no

Font
Theme

အပိုင်း ၆၄ (လျှို့ဝှက်ရန်ပုံငွေ)

ဝီလ်ဝေါလ်ရှိ အစီအစဉ်များကို အဆုံးသတ်ပြီးနောက် ထိုနေရာ၌ တစ်ညအိပ်ကာ မနက်စောစောတွင် နန်းတော်သို့ ပြန်လာခဲ့သော်လည်း ရောက်ရှိချိန်က ညနေစောင်းနေပေပြီ။

"ပင်ပန်းနွမ်းနယ်မှုတွေ ပြေပျောက်စေဖို့အတွက် နှင်းဆီရနံ့ရှိတဲ့ ရေချိုးဆား ထည့်ပေးထားပါတယ်၊ ဧကရီအရှင်မ။"

"ကျေးဇူးပါပဲ။"

နယ်စားကတော် အယ်လီဇာက ကျွန်မ ပြန်ရောက်မည့်အချိန်ကို ကြိုတင်တွက်ဆကာ ရေချိုးရန် ပြင်ဆင်ပေးထားသဖြင့် ရောက်ရောက်ချင်းမှာပင် ရေချိုးနိုင်ခဲ့သည်။

ရေနွေးနွေးထဲသို့ ခြေထောက်ကို နှစ်လိုက်သည့်အခါ တစ်နေ့လုံး လမ်းလျှောက်ထားရသဖြင့် ညောင်းညာကိုက်ခဲနေသော ခြေဖဝါးများက တဆစ်ဆစ်ကျိန်းလာ၏။

"ဝီလ်ဝေါလ်က အစီအစဉ်တွေ အဆင်ပြေခဲ့ပါရဲ့လား၊ ဧကရီ အရှင်မ။"

"တော်တော်လေး ပျော်စရာကောင်းခဲ့ပါတယ်။"

"တော်ပါသေးရဲ့။ အချိန်ဇယားက တအားကျပ်နေတော့ စိုးရိမ်နေခဲ့တာပါ။"

"ဒီမှာရော အထွေအထူး ဘာကိစ္စများ ရှိသေးလဲ။"

နွေးထွေးသော ရေကြောင့် ကြွက်သားများ ပြေလျော့လာကာ တဖြည်းဖြည်း အိပ်ချင်စိတ် ပေါ်လာသည်။

ကျွန်မ မျက်ခွံကို ခပ်ဖွဖွဖိရင်း ငိုက်မျဉ်းမှုကို မောင်းထုတ်ကာ ပခုံးပေါ်သို့ ရေလောင်းပေးနေသည့် နယ်စားကတော် အယ်လီဇာကို မေးလိုက်၏။

သို့သော် မေးနေရင်းကပင် မျက်တောင်များက မကြာခဏ စင်းကျလာသည်။

"အမလေး... မပြောပါနဲ့တော့။ တော်တော်လေး ပွက်လောရိုက်သွားခဲ့တာပါ။"

"ပွက်လောရိုက်သွားတယ်ဆိုတာက။"

"တူအာနီယာ မြို့စားကတော်ရယ်လေ၊ တခြားသခင်မလေးတစ်ယောက်နဲ့ ဆံပင်ဆွဲပြီး ရန်ဖြစ်ခဲ့တာပါ။"

ကျွန်မ ငိုက်မျဉ်းရင်းတစ်ဝက်မှ အံ့ဩတကြီး လှည့်ကြည့်လိုက်မိသည်။

အိပ်ချင်စိတ်များ လုံးဝ ပျောက်ကွယ်သွားတော့၏။

ဘယ်သူက ဘယ်သူနဲ့ ဆံပင်ဆွဲ ရန်ဖြစ်တယ်။

"တူအာနီယာ မြို့စားကတော်ကလား။"

"မြို့စားမင်း အယ်ရ်ဂီက အော်ပရာဟောက်စ်တစ်ခုလုံးကို ငှားပြီး စပရိုက်စ် ပါတီတစ်ခု ကျင်းပခဲ့တာလေ။ သူက လူမှုရေးလောကမှာ နာမည်ကြီးတဲ့သူဆိုတော့ စပရိုက်စ် ပါတီဆိုပေမဲ့လည်း တက်ရောက်သင့်တဲ့သူမှန်သမျှ အကုန်နီးပါး သွားခဲ့ကြတာပေါ့။"

"တူအာနီယာ မြို့စားကတော်လည်း ဖိတ်ကြားခံရတာလား။"

"ဟုတ်ကဲ့။ ဒါပေမဲ့ ပါတီအလယ်လောက်မှာ တူအာနီယာ မြို့စားကတော်နဲ့ မြို့စားမင်း အယ်ရ်ဂီတို့ နှစ်ယောက်တည်း လသာဆောင်ကို ထွက်သွားကြပါလေရော။"

ယခင်တစ်ခါ တူအာနီယာ မြို့စားကတော် ကျင်းပခဲ့သော လက်ဖက်ရည်ပါတီတုန်းက နှစ်ယောက်သား တင်းမာစွာ စကားပြောခဲ့ကြသည်ကို သတိရလိုက်မိသည်။

မြို့စားမင်း အယ်ရ်ဂီက တောင်းပန်စကား ပြောခဲ့တာများလား။

"လူမှုရေးလောကမှာ နာမည်အကြီးဆုံး အမျိုးသားနဲ့ အမျိုးသမီး နှစ်ယောက်တည်း ရှိနေတာဆိုတော့ လူတွေကလည်း ဘာစကားတွေ ပြောနေကြမလဲဆိုပြီး သိချင်ကြတာပေါ့။ လသာဆောင်ကနေ အရင်ထွက်လာတာက မြို့စားမင်း အယ်ရ်ဂီပါပဲ။"

"လေဒီ ရက်ရှ်တာရော အနီးအနားမှာ မရှိဘူးလား။"

လော်ရာက အလျင်အမြန် ကြားဖြတ်ဖြေခဲ့သည်။

"လေဒီ ရက်ရှ်တာလည်း ဖိတ်ကြားခံရလို့ ရောက်နေပေမဲ့ အဲ့ဒီအချိန်မှာတော့ သူက ရီထယ်ယန် မင်းသားကြီးနဲ့ စကားပြောနေခဲ့တာပါ။"

ကျွန်မရဲ့ ရံရွေတော်တွေလည်း အတော်များများ ထိုပွဲသို့ တက်ရောက်ခဲ့ကြပုံပင်။

နယ်စားကတော် အယ်လီဇာက သက်ပြင်းကို လေးပင်စွာ ချလိုက်ပြီးမှ စကားဆက်ခဲ့သည်။

"အဲ့ဒီနောက်မှာ တစ်ယောက်ယောက်က မြို့စားမင်း အယ်ရ်ဂီကို နောက်​ရွှတ်ရွှတ် မေးခဲ့တယ်လေ။ သူ့အမြင်မှာ တူအာနီယာ မြို့စားကတော်က ဘယ်လောက်အထိ ဆွဲဆောင်မှုရှိလဲဆိုပြီးတော့ပေါ့။"

"မကောင်းတဲ့အဖြေ ပေးလိုက်တာများလား။"

" 'ဘာလို့ ယောက်ျားထုကြီးက မြို့စားကတော်ကို ဒီလောက်အထိ စွဲလမ်းနေကြမှန်း အခုမှ သိတော့တယ်' ဆိုပြီး သူက ပြန်ဖြေခဲ့တာပါ။ အဲ့ဒီအဖြေကို ကျွန်မလည်း ကြားခဲ့ပါတယ်။"

"...."

"ကြားထဲမှာ ဘာတွေဖြစ်သွားမှန်းတော့ မသိလိုက်ပါဘူး။ နောက်ပိုင်း ဆူညံသံတွေ ထွက်လာတော့ တူအာနီယာ မြို့စားကတော်က မြို့စားမင်း အယ်ရ်ဂီကို ပါးရိုက်ပြီးသွားပါပြီ။ အဲ့ဒါကလည်း လူတွေအများကြီး ဝိုင်းနေတဲ့အရှေ့မှာတင်ပါ။"

ပြောချင်လွန်းလို့ မနေနိုင်မထိုင်မှ ဘေးမှ တလှုပ်လှုပ်ဖြစ်နေသည့် လော်ရာက နောက်ဆုံးတွင် မအောင့်နိုင်ဘဲ ထပ်မံ၍ ကြားဖြတ်ပြောလာပြန်သည်။

"အဲ့ဒီကစပြီး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့တာပါပဲ။ တူအာနီယာ မြို့စားကတော်က မြို့စားမင်း အယ်ရ်ဂီကို ဖြန်းခနဲနေအောင် ပါးရိုက်လိုက်တာလေ။ မြို့စားမင်း အယ်ရ်ဂီရဲ့ မျက်နှာလည်း ဝှစ်ခနဲ လည်ထွက်သွားတော့တာပဲ။ အဲ့ဒီအချိန်မှာ ရုတ်တရက် မိန်းမတစ်ယောက် ပြေးလာပြီး တူအာနီယာ မြို့စားကတော်ရဲ့ ဆံပင်ကို အနောက်ကနေ ဆွဲလိုက်တာပါ။"

ဒါကရော ဘာလဲ...

ကျွန်မ အကြောင်သား ကြည့်လိုက်တော့ လော်ရာက အမြန် ဖြည့်စွက်ပြောပြခဲ့သည်။

"မြို့စားမင်း အယ်ရ်ဂီရဲ့ အဆက်ဟောင်းတွေထဲက တစ်ယောက်တဲ့လေ။ လမ်းခွဲပြီးတာတောင် မြို့စားမင်းနောက်ကို တကောက်ကောက်လိုက်နေတာထင်ပါရဲ့။"

"မနေ့ကကိစ္စကြောင့် အခုတော့ မြို့တော်ကနေ နှင်ထုတ်ခံလိုက်ရပါပြီ။"

"တူအာနီယာ မြို့စားကတော်က ဘာကြောင့် မြို့စားမင်း အယ်ရ်ဂီကို ပါးရိုက်လိုက်မှန်း ဘယ်သူမှ မသိကြဘူးလား။"

"ဟုတ်ကဲ့။"

အကြောင်းရင်းကို မသိပေမဲ့...ဟင့်အင်း၊ မသိလို့ပဲ လူတွေက ဒီအကြောင်းကိုပြောဖို့ ပိုပြီး အလုပ်ရှုပ်နေတော့မှာပေါ့။

"သိပ်ပြီးလည်း မစိုးရိမ်ပါနဲ့၊ ဧကရီအရှင်မ။ နှစ်တိုင်း ဒီလိုကိစ္စမျိုးတွေဆိုတာ အမှုသုံးဆယ်ထက်မနည်း ဖြစ်နေကျပဲ မဟုတ်လား။"

"အားလုံး ဝိုင်းပြောနေကြပေမဲ့ တခြားကိစ္စအသစ် ပေါ်လာရင် အဲ့ဒီဘက်ကို ပြောင်းသွားကြမှာပါ။"

"ဟုတ်ပါပြီ..."

ရေထဲတွင် လက်ကို ဝှေ့ယမ်းလိုက်သည်။

အနည်းငယ် ပူနေခဲ့သည့် ရေက ယခုတော့ အနေတော်လောက် အေးသွားပေပြီ။

အချိန်ကို ကြည့်လိုက်တော့ မိနစ် ၂၀ ခန့် ရှိသွားပြီဖြစ်၍ နေရာမှ ထလိုက်၏။

ကျွန်မ တူအာနီယာ မြို့စားကတော်ကိစ္စကို ထပ်မမေးတော့ဘဲ ရေချိုးဝတ်ရုံကိုပတ်ပြီး အပြင်သို့ ထွက်လာခဲ့သည်။

နယ်စားကတော် အယ်လီဇာ၏ စကားက မှန်၏။

ဤသို့သော ကိစ္စမျိုးများက ဇာတ်လိုက်များသာ ပြောင်းသွားသော်လည်း အမြဲတမ်း ဖြစ်နေကျပင်။

ဧကရီအနေနှင့် အာဏာသုံးပြီး ဝင်ပါ၍ရသည့် ကိစ္စလည်းမဟုတ်သဖြင့် ဤအတိုင်း လွှတ်ထားလိုက်ရုံသာ။

မြို့စားကတော်က ဤကိစ္စနှင့်ပတ်သက်၍ အခြားသူများ ​ပြောကြလျှင် မာနထိခိုက်သည်ဟု ခံစားရမည်ဖြစ်သောကြောင့်ပင်။

ရေချိုးဝတ်ရုံ ဝတ်ပြီး ထွက်လာတော့ အပြင်၌ စောင့်နေသည့် ရံရွေတော်က လက်ဖက်ရည်အေးတစ်ခွက် ပေးခဲ့သည်။

"ကျေးဇူးပဲ။"

သို့သော် ကျေးဇူးတင်ကြောင်းပြောပြီး လက်ဖက်ရည်ခွက်ကို ယူလိုက်စဉ်မှာပင်။

အမှတ်တမဲ့ ပြတင်းပေါက်ကို လှမ်းကြည့်မိကာ လန့်သွားတော့သည်။

မှောင်မည်းနေသော အမှောင်ထုထဲတွင် ခပ်မည်းမည်းသဏ္ဌာန်တစ်ခုကို တွေ့လိုက်ရ၏။

အကျွမ်းတဝင်ရှိသော ပုံရိပ်လေးပင်။

အနားတိုးသွားသည့်အခါ ထင်သည့်အတိုင်း ပြတင်းပေါက်ဘောင်တွင် ဝပ်ဝပ်လေးကပ်နေသော ကွီးန် ဖြစ်နေသည်။

"ကွီးန်။"

လက်ဖက်ရည်ခွက်ကို ချပြီး အပြေးသွားကာ တံခါးဖွင့်ပေးလိုက်တော့ ကွီးန်က လုံးဝ အားပြတ်နေသည့်ပုံစံဖြင့် တဖြည်းဖြည်း ချဉ်းကပ်ဝင်လာ၏။

"ကွီးန်၊ အဆင်ပြေရဲ့လား။"

ပုံမှန်ထက် ပို၍... အတော်လေး ပင်ပန်းနေသည့်ပုံပင်။

တော်ဝင်မင်းသား ဟိုင်န်ရီက ကွီးန်ကို ဝီလ်ဝေါလ်အထိ ခေါ်သွားတာများလား။

ဒါပေမဲ့ မင်းသား ခေါ်သွားတာဆိုရင် ကွီးန်ကို လှောင်အိမ်ထဲ ထည့်သွားတာဖြစ်ဖြစ်၊ မြင်းရထားထဲ အတူခေါ်သွားတာဖြစ်ဖြစ် လုပ်မှာပေါ့...

အရင်ဆုံး ကလေးကို ဂရုစိုက်ပေးမှပဲဟု တွေးရင်း ကျွန်မ ကွီးန်ကို ပွေ့ချီကာ ခုတင်ပေါ်တွင် ထိုင်လိုက်သည်။

"ကွီးန်၊ ဒါလေး သောက်လိုက်။"

လော်ရာကလည်း အလိုက်သိစွာဖြင့် အမြန်ပင် ရေအေးတစ်ခွက် ယူလာပေးသည်။

ကွီးန်က အလောတကြီး နှုတ်သီးနှစ်ပြီး ရေသောက်လေ၏။

တော်သေး၍ ခဏအကြာတွင် အားပြန်ပြည့်လာသည့်အလား အခန်းထဲတွင် သုံးပတ်လောက် လျင်မြန်စွာ ပျံဝဲပြခဲ့သည်။

"အခု အဆင်ပြေသွားပြီလား။"

-ဂူ

စိတ်အေးသွားသော်လည်း အကြာကြီးနေမှ ပြန်တွေ့ရသည့် ကွီးန်ကို ပွေ့ဖက်ချင်သဖြင့် အမြန် အနားသွားလိုက်သည်။

ကျစ်ကျစ်ပါအောင် ပွေ့ဖက်ပြီး ချစ်စရာကောင်းသော နဖူးလေးကို နမ်းပစ်ချင်၏။

သို့သော် ပုံမှန်ဆိုလျှင် အရုပ်လေးလို ငြိမ်နေတတ်သည့် ကွီးန်က ထူးဆန်းစွာပင် ကျွန်မကို ရှောင်ဖယ်သွားသည်။

"ကွီးန်။"

အံ့ဩသဖြင့် ကြည့်လိုက်တော့ ကွီးန်က စားပွဲပေါ်တွင် သွားထိုင်ကာ ထူးဆန်းသော မျက်နှာထားဖြင့် ကျွန်မကို သေချာစိုက်ကြည့်နေသည်။

တစ်စုံတစ်ရာကို ဝေခွဲမရဖြစ်ပြီး စဉ်းစားနေသည့်ပုံပင်။

"ကွီးန်။ အဆင်ပြေရဲ့လား။"

စိုးရိမ်၍ မေးလိုက်တော့ ကွီးန်က ခေါင်းကို ဘယ်ညာ စောင်းငဲ့ပြီး သက်ပြင်းအသာချကာ ကျွန်မ အနားသို့ တိုးလာသည်။

ထို့နောက် ကျွန်မ၏ အင်္ကျီလက်ကို နှုတ်သီးဖြင့်ဆွဲပြီး အပေါ်ကို ပျံတက်ရန် ကြိုးစားတော့၏။

"ကွီးန်။"

ဘာလုပ်တာပါလိမ့်ဟု တွေးလိုက်မိသော်လည်း သူ့နောက်လိုက်ပြီး လက်ကို အပေါ်မြှင့်ပေးလိုက်သည်။

သို့သော် ထူးဆန်းသော အပြုအမူက ဤမျှနှင့် မပြီးသေးပေ။

ကွီးန်က ကျွန်မ၏လက်ကို မျက်နှာကြက်ဆီသို့ မြှောက်ခိုင်းပြီးသည့်နောက်မှာလည်း တောင်ပံများကို အဆက်မပြတ်ခတ်ကာ မျက်နှာကြက်ဆီသို့ ပျံတက်ရန် ကြိုးစားပြန်သည်။

နားမလည်နိုင်သဖြင့် လက်ကို ပြန်ရုပ်ရန် ကြိုးစားလိုက်သော်လည်း အတော်ဇွဲကောင်းစွာဖြင့် မလွှတ်ဘဲ တောင်ပံခတ်နေသည့် ကွီးန်က နောက်ဆုံးတွင် သူ့ဘာသာသူ အားကုန်သွားကာ ကြမ်းပြင်ပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျသွားတော့၏။

ငှက်တစ်ကောင် ဤမျှအထိ အသက်ပြင်းပြင်း ရှူနေသောအသံကို ပထမဆုံး ကြားဖူးခြင်းပင်။

တင်ပါးချပြီး ခြေထောက်ကိုဆန့်ကာ ထိုင်နေခြင်းကိုလည်း ပထမဆုံး မြင်ဖူးခြင်းဖြစ်၏။

ငှက်တွေက နဂိုကတည်းက ဒီလိုပဲလား။

အားပြတ်နေသော လူလိုပင်။

ကျွန်မ သတိထားပြီး လက်လှမ်းကာ ခေါင်းကို သပ်ပေးလိုက်တော့ ကွီးန်က မျက်လုံးလေးမှိတ်ရင်း အားအင်မရှိစွာ ကျွန်မလက်ဖဝါးတွင် သူ့မျက်နှာလေးကို ပွတ်သပ်နေရှာသည်။

"ကွီးန်။ တစ်ခုခု ဖြစ်လို့လား။"

-ဂူ...

"အာ ကွီးန်။ ဧကန္တ နင်..."

-....

"ငါ့ကို ခေါ်သွားချင်တဲ့နေရာရှိလို့ ဒီလိုလုပ်နေတာလား။"

-...ဂူ

အဲ့ဒါကြောင့်များလား။

"ဘယ်သွားချင်လို့လဲ။ အရှေ့က ပျံသွားရင် ငါ လိုက်ခဲ့မယ်လေ။"

လဲကျနေသော ကွီးန်ကို ပွေ့ချီရင်း နဖူးလေးကို နမ်းကာ မေးလိုက်သော်လည်း ကွီးန်က ကျွန်မလက်ပေါ်တွင် အားမရှိသလို မှိန်းနေကာ ဘာမှပြန်မဖြေတော့ပေ။

ထိုအစား သူ၏တောင်ပံများကို လူတို့ ကိုယ့်လက်ကိုယ် စစ်ဆေးသလို ရှေ့နောက် လှန်လှောကြည့်လိုက်ရာမှ သက်ပြင်းအရှည်ကြီးချကာ ထသွားပြီး ပြတင်းပေါက်မှ ပျံထွက်သွားတော့သည်။

'ဘာလာလုပ်တာပါလိမ့်။ တကယ်ပဲ တော်ဝင်မင်းသား ဟိုင်န်ရီဆီ ငါ့ကို ခေါ်သွားချင်နေတာများလား။'

~~~~

ပင်မနန်းဆောင်သို့သွားပြီး အလုပ်လုပ်နေသည်မှာ နှစ်နာရီခန့် ကြာသွားသည့်အချိန်တွင်ဖြစ်သည်။

မျက်လုံးများ ညောင်းညာလာကာ မျက်ခုံးများ တဆစ်ဆစ်ကိုက်ခဲလာသဖြင့် တစ်ချက်လေး အပြင်သို့ ထွက်လာခဲ့ရာ မလှမ်းမကမ်းတွင် ရက်ရှ်တာ ငုတ်တုပ်လေးထိုင်ကာ ချုံပင်များကို ငေးကြည့်နေသည်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရ၏။

တံခါးဖွင့်သံ ကြားသွား၍လားမသိ၊ ရက်ရှ်တာက ကျွန်မရှိရာဘက်သို့ လှည့်ကြည့်ပြီး "အာ" ဟု ရေရွတ်သံ ထွက်လာသည်။

ထို့နောက် ချက်ချင်းပင် အနားသို့ ချဉ်းကပ်လာကာ ဦးညွှတ်ဂါရဝပြုရင်း မေးလာ၏။

“ဟိုလေ…… ဧကရီ အရှင်မ။ အဆင်ပြေမယ်ဆိုရင် ခဏလောက် အချိန်ပေးလို့ ရမလားဟင်။”

“ပြောကြည့်။”

“အဲ့ဒါကလေ……”

ရက်ရှ်တာက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။

ကျွန်မ ထွက်လာခဲ့သည့် အခန်းရှေ့တွင် တော်ဝင် စစ်သည်တော်များ ရှိနေသလို၊ ကျွန်မ၏ အနောက်တည့်တည့်တွင်လည်း ကိုယ်ရံတော်စစ်သည် ဆာ အာရ်တီနာက ရပ်နေ၏။

ရက်ရှ်တာက ထိုသူများ မရှိသည့်နေရာတွင် စကားပြောချင်ပုံရသော်လည်း ဆာ အာရ်တီနာကမူ ရက်ရှ်တာအတွက်နှင့် နေရာဖယ်ပေးရန် အစီအစဉ်မရှိပေ။

ကျွန်မ မျက်ရိပ်ပြလိုက်မှသာ သူက အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပေးခဲ့သည်။

သို့သော်လည်း ရက်ရှ်တာက စိတ်တုံးတုံးမချနိုင်ဖြစ်နေပုံရကာ အလွန်တိုးညင်းသော အသံဖြင့် စတင်၍ တီးတိုးပြောဆိုလာ၏။

“ဧကရီ အရှင်မ။ ချစ်သူဖြစ်လာရင် ရတဲ့ငွေ ရှိတယ်ဆိုပြီး ကြားလို့လေ……”

“ဟုတ်တယ်။”

“ဘယ်လောက်အထိ ရတာလဲဟင်။”

“တစ်နှစ်ကို ခရန်း သုံးသောင်းလောက်။”

ရက်ရှ်တာက ထင်ထားသည်ထက် ပိုများနေ၍လားမသိ၊ မျက်လုံးလေးများ ဝိုင်းစက်သွားသည်။

“တ...တကယ်လားဟင်။”

ကျွန်မ ခေါင်းညိတ်ပြလိုက်တော့ သူက လက်နှစ်ဖက်ဖြင့် ပါးစပ်ကိုအုပ်ကာ ဝမ်းသာအားရ ဖြစ်နေ၏။

သို့သော် တစ်ခုခုကို စဉ်းစားမိသွားဟန်ဖြင့် တစ်ဖန် ပြန်လည်ညှိုးငယ်သွားကာ မေးလာပြန်သည်။

“အတိအကျ ဘယ်တော့ကစပြီး ရနိုင်မလဲဟင်။”

“လာမဲ့လဆန်းပိုင်းလောက်ပေါ့။ ဘာလို့လဲ။ အရေးပေါ် ငွေလိုနေလို့လား။”

လက်ရှိ လိုအပ်သည့် ပစ္စည်းမှန်သမျှကို ဆိုဗီရ်ရှုက အကုန်ဖြည့်ဆည်းပေးနေသည်ဟု သိထားသော်လည်း စိုးရိမ်စိတ်ဖြင့် မေးလိုက်မိသည်။

ရက်ရှ်တာက ခေါင်းခါပြကာ လက်နှစ်ဖက်ကို စုယှက်ထားလျက် တုံ့ဆိုင်းနေ၏။

အတော်ကြာအောင် တွေဝေနေပြီးမှ သူက အသံကို မနည်းညှစ်ထုတ်ကာ မေးမြန်းလာသည်။

“ဟိုလေ…… ဧကရီ အရှင်မ။ ရက်ရှ်တာကို ပေးတဲ့ငွေတွေက မှတ်တမ်းအဖြစ် ကျန်နေမှာလားဟင်။”

“စာရင်းဇယား ပြုစုရမှာမို့လို့။”

မှတ်တမ်းအဖြစ် ကျန်ရုံတင်မကဘဲ သမိုင်းတွင်ပါ ကျန်ရစ်နေမည်ဖြစ်ကာ နောင်လာနောင်သားများလည်း ဖတ်ကြပေမည်။

သို့သော် ထိုအချက်အထိတော့ ထည့်မပြောဖြစ်ခဲ့ပေ။

ရက်ရှ်တာက ထပ်မံ၍ တွေဝေတုံ့ဆိုင်းစွာ မေးလာပြန်သည်။

“ဟိုလေ……ဧကရီ အရှင်မ။ မနေ့က အရှင်ဧကရာဇ်က ရက်ရှ်တာရဲ့ ဘဏ္ဍာငွေစီမံမှုကို ဘယ်ရွန် လန့်ထ်ဆီမှာ အပ်ထားမယ်ဆိုပြီး ပြောခဲ့လို့ပါ……”

“ဟုတ်လား။”

“ဟုတ်ကဲ့။ ဟိုလေ…… အမ်။ အဲ့ဒီငွေတွေထဲက တချို့တစ်ဝက်လောက်ကို အဲ့ဒီတော့ကလေ…… ရက်ရှ်တာကို သီးသန့် ပေးလို့ရမလားဟင်။”

“သီးသန့်ပေးရမယ်၊ ဟုတ်လား။”

ဧကန္တ ဘယ်ရွန် လန့်ထ်က အသုံးအစွဲတွေကို အကုန်စောင့်ကြည့်နေမှာ စိုးရိမ်လို့များလား။

“ဘယ်ရွန် လန့်ထ်က ဘဏ္ဍာငွေ စီမံပေးမယ်ဆိုပေမဲ့ အဲ့ဒီငွေတွေက မင်း သုံးဖို့ပဲလေ။ သူက မင်းရဲ့ အသုံးအစွဲအပေါ် ဝင်ရောက်စွက်ဖက်မှာ စိုးရိမ်နေတာဆိုရင်တော့ မပူနဲ့။”

“မဟုတ်ပါဘူး၊ အဲ့ဒီလိုမဟုတ်ပါဘူး…… ခရန်း သုံးသောင်းထဲက တစ်သောင်းခွဲ၊ ဟင့်အင်း၊ ခရန်း တစ်သောင်းလောက်ပဲ ဖယ်ပြီး ကျွန်မကို ပေးလို့မရဘူးလားဟင်။ ပြီးတော့ အဲ့ဒါကို စာရင်းထဲမှာ မထည့်လို့…… ဖြစ်နိုင်လောက်မလား။ လျှို့ဝှက်စာရင်းဇယားဆိုတာမျိုးတွေလည်း ရေးကြတယ်လို့ ကြားဖူးတာကို……”

ဧကန္တ လျှို့ဝှက်ရန်ပုံငွေ ဖန်တီးချင်နေတာများလား။

မကောင်းသည့်အလုပ်ဖြစ်သော်လည်း လုပ်၍မရသည်တော့ မဟုတ်ပေ။

ပိုပေးရခြင်းမျိုးမဟုတ်ဘဲ ရှိပြီးသားပမာဏကို ခွဲပေးရုံသာဆိုလျှင်။

သို့သော် ကျွန်မကိုယ်တိုင် ဝင်ပါရမည့်ကိစ္စ မဟုတ်။

“အရှင်ဧကရာဇ်ဆီက ခွင့်ပြုချက်အရင်တောင်းတာ ပိုကောင်းမယ်ထင်တယ်။”

“ငွေကြေးစီမံမှုကို ဧကရီ အရှင်မက လုပ်တာလို့ ကြားထားလို့ပါ……”

“ဒါပေမဲ့ မင်းနဲ့ပတ်သက်တဲ့ ကိစ္စမှန်သမျှကို အရှင်ဧကရာဇ်ကပဲ စီမံခန့်ခွဲတာလေ။ ဒီကိစ္စကို အရှင်ဧကရာဇ်ကိုပဲ မေးကြည့်လိုက်။”

ရက်ရှ်တာတစ်ယောက် အကြံကုန်သွားသည့်အလား မျက်လုံးလေးများကို ဟိုကစားဒီကစား လုပ်နေပြီးမှ အဲ့ဒီလိုလုပ်ပါ့မယ်ဟု တိုးညင်းစွာရေရွတ်ကာ လှည့်ထွက်သွားတော့သည်။

~~~~

“ဘာဖြစ်လို့ ဒီလောက်တောင် မျက်နှာစူပုပ်နေရတာလဲ။”

မြို့စားမင်း အယ်ရ်ဂီက အခန်းထဲသို့ ဝင်လာရင်း ရက်ရှ်တာကိုမြင်တော့ ဖူးခနဲရယ်ကာ မေးခဲ့သည်။

ရက်ရှ်တာက ဖောင်းနေသည့် မျက်နှာဖြင့် ခေါင်းအုံးကို ဖက်ထားကာ ဒေါသတကြီး အသက်ရှူနေ၏။

ပုံမှန်နှင့်မတူဘဲ မြို့စားမင်း အယ်ရ်ဂီကို တစ်ချက်လှမ်းကြည့်လာသော်လည်း မျက်နှာထားကို မပြင်ခဲ့ပေ။

တစ်ခုခုတော့ အကြီးအကျယ် ဖြစ်နေပြီဟု တွေးကာ မြို့စားမင်း အယ်ရ်ဂီက အနီးအနားရှိ ကုလားထိုင်တွင်ထိုင်ရင်း ရက်ရှ်တာကို စိုက်ကြည့်နေသည်။

လျှို့ဝှက်ဆန်းကြယ်သော ငွေရောင်ဆံနွယ်များကို ဖြန့်ချထားလျက် ခေါင်းအုံးကို ဖက်ထားသည့် သူ၏ပုံစံက ဆိုဗီရ်ရှု မြတ်နိုးရလောက်အောင် အမှန်တကယ်ပင် လှပလွန်း၏။

စိတ်ကောက်နေသည့်တိုင်။

“ဧကရီက တအားကို သွေးအေးလွန်းပါတယ်။”

“သွေးအေးတယ် ဟုတ်လား။ ရန်ဖြစ်ခဲ့ကြတာလား။”

“ကျွန်မရဲ့ အနေအထားနဲ့ ရန်ဖြစ်လို့ရပါ့မလား။”

“အရင်စပြီး ရန်ရှာတတ်မဲ့သူမျိုး မဟုတ်တာကို။”

“ဧကရီအကြောင်း ကောင်းကောင်းသိလှချည်လား။”

“ငါက လူတွေရဲ့ စရိုက်ကို ကောင်းကောင်းခွဲခြားတတ်တဲ့သူလေ။ အသေးစိတ် မဟုတ်ရင်တောင် အကြမ်းဖျင်းပေါ့။”

“အဲ့ဒီတော့။ မြို့စားမင်းရဲ့အမြင်မှာ ဧကရီက ဘယ်သူ့ကိုမှ အရင်ရန်မရှာတတ်တဲ့ သဘောထားပြည့်ဝသူကြီး ဖြစ်နေတာလား။”

“သဘောထားကြီးတယ်ဆိုတာထက်…… မင်းပြောသလိုပဲ သွေးအေးတာပေါ့။ စာအုပ်ကြီးဆန်တယ်လို့ပဲ ပြောရမလား။ ဧကရီတစ်ပါးလိုပဲ ပြုမူ၊ ဧကရီတစ်ပါးလိုပဲ တွေး၊ ဧကရီတစ်ပါးလိုပဲ ပြောတာ။”

မြို့စားမင်း အယ်ရ်ဂီက နှစ်ကြိမ်သာ ဆုံဖူးသည့် ဧကရီကို ပြန်တွေးကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ ထူးဆန်းလောက်အောင် ပုံစံသွင်းထားသည့်အလား ပြီးပြည့်စုံသော ဧကရီ၏ ပုံရိပ်ပင်။ ကြားဖူးသလောက်ဆိုလျှင် သူက ငယ်စဉ်ကတည်းက နတ်ရွာစံဧကရီနောက်မှ လိုက်ပါကာ ဧကရီတစ်ပါးတတ်ရမည့်အတတ်များကို သင်ယူခဲ့သည်ဟု ဆို၏။ ထိုစဉ်ကတည်းက တည်ဆောက်ခဲ့သည့် ဘောင်တစ်ခု ဖြစ်ပေလိမ့်မည်။

“သဘောထားကြီးလို့ ရန်မရှာဘူးဆိုတာထက်၊ သူက တခြားလူတွေနဲ့ စည်းတစ်ခု အသေအချာ ကန့်သတ်ထားတဲ့ပုံစံမျိုး။”

“အဲ့ဒါကို ခဏလေး မြင်ရုံနဲ့ သိတာလား။”

“ခဏလေး မဟုတ်ဘူး။ လက်ဖက်ရည်ပါတီတုန်းက တောက်လျှောက် အကဲခတ်နေခဲ့တာလေ။ ဒါနဲ့ တကယ်ပဲ ဘာဖြစ်တာလဲ၊ မိန်းကလေးရဲ့။”

“……”

ရက်ရှ်တာက ပြောလျှင် ကောင်းမလား၊ မကောင်းဘူးလား ဝေခွဲမရဖြစ်နေသည့်အလား မြို့စားမင်း အယ်ရ်ဂီ၏ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်နေသည်။

မြို့စားမင်း အယ်ရ်ဂီက ကုလားထိုင် နောက်မှီပေါ်တွင် လက်တစ်ဖက် တင်ထားရင်း သဘောတွေ့စွာ ရယ်လိုက်၏။

“ပြောရခက်နေရင်လည်း မပြောနဲ့လေ။”

ရက်ရှ်တာက စနိုးစနောင့်ဖြစ်နေသော်လည်း ယခုအချိန်တွင် သူက မိမိအယုံကြည်ရဆုံးနှင့် အားအကိုးရဆုံးလူပင်။

အခက်ခဲဆုံး အချိန်တွင် ကူညီပေးခဲ့သလို၊ ထိုနောက်ပိုင်းတွင်လည်း အမျိုးမျိုးသော ကောလာဟလများနှင့် အတင်းအဖျင်းများကြားမှ ကာကွယ်ပေးခဲ့သူဖြစ်၏။

နောက်ဆုံးတွင် ရက်ရှ်တာလည်း ပွင့်ပွင့်လင်းလင်း ပြောပြလိုက်တော့သည်။

“ဧကရာဇ်ရဲ့ ချစ်သူ ရပိုင်ခွင့်ရှိတဲ့ အသုံးစရိတ်ထဲက တချို့တစ်ဝက်ကို စာရင်းထဲ မမှတ်ဘဲ ထုတ်ပေးလို့ရမလားဆိုပြီး တောင်းဆိုတာ အငြင်းခံလိုက်ရလို့ပါ။”

မြို့စားမင်း အယ်ရ်ဂီက တဟားဟား ရယ်တော့သည်။

“ဘာ။ အဲ့ဒါကို ဘာလို့လဲ။”

“ပိုက်ဆံ လိုလို့ပေါ့……”

“တစ်ခုခု ဝယ်ချင်လို့လား။ အရှင်ဧကရာဇ်ကို ပြောကြည့်လေ။ ဘာပဲဖြစ်ဖြစ် လုပ်ပေးမှာပဲ။”

“ပစ္စည်းကိစ္စ မဟုတ်ပါဘူး။”

“ဒါဆို။”

“မသိတော့ဘူး။ ဘာပဲဖြစ်ဖြစ် စိတ်တိုတာပဲ။ အရှင်ဧကရာဇ်က အသုံးစရိတ် ပေးရင်တောင် ဘယ်ရွန် လန့်ထ်ကိုပဲ စီမံခိုင်းမယ်တဲ့။ ဒါဆို ရက်ရှ်တာ စိတ်ကြိုက် သုံးလို့ရတဲ့ငွေက မရှိသလောက်ပဲ မဟုတ်ဘူးလား။”

ဘဏ္ဍာငွေစီမံခန့်ခွဲတာကို တခြားလူ လုပ်တာနဲ့ သုံးတာက ဘာဆိုင်လို့လဲ။

မြို့စားမင်း အယ်ရ်ဂီလည်း ရက်ရှ်တာ တစ်ခုခုကို ဖုံးကွယ်ထားမှန်း ရိပ်မိလိုက်တော့သည်။

သို့သော် ဇွတ်အတင်း မေးမြန်းမည့်အစား ပေါ့ပေါ့ပါးပါး အကြံပြုလိုက်၏။

“မဖြစ်မနေ လိုအပ်တာဆိုရင် ကျုပ် ချေးပေးရမလား။”

“မြို့စားမင်းကလား။”

“ကျုပ်မှာ ပိုက်ဆံပေါတယ်လေ။”

မြို့စားမင်း အယ်ရ်ဂီက လူမိုက်လိုပြောရင်း “ဘယ်လိုလဲ” ဟု ပေါ့ပေါ့ပါးပါး မေးခဲ့သည်။

“ဒါပေမဲ့……”

“ချေးငွေ ကတိကဝတ် စာချုပ်လည်းရေး၊ ပမာဏကိုလည်း အတိအကျမှတ်မှာ။ ဒါဆို အဆင်ပြေတယ် မဟုတ်လား။”

“အခု ပိုက်ဆံချေးခဲ့ရင်တောင် နောက်ပြန်ဆပ်ရင် ဘယ်ရွန် လန့်ထ်ကို ပြောရမှာပဲဟာ။ အဲ့ဒါဆိုရင် နောက်ဆုံးတော့ အတူတူပဲမဟုတ်ဘူးလား။ ပိုက်ဆံ ချေးသုံးမှန်း သိသွားမှ ပိုပြီးတော့တောင် သံသယဝင်ကြဦးမှာကို။”

“တစ်သက်လုံး ဘယ်ရွန် လန့်ထ်ဆီမှာပဲ အပ်ထားမှာမှ မဟုတ်တာ။ တစ်နှစ်၊ နှစ်နှစ်လောက်နေရင် မိန်းကလေးကိုယ်တိုင် စီမံခန့်ခွဲနိုင်မှာပေါ့။”

“အဲ့ဒါတော့ ဟုတ်ပေမဲ့……”

ဧကရာဇ် ဆိုဗီရ်ရှုက ရက်ရှ်တာ ‘ဘဏ္ဍာရေး စီမံခန့်ခွဲမှု သင်ယူပြီးတဲ့အထိ’ ဟု သတ်မှတ်ထားခြင်းဖြစ်သည်။

ကြိုးစားသင်ယူပြီး ဗိုင်းကောင့် လိုတဲရှုကို ပိုက်ဆံမပေးတော့ကြောင်း သက်သေပြနိုင်လျှင် တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်း စောင့်ကြည့်မှုကို ရုပ်သိမ်းသွားနိုင်၏။

“စာချုပ်ထဲမှာ ငါးနှစ်အထိ ငွေပြန်ဆပ်ဖို့ မတောင်းဆိုဘူးဆိုပြီး ရေးထားလိုက်ရင် ရတာပဲလေ။”

“အင်း...ဒါဆိုရင်တော့...”

“ဒါပေမဲ့။”

“...”

“အခြေအနေတစ်ခုတော့ရှိတယ်။”

“အတိုးလားဟင်။”

မြို့စားမင်း အယ်ရ်ဂီက ဖူးခနဲရယ်ကာ လက်ခါပြခဲ့သည်။

“မိတ်ဆွေအချင်းချင်းကြားမှာ အတိုးက ဘာလုပ်ဖို့လဲ။ အရင်းအတိုင်းပဲ တွက်ပေးရင် ရပြီ။”

ကျွန်များအနက် အကြွေးမဆပ်နိုင်၍ ဘဝပျက်သွားကြသူများ၊ သို့မဟုတ် ထိုသို့သောလူများ၏ မိသားစုများကို ရက်ရှ်တာ တွေ့ဖူးသည်။

အတိုးကြီးကြီးနှင့် ငွေချေးခြင်းက မည်မျှအန္တရာယ်ရှိမှန်း အကြိမ်ကြိမ် ကြားဖူးခဲ့သဖြင့် မြို့စားမင်း အယ်ရ်ဂီက အတိုးမယူဘူးဟု ပြောလာချိန်တွင် စိတ်အေးသွားရ၏။

“ဒါဆို အခြေအနေက ဘာများလဲ။”

“ဘာလို့ ငွေအများကြီး လိုအပ်သလဲဆိုတာ ကျုပ်ကို ပြောပြနိုင်မလား။”

“……ဘာဖြစ်လို့လဲ။”

“အလိမ်ခံရမဲ့အလားအလာရှိရင် တားပေးမလို့။”

“အလိမ်ခံရမယ်၊ ဟုတ်လား။”

“အရှင်ဧကရာဇ်ကို အသိမပေးဘဲ ပိုက်ဆံသုံးချင်တယ်ဆိုတာ ကောင်းတဲ့အကြောင်းရင်းတော့ မဟုတ်လောက်ဘူးလေ။ တစ်ခုခုမှာ ရင်းနှီးတာပဲဖြစ်ဖြစ်၊ အလိမ်ခံရတာပဲဖြစ်ဖြစ်၊ အဲ့ဒီလိုဆိုရင်တော့ တားရမှာပေါ့။”

နောက်​နေသလိုလို ရှိသော်လည်း စိုးရိမ်စိတ် အပြည့်နှင့် ပြောလာသည့် စကားပင်။

ရက်ရှ်တာလည်း မြို့စားမင်း အယ်ရ်ဂီကို တဒင်္ဂ ငေးကြည့်နေမိ၏။

ရုတ်တရက် သူကတော့ အဖြစ်မှန်ကို အကုန်သိသွားခဲ့ရင်တောင် ငါ့ကို ကူညီပေးလောက်မလားဟူသော မျှော်လင့်ချက်လေး ဝင်လာသည်။

အခြေအနေက တည်ငြိမ်နေလျှင်မူ စွန့်စားပြီး ဖွင့်ပြောစရာ မလိုပေ။

အချိန်ယူပြီး သူ့ကို စောင့်ကြည့်၍ရနိုင်၏။

သို့သော် ရက်ရှ်တာအဖို့ မိမိအား ကူညီပေးနိုင်မည့်လူကို ‘ဆက်ဆက်’ ‘ချက်ချင်း’ လိုအပ်နေသည်။

မိမိ၏ အခြေအနေကို သိလျက်နှင့် လှောင်ပြောင်ခြင်း၊ လက်ညှိုးထိုးခြင်းမရှိဘဲ သနားစိတ်ဖြင့် ရှေ့ထွက်ကူညီပေးနိုင်မည့် လူမျိုး။

လက်ရှိတွင် ထိုသို့သောလူက မြို့စားမင်း အယ်ရ်ဂီ တစ်ယောက်တည်းသာ။

ဧကရာဇ်ကလည်း မိမိကို ကျွန်ပြေးမှန်းသိလျက်နှင့် လက်ခံထားသည်ဆိုသော်ငြား မြို့စားမင်း အယ်ရ်ဂီနှင့် အခြေအနေချင်း မတူပေ။

ဧကရာဇ်က ‘အချစ်’ ဖြစ်ကာ မြို့စားမင်း အယ်ရ်ဂီက ‘သူငယ်ချင်းသံယောဇဉ်’ ဖြစ်သည်။

အချစ်က ဖုံးကွယ်ပေးနိုင်သည့်အရာနှင့် သူငယ်ချင်းသံယောဇဉ်က ဖုံးကွယ်ပေးနိုင်သည့်အရာမှာ ကွာခြား၏။

အချစ်က ရက်ရှ်တာ၏ လျှို့ဝှက်ချက်ကို သိသွားလျှင် စိတ်ပျက်ပြီး ဝေးကွာသွားနိုင်သော်လည်း သူငယ်ချင်းသံယောဇဉ်ကမူ စိတ်မကောင်းဖြစ်ကာ ဖေးမပြီး ခွန်အားဖြစ်ပေးနိုင်ပေမည်။

ရက်ရှ်တာလည်း မရဲတရဲဖြင့် တံတွေးတစ်ချက် မျိုချလိုက်သည်။

“တကယ်တော့လေ……”

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment