no

Font
Theme

အပိုင်း ၈၆ (မြို့စားမင်း အယ်ရ်ဂီ၏ ကမ်းလှမ်းချက်)

ပါတီတွင် ဖြစ်ပျက်ခဲ့သမျှကို ဆိုဗီရ်ရှုလည်း ကြားသိခဲ့ရသည်။

ပါတီက အလွန်သေးငယ်သောကြောင့် 'ဧကရာဇ်ရဲ့ချစ်သူက သူ့သခင်ဟောင်းရဲ့သမီးနဲ့ ထိပ်တိုက်တွေ့ခဲ့တယ်' ဟူသော ကောလာဟလများ လူမှုရေးအသိုင်းအဝိုင်းသို့ ရိုက်ခတ်သွားခြင်းမျိုးတော့ မဟုတ်ပေ။

ဆိုဗီရ်ရှုက သူ့အတွက် မျက်စိနှင့်နား ဖြစ်ပေးမည့်သူများကို အတွင်းရေးမှူးမှတစ်ဆင့် ကြိုတင်လွှတ်ထားခဲ့သောကြောင့်သာ သိလိုက်ရခြင်းပင်။

အတွင်းရေးမှူးဖြစ်သူ ဖီရ်နူ နယ်စားမင်းထံမှ ထိုသတင်းကို ကြားသိပြီးနောက် ဆိုဗီရ်ရှု၏ မျက်နှာက တည်ကြည်လေးနက်သွားတော့၏။

“စိုးရိမ်စရာပဲ။”

ဆိုဗီရ်ရှုက လေးပင်စွာ ရေရွတ်လိုက်သည်။

“ဒီကောလာဟလတွေ လုံးဝပျောက်ကွယ်သွားဖို့အတွက်တော့ အချိန်တစ်ခုပေးရမှာပါ။ ဒါပေမဲ့ ကိစ္စတွေပိုကြီးမသွားခင်မှာ ဗိုင်းကောင့် လိုတဲရှုရဲ့သား အာလန်က သူ့ညီမကို ခေါ်သွားနိုင်ခဲ့လို့ တော်ပါသေးတယ်။”

ဖီရ်နူ နယ်စားမင်းက ဧကရာဇ်ကို စိတ်သက်သာရာရစေမည့် စကားမျိုး ပြောခဲ့သည်။

တကယ်လည်း ထိုစကားက အမှန်ပင်။

သို့သော် ဆိုဗီရ်ရှု၏ မျက်နှာက ပြေလျော့မသွားခဲ့။

“အဲ့ဒါက ပြဿနာမဟုတ်ဘူး။”

“အရှင်ဧကရာဇ်။”

“မှူးမတ်အနွယ်တော်တွေက ရက်ရှ်တာကို အရမ်းအထင်သေးနေကြတာပဲ။”

ဖီရ်နူ နယ်စားမင်းက အဓိပ္ပာယ်မရှိတာကို ကြားလိုက်ရသလို ရယ်လိုက်သည်။

“သာမန်အရပ်သူဆိုပြီး အထင်သေးတဲ့သူတွေလည်း ရှိကောင်းရှိနိုင်ပေမဲ့ အများစုကတော့ လေဒီ ရက်ရှ်တာကို ချစ်ခင်နှစ်လိုဖွယ်ရှိပြီး ချစ်စရာကောင်းတဲ့ ချစ်သူလို့ မြင်ကြပါတယ်။ လေဒီ ရက်ရှ်တာရဲ့ အဖြူထည် စိတ်နေစိတ်ထားမျိုးက လူမှုရေးအသိုင်းအဝိုင်းမှာ တွေ့ရခဲတယ်မဟုတ်ပါလား။”

“ပေါ့ပေါ့တန်တန် အပေါ်ယံပဲ သဘောထားနေကြတာမဟုတ်ဘူးလား။”

“ခင်ဗျာ။”

“ချစ်ခင်နှစ်လိုဖွယ်ရှိတယ်၊ ချစ်စရာကောင်းတယ်။ ပထမဆုံးအမြင်နဲ့ သဘောကျဖို့အတွက်တော့ကောင်းပေမဲ့ အဲ့ဒါက အကုန်ပဲမဟုတ်ဘူးလား။”

“အာ...”

“သာမန်မှူးမတ်တစ်ယောက်အတွက်ဆိုရင်တော့ ဒါက ချီးကျူးစကားဖြစ်မှာပေါ့။ ဒါပေမဲ့ ရက်ရှ်တာက မကြာခင် ကျုပ်ရင်သွေးရဲ့မိခင် ဖြစ်လာမဲ့သူလေ။ မှူးမတ်အနွယ်တော်တွေက ရက်ရှ်တာကို အတိုင်းအတာတစ်ခုအထိ ခက်ခဲတဲ့သူတစ်ယောက်အနေနဲ့ သတ်မှတ်ကြမှဖြစ်မှာ။”

“အာ... ဟုတ်ပါရဲ့။ ခက်ခဲတဲ့သူလို့ သတ်မှတ်ထားကြရင် အစကတည်းက အဲ့ဒီလိုမျိုး နောက်ပြောင်ကြမှာ မဟုတ်ဘူးပေါ့။”

ဖီရ်နူ နယ်စားမင်းက အနေခက်စွာဖြင့် အိုးတိုးအမ်းတမ်း ရယ်လိုက်သည်။

ဆိုဗီရ်ရှု၏ စကားက အမှန်ပင်။

သူ ဘာကိုဆိုလိုမှန်းလည်း နားလည်၏။

သို့သော် ကျွန်ဖြစ်ခဲ့သည်ဟူသော ကောလာဟလများ ထွက်နေသည့် သာမန်အရပ်သူကို ခက်ခဲသောသူအဖြစ် ဆက်ဆံရန်က ဖြစ်နိုင်ပါ့မည်လား။

ရက်ရှ်တာ၏ ကြိုးစားအားထုတ်မှုအပေါ် မူတည်ပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အချိန်အများကြီး လိုအပ်ပေလိမ့်မည်။

ထို့အပြင်…

“အရှင်ဧကရာဇ်။ တခြား အစီရင်ခံစရာ ကိစ္စတစ်ခု ရှိပါသေးတယ်။”

“ဘာလဲ။”

“အရင်က ပြောဖူးတဲ့ ဗိုင်းကောင့် လိုတဲရှုနဲ့ ပတ်သက်တဲ့ကိစ္စပါ။”

ဆိုဗီရ်ရှုက အနီရောင်မီးလျှံကျောက်လက်စွပ် ဖြစ်စဉ်ကတည်းက ဗိုင်းကောင့် လိုတဲရှုကို သတိထားမိခဲ့ပြီး၊ မြို့စားကတော် တူအာနီယာ ဖြစ်စဉ်တွင်လည်း သူ့ကို စောင့်ကြည့်နေခဲ့၏။

ဗိုင်းကောင့် လိုတဲရှု၏ နယ်မြေဖြစ်သော ရင်မ်ဝဲလ်နှင့် သူအသစ်ဝယ်ယူထားသော စံအိမ်ကို စောင့်ကြည့်ရုံသာမက သူသွားလေရာ ခရီးစဉ်များကိုလည်း အသေအချာ စစ်ဆေးခဲ့သည်။

သို့သော် ထူးခြားသော လှုပ်ရှားမှုမျိုး မတွေ့ရဘဲရှိနေရာမှ ယခုမှသာ ဖီရ်နူ နယ်စားမင်းက တစ်စုံတစ်ခုကို စတင်ပြောဆိုလာခြင်းပင်။

“ပြောစမ်းပါဦး။”

“ဗိုင်းကောင့်ရဲ့ နယ်မြေထဲကို မသင်္ကာဖွယ်လူတွေ ဝင်ထွက်သွားလာတာ စိပ်လာပါတယ်။”

“ဗိုင်းကောင့်ရဲ့ လူတွေလား။”

“အဲ့ဒါတော့ မဟုတ်လောက်ပါဘူး။ သူတို့က လေဒီ ရက်ရှ်တာအကြောင်းကို လိုက်စုံစမ်းနေကြတာလို့ သိရပါတယ်။”

“ရက်ရှ်တာက တကယ်ပဲ ကျွန်လား၊ ဒါမှမဟုတ် သာမန်အရပ်သားလားဆိုတာ သိချင်နေကြတာကိုး။”

“ဟုတ်ပါတယ်။ ကျွန်တော့်အထင်လည်း အဲ့ဒီရည်ရွယ်ချက်ပဲ ဖြစ်ပါလိမ့်မယ်။”

ဆိုဗီရ်ရှုက မျက်မှောင်ကြုတ်လျက် ညွှန်ကြားလိုက်၏။

“နောက်ကွယ်က ဘယ်သူလဲဆိုတာ စုံစမ်းလိုက်။”

“ဟုတ်ကဲ့ပါ၊ အရှင်ဧကရာဇ်။”

ရက်ရှ်တာနှင့် ပတ်သက်သည့် ကိစ္စရပ်များ အားလုံးနီးပါး ပြီးဆုံးသွားချိန်တွင်။

တိတ်ဆိတ်စွာ စကားဝိုင်းကို နားထောင်နေခဲ့သော ဘယ်ရွန် လန့်ထ်က “အရှင်ဧကရာဇ်” ဟု ဆိုကာ ဆိုဗီရ်ရှုကို အသာအယာ ခေါ်ခဲ့သည်။

“ဘာဖြစ်လို့လဲ။”

ဆိုဗီရ်ရှု လှည့်ကြည့်ကာ မေးလိုက်တော့ ဘယ်ရွန် လန့်ထ်က ဆိုဗီရ်ရှုအနားသို့ ခြေလှမ်းအနည်းငယ် တိုးလာကာ ပြောလေ၏။

“တကယ်တော့ လေဒီ ရက်ရှ်တာနဲ့ ပတ်သက်ပြီး အစီရင်ခံစရာ ရှိနေလို့ပါ။ လေဒီ ရက်ရှ်တာက ကျွန်တော့်ကို အကူအညီတစ်ခု တောင်းလာပါတယ်။”

“အကူအညီ။”

ဘယ်ရွန် လန့်ထ်က ဆိုဗီရ်ရှု၏ အတွင်းရေးမှူးများအနက် ရက်ရှ်တာအပေါ် မျက်နှာသာအပေးဆုံးနှင့် စာနာမှုအရှိဆုံးသူပင်။

ဆိုဗီရ်ရှု မျက်ခုံးပင့်ကာ မေးလိုက်တော့ ဘယ်ရွန် လန့်ထ်က အလေးအနက်လေသံဖြင့် ပြန်ဖြေခဲ့သည်။

“ဟုတ်ကဲ့။ နန်းတွင်းဘဝမှာ အထောက်အကူဖြစ်စေမဲ့ မှူးမတ်တို့ရဲ့ ကျင့်ဝတ်ထုံးတမ်းစည်းကမ်းတွေကို သင်ယူချင်တယ်လို့ ပြောပါတယ်။”

“မှူးမတ်တွေရဲ့ ကျင့်ဝတ်ထုံးတမ်းတဲ့လား။”

“အဲ့ဒါက... ဖီရ်နူ နယ်စားမင်း ပြောပြခဲ့တဲ့ အဖြစ်အပျက်ကြောင့် ဖြစ်မယ်ထင်ပါတယ်။”

ပါတီတွင် မှူးမတ်အနွယ်တော်များ၏ နောက်ပြောင်မှုကို ခံခဲ့ရသည်က စေ့ဆော်မှုဖြစ်လိမ့်မည်ဟုဆိုလိုခြင်းပင်။

“ကောင်းပြီလေ။ အတော်ဆုံးဆရာကို ရှာပေးလိုက်။”

ဆိုဗီရ်ရှုက လွယ်လွယ်ကူကူပင် ခွင့်ပြုလိုက်သည်။

စာမတတ်သေးသောကြောင့် ဆရာများ မရှာပေးရသေးခြင်းသာ။

ချစ်သူဘဝဖြင့် သေသေချာချာနေထိုင်နိုင်ရန် သင်ယူစရာများစွာ ရှိနေသည်မှာ အမှန်ပင်။

သို့သော် ဆရာရှာပေးရန် အမိန့်ပေးနေရင်းကပင် ဆိုဗီရ်ရှုက နှမြောသလို မျက်နှာထားဖြင့် တီးတိုးရေရွတ်လိုက်သည်။

“ရက်ရှ်တာရဲ့ ဆွဲဆောင်မှုတွေ ပျောက်သွားမှာကိုတော့ စိုးရိမ်မိသား။”

“နည်းနည်းပိုပြီး စနစ်ကျတဲ့ အပြုအမူတွေ လုပ်ဆောင်လာနိုင်ရုံပါပဲ၊ အရှင်ဧကရာဇ်။”

“ဆယ်နှစ်အရွယ် ကလေးတွေတောင် မှူးမတ်ကျင့်ဝတ်ထုံးတမ်းအတန်း တက်ပြီးရင် အရွယ်ရောက်ပြီးသား မှူးမတ်အနွယ်တော်တွေလို ပြုမူတတ်လာကြတာလေ။ ရက်ရှ်တာလည်း အခုရှိနေတဲ့ လန်းဆန်း၊ ဆန်းသစ်တဲ့အချက်လေးတွေ ပျောက်ကုန်ပြီး တခြားမှူးမတ်အနွယ်တော်တွေနဲ့ တူသွားမှာ မဟုတ်ဘူးလား။”

ဆိုဗီရ်ရှုက စိတ်မပါသလို ပြောလိုက်သော်လည်း သူ၏စကားကို ပြန်မရုပ်သိမ်းခဲ့ပေ။

ရက်ရှ်တာ အခြားသူများကဲ့သို့ ဖြစ်သွားပါက ပျင်းစရာကောင်းသွားမည် ဖြစ်သော်လည်း၊ မိမိ၏ရင်သွေးကို လွယ်ထားရသူအား သူ၏စိတ်နေစိတ်ထားကြောင့် အနှိမ်ခံရအောင်တော့ မထားနိုင်ပေ။

ဆိုဗီရ်ရှုလည်း သက်ပြင်းတစ်ချက်ချကာ လက်ဟန်ပြပြီး အတွင်းရေးမှူးနှစ်ဦးကို ပြန်လွှတ်လိုက်တော့၏။

~~~~

တော်ဝင်မင်းသား ဟိုင်န်ရီ၊ ဟင့်အင်း၊ ပထမ​ ဟိုင်န်ရီဘုရင်၏ နန်းတက်ပွဲကို ဂုဏ်ပြုရန်အတွက် စေလွှတ်မည့် သံတမန်အဖွဲ့ စတင်ထွက်ခွာမည့်နေ့ဖြစ်သည်။

သံတမန်အဖွဲ့၏ ကိုယ်စားလှယ်ဖြစ်လာသော ရီထယ်ယန် မင်းသားကြီးက ဤခရီးစဉ်ကို အလွန်သဘောကျနေသည့်ပုံပင်။

သူက ဆိုဗီရ်ရှု၏ အားပေးစကားကို နားထောင်နေစဉ်အတွင်း ဘာတွေတွေးနေ၍လဲမသိ၊ တစ်ယောက်တည်း ပြုံးစိစိဖြစ်နေခဲ့သည်။

သို့သော် ကျွန်မ၏ နှုတ်ဆက်စကားကို ကြားလိုက်ရသည်နှင့် ချက်ချင်းပင် မျက်နှာပျက်သွားကာ မှင်သေသေဟန်ဖြင့် အကြည့်ကို အောက်သို့လွှဲသွား၏။

အကြိမ်ကြိမ် လာဘ်ထိုးခဲ့သည်ကို ငြင်းပယ်ခဲ့သော်လည်း ဇွဲမလျှော့ဘဲ တွယ်ကပ်နေခဲ့သူပင်။

ယခု ရက်ရှ်တာနှင့် ရင်းနှီးသွားပြီဖြစ်၍ ယခုအခါတွင်မူ မာနအထိခိုက်ခံပြီး ကျွန်မအနားတွင် ကပ်နေရန်မလိုတော့ဟု ထင်နေပုံရသည်။

ကျွန်မနှင့် ရီထယ်ယန် မင်းသားကြီးကြားမှ အေးစက်သော အနေအထားကြောင့်လားမသိ။

ဆိုဗီရ်ရှုက ဘေးမှနေ၍ ကျွန်မတို့ကို အကဲခတ်နေသော်လည်း ဘာမှဝင်မပြောခဲ့ပေ။

ခဏအကြာတွင် ကျွန်မ ပြတင်းပေါက်နား၌ရပ်လျက် ရှည်လျားသော သံတမန်အဖွဲ့တန်းကြီး နန်းတော်တံခါးမှ ဖြည်းဖြည်းချင်း ထွက်ခွာသွားပြီး မြို့တော်လမ်းမကြီးအတိုင်း ဝေးကွာသွားသည်ကို ကြည့်နေခဲ့သည်။

လူအများက ထိုစီတန်းလှည့်လည်မှုကိုကြည့်ရန် စုဝေးလာကြသည်ကို မြင်ရ၏။

တဖြည်းဖြည်း ဝေးကွာသွားသော မြင်းများနှင့် မြင်းရထားများ၏ အမြီးပိုင်းကို ကြည့်နေရင်း ဝမ်းနည်းသလို ခံစားလိုက်ရသည်။

ဤသို့ဖြင့် ကျွန်မ၏ ငှက်ငယ်လေးနှင့် သူငယ်ချင်းက တဖြည်းဖြည်း ဝေးကွာသွားပေတော့မည်။

ယခုတစ်ကြိမ်တွင် ဤအကြောင်းရင်းဖြင့်။

နောက်တစ်ကြိမ်တွင် အခြားသောအကြောင်းရင်းဖြင့်။

ထို့နောက်တွင်လည်း အကြောင်းရင်းအသစ်များဖြင့်။

အမျိုးမျိုးသော အကြောင်းရင်းများကြောင့် ကျွန်မတို့ ဆုံတွေ့နိုင်ကြတော့မည် မဟုတ်ပေ။

မည်သို့သော အတွင်းစိတ်အကြံအစည်မှမပါဘဲ ပျော်ရွှင်စွာ စကားနာထိုးခဲ့ကြသည့် အချိန်များက ပြီးဆုံးသွားပေပြီ။

'ရှင့်တိုင်းပြည်ရဲ့ အေးချမ်းသာယာမှုက ရှင့်ရဲ့သတင်းစကားလို့ပဲ သတ်မှတ်ပြီး နေထိုင်သွားရုံအပြင် မရှိဘူးပေါ့။'

စီတန်းလှည့်လည်မှုကြီးကို လုံးဝမမြင်ရတော့မှ ကျွန်မ စိတ်မကောင်းစွာဖြင့် ပြတင်းပေါက်နားမှ ထွက်လာခဲ့သည်။

လှေကားထစ်များကို တစ်ထစ်ချင်း အသာအယာ နင်းဆင်းရင်း စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်လိုက်၏။

သို့သော် အနောက်နန်းဆောင်သို့ ပြန်ရန်အတွက် ရှည်လျားပြီး ကွေ့ကောက်သော စင်္ကြံလမ်းကို ဖြတ်သန်းသွားချိန်တွင်။

“ဧကရီ အရှင်မ။”

ပေါ့ပါးကာ အသက်ဝင်တက်ကြွသော အသံတစ်ခုက ကျွန်မကို ခေါ်လာသည်။

အသံလာရာသို့ ကြည့်လိုက်တော့ အဝတ်အစားများ ဖရိုဖရဲဖြစ်နေသော မြို့စားမင်း အယ်ရ်ဂီကို တွေ့လိုက်ရ၏။

ပြုတ်နေသော ကြယ်သီးများနှင့် တွန့်ကြေနေသော အင်္ကျီစများဆီသို့ အကြည့်က အလိုလိုရောက်သွားတော့သည်။

မြို့စားမင်း အယ်ရ်ဂီက ပြုံးစစနှင့် ကြယ်သီးတစ်လုံးကို အမှတ်မထင် တပ်လိုက်ကာ ကျွန်မအနားသို့ တိုးလာ၏။

“မတွေ့ရတာကြာပြီကိုး။”

သူက ဟိုင်န်ရီနှင့် သူငယ်ချင်းဖြစ်သော်လည်း သူတို့ချင်း ရင်းရင်းနှီးနှီး ရှိနေသည်ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ရက်ရှ်တာနှင့်မူ ကျွန်မရှေ့၌ပင် ရင်းနှီးစွာနေကြသည်။

ထို့ကြောင့်ပဲလားမသိ။

ကျွန်မအတွက်မူ မြို့စားမင်းက စိတ်မချရသလို ခံစားရပြီး စိတ်မသက််မသာဖြစ်ရသူအဖြစ် ထင်မြင်မိ၏။

ကျိန်းသေပေါက် စကားအများကြီး မပြောဖူးခဲ့သော်လည်း…

“တစ်ခါတလေ လာတွေ့ချင်ပေမဲ့။ အခွင့်မသာလို့ပါ။”

“ဟုတ်လား။ တစ်ချိန်ချိန်တော့ အခွင့်ကောင်း ကြုံတန်ကောင်းပါရဲ့။”

“ဟားဟား။ အခုကတော့ အဲ့ဒီအချိန်မဟုတ်ဘူးလို့ ပြောချင်တာလားဗျ။”

“မဟုတ်တာ။”

“ဒါဆို ခဏလောက် အတူတူလမ်းလျှောက်လို့ ရမလားဗျ။ လမ်းချင်းတူသလောက်အထိပေါ့။”

ယဉ်ကျေးစွာ နှုတ်ဆက်ပြီး ထွက်သွားရန် ကြိုးစားခဲ့သော်လည်း။

မြို့စားမင်း အယ်ရ်ဂီက အလိုက်မသိဟန်ဆောင်ကာ အနောက်မှလိုက်လာပြီး စကားစခဲ့သည်။

မည်မျှပင် စိတ်မချရသူ ဖြစ်ပါစေ သူက ဘလူးဘိုဟဲယန်း၏ တော်ဝင်မိသားစုဝင်တစ်ဖြစ်လဲ မြို့စားမင်းတစ်ဦး ဖြစ်နေ၏။

ဤသို့ အတိအလင်း တောင်းဆိုလာသောကြောင့် ငြင်းပယ်ရန် ခက်ခဲသွားသည်။

“ရတယ်လေ။”

ပြုံးလျက် ခွင့်ပြုလိုက်တော့ သူက ဆွဲဆောင်မှုရှိစွာပြုံးရင်း စောစောကထက် ပို၍ညင်သာစွာ စကားပြောလာ၏။

“ကျွန်တော်က ဧကရီ အရှင်မကို အနောက်ဘုရင့်တိုင်းပြည် သံတမန်အဖွဲ့ရဲ့ ကိုယ်စားလှယ် ဖြစ်လာလိမ့်မယ်လို့ ထင်ထားတာ။”

“အလုပ်များနေလို့လေ။”

“တစ်စုံတစ်ယောက်တော့ တော်တော်လေး စိတ်ပျက်သွားမှာပဲ။”

“....”

ဘာစကားပါလိမ့်။

ဟိုင်န်ရီကို ပြောတာလား။

လှည့်ကြည့်လိုက်တော့ မြို့စားမင်း အယ်ရ်ဂီက “လေဒီ ရက်ရှ်တာကို ပြောတာပါ” ဟု ဆိုကာ ပြုံးလျက် ကျွန်မ၏အတွေးကို ပြင်ပေးခဲ့သည်။

“ဘာဖြစ်လို့ အဲ့ဒီလို ထင်ရတာလဲ။”

“အဲ့ဒါကတော့ ဧကရီ အရှင်မ ဝေးရာကိုသွားနေတာ လေဒီ ရက်ရှ်တာအတွက် ကောင်းတဲ့ကိစ္စမဟုတ်လား။”

“...”

“ကျွန်တော် အရမ်း တဲ့တိုးပြောမိသွားတာလားဗျ။”

“မပြောတတ်ဘူး။ အဲ့ဒါကတော့ လေဒီ ရက်ရှ်တာပဲ ဖြေနိုင်မဲ့ အဖြေမျိုးထင်တယ်။”

မြို့စားမင်း အယ်ရ်ဂီက ထိုစကားကို ဟုတ်ပါရဲ့ဟုဆိုကာ မြူးတူးစွာ ရယ်ခဲ့သည်။

ထို့နောက် တဒင်္ဂ အသာလေးပြုံးလျက် လမ်းလျှောက်နေရင်းမှ ကျွန်မကို သွေးတိုးစမ်းသည့်အလား မေးလာ၏။

“ဧကရီ အရှင်မက လေဒီ ရက်ရှ်တာအပေါ် ဘယ်လိုထင်လဲဗျ။”

“ဧကရီအများစုက ချစ်သူအများစုအပေါ် ထင်သလိုပဲပေါ့။”

“ဟောဗျာ။”

မြို့စားမင်း အယ်ရ်ဂီက တစ်ဖန် ရယ်လိုက်ပြန်သည်။

“ဘာလို့ အဖြေကို ဒီလောက်တောင် သေချာရှောင်ထွက်သွားရတာလဲဗျ။”

“ကြားချင်တဲ့အဖြေများ ရှိနေလို့လား။”

“တန်ပြန်တိုက်စစ်ဆင်တာအထိပါလား။”

တန်ပြန်တိုက်စစ်ဆင်တယ်လို့ ပြောဖို့ကတော့...

ကျွန်မ ယခု ဤလူ၏ ရည်ရွယ်ချက်ကို လုံးဝ ခန့်မှန်း၍မရသေးပေ။

ရက်ရှ်တာ၏ သူငယ်ချင်းက ဘာကြောင့် ကျွန်မအပေါ် ဤမျှရင်းရင်းနှီးနှီး ဆက်ဆံပြီး ထူးဆန်းသောမေးခွန်းများ မေးနေရသနည်း။

ကျွန်မက ရက်ရှ်တာအကြောင်း အတင်းပြောသည်ကို ကြားလိုခြင်းပဲလား။

“ကျွန်မကို ပြောစရာရှိရင် ပြောပါ၊ မြို့စားမင်း။”

နောက်ဆုံးတွင် အတိအလင်း မေးလိုက်တော့ မြို့စားမင်း အယ်ရ်ဂီက ရှောင်လွှဲခြင်းမပြုဘဲ ကျွန်မအလိုရှိသည့်အတိုင်း လုပ်ပေးခဲ့သည်။

“အားနည်းတဲ့သူကို အနိုင်ကျင့်တာက မကောင်းတဲ့လုပ်ရပ်ပါ၊ ဧကရီ အရှင်မ။”

အရိုးပါနေသည့် စကားပင်။

'အားနည်းတဲ့သူ' ဆိုသည်မှာ ရက်ရှ်တာကိုဆိုလိုခြင်း ဖြစ်ပေလိမ့်မည်။

သို့ဆိုလျှင် 'မကောင်းတဲ့လုပ်ရပ်' က ဘာကို ဆိုလိုသနည်း။

ဘာကိုပင် ဆိုလိုပါစေ၊ ပြန်ဖြေရန်အတွက်တော့ ပြဿနာမရှိပေ။

“အရင်တော့ စပြီးမထိပေမဲ့။”

“....”

“အားနည်းတဲ့သူက ဓားကိုင်ပြီး ပြေးလာတာကို သူက အားနည်းတဲ့သူပါလားဆိုပြီး အထိုးခံပေးစရာအကြောင်းမရှိပါဘူး။”

“....”

“မြို့စားမင်းဆိုရင်ရော အားနည်းတဲ့ ရန်သူနဲ့တွေ့တဲ့အခါ ကိုယ့်လက်နက်ကိုယ် စွန့်လွှတ်ပြီးတော့ လက်သီးကိုဝှက်ပြီး အညံ့ခံမှာလား။”

မြို့စားမင်း အယ်ရ်ဂီက ကျွန်မ၏စကားကို ချက်ချင်း ပြန်မဖြေနိုင်သဖြင့် အချိန်များ အလဟဿ ကုန်ဆုံးသွားခဲ့သည်။

ထိုအတောအတွင်း ကျွန်မတို့ အနောက်နန်းဆောင် အနီးအနားသို့ ရောက်ရှိလာပေပြီ။

သူ့ကို အထဲအထိ ဖိတ်ခေါ်ရန် ဆန္ဒမရှိသဖြင့် ကျွန်မလည်း 'ဒီမှာတင် ပြီးပြီ' ဟူသော အချက်ပြမှုကို ပေးလျက် မြို့စားမင်းကို ကြည့်လိုက်သည်။

မြို့စားမင်းက ကျွန်မ၏စကားကို စဉ်းစားနေဆဲဖြစ်သည့်အလား အလေးအနက်မျက်နှာထားနှင့် ရှိနေဆဲပင်။

ထို့နောက် မျက်လုံးချင်း ဆုံသွားတော့ သူက မျက်ဝန်းများ ဝင်းပသွားသည်အထိ ပြုံးခဲ့သည်။

'ဘာလို့ အဲ့ဒီလို ပြုံးတာပါလိမ့်။'

ထူးဆန်းသည်ဟု တွေးနေရင်းမှပင် နှုတ်ဆက်စကားပြောရန် ပြင်လိုက်စဉ်။

“ကျွန်တော့်ကို တစ်ချက်လောက် ရိုက်ပေးလို့ရမလားဗျ။”

သူက မျှော်လင့်မထားသော တောင်းဆိုချက်ကို လုပ်လာ၏။

ထူးဆန်းသော ထိုတောင်းဆိုချက်ကြောင့် ကျွန်မလည်း အမှတ်မထင် မျက်မှောင်ကြုတ်မိသွားသည်။

“အဲ့ဒီလိုလုပ်ရမဲ့ အကြောင်းရင်းရှိလို့လား။”

ရုတ်တရက်ကြီး မိမိကိုယ်ကိုယ် ရိုက်ခိုင်းသည်မှာ အင်မတန် ထူးဆန်းလှသည်။

အံ့သြတကြီး ကြည့်လိုက်တော့ သူက နားမလည်နိုင်စရာ စကားကို တီးတိုးရေရွတ်ခဲ့၏။

“အပြစ်ရှိစိတ်ကို လျှော့ချချင်လို့ပါ။”

“အပြစ်ရှိစိတ်။ ဘယ်လို အပြစ်ရှိစိတ်ကို ပြောတာလဲ။”

ထင်သည့်အတိုင်းပင် မြို့စားမင်း အယ်ရ်ဂီက ရှင်းမပြဘဲ ရပ်လိုက်ကာ သူသွားရမည့်လမ်းနှင့် ကျွန်မသွားရမည့်လမ်းကို လက်နှစ်ဖက်ဖြင့် ဆန့်ကျင်ဘက် ညွှန်ပြခဲ့သည်။

“ကဲ၊ ကျွန်တော်တို့ အတူတူ လမ်းလျှောက်တာကတော့ ဒီမှာတင်ပြီးပါပြီ။ အခုကစပြီး လမ်းခွဲကြတာပေါ့။ ဘေးကင်းကင်းနဲ့ ပြန်လိုက်ပါဦး။”

မြို့စားမင်း အယ်ရ်ဂီ ပြောသွားသည့် အပြစ်ရှိစိတ်ဆိုသည်မှာ သူက ရက်ရှ်တာဘက်မှ ရပ်တည်ပေးနေသောကြောင့် ဖြစ်လာသည့် အပြစ်ရှိစိတ်လား။

သို့မဟုတ်...

ရုတ်တရက် မြို့စားမင်း အယ်ရ်ဂီကို ဤနေရာသို့ ခေါ်လာခဲ့သူက ဟိုင်န်ရီ ဖြစ်ကြောင်း သတိရလိုက်မိသည်။

ထို့မှတစ်ဖန် သူတို့နှစ်ဦးက တစ်စုံတစ်ရာကို စီစဉ်ခဲ့ကြကြောင်းကိုပါ။

မြို့စားမင်း အယ်ရ်ဂီ၏ တောင်းပန်စကားက သူတို့ ကြံစည်ခဲ့သည့် ထိုအစီအစဉ်ကြောင့်များလား။

~~~~

နူးညံ့သော ဆိုဖာပေါ်တွင်ထိုင်လျက် တစ်ခွက်လျှင် ခရန်း ၅ သောင်းအထိ ပေးရသော လက်ဖက်ရည်ကိုသောက်ရင်း ဗိုင်းကောင့် လိုတဲရှုတစ်ယောက် ဤသည်က ပျော်ရွှင်မှုကိုးဟု တွေးနေခဲ့သည်။

သူ့တွင် တကယ်ပင် အရာအားလုံး ရှိနေပေပြီ။

ခမ်းနားသော စံအိမ်၊ မြောက်မြားစွာသော အစေခံများ၊ မှူးမတ်အနွယ်တော်အရိုက်အရာ၊ အချိန်မရွေး ပြန်သွားနိုင်သော ဇာတိနယ်မြေ၊ ယုံကြည်အားကိုးရသော သားသမီးနှစ်ယောက်၊ ကျန်းမာရေး၊ ပြီးလျှင် သူ့ကို ထိုအထက်ပိုင်းအထိ ရောက်အောင်ပို့ဆောင်ပေးမည့် ကောင်းစားနေသော ကျွန်တစ်ယောက်။

ဤသည်က မည်မျှ ခမ်းနားလှသနည်း။

ယခု သူအလိုရှိနေသည်က အချက်သုံးချက်သာ။

ကျန်းမာရေး မကောင်းသော ဇနီးသည် အမြန်သက်သာလာကာ အတူတူ ပျော်ရွှင်မှုကို ခံစားရန်။

သားဖြစ်သူက ဂုဏ်သရေရှိသော မိသားစုမှမိန်းကလေးနှင့် လက်ထပ်ရန်။

သမီးဖြစ်သူက ဂုဏ်သရေရှိသော မိသားစုမှ အမျိုးကောင်းသားနှင့် လက်ထပ်ရန်။

ဗိုင်းကောင့် လိုတဲရှုက သားသမီးနှစ်ယောက်အနက် အထူးသဖြင့် ရီဗယ်တီအပေါ် မျှော်လင့်ချက်ကြီးမားစွာ ထားရှိထားသည်။

သားဖြစ်သူ အာလန်မှာ နဂိုကတည်းက ထူးခြားသော ကိုယ်စွမ်းကိုယ်စမရှိသည့်အပြင် ယခုတလော ကျွန် မွေးထားသည့် ကလေးကို အသည်းအသန် ပြုစုနေရသဖြင့် အပိုအလုပ်များရှုပ်နေ၏။

မိသားစုကို ဖျက်ဆီးမည့်သူမျိုး မဟုတ်သော်ငြား မိသားစု၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးမည့်သူမျိုးလည်း မဟုတ်ပြန်ပေ။

သို့သော် ချစ်စရာကောင်းပြီး ထက်မြက်သော သမီးဖြစ်သူ ရီဗယ်တီကမူ ထိုသို့မဟုတ်။

ထိုကလေးက သူသာ အနောက်မှ ကောင်းကောင်းပံ့ပိုးပေးနိုင်လျှင် အမြင့်ဆုံးအထိ တက်လှမ်းနိုင်မည့် ဂုဏ်ယူစရာကလေးပင်။

“ရီဗယ်တီရေ။ ရီဗယ်တီ။”

သမီးဖြစ်သူကို တွေးလိုက်သည်နှင့် စိတ်အခြေအနေက သိသိသာသာ ကောင်းမွန်လာကာ ဗိုင်းကောင့် လိုတဲရှုတစ်ယောက် ရီဗယ်တီကို အော်ခေါ်မိသည်။

လက်ဖက်ရည် ငှဲ့ပေးနေသော အိမ်တော်ထိန်းက အစားပြန်ဖြေပေးခဲ့၏။

“သခင်မလေးက အသစ်ရထားတဲ့ သူငယ်ချင်းတွေနဲ့အတူ အပြင်ကို ထွက်သွားပါတယ်။”

“သူငယ်ချင်းတွေ။”

“အားလုံး ဂုဏ်သရေရှိတဲ့အိမ်တော်တွေက သခင်မလေးတွေလို့ သိရပါတယ်။”

အိမ်တော်ထိန်း၏ အကင်းပါးသော အဖြေကြောင့် ဗိုင်းကောင့် လိုတဲရှုက တဟားဟား ရယ်လိုက်သည်။

“အဲ့ဒီကလေးရဲ့ စိတ်နေစိတ်ထားက ကောင်းတာကိုး။ ဘယ်သူနဲ့ပဲရှိရှိ သင့်မြတ်အောင်ပေါင်းနိုင်တာပေါ့။”

“ဟုတ်ပါတယ်။”

အိမ်ထိန်းကလည်း အလိုက်သင့်ပင် ထောက်ခံပေးခဲ့သည်။

ဗိုင်းကောင့် လိုတဲရှုက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ရာမှ မျက်နှာချင်းဆိုင်ရှိ ထိုင်ခုံရှည်တွင်ထိုင်လျက် ကလေးကို နို့ဘူးတိုက်နေသည့် သားဖြစ်သူကို မြင်လိုက်ရသည်နှင့် မျက်နှာပျက်သွားကာ ငေါက်ငမ်းမိတော့၏။

“သူ့ဘာသူ ကြည့်ကြပ်သောက်ခိုင်းလိုက်စမ်းပါ။ ဘာလို့ မင်းက နို့ဘူးအထိပါ တိုက်နေရတာလဲ။”

“မွေးကင်းစကလေးက ဘယ်လိုလုပ်ပြီး ကိုယ့်ဘာသာကိုယ် သောက်နိုင်မှာလဲ အဖေရဲ့။”

“ကိုးလသားဆိုရင် သူ့ဘာသာသူ အဆင်ပြေအောင် လုပ်နိုင်ရမှာပေါ့။”

“...ဆယ်လသားပါ။”

ဗိုင်းကောင့် လိုတဲရှုက စုတ်တစ်ချက် သပ်လိုက်သည်။

“မင်းက အခု ကျွန်ရဲ့ ကလေးကို ပြုစုနေရမှာမဟုတ်ဘဲ မင်း ညီမကို ဂရုစိုက်ပေးရမှာလေ၊ ဒီငတုံးကောင်ရဲ့။ မင်းညီမက ဒီနှစ် လူမှုရေးအသိုင်းအဝိုင်းထဲကို စပြီးခြေချတော့မှာ။ ဘာမှမခံစားရဘူးလား။”

“အချိန်တွေကုန်တာ မြန်လိုက်တာနော်...”

“အိမ်မှာ ကလေးချည်း ကြည့်မနေဘဲ တခြားအိမ်တော်က လူငယ်လေးတွေနဲ့လည်း သွားလာပေါင်းသင်းစမ်းပါ။”

ဗိုင်းကောင့် လိုတဲရှုက သားဖြစ်သူ၏ မပြတ်သားသော အဖြေကြောင့် ဒေါသထွက်ကာ အော်ဟစ်လိုက်တော့သည်။

တစ်ကြိမ်နှစ်ကြိမ်မဟုတ်သောကြောင့် အိမ်တော်ထိန်းကလည်း အေးဆေးစွာပင် လက်ဖက်ရည်ခွက်ထဲသို့ လက်ဖက်ရည် ထပ်ဖြည့်ပေးနေ၏။

ဗိုင်းကောင့် လိုတဲရှုက သားဖြစ်သူကို လက်ညှိုးငေါက်ငေါက်ထိုးကာ ဆက်ပြောလေသည်။

“လူငယ်တွေနဲ့ ပေါင်းသင်းဆက်ဆံပြီး သူတို့ရဲ့ စိတ်နေစိတ်ထားကိုလည်း စုံစမ်းရမှာပေါ့၊ အဲ့ဒါမှ မင်းညီမရဲ့ ပွဲဦးထွက်မှာ ပွဲတက်ဖော်လုပ်ပေးမဲ့ မှူးမတ်လူငယ်တစ်ယောက်ကို ရှာထားနိုင်မှာ မဟုတ်ဘူးလား။”

“ကျွန်တော်ရွေးပေးရင် ရီဗယ်တီက ကြိုက်မှာမဟုတ်တာကို။ ရီဗယ်တီက ကျွန်တော့်အကြိုက်ကို ထူးဆန်းတယ်လို့ ပြောနေတာလေ အဖေရဲ့။ သူ့ဘာသာပဲ ရွေးပါစေ။”

ဗိုင်းကောင့် လိုတဲရှုက ဒေါသထွက်ထွက်ဖြင့် ပူလောင်နေသော လက်ဖက်ရည်ကို တစ်ကျိုက်တည်း သောက်ချလိုက်သည်။

ထိုစဉ် ကလေးက ငိုယိုလာတော့၏။

အာလန်က ချက်ချင်းပင် နို့ဘူးကို ချထားလိုက်ကာ ကလေးကို ကျွမ်းကျင်စွာ ချော့မြှူနေခဲ့ရာ ထိုပုံစံက ဗိုင်းကောင့် လိုတဲရှုကို ပို၍ ဒေါသထွက်စေခဲ့သည်။

သွေးသားဖြစ်သောကြောင့် စောင့်ရှောက်ရမည်မှာ မှန်သော်လည်း။

လူပုံလယ်တွင်ပင် ထုတ်မပြနိုင်သော ကလေးတစ်ယောက်အား ထိုမျှအထိ အသည်းအသန် ပြုစုနေသည်ကို နားမလည်နိုင်ပေ။

ထိုစဉ်။

“အားးးးးးးး”

ကျီးကန်းအော်သံနှင့်တူသော အော်ဟစ်သံတစ်ခုကို တံခါးဝမှ ကြားလိုက်ရကာ အမြန်ပင် နီးကပ်လာသည်။

ဗိုင်းကောင့် လိုတဲရှုက လက်ဖက်ရည်ခွက်ကို ချလိုက်ကာ တံခါးဘက်သို့ လှည့်ကြည့်လိုက်၏။

ဝင်လာသူက သူ၏ ချစ်လှစွာသော သမီးငယ် ရီဗယ်တီပင်။

သူငယ်ချင်းများနှင့် ပျော်ရွှင်စွာ အချိန်ကုန်ဆုံးလာခဲ့ပုံရကာ မျက်နှာလေးက အလွန်တောက်ပနေ၏။

ဗိုင်းကောင့် လိုတဲရှုလည်း ချက်ချင်းပင် စိတ်အခြေအနေကောင်းသွားကာ ထရပ်လိုက်သည်။

“လာပါဦး ငါ့သမီးရယ်။ အအေးမိနေပါဦးမယ်။ အိမ်တော်ထိန်း၊ ကျုပ်တို့ ရီဗယ်တီအတွက် စောင်တစ်ထည်လောက် ယူလာခဲ့စမ်း။”

“ဟုတ်ကဲ့ပါ သခင်ကြီး။”

အိမ်တော်ထိန်းက အစေခံတစ်ယောက်ကို မျက်ရိပ်ပြလိုက်တော့ အသင့်စောင့်နေသော အစေခံက အပြင်သို့ အမြန်ပြေးထွက်သွားလေသည်။

ရီဗယ်တီက ကခုန်မြူးတူးရင်း ဗိုင်းကောင့် လိုတဲရှုအရှေ့အထိ ပြေးလာခဲ့၏။

“ရီဗယ်တီ။ ကောင်းတဲ့ကိစ္စတစ်ခုခုများ ရှိလို့လား။”

ဗိုင်းကောင့် လိုတဲရှုက ဘာမဟုတ်သည့်ကိစ္စလေးဖြစ်နေပါစေ ထောက်ခံပေးရန် အသင့်ပြင်လျက် ပြုံးပြုံးရွှင်ရွှင် မေးလိုက်သည်။

“ဟုတ်ကဲ့။”

သို့သော် ရီဗယ်တီ ပြောလာသည့် 'ကောင်းသောကိစ္စ' ဆိုသည်မှာ လုံးဝ ထောက်ခံပေး၍ မရနိုင်သော ကိစ္စဖြစ်နေ၏။

“အဖေ၊ သမီး ဧကရီ အရှင်မကို တွေ့ခွင့်ရတော့မယ်။”

ဗိုင်းကောင့် လိုတဲရှု၏ မျက်နှာက ချက်ချင်း တောင့်တင်းသွားတော့သည်။

“ဘယ်သူ့ကို တွေ့မယ်။”

“ဧကရီ အရှင်မလေ။”

ရီဗယ်တီက မျက်နှာလေးနီရဲလျက် ခုန်ပေါက်နေခဲ့သည်။

ရင်မ်ဝဲလ်တွင် ရှိစဉ်ကတည်းက ရီဗယ်တီမှာ ဧကရီကို လေးစားအားကျနေခဲ့သူ ဖြစ်သောကြောင့် ဤမျှအထိ ပျော်ရွှင်နေခြင်းက မဆန်းပေ။

“ကောင်းတာပေါ့။”

အရိပ်သုံးပါးနားမလည်သော အာလန်က ထိုအချိန်တွင်မှ လှိုက်လှိုက်လှဲလှဲ ချီးကျူးစကား ပြောလိုက်ရာ ဗိုင်းကောင့် လိုတဲရှု ပစ်လိုက်သော နို့ဘူးဖြင့် နဖူးကို တည့်တည့်အထုခံလိုက်ရတော့သည်။

“အဖေ။”

ဖခင်ဖြစ်သူ၏ ထူးဆန်းသော အပြုအမူကြောင့် ရီဗယ်တီက နားမလည်နိုင်သော မျက်နှာဖြင့် ဗိုင်းကောင့် လိုတဲရှုကို ကြည့်လိုက်၏။

ဗိုင်းကောင့် လိုတဲရှုက ပျာပျာသလဲဖြင့် ကုလားထိုင်မှ ထရပ်ခဲ့သည်။

“ဘယ်သွားမလို့လဲ အဖေ။”

“နန်းတော်ကို ခဏသွားဦးမယ်။ ပြီးတော့ ရီဗယ်တီ။”

“ရှင်။”

“အဲ့ဒီကိစ္စကို နောက်မှ ပြောကြတာပေါ့။ ဒီနေ့ သွားမှာတော့ မဟုတ်ဘူးမဟုတ်လား။”

~~~~

Miel’s Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment