အပိုင်း ၆၁ (ကန္တာရပန်း)
နောက်တစ်နေ့တွင် ဗိုင်းကောင့် လိုတဲရှု ရောက်လာသည်နှင့် ချက်ချင်းပင် ရက်ရှ်တာက လက်စွပ်အကြောင်းကို မေးမြန်းလိုက်သည်။
“လွန်ခဲ့တဲ့ ရက်ပိုင်းက ရက်ရှ်တာ ပေးလိုက်တဲ့ လက်စွပ်၊ ဘာလုပ်လိုက်ပြီလဲ။”
ဗိုင်းကောင့် လိုတဲရှုက ထိုင်ခုံပေါ်သို့ပင် မထိုင်ရသေးမီ တရစပ်မေးလာသော မေးခွန်းကြောင့် ကြောင်အမ်းအမ်းဖြစ်ကာ ရပ်နေမိ၏။
ရက်ရှ်တာက စိုးရိမ်တကြီး ထပ်မေးခဲ့သည်။
“လက်စွပ်ကို ဘယ်လိုလုပ်လိုက်လဲလို့။”
“ရောင်းလိုက်ပြီလေ။”
“ရောင်းလိုက်ပြီ၊ ဟုတ်လား။”
“ဘာဖြစ်လို့လဲ။ ငါ့ကို ဝတ်ထားစေချင်လို့ ပေးခဲ့တာမှ မဟုတ်တာ။”
အကယ်၍ သူ့လက်၌သာ ရှိနေသေးလျှင် ကျေးဇူးတင်စရာအနေဖြင့် အခြားအရာတစ်ခုနှင့် လဲပေးရန် ကြံရွယ်ထားသော ရက်ရှ်တာတစ်ယာက် ဒေါသက ငယ်ထိပ်သို့ ရောက်သွားကာ ပါးစပ်မှ ‘ဟူး’ ခနဲ လေမှုတ်ထုတ်လိုက်မိသည်။
တကယ် တစ်မှ တစ်ဆယ်အထိ စိတ်တိုင်းကျစရာ တစ်ကွက်မှမရှိသော လူပင်။
“ထင်တာထက်တော့ ငွေအတော်ရသား။ ငါ့ကို အပေါစားလက်စွပ်ပဲ ပေးတယ်မှတ်နေတာ၊ ဘယ်လိုဖြစ်ပြီး တော်သွားရတာလဲ။”
ဗိုင်းကောင့် လိုတဲရှု၏ တဟားဟားရယ်သံကြောင့် ရက်ရှ်တာ၏ သွေးတိုးက ပို၍မြင့်တက်လာသည်။
သို့သော် လက်စွပ်က လက်ထဲမှ ထွက်သွားပြီဖြစ်၍ ဆိုဗီရ်ရှု ပြောခဲ့သည့်အတိုင်း လက်စွပ်အသစ် မရမချင်း ဘာမှမတတ်နိုင်တော့ပေ။
ရက်ရှ်တာက စိတ်ထဲတွင် တစ်မှ တစ်ဆယ်အထိ ရေတွက်ကာ စိတ်ကို အတတ်နိုင်ဆုံး ငြိမ်အောင်ထိန်းပြီး စားပွဲဆီသို့ လက်ညှိုးညွှန်လိုက်သည်။
“ထိုင်လေ။”
“လူပါးဝချက်။”
ဗိုင်းကောင့် လိုတဲရှုက မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သော်လည်း ရက်ရှ်တာက ပုံမှန်နှင့်မတူဘဲ လက်စွပ်ကိစ္စကြောင့် အလွန်အမင်း ဒေါသထွက်နေသည့် အခြေအနေပင်။
ထို့ကြောင့် ကြောက်စရာကောင်းသော သူ၏ မျက်နှာထားကိုပင် မမှုတော့။
“ရှင်ပြောသလိုပဲ တစ်လှေတည်း စီးကြမှာဆိုရင် အခုကစပြီး ရှင်က ကျွန်မထက်သာတဲ့ နေရာမှာ မဟုတ်တော့ဘူး။ ရက်ရှ်တာကို လာပြီးတော့ ရိုင်းရိုင်းစိုင်းစိုင်း မဆက်ဆံနဲ့။”
ရက်ရှ်တာ၏ ပြတ်သားသော စကားကြောင့် ဗိုင်းကောင့် လိုတဲရှုက ‘ဘာလဲဟ’ ဟူသော အကြည့်ဖြင့် စူးစိုက်ကြည့်လာ၏။
သို့သော် ရက်ရှ်တာက ယပ်တောင်ကိုထုတ်ကာ မျက်နှာကို ခပ်သွက်သွက် ခတ်လိုက်ချိန်တွင် ဗိုင်းကောင့် လိုတဲရှု၏ မကျေနပ်သော စိတ်က ချက်ချင်းပင် ပြေလျော့သွားတော့သည်။
ယပ်တောင်တွင် ချိတ်ဆွဲထားသော တဖျပ်ဖျပ်လက်နေသည့် ကျောက်မျက်ရတနာများက သူ့စိတ်ကို ကြည်နူးသွားစေခြင်းပင်။
‘မကြာခင်မှာ ငါလည်း ဒီလိုအရာတွေကို ပိုင်ဆိုင်ရတော့မှာပဲ’ ဟူသော မျှော်လင့်ချက်ဖြင့် စိတ်ကျေနပ်သွားသော ဗိုင်းကောင့် လိုတဲရှုက ချောင်းတစ်ချက်ဟန့်ကာ စားပွဲတွင် ဝင်ထိုင်လိုက်သည်။
“အေးလေ။ မင်းပြောတာလည်း မှန်သားပဲ။ ကောင်းပြီ...ငါတို့က အခုကစပြီး လုပ်ဖော်ကိုင်ဖက်တွေပဲပေါ့။”
ရက်ရှ်တာက မသတီသလို အကြည့်ဖြင့် ကြည့်ခဲ့သော်လည်း ဗိုင်းကောင့် လိုတဲရှုကမူ မသိချင်ယောင်ဆောင်ကာ မေးလာ၏။
“အခု စိတ်ပိုင်းဖြတ်ပြီးပြီလား။ ငါ့ရဲ့ သည်းခံနိုင်စွမ်းကလည်း တဖြည်းဖြည်း ကုန်နေပြီဆိုတာ သိထားရင်ကောင်းမယ်။”
“ဆုံးဖြတ်ချက်မချခင် ရှင့်ဘက်က ပြပေးရမှာ တစ်ခုရှိတယ်။"
“ပြပေးရမှာ၊ ဟုတ်လား။”
“ရက်ရှ်တာ့အတွက် အကျိုးရှိစေမယ်လို့ ရှင်ပဲ ပြောခဲ့တယ်မဟုတ်လား။ တကယ်ပဲ အကျိုးရှိ၊ မရှိဆိုတာ ရှင့်ရဲ့ အရည်အချင်းကို အရင်ပြပါ။”
“အရည်အချင်း၊ ဟုတ်လား။”
ဗိုင်းကောင့် လိုတဲရှုက တစ်ခါမှ မစဉ်းစားဖူးသည့်အလား အံ့သြတကြီး မေးလာသည်။
ရက်ရှ်တာက ယပ်တောင်ကို ချက်ချင်း ပြန်ပိတ်လိုက်ပြီး လက်တစ်ဖက်ပေါ် တင်လိုက်၏။
“ရှင်က ကျွန်မကို တစ်လှေတည်းမစီးရင် ကလေးအကြောင်း ဖွင့်ချမယ်လို့ ခြိမ်းခြောက်ပေမဲ့ ကျွန်မက ရှင်နဲ့တစ်လှေတည်းစီးပြီးမှ ရှင်က အလုပ်ကို ဖျက်ဆီးမိရင် တစ်လှေတည်း စီးစီး၊ မစီးစီး ကျွန်မအတွက်တော့ အရှုံးပဲလေ။ ဒါကြောင့် အနည်းဆုံးတော့ ရှင့်ရဲ့အရည်အချင်းကို ကျွန်မဆီ ပြပေးမှပေါ့။”
“ဟမ်း... ဒီတော့။ ဘယ်လိုအရည်အချင်းမျိုးကို ပြရမှာလဲ။”
“တူအာနီယာ မြို့စားကတော်ရဲ့ အားနည်းချက်ကို ရှာလာခဲ့ပေး။ မကောင်းသတင်းလိုမျိုးပေါ့။”
~~~~
ကျွန်မ တစ်ပတ်လျှင် နှစ်ကြိမ် ဆိုဗီရ်ရှုနှင့်အတူ ညစာစားလေ့ရှိပြီး ထိုနေ့က ယနေ့ပင်။
မနေ့က သူနှင့် ပြောဆိုခဲ့သည့် စကားများမှာ အဆင်မပြေလှသဖြင့် စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်နေသော်လည်း မည်သို့ပင်ဖြစ်စေ သွားရမည်သာ။
ကျွန်မ အခမ်းအနားများတွင် ဝတ်ဆင်ရသည့် ရှုပ်ထွေးသော ဝတ်စုံများကို ချွတ်လိုက်ပြီးနောက် သက်တောင့်သက်သာရှိသည့် ကောင်းကင်ပြာရောင် ဂါဝန်ကို ပြောင်းလဲဝတ်ဆင်ကာ အရှေ့နန်းဆောင်သို့ ထွက်လာခဲ့သည်။
လျှောက်လှမ်းနေစဉ်အတွင်း ဆိုဗီရ်ရှုနှင့် စကားပြောရာ၌ အိုးတိုးအမ်းတမ်း မဖြစ်ရအောင် မည်သည့်အကြောင်းအရာဖြင့် စကားစရမည်ကို တွေးတောပူပန်နေမိ၏။
သို့သော် ဆိုဗီရ်ရှုနှင့် ညစာစားမည့် အခန်းနားသို့ ရောက်ခါနီးတွင်။
စင်္ကြံအတိုင်း လျှောက်လာရင်း ရက်ရှ်တာနှင့် မျက်နှာချင်းဆိုင် တိုးလေတော့သည်။
သီးသန့်နန်းဆောင်ကိစ္စ၏ နောက်ဆက်တွဲဂယက်က ယခုအထိ ရှိနေသေးသည့်အလား ရက်ရှ်တာက ကျွန်မကို ဂါရဝပြုနှုတ်ဆက်ပြီးနောက် ဘေးသို့ ခပ်ရို့ရို့လေး ဖယ်ပေးသွား၏။
‘မမလို့ ခေါ်မယ်၊ ဘာညာနဲ့ လာပြီး ရင်းနှီးသလို မလုပ်တော့တာပဲ တော်ပါသေးရဲ့။’
ဤမျှအကွာအဝေးတွင် ရှိနေခြင်းက ပို၍အဆင်ပြေပေသည်။
သို့သော် သူ့ဘေးမှ ကျော်ဖြတ်ကာ ခြေလှမ်းအနည်းငယ် လှမ်းလိုက်စဉ်မှာပင်။
“ဟို…… ဧကရီ အရှင်မ။”
အနောက်ဘက်မှ ရက်ရှ်တာက ကျွန်မကို တိုးညင်းစွာ ခေါ်ခဲ့သည်။
ကျွန်မ ရပ်တန့်ကာ လှည့်ကြည့်လိုက်တော့ ရက်ရှ်တာက ချီတုံချတုံဖြစ်နေသည့် ပုံစံဖြင့် စိုက်ကြည့်နေ၏။
“ဘာကိစ္စလဲ။”
ကျွန်မ မေးလိုက်သော်လည်း သူက ချက်ချင်း စကားမပြောဘဲ တွေဝေတုံ့ဆိုင်းနေသည်။
ဘာပြောချင်လို့ပါလိမ့်။
ကျွန်မ မျက်မှောင်ကြုတ်ကာ ကြည့်လိုက်တော့မှ ရက်ရှ်တာက “ဟိုလေ……” ဟုဆိုကာ ဖြည်းဖြည်းချင်း စကားစလာသည်။
“ဧကရီ အရှင်မ။ ဧကရီ အရှင်မမှာက တော်ဝင်မင်းသား ဟိုင်န်ရီ ရှိနေတာပဲမဟုတ်လားရှင့်။ ရင်းနှီးတဲ့ သူငယ်ချင်းလေ။”
ရုတ်တရက်ကြီး တော်ဝင်မင်းသား ဟိုင်န်ရီအကြောင်း ဘာလို့ ထည့်ပြောတာပါလိမ့်။
ကျွန်မနှင့် တော်ဝင်မင်းသား ဟိုင်န်ရီ စာအပြန်အလှန် ပေးပို့နေခြင်းကို သူက သိလျက်နှင့် မသိချင်ယောင်ဆောင်ပေးထားသည်ဟု ပြောခဲ့ဖူးသောစကားကို ယခုလည်း ထပ်ပြောဦးမည်လား။
“အဲ့ဒါကြောင့် မြို့စားမင်း အယ်ရ်ဂီကိုတော့ လာမထိရင် ကောင်းပါမယ်။”
သို့သော် ရက်ရှ်တာ၏ စကားက လုံးဝ ထင်မထားသည့်ဘက်သို့ ရောက်သွားသည်။
“ဘာ။”
ဘယ်သူက ဘယ်သူ့ကို သွားထိတယ်။
‘ငါက မြို့စားမင်း အယ်ရ်ဂီကို သွားထိတယ်တဲ့လား။’
ချက်ချင်းပင် ကျွန်မ အလိုလို ဟက်ခနဲ ရယ်မိသွားတော့သည်။
“ဘယ်လို အဓိပ္ပာယ်မရှိတဲ့စကားတွေမှန်း နားမလည်တော့ဘူး။”
“မြို့စားမင်း အယ်ရ်ဂီက ကျွန်မ အကျပ်ရိုက်နေတဲ့အချိန်မှာ တခြားလူတွေရဲ့စကားကို နားမယောင်ဘဲနဲ့ ကျွန်မကိုပဲ ယုံကြည်ပေးခဲ့တဲ့ ကျွန်မရဲ့ ဘက်တော်သားပါ။”
“အဲ့ဒီတော့။”
“ပြောတဲ့အတိုင်းပါပဲ…… စိတ်၊ စိတ်တော့ မခုဘဲ နားထောင်ပေးပါ။ သူငယ်ချင်းတွေ အများကြီးရှိတဲ့ ဧကရီ အရှင်မက ကျွန်မမှာရှိတဲ့ တစ်ဦးတည်းသော သူငယ်ချင်းကိုပါ အရယူဖို့ လိုမယ်……”
“မလိုဘူး။”
ဘယ်လိုကြောင့် ဤသို့သော အထင်လွဲမှုမျိုး ဖြစ်သွားရမှန်း မသိသော်လည်း လုံးဝ အဓိပ္ပာယ်မရှိသည့် အကြောင်းအရာဖြစ်၍ ကျွန်မ ချက်ချင်းပင် စကားဖြတ်လိုက်သည်။
“ဘာလို့ အဲ့ဒီလို ထူးဆန်းတဲ့ စိုးရိမ်မှုမျိုး ဖြစ်နေလဲတော့ မသိပေမဲ့ စိတ်အေးအေးထား။ မြို့စားမင်း အယ်ရ်ဂီက ငါ့သူငယ်ချင်း မဟုတ်လို့။”
ရက်ရှ်တာက ကျွန်မစကားကြောင့် စိတ်သက်သာရာ ရသွားဟန်ဖြင့် ဝမ်းသာအားရ ပြုံးခဲ့သည်။
“ပြီးတော့ မင်းစကားအတိုင်းပဲ။”
“ရှင်။”
“မင်းကတော့ ငါ့အပိုင်တွေကို မက်မောပေမဲ့ ငါကတော့ မင်းအပိုင်တွေကို မမက်မောဘူး။ ငါက သူတစ်ပါးဆီကနေ လုယူရလောက်တဲ့အထိ ချို့တဲ့မနေတာမို့လို့။”
“...”
ရက်ရှ်တာက စိတ်ထိခိုက်သွားသလို မျက်နှာထားမျိုး လုပ်ခဲ့သော်လည်း ကျွန်မက အရေးမစိုက်ခဲ့။
ကျွန်မ ပုံမှန်အတိုင်းပင်....ဆိုဗီရ်ရှုက အမြဲတမ်း အသည်းမာလှချည်လားဟု ပြောတတ်သည့်.... ထိုမျက်နှာထားဖြင့်ပင် ရက်ရှ်တာ့ဘေးမှ ဖြတ်ကျော်လာခဲ့သည်။
~~~~
ဆိုဗီရ်ရှုရှိရာ အခန်းအတွင်းသို့ ကျွန်မ ဝင်သွားလိုက်ချိန်တွင် ဧကရာဇ်၏ အတွင်းရေးမှူးဖြစ်သူ ဖီရ်နူ နယ်စားမင်း ရောက်ရှိနေသည်။
စကားအကြာကြီးပြောရန် မရည်ရွယ်ထား၍လားမသိ၊ ဆိုဗီရ်ရှုက စားပွဲရှေ့တွင် ထိုင်နေကာ ဖီရ်နူ နယ်စားမင်းကမူ အနားတွင် မတ်တတ်ရပ်နေ၏။
သူက ဦးထုပ်ကိုပင် ကိုင်ထားပြီးပြီဖြစ်ရာ မကြာမီ ထွက်သွားတော့မည့်ပုံပေါ်သဖြင့် ကျွန်မလည်း ဆိုဗီရ်ရှု၏ မျက်နှာချင်းဆိုင်ခုံတွင် အသာလေး ဝင်ထိုင်လိုက်သည်။
အကယ်၍ ကျွန်မ မကြားသင့်သည့် စကားမျိုးဆိုလျှင် ဆိုဗီရ်ရှုက ဝင်လာရန် ခွင့်ပြုမည်မဟုတ်ပေ။
"ကုသခြင်းမှော်အစွမ်း သွင်းထားတဲ့ လက်စွပ်လားခင်ဗျ။"
"ဟုတ်တယ်။"
"လည်ဆွဲ သို့မဟုတ် လက်ကောက်တို့၊ ဓားတို့ဆိုရင်ရော အဆင်ပြေမလားခင်ဗျ။"
"ဟင့်အင်း။ လက်စွပ်ပဲ ဖြစ်ရမယ်။ နေဦး... မဟုတ်ဘူး၊ လက်ကောက်ဆိုလည်း အဆင်ပြေလောက်တယ်။"
"ဟုတ်ကဲ့။ တော်တော်လေး ရှားရှားပါးပါး ထွက်တတ်တာဆိုတော့ အကျိုးသက်ရောက်မှု အတိုင်းအတာ အကြီးဆုံးကိုပဲ ရွေးတာ ပိုကောင်းပါလိမ့်မယ်။"
"ဘာပဲဖြစ်ဖြစ် စုံစမ်းကြည့်လိုက်။ ရပြီဆိုတာနဲ့ ချက်ချင်းဝယ်ပြီး ယူလာခဲ့လိုက်တော့။"
"ဟုတ်ကဲ့ပါ၊ အရှင်ဧကရာဇ်။"
ဆိုဗီရ်ရှုက ထွက်သွားရန် လက်ရိပ်လက်ကဲပြလိုက်ရာ ဖီရ်နူ နယ်စားမင်းက ဆိုဗီရ်ရှုနှင့် ကျွန်မကို တစ်ဆက်တည်း ဦးညွှတ်ဂါရဝပြုပြီးနောက် အပြင်သို့ ထွက်သွားခဲ့သည်။
တံခါးပိတ်သွားသည်နှင့် ဆိုဗီရ်ရှုက ကျွန်မဘက်ကိုကြည့်ပြီး ပြုံးပြကာ အမှုထမ်းများကို အစားအသောက်များ လာချပေးရန် ခေါင်းလောင်းတီး၍ အချက်ပေးလိုက်၏။
ကြိုတင်ပြင်ဆင်ထားကြသည့်အလား အမှုထမ်းများက ဘဲငန်းကင်တုတ်ထိုး၊ အသီးအရွပ်စွပ်ပြုတ်ပျစ်ပျစ်နှင့် ဒိန်ခဲဖြူးထားသည့် ခရင်မ်ပေါင်မုန့် အစရှိသည့် ခမ်းနားသော ညစာများကို ချက်ချင်းပင် တည်ခင်းပေးကြသည်။
အမှုထမ်းများ ပြန်ထွက်သွားပြီးနောက် ဆိုဗီရ်ရှုနှင့် မည်သည့်အကြောင်းအရာ ပြောရမလဲဟု တွေးနေမိသည်နှင့် အချိန်ကိုက်ပင် စောစောက ကြားခဲ့ရသည့် ကိစ္စအကြောင်း စတင်မေးမြန်းလိုက်၏။
"ကုသခြင်းမှော်အစွမ်း သွင်းထားတဲ့ လက်စွပ်ဆိုရင် အရှင်ဧကရာဇ်မှာ တစ်ကွင်းရှိနေတယ် မဟုတ်ဘူးလား။"
"အာ... ဟုတ်ပေမဲ့။ အခု မရှိတော့လို့။"
"အဲ့ဒီလိုကိုး။"
ဘာကြောင့် မရှိတော့ကြောင်း ပြောမပြသည်ကို ကြည့်ခြင်းဖြင့် အသေးစိတ်အကြောင်းရင်းကို အသိမပေးချင်ပုံပင်။
ကျွန်မလည်း ဆက်ပြီး မေးမြန်းမနေတော့ဘဲ ခေါင်းညိတ်လိုက်ပြီးနောက် အရှေ့မှ စွပ်ပြုတ်ကို တစ်ဇွန်း ခပ်သောက်လိုက်သည်။
စကားပြောစရာ ခေါင်းစဉ်တစ်ခု ရှာတွေ့၍ တော်သေးသည်ဟု တွေးမိသော်လည်း တစ်ခွန်းနှစ်ခွန်း ပြောပြီးသည်နှင့် ထိုခေါင်းစဉ်ကလည်း ပြီးဆုံးသွားခဲ့ပြန်၏။
ပန်းကန်များ၊ ခက်ရင်းများနှင့် ဇွန်းများ ထိခတ်သံ ထွက်ပေါ်ခြင်းက ကျင့်ဝတ်ထုံးတမ်းနှင့် မညီညွတ်သဖြင့် ငယ်စဉ်ကတည်းကပင် အသံမထွက်အောင် စားသောက်ရန် ပြင်းပြင်းထန်ထန် လေ့ကျင့်သင်ကြားခဲ့ရသည်။
ထို့ကြောင့် စကားသံများ ပျောက်ကွယ်သွားသော အခန်းထဲတွင် တိတ်ဆိတ်မှု လွှမ်းမိုးသွားတော့၏။
ဆိုဗီရ်ရှုက စွပ်ပြုတ်တစ်ပန်းကန်လုံး ကုန်လုနီးပါးဖြစ်မှ စကားစလာသည်။
"ဧကရီ။ တကယ်လို့ အဆင်ပြေမယ်ဆိုရင် လက်စွပ်အသစ် မတွေ့ခင်အထိ 'ကန္တာရပန်း' ကို ခဏလောက် ငှားပေးလို့ ရမလား။"
'ကန္တာရပန်း' ဆိုသည်မှာ ကျွန်မတွင်ရှိသော လက်စွပ်ဖြစ်ပြီး လွီပ်(ထ်)သို့ သွားရောက်ခဲ့သော ကုန်သည်တစ်ဦးက ဆက်သခဲ့ခြင်းပင်။
ကန္တာရမျိုးနွယ်စု၏ အတော်ဆုံး စစ်သည်တော်များ အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့ကြသည်ဟုဆိုသော ထိုလက်စွပ်တွင် အားကောင်းသော ကုသခြင်းမှော်အစွမ်း ပါဝင်ပေသည်။
ကျွန်မက သိပ်မသုံးဖြစ်သဖြင့် ငှားပေးလိုက်ရန်မှာ ပြဿနာမရှိသော်လည်း... ကျွန်မ၏ အကြည့်က ဆိုဗီရ်ရှု၏ ချောမွတ်နေသော လက်များဆီသို့ အလိုလို ရောက်သွား၏။
ဒဏ်ရာ၊ အမာရွတ် တစ်ခုတစ်လေမျှမရှိဘဲ ချောမွတ်လျက်ရှိနေသည်။
"မဖြစ်မနေ လိုအပ်လို့လားရှင့်။"
ကျွန်မက နားမလည်နိုင်သဖြင့် မေးလိုက်ရာ သူက တိုတိုတုတ်တုတ်ပင် ပြန်ဖြေခဲ့သည်။
"လက်မှာ ဒဏ်ရာရထားတဲ့သူကို ခဏ ငှားပေးချင်လို့။"
"ဘယ်သူလဲရှင့်။"
"ဆက်ဆက် ပြန်ပေးမှာမို့လို့ ခဏလောက်ပဲ ငှားပေး။"
"လေဒီ ရက်ရှ်တာရဲ့ လက်တွေက ကြမ်းတဲ့ပုံပဲနော်။"
ကျွန်မ စကားကြောင့် ဆိုဗီရ်ရှု ဆတ်ခနဲတုန်သွားသည်။
ကျွန်မလည်း ခက်ရင်းကို ချလိုက်ပြီးနောက် လက်သုတ်ပဝါဖြင့် နှုတ်ခမ်းကိုသုတ်ရင်း သူ့ကိုကြည့်ကာ ပြုံးပြလိုက်၏။
"အရှင်ဧကရာဇ်ကိုယ်တိုင် ဝတ်မှာလည်း မဟုတ်ဘူး။ အကြောင်းမဲ့ တခြားမှူးမတ်တွေကို ငှားပေးစရာလည်း အကြောင်းမရှိဘူး။ အဲ့ဒီလိုဆိုလို့ ငှားသွားတဲ့ပစ္စည်းကို ဆုတော်အဖြစ် ချီးမြှင့်မှာလည်း မဟုတ်ပြန်ဘူးလေ။ ကျိန်းသေပေါက် ပြန်ပေးမယ်လို့ အာမခံနိုင်တဲ့အထိဆိုရင် ပြန်ရဖို့ အခွင့်အလမ်း အများဆုံးလူပဲဖြစ်ရမယ်။ အဲ့ဒီလိုလူမျိုးဆိုရင် အရှင်ဧကရာဇ်ရဲ့ လက်ဖဝါးပေါ်မှာ ရှိနေတဲ့လူပဲဖြစ်မှာဆိုတော့ လေဒီ ရက်ရှ်တာပဲ ဖြစ်ရမှာပေါ့။"
ဆိုဗီရ်ရှုက ဘာမှပြန်မပြောဘဲ ကျွန်မကို စိုက်ကြည့်နေရာမှ နဖူးကို လက်ဖြင့်အုပ်လိုက်သည်။
မျက်နှာသေနှင့် နေနေသော်လည်း ရှက်သွားသည့်ပုံစံပင်။
အတန်ကြာမှ သူက သက်ပြင်းချရင်း ပြောလာ၏။
"ငှားမပေးဘူးပေါ့။"
"ငှားပေးနိုင်ပါတယ်။"
"တကယ်လား။"
"ဒါပေမဲ့ အခြေအနေတစ်ခုတော့ ရှိတယ်ရှင့်။"
"အခြေအနေ..."
"အရှင်ဧကရာဇ်မှာရှိတဲ့ မှော်ပစ္စည်းတွေထဲက တစ်ခုကို ကျွန်မဆီ အာမခံအနေနဲ့ထားပြီး ငှားပေးပါ။"
ဆိုဗီရ်ရှုက အဓိပ္ပာယ်မရှိတာဟူသောသဘောဖြင့် ဟက်ခနဲ ရယ်ခဲ့သည်။
"ငါက ပြန်မပေးမှာ စိုးရိမ်လို့လား။"
"မဟုတ်ပါဘူး။ ကျွန်မမှာလည်း ငှားပေးချင်တဲ့လူ ပေါ်လာလောက်မလား မသိနိုင်မို့လို့ပါ။"
"ငှားပေးချင်တဲ့လူ... ဟုတ်လား။"
"မနေ့ကပဲ ပြောခဲ့တယ်မဟုတ်လား။ ကျွန်မ တိုင်းတစ်ပါးသားတွေနဲ့ ပတ်သက်တာကို အရှင်ဧကရာဇ်က မနှစ်သက်ဘူးဆိုတော့ ပြည်တွင်းဖြစ် လူငယ်လေးနဲ့ပဲ ပတ်သက်တော့မယ်ဆိုပြီးတော့လေ။"
ဆိုဗီရ်ရှု၏ မျက်နှာထားက တင်းမာသွားသည်။
"ဒီတော့။ ပြည်တွင်းက လူငယ်ကို ဧကရာဇ်ရဲ့ပစ္စည်း ငှားပေးမယ်ပေါ့။"
ကျွန်မက ခေါင်းညိတ်ပြပြီး ရေတစ်ငုံသောက်ကာ ဘာမှမဖြစ်သလို သူ့ကို ပြန်ကြည့်နေလိုက်သည်။
ပြည်တွင်းမှ လူငယ်ကို ပေးမည်ဆိုသည်မှာ လိမ်ညာလိုက်ခြင်းဖြစ်သော်လည်း သူက ကျွန်မ၏လက်စွပ်ကို ယူသွားမည်ဆိုလျှင် ကျွန်မကလည်း ယင်းနှင့်ထိုက်တန်သော ပစ္စည်းတစ်ခုကို ယူထားမည်ဆိုသည်ကတော့ ကျွန်မ၏ စိတ်ရင်းအမှန်ပင်။
ဆိုဗီရ်ရှုက မကျေမနပ်မျက်နှာဖြင့် ကျွန်မကို စိုက်ကြည့်နေရာမှ ဝုန်းခနဲ ထရပ်လိုက်သည်။
"မငှားပေးချင်ရင်လည်း မငှားဘူးလို့သာ ပြောလိုက်စမ်းပါ။ ဒီကိစ္စကို မပြောခဲ့ဘူးလို့ပဲ သတ်မှတ်လိုက်မယ်။"
~~~~
နောက်ဆုံးတွင် စွပ်ပြုတ်တစ်ပန်းကန်မှလွဲ၍ ဘာမှမစားလိုက်ရပေ။
သို့သော် ထိုသို့ဖြစ်နေသည့်ကြားမှ ဗိုက်က ထပ်ဆာလာပြန်သည်။
'နယ်စားကတော် အယ်လီဇာကို ရေခဲမုန့် ယူလာပေးဖို့ ပြောရမယ်။'
တစ်ခုခုစားလိုက်လျှင် ဆူပွက်နေသောစိတ်က အနည်းငယ် ငြိမ်သက်တန်ရာ၏။
သို့သော်လည်း ဆိုဗီရ်ရှု၏ စိတ်ခုသွားသော မျက်နှာကို မြင်လိုက်ရ၍ ဖြစ်လေမည်လား။
ယခင်တစ်ခါ ဗိုင်းကောင့် လိုတဲရှုကို ခေါ်လာခဲ့သည်ဟုဆိုကာ အထင်လွဲခံရစဉ်နှင့် ရက်ရှ်တာကို ကျွန်ပြေးဟု ကောလာဟလဖြန့်သည်ဆိုကာ အထင်လွဲခံရစဉ်ကထက်စာလျှင် ရင်ထဲ၌ အနည်းငယ် ပေါ့ပါးသွားသလို ခံစားရသည်။
သို့သော် အနောက်နန်းဆောင်အတွင်းသို့ဝင်ကာ လမ်းလျှောက်နေစဉ် လမ်းခုလတ်တွင်။
"တော်ဝင်မင်းသား ဟိုင်န်ရီ။ ကွီးန်။"
တော်ဝင်မင်းသား ဟိုင်န်ရီက ကွီးန်ကို ပွေ့ချီပြီး ရပ်နေသည်။
ဝမ်းသာအားရနှင့် အနားသို့ သွားကြည့်လိုက်ရာ တော်ဝင်မင်းသား ဟိုင်န်ရီ ပွေ့ချီထားသော ငှက်မှာ ကွီးန် မဟုတ်ပေ။
"ကွီးန် မဟုတ်ပါလား။"
ခန္ဓာကိုယ်ကလည်း ကွီးန်ထက် အနည်းငယ် သေးငယ်ကာ တောင်ပံများကလည်း ရွှေရောင်မဟုတ်ဘဲ အပြာရောင်ဖြစ်နေသည်။
ဟင့်အင်း၊ မျက်နှာပေါက်ပါ လုံးဝကွဲပြားနေခြင်းပင်။
"ကွီးန်ရဲ့ လက်အောက်ငယ်သားပါ။"
"လက်အောက်ငယ်သား။ သူငယ်ချင်း မဟုတ်ဘူးလား။"
"သူငယ်ချင်းဆိုရင်လည်း ဟုတ်ပေမဲ့ တရားဝင်ကတော့ လက်အောက်ငယ်သားပေါ့ဗျာ။"
တော်ဝင်မင်းသား ဟိုင်န်ရီက ရယ်ကာမောကာ ပြောပြီးနောက် ငှက်၏ ခေါင်းကို တတောက်တောက် ခေါက်လိုက်သည်။
ကျွန်မလည်း ငှက်၏ မျက်နှာထားကိုကြည့်ပြီး ရယ်မိသွား၏။
ငှက်က အင်မတန် မကျေမနပ် ဖြစ်နေသည့် အမူအရာမျိုးပင်။
"တော်ဝင်မင်းသား ဟိုင်န်ရီ မွေးထားတဲ့ ငှက်တွေက မျက်နှာထား တော်တော်စုံတာပဲနော်။"
"အဲ့ဒီလိုလားဗျ။"
"ကွီးန်ကလည်း အံ့သြတဲ့မျက်နှာထား၊ ဝမ်းနည်းတဲ့မျက်နှာထား၊ ရှက်သွားတဲ့မျက်နှာထားတွေကို ခဏခဏ ပြတတ်တာလေ။"
ကျွန်မ လက်ကို အသာဆန့်ထုတ်ကာ ဟိုင်န်ရီ ပွေ့ချီထားသော ငှက်၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
ဤငှက်သည်လည်း အလွန်ပင် ယဉ်ပါးပုံရကာ သူစိမ်းက ထိကိုင်နေသည်ကိုပင် ငြိမ်ငြိမ်လေး ခံနေရှာ၏။
"သူကတော့ စိတ်ကောက်နေတဲ့ ပုံစံလေးပဲ။"
"သူက အမြဲတမ်း ဒီလိုပါပဲ။ ဒီကောင်က အမြဲတမ်း မျက်နှာကြီး စူပုပ်နေတတ်တာဗျ။"
ဟိုင်န်ရီ၏ စကားကြောင့် ငှက်၏ မျက်နှာထားက ပို၍စူသွားသော်လည်း... ထိုအမူအရာလေးကပင် ချစ်စရာကောင်းနေသဖြင့် ကျွန်မလည်း ငှက်ကို ပွတ်သပ်နေရင်းမှ မေးလိုက်သည်။
"ချီကြည့်လို့ ရမလားဟင်။"
ကျိန်းသေပေါက် ခွင့်ပြုမည်ဟု ထင်ထားခဲ့သော်လည်း တော်ဝင်မင်းသား ဟိုင်န်ရီက မထင်မှတ်ဘဲ ပြတ်ပြတ်သားသား ငြင်းခဲ့သည်။
"မရပါဘူး။"
"မရဘူးလား။"
"ဟုတ်ကဲ့။"
အကြောင်းရင်းကို မပြောသော်လည်း သူက မလိုလားသော မျက်နှာထားဖြစ်နေသဖြင့် ကျွန်မလည်း ခေါင်းသာညိတ်လိုက်ရသည်။
'ငါလည်း ကိုယ်ပိုင်ငှက်လေး တစ်ကောင်လောက် မွေးရင်ကောင်းမလား...'
အနားက မခွာချင်သေးသဖြင့် ငှက်၏ လည်ပင်းကို ပွတ်သပ်ပေးနေစဉ်မှာပင် တော်ဝင်မင်းသား ဟိုင်န်ရီက ရုတ်တရက် အနောက်သို့ ဆုတ်သွားသည်။
ကျွန်မ နားမလည်သလို ကြည့်လိုက်ရာ သူက ချက်ချင်းပင် နူးညံ့စွာပြုံးရင်း ပြောလာ၏။
"ငှက်က သူ့အခန်းသူ ပြန်သွားချင်နေတဲ့ပုံမို့လို့ပါ။"
"ငြိမ်ငြိမ်လေး နေနေတာကို။"
"နှလုံးခုန်သံတွေ မြန်လာလို့လေ။ တကယ်တော့ သူက လူစိမ်းကြောက်တဲ့ငှက်ဗျ။ သတ္တိရှိတဲ့ ကွီးန်လိုမဟုတ်ဘဲ ငကြောက်မို့လို့ပါ။"
ကြောက်တတ်သလား မသိသော်လည်း ဟိုင်န်ရီကို စိုက်ကြည့်နေမှန်းတော့ ကျွန်မ သိလိုက်သည်။
သို့သော် ငှက်က ဟိုင်န်ရီကို မကျေနပ်ကြောင်း ဖော်ပြနေမည့်အစား စိတ်မပါ့တပါနှင့် ထပျံကာ တစ်နေရာရာသို့ အားမရှိသလို တဖျပ်ဖျပ်နှင့် ပျံသန်းသွားလေ၏။
"ဒီလောက် အားမရှိသလို ပျံတဲ့ငှက်မျိုး တစ်ခါမှ မမြင်ဖူးဘူး။"
"သူက အမြဲတမ်း အဲ့ဒီလိုပါပဲ။"
"နေမကောင်းလို့များလား။"
"ကျန်းမာပါတယ်ဗျာ။ ဒီအတိုင်း ဆန္ဒပြနေတာပါ။"
"ဆန္ဒပြတယ်။ ဘာဖြစ်လို့လဲ။"
"ဟုတ်ပါရဲ့။ ဘာကို ဆန္ဒပြနေတာပါလိမ့်။ ဧကရီ အရှင်မ ချီချင်နေတာကို ကျွန်တော်က တားလိုက်လို့များ စိတ်ကောက်သွားတာလားမသိဘူး။"
သူ့ဘာသာ ရေရွတ်နေခြင်းလား၊ ကျွန်မကို မေးနေခြင်းလား မသိသော်ငြား တော်ဝင်မင်းသား ဟိုင်န်ရီ၏ မျက်နှာထားကလည်း ထူးဆန်းနေသည်ကို သတိထားမိလိုက်သည်။
သူက လက်ပိုက်ထားရင်း ငှက်ပျံသန်းသွားသည့် အမြီးပိုင်းကို စိုက်ကြည့်နေ၏။
ထို့နောက် ကျွန်မ၏ အကြည့်ကို သတိထားမိသွား၍လားမသိ၊ ချက်ချင်းပင် ရွှင်ရွှင်ပျပျ ပြုံးပြရင်း ပြောလာသည်။
"ဘာလို့ စိတ်ကောက်ပြီး ထွက်သွားတာလဲဆိုတာကိုတော့ နောက်မှပဲ မေးကြည့်ရမယ်။"
"ငှက်နဲ့ စကားပြောလို့ ရတာလား။"
"ဟုတ်ကဲ့။ အကယ်၍ တကယ်ပဲ ဧကရီ အရှင်မ ချီမှာကို ကျွန်တော်က တားလိုက်လို့ စိတ်ကောက်တာဆိုရင်တော့ တင်ပါးကို ဆယ်ချက်လောက် ဖြတ်ရိုက်ပစ်ဖို့ စဉ်းစားထားပါတယ်။"
တင်ပါးကို ရိုက်မည်ဟူသည့် စကားကြောင့် ကျွန်မလည်း အမှတ်တမဲ့ ရယ်မိသွားတော့သည်။
"ဘာလို့ ရယ်တာလဲဗျ။"
"အာ... ကွီးန်ကို သတိရသွားလို့ပါ။"
"ဗျာ။"
"ကျွန်မလည်း တစ်ခါတလေ ကွီးန်ရဲ့ တင်ပါးလေးကို ပုတ်ပေးတတ်လို့လေ။"
"..."
"အရမ်း ချစ်စရာကောင်းတဲ့ တင်ပါးလေး မဟုတ်လား။"
"အာ... အဲ့ဒါက... ကျေးဇူးတင်ပါတယ်ဗျ။"
"ရှင်။"
တော်ဝင်မင်းသား ဟိုင်န်ရီက ဘာလို့ မျက်နှာကြီး ဒီလောက်တောင် နီရဲသွားတာပါလိမ့်။
ကျွန်မ နားမလည်သလို ကြည့်နေသော်လည်း သူက နားရွက်များပါ နီရဲနေသည့် မျက်နှာဖြင့် အဝေးတစ်နေရာသို့သာ အကြည့်လွှဲနေခဲ့သည်။
အာ... ငှက်တင်ပါးအကြောင်းကို အရမ်း ပွင့်ပွင့်လင်းလင်း ပြောလိုက်မိလို့များလား။
သူကိုယ်တိုင် ပြောခဲ့သလိုပဲ မိန်းမလိုက်စားတဲ့လူ မဟုတ်တာများလား...
ဒါပေမဲ့လည်း ငှက်တင်ပါးအကြောင်း ပြောတာလေးကို ဒီလောက်အထိ မျက်နှာနီသွားရတယ်လို့။
'ထင်မထားလောက်အောင် အဖြူထည်လေးပဲ။'
ထင်မှတ်မထားသည့် အချက်လေးကြောင့် ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရသည်။
သူ ဤမျှအထိ ရှက်နေသည့်ကိစ္စကို ဆက်ပြောနေ၍ မဖြစ်ပေ။
ကြုံကြိုက်တုန်း မေးချင်တာလေးလည်း ရှိနေသဖြင့် ကျွန်မလည်း အလျင်အမြန်ပင် စကားလမ်းကြောင်း လွှဲလိုက်သည်။
"ဒါနဲ့ တော်ဝင်မင်းသား ဟိုင်န်ရီ။ ရှင့်ကို မေးချင်တာ တစ်ခုရှိတယ်။"
တော်ဝင်မင်းသား ဟိုင်န်ရီက လက်တစ်ဖက်ဖြင့် ပါးကို အုပ်ထားရင်း ကျွန်မကို အနိုင်နိုင် ပြန်ကြည့်လာသည်။
"ဟုတ်ကဲ့။ မေးပါ၊ ကွီးန်။"
"မနေ့က မြို့စားမင်း အယ်ရ်ဂီနဲ့ တွေ့ခဲ့ပေမဲ့..."
"အာ... အလို။"
တော်ဝင်မင်းသား ဟိုင်န်ရီက ကျွန်မ သူနှင့် တွေ့ခဲ့သည်ကို မနှစ်သက်သလို မျက်ခုံးများကို ကျုံ့ကာ မေးလာသည်။
"အဲ့ဒီကောင်က ကွီးန်ကို လာပြီး ပရောပရည်မလုပ်ဘူးလားဗျ။"
"အဲ့ဒီလိုတော့ မဟုတ်ပါဘူး။"
"တော်ပါသေးရဲ့။"
"အဲ့ဒီအစား သူက ထူးဆန်းတဲ့ စကားတွေ ပြောသွားလို့..."
"ဘာတွေများ ပြောသွားလို့လဲဗျ။"
တော်ဝင်မင်းသား ဟိုင်န်ရီက အနည်းငယ် စိုးရိမ်နေသည့် မျက်နှာဖြင့် ကျွန်မကို စိုက်ကြည့်လာသည်။
'ဘယ်လိုပဲဖြစ်ဖြစ် မကောင်းပြောတဲ့ စကားတွေကိုတော့ ပြန်မပြောပြတာ ပိုကောင်းမလား။ ပေါ့ပြက်ပြက်နိုင်တဲ့လူဆိုတာမျိုးတွေ။'
ယခုမူ သူတို့နှစ်ယောက်က တကယ် ရင်းနှီးသော သူငယ်ချင်းများ ဟုတ်ရဲ့လားဟု သံသယဖြစ်မိသော်လည်း။
ဒါပေမဲ့လည်း အပေါ်ယံမှာတော့ နှစ်ယောက်က အခင်ဆုံး သူငယ်ချင်းတွေပဲ မဟုတ်လား။
ထိုအစား နယ်စားမင်း အယ်ရ်ဂီ ပြောရန်ပြင်ပြီးမှ မပြောဖြစ်ခဲ့သော အကြောင်းအရာနှင့် ပတ်သက်ပြီး မေးလိုက်သည်။
"သူက သူ့ကို ဒီခေါ်ခဲ့တာ တော်ဝင်မင်းသား ဟိုင်န်ရီလို့ ပြောသွားတယ်။"
"...ဟုတ်ပါတယ်။"
"ပြီးတော့၊ တော်ဝင်မင်းသား ဟိုင်န်ရီက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက တစ်ခုခုကို အကောင်အထည်ဖော်တည်ဆောက်နေခဲ့တယ်လို့လည်း ပြောသွားပါသေးတယ်။"
"..."
~~~~
Miel's Translations
[TL/N : Chapter update နဲ့ပတ်သက်ပြီး အသိပေးစရာလေးရှိပါတယ်။ အခု အပိုင်းက အရှေ့အပိုင်းတွေနဲ့ယှဉ်ရင် စာပိုများပြီး ရှည်နေတာကို သတိထားမိကြမယ်ထင်တယ်နော်။ တကယ်တော့ ဒါက မူရင်း chapter အတိုင်း တစ်ပိုင်းလုံး အပြည့်အစုံ တင်ပေးထားတာပါ။ ဒီဝတ္ထုက Main Story ၂၆၂ ပိုင်းနဲ့ Extra ၇၅ ပိုင်း ရှိပါတယ်။ သူ့ရဲ့ chapter တစ်ပိုင်းစီက ပုံမှန် webnovel တွေရဲ့ ၂ပိုင်းစာလောက်နီးပါး ရှည်တာပါ။ အဲ့ဒါကြောင့် အရှေ့မှာ မီက ဒီဝတ္ထုအတွက် အချိန်သိပ်မပေးနိုင်လို့ မူရင်း chapter တစ်ပိုင်းကို ၂ပိုင်းခွဲပြီး ဘာသာပြန်ခဲ့တယ်ပေါ့နော်။ ဒါက ဝတ္ထုစတင်ကတည်းကလည်း ပြောထားဖူးပါတယ်။ အရှေ့မှာ ပြီးသွားတဲ့ အပိုင်း ၆၀ က တကယ်တော့ မူရင်းဝတ္ထုမှာ အပိုင်း ၃၀ပဲ ရှိတာရယ်။ ဒါပေမဲ့ အခုကစပြီး သူ့အတွက် အချိန်ပေးနိုင်ပြီမို့လို့ ရှေ့လျှောက်ကို တစ်ဝက်စီ မခွဲတော့ဘဲ မူရင်းဝတ္ထုအတိုင်း chapter တစ်ပိုင်းဆို တစ်ပိုင်းလုံး အပြည့်တင်ပေးသွားပါမယ်။ ဒါပေမဲ့ ရှုပ်ထွေးသွားမှာစိုးလို့ chapter နံပါတ်တွေကိုတော့ မူရင်းအတိုင်းပြန်ပြောင်းပြီး မတပ်တော့ပါဘူး။ နောက်မှ မူရင်းဝတ္ထုထက် ဘာကြောင့် အပိုင်းတွေ ပိုများနေတာလဲဆိုပြီး အရှုပ်အရှင်း ဖြစ်မလာရအောင် အခြေအနေအကျိုးအကြောင်းလေး ရှင်းပြပြီးတော့ ရှေ့လျှောက် update တင်ပေးမဲ့ပုံစံအကြောင်း အသိပေးရခြင်းဖြစ်ပါတယ်။]