အပိုင်း ၇၉ (လက်ဆောင်၏ အဓိပ္ပာယ်)
ရက်ရှ်တာက ကျွန်မပေးသော လက်ဆောင်ကို သဘောကျနေပုံပင်။
သူ့မျက်နှာက ချက်ချင်းပင် ဝင်းပသွားကာ ဝမ်းသာအားရ အော်ဟစ်ခဲ့သည်။
“ဘုရားရေ။ ကျေးဇူးတင်ပါတယ်၊ ဧကရီအရှင်မ။ တကယ် လှလွန်းလို့ပါ။”
“သဘောကျလား။”
“ဟုတ်ကဲ့။ တကယ်ကို လှတာပါ။”
ဓားအိမ်နှင့် ဓားရိုးတွင် စီခြယ်ထားသော ကျောက်မျက်ရတနာများ၊ ဓားပေါ်တွင် သေချာထွင်းထုထားသော အနုစိတ်လက်ရာများကို သေချာကြည့်ရင်း ရက်ရှ်တာက အကြိမ်ကြိမ် ချီးကျူးနေခဲ့သည်။
“ဒီလောက်လှတဲ့ဓားမျိုး ရှိတယ်လို့တောင် ထင်မထားပါဘူး……”
တောက်ပစွာပြုံးရင်း တအံ့တဩ ပြောနေသည့် သူ၏ပုံစံက စိတ်ရင်းဖြင့် သဘောကျနေပုံရ၏။
မည်သည့်အဓိပ္ပာယ်နှင့် ပေးသည့်လက်ဆောင်မှန်း မသိရှာပုံရသော်လည်း……
“သဘောကျတယ်ဆိုတော့ တော်သေးတာပေါ့။”
တကူးတက ရှင်းပြပေးနေရန်မလိုဟု တွေးလိုက်မိသဖြင့် ဝတ်ကျေတမ်းကျေ စကားအနည်းငယ်ပြောကာ လှည့်ထွက်ခဲ့သည်။
“ဟို…… ဧကရီအရှင်မ။”
ကိုယ်ကို တစ်ဝက်ခန့် လှည့်လိုက်ချိန်တွင် ရက်ရှ်တာက ကျွန်မကို လေသံတိုးတိုးဖြင့် ခေါ်ခဲ့သည်။
ဘာဖြစ်ပြန်တာလဲဟုတွေးကာ ပြန်ကြည့်လိုက်တော့ သူက လက်ဆောင်ကို ဆိုဖာပေါ်တွင် တင်ထားခဲ့ပြီး၊ ဗိုက်ကို လက်ဖြင့် အုပ်ကိုင်လျက် ကျွန်မအနားသို့ ချဉ်းကပ်လာ၏။
ဘာလုပ်မလို့ပါလိမ့်။
သူက တစ်လှမ်းအကွာအထိ လာပြီးနောက် သူ့ဗိုက်သူ အသာအယာ ပွတ်သပ်ရင်း ပြောလာသည်။
“အခုလို လာပေးတဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်။ တကယ်ပဲ ပီတိဖြစ်ရပါတယ်။ ရက်ရှ်တာက ဧကရီအရှင်မနဲ့ တည့်တည့်ရှုရှု နေသွားချင်လို့ပါ……”
ချစ်စဖွယ် အသံ၊ အပြစ်ကင်းစင်သော အမူအရာနှင့် အနောက်မှ ကြည့်နေသော ဆိုဗီရ်ရှု၏ နွေးထွေးသည့် အကြည့်များက သူ၏ လိုအပ်ချက်ရှိသော နန်းတွင်းထုံးတမ်းကျင့်ဝတ်များကို အစားထိုးပေးရန် လုံလောက်၏။
သို့သော် သူ့တွင် မည်မျှပင် ဆွဲဆောင်ဖမ်းစားနိုင်သောအစွမ်း ရှိနေပါစေ၊ ဆန့်ကျင်ဘက် အခြေအနေတွင် ရှိနေသည့် ကျွန်မကိုမူ စိတ်လှုပ်ရှားယိမ်းယိုင်အောင် တတ်စွမ်းနိုင်မည် မဟုတ်ပေ။
ကျွန်မ ပြန်မဖြေဘဲ သင့်တော်သလိုသာ နားထောင်ပြီး လှည့်ထွက်ခဲ့သည်။
ယနေ့၏ ဇာတ်လိုက်က ကျွန်မ မဟုတ်သဖြင့် ဤမျှဆိုလျှင် လုံလောက်ပြီဟု ယူဆ၏။
ရင်းနှီးသူအချို့နှင့် နှုတ်ဆက်စကားပြောပြီးလျှင် အခန်းသို့ပြန်ကာ ရေချိုးပြီးနားရန်သာ စိတ်ကူးထားသည်။
သို့သော် ရက်ရှ်တာက ပြောစရာစကား ကျန်သေးပုံပင်။
“ဧကရီအရှင်မ။ ဟို…… အဆင်ပြေမယ်ဆိုရင်လေ တစ်ခုလောက် တောင်းဆိုလို့ရမလားဟင်။”
ကိုယ်ကို လှည့်ရာမှ ရပ်တန့်လိုက်ပြီး ကျွန်မ တည်ငြိမ်သော မျက်နှာထားဖြင့် သူ့ကိုကြည့်ကာ မေးလိုက်သည်။
“ဘာကို တောင်းဆိုချင်လို့လဲ။”
ရက်ရှ်တာက လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ မျက်လုံးများကို ပြူးကြည့်ရင်း တိုးညင်းသော လေသံဖြင့် တောင်းဆိုလာ၏။
“မွေးလာမဲ့ ကလေးကို ကောင်းချီးဆုတောင်း ပို့သပေးစေချင်လို့ပါ။”
မွေးလာမည့်ကလေး သို့မဟုတ် မွေးကင်းစကလေးအတွက် ကောင်းချီးပေးပါရန် ကျွန်မအား လာရောက်ပြောဆိုသူများက အမြောက်အမြားပင်။
ရက်ရှ်တာ ကျွန်မကို ထိုသို့တောင်းဆိုခြင်းက အထူးအဆန်းတော့ မဟုတ်ပေ။
သို့သော်……
“အဲ့ဒီတောင်းဆိုချက်ကိုတော့ ငြင်းရလိမ့်မယ်။”
အကြောင်းပြချက်များစွာထက် ကျွန်မကိုယ်တိုင် မလုပ်ပေးလိုခြင်းပင်။
ကျွန်မ၏ ကောင်းချီးတွင် မည်၍မည်မျှ ကြီးမားသော စွမ်းအင်ရှိသည်ဟု မယူဆသော်လည်း၊ အကယ်၍ ကျွန်မ၏ ဆုတောင်းက အနည်းငယ်မျှပင် တကယ်တမ်း အကျိုးသက်ရောက်မှုရှိမည်ဆိုလျှင် ရက်ရှ်တာ၏ကလေးကိုတော့ ထိုအကျိုးခံစားခွင့် မရစေလိုပေ။
လူအများရှေ့တွင် ကျွန်မက ပေါ်တင်ငြင်းလိမ့်မည်ဟု ထင်မထားပုံရသော ရက်ရှ်တာက မျက်လုံးအဝိုင်းသား ဖြစ်သွားတော့သည်။
သနားစရာကောင်းသော ခွေးပေါက်လေးတစ်ကောင်၏ မျက်နှာထားမျိုးပင်။
“စိတ်ထဲကမပါတဲ့ ကောင်းချီးကို ခံယူရရင် ကလေးကရော ပျော်နိုင်ပါ့မလား။”
အမှန်အတိုင်း ပြောပြလိုက်တော့ ရက်ရှ်တာ၏ မျက်နှာက နီရဲတက်လာတော့သည်။
“ဒါပေမဲ့ လိုချင်တယ်ဆိုရင်တော့လည်း လုပ်ပေးမယ်လေ။”
စကားတစ်ခွန်း ထပ်ပြောလိုက်တော့ သူက နားရွက်များအထိပါ နီမြန်းသွားပြီး အကြည့်ကို အောက်သို့ ချထားလိုက်သည်။
အလွန်တရာ အရှက်ရနေပုံက တကယ်ပင် သနားစရာ ကောင်းနေ၏။
ထိုသနားစရာကောင်းသောပုံစံက ဆိုဗီရ်ရှုကို ဆွပေးလိုက်သလို ဖြစ်သွားသည်။
ကျွန်မကို အံ့ဩမယုံနိုင်သလို ကြည့်နေသော ဆိုဗီရ်ရှုက နောက်ဆုံးတွင် ကျွန်မအနားသို့ တိုးလာကာ အသံနိမ့်နိမ့်ဖြင့် မာန်မဲလေ၏။
“ဒီလိုအထိ လုပ်ဖို့လိုလို့လား။”
ဘာကိုပြောတာလဲဟူသည့် သဘောဖြင့် ကြည့်လိုက်ရာ သူက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ပြီးနောက် အသံကို ပိုနှိမ့်ကာ အပြစ်တင်ဝေဖန်ခဲ့သည်။
“လူတွေအရှေ့မှာ မဖြစ်မနေ အရှက်ခွဲဖို့ လိုလို့လား။”
“ကျွန်မ လူပုံလယ်မှာ အရှက်မကွဲချင်လို့ပါ။”
“ဗိုက်ထဲကကလေးကို ကောင်းချီးပေးတာက ဧကရီ နိစ္စဒူဝ လုပ်နေကျကိစ္စပဲမဟုတ်လား။ စကားတစ်ခွန်းလောက် ထပ်ပြောပေးရတာ အဲ့ဒီလောက်တောင် ခက်ခဲနေလို့လား။”
“စကားတစ်ခွန်းက တစ်ခါတလေ ရွှေထက်တောင် တန်ဖိုးရှိတတ်တာမျိုးမို့လို့ပါ။”
“အခုလို အခြေအနေမှာ သုံးရမဲ့စကား မဟုတ်ဘူးထင်တယ်။”
“အဲ့ဒီလိုလည်း ဖြစ်မှာပေါ့။ အခုလို အခြေအနေမှာ နားမဝင်နိုင်စရာစကား ဖြစ်နေမှာမို့လို့။”
ဆိုဗီရ်ရှုက စိတ်ပျက်သော မျက်နှာထားဖြင့် ကျွန်မကို ကြည့်လိုက်တော့ ပတ်ဝန်းကျင်ရှိ မှူးမတ်အနွယ်တော်များက ပို၍စူးစမ်းလိုသော အကြည့်များဖြင့် ကျွန်မတို့နှစ်ယောက်ကို ခိုးကြည့်နေကြသည်။
တိုးတိုးတိတ်တိတ် ကတောက်ကဆဖြစ်နေကြသဖြင့် အသံကို မကြားရသောကြောင့် သူတို့၏ စိတ်ကူးစိတ်သန်းများကို ပို၍ချဲ့ထွင်နေကြပုံပင်။
“သုံးပွင့်ဆိုင်အချစ်ပြဇာတ် ခင်းချင်တာမဟုတ်ရင် ကျွန်မကို ဆွဲမထားပါနဲ့တော့။”
တည်ငြိမ်သော မျက်နှာထားဖြင့် ပြတ်သားစွာ ပြောလိုက်တော့ ဆိုဗီရ်ရှုက စိတ်ကုန်သလို စုတ်တစ်ချက်သပ်ကာ လှည့်ထွက်သွားသည်။
ဆိုဗီရ်ရှု အနားသို့ရောက်လာတော့ လက်နှစ်ဖက်ကို ဗိုက်ပေါ်တင်ပြီး နာကျင်နေသလိုမျက်နှာထားဖြင့် ရှိနေသည့် ရက်ရှ်တာက ဝမ်းနည်းအားငယ်သော အကြည့်များဖြင့် သူ့ကို မော့ကြည့်နေ၏။
ဆိုဗီရ်ရှုက ကျောပေးထားသဖြင့် သူ၏မျက်နှာထားကို မမြင်ရပေ။
သူတို့နှစ်ယောက်တည်း၏ ကမ္ဘာထဲတွင် နစ်မျောနေကြမည်ကို မကြည့်ဘဲနှင့် သိနိုင်သော်လည်း။
ဤနေရာတွင် ဆက်မနေချင်တော့သဖြင့် လှည့်ထွက်ရန် ပြင်လိုက်ပြီးမှ ကျွန်မ စိတ်ကူးပြောင်းသွားသည်။
ကျွန်မက ရှောင်ထွက်သွားမည့်အစား သူတို့အနားသို့ ချဉ်းကပ်လာတော့ ဆိုဗီရ်ရှုက ဆတ်ခနဲတုန်သွားကာ ကျွန်မကို ကြည့်လာ၏။
ဘာလုပ်မလို့လဲဟူသော သိသာထင်ရှားသည့် အကြည့်မျိုးပင်။
သို့သော် ကျွန်မက မသိချင်ယောင်ဆောင်ကာ သူတို့နှစ်ယောက်ကြားသို့ တိုးဝင်ပြီး ရက်ရှ်တာကို မေးလိုက်သည်။
“ငါ့ရဲ့ ကောင်းချီးကို အခုအထိ လိုချင်နေတုန်းပဲလား။ မဖြစ်မနေ လိုချင်တယ်ဆိုရင်ပေးမယ်။”
ရက်ရှ်တာကို မေးနေရင်း ဆိုဗီရ်ရှုကို တစ်ချက် အကဲခတ်ကြည့်လိုက်သည်။
ကောင်းချီးပေးမည်ဟု ပြောနေသော်လည်း ဆိုဗီရ်ရှုက စိတ်မသက်သာသော မျက်နှာထား ဖြစ်နေ၏။
ကျွန်မကပဲ လက်စွပ် သို့မဟုတ် စကပ်ကြားတွင် ဓားတစ်လက် ဝှက်လာသလိုပင်။
သို့သော် ကျွန်မ ဓားဝှက်ထားသော နေရာက အဝတ်အစားထဲတွင် မဟုတ်ပေ။
လျှာဖျားတွင်ဖြစ်သည်။
ရက်ရှ်တာက ပြုံးရွှင်စွာဖြင့် “ဟုတ်ကဲ့” ဟု ချက်ချင်း ပြန်ဖြေလာ၏။
သူ၏လက်က ဗိုက်ကို တစ်ဖန်ပြန်၍ ပွတ်သပ်နေပြန်သည်။
ကလေးရှိနေသည့် လက္ခဏာ မပေါ်သေးသော ထိုဗိုက်ကို အသာလေး စိုက်ကြည့်နေပြီးမှ ကျွန်မ နှေးကွေးစွာ ပြောလိုက်သည်။
“ကလေး။ ငါလက်ဆောင်ပေးတဲ့ ဓားလိုပဲ ရှင်သန်သွား။ တခမ်းတနားနဲ့ လှလှပပလေး။”
ပြုံးနေသော်လည်း ကျွန်မက ကျိန်စာဖြစ်ဖြစ် တိုက်လိမ့်မည်ဟု ထင်နေလေသလား။
ရက်ရှ်တာက အလွန်ဝမ်းသာသွားသော အသွင်ဖြင့် ဆိုဗီရ်ရှုကို မော့ကြည့်ခဲ့သည်။
“ဧကရီအရှင်မက ကျွန်မတို့ကလေးကို ကောင်းချီးပေးတယ်ရှင့်။”
ဝမ်းသာနေသော ရက်ရှ်တာနှင့်မတူဘဲ ဆိုဗီရ်ရှုက ထူးဆန်းသော မျက်နှာထားဖြင့် ကျွန်မကို စိုက်ကြည့်နေခဲ့သည်။
ပြောစရာရှိရင် ပြောစမ်းပါ။
အကြည့်ကို မရှောင်ဘဲနေခဲ့သော်လည်း သူက ဘာမှမပြောဘဲ ရက်ရှ်တာ၏ ပုခုံးကိုဖက်ကာ ဆိုဖာဆီသို့ ခေါ်သွားလေတော့သည်။
~~~~
ရက်ရှ်တာက ပျော်ရွှင်သောမျက်နှာထားဖြင့် ဆိုဖာတွင် ကျောမှီထိုင်ရင်း ဗိုက်ကို ပွေ့ဖက်ထားသည်။
ဗိုက်ပေါ်တွင် လက်တင်ထားခြင်းက မကြာသေးမီကမှ ဖြစ်ပေါ်လာသော သူ၏ အရေးကြီးသည့် နေ့စဉ်ဝတ္တရားတစ်ခုပင်။
ဗိုက်ပေါ် လက်တင်ထားရင်း ကလေးကို ပြောချင်သည့် စကားများကို စိတ်ထဲမှ ပြောနေခြင်းဖြစ်သည်။
‘ကလေး၊ ဟိုလူတွေကို ကြည့်စမ်း။ ဟို မောက်မာပလွှားတဲ့ မှူးမတ်တွေ အကုန် နင့်ကိုတွေ့ဖို့ ဒီကို လာကြတာ။’
‘ကလေး၊ ဟိုလူတွေကို ကြည့်စမ်း။ နိမ့်ကျတဲ့ ကျွန်ဆိုပြီး နှိမ်ချခဲ့တဲ့သူတွေက နင့်ကို မျက်နှာချိုသွေးဖို့ ရွှေငွေရတနာတွေ လာဆက်သနေကြပြီ။’
‘ကလေး၊ ဟိုလူတွေကို ကြည့်စမ်းပါဦး။ အားလုံးက နင့်ရဲ့အောက်မှာ ရှိနေရမဲ့သူတွေချည်းပဲ။’
ဤခံစားချက်က ဆိုဗီရ်ရှု၏ချစ်သူအနေဖြင့် လူတို့၏ အာရုံစိုက်မှုကိုရစဉ်ကနှင့် မသိမသာ ကွဲပြားနေသည်။
ဆိုဗီရ်ရှုကို ကျောထောက်နောက်ခံပြုကာ လူတို့၏ ချစ်ခင်မှုကို ရရှိရခြင်းကလည်း ခံစားချက်ကောင်းလှ၏။
သို့သော် ထိုအရာက ဆိုဗီရ်ရှု၏ အာဏာကို ငှားသုံးထားသော ဂုဏ်သရေဖြစ်ပြီး၊ ထိုသို့သော ဂုဏ်သရေက ဆိုဗီရ်ရှု၏ စိတ်အပြောင်းအလဲပေါ်မူတည်ကာ အချိန်မရွေး ပြောင်းလဲသွားနိုင်သည်။
သို့သော် ကလေးကတော့ သူစိမ်းမဟုတ်ပေ။
ဤကလေးက ဘယ်သူ ဘာပြောပြော ဧကရာဇ်၏ ပထမဆုံးသော ရင်သွေးဖြစ်ပြီး၊ ကလေး၏မိခင်က မိမိဖြစ်သည်မှာ မည်သူပင် စိတ်ပြောင်းသွားပါစေ မပြောင်းလဲနိုင်သော အမှန်တရားပင်။
ဤကဲ့သို့သော အခြေအနေတွင် မိမိကို အမြဲတမ်း မမြင်သလို ဆက်ဆံတတ်သော ဧကရီပင် လက်ဆောင်ပေးကာ ကောင်းချီးပေးရသတဲ့။
ရက်ရှ်တာက ရွှန်းရွှန်းစားစားပြုံးရင်း နာဗီရယ် ပေးသွားသော ဓားကို လက်ဖြင့် ပွတ်သပ်နေမိသည်။
ကလေးမွေးလာပြီး ကြီးပြင်းလာလျှင် ခါးတွင် ဤဓားကို ချိတ်ပေးချင်၏။
ဓားရေးသင်ခိုင်းပြီး ပညာ အများကြီးသင်ပေးကာ ထက်မြက်သောသူဖြစ်အောင် လုပ်ပေးရပေမည်။
လူတို့က ထိုကလေးကိုမြင်တိုင်း ချီးကျူးကြမည်သာ။
ကလေး၏ခါးတွင် ချိတ်ထားသော ဓားကိုကြည့်ပြီး၊ ဤကလေးက ဧကရီ၏ ချစ်ခင်မှုကိုပင် ရရှိထားသည်ဟု ယူဆကြပေလိမ့်မည်။
ဟင့်အင်း၊ တကယ်တမ်းတွင်လည်း ဧကရီက မိမိ၏ကလေးကိုမြင်လျှင် ချစ်ပေးလာမည်မှာ အသေအချာပင်။
ဧကရီက မြုံနေခြင်းလည်း ဖြစ်နိုင်သည်ဟု ပြောကြသည် မဟုတ်ပါလား။
‘ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဗိုင်းကောင့် လိုတဲရှုကိုသာ ဖယ်ရှားနိုင်မယ်ဆိုရင်……’
ပျော်စရာ အနာဂတ်ပေါ်သို့ ကျရောက်နေသည့် တစ်ခုတည်းသော မိုးတိမ်မှာ ဗိုင်းကောင့် လိုတဲရှုနှင့် သူ၏မိသားစုပင်။
တော်သေး၍ အရိပ်အခြည်ကြည့်တတ်သောကြောင့်ပဲလားမသိ ဤနေရာကိုတော့ ရောက်မလာကြပုံရသော်လည်း……
သို့သော် ထိုသို့ တွေးလိုက်မိရုံရှိသေးစဉ် ခပ်လှမ်းလှမ်း၌ ကြက်သီးထဖွယ် မျက်နှာတစ်ခုကို မြင်လိုက်ရသည်။
‘ဟိုလူက……’
ဗိုင်းကောင့် လိုတဲရှုတော့ မဟုတ်ပေ။
သို့သော် သူနှင့်ထပ်တူ၊ ဟင့်အင်း၊ အချို့သော ကဏ္ဍများတွင် သူ့ထက် ပို၍ရှောင်ချင်မိသော မျက်နှာပင်။
နက်မှောင်သော အစိမ်းရောင် မျက်လုံးများနှင့် လှိုင်းတွန့်နေသော အညိုရောင် ဆံပင်များ။
အလကားနေရင်း ကြင်နာတတ်ပြီး နူးညံ့သည့် အသွင်အပြင်ရှိသော ထိုအမျိုးသားက အာလန် ရင်မ်ဝဲလ်ပင်။
ဗိုင်းကောင့် လိုတဲရှု၏ သားဖြစ်တစ်ဖြစ်လဲ ရက်ရှ်တာ၏ ချစ်သူဟောင်း။
ရက်ရှ်တာတစ်ယောက် တောင့်ခနဲဖြစ်သွားကာ သူ့ကို စိုက်ကြည့်နေမိ၏။
တုန်လှုပ်မှုက နောက်ကျမှ ရောက်ရှိလာသည်။
စိတ်မထိန်းနိုင်တော့ပေ။
ဘာဖြစ်လို့လဲ။
အဲ့ဒီလူက ဘာလို့ ဒီမှာ ရှိနေတာလဲ။
ဗိုင်းကောင့် လိုတဲရှုက သူ့ကို မြို့တော်သို့ ခေါ်လာသည်ဟု ပြောခဲ့သော်လည်း၊ သို့တိုင်…… ရက်ရှ်တာ မျက်နှာ ဖြူဖျော့သွားကာ ဗိုက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်မိသည်။
‘အာလန်သာ တစ်ခုခု စကားမှားသွားရင်……’
သို့သော် အာလန်ကလည်း မလှုပ်မယှက် ရှိနေခဲ့သည်မှာ အတူတူပင်။
သူက ကျောက်ရုပ်တစ်ခုအလား တောင့်တောင့်ကြီးရပ်နေပြီး ဝမ်းနည်းသော အကြည့်များဖြင့် ရက်ရှ်တာကို ကြည့်နေခဲ့သည်။
ရက်ရှ်တာလို ထိတ်လန့်နေသော မျက်နှာမျိုး မဟုတ်သော်လည်း ငိုတော့မည့်မျက်နှာထားမျိုးပင်။
“မိန်းကလေး။”
အနားမှ မြို့စားမင်း အယ်ရ်ဂီ ခေါ်လိုက်မှသာ ရက်ရှ်တာလည်း ချက်ချင်းပင် မျက်နှာထားကိုထိန်းကာ မြို့စားမင်းဘက်သို့ လှည့်ပြီး ပြုံးပြခဲ့သည်။
“ဘယ်တုန်းက ရောက်တာလဲဟင်။”
မြို့စားမင်း အယ်ရ်ဂီက ပြန်မဖြေဘဲ ရက်ရှ်တာ ကြည့်နေသော ဘက်သို့ လှည့်ကြည့်လိုက်သည်။
“ဘယ်သူ့ကို ကြည့်နေတာလဲ။”
ရက်ရှ်တာက အလန့်တကြားနှင့် မြို့စားမင်း အယ်ရ်ဂီ၏ အင်္ကျီလက်ကို ဆွဲလိုက်၏။
မြို့စားမင်း အယ်ရ်ဂီလည်း အာလန်ရှိရာဘက်သို့ မကြည့်ဘဲ သူ၏ အင်္ကျီလက်ပေါ်သို့ ရောက်လာသော အမာရွတ်များ ပြည့်နှက်နေသည့် သေးသွယ်သော လက်ကလေးကို ကြည့်ခဲ့သည်။
“ဒီအတိုင်းပါပဲ။ တစ်ခုခု စဉ်းစားနေတာပါ။”
ရက်ရှ်တာက ဆင်ခြေပေးကာ လက်ကို အမြန် ပြန်ချလိုက်သည်။
မြို့စားမင်း အယ်ရ်ဂီက ရက်ရှ်တာ ကြည့်ခဲ့သောဘက်သို့ တစ်ဖန် ပြန်ကြည့်သော်လည်း အာလန်က နေရာမှ ထွက်သွားပေပြီ။
ရက်ရှ်တာလည်း ထိုအခါမှ အနည်းငယ် စိတ်အေးသွားရ၏။
အာလန်က နောက်ပိုင်းတွင် မည်သို့ ပြုမူမည်ကို မသိရသော်လည်း။
ဗိုင်းကောင့် လိုတဲရှု ပြောခဲ့သလိုပင် အမှန်တရားကို ချက်ချင်း ဖွင့်ချရန် စိတ်ကူးမရှိသည့်ပုံပင်။
“မကောင်းတဲ့အတွေး ဖြစ်မဲ့ပုံပါလား။”
မြို့စားမင်း အယ်ရ်ဂီက ထပ်မေးရင်း ရက်ရှ်တာ ထိုင်နေသော ဆိုဖာတွင် လက်တစ်ဖက်ကို သဘာဝကျကျတင်ကာ မှီခဲ့သည်။
ထိုပုံစံက ဗိုက်ဝနေသော ဝံပုလွေတစ်ကောင်နှင့် တူနေသဖြင့် ပတ်ဝန်းကျင်ရှိ မှူးမတ်အမျိုးသမီးများက သဘောကျမှုကို တီးတိုးဖော်ပြကုန်ကြ၏။
မြို့စားမင်း အယ်ရ်ဂီက လူမှုရေးလောကမှ ထင်ရှားသူပီပီ ထိုသို့သော အာရုံစိုက်မှုများကို မရှောင်လွှဲခဲ့ပေ။
ထိုအစား ပို၍ပင် ခန့်ညားသောပုံစံကို ဖမ်းထားလိုက်သေးသည်။
ထိုသို့ ဟန်ကိုယ်ဖို့ လုပ်နေသောပုံစံကြောင့် ရက်ရှ်တာလည်း စိတ်အနည်းငယ် ပြေသွားကာ ရယ်လိုက်မိ၏။
“မဟုတ်ပါဘူး။”
“မျက်နှာက မကောင်းသလိုပဲ။”
“ထူးထူးဆန်းဆန်း။ မဟုတ်ပါဘူးဆို။”
ရက်ရှ်တာက ခေါင်းကို ချစ်စဖွယ် ငဲ့စောင်းလိုက်ပြီးမှ “အာ” ဟု အသံပြုကာ ဘေးတွင်ချထားသော ဓားကို အသာလေး မလိုက်သည်။
“ဒါကို ကြည့်ပါဦး။”
မြို့စားမင်း အယ်ရ်ဂီ ရက်ရှ်တာ၏ဘေးတွင် သဘာဝကျကျ ထိုင်လိုက်သောအခါ ပတ်ဝန်းကျင်တွင် အနည်းငယ် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
လူပျိုလူရှုပ်ဟု နာမည်ကြီးသော မြို့စားမင်းက ဧကရာဇ်၏ ချစ်သူအနားသို့ အလွန်တရာ တိုးကပ်လွန်းသည်ဟု ယူဆနေကြသည့် အသွင်ပင်။
သို့သော် မြို့စားမင်း အယ်ရ်ဂီရော ရက်ရှ်တာပါ လူတို့၏ တုံ့ပြန်မှုကို သိပ်ဂရုမစိုက်ကြပေ။
“လက်ဆောင်ရတာလား။”
“ဟုတ်ကဲ့။ ဧကရီအရှင်မက ရက်ရှ်တာကို ပေးသွားတာပါ။”
“ဧကရီကလား။”
“ကလေးမွေးလာရင်ပေးဖို့ လက်ဆောင်လေ။”
ရက်ရှ်တာက စောစောက အာလန်ကို မြင်ပြီး စိုးရိမ်ခဲ့သော စိတ်ကို ဖုံးကွယ်ရန် ပို၍တောက်ပစွာ ပြုံးလိုက်သည်။
“ကြည့်လို့ရမလား။”
မြို့စားမင်း အယ်ရ်ဂီက မေးလာသည်။
“ရတာပေါ့ရှင့်။”
ရက်ရှ်တာက လိုလိုလားလား ခွင့်ပြုလိုက်သဖြင့် မြို့စားမင်းက ဓားအိမ်ထဲမှ ဓားကို တစ်ဝက်ခန့် ဆွဲထုတ်ကာ စစ်ဆေးကြည့်ခဲ့သည်။
ဓားအိမ်၊ ဓားရိုးနှင့် ဓားသွားတို့ကို သေချာ စေ့စေ့စပ်စပ် ကြည့်ပြီးနောက် မြို့စားမင်း အယ်ရ်ဂီ၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာ၏။
“ဘယ်လိုလဲဟင်။”
ရက်ရှ်တာ မေးလာသောအခါ မြို့စားမင်းက ခေါင်းညိတ်ပြရင်း ချီးကျူးခဲ့သည်။
“တကယ်ကို ထူးကဲလှပတဲ့ ဓားပဲ။”
ရက်ရှ်တာက ဂုဏ်ယူစွာဖြင့် ပြုံးလိုက်သည်။
သို့သော် မြို့စားမင်း အယ်ရ်ဂီ၏ မျက်နှာထားက တစ်မျိုးဖြစ်နေသဖြင့် မတင်မကျ ဖြစ်သွားကာ မေးလိုက်မိ၏။
“ဘာလို့လဲဟင်။ ဓားက တစ်ခုခု ထူးဆန်းနေလို့လား။”
“ထူးဆန်းတာမျိုးတော့ မဟုတ်ပေမဲ့……”
“...”
“ဧကန္တ ဧကရီက ဒါကိုပေးတဲ့အချိန်မှာ တခြား ထွေထွေထူးထူးစကားရော မပြောခဲ့ဘူးလား။”
“ကလေးကို ဒီဓားလိုပဲ တခမ်းတနားနဲ့ လှလှပပလေး နေထိုင်သွားဆိုပြီး ကောင်းချီးပေးခဲ့တယ်ရှင့်။”
မြို့စားမင်း အယ်ရ်ဂီ၏ နှုတ်ခမ်းပေါ်မှ အပြုံးက ပို၍ပီပြင်လာသည်။
ရက်ရှ်တာက အကြောင်းရင်းကို မသိသဖြင့် ကြောင်ကြည့်နေစဉ် မြို့စားမင်းက တစ်နေရာကို အကဲခတ်သလိုကြည့်ရင်း ပြောပြလာ၏။
“မိန်းကလေး။ ဒီဓားက တအားတန်ဖိုးကြီးတဲ့ ဓားဆိုပေမဲ့ အလှပြသက်သက်ပဲ။”
“အလှပြသက်သက်……”
“ဓားတစ်လက်အနေနဲ့ အသုံးမဝင်ဘူးလို့ ပြောတာ။ စစ်ပွဲမှာ မပြောနဲ့၊ လူချင်း ဓားရေးယှဉ်တဲ့ နေရာမှာတောင် သုံးလို့မရဘူး။”
မြို့စားမင်း အယ်ရ်ဂီ ကြည့်နေသောဘက်တွင် ရှိနေသည်က ဧကရီပင်။
ဧကရီကလည်း သူ၏ လူယုံတော်များ ဝန်းရံလျက် မြို့စားမင်းကို ကြည့်နေခဲ့သည်။
မြို့စားမင်း အယ်ရ်ဂီက ဧကရီရှိရာဘက်သို့ ကြည့်ရင်း အသံကိုမနှိမ့်ဘဲ ဆက်လက် ရှင်းပြခဲ့၏။
“တခမ်းတနားနဲ့ လှလှပပ နေထိုင်သွားဆိုပြီး ဒီဓားကို ပေးတာက ဘာအလုပ်မှမလုပ်ဘဲ အပျော်အပါးနဲ့ အချိန်ဖြုန်းမဲ့ လူပိုတစ်ယောက် ဖြစ်လာပါစေလို့ ပြောလိုက်တာပဲ။”
“အဲ့…… အဲ့ဒါက……”
“အေးလေ။ ဒါကလည်း ကောင်းချီးပဲပေါ့။”
မိမိကိုယ်တိုင်လည်း တစ်ချိန်က ဘာအလုပ်မှမလုပ်ဘဲ နေနိုင်ရန် စိတ်ကူးယဉ်ခဲ့ဖူးသည်ဟု မြို့စားမင်း အယ်ရ်ဂီက ညည်းတွားလိုက်သော်လည်း၊ ရက်ရှ်တာကမူ အကြီးအကျယ် ရှော့ခ်ရနေချေပြီ။
စကားထဲတွင်ပါဝင်သော အဓိပ္ပာယ်ကို မကျေနပ်ခြင်းထက်၊ ထိုကဲ့သို့သော အတွင်းသဘောကိုမသိဘဲ လူပုံလယ်တွင် ဤလက်ဆောင်ကို လက်ခံပြီး ဝမ်းသာနေမိသည်ကို အရှက်ရမိခြင်းပင်။
မှူးမတ်များက ဉာဏ်ကောင်းသူများဖြစ်သဖြင့် ဧကရီ၏ အဓိပ္ပာယ်ကို အကုန်နားလည်ကြမည်မှာ သေချာ၏။
အတွင်းသဘောကို နားမလည်သူက မိမိတစ်ယောက်တည်းသာ ဖြစ်ပေလိမ့်မည်။
တစ်ဖက်လူက လှောင်ပြောင်ပြီးပေးသော လက်ဆောင်ကို ဝမ်းသာအားရ လက်ခံခဲ့မိသဖြင့် မိမိကို မည်မျှ ရယ်စရာကောင်းသူဟု မြင်သွားကြမည်နည်း။
“ဧကရီက…… ကျွန်မကို စော်ကားလိုက်တာပဲ……”
ရက်ရှ်တာတစ်ယောက် မျက်ရည်များဝဲတက်လာကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားခဲ့သည်။
တကယ် သနားစဖွယ်၊ ကြေကွဲဝမ်းနည်းနေသော ပုံစံမျိုးပင်။
နောက်ဆုံးတွင် မျက်ရည်များ တဖြည်းဖြည်း ကျဆင်းလာသောအခါ အခြားတစ်နေရာတွင် ရှိနေသော ဆိုဗီရ်ရှုက သူ့အနားသို့ ချဉ်းကပ်လာပြီး မေးလေတော့သည်။
“ဘာဖြစ်လို့လဲ၊ ရက်ရှ်တာ။ ဘာဖြစ်တာလဲ။”
ဆိုဗီရ်ရှုက မြို့စားမင်း အယ်ရ်ဂီကို အေးစက်စွာ ကြည့်လိုက်သည်။
ခင်ဗျားက သူ့ကို ငိုအောင်လုပ်လိုက်တာလားဟူသော အကြည့်မျိုးပင်။
မြို့စားမင်း အယ်ရ်ဂီက ပြန်မဖြေဘဲ ယဉ်ကျေးစွာ ဂါရဝပြုပြီး နေရာမှဖယ်ပေးသွား၏။
“ရက်ရှ်တာ။ နေ့ကောင်းနေ့မြတ်မှာ ဘာလို့ ငိုနေရတာလဲ။”
ဆိုဗီရ်ရှုက မြို့စားမင်း၏ ဂါရဝပြုမှုကို လျစ်လျူရှုကာ ရက်ရှ်တာကို ချော့မြှူနှစ်သိမ့်ခဲ့သည်။
သို့သော် ရက်ရှ်တာက လွယ်လွယ်နှင့် မျက်ရည် မတိတ်နိုင်ပေ။
စောစောက အာလန်ကို တွေ့လိုက်ရသဖြင့် အင်မတန်ထိတ်လန့်သွားခဲ့ရသော ခံစားချက်များက လုံးဝ ပေါက်ကွဲထွက်လာခြင်းပင်။
သူက ရှင်းပြခြင်းမရှိသဖြင့် ဆိုဗီရ်ရှုက ရက်ရှ်တာ၏ ပုခုံးကို ပုတ်ပေးရင်း အနားတွင်ရှိသော အခြားမှူးမတ်အနွယ်တော်တစ်ဦးကို ကြည့်လိုက်သည်။
ရက်ရှ်တာ၏ အနားတွင် အမြဲရှိနေတတ်သော မှူးမတ်အနွယ်တော်ပင်။
ထို့ကြောင့် ဆိုဗီရ်ရှုမရှိခိုက် ရက်ရှ်တာ ဘာဖြစ်ခဲ့သည်ကို သူက ကျိန်းသေပေါက်မြင်တွေ့ခဲ့ပေလိမ့်မည်။
ရှင်းပြစမ်း။
ဆိုဗီရ်ရှုက မျက်ရိပ်ပြလိုက်တော့ ထိုမှူးမတ်အနွယ်တော်က အမြန်ချဉ်းကပ်လာကာ မြို့စားမင်း အယ်ရ်ဂီနှင့် ရက်ရှ်တာတို့ ပြောဆိုခဲ့သော စကားများကို လျှောက်တင်ခဲ့သည်။
ထိုအကြောင်းကို တစ်ခါထပ်ကြားရသဖြင့် ဝမ်းနည်းသွား၍လားမသိ၊ ရက်ရှ်တာ၏ ပုခုံးများ ပို၍ တုန်ရီလာ၏။
ဆိုဗီရ်ရှုက သက်ပြင်းတစ်ချက်ချပြီး ညည်းတွားလိုက်သည်။
“မြို့စားမင်း အယ်ရ်ဂီကတော့ ပါးစပ်ဖွာတာပဲ။”
“မြို့စားမင်းက ရက်ရှ်တာကို လူအ မဖြစ်ရအောင် ကူညီပေးခဲ့ရုံပဲ ရှိတာပါ၊ အရှင်ဧကရာဇ်။”
“မငိုနဲ့တော့လေ။ ဒီနေ့ရဲ့ဇာတ်လိုက်က ငိုနေတယ်ဆိုရင် ဘယ်ကောင်းပါ့မလဲ။”
“ဒါပေမဲ့…… ဒါပေမဲ့ အရမ်း ဝမ်းနည်းစရာကောင်းတယ်မဟုတ်လား။”
ရက်ရှ်တာက အနက်ရောင် ကျောက်မျက်ရတနာလို မျက်လုံးများဖြင့် ဆိုဗီရ်ရှုကို မော့ကြည့်ရင်း ပုခုံးလေးများ တုန်ရီနေခဲ့သည်။
“အရှင်ဧကရာဇ်က ဘာလို့ ကျွန်မကို အဲ့ဒီလိုအကြောင်းတွေ မပြောပြခဲ့တာလဲဟင်။ အရှင်ဧကရာဇ်လည်း ဧကရီအရှင်မက ဘယ်လိုအဓိပ္ပာယ်နဲ့ ပြောခဲ့မှန်း သိတယ်မဟုတ်လား။”
“……”
ဆိုဗီရ်ရှုက ပြန်မဖြေဘဲ ရက်ရှ်တာ၏ ပုခုံးကိုသာ ပုတ်ပေးနေခဲ့သည်။
ကျိန်းသေပေါက် အားလုံးကို သိနေပါလျက်နှင့် မပြောပြခဲ့ခြင်းပင်။
ရက်ရှ်တာက ဆိုဗီရ်ရှုထက် မြို့စားမင်း အယ်ရ်ဂီက ပို၍ယုံကြည်ရသူဖြစ်သည်ဟု တစ်ဖန် ထပ်မံအတည်ပြုလိုက်မိသည်။
ကလေးအကြောင်း ဆိုဗီရ်ရှုကိုမဟုတ်ဘဲ မြို့စားမင်း အယ်ရ်ဂီကို ဖွင့်ဟခဲ့ခြင်းက တကယ် မှန်ကန်သော ရွေးချယ်မှုပင်။
လှုပ်ရှားနေသော ထိုနှုတ်ခမ်းလေးများနှင့် တုန်ယင်နေသော မျက်တောင်လေးများကို ငုံ့မိုးကြည့်ရင်း ဆိုဗီရ်ရှုက သက်ပြင်းတိုးတိုးလေး ချလိုက်သည်။
“မင်းကတော့ တကယ် စိတ်နုတာကိုး၊ ရက်ရှ်တာ။”
ရက်ရှ်တာက ဗိုက်ကို လက်နှစ်ဖက်ဖြင့်အုပ်ကိုင်ကာ ခေါင်းကို ငုံ့ထားခဲ့သည်။
“ကြောက်မိပါတယ်။”
“ကြောက်တယ်၊ ဟုတ်လား။”
ရက်ရှ်တာက အလွန်တိုးညင်းသော လေသံဖြင့် မသဲမကွဲ ရေရွတ်ခဲ့သည်။
“ဧကရီအရှင်မက လူပုံလယ်မှာ တမင် ကျွန်မနဲ့ ကလေးကို အလေးမထားဘဲ ချိုးနှိမ်ခဲ့တာပါ။ ဒီလောက်အထိ မျက်နှာပြောင်တဲ့သူဆိုရင် နောက်ပိုင်းမှာ မင်းသားလေးဖြစ်ဖြစ်၊ မင်းသမီးလေးဖြစ်ဖြစ် ဧကရီများ နှိပ်စက်လေမလားဆိုပြီး……”
သူ မျှော်လင့်ထားခဲ့သည်က ‘အဲ့ဒီလိုမျိုး လုံးဝ ဖြစ်မလာစေရဘူး’ ဟူသော နှစ်သိမ့်စကားနှင့် ‘ငါတို့ကလေးတွေကို ငါကာကွယ်ပေးမယ်’ ဟူသော ဆိုဗီရ်ရှု၏ ကတိစကားပင်။
သို့မဟုတ်လည်း ဧကရီက စကားပြောတာ တရားလွန်သွားတယ်ဟု ဆိုဗီရ်ရှုကို သူ့ဘက်မှ ရပ်တည်ပေးစေလိုသည်။
သို့သော် ဆိုဗီရ်ရှုက ထိုအရာထက် အခြားအချက်တစ်ခုကြောင့် အံ့အားသင့်ကာ တောင့်တောင့်ကြီးဖြစ်သွား၏။
ရက်ရှ်တာက ချစ်သူမှမွေးလာမည့် တရားမဝင်ကလေးကို သဘာဝကျကျလေး မင်းသားနှင့် မင်းသမီးဟု ခေါ်ဝေါ်လိုက်သောကြောင့်ပင်။
အံ့အားသင့်သွားသူက ဆိုဗီရ်ရှု တစ်ယောက်တည်းမဟုတ်ပေ။
ဘေးမှ စကားများကို ခိုးနားထောင်နေကြသူများကလည်း ထပ်တူထပ်မျှပင် မလှုပ်မယှက်ဖြစ်သွားကာ အချင်းချင်း မျက်ရိပ်မျက်ကဲပြကုန်ကြလေတော့သည်။
~~~~
Miel’s Translations