အပိုင်း ၁၀၃ (အပြာရောင်ငှက်အပေါ် သံသယများ)
မက်ကန်နာက ဘာလို့ ဒီမှာ အဝတ်ဗလာနဲ့ ဖြစ်နေရတာလဲ……
သူက အနောက်ဘုရင့်တိုင်းပြည်မှာ ရှိနေရမှာ မဟုတ်ဘူးလား။
ဟိုင်န်ရီ၏ လူယုံတော်၊ ကိုယ်ရံတော်နှင့် အတွင်းရေးမှူးဖြစ်သည့် သူက ဘာကြောင့် မြို့စားမင်း အယ်ရ်ဂီ၏ အိပ်ရာပေါ်သို့ ရောက်နေမှန်း နားမလည်နိုင်အောင် ဖြစ်နေမိသည်။
ထို့အပြင် တစ်နေရာရာတွင် ဒဏ်ရာရထားသလို ညည်းတွားနေ၏။
သူ ဒဏ်ရာရထားသည်ဆိုလျှင် သိသလိုလိုနှင့် သတင်းမေးသင့်သော်လည်း……ဝတ်လစ်စားလစ် ဖြစ်နေတော့။
တစ်ဖန် ကျွန်မကလည်း ပြတင်းပေါက်အပြင်ဘက်မှ ချောင်းကြည့်နေသူလို ဖြစ်နေပြန်သည်။
အရင်ဆုံး တံခါးခေါက်လိုက်တာကောင်းမယ်ဟု တွေးကာ ပြတင်းပေါက်နားမှ ထွက်ခွာရန် ပြင်လိုက်စဉ် တိုက်တိုက်ဆိုင်ဆိုင် မက်ကန်နာက ကျွန်မရှိရာဘက်ကို လှည့်ကြည့်လာ၏။
သူ၏မျက်လုံးများ ပြူးကျယ်သွားကာ၊ ပျာပျာသလဲနှင့် ကျွန်မဆီ ပြေးလာတော့သည်။
ထို့နောက် အမြန်ပြန်လှည့်သွားပြီး စောင်ကို ဆွဲယူပတ်ပြီးမှ ပြန်လာကာ မေးခဲ့၏။
“ဧကရီ အရှင်မ။ ဧကရီ အရှင်မက ဘာလို့ ဒီမှာရှိနေတာလဲခင်ဗျ။”
ကျွန်မ ပြောရမည့်စကားကို သူက အရင်ပြောလာသဖြင့်…
“ကျွန်မကမှ မေးချင်နေတာပါ။”
“ဗျာ။ အာ၊ အဲ့ဒါက……”
ရှင်းပြရခက်နေတာလား။
မက်ကန်နာက မျက်လုံးများကို ဟိုဟိုဒီဒီ ကစားရင်း အကျပ်ရိုက်နေသည်။
ထိုစဉ် စကားပြောရန် ပါးစပ်ဟလိုက်ချိန်မှာပင် တံခါးပွင့်သွားကာ မြို့စားမင်း အယ်ရ်ဂီ၏ မြူးတူးသော အသံကို ကြားလိုက်ရ၏။
“မက်ကန်နာ၊ ဘယ်လိုပဲဖြစ်ဖြစ် ပြန်ချွတ်ရမှာပဲကို မဖြစ်မနေ အဝတ်ဝတ်ရမှဖြစ်မှာလား။”
သူ့လက်ထဲတွင် သေတ္တာတစ်လုံး ကိုင်ထားလျက်ရှိသည်။
မြို့စားမင်း အယ်ရ်ဂီက ပြတင်းပေါက်နားတွင် ရပ်နေသော မက်ကန်နာနှင့် ကျွန်မကို တွေ့သွားတော့ “အို” ဟု ဆိုကာ ရပ်တန့်သွား၏။
တစ်ချက် အံ့သြသွားဟန်ပြခဲ့သော်လည်း၊ မကြာမီမှာပင် လေချွန်လိုက်ကာ ပြုံးစစနှင့် ပြောလာသည်။
“ငါတို့တော့ ထပ်အမိခံရပြန်ပြီပဲ။”
မက်ကန်နာက ငိုမဲ့မဲ့မျက်နှာနှင့် အော်ဟစ်ခဲ့သည်။
“ခုနကတည်းက ပြောနေတာ၊ အဲ့ဒီလို ထူးဆန်းတဲ့ နောက်ပြောင်မှုတွေ တစ်ဆိတ် ရပ်လိုက်ပါတော့လို့။”
“ပျော်ဖို့ကောင်းလို့လေ။ ငါက ဒီလိုမျိုးတွေကို ကြိုက်တာ။”
“ကျွန်တော်က မကြိုက်ဘူးဗျ။ ကျွန်တော်က။ မဟုတ်တောင် နောက်လို့နောက်မှန်း လုံးဝ သိမှာမဟုတ်တဲ့ ပုဂ္ဂိုလ်က…… တောင်းပန်ပါတယ်။”
‘နောက်ပြောင်တာမှန်း လုံးဝ သိမှာမဟုတ်တဲ့ ပုဂ္ဂိုလ်’ ဆိုတာ ငါ့ကို ပြောတာလား။
မက်ကန်နာက မြို့စားမင်း အယ်ရ်ဂီကို ပြန်အော်နေရင်းမှ ရုတ်တရက် ကျွန်မဘက်လှည့်ကာ တောင်းပန်လာသည်ကို ကြည့်ရုံနှင့် သိသာလှသည်။
“ရပါတယ်။ အလုပ်ရှုပ်နေရင် နောက်မှ လာခဲ့ရမလား။”
လိုက်ကာကို ပြန်ပိတ်ပေးဟန်ပြုရင်း ကျွန်မလည်း နောက်ပြောင်တတ်သူတစ်ယောက်ဖြစ်ကြောင်း လုပ်ရပ်နှင့် ပြလိုက်တော့၊ မက်ကန်နာက မျက်နှာတစ်ခုလုံး နီမြန်းသွားကာ မြို့စားမင်း အယ်ရ်ဂီကို အပြစ်တင်တော့သည်။
“ကြည့်ပါလား၊ အထင်လွဲသွားပြီ မဟုတ်လား။”
“……”
မဟုတ်တာ။
ငါလည်း လိုက်ပြီး နောက်လိုက်တာပဲကို။
လူတို့က ကျွန်မ နောက်ပြောင်လျှင် ဘာကြောင့် အတည်ပေါက်ဟုသာ ထင်နေကြမှန်း မသိတော့။
မက်ကန်နာက အလောတကြီး ကျွန်မကို ရှင်းပြလာသည်။
“ကျွန်တော်က ဒီအတိုင်း အရှင်မင်းကြီး ဟိုင်န်ရီရဲ့ စေခိုင်းမှုကြောင့် လာခဲ့တာကို အမှတ်မထင် ဒဏ်ရာရသွားတာနဲ့ ဒီကို ခဏ……”
သို့သော် သူက စကားအဆုံးမသတ်နိုင်ဘဲ ဗိုက်ကို ဆုပ်ကိုင်ကာ ခါးကို ကိုင်းလိုက်၏။
“ဆာ မက်ကန်နာ။”
လန့်သွားသဖြင့် ခြေဖျားထောက်ကာ ခါးကို အခန်းထဲသို့ အနည်းငယ်ကိုင်းပြီး သူ့ကို ဖမ်းထိန်းလိုက်မိသည်။
“အဆင်ပြေရဲ့လား။”
ထိုအခါမှ စောင်အောက်တွင် ကွယ်နေ၍ ကောင်းကောင်းမမြင်ရသော ပတ်တီးများကို တွေ့လိုက်ရတော့၏။
စောစောကတည်းက ညည်းတွားနေတာ ဒါကြောင့်ကိုး။
မက်ကန်နာက ရင်ဘတ်မှ ခါးအထိ ပတ်တီးများ ပတ်ထားကာ၊ ထိုကြားမှ နီရဲသော သွေးစများက စိမ့်ထွက်နေ၏။
“သွေးတွေ……”
အလန့်တကြားအော်လိုက်တော့၊ မြို့စားမင်း အယ်ရ်ဂီက အပြေးအလွှား ရောက်လာကာ “ငြိမ်ငြိမ်နေပါဆိုတာကို” ဟု ပွစိပွစိပြောရင်း သူ့ကို ဆွဲခေါ်ကာ အိပ်ရာပေါ်တွင် လှဲစေခဲ့သည်။
“ဒါကြောင့်လည်း ငှက်ဦးနှောက် ငှက်ဦးနှောက်နဲ့ အပြောခံရတာပေါ့။”
ထို့နောက် ယူလာသည့် သေတ္တာကို ဖွင့်လိုက်သည်။
ကျွန်မရှိသည့်နေရာမှ သေတ္တာထဲကို မမြင်ရသော်လည်း မြို့စားမင်း ထုတ်လိုက်သည့် အရာများကို ကြည့်ရသလောက် ရှေးဦးသူနာပြုသေတ္တာ ဖြစ်မည့်ပုံပင်။
သို့သော် မြို့စားမင်း အယ်ရ်ဂီက ဒဏ်ရာကို ချက်ချင်း မကုဘဲ ကျွန်မဘက်သို့ လှည့်မေးလာ၏။
“နောက်မှ ပြန်လာပေးလို့ရမလား၊ ဧကရီ အရှင်မ။”
အနှောင့်အယှက်ဖြစ်နေလို့များလား။
သို့သော် ကြည့်ရသလောက် မက်ကန်နာ၏ ဒဏ်ရာက မသေးလှပေ။
မြို့စားမင်း အယ်ရ်ဂီ တစ်ယောက်တည်း ကုနိုင်ပါ့မလား။
“သမားတော်ခေါ်ပေးရမလား။”
မက်ကန်နာ ဤနေရာတွင်ရှိနေကြောင်း လူသိသွားလျှင် ဆူညံသွားမည် ဖြစ်သော်လည်း ဤဒဏ်ရာကြီးကို ဒီအတိုင်းကြည့်နေရန် ခက်သဖြင့် မေးလိုက်ရာ၊ မက်ကန်နာက နာကျင်နေသည့် ကြားမှ လက်ကို အမြန် ယမ်းပြလာသည်။
“မခေါ်ပါနဲ့။ ရပါတယ်။”
နန်းတော်ထဲတွင် ပြင်ပလူ ဝင်ထွက်ရလွယ်သည့် နေရာများရှိသော်လည်း၊ ယင်းတို့ထဲတွင် တောင်နန်းဆောင် မပါပေ။
သို့သော် တိုင်းတစ်ပါးဘုရင်၏ လက်ရုံးဖြစ်သည့် မက်ကန်နာကို ဤနန်းဆောင်အလယ်တွင် တွေ့သွားမည်ဆိုလျှင်။
သူ ဤမျှအထိ လန့်နေသည်ကလည်း အံ့သြစရာတော့ မဟုတ်ပေ။
‘တကယ်ပဲ ဘာကိစ္စနဲ့ ဒီအထိရောက်လာမှန်း မသိပေမဲ့……’
မသင်္ကာစရာကောင်းသော်လည်း ဒဏ်ရာရထားသူကို ဆက်မမေးနိုင်သဖြင့် မြို့စားမင်း အယ်ရ်ဂီကို ခေါ်လိုက်သည်။
“မြို့စားမင်း။ တစ်ဆိတ်လောက် အကူအညီတောင်းစရာ ရှိလို့ပါ။”
“ကျွန်တော့်ကို ခေါ်တာလားဗျ။”
မြို့စားမင်း အယ်ရ်ဂီက ကျွန်မ သူ့ကို ခေါ်မည်ဟု ထင်မထားပုံရကာ၊ ပတ်တီးကို ကိုင်ကစားနေရင်းမှ ပြုံးလျက် ချဉ်းကပ်လာသည်။
“သွားခိုင်းတာတောင် မသွားဘဲနဲ့။ ကျွန်တော့်ကို ဘာများပြောချင်လို့လဲခင်ဗျ။”
“မြို့စားမင်းက အခုအထိလည်း အရှင်မင်းမြတ် ဟိုင်န်ရီနဲ့ သူငယ်ချင်း ဖြစ်နေတုန်းပဲလား။”
“အမ်း။ ဒါက ထင်မှတ်မထားတဲ့ မေးခွန်းပဲ။”
မြို့စားမင်း အယ်ရ်ဂီက ရယ်လိုက်သည်။
“ဘာလို့ အဲ့ဒါကို ရုတ်တရက် မေးတာပါလဲ၊ ဧကရီ အရှင်မ။”
“အရှင်မင်းမြတ် ဟိုင်န်ရီနဲ့ တွေ့ဖြစ်ရင်၊ သူ့ရဲ့ အပြာရောင်ငှက်လေး သေသွားပြီဆိုတဲ့အကြောင်း ပြောပေးပါဦး။”
သို့သော် ကျွန်မစကားကြောင့် သူ၏ ရယ်သံက ချက်ချင်း ပျောက်ကွယ်သွားသည်။
သူက မျက်ခုံးပင့်လိုက်ကာ ထူးဆန်းသော မျက်နှာထားဖြင့် ပြန်မေးလာ၏။
“အပြာရောင်ငှက်က သေသွားပြီ ဟုတ်လား။”
မက်ကန်နာတစ်ယောက် ရုတ်တရက် အပြင်းအထန် ချောင်းဆိုးလေတော့သည်။
“ဟုတ်တယ်။ ပြီးတော့ ရှေ့လျှောက်လည်း သေရဦးမှာပါ။”
ထူးဆန်းနေမည်ဖြစ်သော်လည်း ပြောစရာရှိသည်ကို အကုန်ပြောလိုက်သည်။
ဤမျှဆိုလျှင် ပါးနပ်သည့် ဟိုင်န်ရီက ဆိုဗီရ်ရှု ဘာအမိန့်ပေးထားမှန်း သိလောက်ပေမည်။
ငှက်ကင် ဟင်းလျာလို စကားများက အင်မတန် ကြောက်စရာကောင်း၍ တမင် မပြောခဲ့ခြင်းပင်။
စကားဆုံးတွင် အနောက်သို့ ခြေလှမ်းနှစ်လှမ်း ဆုတ်လိုက်စဉ် မြို့စားမင်း အယ်ရ်ဂီ၏ ပုခုံးကိုကျော်ကာ မက်ကန်နာကို လှမ်းကြည့်လိုက်မိသည်။
သူကမူ ချောင်းဆိုးနေဆဲဖြစ်ကာ ကျွန်မကို ခိုးကြည့်နေ၏။
~~~~
“မင်းကို တွေ့တာနဲ့ သတ်ပစ်မယ်ဆိုတဲ့ သတိပေးချက်လား။”
တည်ငြိမ်စွာ ထွက်ခွာသွားသော ဧကရီ နာဗီရယ်၏ ကျောပြင်ကိုကြည့်ရင်း မြို့စားမင်း အယ်ရ်ဂီက မက်ကန်နာဘက်သို့ လှည့်ကာ တိုးတိုးလေး မေးခဲ့သည်။
“ကျွန်တော် မြားမှန်တာကို သိနေတဲ့ပုံပါပဲ။”
“ဒါပေမဲ့ နောက်က စကားက ထူးဆန်းမနေဘူးလား။”
“……”
“အရမ်း ကြောက်စရာကောင်းတဲ့ မျက်နှာထားနဲ့ ပြောသွားတာလေ။”
မြို့စားမင်း အယ်ရ်ဂီက “ရှေ့လျှောက်လည်း ထပ်သေရမှာပါ” ဟု ဧကရီ နာဗီရယ်၏ အသံကို လှောင်ပြောင်တုပကာ လည်ပင်းကို ဖြတ်ပြသည့် အမူအရာ လုပ်ပြခဲ့ရာ မက်ကန်နာက မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။
“မြားပစ်တဲ့သူက နောက်လည်း ထပ်ပစ်လိမ့်မယ်လို့ ပြောတာဖြစ်မှာပါ။”
“အတည်ကြီး ပြောသွားတာလေ။ သူကိုယ်တိုင် သတ်ပစ်မယ်ဆိုတဲ့ မျက်နှာမျိုးနဲ့။”
“မဟုတ်ပါဘူးဆို။ အား၊ ဘာလို့ အဲ့ဒီလိုတွေပဲ ပြောနေတာလဲ။”
မက်ကန်နာက ဒေါသတကြီး အော်ဟစ်လိုက်ပြီးမှ ‘အား’ ဟု ခေါင်းကိုအုပ်ပြီး ညည်းတွားနေပြန်သည်။
“ဘာဖြစ်လို့လဲ၊ ငှက်ဦးနှောက်။ နာလို့လား။”
“အရှင်မင်းကြီး ပေးခိုင်းလိုက်တဲ့ စာ။ မပေးလိုက်ရသေးတာကို……”
“အဲ့ဒီ သကြားဖြူးပြီး ချိုအီနေတဲ့ စာကို ပြောတာလား။”
“သကြားဖြူးတယ်ဆိုတာ ဘာစကားလဲဗျ။ အရမ်းကို သပ်ရပ်ပြီး လှပတဲ့ စာပါ။”
“ဖတ်ကြည့်လို့လား။”
“……”
“ထောပတ်လို့ မပြောတာကိုပဲ ကျေးဇူးတင်။”
မြို့စားမင်း အယ်ရ်ဂီက မက်ကန်နာ လဲလျောင်းနေသည့် ခုတင်ဘေးသို့ ချဉ်းကပ်ကာ ရှေးဦးသူနာပြုသေတ္တာထဲမှ ဂွမ်း၊ ဇာဂနာနှင့် ပိုးသတ်ဆေးများကို ထပ်မံ ထုတ်ယူရင်း ဆက်ပြောခဲ့သည်။
“ပြီးတော့ ဒီအခြေအနေမှာ ဟိုင်န်ရီ ရေးတဲ့စာကို သွားပေးရင် ‘ကျွန်တော်က အပြာရောင်ငှက်ပါ’ လို့ ကြော်ငြာတာနဲ့ အတူတူပဲ မဟုတ်ဘူးလား။”
မက်ကန်နာ သက်ပြင်းချလိုက်သည်။
ယခု စာမပေးနိုင်ခြင်းက ပြဿနာဖြစ်သလို၊ အခြေအနေအရ ယခုမှစ၍ ဧကရီ နာဗီရယ်၏ အခန်းသို့ ငှက်အဖြစ် သွားလာရန်လည်း မဖြစ်နိုင်တော့ပေ။
ရှေ့လျှောက် ပြောရမည့် လျှို့ဝှက်ချက်များကို မည်သို့ ပေးပို့ရမည်နည်းဟု တွေးရင်း ခေါင်းကိုက်နေရတော့၏။
~~~~
ဟိုင်န်ရီကို အမှာစကားပါးခိုင်းပြီး အခန်းထဲ ပြန်ရောက်လာသော်လည်း မြို့စားမင်း အယ်ရ်ဂီနှင့် မက်ကန်နာကို တွေ့ခဲ့သည့်အဖြစ်က ခေါင်းထဲတွင် တဝဲလည်လည် ဖြစ်နေသည်။
မက်ကန်နာက ဘာကြောင့် ဒီမှာ ရှိနေရသလဲ၊ သူ ဘာကြောင့် ဒဏ်ရာရထားသလဲဆိုသည်ကို သိချင်နေမိ၏။
စားပွဲပေါ်မှ အပြာရောင် အမွေးလေးကို ကျွန်မ ငုံ့ကြည့်လိုက်သည်။
ပြတင်းပေါက်ဘောင်တွင် တင်နေသည့် အမွေးလေး……
ဤသည်ကို ကြည့်လိုက်လျှင် မက်ကန်နာ၏ အပြာရောင်ဆံပင်များကို ပြေးမြင်မိသည်။
ဟိုင်န်ရီ ပို့လိုက်တဲ့ ငှက်က ဒဏ်ရာရတယ်၊ မက်ကန်နာကလည်း ဒဏ်ရာရနေတယ်……
တိုက်ဆိုင်မှုလား။
လူက ငှက်အဖြစ် ပြောင်းလဲနိုင်စရာ အကြောင်းမရှိသော်လည်း။
အချိန်ကိုက်ဖြစ်နေ၍ စိတ်ထဲ၌ မတင်မကျဖြစ်နေမိသည်။
ထိုသံသယက နောက်နေ့တွင် ပို၍ကြီးထွားလာ၏။
“ဧကရီ အရှင်မ။”
မနက်စာ စားပြီးခါနီးအချိန်တွင် လော်ရာက အပြေးအလွှား ဝင်လာကာ ပြောပြလာသည်။
“မနေ့က ဒဏ်ရာရတဲ့ ငှက်ကို လိုက်ရှာနေတယ် မဟုတ်ပါလား။”
“ဒဏ်ရာရတဲ့ငှက် ရှိလို့လား။”
“ဟုတ်ကဲ့။ မြို့စားမင်း အယ်ရ်ဂီက ဒဏ်ရာရထားတဲ့ ငှက်ကို ပွေ့ချီသွားတာ မြင်တဲ့သူ ရှိပါတယ်တဲ့။”
လော်ရာ ပြောပြသည့် သတင်းကို ကြားလိုက်ရတော့ မနေ့က ကိစ္စများက ပို၍ မသင်္ကာစရာဖြစ်လာသည်။
အပြာရောင်ငှက်က မြားမှန်လို့ ဒဏ်ရာရတယ်၊ မြို့စားမင်း အယ်ရ်ဂီက ဒဏ်ရာရတဲ့ ငှက်ကို ကယ်လိုက်တယ်၊ မြို့စားမင်း အယ်ရ်ဂီရဲ့ အခန်းထဲမှာ ဒဏ်ရာရနေတဲ့ မက်ကန်နာက လဲလျောင်းနေတယ်……
မက်ကန်နာက ဟိုင်န်ရီ ခိုင်းလိုက်လို့ ဒီကိုလာတာဆိုပေမဲ့ အနောက်ဘုရင့်တိုင်းပြည်က ဘုရင်ရဲ့ လက်ရုံးဖြစ်တဲ့ သူ ဒီကို ရောက်နေမှန်း ဘယ်သူမှမသိကြဘူး……
နောက်ဆုံးတွင် ညီလာခံပြီးသည်နှင့် ကျွန်မလည်း နန်းတွင်း မှော်ဆရာကို သွားတွေ့ကာ မေးခွန်းထုတ်မိတော့သည်။
“ဧကန္တ မှော်အတတ်တွေထဲမှာ လူကနေ ငှက်အဖြစ်ပြောင်းလဲနိုင်တဲ့ မှော်အတတ်မျိုး ရှိလား။”
နန်းတွင်း မှော်ဆရာက ကျွန်မ၏ မေးခွန်းကို ထူးဆန်းသည်ဟု ထင်နေပုံရသော်လည်း အလေးအနက် ပြန်မေးလာ၏။
“ပျံသန်းတဲ့ ဟိုငှက်ကို ပြောတာပါလား၊ ဧကရီ အရှင်မ။”
“ဟုတ်တယ်။ ဒါပေမဲ့ ဆက်ဆက် ငှက်ဖြစ်မနေရင်လည်း ရတယ်။ တခြား တိရစ္ဆာန်ဆိုရင်လည်း ကိစ္စမရှိဘူး။”
မှော်ဆရာက လက်ပိုက်ကာ စဉ်းစားနေပြီးမှ ပြန်ဖြေခဲ့သည်။
“မရှိပါဘူး။ တိရစ္ဆာန်အဖြစ် ပြောင်းလဲနိုင်တဲ့ မှော်ဆရာမျိုး အခုအထိ မရှိသေးပါဘူး။”
သို့ဆိုလျှင် မက်ကန်နာက ‘အပြာရောင်ငှက်’ ဖြစ်နိုင်သည်ဟူသော အယူအဆက ကျွန်မ၏ အထင်သက်သက်ပဲလား။
သို့သော် မှော်ဆရာ၏စကားက ထိုတင်မပြီးသေးပေ။
“ဒါပေမဲ့ ‘ငှက်ဦးနှောက် မျိုးနွယ်စု’ ရှိခဲ့တယ်ဆိုတဲ့ မှတ်တမ်းတော့ ရှိပါတယ်။”
“ငှက်…… ဦးနှောက်။”
ပထမဆုံး ကြားဖူးတဲ့စကားပဲ။
နေပါဦး၊ အဲ့ဒါထက် မျိုးနွယ်စု နာမည်ကလည်း ဆိုးလှချည်လား။
“လူသိများတဲ့ အကြောင်းအရာ မဟုတ်ပါဘူး။ ရှေးဟောင်းမှတ်တမ်းတွေ ဖြစ်လို့ တကယ် ဟုတ်၊ မဟုတ်လည်း မသေချာပါဘူး။”
“အာ……”
“ဒါပေမဲ့ မှတ်တမ်းက အမှန်ဆိုရင် သမန်းဝံပုလွေတွေကလည်း အဲ့ဒီလို မျိုးနွယ်စုထဲက တစ်ခုပဲဖြစ်လိမ့်မယ်လို့ ယူဆချက်တွေ ရှိပါတယ်။”
မက်ကန်နာနဲ့ သမန်းဝံပုလွေ…… သိပ်တော့ အံမဝင်ဘူး။
မှော်ဆရာက ရယ်မောရင်း လက်ယမ်းပြခဲ့သည်။
“ဒါက ဘာမှမသိဘဲပြောတဲ့ ယူဆချက်ပါ။ မှတ်တမ်းက အမှန်ဆိုရင်တောင် သမန်းဝံပုလွေလို မိစ္ဆာမျိုး မဟုတ်လောက်ပါဘူး။ ငှက်ဦးနှောက် မျိုးနွယ်စုတွေက စကားပြောတာနဲ့ အမူအရာတွေ လူနဲ့ မခြားနားဘူးလို့ ဆိုကြပါတယ်။ သမန်းဝံပုလွေတွေဆိုရင်တော့ လပြည့်ညမှာ ရူးသွပ်သွားကြတယ် မဟုတ်ပါလား။ အဲ့ဒီလူတွေကတော့ အဲ့ဒီလိုမျိုး မရှိပါဘူး။”
“အခု သူတို့က ဘယ်မှာလဲ။”
“ပျောက်ကွယ်သွားပါပြီ။ သဘာဝကျကျ အရေအတွက် နည်းပါးသွားပြီး အခုတော့ ဒဏ္ဍာရီလိုပဲ ဖြစ်နေပါပြီ။”
“အဲ့ဒီ မျိုးနွယ်စုထဲက တစ်ယောက်ယောက် အသက်ရှင်နေနိုင်တဲ့ အလားအလာ မရှိဘူးလား။”
“ရှိမှာပါ။ ဒါပေမဲ့ ရှိခဲ့ရင်တောင် သူတို့ကိုယ်သူတို့ လူလုံးပြကြမှာ မဟုတ်ပါဘူး။”
မှော်ဆရာက တစ်ယောက်တည်း တိုးတိုးရယ်ရင်း ပြောခဲ့သည်။
“’ငှက်မျိုးနွယ်စု’ လို့ မဟုတ်ဘဲ ‘ငှက်ဦးနှောက် မျိုးနွယ်စု’ လို့ တကူးတက မှတ်တမ်းတင်ထားတာကိုကြည့်ရင် သိနိုင်မယ်ဆိုပေမဲ့၊ သာမန်လူတွေနဲ့ ဆက်ဆံရေး သိပ်မကောင်းခဲ့ကြဘူးလို့ သိရပါတယ်။”
မက်ကန်နာက ငှက်အဖြစ် ပြောင်းလဲနိုင်တဲ့ အဲ့ဒီမျိုးနွယ်စုဝင် ဖြစ်နေနိုင်မလား။
ပြီးတော့ ငါ့ဆီ ပျံသန်းလာတဲ့ အပြာရောင်ငှက်က တကယ်တော့ မက်ကန်နာ ဖြစ်နေပြီး၊ ဟိုင်န်ရီရဲ့ အမှာစကားကို……
တစ်ဖက်သတ် အတွေးလွန်နေခြင်း ဖြစ်နိုင်သော်လည်း မသင်္ကာစရာ ကောင်းသည်ကတော့ အမှန်ပင်။
“ဧကရီ အရှင်မ။ ဒါနဲ့ ဘာလို့ အဲ့ဒီအကြောင်းကို ရုတ်တရက် မေးတာလဲခင်ဗျ။”
မှော်ဆရာက မျက်လုံးများ တောက်ပလျက် မေးလာသည်။
ကျွန်မ တစ်စုံတစ်ရာကို တွေ့ထားသလားဟု စိတ်ဝင်စားနေသည့်ပုံပင်။
“ဒီအတိုင်း သိချင်လို့ပါ။”
ကျွန်မ အသာလေး ရှောင်လွှဲပြောပြီး မှော်ဆရာ၏ သုတေသနခန်းထဲမှ ထွက်လာခဲ့တော့သည်။
~~~~
မက်ကန်နာက ငှက်လား၊ မဟုတ်ဘူးလား။
မက်ကန်နာနဲ့ ငှက်က တစ်ချိန်တည်းမှာ ဒဏ်ရာရတာ တိုက်ဆိုင်မှုလား။
ဤအကြောင်းသာ တွေးနေမိ၍ မင်တံဦးများပင် အကြိမ်ကြိမ် ကျိုးကုန်သည်။
“ဒီနေ့တော့ နားလိုက်တာ ပိုကောင်းမယ်ထင်ပါတယ်၊ ဧကရီအရှင်မ။”
ကျွန်မ သတိလစ်ခဲ့ကြောင်း သိနေသည့် အရာရှိများက ကျွန်မကို အခန်းထဲ ပြန်လွှတ်ရန် ကြိုးစားနေကြသည်။
“ဘာမှမဖြစ်ဘူး။”
ကျွန်မ စိတ်ကို ပြန်စုစည်းကာ မင်တံဦးကို အသစ်လဲလှယ်ရင်း တွေးလိုက်၏။
‘တကယ်လို့ မက်ကန်နာက ငှက်ဆိုရင် ပိုတောင်ကောင်းသေးတာပဲ မဟုတ်လား။’
ဟိုင်န်ရီ၏ ‘အပြာရောင်ငှက်’ အသက်ရှင်နေသည်ဟူသော အဓိပ္ပာယ်ပင်။
‘အပြာရောင်ငှက်’ ရှေ့တွင် ကျွန်မ ရှက်စရာများ လုပ်ခဲ့မိသေးလားဟု စဉ်းစားမိသော်လည်း……
ဟင့်အင်း။ အပြာရောင်ငှက်ရှေ့မှာတော့ အဲ့ဒီလောက် အရှက်ရစရာတွေ မလုပ်ခဲ့ဘူး။
အပြာရောင်ငှက် ရှေ့မှာ တင်ပါးကို ပုတ်တာမျိုးလည်း မလုပ်သလို၊ ပွေ့ချီပြီး နမ်းတာမျိုးလည်း မရှိဘဲ၊ ရှေ့မှာ အဝတ်အစားလဲတာမျိုးလည်း မလုပ်ခဲ့ဘူး။
အဲ့ဒီလို လုပ်ရပ်မျိုးတွေကို ကွီးန်ရှေ့မှာပဲ……
"....”
ဒါဆို ကွီးန်ကလည်း ဟိုင်န်ရီရဲ့ တခြားလက်အောက်ငယ်သား……
ကြောက်စရာကောင်းသော အတွေးကြောင့် ကျွန်မ မင်တံဦးတစ်ခုကို ထပ်ချိုးမိသွားပြန်သည်။
“အားမရှိတာမဟုတ်ဘဲ အားတွေပိုနေတာ မဟုတ်ဘူးလား။”
ဘေးမှ အရာရှိ တီးတိုးရေရွတ်နေသည်ကို လျစ်လျူရှုပြီး ကျွန်မ မတ်တတ်ရပ်လိုက်သည်။
“ပင်ပန်းလို့ အရင်ပြန်နှင့်တော့မယ်။”
ကျွန်မ အမြန်ပင် အခန်းထဲမှ ထွက်လာကာ ထွက်ပြေးသလိုမျိုး အခန်းဆီ လျှောက်လာခဲ့သည်။
ကွီးန်က ငှက်ဦးနှောက် မျိုးနွယ်စုဝင် ဖြစ်နိုင်သည်ဟူသော အတွေးနှင့်တင် တစ်ကိုယ်လုံး ဆူးများထွက်လာသလိုပင်။
‘နောက်မှ ဟိုင်န်ရီကို မေးကြည့်ရမယ်။’
အကယ်၍ ကွီးန်ကလည်း ဟိုင်န်ရီရဲ့ လက်အောက်ငယ်သားဆိုရင်……
ကြောက်စရာကောင်းသော အတွေးကိုတွေးရင်း အနောက်နန်းဆောင်သို့ရောက်တော့ ကျွန်မ အခန်းရှေ့တွင် ဆိုဗီရ်ရှု၏အစေခံ ရပ်နေသည်ကို တွေ့လိုက်ရ၏။
အစေခံက တိုင်ရှည်တစ်ခုကို ကိုင်ထားကာ၊ တိုင်၏အောက်ခြေတွင် ဘီးများတပ်ထားပြီး အပေါ်၌မူ တစ်စုံတစ်ရာကို ချိတ်ဆွဲထားသော်လည်း အဝတ်တစ်ခုနှင့် ဖုံးထားသဖြင့် အတွင်းပိုင်းကို မမြင်ရပေ။
ထို့အပြင် ထိုအစေခံနှင့် တိုင်ဘေးတွင် ကျွန်မ၏ရံရွေတော်များက မျက်လုံးပြူးလျက် ဝိုင်းကြည့်နေကြသည်။
“ဧကရီ အရှင်မ။”
ရံရွေတော်များက အရိပ်အကဲနှင့် တအားဖော်ပြနေ၍လားမသိ၊ အစေခံက ကျွန်မကို မြင်သည်နှင့် ဝမ်းသာအားရ ဂါရဝပြုလာ၏။
“ဘာကိစ္စလဲ။”
သို့သော် ကျွန်မအသံကမူ သိပ်မကောင်းလှပေ။
ဆိုဗီရ်ရှု မကြာသေးမီက ပို့လိုက်သည့် ငှက်ကင်ကို သတိရသွားသောကြောင့်ပင်။
ထိုစဉ်ကလည်း လက်ဆောင်ဟုဆိုကာ အစေခံမှတစ်ဆင့် ပို့လိုက်သည်မဟုတ်ပါလား။
အစေခံက ဂုဏ်ယူစွာ ပြောလာသည်။
“အရှင်ဧကရာဇ်က ဧကရီ အရှင်မအတွက် ပို့လိုက်တဲ့ လက်ဆောင်ပါ။”
“လက်ဆောင်။”
“ဟုတ်ကဲ့။”
တိုင်တွင် ချိတ်ထားသည့် အဝတ်ကို ဆွဲဖယ်လိုက်ရာ ဆိုဗီရ်ရှု ပို့လိုက်သော ‘လက်ဆောင်’ က ဘာမှန်း ပေါ်လာတော့သည်။
လှောင်အိမ်ထဲမှ အပြာရောင်ငှက်ကလေးပင်။
‘ဒီတစ်ခါတော့ အသက်ရှိသားပဲ။’
ငှက်က လှပကျော့ရှင်းကာ အရောင်ကလည်း တောက်ပလှသည်။
သို့သော် ကျွန်မ မျက်လုံးထဲတွင်မူ ဤသည်က ဆိုဗီရ်ရှု၏ ရည်ရွယ်ချက်မကောင်းသော နောက်ပြောင်မှုဟုသာ မြင်နေမိ၏။
‘ဒီငှက်ကို မြင်တိုင်း ငှက်ကင်ကို သတိရနေပါစေဆိုပြီး ပြောနေတာများလား။’
ဟိုင်န်ရီ၏ ငှက် တကယ် သေသွားသည်ဖြစ်စေ၊ မသေသည်ဖြစ်စေ၊ အဓိကမှာ သူ ကျွန်မဆီ ငှက်ကင် ပို့လိုက်သည့် ရည်ရွယ်ချက်ပင်။
ကျွန်မကို နာကျင်အောင် လုပ်ချင်သည့် ထိုရည်ရွယ်ချက်။
အစေခံ ပြန်သွားပြီးနောက်၊ ရံရွေတော်များက ဧည့်ခန်းထဲသို့ ငှက်လှောင်အိမ်ကို ရွှေ့လိုက်ကြသည်။
ငှက်က ကျွန်မ အခန်းနှင့် တော်တော်လေး လိုက်ဖက်ကာ စရိုက်ကလည်း အေးဆေးသည့်ပုံပင်။
တိုးတိုးလေး အော်မြည်ရင်း ကျွန်မကို ကြည့်နေသည့် မျက်လုံးများက အင်မတန် ပါးနပ်ပုံရ၏။
သို့သော် ငှက်ကို ကြည့်နေရင်း မနေ့က ခံစားချက်များ ပြန်ပေါ်လာသည်။
ဤငှက်ကို တစ်သက်လုံး ပြုစုပေးနိုင်မည်ဟု ယုံကြည်ချက်မရှိပေ။
နောက်ဆုံးတွင် ကျွန်မ နယ်စားကတော်ကြီး အယ်လီဇာကိုခေါ်ကာ ငှက်လှောင်အိမ်ကို ပြန်ပေးခိုင်းလိုက်တော့သည်။
~~~~
ရက်ရှ်တာ စိုးရိမ်နေမိသည်။
ဆိုဗီရ်ရှု သူ့ကို ဧကရီတင်မြှောက်မည်ဟု ကတိပေးထားသည်မှာ ရက်ပိုင်းမျှ ကြာသွားပေပြီ။
ယခုချက်ချင်း ဧကရီကို ကွာရှင်းမည်ဟု ပြောခဲ့သည့် ဧကရာဇ်က ယခုအထိ ဘာမှမလုပ်သေးပေ။
“ဘာတွေ စဉ်းစားနေတာပါလိမ့်……”
ရက်ရှ်တာက အရုပ်ကြီးတစ်ရုပ်ကို ဖက်ထားရင်း စိုးရိမ်တကြီး ခြေဆောင့်နေသည်။
မနေ့ကအထိတော့ သည်းခံနိုင်ခဲ့သော်လည်း။
ယနေ့မနက် ဆိုဗီရ်ရှုက ဧကရီ နာဗီရယ်ကိုပေးရန် လှပသော အပြာရောင်ငှက်လေးကို ပြင်ဆင်နေကြောင်း တွေ့လိုက်ရသည်တွင် မလုံခြုံမှုများက ပိုကြီးထွားလာတော့သည်။
အပြာရောင်ငှက်။
မှူးမတ်အနွယ်တော်များ မွေးလေ့ရှိသည့် လှပကျော့ရှင်းသော အပြာရောင်ငှက်။
ထိုငှက်ကို လိုချင်သည်ဟု တွေးလိုက်ရုံရှိသေးသည်ကို တိုက်တိုက်ဆိုင်ဆိုင် ဧကရာဇ်က ဧကရီအတွက် လက်ဆောင်အဖြစ် အပြာရောင်ငှက်ကို ရွေးခဲ့သည်။
ဒေါသပေါက်ကွဲရုံအပြင် မရှိတော့ပေ။
ထိုစဉ် တံခါးဝမှ တစ်စုံတစ်ရာကို တရွတ်တိုက်ဆွဲသွားသံ ကြားလိုက်ရ၏။
ရက်ရှ်တာလည်း အရုပ်ကိုချကာ ခေါင်းလေးပြူပြီး ကြည့်လိုက်မိသည်။
အမျိုးသားတစ်ယောက်က ငှက်လှောင်အိမ် ချိတ်ထားသည့်တိုင်ကို ဆွဲပြီး စင်္ကြံလမ်းကို ဖြတ်သွားနေ၏။
“အဲ့ဒါ ဘာလဲဟင်။”
ရက်ရှ်တာ မေးလိုက်တော့ အမျိုးသားက စိတ်မသက်မသာဖြစ်နေသည့် မျက်နှာနှင့် ဖြေလာသည်။
“အရှင်ဧကရာဇ် ဧကရီအရှင်မဆီ လက်ဆောင်ပို့လိုက်တဲ့ ငှက်ပါ။”
“ဒါနဲ့ ငှက်ကို ဘာလို့ ဒီကို ပြန်ယူလာတာလဲ။”
“ဧကရီ အရှင်မက ပြန်ပို့ပေးဖို့ ပြောလိုက်လို့ပါ။”
အမျိုးသားက စကားပြောနေရင်းလည်း တောက်လျှောက် စိုးရိမ်နေသည့်ပုံပင်။
ဧကရာဇ်ပေးသည့် လက်ဆောင်ကို ပြန်ပို့ရခြင်းက ကြောက်စရာကောင်းပုံရ၏။
“ဒီအချိန်ဆို အရှင်ဧကရာဇ်က ရှိမနေတော့ စင်္ကြံမှာပဲ ထားခဲ့ရမှာကို။ အခုအထိ အေးနေတုန်းဆိုတော့ ငှက်လေး အအေးမိသွားမလားမသိဘူး။”
ရက်ရှ်တာ ရေရွတ်လိုက်တော့ ထိုလူက ပို၍ကြောက်လန့်သွားတော့သည်။
ရက်ရှ်တာက အမြန်ပင် လက်လှမ်းလိုက်၏။
“ဒီကို ပေးပါ။ ဒဲလိစ်ကနေတစ်ဆင့် ပို့ခိုင်းလိုက်မှာမို့လို့။”
~~~~
ထိုအချိန်တွင် ခိုရှာရ်က စိုးရိမ်မှုများနှင့် လမ်းလျှောက်နေသည်။
သူ့ခေါင်းထဲတွင် အရှေ့အင်ပါယာသို့ ပြန်မသွားနိုင်၍ ထရိုဗီ အိမ်တော်၏ဆက်ခံသူ မဖြစ်နိုင်တော့မည်ကိုသော်လည်းကောင်း၊ သူ၏ဂုဏ်သိက္ခာ ကျဆင်းသွားမည့်အရေးကိုသော်လည်းကောင်း စိုးရိမ်မှုမရှိပေ။
ဖာရ်အန်း မားကီးစ်၏ အစေခံနှင့် နာဗီရယ်၏ အစေခံ ပေးလိုက်သော ငွေနှင့် ရတနာများ အပြည့်ရှိနေသဖြင့် စားဝတ်နေရေးအတွက်လည်း ပူစရာမလို။
ဘယ်လိုလုပ်မှ ဆိုဗီရ်ရှုနဲ့ ရက်ရှ်တာကို လက်စားချေနိုင်မှာလဲ။
ဘယ်လိုလုပ်မှ ငါ့ညီမလေးကို အေးအေးချမ်းချမ်း ဧကရီဘဝဆီ ပြန်ပို့ပေးနိုင်မှာလဲ။
ခိုရှာရ်က ဤအရာများကိုသာ တွေးပူနေမိသည်။
ထိုစဉ် အနောက်မှ တစ်စုံတစ်ယောက်က သူ့နာမည်ကို လှမ်းခေါ်လာ၏။
ခိုရှာရ်လည်း မြင်းဇက်ကြိုးကို ကိုင်ထားရင်း အနောက်ကို လှည့်ကြည့်လိုက်သည်။
“ဆာ ခိုရှာရ်။ ဆာ ခိုရှာရ်။”
မုတ်ဆိတ်ဗရပွနှင့် တောပုန်းဓားပြလို အသွင်ရှိသူ လူတစ်ယောက် ပြေးလာနေ၏။
‘တောပုန်းဓားပြများလား။’
ခိုရှာရ်၏ လက်က ခါးကြားမှ ဓားဆီသို့ ရောက်သွားသည်။
သို့သော် အနားရောက်လာသည့် မုတ်ဆိတ်နှင့်လူ၏ လက်ထဲတွင် လက်နက် မရှိပေ။
ထိုလူက အမောတကောနှင့် ခါးကိုကိုင်းကာ အသက်ရှူနေရင်း၊ အတော်ကြာမှ ခိုရှာရ်ကို ပြောလာသည်။
“တအား……တအား မြန်မြန်…… ထွက်သွားလို့…ဟော့။ အမလေး။ လွတ်သွားပြီ မှတ်နေတာပါ။”
“...”
“အာ၊ ကျွန်တော်က အနောက်ဘုရင့်တိုင်းပြည်က လူပါ။ အရှင်မင်းမြတ် ဟိုင်န်ရီက လွှတ်လိုက်တာပါ။”
“အနောက်ဘုရင့်တိုင်းပြည်။”
လက်ရှိ ခိုရှာရ် ရှိနေသည့် နေရာက မြောက်ပိုင်းဘုရင့်တိုင်းပြည်၏ နယ်စပ်ဒေသပင်။
သို့သော် ရုတ်တရက် အနောက်ဘုရင့်တိုင်းပြည်ဆိုတော့။
“အနောက်ဘုရင့်တိုင်းပြည်ရဲ့ ဘုရင်က ကျုပ်ကို ဘာကိစ္စလဲ။”
“ညီမဖြစ်သူရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆက်ဆက်ပြောစရာ ရှိလို့၊ ခေါ်လာခဲ့ပါဆိုပြီး မှာကြားလိုက်ပါတယ်ခင်ဗျ။”
~~~~
Miel’s Translations
Morning Star website နဲ့ telegram paid group မှာ အပိုင်း ၁၇၉ အထိ ဖတ်လို့ရပါပြီ။
Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။