သိုသော်လည်း အတပ်မပြောနိုင်သေးပြန်ပေ။

အပြာရောင်ငှက်ရော၊ မက်ကန်နာပါ ဒဏ်ရာရပြီး ရက်ပိုင်းအတွင်း၌ ပြန်သွားကြသည် မဟုတ်ပါလား။

“ဧကရီအရှင်မက ငှက်တွေကို သဘောကျတဲ့ပုံပါပဲ။”

“အဲ့လိုတော့လည်း မဟုတ်ပါဘူး…… ဖာရ်အန်း မားကီးစ်။”

“ဟုတ်ကဲ့၊ ဧကရီ အရှင်မ။”

“ဧကန္တ အဲ့ဒီငှက်လေးမှာ ဒဏ်ရာရှိလားဆိုတာကို တစ်ချက်လောက် စစ်ဆေးပေးလို့ ရမလား။ မြားမှန်ထားတဲ့ ဒဏ်ရာမျိုး ရှိလားဆိုတာပေါ့။”

“မခက်ပါဘူး။”

ဖာရ်အန်း မားကီးစ်က ကြည်ကြည်ဖြူဖြူပင် ပြုံးပြခဲ့သည်။

“ကျွန်တော်က ငှက်တွေကို ချစ်တတ်တာလေဗျာ။”

“ဟို၊ ပြီးတော့ နည်းနည်း ထူးဆန်းနေမလား မသိပေမဲ့……”

ဖာရ်အန်း မားကီးစ်က ‘နောက်ထပ် ဘာများခိုင်းဦးမလဲ’ ဟူသည့် အမူအရာမျိုးနှင့် မျက်ခုံးကို ပင့်ပြလာသည်။

ကျွန်မလည်း စိတ်ထဲမှ ‘ငါ တကယ် ရူးသွားတာပဲ၊ ဒီလိုမျိုးကို ဘယ်လိုများ တောင်းဆိုမိပါလိမ့်’ ဟု တွေးနေမိသည့်တိုင် စကားကို ဆုံးအောင် ပြောလိုက်မိ၏။

“အပြာရောင်ငှက်က အစာကို လုံးဝ မစားဘူးဆိုရင် အစာခွက်ထဲကနေ ထုတ်ပေးလိုက်လို့ရမလား။”

“ဗျာ။”

ဖာရ်အန်း မားကီးစ်လည်း ကျွန်မစကားကြောင့် လုံးဝကို ကြောင်​တောင်တောင်ဖြစ်သွားတော့သည်။

“ဧကန္တ သိနေတဲ့ငှက်လားဗျ။”

“……သိတဲ့ငှက် ဖြစ်နေမလားမသိဘူးဆိုပြီး တွေးမိလို့လေ။”

“ခက်ခက်ခဲခဲတော့ မဟုတ်ပါပေမဲ့ ငှက်တွေက အစာခွက်ဆို သဘောကျတတ်ကြတယ်မဟုတ်လား။”

“ဒါပေမဲ့လည်း အကူအညီတောင်းပါရစေ။”

“အမ်း။ ထူးတော့ ထူးဆန်းပေမဲ့ အဲ့ဒီအတိုင်း လုပ်ပေးပါ့မယ်။”

ဖာရ်အန်း မားကီးစ်က ရှောရှောရှူရှူပင် ပြန်ဖြေခဲ့သည်။

ကျွန်မလည်း စိတ်အေးသွားကာ စားပွဲဆီသွားပြီး စာရွက်ထုတ်၍ မင်တံကို ကိုင်လိုက်၏။

အကြောင်းပြန်စာ ရေးရမည်မဟုတ်ပါလား။

“……”

သို့သော်လည်း မင်တံကို လက်ထဲတွင် ဟိုလှည့်ဒီလှည့် လုပ်နေသည့်တိုင် ရေးရမည့် စကားလုံးများ ချက်ချင်း ပေါ်မလာပေ။

သူ့ကို ဘာပြောရပါ့မလဲ။

ကျွန်မ အနောက်ကို ခိုးကြည့်လိုက်တော့ ဖာရ်အန်း မားကီးစ်က ရယ်လျက် လက်နှစ်ဖက် မြှောက်ပြလာသည်။

“မကြည့်ပါဘူး၊ စိတ်မပူပါနဲ့။”

ရှက်ကိုးရှက်ကန်းနှင့် ကျွန်မလည်း စာရွက်ဆီ အာရုံပြန်စိုက်လိုက်၏။

ပုံမှန်ဆိုလျှင် တိုတိုတုတ်တုတ်သာ ရေးဖြစ်ပေမည်။

တစ်ဖန် ငှက်က သယ်ရမည်ဖြစ်ရာ တအားရှည်၍လည်း မဖြစ်ပေ။

သို့သော် ပြောချင်သည့်စကားများ အင်မတန် များလှသဖြင့် မည်သို့ချုံ့ပစ်ရမည်မှန်း ဝေခွဲမရဖြစ်နေမိသည်။

- ဧကရာဇ်က ကျွန်မကို နှင်ထုတ်ပြီး သူ့ရဲ့ချစ်သူနဲ့ ပြန်လက်ထပ်ဖို့ ကြံစည်နေတာပါ။ ကျွန်မကို ကွာရှင်းပေးဖို့ ကတိပေးတာကို ကြားခဲ့ရပါတယ်။ အစီအစဉ်တွေက မြန်မြန်ဖြစ်နိုင်လေ ပိုကောင်းလေပါပဲ။

- အစ်ကိုနဲ့ ဆုံခဲ့တယ်ဆိုတာ ဆန်းကြယ်တဲ့ကိစ္စပဲ။ ကျွန်မလည်း ရှင့်ကို တွေ့ချင်ပါတယ်။

- ရွှေရောင်ကို ကြိုက်ပါတယ်။

ဤသည်ကပင် တော်တော်လေး ချုံ့ယူထားရခြင်းဖြစ်သည်။

ဒီလောက်ဆိုရင်တော့ အဖြေစုံလောက်ပြီထင်တယ်။

ကျွန်မ စာကို ပါးပါးလေးလိပ်ကာ ဖာရ်အန်း မားကီးစ်ဆီ ကမ်းပေးလိုက်သည်။

ဖာရ်အန်း မားကီးစ်က ဆိုဖာတွင် အေးအေးလူလူ ကော်ဖီသောက်နေရာမှ စာကို အမြန် ထယူခဲ့၏။

“ခိုရှာရ်ကတော့ ခဏလောက် အနောက်ဘုရင့်တိုင်းပြည်မှာ ရှိနေဦးမယ်ဆိုပြီး ပြောတယ်ဗျ။”

“အဲ့ဒီလိုကိုး……”

“ပထမမြောက် ဟိုင်န်ရီကိုယ်တိုင်က လွတ်လွတ်လပ်လပ်နဲ့ အတားအဆီးမရှိ နေထိုင်တတ်သူဆိုတော့ ခိုရှာရ်က အရှင်ဧကရာဇ်ထက်စာရင် ဟိုင်န်ရီနဲ့ ပိုပြီး အဆင်ပြေနိုင်လောက်ပါတယ်။”

“အဲ့ဒီလိုဆိုရင်တော့ ကောင်းတာပေါ့။”

“သိပ်ပြီးလည်း စိုးရိမ်မနေပါနဲ့။”

ဖာရ်အန်း မားကီးစ်က ကျွန်မကို နှစ်သိမ့်စကား ပြောပြီးနောက် ကော်ဖီခွက်ကို ချလိုက်သည်။

“ကျွန်တော့်ကို ခွင့်ပြုပါဦး။”

“သွားတောင်သွားတော့မလို့လား။”

“အမြန် အကြောင်းပြန်စာ ပို့ပေးရမဲ့ အခြေအနေမျိုး ဖြစ်နေလို့ပါ။”

ဖာရ်အန်း မားကီးစ်က ပြုံးစစနှင့် စာရွက်လေးကို ဝှေ့ယမ်းပြပြီး နှုတ်ဆက်ကာ ထွက်သွားတော့သည်။

သူ ထွက်သွားပြီးနောက် ကျွန်မလည်း စိတ်အနည်းငယ် ကြည်လင်သွားကာ ပြတင်းပေါက်နားတွင် သွားထိုင်မိ၏။

အတော်ကြာမှ ဟိုင်န်ရီ၏ စာကို မြင်ရသည်ကလည်း ဝမ်းသာစရာကောင်းသလို၊ သူနှင့် အဆက်အသွယ် ပြန်ရခြင်းကလည်း စိတ်ချမ်းသာစရာပင်။

ထို့အပြင် အပြာရောင်ငှက်ကလည်း ဘေးကင်းပုံရသဖြင့်……

မြင်းရထားပေါ်တွင် တွေးခဲ့သည့် အတွေးများ ပေါ်လာပြန်သည်။

အနောက်ဘုရင့်တိုင်းပြည်ကို သွားရင် ဘယ်လိုတွေ ရှေ့ဆက်ရပါ့မလဲ။

ပထမဆုံးအကြိမ် ဧကရီတာဝန်ကို ယူရတုန်းကတော့ ခက်ခဲခဲ့တာပေါ့။

ဒုတိယအကြိမ်ဆိုရင်တော့ ပိုပြီး အဆင်ပြေသွားမလား။

လုပ်သက်လည်းကြာပြီဖြစ်ရာ အလုပ်အတွက် ယုံကြည်ချက်ရှိ၏။

ပြဿနာကား လူမှုဆက်ဆံရေးပင်။

တိုင်းတစ်ပါးတွင် ဧကရီ ဖြစ်ခဲ့သူဖြစ်နေရာ အားလုံးက စိတ်ဝင်တစား ရှိကြမည်သာ။

ထိုစိတ်ဝင်စားမှုက အသိုင်းအဝိုင်းထဲမှ ဖယ်ကြဉ်ခြင်းမျိုး ဖြစ်မည်လား၊ သို့မဟုတ် ပိုကောင်းသည့်ဘက်သို့ ဦးတည်မည်လားဆိုသည်ကိုမူ အတပ်မပြောနိုင်ပေ။

“……”

ယခု ကျွန်မက အရှေ့ကို တအားရောက်နေမိသလား။

ရုတ်တရက် အသိဝင်လာသဖြင့် မျက်နှာတစ်ခုလုံး ပူထူလာရသည်။

ရှက်ရှက်နှင့် ဟာလာဟင်းလင်း လေဟာနယ်ကို စိုက်ကြည့်နေမိစဉ်မှာပင်၊ တော်သေး၍ ဧည့်ခန်းထဲမှ နယ်စားကတော်ကြီး အယ်လီဇာက ကျွန်မကို ခေါ်ခဲ့သည်။

“ဧကရီ အရှင်မ။”

ကျွန်မလည်း တံခါးကို အမြန်ဖွင့်ပြီး ဧည့်ခန်းထဲသို့ ထွက်လာလိုက်၏။

သို့သော် နယ်စားကတော်ကြီး အယ်လီဇာ၏ မျက်နှာကို ကြည့်လိုက်တော့ တော်သေးသည်ဟု ပြောရမည့်ကိစ္စမဟုတ်မှန်း သိလိုက်ရသည်။

သူ့မျက်နှာက ညိုမှိုင်နေ၏။

“ဘာကိစ္စရှိလို့လဲ။”

သူ့မျက်နှာကို မြင်ရုံနှင့်ပင် နှလုံးက မငြိမ်မသက် ခုန်လာတော့သည်။

ကျွန်မ ထိတ်လန့်တကြား မေးလိုက်တော့ နယ်စားကတော်ကြီး အယ်လီဇာက သူ့ရင်ဘတ်သူ လက်သီးနဲ့ ဖိထားရင်း ပြောလာ၏။

“‘အဲ့ဒီမိန်းမ’ ရဲ့ မိဘအတုတွေ၊ ဆိုလိုတာက ဘယ်ရွန် လန့်ထ်ဘက်က ခေါ်လာတဲ့ မိဘအတုတွေက အဓိပ္ပာယ်မရှိတဲ့စကားတွေ လျှောက်ပြောနေကြပါတယ်တဲ့။”

“အဓိပ္ပာယ်မရှိတာတွေ ဟုတ်လား။”

“သူတို့ကို မိဘအတု လုပ်ပေးဖို့ ခိုင်းစေခဲ့တာ ဆာ ခိုရှာရ်ဆိုပြီးတော့ပါ။”

“အဓိပ္ပာယ်မရှိတာ။”

အဓိပ္ပာယ်မရှိလွန်း၍ ပါးစပ်ပင် မစေ့နိုင်လောက်အောင် ဖြစ်သွားရသည်။

ကျွန်မအစ်ကို ခိုင်းသည့်ကိစ္စဆိုလျှင် ဘယ်ရွန် လန့်ထ်က ခေါ်လာစရာ အကြောင်းမရှိပေ။

ဧည့်ခန်းထဲတွင် ချည်ပန်းထိုးနေသည့် လော်ရာကလည်း “အဓိပ္ပာယ်မရှိပါဘူး” ဟု ဒေါသတကြီး အော်ဟစ်ခဲ့သည်။

“လေဒီ လော်ရာ၊ ငါ့ဝတ်ရုံ သွားယူလာပေးပါ။”

လော်ရာကို အကူအညီတောင်းလိုက်တော့ သူက ကျွန်မအခန်းထဲသို့ အပြေးဝင်သွားကာ ဝတ်ရုံကို ယူလာပေးခဲ့သည်။

ကျွန်မလည်း ဝတ်ရုံကိုခြုံပြီး အခန်းထဲမှ ထွက်လာခဲ့၏။

‘အဲ့ဒီ ဇနီးမောင်နှံကို ကိုယ်တိုင် သွားတွေ့မှဖြစ်မယ်။’

~~~~

ရက်ရှ်တာက အဖြူရောင် စားပွဲပေါ်တွင် အဖြူရောင် မှတ်စုစာအုပ်ကို ဖြန့်ထားသည်။

လက်ထဲမှ မင်တံကလည်း အဖြူရောင်ဖြစ်သလို၊ အာရုံစိုက်နေ၍ ငုံ့ထားသည့် ဦးခေါင်းဘေးမှ ကျလာသော ဆံနွယ်များကလည်း စင်ကြယ်သော ငွေရောင်ပင်။

အဖြူရောင် ဂါဝန်ကိုပါ ဝတ်ထားတော့ ရက်ရှ်တာက တကယ် ဖြူစင်သည့် နတ်သမီးလေးတစ်ပါးလား ထင်မှတ်ရပေသည်။

သို့သော် နတ်သမီးလေးလို လှနေသည့် ရက်ရှ်တာကို ငုံ့ကြည့်နေသော ဆိုဗီရ်ရှု၏ မျက်နှာကမူ မကောင်းလှပေ။

သူက ရက်ရှ်တာ၏ ပြဌာန်းစာအုပ်ကို လက်တစ်ဖက်မှ ကိုင်ထားရင်း စိတ်တိုင်းမကျသည့် မျက်လုံးများဖြင့် ရက်ရှ်တာ၏မှတ်စုကို ငုံ့ကြည့်နေ၏။

ရက်ရှ်တာကလည်း စိုးရိမ်စိတ်နှင့် လက်ကို တုံ့ဆိုင်းစွာလှုပ်နေရင်းမှ ဆိုဗီရ်ရှု၏ မျက်နှာရိပ်မျက်နှာကဲကို ခိုးကြည့်ခဲ့သည်။

မျက်လုံးချင်း ဆုံသွားတော့ မျက်လုံးအဝိုင်းသားလေးနှင့် သူ့ကို သနားစဖွယ် စိုက်ကြည့်နေပြန်၏။

သို့သော်လည်း ဆိုဗီရ်ရှု၏မျက်နှာကမူ ဘာမှပြောင်းလဲမသွားပေ။

ရက်ရှ်တာက စိုက်ကြည့်ရုံသာ ကြည့်နေသဖြင့် ဆိုဗီရ်ရှုက တုံးတိတိ ပြောခဲ့သည်။

“ဆက်ရေး။”

ရက်ရှ်တာတစ်ယောက် ယခုမူ တကယ်ပင် ငိုမဲ့မဲ့မျက်နှာ ဖြစ်သွားတော့၏။

“အရှင်ဧကရာဇ်……”

ဆိုဗီရ်ရှု မျက်မှောင်ကြုတ်လိုက်သည်။

“ရက်ရှ်တာ။ သုံးပုံတစ်ပုံတောင် မပြည့်သေးဘူး။ ဆက်ရေးဦး။”

ပုံမှန်နဲ့ လုံးဝမတူအောင် တင်းမာနေသည့် အသံပင်။

နောက်ဆုံးတွင် ရက်ရှ်တာလည်း မင်တံကိုချကာ ဝမ်းနည်းနေသည့် မျက်လုံးများဖြင့် သူ့ကို မကျေနပ်သလို ကြည့်လိုက်တော့သည်။

“မသိတော့ပါဘူး။ အခုအထိ မကျက်ရသေးလို့ပါ။ ထပ်ကျက်ရပါဦးမယ်၊ အရှင်ဧကရာဇ်။”

“ရက်ရှ်တာ။ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးဆိုင်ရာ ရာထူးအမည်တွေ၊ တာဝန်ခံ အမည်တွေ၊ အဆင့်အတန်း၊ မိသားစု အနွယ်ဝင်၊ ထူးခြားချက်၊ ဌာနအလိုက် လူဦးရေနဲ့ တာဝန်တွေကို ကျက်မှတ်ရတာ အခြေခံထဲက အခြေခံပဲ။”

“သိပါတယ်။ သိပေမဲ့……”

ရက်ရှ်တာ ငိုသံပါလာသည်။

ဘယ်သူက မသိလို့လဲ။

ဘယ်သူက မကျက်ဘူး ပြောနေလို့လဲ။

“ကျွန်မ အဲ့ဒီစာအုပ်ကို ရထားတာ အခုမှ လေးရက်ပဲ ရှိသေးတယ်လေ၊ အရှင်ဧကရာဇ်။”

သင်ကြားပေးသည့် ဆရာက ‘မဖြစ်မနေ ကျက်ရမယ်’ ဟု မှာထားသော စာအုပ်၏ အထူက လက်တစ်ဝါးစာလောက် ရှိပေသည်။

ယခုမှ စာဖတ်တတ်၊ ရေးတတ်ရုံ ရှိသေးသော ရက်ရှ်တာအတွက် စာကို မြန်မြန်ဖတ်နိုင်သည့်အဆင့် မဟုတ်သေးပေ။

ထိုသို့ရှိသည်ကို စိတ်ဝင်စားစရာလည်း မကောင်းသည့် စာရင်းဇယားများကို ပေးကာ ကျက်ခိုင်းနေ၏။

အချိန်လည်း အလုံအလောက် မပေးပေ။

ဆရာက တစ်ပတ်အတွင်း ဤအရာများကို အကုန်ကျက်ခိုင်းခဲ့သည်။

အဲ့ဒါနဲ့တင် ရူးချင်စရာကောင်းနေပြီကို။

ဆိုဗီရ်ရှုကပါ လေးရက်မြောက်နေ့တွင် စာကျက်ပြီးပြီလား စစ်ဆေးဦးမယ်ဟုဆိုကာ စာမျက်နှာ ၁ မှစ၍ အကုန် ချရေးခိုင်းနေပြန်သည်။

မေးခွန်းထုတ်ပြီး ဖြေခိုင်းခြင်းမျိုးဆိုလျှင်ပင် တော်ဦးမည်။

ဆိုဗီရ်ရှုက ထိုသို့လည်း မဟုတ်ပေ။

မှတ်စုစာအုပ်အလွတ်ကို ဖွင့်ခိုင်းကာ ကျက်ထားသမျှ အကုန်ချရေးခိုင်းနေခြင်းပင်။

ရက်ရှ်တာအတွက် မှင်တက်ကာကြောင်နေရုံအပြင် မရှိတော့ပေ။

“လေးရက်ပဲရှိသေးတယ်တဲ့လား။”

သို့သော် ပို၍ ရူးချင်စရာကောင်းသည်မှာ ဆိုဗီရ်ရှုက ပိုပြီးအံ့ဩသွားသည့် အမူအရာနှင့် ဤသို့ပြောလာခြင်းပင်။

“လေးရက်တောင်ရှိပြီ မဟုတ်ဘူးလား။”

“……”

“ရက်ရှ်တာ။ ဒါက တစ်ရက်၊ မဟုတ်ရင်တောင် အလွန်ဆုံး နှစ်ရက်ဆို ကျက်လို့ရတဲ့ ပမာဏပဲ။”

“အရှင်ဧကရာဇ်ကရော အဲ့ဒီလို လုပ်နိုင်လို့လား။”

“ငါက တစ်ရက်အတွင်း ကျက်ခဲ့တာ။”

“အရှင်ဧကရာဇ်က အရှင်ဧကရာဇ်လေ။ တခြားလူတွေက အဲ့ဒီလို မလုပ်နိုင်ကြပါဘူး။”

“ဧကရီလည်း တစ်ရက်အတွင်း ကျက်နိုင်ခဲ့တာပဲ။”

ရက်ရှ်တာ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။

ဆိုဗီရ်ရှုက သူ့ကို နောက်ပြောင်ခြင်း၊ လှောင်ပြောင်ခြင်းမျိုး မဟုတ်ဘဲ ‘ဒါလေးတောင် ဘယ်လိုလုပ် မကျက်နိုင်ရတာလဲ’ ဟူသည့် မျက်နှာထားမျိုး ဖြစ်နေ၍ ပိုပြီး ဒေါသထွက်ရသည်။

သူ တကယ်ပင် အံ့ဩမယုံနိုင်ဖြစ်နေ၍ ရှက်လည်း ရှက်မိ၏။

“အခုလည်း ကျွန်မ မြန်မြန် သင်ယူနေတာပါပဲ၊ အရှင်ဧကရာဇ်။”

“ရက်ရှ်တာ။ ပုံမှန် အခြေအနေမျိုးဆိုရင်တော့ အေးအေးဆေးဆေး သွားလို့ ရပေမဲ့ အခုကတော့ ခြွင်းချက်ပဲ။ သိတယ်မဟုတ်လား။”

“သိပေမဲ့လည်း……”

“အမြင့်ကြီးအထိတော့ မမျှော်လင့်ပါဘူး။ ဒါပေမဲ့ အခြေခံလေးတော့ ရှိရမှာပေါ့။”

“……”

“တစ်ရက်ကို စာအုပ်တစ်အုပ်စီကျက်။ ဒါဆိုရင် ဧကရီနေရာကို ရောက်တဲ့အခါ အခြေခံတော့ လုပ်နိုင်လိမ့်မယ်။”

“တစ်ရက်ကို တစ်အုပ်၊ ဟုတ်လား။”

“တစ်နေကုန်ကျက်ရင် ဖြစ်နိုင်တယ်။”

ရက်ရှ်တာ ခံပြင်းလွန်း၍ မျက်ဝန်းတွင် မျက်ရည်များ ဝိုင်းလာတော့သည်။

ဆိုဗီရ်ရှုလည်း အလန့်တကြားနှင့် “ရက်ရှ်တာ” ဟု ခေါ်လိုက်မိ၏။

ရက်ရှ်တာတစ်ယောက် နောက်ဆုံးတွင် ဟီးခနဲ အော်ငိုချလေတော့၏။

“ကျွန်မ စာတတ်တာတောင် ဘယ်လောက်မှမကြာသေးပါဘူး၊ အရှင်ဧကရာဇ်။ ငယ်ငယ်ကတည်းက စာတွေကို အလျှံပယ် သင်ယူခဲ့ရတဲ့ ဧကရီနဲ့တော့ အခြေအနေချင်း လုံးဝ မတူဘူးမဟုတ်လား။”

ဆိုဗီရ်ရှု သက်ပြင်းချလိုက်သည်။

ချစ်သူအဖြစ်သာ ထားမည်ဆိုလျှင် သူလည်း ဤအရာများကို သင်ယူရန် အတင်းအကျပ် ခိုင်းမည်မဟုတ်ပေ။

သို့သော်လည်း တစ်နှစ်ဟုဆိုသည့်တိုင် ရက်ရှ်တာက ဧကရီတာဝန်ကို ယူရပေဦးမည်။

ပြင်ဆင်မှု လုံးဝ မရှိထား၍ ထိုတာဝန်ကို ကောင်းကောင်း ထမ်းဆောင်နိုင်လိမ့်မည်ဟုတော့ မျှော်လင့်မထားသော်လည်း အခြေခံတော့ သိထားရမည်မဟုတ်ပါလား။

“မနက်ဖြန် မေးမှာမို့လို့ မငိုနဲ့တော့။”

မနက်ဖြန်ဟူသော စကားကြောင့် ရက်ရှ်တာ၏မျက်ရည်များက ပို၍စီးကျလာတော့သည်။

ဘေးတွင် ရပ်နေသည့် အစေခံမိန်းကလေး ဒဲလိစ်က ရက်ရှ်တာကို လက်ကိုင်ပဝါ အမြန် ကမ်းပေးခဲ့၏။

ဆိုဗီရ်ရှုက လက်ကိုင်ပဝါကို ကြားမှယူလိုက်ကာ ရက်ရှ်တာ၏မျက်ရည်များကို သုတ်ပေးခဲ့သည်။

ရက်ရှ်တာ အငိုတိတ်သွားတော့မှ ဆိုဗီရ်ရှုက လက်ကိုင်ပဝါကိုချပြီး ဒဲလိစ်ကို ချီးကျူးလေ၏။

“ဒီတစ်ခါ မင်းရဲ့ အစေခံကတော့ တော်တော်လေး အလိုက်သိတာပဲ။”

ရက်ရှ်တာက ရှိုက်ငင်နေရင်း ဆိုဗီရ်ရှု၏ ချီးကျူးစကားကြောင့် တွန့်ခနဲဖြစ်သွားကာ ဒဲလိစ်ကို ကြည့်လိုက်မိသည်။

ဒဲလိစ်က မျက်နှာလေး နီမြန်းကာခေါင်းငုံ့ထား၏။

ထိုပုံစံကို ကြည့်ပြီး ဝမ်းနည်းနေသောစိတ်များ ပျောက်သွားကာ မကျေမနပ်စိတ်က ချက်ချင်း ကြီးထွားလာတော့သည်။

‘အရင်တစ်ခါလည်း အဲ့ဒီလိုပဲ။ အဲ့ဒီကလေးမက ဘာလို့ ငါ့လူကို ကြည့်ပြီး ခဏခဏ မျက်နှာနီနေရတာလဲ။’

ထိုစဉ် ဆိုဗီရ်ရှု၏ အစေခံတစ်ယောက် ဝင်လာကာ အပြေးအလွှား သတင်းပို့လာသည်။

“အရှင်ဧကရာဇ်။ ဧကရီ အရှင်မက အနောက်ဘက် မျှော်စင်ကို သွားနေပါတယ်တဲ့။”

ဆိုဗီရ်ရှုက မှတ်စုစာအုပ်အလွတ်ကို စိတ်ရှုပ်ထွေးနေသည့် မျက်လုံးများနှင့် ငုံ့ကြည့်နေရာမှ အနောက်ဘက် မျှော်စင်ဟူသော စကားကြောင့် မျက်မှောင်ကြုတ်မိသွား၏။

အနောက်ဘက် မျှော်စင်ဆိုသည်မှာ ဘယ်ရွန် လန့်ထ် ခေါ်လာသော ရက်ရှ်တာ၏ မိဘအတုများ အကျဉ်းကျနေသည့် နေရာပင်။

ကြည့်ရတာ ဧကရီက ခိုရှာရ် မိဘအတုတွေကို ခေါ်လာတာဆိုတဲ့သတင်း ကြားသွားတဲ့ပုံပဲ။

ဧကရီသာဆိုလျှင် အခြေအနေများကို ဆက်စပ်ကြည့်ပြီး ဤသည်က အလိမ်အညာမှန်း သိသွားပေလိမ့်မည်။

စကားအများကြီး ပြောဖြစ်သွားလျှင် ဆိုဗီရ်ရှုကိုယ်တိုင် နောက်ကွယ်တွင်ရှိနေကြောင်းပါ ရိပ်မိသွားနိုင်၏။

ဆိုဗီရ်ရှုလည်း အမြန်ပင် စာအုပ်ကိုချကာ အခန်းထဲမှ ထွက်သွားတော့သည်။

~~~~

ကျွန်မ အနောက်ဘက်မျှော်စင်သို့ ရောက်သွားတော့ မျှော်စင်ကို စောင့်နေသည့် တပ်သားများက ထိတ်လန့်တကြားနှင့် အချင်းချင်း မျက်ရိပ်မျက်ကဲ ပြကုန်ကြသည်။

စင်္ကြံလမ်းမှ သစ်သားကုလားထိုင်နှင့် ငိုက်မျဉ်းနေသည့် ထောင်စောင့်များလည်း လန့်ဖျပ်ကာ ထရပ်ကြတော့၏။

“ဆက်အိပ်လည်း ရတယ်။”

“မဟုတ်ပါဘူး။ စိုးရွံ့မိပါတယ် ဧကရီအရှင်မ။”

“ဘယ်ရွန် လန့်ထ် ခေါ်လာတဲ့ ဇနီးမောင်နှံက ဘယ်မှာလဲ။”

“ဟိုဘက်မှာပါ။”

ထောင်စောင့်က အဆုံးမှ အခန်းကို ညွှန်ပြခဲ့သည်။

လိုက်ပြပေးမည့် သူ့ကို နေရာတင် နေခဲ့ရန် မှာကြားလိုက်ပြီး ကျွန်မ ထိုဘက်သို့ လျှောက်သွားလိုက်၏။

အခန်းကို ယာယီထောင်အဖြစ် သုံးထားခြင်းဖြစ်၍ သူတို့ ပိတ်မိနေသည့် နေရာက အခန်းတစ်ခုလုံး ပွင့်နေသည့်ပုံစံမျိုးတော့ မဟုတ်ပေ။

တံခါး၏အထက်နားရှိ အပေါက်ကို ဖွင့်လိုက်တော့မှ သံတိုင်များကို မြင်ရသည်။

ခြေသံကြား၍လားမသိ၊ ဇနီးမောင်နှံက သံတိုင်များနောက်တွင် ရပ်နေကြ၏။

တခြား စောင့်နေတဲ့လူ ရှိလို့များလား။

သူတို့က ကျွန်မကို မြင်သည်နှင့် မျက်နှာများ ဖြူဖျော့သွားကာ အချင်းချင်း မျက်ရိပ်မျက်ကဲ ပြကြပြန်သည်။

ထိုပုံစံကိုမြင်တော့ ဒေါသထွက်လာရ၏။

ရက်ရှ်တာက ဇနီးမောင်နှံ နှစ်စုံအနက်မှ တစ်စုံကို အစစ်ဟု ရွေးလိုက်သဖြင့် ကျန်တစ်စုံက အခက်တွေ့သွားသည်ဟု ကြားခဲ့ရသည်။

အဲ့ဒီဇနီးမောင်နှံလည်း အခု အခြေအနေက မကောင်းဘူးပေါ့။

ဒါပေမဲ့လည်း လုံးဝ မပတ်သက်တဲ့ ငါ့အစ်ကိုကို ကြားထဲဆွဲထည့်ရတယ်လို့။

“ဧကရီ အရှင်မကို ဂါရဝပြုပါတယ်။”

“ဧကရီ အရှင်မကို ဂါရဝပြုပါတယ်။”

ဇနီးမောင်နှံက ရိုရိုသေသေ ဂါရဝပြုကြသော်လည်း ကျွန်မ နှုတ်ဆက်စကား ပြန်မပြောဘဲ မေးလိုက်သည်။

“ငါ့အစ်ကိုက မောင်မင်းတို့ကို မိဘအတုအဖြစ် ဟန်ဆောင်ခိုင်းတယ်ဆို။”

ဇနီးမောင်နှံက မျက်နှာများ သွေးဆုတ်သွားကာ အကြည့်လွှဲသွားကြသည်။

သူတို့က ကျွန်မကို မျက်လုံးချင်းပင် တည့်တည့်မကြည့်ရဲကြပေ။

သို့တိုင်အောင် “ဟုတ်၊ ဟုတ်ကဲ့” ဟု ဆက်တိုက်လိမ်ညာနေကြဆဲသာ။

“အင်း…… အဲ့လိုလား။”

“ဟုတ်ပါတယ်၊ ဧကရီ အရှင်မ။ ဧကရီ အရှင်မရဲ့ အစ်ကိုဖြစ်သူ ဆာ ခိုရှာရ်က ဒီအလုပ်ကို မဖြစ်မနေ လုပ်ရမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တာပါ။”

“မတတ်သာလို့ လုပ်ခဲ့ရတာပါ။”

အရှိန်အဟုန်နှင့်တက်လာသည့် ဒေါသကို ထိန်းချုပ်ရင်း ကျွန်မ တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။

“ငါ့အစ်ကိုက ဘယ်လိုပုံစံမျိုးမှန်း သိကြလို့လား။”

ဇနီးဖြစ်သူက အမြန်ပြန်ဖြေလာသည်။

“မျက်လုံးက အစိမ်းရောင်ပါ။”

သို့သော် ကျွန်မက “မဟုတ်ဘူး” ဟု ချက်ချင်း ငြင်းလိုက်တော့ သူတို့က ထိတ်လန့်သွားကာ အချင်းချင်း မျက်ရိပ်မျက်ကဲပြကြပြန်သည်။

“ဒါပေမဲ့ ကျိန်းသေပေါက်……”

“အစ်ကို့မျက်လုံးက အပြာရင့်ရောင်။ ငါ့အစ်ကိုရဲ့ မျက်လုံးအရောင်တောင် မသိဘဲနဲ့ ဘာရယ်။ အစ်ကိုနဲ့ တွေ့ခဲ့တယ်၊ ဟုတ်လား။”

ဤတစ်ကြိမ်တွင် တတ်နိုင်သမျှ အေးစက်သောအသံနှင့် အဓိပ္ပာယ်မရှိသလို လှောင်ရယ်လိုက်တော့ သူတို့လည်း မျက်စိပျက်မျက်နှာပျက် ဖြစ်ကုန်ကြ၏။

ခဏအကြာတွင် ခင်ပွန်းဖြစ်သူက အမြန်ပင် စကားကို ပြင်ပြောခဲ့သည်။

“သေချာစဉ်းစားကြည့်တော့ အပြာရောင်လို့ ထင်ပါတယ်။ မှောင်တဲ့နေရာမှာ တွေ့ခဲ့ရလို့ မှားသွားတာပါ။”

“……ဆံပင်ကရော ဘာအရောင်လဲ။”

“ရွှေရောင်ပါ။”

“အနက်ရောင်။”

ကျွန်မက အသံကိုနှိမ့်ပြီး သူတို့ကို စိုက်ကြည့်လိုက်သည်။

“ဒါကိုရော မှောင်နေလို့ မှားကြည့်မိတာလို့ ပြောဦးမှာလား။”

ဤတစ်ကြိမ်တွင် ဇနီးဖြစ်သူက အမြန် စကားပြင်ခဲ့ပြန်သည်။

“အခု ပြန်စဉ်းစားကြည့်တော့ အနက်ရောင်လို့ ထင်ပါတယ်။ ဦးထုပ်ဆောင်းထားတော့ သေချာမမြင်လိုက်ရတာပါ။”

တုန်တုန်ရီရီနှင့် ပြောနေသည့် သူတို့ပုံစံကိုကြည့်ပြီး တကယ် အဓိပ္ပာယ်မရှိဘူးဟု ခံစားလိုက်ရသည်။

အစ်ကိုက ကျွန်မလို အစိမ်းရောင်မျက်လုံးနှင့် ရွှေရောင်ဆံပင် ရှိသူပင်။

ဒါကို ဘာရယ်။

အပြာရောင်မျက်လုံးနဲ့ အနက်ရောင်ဆံပင်တဲ့လေ။

သူတို့က အစ်ကိုနဲ့ လုံးဝ မတွေ့ဖူးကြဘူးကိုး။

ကိုယ်တိုင် တွေ့ဖူးသည်ဆိုလျှင် ကျွန်မ မည်သို့ပင် တလွဲပြော​ပါစေ သူတို့က ဝေခွဲမရ ဖြစ်နေမည်မဟုတ်ပေ။

မတွေ့ဖူး၍သာ ကျွန်မပြောသည့်အတိုင်း လိုက်ပြောနေကြခြင်းပင်။

သူတို့စကားများကို ပြင်မပေးဘဲ ဘေးနားသို့ရောက်လာသည့် ဆိုဗီရ်ရှုကို လှည့်ကြည့်လိုက်၏။

ကျွန်မ ဆံပင်အရောင်အကြောင်း မေးခွန်းထုတ်နေစဉ် အချုပ်ထဲသို့ ဝင်လာသည့် ဆိုဗီရ်ရှုက တစ်ခွန်းမှမပြောဘဲ ကျွန်မကို စောင့်ကြည့်နေခဲ့ခြင်းပင်။

မျက်လုံးချင်း ဆုံသွားသော်လည်း သူကမူ ထိုဇနီးမောင်နှံလိုမဟုတ်ဘဲ မျက်နှာထားကို ကောင်းကောင်းထိန်းနိုင်ပေသည်။

သူက တည်ငြိမ်သောမျက်နှာနှင့် ကျွန်မကို ကြည့်နေတော့ ကျွန်မ သူ့ကို ပြောလိုက်၏။

“ကြားလိုက်တယ် မဟုတ်လားရှင့်။ ဒီလူတွေက ကျွန်မအစ်ကိုကို သေချာတောင် မတွေ့ဖူးကြပါဘူး၊ အရှင်ဧကရာဇ်။”

“ဧကရီက ခြိမ်းခြောက်နေလို့ သူတို့က အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာမဟုတ်ဘူးလား။”

“ကျွန်မက ခြိမ်းခြောက်တယ်ပေါ့လေ။”

“ဟုတ်တယ်။ ဧကရီက ရှေ့မှာရပ်ပြီး ဆံပင်အရောင်နဲ့ မျက်လုံးအရောင်တွေကို တလွဲပြောခိုင်းနေလို့ သူတို့က ဧကရီဖြစ်စေချင်သလို ပြောနေကြတာပဲ။”

ဇနီးမောင်နှံဘက်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

ပြတင်းပေါက် သေးသေးလေးကြောင့် ဆိုဗီရ်ရှု ရှိနေမှန်းမသိခဲ့သည့် ဇနီးမောင်နှံက ဆိုဗီရ်ရှု၏အသံကို ကြားတော့ မျက်နှာများ ဖြူဖျော့ကုန်ကြသည်။

“ကျွန်မအစ်ကိုက ဆံပင်အနီနဲ့ မျက်လုံးအနီ ရှိတာကို၊ ကျွန်မက လိမ်ပြောလို့ သူတို့က ကျွန်မပြောတဲ့အတိုင်း လိုက်ပြောနေကြတာလို့ ဆိုလိုချင်တာပါလား။”

ဆိုဗီရ်ရှုကို စိုက်ကြည့်ရင်း ပြောလိုက်တော့ ဇနီးမောင်နှံက ပြန်အော်ပြောကြပြန်သည်။

“ဟုတ်ပါတယ်၊ ဧကရီ အရှင်မ။”

“ဧကရီ အရှင်မကို ကြောက်လို့ လိမ်ပြောမိတာပါ။ ဆာ ခိုရှာရ်က ဆံပင်အနီနဲ့ မျက်လုံးအနီပါ။”

ကြည့်ပါလား။

ဒါတောင် သူတို့က ကျွန်မအစ်ကိုနဲ့ တွေ့ခဲ့တယ်လို့ ပြောနေတုန်းလား။

ကျွန်မ ဆိုဗီရ်ရှုကိုကြည့်ပြီး မျက်ခုံးပင့်ပြလိုက်သည်။

ဆိုဗီရ်ရှု၏ မျက်နှာကမူ ကျောက်တုံးလို တင်းမာနေလေ၏။

~~~~

Miel’s Translations

Morning Star website နဲ့ telegram paid group မှာ အပိုင်း ၁၉၀ အထိ ဖတ်လို့ရပါပြီ။

Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment