အပိုင်း ၈၃ (ငါ့စကားမှန်နေရင် တောင်းပန်ပါ)
ညှဉ်းပန်းနှိပ်စက်ခြင်းမပြုဘဲ သည်းခံပေးနေသတဲ့လား။
ဧကရာဇ်၏ရင်သွေးကို အန္တရာယ်ပြုရန်ကြိုးစားခဲ့သည့် အခြေအနေမျိုး၌ပင်……
မားကီးစ် ကားလ်၏ စိတ်ထဲတွင် ရှုပ်ထွေးသွားရသည်။
ဆိုဗီရ်ရှု၏ စကားများက သူ့ကို ပို၍ပင် ဝေခွဲမရဖြစ်စေခဲ့၏။
ဆိုဗီရ်ရှုက ရက်ရှ်တာကို တန်ဖိုးထားကြောင်း မည်သူကြည့်ကြည့် သိသာလှသည်။
လက်တွေ့တွင်လည်း သူက ဗိုင်းကောင့် လန်ဒရယ် ရှာဖွေတွေ့ရှိထားသော အချက်အလက်များကို ဖုံးကွယ်ပေးခြင်းဖြင့် ရက်ရှ်တာ တူအာနီယာ မြို့စားကတော်အပေါ် ကျူးလွန်ခဲ့သည်များကို ဖုံးဖိပေးခဲ့ကာ၊ ခိုရှာရ်က ရက်ရှ်တာကို တွန်းခဲ့သည်ဟူသော အထောက်အထားမရှိသည့် စကားကိုလည်း ချက်ချင်း ယုံကြည်ပေးခဲ့၏။
ဗိုင်းကောင့် လန်ဒရယ်က ရက်ရှ်တာ၏ ဇာစ်မြစ်ကို ဖော်ထုတ်လာချိန်တွင်လည်း နှုတ်ပိတ်ထားရန် အမိန့်ပေးခဲ့ဖူးသည်။
သို့သော် အချစ်ကြောင့် စုံလုံးကန်းနေသည်ဟု ပြောရန်မှာလည်း တစ်ချက်တစ်ချက်တွင် မတင်မကျဖြစ်စရာ အချက်များကို တွေ့ရတတ်ပြန်၏။
ထို့အပြင် ဆိုဗီရ်ရှုက အေးစက်စွာ ပြောနေသော်လည်း စိတ်ထဲတွင် တစ်ခုခုကို စိုးရိမ်နေသည့်အလား ပြတင်းပေါက်ဘက်သို့ ခဏခဏ လှည့်ကြည့်နေခဲ့သည်။
ထိုပြတင်းပေါက်မှကြည့်လျှင် အနောက်နန်းဆောင်သို့သွားရာ စင်္ကြံလမ်းကို လှမ်းမြင်ရ၏။
တစ်ဖက်လူက စင်္ကြံအမိုးအပြင်ဘက်သို့ ထွက်လာမှသာ မြင်နိုင်မည်ဖြစ်သော်လည်း……
“အရှင်ဧကရာဇ်။ စိတ်ထဲမှာ မတင်မကျဖြစ်နေတယ်ဆိုရင် အခုချက်ချင်းပဲ ဧကရီအရှင်မကို အထဲဝင်လာဖို့ ပြောလိုက်ပါလားခင်ဗျ။ ကျွန်တော်မျိုး တင်ပြစရာတွေက အရေးတကြီးကိစ္စတွေမဟုတ်လို့ နောက်မှ ပြန်လာခဲ့ပါ့မယ်။”
“သွားလောက်ပြီနေမှာ။”
“သွားတာကို မြင်လိုက်လို့လားဗျ။”
“ဟင့်အင်း။ ဒါပေမဲ့ ဧကရီမဟုတ်လား။”
“...”
“မာနထိခိုက်စေမဲ့ကိစ္စမျိုးကို လုံးဝ လုပ်မှာမဟုတ်ဘူး။”
“ဒါဆို အရှင်ဧကရာဇ်ကပဲ အနောက်နန်းဆောင်ကို သွားလိုက်မယ်ဆိုရင် ဘယ်လိုလဲဗျ……”
“အဲ့ဒီလိုလုပ်ဖို့ကျတော့ ဒေါသထွက်တယ်။”
“ဒါနဲ့ အရှင်ဧကရာဇ်၊ မားကီးစ် ဖာရ်အန်းက ကိုယ်ဝန်ဖျက်ဆေး ရှာခဲ့တယ်ဆိုတာ တကယ်ပဲ သေချာလို့လားခင်ဗျ။”
“ကျုပ်ရဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေက လူတော်တွေလေ။”
ဆိုဗီရ်ရှုက တိုက်ရိုက်မဖြေဘဲ နေရာမှ ထရပ်လိုက်သည်။
“ပင်ပန်းလိုက်တာ။ ခဏလောက် လမ်းလျှောက်ရင်ကောင်းမလား။”
ဆိုဗီရ်ရှုက တီးတိုးရေရွတ်ရင်း တံခါးဆီသို့ လျှောက်သွားသည်။
ဤနေရာတွင် ဧကရီ ဖြတ်သွား၊ မသွား စောင့်နေရခြင်းက သူ့အတွက် ပို၍ ပင်ပန်းစရာဖြစ်နေပုံရ၏။
'အနောက်နန်းဆောင်ကိုပဲ သွားလိုက်တာက ပိုကောင်းမယ်ထင်တယ်' ဟု မားကီးစ် ကားလ်က စိတ်ထဲမှတွေးကာ သူ့နောက်မှ လိုက်ပါထရပ်လိုက်သည်။
သို့သော် ဧည့်ခန်းကို ဖြတ်ကျော်ကာ တံခါးအပြင်ဘက်သို့ ထွက်လိုက်သည့် ဆိုဗီရ်ရှုတစ်ယောက် စင်္ကြံလမ်းသို့ ခြေတစ်လှမ်းအချမှာပင် ကြောင်အမ်းသွားတော့၏။
အထဲကို ပေးမဝင်သည်နှင့် ချက်ချင်း ပြန်သွားလောက်ပြီဟု ထင်ထားခဲ့သော ဧကရီက ထိုနေရာတွင် ရှိနေဆဲပင်။
မားကီးစ် ကားလ်လည်း လန့်သွားကာ အလျင်အမြန် ဦးညွှတ်နှုတ်ဆက်လိုက်ရသည်။
“ပြန်သွားပြီ ထင်နေတာကို။”
ဆိုဗီရ်ရှုက သူ့ဘာသာ တီးတိုးရေရွတ်လိုက်၏။
မကြာမီ သူ၏မျက်နှာထားက ရှုံ့မဲ့ပျက်ယွင်းသွားတော့သည်။
~~~~
ပထမတော့ ဒီအတိုင်း ပြန်သွားရမလားဟု စဉ်းစားခဲ့မိသေး၏။
ကျွန်မ၏ ပုံမှန်စိတ်နေစိတ်ထားအရဆိုလျှင် ဒီအတိုင်း ပြန်လှည့်သွားမိမှာ အမှန်ပင်။
သို့သော် တကယ်တမ်း ပြန်ရန်ပြင်လိုက်သည့်အခါတွင်မူ ခေါင်းမာမှုက ကပ်ပါလာသည်။
ထို့ကြောင့် ဆိုဗီရ်ရှု ထွက်လာသည်အထိ ထိုနေရာတွင်သာ ရပ်စောင့်နေခဲ့မိခြင်းပင်။
‘ဘယ်အချိန်ပဲထွက်ထွက်၊ ထွက်တော့ထွက်လာမှာပေါ့။’
တော်သေး၍ ဆိုဗီရ်ရှုက ထင်သလောက် အကြာကြီးမနေဘဲ ထွက်လာခဲ့သည်။
ရက်ရှ်တာအတွက် စိုးရိမ်နေ၍လားမသိ၊ တံခါးဖွင့်ပြီး ထွက်လာသော ဆိုဗီရ်ရှုက အားပြတ်နွမ်းလျနေသည့်ပုံပင်။
သို့သော် ကျွန်မကို မြင်လိုက်သည်နှင့် မနှစ်မြို့သည့်အလား ချက်ချင်းပင် မျက်မှောင်ကြုတ်သွားတော့၏။
“ပြန်သွားပြီမှတ်နေတာ။ ……ဘာလို့ ဒီမှာ ရပ်နေတာလဲ။ ဧကရီက တစ်ခုခု အပြစ်ပေးခံရပြီး ရပ်နေတာလား။”
ကျွန်မက တတ်နိုင်သမျှ အေးစက်စွာပြုံးရင်း ဘာမှမဖြစ်သလို ဟန်ဆောင်ကာ ပြန်ဖြေလိုက်သည်။
“အရှင်ဧကရာဇ်က ဒီလိုအဖြစ်မျိုးကို လိုချင်နေတဲ့ပုံမို့လို့။”
“...”
“တစ်ခါလောက် လာပြပေးလိုက်တာပါ။”
သူ ကျွန်မကို လျစ်လျူရှုခဲ့သည့်အတွက် မာနထိခိုက်သွားသည့် အရိပ်အယောင်မျိုး ကျွန်မ မပြခဲ့။
သို့သော် ဘာကြောင့်ပါလိမ့်။
သူ့ဘာသာ ကျွန်မကို အရင် လျစ်လျူရှုခဲ့သည့် အကြောင်းရင်းကြောင့်ဖြစ်မည်လား။
ဆိုဗီရ်ရှု၏ မျက်ဝန်းများ သိသိသာသာ တုန်ယင်သွားခဲ့သည်။
သို့သော် ထိုအခြေအနေက ခေတ္တသာ။
သူက မကြာခင်မှာပင် အေးစက်သောလှောင်ပြုံးတစ်ခုကို ဆင်မြန်းကာ ခနဲ့တဲ့တဲ့ ပြောလာ၏။
“ဧကရီက ငါ့ကို အမြဲတမ်း အံ့သြရအောင် လုပ်တတ်တာပဲ။ ရက်ရှ်တာကိစ္စမှာရော၊ အခုကိစ္စမှာရော။”
“အရှင်ဧကရာဇ်ကတော့ အမြဲတမ်း အက်ကြောင်းထပ်နေတာချည်းပဲနော်။ လေဒီ ရက်ရှ်တာနဲ့ ပတ်သက်ရင်ရော၊ အခုရောပေါ့။”
အနားသို့ တိုးကပ်လာသော ဆိုဗီရ်ရှုက ဘေးပတ်ဝန်းကျင်မှ လူများ မကြားစေရန် အသံကိုနှိမ့်ကာ ကျွန်မ၏ နားနားသို့ တီးတိုးပြောလာသည်။
“ဧကရီက ငါ့ကို ဒီလိုမျိုး ဆက်ဆံနိုင်တဲ့ အခြေအနေမှာ ရှိနေတာ မဟုတ်ဘူးထင်တယ်။ တစ်ခါတလေကျရင် အဲ့ဒီမာနကို နည်းနည်းလောက် လျှော့ချသင့်တာ မဟုတ်ဘူးလား။”
“ဘာလို့ အဲ့ဒီလို တွေးရတာလဲရှင့်။”
“ငါက ဧကရီ့အတွက်ဆိုပြီး ဧကရီ့အစ်ကိုရဲ့ ကြီးလေးတဲ့ပြစ်မှုကို ဖုံးကွယ်ပေးထားတာမို့လို့လေ။”
“ရက်ရှ်တာကို ဆေးခတ်တာက ကျွန်မအစ်ကိုလို့ ပြောချင်တာပါလား။”
“မဟုတ်ဘူးလို့ ထင်နေတာလား။”
အမှန်အတိုင်းပြောရလျှင် ‘ကျွန်မအစ်ကိုက အဲ့ဒီလိုလူစားမျိုး မဟုတ်ဘူး’ ဟု ယုံကြည်ချက်အပြည့်ဖြင့် မပြောနိုင်ပေ။
ချစ်သူကမွေးသည့် သားသမီးက အမွေဆက်ခံခွင့်မရှိသော်လည်း၊ အသက်ရှင်စဉ်အတွင်း မိမိပိုင်ဆိုင်သည့် ပစ္စည်းများကို လွှဲပြောင်းပေးခြင်းကိုမူ မတားဆီးနိုင်ပေ။
အထူးသဖြင့် ဇနီးမောင်နှံချင်း ဆက်ဆံရေးမကောင်းသည့်အခါမျိုးတွင် အရိုက်အရာဘွဲ့၊ နယ်မြေနှင့် ရဲတိုက်များမှလွဲ၍ ကျန်ရှိသော ပိုင်ဆိုင်မှုအားလုံးကို ချစ်သူဘက်မှ ကလေးထံ လွှဲပေးလိုက်ကြသူများ ရှိတတ်သည်။
သို့သော် မွေးဖွားလာသည့် ကလေးဖြစ်စေ၊ တစ်ဖက်လူ၏ ချစ်သူကိုဖြစ်စေ ပေါ်တင်လုပ်ကြံသတ်ဖြတ်လျှင် ဥပဒေအရ အပြစ်ပေးခံရမည်ပင်။
လူမသိသူမသိ တိုးတိုးတိတ်တိတ် သတ်ဖြတ်လျှင်ပင် အစအန ကျန်ရစ်တတ်သလို သတင်းထွက်ရန်လည်း လွယ်ကူလှ၏။
ဤသို့သော အခြေအနေများကြောင့် မှူးမတ်များနှင့် တော်ဝင်မိသားစုဝင်များက တစ်ဖက်လူ၏ ချစ်သူကို ကိုယ်ဝန်ဖျက်ဆေးသုံးပြီး တိတ်တဆိတ် တိုက်ခိုက်သည့်ကိစ္စများက မနည်းလှပေ။
သို့သော် ဤနေရာတွင် လက်ခံပေးလိုက်၍လည်း မဖြစ်ပြန်။
“မဟုတ်ပါဘူး။”
ကျွန်မ ပြတ်ပြတ်သားသား ငြင်းလိုက်တော့ ဆိုဗီရ်ရှုက ခနဲ့တဲ့တဲ့ ရယ်ခဲ့သည်။
သူက ကျွန်မ၏ နားနားတွင်ကပ်၍ တီးတိုးပြောနေဆဲဖြစ်သဖြင့် ကျွန်မ၏ နားနားမှ ဆံစလေးများ တုန်ခါသွားသည်ကို ခံစားလိုက်ရ၏။
“ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်လူဘက်ကတော့ ပါရမှာပေါ့လေ။ ဧကရီရဲ့ဝေဖန်ပိုင်းခြားနိုင်တဲ့အမြင်က ဝေဝါးသွားတာ မဟုတ်ဘူးလို့ပဲ ငါ ယူဆလိုက်မယ်။”
ကျွန်မက ယုံကြည်ချက်မရှိဘဲ အစ်ကိုဖြစ်သူဘက်မှ ကာကွယ်ပေးနေကြောင်း သူ သိနေသည်ဟူသော လေသံမျိုးပင်။
ကျွန်မက အစ်ကို့အကြောင်းကို ဆက်မပြောဘဲ ဆိုဗီရ်ရှုကို တတ်နိုင်သမျှ အေးစက်စွာ စိုက်ကြည့်လိုက်သည်။
“အရှင်ဧကရာဇ်က အဲ့ဒီလိုမျိုး တွေးနေလို့ ကျွန်မကို လျစ်လျူရှုပြီး အခန်းထဲကို ဝင်ခွင့်မပေးခဲ့တာလားရှင့်။”
“ငါ့ဒေါသကို ထိန်းနေရလို့။ ဧကရီကို မြင်လိုက်ရင် အဲ့ဒါက ထိန်းမရတော့မှာစိုးလို့။”
ဆိုဗီရ်ရှုက အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီးနောက် ကျွန်မကို တစ်ချက် အကဲခတ်သလိုကြည့်ကာ ဝှစ်ခနဲ ဖြတ်လျှောက်သွားတော့သည်။
ရက်ရှ်တာ၏အခန်းသို့ သွားမည်ဟုထင်ခဲ့သော်လည်း ထိုဘက်သို့ မဟုတ်ပေ။
သူက အလျင်အမြန် လျှောက်သွားရာမှ ရုတ်တရက် ရပ်လိုက်ပြီး ချက်ချင်း ပြန်လှည့်ကာ ကျွန်မဆီသို့ လျှောက်လာပြန်သည်။
ထို့နောက် ဘေးမှလူများကို အကုန်ဖယ်ခိုင်းလိုက်ကာ အသံနှိမ့်ပြီး ကျွန်မကို မာန်မဲလေ၏။
“ငါက ဒီအတိုင်း ကျော်သွားပေးမလို့ကို။ ဒေါသထွက်လွန်းလို့ မဖြစ်တော့ဘူး။ ဧကရီက ဧကရီ့အစ်ကိုကို တရားခံမဟုတ်ဘူးလို့ ထင်တယ်ပေါ့လေ။”
“……ဟုတ်ပါတယ်။”
“ဒါဆိုရင် ဧကရီကိုယ်တိုင် စုံစမ်းကြည့်လိုက်လေ။ ရက်ရှ်တာကို ကိုယ်ဝန်ဖျက်ဆေးတိုက်ခဲ့တဲ့ တရားခံက ဘယ်သူလဲဆိုတာ။”
“အရှင်ဧကရာဇ် လုပ်ရမဲ့အလုပ် မဟုတ်ဘူးလား။”
“မှန်တာပေါ့။ ငါ လုပ်ရမဲ့ အလုပ်လေ။ ဒါပေမဲ့ ငါကိုယ်တိုင်ထွက်ပြီး စုံစမ်းရင် ဧကရီအတွက် အထိနာသွားမှာစိုးလို့။”
“....”
“ငါ့လူတွေက ငါ့လူတွေပဲ။ ခိုရှာရ်က တရားခံဆိုရင်၊ သူတို့က ငါ့ကလေးကို အန္တရာယ်ပြုဖို့ ကြိုးစားခဲ့တဲ့ ခိုရှာရ်အပေါ် ဒေါသထွက်ကြလိမ့်မယ်။ အဲ့ဒီအခါကျရင် ငါ ဘယ်လောက်ပဲ နှုတ်လုံအောင် ထိန်းခိုင်းထားပါစေ၊ စကားတွေက ပေါက်ကြားသွားမှာ။”
“ကျွန်မအတွက် ထောက်ထားစဉ်းစားပေးနေသလိုမျိုး လာမလုပ်ပါနဲ့။”
ဆိုဗီရ်ရှု မျက်နှာပျက်သွားသည်။
သူက ကျွန်မကို စိုက်ကြည့်နေပြီးမှ ခပ်တိုးတိုး မာန်မဲကာ ပြန်လှည့်သွား၏။
“စုံစမ်းကြည့်လိုက်။ စုံစမ်းကြည့်ပြီးလို့ ဧကရီ့အစ်ကို လုပ်ခဲ့တာသာ မှန်နေရင် ငါ့ဆီလာပြီး တောင်းပန်။”
~~~~
ထိုနေ့ည။
ရေချိုးပြီးနောက် အိပ်ခန်းထဲသို့ ပြန်ရောက်တော့ နယ်စားကတော် အယ်လီဇာက ဆံပင်ဖြီးပေးရင်း ပြောပြလာသည်။
“ဒီကိစ္စအတွက် တာဝန်ယူတဲ့အနေနဲ့ ‘အဲ့ဒီမိန်းမ’ ရဲ့ တာဝန်ကျ အစေခံတွေနဲ့ တော်ဝင်စားဖိုမှူးကို အကုန်လုံးထုတ်ပစ်လိုက်ပြီလို့ပြောပါတယ်။”
“ထုတ်ပစ်လိုက်တယ်……”
“အစားအသောက်တွေထဲ ရောပါနေတာကို သတိမထားမိခဲ့ကြလို့လေ။”
“တရားခံကို ဖမ်းမိတယ်ဆိုတဲ့ သတင်းမျိုးရော မရှိဘူးလား။”
“အဲ့ဒီလိုမျိုးတော့ မကြားမိပါဘူး။”
“အင်း။”
နယ်စားကတော် အယ်လီဇာ ထွက်သွားပြီးနောက်။
ကျွန်မက မှန်တင်ခုံရှေ့တွင် တစ်ယောက်တည်းထိုင်ရင်း မှန်ထဲမှ ကျွန်မ၏ မျက်နှာကို ငေးကြည့်နေမိသည်။
ဆိုဗီရ်ရှု၏ စိတ်ရင်းကို မသိနိုင်သဖြင့် ဝေခွဲမရဖြစ်နေရ၏။
တကယ်ပဲ ကျွန်မအတွက်ကြောင့် ဒီလိုမျိုး ဆုံးဖြတ်ခဲ့တာလား။
ဒါမှမဟုတ် ဒီနည်းနဲ့ ကျွန်မကို အပြစ်ရှိသလို ခံစားရအောင်လုပ်ပြီး ရက်ရှ်တာကို မထိရဲအောင် တားဆီးချင်တာလား။
‘အဖြေကို ရှာချင်ရင် အမှန်တရားကို ရှာမှပဲရမယ်။’
နောက်တစ်နေ့ မနက်တွင် ကျွန်မ နယ်စားကတော် ဂျူဘယ်ရ်ကို မားကီးစ် ဖာရ်အန်းအား ခေါ်ပေးရန် အကူအညီတောင်းလိုက်သည်။
အစ်ကို့ကို တိုက်ရိုက်ခေါ်မေးခြင်းက အကောင်းဆုံးဖြစ်သော်လည်း။
အစ်ကိုက ယခုအထိ နန်းတော်သို့ ဝင်ထွက်ခွင့် ပိတ်ပင်ခံထားရဆဲဖြစ်သည်။
ထို့အပြင် ထိုကိစ္စကြောင့် ဖခင်ဖြစ်သူက အမျက်ထွက်နေသဖြင့် အိမ်တော်အပြင်သို့ပင် ကောင်းကောင်းမထွက်နိုင်ဘဲ ရှိနေသည်ဟု ကြားသိရ၏။
ဤကိစ္စနှင့် ပတ်သက်၍ မေးမြန်းနိုင်မည့်သူမှာ မားကီးစ် ဖာရ်အန်း တစ်ဦးတည်းသာ။
‘ဒါပေမဲ့ တကယ် ထူးဆန်းတယ်။ ဆိုဗီရ်ရှုက ဘယ်လိုနည်းနဲ့ ရက်ရှ်တာရဲ့ အစားအသောက်ထဲမှာ ကိုယ်ဝန်ဖျက်ဆေး ရောပါနေမှန်း သိသွားတာပါလိမ့်။ ရက်ရှ်တာကိုယ်တိုင်တောင် မသိလောက်တဲ့အထိဆိုရင် အပြင်ပန်းကြည့်ရုံနဲ့ သိနိုင်တဲ့ဆေးမျိုး မဟုတ်မှာသေချာတာကို……’
~~~~
နောက်တစ်နေ့တွင်။
မားကီးစ် ဖာရ်အန်းက ကျွန်မခေါ်သည်ဟူသော သတင်းကိုကြားသည်နှင့် ချက်ချင်း ရောက်လာခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင် နေ့လယ်စာစားချိန်ဖြစ်သဖြင့် ကျွန်မ သူနှင့်အတူ နေ့လယ်စာစားရန် ဖိတ်ကြားလိုက်၏။
ထို့နောက် ၁၀ မိနစ်ခန့် တိတ်ဆိတ်စွာ စားသောက်ပြီးမှ ကိုယ်ဝန်ဖျက်ဆေးအကြောင်းကို မေးမြန်းလိုက်သည်။
“မားကီးစ် ဖာရ်အန်းနဲ့က ငယ်ငယ်ကတည်းက အသိအကျွမ်းတွေဆိုတော့ ဝေ့လည်ကြောင်ပတ်လုပ်မနေဘဲ တဲ့တိုးပဲမေးတော့မယ်။”
“အင်း။ အာလူးက နည်းနည်း ငန်နေသလားလို့။”
“မီနူးအကြောင်း ပြောနေတာမဟုတ်ပါဘူး။”
“အဲ့ဒီလိုဖြစ်မယ်လို့ ထင်ပါတယ်။”
မားကီးစ် ဖာရ်အန်းက ပြုံးဖြီးဖြီးနှင့် လက်သုတ်ပဝါဖြင့် နှုတ်ခမ်းကို သုတ်လိုက်သည်။
“အဲ့ဒီလိုဆိုပေမဲ့လည်း အရှေ့မှာ နည်းနည်းလောက်တော့ စကားပလ္လင်ခံရဦးမယ် ထင်လို့ပါ။”
“အရှင်ဧကရာဇ်ရဲ့ ချစ်သူ လေဒီ ရက်ရှ်တာရဲ့ အစားအသောက်ထဲမှာ ကိုယ်ဝန်ဖျက်ဆေးကို တွေ့ခဲ့တယ်တဲ့။”
“ကြားမိပါတယ်။ ဟူး၊ တကယ် မကောင်းတဲ့အလုပ်ကို လုပ်ခဲ့တာပဲ၊ ဘယ်သူများပါလိမ့်။”
“အဲ့ဒီ မကောင်းတဲ့အလုပ်ကို လုပ်တဲ့လူက ကျွန်မအသိများ ဖြစ်နေမလား။”
“ဧကရီအရှင်မက ဘယ်လို…… မှူးမတ်အနွယ်တော်အများစုကို သိနေတာဆိုတော့လေ။”
“မှူးမတ်အနွယ်တော်ထဲက လုပ်ခဲ့တာပေါ့၊ ဟုတ်လား။”
“အစေခံတွေကတော့ ဒီလိုကိစ္စမျိုးကို လုပ်စရာအကြောင်းမရှိဘူး မဟုတ်ပါလား။”
မားကီးစ် ဖာရ်အန်းက ငန်လှချည်ရဲ့ဆိုသည့် အာလူးကို ပါးစပ်ထဲ ထည့်ဝါးရင်း ယဉ်ကျေးစွာ ပြုံးပြခဲ့သည်။
သို့သော် သူ၏ ယဉ်ကျေးသော မျက်နှာထားနှင့်မလိုက်ဘဲ လက်များက တဆတ်ဆတ် တုန်ယင်နေ၏။
သူက ယခင်ကတည်းက ကျွန်မရှေ့၌ လိမ်ပြောလျှင် အမြဲထိုအတိုင်းပင်။
တုန်နေသည့်လက်ကို ကျွန်မက စိုက်ကြည့်နေမိတော့ မားကီးစ် ဖာရ်အန်းက အဟမ်းဟု ချောင်းတစ်ချက်ဟန့်ကာ ပြုံးလိုက်ပြန်၏။
“ဘာပဲဖြစ်ဖြစ်၊ ဧကရီ အရှင်မအနေနဲ့ တကူးတက အာရုံစိုက်နေဖို့မလိုတဲ့ ကိစ္စမျိုးပါ။”
“အာရုံလည်းမစိုက်ချင်ပါဘူး။”
“ဒါဆိုရင် ဧကရီ အရှင်မ၊ ဧကရီ အရှင်မအနေနဲ့ စားဖိုမှူးကို အာလူးလေး နည်းနည်းအငန်လျှော့ပြီး ချက်ခိုင်းလိုက်ရုံပါပဲ။ အဲ့ဒီလို ချောက်ချားစရာကိစ္စတွေကို စိတ်ထဲမထားပါနဲ့။”
ဘာမှမပြောဘဲ စိုက်ကြည့်နေလိုက်တော့ သူက မျက်လွှာချလိုက်ရင်း မသိစိတ်ဖြင့် လက်ကိုမြှောက်ကာ ပါးကိုကုတ်နေခဲ့သည်။
သို့သော် လက်ကတုန်နေဆဲဖြစ်ကြောင်း အမှတ်တမဲ့ သတိရသွားကာ လက်ကို ပြန်ချသွား၏။
ကျွန်မ ခေါင်းကိုငဲ့စောင်းပြီး မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်တော့ မားကီးစ် ဖာရ်အန်းတစ်ယောက် စိတ်မသက်မသာဖြစ်ဟန်ဖြင့် ညည်းတွားလေတော့သည်။
“အဲ့ဒီလိုကြည့်ရင် ကြောက်ဖို့ကောင်းပါတယ်။ ခိုရှာရ်နဲ့ တစ်ပုံစံတည်းတူနေလို့ တကယ် ကြောက်ဖို့ကောင်းတာဗျ။”
“မားကီးစ် ဖာရ်အန်း။ တကယ်ပဲ ဒီကိစ္စက ကျွန်မ အာရုံစိုက်ဖို့မလိုတဲ့ကိစ္စလား။”
နောက်ဆုံးတွင် မားကီးစ် ဖာရ်အန်းလည်း ငိုမဲ့မဲ့မျက်နှာဖြင့် မေးလာတော့သည်။
“မသိတဲ့ကိစ္စအဖြစ်ပဲ ထားလိုက်လို့မရဘူးလားဗျာ။”
“အစ်ကိုခိုင်းတဲ့အလုပ်လား။”
“……”
“အရှင်ဧကရာဇ်က ဒီကိစ္စကို အစ်ကို့လက်ချက်လို့ ထင်နေတာတောင် ဒါက ကျွန်မ အာရုံစိုက်ဖို့မလိုတဲ့ကိစ္စလို့ ပြောနေတုန်းပဲလား။”
ဧကရာဇ် ဆိုဗီရ်ရှုက အစ်ကို့ကို သံသယဝင်နေသည်ဟု ပြောလိုက်သော်လည်း မားကီးစ် ဖာရ်အန်းက အံ့သြသည့်ပုံမပေါ်ပေ။
ထိုအချက်ကို ကြည့်ရုံဖြင့် ပို၍သေချာသွားရသည်။
ဤကိစ္စတွင် မားကီးစ် ဖာရ်အန်းနှင့် အစ်ကိုတို့ ပတ်သက်နေသည်မှာ အမှန်ပင်။
တစ်ချက် ငြိမ်ကျသွားသော မားကီးစ် ဖာရ်အန်းက နောက်ဆုံးတွင် သက်ပြင်းအရှည်ကြီးချကာ အလွန်တိုးညင်းစွာ ရေရွတ်ခဲ့၏။
“စိတ်ချပါ ဧကရီ အရှင်မ။ အဆုံးအဖြတ်ပေးနိုင်မဲ့ အထောက်အထားကိုတော့ ကျိန်းသေပေါက် ရှာတွေ့မှာမဟုတ်လို့ပါ။”
“အထောက်အထားကို ဖျောက်လိုက်ပြီလို့ ပြောတာလား။”
“ဆေးဝယ်ခဲ့တဲ့ အထောက်အထားကို ဖျောက်ဖို့ကတော့ ခက်ပါတယ်။ မိခင်ကို ထိခိုက်မှု လုံးဝမရှိသလောက်ဖြစ်တဲ့ ဆေးမို့လို့၊ ဈေးအရမ်းကြီးသလို ရောင်းတဲ့နေရာကလည်း အကန့်အသတ်ရှိတယ်မဟုတ်လား။”
မားကီးစ် ဖာရ်အန်းက ခေါင်းငုံ့ထားရင်း လက်သုတ်ပဝါကို ထူးထူးဆန်းဆန်း ပုံဖော်ခေါက်ကာ သူ့ပန်းကန်ဘေးတွင် ချထားလိုက်သည်။
“ဒါပေမဲ့ ကိုယ်ဝန်ဖျက်ဆေး ဝယ်ခဲ့တဲ့ အထောက်အထားကို မဖျောက်နိုင်ရင်တောင်၊ ကိုယ်ဝန်ဖျက်ဆေးကို တခြားလူတစ်ယောက်က သုံးခဲ့တာပါဆိုတဲ့ အထောက်အထားကိုတော့ ဖန်တီးလို့ရနေတာပဲ။”
သူ ခေါက်ထားသည်က တောင်ပံကျိုးနေသော ငန်းဖြူလေးပင်။
“ကိစ္စတွေ လွဲချော်သွားမယ်ဆိုရင် အဲ့ဒီဆေးကို သူကိုယ်တိုင် သုံးခဲ့တာပါလို့ ဝန်ခံပေးမဲ့ သရုပ်ဆောင်တစ်ယောက်ကို ရှာထားပြီးပါပြီ။”
လိမ်ညာမှုများ ပြီးဆုံးသွား၍လားမသိ၊ သူ့လက်များက မတုန်တော့ပေ။
မားကီးစ် ဖာရ်အန်းက လက်သုတ်ပဝါဖြင့် ခေါက်ထားသော ငန်းဖြူလေး၏ နှုတ်သီးကို ဖွဖွလေးတို့လိုက်ပြီး ကျွန်မကိုကြည့်ကာ ပြုံးပြခဲ့သည်။
ထိုမြင်ကွင်းကို ကြည့်နေရသည်က ရင်ထဲတွင် နောက်ကျိသော မြူနှင်းများ ဖုံးလွှမ်းသွားသလိုပင်။
မောဟိုက်စွာဖြင့် သက်ပြင်းချမိတော့၏။
“မားကီးစ် ဖာရ်အန်း။ ကိစ္စတွေကို ဖုံးဖိထားနိုင်ဖို့ကလည်း အရေးကြီးပေမဲ့……”
“...”
“အဲ့ဒီလို ကြောက်စရာကောင်းတဲ့ ကိစ္စမျိုးကို ကျွန်မလူတွေက တကယ် လုပ်ခဲ့တယ်ဆိုတာကလည်း အရေးကြီးတယ်။”
အမျိုးမျိုးသော ခံစားချက်များ ရောပြွမ်းလာ၏။
အစ်ကိုနှင့် မားကီးစ် ဖာရ်အန်းတို့က ကျွန်မအတွက်ကြောင့် အန္တရာယ်ရှိသောကိစ္စထဲ ဝင်ပါခဲ့သည့်အတွက် အားနာမိသလို၊ သူတို့နှစ်ယောက် လုပ်ခဲ့သည့် မကောင်းမှုအတွက်လည်း ဒေါသထွက်မိရသည်။
ထို့အပြင် ဆိုဗီရ်ရှု၏ စကားများက မှန်ကန်နေခဲ့သည့်အတွက်လည်း မာနထိခိုက်သလို ခံစားရပြန်၏။
“ဧကရီ အရှင်မ။ အလင်းရှိရင် အမှောင်ဆိုတာ ရှိစမြဲပါ။”
“ဒါက မဖြစ်မနေ လုပ်ရမဲ့ကိစ္စပဲလို့တော့ မပြောပါနဲ့။ မဟုတ်မှန်း သိနေတာမို့လို့။”
“ကိုယ်ကျင့်တရား စံနှုန်းတွေအရဆိုရင်တော့ ခိုရှာရ်က မကောင်းတဲ့လူပေါ့၊ သံသယဖြစ်စရာမလိုအောင်ကို။”
“ဒါပေမဲ့ ကျွန်မအတွက် လုပ်ခဲ့တာမို့လို့ နားလည်ပေးပါပေါ့လေ။”
“တကူးတက အမှောင်ဘက်ခြမ်းကို လိုက်မကြည့်ပါနဲ့လို့ ပြောချင်တာပါ။”
“မားကီးစ် ဖာရ်အန်း။”
“ဟုတ်ကဲ့ ဧကရီ အရှင်မ။”
“ကျွန်မ လုပ်သင့်တာနဲ့ မလုပ်သင့်တာကို မားကီးစ်က လာပြီး ဆုံးဖြတ်မပေးပါနဲ့။”
“...”
~~~~
မားကီးစ် ဖာရ်အန်း ပြန်သွားသော်လည်း စိတ်ထဲတွင် ပို၍ပင် ရှုပ်ထွေးလာရသည်။
ဆိုဗီရ်ရှုကို ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ……
သူ့ကို လိမ်ပြောရမည်ကလည်း မာနထိခိုက်စရာပင်။
မည်သို့ပင်ဖြစ်စေ အကုန်သိနေမည်ကို ကျွန်မ၏ ရုန်းကန်မှုများက သူ့အမြင်တွင် မည်မျှအထိ ရယ်စရာကောင်းနေမည်နည်း။
သို့သော်လည်း သူပြောသလို အမှန်ကိုဝန်ခံပြီး တောင်းပန်ရန်ကိုလည်း မာနက ခွင့်မပြုပြန်ပေ။
နောက်ဆုံးတွင် ထိုနေ့ တစ်နေ့လုံးသာမက ညလုံးပေါက် ထိုကိစ္စကို စဉ်းစားနေခဲ့ရသဖြင့် အခြားအလုပ်များကို ကောင်းကောင်းမဆောင်ရွက်နိုင်ခဲ့။
“ဧကရီ အရှင်မ။ နေကောင်းပါရဲ့လား။ မျက်နှာက သိပ်မကောင်းသလိုပါပဲ။”
“စဉ်းစားစရာလေးတွေ ရှိနေလို့လေ……”
ကိုယ်ဝန်ဖျက်ဆေးနှင့် ပတ်သက်သည့်ကိစ္စက ရံရွေတော်များကို ပြောပြရန်ပင် အရှက်ရစရာဖြစ်နေသည်။
ကျွန်မက ဘာမှမဟုတ်သလို ဟန်ဆောင်ပြီး နယ်စားကတော် အယ်လီဇာကို ပြုံးပြလိုက်၏။
သူက ကျွန်မစကားကို အလိမ်အညာမှန်းရိပ်မိပုံရသော်လည်း ထပ်မမေးတော့ပေ။
တော်သေး၍ မွန်းလွဲပိုင်းတွင် အနောက်ဘုရင့်တိုင်းပြည်၏ သံတမန်အဖွဲ့ ရောက်လာခဲ့သဖြင့် ဤကိစ္စကို ခေတ္တမေ့ထားနိုင်ခဲ့၏။
နှင်းဆီဖြူခန်းမဆောင်တွင် တွေ့ဆုံရသော ဆိုဗီရ်ရှုက ကျွန်မကို စေ့စေ့စပ်စပ် အကဲခတ်ခဲ့သော်လည်း စုံစမ်းစစ်ဆေးမှု အခြေအနေကိုတော့ မမေးခဲ့။
သူက ကျွန်မကို ဝတ်ကျေတမ်းကျေ ဆက်ဆံခဲ့ကာ ကျွန်မကလည်း ဘာမှမဖြစ်သလို မျက်နှာထားဖြင့် သံတမန်အဖွဲ့၏ နှုတ်ဆက်မှုကို လက်ခံခဲ့သည်။
သံတမန်အဖွဲ့ ခေါင်းဆောင်က ကျွန်မနှင့် ဆိုဗီရ်ရှုကို ရှည်လျားလှသော နှုတ်ခွန်ဆက်စကားများ ပြောကြားပြီးသည့်နောက်တွင် နောက်ဆုံး၌ လိုရင်းကို တင်ပြလာ၏။
“……အဲ့ဒါကြောင့် အနောက်ဘုရင့်တိုင်းပြည်ရဲ့ ဘုရင်အသစ် ပထမ ဟိုင်န်ရီမင်းမြတ်က၊ နန်းမတက်မီ အရှေ့အင်ပါယာမှာ နေထိုင်ခဲ့ရတဲ့ အချိန်အတွင်း အင်မတန် ပျော်ရွှင်ခဲ့ရကြောင်း၊ အဲ့ဒီအတွက် အခု နန်းတက်ပွဲ အခမ်းအနားကို အရှေ့အင်ပါယာရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်အများအပြား တက်ရောက်ပြီး ဂုဏ်ပြုပေးကြဖို့ မျှော်လင့်မိကြောင်း ပြောကြားလိုက်ပါတယ်။”
သူ့စကားအဆုံးတွင် ခေါင်းဆောင်၏ အနောက်မှ မှူးမတ်တစ်ဦးက ရွှေရောင်သေတ္တာရှည်တစ်ခုကို ကိုင်ဆောင်ကာ လျှောက်လာခဲ့သည်။
ဆိုဗီရ်ရှု၏ အတွင်းရေးမှူးချုပ် မားကီးစ် ကားလ်က ရှေ့ထွက်ကာ ရွှေရောင်သေတ္တာအဖုံးကို ဖွင့်လိုက်ပြီးနောက် အတွင်းမှ လိပ်ထားသော စာလိပ်ရှည်ကို ထုတ်ယူလိုက်၏။
မားကီးစ် ကားလ်က စာလိပ်ကို ဆိုဗီရ်ရှုထံ ဆက်သလိုက်ရာ၊ ဆိုဗီရ်ရှုက စာလိပ်ကိုဖြန့်ပြီး အတွင်းမှအကြောင်းအရာများကို ဖတ်ကြည့်ခဲ့သည်။
သူက ခေါင်းဆတ်ပြကာ စာလိပ်ကို မားကီးစ် ကားလ်ထံ ပြန်ပေးလိုက်၏။
ထိုလုပ်ငန်းစဉ်များ ဆောင်ရွက်နေစဉ်အတွင်း ကျွန်မက သံတမန်အဖွဲ့ဝင်များ၏ မျက်နှာကို တစ်ဦးချင်းစီ လိုက်ကြည့်နေမိသည်။
အားလုံးက မသိသော မျက်နှာများသာ။
တော်ဝင်မင်းသား ဟိုင်န်ရီ ခေါ်လာတတ်သည့် ထိုစစ်သည်တော်များသော်လည်းကောင်း၊ လိုက်ပါလာတတ်သော အခြားစစ်သည်များသော်လည်းကောင်း ပါလာခဲ့လျှင် အပြာရောင်ငှက်လေးကိုဖြစ်ဖြစ်၊ ကွီးန်ကိုဖြစ်ဖြစ် ခေါ်လာလောက်လေမလားဟု တွေးမိခဲ့သော်လည်း……
နန်းတက်ပွဲကို တက်ရောက်နိုင်ပါ့မလားမသိဘူးဟု စာရေးထားခဲ့မိသည့်ကိစ္စအပေါ် စိတ်ထဲမတင်မကျဖြစ်နေသဖြင့် ပြန်လည်ပြင်ဆင်ပြောကြားချင်ခဲ့သော်လည်း စိတ်ပျက်သွားရသည်။
မည်သို့ပင်ဖြစ်စေ ယခုလို အခြေအနေမျိုးတွင် အေးအေးလူလူနှင့် အနောက်ဘုရင့်တိုင်းပြည်သို့ သွားနိုင်မည်မဟုတ်သည်က သေချာနေချေပြီ။
နှမြောတသဖြစ်မိသည်ကို မျိုသိပ်ရင်း ကျွန်မ ပို၍ပင် တည်ငြိမ်သော မျက်နှာထားကို ပြင်ဆင်လိုက်မိ၏။
ထိုစဉ်မှာပင် တစ်စုံတစ်ယောက် စိုက်ကြည့်နေသည်ကို ခံစားမိသဖြင့် ဘေးသို့ လှည့်ကြည့်လိုက်ရာ၊ ဆိုဗီရ်ရှုက အေးစက်သော မျက်လုံးများဖြင့် ကျွန်မကို ကြည့်နေကြောင်း တွေ့လိုက်ရသည်။
ကျွန်မ စိုက်ကြည့်လိုက်တော့ သူက ခေါင်းကို ပြန်လွှဲသွားသော်လည်း မကျေနပ်သည့် မျက်နှာထားကမူ ယခင်အတိုင်းရှိနေဆဲပင်။
“ပထမ ဟိုင်န်ရီဘုရင်ကို စကားပါးပေး။ စေတနာကို နားလည်ပေမဲ့၊ အရှေ့အင်ပါယာရဲ့ ဧကရီက လုပ်ငန်းဆောင်တာတွေနဲ့ အလုပ်များနေသလို၊ အဖိုးတန်လှတဲ့ ကိုယ်မို့လို့ အဲ့ဒီလောက် ခရီးအဝေးကြီးအထိ ကိုယ်တိုင် မကြွချီနိုင်ပါဘူးလို့။”
သူ သံတမန်အဖွဲ့ခေါင်းဆောင်အား ပြောလိုက်သည်ကို ကြားမှသာ ဘာကြောင့် ထိုမျှအထိ မျက်နှာပုပ်နေမှန်း နားလည်သွားတော့သည်။
ကျွန်မ တစ်ချက်လေး အခြားအကြောင်းအရာကို စဉ်းစားနေစဉ်အတွင်း သံတမန်အဖွဲ့ခေါင်းဆောင်က ဤနန်းတက်ပွဲသို့ ကျွန်မကို အရှေ့အင်ပါယာ၏ကိုယ်စားလှယ်အဖြစ် စေလွှတ်ပေးရန် တောင်းဆိုခဲ့ပုံပင်။
“သံတမန်အဖွဲ့ ခေါင်းဆောင်အဖြစ် ရီထယ်ယန် မင်းသားကြီးကို စေလွှတ်လိုက်မယ်။”
ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သော ဆိုဗီရ်ရှုက ကျွန်မကို တစ်ဖန်ပြန်ကြည့်လာပြီး အလွန်တိုးညင်းစွာ ကပ်ပြောခဲ့သည်။
“ဆေးနဲ့ ပတ်သက်တဲ့ကိစ္စကို စုံစမ်းနေတုန်းပဲလား။”
~~~~
သံတမန်အဖွဲ့ကို ကြိုဆိုသည့် အခမ်းအနား ပြီးဆုံးပြီးနောက် အခန်းသို့ ပြန်ရောက်ကာ စားပွဲရှေ့၌ ငိုင်တိုင်တိုင် ထိုင်နေမိစဉ်။
ပြတင်းပေါက်ကို သစ်ကိုင်းလေးဖြင့် တတောက်တောက် ခေါက်နေသည့် အသံကို ကြားလိုက်ရသည်။
အလျင်အမြန် ပြတင်းပေါက်နားသို့ တိုးသွားလိုက်တော့ အပြာရောင်ငှက်လေးက လက်ဖဝါးခန့်ရှိသည့် စာအိတ်လေးကို နှုတ်သီးဖြင့် ကိုက်ထားကြောင်း တွေ့လိုက်ရ၏။
ပြတင်းပေါက် ဖွင့်ပေးလိုက်သည်နှင့် ငှက်လေးက အမြန်ပျံဝင်လာကာ ကျွန်မရှေ့တွင် စာအိတ်ကို ချပေးခဲ့သည်။
“ဒါကို သယ်လာတာလား။”
အံ့သြတကြီး မေးလိုက်တော့ ငှက်လေးက ခေါင်းညိတ်ပြပြီးနောက် အားပြတ်စွာဖြင့် အိပ်ရာပေါ်တွင် မှောက်လျက်လဲကျသွားတော့သည်။
ပုံမှန်ဆိုလျှင် အတော်အသင့် သတိထားတတ်သည့် ငှက်လေးဖြစ်သော်လည်း ယနေ့တော့ တကယ် ပင်ပန်းနေသည့်ပုံပင်။
ငှက်လေးကို ရေခွက်လေး ချပေးလိုက်ပြီးနောက် ကျွန်မ အမြန်ပင် စာကို ဖွင့်ဖတ်လိုက်သည်။
— အတည်မပြုပေးခဲ့ပေမဲ့၊ ကွီးန်က မဟုတ်ဘူးဆိုရင် မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောမဲ့သူမှန်း သိပါတယ်။ တွေ့ဆုံရမဲ့နေ့ကို မျှော်လင့်နေလို့ ဖြစ်မလားဟင်။ ကွီးန်နဲ့ တွေ့ရတော့မယ်ဆိုတဲ့အတွေးကြောင့် ဝမ်းသာနေပါတယ်။
~~~~
Miel’s Translations