အပိုင်း ၉၃ (ထိလိုက်လျှင် ပေါက်ကွဲမည့်…)
နှစ်ရက်အကြာ နယ်လှည့်စစ်ဆေးရေး ထွက်ခွာတော့မည့် ဆိုဗီရ်ရှုကို လိုက်ပါပို့ဆောင်ရန် နန်းတော်တံခါးဝရှိ ရင်ပြင်သို့ ထွက်လာခဲ့စဉ်။
ရက်ရှ်တာကလည်း ရိုးရှင်းသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်၍ ရောက်ရှိနေ၏။
ထုံးစံအတိုင်း သူ့ကို အာရုံမစိုက်မိရန် ကြိုးစားခဲ့သော်လည်း ရက်ရှ်တာက ကျွန်မကို တစ်စိုက်မတ်မတ် ကြည့်နေသဖြင့် စိတ်ထဲတွင် အနှောင့်အယှက် ဖြစ်လာရသည်။
နောက်ဆုံး သူ့ကို ပြန်ကြည့်လိုက်ရာ ထင်မှတ်မထားဘဲ သူက ကျွန်မကို စိုက်ကြည့်နေကြောင်း တွေ့လိုက်ရ၏။
ပုံမှန်ဆိုလျှင် မျက်နှာထားကို အံ့ဩလောက်အောင် ထိန်းချုပ်နိုင်သည့် ရက်ရှ်တာ၏ အပြုအမူမျိုး မဟုတ်ပေ။
ကျွန်မ မည်သည့်ခံစားချက်မျှမပါဘဲ စိုက်ကြည့်လိုက်မှ သူက မျက်နှာနီမြန်းကာ ခေါင်းငုံ့သွားသော်လည်း……ကျိန်းသေပေါက် ဘာကမှန်းမသိ ထူးခြားနေသည်။
‘ဘာကိစ္စများရှိလို့ပါလိမ့်။’
ထူးဆန်းသည်ဟု တွေးရင်း ဆိုဗီရ်ရှုကို ကြည့်လိုက်တော့ သူကလည်း စိတ်အနှောင့်အယှက်ဖြစ်နေသော မျက်နှာထားဖြင့် ရက်ရှ်တာကို အကဲခတ်နေ၏။
‘သူတို့နှစ်ယောက်ကြားမှာ ပြဿနာတစ်ခုခု ရှိနေတာလား။’
တစ်ချက်တော့ သိချင်စိတ်ဖြစ်သွားမိသည်။
သို့သော် တကူးတက စူးစမ်းနေရန်မလိုအပ်ဟု ယူဆသဖြင့် ကျွန်မလည်း ထုံးစံအတိုင်း မျက်နှာသေဖြင့်သာ ရပ်နေလိုက်၏။
ဆိုဗီရ်ရှု မြင်းရထားပေါ်တက်ပြီး ထွက်ခွာသွားတော့မှသာ ရက်ရှ်တာ ကျွန်မကို စိုက်ကြည့်ခဲ့ရသည့် အကြောင်းရင်းကို သိလိုက်ရတော့သည်။
“ရက်ရှ်တာ ဧကရီအရှင်မကို အားကျပါတယ်။”
ကျွန်မအနားသို့ အသာလေးကပ်လာသော ရက်ရှ်တာက ဂါရဝပြုပြီးနောက် အားမရှိသောအသံဖြင့် ညည်းညူခဲ့သည်။
“ရက်ရှ်တာမှာတော့ အရှင်ဧကရာဇ်ကို ချစ်နေတာတောင် အမြဲတမ်း စိတ်ကို ချွန်းအုပ်ထိန်းသိမ်းထားရတာကို။ ဧကရီအရှင်မကတော့ အရှင်ဧကရာဇ်ကို ချစ်လည်းမချစ်ဘဲနဲ့……”
“အရှင်ဧကရာဇ်က စစ်ဆေးရေးခရီးစဉ်မှာ မင်းကို ခေါ်မသွားဘူးလို့ ပြောလိုက်တာလား။”
“....”
ရက်ရှ်တာက ‘ဘယ်လိုသိတာလဲ’ ဟူသော မျက်နှာမျိုးဖြင့် မျက်လုံးအဝိုင်းသား ဖြစ်သွားသည်။
ပုံမှန်ထက်ပိုပြီး မာန်တက်နေလို့ သိတာ…… ဟု ဖြေလိုက်လျှင် ဧကရီတစ်ပါးနှင့် မလျော်ကန်ဘဲ နေပေမည်။
ကျွန်မက စကားအရှည်ကြီး မပြောတော့ဘဲ လက်ညှိုးဖြင့် ရက်ရှ်တာ၏ မျက်ခုံးအထက်ကို ခပ်ဖွဖွလေး ဖိလိုက်၏။
“ဧကရီအရှင်မ……”
ရက်ရှ်တာက ဝိုင်းစက်သော မျက်လုံးလေးများဖြင့် ကျွန်မ၏ လက်ချောင်းကို မော့ကြည့်လာသည်။
ထိုသို့ကြည့်လာတော့ နဂိုကတည်းက နူးညံ့လှသော သူ၏ မျက်လုံးလေးများက ပို၍ အောက်သို့စောင်းသွားကာ ယုန်ကလေးတစ်ကောင်နှင့် တူသွားလေ၏။
“မျက်လုံးမှာ အားလျှော့ထား။ အဲ့ဒီလိုမျိုး။”
ပြောရင်းနှင့် လက်ကို ဖယ်လိုက်တော့ ရက်ရှ်တာက တစ်ချက် ကြောင်အမ်းအမ်းဖြစ်သွားကာ မျက်တောင်တဖျပ်ဖျပ် ခတ်နေသည်။
ကျွန်မ ဘာကိုဆိုလိုမှန်း ချက်ချင်း နားမလည်သည့်ပုံပင်။
ထို့နောက်မှ ကျွန်မ ပြောချင်သည့် အဓိပ္ပာယ်ကို သဘောပေါက်သွားကာ မျက်နှာလေး နီမြန်းသွားတော့၏။
နောက်ထပ် စကားဆက်မပြောချင်တော့သဖြင့် သူ့ကို ထားခဲ့ကာ ကျွန်မ၏ အခန်းသို့ ပြန်လာခဲ့သည်။
အခစားဝင်မှုများလက်ခံရန် အချိန်အတော်လိုသေးသဖြင့် ဖိနပ်ချွတ်ကာ ခဏနားရန် တွေးလိုက်၏။
သို့သော် အခန်းထဲရောက်၍ ကုလားထိုင်ပေါ် မှီလိုက်သည်နှင့် မနေ့က ဆိုဗီရ်ရှု ပြောခဲ့သော စကားကို ပြန်သတိရမိသည်။
‘ရက်ရှ်တာရဲ့နောက်ကြောင်းကို စုံစမ်းတာ ရပ်လိုက်တော့လို့ ပြောခဲ့တာပဲ။’
တိုက်ရိုက်ကြီး မဟုတ်သော်လည်း ထိုကိစ္စကို ကျွန်မအား ကိုယ်တိုင်ကိုယ်ကျ ထုတ်ပြောခဲ့သည်။
ကျွန်မ သို့မဟုတ် အစ်ကို့ကို စုံစမ်းစစ်ဆေးမှုများ ရပ်တန့်စေချင်သောကြောင့် ဖြစ်လိမ့်မည်။
“ဟူး……”
နှမြောစရာကောင်းသော်လည်း အခြေအနေက ဤသို့ဖြစ်လာမှတော့ ဆက်ပြီး ဖိတွန်းနေ၍ မဖြစ်တော့ပေ။
ကျွန်မ ဆာ အာရ်တီနာနှင့် နယ်စားကတော် အယ်လီဇာတို့ကို ခေါ်လိုက်သည်။
ဆိုဗီရ်ရှု သိသွားပြီဖြစ်၍ ဗိုင်းကောင့် လိုတဲရှုနှင့် ရီဗယ်တီတို့၏ နောက်ကြောင်းကို စုံစမ်းနေခြင်းအား ရပ်တန့်ရန် ညွှန်ကြားခဲ့၏။
“ဒါပေမဲ့ နည်းနည်းလောက် ထပ်ပြီးစုံစမ်းကြည့်ရင် ပိုမကောင်းဘူးလားရှင့်။”
“ကျွန်မ ပိုပြီး ဂရုစိုက်ပါ့မယ်။”
ဆာ အာရ်တီနာနှင့် နယ်စားကတော် အယ်လီဇာတို့က အလုပ်ကို ဤအတိုင်း လက်လျှော့ရမည်ကို နှမြောနေပုံရသော်လည်း ကျွန်မက ပြတ်သားစွာ ငြင်းဆိုခဲ့သည်။
ထို့နောက် ထပ်မံစဉ်းစားပြီး ဖာရ်အန်း မားကီးစ်ကို ခေါ်ယူကာ အကြံပေးသယောင်နှင့် အမိန့်ပေးလိုက်၏။
“ဗိုင်းကောင့် လိုတဲရှုအကြောင်း စုံစမ်းနေတာကို ခဏလောက် ရပ်ထားတာ ကောင်းလိမ့်မယ်။”
“ဟင်……ဘယ်လိုလုပ် သိတာလဲဗျ။”
“အရှင်ဧကရာဇ် ပြောလို့လေ။”
“အရှင်ဧကရာဇ်က ဘယ်လိုလုပ် သိတာပါလိမ့်။”
ဖာရ်အန်း မားကီးစ်က အံ့အားသင့်ကာ မျက်ခုံးအထက်ကို ပွတ်သပ်ခဲ့သည်။
ယခင် ကိုယ်ဝန်ဖျက်ဆေး သုံးစွဲခဲ့စဉ်က မိသွားခဲ့သည့် အခြေအနေနှင့် တုံ့ပြန်ပုံချင်း မတူပေ။
ယခုတစ်ကြိမ်တွင်မူ လုံးဝ မိမည်မဟုတ်ဟု ယုံကြည်ချက်ရှိနေခဲ့ခြင်းလား။
“ဒါကိုတော့ ကျွန်မလည်း မသိပေမဲ့ လောလောဆယ်တော့ ငြိမ်ငြိမ်လေး နေကြတာပေါ့။”
“အရှင်ဧကရာဇ်က တော်တော်လေး အမျက်ထွက်နေတာလားခင်ဗျ။”
“……အဲ့ဒီမိန်းမနဲ့ ပတ်သက်တဲ့ ကိစ္စဆိုရင် အရှင်ဧကရာဇ်က ဒေါသထွက်လွယ်တတ်တယ်။”
ဖာရ်အန်း မားကီးစ်က မျက်ခုံးကို ပင့်လိုက်၊ ချလိုက်လုပ်ကာ “အာ” ဟု တိုပြတ်ပြတ် အသက်ရှူထုတ်ခဲ့သည်။
“အဲ့ဒီလိုကိုး။”
သို့သော် ယခုအထိ ‘နားလည်ပါပြီ’ ဟူသော အဖြေကား ထွက်မလာသေးပေ။
“ဖာရ်အန်း မားကီးစ်။”
အသံကို လေးနက်အောင်လုပ်ပြီး ထပ်မံခေါ်လိုက်ရာ သူက အခက်တွေ့နေသည့်အလား ပါးစပ်ကို လက်ဖြင့်အုပ်ပြီး တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေသည်။
“အဲ့ဒါက…… အခုချက်ချင်း ငြိမ်ငြိမ်နေနိုင်ရင်တော့ ကောင်းမှာဆိုပေမဲ့……”
“မဖြစ်နိုင်တဲ့အကြောင်းရင်း ရှိလို့လား။”
“မနေ့က ခိုရှာရ် အရက်သွားသောက်ရင်းနဲ့ နည်းနည်း…… မကောင်းတဲ့ စကားတွေ ကြားခဲ့ရလို့ပါ။”
မကောင်းတဲ့စကားပေါ့လေ။
ထိုစကားက ဘာများလဲဟု သိချင်သော်လည်း ဖာရ်အန်း မားကီးစ်က သက်ပြင်းသာချနေကာ မည်သည့်စကားဖြစ်မှန်း ရှင်းမပြခဲ့ပေ။
“ကျွန်မနဲ့ ပတ်သက်တဲ့ စကားတွေကိုး။”
သူ ဘာကြောင့် အကျပ်ရိုက်နေရမှန်း ရိပ်မိသဖြင့် မေးလိုက်ရာ ဖာရ်အန်း မားကီးစ်က အိုးတိုးအမ်းတမ်းပြုံးရင်း ဆက်ပြောခဲ့သည်။
“လူဆိုတာ အတင်းအဖျင်းရှိရင် ဝိုင်းအုံကြတာပဲ မဟုတ်လားဗျ။”
“ကျွန်မက အတင်းအဖျင်းပြောစရာ ဖြစ်နေတဲ့ပုံပဲ။”
“……”
ဖာရ်အန်း မားကီးစ်က ငိုတော့မလိုဖြစ်နေရာ ဆက်ပြောပါဟူသော သဘောဖြင့် ကျွန်မက အသံတိတ် မျက်ရိပ်ပြလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ခိုရှာရ်က သိတဲ့အတိုင်း၊ အင်း၊ နည်းနည်းတော့ ခက်တယ်မဟုတ်လား။ ဧကရီအရှင်မကို စော်ကားတဲ့စကားတွေ ကြားတာနဲ့တင် သူ့ခေါင်းက မီးပွင့်သွားပြီးတော့……”
“ထိုးလိုက်တာလား။”
“တော်သေးလို့ ကျွန်တော် ကြားထဲက ဝင်တားနိုင်လိုက်ပါတယ်။ အထိုးခံရတဲ့သူနဲ့လည်း အဆင်ပြေပြေ ဖြေရှင်းပြီးပါပြီ။”
ဖာရ်အန်း မားကီးစ်က ကျွန်မ၏ မျက်နှာရိပ်မျက်ကဲကိုကြည့်ကာ အစ်ကို့ဘက်မှ ကာကွယ်ပြောဆိုပေးခဲ့သည်။
“ဘယ်လိုမှမတတ်နိုင်အောင် လတ်တလော အဲ့ဒီလိုမျိုး အကြိမ်အနည်းငယ် ဖြစ်ခဲ့တဲ့ပုံပါပဲ။ သူ့စိတ်နဲ့ဆိုရင်တော့ တော်တော်လေး အောင့်အည်းသည်းခံခဲ့တာပါ။”
“အဲ့ဒါဆိုလည်း ရပြီမဟုတ်လား။”
“မနေ့ကလို့ပြောပေမဲ့ တစ်ရက်တောင် မပြည့်သေးပါဘူး။”
ဖာရ်အန်း မားကီးစ်က သက်ပြင်းချခဲ့သည်။
“အခုအထိ ခိုရှာရ်က ဒေါသအရမ်းထွက်နေတုန်းပါပဲ။”
“စိတ်မလျှော့နိုင်တဲ့ပုံပေါ်နေတာလား။”
“ကျွန်တော် မလာခင်အထိတော့ အဲ့ဒီအတိုင်းပါပဲ။”
‘မလာခင်အထိ။’
“ဝင်တားနေတုန်း ဧကရီအရှင်မ ခေါ်ခိုင်းလိုက်တဲ့အတွက် ရောက်လာခဲ့ရတာမို့လို့ပါ။”
ဖာရ်အန်း မားကီးစ်၏ စကားကို ကြားလိုက်ရတော့ ကျွန်မလည်း စိုးရိမ်စိတ်များ မြင့်တက်လာသည်။
ဖာရ်အန်း မားကီးစ်ပင် အခက်တွေ့နေရလောက်အောင်ဆိုလျှင် အတော်လေး ဒေါသထွက်နေသည့်ပုံပင်။
ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနေပါဟူသော ကျွန်မ၏ စကားကို အစ်ကိုက နားထောင်ပါ့မည်လား။
ကျွန်မက ဆိုဗီရ်ရှုကို ကြောက်နေရ၍ဟု ယူဆကာ ပို၍များ သောင်းကျန်းနေလေမလား။
“တအားလည်း စိတ်မပူပါနဲ့၊ ဧကရီအရှင်မ။ ကျွန်တော် တတ်နိုင်သမျှ တားကြည့်ပါ့မယ်။”
“ကျေးဇူးပါပဲ။”
“ဒါဆို ကျွန်တော် သွားလိုက်ပါဦးမယ်။”
ဖာရ်အန်း မားကီးစ်က နာရီကိုကြည့်ပြီးနောက် ကုလားထိုင်မှထကာ ချွတ်ထားသော အပေါ်အင်္ကျီကို အမြန်သိမ်းဆည်းခဲ့သည်။
“ဒီမှာ ထပ်နေချင်ပေမဲ့ အခု ခိုရှာရ်ကို တစ်ယောက်တည်း ထားခဲ့ရမှာ စိတ်မချလို့ပါ။ နောက်မှ ပြန်လာခဲ့ပါ့မယ်။”
~~~~
ထိုအချိန်တွင်။
ခိုရှာရ်က ဖာရ်အန်း မားကီးစ်နှင့် နာဗီရယ်တို့ စိုးရိမ်သည့်အတိုင်း ဒေါသက ငယ်ထိပ်ရောက်နေပေပြီ။
ပေါက်ကွဲခါနီး အခြေအနေမဟုတ်ဘဲ ပေါက်ကွဲနေသည့် အခြေအနေပင်။
သွေးကြောထဲရှိ သွေးများက ချော်ရည်ပူများပမာ ဖြစ်နေချေပြီ။
ထို့အပြင် သူက မြို့စားမင်းအိမ်တော်အတွင်း၌ ရှိမနေခဲ့ပေ။
ဗိုင်းကောင့် လိုတဲရှု အိမ်အပြင်ထွက်သွားပြီဟု စေခိုင်းထားသူထံမှ သတင်းကြားသည်နှင့် ချက်ချင်း သူ့နောက်သို့ လိုက်နေခဲ့ခြင်းဖြစ်သည်။
သို့သော် ဗိုင်းကောင့် လိုတဲရှုထံ မရောက်မီမှာပင် လူကောင်ထွားထွားနှင့် လူတစ်စုက သူ့ထံ ချဉ်းကပ်လာ၏။
မလောက်လေးမလောက်စားကောင်တွေပဲဟု တွေးကာ လျစ်လျူရှုရန် ကြိုးစားသော်လည်း မထင်မှတ်ဘဲ ထိုလူထွားများက ခိုရှာရ်၏ ရှေ့တည့်တည့်သို့ ရောက်လာသည်။
ထို့နောက် ပတ်ဝန်းကျင်တွင် လူမရှိကြောင်း အကဲခတ်ပြီးနောက် ရုတ်တရက် ခိုရှာရ်၏ ကော်လံစကို ဆွဲဆုပ်ကာ မေးမြန်းလေ၏။
“ဒီက ရုပ်ချောချော သခင်လေးက ခိုရှာရ် ထရိုဗီလား။”
ခိုရှာရ် မျက်မှောင်ကြုတ်လိုက်သည်။
ဤကဲ့သို့သော လူများနှင့် ရန်ဖြစ်ခဲ့ဖူးသည်မှာ အကြိမ်ကြိမ်ပင်။
သို့သော် သူ၏ အဆင့်အတန်းကိုသိလျက်နှင့် ရန်စလာသူဟူ၍ မရှိပေ။
ရှိခဲ့လျှင်လည်း အရက်မူးပြီး အသိစိတ်ပျောက်နေသူများသာ ဖြစ်ပေလိမ့်မည်။
သို့သော် ဤလူများက ခိုရှာရ်ကို ထရိုဗီ မိသားစုဝင် ဟုတ်၊ မဟုတ် အရင်ဆုံး အတည်ပြုနေကြသည် မဟုတ်ပါလား။
ထိုစကားက……
‘တစ်ယောက်ယောက်က ငါ့ကို ပစ်မှတ်ထားပြီး လွှတ်လိုက်တဲ့လူတွေကိုး။’
ခိုရှာရ်က ဆုံးဖြတ်ချက်ချပြီးသည်နှင့် “ဟုတ်တယ်လေ” ဟု ဆိုကာ ပြုံးလိုက်သည်။
တစ်ဖက်လူကို မထီတရီ အရေးမစိုက်သော ထိုအပြုံးကြောင့် ခိုရှာရ်၏ ရင်ဘတ်ကို ဆွဲကိုင်ထားသော လူထွားကြီးက မျက်တောင်တခတ်ခတ် ဖြစ်သွား၏။
ခိုရှာရ် သူ့ကိုကြည့်ရင်း မျက်စပစ်ပြလိုက်တော့ ထိုလူက မျက်နှာ ပို၍ပျက်သွားကာ အော်ဟစ်လေသည်။
“အခု ဒါက ဘာလုပ်….”
သို့သော် စကားမဆုံးမီမှာပင် သူ၏ တစ်ကိုယ်လုံး တစ်ပတ်လည်သွားကာ မြေပြင်ပေါ်သို့ ကိုင်ပေါက်ခံလိုက်ရသည်။
ခိုရှာရ်က သူ့ရင်ဘတ်ကို ဆွဲကိုင်ထားသော လူ၏ လက်ကောက်ဝတ်နှင့် ပခုံးကို ဆုပ်ကိုင်ကာ အရှိန်နှင့် မြှောက်ပစ်လိုက်ခြင်းပင်။
နောက်မှ လူထွားကြီးမျာက အလွန်အံ့ဩသွားပုံရသော်လည်း လူအင်အားကို ယုံကြည်ကာ ခိုရှာရ်ထံသို့ ပြေးဝင်လာကြ၏။
ရလဒ်ကို ကြာမြင့်စွာ စောင့်ဆိုင်းနေရန် မလိုခဲ့ပေ။
သေခြင်းနှင့် ရှင်ခြင်းကြား တိုက်ပွဲဝင်ခဲ့သော ခိုရှာရ်က သာမန် လက်သီးပွဲနွှဲနေကြသူများကို ရှုံးနိမ့်စရာအကြောင်းမရှိ။
ခိုရှာရ်တွင် ဓားပင် ပါရှိနေသေးသည်။
“သွေးကြောင်ပြီး လက်နက် သုံးတယ်ပေါ့လေ။”
“သွေးကြောင်ပြီး လူအများကြီးနဲ့ ဝိုင်းခဲ့ကြတာပဲမဟုတ်လား။”
ခိုရှာရ်က လူထွားကြီး ငါးယောက်ကို တန်းစီလဲကျအောင်လုပ်ပြီးနောက် ထွက်ပြေးရန် ကြိုးစားတိုင်း ဓားဖြင့်ရွယ်ကာ ရယ်မောနေသည်။
ထို့နောက် အာအကျယ်ဆုံးလူ၏ ရှေ့သို့သွားကာ အရေးကြီးသောအင်္ဂါအနီးတွင် ဓားထောက်ပြီး မေးလိုက်၏။
“ဘယ်သူ ခိုင်းတာလဲ။”
“ခိုင်း၊ ခိုင်းတာက ဘယ်သူမှ….”
ထိုလူက နှုတ်လုံချင်ဟန်ဆောင်ခဲ့သော်လည်း ခိုရှာရ်က “အနာဂတ် သားသမီးတွေကို နှုတ်ဆက်လိုက်တော့။ တာ့တာ။” ဟု တီးတိုးရေရွတ်ကာ ဓားကိုဖိလိုက်ရာ လန့်ဖျပ်သွားပြီး နောက်ကွယ်မှလူကို ဖွင့်ပြောတော့သည်။
“ပိန်ပိန်ပါးပါး သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ပါ။ နာမည်တော့ မသိပါဘူး။”
ပိန်ပိန်ပါးပါး သက်လတ်ပိုင်းလူက တစ်ယောက်တည်း မဟုတ်နိုင်သော်လည်း ခိုရှာရ်၏ ခေါင်းထဲတွင် တရားခံ၏ ပုံရိပ်က ချက်ချင်း ပေါ်လာသည်။
ဗိုင်းကောင့် လိုတဲရှု။
ခိုရှာရ်က ကြောက်စရာကောင်းသောမျက်နှာထား ဖြစ်သွားသဖြင့် ထိုလူများလည်း ထိတ်လန့်တုန်လှုပ်သွားကြ၏။
ဓားထောက်ခံထားရသောလူခမျာ မျက်နှာပင် ပြာနှမ်းနေချေပြီ။
ခိုရှာရ်က ဓားကိုပြောင်းကိုင်ပြီး ဓားအိမ်ဖြင့် သူတို့၏ ခေါင်းကို ရိုက်ချကာ မေ့လဲသွားအောင်လုပ်ပြီးနောက် လမ်းကြားအတွင်းသို့ ဆွဲသွင်းသွားခဲ့သည်။
ထို့နောက် စေခိုင်းထားသူကိုခေါ်ကာ ဗိုင်းကောင့် လိုတဲရှု၏ တည်နေရာကို တစ်ဖက်တစ်လမ်းမှ ထပ်မံ အတည်ပြုလိုက်၏။
“နန်းတော်ကို သွားနေတာ သေချာပါတယ်။”
“မြင်းရထားနဲ့ သွားတာလား။”
“မဟုတ်ပါဘူး၊ လမ်းလျှောက်သွားနေတာပါ။ ဘေးတံခါးကနေ ဝင်မဲ့ပုံပါပဲ။”
“ငါ့မြင်း ယူလာခဲ့။”
စေခိုင်းထားသူက မြင်းကို ယူလာပေးသောအခါ ခိုရှာရ်က မြင်းပေါ်တက်၍ အမြန်လှုပ်ရှားတော့သည်။
စေခိုင်းထားသူကိုပါ အနောက်မှ တင်ဆောင်လာခဲ့ခြင်းပင်။
နန်းတော်အနီးသို့ အရင်ရောက်သွားသော ခိုရှာရ်က မြင်းပေါ်မှ ဆင်းပြီးနောက် စေခိုင်းထားသူအား မြင်းကိုယူကာ အခြားတစ်နေရာတွင် စောင့်နေရန် ညွှန်ကြားလိုက်သည်။
ထို့နောက် နန်းတော်သို့သွားရန် မဖြစ်မနေ ဖြတ်သန်းရမည့် လမ်းဆုံတွင် စောင့်နေကာ ဗိုင်းကောင့် လိုတဲရှုကို မြင်သည်နှင့်တစ်ပြိုင်နက် ပြေးဝင်ပြီး လူသူကင်းဝေးသော လမ်းထဲသို့ ဆွဲခေါ်သွားတော့၏။
“အစ်၊ ဘာလဲ၊ ဘာလဲ။”
ဗိုင်းကောင့် လိုတဲရှုက အားကုန်သုံးကာ ရုန်းကန်ခဲ့သော်လည်း ခိုရှာရ်ကို မတွန်းလှန်နိုင်ခဲ့ပေ။
“လွှတ်စမ်း။ ဒီကောင်။ လွှတ်စမ်း။”
ဗိုင်းကောင့် လိုတဲရှုက အော်ဟစ်နေသဖြင့် ခိုရှာရ်က ဗိုင်းကောင့် လိုတဲရှု၏ ရှေ့တွင် ကြီးမားသော ဓားမြှောင်တစ်လက်ကို ထုတ်ပြကာ ခြိမ်းခြောက်လိုက်သည်။
“ဒီမှာ မြင်လား။”
“...”
“ဆူဆူညံညံလုပ်ရင် ဒါနဲ့ လည်ချောင်းကို ဆို့ပစ်မယ်မှတ်။”
“အ…အလို…”
ဗိုင်းကောင့် လိုတဲရှုက ဒေါသတကြီး တုန်ယင်နေသော်လည်း ထိုထက်ပို၍ ကြောက်ရွံ့မှုက ပိုကြီးနေသည်။
ခိုရှာရ်က ရိုင်းစိုင်းသော သားရဲတစ်ကောင်အဖြစ် ကျော်ကြားသူမဟုတ်ပါလား။
ကယ်မည့်သူမရှိသောနေရာတွင် အတင်းအကျပ် အားပြိုင်ရာက မသေချင်ပေ။
ဗိုင်းကောင့် လိုတဲရှု ငြိမ်ကျသွားတော့ ခိုရှာရ်က သူ၏ကုပ်ကို ရိုက်ချကာ သတိလစ်အောင် လုပ်လိုက်ပြီးနောက် ပခုံးပေါ်ထမ်း၍ နှစ်ပေါင်းများစွာ စွန့်ပစ်ထားသော အိမ်ဟောင်းတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
ခိုရှာရ်က အိမ်ဟောင်းအတွင်းရှိ ပြတင်းပေါက်မရှိသော အခန်းထဲသို့ ဗိုင်းကောင့်ကို တွန်းပို့ကာ တံခါးပိတ်လိုက်၏။
ကြိုတင်ပြင်ဆင်ထားခြင်း မဟုတ်သည့်တိုင် ယခင်ကလည်း အလားတူ ကိစ္စများအတွက် အသုံးပြုခဲ့ပုံရသော ကုလားထိုင်နှင့် ကြိုးများကို တွေ့လိုက်ရသည်။
ခိုရှာရ်က အရင်လူများ ထားခဲ့သော ကုလားထိုင်ပေါ်တွင် ဗိုင်းကောင့် လိုတဲရှုကိုတင်ကာ ကြိုးဖြင့် ခိုင်မြဲစွာ တုပ်နှောင်လိုက်၏။
ပါးစပ်ကိုပါ ကျွမ်းကျင်စွာ ပိတ်ဆို့ပြီးနောက် သူက ပါးကိုရိုက်ကာ ဗိုင်းကောင့်ကို နှိုးလိုက်သည်။
ဗိုင်းကောင့် လိုတဲရှုလည်း မျက်လုံးပွင့်လာသည်နှင့် ခိုရှာရ်၏ ကြောက်စရာကောင်းသော မျက်လုံးများကို မြင်လိုက်ရသဖြင့် လန့်ဖျပ်ကာ ရုန်းကန်တော့၏။
သို့သော် အသံက ပါးစပ်ပိတ်ထားသဖြင့် လွင့်ပြယ်သွားကာ ခန္ဓာကိုယ်ကလည်း လှုပ်ရှား၍ မရပေ။
အားကုန်လှုပ်ရှားကြည့်သော်လည်း ကုလားထိုင် တုန်ခါသွားရုံသာရှိကာ ကုလားထိုင်နှင့်အတူ လဲကျသွားမည့်ပုံပင်။
ဗိုင်းကောင့် လိုတဲရှုက မျက်လုံးအပြူးသားနှင့် ရှူးရှူးရှားရှားဖြစ်နေသဖြင့် ခိုရှာရ်က အပြုံးလေးနှင့် ဗိုင်းကောင့်၏ နားရွက်ကိုကိုင်ကာ အကြံပေးလိုက်သည်။
“အခု ပါးစပ်ဖွင့်ပေးမှာဆိုပေမဲ့ မအော်နဲ့။ အော်ရင် နားနာမယ်။”
ငါ့နား မဟုတ်ဘူး၊ မင်းနား။
ခိုရှာရ် တိုးတိုးလေး ထပ်ပြောလိုက်သောစကားကြောင့် ဗိုင်းကောင့် လိုတဲရှု၏ လက်များ တုန်ယင်လာသည်။
သို့သော် ပါးစပ်ကို ဖွင့်ပေးလိုက်သည်နှင့် ဗိုင်းကောင့် လိုတဲရှုက အော်ဟစ်လေသဖြင့် ခိုရှာရ်က မဆိုင်းမတွပင် သူ၏ နားရွက်ကို ဆွဲဖြဲပစ်လိုက်၏။
မကောင်းသတင်းများ ကြားဖူးသော်လည်း တကယ်ဖြစ်လိမ့်မည်ဟု ထင်မထားသော ဗိုင်းကောင့် လိုတဲရှုတစ်ယောက် ပါးစပ်ကို အကျယ်ကြီးဖွင့်ကာ တစ်ကိုယ်လုံးမှအားဖြင့် အားခနဲ အော်ဟစ်ရတော့သည်။
သို့သော် ခိုရှာရ်က ထိုအတောအတွင်း ပါးစပ်ကို ပြန်ပိတ်လိုက်သဖြင့် အသံသိပ်မထွက်ခဲ့ပေ။
ခိုရှာရ်က တစ်ဝက်ပြတ်ထွက်သွားသော နားရွက်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ကာ သီချင်းတညည်းညည်းနှင့် ဗိုင်းကောင့် လိုတဲရှုကို စိုက်ကြည့်နေ၏။
ဗိုင်းကောင့် လိုတဲရှုက တစ်ဝက် အသိစိတ်လွတ်သွားရာမှ သတိပြန်ဝင်လာကာ ခိုရှာရ်ကို စိုက်ကြည့်ခဲ့သည်။
သို့သော် ခိုရှာရ်က သွေးစွန်းနေသော လက်ဖြင့် သူ၏ မျက်လုံးကို သပ်ပေးလိုက်သည့် ခဏတွင်။
ဗိုင်းကောင့်လည်း အချည်းနှီး တုံ့ပြန်အာခံရန် မလိုအပ်ကြောင်း နားလည်သွားတော့၏။
ထိုအဆင်အခြင်မဲ့သော သားရဲတွင် မည်သည့် သနားညှာတာမှုမျှ မရှိပေ။
ဗိုင်းကောင့် လိုတဲရှု ငြိမ်သက်သွားသောအခါ ခိုရှာရ်က “စောစောကတည်းက ဒီလိုလုပ်ရင် ကောင်းမှာကို” ဟု ချီးကျူးပြီး ပခုံးကို ပုတ်ပေးနေရင်းမှ ရုတ်တရက် လက်သီးဆုပ်ကာ ထိုးခဲ့သည်။
ငြိမ်ငြိမ်နေနေတာကို ဘာလို့ ထိုးတာလဲ…
ဗိုင်းကောင့် လိုတဲရှုတစ်ယောက် ခံပြင်းကာ ပါးစပ်ဟရန် ကြိုးစားလိုက်သော်လည်း မဟနိုင်ဘဲ နေရာအနှံ့မှ လက်သီးချက်များ ကျရောက်လာ၏။
အချိန်အတော်ကြာအောင် ဗိုင်းကောင့် လိုတဲရှုကို ဂျုံမုန့်တုံးကဲ့သို့ ထိုးနှက်ပြီးမှ ခိုရှာရ်က ခါးကိုဆန့်ကာ အင်္ကျီအိတ်ထဲမှ နာရီကိုထုတ်ပြီး အချိန်ကို စစ်ဆေးလိုက်သည်။
ခိုရှာရ်က နာရီကို ပြန်ထည့်ပြီးနောက် သတိလစ်နေသော ဗိုင်းကောင့် လိုတဲရှုကို ငုံ့ကြည့်လိုက်၏။
ဟိုးအရင်ကတည်းက စုဆောင်းရရှိခဲ့သော အတွေ့အကြုံများကြောင့် ဤမျှလောက်နှင့် လူမသေနိုင်ကြောင်း သိသည်။
ထို့အပြင် အလွန်နာကျင်စေသော်လည်း သေဆုံးခြင်း၊ ဒုက္ခိတဖြစ်ခြင်း မရှိနိုင်မည့် နေရာများကိုသာ တမင် ရွေးချယ်ထိုးနှက်ခဲ့ခြင်းပင်။
ခိုရှာရ်က ဗိုင်းကောင့် လိုတဲရှု၏ ပါးကိုပုတ်ကာ သတိပြန်လည်အောင် လုပ်ခဲ့သည်။
မျက်လုံးပွင့်လာသော ဗိုင်းကောင့် လိုတဲရှု၏ မျက်လုံးများတွင် သွေးကြောလေးများ နီမြန်းနေ၏။
“သတိရပြီလား။”
ခိုရှာရ်က ပြုံးပြုံးလေး နှုတ်ဆက်ပြီးနောက် သူ၏ ပါးစပ်တွင်ဆို့ထားသည့်အရာကို ဖယ်ရှားပေးလိုက်သည်။
ဗိုင်းကောင့် လိုတဲရှုက ယခုတစ်ကြိမ်တွင် မည်သည့်စကားမျှ မပြောတော့ပေ။
ညည်းသံသဲ့သဲ့ ထွက်လာသော်လည်း ခိုရှာရ်က ထိုမျှလောက်ကို ခွင့်ပြုပေးသည့်အလား ထပ်မထိုးတော့။
ထိုအစား သူက ရင်ဘတ်ထဲမှ လက်ကိုင်ပုဝါကို ထုတ်ယူကာ ဗိုင်းကောင့် လိုတဲရှု၏ နှုတ်ခမ်းဘေးမှ သွေးများကို သုတ်ပေးပြီးနောက် မေးလိုက်သည်။
“ဖြစ်နိုင်ရင် အေးအေးဆေးဆေးပဲ စုံစမ်းပြီး သွားချင်တာကို။ ဘာလို့ လူကို လာထိပြီး သွေးမြင်ရအောင် လုပ်ရတာလဲ။”
“ထိတယ်တဲ့လား။ ကျုပ် ဘယ်တုန်းက ခင်ဗျားကို ထိလို့……”
ကန့်ကွက်ချေပရန် ကြိုးစားသော ဗိုင်းကောင့် လိုတဲရှုတစ်ယောက် ခိုရှာရ်၏ မျက်လုံးများကိုမြင်တော့ ပါးစပ်ကို အမြန်ပိတ်လိုက်သည်။
ခိုရှာရ်က ရက်ရှ်တာကို စုံစမ်းနေသည်ဟူသော စကားကိုကြားပြီး လူငှားကာ ခိုရှာရ် လပိုင်းလောက် အိပ်ရာပေါ်မှ မထနိုင်အောင်လုပ်ရန် အမိန့်ပေးခဲ့သော်လည်း။
ခိုရှာရ်က ထိုကိစ္စကို သိသွားသည်မှာ ဧကန်မလွဲပေ။
ခိုရှာရ်က အခြားကုလားထိုင်တစ်လုံးကို ဆွဲယူကာ ဗိုင်းကောင့် လိုတဲရှုနှင့် မျက်နှာချင်းဆိုင်ထိုင်ပြီး မေးလိုက်၏။
“မင်း အဲ့ဒီမိန်းမကို ကူညီနေတာ မဟုတ်လား။”
“အဲ့ဒီမိန်းမ ဆိုတာက။”
“ဧကရာဇ်ရဲ့ ချစ်သူ။”
“ကျုပ်က….”
“ယုတ္တိရှိတဲ့ အလိမ်အညာမဟုတ်ရင် ကြိုးစားဖို့တောင် စိတ်မကူးနဲ့။”
“……”
ဗိုင်းကောင့် လိုတဲရှု ပါးစပ်ပိတ်သွားသည်။
ရက်ရှ်တာကို အတိအလင်း တွေ့နေခဲ့သည်ဖြစ်ရာ ‘ဘာမှ မပတ်သက်ပါဘူး’ ဟု ပြောလျှင်လည်း ယုံမည်မဟုတ်ဟု ကိုယ့်ဘာသာကိုယ် တွေးလိုက်မိ၏။
ခိုရှာရ်က ပြုံးလျက် အမိန့်ပေးခဲ့သည်။
“ပြော။”
“ပြော…… ရမယ်။”
“အဲ့ဒီမိန်းမအကြောင်း။”
“ဘာကို……”
“ငါ စိတ်ဝင်စားလောက်မဲ့ အရာအားလုံး။”
ခိုရှာရ်က ဗိုင်းကောင့် လိုတဲရှု လူငှားပြီး သူ့ကို တိုက်ခိုက်ခဲ့သည့်ကိစ္စကိုမူ မမေးမြန်းတော့ပေ။
တမင် မမေးမြန်းခြင်းထက် ထိုကိစ္စကို မေ့သွားသည့် အခြေအနေပင်။
ရက်ရှ်တာ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန်တစ်ခုတည်းသာ သူ့စိတ်ထဲတွင် ပြည့်နှက်နေ၏။
ဗိုင်းကောင့် လိုတဲရှု တံတွေးကို ခဲရာခဲဆစ် မျိုချလိုက်မိသည်။
“အဲ့ဒီပုဂ္ဂိုလ်က သာမန်အရပ်သူ ဇာစ်မြစ်ဖြစ်ပြီးတော့။”
“ကျွန်ဖြစ်ခဲ့ဖူးတယ်ဆို။ ကျွန်ပြေးလေ။ မင်းကိုယ်တိုင်ပဲ ပြောခဲ့တာ မဟုတ်လား။”
“အဲ့ဒါက မှားပြီး……”
“သည်းခံနိုင်စွမ်းက တော်တော်လည်းရှည်တဲ့ပုံပါလား၊ ဗိုင်းကောင့်။”
“....”
“စိတ်မကောင်းပေမဲ့ ငါကတော့ အဲ့ဒီလိုမဟုတ်ဘူး၊ ဗိုင်းကောင့်ရဲ့။”
ခိုရှာရ် နှုတ်ခမ်းထောင့်စွန်းကိုပင့်ကာ ပြောလိုက်တော့ ဗိုင်းကောင့် လိုတဲရှုလည်း ကျောရိုးတစ်လျှောက် စိမ့်တက်သွားတော့သည်။
မထိုးနှက်မီ၊ သတိလစ်အောင်မလုပ်မီ ပြတတ်သော အပြုံးမျိုး ဖြစ်နေသောကြောင့်ပင်။
ဗိုင်းကောင့် လိုတဲရှုလည်း အမြန်အော်ဟစ်လိုက်တော့၏။
“ရက်ရှ်တာက၊ ရက်ရှ်တာက ကျွန်ပြေးဆိုတာ ဟုတ်ပါတယ်။ အမှန်ပါပဲ။”
“သိတယ်။ တခြားဟာ။”
“တခြားဟာ။”
“သူ ကျွန်ပြေးဆိုတာက မင်း အရင်က လူသိရှင်ကြား ပြောခဲ့တဲ့ဟာမဟုတ်လား။ တခြားဟာ။”
ဗိုင်းကောင့် လိုတဲရှုလည်း ခိုရှာရ် ဘာကို လိုချင်နေသလဲဟု စဉ်းစားလိုက်သည်။
ကြွယ်ဝသော စည်းစိမ်ရှိပြီးသားဖြစ်သည့် ခိုရှာရ်က ဤကိစ္စဖြင့် သူ့ကိုဖြစ်စေ ရက်ရှ်တာကိုဖြစ်စေ ခြိမ်းခြောက်မည် မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် သူ စိတ်ဝင်စားလောက်မည့်အရာ။
မကြာမီ ဗိုင်းကောင့် လိုတဲရှု အဖြေကို ရှာတွေ့သွားသည်။
ယခု ခိုရှာရ်က ရက်ရှ်တာ၏ အားနည်းချက်ကို သိချင်နေခြင်းဖြစ်၏။
ဗိုင်းကောင့် လိုတဲရှုလည်း အဖြေကိုတွေ့သည်နှင့် အမြန်ပင် ဖွင့်ပြောလိုက်တော့သည်။
“ကလေး။ ကလေး ရှိပါတယ်။”
~~~~
Miel’s Translations