အပိုင်း ၈၅ (လုယူရမည်)
‘အာန်’ ဆိုသည်မှာ မြို့စားမင်း အယ်ရ်ဂီ ပြောပြထားသည့် သူ့ကလေး၏ အမည်ပင်။
သို့သော် ယခု ထိုလူက သူ့သား၏အမည်ကို ထုတ်ဖော်ပြောဆိုလာ၏။
ရက်ရှ်တာ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားကာ အလျင်အမြန်ပင် အာလန်၏ ပါးစပ်ကို ပိတ်လိုက်မိသည်။
“အခု ရက်ရှ်တာကို ခြိမ်းခြောက်နေတာလား။”
အာလန်က ပထမဆုံးအကြိမ် ကြားလိုက်ရသည့် ရက်ရှ်တာ၏ မယဉ်ကျေးသော စကားအသုံးအနှုန်းကြောင့် တဒင်္ဂ အံ့အားသင့်သွားသော်လည်း မကြာမီမှာပင် ဝမ်းနည်းရိပ်သမ်းနေသော မျက်နှာဖြင့် ခေါင်းခါပြခဲ့သည်။
သူက ရက်ရှ်တာ၏လက်ကို ညင်သာစွာ ဖယ်ရှားရင်း ပြောလာ၏။
“အဲ့ဒီလို မဟုတ်ပါဘူး။ တကယ်ပါ။”
“ရက်ရှ်တာက အရှင်ဧကရာဇ်ရဲ့ မိန်းကလေးဆိုတာ သိသိကြီးနဲ့ အဲ့ဒီ…… အကြောင်းကို ထုတ်ပြောခဲ့တာမဟုတ်လား။ အဲ့ဒါတောင် ခြိမ်းခြောက်တာ မဟုတ်ဘူးတဲ့လား။”
“မင်းက အာန်အတွက် မြို့တော်မှာ အိမ်တစ်လုံး စီစဉ်ပေးထားတယ်ဆိုပြီး စကားကြားလို့။”
ရက်ရှ်တာ မျက်မှောင်ကြုတ်လိုက်သည်။
သူ ဗိုင်းကောင့် လိုတဲရှုကို အိမ်ဝယ်ရန် ငွေပေးခဲ့သည့်အကြောင်း ဗိုင်းကောင့် လိုတဲရှု တစ်ဦးတည်းသာသိ၏။
မြို့စားမင်း အယ်ရ်ဂီကလည်း ငွေချေးပေးခဲ့ရုံသာဖြစ်ကာ ဘာအတွက် အသုံးပြုခဲ့မှန်း မသိပေ။
သို့ဆိုလျှင် အာလန်ကို ထိုစကားပြောခဲ့သူမှာလည်း ဗိုင်းကောင့် လိုတဲရှုသာ ဖြစ်ပေလိမ့်မည်……
အာလန်ကိုမူ မိမိက ခြိမ်းခြောက်ပြီး အိမ်ကို မရမကယူခဲ့သည်ဟု မပြောခဲ့ခြင်းလား။
‘ဟုတ်မှာပေါ့လေ။ သားသမီးတွေကိုတော့ အဖေက ခြိမ်းခြောက်ငွေညှစ်တဲ့သူပါဆိုပြီး ဘယ်ပြောချင်ပါ့မလဲ။’
“အဲ့ဒီတော့။”
ရက်ရှ်တာက မဟုတ်ကြောင်း ငြင်းဆိုမနေတော့ဘဲ အေးစက်စွာ ပြန်မေးလိုက်သည်။
“အာန်က ကျန်းမာတယ်။ မင်းနဲ့တူလို့ တအားလည်း လှတာ။”
“……အဲ့ဒီတော့။”
“မင်းကို ပြောပြပေးသင့်တယ်ထင်လို့။”
“ရက်ရှ်တာကို ဘာလို့လဲ။”
“အများကြီး ပင်ပန်းခဲ့တယ်မဟုတ်လား။ အာန် သေပြီလို့ ထင်ခဲ့တုန်းက။”
“ပင်ပန်းနေတဲ့ ရက်ရှ်တာကိုမြင်ရဲ့သားနဲ့ လျစ်လျူရှုခဲ့တဲ့ ရှင့်ပါးစပ်က ထွက်ရမဲ့ စကားမျိုး မဟုတ်ဘူးထင်တယ်။”
“တောင်းပန်ပါတယ်။ အဲ့ဒီတုန်းက အရမ်းကြောက်မိခဲ့လို့။”
“ရက်ရှ်တာလည်း ကြောက်ခဲ့တာပဲ။”
“သိတယ်။ ဒါပေမဲ့ ငါက ပိုကြောက်ခဲ့တာပေါ့။ မင်းမှာက ဆုံးရှုံးစရာ ဘာမှမရှိပေမဲ့ ငါကတော့ အဲ့ဒီလို မဟုတ်ဘူးလေ။ အရာအားလုံးကို စွန့်လွှတ်ပြီး မင်းကို ရွေးချယ်ဖို့ဆိုတာ….”
“အတိတ်က အကြောင်းတွေ မပြောချင်ဘူး။”
ရက်ရှ်တာက အာလန်ကို စက်ဆုပ်ရွံရှာဖွယ်ကောင်းသူလို ကြည့်နေရင်းမှ ခပ်ရေးရေး ပြုံးပြကာ သူပြောခဲ့သည့် စကားအတိုင်းပင် ပြန်ပြောပေးခဲ့သည်။
“ရက်ရှ်တာမှာလည်း အခု ဆုံးရှုံးစရာတွေ အများကြီး ရှိနေပြီ။ ရှင်လည်း ခံစားခဲ့ရတဲ့ ခံစားချက်မျိုးမို့လို့ နားလည်ပေးနိုင်တယ် မဟုတ်လား။”
“....”
“ရှင့်အဖေက ရက်ရှ်တာကို သိသလိုမျိုး လာမလုပ်နဲ့လို့ ပြောထားတယ်ဆို။ အဲ့ဒီအတိုင်းပဲ နေပေး။ ရှင့်ရဲ့ ယဉ်ကျေးမှုမရှိတဲ့ ညီမကိုလည်း ဆင်ဆင်ခြင်ခြင် နေခိုင်းလိုက်ဦး။”
ဗိုင်းကောင့် လိုတဲရှုက ကြောက်ရွံ့ရင်းနှင့် မုန်းတီးရသော ဖြစ်တည်မှုဆိုလျှင် အာလန်ကမူ မုန်းရုံသက်သက်သာရှိသောသူဖြစ်သည်။
အေးစက်ခက်ထန်သော စကားလုံးများက အတားအဆီးမဲ့စွာ ထွက်ပေါ်လာ၏။
ရက်ရှ်တာက အာလန်ကို အင်းဆက်ပိုးမွှားတစ်ကောင်အား ကြည့်သလို ကြည့်လိုက်ပြီးနောက် ဝှစ်ခနဲ လှည့်ထွက်လာခဲ့သည်။
သို့သော် အေးစက်သောမျက်နှာထားနှင့် ဆန့်ကျင်စွာ နှလုံးသားကမူ တဒိန်းဒိန်း ခုန်နေ၏။
တစ်ချိန်က ချစ်သူဖြစ်ခဲ့ဖူးသလို သခင်လေးလည်း ဖြစ်ခဲ့သူ အာလန်ကို အားမနာတမ်း ပြောလိုက်နိုင်သည့် မိမိကိုယ်ကိုယ် အံ့သြမိသလို ပြောင်းလဲသွားသည့် အခြေအနေကြောင့်လည်း ကျေနပ်ပီတိ ဖြစ်နေမိသည်။
တစ်ဖက်တွင်လည်း အာန်နှင့် မတွေ့ချင်ဟု ရက်ရက်စက်စက် ပြောလိုက်မိခြင်းကို စိတ်ထဲတွင် စနိုးစနောင့်ဖြစ်နေပြန်၏။
နောက်ဆုံးတွင် ရက်ရှ်တာတစ်ယောက် မိမိအခန်းသို့ ပြန်မည့်လမ်းကိုပြောင်းကာ မြို့စားမင်း အယ်ရ်ဂီကို ရှာရန် ထွက်လာခဲ့သည်။
ဤကဲ့သို့သော ကိစ္စမျိုးကို တိုင်ပင်နိုင်သူက မြို့စားမင်း အယ်ရ်ဂီ တစ်ဦးတည်းသာရှိ၏။
မြို့စားမင်း အယ်ရ်ဂီ၏ အခန်းရှေ့တွင် မည်သူမျှမရှိ၍ ရက်ရှ်တာလည်း တွေဝေတုံ့ဆိုင်းမနေဘဲ တံခါးကို တွန်းဖွင့်ဝင်သွားလိုက်သည်။
ရိုင်းစိုင်းသော အပြုအမူဟု ထင်ရသော်လည်း မြို့စားမင်း အယ်ရ်ဂီက ရက်ရှ်တာကို ထိုသို့ပြုလုပ်ရန် ခွင့်ပြုထားပြီးသားဖြစ်၏။
ထို့အပြင် ဤခွင့်ပြုချက်က မြို့စားမင်း အယ်ရ်ဂီအပေါ် ရက်ရှ်တာ၏ ယုံကြည်မှုကို ပို၍ တိုးစေခဲ့သည်။
အခန်းထဲသို့ ဝင်ဝင်ချင်းမှာပင် မြို့စားမင်း အယ်ရ်ဂီ၏ တီးတိုးရေရွတ်သံကို ကြားလိုက်ရ၏။
“အဆိပ်ပြင်းတဲ့ကောင်……”
ရက်ရှ်တာက ထိုဘက်သို့ လှည့်ကြည့်လိုက်သည်။
မြို့စားမင်း အယ်ရ်ဂီက လက်တစ်ဖက်တွင် စာတစ်စောင်ကို ကိုင်ထားရင်း ဖတ်နေခြင်းပင်။
ပြတင်းပေါက်တွင်မူ အပြာရောင်ငှက်လေးတစ်ကောင် နားနေ၏။
“မြို့စားမင်း။”
ရက်ရှ်တာ သူ့ကို ခေါ်လိုက်တော့ အပြာရောင်ငှက်လေးက လန့်သွားသည့်အလား ပျံထွက်သွားတော့သည်။
“မိန်းကလေး။ ရောက်လာပြီလား။”
မြို့စားမင်း အယ်ရ်ဂီက စာကိုခေါက်ကာ ရင်ခွင်ထဲသို့ ထည့်ရင်း ပြုံးလိုက်သည်။
ရက်ရှ်တာက အနားသို့တိုးသွားရင်း မေးလိုက်၏။
“သတင်းမကောင်းလို့လားဟင်။”
“အာ၊ အဲ့ဒီလိုတော့ မဟုတ်ဘူး။”
“ကြမ်းကြမ်းတမ်းတမ်း ပြောနေလို့လေ။”
“သူငယ်ချင်း ရူးသွားမှာစိုးလို့လေ။”
“ရှင်။”
“ဒါမျိုးကို မသိချင်ယောင်ဆောင်ပြီး ကျော်သွားပေးပါ၊ မိန်းကလေး။”
ရက်ရှ်တာက မြို့စားမင်း ပြောလိုက်သည့် ရူးနေသော သူငယ်ချင်းက မည်သူလဲဟု သိချင်မိသော်လည်း မြို့စားမင်း အယ်ရ်ဂီက ထပ်မပြောချင်မှန်း ရိပ်မိသဖြင့် ထပ်မမေးတော့။
ထိုအစား ယခုလေးတင် အာလန်နှင့် ရီဗယ်တီတို့အား တွေ့ခဲ့ရသည့်အကြောင်းနှင့် အာလန်က အာန်အကြောင်း ထုတ်ပြောခဲ့သည့် ကိစ္စများကို ရင်ဖွင့်လိုက်သည်။
“အရင်ကလည်း ပြောခဲ့ဖူးသလိုပဲ အာလန်က ရက်ရှ်တာကို ရက်ရက်စက်စက် စွန့်ပစ်ခဲ့တဲ့ လူပါ။ ရီဗယ်တီက အာလန်ရဲ့ ညီမဖြစ်သလို ကျွန်မ သူ့အစ်ကိုနဲ့ ချစ်သူဖြစ်နေတာကို မုန်းလို့ အမြဲတမ်း လူမသိ နှိပ်စက်ခဲ့တဲ့ မကောင်းတဲ့ကလေးမလေ။ အဲ့ဒီနှစ်ယောက်စလုံးက ကျွန်မကလေးအကြောင်းကို သိနေကြတာဆိုတော့ သူတို့ ဘယ်လိုများ လုပ်လာကြမလဲဆိုပြီး စိုးရိမ်မိပါတယ်။”
မြို့စားမင်း အယ်ရ်ဂီက နားထောင်ပြီးနောက် ဘာမှမဟုတ်သည့်အလား ပြန်ဖြေခဲ့သည်။
“ဗိုင်းကောင့် လိုတဲရှုက အာလန်ဆိုတဲ့ကောင်ကို မိန်းကလေးကို သိနေသလိုမျိုးမလုပ်ဖို့ မှာထားတယ်ဆို။ အဲ့ဒီတော့ ဗိုင်းကောင့် လိုတဲရှုဆိုတဲ့ လူကလည်း အခု လက်ရှိ အခြေအနေအတိုင်းပဲ ရှိနေချင်တယ်လို့ အဓိပ္ပာယ်ရတာပေါ့။ သားသမီးတွေကိုတော့ သူဘာသာသူ ထိန်းလိမ့်မယ်။”
မြို့စားမင်း အယ်ရ်ဂီ၏ စကားကိုကြားမှ ရက်ရှ်တာ စိတ်အေးသွားတော့သည်။
သူကိုယ်တိုင်လည်း ထိုသို့ပင် တွေးခဲ့သည့်တိုင် မြို့စားမင်း အယ်ရ်ဂီက ထပ်ခါတလဲလဲ ပြောပေးမှသာ ပို၍ စိတ်သက်သာရာရသွားခြင်းပင်။
“အဲ့ဒါကို လာတိုင်ပင်တာလား။”
“ဧကန္တ…… တစ်ယောက်ယောက်က ရက်ရှ်တာရဲ့ အစားအသောက်ထဲမှာ ကိုယ်ဝန်ဖျက်ဆေး ရောထားခဲ့တာကို သိလားဟင်။”
“မသိတဲ့လူ မရှိသလောက်ပဲလေ။ တော်သေးလို့ ဘာပြဿနာမှ မရှိဘူးဆိုတာလည်း ကြားပြီးသား။ ဘာလို့လဲ။ မဟုတ်လို့လား။”
“ဟုတ်တာတော့ ဟုတ်ပါတယ်။”
“ဒါဆို ဘာလို့လဲ။”
“အဲ့ဒီကိစ္စ မဖြစ်ခင် ရက်ပိုင်းအလိုမှာ…… ရက်ရှ်တာ ကိုယ့်ဘာသာကိုယ် သန္နိဋ္ဌာန်ချခဲ့ပါတယ်။ ရက်ရှ်တာက ကိုယ့်ကိုယ်ကိုယ်ရော၊ ကလေးကိုရော ကာကွယ်မယ်ဆိုပြီး။”
“သန္နိဋ္ဌာန်ကောင်းပဲ။”
“ဟုတ်ကဲ့။ ပြဿနာက အဲ့ဒီလို ဆုံးဖြတ်ချက်ချပြီးတာနဲ့ ချက်ချင်း ကိုယ်ဝန်ဖျက်ဆေး သောက်မိခဲ့မှန်း သိလိုက်ရတာပါပဲ။”
ရက်ရှ်တာက လက်နှစ်ဖက်ဖြင့် သူ၏ ဝမ်းဗိုက်ကို ဖွဖွလေး အုပ်ကိုင်ရင်း မေးခဲ့သည်။
“ရှေ့လျှောက်လည်း ဒီလိုကိစ္စမျိုးတွေ ရှိလာမှာကို ကြောက်နေမိတယ်။ ရှောင်ရှားနိုင်မဲ့နည်းလမ်း မရှိဘူးလားဟင်။”
“နည်းလမ်းကတော့ နှစ်ခု ရှိတာပေါ့။”
“ဘယ်လိုမျိုးလဲဟင်။”
“တစ်ခုက အရှင်ဧကရာဇ်ဆီမှာ အကူအညီတောင်းတာပဲ။ ကိုယ်တိုင် ရှေ့မထွက်ဘဲနဲ့ ကြောက်ပါတယ်ဆိုပြီးတော့ပဲ တဖွဖွပြောနေကြည့်။ ဘာမဆို လုပ်ပေးလိမ့်မယ်။”
အင်မတန် ဘာမှမလုပ်ဘဲ လက်ခံရုံသက်သက် နည်းလမ်းဖြစ်သလို လုပ်နေကျ နည်းလမ်းလည်းဖြစ်၏။
ဤအရာကို နည်းလမ်းဟု ခေါ်ဆိုနိုင်မည်ဆိုပါလျှင်။
ရက်ရှ်တာက ခေါင်းခါရင်း မေးလိုက်သည်။
“နောက်တစ်မျိုးကရော။”
“တစ်ခါတလေကျတော့ အရင်လက်ဦးအောင် တိုက်ခိုက်တာက အကောင်းဆုံး ခုခံခြင်းပဲ။ တိုက်ခိုက်မခံရခင် မိန်းကလေးကို တိုက်ခိုက်နိုင်ခြေရှိတဲ့ လူမှန်သမျှကို အရင်ဆုံး အပြတ်ရှင်းပစ်လိုက်။”
မြို့စားမင်း အယ်ရ်ဂီ၏ အတားအဆီးမရှိသော စကားလုံးများကြောင့် ရက်ရှ်တာ မျက်လုံးအပြူးသား ဖြစ်သွားတော့သည်။
ကြမ်းတမ်းလှသော်လည်း အင်မတန် ယုတ္တိရှိ၏။
စိတ်ဝင်စားသွားသဖြင့် အသေအချာ စဉ်းစားကြည့်သော်လည်း မကြာမီမှာပင် စိတ်ဓာတ်ကျသွားကာ ခေါင်းခါလိုက်မိသည်။
“ရက်ရှ်တာရဲ့ ရန်သူက ရက်ရှ်တာထက် အဆင့်အတန်းလည်း မြင့်တယ်၊ အာဏာလည်း ရှိတယ်၊ ပိုင်ဆိုင်မှုလည်း ပိုများတယ်လေ။ အဲ့ဒါက ဖြစ်နိုင်ပါ့မလား။”
“ရန်သူက ဘယ်သူလဲဆိုတာ သေသေချာချာ သိနေတဲ့ပုံပဲ။”
“……”
“ဧကန္တ အဲ့ဒီ အဆင့်အတန်းမြင့်ပြီး အာဏာရှိတယ်ဆိုတဲ့ ရန်သူက ဧကရီအရှင်မကို ပြောတာလား။”
ရက်ရှ်တာ ခေတ္တ တွေဝေတုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်လိုက်သည်။
“အစတုန်းကတော့ ရက်ရှ်တာက အဲ့ဒီပုဂ္ဂိုလ်နဲ့ ရင်းနှီးချင်ခဲ့တာပါ။ ညီအစ်မတွေလိုမျိုးလေ။ ကျိန်းသေပေါက် ရက်ရှ်တာက အဲ့ဒီပုဂ္ဂိုလ်ထက် အဆင့်အတန်း နိမ့်ပေမဲ့လည်း လူတိုင်းက ဧကရီအရှင်မကို ချီးကျူးနေကြတာဆိုတော့ အဲ့ဒီပုဂ္ဂိုလ်ရဲ့ ချစ်ခြင်းနဲ့ ဂရုစိုက်မှုတွေက ရက်ရှ်တာ့ဆီကိုလည်း ရောက်လာလိမ့်မယ်လို့ ယုံကြည်ခဲ့တာပေါ့။”
“အခုတော့ အဲ့ဒီလိုစိတ်မျိုး မရှိတော့ဘူးလား။”
“တော်ဝင်မင်းသား ဟိုင်န်ရီရဲ့ ရှေ့မှာ ရက်ရှ်တာကို လူလိမ်ဖြစ်အောင် လုပ်တယ်၊ ရက်ရှ်တာ အထင်လွဲခဲ့တဲ့ကိစ္စတွေကို လူပုံလယ်မှာ ထုတ်ပြောပြီး ရက်ရှ်တာကို လှောင်စရာဖြစ်အောင် လုပ်တယ်၊ ဝတ်စုံ တူရုံလေးနဲ့ ရက်ရှ်တာကို လိုက်တုတဲ့သူဖြစ်အောင်လုပ်ပြီး စော်ကားတယ်၊ လူတွေရှေ့မှာ မကောင်းတဲ့ အဓိပ္ပာယ်နဲ့ ဓားကို လက်ဆောင်ပေးပြီး ရက်ရှ်တာကို စော်ကားခဲ့တယ်၊ သူ့အစ်ကို ရက်ရှ်တာကို ရိုက်တုန်းကလည်း ဒီအတိုင်း ရပ်ကြည့်နေခဲ့တာပါ။”
“ဟမ်း။”
“အဲ့ဒါအပြင် သူကိုယ်တိုင်က ကလေးမရနိုင်တာနဲ့ ရက်ရှ်တာရဲ့ ကလေးကိုပါ တိုက်ခိုက်ရတယ်လို့။ ရက်ရှ်တာကို မုန်းရင်တောင် ကလေးက ဘာအပြစ်ရှိလို့လဲ။”
“ဟုတ်တာပေါ့။”
“အခုတော့ ဧကရီကို မုန်းပါတယ်။ ကြောက်လည်းကြောက်တယ်။”
ပြတ်ပြတ်သားသား ပြောလိုက်သည့် ရက်ရှ်တာက ကြောက်ရွံ့နေသော မျက်နှာဖြင့် ထပ်ဖြည့်ပြောခဲ့သည်။
“ဧကရီက ရက်ရှ်တာကို တိုက်ခိုက်လာရင်တောင် ကာကွယ်နိုင်မဲ့နည်းလမ်း ရှိပါ့မလား။ ဧကရီကိုတော့ အရင်ဦးအောင် တိုက်ခိုက်တာမျိုးတွေ မလုပ်နိုင်ဘူး မဟုတ်လား။”
မြို့စားမင်း အယ်ရ်ဂီက လက်ချောင်းများကို ဆော့ကစားရင်း သူ့ပါးသူ ပုတ်နေခဲ့သည်။
သူက စိတ်ဝင်စားစရာကောင်းသည့်အလား ရက်ရှ်တာကို အသေအချာ ကြည့်နေရုံသာရှိကာ ဘာမှ ပြန်မပြောခဲ့။
ဘယ်လောက်ကြာသွားသည်မသိ။
နောက်ဆုံးတွင် သူက ညင်သာစွာပြုံးရင်း ပြောလာ၏။
“ဧကရီရဲ့ တိုက်ခိုက်မှုကို တားဆီးနိုင်မဲ့ နည်းလမ်းက ကွက်တိ တစ်ခုတည်းပေါ့။”
“ရှိတာလားဟင်။”
“မိန်းကလေးက ဧကရီ ဖြစ်လာရင်ရပြီ။”
“...”
“ကိစ္စမရှိဘူး။ ဧကရီဆိုတာက ထင်ထားတာထက် ပိုပြီးတော့ ခဏခဏ အပြောင်းအလဲဖြစ်တတ်တာမျိုးလေ။”
ရက်ရှ်တာတစ်ယောက် ထင်မှတ်မထားသည့် အဖြေကြောင့် မျက်လုံးအဝိုင်းသား ဖြစ်သွားတော့သည်။
ဧကရီကို အားကျခဲ့စဉ်ကဖြစ်စေ၊ မုန်းတီးခဲ့စဉ်ကဖြစ်စေ၊ ကြောက်ရွံ့နေခဲ့စဉ်ကဖြစ်စေ၊ ဤသည်က စိတ်ကူးပင် မယဉ်ဖူးခဲ့သော ကိစ္စဖြစ်၏။
သူ စိတ်ကူးယဉ်နိုင်သည့် အမြင့်ဆုံး ပျော်ရွှင်မှုက ဧကရာဇ်၏ အချစ်နှင့် ဧကရီ၏ ခင်မင်မှုကို ခံယူရင်း ပျော်ရွှင်စရာကောင်းသော နန်းတွင်းဘဝကို ဖြတ်သန်းကာ သူ၏ ကလေးများကို တော်ဝင်မင်းသား၊ မင်းသမီးများ ဖြစ်လာစေရန်ပင်။
သို့သော် ကိုယ်တိုင် ဧကရီ ဖြစ်ရန်တဲ့လား……
‘ကျွန်ဘဝကလာတဲ့ ငါက ဧကရီ ဖြစ်ရမယ်တဲ့လား။’
ရက်ရှ်တာ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားကာ ကြောက်ရွံ့နေသည့်အလား လက်ကို ယမ်းလိုက်မိသည်။
“အဲ့၊ အဲ့ဒီလို စကားမျိုးတွေတော့ မပြောပါနဲ့။”
“မခက်ပါဘူး၊ မိန်းကလေးရဲ့။ ပြောခဲ့သလိုပဲ၊ ဧကရီဆိုတာ ထင်ထားတာထက် ပိုပြီးတော့ ခဏခဏ ပြောင်းလဲတတ်တာမို့လို့။”
သို့သော်လည်း ရက်ရှ်တာက အလွယ်တကူ စိတ်မအေးနိုင်ဘဲ လက်ချောင်းများ တဆတ်ဆတ်တုန်နေသဖြင့် မြို့စားမင်းက အစေခံကိုခေါ်ကာ အာနိသင်နည်းသော အရက်ကို ယူလာရန် အမိန့်ပေးလိုက်သည်။
ရက်ရှ်တာက ထိုအရက်ကို အနည်းငယ်သောက်ပြီးမှသာ လက်တုန်ခြင်း ရပ်သွားကာ မေးနိုင်တော့၏။
“တကယ်လားဟင်……”
“ဟုတ်တာပေါ့။”
“ဒါပေမဲ့ ရက်ရှ်တာရဲ့ ဇာစ်မြစ်က…… ဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။”
“ဇာစ်မြစ်ဆိုတာက ပြောင်းလဲလိုက်ရင် ရတာပဲ။”
“ပြောင်းလဲတယ်ဆိုတာက။”
“တကယ်တော့ မိန်းကလေးရဲ့ ‘မိဘအရင်း’ တွေက မှူးမတ်အနွယ်တော်တွေဖြစ်ပြီးတော့၊ မိန်းကလေးက အကြောင်းတစ်ခုခုကြောင့် ပျောက်ဆုံးသွားခဲ့ရတဲ့ တစ်စုံတစ်ယောက်သော မှူးမတ်အနွယ်တော်ရဲ့သမီး ဖြစ်နေတာမျိုး။ အဲ့ဒီလိုမျိုးတွေပေါ့။”
“...”
မြို့စားမင်း အယ်ရ်ဂီက ဒူးပေါ် လက်ထောက်ကာ ခါးကိုကိုင်းပြီး တိုးတိုးလေး ကပ်ပြောခဲ့သည်။
“ကဲ၊ စိတ်ကူးကြည့်လိုက်ပါဦး။ မိန်းကလေးရဲ့ မိဘတွေက ပျောက်ဆုံးသွားတဲ့ ကလေးကို လိုက်ရှာနေတာ။ အဲ့ဒီလိုနဲ့ မိန်းကလေးက အရှေ့အင်ပါယာ ဧကရာဇ်ရဲ့ ချစ်သူ ဖြစ်လာပြီး၊ အဲ့ဒီအလှတရားကြောင့် နာမည်ကြီးလာတဲ့အခါ ဧကန္တများဆိုပြီးတော့ လာရှာကြတာမျိုးပေါ့။”
“ပုံပြင်လေး တစ်ပုဒ်လိုပဲ……”
“ပုံပြင် အမှန်ပဲပေါ့။ အဲ့ဒါကြောင့်ပဲ လူတွေက ကြိုက်ကြတာလေ။”
သရော်တော်တော်ပြောလာသည့် မြို့စားမင်း အယ်ရ်ဂီက မျက်လုံးများ တောက်ပလျက် မေးခဲ့သည်။
“မိန်းကလေးမှာ ဧကန္တ မိသားစုရှိလား။”
“……မရှိပါဘူး။”
“ဒါဆို ကိစ္စမရှိဘူး။ မိဘအဖြစ် ဟန်ဆောင်ပေးမဲ့ ဆင်းရဲတဲ့ မှူးမတ်အနွယ်တော်တွေက အများကြီး ရှိတာပဲ။”
မြို့စားမင်း အယ်ရ်ဂီက အတော်ပဲဟူသည့်သဘောဖြင့် ဟားတိုက်ရယ်ခဲ့သည်။
“ဒါပေမဲ့ အရှေ့အင်ပါယာက မှူးမတ်အနွယ်တော်တွေဆိုရင် ပေါ်သွားနိုင်တာမို့လို့၊ ကျုပ်တို့တိုင်းပြည်က မှူးမတ်တွေကို စီစဉ်ပေးမယ်။”
ရက်ရှ်တာ အံ့ဩမှင်တက်နေကာ ကောင်းကောင်းပင် ပြန်မဖြေနိုင်တော့ပေ။
မိဘအတု…… ကိုယ့်သမီးကိုယ် ကျွန်ဖြစ်အောင်လုပ်ခဲ့သည့် ရာဇဝတ်ကောင် မိဘများ မဟုတ်ဘဲ၊ ဂုဏ်သိက္ခာရှိသည့် မိဘများ ရလာတော့ပေမည်။
ထို့အပြင် တစ်သက်လုံး သံခြေချုပ်လို ခံစားခဲ့ရသည့် အဆင့်အတန်းက ဤမျှလောက် အလွယ်တကူ လဲလှယ်လို့ ရသတဲ့လား။
အံ့သြရမည်လား၊ ဝမ်းသာရမည်လား မိမိကိုယ်တိုင်ပင် မဝေခွဲနိုင်တော့ပေ။
တစ်ချိန်တည်းမှာပင် ဆိုဗီရ်ရှုအပေါ် စိတ်ခုမိသွားသည်။
လိမ်ပေးမည့်အတူတူ ဆိုဗီရ်ရှုကလည်း အစကတည်းက မိဘအတုများကို စီစဉ်ပေးခဲ့လျှင် ကောင်းပေမည်။
ဘာလို့ အဲ့ဒီလို မလုပ်ပေးခဲ့တာပါလိမ့်။
‘အရှင်ဧကရာဇ်က ရက်ရှ်တာ့ကို ဧကရီဖြစ်အောင်လုပ်ပေးဖို့ စိတ်ကူးမရှိခဲ့တာပဲ။’
“မိန်းကလေး။”
မြို့စားမင်း အယ်ရ်ဂီက ရက်ရှ်တာ၏ရှေ့တွင် လက်ဖျစ်တီးကာ အခြားအရာများ မတွေးမိအောင် အာရုံစိုက်ခိုင်းခဲ့သည်။
“အာ။ တောင်းပန်ပါတယ်။”
“ကျုပ် ပြောတဲ့အတိုင်းလုပ်ဖို့ စိတ်ကူးရှိရဲ့လား။”
“……ရှိပါတယ်။”
“လွယ်လွယ်လေး ပြောလိုက်ပေမဲ့ အန္တရာယ်များတဲ့ နည်းလမ်းပဲ။ ဒါပေမဲ့ မိန်းကလေး ဧကရီဆီကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မဲ့နည်းလမ်းက ဒါပဲရှိတယ်လို့ မြင်တယ်။”
“လုပ်ပါ့မယ်။”
ရက်ရှ်တာ အခိုင်အမာ ပြောလိုက်တော့ မြို့စားမင်း အယ်ရ်ဂီက လက်ဖြင့် ပါးစပ်ကိုကာလျက် မျက်လုံးများ မှေးသွားသည်အထိ ပြုံးခဲ့သည်။
“ကောင်းပြီ။ အဲ့ဒီအစား ကတိတစ်ခုတော့ ပေးရမယ်။”
“ရက်ရှ်တာ ဧကရီ ဖြစ်လာရင် ဆက်ဆက် ကျေးဇူးဆပ်ပါ့မယ်။”
“ဟင့်အင်း။ အဲ့ဒါ မဟုတ်ဘူး။”
“...”
“ဘယ်သူက ဘယ်လိုပဲ ဖျောင်းဖျဖျောင်းဖျ သွေးသားတော်စပ်မှုစစ်ဆေးတာကို လုံးဝ လက်မခံနဲ့။ မွေးစားမိဘတွေဆိုတာ ပေါ်သွားလိမ့်မယ်။”
“ဒါပေါ့။”
ရက်ရှ်တာက ပြုံးရင်း သဘောတူလိုက်ကာ လက်ချောင်းလေးများကို ကစားရင်း အသာအယာ မေးလိုက်သည်။
“ဟို…… ဒါဆို အဲ့ဒီနောက်ပိုင်းကျရင်ရော။ ဇာစ်မြစ်ကို ပြောင်းပြီးသွားရင် ဘယ်လိုလုပ်ရမလဲဟင်။ မှူးမတ်အနွယ်တော် ဖြစ်သွားရုံနဲ့ ဧကရီက ပြောင်းလဲသွားမှာမှမဟုတ်တာ။”
သို့သော် မြို့စားမင်း အယ်ရ်ဂီက အဖြေမပေးဘဲ မဆီမဆိုင် မေးခွန်းကို မေးလာသည်။
“စာမတတ်ဘူးဆို။ အခုရော တတ်သွားပြီလား။”
ရက်ရှ်တာ ရှက်သွားကာ အသံတိုးတိုးဖြင့် ဖြေလိုက်သည်။
“အခုတော့ ရိုးရိုးစာအုပ်တွေဆိုရင် ဖတ်တတ်ပါပြီ။ ရေးလည်း ရေးတတ်ပါတယ်။”
“ဆက်ပြီး လေ့လာ။ ပြီးတော့ သင်ခန်းစာမျိုးစုံကိုလည်း သင်ယူရမယ်။”
သို့သော် မြို့စားမင်း အယ်ရ်ဂီ၏ စကားက နားထောင်လေလေ ထူးဆန်းလေပင်။
“မျက်နှာက မကောင်းဘူးပဲ။ ဘာလို့လဲ။ စာသင်ရတာ မကြိုက်ဘူးလား။”
“အဲ့ဒါကြောင့် မဟုတ်ပါဘူး…… စာသင်တာက တိုက်ခိုက်တဲ့ နည်းလမ်းလို့ မထင်မိလို့ပါ……”
“မတတ်နိုင်ဘူး။ ဧကရီ နာဗီရယ်က ဂုဏ်သတင်းရော နာမည်ကျော်ကြားမှုရော ကောင်းတာကိုး မိန်းကလေးရဲ့။”
“ကောင်းအောင် ထုပ်ပိုးထားတာကိုး။”
“ထုပ်ပိုးထားတာပဲဖြစ်ဖြစ်၊ အမှန်တရားပဲဖြစ်ဖြစ်၊ ပေါ်တင်တိုက်ခိုက်လိုက်ရင် အခြေအနေက ပြောင်းပြန်ဖြစ်သွားလိမ့်မယ်။ အဲ့ဒါကြောင့် မိန်းကလေး အရင်ဆုံး လုပ်ရမှာက မိန်းကလေးအပေါ် အကဲဖြတ်မှုတွေကို ဧကရီနဲ့ တန်းတူ ဖြစ်အောင် မြှင့်တင်ဖို့ပဲ။ ယှဉ်နိုင်တဲ့ အဆင့်အထိတော့ ရောက်အောင် လုပ်ရမှာပေါ့။”
မြို့စားမင်း အယ်ရ်ဂီ၏ စကားထဲတွင် သွယ်ဝိုက်သောအားဖြင့် ယခု ရက်ရှ်တာက ဧကရီ၏ အဆင့်အတန်းမျိုး မဟုတ်သေးကြောင်း ပါဝင်နေသည်။
ရက်ရှ်တာ စိတ်ခုမိသော်လည်း လက်ခံကာ မေးခွန်းထုတ်လိုက်၏။
“မှူးမတ်အနွယ်တော်တွေက ရက်ရှ်တာကို အထင်သေးကြတယ်လေ။ အစွဲတွေကလည်း ကြီးတာကို ရက်ရှ်တာက စာလေး နည်းနည်းသင်လိုက်ရုံနဲ့ အဲ့ဒီအစွဲတွေကို ဖယ်ရှားပေးကြပါ့မလား။”
“ဘယ်လိုလုပ် ဖယ်ရှားပေးပါ့မလဲ။ အဲ့ဒါကြောင့် မိန်းကလေး စည်းရုံးရမှာက သာမန်အရပ်သားတွေပဲ။ မိန်းကလေးက သူတို့ကို ကိုယ်စားပြုပေးနိုင်တယ်လို့ ထင်သွားအောင်လုပ်။”
“အာ……”
“ကောင်စီဝင်တွေရဲ့ တစ်ဝက်က သာမန်အရပ်သားတွေဆိုတာ သိတယ်မဟုတ်လား။ တကယ်တော့ ကောင်စီဝင်ဆိုတာက ဂုဏ်ထူးဆောင်ရာထူးလောက်ပဲမို့လို့ လုပ်စရာ သိပ်မရှိတာ မှန်ပေမဲ့။ ဒါပေမဲ့လည်း သာမန်လူတွေ ကြားထဲမှာတော့ အဲ့ဒီလူတွေရဲ့ အဓိပ္ပာယ်က တော်တော်လေးကို ကြီးမားတယ်လေ။ အဲ့ဒီကောင်စီဝင်တွေက မိန်းကလေးကို ထောက်ခံလာအောင် လုပ်မှဖြစ်မယ်။”
“ဘယ်လိုမျိုးလဲဟင်။”
“ဧကရီက လူချစ်လူခင် များပေမဲ့လည်း မှူးမတ်အနွယ်တော်ဆန်တဲ့ ပုံရိပ်က တအားကြီးလွန်းတယ်မဟုတ်လား။ မွေးကတည်းက မှူးမတ်အိမ်တော်ကနေ မွေးလာပြီး ငယ်ငယ်လေးကတည်းက အိမ်ရှေ့စံနဲ့ စေ့စပ်ခဲ့သလို၊ လူမှုရေးအသိုင်းအဝိုင်းထဲကို မရောက်ခင်ကတည်းက အိမ်ရှေ့စံကြင်ရာတော် ဖြစ်ခဲ့တာကိုး။”
ရက်ရှ်တာ၏ ခေါင်းထဲတွင် မိမိ၏ ငယ်ဘဝကို ပြန်မြင်ယောင်လာသည်။
ထို့နောက် ဧကရီ၏ ငယ်ဘဝကိုပါ စိတ်ကူးကြည့်မိ၏။
သို့သော် ဧကရီ၏ ငယ်ဘဝကိုမူ စိတ်ကူးယဉ်ကြည့်ရန်ပင် ခက်ခဲလှသည်။
ထိုသို့သော ဘဝမျိုးဖြင့် ရှင်သန်ရခြင်းက မည်သို့သော ခံစားချက်မျိုး ဖြစ်မည်ကို ရက်ရှ်တာ လုံးဝ မခန့်မှန်းနိုင်ပေ။
တစ်ချိန်တည်းမှာပင် လွန်လွန်းသည်ဟု တွေးလိုက်မိ၏။
တကယ်ပဲ ဧကရီနှင့် မိမိ၏ ကွာခြားချက်က မည်သည့်အရာနည်း။
ဧကရီက ဘာကြောင့် မွေးကတည်းက အိမ်ရှေ့စံကြင်ရာတော် ဖြစ်ခဲ့ပြီး၊ မိမိက ဘာကြောင့် မွေးကတည်းက ကျွန်ဖြစ်ခဲ့ရသနည်း။
ရက်ရှ်တာ၏မျက်နှာ မှောင်ကျသွားတော့သည်။
မြို့စားမင်း အယ်ရ်ဂီက ထိုအမူအရာကို သေသေချာချာကြည့်ရင်း ထပ်ဖြည့်ပြောလာ၏။
“ဧကရီက သာမန်လူတွေအပေါ် ဘယ်လောက်ပဲ ကောင်းပေးပါစေ၊ သာမန်လူတွေကတော့ တံတိုင်းကြီးတစ်ခုကို ခံစားနေရမှာပဲ။ အဲ့ဒီဟာကွက်ကို ထိုးဖောက်။ အတူတူ သာမန်လူတန်းစားကနေ လာတာမို့လို့ သာမန်လူတန်းစားတွေကို နားလည်ပေးနိုင်တယ်ဆိုတဲ့ ပုံရိပ်မျိုးကို ဖန်တီးပစ်လို့။”
~~~~
မနေ့က ဆိုဗီရ်ရှု ရက်ရှ်တာအတွက် ပါတီအသေးလေးတစ်ခု ကျင်းပပေးခဲ့သည့် နေ့ပင်။
ကျွန်မကိုယ်တိုင် ဦးစီးသည့် ပါတီလည်း မဟုတ်သလို၊ တရားဝင် ကျင်းပသည့် ပါတီလည်း မဟုတ်သဖြင့် ကျိန်းသေပေါက် ကျွန်မ တက်ရောက်ခြင်း မရှိခဲ့။
သို့သော် ထင်ထားသည်ထက်ပို၍ တက်ရောက်သူအရေအတွက် များပြားခဲ့သည်တဲ့လား။
ပင်မနန်းဆောင်တွင် မနေ့က ပါတီ၏ အငွေ့အသက်များ ကျန်ရှိနေသေးသည့်ပုံပင်။
နန်းတွင်းသူအချို့ မနေ့က ပါတီအကြောင်း တီးတိုးပြောနေကြသည်ကို ခက်ခက်ခဲခဲ နားထောင်စရာမလိုဘဲ ကြားနေရသည်။
သို့သော် ယနေ့တွင်မူ သူတို့၏ စကားသံများက စိတ်အနှောင့်အယှက် မဖြစ်စေခဲ့ပေ။
ကျွန်မ ယနေ့ စစ်ဆေးရမည့် ကိစ္စအချို့ကို တတ်နိုင်သမျှ အမြန်ဆုံး စစ်ဆေးပြီးနောက် အခန်းသို့ ပြန်လာခဲ့သည်။
ဧည့်ခန်းတွင် ရံရွေတော်များနှင့်အတူ လက်ဖက်ရည်သောက်ရင်း စောင့်နေစဉ်၊ မနေ့က အပြင်ထွက်သွားခဲ့သည့် လော်ရာ ပြန်ရောက်လာ၏။
လော်ရာက လက်နှစ်ဖက်ဖြင့် မနိုင်မနင်း သယ်လာသည့် အိတ်ကို နယ်စားကတော် ဂျူဘယ်ရ်ထံ ပေးလိုက်ကာ ကျွန်မဆီ အမြန်ချဉ်းကပ်လာပြီး မျက်လုံးလေးများ တောက်ပလျက် ပြောခဲ့သည်။
“ခိုင်းထားတဲ့အတိုင်း လုပ်ခဲ့ပါတယ်၊ ဧကရီအရှင်မ။”
စောင့်မျှော်နေသည့် ကိစ္စပင်။
ထို့အပြင် လော်ရာ၏ အသက်ဝင်တက်ကြွသော အမူအရာများကို ကြည့်ရုံနှင့်ပင် ကိစ္စများ အဆင်ပြေခဲ့ကြောင်း သိနိုင်ပေသည်။
“အာလီရှုတဲက လူတွေအားလုံးရဲ့ရှေ့မှာ ဗိုင်းကောင့် လိုတဲရှုရဲ့ သမီးကို ‘အဲ့ဒီမိန်းမ’ ဆီ ခေါ်သွားပြလိုက်ပါတယ်တဲ့။”
“တုံ့ပြန်မှုက ဘယ်လိုလဲ။”
“အဲ့ဒီမိန်းမက အမူအရာထိန်းဖို့ ကြိုးစားသေးပေမဲ့ နောက်ကျသွားတယ်လို့ ပြောပါတယ်။”
လော်ရာက သဘောကျစွာဖြင့် တခိခိရယ်မောရင်း ပြောလာသည်။
“ဗိုင်းကောင့် လိုတဲရှုရဲ့ သမီးကတော့ အမူအရာထိန်းဖို့တောင် စိတ်မကူးခဲ့ပါဘူးတဲ့။”
ရက်ရှ်တာကြောင့် အပြစ်ပေးခံရသဖြင့် လူမှုရေးအသိုင်းအဝိုင်းတွင် နာမည်ပျက်ခဲ့ရသည့် လော်ရာအဖို့ ယခုတစ်ကြိမ် ကျွန်မ အကူအညီတောင်းခဲ့သည့် ကိစ္စက အတော်လေး သဘောတွေ့စရာဖြစ်ခဲ့သည့်ပုံပင်။
သူက ခြေတဒုန်းဒုန်း ဆောင့်နေရာမှ နယ်စားကတော် အယ်လီဇာ၏ မျက်စောင်းထိုးခြင်းကို ခံလိုက်ရတော့ ရှက်ကိုးရှက်ကန်း ပြုံးခဲ့သည်။
သို့သော် မကြာမီမှာပင် ပြန်လည်နိုးကြားလာကာ လက်သီးဖြင့် ဆိုဖာလက်တန်းကို တဘုန်းဘုန်း ထုပြန်၏။
“ဒါပေမဲ့ ကိစ္စတွေ စိတ်ဝင်စားဖို့ကောင်းလာခါနီးမှာပဲ တစ်ခါမှ မမြင်ဖူးတဲ့ လူတစ်ယောက်က ဗိုင်းကောင့် လိုတဲရှုရဲ့ သမီးကို ခေါ်သွားပါတယ်တဲ့။”
“တစ်ခါမှ မမြင်ဖူးတဲ့လူ။”
“ဗိုင်းကောင့်ရဲ့သား ဖြစ်မဲ့ပုံပါပဲ။ အာ၊ ဗိုင်းကောင့် သမီးနာမည်က ရီဗယ်တီ ပါတဲ့၊ ဧကရီအရှင်မ။”
“ကောင်းကောင်းလုပ်ခဲ့တာပဲ၊ လေဒီ လော်ရာ။”
ချီးကျူးလိုက်တော့ လော်ရာက ပျော်ရွှင်စွာဖြင့် တဟီးဟီး ရယ်နေတော့သည်။
“နောက်လည်း ထပ်ခိုင်းပေးပါဦး။”
“လေဒီ ရီဗယ်တီက ဘယ်လို လူစားမျိုးလဲ။”
“တော်တော့်ကို သွက်လက်တက်ကြွတဲ့သူပါ။ ပြီးတော့ တရားဝင် လူမှုရေးပွဲဦးထွက်လည်း မလုပ်ရသေးပါဘူးတဲ့။ အာလီရှုတဲကတော့ တော်တော်လေး သဘောကျနေတဲ့ပုံပါပဲ။”
“လေဒီ အာလီရှုတဲကို ပြောလိုက်၊ ခင်ခင်မင်မင် ပေါင်းသင်းရင်းနဲ့ အဲ့ဒီကလေးကို ငါ့ဆီ သဘာဝကျကျလေး ခေါ်လာခဲ့ပါဦးလို့။”
“ဟုတ်ကဲ့ပါ၊ ဧကရီအရှင်မ။”
လော်ရာ ရေချိုးရန် ဧည့်ခန်းအပြင်ဘက်သို့ ထွက်သွားတော့ နယ်စားကတော် အယ်လီဇာက မရေမရာ ပြောလာသည်။
“တတ်နိုင်သမျှ အဲ့ဒီမိန်းမနဲ့ မပတ်သက်အောင် နေခဲ့တာကို။ စိတ်ပြောင်းသွားတဲ့ပုံပါပဲ။”
“အချင်းချင်း မသိချင်ယောင်ဆောင်ပြီး နေသွားဖို့ အခွင့်အရေးကို လွတ်သွားပြီမို့လို့လေ။”
ရက်ရှ်တာ၏ ကလေးကို ဆေးခတ်ရန်ကြိုးစားခဲ့ခြင်းက လမ်းမှားသွားသည့် မကောင်းသော နည်းလမ်းဖြစ်သော်လည်း ထိုမတိုင်မီ ရက်ရှ်တာကလည်း ကျွန်မကို ကလေးမရနိုင်ကြောင်း ပြောခဲ့သည့်အပြင် အစ်ကိုဖြစ်သူက မိမိကို တွန်းခဲ့သည်ဟု မဟုတ်မမှန် ပြောဆိုခဲ့သေးသည်။
ကျွန်မထံ လာရောက်ပြောဆိုသည့် စကားများကို ကြည့်လျှင်လည်း သူ၏ ကလေးများကို ကျိန်းသေပေါက် တော်ဝင်မိသားစုဝင်ဖြစ်အောင် လုပ်ချင်နေပုံရသဖြင့် ကြိုတင်အသိပေးထားရန် စဉ်းစားနေခြင်းသာ။
“သေသေချာချာလေး စည်းသားထားရမှာပေါ့။”
~~~~
Miel’s Translations