no

Font
Theme

အပိုင်း ၉၁ (အတိတ်ကို ဖျောက်ဖျက်ပစ်နိုင်မည့် အခွင့်အရေး)

ဆိုဗီရ်ရှု ရက်ရှ်တာအတွက် ငှားရမ်းပေးထားသော ဆရာအချို့မှာ တစ်ချိန်က ကျွန်မ၏ဆရာ ဖြစ်ခဲ့ဖူးသူများဟု သိရသည်။

“အဓိပ္ပာယ်မရှိပါဘူး။”

နယ်စားကတော် အယ်လီဇာက ဒေါသတကြီးဖြင့် မျက်နှာတစ်ခုလုံး ဖြူဖျော့ကာ ပြောလာသည်။

ထိုသတင်းကို ကြားလိုက်ရချိန်က ကျွန်မ ရေနွေးနွေးလေးထဲသို့ ခြေထောက်နှစ်ဖက်ကို နှစ်ထားရင်း ပင်ပန်းနွမ်းနယ်မှုများကို ဖြေဖျောက်နေစဉ်ဖြစ်၏။

“ဘယ်လိုဖြစ်ရတာလဲ။”

နယ်စားကတော် အယ်လီဇာ အနည်းငယ် စိတ်အေးသွားသည့်အခါမှ သတင်းလာပို့သော ကိုယ်ရေးအရာရှိကို ပို၍အသေးစိတ် ရှင်းပြရန် ကျွန်မ တောင်းဆိုလိုက်သည်။

ရက်ရှ်တာက နန်းတွင်းကျင့်ဝတ်ထုံးတမ်းများကို နားမလည်သည့်အတွက် ဆရာများ ငှားပေးလိမ့်မည်ဟု ခန့်မှန်းထားခဲ့သော်လည်း ကျွန်မ၏ ပညာသင်ကြားရေးအဖွဲ့ကို ယခုကဲ့သို့ တန်းစီပြီး ငှားပေးလိမ့်မည်ဟုတော့ ထင်မထားခဲ့ပေ။

ဟင့်အင်း၊ ကျွန်မ၏ဆရာများကို ထိုကဲ့သို့ တစ်ပုံစံတည်း ငှားပေးရန် တကယ်ဖြစ်နိုင်ပါ့မည်လား။

တစ်ဖန် 'ဆရာအချို့' ဟု ပြောလာပုံထောက်လျှင် ဆရာအရေအတွက်က အတော်လေးများသည့်ပုံပင်။

“အိမ်ရှေ့စံကြင်ရာတော်ဘဝက သင်ပေးခဲ့တဲ့ ဆရာတွေတော့ မဟုတ်ပါဘူး။ အဲ့ဒီမတိုင်ခင် ထရိုဗီ မြို့စားမင်းအိမ်တော်မှာ ရှိခဲ့တုန်းက ဆရာတွေပါ။”

ဪ… အဲ့ဒါကြောင့်ကိုး။

အိမ်ရှေ့စံကြင်ရာတော်ဘဝတွင် ကျွန်မ၏ဆရာများက ဆိုဗီရ်ရှု၏ဆရာများနှင့် ထပ်တူကျသည်ကများ၏။

အိမ်ရှေ့စံနှင့် အိမ်ရှေ့စံကြင်ရာတော်ကို သင်ပေးခဲ့တဲ့သူများ ရက်ရှ်တာထံ တန်းရောက်သွားသည်ဟု အံ့သြသွားရသည်ကို။

ထိုသို့မဟုတ်သည့်ပုံပင်။

သို့သော်…

“ဆရာက တစ်ယောက်၊ နှစ်ယောက်တည်းတော့ မဟုတ်တဲ့ပုံပါလား။”

ဤသည်က ငြင်းမရသော အမှန်တရားပင်။

ကိုယ်ရေးအရာရှိက “ဟုတ်ပါတယ်” ဟု ပြန်ဖြေလာသည်။

“နန်းတွင်းကျင့်ဝတ်ထုံးတမ်း၊ အက၊ လူမှုဆက်ဆံရေး၊ ပန်းချီ၊ စန္ဒယား စသည်စသည် လူမှုရေးအသိုင်းအဝိုင်းက မှူးမတ်အနွယ်ဝင် လူငယ်တွေ သင်ယူရတဲ့ အခြေခံဘာသာရပ် ဆရာတွေ အကုန်လုံးကို ငှားပေးထားတာပါ။”

“ဟုတ်လား။”

ကိုယ်ရေးအရာရှိက ကျွန်မ၏ မျက်နှာရိပ်မျက်ကဲကို အကဲခတ်နေသည်။

သူ့ကို ထွက်သွားလို့ရပြီဟု အချက်ပြလိုက်ပြီး သူ ထွက်သွားတော့မှ ထိုင်ခုံနောက်မှီတွင် ခန္ဓာကိုယ်မှီချရင်း အနားယူလိုက်၏။

“အဲ့ဒီမိန်းမက ဘာလို့ ဧကရီအရှင်မကိုပဲ တောက်လျှောက် လိုက်အတုခိုးနေရတာလဲ။”

နယ်စားကတော် အယ်လီဇာက အေးစက်စွာ ပြောလာသည်။

“အရင်က ဝတ်စုံကို လိုက်အတုခိုးတယ်၊ အခုတော့ ပညာသင်ကြားရေးအဖွဲ့ကိုပါ အတုခိုးနေပြီ။”

“ကျွန်မလိုမျိုး ဖြစ်ချင်တယ်တဲ့လေ။”

ကျွန်မ တိုးတိုးလေး ရေရွတ်လိုက်သဖြင့် နယ်စားကတော် အယ်လီဇာက အံ့သြတကြီး မေးလာသည်။

“အဲ့ဒီလိုစကားမျိုး ပြောခဲ့တာလားရှင့်။”

ကျွန်မ ခေါင်းညိတ်ပြလိုက်သည်။

မိမိသဘောကျသော စံပြပုဂ္ဂိုလ်၏ ဆရာများကို တစ်ပုံစံတည်း ငှားရမ်းခြင်းက လူမှုအသိုင်းအဝိုင်းတွင် ကြုံရခဲသောကိစ္စ မဟုတ်ပေ။

ဆရာများကလည်း မိမိသင်ကြားပေးခဲ့သည့် တပည့်များအနက်မှ လူမှုရေးအသိုင်းအဝိုင်းတွင် နာမည်ကျော်သူများ ထွက်ပေါ်လာလျှင် မိမိတို့၏ ဂုဏ်သတင်းလည်း လိုက်ပါမြင့်တက်လေ့ရှိသဖြင့် အရည်အချင်းရှိမည့်ပုံပေါ်သော တပည့်များအား လက်ခံသင်ကြားပေးရသည်ကို နှစ်သက်ကြသည်။

တူအာနီယာ မြို့စားကတော်၏ ဆရာ သို့မဟုတ် ကျွန်မ၏ ဆရာများဆိုလျှင် နဂိုကတည်းက ထိုသို့သော နည်းလမ်းဖြင့် နာမည်ကျော်ကြားခဲ့သူများပင်။

ရက်ရှ်တာသာ သာမန်မှူးမတ်အိမ်တော်မှ သမီးပျိုတစ်ဦး ဖြစ်ခဲ့မည်ဆိုလျှင် ကျွန်မ၏ ဆရာများအား ငှားရမ်းသည်ဟူသောကိစ္စကို ချစ်စရာကောင်းသည်ဟုပင် ယူဆမိနိုင်သည်။

သို့သော် ကျွန်မခင်ပွန်းကို လုယူသွားသော မိန်းမက လုပ်ဆောင်နေသည့် ကိစ္စဖြစ်နေ၍လားမသိ။

မလိုအပ်ဘဲ စိတ်ထဲတွင် တစ်မျိုးကြီးဖြစ်ကာ မနှစ်မြို့သလို ခံစားရ၏။

နယ်စားကတော် အယ်လီဇာ ပြောသလို ဝတ်စုံကိစ္စလည်း ထိုနည်းလည်းကောင်းပင်…

အထူးစားသောက်ပွဲတုန်းကလည်း ကျွန်မ၏ စကားပြောပုံကို လိုက်အတုခိုးကာ ဘေးနားမှနေ၍ တိုင်းတစ်ပါးသံတမန်များကို လိုက်နှုတ်ဆက်ရန် ကြိုးစားခဲ့သေးသည်။

မနေ့ကလည်း ကျွန်မ ရီဗယ်တီအား ဂရုစိုက်နေပုံကိုကြည့်ပြီး မှတ်စုစာအုပ်ထဲတွင် တစ်စုံတစ်ရာကို လိုက်မှတ်နေ၏။

'ဘယ်နေရာကနေ ဘယ်နေရာအထိ ငါ့အတိုင်း လိုက်အတုခိုးချင်နေတာပါလိမ့်။'

ထိုအထိ တွေးမိသောအခါ ရေနွေးနွေးထဲ ခြေထောက်နှစ်ထားသော်လည်း နွေးထွေးမှုကို မခံစားရတော့ပေ။

ခြေထောက်ဆေးခြင်းကို အဆုံးသတ်လိုက်ပြီးနောက် ဆာ အာရ်တီနာကို ခေါ်လာရန် ညွှန်ကြားလိုက်သည်။

“ငါခိုင်းထားတဲ့ စုံစမ်းစစ်ဆေးမှုရော အခြေအနေ ဘယ်လိုရှိသလဲ။”

ဆာ အာရ်တီနာ ရောက်လာသည်နှင့် ချက်ချင်းပင် ရီဗယ်တီနှင့် ဗိုင်းကောင့် လိုတဲရှုကိစ္စကို မေးမြန်းလိုက်၏။

“အခုအထိတော့ ထူးထူးခြားခြားရလဒ် ထွက်မလာသေးပါဘူး။”

ဆာ အာရ်တီနာက ပုံမှန်အတိုင်း တည်ငြိမ်သောအသံဖြင့် ပြန်ဖြေလာသည်။

ကျွန်မ ခေါင်းညိတ်ပြပြီး ထွက်သွားနိုင်ပြီဟု အချက်ပြလိုက်၏။

ရက်ရှ်တာက ကျွန်မကို လိုက်အတုခိုးနေသည်ဟူသော အတွေးကြောင့် တဒင်္ဂ စိုးရိမ်စိတ်ပေါ်လာခဲ့ခြင်းသာ။

တစ်ဖက်လူကို နောက်ကြောင်းလိုက် စုံစမ်းသည့်ကိစ္စက တစ်ရက်၊ နှစ်ရက်အတွင်း မပြီးနိုင်မှန်းကိုလည်း ကျွန်မ ကောင်းကောင်းနားလည်သည်။

ထို့အပြင် နောက်ကြောင်းလိုက်စုံစမ်းမှု အောင်မြင်ပြီး ရလဒ် ထွက်လာလျှင်လည်း ထူးခြားမည်မဟုတ်။

ကြီးမားသော လျှို့ဝှက်ချက် ထွက်ပေါ်လာလျှင်ပင် ထိုလျှို့ဝှက်ချက်ကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ဆိုသည်ကို ဆုံးဖြတ်ရခြင်း မရှိသေးပေ။

“ဟို… ဧကရီ အရှင်မ။”

သို့သော် ဆာ အာရ်တီနာက ထွက်မသွားဘဲ ကျွန်မကို သတိထားပြီး ခေါ်ခဲ့သည်။

ကျွန်မ နားမလည်သလို ကြည့်လိုက်တော့ သူက အနားသို့ တိုးကပ်လာပြီး အသံကို နှိမ့်လိုက်၏။

“သတင်းအချက်အလက်လို့ ပြောဖို့တော့ မလုံလောက်သေးပေမဲ့ တစ်ခုတော့ သတိထားမိတာ ရှိပါတယ်။”

“သတိထားမိတာ…”

“ဗိုင်းကောင့် လိုတဲရှု အိမ်တော်မှာ အလုပ်လုပ်ရင်း အလုပ်ထုတ်ခံလိုက်ရတဲ့ အစေခံမိန်းကလေးတွေနဲ့ ယောက်ျားလေး အရေအတွက်က တော်တော်များပါတယ်တဲ့။”

ဆာ အာရ်တီနာ ပြောသလိုပင် ဤသည်က သတင်းအချက်အလက်ဟုပြောရန် အနည်းငယ် လိုအပ်နေသေးသည်။

စိတ်တိုတတ်သော စရိုက်ကြောင့် လက်အောက်ငယ်သားများကို နှိပ်စက်ပြီး အလုပ်ထွက်ခိုင်းတတ်သည့် မှူးမတ်များလည်း အများအပြားရှိနေသည်မဟုတ်ပါလား။

“ဟုတ်လား။”

သို့သော်လည်း သတင်းအချက်အလက်က အားနည်းလွန်းသည်ဟု ပြောလိုက်လျှင် ဆာ အာရ်တီနာ စိတ်မကောင်းဖြစ်သွားမည်စိုး၍ ကျွန်မ စဉ်းစားဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

သို့ရာတွင် ဆာ အာရ်တီနာ၏ စကားက ထိုနေရာ၌ ဆုံးမသွားသေးပေ။

“ဗိုင်းကောင့် လိုတဲရှု အိမ်တော်ကနေ အလုပ်ထုတ်ခံလိုက်ရသူတွေဆီကို ချဉ်းကပ်ကြည့်တော့ အဲ့ဒီထဲက အစေခံမိန်းကလေးတစ်ယောက်ဆီကနေ စကားတချို့ ကြားခဲ့ရပါတယ်။”

ဆာ အာရ်တီနာက အသံကို ပို၍နှိမ့်ခဲ့သည်။

“ဗိုင်းကောင့် အိမ်တော်မှာ သီးသန့်နေရာတစ်ခု ရှိနေပြီး အဲ့ဒီနေရာကို အိမ်တော်ထိန်းနဲ့ မိသားစုဝင်တွေကလွဲရင် ဘယ်သူမှ ဝင်ခွင့်မရှိပါဘူးတဲ့။”

“သီးသန့်နေရာ…”

နယ်စားကတော် အယ်လီဇာက ကြားဝင်ပြောလာသည်။

“ဒါပေမဲ့ ဧကရီအရှင်မ၊ ဆာ အာရ်တီနာ။ အိမ်မှာ လျှို့ဝှက်နေရာတစ်ခု ထားတာက မှူးမတ်အနွယ်တော် တော်တော်များများ လုပ်တတ်တဲ့လုပ်ရပ်ပဲ မဟုတ်ဘူးလား။”

ကျွန်မလည်း နယ်စားကတော် အယ်လီဇာ၏ စကားကို ထောက်ခံသည်။

မှူးမတ်အနွယ်တော်များက ရတနာများဖြစ်စေ၊ ဘိုးဘွားပိုင် အမွေအနှစ်များဖြစ်စေ ဝှက်ထားရန်အတွက် လျှို့ဝှက်အခန်း သို့မဟုတ် နေရာများ ထားရှိတတ်ကြသည်မှာ အများအပြားပင်။

ဆာ အာရ်တီနာကလည်း အလွယ်တကူပင် သဘောတူလက်ခံခဲ့၏။

“ဟုတ်ကဲ့။ အဲ့ဒါကြောင့်လည်း ချက်ချင်း အစီရင်မခံခဲ့တာပါ။”

“ဟုတ်ပါပြီ…”

“ဒါပေမဲ့ ထူးဆန်းတဲ့အချက်တစ်ခု ကျန်ပါသေးတယ်။”

“ထူးဆန်းတဲ့ အချက်။”

“ဗိုင်းကောင့် လိုတဲရှု အိမ်တော်မှာ ကလေးငယ်တစ်ယောက် ရှိနေပေမဲ့ ဘယ်သူမှ အဲ့ဒီကလေးရဲ့ မျက်နှာကို မမြင်ဖူးကြဘူးလို့ ပြောပါတယ်။ အဲ့ဒီကလေးကို အဲ့ဒီ လျှို့ဝှက်နေရာမှာပဲ မွေးထားတာပါတဲ့။”

ဝှက်ထားတာက ရတနာတို့၊ ဘိုးဘွားအမွေအနှစ်တို့ မဟုတ်ဘဲ… လူလား။

အဲ့ဒါကလည်း ကလေးပေါ့လေ။

“အဲ့ဒါကတော့ စိတ်ဝင်စားစရာပါလား။”

ဗိုင်းကောင့် လိုတဲရှု မြို့တော်သို့ ပြောင်းရွှေ့လာချိန်တွင် ကလေးတစ်ယောက် ခေါ်လာသည်ဟူသော စကားကို ကြုံကြိုက်စွာ ကြားခဲ့ဖူးသည်။

ထိုကလေးများလား။

ကလေးဆိုသည်မှာ လက်မထပ်ရသေးသော သားသမီးများ၏ ကလေး သို့မဟုတ် တူ၊ တူမ ဝေးကွာသော ဆွေမျိုးများ၏ ကလေး စသဖြင့် စိတ်ကူးကြည့်စရာ များစွာရှိနိုင်သော်လည်း ကျွန်မ ဝင်ပါရမည့်ကိစ္စ မဟုတ်ပေ။

သို့သော် ထိုကလေးကို ဝှက်ပြီးမွေးမြူထားသည်ဟူသော အချက်က စူးစမ်းလိုစိတ်ကို နှိုးဆွနေ၏။

ထိုကလေးက ဗိုင်းကောင့် လိုတဲရှု တစ်ယောက်တည်း၏ လျှို့ဝှက်ချက်မဟုတ်ဘဲ အခြားတစ်ခု ဖြစ်နေခဲ့မည်ဆိုလျှင်…

“……”

'တအား လွန်လွန်ကဲကဲ တွေးနေမိတာများလား။'

~~~~

ဗိုင်းကောင့် လိုတဲရှုက ပွဲဦးထွက် ကပွဲတွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စကို သိရှိသွားခြင်းမှာ ကပွဲပြီးမြောက်ပြီး လေးရက်အကြာတွင်ဖြစ်သည်။

မပြောဘဲ နှုတ်ပိတ်နေခဲ့သော ရီဗယ်တီက ဗိုင်းကောင့် လိုတဲရှု ဟိုတစ်မျိုး ဒီတစ်မျိုး ချော့မော့မေးမြန်းလာတော့ နောက်ဆုံတွင် ဒေါသတကြီးဖြင့် ပွဲဦးထွက် ဝတ်စုံကိစ္စကို ဖွင့်ဟပြောပြလေတော့၏။

“ငြိမ်နေပေးလိုက်လို့ ရက်ရှ်တာ အဲ့ဒီဟာက လူကို တကယ့် အရူးမှတ်နေတာ။ သမီးနဲ့ တစ်ပုံစံတည်းတူတဲ့ ပွဲဦးထွက်ဝတ်စုံကိုမှ တမင် ရွေးဝတ်လာတယ်လေ။ ဘယ်လိုလုပ်ပြီး အဲ့ဒီလို ဖြစ်ရတာလဲ။”

မိမိ၏ ဝတ်စုံကို ရက်ရှ်တာက ရွေးချယ်ပေးခဲ့မှန်း မသိသော ရီဗယ်တီက ရက်ရှ်တာ ကြားထဲမှ ပရိယာယ်သုံးခဲ့သဖြင့် ဝတ်စုံတူသွားခြင်းဖြစ်သည်ဟု ထင်နေခဲ့သည်။

ဗိုင်းကောင့် လိုတဲရှုလည်း ရက်ရှ်တာကို အကျပ်ကိုင်ပြီး ရယူခဲ့သော ဝတ်စုံဖြစ်ကြောင်း မပြောနိုင်သဖြင့် မျက်နှာတစ်ခုလုံး နီမြန်းလာတော့၏။

ဗိုင်းကောင့် လိုတဲရှုတစ်ယောက် နောက်တစ်နေ့ရောက်သည်နှင့် ချက်ချင်းပင် ရက်ရှ်တာထံ သွားရောက်ကာ ထိုကိစ္စကို အပြစ်တင်ခဲ့သည်။

“ငါက သမီးအတွက် ပွဲဦးထွက် ဝတ်စုံတစ်ထည် ဖန်တီးပေးဖို့ ပြောခဲ့တာလေ၊ လှောင်ပြောင်စရာဖြစ်အောင်လုပ်ဖို့ ပြောခဲ့လို့လား။”

ရက်ရှ်တာကမူ ဗိုင်းကောင့် လိုတဲရှု ဒေါသမွှန်နေသည့်တိုင် ဆိုဖာတွင် သက်တောင့်သက်သာထိုင်ရင်း မှတ်စုစာအုပ်ငယ်လေးကိုသာ စိုက်ကြည့်နေသည်။

“ရက်ရှ်တာ။”

ဗိုင်းကောင့် လိုတဲရှု အော်ဟစ်လိုက်မှသာ ရက်ရှ်တာလည်း မှတ်စုစာအုပ်ကို မှောက်လျက် ဒူးပေါ်တင်လိုက်ပြီး ခေါင်းမော့ကြည့်လာ၏။

“ဘာဖြစ်လို့လဲ။”

ရက်ရှ်တာ ခေါင်းလေးငဲ့စောင်းပြီး မေးလိုက်တော့ ဗိုင်းကောင့် လိုတဲရှုက ဒေါသတကြီး ကြိမ်းမောင်းလေတော့သည်။

“အဲ့ဒီလောက် ဝတ်စုံလေးတစ်ထည်က ဘယ်နှပြားများတန်လို့ တွန့်တိုပြီး လှည့်ကွက်သုံးရတာလဲ။ ဒီလိုမျိုး ဆက်လုပ်နေမယ်ဆိုရင် မလွယ်ဘူးသာမှတ်ထားလိုက်။”

“အဲ့ဒီ ဘယ်နှပြားမှမတန်တဲ့ ဝတ်စုံလေးတောင် မရှိလို့ ကျွန်မဆီက တောင်းခဲ့တာ ဘယ်သူပါလိမ့်။”

“...”

ရက်ရှ်တာ တည်ငြိမ်သောအသံဖြင့် ပြန်လည်မေးခွန်းထုတ်လိုက်သောအခါ ဗိုင်းကောင့် လိုတဲရှု ဆတ်ခနဲတွန့်သွားတော့သည်။

ပုံမှန်ဆိုလျှင် ခံစားချက်များကို အရှိအတိုင်းဖော်ပြတတ်သော ရက်ရှ်တာက ခံစားချက်များကို တတ်နိုင်သမျှ ဖုံးကွယ်ထားရင်း ပြောဆိုနေသည့်ပုံစံကို အစိမ်းသက်သက်ဖြစ်နေ၏။

“ဘာလို့ အဲ့ဒီလိုဖြစ်နေတာလဲ။ မလိုက်မဖက်တွေ။”

“မလိုက်ဖက်ဘူး ဟုတ်လား။”

“မျက်နှာဖုံး စွပ်ထားသလိုပဲ။”

“ဟုတ်လား။”

ရက်ရှ်တာက ခေါင်းကို ငဲ့စောင်းလိုက်ပြီးနောက် ချက်ချင်းပင် အေးစက်ခက်ထန်သော မျက်နှာထား ဖြစ်သွားသည်။

ထို့နောက် ဗိုင်းကောင့် လိုတဲရှုကို စိုက်ကြည့်ကာ အသံမြှင့်ပြီး ပြန်လည် ခွန်းတုံ့ပြန်တော့၏။

“ရက်ရှ်တာ့ကို အပြစ်မတင်ဘဲ၊ ရှင့်သမီးကိုသာ အပြစ်တင်။ ကိုယ့်သားသမီးကိုယ် စည်းကမ်းရှိအောင် သေချာထိန်းမှပေါ့။”

“ဘယ်သူ့ကို ထိန်းရမယ်။”

ဗိုင်းကောင့် လိုတဲရှုတစ်ယောက် အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

ပွဲဦးထွက် ကပွဲကို ရီဗယ်တီမဟုတ်ဘဲ ရက်ရှ်တာက ဖြတ်သန်းခဲ့သလိုပင်။

ရက်ပိုင်းလောက် မတွေ့ဖြစ်ခဲ့သော်လည်း လူတစ်ယောက်က ဤအတောအတွင်း ဘယ်လိုများ ယခုလို ချက်ချင်း စကားပြောပုံ ပြောင်းလဲသွားနိုင်ရသနည်း။

ရက်ရှ်တာက ဒူးပေါ်ရှိ မှတ်စုစာအုပ်ကို တစ်ချက် ပြန်ကြည့်ခဲ့သည်။

ထို့နောက် မျက်မှောင်ကြုတ်ကာ မှတ်စုစာအုပ်ကို ပြန်ချပြီး ဗိုင်းကောင့် လိုတဲရှုကို သတိပေးလိုက်၏။

“ရီဗယ်တီက နှုတ်မလုံတဲ့ကလေး မဟုတ်လား။ အဲ့ဒီလို နှုတ်မလုံတဲ့ကလေးကို ဧကရီရဲ့ဘေးမှာ ကပ်နေခိုင်းရမှာလား။ အဲ့ဒီလိုကနေ မပြောသင့်တာတွေ ပြောလိုက်ရင် ဘယ်လိုလုပ်မလဲ။”

“အဲ့ဒီကလေးက နှုတ်မလုံတဲ့ကလေး မဟုတ်ဘူး။”

“မိဘဆိုတာတော့ ကိုယ့်သားသမီးအပြစ်ကို မြင်နိုင်မှာမဟုတ်ဘူးပေါ့။”

“ကိုယ့်သားသမီး အပြစ်မပြောနဲ့ သားသမီးကိုတောင် မျက်နှာချင်းမဆိုင်ချင်တဲ့ နင့်ဆီက ထွက်လာရမဲ့စကားလား။”

ဗိုင်းကောင့် လိုတဲရှု၏ မေးခွန်းကြောင့် ရက်ရှ်တာ ဆတ်ခနဲတုန်သွားသည်။

ထိုအခါမှ ရက်ရှ်တာ၏ အကာအကွယ်အဖြစ် စွပ်ထားသော မျက်နှာဖုံးကြီး ကွာကျသွားသလို မြင်လိုက်ရသဖြင့် ဗိုင်းကောင့် လိုတဲရှုလည်း စိတ်သက်သာရာရစွာ သက်ပြင်းချမိတော့၏။

ယခုလို ခံစားချက်များ တုန်လှုပ်နေသည်က ရင်ဆိုင်ရ ပိုလွယ်ကူသည်။

အစောပိုင်းကလို မတင်မကျ စိတ်မချရသည့် အမူအရာမျိုးက မြင်ရသူကို မသက်မသာဖြစ်စေ၏။

ရက်ရှ်တာက တစ်ကိုယ်လုံး ဆူးများထွက်နေသော ဖြူကောင်လေးပမာ ဗိုင်းကောင့် လိုတဲရှုကို စိုက်ကြည့်ပြီး သတိပေးခဲ့သည်။

“အဲ့ဒီလိုနည်းနဲ့ ရက်ရှ်တာ့ကို လာမခြိမ်းခြောက်နဲ့။”

“ခြိမ်းခြောက်ခံရမဲ့ ကိစ္စမျိုးမလုပ်ရင် ရတာပဲမဟုတ်လား။”

“……ဗိုင်းကောင့်။ ရှင် ပျက်စီးရရင် ရှင်တစ်ယောက်တည်း ပျက်စီးမှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်မဟုတ်လား။”

“...”

“ကျွန်မလည်း အတူတူပဲ။ ကျွန်မ ပျက်စီးရင် ကျွန်မတစ်ယောက်တည်း ပျက်စီးမှာ မဟုတ်ဘူး။”

စူးရှခက်ထန်သော စကားကြောင့် ဗိုင်းကောင့် လိုတဲရှု ဟက်ခနဲ ရယ်လိုက်မိသည်။

သူက ရက်ရှ်တာကို အထင်သေးနေဆဲဖြစ်၍ ဤကျွန်မလေး၏ သတိပေးချက်ကို လက်တွေ့ကျသည်ဟု မယူဆပေ။

“ဘာပြောလိုက်တယ်။”

ရက်ရှ်တာက မျက်လုံးများကို အေးစက်စွာဖွင့်ကာ လက်တစ်ဖက်ဖြင့် မေးထောက်လိုက်သည်။

ကျန်လက်တစ်ဖက်ဖြင့်မူ ယခုမှ အနည်းငယ် စတင်စူလာသော သူ၏ ဝမ်းဗိုက်ကို ပွတ်သပ်ရင်း ပြောလာ၏။

“အတိတ် ပေါ်သွားလို့ အရှင်ဧကရာဇ်ရဲ့ မျက်နှာသာပေးမှုကို ဆုံးရှုံးရရင်တောင် ရက်ရှ်တာ့ဆီမှာ အရှင်ဧကရာဇ်ရဲ့ သွေးသားပါတဲ့ကလေး ရှိနေပြီ။ အရှင်ဧကရာဇ်က ရက်ရှ်တာ ကျွန်ဖြစ်ခဲ့တာကို သိသိကြီးနဲ့ လက်ခံပေးခဲ့တာဆိုတော့ ရက်ရှ်တာရဲ့ 'သနားစရာကောင်းတဲ့' အတိတ်ကို သိသွားရင်တောင် လက်ခံပေးလောက်မလား မသိနိုင်ဘူးလေ။”

“....”

“ဒါပေမဲ့ ရှင့်အတွက်တော့ ဘယ်ဟုတ်ပါ့မလဲ။ အဲ့ဒါကို မှတ်ထားလိုက်။”

~~~~

ဆိုဗီရ်ရှုတစ်ယောက် ရက်ရှ်တာဆီ သွားရာလမ်းတွင် ရင်းနှီးနေသော မနှစ်မြို့ဖွယ်လူကို တွေ့လိုက်ရသည်။

ရက်ရှ်တာ ကျွန်ဖြစ်ခဲ့စဉ်က သူ့ကို ပိုင်ဆိုင်ခဲ့သော ဗိုင်းကောင့် လိုတဲရှုပင်။

ဗိုင်းကောင့် လိုတဲရှုက ဆိုဗီရ်ရှုကို မြင်သည်နှင့် ပျာပျာသလဲ ဦးညွှတ်ကာ ဂါရဝပြုလေသည်။

“အလို… အရှင်ဧကရာဇ်။ ဒီလိုနေရာမျိုးမှာ တွေ့ရလိမ့်မယ်လို့ ထင်မထားပါဘူး…”

ဆိုဗီရ်ရှုက မျက်လုံးများကို ကျုံ့လိုက်သည်။

'ဒီလိုနေရာမျိုးမှာ တွေ့ရလိမ့်မယ်မထင်ဘူး' ဟူသည်က ဆိုဗီရ်ရှု ပြောရမည့် စကားပင်။

ဆိုဗီရ်ရှုက ရက်ရှ်တာ၏ လက်များ ကြမ်းတမ်းကာ အမာရွတ်များ ပြည့်နေသည်ကို သိထားသည်။

ခြေထောက်တွေလည်း ထိုနည်းအတိုင်းပင်။

ကျွန်ဘဝက ဒုက္ခများစွာခံခဲ့ရသဖြင့် ဖြစ်ပေါ်လာသော ဒဏ်ရာများဖြစ်ပေမည်။

ဗိုင်းကောင့် လိုတဲရှုက ရက်ရှ်တာကို ကျွန်အဖြစ် ခိုင်းစေခဲ့သူပင်။

ထို့အပြင် နောက်ပိုင်းတွင် ရက်ရှ်တာကို လူမှုရေးအသိုင်းအဝိုင်းမှ ဖယ်ထုတ်ပစ်ရန်အထိ ကြိုးစားခဲ့သူလည်း ဖြစ်ပြန်သည်။

ထိုသို့သောလူက ယခုမှလာပြီး ရက်ရှ်တာထံ အဝင်အထွက်လုပ်နေသည်ကို သူ သဘောမကျပေ။

“တော်တော့်ကို ခဏခဏ တွေ့နေရသလိုပဲ။”

ဆိုဗီရ်ရှု တီးတိုးရေရွတ်လိုက်တော့ ဗိုင်းကောင့် လိုတဲရှုက “ဗျာ” ဟုဆိုကာ မျက်လုံးပြူးသွားသည်။

ဆိုဗီရ်ရှုက နှုတ်ခမ်းကို အေးစက်စွာ ကွေးညွှတ်ကာ သူ့ကို မနှစ်မြို့သလို ကြည့်လိုက်၏။

“တော်တော်လေး ခဏခဏ တွေ့နေရတယ်လို့ ပြောတာ။”

“အာ… အဲ့ဒါက… အရှင်ဧကရာဇ်။”

ဗိုင်းကောင့် လိုတဲရှုလည်း ဆိုဗီရ်ရှု၏ မနှစ်မြို့သော အမူအရာကို သတိပြုမိသွားပြီး မျက်လုံးကို ဟိုဟိုဒီဒီ ကစားတော့သည်။

“မောင်မင်းက ရက်ရှ်တာကို လာတွေ့စရာ ဘာကိစ္စများရှိလို့ ဒီလောက်တောင် ခဏခဏ တွေ့နေရတာလဲ။”

“ခဏခဏ မလာပါဘူး၊ အရှင်ဧကရာဇ်။”

“ကျုပ်စကားကို ပြန်မငြင်းနဲ့။”

ဆိုဗီရ်ရှု၏ နှေးကွေးပြီး ပြတ်သားသော လေသံကြောင့် ဗိုင်းကောင့် လိုတဲရှု နှုတ်ဆိတ်သွားတော့သည်။

ငယ်စဉ်ကတည်းက အိမ်ရှေ့စံအဖြစ် ခိုင်မာစွာ နေထိုင်လာခဲ့သောကြောင့်လားမသိ။

'ငါ့ကျွန်ဖြစ်ခဲ့တဲ့ ရက်ရှ်တာကို အရူးအမူးဖြစ်နေတဲ့ ဧကရာဇ်' ဟု တွေးလိုက်လျှင် ရင်ဆိုင်ရလွယ်ကူပုံပေါ်သော်လည်း တကယ်တမ်း ရင်ဆိုင်ရသော ဆိုဗီရ်ရှုက မျက်လုံးများ အေးစက်ကာ အမူအရာက ခက်ထန်သဖြင့် မျက်လုံးချင်းဆုံရန် ခက်ခဲသောသူပင်။

“ထောက်ထားသက်ညှာသောအားဖြင့် ခွင့်လွှတ်ပေးပါ အရှင်ဧကရာဇ်။”

ဗိုင်းကောင့် လိုတဲရှုက အတတ်နိုင်ဆုံး တည်ငြိမ်ဟန်ဆောင်ရင်း ခွင့်လွှတ်မှု တောင်းခံလိုက်သည်။

ထို့နောက် အမြန်ပင် ထပ်လောင်းပြောလိုက်၏။

“အရင်က အထင်လွဲခဲ့တဲ့ကိစ္စကနေ အကြောင်းပြချက်၊ အဲလေ၊ ရေစက်ဖြစ်သွားပြီး အခု လေဒီ ရက်ရှ်တာကို အများကြီး ကူညီပေးနေတာပါ။ အဲ့ဒါကြောင့် လာတာပါ။”

“မောင်မင်းလိုလူက ရက်ရှ်တာကို ကူညီတယ်။”

ဆိုဗီရ်ရှု၏ မေးခွန်းကြောင့် ဗိုင်းကောင့် လိုတဲရှု၏မျက်နှာ ဖြူဖျော့သွားသည်။

မာနထိခိုက်ရ၏။

တစ်ချိန်တည်းမှာပင် ဆိုဗီရ်ရှု သူ့အပေါ်ထားရှိသော ရန်လိုမှုက ရက်ရှ်တာ တစ်စုံတစ်ရာ ပြောလိုက်၍လားဟု စိုးရိမ်မိသွားသည်။

ရက်ရှ်တာ၏ စကားက အမှန်ပင်။

အတိတ်ကို သိသွားသော ဆိုဗီရ်ရှုက မည်သူ့အပေါ် ဒေါသပုံချမည်ကို မသိနိုင်ပေ။

“ရက်ရှ်တာကို ကျုပ်ဘာသာ ကြည့်ကြပ်ဂရုစိုက်မှာမို့ မောင်မင်းကတော့ ဝန်မဖြစ်အောင်သာနေ။”

“ကျိန်းသေပေါက် အဲ့ဒီလိုလုပ်ပါ့မယ်၊ အရှင်ဧကရာဇ်။”

ဆိုဗီရ်ရှုက ညစ်ပတ်သောအရာကို ကြည့်သလို ဗိုင်းကောင့် လိုတဲရှုကို တစ်ချက် စွေကြည့်လိုက်ပြီးနောက် သူ့ဘေးမှ ဖြတ်ကျော်သွားခဲ့သည်။

ဗိုင်းကောင့် လိုတဲရှုတစ်ယောက် ချွေးစေးများပြန်နေသော်လည်း ဆိုဗီရ်ရှု လုံးဝ ပျောက်ကွယ်သွားမှသာ ခါးကို အနိုင်နိုင်ပြန်မတ်နိုင်တော့၏။

ရက်ရှ်တာ၏ အကူအညီကိုယူပြီး လူမှုရေးအသိုင်းအဝိုင်း၌ သတင်းကြီးကာ အောင်မြင်နေလျှင်ပင် ဧကရာဇ်ဖြစ်သော ဆိုဗီရ်ရှု၏ အမုန်းကိုခံရပါက ဘာမှ အသုံးမဝင်ပေ။

ဆိုဗီရ်ရှုက သူ့ကို ယခုအထိ အေးစက်စွာကြည့်နေသဖြင့် စိုးရိမ်လာမိ၏။

သို့သော် ဆိုဗီရ်ရှုနှင့် လမ်းခွဲပြီးသည့်နောက်တွင် ဆိုဗီရ်ရှုအကြောင်းကိုသာ တွေးနေသော ဗိုင်းကောင့် လိုတဲရှုလိုမဟုတ်ဘဲ ဆိုဗီရ်ရှုကမူ ဗိုင်းကောင့် လိုတဲရှု ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် သူ့ကို အာရုံထဲမှ ချက်ချင်း ထုတ်ပစ်ခဲ့သည်။

ဆိုဗီရ်ရှုက ရက်ရှ်တာ၏ အခန်းတံခါးကို ဖွင့်ဝင်သွား၏။

ရက်ရှ်တာက ဆိုဖာတွင် သက်တောင့်သက်သာထိုင်ရင်း မှတ်စုစာအုပ်ငယ်လေးကို ကြည့်နေသည်။

ရက်ရှ်တာ၏ ဗိုက်ကလေး အနည်းငယ်စူနေသည်ကို မြင်လိုက်ရတော့ ဆိုဗီရှုလည်း အလကားနေရင်း ရင်ထဲတွင် ပီတိများပြည့်လျှံလာရ၏။

ထိုဗိုက်ထဲတွင် သူ့ရင်သွေးရှိနေသည်ဟူသော အတွေးတစ်ခုတည်းနှင့်ပင် စိတ်လှုပ်ရှားမိရသည်။

'ကလေးလွယ်ထားရတာက ဧကရီသာဖြစ်ခဲ့ရင် ပိုကောင်းမှာဆိုပေမဲ့…'

ဆိုဗီရ်ရှု ခေါင်းခါယမ်းကာ ထိုမျှော်လင့်ချက်ကို မေ့ပစ်လိုက်သည်။

အပြင်ပန်းတွင် ထုတ်မပြသော်လည်း ဧကရီက မြုံနေသူဖြစ်လိမ့်မည်ဟု တစ်ဝက်လောက် ယုံကြည်နေ၏။

“အရှင်ဧကရာဇ်။”

ရက်ရှ်တာက ဆိုဗီရ်ရှု၏ အကြည့်ကို နောက်ကျမှ သတိထားမိသွားပြီး ခေါင်းလှည့်ကာ ပြုံးပြလာသည်။

“နေလို့ထိုင်လို့ရော အဆင်ပြေရဲ့လား။”

ဆိုဗီရ်ရှု အနားသို့ ချဉ်းကပ်လာသောအခါ ရက်ရှ်တာက မှတ်စုစာအုပ်ကိုမှောက်လျက် စားပွဲပေါ်တွင် တင်ထားပြီးနောက် သူ၏ခါးကို လက်နှစ်ဖက်ဖြင့်ဖက်ကာ ဗိုက်ပေါ်သို့ ပါးလေးမှီအပ်လိုက်သည်။

“ကောင်းပါတယ်။ အရှင်ဧကရာဇ်ကို တွေ့ရတော့ ပိုကောင်းသွားပြီ။”

“……လေသံ နည်းနည်းပြောင်းသွားသလားလို့။”

“ကျင့်ဝတ်ထုံးတမ်းတွေ သင်နေတာမဟုတ်လား။ ရှေ့လျှောက် ပိုပြီး ပြောင်းလဲလာရမှာပေါ့၊ အရှင်ဧကရာဇ်ရဲ့။”

“မပြောတတ်ဘူး။ အရင်ကသုံးခဲ့တဲ့ လေသံကလည်း ချစ်ဖို့ကောင်းတာကို။”

“စကားပြောပုံ ပြောင်းသွားလည်း ရက်ရှ်တာက ရက်ရှ်တာပါပဲ။ ဟုတ်တယ်မဟုတ်လား။”

“ဟုတ်တာပေါ့။”

ဆိုဗီရ်ရှုက ပြုံးလိုက်ပြီးနောက် ရက်ရှ်တာကို ဆိုဖာတွင် ဆက်မှီနေခိုင်းကာ မျက်နှာချင်းဆိုင်တွင်ထိုင်ရင်း မေးခဲ့သည်။

“စာသင်ရတာကော ဘယ်လိုလဲ။”

“အခုမှ စရုံပဲရှိသေးတာလေ။ ဒါပေမဲ့ တအားစိတ်ဝင်စားဖို့ကောင်းတာပါ။”

ရက်ရှ်တာက တဟီးဟီးရယ်ရင်း ပြောကာ စားပွဲကို ညွှန်ပြခဲ့သည်။

ဖွင့်ထားသော စာအုပ်များ၊ ထူထဲလှသော စာအုပ်ပုံများ၊ စက္ကူထုပ်များ… စားပွဲပေါ်တွင် စာသင်ကြားထားသော အမှတ်အသားများဖြင့် ပြည့်နှက်နေ၏။

“ရက်ရှ်တာက အရှင်ဧကရာဇ် ဂုဏ်ယူရတဲ့ချစ်သူ ဖြစ်လာမှာပါ။”

“မင်းက ချစ်ဖို့ကောင်းတဲ့ချစ်သူ ဖြစ်နေပြီးသားပဲလေ၊ ရက်ရှ်တာ။”

“ဂုဏ်ယူစရာဖြစ်ချင်တာပါ။”

ဆိုဗီရ်ရှုက အသာရယ်လိုက်သည်။

“ဧကရာဇ်ဖြစ်တဲ့ ငါက မင်းကို ဘယ်သူ့ဆီသွားပြီးတော့ ဂုဏ်ဖော်ကြွားနေရဦးမှာလဲ။”

“အဲ့ဒါက…”

ရက်ရှ်တာ တွေဝေတုံ့ဆိုင်းစွာ မျက်တောင်ခတ်လိုက်သည်။

ဧကရီကိုရော 'ချစ်ဖို့ကောင်းနေရင် ရပြီ' ဟူသည့် စကားများ ပြောမလားဟု မေးချင်မိ၏။

သို့သော် ထိုစကားကို တဲ့တိုးပြောရန် ခက်ခဲလှသည်။

ရက်ရှ်တာက ပါးစပ်လေးကို ချစ်စဖွယ်လှုပ်ရှားရင်း ဆိုဗီရ်ရှု၏ မျက်နှာရိပ်မျက်ကဲကို အကဲခတ်နေ၏။

ထိုအခါမှ ထူးဆန်းသောအချက်တစ်ခုကို သတိပြုမိသွားသည်။

ဆိုဗီရ်ရှု၏ မျက်နှာထားက ပုံမှန်ထက်ပို၍ ညိုမှောင်နေ၏။

“အရှင်ဧကရာဇ်။”

ရက်ရှ်တာ သတိထားပြီး ခေါ်လိုက်သော်လည်း ဆိုဗီရ်ရှုက ချက်ချင်း မတုံ့ပြန်ခဲ့ပေ။

“အရှင်ဧကရာဇ် တစ်ခုခု ဖြစ်လို့လားဟင်။”

လာတဲ့လမ်းမှာ ဗိုင်းကောင့် လိုတဲရှုနဲ့ တွေ့ခဲ့လို့များလား။

ဗိုင်းကောင့် လိုတဲရှုက တစ်ခုခု ပြောလိုက်လို့များလား။

ရက်ရှ်တာ အလကားနေရင်း စိုးရိမ်စိတ်ပေါ်လာသဖြင့် မနည်း ဖျစ်ညှစ်ပြုံးလိုက်ရသည်။

ဆိုဗီရ်ရှုက အတော်ကြာမှ စကားစလာ၏။

“တစ်ယောက်ယောက်က မင်းနဲ့ ဗိုင်းကောင့် လိုတဲရှုရဲ့ နောက်ကြောင်းကို လိုက်စုံစမ်းနေတယ်တဲ့။”

“ဘယ်သူ… လဲဟင်။”

“ဘယ်သူမှန်း မသိရဘူး။ ဘာပဲဖြစ်ဖြစ်၊ ဗိုင်းကောင့်ကို ခဏခဏ မခေါ်နဲ့။”

ကျွန်မခေါ်တာ မဟုတ်တာကို။

ရက်ရှ်တာ ခံပြင်းသဖြင့် ပါးစပ်လေး ဟသွားသော်လည်း ထိုစကားကို ပြော၍မဖြစ်ပေ။

ဆိုဗီရ်ရှုက ရက်ရှ်တာကို အသာလေး ကြည့်နေရာမှ ကမ်းလှမ်းခဲ့သည်။

“ပြီးတော့ ရက်ရှ်တာ။ အကယ်၍ ဗိုင်းကောင့်က မင်းကို ခြိမ်းခြောက်နေတာဆိုရင် ငါ့ကို ဆက်ဆက်ပြောနော်။ သင့်တော်တဲ့ ပြစ်ဒဏ်တစ်ခုခုတပ်ပြီး ကွပ်မျက်တာဖြစ်ဖြစ်၊ ပြည်နှင်ဒဏ်ပေးတာဖြစ်ဖြစ် လုပ်လို့ရတယ်။”

~~~~

Miel’s Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment