အပိုင်း ၁၁၀ (ပျော်ရွှင်မှုကိုသာ မျှော်လင့်ပြီး နေထိုင်သွားပါ)
နာဗီရယ်က ဆေးခတ်ထားသည့် ကွတ်ကီးများကို မစားခဲ့။
ဆိုဗီရ်ရှုက မိခင်အား ပြောခဲ့သည့် ဤအလိမ်အညာကို ချန်လှပ်ထားကာ အဖြစ်အပျက်အားလုံးကို ဖွင့်ဟပြောဆိုခဲ့သည်။
“ဘေးထွက်ဆိုးကျိုးက လူတိုင်းမှာ ပြတတ်တာမဟုတ်ဘူးလို့ ပြောပါတယ်။”
ဇာတ်ကြောင်းပြောပြပြီးနောက် ဆိုဗီရ်ရှုက နားထင်ကိုဖိကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။
“အရွယ်မရောက်ခင်အထိ တစ်ကြိမ်တည်းပဲ စားခဲ့တာဆိုတော့ ဘာအနှောင့်အယှက်မှ ရှိမှာမဟုတ်ဘူးလို့ ထင်ခဲ့တာပါ။ မယ်မယ်က ပမာဏ အများကြီးသုံးခဲ့တယ်လို့ ပြောပေမဲ့၊ ကျွန်တော်တို့နှစ်ယောက်စလုံး ကျန်းမာကြသလို ငယ်လည်း ငယ်ကြသေးတာကိုး။ နာဗီရယ်နဲ့ ကျွန်တော့်ရဲ့ အစားအသောက်တွေကိုလည်း ဆေးအာနိသင် ပြယ်စေမဲ့ ပါဝင်ပစ္စည်းတွေနဲ့ ပြောင်းလဲခဲ့သလို၊ ခန္ဓာကိုယ်အတွက် ကောင်းတဲ့ဆေးတွေကိုလည်း အတူတူ သောက်ခဲ့ကြတာလေ။”
သို့သော် ရင်သွေးမရခဲ့ပေ။
“အရွယ်ရောက်ပြီးတဲ့နောက်မှာတော့ အမြဲတမ်း တွေးနေခဲ့မိတာပါ။ ကျွန်တော်တို့ကြားမှာ ကလေးမရတာ ဘေးထွက်ဆိုးကျိုးက ဧကရီဆီမှာ ပြသွားလို့လား၊ ကျွန်တော့်ဆီမှာ ပြသွားလို့လား၊ ဒါမှမဟုတ် နှစ်ယောက်စလုံးမှာ ပြသွားလို့လားဆိုပြီးတော့။”
ထိုသို့ရှိနေစဉ် ရက်ရှ်တာ ကိုယ်ဝန်ရသွားတော့ သူ အတည်ပြုလိုက်နိုင်ခြင်းပင်။
ဘေးထွက်ဆိုးကျိုး ဖြစ်သွားသည့်ဘက်က ဧကရီဖြစ်သည်ဟူ၍။
အထွတ်အမြတ် ဘုန်းတော်ကြီးက ဆိုဗီရ်ရှု၏ စကားကြောင့် သက်ပြင်းချလိုက်မိသည်။
နှစ်ပေါင်းများစွာ ကိုယ်ဝန်မရသည့်အပြင် အတိတ်တွင် မြုံစေသည့် ဘေးထွက်ဆိုးကျိုးရှိသောဆေးကို နှစ်ယောက်အတူ ခွဲဝေစားခဲ့ဖူးသည်ဆိုလျှင်။
ဤမျှအထိဆိုလျှင် ဆိုဗီရ်ရှုအနေဖြင့် နာဗီရယ်ကို မြုံနေသည်ဟု အသေအချာ ယုံကြည်သွားခြင်းကလည်း ဖြစ်သင့်ပေသည်။
ထို့အပြင် ဤကိစ္စတွင် ဆိုဗီရ်ရှု၏ မိခင်ဖြစ်သော နတ်ရွာစံဧကရီပါ ပါဝင်ပတ်သက်နေ၏။
နတ်ရွာစံဧကရာဇ်က အရှုပ်တော်ပုံများကို အကြိမ်ကြိမ် ဖန်တီးခဲ့ကာ၊ ချစ်သူအများအပြားထားခဲ့သဖြင့် ဧကရီ၏ရင်ကို အမြဲပူလောင်စေခဲ့သည်။
သို့သော်လည်း ကိုယ်ဝန်ဖျက်ဆေး သုံးစွဲခဲ့ကြောင်း လူသိသွားပါက ဧကရီအတွက် သိက္ခာကျစရာပင်။
ဆိုဗီရ်ရှုအနေဖြင့်လည်း မိခင်၏ ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် နှုတ်ပိတ်နေခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။
ထူးဆန်းသည့်အချက်မှာ နတ်ရွာစံဧကရီက ချွေးမဖြစ်သူ မြုံနေနိုင်ကြောင်း သိလျက်နှင့် သူတို့နှစ်ဦး၏ အိမ်ထောင်ရေးကို မဖြိုခွဲခဲ့ခြင်းပင်။
ဧကရီ၏ ကွာရှင်းမှုနှင့် အိမ်ရှေ့စံကြင်ရာတော်၏ ကွာရှင်းမှုက မတူပေ။
ငယ်စဉ်ကတည်းက နိုင်ငံရေးအရ လက်ထပ်ခဲ့သော တော်ဝင်မိသားစုဝင်များက အရွယ်မရောက်မချင်း အတူမအိပ်ကြ။
ထို့ကြောင့်လည်း ကွာရှင်းရန်မှာ အတော်လေး လွယ်ကူလှသည်။
သာမန် ဧကရီသာဆိုလျှင် မတော်တဆကိစ္စလေးများအတွက်ပင် အိမ်ရှေ့စံကြင်ရာတော်ကို လဲလှယ်ပစ်မည်သာ။
ဆိုဗီရ်ရှုက သူ့ကို အချက်တစ်ချက် ဖုံးကွယ်ထားခဲ့ကြောင်း မသိသည့် အထွတ်အမြတ်ဘုန်းတော်ကြီးက နတ်ရွာစံဧကရီ၏ ဆုံးဖြတ်ချက်ကို အံ့ဩနေမိသည်။
သို့သော်လည်း နတ်ရွာစံဧကရီက နာဗီရယ်ကို ချစ်မြတ်နိုး၍ ထိုသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်လိမ့်မည်ဟု သဘာဝကျကျ နားလည်လိုက်၏။
“ကျွန်တော့်ကတော့ ခဲခဲယဉ်းယဉ်း ရလာတဲ့ ကျွန်တော့်သွေးသားကို အဆုံးရှုံးမခံနိုင်ပါဘူး။ အဲ့ဒီကလေးကို ကာကွယ်ချင်ပါတယ်၊ အထွတ်အမြတ်ဘုန်းတော်ကြီး။”
ဆိုဗီရ်ရှု၏ စိတ်ရင်းမှန်ဖြင့် ပြောကြားချက်ကြောင့် အထွတ်အမြတ်ဘုန်းတော်ကြီးလည်း လေးလံစွာ သက်ပြင်းချလိုက်မိတော့သည်။
~~~~
စာလုံးများကို ကြည့်နေသော်လည်း ဤအရာများက စာလုံးများဟု မခံစားရပေ။
စာကြောင်းများကို ကောင်းကောင်းနားမလည်သဖြင့် ကျွန်မ တူညီသော ဖိုင်တွဲများကို ထပ်ခါတလဲလဲ ဖတ်နေမိသည်။
အလုပ်အားလုံးကို မြန်မြန်ပြီးပြတ်အောင် လုပ်ထားချင်သော်လည်း၊ ရှေ့ဆက်ပြီး ဘာဖြစ်လာမည်ကို သိထားသော်လည်း၊ စိတ်က လွင့်ပျံ့နေကာ အထွတ်အမြတ်ဘုန်းတော်ကြီးနှင့် ဆိုဗီရ်ရှုတို့ ဘာတွေ ပြောနေကြမည်ကိုသာ စိတ်ပူနေမိ၏။
သုံးနာရီအကြာတွင် အထွတ်အမြတ်ဘုန်းတော်ကြီး ကျွန်မဆီ လာတွေ့သည်ဟု ကြားလိုက်ရချိန်၌ တော်သေးသည်ဟုပင် တွေးလိုက်မိသည်။
‘အလှည့်ရောက်လာပြီကိုး။’
ကျွန်မ မျက်လုံးမှိတ်ကာ အသက်ကို ပြင်းပြင်းရှူလိုက်သည်။
“အထွတ်အမြတ်ဘုန်းတော်ကြီးက ဘာဖြစ်လို့ လာတွေ့တာပါလိမ့်။”
နယ်စားကတော် အယ်လီဇာက အထွတ်အမြတ်ဘုန်းတော်ကြီး ရောက်လာသည့် သတင်းကို ကျွန်မအား လာပြောပြချိန်၌ မျက်နှာမကောင်းလှပေ။
သူက စကားပြောနေရင်း စိုးရိမ်စိတ်အပြည့်ဖြင့် တံခါးဝနှင့် ကျွန်မကို တစ်လှည့်စီ ကြည့်နေခဲ့သည်။
“မပြောတတ်ပါဘူး…… အရင်ဆုံး တွေ့ကြည့်ရမှာပေါ့။”
နယ်စားကတော် အယ်လီဇာက လေးလံသော မျက်နှာဖြင့် ခေါင်းညိတ်ပြကာ ဧည့်ခန်းသို့ ထွက်သွား၏။
ခေတ္တစောင့်ဆိုင်းပြီးနောက် တံခါးပွင့်လာကာ အထွတ်အမြတ်ဘုန်းတော်ကြီး ဝင်လာသည်။
ငယ်စဉ်က လက်ထပ်ကတိပြုနေသည့် ကျွန်မတို့ကိုကြည့်ကာ ဟားတိုက်ကျီစယ်ခဲ့သော အထွတ်အမြတ်ဘုန်းတော်ကြီးက နှစ်အနည်းငယ်အတွင်း မုတ်ဆိတ်များ ပို၍ ဖြူဖွေးနေပေပြီ။
အထွတ်အမြတ်ဘုန်းတော်ကြီးက တံခါးပိတ်လိုက်ပြီးနောက် ချက်ချင်း ဝင်မလာခဲ့ပေ။
သူက တံခါးရှေ့တွင် ရပ်ကာ ကျွန်မကို ခေတ္တမျှ စိုက်ကြည့်နေခဲ့သည်။
သို့သော် အရေးအကြောင်းများကြားမှ နွေးထွေးသော မျက်ဝန်းများက တုန်ယင်နေ၏။
သူ့ကိုကြည့်ကာ အိုးတိုးအမ်းတမ်း ပြုံးပြလိုက်မိတော့ ဘုန်းတော်ကြီးက “သိနေခဲ့တာကိုး” ဟု ရေရွတ်ခဲ့သည်။
ယခုအချိန်အထိ အသက်မရှူဘဲ အောင့်ထားခဲ့၍လားမသိ၊ မြင့်တက်နေသော ပခုံးနှင့် ရင်ဘတ်တို့က ဝုန်းခနဲ ကျဆင်းသွား၏။
ဆိုဗီရ်ရှုက ကျွန်မကို ကွာရှင်းချင်နေသည့်အကြောင်း ဘယ်လိုပြောပြရမလဲဆိုသည်ကို ထိုနေရာတွင်ရပ်ကာ စဉ်းစားနေခဲ့ပုံပင်။
“ဒီကို ကြွပါ။”
ကျွန်မ စားပွဲမှ ထရပ်ကာ သူထိုင်မည့်နေရာ၏ ထိုင်ခုံကို ဆွဲထုတ်ပေးလိုက်သည်။
အထွတ်အမြတ်ဘုန်းတော်ကြီးက လေးလံသော ခြေလှမ်းများဖြင့် ချဉ်းကပ်လာပြီးနောက် “တကယ်ပဲ……” ဟု စကားစလာသည်။
“ဒါက ဘယ်လိုဖြစ်ရတာလဲ။”
“ဟုတ်ပါရဲ့။”
“ဧကရီ နာဗီရယ်။ မယ်မင်းတို့နှစ်ယောက်က အင်မတန် ရင်းနှီးကြတာမဟုတ်ဘူးလား။”
“သဲနဲ့ဆောက်ထားတဲ့ရဲတိုက် ဖြစ်နေလို့လားမသိပါဘူး။”
သူ့နှုတ်ခမ်းများ တုန်သွားသည်။
လုံးဝမဟုတ်ဘူးဟု ပြောချင်နေသည့်ပုံပင်။
ကျွန်မလည်း အတူတူသာ။
အတိတ်က ကျွန်မတို့ ဖလှယ်ခဲ့သမျှ ထိုအပြုံးများအားလုံးကို သဲများသာဖြစ်သည်ဟု မယူဆချေ။
သို့သော် ယင်းတို့က လွန်လေပြီးသား ကိစ္စများပင်။
သူ့တွင် အချစ်သစ်ရှိနေပြီဖြစ်သလို၊ ကျွန်မကလည်း ကျော်လွန်လာခဲ့သော လူတစ်ယောက်သာ ဖြစ်သွားပြီမဟုတ်ပါလား။
အထွတ်အမြတ်ဘုန်းတော်ကြီးက စားပွဲပေါ်တွင် လက်နှစ်ဖက်ကို တင်ထားကာ လက်သီးကို အကြိမ်ကြိမ် ဆုပ်လိုက်ဖြန့်လိုက် လုပ်နေခဲ့သည်။
နယ်စားကတော် အယ်လီဇာက ကော်ဖီနှင့် ကွတ်ကီးများကို ယူလာပေးကာ အထွတ်အမြတ်ဘုန်းတော်ကြီးကို စိုးရိမ်တကြီး ကြည့်နေ၏။
သူက ကော်ဖီနှင့် ကွတ်ကီးများကို ချထားပေးခဲ့သော်လည်း အထွတ်အမြတ်ဘုန်းတော်ကြီးက အစားအစာများကို ထိပင်မထိခဲ့ပေ။
“သိပ်မချိုတဲ့ ကွတ်ကီးတွေပါ။”
စားပါဦးဟု တိုက်တွန်းခဲ့သော်လည်း အထွတ်အမြတ်ဘုန်းတော်ကြီးက ခေါင်းခါပြခဲ့သည်။
ယခုအချိန်က ကွတ်ကီးစားရမည့်အချိန်လားဟု မေးနေသည့်နှယ်။
ဟင့်အင်း၊ ကွတ်ကီးကိုကြည့်ရင်း သူ့ရင်ဘတ်သူ ပြန်ထုနေ၏။
‘ကွတ်ကီး မကြိုက်တာများလား။’
ဤအခြေအနေအပေါ် စိတ်မကောင်းဖြစ်နေခြင်းနှင့် သီးသန့်ဖြစ်သော်လည်း သူ၏ တုံ့ပြန်မှုက ပို၍ ပြင်းထန်နေ၏။
ကွတ်ကီးကို သိမ်းလိုက်ရမလား၊ ထားထားရမလား။
ကျွန်မပါ လိုက်ပြီး စဉ်းစားနေစဉ် အထွတ်အမြတ်ဘုန်းတော်ကြီးက ဆိုဗီရ်ရှု ကွာရှင်းရန် မည်သည့်အကြောင်းပြချက်များ တင်ပြခဲ့ကြောင်း ပြောပြလာသည်။
“ဧကရာဇ် ဆိုဗီရ်ရှုက ကွာရှင်းရတဲ့ အကြောင်းပြချက်အနေနဲ့ ဧကရီရဲ့ အစ်ကိုဖြစ်သူ ခိုရှာရ်က ကိုယ်ဝန်လွယ်ထားတဲ့ ချစ်သူကို တွန်းခဲ့တာ၊ အားနည်းချက်ရှာဖို့အတွက် ဗိုင်းကောင့် လိုတဲရှုကို ပြန်ပေးဆွဲပြီး ချုပ်နှောင်နှိပ်စက်ခဲ့တာ၊ ပြီးတော့ ချစ်သူကို လိမ်ညာဖို့အတွက် မိဘအတုတွေ ငှားရမ်းခဲ့တာ၊ အဲ့ဒီအချက်တွေ တင်ပြထားတယ်။”
“အားလုံးက အဓိပ္ပာယ်မရှိတဲ့စကားတွေချည်းပါပဲ။”
“……ပြီးတော့ ဧကရီ နာဗီရယ်က မြုံနေတဲ့အတွက်၊ သူ့အနေနဲ့ ချစ်သူလွယ်ထားတဲ့ ကလေးကိုပဲဖြစ်ဖြစ် ကာကွယ်ရမယ်ဆိုပြီး ပြောလာတယ်။”
“အဲ့ဒါကလည်း အဓိပ္ပာယ်မရှိတာပါပဲ။”
ကျွန်မ ပြတ်ပြတ်သားသား ပြောလိုက်တော့ အထွတ်အမြတ်ဘုန်းတော်ကြီးက သက်ပြင်းချခဲ့သည်။
ကျွန်မကလည်း ခိုင်မာစွာ ထပ်ပြောလိုက်၏။
“အဲ့ဒီ အကြောင်းပြချက်တွေထဲက တစ်ခုကိုမှ ကျွန်မ သဘောမတူနိုင်ပါဘူး။”
ကျွန်မအနေဖြင့် သူနှင့် ကွာရှင်းရန် ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း၊ ဤကဲ့သို့ စော်ကားသည့် အကြောင်းပြချက်များကိုမူ လက်မခံနိုင်ပေ။
မဟုတ်သည့်အရာကို မဟုတ်မှန်ကြောင်း ထားခဲ့ရပေမည်။
ကွာရှင်းမှု လုပ်ငန်းစဉ်အပေါ် ကြီးကြီးမားမား သက်ရောက်မှု ရှိမည်မဟုတ်သော်လည်း။
အထွတ်အမြတ်ဘုန်းတော်ကြီးက လေးလံစွာ သက်ပြင်းချခဲ့သည်။
သူက လက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ကျွန်မကို သနားကရုဏာသက်သောလေသံဖြင့် မေးလာ၏။
“ဘာလို့ ဒီလောက်တောင် ဝေးကွာသွားရတာလဲ။”
“အကြောင်းရင်းက တစ်ခုတည်းပါ။”
“တစ်ခုတည်း ဟုတ်လား။”
“အရှင်ဧကရာဇ်ရဲ့ စိတ်က တခြားလူဆီ ရောက်သွားလို့ပါ။ အဲ့ဒါက အကုန်ပါပဲ။”
အထွတ်အမြတ်ဘုန်းတော်ကြီးက သက်ပြင်းများ တရစပ်ချကာ ကျွန်မကို အလေးအနက် အကြံပေးလာသည်။
“ကွာရှင်းမှု လုပ်ငန်းစဉ်ကို ဆက်လုပ်ကြလိမ့်မယ်ဆိုပေမဲ့ လုံးဝ အသာတကြည် လက်မခံလိုက်နဲ့။ နားလည်လား။”
အတိအကျ ပြန်မဖြေဘဲ ကျွန်မ အသာလေး ပြုံးရုံသာ ပြုံးပြလိုက်သည်။
အထွတ်အမြတ်ဘုန်းတော်ကြီး ပြန်သွားပြီးနောက် သူ မစားဘဲ ထားခဲ့သည့် ကွတ်ကီးများကို တစ်ယောက်တည်း အကုန်စားပစ်ပြီး စားပွဲရှေ့တွင် ပြန်ထိုင်လိုက်မိ၏။
ဘုန်းတော်ကြီး လာတွေ့သည်ဟူသည့် သတင်းကြောင့် တဒိတ်ဒိတ်တုန်နေခဲ့သော နှလုံးက အတော်လေး တည်ငြိမ်သွားပေပြီ။
ဘယ်လောက်ပဲ ကြောက်စရာကောင်းတဲ့ ကိစ္စဖြစ်ပါစေ၊ တကယ်တမ်း ကြုံလိုက်ရရင် ဒီလိုပဲ ဖြစ်သွားတာပါလား။
ခါးသီးသော နားလည်သဘောပေါက်မှုတစ်ခု ရောက်ရှိလာသည်။
ကျွန်မ စားပွဲရှေ့တွင်ထိုင်ကာ မင်တံတွင် မင်တို့လိုက်၏။
တော်သေး၍ စောစောကလောက် အလုပ်အပေါ် အာရုံစိုက်ရ မခက်ခဲတော့ပေ။
သို့သော် မည်မျှကြာသွားမှန်း မသိ။
ညဦးပိုင်းအချိန်တွင်။
ဆာ အာရ်တီနာ ကျွန်မကို လာတွေ့ကြောင်း အစေခံမိန်းကလေးက သတင်းလာပေးသည်။
ကျွန်မ အံ့အားသင့်သွားကာ မင်တံကို ချလိုက်မိ၏။
ဆာ အာရ်တီနာ ရောက်လာပြီတဲ့လား။
အချိန်က အနည်းငယ် နှောင်းသွားပြီဖြစ်သော်လည်း ကိစ္စမရှိပေ။
ကျွန်မ အမြန်ပင် ဧည့်ခန်းသို့ ထွက်လာကာ သူ့ကို တွေ့လိုက်တော့ ဆာ အာရ်တီနာက အလွန် ပင်ပန်းနွမ်းနယ်နေသော မျက်နှာဖြင့် ရပ်နေ၏။
အမြဲ သပ်ရပ်နေတတ်သော ဆံပင်များတွင် မြေမှုန့်များ ပေကျံနေကာ အဝတ်အစားများကလည်း တွန့်ကြေနေသည်။
“စိုးရွံ့မိပါတယ်၊ ဧကရီ အရှင်မ။”
ကျွန်မ ဆာ အာရ်တီနာကို ဧည့်ခန်းရှိ ထိုင်ခုံတွင် ထိုင်ခိုင်းလိုက်သည်။
စာကို ပေးခဲ့ရဲ့လားဟု ချက်ချင်း မေးချင်သော်လည်း သူ၏ အခြေအနေက မကောင်းလှပေ။
သူ့ကို အခန်းထဲ လမ်းပြပေးခဲ့သည့် တာဝန်ကျအစေခံက ကော်ဖီ သို့မဟုတ် လက်ဖက်ရည် ယူလာပေးရမလားဟု မေးသော်လည်း ဆာ အာရ်တီနာက အဖြေမပေးဘဲ ထွက်သွားပေးရန် အချက်ပြခဲ့၏။
ထို့နောက် အစေခံ ထွက်သွားသည်နှင့် ချက်ချင်း ကျွန်မကို အသိပေးလာသည်။
“ဖာရ်အန်း မားကီးစ်ရဲ့ ခရီးသွားနှုန်းက အရမ်းမြန်လို့ ထင်ထားတာထက် ပိုကြာသွားပေမဲ့ နယ်စပ်ကနေ မထွက်ခွာခင်မှာပဲ ကပ်ပြီး ပေးနိုင်ခဲ့ပါတယ်။”
“ပေးခဲ့ပြီလား။ စာကို။”
“ဟုတ်ကဲ့။”
“ကျွန်မက ဒီကို ချက်ချင်းပြန်လာပြီး ဖာရ်အန်း မားကီးစ်က အနောက်ဘုရင့်တိုင်းပြည်ကို တန်းသွားတာဆိုတော့၊ သူသာ အရှိန်နဲ့ ဆက်သွားမယ်ဆိုရင် အနောက်ဘုရင့်တိုင်းပြည် နယ်စပ်ကို ဖြတ်ကျော်သွားလောက်ပြီး…… အခုလောက်ဆို မြို့တော်ထဲတောင် ရောက်နေလောက်ပါပြီ။”
ဝမ်းသာအားရ အော်ဟစ်ပစ်ချင်စိတ်ကို အတင်းအကျပ် အောင့်ထားလိုက်ရသည်။
နောက်ဆုံးတော့၊ နောက်ဆုံးတော့ စာကို ပေးလိုက်နိုင်ပြီပဲ။
သို့သော်……
နောက်ကျသွားပေပြီ။
အထွတ်အမြတ်ဘုန်းတော်ကြီးက ရောက်လာခဲ့ပြီဖြစ်သလို တွေ့ဆုံမှုကလည်း ပြီးဆုံးသွားချေပြီ။
ကွာရှင်းမှု တရားခွင်က လက်တစ်ကမ်းအလိုတင် ရှိနေ၏။
ရက်ပိုင်းအတွင်း တိုင်းပြည်တစ်ခု၏ ဘုရင်ဖြစ်သည့် ဟိုင်န်ရီက ဤနေရာအထိ လာနိုင်ရန်ဆိုသည်မှာ မဖြစ်နိုင်သည့်အရာမဟုတ်ပါလား။
~~~~
ထိုအချိန်တွင်။
ဗိုင်းကောင့် လိုတဲရှုက ရက်ရှ်တာအပေါ် ဒေါသတကြီး ဖြစ်နေဆဲပင်။
နှစ်ယောက်တည်း ရှိနေစဉ် ရက်ရှ်တာ သူ့ကို မထီမဲ့မြင်ပြုလျှင်ပင် အတိုင်းအတာတစ်ခုအထိ သည်းခံပေးသေးသည်။
သို့သော် မိဘအတုများ ရှေ့တွင်ပါ သူ့ကို အရေးမစိုက်သလိုနေခဲ့ခြင်းက သူ၏ မာနကို အကြီးအကျယ် ထိခိုက်စေ၏။
မျိုးကြီးရိုးကြီးမဟုတ်သော်လည်း နယ်မြေတစ်ခုကို ပိုင်ဆိုင်ကာ ဘုရင်တစ်ပါးလို စိုးမိုးလာခဲ့သူဖြစ်ရာ၊ မိမိ ခိုင်းစေပြီး ချိုးနှိမ်ဆက်ဆံခဲ့သူထံမှ စော်ကားခံရခြင်းက သူ့အတွက် အလွန် အံ့ဩစရာ ဖြစ်ခဲ့ရသည်။
“ကြည့်နေလိုက်စမ်း။ ငါက ဒီအတိုင်း လွှတ်ပေးမယ်များမှတ်နေလား။”
သူက နှာခေါင်းမှ လေပူများကို မှုတ်ထုတ်ကာ စောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ဖြန့်လိုက် လုပ်နေ၏။
ရက်ရှ်တာ၏ တန်ဖိုးကို မထိခိုက်စေဘဲ မည်သို့လက်စားချေရမည်နည်း။
သူ၏ မာနကို ချိုးနှိမ်ကာ စကားနားထောင်အောင် မည်သို့လုပ်ရမည်နည်း။
စောင်ကို အကြာကြီး ဆုပ်လိုက်ဖြန့်လိုက်လုပ်နေစဉ် သားဖြစ်သူ အာလန် ဖြတ်သွားသည်ကို တွေ့လိုက်ရသည်။
သူ့ရင်ခွင်ထဲတွင် ရက်ရှ်တာနှင့် တစ်ပုံစံတည်းတူသော ကလေးငယ်ကို ပွေ့ချီထားဆဲပင်။
ကလေးငယ်က အသံလေးများပေးပြီး အာလန်ကို ကြည့်ကာ ချစ်စဖွယ် ရယ်မောနေပြီး၊ အာလန်ကလည်း ထိုအချိန်တိုင်း ကလေး၏ လည်ပင်း၊ ခေါင်းနှင့် နဖူးတို့ကို တရစပ် နမ်းရှုံ့နေခဲ့သည်။
ဒီမိုက်မဲတဲ့ကောင်။
ဗိုင်းကောင့် လိုတဲရှုတစ်ယောက် မိသားစုဝင်စာရင်းထဲပင် ထည့်နိုင်မည်မဟုတ်သော တိတ်တိတ်ပုန်းကလေးကို တယုတယအလေးထားနေသည့် သားဖြစ်သူကို ကြည့်ကာ စိတ်ပျက်စွာ ခေါင်းခါလိုက်ပြီးနောက်၊ အကြံကောင်းတစ်ခု ရသွားကာ “ဒါပဲပေါ့” ဟု လက်ဖျစ်တီးလိုက်၏။
ကလေး။
ရက်ရှ်တာ၏ အားနည်းချက်ဖြစ်သော သူ့မြေး။
ရက်ရှ်တာကို ကလေးတစ်ခါလောက် ပြလိုက်လျှင် မိုးထိမတတ် မာန်များ ဝုန်းခနဲ ကျဆင်းမသွားလောက်ပေဘူးလား။
မည်မျှပင် ဧကရာဇ်၏ အချစ်ကို ခံရပါစေ၊ အားနည်းချက် ကျန်ရှိနေဆဲဖြစ်ကြောင်း သိသွားစေရမည်။
ဗိုင်းကောင့် လိုတဲရှု တဟားဟားရယ်ရင်း အာလန်ကို ခေါ်လိုက်သည်။
“အာလန်၊ ဒီကို လာဦး။”
“ဘာဖြစ်လို့လဲ အဖေ။”
အာလန် ချဉ်းကပ်လာတော့ ဗိုင်းကောင် လိုတဲရှုက ကလေးကို လုယူသလို ပွေ့ချီလိုက်သည်။
“အဖေ။”
အာလန် မျက်လုံးပြူးသွားရ၏။
ကလေးကို လက်နှင့်ပင် မထိချင်သော ဖခင်ဖြစ်သူက မိမိလက်ထဲမှ ကလေးကို ခေါ်ယူသွားသဖြင့် ထူးဆန်းနေသည့်ပုံပင်။
ကလေးက ဗိုင်းကောင့် လိုတဲရှုထံ လက်လှမ်းကာ ပြုံးရွှင်နေသည်။
ဗိုင်းကောင့် လိုတဲရှုက မကောင်းဆိုးဝါးလို ပြုံးရင်း “အေး ဟုတ်တယ်၊ ငါက မင်းရဲ့ အဘိုးပဲ” ဟု တဟားဟား ရယ်မောနေတော့၏။
သို့သော်လည်း ဗိုင်းကောင့် လိုတဲရှုတစ်ယောက် ထိုအချိန်မှ နာရီဝက်ပင် မပြည့်သေးမီ စိတ်ပြောင်းသွားရသည်။
မြို့တော်သို့ ပြောင်းလာပြီးနောက် လူမှုရေးလောကထဲတွင် ဝင်ထွက်သွားလာရင်း ရခဲ့သော မိတ်ဆွေတစ်ဦး ရောက်လာကာ ပြောပြခဲ့သည့် သတင်းကြောင့်ပင်။
“ဗိုင်းကောင့်။ အဲ့ဒါ ကြားပြီးပြီလား။”
“အဲ့ဒါတဲ့လား။ သတင်းထူးတစ်ခုခုများ ရှိလို့လား။”
“အရှင်ဧကရာဇ် ကွာရှင်းတော့မလားမသိဘူးတဲ့။”
ဗိုင်းကောင့် လိုတဲရှုလည်း အလန့်တကြားနှင့် “ဘာ” ဟု မေးကာ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
“အဲ့ဒါက ဘာစကားလဲ။ ကွာရှင်းမယ်ဆိုတာက။”
“မပြောတတ်ဘူး။ အထွတ်အမြတ်ဘုန်းတော်ကြီး ရုတ်တရက် ရောက်လာပြီးတော့ ဧကရာဇ်၊ ဧကရီတို့ကို အစဉ်လိုက် တွေ့ဆုံခဲ့တာတဲ့။”
“...”
“အဲ့ဒါ ဘာစကားဖြစ်မလဲ။ ကျိန်းသေပေါက် ကွာရှင်းဖို့ ပြောတာပဲမဟုတ်ဘူးလား။ နားမလည်ဘူးလား။”
ဗိုင်းကောင့် လိုတဲရှုတစ်ယောက် နားမလည်ခဲ့ပေ။
သူက ငယ်စဉ်ကတည်းက နိုင်ငံရေးနှင့် ကင်းကွာစွာ နေထိုင်လာခဲ့သူဖြစ်ရာ၊ ဧကရာဇ်၏ ကွာရှင်းမှု လုပ်ငန်းစဉ်က ထိုသို့ ဖြစ်ပေါ်တတ်ကြောင်း မသိခဲ့။
သို့သော် မိတ်ဆွေ၏ ရှင်းပြချက်ကို ကြားပြီးသည့်နောက်တွင်မူ သေချာစွာ နားလည်သွားကာ အံ့ဩတကြီး ဖြစ်သွားရသည်။
မိတ်ဆွေက မျှော်လင့်မထားသော ဤသတင်းကြောင့် ရင်ခုန်စိတ်လှုပ်ရှားနေပုံရကာ ရေသုံးခွက်ပင် ဆက်တိုက် သောက်နေ၏။
“ကျိန်းသေပေါက် လေဒီ ရက်ရှ်တာကြောင့် ဖြစ်မှာပေါ့။ အရှင်ဧကရာဇ်က အဲ့ဒီမိန်းမကို တအားတွေ တမ်းတမ်းစွဲဖြစ်နေတာလေ။ တအားအရူးအမူးပဲ။”
ဗိုင်းကောင့် လိုတဲရှုကမူ မိတ်ဆွေနှင့် လုံးဝမတူသော အဓိပ္ပာယ်ဖြင့် စိတ်လှုပ်ရှားနေခဲ့သည်။
ရက်ရှ်တာကြောင့် ဧကရာဇ်က ဧကရီကိုတောင် ကွာရှင်းတော့မယ်တဲ့လား။
အဲ့ဒီ ဧကရီကိုလေ။
ဗိုင်းကောင့် လိုတဲရှု အရင်ဆုံး အခြေအနေကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်၏။
ရှေ့လျှောက် အခြေအနေက မည်သို့ပြောင်းလဲသွားမည်ကို မသိနိုင်ပေ။
ထိုအကျိုးသက်ရောက်မှုက ကွာရှင်းမှု၏ အကြောင်းရင်းဖြစ်သော ရက်ရှ်တာဆီသို့လည်း ရောက်ရှိလာပေလိမ့်မည်။
ရက်ရှ်တာက ဧကရီ၏ ကွာရှင်းမှုကြောင့် အကျိုးအမြတ် ရရှိမလား၊ သို့မဟုတ် နစ်နာမှု ဖြစ်လာမလား။
မသိနိုင်သေး။
ထို့ကြောင့် ဗိုင်းကောင့် လိုတဲရှုက အရင်ဆုံး ဘေးကင်းရာသို့ ဆုတ်ခွာကာ အခြေအနေကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။
မီးပွားက ရက်ရှ်တာဆီသို့ လွင့်လာလျှင် မြို့တော်မှ မြန်မြန်ထွက်သွားလိုက်ရုံသာ။
အကျိုးအမြတ်က ရက်ရှ်တာဆီကို လွင့်လာရင်တော့ မြန်မြန် လက်ဝင်လျှိုလိုက်ရုံပဲ မဟုတ်လား။
သို့သော် ဒဏ်ရာရနေသော ဖခင်ဖြစ်သူနှင့် မိတ်ဆွေတို့အား လက်ဖက်ရည် လာပေးစဉ် ဤသတင်းကို ကြားလိုက်ရသော ရီဗယ်တီအတွက်မူ ထိုသို့ အသာလေး ကျော်သွား၍ရမည့် ကိစ္စမဟုတ်ခဲ့ပေ။
ရီဗယ်တီက ကိုင်ထားသော လက်ဖက်ရည်ခွက်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ကာ အော်ဟစ်ခဲ့သည်။
“အဓိပ္ပာယ်မရှိတာ။”
ဗိုင်းကောင့် လိုတဲရှု၏ မိတ်ဆွေလည်း ဖန်ခွက်ကွဲသံကြောင့် လန့်ဖျပ်သွားကာ လှည့်ကြည့်လာသည်။
ဗိုင်းကောင့်၏ သမီးက နဂိုကပင် ဝိုင်းစက်နေသော မျက်လုံးများကို ပို၍ ပြူးကာ ကြည့်နေ၏။
ငါ ဘာများမှားပြောလိုက်လို့လဲ။
မိတ်ဆွေဖြစ်သူ မျက်တောင်တဖျပ်ဖျပ် ခတ်နေစဉ်မှာပင် ရီဗယ်တီက လှည့်ထွက်ကာ သူ့အခန်းသို့ ပြေးသွားလေတော့သည်။
“ရီဗယ်တီ။ ရီဗယ်တီ။”
သမီးဖြစ်သူက ဧကရီကို နတ်ဘုရားမတစ်ပါးလို ကိုးကွယ်ကြောင်း သိနေသည့် ဗိုင်းကောင့်က ခုတင်ပေါ်မှ ထရပ်ကာ သမီးကို လှမ်းခေါ်သော်လည်း၊ ခြေထောက်က အင်မတန် နာကျင်နေသဖြင့် အားခနဲ အော်လိုက်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွား၏။
ရီဗယ်တီက အခန်းထဲသို့ အမြန်သွားကာ ဝတ်ရုံကို ဝတ်၊ လက်အိတ်ကို စွပ်ပြီး အပြင်သို့ ပြေးထွက်ခဲ့လေသည်။
မြင်းရထားဆရာကို အတင်းနှင်ခိုင်းကာ မြင်းရထားစီးသွားခဲ့သော သူက နန်းတော်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ကင်းသမားများထံသို့ ပြေးသွားကာ ဧကရီကို တွေ့ချင်သည်ဟု တောင်းဆိုတော့၏။
ကျွန်မက ဧကရီ အရှင်မနဲ့ လက်ဖက်ရည်လည်း အတူသောက်ဖူးပါတယ်၊ ဧကရီ အရှင်မက ကျွန်မကို မမလို့ ခေါ်ခွင့်ပေးထားပါတယ်၊ ကျွန်မက ဧကရီ အရှင်မနဲ့ ရှေ့လျှောက် အများကြီး ပိုရင်းနှီးသွားနိုင်ပါတယ်……
မှူးမတ်အနွယ်တော် အမျိုးသမီးငယ်လေးက ငိုယိုကာ တောင်းပန်နေသဖြင့် ကင်းသမားတစ်ဦးက နောက်ဆုံးတွင် ဧကရီနန်းဆောင်မှ ရံရွေတော်ကို သွားတွေ့ကာ ဤအကြောင်းကို ပြောပြလိုက်လေသည်။
“ရီဗယ်တီ ရင်မ်ဝဲလ် ဆိုတဲ့ ဗိုင်းကောင့်သမီးက ဧကရီ အရှင်မကို တွေ့ချင်လို့ ငိုနေပါတယ်ခင်ဗျ။”
ရံရွေတော်က ရီဗယ်တီ၏ နာမည်ကို သိထားသဖြင့် ဤအကြောင်းကို နာဗီရယ်ထံသို့ ပြောပြလိုက်လေသည်။
~~~~
ရက်ရှ်တာ၏ နောက်ကြောင်းကို စုံစမ်းရန်အတွက် ချဉ်းကပ်ခဲ့သော်လည်း၊ တွေ့ဆုံကြည့်လိုက်တော့ အလွန် ချစ်စရာကောင်းပြီး လိမ္မာပါးနပ်သည့် ကလေးမလေး။
ကျွန်မအတွက် ရီဗယ်တီက ဤကဲ့သို့သော ကလေးမလေးပင်။
သို့သော် ထိုကလေးမလေးက ဤညသန်းခေါင်ယံတွင် ငိုယိုပြီး ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။
‘ဘာကိစ္စပါလိမ့်။’
ထူးဆန်းနေသော်လည်း ညသန်းခေါင်ယံတွင် ပြေးလာသည့် ကလေးကို ဤအတိုင်း ပြန်လွှတ်လိုက်၍ မဖြစ်ပေ။
ဧည့်ခန်းသို့ ထွက်လာကြည့်တော့ ကလေးမလေးက ရံရွေတော်များ ယူလာပေးသည့် ကိုကိုးကို သောက်ရင်း ရှိုက်ငင်နေပြီး၊ ကျွန်မကို မြင်သည်နှင့် ဝုန်းခနဲ ထရပ်ကာ ပို၍ ကျယ်ကျယ်လောင်လောင် ငိုတော့သည်။
“လေဒီ ရီဗယ်တီ။”
အလန့်တကြား ချဉ်းကပ်သွားတော့ သူက မျက်ရည်ပေါက်ကြီးများ ကျဆင်းလာရင်း မေးလာ၏။
“ဧကရီ အရှင်မ။ ဧကရီ အရှင်မ။ အဲ့ဒါ အမှန်ပဲလားဟင်။”
“....”
“တကယ်ပဲ၊ တကယ်ပဲ ကွာရှင်းတော့မှာလား။”
ရီဗယ်တီ၏ မေးခွန်းကြောင့် ရံရွေတော်များပါ လိုက်ပြီး တောင့်ခဲသွားကြသည်။
အထွတ်အမြတ်ဘုန်းတော်ကြီး ပြန်သွားပြီးသည့်နောက်တွင်။
ရံရွေတော်များက ကျွန်မကို ထိုမေးခွန်း မေးချင်သဖြင့် ကျွန်မ၏ မျက်နှာရိပ်မျက်နှာကဲကို အမြဲ ကြည့်နေခဲ့ကြ၏။
သို့သော် ကျွန်မက နှုတ်ပိတ်ကာ မသိချင်ယောင်ဆောင်နေသဖြင့် မည်သူမှ မမေးရဲဘဲ ရှိနေခဲ့ခြင်းပင်။
သို့သော် ရီဗယ်တီက အပြေးလာကာ ကျွန်မကို တိုက်ရိုက် မေးခဲ့သဖြင့် သူတို့လည်း လန့်သွားကြခြင်း ဖြစ်ပေလိမ့်မည်။
“လေဒီ ရီဗယ်တီ။ ဒါက ရိုင်းရာကျပါတယ်။”
နယ်စားကတော် အယ်လီဇာက အမြန်ဝင်လာကာ သူ့ကို ဆူပူလေသည်။
သို့သော်လည်း ထုတ်မပြရုံသာရှိမည်၊ သူကလည်း တအားသိချင်နေမည်သာ။
……ဒါပေမဲ့။
ဒီလိုတောင် ဖြစ်လာမှတော့ ဘာကို ဖုံးကွယ်နေဦးမှာလဲ။
အားလုံးလည်း ဧကရာဇ်နဲ့ ဧကရီရဲ့ ကွာရှင်းမှု လုပ်ငန်းစဉ်အကြောင်း ကောင်းကောင်းသိထားကြမှာပဲကို။
“ရပါတယ်၊ နယ်စားကတော် အယ်လီဇာ။”
ကျွန်မ သူ့ကို တားလိုက်ပြီးနောက် ရီဗယ်တီကို တတ်နိုင်သမျှ တည်ငြိမ်စွာ ပြုံးပြရင်း ဖြေလိုက်သည်။
“ဟုတ်တယ်၊ လေဒီ ရီဗယ်တီ။”
လော်ရာတစ်ယောက် အော်ဟစ်လေတော့သည်။
ရံရွေတော်များလည်း တီးတိုးတီးတိုး ပြောကုန်ကြ၏။
ရီဗယ်တီက ပိုပြီး ကျယ်လောင်စွာ ငိုကြွေးလိုက်ကာ၊ ရံရွေတော်များက ကျွန်မဆီ ပြေးလာကြသည်။
“တကယ်ပဲလားဟင်။”
“အထွတ်အမြတ်ဘုန်းတော်ကြီး ရောက်လာတာက အဲ့ဒီအကြောင်း ပြောဖို့လားရှင့်။”
“အရှင်ဧကရာဇ်က ဧကရီ အရှင်မကို ကွာရှင်းခွင့် တောင်းဆိုခဲ့တာလား။”
“အဓိပ္ပာယ်မရှိတာ။”
“လုံးဝ လက်မခံလိုက်ပါနဲ့။”
ရံရွေတော်များက စကားပြောလေလေ ဒေါသထွက်လာလေဖြစ်ကာ မျက်နှာများ နီမြန်းလာပြီး အသံများလည်း ကြမ်းတမ်းလာတော့သည်။
သူတို့ကို စိတ်ငြိမ်အောင် လုပ်နေစဉ် ရီဗယ်တီက အသံကျယ်ကျယ်နှင့် မေးလာ၏။
“ရက်ရှ်တာကြောင့် မဟုတ်လား။”
“……”
“ဧကရီ အရှင်မ။ ရက်ရှ်တာကြောင့် ဧကရီ အရှင်မက ဒီလိုဖြစ်ရတာ မဟုတ်လား။”
ရံရွေတော်များအားလုံး တစ်ပြိုင်တည်း တိတ်ဆိတ်သွားကြသည်။
အားလုံး စကားမဟကြသော်လည်း အလားတူ အတွေးမျိုး ရှိနေကြပုံပင်။
ကျွန်မ ဘယ်လို ဖြေရမလဲဟု ခေတ္တ စဉ်းစားလိုက်မိသည်။
ရက်ရှ်တာက ကျွန်မ ခင်ပွန်းနှင့် ချစ်ကြိုက်ခဲ့၊ အတူအိပ်ခဲ့၊ ကျွန်မကို အတုခိုးခဲ့၊ ကျွန်မကို လူရယ်စရာဖြစ်အောင် လုပ်ခဲ့၊ ကျွန်မအစ်ကိုနှင့် ကျွန်မကို အကွက်ဆင်ကာ လိမ်ညာခဲ့၏။
ဆိုဗီရ်ရှုက အခြားမိန်းမနှင့် ချစ်ကြိုက်ခဲ့၊ အတူအိပ်ခဲ့၊ ကျွန်မကို စော်ကားခဲ့၊ လူရယ်စရာဖြစ်အောင် လုပ်ခဲ့၊ ကျွန်မတို့၏ ယုံကြည်မှုကို ဖျက်ဆီးခဲ့သည်။
ဒါပေမဲ့…… ရက်ရှ်တာက ဘယ်လိုပဲ လုပ်ခဲ့ပါစေ၊ နောက်ဆုံးမှာ သူ့ကို ခေါ်လာတာရော၊ သူ့ကို ဧကရီ ဖြစ်စေချင်တာရော၊ ငါနဲ့ ကွာရှင်းဖို့ ဆုံးဖြတ်ခဲ့တာရောက ဆိုဗီရ်ရှုပဲလေ။
ဒါကြောင့် ကွာရှင်းမှုအတွက် ဘယ်သူ့မှာ တာဝန်ပိုရှိလဲဆိုရင် ဆိုဗီရ်ရှုပဲဖြစ်မှာပေါ့။
သို့သော် တာဝန်ကို ခွဲခြားရမည်ဆိုလျှင်သာ ထိုသို့ဖြစ်ခြင်းပင်။
ခံစားချက်အရပြောရလျှင် ရက်ရှ်တာရော ဆိုဗီရ်ရှုပါ မုန်းစရာကောင်းသည်က အတူတူသာ။
ထိုသို့ ရှုပ်ထွေးသည့်စိတ်ကို စကားတစ်ခွန်းတည်းနှင့် မည်သို့ ဖော်ပြနိုင်မည်နည်း။
“ကျွန်မ၊ ကျွန်မက ဧကရီ အရှင်မအတွက် လက်စားချေပေးပါ့မယ်။”
ကျွန်မ ငေးငိုင်နေစဉ် ရီဗယ်တီက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ပြောလာသည်။
“ကျွန်မ ဆက်ဆက် လက်စားချေပေးပါမယ်။”
“……ရပါတယ်။”
ကျွန်မ ဖျစ်ညှစ်ပြုံးပြရင်း ရီဗယ်တီ၏ ကျောကို ပုတ်ပေးလိုက်သည်။
ဘယ်သူ့ကို လက်စားချေပေးမှာလဲ။
တစ်ယောက်က ဧကရာဇ်၊ တစ်ယောက်က မကြာခင် ဧကရီ ဖြစ်လာတော့မှာကို။
ရက်ရှ်တာက ရီဗယ်တီကို အရင်ကတည်းက မုန်းနေတာလေ။
လက်စားချေပေးမယ်ဆိုပြီး ရှေ့ထွက်လိုက်ရင် တန်ပြန်ခံရဖို့ အခွင့်အလမ်းက ပိုများတာပေါ့။
“ရီဗယ်တီ။ ရီဗယ်တီက လက်စားချေဖို့ မဟုတ်ဘဲ၊ ရီဗယ်တီ့ ကိုယ်ကိုယ်ပဲ တွေးနော်။”
“မလုပ်ချင်ပါဘူး။ ကျွန်မကတော့…… ဧကရီ အရှင်မ ကွာရှင်းသွားရင် ဧကရီ အရှင်မ နောက်ကို လိုက်ပြီး အလုပ်အကျွေးပြုချင်ပါတယ်။ ဧကရီ အရှင်မ၊ ကွာရှင်းပြီးသွားရင် ကျွန်မနဲ့ အတူတူ နေကြရအောင်နော်။ ကျွန်မက အလုပ်အကျွေးပြုသွားပါ့မယ်။”
ဤသည်က လုံးဝ မဖြစ်နိုင်သည့် ကိစ္စပင်။
ဧကရီကို အလုပ်အကျွေးပြုခြင်းက မှူးမတ်များကြားတွင် ဂုဏ်ယူစရာဖြစ်သော်လည်း နန်းကျဧကရီကို အလုပ်အကျွေးပြုခြင်းကမူ လုံးဝ ဂုဏ်ယူစရာ မဟုတ်ပေ။
ထို့အပြင် ငယ်ရွယ်သော ရီဗယ်တီကို မည်သည့်အဆက်အသွယ်မျှ မရှိသော အနောက်ဘုရင့်တိုင်းပြည်သို့လည်း ခေါ်မသွားနိုင်။
“လေဒီ ရီဗယ်တီက အရမ်းကို တော်ပြီး ထူးချွန်တဲ့ လူတစ်ယောက် ဖြစ်လာမှာလေ။ ဘယ်လိုများ ငါ့ကိုပဲ အလုပ်အကျွေးပြုခိုင်းနိုင်မှာလဲ။”
ပြုံးရင်း သူ့ကို ချော့မော့ပြီးနောက်၊ ကျွန်မ ရီဗယ်တီ၏ နားထဲသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။
ရက်ရှ်တာနဲ့ မပတ်သက်ပါနဲ့ဟူ၍။
အတိတ်တွင် ပိတ်မိမနေဘဲ၊ ပျော်ရွှင်စရာအရာများကိုသာ အာရုံစိုက်ပါဟူ၍။
ထို့နောက် ကိုယ်ရံတော်ကို အကူအညီတောင်းပြီး ရီဗယ်တီကို လိုက်ပို့ခိုင်းလိုက်သည်။
ပြီးတော့ အိပ်ခန်းထဲတွင် အောင်းနေရင်း ရံရွေတော်များ၊ လက်ထောက်များ၊ ဆာ အာရ်တီနာ တို့ထံသို့ နှုတ်ဆက်စာများ ရေးခဲ့၏။
ကျွန်မ ပြန်လည်ထိမ်းမြားနိုင်သည်ဖြစ်စေ၊ မထိမ်းမြားနိုင်သည်ဖြစ်စေ သူတို့နှင့်တော့ ခွဲခွာရမည် မဟုတ်ပါလား။
ကြိုပြီး နှုတ်ဆက်ထားလိုခြင်းပင်။
ဤအတောအတွင်း ကျေးဇူးတင်ပါသည်ဟူ၍။
အမြဲတမ်း ကျေးဇူးတင်ခဲ့ပါသည်ဟူ၍။
ဒေါသများ၊ မကျေနပ်မှုများကို အကုန်မေ့ပစ်ကာ၊ မိမိတို့၏ ပျော်ရွှင်မှုကို ကာကွယ်ရင်း နေသွားကြပါဟူ၍။
“……”
ကောင်းသည့်စကားများ ရေးနေရင်း ထူးဆန်းစွာ မျက်ရည်များ ကျလာသည်။
စာရွက်ပေါ်သို့ မျက်ရည်များ တောက်လျှောက်ကျနေ၍ ကျွန်မ ခေါင်းမော့ပြီး မျက်နှာကြက်ကို ကြည့်နေလိုက်မိ၏။
ထိုစဉ် ပြတင်းပေါက်ကို တစ်စုံတစ်ရာ ဝုန်းခနဲတိုက်မိသည့် အသံတစ်ခု ကြားလိုက်ရသည်။
‘အပြာရောင်ငှက်များလား။’
ကျွန်မ အံ့ဩသွားကာ ခေါင်းလှည့်ကြည့်လိုက်မိသည်။
မက်ကန်နာကို မြားအကြောင်း ပြောထားပြီးသားကို။
နောက်တစ်ခါ ထပ်လာတာလား။
အလန့်တကြား ပြေးသွားကြည့်လိုက်တော့ ပြတင်းပေါက်ဘောင်ပေါ်တွင် ငှက်ကြီးတစ်ကောင် လဲကျနေ၏။
သို့သော် အပြာရောင်ငှက် မဟုတ်ပေ။
“ကွီးန်။”
~~~~
Miel’s Translations
Morning Star website နဲ့ telegram paid group မှာ အပိုင်း ၁၉၆ အထိ ဖတ်လို့ရပါပြီ။
Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။