အပိုင်း ၈၇ (နောက်ထပ် လျှို့ဝှက်ချက်တစ်ခု)
ဗိုင်းကောင့် လိုတဲရှုက ထိုလမ်းအတိုင်း နန်းတော်ထဲသို့ တိုက်ရိုက်ဝင်လာပြီး ရက်ရှ်တာနှင့် တွေ့ဆုံခဲ့သည်။
ရက်ရှ်တာကမူ ထုံးစံအတိုင်း သူ့ကို ပိုးမွှားတစ်ကောင်ကို ကြည့်သလို ကြိုဆိုလေ၏။
ထိုအကြည့်ကို ရွံရှာမိသော်လည်း ဗိုင်းကောင့် လိုတဲရှုက သည်းခံကျော်ဖြတ်ရန် ဆုံးဖြတ်လိုက်သည်။
တဒင်္ဂ ဒေါသကြောင့် ရွှေဥ ဥပေးမည့် ငန်းကို သတ်ပစ်၍ မဖြစ်ပေ။
ထို့ထက် ထိုငန်း၏ ပိုင်ရှင်က ဧကရာဇ်ဖြစ်နေလျှင် ပို၍ပင် သတိထားရပေမည်။
သို့သော် ဗိုင်းကောင့် လိုတဲရှု မည်မျှပင် အံ့သြခဲ့ပါစေ ရက်ရှ်တာကို မီနိုင်မည်မဟုတ်။
“ဧကရီက ရီဗယ်တီကို ဘာလို့ တွေ့ရတာလဲ။”
ရက်ရှ်တာက ထိတ်လန့်တကြား အော်ဟစ်ခဲ့သည်။
“အဲ့ဒါတော့ ငါလည်း မသိဘူးလေ။ ဒါပေမဲ့ အသိပေးတာ ပိုကောင်းမယ်ထင်လို့ လာခဲ့တာ။”
ရက်ရှ်တာက ခေတ္တမျှ စဉ်းစားပြီးနောက် ရေရွတ်လိုက်၏။
“……ဧကရီက ရက်ရှ်တာ့နောက်ကြောင်းကို လိုက်စုံစမ်းနေတာ သေချာပြီ။”
တိုးညင်းသော်လည်း ယုံကြည်ချက်အပြည့်ရှိသော အသံပင်။
ရက်ရှ်တာက စိုးရိမ်တကြီးဖြင့် နှုတ်ခမ်းကို ကိုက်လိုက်၊ ပြန်လွှတ်လိုက် ထပ်တလဲလဲ လုပ်နေခဲ့သည်။
ရတက်မအေးဖြစ်ရသလို ဒေါသလည်းထွက်မိ၏။
ဤကဲ့သို့ သူတစ်ပါးနောက်ကွယ်မှ လိုက်စုံစမ်းနေသည့်သူက ဧကရီဖြစ်နေသတဲ့လား။
မိမိက ထိုသို့မှန်းမသိဘဲ ဧကရီနောက်ကို တကောက်ကောက်လိုက်ကာ 'မမ၊ မမ' ဟု ခေါ်နေခဲ့မိသည်မဟုတ်ပါလား။
သို့သော် ဒေါသထွက်နေသည့်တိုင် သူ့တွင် တတ်နိုင်သည့်အရာ ဘာမှမရှိပေ။
“ပါးစပ်ပိတ်ထားခိုင်း။ ရီဗယ်တီရော အာလန်ရော နှစ်ယောက်စလုံးကို။”
သူ လုပ်နိုင်သည်က ဗိုင်းကောင့် လိုတဲရှုကို ထိန်းချုပ်ခိုင်းရန်သာ။
“ကျိန်းသေပေါက် အဲ့ဒီလိုပဲ လုပ်ရမှာပေါ့။”
ဗိုင်းကောင့် လိုတဲရှုက မိမိကိုယ်တိုင်လည်း လန့်ပြီးပြေးလာခဲ့ရသည့်တိုင် အောင်နိုင်သူတစ်ယောက်လို ဝင့်ကြွားစွာပြုံးရင်း ပြန်ဖြေခဲ့သည်။
ရက်ရှ်တာက ထိုပုံစံကိုကြည့်ပြီး အလွန်ဒေါသထွက်လာကာ စားပွဲရော ကုလားထိုင်ပါ အကုန် မှောက်လှန်ပစ်ချင်စိတ်ပေါက်လာ၏။
သို့သော် ဧကရာဇ်က သတင်းရသွားပေလိမ့်မည်။
ထိုသို့တော့ လုပ်၍မဖြစ်ပေ။
'ဘာလို့ အားလုံးက ရက်ရှ်တာ့ကိုပဲ နှိပ်စက်နေကြတာလဲ။ ရက်ရှ်တာက အေးအေးဆေးဆေးလေး နေချင်ရုံပဲကို။’
သို့သော် ပြောစရာစကား ကုန်သွားသည့်တိုင် ဗိုင်းကောင့် လိုတဲရှုက ထွက်မသွားဘဲ တွန့်ဆုတ်တွန့်ဆုတ် လုပ်နေသည်။
“ထွက်မသွားသေးဘူးလား။”
ရက်ရှ်တာက ဗိုင်းကောင့် လိုတဲရှုကို အေးစက်စွာကြည့်ရင်း မေးလိုက်၏။
ဤကဲ့သို့ အခြေအနေမျိုးတွင် ဗိုင်းကောင့် လိုတဲရှုက များသောအားဖြင့် ရက်ရှ်တာအတွက် မဖြစ်နိုင်သော တောင်းဆိုမှုများကို ပြုလုပ်လေ့ရှိသည်။
ပိုက်ဆံ၊ ကျောက်သံပတ္တမြား၊ အိမ်ကြီးအိမ်ကောင်း၊ အစေခံများစွာ ငှားရမ်းရန်အတွက် ငွေကြေး စသည်ဖြင့်။
ယခုလည်း ထိုသို့ဖြစ်မည်ဟု တွေးလိုက်မိသဖြင့် စိတ်တိုလာရခြင်းပင်။
“အလို။ တအားလည်း စိတ်မလှုပ်ရှားစမ်းပါနဲ့။”
ဗိုင်းကောင့် လိုတဲရှုက နောက်ရွှတ်ရွှတ်ပြောရင်း ကုလားထိုင်ပေါ်တွင် ပို၍ မှီချလိုက်သည်။
“အလုပ်ဆိုတာ အရမ်း အလောတကြီး လုပ်လို့မရဘူးလေ၊ မဟုတ်ဘူးလား။”
“အခုကရော ဘာလိုချင်လို့လဲ။”
“နင်က စကားနားလည်လွယ်လို့ သဘောကျတယ်၊ ရက်ရှ်တာ။”
“ရှင်က နှေးကွေးနေတော့ ရက်ရှ်တာက မြန်အောင်လုပ်ပေးရုံအပြင် မရှိဘူးပေါ့။”
ဗိုင်းကောင့် လိုတဲရှုက ပခုံးတွန့်လိုက်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်သည့် အမူအရာ လုပ်ပြခဲ့သည်။
ဘာလုပ်တာလဲဟု သိချင်သဖြင့် သူ့ကို စိုက်ကြည့်လိုက်တော့ ဗိုင်းကောင့် လိုတဲရှုက “ပြက္ခဒိန် မရှိဘူးလား” ဟု မေးလာ၏။
“ပြက္ခဒိန်။”
ရက်ရှ်တာ ကြောင်တောင်တောင်ဖြင့် ပြန်မေးလိုက်ရာ ဗိုင်းကောင့် လိုတဲရှုက ဟားတိုက်ရယ်ရင်း မေးခဲ့၏။
“နှစ်တိုင်း နွေဦးက လူမှုရေးအသိုင်းအဝိုင်းမှာ ပွဲဦးထွက်တဲ့ရာသီလေ။ သိရဲ့လား။”
ထိုအချက်ကို ရက်ရှ်တာလည်း သိထား၏။
သို့သော် ဗိုင်းကောင့် လိုတဲရှုက ဤအကြောင်းကို ဘာကြောင့်ပြောနေမှန်း မသိနိုင်ခဲ့ပေ။
“အဲ့ဒီတော့ ဘာဖြစ်လဲ။”
ရက်ရှ်တာ မသင်္ကာစွာ မေးလိုက်တော့ ဗိုင်းကောင့် လိုတဲရှုက ထပ်မံ၍ ဟားတိုက်ရယ်ပြန်သည်။
“ငါတို့ ရီဗယ်တီက ဒီနွေဦးမှာ ပွဲဦးထွက်တော့မှာလေ။”
ရက်ရှ်တာ၏မျက်နှာ တင်းမာသွားတော့သည်။
ဗိုင်းကောင့် လိုတဲရှု ဘာပြောချင်နေမှန်း စတင်ရိပ်မိလာ၏။
ပွဲဦးထွက််ကပွဲက လူမှုရေးအသိုင်းအဝိုင်းတွင် 'တရားဝင်' ပထမဆုံး ပွဲဦးထွက်သည့်နေရာဖြစ်သောကြောင့် အားလုံးက တတ်နိုင်သမျှ ခမ်းနားထည်ဝါပြီး တန်ဖိုးကြီးသည့် အသုံးအဆောင်များဖြင့် ပြင်ဆင်လာကြစမြဲပင်။
ကျိန်းသေပေါက် ဗိုင်းကောင့် လိုတဲရှုက ထိုစရိတ်ကို တောင်းဆိုရန် ကြိုးစားနေခြင်းဖြစ်ပေမည်။
“အရင်က ယူသွားတဲ့ ပိုက်ဆံတွေ အကုန်ကုန်သွားပြီလား။”
ရက်ရှ်တာ စိတ်တိုတိုဖြင့် မေးလိုက်၏။
ကလေးအတွက် လက်ဆောင်ရထားသော ကျောက်သံပတ္တမြားများစွာ ရှိသောကြောင့် ယခုတစ်ကြိမ်တွင် မြို့စားမင်း အယ်ရ်ဂီထံမှ ငွေချေးရန်သော်လည်းကောင်း၊ ဘယ်ရွန် လန့်ထ်၏ မျက်နှာသာပေးမှုကို မျှော်လင့်ရန်သော်လည်းကောင်း မလိုပေ။
သို့သော် ပိုက်ဆံ များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ သူတစ်ပါး၏ ခြိမ်းခြောက်မှုကို ခံရပြီး မပေးချင်သည်မှာတော့ အတူတူပင်။
ထို့အပြင် ထိုမုန်းစရာကောင်းသော ရီဗယ်တီဝတ်မည့် ဝတ်စုံအတွက်ဆိုလျှင် ပို၍ပင် တွန့်တိုသေး၏။
“ပိုက်ဆံတောင်းမလို့ မဟုတ်ဘူး။”
“……ဒါဆို ဘာလဲ။”
“သွေးကြီးတဲ့ ဒီဇိုင်နာတွေထဲမှာ နာမည်ကြီး ဖောက်သည်မဟုတ်ရင် အအပ်မခံတဲ့သူတွေ အများကြီး ရှိတယ်မဟုတ်လား။”
“အဲ့ဒီတော့။”
“အဲ့ဒါကြောင့် နင်ကိုယ်တိုင် ဝတ်စုံတစ်ထည် သွားချုပ်ပေးစမ်းပါ။”
“……”
“ကျိန်းသေပေါက် အကောင်းဆုံး ပိတ်စနဲ့ ကျောက်သံပတ္တမြားတွေကိုပဲ သုံးမှဖြစ်မှာနော်။ ပိုက်ဆံကိုတော့ နှမြောမနေနဲ့။”
'အဲ့ဒါက ကျွန်မပိုက်ဆံလေ၊ ရှင့်ပိုက်ဆံမှမဟုတ်တာ' ဟု ရက်ရှ်တာ့ ရင်ထဲတွင် ဗြောင်းဆန်နေတော့သည်။
ဗိုင်းကောင့် လိုတဲရှုကို တကယ်ပဲ သတ်ပစ်ချင်စိတ်ပေါက်သွား၏။
အနာဂတ်…… တစ်ချိန်ချိန်တွင် ဧကရီဖြစ်လာမည့် အနာဂတ်ကို တွေးကြည့်မည်ဆိုလျှင် ယခုကတည်းက သတ်ပစ်လိုက်ခြင်းက ပိုမကောင်းပေဘူးလား။
ကြိုတင်ပြီး လက်စဖျောက်မထားလျှင် သူက မျှော့တစ်ကောင်လို ကိုယ်ကို ကြီးထွားအောင် လုပ်လာမလား မသိနိုင်ပေ။
ရက်ရှ်တာ၏ မျက်လုံးများက သွေးအေးစွာ တောက်ပလာသည်။
ထိုသို့သော ရက်ရှ်တာကို တစ်ချက်ငဲ့ကြည့်ပြီးနောက် ဗိုင်းကောင့် လိုတဲရှုက ညစ်ကျယ်ကျယ်ဖြင့် စကားဆိုလာ၏။
“ရက်ရှ်တာ။ ဧကန္တများဆိုပြီး ပြောတာဆိုပေမဲ့….”
“...”
“မိုက်မဲတဲ့ အတွေးမျိုး တွေးတောင်မတွေးလိုက်နဲ့နော်။”
ရက်ရှ်တာ တုန်လှုပ်သွားသည်ကိုမြင်တော့ သူက တဟားဟားရယ်ရင်း ရေရွတ်ခဲ့သည်။
“ငါ ဒီနန်းတော်ထဲကို ခြေနှစ်ဖက်နဲ့ ဝင်လာတုန်းက ဘာလုံခြုံရေး အစီအစဉ်မှ မရှိဘဲ ဝင်လာမယ်များ မှတ်နေလား။”
“အဲ့ဒါ ဘာစကားလဲ။”
“ငါသာ တစ်ခုခုဖြစ်ခဲ့ရင်။ အဲ့ဒီတော့က၊ ငါ သေသွားတာပဲဖြစ်ဖြစ်၊ 'တစ်ခုခု' မလုပ်နိုင်တော့တာပဲဖြစ်ဖြစ်၊ ငါ့ကိုယ်စား နင့်ရဲ့ လျှို့ဝှက်ချက်ကို နေရာအနှံ့ ဖြန့်ဝေပေးမဲ့သူတွေ ရှိပြီးသားဆိုတဲ့အဓိပ္ပာယ်ပဲ။”
ရက်ရှ်တာ၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
နေရာအနှံ့ဆိုပါလား။
လျှို့ဝှက်ချက်ကို သိနေသည့်သူက စုစုပေါင်း ဘယ်နှစ်ယောက်တောင် ရှိနေသလဲ။
တဆတ်ဆတ်တုန်နေသော ရက်ရှ်တာကို ကြည့်ပြီးနောက် ဗိုင်းကောင့် လိုတဲရှုက ခပ်ရေးရေးပြုံးကာ ထိုနေရာမှ ထွက်ခွာသွားတော့သည်။
~~~~
“ဗိုင်းကောင့် လိုတဲရှုက လေဒီ ရက်ရှ်တာဆီကို နောက်တစ်ခါ သွားတွေ့ပြန်ပြီတဲ့လား……”
“ဟုတ်ပါတယ်၊ ဧကရီ အရှင်မ။”
“……ကောင်းပြီ။ အသိပေးလို့ ကျေးဇူးပဲ။”
ဆာ အာရ်တီနာ ဗိုင်းကောင့် လိုတဲရှုနှင့် ပတ်သက်သော သတင်းကို ပြောပြလာချိန်တွင် ကျွန်မက ခါ့ဖ်မန်း မင်းသားကြီး ပေးသွားသော 'လွီပ်(ထ်)' စာအုပ်ကို ဖတ်နေခဲ့သည်။
လွီပ်(ထ်)နှင့် ကုန်သွယ်ရေးက လောလောဆယ် ဝေးကွာသွားပြီဖြစ်သော်လည်း။
ဧကန္တများ မသိနိုင်သော အခြေအနေများအတွက် ကြိုတင်လေ့လာထားခြင်း ဖြစ်၏။
နယ်စားကတော် အယ်လီဇာက သန့်ရှင်းရေးလုပ်နေသည့် အစေခံမိန်းကလေးများကို အပြင်လွှတ်လိုက်ပြီးနောက် မေးလာသည်။
“မနက်ဖြန် လေဒီ ရီဗယ်တီ လာမှာကြောင့်များလား။”
“အဲ့ဒီလိုလည်း ဖြစ်လောက်တာပေါ့။”
လော်ရာက မျက်မှောင်ကြုတ်ကာ ဒေါသတကြီး ပြောလာသည်။
“အဲ့ဒီလူတွေက လေဒီ ရီဗယ်တီရဲ့ ပါးစပ်ကို ကြိုပြီးပိတ်ထားချင်နေတာ ထင်ပါတယ်။”
“ဒါပေါ့။”
ကျွန်မလည်း အထက်ပါအတိုင်းပင် ပြန်ဖြေကာ ခေါင်းညိတ်လိုက်သည်။
ရံရွေတော်များက စိုးရိမ်တကြီးဖြင့် အချင်းချင်း အကြည့်ဖလှယ်နေကြ၏။
သို့သော် ကျွန်မကမူ တည်တည်ငြိမ်ငြိမ်ပင် စာအုပ်ဆီသို့ အကြည့်ပြန်ပို့လိုက်သည်။
တည်ငြိမ်ချင်ယောင်ဆောင်နေခြင်းမဟုတ်။
အမှန်တကယ် ဘာမှမခံစားရခြင်းပင်။
နဂိုကတည်းက လေဒီ ရီဗယ်တီ ကျွန်မကို ရက်ရှ်တာအကြောင်း ပြောပြလိမ့်မည်ဟု မျှော်လင့်မထားခဲ့သောကြောင့်ဖြစ်၏။
“ကျွန်မ လိုချင်တာက လေဒီ ရီဗယ်တီ ပြောပြမဲ့အကြောင်းအရာ မဟုတ်ဘူးလေ။”
ကျိန်းသေပေါက် အကယ်၍ဟူသောဖြစ်ရပ်များအတွက် ရက်ရှ်တာ၏ အတိတ်ကို ပိုသိနိုင်လျှင် အသုံးဝင်မည်ဖြစ်သော်လည်း။
ယခုချက်ချင်း လိုချင်နေသည်က သတင်းအချက်အလက် မဟုတ်ပေ။
ရံရွေတော်များက နားမလည်နိုင်သော မျက်နှာများဖြင့် ကျွန်မကို ကြည့်လာကြသည်။
ကျွန်မက စာမျက်နှာကို နောက်တစ်ရွက်လှန်ပြီး စိတ်ထဲမှသာ ပြန်ဖြေလိုက်၏။
'ကျွန်မ လိုချင်တာက ရက်ရှ်တာကို သတိပေးဖို့။'
ကျွန်မ လေဒီ ရီဗယ်တီကို ခေါ်လိုက်လျှင် ရက်ရှ်တာ စိတ်ပူပြီး စိုးရိမ်လာပေမည်။
ဘာကြောင့်ခေါ်သလဲဟု ခန့်မှန်းရင်း၊ သိချင်စိတ်ပြင်းပြရင်း စိတ်ရှုပ်ထွေးနေမည်သာ။
ကျွန်မ လိုချင်သည်က ထိုအချက်ပင်။
ထို့အပြင် ဤဖြစ်စဉ်များမှတစ်ဆင့် ရက်ရှ်တာကို ခံစားမိစေချင်သည်။
သူက ဘယ်သောအခါမှ တင့်တင့်တယ်တယ်နှင့် ဂုဏ်ရှိသော အနေအထားတွင် ရှိမနေကြောင်း။
ကျွန်မက မျက်စိမှိတ်ပေးထားသမျှ သူကလည်း အပြုအမူကို ပိုပြီး ဆင်ခြင်ရမည် ဖြစ်ကြောင်း။
~~~~
မနက်ဖြန် ဧကရီ အရှင်မနှင့် တွေ့ရမည်ကို စိတ်လှုပ်ရှားနေသည့် ရီဗယ်တီတစ်ယောက် ဒီအင်္ကျီဝတ်လိုက်၊ ဟိုအင်္ကျီဝတ်လိုက်နှင့် အကြိမ်ကြိမ် လဲလှယ်နေခဲ့သည်။
လေဒီ အာလီရှုတဲက ဧကရီ အရှင်မကို ကြီးကျယ်မြင့်မြတ်သော ရေခဲပြင်ကြီးကဲ့သို့ ပုဂ္ဂိုလ်မျိုးဟု ပြောခဲ့ဖူး၏။
ကြီးကျယ်မြင့်မြတ်သော ရေခဲပြင်ဆိုသည်က တကယ် မည်သို့သော ရေခဲမျိုးဖြစ်မည်နည်း။
ရီဗယ်တီ လုံးဝ ခန့်မှန်း၍မရနိုင်ခဲ့ပေ။
'အထက်တန်းလွှာ မှူးမတ်အနွယ်ဝင် သခင်မလေးတွေက ဧကရီ အရှင်မရဲ့ ရံရွေတော် ဖြစ်ကြတယ်ဆိုပဲ။ ငါကတော့ မဖြစ်နိုင်လောက်ပါဘူးနော်……'
ရီဗယ်တီ သက်ပြင်းချလိုက်မိသည်။
ကံကြုံ၍ မြို့တော်ရှိ စံအိမ်တွင် နေထိုင်ခွင့်ရခဲ့သော်လည်း ထိုမျှနှင့် ကျေးလက်နယ်မြေငယ်လေး၏ ဗိုင်းကောင့်က နယ်မြေအရှင်သခင်ကြီး ဖြစ်လာသည်တော့ မဟုတ်ပေ။
မည်သည့်အဆက်အသွယ်မှ မရှိသော မိမိက နန်းတော်ထဲတွင် ရံရွေတော်အဖြစ် ဝင်ရောက်ခွင့်ရရန်မှာ မဖြစ်နိုင်သလောက်ပင်။
ထိုစဉ် အဝတ်အစားများကို အမျိုးမျိုး ဝတ်ကြည့်နေတုန်း တံခါးခေါက်သံ ကြားလိုက်ရကာ ဗိုင်းကောင့် လိုတဲရှု ဝင်လာသည်။
“အဖေ။”
ရီဗယ်တီက ဝမ်းသာအားရ ခုန်ပေါက်ရင်း ဗိုင်းကောင့် လိုတဲရှုကို ပွေ့ဖက်လိုက်သည်။
“ဒီဝတ်စုံ ဘယ်လိုလဲဟင်။ သမီးနဲ့ လိုက်ရဲ့လား။”
သို့သော် ပုံမှန်ဆိုလျှင် တောနက်ထဲက နတ်သမီးလေးနှင့် တူသည်ဟု ချီးကျူးတတ်သော ဗိုင်းကောင့် လိုတဲရှုက ယနေ့မှ ထူးထူးခြားခြား တိတ်ဆိတ်နေသည်။
“အဖေ။”
ဘာလို့လဲဟု အကဲခတ်နေစဉ် ဗိုင်းကောင့် လိုတဲရှုက ရီဗယ်တီကို ခုတင်ပေါ်တွင် ထိုင်ခိုင်းကာ မှာကြားလေ၏။
“ရီဗယ်တီ။ မနက်ဖြန် ဧကရီခေါ်လို့သွားရင် စကားကို အင်မတန် သတိထားပြီး ပြောရမယ်နော်။”
အလွန် တည်ကြည်လေးနက်သော မျက်နှာထားပင်။
'နန်းတော်ထဲမှာ သမီးက ရိုင်းရိုင်းစိုင်းစိုင်း လုပ်မိမှာစိုးလို့ အဖေက အများကြီး စိုးရိမ်နေတာပဲ။'
ရီဗယ်တီက ဗိုင်းကောင့် လိုတဲရှု၏ ရည်ရွယ်ချက်ကို အထင်လွဲသွားကာ ယုံကြည်ချက်ရှိရှိ ပြန်ဖြေခဲ့သည်။
“ဒါပေါ့။ ဧကရီ အရှင်မ အရှေ့မှာပဲကို။”
ဗိုင်းကောင့် လိုတဲရှုက ပို၍ တည်ကြည်သွားကာ ထပ်လောင်းမှာကြားခဲ့၏။
“ပိုပြီး သတိထားမှဖြစ်မယ်။”
“ဟုတ်ကဲ့။ ရိုရိုသေသေ ဆက်ဆံပါ့မယ် အဖေ။”
“မဟုတ်ဘူး။ ရက်ရှ်တာတို့ အာန်တို့အကြောင်းကို ပြောတာ။”
“...”
“ဧကရီက ဘာပဲမေးမေး ရက်ရှ်တာတို့၊ အာန်တို့အကြောင်းကို လုံးဝ မဖြေရဘူး။ သိလား။ နင့်အစ်ကိုက ရက်ရှ်တာနဲ့ ချစ်သူဖြစ်ခဲ့တယ်ဆိုတဲ့ အကြောင်းလည်း လုံးဝ ပြောလို့မဖြစ်ဘူး။”
လမင်းလို ဝင်းပနေသော ရီဗယ်တီ၏မျက်နှာ ပျက်သွားတော့သည်။
လွန်ခဲ့သော ရက်ပိုင်းက ပါတီတွင် ရက်ရှ်တာက ဧကရာဇ်၏ ချစ်သူဖြစ်နေကြောင်း သိလိုက်ရပြီးနောက်။
ရီဗယ်တီတစ်ယောက် ရက်ရှ်တာ မည်သည့်နည်းလမ်းဖြင့် ထိုကဲ့သို့ အမြင့်မှနေရာကို ရောက်သွားကြောင်း သိချင်လွန်း၍ ရူးမတတ်ဖြစ်နေခဲ့သည်။
သို့သော် မည်မျှပင် မေးမြန်းပါစေ ဗိုင်းကောင့် လိုတဲရှုနှင့် အာလန်တို့က သူ့ကို မည်သည့်အရာမှ ပြန်မဖြေခဲ့ကြပေ။
“ရီဗယ်တီ။ အဖေပြောတာကို မှတ်မိလား။”
“……ရက်ရှ်တာက အစ်ကိုနဲ့ ချစ်သူဖြစ်ခဲ့ပြီး ကလေးပါမွေးခဲ့ဖူးတာကို အရှင်ဧကရာဇ် သိသွားရင် သဝန်တိုလိမ့်မယ်ဆိုတာလား။”
“အေး။ ငါတို့လို အင်အားမရှိတဲ့ မိသားစုက အရှင်ဧကရာဇ်ရဲ့ အမျက်တော်ကို ခံရရင် ချက်ချင်း ပွဲသိမ်းသွားမှာပဲ။ သတိထားမှဖြစ်မယ်။”
“……”
“ရီဗယ်တီ။ ဧကရီက ဘာလို့ ရုတ်တရက်ကြီး အင်အားမရှိတဲ့ မိသားစုကလာပြီး လူမှုရေးအသိုင်းအဝိုင်းမှာ ပွဲဦးတောင်မထွက်ရသေးတဲ့ နင့်ကို ခေါ်တာဖြစ်မလဲ။”
“အဲ့ဒါက လေဒီ အာလီရှုတဲက…”
“ဟင့်အင်း။ ဧကရီက နင့်ကို အသုံးချပြီး ရက်ရှ်တာကို တားဆီးချင်နေတာပဲ။ ရက်ရှ်တာက ဧကရီရဲ့ရန်သူ မဟုတ်လား။”
“သူတစ်ပါးကို အသုံးချမဲ့ပုဂ္ဂိုလ်မျိုး မဟုတ်ပါဘူး။”
“တွေ့တောင်မတွေ့ဖူးသေးဘဲနဲ့။”
ရီဗယ်တီ စိတ်တိုသွားသော်လည်း ဗိုင်းကောင့် လိုတဲရှုက မလျှော့ပေ။
ဗိုင်းကောင့် လိုတဲရှုက သမီးဖြစ်သူ၏ စူပုပ်နေသော မျက်နှာကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိသော်လည်း အလုပ်ကိစ္စ လွဲချော်သွားလျှင် စိတ်မကောင်းရုံနှင့် ပြီးသွားမည်မဟုတ်ကြောင်း သိနေ၏။
“အကင်းပါးပါး ပြုမူ။”
ဗိုင်းကောင့် လိုတဲရှုက ပခုံးကို ခပ်ဖွဖွပုတ်ပေးပြီး အခန်းထဲမှ ထွက်လာခဲ့သည်။
ဖြူစင်ရိုးစင်းသူလေးဆိုသော်လည်း ဉာဏ်ကောင်းသည့် သမီးပင်။
မိသားစုကို ဘေးဒုက္ခရောက်စေမည့် အလုပ်မျိုးတော့ လုပ်မည်မဟုတ်ပေ။
~~~~
ယနေ့ကား လေဒီ အာလီရှုတဲ ဗိုင်းကောင့် လိုတဲရှု၏ သမီးကို သူငယ်ချင်းများကြားတွင် ရောနှောခေါ်ဆောင်လာမည့်နေ့ပင်။
အခစားဝင်မှုများ ပြီးဆုံးပြီးနောက်၊ ကျွန်မ လက်ရှိ အကောင်အထည်ဖော်နေသော လုပ်ငန်းအချို့ကို ဌာနအသီးသီးသို့ သွားရောက်ကာ အမြန်ကြည့်ရှု စစ်ဆေးခဲ့သည်။
ကျွန်မ အကောင်အထည်ဖော်သည့် လုပ်ငန်းဟုဆိုသော်လည်း အမှန်တကယ်ကမူ အမျိုးမျိုးသော ကိစ္စရပ်များအနက် မည်သည့်နေရာတွင် တိုင်းပြည်ဘဏ္ဍာ မည်မျှ ရင်းနှီးမြှုပ်နှံမည်ကို ဆုံးဖြတ်ပေးရခြင်းပင်။
ထိုနောက်ပိုင်း၌ လုပ်ငန်းတိုးတက်မှု အခြေအနေကို အစီရင်ခံစာ လက်ခံရုံသာဖြစ်သောကြောင့် အချိန်အများကြီး မကုန်လှပေ။
ထူးခြားသော ပြဿနာတစ်စုံတစ်ရာမရှိဘဲ လည်ပတ်နေသည်ကို အတည်ပြုပြီးနောက် ကျွန်မ အနောက်နန်းဆောင်သို့ ပြန်လာကာ အဝတ်အစား လဲလိုက်သည်။
မှူးမတ်အနွယ်တော် သခင်မလေးများနှင့် တွေ့ဆုံရခြင်းမှာ ထူးဆန်းသည့် ကိစ္စမဟုတ်သော်လည်း ယနေ့တွင် ထူးခြားသော ရည်ရွယ်ချက်ရှိနေသဖြင့် ဝတ်စုံကိုလည်း ပို၍ဂရုစိုက်မိခဲ့၏။
လက်ဖက်ရည်နှင့် မုန့်များကို ပြင်ဆင်ထားပြီး စောင့်ဆိုင်းနေစဉ် ချိန်းဆိုထားသည့် အချိန်ထက် အနည်းငယ်စော၍ ဗိုင်းကောင့် လိုတဲရှု၏ သမီးက အခြား သခင်မလေးများနှင့်အတူ ရောက်ရှိလာသည်။
“မ၊ မင်္ဂလာ၊ အဲလေ၊ မင်္ဂလာပါရှင့် ဧကရီ အရှင်မ။”
“ကြိုဆိုပါတယ်၊ လေဒီ ရီဗယ်တီ။”
“ကျွန်မ နာမည်ကို သိနေတာလားရှင့်……”
ဗိုင်းကောင့် လိုတဲရှု၏ သမီးက ထင်ထားသည်ထက်ပို၍ အမူအရာ ချစ်ဖို့ကောင်းနေခဲ့သည်။
နှုတ်ဆက်စကားကို အထစ်ထစ်အငေါ့ငေါ့ ပြောပြီးသည်နှင့် မျက်နှာတစ်ခုလုံး နီရဲသွားပုံမှာ အလွန်ပင် ချစ်စရာကောင်းလှ၏။
ထို့အပြင် ဗိုင်းကောင့် လိုတဲရှုနှင့် ကျွန်မက မည်သည့် ဆက်စပ်မှုမျှ မရှိသလောက် ဖြစ်သော်လည်း။
ဘာကြောင့်မှန်းမသိ သူ့သမီးက ကျွန်မကို အလွန်လေးစားအားကျနေသည့်ပုံစံပင်။
နှစ်နာရီခန့်ကြာမြင့်သော တိုတောင်းသည့် တွေ့ဆုံမှုအပြီးတွင်။
နယ်စားကတော် အယ်လီဇာကလည်း ထိုအချက်ကို ထောက်ပြကာ ရယ်မောလေသည်။
“အဲ့ဒီ ကလေးမလေးက ဧကရီ အရှင်မကို တော်တော်လေး သဘောကျတဲ့ပုံပါပဲ။”
ကျွန်မ ဘာမှမပြောဘဲ ပြုံးလိုက်တော့ နယ်စားကတော်က ကျွန်မကို စနောက်ချင်သည့်အလား ထိုသခင်မလေးအကြောင်းကို ဆက်ပြောနေခဲ့သည်။
“ဝင်လာတုန်းက မျက်နှာကြီး နီနေပြီးတော့။ ပြန်လည်းသွားရော တစ်ဝက်လောက် စိတ်လွတ်နေတဲ့ပုံစံပါပဲ။”
သို့သော် နယ်စားကတော် ဂျူဘယ်ရ်ကမူ လေဒီ ရီဗယ်တီ၏ စိတ်နေစိတ်ထားထက် အခြားအရာက ပိုအရေးကြီးသည်ဟု ယူဆပုံရကာ စိတ်ပျက်လက်ပျက် ပြောလာ၏။
“ဒါပေမဲ့ အဲ့ဒီကလေးဆီကနေ လေဒီ ရက်ရှ်တာအကြောင်း မမေးလိုက်ရတာ နှမြောဖို့ကောင်းပါတယ်။”
နယ်စားကတော် ဂျူဘယ်ရ်က ရီဗယ်တီမှတစ်ဆင့် ရက်ရှ်တာ၏ အတိတ်ကို စုံစမ်းနိုင်လိမ့်မည်ဟု မျှော်လင့်ထားပုံပင်။
အခြားရံရွေတော်များကလည်း နယ်စားကတော်၏ စကားကို ထောက်ခံပြီး စိုးရိမ်တကြီး တစ်ယောက်တစ်ပေါက် ပြောလာကြသည်။
“လေဒီ ရက်ရှ်တာနဲ့ ပတ်သက်ပြီး ဘာလို့ ဘာမှ မမေးလိုက်တာလဲရှင့်၊ ဧကရီ အရှင်မ။”
“ဧကရီ အရှင်မအတွက် အကူအညီဖြစ်မဲ့ ကလေးတော့ မဟုတ်ပါဘူး။”
“သူ သိတာလည်း သိပ်မရှိတဲ့ပုံပါပဲ။ အလဟဿ 'အဲ့ဒီမိန်းမ' ဘက်က သတိထားတဲ့စိတ်ကို မွေးမြူပေးလိုက်သလို ဖြစ်သွားမလားမသိပါဘူး။”
အစပိုင်းတွင် ဘာမှမတွေးခဲ့သော ရံရွေတော်များပင် နောက်ပိုင်းတွင် အခြားသူများ၏ စိုးရိမ်မှုများ ကူးစက်သွားတော့သည်။
ကျွန်မ ထိုကလေးကို ဖိတ်ကြားလိုက်ကြောင်း ရက်ရှ်တာ သိသွားမည်၊ ရက်ရှ်တာက ဆိုဗီရ်ရှုကို ပြောပြလျှင် ဆိုဗီရ်ရှုက စိတ်တိုပြီး ကျွန်မကို လာရောက် နှိပ်စက်မည်ဟူသော ကိစ္စများ ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်နေကြပုံပင်။
အမှန်တော့ ထိုအချက်က ကျွန်မကိုယ်တိုင်လည်း စဉ်းစားခဲ့ဖူးသောကိစ္စဖြစ်၏။
လေဒီ ရီဗယ်တီကို ခေါ်လိုက်ခြင်းက ရက်ရှ်တာကို 'မင်းက အခု လိမ်ညာပြီး သူများကို တိုက်ခိုက်နေရမဲ့ အနေအထားမျိုးမဟုတ်ဘူး' ဟု ပြသရန်ဖြစ်သော်လည်း။
ထိုအချက်ကြောင့် လှုံ့ဆော်ခံရသူက ရက်ရှ်တာ တစ်ယောက်တည်း မဟုတ်နိုင်ကြောင်းကိုလည်း ကြိုတင်တွေးထားခဲ့သည်။
သို့သော်……
“ထင်ထားတာထက် ပိုပြီးအဆင်ပြေတယ်။”
ဟုတ်တယ်။
ကြိုတင်တွေးထားသည်ထက် ရီဗယ်တီကို ခေါ်လိုက်ခြင်းက ကောင်းသောလုပ်ရပ် ဖြစ်ခဲ့သည်။
ရံရွေတော်များ စိတ်အေးစေရန်အတွက် ကျွန်မ တမင်ပြုံးလျက် လက်ဖက်ရည်ကို သောက်လိုက်သည်။
“အဲ့ဒီကလေးက သိသမျှ အကုန်ပြောပြသွားပြီးသားပဲ။”
ကျွန်မ သခင်မလေးများကို ဖိတ်ကြားသောနေရာတွင် အတူရှိနေခဲ့သည့် ရံရွေတော်များက နားမလည်နိုင်ဘဲ အချင်းချင်း အကြည့်ဖလှယ်ကုန်ကြ၏။
လေဒီ ရီဗယ်တီက ချစ်ဖို့ကောင်းသော်လည်း ရက်ရှ်တာနှင့် ပတ်သက်၍ တစ်ခွန်းမှ မဟခဲ့သည်ကို။
မည်သို့မည်ပုံ မည်သည်တို့ကို ပြောပြသွားမှန်း နားမလည်နိုင်ဖြစ်နေကြပုံပင်။
သို့သော် အချို့ကမူ ကျွန်မ ဘာကိုဆိုလိုကြောင်း နားလည်သွားကြကာ အဓိပ္ပာယ်ပါပါ ပြုံးလိုက်ကြသည်။
နယ်စားကတော် အယ်လီဇာကလည်း ကျွန်မစကားကို နားလည်သည့် ရံရွေတော်များအနက် တစ်ဦးပင်။
“လေဒီ ရီဗယ်တီက 'အဲ့ဒီမိန်းမ' အကြောင်းကို ကောင်းကောင်းသိပုံရပါတယ်။ ဟုတ်တယ်မဟုတ်လားရှင့်။”
ညဉ့်နက်ပိုင်း။
ရံရွေတော်များ အိပ်ဆောင်သို့ ပြန်သွားကြပြီးနောက်။
နယ်စားကတော် အယ်လီဇာနှင့် နှစ်ယောက်တည်း ကျန်ရှိသည့်အခါ သူက တိုးတိုးလေး မေးလာသည်။
ကျွန်မ ခေါင်းညိတ်လိုက်၏။
ပါတီပွဲတွင် 'တိုက်တိုက်ဆိုင်ဆိုင်' တွေ့ဆုံခဲ့သော ရက်ရှ်တာနှင့် လေဒီ အာလီရှုတဲတို့၏ တုံ့ပြန်မှုကလည်း တုံ့ပြန်မှုဖြစ်သည့်တိုင်။
ရက်ရှ်တာက အလွန်လှပသော ရုပ်ရည်ရှိသူဖြစ်၍ သတင်းမထွက်ဘဲမနေပေ။
လေဒီ ရီဗယ်တီက ရက်ရှ်တာအကြောင်း မသိဘဲနေမည်မဟုတ်။
သို့သော်လည်း ရီဗယ်တီက ရက်ရှ်တာနှင့် ပတ်သက်သော အကြောင်းအရာကို လုံးဝ မဟခဲ့ပေ။
ဗိုင်းကောင့် လိုတဲရှုက ပါးစပ်ပိတ်ထားရန် မှာကြားထားသည်ဟုသာ ယူဆ၍ရ၏။
“ရက်ရှ်တာက ဗိုင်းကောင့် လိုတဲရှုရဲ့ ကျွန်ဖြစ်ခဲ့မယ်ဆိုရင်၊ အခုအချိန်မှာ ရက်ရှ်တာအတွက် လေဒီ ရီဗယ်တီနဲ့ ဗိုင်းကောင့် လိုတဲရှုက အင်မတန် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပြီး ရှုပ်ထွေးစရာကောင်းတဲ့ ဖြစ်တည်မှုတွေ ဖြစ်နေမှာပဲ။”
“ဟုတ်ပါတယ်။”
ဗိုင်းကောင့် လိုတဲရှုက လူအများရှေ့တွင် ရက်ရှ်တာကို တစ်ကြိမ် အရှက်ခွဲခဲ့ဖူးသည်ပင်။
သို့သော်လည်း ဆက်လက် တွေ့ဆုံနေရရုံသာမက တစ်ခါတစ်ရံ နန်းတော်တွင် တွေ့ဆုံကြပြီး မြို့တော်အထိပါ ဖိတ်ခေါ်ခဲ့သည်။
ဆိုဗီရ်ရှုက ရက်ရှ်တာ ကျွန်ဖြစ်ခဲ့ကြောင်းကိုသိသော်လည်း လက်ခံခဲ့၏။
ဗိုင်းကောင့် လိုတဲရှုက ရက်ရှ်တာကို ခြိမ်းခြောက်အကျပ်ကိုင်နေသည်ဆိုလျှင်ပင် ယင်းက လူမှုအဆင့်အတန်းတစ်ခုတည်းအတွက်တော့ မဟုတ်နိုင်ပေ။
အချက်အလက်များကို ပေါင်းစပ်ကြည့်မည်ဆိုလျှင် အဖြေက တစ်ခုတည်းသာ ရှိသည်။
ရက်ရှ်တာ ဖုံးကွယ်ထားချင်သော လျှို့ဝှက်ချက်က ထိုမိသားစု၏ ကျွန်ဖြစ်ခဲ့ခြင်းတစ်ခုတည်းမဟုတ်ဟူသော အချက်ပင်။
“ကြည့်ရတာ ဗိုင်းကောင့် လိုတဲရှုက ရက်ရှ်တာ ဖုံးကွယ်ထားချင်တဲ့ တခြား အားနည်းချက်တစ်ခုကို လက်ထဲမှာ ကိုင်ထားတာဖြစ်မယ်။”
ထို့အပြင် ထိုအားနည်းချက်အကြောင်းကို သိနေသူက ဗိုင်းကောင့် လိုတဲရှု တစ်ဦးတည်း မဟုတ်နိုင်ပေ။
“ဗိုင်းကောင့် လိုတဲရှုနဲ့ လေဒီ ရီဗယ်တီတို့ရဲ့ ပတ်ဝန်းကျင်ကို စုံစမ်းကြည့်ပါ။ ဘာကို ဖုံးကွယ်ဖို့ ခြိမ်းခြောက်ခံနေရတာလဲဆိုတာ သိထားရင် မကောင်းစရာတော့ မရှိနိုင်ဘူး။”
~~~~
Miel’s Translations