no

Font
Theme

အပိုင်း ၆၆ (သဝန်မတိုဘူးလား)

“...”

မဟုတ်ဘူး။

သူ အဲ့ဒီလိုစကားမျိုးမှ မပြောခဲ့တာ။

ကျွန်မ အလိုလိုပင် ဆိုဗီရ်ရှုဘက်သို့ လှည့်ကြည့်မိသွားသည်။

ဘာလို့ လိမ်ပြောရတာပါလိမ့်……

ဆိုဗီရ်ရှုက ဘာမှမဖြစ်သလိုပင် ခါးကိုကိုင်းညွှတ်ကာ ကျွန်မ၏ပါးကို နမ်းလိုက်ပြီး ပြုံးလျက်ဆိုလာ၏။

“ထင်ထားတာထက် ပိုလှနေတာပဲ၊ ဧကရီ။ ငါ့ရဲ့တောင်းဆိုမှုကို ဖြည့်ဆည်းပေးတဲ့အတွက် ကျေးဇူးပဲ။”

သူ ဘာလို့ လိမ်ပြောရတာပါလိမ့်။

အကြောင်းရင်းကို မသိရသော်လည်း ဆိုဗီရ်ရှု၏စကားက အမှန်ဖြစ်သည့်အလား ကျွန်မလည်း ချက်ချင်းပင် ပြုံးလျက် ပြန်ဖြေလိုက်သည်။

“ဘယ်လိုအရောင်မျိုးပဲဖြစ်ဖြစ် ပြောသာပြောလိုက်ပါ။”

“အာ…… အရှင်ဧကရာဇ်က တောင်းဆိုထားတာကိုး။”

ကျွန်မကို အကျပ်ရိုက်အောင် လုပ်နေသည့် ရီထယ်ယန် မင်းသားကြီးလည်း အိုးတိုးအမ်းတမ်းဖြင့် စကားကို အသံရှည်ဆွဲပြောနေရင်းမှ ချက်ချင်းပင် မျက်နှာထားပြောင်းကာ ဟစ်ခနဲ ရယ်ခဲ့သည်။

“အခုအထိလည်း ဒီလောက်တောင် အဆင်ပြေနေကြတော့ ကြည့်ရတာ တကယ် ဝမ်းသာဖို့ကောင်းတယ်ဗျာ။”

ရက်ရှ်တာကို နှစ်သက်သဘောကျပြီး တကောက်ကောက် လိုက်နေကြသည့် နောက်လိုက်များလည်း အိုးတိုးအမ်းတမ်းဖြစ်သွားကာ တစ်ယောက်ကိုတစ်ယောက် မျက်ရိပ်ပြကုန်ကြသည်။

တစ်ဖက်တွင် ရက်ရှ်တာ၏ မျက်နှာက မှောင်ကျသွားလေ၏။

ဆိုဗီရ်ရှု ကျွန်မဘက်မှ ရပ်တည်ပေးခဲ့သည်ဟူသော အကြောင်းတစ်ခုတည်းနှင့် ဝမ်းသာနေရန် ကျွန်မကိုယ်တိုင်လည်း တစ်မျိုးကြီး ခံစားနေရသည်။

ဖျော်ရည်တစ်ခွက် ထပ်သောက်ရင်း ဆိုဗီရ်ရှုကို လှမ်းကြည့်လိုက်သော်လည်း သူက ကျွန်မဘက်ကို ကြည့်မနေသဖြင့် ‘ဘာလို့ ကျွန်မကို ကူညီခဲ့တာလဲ’ ဟု မေး၍လည်းမရခဲ့ပေ။

စိတ်ရှုပ်ထွေးလာသဖြင့် စကားစမြည်ပြောချင်စိတ်ပင် ပျောက်သွားတော့၏။

ကျွန်မ ဖျော်ရည်ခွက်ကို အားကိုးရာတစ်ခုလို ကိုင်ထားရင်း ခန်းမကြီးထဲကိုသာ ဝေ့ဝဲကြည့်နေမိသည်။

ရံရွေတော်များက အစပိုင်းတွင် ကျွန်မအနား၌ ရှိနေသော်လည်း တဖြည်းဖြည်း ငြီးငွေ့လာကြသည့်အလား တစ်ယောက်ပြီးတစ်ယောက် ဟိုဟိုဒီဒီ ထွက်သွားကြတော့၏။

ဧကရာဇ်၏အနားတွင် ကပ်နေလိုသူများကလည်း ဂီတသံစတင်သည်နှင့် ကပွဲစင်မြင့်ဆီသို့ ထွက်သွားကြပြန်သည်။

ထင်မှတ်မထားသည်က ရက်ရှ်တာလည်း တစ်နေရာတည်း၌ ကြာကြာမနေဘဲ ချက်ချင်း တစ်နေရာသို့ ထွက်သွားခဲ့ခြင်းပင်။

‘မြို့စားမင်း အယ်ရ်ဂီဆီ သွားတာများလား။’

မဟုတ်လောက်ပေ။

မြို့စားမင်း အယ်ရ်ဂီတစ်ယောက် လွန်ခဲ့သော ရက်ပိုင်းက နန်းတော်မှ ထွက်သွားပြီးနောက် ယခုအထိ ပြန်မရောက်သေးဟု ကြားထား၏။

သို့ဆိုလျှင် လူတို့နှင့်ရောနှောပြီး အချိန်မဖြုန်းချင်၍ သွားခြင်းများလား။

ကျွန်မ စူးစမ်းနေစဉ် ဘေးနားမှ အသံတစ်သံ ထွက်လာသည်။

“ဘယ်သူက လိုက်ဝတ်တာလဲ။”

ကျွန်မ ခေါင်းလှည့်ကြည့်လိုက်တော့ ဆိုဗီရ်ရှုက ကျွန်မကို စိုက်ကြည့်နေခဲ့သည်။

“ဘယ်သူက လိုက်ဝတ်တယ် ထင်လို့လဲရှင့်။”

“အမှန်အတိုင်း ပြောရရင်……”

ဆိုဗီရ်ရှုက ကျွန်မနားနားသို့ကပ်ကာ တိုးတိုးလေး ပြောလာ၏။

“ဘယ်သူပဲ လိုက်ဝတ်ဝတ် အရေးမကြီးဘူး။”

“ဒါဆို ဘာလို့ ကျွန်မဘက်ကနေ ရပ်တည်ပေးခဲ့တာလဲရှင့်။”

“မကြိုက်လို့လား။”

“မမုန်းပါဘူး။ ဒါပေမဲ့ လေဒီ ရက်ရှ်တာကတော့ နောက်ကျရင် စိတ်မကောင်းဖြစ်နေမယ်ထင်တယ်။”

“အဲ့ဒီလိုဆိုရင်လည်း မတတ်နိုင်ဘူးပေါ့။”

“မတတ်နိုင်ဘူးတဲ့လား။”

“ဧကရီက အရှေ့အင်ပါယာရဲ့ မျက်နှာပဲလေ။ ဧကရီရဲ့ ဂုဏ်သိက္ခာက တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာပဲ။ ဘယ်သူ့ရဲ့ သိက္ခာကို မြှင့်တင်ပေးရမလဲဆိုတာ အဖြေက ရှင်းနေတာပဲမဟုတ်လား။”

“အဲ့ဒီလိုကိုး။”

သူ့အဖြေကြောင့် ရှုပ်ထွေးနေသော စိတ်များ ငြိမ်ကျသွား၏။

ဤသို့သော အကြောင်းရင်းမျိုးဆိုလျှင် စိတ်ထဲတွင် ပို၍ပင် နေသာထိုင်သာရှိသေးသည်။

ကျွန်မလည်း သဘောတူလိုက်ပြီး အရှေ့သို့သာ ပြန်ကြည့်နေလိုက်၏။

တက်ကြွပေါ့ပါးသော ဂီတသံများ ပျံ့လွင့်လာသည်။

မျက်နှာဖုံးတပ်ထားသော အမျိုးသား အမျိုးသမီးများက လက်ချင်းချိတ်ကာ တဟားဟားရယ်မောရင်း ပျော်ရွှင်စွာ ကခုန်နေကြသည်ကို မြင်နေရ၏။

ကပွဲ၌ ကောင်းကောင်းမကတတ်လျှင်ပင် သူတို့အားလုံးတွင် ပျော်ရွှင်နေသော မျက်နှာထားများ ရှိနေကြသည်။

သာမန်အရပ်သူအရပ်သားများက စိမ်းသက်လှသော ကပွဲကြီးတွင် ပျော်ရွှင်နေကြပြီး မှူးမတ်အနွယ်တော်များကလည်း ဟန်ဆောင်မှုနည်းသော အငွေ့အသက်ကြောင့် စိတ်လှုပ်ရှားနေကြပုံပင်။

ကျွန်မ၏အမြင်၌ပင် မျက်လုံးချင်းဆုံနေသော အရပ်သားနှင့် မှူးမတ်အနွယ်တော်စုံတွဲ ဆယ်တွဲခန့်ရှိပေပြီ။

ထိုအချိန်တွင် တစ်နေရာမှ အားပေးသံများ ထွက်ပေါ်လာ၏။

အသံလာရာကို ကြည့်လိုက်တော့ မြင့်မားသော စင်မြင့်ထက်တွင် ရက်ရှ်တာတစ်ယောက်တည်း ကခုန်နေသည်ကို တွေ့လိုက်ရသည်။

သူက တွဲကဖော်နှင့်အတူ သတ်မှတ်ထားသော အကကို မကဘဲ တစ်ကိုယ်တည်း ထင်ပေါ်စွာဖြင့် ဟိုဟိုဒီဒီ ခုန်ပေါက်နေ၏။

ပေါ့ပါးစွာ လှုပ်ရှားနေသော ခြေတံများနှင့် ထိုအချိန်တိုင်း လွင့်ပျံသွားသော ငွေရောင်ဆံနွယ်များက အလင်းပြန်ကာ မျက်စိကျိန်းလောက်စရာပင်။

တကယ့် ကြယ်စင်တစ်ပွင့်ပမာ လှုပ်ရှားနေသည့်ပုံစံကြောင့် အနီးအနားရှိ လူများက ပိုးဖလံမျိုးများလို စုပြုံတိုးဝှေ့သွားကြတော့သည်။

အထူးသဖြင့် သာမန်အရပ်သူအရပ်သားများက မှူးမတ်အနွယ်တော်ဟု ထင်ရသူ အမျိုးသမီးတစ်ယောက် သူတို့ထက်ပင် ပို၍ ပျော်ပျော်ပါးပါး ပျော်နိုင်သည်ကို အံ့သြသလို ဝမ်းသာနေကြပုံပင်။

ရက်ရှ်တာ ခြေတစ်ချက်ဆောင့်လိုက်တိုင်း သူတို့က လက်ခုပ်တီးကာ အားပေးအော်ဟစ်နေကြ၏။

ဘေးသို့ ကြည့်လိုက်တော့ ဆိုဗီရ်ရှုကလည်း ရက်ရှ်တာကို သဘောကျစွာ ငေးကြည့်နေလေသည်။

“အတူသွားကပါလားရှင့်။”

ကျွန်မ ပါးစပ်မှ အလိုလို ထွက်သွား၏။

ဆိုဗီရ်ရှုက ကျွန်မဘက်သို့ လှည့်ကြည့်လာသည်။

“ဟိုမှာလား။”

ထို့နောက် အဓိပ္ပာယ်မရှိလိုက်တာဟူသော အပြုံးမျိုးပြုံးကာ ပြန်မေးလာ၏။

“သွားချင်နေတဲ့ အရိပ်အယောင်မို့လို့ပါ။”

ကျွန်မ ခေါင်းညိတ်ပြလိုက်တော့ သူက ခေတ္တမျှ ထူးဆန်းသော မျက်လုံးများဖြင့် စိုက်ကြည့်နေပြီးမှ နားလည်သွားသည့်အလား မေးလာသည်။

“ဧကန္တ သဝန်တိုနေတာလား။”

“သဝန်တိုတယ်။ ဟား။ ဘယ်သူကလဲ။ ကျွန်မကလား။”

“မဟုတ်ရင် ဘာလို့ ရွဲ့ပြောနေတာလဲ။”

“ဘယ်သူက ရွဲ့ပြောနေလို့လဲ။”

“စိတ်တိုရင် မယဉ်မကျေး ပြောတတ်တဲ့ အကျင့်ကို ဘယ်တော့မှ ပြင်မှာလဲ။”

“အတူတူပဲ မဟုတ်ဘူးလားရှင့်။”

“အမြဲတမ်း တွေးမိနေတာ……”

ခေတ္တ အတွေးထဲမျောသော ဆိုဗီရ်ရှုက ကျွန်မဘက်သို့ ခေါင်းငဲ့လာသည်။

တည်ကြည်လေးနက်သော မျက်နှာထားပင်။

ဘာပြောမလို့ပါလိမ့်။

ကျွန်မလည်း လေးနက်စွာ စောင့်ကြည့်နေစဉ် သူက လေးလံသောအသံဖြင့် မေးလာ၏။

“ဧကန္တ မယ်တော် မင်းကိုခေါ်ပြီး သွားလာနေတုန်းက စကားနိုင်လုတာအထိပါ သင်ပေးခဲ့တာလား။ ဘာဖြစ်လို့ အမြဲတမ်း တစ်ခွန်းမှ အကျောမခံရတာလဲ။”

“သိချင်လို့လားရှင့်။”

“အမှန်အတိုင်း ပြောရရင် နည်းနည်းတော့ သိချင်တယ်။”

“ဒါဆို နာရီဝက်လောက် တော်ဝင်သရဖူကို ခဏချထားပြီး အဆင့်အတန်းအရိုက်အရာမခွဲခြားဘဲ စကားပြောကြည့်ကြမလား။ ဥပဒေမဲ့ဇုန်မှာလေ။ အဲ့ဒီလိုဆိုရင် ပြောပြမယ်။”

ဆိုဗီရ်ရှုက မျက်လုံးများ မှေးမှိတ်သွားသည်အထိ ပြုံးလိုက်သည်။

“ငါက အိမ်ရှေ့စံ၊ မင်းက အိမ်ရှေ့စံကြင်ရာတော်ဘဝတုန်းက အဲ့ဒီလိုမျိုး အဆိုပြုခဲ့တာ မှတ်မိသေးလား။ အဲ့ဒီနောက်မှာရော ဘာတွေဖြစ်ခဲ့လဲဆိုတာ မှတ်မိလား။”

“...”

“ထပ်ပြီး အငိုက်ဖမ်းမခံတော့ဘူး။ မင်းရဲ့ အတွေးတွေကို အကုန်မြင်နေရတယ်။ မလုပ်နိုင်ဘူး။”

~~~~

‘ဘာတွေများ ပြောနေကြတာပါလိမ့်။’

ကကွက်ကို အဆုံးသတ်ပြီးနောက် ရက်ရှ်တာတစ်ယောက် ချွေးသုတ်ရင်း စင်မြင့်ပေါ်မှ ဆင်းလာခဲ့သော်လည်း ဧကရာဇ်ကို လှမ်းကြည့်လိုက်မိရာမှ စိတ်ပျက်သွားခဲ့သည်။

ဧကရာဇ်က ဧကရီနှင့်အတူ ခေါင်းချင်းဆိုင်ကာ တစ်စုံတစ်ရာကို ပြောဆိုနေကြခြင်းပင်။

လေးနက်နေသော မျက်နှာထားများကို ကြည့်ရပုံထောက်လျှင် တစ်ဖန်ထပ်ပြီး တာဝန်ဝတ္တရားများအကြောင်း ဆွေးနွေးနေကြပုံရသော်လည်း…… ရက်ရှ်တာတစ်ယောက် အကြောင်းရင်းမရှိဘဲ ရင်ထဲ၌ တစ်မျိုးကြီး ဖြစ်လာရသည်။

ဧကရာဇ်က မိမိအား တိုင်းရေးပြည်ရေးကိစ္စများနှင့်ပတ်သက်ပြီး ဘယ်သောအခါမှ တိုင်ပင်ခြင်းမရှိခဲ့ပေ။

သူ ဘာအလုပ်တွေ လုပ်နေသလဲ၊ ဘာကြောင့် စိတ်ညစ်နေသလဲ၊ ဘယ်ကိစ္စတွေကို ဖြေရှင်းခဲ့သလဲ စသည်ဖြင့်။

သူပေးသည့် နွေးထွေးသော အကြည့်နှင့် ဂရုစိုက်မှုများကို နှစ်သက်သော်လည်း တစ်ခါတစ်ရံတွင်မူ စိုးရိမ်စိတ်များ ဝင်လာတတ်၏။

အထူးသဖြင့် ယခုကဲ့သို့ ဧကရီနှင့် ဧကရာဇ်တို့ နှစ်ယောက်တည်း အလေးအနက် စကားပြောနေချိန်မျိုး၌။

‘ဒီရက်ပိုင်း မြို့စားမင်း အယ်ရ်ဂီကလည်း ရင်မ်ဝဲလ်ကို သွားနေတာဆိုတော့……’

ကလေးအကြောင်း စုံစမ်းရန်အတွက် ဗိုင်းကောင့် လိုတဲရှု၏ နယ်မြေသို့ ဆင်းသွားသော မြို့စားမင်းက ယခုအထိ အဆက်အသွယ် တစ်ချက်မျှ မရှိသေးပေ။

သေသေချာချာရော စုံစမ်းနေရဲ့လား။

ရက်ရှ်တာတစ်ယောက် တိုးဝင်လာသော စိုးရိမ်စိတ်များကြောင့် ကချင်စိတ်ပင် ပျောက်သွားကာ ကိုယ်ကို လှည့်အထွက်တွင် ရုတ်တရက် ရပ်တန့်သွား၏။

ခပ်လှမ်းလှမ်းတွင် တူအာနီယာ မြို့စားမင်းကို တွေ့လိုက်ရသောကြောင့်ပင်။

လူမှုရေးလောကတွင် ပြိုင်ဘက်ကင်း မြို့စားကတော်နှင့်ဆန့်ကျင်စွာ သူက လူတို့နှင့် သိပ်မရောနှောနိုင်ဘဲ တစ်ကိုယ်တည်း အရက်ကိုသာ တစိမ့်စိမ့် သောက်နေခဲ့သည်။

ရက်ရှ်တာလည်း သူ့ကို အသာလေး စောင့်ကြည့်နေရာမှ အကြံရသွားသည့်အပြုံးကို ဆင်မြန်းလျက် ထိုဘက်သို့ လျှောက်သွားလေတော့၏။

~~~~

ဆိုဗီရ်ရှုနှင့် တစ်ယောက်တစ်ခွန်း အချေအတင် ပြောနေရသည်မှာ ပင်ပန်းလာသဖြင့် ကျွန်မ လက်ကာပြလိုက်သည်။

ပြောနေ၍လည်း အပိုပင်။

ဆိုဗီရ်ရှုကလည်း ထပ်တူခံစားရပုံရကာ မျက်နှာထားတည်တည်ဖြင့် ဖြတ်သွားသော အစေခံထံမှ ဝိုင်တစ်ခွက်ကို ယူခိုင်းရင်း မေးလာသည်။

“ဧကရီရော သောက်မလား။”

“တော်ပါပြီ။ ကိတ်မုန့်ပဲ စားပါတော့မယ်။”

“ဝလာဦးမယ်။”

“ပြည်သူတွေရှေ့မှာ မူးပြီး ရူးကြောင်ကြောင်တွေ လုပ်မိတာထက်စာရင်တော့ ပိုကောင်းမှာပါ။”

“မူးတဲ့အထိတော့ မသောက်ပါဘူး။ ဒါပေမဲ့ ဒီအချိန်ကြီးစားရင် ဧကရီကတော့ ကျိန်းသေပေါက် ဝမှာပဲ။”

“ကိုယ်အလေးချိန် နည်းနည်းလောက်တက်လာရင်တောင် ကျွန်မမှာက အဆင်သင့်စောင့်နေတဲ့ အပ်ချုပ်သည် ရှိတာပဲလေ။”

ဆိုဗီရ်ရှုက နှာခေါင်းရှုံ့ကာ ဝိုင်ကိုမော့သောက်လိုက်ပြီး ကျွန်မက ကိတ်မုန့်ကို ခပ်စားလိုက်သည်။

ထိုစဉ် ဂီတသံများ တစ်ဖန် ထွက်ပေါ်လာပြန်၏။

စောစောကလူများနှင့် တွဲကဖော်ချင်း လဲလိုက်သောသူများက စင်မြင့်ထက်သို့ တဖွဲဖွဲ တက်လာကာ ကခုန်ကြပြန်သည်။

ဤလူထုကပွဲတွင် ပျော်စရာမကောင်းဆုံးလူကို ပြပါဆိုလျှင် ကျွန်မနှင့် ဆိုဗီရ်ရှုသာ ဖြစ်ပေလိမ့်မည်။

မျက်နှာပန်းလှအောင် ထိန်းသိမ်းရန် ကျွန်မတို့က ဤနေရာ၌ ဆက်ရှိနေပေးရမည်ဖြစ်သောကြောင့်ပင်။

ကိတ်မုန့်ထဲမှ စတော်ဘယ်ရီကို ဖဲ့စားရင်း ကြည့်လိုက်ရာ ဆိုဗီရ်ရှုကလည်း တစ်ယောက်တည်း ထိုင်ကြည့်နေရသည်ကို ငြီးငွေ့နေပုံရပြီး ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်နေခဲ့သည်။

ထိုစဉ် သူ၏ အကြည့်များက တစ်နေရာ၌ ရပ်တန့်သွား၏။

ဘယ်ကို ကြည့်နေသလဲဟု လိုက်ကြည့်လိုက်ရာ ရက်ရှ်တာက ထောင့်တစ်နေရာတွင် တစ်စုံတစ်ယောက်နှင့် ပြုံးကာရယ်ကာ စကားပြောနေသည်ကို တွေ့လိုက်ရသည်။

လူများကြားထဲတွင် ကွယ်နေသဖြင့် တစ်ဖက်လူကို သေချာမမြင်ရသော်လည်း…… အာ၊ ယခုတော့ မြင်ရပေပြီ။

တူအာနီယာ မြို့စားမင်းပင်။

မြို့စားမင်းက ရက်ရှ်တာ သူ့အား စကားလာပြောသည်ကို အလွန်ပင် သဘောကျနေဟန်ဖြင့် တပြုံးပြုံး ဖြစ်နေခဲ့သည်။

‘ဆိုဗီရ်ရှု သဝန်တိုနေမလား။’

ကျွန်မ မျက်နှာကို အရှေ့သို့ မူထားရင်း မျက်လုံးကိုသာ ဘေးသို့ကပ်ကာ ခိုးကြည့်လိုက်သော်လည်း ဆိုဗီရ်ရှုကမူ အေးအေးလူလူပင် ဝိုင်ခွက်အလွတ်ကို အစေခံထံ ပြန်ပေးနေခဲ့သည်။

‘သဝန်မတိုဘူးလား။’

ကျွန်မ ဆက်ပြီးအကဲခတ်နေသော်လည်း ဆိုဗီရ်ရှု၏ မျက်နှာက ပုံမှန်အတိုင်းပင်။

ချစ်ရသူက အခြားယောက်ျားတစ်ယောက်နှင့် ပြုံးကာရယ်ကာ နောက်ပြောင်နေသည်ကိုပင် ဘာမှမဖြစ်ဘူးတဲ့လား။

ဤအတိုင်းအတာလောက်ကို သဝန်မတိုခြင်းလား။

“……”

အေးလေ။

တစ်ယောက်ပေါ်တစ်ယောက် ယုံကြည်ထားကြတာနေမှာပေါ့။

ဆိုဗီရ်ရှုရဲ့ တုံ့ပြန်မှုက ငါ့အတွက် ဘာများအရေးပါလို့လဲ။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့နှစ်ယောက်ကိစ္စပဲကို။

သူ၏ တုံ့ပြန်မှုကို လိုက်ကြည့်နေခြင်းကလည်း ရယ်စရာကောင်းသည်ဟုတွေးကာ ကျွန်မ ကိတ်မုန့်ကိုသာ ဆက်စားနေလိုက်သည်။

“ကွီးန်။”

ထိုစဉ် ရင်းနှီးနေသော အသံတစ်ခု ကြားလိုက်ရ၏။

လှည့်ကြည့်လိုက်ရာ ခမ်းနားသော ရွှေရောင်မျက်နှာဖုံးကို တပ်ထားသည့် အမျိုးသားတစ်ဦး လျှောက်လာနေသည်။

သူ ဘယ်သူမှန်း ကျွန်မကို ခေါ်လိုက်သည့် အမည်နာမကို ကြားရုံဖြင့် တန်းသိနိုင်၏။

“တော်ဝင်မင်းသား ဟိုင်န်ရီ။”

ကျွန်မ ပြုံးလျက် တုံ့ပြန်လိုက်ရာ သူက မျက်နှာဖုံးအောက်မှ ပေါ်လွင်နေသော နှုတ်ခမ်းအစုံကို ကွေးညွှတ်ပြုံးပြရင်း မေးလာသည်။

“အတူရှိနေလို့ ရမလားခင်ဗျ။ ကျွန်တော်က ကောင်းကောင်းမကတတ်လို့ပါ။”

“ဘာလို့လဲ။ တအားကို ကောင်းကောင်းကြီး ပျံဝဲနေခဲ့တာပဲကို။”

ထိုစကားကို ပြောလိုက်သည်က ကျွန်မ မဟုတ်ပေ။

ကျွန်မနှင့် တော်ဝင်မင်းသား ဟိုင်န်ရီ နှစ်ယောက်စလုံး တစ်ပြိုင်တည်း အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

ဆိုဗီရ်ရှုက ဝိုင်ခွက်အသစ်တစ်ခွက်ကို ကိုင်ထားလျက် တော်ဝင်မင်းသား ဟိုင်န်ရီကို စိုက်ကြည့်နေခြင်းပင်။

“အရှင်ဧကရာဇ်။ ဒီအတောအတွင်း ကျန်းမာပါရဲ့လားဗျ။”

တော်ဝင်မင်းသား ဟိုင်န်ရီက နောက်ကျမှ ပြုံးပြီး နှုတ်ဆက်လိုက်သော်လည်း ဆိုဗီရ်ရှုကမူ အေးစက်သော မျက်နှာထားကိုသာ ပြသနေခဲ့သည်။

အာ……ဟုတ်သား။

ရက်ရှ်တာနဲ့ပတ်သက်ပြီး နှစ်ယောက်သား ရန်ဖြစ်လုနီးပါး ဖြစ်ခဲ့ဖူးတာပဲ။

ဆိုဗီရ်ရှုက တော်ဝင်မင်းသား ဟိုင်န်ရီကို သဘောမကျပေ။

သဝန်မတိုသော်လည်း သူ့မိန်းကလေးကို နှောင့်ယှက်ခဲ့သူကိုတော့ မုန်းပေမည်။

ကောင်းကောင်းစားနေသည့် ကိတ်မုန့်ကလည်း ရုတ်တရက် ပါးစပ်ထဲတွင် တစ်မျိုးကြီး ဖြစ်လာ၏။

ကျွန်မ ခက်ရင်းကို ချကာ အစေခံကို သိမ်းခိုင်းလိုက်တော့သည်။

~~~~

နန်းတော်သို့ ပြန်ရောက်ရောက်ချင်း ကျွန်မ ကိုယ်ရေးအရာရှိကိုခေါ်ကာ ရက်ရှ်တာနှင့် ကျွန်မ၏ ဝတ်စုံ တူနေခဲ့သည့်ကိစ္စကို ပြောပြပြီး သတင်းအချက်အလက် ပေါက်ကြားစေသူက မည်သူနည်းဟု စုံစမ်းရန် ညွှန်ကြားလိုက်သည်။

သို့သော် အမိန့်ပေးနေစဉ်မှာပင် သံသယဖြစ်မိ၏။

သိနိုင်ပါ့မည်လား။

ကျွန်မ မည်သည့်ဝတ်စုံကို ဝတ်မည်ဆိုသည်မှာ လျှို့ဝှက်ချက် မဟုတ်ပေ။

ထိုအစား ကျွန်မနှင့် ဝတ်စုံမထပ်စေရန် ကြိုတင်စုံစမ်းလိုကြသည့် မှူးမတ်ကတော်များပင် ရှိသေးရာ တစ်စုံတစ်ယောက်က သတင်းပေးလိုက်သည်ဆိုဦးတော့၊ မကောင်းသော ရည်ရွယ်ချက်ရှိသည်ဟု ဆိုရန်မှာလည်း မတင်မကျဖြစ်ရပြန်သည်။

ထင်သည့်အတိုင်း သုံးရက်ကြာသည်အထိ ဝတ်စုံသတင်း ပေါက်ကြားအောင် လုပ်ခဲ့သူကို အတည်မပြုနိုင်ခဲ့ပေ။

“မှူးမတ်ကတော်တွေနဲ့ သခင်မလေးတွေ အများကြီး လာမေးကြတာမို့လို့ ပြန်ဖြေပေးခဲ့တဲ့သူက အရမ်းများနေပါတယ်၊ ဧကရီ အရှင်မ။”

“ဟုတ်လား………”

ထိုအစား ညနေစောင်းတွင်။

သူငယ်ချင်းဖြစ်သူ လေဒီ အာလီရှုတဲ၏ မွေးနေ့ပွဲသို့ သွားခဲ့သော လော်ရာက ထင်ထားသည်ထက် ပိုစောသောအချိန်တွင် မျက်နှာတစ်ခုလုံး နီမြန်းလျက် ပြန်ရောက်လာ၏။

“ဧကရီအရှင်မ၊ နယ်စားကတော်ကြီး၊ ဒါကို ကြားပြီးကြပြီလားရှင့်။ တကယ့် အရေးကြီး သတင်းပါ။”

လော်ရာက ကပျာကယာနှင့် ပြေးဝင်လာသဖြင့် နယ်စားကတော် အယ်လီဇာက မျက်မှောင်ကြုတ်ကာ ဆူလိုက်သည်။

“လော်ရာ၊ ဧကရီအရှင်မရှေ့မှာ ယဉ်ကျေးမှုမရှိဘဲ ဟိုပြေးဒီပြေး မလုပ်နဲ့လို့ ပြောထားတယ်မဟုတ်လား။”

“နယ်စားကတော်ကြီး၊ အခုက ယဉ်ကျေးမှုအကြောင်း ပြောနေရမဲ့အချိန် မဟုတ်ပါဘူး။”

“ယဉ်ကျေးမှုဆိုတာ အချိန်အခါရွေးပြီး လိုက်နာရတာမျိုး မဟုတ်ဘူးလေ၊ လော်ရာရဲ့။”

“အို…… တကယ်ပဲ စိတ်ကျဉ်းကျပ်လိုက်တာ။ အခုက ယဉ်ကျေးမှု မရှိလည်း ဖြစ်တဲ့အချိန်လို့ ပြောနေတာကို။”

စွေ့စွေ့ခုန်နေသော လော်ရာက ကျွန်မရှေ့သို့ အမြန်လာထိုင်ကာ ခဏလေး အမောဖြေလိုက်သည်။

အားမာန်အပြည့်ရှိသော ကလေးမပင်။

ဟောဟဲလိုက်နေသည်ကို ကြည့်ရပုံထောက်လျှင် အတော်ကြာအောင် ပြေးလာပုံရ၏။

နယ်စားကတော် အယ်လီဇာကလည်း သိချင်စိတ်ပြင်းပြနေပုံရကာ ထပ်မဆူတော့ဘဲ အနားသို့ လာထိုင်လေသည်။

ရံရွေတော်များကလည်း စစ်တုရင်ကစားနေခြင်းကိုရပ်ကာ အနားသို့ တိုးလာကြ၏။

လော်ရာက လူတွေ ဝိုင်းလာသည်နှင့် ‘အူးးးး’ ဟု ညည်းသံပြုကာ ပြောလာသည်။

“တူအာနီယာ မြို့စားကတော်အကြောင်းပါ။”

“လော်ရာ၊ ဧကန္တ ဆာ မာရီယန်နဲ့ အကြောင်းတို့၊ မြို့စား အယ်ရ်ဂီနဲ့ အကြောင်းတို့ဆိုရင်တော့ နောက်ကျသွားပြီနော်။”

“အဲ့ဒီအကြောင်း မဟုတ်ပါဘူး၊ နယ်စားကတော် ဂျူဘယ်ရ်ရဲ့။”

လော်ရာက သူ၏ သတင်းအစွမ်းအစကို လျှော့တွက်နေသလားဟူသောသဘောဖြင့် မကျေမနပ် မျက်လုံးပြူးကြည့်လာသည်။

ထိုသတင်းနှစ်ရပ်လုံးက မကြာသေးမီကမှ တိတ်တဆိတ် စတင်ထွက်ပေါ်လာသည့် သတင်းများပင်။

အတိအကျ ပြောရလျှင် တစ်ခုက အလွန် ကြာနှောင်းလှပြီဖြစ်သော ကောလာဟလတစ်ခု ပြန်လည်ပျံ့နှံ့လာခြင်းဖြစ်ပြီး၊ ကျန်တစ်ခုမှာ မြို့စားမင်း အယ်ရ်ဂီကို ပါးရိုက်ပြီးသည့်နောက်ပိုင်း ထွက်လာသော သတင်းဖြစ်သော်လည်း။

“ဒါဆိုရင် ဘာလဲ။”

“တူအာနီယာ မြို့စားက မြို့စားကတော်ကို ကွာရှင်းဖို့ အကြောင်းကြားလိုက်ပါပြီတဲ့။”

“ဘုရားရေ။”

ရံရွေတော်များက ပါးစပ်ကို လက်ဖြင့်အုပ်ကာ အလန့်တကြား အော်လိုက်ကြသည်။

ကျွန်မလည်း အံ့အားသင့်သွားသဖြင့် ပေါင်ပေါ်တွင် တင်ထားသော စာအုပ်ကို ဘေးသို့ ဖယ်လိုက်မိ၏။

တူအာနီယာ မြို့စားက ဘာလို့လဲ။

“ဆာ မာရီယန်နဲ့ ပတ်သက်တဲ့ ကောလာဟလကြောင့်လား။”

နယ်စားကတော် အယ်လီဇာက အံ့ဩတကြီး မေးလိုက်ရာ လော်ရာက ခေါင်းညိတ်ပြခဲ့သည်။

“ဟုတ်ပါတယ်။ သူ့အစ်ကိုရဲ့ သား မဟုတ်ဘူးလားဆိုပြီး၊ အမြဲလုပ်နေကျ အပြုအမူတွေကိုကြည့်ရင် သံသယမဝင်ဘဲ မနေနိုင်ဘူးဆိုပြီး အော်ဟစ်နေတဲ့ အသံတွေ ကြားလိုက်ရတယ်တဲ့။”

“နေပါဦး၊ ကိုယ်တိုင်က မဟုတ်ပါဘူးလို့ ပြောထားပြီး အခုကျမှ ဘာလို့ အဲ့ဒီအကြောင်း ပြန်ပြောနေရတာလဲ။”

ရံရွေတော်တစ်ယောက်က ခနဲ့တဲ့တဲ့ ရယ်လိုက်ရာ နယ်စားကတော် ဂျူဘယ်ရ်က စုတ်တစ်ချက်သပ်ပြီး ဝင်ပြောခဲ့သည်။

“ဆာ မာရီယန် ဘုရားကျောင်းထဲ ဝင်သွားပြီး မကြာခင်မှာပဲ တူအာနီယာ မြို့စားကတော်က သွားလေသူ မြို့စားမင်းရဲ့ တောင်းဆိုချက်ကြောင့် ဘုရားကျောင်းကို သွားခဲ့သေးတယ်လေ။ အဲ့ဒီမတိုင်ခင်ကလည်း သူတို့က ရင်းနှီးခဲ့ကြတာကိုး။ မြို့စားမင်းရဲ့ အနေအထားနဲ့ဆိုရင် ကောလာဟလတွေ ထပ်ခါတလဲလဲ ထွက်နေတော့ သံသယဝင်စရာ ဖြစ်နေမှာပေါ့။ ဆက်ပြောပါဦး၊ လေဒီ လော်ရာရဲ့။”

လော်ရာက နှစ်ယောက်လုံးကို တစ်လှည့်စီ ကြည့်လိုက်ပြီးမှ စကားပြန်စခဲ့သည်။

“ပြီးတော့ မြို့စားမင်း အယ်ရ်ဂီကို ကြားထဲထားပြီး တခြားမိန်းမနဲ့ ဆံပင်ဆွဲ ရန်ဖြစ်ခဲ့တာကိုလည်း အပြစ်ရှာတယ်တဲ့။ မြို့စားမင်း အယ်ရ်ဂီနဲ့ ပတ်သက်မှုတစ်ခုခုရှိနေလို့ အဲ့ဒီမိန်းမနဲ့ ရန်ဖြစ်ရတာမဟုတ်လားဆိုပြီးတော့လေ။”

“အလိုလေး၊ အဲ့ဒါကတော့ လွန်သွားပြီ။”

“မြို့စားမင်းအနေနဲ့ ဘုရားကျောင်းမှာ သွေးသားတော်စပ်မှု စစ်ဆေးလို့လည်း မရတော့ စိတ်ကျဉ်းကျပ်နေမှာပေါ့။”

“အရင်ကတည်းကလည်း စကားတွေ ထွက်နေခဲ့တာပဲလေ။ တစ်ယောက်က သွားလေသူမြို့စားမင်းကို ‘မြေးလေးက ဆာ မာရီယန်ရဲ့ သား ဖြစ်နိုင်ခြေရှိတာကို အဆင်ပြေရဲ့လား’ လို့ မေးတော့၊ ‘ဘယ်သူ့သားဖြစ်ဖြစ် ကျုပ်မြေးက ကျုပ်မြေးပဲမဟုတ်လား’ ဆိုပြီး ပြန်ပြောခဲ့တာတဲ့။”

ရံရွေတော်များက စုတ်တသပ်သပ် လုပ်နေကြသည်။

ဘုရားကျောင်း၏ သွေးသားတော်စပ်မှု စစ်ဆေးခြင်းက လုံးဝဥဿုံ တိကျမှန်ကန်သည်တော့ မဟုတ်ပေ။

လွန်ခဲ့သော ၃၅ နှစ်အထိ လုံးဝဥဿုံမှန်ကန်သည်ဟု ယူဆခဲ့ကြသော်လည်း၊ လွန်ခဲ့သော ၃၅ နှစ်က ‘ရွမ်ဖဲရ် အမှု’ ကြောင့် မဟုတ်မှန်း ပေါ်ပေါက်ခဲ့သည်။

‘ရွမ်ဖဲရ် အမှု’ ဆိုသည်မှာ အမျိုးသမီးတစ်ဦးက သူ့ကလေး၏ဖခင် မည်သူဖြစ်ကြောင်း ဖော်ထုတ်ပေးရန် ဘုရားကျောင်းသို့ သွားခဲ့သည့်ကိစ္စဖြစ်၏။

ထူးခြားသည်က ဖခင်လောင်းမှာ အမြွှာညီအစ်ကို ဖြစ်နေခြင်းပင်။

ဘုန်းတော်ကြီးက အံ့ဩမှင်တက်သွားသည့်ကြားမှ စစ်ဆေးပေးခဲ့ရာ အံ့ဩစရာကောင်းလောက်အောင်ပင် အစ်ကိုဖြစ်သူကလည်း ကလေးဖခင်အဖြစ် ပေါ်ထွက်လာပြီး ညီဖြစ်သူကလည်း ကလေးဖခင်အဖြစ် ပေါ်ထွက်လာခဲ့သည်။

ဘုရားကျောင်း သွေးသားစစ်ဆေးမှု၏ ဟာကွက်ကို ပထမဆုံး ဖော်ထုတ်ပေးခဲ့သည့် ထိုကလေးအမည်မှာ ရွမ်ဖဲရ်ပင်။

ဟာကွက်ရှိသည်ဆိုဦးတော့ ဤကဲ့သို့သော တိုက်ဆိုင်မှုမျိုးက ရှားပါးလှသဖြင့် ပြဿနာမရှိသော်လည်း……

“အမှန်အတိုင်းပြောရရင် နည်းနည်းတော့ ထူးဆန်းနေတာပဲ။ လက်မထပ်ခင် တစ်ကြိမ် မှားခဲ့ရာကနေ ကလေးရခဲ့တယ်ဆိုပေမဲ့ လက်ထပ်ပြီးတဲ့နောက်ပိုင်းမှာ မြို့စားကတော်က ကိုယ်ဝန်မရနိုင်တော့တာလားတောင်မသိဘူးလေ။”

“တူအာနီယာ မြို့စားက သိက္ခာကျမှာစိုးလို့ ဒီအချက်ကို မထောက်ပြဘဲ နေနေပုံရပေမဲ့ တကယ်တော့ မြို့စားမင်းကပဲ မြုံနေတာလည်း ဖြစ်နိုင်တာပဲ။”

ဆာ မာရီယန်နှင့် တူအာနီယာ မြို့စားကတော်ကြားမှ ကိစ္စမှာ ကျွန်မ အလွန်ငယ်စဉ်က ဖြစ်ရပ်ဖြစ်ရာ ထိုစဉ်က ပွက်လောရိုက်မှုအကြောင်းကို လုံးဝမသိခဲ့ပေ။

ယခင်ဧကရီအရှင်မနောက်မှလိုက်ရင်း သူများထက်စောပြီး လူမှုရေးအသိုင်းအဝိုင်းသို့ ဝင်ရောက်ခဲ့သော်လည်း ထိုစဉ်ကပင် ထိုကိစ္စကို ပြောဆိုသူ မရှိတော့။

သို့သော် ယခုမှ ဤကိစ္စ ပေါ်လာရသည်မှာ……

ထူးဆန်းသည်။

မြှုပ်နှံထားသည်မှာ ၁၀ နှစ်ကျော်ပြီဖြစ်သော ကိစ္စက ဘာကြောင့် ယခုမှ ပေါ်လာရသနည်း။

“လေဒီ ရက်ရှ်တာနဲ့ ပတ်သက်နေတာများလား။”

ကျွန်မ၏ တီးတိုးရေရွတ်သံကြောင့် ရံရွေတော်များက ကြောင်အမ်းအမ်းမျက်နှာများဖြင့် လှည့်ကြည့်လာကြသည်။

ရုတ်တရက်ကြီး ဤနေရာတွင် ရက်ရှ်တာ၏အမည်က ဘာကြောင့်ထွက်လာသလဲဟူသည့် မျက်နှာထားများပင်။

ကျွန်မတွင်လည်း ခိုင်လုံသော သက်သေမရှိပေ။

သို့သော် ရက်ရှ်တာက တူအာနီယာ မြို့စားကတော်အကြောင်း မေးမြန်းခဲ့ဖူးသည်က တစ်ချက်၊ ရက်ရှ်တာနှင့် ရင်းနှီးသော မြို့စားမင်း အယ်ရ်ဂီတစ်ယောက် တူအာနီယာ မြို့စားကတော်နှင့် ပတ်သက်ပြီး များမကြာမီကမှ ကောလာဟလတစ်ခု ဖြစ်ပွားခဲ့သည်က တစ်ချက်၊ လွန်ခဲ့သော ရက်ပိုင်းက လူထုကပွဲတွင် ရက်ရှ်တာ တူအာနီယာမြို့စားနှင့် စကားပြောနေခဲ့သည်က တစ်ချက်……

အခြေအနေပြသက်သေဟုဆိုရန်ရော အလွန်အားနည်းနေမည်လား။

“မြို့စားကတော်က ဘာပြောလဲ၊ လေဒီ လော်ရာ။”

“လုံးဝ ကွာမပေးနိုင်ဘူးလို့ ပြောပါတယ်တဲ့။ တရားရုံးအထိတောင် ရောက်သွားမလားမသိပါဘူး။”

ရံရွေတော်များက မြို့စားကတော် တရားရင်ဆိုင်ရာတွင် အနိုင်ရနိုင်ခြေ ရှိ၊ မရှိကို စတင်ဆွေးနွေးလာကြသည်။

~~~~

မည်သို့ပင် စဉ်းစားပါစေ စိတ်ထဲတွင် မတင်မကျဖြစ်နေသဖြင့် ကျွန်မ ရံရွေတော်များကို တူအာနီယာ မြို့စားက ဘာကြောင့် ရုတ်တရက် ထိုကိစ္စကို အစပြန်ဖော်လာရသနည်းဟု စုံစမ်းပေးရန် အကူအညီတောင်းလိုက်သည်။

ကျိန်းသေပေါက် ရက်ရှ်တာက မြို့စားမင်း၏ မငြိမ်မသက်ဖြစ်နေသော စိတ်ကို လှုံ့ဆော်ပေးခဲ့သည်ဆိုဦးတော့၊ ထိုအချက်တစ်ခုတည်းနှင့် အပြစ်ပေးရန်မှာ မဖြစ်နိုင်ပေ။

အခြားသော တက်ကြွစွာ သတင်းအချက်အလက် ခြယ်လှယ်မှုမျိုး မရှိသရွေ့။

‘ဒါပေမဲ့ သိထားလို့တော့ အကျိုးမယုတ်လောက်ဘူး။’

အကယ်၍သာ ရက်ရှ်တာက ရှေ့ထွက်ပြီး လုပ်ဆောင်ခဲ့သည့် ကိစ္စဆိုလျှင်…… သူ့အား ကျွန်ပြေးဖြစ်ခဲ့သော ချစ်သူ၊ မျက်နှာလည်းမမြင်ချင်၊ အကြောင်းလည်းမကြားချင်သော ချစ်သူအဖြစ်ချည်း ဆက်ဆံနေ၍ မရတော့ပေ။

ထိုသို့သာမှန်လျှင် သူ့တွင် လူမှုရေးအသိုင်းအဝိုင်းကို ခြယ်လှယ်နိုင်သော အရည်အချင်းရှိသည်ဟု ဆိုလိုခြင်းဖြစ်ပြီး၊ လူထု၏ ထင်မြင်ယူဆချက်များကို ခြယ်လှယ်နိုင်သည့် စွမ်းရည်ရှိသည်ဟု ဆိုလိုခြင်းပင်။

လူကို ခြယ်လှယ်တတ်သော ရန်သူကို မည်သည့်ဇာစ်မြစ်မှလာပါစေ သတိထားရပေမည်။

သို့သော် တူအာနီယာ မြို့စားကတော်၏ ကွာရှင်းသတင်း ကြားရပြီး လေးရက်အကြာ။

ရံရွေတော်များ မြို့စားမင်း၏ ရည်ရွယ်ချက်ကို မသိရသေးမီမှာပင် ပို၍ကြီးမားသော သတင်းတစ်ခု အရင်ပေါက်ကွဲသွားတော့သည်။

“ဧကရီ အရှင်မ။ ဗိုင်းကောင့် လန်ဒရယ်လေ၊ ဗိုင်းကောင့်က လေဒီ ရက်ရှ်တာကို ဓားနဲ့ထိုးလိုက်ပါတယ်တဲ့။”

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment