အပိုင်း ၁၀၇ (ကျုပ်က ဘာလို့ ခင်ဗျားရဲ့အစ်ကိုကြီးလဲ….)
“ဆာ ခိုရှာရ်။ ဒီပုဂ္ဂိုလ်က အနောက်ဘုရင့်တိုင်းပြည်ရဲ့ ပထမမြောက် ဟိုင်န်ရီ အရှင်မင်းမြတ်ပါ။”
ထိုလူက စောစောက နောက်ပြောင်ကျီစယ်နေသော အမူအရာများကို ဖျောက်ဖျက်ကာ ဟိုင်န်ရီကို ခိုရှာရ်နှင့် အလျင်အမြန် မိတ်ဆက်ပေးခဲ့သည်။
ခိုရှာရ်ကလည်း စည်းကမ်းတကျပင် ဟိုင်န်ရီကို ဂါရဝပြု နှုတ်ဆက်ခဲ့၏။
မြို့စားအိမ်တော်၏ ဆက်ခံသူတစ်ဦးအနေဖြင့် အတောမသတ်နိုင်အောင် ရဲတင်းလွန်းသူဟု ထင်မှတ်ခဲ့သော်လည်း၊ ယခုမူ ကျောင်းသုံးပြဌာန်းစာအုပ်ထဲကအတိုင်း အပြစ်ပြောစရာမရှိသော အပြုအမူမျိုး ဖြစ်နေသည်။
ဟိုင်န်ရီနှင့် ခိုရှာရ်တို့ မည်သို့သောစကားမျိုး ပြောကြမည်ကို သိချင်သဖြင့် ထိုလူက စိုးရိမ်တကြီးနှင့် သူတို့နှစ်ယောက်ကို ကြည့်နေမိ၏။
“ပင်ပန်းသွားပြီ။ ပြန်တော့။”
သို့သော် ဟိုင်န်ရီက ထိုလူကို ထွက်သွားရန်သာ အမိန့်ပေးခဲ့သည်။
ထိုလူလည်း နှမြောတသဖြစ်နေသည့်တိုင် မတတ်သာဘဲ လှည့်ထွက်သွားရတော့၏။
ခိုရှာရ်က ထိုလုပ်ရပ်အားလုံးကို အကဲခတ်နေခဲ့သည်။
အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း အတွင်းစိတ်ကမူ အတော်လေး အံ့အားသင့်နေမိ၏။
တောပုန်းဓားပြလို လူစားမျိုးက “နောက်ကျရင် ညီမဖြစ်သူနဲ့ ဆက်ဆက်မိတ်ဆက်ပေးပါ့မယ်” ဟု ပြောသွားသောကြောင့် မဟုတ်ပေ။
လမ်းတစ်လျှောက်လုံးတွင်ရော၊ နန်းတော်ထဲသို့ ဝင်လာသည့်တိုင်အောင်ပါ ‘ဟုတ်ပါ့မလား’ ဟု သံသယဝင်နေခဲ့သော်လည်း၊ တကယ် အနောက်ဘုရင့်တိုင်းပြည်၏ ဘုရင်က သူ့ကို စောင့်ကြိုနေသောကြောင့်ပင်။
‘ဘာပဲဖြစ်ဖြစ် အတော်ပဲဖြစ်သွားတာပေါ့။’
အနောက်ဘုရင့်တိုင်းပြည်၏ ဘုရင်နှင့် တွေ့ဆုံရပြီဖြစ်၍ ဧကရာဇ်၏ ချစ်သူကို လက်မလွှတ်ဘဲ တော်ကောက်ပေးရန် သူ့ကို တိုက်တွန်းရပေမည်။
“အရှင်မင်းမြတ် ဟိုင်န်ရီ။”
ခိုရှာရ်က ဝတ်ကျေတမ်းကျေ နှုတ်ဆက်စကားဆိုရန် ပါးစပ်ပြင်လိုက်သည်။
သို့သော် သူ နှုတ်မဆက်ရသေးခင်မှာပင် မှင်တက်စရာတစ်ခု ဖြစ်ပျက်ခဲ့၏။
“အစ်ကိုကြီး။ ဒီလိုမျိုး အရင်ဆုံး တွေ့လိုက်ရတာကိုး။”
ပထမမြောက် ဟိုင်န်ရီက သူ့ကို ‘အစ်ကိုကြီး’ ဟု ခေါ်လိုက်ခြင်းပင်။
ခိုရှာရ် တစ်ချက် ကြက်သေသေသွားတော့သည်။
“……ခင်ဗျာ။”
အင်မတန် အံ့သြမှင်တက်နေမိသဖြင့် ဘာမှပြန်မပြောနိုင်ခဲ့ပေ။
ခိုရှာရ် ငြိမ်သက်နေသည်ကိုမြင်တော့ ဟိုင်န်ရီက ရယ်ခဲ့သည်။
“အာ... ဘာမှ မသိသေးဘူးကိုး။”
တကယ်တော့ ဟိုင်န်ရီကိုယ်တိုင်လည်း သိထားသည်က သိပ်မရှိလှပေ။
သို့သော် ယခုအချိန်တွင် နာဗီရယ်၏ အစ်ကိုကို တွေ့ရပြီ၊ ခေါ်လာနိုင်ပြီဟူသော အတွေးနှင့်ပင် အခြားအရာများကို ထည့်မစဉ်းစားနိုင်တော့။
ဇနီးသည်ထံတွင် အမှတ်ရချင်လျှင် ယောက္ခမအိမ်တော်မှလူများကို အရင်စည်းရုံးရမည်ဟု ကြားဖူးနားဝရှိ၏။
နာဗီရယ်ကို တစ်ဖက်သတ် ချစ်နေသော ဟိုင်န်ရီ၏ မျက်လုံးထဲတွင် ခိုရှာရ်၏ ခေါင်းပေါ်၌ ‘သိမ်းသွင်းရမည့်ပစ်မှတ် ၁’ ဟု စာတန်းထိုးထားသလိုပင်။
ဆန့်ကျင်ဘက်အနေဖြင့် ဘာမှမသိသေးရှာသော ခိုရှာရ်ကမူ ဘာပြန်ပြောရမှန်း မသိဖြစ်နေ၏။
ဆိုဗီရ်ရှုနှင့်ဆိုလျှင် တစ်ခါတစ်ရံ စည်းကျော်ပြီး စကားများတတ်သော်လည်း၊ ထိုသို့ဖြစ်ရသည်မှာ ငယ်စဉ်ကတည်းက ရန်ဖြစ်လာခဲ့သောကြောင့်ပင်။
ထိုသို့သော ခိုရှာရ်ပင် တရားဝင်ပွဲလမ်းသဘင်များတွင် ဆိုဗီရ်ရှုအပေါ် အင်မတန် ရိုသေလေးစားစွာ ဆက်ဆံတတ်၏။
နာဗီရယ် သင်ယူခဲ့ရသော နန်းတွင်းစည်းမျဉ်းထုံးတမ်းများကို ခိုရှာရ်က မသင်ခဲ့ရဘဲနေမည်မဟုတ်ပေ။
ထို့ကြောင့် အခြားတိုင်းပြည်မှ ဘုရင်က ရုတ်တရက် ‘အစ်ကိုကြီး’ ဟု ခေါ်လာသည်နှင့် ‘ညီလေးရေ’ ဟု ပြန်ထူးရန်မှာ မဖြစ်နိုင်သောကိစ္စပင်။
“ဘာစကားမှန်း……”
ခိုရှာရ် သံသယဖြင့် မေးလိုက်ရာ ဟိုင်န်ရီက “အာ... ဟုတ်သားပဲ” ဟု ဆိုကာ ဖော်ရွေသဘောကောင်းလှသော အပြုံးနှင့် တံခါးဘက်သို့ လက်ညှိုးညွှန်ပြခဲ့သည်။
“အရင်ဆုံး ဝင်ပါဦး။ ရေမိုးချိုး နားပြီးမှ စကားပြောတာ ပိုကောင်းပါလိမ့်မယ်။ ပင်ပန်းနေမှာပေါ့။”
“...”
“ဒါနဲ့ ညီမဖြစ်သူနဲ့ တော်တော်တူတာပဲနော်။”
“....”
~~~~
ခိုရှာရ်အတွက် ပြင်ဆင်ထားသော အခန်းက နွေးထွေးပြီး အေးချမ်းကာ ကျယ်ဝန်းလှပပေသည်။
မျက်စိပသာဒဖြစ်သော အညိုရောင်သမ်းသည့် အပြင်အဆင်များ၊ အသုံးပြုထားသော သစ်သားပရိဘောဂများကလည်း အဆင့်မြင့်ပြီး လှပလှ၏။
ရေချိုးခန်းထဲတွင် နှင်းဆီပွင့်ချပ်များ ဖြူးထားသော ရေနွေးနွေးရှိနေပြီး၊ သူ့ကိုယ်တိုင်းနှင့် အံကိုက်ဖြစ်မည့် အဝတ်အစားများလည်း အဆင်သင့်ရှိနေသည်။
‘ကိုယ်တိုင်းကို ဘယ်လိုသိတာပါလိမ့်။’
ဟိုင်န်ရီက အရွယ်အစားမျိုးစုံနှင့် အဝတ်အစားများကို ကြိုတင်ပြင်ဆင်ထားခဲ့ကြောင်း မသိသော ခိုရှာရ်တစ်ယောက် သရဲပူးနေသလို ခံစားနေရ၏။
‘အကျိုးအကြောင်းကြားရရင်တော့ သိရမှာပါလေ။’
ခိုရှာရ်က အဆင်သင့်ရှိနေသော အဝတ်အစားများကို လဲလှယ်ဝတ်ဆင်ပြီးနောက် အစေခံမိန်းကလေး၏ လမ်းပြမှုဖြင့် ဟိုင်န်ရီနှင့် သွားတွေ့ခဲ့သည်။
ထူးဆန်းသည်မှာ ဟိုင်န်ရီက စောစောကလောက် စိတ်မကြည်လင်သည့်ပုံပင်။
စားပွဲရှေ့တွင် ထိုင်နေသော်လည်း မျက်နှာက ညှိုးမှိုင်နေကာ နဖူးကြောများ ရှုံ့ထား၏။
သို့သော် ခိုရှာရ်ကို မြင်သည်နှင့် ကိုယ်တိုင်ထရပ်ကာ ကြိုဆိုပြီး၊ ထို ‘အစ်ကိုကြီး’ ဟူသော အခေါ်အဝေါ်ကို ထပ်သုံးပြန်သည်။
“အစ်ကိုကြီးလည်း အနီရောင်နဲ့ ကောင်းကောင်းလိုက်ဖက်မယ်လို့ ထင်သားပဲ။”
“အရှင်မင်းကြီး။ စိုးရွံ့မိပေမဲ့ စောစောကတည်းက ကျွန်တော့်ကို အစ်ကိုကြီးလို့ တောက်လျှောက်ခေါ်နေတာက……”
“ဪ... ရှင်းပြပေးပါ့မယ်။”
သို့သော် ခိုရှာရ်ကို ဘေးတွင် ထိုင်ခိုင်းလိုက်သော ဟိုင်န်ရီက အလွယ်တကူ စကားမစနိုင်ဘဲ ဖြစ်နေ၏။
ခိုရှာရ်ကလည်း စိတ်ရှည်လက်ရှည် စောင့်နေခဲ့သည်။
၅ မိနစ်ခန့် ကြာပြီးနောက်မှ ဟိုင်န်ရီက ပွင့်ပွင့်လင်းလင်း ဖွင့်ဟလာ၏။
“တကယ်တော့ ကျွန်တော်လည်း သိထားတာ သိပ်မရှိပါဘူး။”
“……ဗျာ။”
“သေချာတာတစ်ခုကတော့ ကျွန်တော်က ညီမဖြစ်သူ၊ ဆိုလိုတာက ဧကရီအရှင်မ နာဗီရယ်နဲ့ လက်ထပ်ဖို့ ကတိပြုထားတယ်ဆိုတာပါပဲ။”
ခိုရှာရ် ရေသောက်နေရင်း သီးသွားတော့သည်။
သူ တဟွတ်ဟွတ် ချောင်းဆိုးနေစဉ် ဟိုင်န်ရီက အမြန်ပင် လက်ကိုင်ပဝါ ကမ်းပေးလာ၏။
ခိုရှာရ် လက်ကိုင်ပဝါကို လှမ်းယူလိုက်စဉ် ယင်းအပေါ်တွင် ထိုးထားသော အတိုကောက်စာလုံးကို မြင်ပြီး အံ့ဩမှင်တက်သွားရသည်။
နာဗီရယ်၏ အတိုကောက်စာလုံးပင်။
ထို့အပြင် ဤလက်ကိုင်ပဝါ၏ ချည်ပန်းပုံစံက ကျိန်းသေပေါက်….
“အလို။”
ဟိုင်န်ရီက လက်ကိုင်ပဝါကို အမြန်ပြန်သိမ်းလိုက်ကာ အခြားတစ်ထည်ကို ထုတ်ပေးရင်း အိုးတိုးအမ်းတမ်း ပြုံးပြခဲ့သည်။
“တောင်းပန်ပါတယ်။ ခဏခဏ ထုတ်ကြည့်တတ်တော့ ဒါကပဲ အရင်ထွက်လာလို့ပါ။”
“အဲ့ဒီလက်ကိုင်ပဝါက……”
“နဂိုက ဧကရီအရှင်မ နာဗီရယ်ရဲ့ပစ္စည်းပါ။”
ထင်သည့်အတိုင်းပင်။
ထိုလက်ကိုင်ပဝါက သူတို့၏ဖခင် မကျွမ်းကျင်သော လက်ရာဖြင့် ကိုယ်တိုင် ချည်ပန်းထိုးပေးထားခဲ့ခြင်းဖြစ်ပေသည်။
“သိပါတယ်။ ကျွန်တော့်အဖေက ကိုယ်တိုင်လုပ်ပြီး လက်ဆောင်ပေးခဲ့တာမို့လို့ပါ။”
“ဟင်။ အဲ့ဒီလိုလား။”
ဟိုင်န်ရီက ဝင်းလက်စွာ ပြုံးလိုက်ပြီး တစ်စုံတစ်ရာကို တွေးမိသွားပုံဖြင့် မျက်နှာနီမြန်းလျက် မျက်လုံးများ ကစားနေ၏။
“ယောက္ခမကြီးဆီကနေ ကျွန်တော့်ဆီ ရောက်လာတာကိုး။”
ယခုတစ်ကြိမ်တွင် ရေသောက်မနေ၍ တော်သေးသည်ဟု ခိုရှာရ် တွေးလိုက်မိသည်။
ထိုမင်းပျိုမင်းလွင် ပြောနေသည်များကို သူ လုံးဝနားမလည်နိုင်အောင် ဖြစ်နေ၏။
ယောက္ခမတဲ့လား၊ နေပါဦး အဲ့ဒါထက် အဲ့ဒီလက်ကိုင်ပဝါက ဘာလို့ အဲ့ဒီဘုရင်ဆီမှာ ရှိနေရတာလဲ။
“အာ… ဧကရီအရှင်မ နာဗီရယ်က ကျွန်တော့်ကို ပေးခဲ့တာပါ။”
ဟိုင်န်ရီက ခိုရှာရ် သူ့လက်ကိုင်ပဝါကို စိုက်ကြည့်နေကြောင်း သတိထားမိသွားကာ ရှင်းပြခဲ့သည်။
“လည်ပင်းမှာ ပတ်ပေးခဲ့တာလေ။”
ခိုရှာရ် ရေသောက်နေရင်း နောက်တစ်ကြိမ် သီးသွားပြန်သည်။
သူ တဟွတ်ဟွတ် ဖြစ်နေစဉ် ဟိုင်န်ရီက အမြန် ကျောကိုပုတ်ပေးလာ၏။
ခိုရှာရ် မျက်နှာကြီး နီမြန်းလျက် “ခင်ဗျာ” ဟု ပြန်မေးလိုက်မိသည်။
လည်ပင်းမှာ ပတ်ပေးခဲ့တယ်။
နာဗီရယ်က အဲ့ဒီဘုရင်ကိုလား။
“အလို၊ ဒါက လျှို့ဝှက်ချက်ကို။”
နာဗီရယ်က သူ ငှက်ဖြစ်နေစဉ် ပတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သတိရသွားသော ဟိုင်န်ရီက အမြန် ထပ်ဖြည့်ပြောခဲ့သည်။
‘လျှို့ဝှက်ချက်အနေနဲ့ ပတ်ပေးခဲ့တာတဲ့လား။’
ခိုရှာရ် ပို၍ အံ့သြသွားကာ ရေခွက်ကို လက်နှစ်ဖက်နှင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည်။
ခေါင်းထဲတွင် ရှုပ်ထွေးကုန်၏။
ဒါတွေက ဘာတွေလဲ။
နာဗီရယ်က ဘာလို့ အဲ့ဒီဘုရင်ရဲ့လည်ပင်းမှာ လက်ကိုင်ပဝါ ပတ်ပေးရတာလဲ။
ဟိုင်န်ရီက လက်ကိုင်ပဝါ ထည့်ထားသော ရင်ဘတ်ကို လက်နှင့် ဖိထားရင်း၊ ကျေနပ်သော အပြုံးဖြင့် စကားဆက်လာသည်။
“အခြေအနေက စိုးရိမ်ရတာမို့ အရင်ဆုံး ရှင်းပြပါ့မယ်။ ကျွန်တော် ဧကရီအရှင်မ နာဗီရယ်နဲ့ လက်ထပ်ဖို့ ကတိပြုထားပါတယ်။”
“ဘယ်လိုဖြစ်ပြီး……”
“ကျွန်တော်လည်း အကြောင်းရင်း အတိအကျတော့ မသိပါဘူး။ ဒါပေမဲ့ ဧကရီအရှင်မက အရင် လက်ထပ်ခွင့်တောင်းခဲ့တာပါ။”
“နာ... နာဗီရယ်ကလား။”
“ကျွန်တော့်အထင်တော့…… ဧကရာဇ် ဆိုဗီရ်ရှုက ဧကရီအရှင်မနဲ့ ကွာရှင်းဖို့ ပြင်ဆင်နေတဲ့ပုံပါပဲ။”
ရှော့ခ်ရနေသော ခိုရှာရ်၏ မျက်နှာက အေးစက်စွာ တည်ငြိမ်သွားသည်။
“အဲ့ဒါက ဘာစကားလဲဗျ။”
ထိုမျက်နှာထားက နာဗီရယ်နှင့် အတော်လေး တူနေသဖြင့် ဟိုင်န်ရီ၏ ရင်ခုန်သံများ မြန်လာရ၏။
“ပြောခဲ့သလိုပဲ၊ ကျွန်တော်လည်း အသေးစိတ်တော့ မသိပါဘူး။ ဒါပေမဲ့ ဧကရီအရှင်မက အကြောင်းရင်းမရှိဘဲနဲ့တော့ ကျွန်တော့်ကို ဒီလိုမျိုး လက်ထပ်ခွင့်တောင်းမှာ မဟုတ်ဘူးလေ။”
“……”
“ဝမ်းနည်းရပေမဲ့လည်း၊ အဲ့ဒီပုဂ္ဂိုလ်က ကျွန်တော့်ကို နိုင်ငံရေးအရ လက်ထပ်ဖို့ ကမ်းလှမ်းခဲ့တာပါ။”
နာဗီရယ်။
ငယ်စဉ်ကတည်းက ဧကရီဖြစ်ရန်သာ ကြီးပြင်းလာပြီး၊ မိမိကိုယ်ကိုယ်နှင့် ဧကရီနေရာကို ခွဲခြားမတွေးတတ်သော သူ၏ အဖိုးတန်ညီမငယ်။
ထိုသို့သော ညီမငယ်က အနောက်ဘုရင့်တိုင်းပြည်၏ ဘုရင်ကို အရင်ဆုံး နိုင်ငံရေးအရ လက်ထပ်ရန် ကမ်းလှမ်းခဲ့သည်ဆိုလျှင် ကျိန်းသေပေါက် အကြောင်းရင်း ရှိရပေမည်။
ပထမမြောက် ဟိုင်န်ရီ ခန့်မှန်းသလိုလည်း ဖြစ်နိုင်၏။
“အဲ့ဒီလိုကိုး။”
ခိုရှာရ် ခေါင်းညိတ်လိုက်သည်။
ပုံမှန်ဆိုလျှင် မသိသော်လည်း၊ ယခုအချိန်တွင် ဆိုဗီရ်ရှုက အသစ်ရထားသော ချစ်သူအပေါ် တမ်းတမ်းစွဲဖြစ်နေ၏။
ထို့အပြင် ထိုချစ်သူ လွယ်ထားသည့် ကလေးလည်း ရှိနေ၏။
အချစ်ကြောင့် စုံလုံးကန်းနေသူက အရူးလုပ်ရပ်များကို အလွယ်တကူ လုပ်တတ်ပေသည်။
ဆိုဗီရ်ရှုက ချစ်သူအား ကွာရှင်းပေးမည်ဟု ကတိပေးနေသည်ကို နာဗီရယ် ကြားသွားခဲ့ခြင်းပဲလား မသိနိုင်သော်လည်း……
“ကြည့်ရတာ အဲ့ဒီလက်ထပ်ခွင့်ပန်မှုကို လက်ခံလိုက်တဲ့ပုံပဲ။ ဘာလို့လဲဗျ။”
နားမလည်နိုင်အောင် ဖြစ်နေမိသည်။
သူ့ညီမ နာဗီရယ်က ထိုနေရာအတွက် တစ်ဘဝလုံး ပုံအောထားသူဖြစ်၍ ကွာရှင်းရတော့မည့်အရေးတွင် ထိုသို့ ကမ်းလှမ်းခဲ့သည်ဟု ဆိုနိုင်သော်လည်း ပထမမြောက် ဟိုင်န်ရီက ဘာကြောင့် ရုတ်တရက် နာဗီရယ်၏ ကမ်းလှမ်းချက်ကို လက်ခံရသနည်း။
မိမိ၏ညီမက အင်မတန် ချစ်စရာကောင်းသည်မှာ မှန်သော်လည်း၊ မှူးမတ်များနှင့် တော်ဝင်မျိုးနွယ်များ၏ လက်ထပ်ထိမ်းမြားမှုဆိုသည်မှာ ဆွဲဆောင်မှုတစ်ခုတည်းနှင့် လုပ်ကြသည်မဟုတ်ပေ။
အကျိုးအမြတ်ကို တွက်ချက်ပြီးမှ လုပ်ကြခြင်းဖြစ်သည်။
ပထမမြောက် ဟိုင်န်ရီတွင်လည်း ကျိန်းသေပေါက် နိုင်ငံရေးအရ တွက်ချက်ထားသော အကြံအစည်များ ရှိနေလိမ့်မည်ဟု ခိုရှာရ် ယူဆလိုက်၏။
“ကျွန်တော်က အဲ့ဒီပုဂ္ဂိုလ်ကို သဘောကျနေတာမို့လို့ပါ။”
သို့သော် ဟိုင်န်ရီ၏ အဖြေက ရိုးရှင်းလွန်းလှသည်။
ခိုရှာရ်၏ မျက်လုံးကြီးများ ဝိုင်းစက်သွား၏။
ဘာရယ်။
“တကယ်လားဗျ။”
“ကျွန်တော် အဲ့ဒီပုဂ္ဂိုလ်ကို ချစ်ပါတယ်။ အဲ့ဒါကြောင့် အဲ့ဒီပုဂ္ဂိုလ်ရဲ့ ကမ်းလှမ်းချက်ကို ချက်ချင်း လက်ခံလိုက်တာပါ။”
ဟိုင်န်ရီ၏ ရဲရဲဝံ့ဝံ့ ကြေညာချက်ကြောင့် ခိုရှာရ် မှင်တက်သွားရသည်။
သူ၏ စိတ်ထဲတွင် ပထမမြောက် ဟိုင်န်ရီအပေါ် ထားရှိသော အကဲဖြတ်ချက်များက အလျင်အမြန် ပြောင်းလဲသွားတော့၏။
‘အမြင်မရှိသော ဘုရင်’ မှ ‘အမြင်ရှိသည့် ဘုရင်’ အဖြစ်သို့ ပြောင်းသွားခြင်းပင်။
အေးလေ။
တိုင်းပြည်တစ်ခုရဲ့ အရှင်သခင်ဆိုရင် အမြင်က အဲ့ဒီလောက်တော့ ရှိသင့်တာပေါ့။
ထိုအကဲဖြတ်ချက်က ညီမအပေါ်ထားရှိသောအချစ်နှင့် ပေါင်းစပ်သွားကာ ခိုရှာရ် ကျေနပ်သွားမိသည်။
ပြန်တွေးကြည့်တော့လည်း ဤမင်းပျိုမင်းလွင်က အလွန်လှပသော မျက်နှာနှင့် ဆန်းကြယ်သော အငွေ့အသက်များ ရှိနေသည်။
သူ့ညီမနှင့် ယှဉ်တွဲရပ်နေလျှင် ကြည့်ကောင်းမည့်ပုံပင်။
သို့သော် ယုံကြည်ရခက်သော အချက်တစ်ခုက ကျန်နေသေး၏။
ကောလာဟလများအရ ပထမမြောက် ဟိုင်န်ရီက အင်မတန် အပျော်အပါးမက်သည့် လူရှုပ်လူပွေဖြစ်သည်ဟု……
“ကျွန်တော်က လူရှုပ်လူပွေ မဟုတ်ပါဘူး။”
ဟိုင်န်ရီက ခိုရှာရ်၏ မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားသည်ကို မြင်သည်နှင့် သူ ဘာတွေးနေကြောင်း ရိပ်မိသွားကာ အမြန် ဆင်ခြေပေးခဲ့သည်။
“လူရှုပ်လူပွေလိုမျိုး နေခဲ့တာတော့ မှန်ပေမဲ့ အဲ့ဒါက တမင်တကာ လုပ်ခဲ့တာပါ။ ဘယ်တုန်းကမှ စည်းကျော်ခဲ့တာမျိုး မရှိပါဘူး။”
“တမင်တကာ လုပ်ခဲ့တာတဲ့လား။”
ဟိုင်န်ရီက ဤအပိုင်းကို ရှင်းမပြချင်ပေ။
သူ လွတ်လပ်သော လူရှုပ်လူပွေအဖြစ် ဟန်ဆောင်ခဲ့ရခြင်းတွင် အကြောင်းရင်း နှစ်ခုရှိသည်။
တစ်ခုက လူတို့ကို အာရုံလွှဲထားပြီး စစ်ပွဲအတွက် ပြင်ဆင်ရန်ဖြစ်ကာ၊ နောက်တစ်ခုက သူ့ထက် အရည်အချင်း နိမ့်ကျသည်ဟု အကဲဖြတ်ခံရသော အစ်ကိုတော်အတွက်ပင်။
သို့သော် နှစ်ခုစလုံးက သူစိမ်းကို ပြောပြရန် မသင့်တော်ပေ။
စစ်ပွဲအတွက် ပြင်ဆင်နေခြင်းက လျှို့ဝှက်ချက်ဖြစ်ပြီး၊ အစ်ကို့အတွက် လုပ်ခဲ့သည်ဆိုသည်မှာလည်း အစ်ကို့ကို စော်ကားသလို ဖြစ်သွားနိုင်သောကြောင့်ပင်။
ဟိုင်န်ရီ နှုတ်ဆိတ်နေသဖြင့် ခိုရှာရ်လည်း အကြောင်းတစ်ခုခုရှိမည်ဟု ယူဆကာ စကားလမ်းကြောင်းလွှဲလိုက်သည်။
“နာဗီရယ်နဲ့ လက်ထပ်ဖို့ ကတိပေးထားတယ်ဆိုတာ သိပါပြီ။ ဒါဆို လုပ်ငန်းစဉ်တွေကရော။ ဘယ်လိုလုပ်ဖို့ ဆုံးဖြတ်ထားတာလဲ။ နာဗီရယ် ကွာရှင်းမှာက သေချာနေပြီလား။”
“အဲ့ဒါက ပြဿနာပါ။”
ဟိုင်န်ရီ သက်ပြင်းချလိုက်သည်။
“အာ၊ သုံးဆောင်ရင်းနဲ့ နားထောင်ပါ၊ အစ်ကိုကြီး။”
ခိုရှာရ်တစ်ယောက် ‘အစ်ကိုကြီး’ ဟု အခေါ်ခံရသည်ကို အနေခက်သဖြင့် ထိုသို့ မခေါ်ရန် ပြောချင်သော်လည်း၊ ညီမဖြစ်သူအတွက် ကြိတ်မှိတ်အောင့်အည်းကာ ခက်ရင်းနှင့် ဓားကို ကိုင်လိုက်ရသည်။
“ဟုတ်ကဲ့။”
“နဂိုကတော့ ကျွန်တော်နဲ့ ဧကရီအရှင်မ နာဗီရယ်က စာပို့ငှက်ကိုသုံးပြီး ဆက်သွယ်ခဲ့ကြတာပါ။”
“စာပို့ငှက်။”
“ဟုတ်ပါတယ်။ အခုကိစ္စ အသေးစိတ်ကိုလည်း စာပို့ငှက်ကနေတစ်ဆင့် သိရဖို့ လုပ်ထားခဲ့တာပါ။”
ဟိုင်န်ရီ၏ မျက်နှာ ညှိုးငယ်သွားသည်။
“ဒါပေမဲ့ အစ်ကိုကြီး ရေချိုးနေတုန်းမှာ သတင်းဆိုးတစ်ခု ရောက်လာပါတယ်။”
“ဘာသတင်းလဲ။”
“ဧကရာဇ် ဆိုဗီရ်ရှုက ကျွန်တော်နဲ့ ဧကရီအရှင်မ ဆက်သွယ်နေတာကို ရိပ်မိသွားတဲ့ပုံပါပဲ။”
“အလို။”
“စာပို့ငှက်ကနေတစ်ဆင့် တိုက်ရိုက် ဆက်သွယ်လို့ မရတော့ဘူးဆိုတော့…… တကယ်တမ်းပြောရရင် ကျွန်တော်လည်း စိတ်ညစ်နေတာပါ။ တခြားနည်းလမ်း ရှာရတော့မယ် ထင်တယ်……”
“စဉ်းစားထားတဲ့နည်းလမ်း ရှိလားဗျ။”
“ကျွန်တော့်သူငယ်ချင်းတစ်ယောက် ဟိုမှာ ရှိနေတော့၊ အဲ့ဒီဘက်ကို စာပို့ငှက် လွှတ်ရင် ကောင်းမလားလို့ စဉ်းစားမိပါတယ်။”
ဟိုင်န်ရီ ခေါင်းခါလိုက်သည်။
“ဒါပေမဲ့ ဖြစ်မယ်မထင်ပါဘူး။ ဧကရာဇ် ဆိုဗီရ်ရှုက အခုကစပြီး ငှက်တွေကို စောင့်ကြည့်နေတော့မှာဆိုတော့၊ ကျိန်းသေပေါက် သံသယဝင်မှာပါ။”
ဟိုင်န်ရီ၏ မျက်နှာက အတော်လေး ညှိုးငယ်နေ၏။
ခိုရှာရ်က ခက်ရင်းကို ချလိုက်ကာ သူ့ကို အသေအချာ စိုက်ကြည့်နေမိသည်။
သူက ပထမမြောက် ဟိုင်န်ရီအကြောင်း များများစားစား သိမထားပေ။
လူချင်းတွေ့ဆုံခြင်းက ယခုမှ ပထမဆုံးဖြစ်ပြီး၊ ကြားဖူးသမျှက မြို့စားမင်း အယ်ရ်ဂီဆိုသူနှင့်အတူ လူမှုရေးလောကတွင် နာမည်ကြီးနေသော လူရှုပ်လူပွေတစ်ဦးဟူ၍သာ။
သို့သော် ယခု ဟိုင်န်ရီ၏ မျက်နှာက အင်မတန် တည်ကြည်လှသည်။
သူ့ကို ရည်ရွယ်ချက်ရှိရှိ ဤနေရာအထိ ခေါ်ဆောင်လာခဲ့ခြင်းလည်း ရှိသေး၏။
နာဗီရယ်အတွက် တကယ် စိုးရိမ်ပေးနေသည့်ပုံပင်။
တဒင်္ဂ စိတ်ကစားမိသော လူရှုပ်လူပွေတစ်ယောက်၏ အချစ်မျိုး ဖြစ်နေစေဦးတော့……
‘ကူကယ်ရာမဲ့ ကွာရှင်းခံရတာထက်စာရင်တော့ ပိုကောင်းမှာပဲ။’
ခိုရှာရ်က ညီမဖြစ်သူအတွက် ဧကရီနေရာဆိုသည်မှာ အာဏာ၏ ထိပ်ဆုံးဟုသာ အဓိပ္ပာယ်မရကြောင်း သိထားသည်။
ငယ်စဉ်က ပျော်ပျော်ရွှင်ရွှင် ကစားနေကြသော ကလေးများကို ပြတင်းပေါက်မှတစ်ဆင့် ငေးကြည့်နေခဲ့ရသော ကလေးငယ်၏ အားကျစိတ်က တဖြည်းဖြည်း လမ်းကြောင်းပြောင်းကာ ဧကရီနေရာအပေါ် ထားရှိသော စိတ်အားထက်သန်မှုနှင့် ဇွဲလုံ့လအဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်းပင်။
‘ငါ မကစားရတာက ဧကရီဖြစ်ရမှာမို့လို့’၊ ‘ငါ စိတ်ကြိုက် မစားရတာက ဧကရီဖြစ်ရမှာမို့လို့’၊ ‘ငါ ဒါကို သည်းခံရမှာက ဧကရီဖြစ်ရမှာမို့လို့’။
နာဗီရယ်က ထိုအတွေးများဖြင့် မိမိကိုယ်ကိုယ် ဖျောင်းဖျရင်း ငယ်ဘဝကို ချိုးနှိမ်ဖြတ်သန်းလာခဲ့သည်။
ထိုမျှ ကြိုးစားခဲ့ပါလျက် ဘာအပြစ်မှမရှိဘဲ ဧကရီနေရာမှ နှင်ထုတ်ခံရသည့်အခါ ညီမဖြစ်သူ ခံစားရမည့် ဒဏ်ရာက မည်မျှ ကြီးမားမည်ကို ခန့်မှန်း၍ရနေ၏။
ခိုရှာရ်က လောလောဆယ် ထူးဆန်းသော ဤ ပထမမြောက် ဟိုင်န်ရီနှင့် လက်တွဲရန် ဆုံးဖြတ်လိုက်သည်။
“ကျွန်တော့်မှာ နည်းလမ်းရှိပါတယ်။”
“နည်းလမ်း ဟုတ်လား။”
“ကျွန်တော့်သူငယ်ချင်း ဖာရ်အန်း မားကီးစ်က မြို့တော်အစွန်က အိမ်တော်မှာ စာပို့ငှက်တွေကို မွေးထားပါတယ်။”
“အာ။ အဲ့ဒီဘက်ကို စာပို့ငှက်လွှတ်ရင် ရတာပေါ့။”
“ကျွန်တော် သီးသန့်စာတစ်စောင် ပို့ထားလိုက်ရင်၊ သူက အတွင်းက အကြောင်းအရာတွေကို ကြည့်မှာမဟုတ်ပါဘူး။ အဲ့ဒီသူငယ်ချင်းကနေတစ်ဆင့် နာဗီရယ်ဆီ စာပေးရင် ရပါတယ်။”
ဟိုင်န်ရီ၏ မျက်နှာက ဝင်းလက်သွားတော့သည်။
~~~~
“သတင်းစာထဲမှာ ‘အဲ့ဒီမိန်းမ’ အကြောင်း ပါလာပြီးကတည်းက အပြင်မှာတော့ တော်တော်လေးကို ပွက်လောရိုက်နေတာပါ။”
“အဲ့ဒီမိန်းမက ပုံပြင်ထဲက မင်းသမီးလေး ဖြစ်သွားသလိုမျိုး အားလုံးက ပြောနေကြတာလေ။”
ရံရွေတော်များ ပြောပြသော အပြင်မှ သတင်းများထဲတွင် ကျွန်မအတွက် ဝမ်းသာစရာသတင်းမရှိပေ။
ရက်ရှ်တာကတော့ တော်တော်လေး သဘောတွေ့နေမှာပေါ့။
လူတို့က ဧကရာဇ်၏ အချစ်ကို တစ်ကိုယ်တည်းမောင်ပိုင်စီးထားသည့် သာမန်အရပ်သားချစ်သူတွင် မှူးမတ်အနွယ်တော်မိဘများ ရှိနေသည်ဟူသော သတင်းကို ကြားပြီးနောက်၊ သူ့ကို သက်ရှိ နတ်သမီးပုံပြင်လေး ဟူ၍ ခေါ်ကြသည်ဟုဆို၏။
နောင်တစ်ချိန်တွင် ရက်ရှ်တာသာ ဧကရီနေရာအထိ တက်သွားမည်ဆိုလျှင် ပို၍ပင် ပွက်လောရိုက်သွားပေလိမ့်မည်။
သာမန်အရပ်သားတွေကတော့ ကျိန်းသေပေါက် ဝမ်းသာကြမှာပေါ့။
စိတ်အနှောင့်အယှက်ဖြစ်နေရုံနှင့် ကျွန်မသာ ခံစားရမည်ဖြစ်ရာ ဘာမှပြန်မပြောဘဲ ဟိုင်န်ရီနှင့် ဆက်သွယ်နိုင်မည့် နည်းလမ်းကိုသာ တွေးနေခဲ့သည်။
ယခုအထိ စဉ်းစားမိသမျှထဲတွင် စိတ်ဝင်စားစရာအကောင်းဆုံးက ဖာရ်အန်း မားကီးစ်၏ စာပို့ငှက်ကို ငှားရန်ပင်။
သို့သော် ဤသည်ကလည်း ပြဿနာရှိသေး၏။
ထိုစာပို့ငှက်က ဟိုင်န်ရီဆီ တိုက်ရိုက် သွားနိုင်ပါ့မလားဆိုသည်မှာ မသေချာပေ။
ဟိုင်န်ရီ၏ စာပို့ငှက်က ဘယ်သို့သောနည်းလမ်းနှင့် ကျွန်မအခန်းသို့ တန်းရောက်လာနိုင်ကြောင်းကို မသိရသဖြင့် ဤအချက်က စိုးရိမ်စရာဖြစ်နေသည်။
ထိုသို့ အကြာကြီးစဉ်းစားနေစဉ်မှာပင်၊ ထင်မှတ်မထားဘဲ ကျွန်မ တွေးနေမိသော ဖာရ်အန်း မားကီးစ်က တကယ် ရောက်လာ၏။
“ဘာကိစ္စရှိလို့လဲ။”
ရံရွေတော်များ ထွက်သွားပြီးနောက်၊ ဖာရ်အန်း မားကီးစ်က ပြုံးလျက် ရင်ဘတ်ထဲမှ စာတစ်စောင် ထုတ်ပေးခဲ့သည်။
“ပေးစရာရှိလို့ပါ။”
အံ့သြစရာကောင်းလောက်အောင် သူ ယူလာပေးသည်က ဟိုင်န်ရီ၏စာ ဖြစ်နေ၏။
“ဒါကို မားကီးစ်က ဘယ်လိုလုပ်ပြီး……”
“ခိုရှာရ်က အကူအညီတောင်းလို့ပါ။”
“အစ်ကိုက။”
“ဘာတွေရေးထားလို့လဲဗျ။ လုံးဝမဖတ်ဘဲ မြန်မြန်ပေးလိုက်ပါလို့ မှာထားတာပါ။”
ဟုတ်ပါရဲ့။ ဘာတွေရေးထားပါလိမ့်။
ကျွန်မ ခေါင်းခါပြကာ စာအိတ်ကို ယူလိုက်သည်။
ဖာရ်အန်း မားကီးစ်မှတစ်ဆင့် လာခြင်းဖြစ်၍လားမသိ၊ စာတွင် ချိပ်တံဆိပ် ခတ်နှိပ်ထား၏။
ကျွန်မ တံဆိပ်ကို ခွာပြီး စာကို အမြန် ထုတ်ဖတ်လိုက်သည်။
- အကြောင်းအရာ အသေးစိတ်ကို သိချင်ပါတယ်။ အတူတူ အစီအစဉ်ဆွဲမှပေါ့။ အေးအေးဆေးဆေးလုပ်ဖို့ အချိန်ရမလား၊ ဒါမှမဟုတ် အမြန်လုပ်ဖို့ လိုအပ်မလားဆိုတာကိုရောပါ။
- ကွီးန်ရဲ့ အစ်ကိုနဲ့ တွေ့ခဲ့ပါတယ်။ ကွီးန်နဲ့ အများကြီး တူတာပဲ။ ကွီးန်ကို တွေ့ချင်လာရပါတယ်။
- ဘယ်လိုအရောင်ကို ကြိုက်တတ်လဲ။ ဘယ်လိုမျိုး အခန်းကို ကြိုက်လဲ။ ပြောပြပေးမယ်ဆိုရင် ကြိုပြီး အခန်းပြင်ဆင်ထားပေးပါ့မယ်။
ဟိုင်န်ရီ၏ စာကို မြင်လိုက်ရသည်နှင့် နေရာအနှံ့ စုပြုံနေသော စိုးရိမ်မှုများက ကြွက်သားနာကျင်မှုများ ပျောက်ကင်းသွားသလို လွင့်ပါးသွားတော့သည်။
ထူးဆန်းစွာပင် ရယ်လည်းရယ်မိ၏။
သူက တကယ် လူကို နေသာထိုင်သာရှိအောင် လုပ်ပေးနိုင်တဲ့ အရည်အချင်း ရှိတာပဲ။
ဒီလိုကိစ္စမျိုးတွေ ကြားထဲမှာတောင်မှ…….
“ဘယ်လိုစာလဲတော့ မသိပေမဲ့ ကောင်းတဲ့စာဖြစ်မယ်ထင်တယ်ဗျ။”
“အာ...ဖာရ်အန်း မားကီးစ်။”
ရှိနေသေးတာပဲ။
ခဏ မေ့သွားတယ်။
သူရှိနေကြောင်း နောက်ကျမှ သိလိုက်ရပြီး လှမ်းကြည့်လိုက်ရာ၊ ဖာရ်အန်း မားကီးစ်က နောက်ရွှတ်ရွှတ်နှင့် ထိတ်လန့်သွားသော အမူအရာ လုပ်ပြကာ ရယ်လျက် လက်ဝှေ့ယမ်းပြလာသည်။
“ကောင်းတဲ့စာဆိုရင် ရပါပြီ။ ပြန်စာ ရေးလိုက်ပါ။ စာကို ပါးစပ်နဲ့ ကိုက်လာတဲ့ ငှက်က ကျွန်တော့်အိမ်မှာ ရှိနေသေးတာမို့လို့ အဲ့ဒီငှက်နဲ့ပဲ ပြန်ပို့ပေးလိုက်ပါ့မယ်။”
“ဧကန္တ…အပြာရောင်ငှက်လေးက ယူလာပေးတာလား။”
“ဟုတ်ပါတယ်။ အခု အစာခွက်ထဲ ထည့်ထားပေးတယ်ဆိုတော့ ဗိုက်ဝအောင် စားနေလောက်ရောပေါ့။”
~~~~
Miel’s Translations
Morning Star website နဲ့ telegram paid group မှာ အပိုင်း ၁၈၈ အထိ ဖတ်လို့ရပါပြီ။
Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။