အပိုင်း ၆၂ (အနီရောင်မီးလျှံ လက်စွပ်)
"ခင်ဗျာ။”
“ကျွန်မကတော့ ရှင် နှစ်ပိုင်းအတွင်း အကောင်အထည်ဖော် တည်ဆောက်နေတယ်ဆိုတဲ့အရာကို အစီအစဉ်တစ်ခုခု ဖြစ်မယ်လို့ ယူဆတယ်။ အဲ့ဒါက ဘယ်လို အစီအစဉ်မျိုးများလဲ။”
တော်ဝင်မင်းသား ဟိုင်န်ရီက အံ့အားသင့်သွားသည့် မျက်နှာထားပင်။
သူက ချက်ချင်းပြန်မဖြေနိုင်ဘဲ နှုတ်ဆိတ်သွားကာ အကြည့်ကို အောက်သို့ စိုက်ထားခဲ့သည်။
တည်ကြည်သွားသော မျက်နှာထားကို မြင်တော့မှ ကျွန်မလည်း ဟိုင်န်ရီကို ပထမဆုံး စတွေ့စဉ်က ရခဲ့သည့် အထင်အမြင်ကို ပြန်သတိရမိတော့၏။
‘ဟုတ်သားပဲ။ ရင်းနှီးသွားပြီးတဲ့နောက်ပိုင်း ငါ့ရှေ့မှာ အမြဲပြုံးနေလို့သာပေါ့၊ အစကဆိုရင် တအားကို သွေးအေးတဲ့ ပုံစံမျိုးကို။’
ယခုလည်း ထိုနည်းအတိုင်းပင်။
အတွေးထဲ နစ်မျောသွားသော မျက်နှာက လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေစဉ် အလွန်ပင် အေးစက်လှသော အငွေ့အသက်တစ်မျိုးကို ဖန်တီးနေသည်။
“ကျွန်တော်……”
အတော်ကြာမှသာ တော်ဝင်မင်းသား ဟိုင်န်ရီက ကျွန်မကို မော့ကြည့်ရင်း စကားစလာ၏။
သူ၏ မျက်နှာထားကလည်း မကြာမီမှာပင် နူးညံ့ပျော့ပျောင်းသော အသွင်သို့ ပြန်လည်ပြောင်းလဲသွားသည်။
“ကွီးန်၊ ခင်ဗျားကိုတော့ လိမ်မပြောချင်ပါဘူး။”
သူ၏ အဖြေစကားထဲတွင် အဓိပ္ပာယ်များစွာ ပါဝင်နေသည်။
အကောင်းဘက်ရော၊ အဆိုးဘက်ပါ နှစ်မျိုးစလုံး။
“……ဟုတ်ပါတယ်။”
အကောင်းဘက်မှ တွေးကြည့်မည်ဆိုလျှင် သူက ကျွန်မအပေါ် တကယ့် စစ်မှန်သော ခင်မင်မှုကို ပြပေးခဲ့သည်။
သင့်တော်သလို လှည့်ပတ်ပြောဆို၍ ရသော်လည်း ထိုသို့မလုပ်ဘဲ ဝန်ခံခြင်းက သူ့အတွက် အတိုင်းအတာတစ်ခုအထိ အန္တရာယ်ရှိသောလုပ်ရပ် ဖြစ်နေသောကြောင့်ပင်။
အဆိုးမှ တွေးကြည့်မည်ဆိုလျှင်မူ……ကျွန်မကို ပြောပြရန် ခက်ခဲသော တစ်စုံတစ်ရာကို ကြံစည်နေသည်ဟူသောအချက်။
အင်မတန် ပုဂ္ဂိုလ်ရေးဆန်သောကိစ္စ ဖြစ်နေ၍သော်လည်းကောင်း၊ သူ့တိုင်းပြည်၏ လျှို့ဝှက်ချက် ဖြစ်နေ၍သော်လည်းကောင်း မပြောနိုင်ခြင်း ဖြစ်နိုင်လောက်သော်လည်း အခြေအနေအရ ကြည့်မည်ဆိုလျှင် မြို့စားမင်း အယ်ရ်ဂီကို အရှေ့အင်ပါယာသို့ ခေါ်လာရသည်အထိ အစီအစဉ်ကြီးမားနေသည်မှာ……
“ဖြေဖို့ခက်နေရင် မဖြေလို့လည်း ရပါတယ်။”
ကျွန်မက ပြုံးရင်း ဘာမှမဟုတ်သလို ပြောလိုက်တော့ တော်ဝင်မင်းသား ဟိုင်န်ရီက ကျွန်မကို စိုးတထိတ်ထိတ်ဖြင့် စိုက်ကြည့်နေရာမှ သက်ပြင်းတစ်ချက် ချလိုက်တော့သည်။
~~~~
ဧည့်ခန်းနံရံကို မှီရပ်ရင်း မင်းသား ပြန်အလာကို စောင့်နေသည့် မက်ကန်နာတစ်ယောက် နဂိုက ဟိုင်န်ရီ သူ့အား တိုင်းတစ်ပါးမှ ဧကရီ၏ရှေ့တွင် အလွန်တုံးအသော ငှက်အဖြစ် ဖော်ပြခဲ့သည့်အတွက် ဆန္ဒပြရန် စိတ်ကူးထားခဲ့သည်။
သူက တုံးအသောငှက် မဟုတ်ပေ။
ရုတ်တရက် အိမ်မွေးငှက်လုပ်ပေးရန် တော်ဝင်မင်းသား ဟိုင်န်ရီ၏ တောင်းဆိုမှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကာ စိတ်ကောက်နေခဲ့ခြင်းသာ။
သို့သော် အခန်းထဲသို့ ဝင်လာသော တော်ဝင်မင်းသား ဟိုင်န်ရီက ယိုင်တိုင်တိုင်ဖြင့် ဆိုဖာဆီသို့ သွားကာ ဘုန်းခနဲ လှဲချလိုက်ရာ ဆန္ဒပြရန်နေနေသာ ဆိုဖာနားသို့ အမြန်သွားကာ မေးလိုက်ရတော့သည်။
“အရှင်မင်းသား။ အဆင်ပြေပါရဲ့လား။”
စိုးရိမ်ပူပန်နေသည့် လေသံတော့ မဟုတ်ပေ။
တော်ဝင်မင်းသား ဟိုင်န်ရီက ဘယ်လိုလူမျိုးလဲ၊ ဘယ်လောက်အထိ ကြံ့ခိုင်သလဲဆိုသည်ကို မက်ကန်နာက ဘယ်သူ့ထက်မဆို ပိုသိနေသူ မဟုတ်ပါလား။
မည်သို့သောအခြေအနေမျိုးတွင်မဆို စိုးရိမ်ပေးစရာ အကြောင်းမရှိပေ။
သို့သော် တော်ဝင်မင်းသား ဟိုင်န်ရီက ထင်မှတ်မထားဘဲ အားမရှိစွာ လက်ယမ်းပြရင်း ‘ထွက်သွား’ ဟူသော အချက်ပြမှုကိုသာ လုပ်ခဲ့သည်။
“အရှင်မင်းသား။”
မက်ကန်နာက ပို၍သတိထားကာ မေးရင်း ကိုယ်ကို ကိုင်းလိုက်သည်။
ဧကရီထံတွင် အထင်ကြီးခံချင်သည်ဟုဆိုကာ အတင်းအကျပ် အိမ်မွေးငှက်အဖြစ် ခိုင်းစေခဲ့ပြီးမှ။
ယခုမူ အလွန် စိတ်ဓာတ်ကျနေပုံပင်။
‘ထင်သလောက် အကျိုးသက်ရောက်မှု မရှိလို့များလား။’
“အရှင်မင်းသား။ ဧကရီအရှင်မက တစ်ခုခု မကောင်းတဲ့စကားများ ပြောလိုက်လို့လား။”
မက်ကန်နာ တော်ဝင်မင်းသား ဟိုင်န်ရီ၏ ပုခုံးကို အသာပုတ်ကာ မေးလိုက်သောအခါမှ ဟိုင်န်ရီက အားမပါစွာ ခေါင်းကို လှည့်လာသည်။
တကယ်ပင် တစ်ခုခုဖြစ်ခဲ့သည့်အလား သူ၏ မျက်နှာထားက အားမရှိလှပေ။
တဖြည်းဖြည်းနှင့် မက်ကန်နာလည်း အနည်းငယ် စိုးရိမ်လာတော့သည်။
“တကယ်ပဲ မကောင်းတဲ့စကားတွေ ကြားခဲ့ရလို့လားဗျ။”
“မက်ကန်နာ၊ ငါလေ။”
“...”
“ငါလေ။”
“ဟုတ်ကဲ့၊ နားထောင်နေပါတယ်။ ပြောပါ။”
“ငါက ထင်ထားတာထက် အဲ့ဒီပုဂ္ဂိုလ်ကို တအားသဘောကျနေမိတာထင်တယ်။”
သို့သော် တော်ဝင်မင်းသား ဟိုင်န်ရီ ပြောလာသော စကားက လုံးဝ လွဲချော်နေသည့်အဖြေ ဖြစ်နေသည်။
ဒါက ဘယ်လိုပေါက်ကရစကားလဲ။
မက်ကန်နာက မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်သည်။
“ခင်ဗျာ။”
တော်ဝင်မင်းသား ဟိုင်န်ရီက လက်မောင်းကြားတွင် မျက်နှာကို ဝှက်လိုက်ရင်း ပခုံးများ သိသိသာသာ လှုပ်ခါသွားသည်အထိ သက်ပြင်းချခဲ့သည်။
“ငါ စကားပြော မှားသွားပြီထင်တယ်။”
“စကားမှားတယ်။ ဧကရီအရှင်မကို စကားမှားပြောခဲ့တာလားဗျ။”
“ဟုတ်တယ်။”
အဖြေကို ကြားလိုက်ရတော့ မက်ကန်နာ ပို၍ပင် ဇဝေဇဝါဖြစ်သွားကာ မေးမိတော့သည်။
“ဘာတွေများ မှားပြောခဲ့လို့ ဒီလောက်တောင် မှိုင်မှိုင်တွေတွေ ဖြစ်နေရတာပါလဲ။”
“ငါ့ကို သံသယဝင်သွားရင် ဘယ်လိုလုပ်မလဲ။”
“သံသယဝင်တယ်။”
“စူးရှအေးစက်တဲ့ အကြည့်တွေနဲ့ ငါ့ကို စိုက်ကြည့်ရင်း အကဲခတ်ထောက်လှမ်းလာရင်…… အားးးး”
ညည်းညူသံဟု ပြောရန် အနည်းငယ် ထူးဆန်းလှသော အသံကိုပြုရင်း တော်ဝင်မင်းသား ဟိုင်န်ရီက ဆိုဖာမှ ထကာ အိပ်ရာပေါ်သို့ တစ်ဖန် သွားမှောက်နေပြန်သည်။
ယခုတစ်ကြိမ်တွင်လည်း သေချာသော ရှင်းပြချက်မရှိခဲ့ပေ။
မက်ကန်နာလည်း အဖြေမရသေးသည့် သံသယများဖြင့် တော်ဝင်မင်းသား ဟိုင်န်ရီကို ကြည့်နေရင်း အလန့်တကြား မေးလိုက်မိသည်။
“ဧကန္တ၊ အရှင့်သားက ငှက်မှန်း ပေါ်သွားတာလားဗျ။”
“အဲ့ဒါ မဟုတ်ဘူး။”
“ဒါဆိုရင် ဘာများပါလဲ။"
“တခြားဟာ။”
~~~~
တော်ဝင်မင်းသား ဟိုင်န်ရီက လူကောင်းတစ်ယောက်ဖြစ်ပြီး မိတ်ဆွေကောင်းတစ်ဦးဟု ထင်မြင်မိသော်လည်း လူကောင်းပင်ဖြစ်နေပါစေ ရပ်တည်ချက်မတူပါက ရန်သူ သို့မဟုတ် ပြိုင်ဘက် ဖြစ်လာတတ်သည်မှာ လောကနိယာမပင်။
ရန်သူဖြစ်လာခြင်းက လူဆိုးဖြစ်သွားခြင်းကို ဆိုလိုသည်လည်းမဟုတ်။
မိမိနှင့် အကျိုးစီးပွား ဆန့်ကျင်ဘက်ဖြစ်သူ ဖြစ်လာခြင်းသာ။
ကျွန်မ အခန်းထဲသို့ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့ ဒုတိယတပ်မှူး ဆာ အာရ်တီနာကို ခေါ်ယူကာ လျှို့ဝှက်အမိန့်တစ်ခု ပေးလိုက်သည်။
“ဆာ အာရ်တီနာ။ တခြားသူတွေမသိအောင် တိုးတိုးတိတ်တိတ် စုံစမ်းပေးစေချင်တာတစ်ခု ရှိတယ်။”
“ဟုတ်ကဲ့၊ ဧကရီအရှင်မ။ ဘာကိစ္စများပါလဲ။”
“တော်ဝင်မင်းသား ဟိုင်န်ရီနဲ့ မြို့စားမင်း အယ်ရ်ဂီတို့ရဲ့ လှုပ်ရှားမှုတွေ။”
“ရှင်။”
တော်ဝင်မင်းသား ဟိုင်န်ရီကို ကွီးန်၏ သခင်မှန်း သိထားသော ဆာ အာရ်တီနာက အံ့အားသင့်ကာ ကျွန်မကို ကြည့်လာသည်။
ကွီးန်မှတစ်ဆင့် စာပေးစာယူလုပ်နေသော ကျွန်မက သူ့အကြောင်း စုံစမ်းခိုင်းသည်ကို အတော် ထူးဆန်းသည်ဟု တွေးနေသည့်ပုံစံမျိုးပင်။
“မြို့စားမင်း အယ်ရ်ဂီကို ထားပါတော့…… တော်ဝင်မင်းသား ဟိုင်န်ရီအထိပါ စုံစမ်းရမှာပါလား။”
“ဟုတ်တယ်။ နှစ်သစ်ကူးပွဲတော်မတိုင်ခင်၊ ဆိုလိုတာ အရှေ့အင်ပါယာ နန်းတော်ထဲကို မဝင်ခင်က သူတို့ရဲ့ လှုပ်ရှားမှုတွေကို အဓိကထားပြီး စုံစမ်းပေး။”
ဆာ အာရ်တီနာက ဇဝေဇဝါအရိပ်အယောင်ကိုပြခဲ့သော်လည်း စံပြစစ်သည်တော်တစ်ဦးပင်။
အကြောင်းရင်းကို အတင်းမမေးဘဲ ထိုအတိုင်းဆောင်ရွက်မည်ဟုသာ ပြန်ဖြေခဲ့၏။
သူ ထွက်သွားသည်နှင့် ကျွန်မလည်း ပြတင်းပေါက်နားသို့သွားကာ ပြတင်းပေါက်ဘောင်ကို အကြောင်းမဲ့ ခေါင်းမှီထားမိသည်။
အနောက်ဘုရင့်တိုင်းပြည်က အရှေ့အင်ပါယာ၏ အားအကောင်းဆုံး ပြိုင်ဘက်ဖြစ်သော်လည်း အလွန်ဝေးကွာသည်လည်းမဟုတ်၊ အလွန်နီးစပ်သည်လည်း မဟုတ်ပေ။
ထိုသို့သော ဆက်ဆံရေးမျိုးတွင် တော်ဝင်မင်းသား ဟိုင်န်ရီက မြို့စားမင်း အယ်ရ်ဂီကို ဆွဲသွင်းပြီး ဘာများလုပ်နိုင်ပါမည်နည်း……
~~~~
ထိုနေ့မှစ၍ ငါးရက်တာအတွင်း ထူးထူးခြားခြား ကိစ္စရပ်များမရှိဘဲ အလုပ်ရှုပ်လျက် ကုန်ဆုံးသွားခဲ့သည်။
လူထုပွဲတော်ကို ရီထယ်ယန် မင်းသားကြီးက ကုန်ကျစရိတ် အမြောက်အမြား ကျခံပေးမည်ဖြစ်ရာ ကျင်းပမည့်ရက်ကို ယခင်နှစ်ကထက် စောစီးစွာ သတ်မှတ်ခဲ့ပြီး တစ်လအကြာတွင် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြ၏။
ယင်းနှင့်ပတ်သက်သော စာရွက်စာတမ်းများကိုလည်း ရေးဆွဲဖြန့်ဝေပြီးစီးခဲ့ပေပြီ။
ခါ့ဖ်မန်း မင်းသားကြီးကမူ လွီပ်(ထ်)အကြောင်း ပြောပြပေးရန် ကျွန်မ၏ တောင်းဆိုချက်ကို အချိန်မပေးနိုင်ဟုဆိုကာ ငြင်းဆိုခဲ့သော်လည်း သူ ဝေါလ်တိုက်ကြီး၏ ဘာသာစကားကို လေ့လာစဉ်က အသုံးပြုခဲ့သည့် ဘာသာစကားနှင့် လွီပ်(ထ်) ဘာသာစကားဖြင့်သာရေးထားသော သီးသန့် စာအုပ်များကို ပို့ပေးခဲ့သည်။
သတင်းကောင်းတစ်ခုလည်း ရှိသေး၏။
တိုင်းပြည်မှ ထောက်ပံ့ထားသော မိဘမဲ့ဂေဟာမှ ကလေးတစ်ဦး ပထမဆုံးအကြိမ်အဖြစ် မှော်ပညာအကယ်ဒမီသို့ တက်ရောက်ရန် ရွေးချယ်ခံခဲ့ရခြင်းပင်။
မှော်ဆရာတစ်ဦး ပေါ်ထွက်လာခြင်းမှာ အလွန်ပင် အဓိပ္ပာယ်နက်နဲလှသော ကိစ္စဖြစ်၏။
ငွေကြေးမည်မျှပင် ပုံအောသုံးစွဲပါစေ မှော်ပညာဆိုသည်မှာ ပါရမီမပါလျှင် မဖြစ်နိုင်သော နယ်ပယ်ဖြစ်ပြီး အလွန်ပင် ရှားပါးလှသည့် အရည်အချင်းတစ်ခုပင်။
အရာရှိများကလည်း ဤအထိမ်းအမှတ်ကို အလေးထားသောအားဖြင့် ထိုကလေးထံသို့ တော်ဝင်မိသားစုများအနက် တစ်ဦးဦးက ကိုယ်တိုင်ကိုယ်ကျ ပညာသင်ဆု သွားရောက်ပေးအပ်သင့်သည်ဟု တင်ပြကြသဖြင့် ကျွန်မကပင် ဝမ်းမြောက်ဝမ်းသာ ထိုတာဝန်ကိုယူရန် ဆုံးဖြတ်လိုက်သည်။
မိဘမဲ့ဂေဟာရှိ ကလေးအားလုံးကို မမှတ်မိသော်လည်း အများစုကို မှတ်မိနေခဲ့ရာ အထူးသဖြင့် ယခု ရွေးချယ်ခံရသည့်ကလေးမှာ ကျွန်မ မျက်မှန်းတန်းမိသော ကလေးဖြစ်နေ၏။
ထို့ကြောင့်လည်း စိတ်ရင်းဖြင့် သွားရောက်ဂုဏ်ပြုပေးလိုမိသည်။
သို့သော် မှော်ပညာအကယ်ဒမီ တည်ရှိရာ ဝီလ်ဝေါလ် နယ်မြေအထိမှာ တစ်ရက်အတွင်း အသွားအပြန်လုပ်နိုင်သည့် ခရီးမဟုတ်ပေ။
ထို့ကြောင့် ဤကိစ္စနှင့်ပတ်သက်၍ ဆိုဗီရ်ရှုနှင့် တိုင်ပင်ရန် သူ၏ရုံးခန်းသို့ သွားလိုက်စဉ်။
ဆိုဗီရ်ရှုက စားပွဲတွင် ထိုင်နေရင်း သေးငယ်သော လက်စွပ်တစ်ကွင်းကို ထူးဆန်းသလို စိုက်ကြည့်နေခဲ့သည်။
“ပျောက်သွားတယ်လို့ ပြောခဲ့တယ် မဟုတ်လားရှင့်။”
ဆိုဗီရ်ရှု ‘အခု မရှိတော့ဘူး’ ဟု ပြောခဲ့ဖူးသည့် ထိုလက်စွပ်...အနီရောင်မီးလျှံ ကျောက်မျက် စီခြယ်ထားသည့် လက်စွပ်ပင်။
မသင်္ကာသဖြင့် မေးလိုက်ရာ ဆိုဗီရ်ရှုက လက်စွပ်ကို အောက်သို့ချလိုက်ပြီး ခပ်ဖွဖွ ရယ်ခဲ့သည်။
“အဲ့ဒါ ပြောတာပေါ့။ တကယ်ကို ဆန်းကြယ်လွန်းလို့။”
“ပြန်တွေ့သွားတာလားရှင့်။”
“ဒါကို ပြန်တွေ့တယ်လို့ပဲ ပြောရမလား မသိတော့ဘူး။”
“...”
ဘာအဓိပ္ပာယ်လဲဟူသော အကြည့်ဖြင့် ကြည့်လိုက်ရာ ဆိုဗီရ်ရှုက လက်စွပ်ကို ဘေးချပြီး ရှင်းပြလာသည်။
“တကယ်တော့ ဒီလက်စွပ်ကို ရက်ရှ်တာဆီ ပေးခဲ့ပေမဲ့ ရက်ရှ်တာက သနားစရာကောင်းတဲ့ အစေခံမိန်းကလေးကိုတွေ့တော့ စိတ်မကောင်းဖြစ်ပြီး ပေးလိုက်တာတဲ့လေ။”
“……မီးလျှံကျောက်မျက်လက်စွပ်ကိုလား။”
“အစွမ်းသက်ရောက်ပုံကို မသိဘူးထင်ပါရဲ့။ လက်စွပ်ရဲ့ အစွမ်းအကြောင်း ပြောပြလိုက်တော့ တော်တော်လေး နှမြောတသသဖြစ်သွားတဲ့ပုံပဲ။”
ဆိုဗီရ်ရှုက ချစ်စရာကောင်းသည်ဟု တွေးနေသည့် လေသံဖြင့် တီးတိုးရေရွတ်ပြီးနောက် ဆက်ပြောလာသည်။
“ဘာပဲဖြစ်ဖြစ် ငါက ဖီရ်နူ နယ်စားမင်းကို အလားတူအစွမ်းမျိုးရှိတဲ့ လက်စွပ်တစ်ကွင်း ထပ်ရှာကြည့်ဖို့ ခိုင်းထားတာလေ။ ဧကရီလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ကြားခဲ့တယ်မဟုတ်လား။”
“မှတ်မိပါတယ်။”
“အဲ့ဒီလိုကနေ ဖီရ်နူ နယ်စားက ဒီနေ့ ဒါကို ယူလာပေးတာ။ မနေ့ညက လေလံပွဲမှာ တက်လာတာကို ဝယ်လာခဲ့တာတဲ့။ နယ်စားက ဒါကို ငါ့ဟာမှန်းမသိဘဲနဲ့ ယူလာတဲ့ပုံပဲ……”
ဆိုဗီရ်ရှုက တစ်ဖန်ထပ်၍ ခပ်တိုးတိုး ရယ်လိုက်ပြန်သည်။
“တကယ်ပဲ မဆန်းကြယ်ဘူးလား။”
“ဟုတ်ကဲ့။”
ကျွန်မအတွက် လုံးဝ မဆန်းကြယ်သော်လည်း ဝတ်ကျေတမ်းကျေ ပြန်ဖြေလိုက်စဉ် ဆိုဗီရ်ရှုက လက်စွပ်ကို သိမ်းလိုက်သည်။
သို့သော် ကျွန်မ၏ အဖြေက ဘာသိဘာသာနိုင်လွန်းသွားသလားဟု တွေးမိကာ သင့်တော်မည့် စကားတစ်ခွန်းကို ထပ်လောင်းပြောလိုက်၏။
“အိမ်တွင်းရေး အခက်အခဲရှိတယ်ဆိုရင် ကျောက်မျက်လက်စွပ်ထက် ငွေသားကို ပိုလိုအပ်မှာမို့လို့ ရောင်းလိုက်တာထင်ပါရဲ့။”
“ငါလည်း အဲ့ဒီလိုပဲ ထင်တယ်။ ဒါပေမဲ့ လက်ဝတ်ရတနာတွေ၊ အထူးသဖြင့် ဒီလို မှော်ဝင်ကျောက်မျက်တွေက တအားရှားပါးပြီး သတင်းအချက်အလက်ရဖို့လည်း ခက်တယ်မဟုတ်လား။ သာမန်အရပ်သူက တန်ရာတန်ကြေး အပြည့်အဝ ရပါ့မလားလို့ စိုးရိမ်လို့၊ ဖီရ်နူ နယ်စားကို လက်စွပ်ရောင်းလိုက်တဲ့ မိန်းမ ဘယ်လောက် ရသွားလဲဆိုတာ စုံစမ်းကြည့်ဖို့ ခိုင်းထားတယ်။”
ဆိုဗီရ်ရှု၏ နှုတ်ခမ်းအစုံက ဂုဏ်ယူဝင့်ကြွားစွာ ကွေးညွတ်သွားသည်။
“ရက်ရှ်တာက စေတနာအပြည့်နဲ့ ပေးခဲ့တဲ့ လက်ဆောင်ကို၊ သေသေချာချာလေး ဂရုစိုက်ပေးချင်လို့။”
~~~~
ဗိုင်းကောင့် လိုတဲရှု ရက်ရှ်တာထံ ရောက်ရှိလာခြင်းမှာ တူအာနီယာ မြို့စားကတော်၏ အားနည်းချက်ကို စုံစမ်းခိုင်းထားသည့် ရှစ်ရက်မြောက်နေ့တွင်ဖြစ်သည်။
“ထင်တာထက် ပိုစောစောရောက်လာတာပဲ။”
ရက်ရှ်တာက သူ့ကို ခနဲ့စကားဖြင့် ဆီးကြိုကာ လက်ဖက်ရည်လာချပေးရန် ပြင်နေသည့် ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်ကို အပြင်ထွက်သွားရန် ညွှန်ကြားလိုက်၏။
“အလို။ ငါ့ကို လက်ဖက်ရည်တောင် မတိုက်ချင်ဘူးပေါ့လေ။”
“ရှင့်ကို လက်ဖက်ရည် မတိုက်ချင်တာလည်း ပါတာပေါ့။ ဒါပေမဲ့ ရှင့်ကြောင့် ထွက်သွားခိုင်းတာ မဟုတ်ဘူး။”
“ဒါဆိုရင် ဘာလို့လဲ။”
ရက်ရှ်တာက ဘာမှပြန်မပြောခဲ့။
ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်ကို အနားတွင် ထားထားသော်လည်း သူ့ကို လုံးဝ မယုံကြည်သေးကြောင်း ဗိုင်းကောင့် လိုတဲရှုအား ပြောပြရန်မလိုအပ်ဟု ယူဆသောကြောင့်ပင်။
“ဟမ်း။ မပြောပြချင်တဲ့ပုံပါလား။”
ဗိုင်းကောင့် လိုတဲရှုက ထပ်မမေးတော့ဘဲ ကုလားထိုင်တွင် မှီထိုင်ရင်း ရယ်လိုက်သည်။
“ကဲ၊ မြန်မြန်ပြောစမ်းပါ။ အသုံးဝင်မဲ့ သတင်းတစ်ခုခု တွေ့ခဲ့ရဲ့လား။”
“တော်တော်လေးကိုကောင်းတဲ့ သတင်းတစ်ခု တွေ့ခဲ့တယ်။ သိပ်ပြီး လျှို့ဝှက်ထားတဲ့ကိစ္စလည်း မဟုတ်တော့ စုံစမ်းရတာ မခက်ဘူး။”
“ဘာသတင်းလဲ။”
ရက်ရှ်တာက စိတ်ဝင်တစားဖြင့် အဖြေကို စောင့်ဆိုင်းနေ၏။
လိုတဲရှုက ညစ်ကျယ်ကျယ်ပြုံးပြီးနောက် သူယူလာသော အိတ်ထဲမှ အတင်းအဖျင်းစာစောင်တစ်စောင်ကို ထုတ်ပေးခဲ့သည်။
“ဒါက ဘာလဲ။”
ရက်ရှ်တာက စာစောင်ကို ယူကြည့်လိုက်ရာ လွန်ခဲ့သော နှစ် ၂၀ ကျော်က ထုတ်ဝေခဲ့သော စာစောင်ဟောင်း ဖြစ်နေသည်။
“ဖတ်ကြည့်လိုက်။”
စာစောင်ထဲတွင် ထိုခေတ်က နာမည်ကြီး ဒီဇိုင်နာများ၊ ရေပန်းစားသော ဦးထုပ်ဆိုင်များ၊ လူပြောများသော မင်းသား၊ မင်းသမီးများ၊ ထိုလအတွင်း ကျင်းပခဲ့သော မင်္ဂလာပွဲများနှင့် စားသောက်ဆိုင်များအကြောင်း ပါရှိသည်။
လွန်ခဲ့သော နှစ် ၂၀ က ခေတ်ရေစီးကြောင်းဟု ဆိုသော်လည်း ထိုအချိန်က ထိုကဲ့သို့သော အရာများကို ဂရုစိုက်ရန် အခြေအနေမပေးခဲ့သည့် ရက်ရှ်တာအတွက်မူ ယခုတိုင် ဆန်းပြားလှပနေဆဲပင်။
ဒါကို ဘာလို့ ဖတ်ခိုင်းတာပါလိမ့်။
ရက်ရှ်တာက မျက်မှောင်ကြုတ်ကာ သတင်းစာကို ဟိုလှန်ဒီလှန် လုပ်နေသည်။
သူက စာမဖတ်တတ်။
ပုံများနှင့် ရိုးရှင်းသော စာလုံးအချို့ကိုကြည့်ပြီး ဘာအကြောင်းလဲဟု ခန့်မှန်းနိုင်သော်လည်း အတွင်းမှ အကြောင်းအရာအသေးစိတ်ကိုမူ နားမလည်နိုင်ပေ။
ရက်ရှ်တာက စိတ်မရှည်စွာဖြင့် သတင်းစာကို လှန်နေရင်း နောက်ဆုံးတွင် လိုတဲရှုကို စိုက်ကြည့်လိုက်သည်။
လိုတဲရှုက ထိုအကြည့်ကို မြင်မှသာ “အာ...” ဟု ရေရွတ်ကာ သတင်းစာကို ပြန်ယူလိုက်၏။
“ငါက အရှင်ဧကရာဇ် နင့်ကို စာပါ အကုန်သင်ပေးပြီးပြီမှတ်နေတာ။”
သူက တမင် စနောက်ခြင်းမဟုတ်သည့်အလား ခပ်အမ်းအမ်းရယ်ရင်း စာမျက်နှာတစ်ခုကို လက်ညှိုးထိုးပြခဲ့သည်။
“မိန်းမလှလေး လေဒီ နီယန်း၊ ဘုရားကျောင်းအရိပ်ကို ခိုလှုံသွားတဲ့ လူငယ်လေး တူအာနီယာ မားကီးစ်၊ နီယန်းရဲ့ ခင်ပွန်းလောင်း ရနေး။ ဒီမှာ အများဆုံးပါတဲ့ အကြောင်းအရာတွေပေါ့။”
ရက်ရှ်တာ မျက်မှောင်ကြုတ်လိုက်သည်။
“ကျွန်မက မြို့စားကတော်အကြောင်း စုံစမ်းခိုင်းတာလေ။”
“ဒီထဲက လေဒီ နီယန်းဆိုတာ အခုလက်ရှိ တူအာနီယာ မြို့စားကတော်ပဲ ရက်ရှ်တာရဲ့။”
ဗိုင်းကောင့် လိုတဲရှုက စုတ်သပ်ရင်း ရှင်းပြလာသည်။
“သူကို မွေးကတည်းက မြို့စားကတော်ဖြစ်နေတယ်များ မှတ်နေတာလား။”
“ဒါဆို အဲ့ဒီ တူအာနီယာ မားကီးစ်က အခု မြို့စားမင်းလားဟင်။”
“ဒီမှာ ‘တူအာနီယာ မားကီးစ်’ လို့ ခေါ်တဲ့သူက အဲ့ဒီတုန်းကတော့ တူအာနီယာ မြို့စားမင်းရဲ့ သားအကြီးဆုံးပေါ့။ အခုတော့ အားလုံးက 'ဆာ မာရီယန်' လို့ ခေါ်ကြတယ်။”
“...”
“အဲ့ဒီတုန်းက ဆက်ခံသူက သူလေ။ နီယန်းရဲ့ ခင်ပွန်းလောင်း ရနေးဆိုတာက အခုလက်ရှိ တူအာနီယာ မြို့စားမင်း။”
“……ဘာတွေပြောနေတာလဲ။”
“အခေါ်အဝေါ်တွေ ရှုပ်သွားရင် အခု လက်ရှိ အခြေအနေနဲ့ပဲ ပြောပြမယ်။ တူအာနီယာ မြို့စားမင်းရဲ့ အစ်ကို ဆာ မာရီယန်က ညီဖြစ်သူရဲ့ ဇနီးလောင်းကို ချစ်မိသွားတဲ့ ဇာတ်လမ်း။”
“တကယ်ကြီးလား။”
“အတင်းအဖျင်းစာစောင်မှာ ပါခဲ့တာဆိုပေမဲ့ အမှန်တရားပဲ။ လူပုံအလယ်မှာတင် တကောက်ကောက် လိုက်ခဲ့တာတဲ့။ တကယ်လည်း ရင်းနှီးခဲ့ကြတာလေ။ ဒါပေမဲ့ မြို့စားကတော်က နောက်ဆုံးမှာ မြို့စားမင်းနဲ့ပဲ လက်ထပ်လိုက်တော့ သူ့ခမျာ အကြီးအကျယ် စိတ်ထိခိုက်ပြီး ဆက်ခံပိုင်ခွင့်ရော၊ ဆက်ခံသူနေရာကိုပါ အကုန်စွန့်လွှတ်ပြီးတော့ သာသနာ့ဘောင် ဝင်သွားတော့တာ။”
ရက်ရှ်တာ မျက်လုံးအပြူးသား ဖြစ်သွားသည်။
“စိတ်ထိခိုက်တာနဲ့ပဲ အဲ့ဒါတွေကို ဘာလို့ အကုန်စွန့်လွှတ်လိုက်ရတာလဲ။”
“ဘယ်သူသိမှာလဲ။ ပြဿနာက ဆာ မာရီယန်က ဘုရားကျောင်းထဲဝင်ပြီး တစ်ပတ်တောင် မပြည့်ခင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာပဲ။ မြို့စားကတော်က အဲ့ဒီကိစ္စကြောင့် ‘ယောက်ျားတွေကို ဆွဲဆောင်ဖြားယောင်းပြီး ဖျက်ဆီးတတ်တဲ့မိန်းမ’ ဆိုတဲ့ ပုံရိပ်မျိုး ဖြစ်သွားခဲ့တာလေ။ တကယ့်ကို ဟိုးလေးတကျော်ပဲပေါ့။”
ရက်ရှ်တာက မတင်မကျ မျက်နှာထားဖြင့် မျက်လုံးကိုလှိမ့်လိုက်ရာမှ ပြောလာသည်။
“စိတ်ဝင်စားစရာတော့ ကောင်းပေမဲ့ ဒါက မြို့စားကတော်ရဲ့ အားနည်းချက်မှ မဟုတ်တာ။ မြို့စားကတော်က သတ်တာဆိုရင်တော့ တစ်မျိုးပေါ့။”
“အဲ့ဒီနောက်ပိုင်း ထွက်လာတဲ့ ကောလာဟလတွေကြောင့်လေ။ အဲ့ဒီအကြောင်းရေးထားတဲ့ စာစောင်က ပျက်စီးသွားတော့ ထပ်ရှာလို့ မရတော့ပေမဲ့။”
“နောက်ပိုင်း ကောလာဟလ...”
“မြို့စားကတော်က လက်ထပ်ပြီး ခုနစ်လအကြာမှာပဲ ကလေးမွေးခဲ့တာတဲ့လေ။ မြို့စားအိမ်တော်ကတော့ လမစေ့ဘဲ မွေးတာလို့ ပြောပေမဲ့ လူတွေက အဲ့ဒီကလေးကို ဆာ မာရီယန်ရဲ့ ကလေးဆိုပြီး တိုးတိုးတိုးတိုး ပြောကြတာပေါ့။”
“...”
“မြို့စားမင်းရဲ့ အဖေက တအားဒေါသထွက်ပြီး အဲ့ဒီသတင်းကိုရေးတဲ့ သတင်းထောက်ရော၊ ထုတ်ဝေတဲ့ ကုမ္ပဏီကိုပါ အကုန် ပျက်စီးအောင် လုပ်ပစ်ခဲ့တာဆိုပဲ။”
ရက်ရှ်တာ တံတွေး တစ်ချက် မျိုချလိုက်သည်။
ဒါပဲ။
ဤကောလာဟလကိုသာ ပြန်လည် မီးမွှေးလိုက်လျှင် ‘လူမှုရေးအသိုင်းအဝိုင်း၏ အရိုး’ အဖြစ် မိမိ ခံနေရသည့် နေရာကို တူအာနီယာ မြို့စားကတော်ထံသို့ လွှဲပြောင်းပေးနိုင်လိမ့်မည်။
“ဘယ်လိုလဲ။ သဘောကျရဲ့လား။”
ဗိုင်းကောင့် လိုတဲရှုက တခိခိရယ်ရင်း မေးလာသည်။
ရက်ရှ်တာက ခေါင်းညိတ်လိုက်ကာ ရတနာသေတ္တာထဲမှ ကျောက်မျက်အချို့ကိုယူပြီး ဗိုင်းကောင့် လိုတဲရှုအား ပေးလိုက်၏။
ဗိုင်းကောင့် လိုတဲရှုက ကျေနပ်အားရစွာဖြင့် ထိုကျောက်မျက်များကို လက်ခံခဲ့သည်။
“အေးလေ၊ စောစောကတည်းကသာ ဒီလိုလုပ်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ။”
“လုပ်ပေးရမဲ့ ကိစ္စတွေ ရှိသေးတယ်။”
“ထပ်ပြီးတော့လား။”
“တစ်လှေတည်းစီးပြီဆိုရင် အလုပ်ကတော့ ဆက်လုပ်ပေးရမှာပေါ့။”
ရက်ရှ်တာက စိတ်ရှုပ်နေသည့် ဗိုင်းကောင့် လိုတဲရှု၏ လက်ထဲသို့ ကျောက်မျက်တစ်ခု ထပ်ထည့်ပေးရင်း မေးလိုက်သည်။
“အဲ့ဒီ ဆာ မာရီယန် ဆိုတဲ့သူက ဘုရားကျောင်းမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ ပြောတယ်မဟုတ်လား။”
“ဟုတ်တယ်။”
“ဘုရားကျောင်း ဝန်းကျင်က လူတွေကို ငွေပေးပြီး သတင်းတစ်ခုလောက် ဖြန့်ခိုင်းပေး။”
“ဘာသတင်းလဲ။”
“ဆာ မာရီယန် မသေခင်မှာ အရမ်းလှတဲ့ မှူးမတ်အနွယ်တော် အမျိုးသမီးတစ်ယောက် ဘုရားကျောင်းကို အကြိမ်ကြိမ် လာခဲ့ဖူးတယ်ဆိုပြီး။”
“ဟမ်း။ တူအာနီယာ မြို့စားကတော်ကို တိုက်ခိုက်မဲ့ပုံပဲ။ အဲ့ဒီလို ကောလာဟလလေးလောက်နဲ့ ဖြစ်ပါ့မလား။”
ရက်ရှ်တာက မျက်ခုံးပင့်ရင်း ရယ်လိုက်သည်။
“လုံလောက်တယ်။”
ရက်ရှ်တာက ကပွဲတွင် တူအာနီယာ မြို့စားကတော်ကို ရက်ပိုင်းလောက် စောင့်ကြည့်ခဲ့ဖူးသဖြင့် မှတ်မိနေခြင်းပင်။
သူ့အနီးအနားတွင် မကျေမနပ် မျက်နှာထားဖြင့် မြို့စားကတော်ကို အမြဲစောင့်ကြည့်နေတတ်သည့် အမျိုးသားတစ်ယောက် ရှိနေခဲ့သည်။
‘အဲ့ဒီလူက မြို့စားမင်းပဲ ဖြစ်ရမယ်။’
အခြားသူများက မြို့စားကတော်ကို ယုံကြည်ကြလျှင်ပင် အနီးဆုံးလူက သံသယဝင်လာလျှင် အခြေအနေက ပြောင်းလဲသွားမည်သာ။
ဗိုင်းကောင့် လိုတဲရှု ထွက်သွားပြီးနောက် ရက်ရှ်တာက ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေခဲ့သည်။
လူမှုရေးအသိုင်းအဝိုင်း၏ အရိုးနေရာကို ယခုတော့ အခြားသူတစ်ယောက်ဆီ လွှဲပေးနိုင်ပေတော့မည်။
တူအာနီယာ မြို့စားကတော်က နာမည်ကြီးသူဖြစ်၍ သူနှင့် ပတ်သက်သည့် သတင်းများ ထွက်လာပါက လူတိုင်း ထိုအကြောင်းကိုသာ ပြောကြမည်ပင်။
‘အဲ့ဒီအချိန်ကျရင် ငါက ကျွန်ပြေး ဇာစ်မြစ်ဆိုတဲ့ ကောလာဟလတွေလည်း ပျောက်သွားမှာပဲ။’
ရက်ရှ်တာက နှုတ်ခမ်းကို ဖိကိုက်ရင်း ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။
ဤကိစ္စပြီးလျှင် ကလေးကိစ္စကိုလည်း အမြန်ဆုံး စုံစမ်းရပေမည်……
ဤသည်က ဗိုင်းကောင့် လိုတဲရှုကို ခိုင်း၍မဖြစ်သော ကိစ္စပင်။
‘အဲ့ဒီလိုဆိုလို့ လူမှားသုံးမိပြန်ရင်လည်း ဒုက္ခပိုကြီးနိုင်တာကို။ ယုံကြည်ပြီး အားကိုးလို့ရမဲ့ လူတစ်ယောက်ယောက်များ မရှိဘူးလား...’
~~~~
‘ထူးဆန်းတဲ့ကိစ္စပဲ……’
ဖီရ်နူ နယ်စားက အတွေးထဲနစ်မျောလျက် စင်္ကြံလျှောက်လမ်းအတိုင်း လျှောက်လာခဲ့သည်။
သူက လျှောက်နေရင်းဖြင့်လည်း ခေါင်းကို အဖန်ဖန် ငဲ့စောင်းနေမိ၏။
စဉ်းစားလေ နားမလည်နိုင်လေ ဖြစ်နေသော ကိစ္စပင်။
ထို့နောက် ပင်မနန်းဆောင်နှင့် အနောက်နန်းဆောင်၏ စင်္ကြံလမ်းဆုံရာသို့ ရောက်သောအခါ သူ အချိန်အတော်ကြာ စဉ်းစားနေခဲ့သော လူနှင့် တိုက်မိလုမတတ် ဖြစ်သွားခဲ့သည်။
ထိုလူကား ဗိုင်းကောင့် လိုတဲရှုပင်။
“အလို။ ဘုရားရေ။ တောင်းပန်ပါတယ်၊ နယ်စားမင်း။”
ဗိုင်းကောင့် လိုတဲရှုက ဖီရ်နူ နယ်စားမင်း၏ မျက်နှာကို သိနေသည့်အလား တဟဲဟဲရယ်ကာ တောင်းပန်စကားဆိုပြီး ထိုနေရာမှ အမြန်ထွက်သွားသည်။
ဖီရ်နူ နယ်စားမင်းက သူ၏နောက်ကျောကို တစ်ချက်လှည့်ကြည့်လိုက်၏။
ဗိုင်းကောင့် လိုတဲရှု၏ ခြေလှမ်းများက အလွန်ပင် ပေါ့ပါးသွက်လက်နေသည်။
“ဟမ်း……”
ဖီရ်နူ နယ်စားမင်းလည်း ထိုကျောပြင်ကို ခေတ္တ ငေးကြည့်နေပြီးနောက် ဧကရာဇ်၏ စာကြည့်ခန်းဆီသို့ တန်းတန်းမတ်မတ် သွားလိုက်တော့သည်။
ဧကရာဇ်က ထုံးစံအတိုင်း ပုံနေသော စာရွက်စာတမ်းများကို အရှေ့တွင်ချကာ ခေါင်းခဲနေ၏။
သို့သော် သူ ဝင်လာသည်ကို မြင်သည်နှင့် ဝမ်းသာအားရ မေးလာသည်။
“အာ၊ နယ်စားမင်း။ စုံစမ်းခဲ့ပြီးပြီလား။ အဲ့ဒီအစေခံမိန်းကလေးက ဘယ်လောက်နဲ့ ရောင်းလိုက်တယ်တဲ့လဲ။”
လွန်ခဲ့သော နှစ်ရက်က ဖီရ်နူ နယ်စားမင်း လေလံပွဲမှ ဝယ်လာခဲ့သော ‘အနီရောင်မီးလျှံ လက်စွပ်’ အကြောင်းပင်။
နဂိုအတိုင်းသာဆို လေလံရုံသို့ သွားမေးလျှင် ချက်ချင်းသိနိုင်သော်လည်း ပစ္စည်းလာရောင်းသူက လေလံပွဲပြီးသည်နှင့် အခြားနယ်သို့ ထွက်သွားသောကြောင့် စုံစမ်းရန် နှစ်ရက်မျှ ကြန့်ကြာသွားခြင်းဖြစ်သည်။
ဖီရ်နူ နယ်စားမင်းက လေးနက်သော မျက်နှာထားဖြင့် ဧကရာဇ်၏ ရှေ့သို့ တိုးသွားလိုက်၏။
“အရှင်ဧကရာဇ်။ ဈေးကတော့ ထိုက်ထိုက်တန်တန် ရခဲ့တယ်လို့ ပြောပါတယ်။”
“တော်သေးတာပေါ့။”
“ဒါပေမဲ့ ထူးဆန်းတာတစ်ခု ရှိနေပါတယ်။”
“ထူးဆန်းတယ်ဆိုတာက။”
“အဲ့ဒါက…… ကုန်သည်ပြောပြချက်အရ သူ့ဆီမှာ လက်စွပ်လာရောင်းတဲ့လူက အစေခံမိန်းကလေး မဟုတ်ပါဘူးတဲ့။”
“ဒါဆို။”
“ဗိုင်းကောင့် လိုတဲရှုလို့ သိရပါတယ်။”
~~~~
Miel's Translations