အပိုင်း ၉၇ (အကြီးမြတ်ဆုံးသောအရာက အချစ်ပဲလား)
‘အာလန်၊ သူကတော့ တကယ် ဘဝမှာ အကူအညီကိုမဖြစ်ဘူး။’
ဆိုဗီရ်ရှု ကလေး၏ဆံပင်ကို စိုက်ကြည့်ကာ ထွက်သွားပြီးနောက် ရက်ရှ်တာတစ်ယောက် တောက်လောင်နေသည့် ဒေါသကို ငြိမ်သက်သွားအောင် အတော်လေး ကြိုးစားလိုက်ရသည်။
ကလေး၏ဆံပင်အရောင်က မိမိ၏ဆံပင်အရောင်နှင့် ထပ်တူကျနေ၍သာ တော်တော့၏။
မဟုတ်လျှင် ဆိုဗီရ်ရှုက ‘ဒါက ဘာမို့လို့ သိမ်းထားတာလဲ’ ဟု ကျိန်းသေပေါက် မေးလာပေလိမ့်မည်။
ရက်ရှ်တာ ထိုဆံပင်ကို အမှိုက်ပုံးထဲသို့ ချက်ချင်း ပစ်ချလိုက်သည်။
သံယောဇဉ်နှင့် တမ်းတစိတ်ကြောင့် ကိုယ့်ဘာသာသိမ်းထားချင်၍ ယူထားခဲ့မိခြင်းဖြစ်သော်လည်း ပထမရင်သွေးကြောင့် နောက်တစ်ကြိမ် ထပ်ပြီး အရှုပ်အထွေးဖြစ်လုနီးပါး ဖြစ်ခဲ့ရ၏။
ထိုပထမဆုံးကလေးနှင့် သူက တစ်ခုခုတော့ ကံမစပ်သည်မှာ သေချာသည်။
ဆံပင်ကို ပစ်လိုက်သည့်တိုင်အောင် ရက်ရှ်တာတစ်ယောက် တစ်နေကုန် စိုးရိမ်ထိတ်လန့်နေမိသဖြင့် အခန်းထဲတွင်သာ အောင်းနေခဲ့၏။
ဗိုင်းကောင့် လိုတဲရှု ဘာဖြစ်သွားမှန်းလည်း မသိရသလို၊ ဆိုဗီရ်ရှုကလည်း ကလေးဆံပင် သိမ်းထားသည်ကို မိသွားခဲ့သည်။
ထို့အပြင် လူအချို့ကလည်း သူ၏နောက်ကြောင်းကို လိုက်စုံစမ်းနေကြ၏။
အရာအားလုံးက သူ့အတွက် အလွန် ပင်ပန်းဆင်းရဲဖွယ်အတိပင်။
ဤသို့သော အခြေအနေမျိုးတွင်ပင် ချစ်သူဖြစ်သည့် ဆိုဗီရ်ရှုက ညရောက်သည့်တိုင် မျက်နှာပင် လာမပြခဲ့ပေ။
ဆိုဗီရ်ရှုက နောက်ကျမှ ထိုဆံပင်အကြောင်း ရိပ်မိသွားခြင်းလား၊ သို့မဟုတ် ဗိုင်းကောင့် လိုတဲရှုက ပါးစပ်သရမ်းလိုက်လေသလားဟူသည့် အတွေးဖြင့် ရက်ရှ်တာ ကြောက်လန့်နေမိတော့သည်။
ထို့အပြင် မိမိပိုင်ဆိုင်ထားသည့် အရာအားလုံးက ပုံရိပ်ယောင်များသာဖြစ်ကြောင်းကိုလည်း နာကျင်စွာ သဘောပေါက်လိုက်ရ၏။
လူတစ်ဦးတစ်ယောက်၏ မျက်နှာသာပေးမှုအပေါ်တွင်သာ မှီခိုကပ်တွယ်နေရသည့် သက်သောင့်သက်သာရှိမှုက မည်မျှအထိ အန္တရာယ်များကာ မရေမရာဖြစ်ရသနည်း။
ဤအခြေအနေသို့ ရောက်နေသည့်တိုင် သူ့ခမျာ ကြောက်ရွံ့တုန်လှုပ်နေရုံမှတစ်ပါး ဘာမှမတတ်နိုင်ခဲ့ပေ။
သို့မဟုတ်ပါကလည်း ဆိုဗီရ်ရှု၏ အချစ်သာ ကုန်ဆုံးသွားခဲ့လျှင် ဘာမှပြန်မပြောနိုင်ဘဲ ပေးထားသမျှအားလုံး ပြန်လည်အသိမ်းခံရမည်သာ။
“လေဒီ ရက်ရှ်တာ၊ အရှင်ဧကရာဇ် ကြွချီလာပါတယ်။”
အစေခံမိန်းကလေး လာပြောတော့မှ ရက်ရှ်တာ သတိပြန်ဝင်လာကာ ဆိုဖာပေါ်မှ ဝုန်းခနဲ ထရပ်လိုက်သည်။
အတွေးလွန်နေသဖြင့် အစေခံမိန်းကလေး အနားသို့ရောက်လာသည်ကိုပင် သတိမထားမိခဲ့ပေ။
“အရှင်ဧကရာဇ် ရောက်လာတယ်ပေါ့လေ။”
“ဟုတ်ကဲ့။”
“ဒါနဲ့ ဘာလို့ အိပ်ခန်းထဲကို ဝင်မလာတာလဲ။”
“ဝိုင်သောက်ချင်တယ်လို့ မိန့်ကြားပြီး ဧည့်ခန်းမှာ ရှိနေပါတယ်။”
ရက်ရှ်တာက ဆံပင်ကို အမြန်လေး တစ်စုတစ်စည်းတည်း စုချည်လိုက်ပြီးနောက် အိပ်ခန်းထဲမှ ထွက်ခဲ့သည်။
ဆိုဗီရ်ရှုက စားပွဲရှေ့တွင် ပန်းချီကားတစ်ချပ်အလား ထိုင်နေကာ အသစ်ရောက်လာသည့် အစေခံမိန်းကလေး ဒဲလိစ်က သူ့ရှေ့တွင် အရက်ဝိုင်း ပြင်ဆင်ပေးနေ၏။
ရက်ရှ်တာတစ်ယောက် ဒဲလိစ်၏ မျက်နှာလေး နီမြန်းနေသည်ကို မြင်လိုက်ရသဖြင့် ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားရသည်။
ဒဲလိစ်က စားပွဲပေါ်သို့ ဝိုင်ခွက်နှင့် ဝိုင်ကို တင်ပေးနေသလို၊ အမြည်းအဖြစ် စားစရာအချို့ကိုလည်း ချပေးနေ၏။
သို့သော် သူ၏ လှုပ်ရှားမှုတိုင်းက ခရုတစ်ကောင်လို နှေးကွေးလွန်းလှသည်။
‘သူက ဘာလို့ ဒီလောက်တောင် အချိန်ဆွဲနေတာပါလိမ့်။’
တစ်ခုခုကို စိုးရိမ်လာမိလျှင် ကျန်သည့်အရာများကိုလည်း စိုးရိမ်စရာအဖြစ် မြင်လာတတ်သည်။
ရက်ရှ်တာက ပုံမှန်ထက် ပို၍ ကြင်ကြင်နာနာနှင့် ဆိုဗီရ်ရှုကိုခေါ်ကာ အနားသို့ တိုးသွားလိုက်၏။
“အရှင်ဧကရာဇ်……”
ဒဲလိစ်က ထိုအခါမှသာ ပုံမှန်အရှိန်ဖြင့် စားစရာများကို အမြန်ချပေးကာ အပြင်သို့ ထွက်သွားခဲ့သည်။
တော်သေးသည်မှာ ဆိုဗီရ်ရှုက ဒဲလိစ်ကို လုံးဝ စိတ်ဝင်စားပုံမပြခဲ့ခြင်းပင်။
အမှန်အတိုင်းပြောရလျှင် သူက မည်သည့်အရာကိုမျှ စိတ်ဝင်စားပုံမရပေ။
ထိုင်ခုံနောက်မှီကို မှီကာ မေးထောက်ပြီး အတွေးထဲတွင် နစ်မျောနေ၏။
ရက်ရှ်တာက “အရှင်ဧကရာဇ်” ဟု အကြိမ်ကြိမ်ခေါ်ပြီးမှသာ သတိပြန်ဝင်လာကာ ခေါင်းလှည့်ကြည့်လာသည်။
ရက်ရှ်တာက ဆိုဗီရ်ရှု၏ရှေ့သို့ အမြန်တိုးသွားကာ ချစ်စဖွယ်ကောင်းအောင် နှုတ်ခမ်းစူပြီး ပြောလိုက်၏။
“ရက်ရှ်တာက အရှင်ဧကရာဇ်ကို တစ်နေကုန် စောင့်နေခဲ့တာပါ။”
ဆိုဗီရ်ရှုက ချစ်စနိုးဖြင့် တစ်ချက်ပြုံးပြခဲ့သည်။
တစ်နေကုန် စိုးရိမ်ခဲ့သမျှနှင့်မတူဘဲ ဆိုဗီရ်ရှုက ရက်ရှ်တာအပေါ် စိတ်ဆိုးနေပုံမရပေ။
ရက်ရှ်တာလည်း တကယ် စိတ်သက်သာရာရသွားသဖြင့် ဆိုဗီရ်ရှု၏ မျက်နှာချင်းဆိုင်တွင်ထိုင်ကာ ရယ်ပြလိုက်သည်။
“ရက်ရှ်တာ တစ်ခွက်လောက် ငှဲ့ပေးရမလားဟင်။”
ဆိုဗီရ်ရှုက ခေါင်းညိတ်ပြသဖြင့် ရက်ရှ်တာက ရှမ်ပိန်ခွက်ရှည်ထဲသို့ ဝါဝင်းသော အရည်များကို အမြန်ပင် လောင်းထည့်ပေးလိုက်သည်။
ဆိုဗီရ်ရှုက ရှမ်ပိန်ခွက်ကို လက်ခံယူလိုက်သော်လည်း ခွက်ကို လက်ထဲတွင် လှည့်ပတ်နေရုံမှတစ်ပါး မသောက်ခဲ့ပေ။
“အရှင်ဧကရာဇ်။”
စိတ်မဆိုးဘူးလို့ ထင်ခဲ့ပေမဲ့ တကယ်တော့ စိတ်ဆိုးနေတာများလား။
ရက်ရှ်တာ နောက်တစ်ကြိမ် ကြောက်လန့်လာပြန်သဖြင့် ဆိုဗီရ်ရှုကို ခေါ်လိုက်မိသည်။
“အရှင်ဧကရာဇ်……”
“ရက်ရှ်တာ။”
“ဟုတ်ကဲ့၊ အရှင်ဧကရာဇ်။ ရက်ရှ်တာ အရှင်ဧကရာဇ်ရဲ့ စကားကို အာရုံစိုက်ပြီးနားထောင်နေပါတယ်။”
“……”
“....”
“တစ်နှစ်လောက် ဧကရီ လုပ်ပေး။”
သို့သော် ဆိုဗီရ်ရှု ပြောလာသည့် စကားက ရက်ရှ်တာ ခန့်မှန်းထားသမျှကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်သည်။
ရက်ရှ်တာတစ်ယောက် တဒင်္ဂတော့ မိမိကိုယ်ကိုယ် နားကြားမှားလေသလားဟု ထင်သွားမိ၏။
ထို့နောက်တွင် ဆိုဗီရ်ရှုက မြို့စားမင်း အယ်ရ်ဂီနှင့် မိမိပြောခဲ့သည့် စကားများကို ကြားသွားပြီး သွေးတိုးစမ်းနေခြင်းလားဟု တွေးလိုက်မိသည်။
ဝမ်းသာခြင်းထက် ကြောက်ရွံ့မှုက အရင်ဦးဆုံး ထိမှန်လာ၏။
ရက်ရှ်တာ တောင့်တောင့်ကြီး ဖြစ်နေသည်ကို ဆိုဗီရ်ရှုက ခေတ္တစိုက်ကြည့်နေပြီးမှ သက်ပြင်းတစ်ချက်ချခဲ့သည်။
“ဒါက မင်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမဲ့ နေရာမှန်း သိတယ်။”
ရက်ရှ်တာ ခဲရာခဲဆစ် နှုတ်ခမ်းကို ဟလိုက်သည်။
“အဲ့ဒါက…… ဘာစကားလဲဟင်။ ဧကရီအရှင်မကရော ဘယ်လိုဖြစ်သွားမှာလဲ။”
“ဧကရီနဲ့ ကွာရှင်းဖို့ စဉ်းစားထားတယ်။”
ကွာရှင်းမယ်။
ကွာရှင်းမည့်အကြောင်း ကြားလိုက်ရတော့မှ ရက်ရှ်တာ စိတ်အေးသွားရသည်။
ထို့နောက်တွင် စိတ်သက်သာရာရမှုကို ကျော်လွန်ကာ ကြီးစွာသော ဝမ်းသာပီတိနှင့် ကြောက်ရွံ့မှုများ တစ်ပြိုင်နက်တည်း တိုးဝင်လာတော့၏။
ရက်ရှ်တာ ပါးစပ်ကလေး အဟောင်းသားဖြစ်နေသည်။
သူက အရိုက်အရာနေရာအပေါ် လောဘမတက်သည့်ပုံပေါ်နေသဖြင့် ‘ဝန်ထုပ်ဝန်ပိုး ဖြစ်နေရှာတာပဲ’ ဟု ယူဆကာ ဆိုဗီရ်ရှုက တော်ပါသေးရဲ့ဟု တွေးနေကြောင်းကိုမူ လုံးဝ ရိပ်မိမည်မဟုတ်ပေ။
ရက်ရှ်တာက မိမိ၏ပါးပြင်ကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ ဆိုဗီရ်ရှုကိုသာ ငေးကြည့်နေ၏။
“တစ်နှစ်ပဲမို့လို့ သိပ်ပြီးတော့လည်း ဝန်လေးမနေနဲ့။”
“ဘာလို့…… တစ်နှစ်…… ဒီလောက် လေးလံတဲ့ အရိုက်အရာကို……”
“တစ်နှစ်ဆိုရင် မင်းရဲ့ကလေးက တရားဝင် တော်ဝင်မင်းသား ဒါမှမဟုတ် မင်းသမီး ဖြစ်လာနိုင်ပြီမို့လို့။”
“အာ။”
ဆိုဗီရ်ရှုက ရက်ရှ်တာကို ငေးကြည့်နေရင်း လက်လှမ်းကာ ရက်ရှ်တာ၏ လက်ကလေးများကို အပေါ်မှ အုပ်မိုးဖိထပ်ပြီးကိုင်ခဲ့သည်။
“မင်းသာ အဲ့ဒီနေရာမှာ တစ်နှစ်လောက် တောင့်ခံပေးမယ်ဆိုရင် ငါ မင်းကို တစ်သက်လုံး စွန့်မပစ်ဘဲ တာဝန်ယူပေးမယ်။”
ရက်ရှ်တာ၏ မျက်လုံးများက ဟိုဟိုဒီဒီ လှုပ်ရှားနေသည်။
ဘာကြောင့် တစ်နှစ်ဖြစ်ရသလဲဆိုသည်ကို မသိသော်လည်း ဤသည်က အခွင့်အရေးပင်။
သို့သော် မျက်စိရှေ့မှ အခွင့်အရေးက တကယ့်အခွင့်အရေး ဟုတ်ပါရဲ့လား။
မြို့စားမင်း အယ်ရ်ဂီက သူ့အား ဧကရီနှင့် ရင်ဆိုင်ရန် အဆင်သင့်ပြင်ထားဟု ပြောခဲ့ဖူးသည်။
သို့သော် ရက်ရှ်တာတွင် ဘာမှ အဆင်သင့်မဖြစ်သေးသလို မိမိကိုယ်တိုင်လည်း ထိုအချက်ကို သိနေ၏။
ပညာသင်ကြားမှုက ယခုမှ စတင်ရုံရှိသေးသလို၊ သာမန်အရပ်သားများကြားတွင် သနားဂရုဏာ သတင်းများ ထွက်နေသည်ဆိုသော်လည်း သနားစရာအဖြစ် မြင်ခြင်းနှင့် ထောက်ခံအားပေးခြင်းက သပ်သပ်တခြားစီသာ။
ဧကရီကို မုန်းတီးသူများပင် မိမိသာ ဧကရီနေရာသို့ တက်မည်ဆိုပါက လက်ခံကြလိမ့်မည်မဟုတ်ကြောင်း ရက်ရှ်တာ သိနေသည်။
သို့သော် မျက်စိရှေ့သို့ ကမ်းပေးလာသည့် အချိုပွဲက အင်မတန် မွှေးပျံ့လွန်းလှ၏။
မြို့စားမင်း အယ်ရ်ဂီ ပြောသလို ဧကရီဖြစ်ရန် ပြင်ဆင်နေသည့်တိုင်အောင် ဆိုဗီရ်ရှုသာ ဧကရီနှင့် မကွာရှင်းလျှင် ဘာမှအဓိပ္ပာယ်ရှိမည်မဟုတ်ပေ။
ဤကဲ့သို့သော အခွင့်အရေးမျိုး နောက်တစ်ကြိမ် ထပ်ရပါ့ဦးမည်လား။
ပြင်ဆင်ပြီးမှ ဧကရီဖြစ်ခြင်းထက်၊ ဧကရီဖြစ်ပြီးမှ ပြင်ဆင်လျှင်ရော မရနိုင်ဘူးလား။
ဆိုဗီရ်ရှုက တစ်နှစ်ဟုဆိုသော်လည်း လူ့ဘဝဆိုသည်မှာ မပြောနိုင်ပေ။
မွေးလာမည့်ကလေးက ဆိုဗီရ်ရှု၏အချစ်ကို အပြည့်အဝရရှိခဲ့လျှင်……
မိမိကိုယ်တိုင်လည်း ကြိုးကြိုးစားစား ပညာသင်ပြီး ဧကရီတာဝန်ကို ကောင်းကောင်း ထမ်းဆောင်နိုင်မည်ဆိုလျှင်……
“ဒါပေမဲ့ အရှင်ဧကရာဇ်။ ကွာရှင်းတာကတော့…… ဧကရီရဲ့ အိမ်တော်ဘက်က ကန့်ကွက်ကြမယ်ထင်တယ်နော်။”
“ကျိန်းသေပေါက် ကန့်ကွက်မှာပေါ့။”
“အဲ့ဒါကို ဘယ်လိုများလုပ်မလို့လဲဟင်။”
“အဲ့ဒါက ငါ့ဘာသာ ကြည့်ကြပ်လုပ်မဲ့ ပြဿနာမို့လို့ အာရုံစိုက်မနေနဲ့။”
ရက်ရှ်တာက ဆိုဗီရ်ရှု၏လက်ကို တင်းတင်းဆုပ်ကိုင်ကာ မျက်လွှာချလိုက်သည်။
ကြောက်လန့်နေပုံပေါ်သော်လည်း ရင်ခုန်စိတ်လှုပ်ရှားမှုက ပို၍ကြီးစိုးနေ၏။
ရင်ထဲတွင် တစ်စုံတစ်ရာက တစ်ဆို့နေသလို ခံစားရကာ အသက်ရှူရ ခက်နေသော်လည်း ယင်းက မကောင်းသော ခံစားချက်မျိုး မဟုတ်ပေ။
ကျွန်ဘဝမှသည် ဧကရီနေရာအထိ တက်လှမ်းရပေတော့မည်။
ကျွန်ဘဝမှ ဧကရီအရိုက်အရာအထိ။
“ရက်ရှ်တာ။”
“ဟုတ်ကဲ့၊ အရှင်ဧကရာဇ်။”
“မင်းကတော့ ကြိုးကြိုးစားစား သင်ယူလေ့လာပြီး ကျန်းမာအောင်သာနေ။”
“ဟုတ်ကဲ့……”
ဆိုဗီရ်ရှုက ရက်ရှ်တာ၏ ကြမ်းတမ်းသော လက်ကလေးကို သနားစဖွယ် ပွတ်သပ်ရင်း မှာကြားခဲ့သည်။
“ပြီးတော့ ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောနဲ့နော်။ ကြားလား။”
“သိပါပြီ။”
ဆိုဗီရ်ရှုက ရက်ရှ်တာ၏ ကျောကို ပုတ်ပေးရင်း မေးလာ၏။
“စားချင်တာ ဒါမှမဟုတ် လိုချင်တာများ ရှိလား။”
“အင်း…… မရှိပါဘူး။”
“ဒီလောက်တောင် လောဘမရှိရလား။”
“ရက်ရှ်တာက အရှင်ဧကရာဇ်သာရှိနေရင် ရပါပြီ။”
ရက်ရှ်တာက လေညင်းလေးပမာ တိုးတိုးလေး ကပ်ပြောကာ ဆိုဗီရ်ရှု၏ ပခုံးပေါ်သို့ ခေါင်းလေးမှီလိုက်ရာ ဆိုဗီရ်ရှုက သူ့ကို လက်မောင်းတစ်ဖက်ဖြင့် ခပ်ဖွဖွ ပွေ့ဖက်ထားခဲ့လေသည်။
~~~~
တစ်နာရီခန့် ကြာပြီးနောက်။
ရက်ရှ်တာက ထိုအတိုင်းပင် အိပ်ပျော်သွားသဖြင့် ဆိုဗီရ်ရှုက အစေခံကိုခေါ်ကာ ခေါင်းအုံးကြီးကြီးတစ်ခု ယူခိုင်းလိုက်သည်။
မိမိ၏ ပခုံးအစား ရက်ရှ်တာ၏ ခေါင်းအောက်သို့ ခေါင်းအုံးကို ခုပေးပြီးနောက် ဆိုဗီရ်ရှုက အခန်းထဲမှ အသာအယာ ထွက်လာခဲ့၏။
ပုံမှန်ဆိုလျှင် ပွေ့ချီပြီး အိပ်ရာပေါ်အထိ ပို့ပေးမည်ဖြစ်သော်လည်း ယနေ့တွင်မူ ထိုသို့ မလုပ်ချင်ပေ။
ကလေးနှင့် ခွဲခွာခဲ့ရသော သူ၏ အခြေအနေက သနားစရာကောင်းသော်လည်း၊ သူ၏ အတိတ်ကို မိမိအား အပြည့်အဝ လိမ်ညာထားခဲ့ကြောင်း တွေးမိတော့ အတိုင်းအတာတစ်ခုအထိ တုံ့ဆိုင်းမိသောခံစားချက် ရှိနေဆဲပင်။
သို့သော် တံခါးဖွင့်ပြီး ထွက်လာသည့် ဆိုဗီရ်ရှုက မိမိ၏ အိပ်ခန်းသို့ တန်းမသွားဘဲ တံခါးရှေ့တွင် ခေတ္တမျှ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်မိသည်။
“...”
သူပဲ စိတ်ထင်နေခြင်းလား။
ရင်းနှီးနေသည့် ရနံ့တစ်ခု ဝေ့ဝဲကျန်ရစ်နေသလိုပင်။
ဧကရီ အမြဲသုံးလေ့ရှိသော နှင်းဆီရေချိုးဆပ်ပြာရနံ့။
ဆိုဗီရ်ရှုက ခေတ္တ စဉ်းစားပြီးနောက် ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်နှင့် အစေခံများကိုခေါ်ကာ မေးလိုက်သည်။
“ဧကရီ ဒီကို လာသွားသေးလား။”
“ကျွန်မတို့တော့ မတွေ့လိုက်ပါဘူး၊ အရှင်ဧကရာဇ်။”
ဆိုဗီရ်ရှု ခေါင်းတစ်ချက် ငဲ့စောင်းလိုက်ပြီးမှ ‘ဧကရီက ဒီအချိန်ကြီး ဒီကို လာစရာလား’ ဟု တွေးကာ ထိုနေရာမှ ထွက်လာခဲ့သည်။
နေ့ခင်းဘက်ထက် ပို၍ မှောင်မည်းနေသော စင်္ကြံတစ်လျှောက် လျှောက်လှမ်းရင်း ဆိုဗီရ်ရှုက မားကီးစ် ကားလ် ယနေ့ နေ့ခင်းက ပြောခဲ့သော စကားကို သတိရလိုက်မိ၏။
“အစီအစဉ်အကြောင်း ဧကရီအရှင်မကို ကြိုပြောထားရင် မကောင်းဘူးလားခင်ဗျ။ နောက်ပိုင်းမှာ အရိုက်အရာပြန်အပ်နှင်းမှာ ဆိုပေမဲ့လည်း ဧကရီအရှင်မကတော့ အများကြီး လန့်သွားပြီး စိတ်ထိခိုက်ရမှာပါ။”
‘အဲ့ဒီလိုသာ လုပ်လို့ရရင်တော့ အဲ့ဒီလိုပဲ လုပ်မှာပေါ့။’
ဆိုဗီရ်ရှု စိတ်ထဲမှ စုတ်တစ်ချက်သပ်လိုက်သည်။
သူက နာဗီရယ်၏ ကြံ့ကြံ့ခံသော မာနအကြောင်း ကောင်းကောင်းသိ၏။
ထို့အပြင် နာဗီရယ်က ဆိုဗီရ်ရှုနှင့် ရက်ရှ်တာတို့ကြားမှ မွေးလာမည့် ကလေးအပေါ် မည်သည့် ချစ်ခြင်းမေတ္တာ၊ ဟင့်အင်း၊ စေတနာ အစွန်းအစလေးပင် မရှိကြောင်းလည်း ကောင်းကောင်းသိနေသည်။
နှစ်ပင်မနှစ်သက်သော ကလေးအတွက်နှင့် ဧကရီအရိုက်အရာမှ ခေတ္တဖယ်ပေးပါဟူသော စကားကို နာဗီရယ်က လက်ခံလိမ့်မည် မဟုတ်ပေ။
~~~~
ခေါင်းထဲတွင် ရှုပ်ထွေးနေကာ နားထဲတွင်လည်း တဝီဝီမြည်နေသော ထူးဆန်းသည့်အသံများ ကြားနေရသည်။
ကျွန်မ ခဲရာခဲဆစ် ခြေလှမ်းလိုက်မိ၏။
ညာခြေနှင့် ဘယ်ခြေကို သတိထားပြီး အလှည့်ကျ လှမ်းနေသော်လည်း ခဏခဏဆိုသလို ခြေထောက်များက အားပျော့သွားသည်။
အကြိမ်ကြိမ် ရပ်တန့်လိုက်၊ ပြန်လျှောက်လိုက်လုပ်ရင်းဖြင့် နောက်ဆုံးတွင် ကျွန်မ၏ အခန်းထဲသို့ ပြန်ရောက်လာ၏။
ကျွန်မ ပြတင်းပေါက်နားတွင်ထိုင်ကာ စောစောက ကြားခဲ့ရသော စကားများကို ပြန်စဉ်းစားကြည့်လိုက်သည်။
ဆိုဗီရ်ရှုက…… ဆိုဗီရ်ရှုက ရက်ရှ်တာကို ဧကရီနေရာ ပေးမယ်လို့ ကတိပေးခဲ့တယ်။
ဟုတ်တယ်။
ငါနဲ့ ကွာရှင်းပြီးရင် ရက်ရှ်တာကို ဧကရီနေရာ ပေးမယ်တဲ့…… အဲ့ဒီ နွေးထွေးတဲ့ အသံ။
ရက်ရှ်တာရဲ့ ရင်ခုန်စိတ်လှုပ်ရှားနေတဲ့ အသံ။
အသံ၊ အသံ၊ အသံ……
အသက်ရှူလိုက်တိုင်း နာကျင်နေရသလို အဆုတ်ထဲတွင် စူးခနဲ ဖြစ်သွားသည်။
ကျွန်မ ရင်ဘတ်ကို လက်ဖြင့် ဖိထားရင်း ခါးကို ကိုင်းချလိုက်မိ၏။
ဆိုဗီရ်ရှုက ကျွန်မကို ကွာရှင်းရန်ကြိုးစားလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးခဲ့ပေ။
ကျွန်မတို့က အချစ်နှင့် လက်ထပ်ခဲ့ကြခြင်း မဟုတ်သော်ငြားလည်း။
မကြာသေးမီက ရက်ရှ်တာကြောင့် အကြိမ်ကြိမ် ရန်ဖြစ်ခဲ့ကြသော်ငြားလည်း။
အဲ့ဒီလိုဆိုပေမဲ့လည်း သူငယ်ချင်းသံယောဇဉ်လို့ ခေါ်လို့ရတဲ့အရာတော့ ရှိခဲ့တယ် မဟုတ်ဘူးလား။
‘တိုင်းပြည်ကို အတူတူ ကြီးပွားအောင်လုပ်ကြစို့’ ဆိုပြီး ခေါင်းချင်းရိုက် တိုင်ပင်ခဲ့တဲ့ ယောက်ျားက ဘယ်များရောက်သွားတာလဲ။
‘ငါတို့က ဇနီးမောင်နှံမို့လို့ တစ်သားတည်းပဲ’ ဆိုတဲ့ ယောက်ျားကရော ဘယ်ကို ရောက်သွားတာလဲ။
အစ်ကို ရက်ရှ်တာနဲ့ သူ့ကလေးကို မုန်းတီးနေတာက ဆိုဗီရ်ရှုအတွက် ဒီလောက်အထိ ခြိမ်းခြောက်မှုဖြစ်နေခဲ့တာလား။
ဟင့်အင်း၊ အဲ့ဒါထက် ဆိုဗီရ်ရှုနဲ့ ကွာရှင်းလိုက်ရင် ငါက ဘာဖြစ်သွားမှာလဲ။
ခါ့ဖ်မန်း မင်းသားကြီး ပြောခဲ့သောစကားကို သတိရလိုက်မိသည်။
ဆိုဗီရ်ရှုနဲ့ ကွာရှင်းလိုက်ရင် ငါက ဧကရီ မဟုတ်တော့မှာမို့လို့ အဲ့ဒီနေရာကို အရမ်းကြီး တွယ်ကပ်မနေနဲ့လို့ ပြောခဲ့တာလား။
ထိုစဉ်ကမူ အဓိပ္ပာယ်မရှိဘူးဟု ထင်ခဲ့သော်လည်း။
ယခု ပြန်စဉ်းစားကြည့်တော့ မှားသည့်စကားမဟုတ်ပေ။
ဆိုဗီရ်ရှုက တကယ်ပဲ ငါ့ကို ကွာရှင်းချင်လိမ့်မယ်လို့……
ကျွန်မ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ လက်မောင်းပေါ်သို့ နဖူးတင်ထားလိုက်သည်။
အတော်ကြာအောင် ထိုသို့နေပြီးမှ ခဲရာခဲဆစ် ထရပ်ပြီး စာကြည့်ခန်းသို့ သွားခဲ့၏။
အရှေ့အင်ပါယာ၏ သမိုင်းမှတ်တမ်းများကို အကျဉ်းချုပ်ထားသော စာအုပ်ကို ထုတ်ယူကာ အခန်းထဲသို့ ယူလာပြီး အသေးစိတ် ရှာဖွေကြည့်လိုက်သည်။
သာမန်အရပ်သား ချစ်သူ…… ဧကရီ……
“……”
အကြိမ်ကြိမ် အထပ်ထပ် ဖတ်ကြည့်ပြီးနောက် ကျွန်မ အားပျော့စွာဖြင့် စာအုပ်ကို ချလိုက်မိသည်။
ဧကရာဇ်က သာမန်အရပ်သား ချစ်သူနှင့် လက်ထပ်ခဲ့သည့် သာဓကမျိုး နဂိုကတည်းက မရှိပေ။
သို့သော် နိုင်ငံရေးအရ လက်ထပ်ထားသည့် ဧကရီ နတ်ရွာစံသွားခြင်းဖြစ်စေ နှင်ထုတ်ခံရပြီးနောက်တွင်ဖြစ်စေ သာမန်အရပ်သား ချစ်သူက ဧကရီဖြစ်လာသည့် ဖြစ်ရပ်အချို့တော့ရှိသည်။
အတွေ့များသည့်ကိစ္စ မဟုတ်သည့်တိုင် အလွန် ရှားပါးလှသည်တော့လည်း မဟုတ်ပေ။
‘အခု ငါ ဘာဖြစ်သွားမှာလဲ။’
စာအုပ်ကို ဖတ်ပြီးသွားတော့ စောစောကလို အသက်ရှူရခက်လောက်သည်အထိ မတုန်လှုပ်တော့။
ကျွန်မ စာအုပ်ကိုပိတ်ကာ စားပွဲပေါ် တင်လိုက်ပြီးနောက် ကိုယ်နေဟန်ထားကို ပြန်ပြင်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။
ထိုအတိုင်း ဘယ်နှနာရီလောက် ကြာသွားမှန်း မသိပေ။
မျက်စိရှေ့တွင် တဖြည်းဖြည်း လင်းလာသလို ခံစားရသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ လိုက်ကာကြားမှ နီကျင်ကျင် အရုဏ်ဦးနေရောင်ခြည်က တိုးဝင်လာနေ၏။
ထိုမြင်ကွင်းကို ငေးကြည့်နေရင်း အရာအားလုံးက အချည်းနှီးပဲဟု ခံစားရကာ ဟာတာတာ ဖြစ်လာတော့သည်။
မည်မျှပင် ကြိုးကြိုးစားစား နေလာခဲ့ပါစေ၊ မည်မျှပင် ကြိုးစားအားထုတ်ခဲ့ပါစေ၊ နောက်ဆုံးတွင် အကြီးမြတ်ဆုံးသောအရာက အချစ်တစ်ခုတည်းပင်။
အချစ်က အရာအားလုံး၏ ဗဟိုချက်မနှင့် တွန်းအားပဲဟူသော ကဗျာစာဆိုတို့၏ ရိုမန့်တစ်ဆန်ဆန် စကားများက တကယ် အမှန်ပဲလား မသိတော့။
ဆိုဗီရ်ရှုနှင့် ရက်ရှ်တာ၏ ထိုအချစ်ကြောင့် ကျွန်မ၏ အရာရာက အလုခံရတော့မည်ဖြစ်သောကြောင့်ပင်။
ကြီးမြတ်သော အိမ်တော်ရော၊ အတူတူ ဖြတ်သန်းခဲ့သည့် အမှတ်တရများနှင့် အချိန်များရော၊ ရှည်လျားလှသော ကြိုးစားမှုနှင့် လေ့လာသင်ယူမှုများရော၊ ကျွန်မတို့နှစ်ယောက် ထားခဲ့ကြသည့် ဇနီးမောင်နှံကတိသစ္စာကိုပါ ထိုကြီးမြတ်လှသော အချစ်ဆိုသည့်အရာက အကုန် ဝါးမျိုသွားတော့မည်ဖြစ်သောကြောင့်။
“ဘုရားရေ။ ဧကရီအရှင်မ။”
ရေချိုးရန် ပြင်ဆင်ပေးဖို့ အစေခံကိုခေါ်ပြီး ဝင်လာသော နယ်စားကတော်ကြီး အယ်လီဇာက ကျွန်မကိုမြင်တော့ အလန့်တကြား အော်လေတော့သည်။
သူက အစေခံကို ရေဆက်ဖြည့်ရန် ညွှန်ကြားလိုက်ပြီးနောက် ကျွန်မအနားသို့ ချဉ်းကပ်လာ၏။
“တစ်ခုခုဖြစ်လို့လားရှင့်။”
ကျွန်မ လေးလံနေသော ခေါင်းကို မော့ကြည့်လိုက်မိသည်။
နေရောင်ကို အကြာကြီး ကြည့်နေမိသဖြင့် သူ့ကို အဖြူရောင် အရိပ်တစ်ခုလိုသာ မြင်နေရ၏။
“အလိုလေး၊ ဘုရားရေ။”
ငါ့ပုံစံက တော်တော်လေး ထူးဆန်းနေလို့များလား။
နယ်စားကတော်ကြီး အယ်လီဇာက ပျာယာခတ်နေရင်း စားပွဲပေါ်မှ သမိုင်းစာအုပ်ကို တွေ့သွားတော့ ပို၍ပင် ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်သွားတော့သည်။
အလကားနေရင်း သမိုင်းစာအုပ်ကြီး ယူဖတ်ပြီး ဝမ်းနည်းနေပုံက ထူးဆန်းနေမည်ပင်။
“ဧကန္တ……ဆာ ခိုရှာရ်ကြောင့်လားဟင်။”
ကျွန်မက ငေးငိုင်နေဆဲဖြစ်သဖြင့် နယ်စားကတော်ကြီး အယ်လီဇာက သဘောပေါက်သွားသည့်အလား သတိထားပြီး မေးလာသည်။
“ဟုတ်ပါတယ်။”
ကျွန်မ အားမပါစွာ ပြန်ဖြေကာ နေရာမှ ထရပ်လိုက်သည်။
နယ်စားကတော်ကြီး အယ်လီဇာ၏ စိုးရိမ်နေသော မျက်နှာကို မြင်တော့မှ ‘ငါ ဒီလိုပဲ နေနေလို့ မဖြစ်ဘူး’ ဟူသည့် အတွေး ဝင်လာ၏။
ဟုတ်တယ်။
ဒီအတိုင်း ပျော့ညံ့ပြီး ဝမ်းနည်းနေရင်းနဲ့တော့ အနှင်ထုတ်မခံနိုင်ဘူး။
ဆိုဗီရ်ရှုက ငါနဲ့ ကွာရှင်းဖို့ စဉ်းစားနေရင်တောင် ချက်ချင်းကြီး နေ့ချင်းညချင်း ထလုပ်မှာတော့မဟုတ်ဘူးလေ။
ဆိုဗီရ်ရှုသာ အလိုရှိလျှင် ကျွန်မက ကွာရှင်းပေးရုံအပြင် မရှိပေ။
ဧကရာဇ်က ကွာရှင်းချင်ပြီး မကွာရှင်းနိုင်ခဲ့သည့် ဧကရီဟူ၍ မရှိ။
မည်မျှပင် ကြီးကျယ်မြင့်မြတ်သည့် အိမ်တော်မှ ဧကရီဖြစ်ပါစေ၊ ကြောက်စရာကောင်းသည့် ဧကရီဖြစ်ပါစေ၊ ထူးချွန်သော အိမ်ရှေ့စံကို မွေးထားသည့် ဧကရီဖြစ်ပါစေ။
ကွာရှင်းမှုအတွက် တရားရုံးတွင် မည်မျှအထိ အချိန်ဆွဲထားနိုင်မလဲဟူသည့်အချက်သာ ရှိသည်။
သို့ဆိုလျှင်ပင် အစီအစဉ်ဆွဲပြီး ရှင်သန်ရန် နည်းလမ်းရှာရပေမည်။
“ဒီနေ့တော့…… ပန်းရောင်ဝတ်စုံ ပေးပါ။”
ကျွန်မ အမြန် ကိုယ်လက်သန့်စင်ပြီးနောက် နယ်စားကတော်ကြီး အယ်လီဇာကို တတ်နိုင်သမျှ တောက်ပအောင် ပြင်ပေးရန် တောင်းဆိုလိုက်သည်။
အိပ်ရေးပျက်၍ ညိုမည်းနေသော မျက်ကွင်းများကို မိတ်ကပ်ဖြင့် ဖုံးကွယ်ကာ၊ တောက်ပသော ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ပြီး မှိုင်တိုင်တိုင် အငွေ့အသက်များကို ဖယ်ထုတ်ခဲ့၏။
ဆိုဗီရ်ရှုက ကျွန်မ သူတို့စကားများကို ကြားသွားမှန်း မသိနိုင်သော်လည်း ကျွန်မကိုမြင်လျှင် သတိရလာမည်ပင်။
မနေ့ညက သူ ရက်ရှ်တာကို အချစ်များနှင့် တစ်ညလုံး တီးတိုးပြောခဲ့မည့် ထိုကတိများ။
သူ့ရှေ့တွင် ညှိုးငယ်စွာ ချိုးနှိမ်မခံချင်ပေ။
ထိုအတောအတွင်း နယ်စားကတော် အယ်လီဇာက ကျွန်မကို ပြင်ဆင်ပေးရင်း မနေ့က ကျွန်မ အယ်ဗာလီထံ ရေးထားသော စာကို ယနေ့မနက် ၁၁ နာရီလောက်တွင် ပို့ပေးမည်ဟု ပြောလာသည်။
သူ၏စကားကို ကြားတော့ အတွေးများ ရှင်းသွားအောင် ကျွန်မကိုယ်တိုင် အယ်ဗာလီဆီ သွားလိုက်ခြင်းက ပိုကောင်းမည်ဟု တွေးလိုက်မိ၏။
ထို့အပြင် ထိုစာကို ရေးနေစဉ် စိတ်က အခြားသို့ရောက်နေသဖြင့် ကျွန်မ၏စိတ်ရင်းကို အပြည့်အဝ မဖော်ပြနိုင်ခဲ့ပေ။
ထိုကလေးကို ကိုယ်တိုင်တွေ့ပြီး နှစ်သိမ့်ပေးခြင်းက ပိုကောင်းပေလိမ့်မည်။
“စာကို မပို့ပါနဲ့တော့။ ကျွန်မကိုယ်တိုင် သွားမှာမို့လို့။”
ကျွန်မ နယ်စားကတော်ကြီး အယ်လီဇာကို မှာကြားပြီးနောက် တတ်နိုင်သမျှ တည်ငြိမ်သော အမူအရာဖြင့် ညီလာခံခန်းမသို့ သွားခဲ့သည်။
သို့သော် ခန်းမအနားသို့ရောက်လာတော့ ရင်က ပြန်ခုန်လာ၏။
မနေ့က ထိုတုန်လှုပ်ဖွယ် သတင်းကိုကြားပြီး အနောက်နန်းဆောင်သို့ အပြေးပြန်လာခဲ့ရကြောင်း ပြန်တွေးမိရင်း လျှာဖျားများပါ ရူးမတတ် ယားလာသည်။
ကျွန်မကို စွန့်ပစ်မည့် စကားများကိုပြောရင်း ရက်ရှ်တာကို အချစ်များဖြင့် နှစ်သိမ့်ခဲ့သည့် ဆိုဗီရ်ရှု။
ကျွန်မနှင့် ကွာရှင်းရန် ဆုံးဖြတ်ထားသည့် ဆိုဗီရ်ရှု။
သူ ကျွန်မကို မည်သို့သောမျက်လုံးနှင့် ကြည့်မလဲ၊ မည်သို့ ဆက်ဆံမလဲဆိုသည်ကို အင်မတန် သိချင်နေမိသည်။
“တောက်ပတဲ့ အရောင်တွေနဲ့လည်း လိုက်ဖက်တာပဲ။”
သို့သော် ထင်မှတ်မထားဘဲ ဆိုဗီရ်ရှုက ပုံမှန်အတိုင်းပင် ရှိနေ၏။
ထိုအချက်ကြောင့် ကျွန်မလည်း ပုံမှန်အတိုင်း တည်ငြိမ်မှုကို ပြန်ရှာတွေ့နိုင်ခဲ့သည်။
အခန်းထဲ ပြန်ရောက်လျှင် ဆောက်တည်ရာမရ ပြန်ဖြစ်ဦးမည်ဆိုသော်လည်း အနည်းဆုံးတော့ ဆိုဗီရ်ရှုရှေ့တွင် တည်ငြိမ်ချင်ယောင်ဆောင်နိုင်ပေလိမ့်မည်။
ကျွန်မ ဆိုဗီရ်ရှု၏ ချီးမွမ်းစကားကို ပြုံးလျက် ကျေးဇူးတင်စကား ပြောလိုက်၏။
ထို့နောက် သူ ကမ်းပေးလာသော လက်ကို မမြင်ချင်ယောင်ဆောင်ကာ သူ့ကို ကျော်ဖြတ်ပြီး ပလ္လင်ဆီသို့ လျှောက်သွားလိုက်သည်။
“ခုနက ငါ့လက်ကို မတွေ့လိုက်ဘူးလား။”
“မမြင်ချင်ယောင်ဆောင်လိုက်တာပါ။ မမြင်လိုက်သလိုပဲ နေပေးပါ။”
“……မင်းအစ်ကိုကြောင့် စိတ်ဆိုးပြီး ဒီလိုလုပ်နေတာလား။”
“လေညင်းခံထွက်မလားလို့ တွေးနေတာကို။”
“အတူတူ လမ်းလျှောက်မလား။”
“အယ်ဗာလီကိုလည်း တွေ့ရင်း ဝီလ်ဝေါလ်ကို သွားလိုက်ပါဦးမယ်။”
“ဝီလ်ဝေါလ်ကို။ ဘယ်တော့လဲ။ လတ်တလောတော့ ငါ အချိန်ဖယ်ဖို့ ခက်မှာကို။”
“ကိစ္စမရှိပါဘူး၊ တစ်ယောက်တည်းသွားဖို့ စဉ်းစားထားတာမို့လို့။”
~~~~
Miel’s Translations