အပိုင်း ၇၂ (ဆိုဗီရ်ရှု၏ ဒေါသ)
အခန်းလွတ်တစ်ခုထဲသို့ ခေါ်သွားရမလားဟု စဉ်းစားမိသေးသော်လည်း ဒီအတိုင်း လမ်းလျှောက်ရင်းပဲ စကားပြောရန် ဆုံးဖြတ်လိုက်သည်။
တော်ဝင်မင်းသား ဟိုင်န်ရီက စာရွက်စာတမ်းများကို နံဘေးတွင် ညှပ်လျက် ကျွန်မနှင့် ဘေးချင်းယှဉ်ကာ အမီလိုက်လာ၏။
“ဘယ်လိုစာရွက်စာတမ်းတွေများလဲ။”
တိုင်ပင်စရာရှိသည်ဟုဆိုကာ ရောက်လာသော်လည်း တော်ဝင်မင်းသား ဟိုင်န်ရီက စာရွက်များကို ထုတ်မပြပေ။
ကျွန်မ လက်လှမ်းလိုက်တော့မှ သူက လက်ဖျားလေးများဖြင့် ကျွန်မ၏လက်ဖျားလေးများကို ခပ်ဖွဖွလေးတို့ကာ ညစ်ကျယ်ကျယ် ပြုံးပြလာသည်။
ကျွန်မလည်း အလိုလိုလိုက်ပြုံးမိရင်း လက်ကိုပြန်ချလိုက်၏။
“နောက်မနေပါနဲ့။ ဘာကိစ္စရှိလို့လဲ။”
ထပ်မေးလိုက်တော့မှ တော်ဝင်မင်းသား ဟိုင်န်ရီက အသာအယာရယ်ပြီး စာရွက်စာတမ်းများကို ကမ်းပေးလာ၏။
“...”
စာရွက်များကို ကြည့်ပြီးနောက် ကျွန်မ အံ့ဩတကြီး သူ့ကို မော့ကြည့်လိုက်မိသည်။
စာရွက်များက အပြင်အဖုံးသာ အကျအနရှိနေကာ အတွင်းတွင် ဘာမှမရှိချေ။
အဓိပ္ပာယ်မရှိလွန်း၍ ဟက်ခနဲရယ်မိတော့ သူက သွားဖြဲကာပြုံးရင်း ဆင်ခြေပေးလေသည်။
“တောင်းပန်ပါတယ်။ ဒီလိုလုပ်မှပဲ သဘာဝကျကျ တွေ့လို့ရမယ်ထင်လို့ပါ။”
“ဒီလောက်အထိတော့ ပြဇာတ်ခင်းစရာ မလိုပါဘူး။”
“ကွီးန် စိတ်မသက်မသာဖြစ်ရမဲ့အလုပ်ဆိုရင် ဘာတစ်ခုမှ မလုပ်ချင်လို့ပါ။”
ဘေးသို့ တစ်ချက်လှည့်ကြည့်လိုက်တော့ တော်ဝင်မင်းသား ဟိုင်န်ရီကလည်း ကျွန်မဘက်ကို ကြည့်နေ၍လားမသိ၊ အကြည့်ချင်း တန်းဆုံသွားသည်။
ချက်ချင်းပင် သူ၏မျက်ဝန်းများက ကွေးညွတ်သွားလေ၏။
ခရမ်းရောင်မျက်ဝန်းများက ထူးဆန်းလောက်အောင် နွေးထွေးနေသလိုပင်။
ကျွန်မ အိုးတိုးအမ်းတမ်းဖြင့် စာရွက်များကို သူ့ထံ ပြန်ပေးလိုက်သည်။
တော်ဝင်မင်းသား ဟိုင်န်ရီက စာရွက်များကို လက်ခံလိုက်သော်လည်း အကြည့်ကိုမူ ကျွန်မထံမှ မခွာခဲ့ပေ။
စိတ်ထဲတွင် အနေရခက်လာသဖြင့် သူ၏ပါးကို အသာလေးတွန်းလိုက်တော့မှ သူက အရှေ့သို့ မျက်နှာပြန်လှည့်ကာ ရယ်လေတော့သည်။
“ဒါဆို တိုင်ပင်စရာမရှိဘဲ ဒီအတိုင်းလာခဲ့တာပေါ့ ဟုတ်လား။”
“အမ်။ အဲ့ဒီလိုတော့လည်း မဟုတ်ပါဘူး။ တိုင်ပင်စရာ ရှိတော့ရှိတာပေါ့။”
“...”
သိပ်ပြီးကောင်းသည့်ကိစ္စမျိုးဖြင့် တိုင်ပင်လိုခြင်း ဟုတ်ပုံမရပေ။
ပြုံးနေသည့် သူ၏မျက်နှာက မျက်တောင်တစ်ခတ်အတွင်းမှာပင် လေးလံသွားသည်။
တော်ဝင်မင်းသား ဟိုင်န်ရီက စကားကို အလွယ်တကူ မပြောနိုင်ဘဲ သူ၏မေးစေ့ကို ပွတ်သပ်နေ၏။
ဤစကားကို ပြောသင့်၊ မပြောသင့် ဝေခွဲမရဖြစ်နေပုံလည်းရသည်။
“တော်ဝင်မင်းသား။”
“ကျွန်တော် ပြီးခဲ့တဲ့ ရက်ပိုင်းက အစ်ကိုတော်ရဲ့ ကျန်းမာရေး အခြေအနေမကောင်းဘူးလို့ ပြောခဲ့တယ်မဟုတ်လား။”
“ဟုတ်ကဲ့။”
အာ…ဧကန္တ…
“အခြေအနေ ပိုဆိုးလာလို့လားဟင်။”
“အဲ့ဒီစာကို ပို့ပြီးပြီးချင်းမှာပဲ ပိုဆိုးသွားတာထင်ပါတယ်။ ဟုတ်ကဲ့။ အဲ့ဒီနောက်မှာ စာတစ်စောင် ထပ်ရောက်လာပေမဲ့ အခု အခြေအနေက တော်တော်လေး မကောင်းဘူးထင်တယ်ဗျ။”
“...”
ကျွန်မ မရည်ရွယ်ဘဲ ခြေလှမ်းများ ရပ်တန့်သွားသည်။
အနောက်ဘုရင့်တိုင်းပြည် ဘုရင်၏ ကျန်းမာရေးက အရှေ့အင်ပါယာ၏ နိုင်ငံရေး အပြောင်းအလဲများအပေါ်တွင်လည်း သက်ရောက်မှုရှိနိုင်သည့် အရေးကြီးသော ကိစ္စရပ်တစ်ခုပင်။
ကျွန်မ၏ သူငယ်ချင်းဖြစ်သူ တော်ဝင်မင်းသား ဟိုင်န်ရီ၏ ကိုယ်ရေးကိုယ်တာ ဝမ်းနည်းမှုလည်း ဖြစ်ပြီး၊ တစ်ဖန်…
ဤသို့သောအခြေအနေမျိုးတွင် တော်ဝင်မင်းသား ဟိုင်န်ရီ အနောက်ဘုရင့်တိုင်းပြည်သို့ ပြန်သွားရတော့မည်ကို နှမြောတသဖြစ်နေမိခြင်းက မသင့်တော်မှန်း သိသော်လည်း တော်ဝင်မင်းသား ဟိုင်န်ရီသာ အနောက်ဘုရင့်တိုင်းပြည်၏ ဘုရင်ဖြစ်သွားခဲ့လျှင် ကျွန်မတို့ တစ်သက်လုံး ဆုံတွေ့ခွင့် ရချင်မှ ရတော့ပေမည်။
နောင်တစ်ချိန် ဝေးကွာသော အနာဂတ်တွင် တစ်ကြိမ်၊ နှစ်ကြိမ်လောက် ဆုံတွေ့ရရုံနှင့်ပင် အဆုံးသတ်သွားနိုင်သလို၊ ဆုံတွေ့ရလျှင်ပင် ယခုကဲ့သို့ လွတ်လပ်ပေါ့ပါးစွာ စကားပြောနိုင်တော့မည် မဟုတ်ပေ။
ထိုအတွေးကြောင့် နှမြောနေမိသော စိတ်ကို အလွယ်တကူ ဖျောက်ပစ်၍ မရခဲ့။
ရှုပ်ထွေးနေသော စိတ်ဖြင့် သူ့ကို မော့ကြည့်ကာ မေးလိုက်မိသည်။
“ဒါဆိုရင်... အခု အနောက်ဘုရင့်တိုင်းပြည်ကို ပြန်တော့မှာလား။”
“ချက်ချင်းကြီးတော့ မဟုတ်ပေမဲ့၊ မကြာခင် သွားဖြစ်မလားမသိပါဘူး။”
“အဲ့ဒီလိုကိုး…”
တော်ဝင်မင်းသား ဟိုင်န်ရီက မျက်မှောင်ကြုတ်လိုက်သည်။
“အနည်းဆုံး နတ်ရွာစံကြောင်း သတင်းမလာခင် ကြိုသွားရမှာမို့လို့ပါ။ အစ်ကိုတော်ရဲ့ နောက်ဆုံးဆန္ဒကိုလည်း နားထောင်ရဦးမှာဆိုတော့။”
သေတမ်းစာအကြောင်း ပြောရသည့်အထိဆိုလျှင် အခြေအနေက တကယ် စိုးရိမ်ရပုံပင်။
“မြန်မြန်သွားသင့်တာ မဟုတ်ဘူးလားဟင်။”
ယခုအခါတွင် ထိုပုဂ္ဂိုလ်၏ ကျန်းမာရေးအတွက်သာ အမှန်တကယ် စိုးရိမ်စိတ်ဖြင့် မေးလိုက်သော်လည်း တော်ဝင်မင်းသား ဟိုင်န်ရီကမူ မရေမရာသော မျက်နှာထားနှင့် မြေပြင်ပေါ်မှ ကျောက်ခဲလေးတစ်လုံးကို ခြေဦးဖြင့် ခပ်ဖွဖွ ကန်လိုက်သည်။
တစ်စုံတစ်ရာကို မကျေမနပ်ဖြစ်နေသည့် မျက်နှာမျိုးပင်။
“တော်ဝင်မင်းသား။”
“တစ်ခါတလေကျရင် အလေးချိန် ကွာခြားနေတာကလည်း...”
“...”
သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် သူက ခေါင်းကိုခါယမ်းကာ လေးလံပုံရသော အပြုံးကို ပြုံးပြခဲ့သည်။
ထိုအချိန်မှာပင်။
“ဧကရီ အရှင်မ။”
သစ်ရွက်ခြောက်များအပေါ် နင်းသံနှင့်အတူ ခါ့ဖ်မန်း မင်းသားကြီးက အနားသို့ ချဉ်းကပ်လာသည်။
သူက ဤအနီးဝန်းကျင်တွင် ရှိနေခဲ့ပုံပင်။
ကျွန်မလည်း အလန့်တကြား မေးလိုက်မိ၏။
“ဒီမှာ ရှိနေခဲ့တာလား။”
ဆေးအာနိသင်ကြောင့် ခါ့ဖ်မန်း မင်းသားကြီးက ကျွန်မကို မြင်လျှင် စိတ်လှုပ်ရှားသည့် တုံ့ပြန်မှုများ ပြတတ်သည်။
ဤသည်ကို တွေ့သွားမည့် တော်ဝင်မင်းသား ဟိုင်န်ရီက ကျွန်မတို့ နှစ်ယောက်၏ ပတ်သက်မှုအပေါ် အထင်လွဲသွားမည်ကို စိုးရိမ်မိ၏။
ဟင့်အင်း၊ တော်ဝင်မင်းသား ဟိုင်န်ရီ မဟုတ်သည့်တိုင် အခြားသူများ အထင်လွဲသွားမည်ကိုလည်း မလိုလားပေ။
“ဟုတ်ကဲ့။ လေညင်းခံရင်း အပူလေး နည်းနည်း လျော့လိုလျော့ငြား ထွက်လာတာပါ။”
သို့သော် ခဏလောက် မဆုံဘဲ ရှောင်နေကြရအောင်ဟု ပြောခဲ့သည့် ခါ့ဖ်မန်း မင်းသားကြီးက အေးအေးဆေးဆေးပင် ပြန်ဖြေရင်း တော်ဝင်မင်းသား ဟိုင်န်ရီကို အထက်အောက် အကဲခတ်သလို ကြည့်ခဲ့သည်။
ကျွန်မလည်း နှစ်သစ်ကူးပွဲတော်တုန်းက တစ်ကြိမ် ကြုံဖူးသဖြင့် သိနေသည့်တိုင် ယင်းမှာ အလွန် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသော အကြည့်ပင်။
တစ်ဖက်လူကို ခေါင်းအစခြေအဆုံး အကဲဖြတ်ချင်သည့် အကြည့်မျိုး။
တော်ဝင်မင်းသား ဟိုင်န်ရီကလည်း မနှစ်မြို့ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်၏။
ကျွန်မ အလျင်အမြန်ပင် တော်ဝင်မင်းသား ဟိုင်န်ရီကို ဆွဲခေါ်ရင်း ခါ့ဖ်မန်း မင်းသားကြီးကို နှုတ်ဆက်လိုက်သည်။
“ဒါဆို ဆက်ပြီး လမ်းလျှောက်လိုက်ပါဦး။ ကျွန်မတို့ကတော့ ပြောစရာတွေ ကျန်သေးလို့…”
‘ယခုလက်ရှိ’ ကျွန်မကို ချစ်နေသည့် ခါ့ဖ်မန်း မင်းသားကြီး တော်ဝင်မင်းသား ဟိုင်န်ရီကို ထူးဆန်းသော စကားများ ပြောထွက်သွားမည်ကို စိုးရိမ်သောကြောင့်ပင်။
သို့သော် နှစ်ယောက်ကို ခွဲထုတ်ရန် ကြိုးစားခြင်းက မအောင်မြင်ခဲ့ပေ။
ခါ့ဖ်မန်း မင်းသားကြီးက ချက်ချင်း လက်ကိုဆန့်ထုတ်ကာ တော်ဝင်မင်းသား ဟိုင်န်ရီနှင့် ကျွန်မ၏ လက်အချိတ်အဆက်ကို ပြတ်သွားစေရန် လုပ်ဆောင်ခဲ့သည်။
ထို့နောက် တော်ဝင်မင်းသား ဟိုင်န်ရီက အံ့ဩတကြီး ကြည့်လာသည့်အခါ သူက နှုတ်ခမ်းကိုတွန့်လိုက်ရင်း သတိပေးလေ၏။
“မကပ်ပါနဲ့။”
ကပ်မိသူက ကျွန်မဖြစ်သော်လည်း ခါ့ဖ်မန်း မင်းသားကြီးက တော်ဝင်မင်းသား ဟိုင်န်ရီကပဲ ကျွန်မအနားကို တွယ်ကပ်နေသလို ပြောလိုက်ခြင်းပင်။
ခါ့ဖ်မန်း မင်းသားကြီး၏ သွေးကြောထဲတွင် ပြည့်လျှံနေသော အချစ်ဆေးက သူ၏ဆင်ခြင်ဉာဏ်ကို ပြင်းပြင်းထန်ထန် ဝေဝါးသွားစေသည်မှာ သေချာလှသည်။
“ခင်ဗျား။ ဟွာတိုက်ကြီးကလာတဲ့ တစ်ယောက်သော မင်းသားကြီး မဟုတ်ဘူးလား။”
တော်ဝင်မင်းသား ဟိုင်န်ရီက အဓိပ္ပာယ်မရှိသလို ရယ်ရင်း မေးလာ၏။
ကျွန်မ၏လက်ကို ဖမ်းဆုပ်ထားပြီးမှ မကပ်ပါနဲ့ဟု အပြောခံရသဖြင့် သူ့အဖို့ အံ့ဩစရာ ဖြစ်နေပေလိမ့်မည်။
သို့သော် ခါ့ဖ်မန်း မင်းသားကြီးက ဘာမှပြန်မဖြေဘဲ ကျွန်မနှင့် တော်ဝင်မင်းသား ဟိုင်န်ရီကြားထဲတွင် ဝင်ရပ်ခဲ့သည်။
ကြံ့ခိုင်သော အမျိုးသားနှစ်ဦး မျက်နှာချင်းဆိုင် ရပ်နေကြသဖြင့် အရပ်မပုလှသော ကျွန်မပင်လျှင် ပုဝင်သွားသလို ခံစားလိုက်ရ၏။
သို့သော် နှစ်ယောက်သား၏ အရှိန်အဝါက အလွန်ပင် ကြမ်းတမ်းနေသဖြင့် ကြားထဲမှ ဘာဝင်ပြောရမှန်းမသိဘဲ ကြောင်အမ်းအမ်းဖြစ်နေတော့သည်။
“ထူးဆန်းလိုက်တာ။ ကျုပ်ရှေ့မှာ ရပ်နေတဲ့သူက ကျိန်းသေပေါက် ကွီးန်ကို ဘာလို့ ထူးဆန်းတဲ့လူက ကြားဖြတ်ဝင်လာရတာလဲ။ အခု ဘာလုပ်တာလဲဗျ။”
“သဝန်တိုနေတာ။”
“သဝန်တိုတယ်၊ ဟုတ်လား။”
ကျွန်မ အလန့်တကြား ခါ့ဖ်မန်း မင်းသားကြီး၏ အင်္ကျီစကို ဆွဲလိုက်မိသည်။
သို့သော် နှစ်ယောက်တည်း ရှိစဉ်ကပင် ဆင်ခြင်တုံတရား ဝေဝါးနေသည့် ခါ့ဖ်မန်း မင်းသားကြီးက တော်ဝင်မင်းသား ဟိုင်န်ရီကြောင့် စိတ်လှုပ်ရှားသွား၍လားမသိ၊ လုံးဝ အသိစိတ်မကပ်တော့ပေ။
ဤအတိုင်းဆိုလျှင် ကျွန်မကို ချစ်ပါသည်ဟူသော စကားများအထိ ထွက်လာမည်ကို ကြောက်မိသည်။
“ခါ့ဖ်မန်း မင်းသားကြီး။ တော်ဝင်မင်းသား ဟိုင်န်ရီ။ တော်ကြပါတော့။”
ခါ့ဖ်မန်း မင်းသားကြီးက ကျွန်မ သူ့အင်္ကျီကို ဆွဲနေသည်ဖြစ်စေ၊ မဆွဲသည်ဖြစ်စေ တော်ဝင်မင်းသား ဟိုင်န်ရီကို အေးစက်စွာ စိုက်ကြည့်နေဆဲဖြစ်ကာ တော်ဝင်မင်းသား ဟိုင်န်ရီကလည်း စိတ်မရှည်သလို သူ့ကို စွေစောင်းကြည့်နေသည်။
ပုံမှန်အားဖြင့် ပြုံးပြုံးရွှင်ရွှင် နေတတ်သော်လည်း တော်ဝင်မင်းသား ဟိုင်န်ရီက တည်ငြိမ်နေလျှင် အလွန်အေးစက်သော မျက်နှာထားရှိသူပင်။
ထို့ကြောင့် နှစ်ယောက်သား ထိပ်တိုက်ရင်ဆိုင်နေကြသည်က ဘယ်သူကြည့်ကြည့် ရန်ဖြစ်နေသလို ထင်ရ၏။
“ခါ့ဖ်မန်း မင်းသားကြီး။ နောက်မှ နောင်တရမဲ့အလုပ်တွေ မလုပ်ပါနဲ့။”
“...”
နောက်ဆုံးတွင် အားနာသော်လည်း ခါ့ဖ်မန်း မင်းသားကြီး၏ ခြေဖနောင့်ကို ကျွန်မ၏ ဖိနပ်ဦးဖြင့် ဖွဖွလေးထိုးကာ သတိပေးလိုက်ရသည်။
ထိုအခါမှ ခါ့ဖ်မန်း မင်းသားကြီးလည်း သတိနည်းနည်းပြန်ဝင်လာသည့်အလား ကျွန်မဘက်ကို လှည့်ကြည့်လာ၏။
သို့သော် ယခုတစ်ကြိမ်တွင် တော်ဝင်မင်းသား ဟိုင်န်ရီက ပြဿနာဖြစ်နေသည်။
ခါ့ဖ်မန်း မင်းသားကြီး အသိစိတ်ပြန်ဝင်လာသည်ကို မြင်သည်နှင့် တစ်ပြိုင်နက် သူက ခါ့ဖ်မန်း မင်းသားကြီးကို ဘေးသို့ တွန်းထုတ်လိုက်ခြင်းပင်။
“တော်ဝင်မင်းသား။”
ကျွန်မ သတိပေးသံဖြင့် ခေါ်လိုက်သော်လည်း တော်ဝင်မင်းသား ဟိုင်န်ရီကမူ ပြုံးဖြီးဖြီးနှင့် “ဗျာ” ဟု စောစောက သူပြုမူခဲ့သည့် အပြုအမူနှင့် လုံးဝမလိုက်အောင် ပြန်ထူးလေသည်။
“ဘာဖြစ်လို့လဲ ကွီးန်။”
“…… မတွန်းပါနဲ့။”
“ဒါပေမဲ့ ဒီလူက အရှေ့မှာ ပိတ်ရပ်နေတော့ ကွီးန်ကို လုံးဝ မမြင်ရတော့လို့ပါ။”
ကျွန်မ သက်ပြင်းချလိုက်မိရာ တော်ဝင်မင်းသား ဟိုင်န်ရီက အားနာသွားဟန်ဖြင့် မေးလာသည်။
“တောင်းပန်ပါတယ်။ ကျွန်တော် ဒီလူကို တွန်းလိုက်လို့ စိတ်ဆိုးသွားတာလားဗျ။”
“စိတ်ဆိုးတာ မဟုတ်ဘဲ…”
“တော်ဝင်မင်းသား ဟိုင်န်ရီက ခင်ဗျားနဲ့ အပေါင်းအသင်းလုပ်ဖို့ ဂုဏ်ဒြပ်ချင်း မလိုက်ဖက်ဘူးကိုး။”
စလာပြန်ပြီလား။
ခေါင်းကိုက်လာတော့သည်။
ယခုတစ်ခါတွင် အနည်းငယ် ငြိမ်သွားပြီထင်ရသော ခါ့ဖ်မန်း မင်းသားကြီးက တစ်ဖန် ရန်စလာသဖြင့် တော်ဝင်မင်းသား ဟိုင်န်ရီက နှုတ်ခမ်းတွင် အပြုံးကို ဆင်မြန်းထားလျက် မျက်လုံးအစုံကိုသာလှည့်၍ သူ့ကို ကြည့်လိုက်၏။
ပြုံးနေသော်လည်း ကြောက်စရာကောင်းသော မျက်နှာထားပင်။
ဤအတိုင်းသာ ဆက်ထားလျှင် တကယ် ရန်ပွဲကြီး ဖြစ်သွားတော့မည်။
မဖြစ်တော့ဟုတွေးကာ ဆာ အာရ်တီနာကို မျက်ရိပ်ပြလိုက်၏။
ကျွန်မ၏ဆိုလိုရင်းကို နားလည်ကြောင်း ခေါင်းတစ်ချက်ညိတ်ပြခဲ့သည့် ဆာ အာရ်တီနာက သူ၏ဓားအိမ်ပေါ်သို့ လက်ကို ဖြည်းဖြည်းချင်း တင်လိုက်သည်။
ထိုစဉ်။
“အရှင်မင်းသား။ အရှင်မင်းသား။”
တစ်စုံတစ်ယောက်က အဝေးမှနေ၍ ဟိုင်န်ရီကို လှမ်းခေါ်ရင်း ပြေးလာနေသည်။
လှည့်ကြည့်လိုက်တော့ တော်ဝင်မင်းသား ဟိုင်န်ရီ ခေါ်လာလေ့ရှိသည့် ဆံပင်ပြာပြာနှင့် စစ်သည်တော်ဖြစ်နေ၏။
ဆာ မက်ကန်နာဆိုလား။
အနားသို့ ရောက်လာသော ဆာ မက်ကန်နာက ဟောဟဲဆိုက်ကာ အသက်ရှူနေရသော်လည်း အရေးတကြီး ပြောလာ၏။
“အရှင်မင်းသား။ အခုချက်ချင်း သွားရမယ်ထင်ပါတယ်။”
“ဘာဖြစ်လို့လဲ။”
ဆာ မက်ကန်နာက ကျွန်မနှင့် ခါ့ဖ်မန်း မင်းသားကြီးကို တစ်ချက် အကဲခတ်ခဲ့သည်။
ကျွန်မတို့ ရှိနေသည့်နေရာတွင် ပြောရန်ခက်ခဲသော အကြောင်းအရာ ဖြစ်သည့်ပုံပင်။
တော်ဝင်မင်းသား ဟိုင်န်ရီက ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျွန်မဘက်သို့ အကြည့်လွှဲလာ၏။
“မြန်မြန် သွားလိုက်ပါ။”
တော်သေးသည်ဟုတွေးကာ တိုက်တွန်းလိုက်တော့ သူက ဝမ်းနည်းသော မျက်နှာထားဖြင့် ကျွန်မကို စိုက်ကြည့်ရင်း ဒူးတစ်ဖက်ကို ဖြည်းဖြည်းချင်း ထောက်ချလိုက်သည်။
အကြည့်မခွာဘဲ ကျွန်မ၏ လက်မိုးပေါ်ကို ခပ်ဖွဖွ နမ်းလိုက်သည့် သူ၏ အပြုအမူက အင်မတန် ဖြည်းညင်းလွန်းလှ၏။
ဘေးမှ ဆာ မက်ကန်နာက စိတ်မရှည်စွာ ခြေဆောင့်နေသော်လည်း အနည်းဆုံးတော့ ထိုအပြုအမူက အတိုင်းအဆမရှိ အေးအေးလူလူ ရှိလှသည်။
“နောက်မှ ထပ်ပြီးစကားပြောကြတာပေါ့။”
မတ်တတ်ရပ်ရင်း တီးတိုးပြောလာသည့် သူက ကျွန်မ ခေါင်းညိတ်ပြလိုက်သည်နှင့် တစ်ပြိုင်နက် လှည့်ထွက်ကာ ဆာ မက်ကန်နာနောက်သို့ လိုက်သွားလေသည်။
အသာလေး နမ်းခဲ့စဉ်ကနှင့်မတူဘဲ ပြေးထွက်သွားသည့် အရှိန်က အလွန်မြန်လှ၏။
အနောက်ဘုရင့်တိုင်းပြည် ဘုရင်နဲ့ ပတ်သက်တဲ့ ကိစ္စများလား…
ဝေးကွာသွားသည့် ကျောပြင်ကို ကြည့်ရင်း အလိုလို သက်ပြင်းချမိတော့သည်။
“အဲ့ဒီမင်းသားနဲ့ ရင်းနှီးလားဗျ။”
ခါ့ဖ်မန်း မင်းသားကြီး မေးလာမှသာ သူ ဘေး၌ရှိနေသေးကြောင်း သတိရသွားပြီး မျက်နှာထားကို မြန်မြန်ပြန်ပြင်မိတော့သည်။
လှည့်ကြည့်လိုက်တော့ သူက ထူးဆန်းသော မျက်နှာထားဖြင့် ကျွန်မကို ကြည့်နေ၏။
“ဟိုမင်းသားနဲ့ ရင်းနှီးပါသလား။”
သူက ထပ်မံ၍ မေးခဲ့ပြန်သည်။
“….အံ့ဩစရာကောင်းတဲ့ ပုဂ္ဂိုလ်လို့ ထင်ပါတယ်။”
ရင်းနှီးသည်ဟု ပြော၍မရသည့်တိုင်၊ မရင်းနှီးပါဟု ပြောရန်လည်း အားနာမိသဖြင့် ကျွန်မက သင့်တော်သလို မရေမရာ ဖြေလိုက်သည်။
သို့သော် ခါ့ဖ်မန်း မင်းသားကြီး၏ မျက်နှာက ပို၍ပင် ရှုံ့မဲ့သွားတော့၏။
ကျွန်မ သတိထားပြီး မေးလိုက်သည်။
“ဧကန္တ... သဝန်တိုစိတ်တွေ ဖြစ်နေတာများလားဟင်။”
“အဲ့ဒီလိုဖြစ်မဲ့ပုံပါပဲ။ စောစောကဆိုရင် အဲ့ဒီလူရဲ့ကော်လံစကိုတောင် ဆွဲမိတော့မလို့ပါ။”
“မဖြစ်ပါဘူး။”
“ဟုတ်ကဲ့။ အဲ့ဒါကို သည်းခံနေရလို့ စကားပြောဖို့တောင် ခက်နေတာပါ။”
ပြုံးရင်းကြည့်လိုက်တော့ ခါ့ဖ်မန်း မင်းသားကြီးက တည်တံ့သော မျက်နှာဖြင့် ပုခုံးတွန့်ပြခဲ့သည်။
“ဒီလောက်အထိ ခံစားချက်တွေ ပြင်းထန်နေတာကလည်း တစ်မျိုးတော့ ဆန်းကြယ်သားပဲ။”
“…… ဘယ်လို ခံစားရလို့လဲဟင်။”
“သဝန်တိုတာမျိုး မဖြစ်ဖူးဘူးလား။”
“သဝန်တိုတာ……”
ဆိုဗီရ်ရှု ရက်ရှ်တာကို ဂရုစိုက်လွန်း၍ ကျွန်မကို ဘေးပို့ခဲ့စဉ်က။
ထိုစဉ်က ခံစားရသည့် နာကျင်မှု။
ယင်းက သဝန်တိုစိတ်များလား။
“ဟုတ်လောက်မယ်ထင်ပါရဲ့။”
အလွယ်တကူ ဝန်ခံလိုက်သဖြင့် ခါ့ဖ်မန်း မင်းသားကြီးက အံ့ဩသွားဟန်နှင့် ရေရွတ်ခဲ့သည်။
“တော်တော်လည်း လွယ်လွယ်ကူကူနဲ့ ဝန်ခံလိုက်တာပဲ။”
“ကျွန်မကိုကြည့်ပြီး စိတ်ကျဉ်းကျပ်လို့ အချစ်ဆေးအထိတောင် ပေးဖို့လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ရှေ့မှာဆိုရင်ပေါ့လေ။”
လေထွက်သွားသလိုအသံဖြင့် ရယ်လိုက်သည့် သူက အိတ်ကပ်ထဲ လက်ထည့်ရင်း အကြည့်ကို အောက်သို့ချလိုက်သည်။
“စိတ်အနှောင့်အယှက် ဖြစ်သွားလားခင်ဗျ။”
“မင်းသားကြီး ခက်ခဲနေတဲ့ပုံကို မြင်ရတော့ စိတ်အနှောင့်အယှက်ဖြစ်တာထက်စာရင်……”
“ရယ်စရာကောင်းနေလို့လားဗျ။”
“ပြန်ဖြေမှဖြစ်မှာလား။”
မေးခွန်းပြန်ထုတ်လိုက်တော့ မင်းသားကြီးက နှုတ်ခမ်းကိုတွန့်လိုက်သည်။
“ပြင်းပြင်းထန်ထန် သဝန်တိုဖူးတာမျိုး မရှိသေးတဲ့ပုံပေါ်လို့ သိအောင်ပြောပြရမယ်ဆိုရင်…. မမြင်ရတဲ့ တစ်စုံတစ်ရာက ကျွန်တော့်နှလုံးသားနားမှာကပ်ပြီး အော်ဟစ်နေသလို ခံစားချက်မျိုးနဲ့ တူပါတယ်။ ပြီးတော့ ကျွန်တော်က အဲ့ဒီအသံရဲ့ နောက်ကို လိုက်သွားချင်စိတ် ပေါက်လာတာမျိုးပေါ့။”
“…… ဘာရယ်လို့ အော်တာလဲဟင်။”
“ပြောပြလို့ မရပါဘူး။”
“ဘာဖြစ်လို့လဲ။”
“အဲ့ဒီ ‘မမြင်ရတဲ့ တစ်စုံတစ်ရာ’ က အခု တီးတိုးပြောနေလို့ပါ။ ကျွန်တော့်ရဲ့ အတွင်းစိတ်တွေကို ခင်ဗျား သိလို့မဖြစ်ဘူးတဲ့။”
ဟာသဟု ယူဆကာ ရယ်လိုက်သော်လည်း သူကမူ အလေးအနက်ပြောနေသည့်ပုံပင်။
ခေတ္တမျှ ကျွန်မကို စိုက်ကြည့်နေပြီးနောက် သူက သက်ပြင်းအသာချခဲ့သည်။
“လူတစ်ယောက်ကို ကြည့်နေရရုံနဲ့တင် ပြည့်စုံတဲ့ ခံစားချက်မျိုးရပေမဲ့။ တစ်ချိန်တည်းမှာပဲ ကြောင့်ကြနေရပါတယ်။ နည်းမျိုးစုံနဲ့... ပြင်းတဲ့ဆေးပါပဲ။”
“အစွမ်းက…”
ဘယ်တော့ ပြယ်မလဲဟု မေးရန်ပြင်ဆင်နေစဉ်မှာပင်။
သတ္တုချင်းထိခတ်သံကို အနားမှ ကြားလိုက်ရသည်။
လှည့်ကြည့်လိုက်တော့ ဆိုဗီရ်ရှုက တည်တင်းသော မျက်နှာထားဖြင့် ချဉ်းကပ်လာနေ၏။
သူ၏ အကြည့်က အေးစက်နေကာ မျက်နှာကလည်း ကြောက်စရာကောင်းလှသည်။
‘ဘာလို့ ဒီလောက်တောင် တင်းမာနေရတာလဲ။ ဧကန္တ ငါတို့ပြောတာကို ကြားသွားလို့များလား။’
“ကြားမှာမဟုတ်ပါဘူး။”
ကျွန်မ၏ အတွင်းစိတ်ကို ကြားနေရသည့်အလား ခါ့ဖ်မန်း မင်းသားကြီးက အလွန်တိုးညင်းစွာ ရေရွတ်ခဲ့သည်။
“...”
အချိန်ကိုက်ဖြစ်နေလွန်း၍ လန့်ဖျပ်ကာ လှည့်ကြည့်လိုက်တော့ သူက ထပ်မံပြီး တီးတိုးပြောလာပြန်၏။
“စကားသံတွေ ကြားနိုင်တဲ့ အကွာအဝေးမှာ မရှိပါဘူး။”
ဆိုဗီရ်ရှုကို ပြန်ကြည့်လိုက်မိသည်။
မကြာခင်မှာပင် အနားသို့ ရောက်ရှိလာသော ဆိုဗီရ်ရှု၏ မျက်နှာက ရေခဲတမျှ အေးစက်လျက်။
စကားကို ကြားခဲ့လျှင် အထင်လွဲစရာ ရှိနိုင်သော်လည်း ထိုသို့မဟုတ်ပါဘဲ ဘာကြောင့် ဤသို့ဖြစ်နေရသနည်းဟု ကြည့်နေစဉ် သူက လက်ကိုဝှေ့ယမ်းကာ အနားရှိ အစေခံများနှင့် စစ်သည်တော်များကို ဖယ်ခိုင်းခဲ့သည်။
သူတို့ နောက်ဆုတ်သွားတော့မှ ဆိုဗီရ်ရှုက ကျွန်မကို စိုက်ကြည့်ရင်း မေးလာ၏။
“ဘယ်ဘက်လဲ။”
“…… ဘာစကားပါလဲ။”
“ခါ့ဖ်မန်း မင်းသားကြီးလား၊ တော်ဝင်မင်းသား ဟိုင်န်ရီလား။ ဘယ်ဘက်လဲလို့ မေးနေတာ။”
“ဘာကို ဆိုလိုချင်မှန်း နားမလည်ပါဘူး။”
ဆိုဗီရ်ရှုက နှုတ်ခမ်းကိုတွန့်ကာ လှောင်ပြောင်သည့်အကြည့်ဖြင့် ခါ့ဖ်မန်း မင်းသားကြီးကို ကြည့်ခဲ့သည်။
“ဧကရီကို ကြားမှာထားပြီး တိုင်းတစ်ပါးသားနှစ်ယောက်က တယ်လည်း သရုပ်ပျက်နေကြတာကိုး။”
သူက ယခုမှ ရောက်လာသော်လည်း တော်ဝင်မင်းသား ဟိုင်န်ရီ ရှိစဉ်ကတည်းက စောင့်ကြည့်နေခဲ့သည့်ပုံပင်။
“အထင်လွဲနေတာပါ။”
ပြတ်ပြတ်သားသားပင် စကားဖြတ်လိုက်သည်။
တော်ဝင်မင်းသား ဟိုင်န်ရီနှင့်က မိတ်ဆွေများသာ။
ခါ့ဖ်မန်း မင်းသားကြီး ယခုလက်ရှိ ကျွန်မအပေါ် ချစ်စိတ်ဝင်နေသည်မှာလည်း ဆေးအစွမ်းကြောင့်သာ ဖြစ်သည်။
မကြာခင် အစွမ်းပြယ်သွားလျှင် ဘာမှမဟုတ်တော့မည့်ကိစ္စပင်။
သို့သော် ဆိုဗီရ်ရှုက ယုံကြည်ပုံမရပေ။
“ဒီလို အချိန်မျိုးမှာ အပြုအမူလေး တစ်ဆိတ် ဆင်ခြင်ပေးလို့ မရဘူးလား။”
“ ‘ဒီလို အချိန်မျိုး’ ဆိုတာက ဘာကို ပြောတာပါလဲ။”
“တော်ဝင်မိသားစုရဲ့ ပထမဆုံး ရင်သွေးက အခု သန္ဓေတည်နေပြီ။ ဧကရီက ဒီလို အခြေအနေမှာ တခြားယောကျ်ားတွေ၊ အဲ့ဒါကလည်း တိုင်းတစ်ပါးသား ယောကျ်ားတွေနဲ့ အရှုပ်အထွေးတွေ ဖန်တီးရမှ ဖြစ်မှာလား။”
“…… မဖြစ်ရခြင်းရဲ့ အကြောင်းရင်းက ဘာများပါလဲ။”
“မဖြစ်သင့်တဲ့ အကြောင်းရင်းက ဘာလဲ၊ ဟုတ်လား။”
ဆိုဗီရ်ရှုက ကျွန်မကို မသိတာလားဟူသည့် အကြည့်ဖြင့် ကြည့်ရင်း မျက်မှောင်ကြုတ်ခဲ့သည်။
သိတာတော့ သိ၏။
ကျွန်မ တော်ဝင်မင်းသား ဟိုင်န်ရီနှင့် လူသိရှင်ကြား သူငယ်ချင်း မဖြစ်နိုင်သည့် အကြောင်းရင်းကလည်း အတူတူပင် ဖြစ်လိမ့်မည်။
ရက်ရှ်တာ ဆိုဗီရ်ရှု၏ ချစ်သူဖြစ်လာခဲ့သည်မှာ မကြာသေးပေ။
ထို့အပြင် သူက ကိုယ်ဝန်ပင် လွယ်ထားရပြီမဟုတ်ပါလား။
ယင်းကလည်း ဧကရာဇ်၏ ပထမဆုံး ရင်သွေးပင်။
ဤသို့သော အချိန်မျိုးတွင် ကျွန်မက အခြားယောကျ်ားတစ်ယောက်နှင့် မကောင်းသတင်းများထွက်လာပါက တော်ဝင်မိသားစုတွင် ကောလာဟလများဖြင့် ပြည့်နှက်သွားပေလိမ့်မည်။
ကောလာဟလများ ပြည့်နှက်နေသော တော်ဝင်မိသားစုတွင် သိက္ခာကို ရှာတွေ့နိုင်တော့မည် မဟုတ်ပေ။
သို့သော်... ဤသည်ကို သိ၍ ဆင်ခြင်နေခြင်းနှင့်၊ ဆိုဗီရ်ရှုထံမှ အပြောခံရခြင်းက ခံစားချက်ချင်း လုံးဝ တခြားစီပင်။
“အရှင်ဧကရာဇ်ရဲ့ ပထမဆုံး ရင်သွေးအတွက် ကျွန်မက အပြုအမူ ဆင်ခြင်ရမယ်လို့ ပြောနေတာလား။”
“ငါ့ရဲ့ ပထမဆုံး ရင်သွေး၊ ဟုတ်လား။ တော်ဝင်မိသားစုရဲ့ ရင်သွေးကွ။ တော်ဝင်မိသားစုရဲ့ ရင်သွေးဆိုတာ မင်းရဲ့ ရင်သွေးလို့လည်း အဓိပ္ပာယ်ရတယ်။”
“မဟုတ်ပါဘူး။ တစ်ရာ မွေးမွေး၊ တစ်ထောင် မွေးမွေး၊ အရှင်ဧကရာဇ်ရဲ့ ချစ်သူ မွေးတာက ကျွန်မရဲ့ ရင်သွေး မဟုတ်ပါဘူး။”
“ဧကရီ။”
“ပြီးတော့ အရှင်ဧကရာဇ် ပထမဆုံး ရင်သွေး ရလာတာကလည်း အရှင်ဧကရာဇ်ရဲ့ မင်္ဂလာသတင်းပဲဖြစ်ပြီး ကျွန်မရဲ့ မင်္ဂလာသတင်း မဟုတ်ပါဘူး။”
ဆိုဗီရ်ရှုက ပါးစပ်အဟောင်းသားဖြင့် ကျွန်မကို အေးစက်စွာ စိုက်ကြည့်လာသည်။
“ဘာပဲဖြစ်ဖြစ် လေဒီ ရက်ရှ်တာ မွေးလာတဲ့ ကလေးက တော်ဝင်မင်းသားလည်း မဟုတ်သလို၊ တော်ဝင်မင်းသမီးလည်း ဖြစ်မလာနိုင်ဘူးဆိုတာ အားလုံးအသိပဲ မဟုတ်လား။”
“တော်ဝင်မင်းသားလည်း မဟုတ်၊ တော်ဝင်မင်းသမီးလည်း မဟုတ်တော့ တော်ဝင်မိသားစုရဲ့ကလေး မဟုတ်ဘူးပေါ့လေ၊ ဟုတ်လား။”
“ဟုတ်ကဲ့။ အဲ့ဒါက ဥပဒေမို့လို့ပါ။ ပြီးတော့ အရှင်ဧကရာဇ်ရဲ့ စိတ်ထဲမှာ ဘယ်လိုပဲရှိနေပါစေ၊ နှစ် ၁၀၀၊ ဟင့်အင်း၊ နှစ် ၅၀ လောက်ပဲ ကြာသွားရင်တောင် လူတွေက အဲ့ဒီကလေးတွေရဲ့ ဖြစ်တည်မှုကို သိကြတော့မှာမဟုတ်ပါဘူး။”
အဓိပ္ပာယ်မရှိသလို အကြည့်ဖြင့် ကျွန်မကို ကြည့်နေသော ဆိုဗီရ်ရှုက ဟက်ခနဲရယ်ရင်း ပြောလာသည်။
“ဧကရီက... တကယ် အတ္တကြီးတာပဲ။”
“...”
“ရက်ရှ်တာကို ဘယ်လောက်ပဲ မုန်းမုန်း၊ မမွေးသေးတဲ့ သူ့ရဲ့ အပြစ်မဲ့တဲ့ ကလေးတွေကိုပါ အခုကတည်းက ရန်သူလို သဘောထားနေတာလား။”
“မရဘူးလားရှင့်။”
“သိချင်တယ်။ ဧကရီက ငါ့ကိုသာ ခင်ပွန်းလို့ သဘောထားတယ်ဆိုရင်…”
သို့သော် ဆိုဗီရ်ရှု စကားမဆုံးလိုက်မီ။
ဘေးတွင် အသာလေး ရပ်နေခဲ့သော ခါ့ဖ်မန်း မင်းသားကြီးက မျက်တောင်တစ်ခတ်အတွင်းမှာပင် ဆိုဗီရ်ရှု၏ မျက်နှာကို လက်သီးဖြင့် ထိုးလိုက်လေတော့သည်။
~~~~
Miel’s Translations