အပိုင်း ၉၈ (ကျွန်တော့်အမြင်က မြင့်လို့ပါ)
နာဗီရယ်က ဝီလ်ဝေါလ်ကို ရုတ်တရက်သွားမည်ဟု ဆိုခဲ့သော်လည်း ဆိုဗီရ်ရှုက မတားခဲ့ပေ။
နာဗီရယ် သူနှင့်အတူသွားရန် ငြင်းဆန်ခဲ့သည့်အတွက် စိတ်မကောင်းဖြစ်ရသော်လည်း၊ တစ်ဖက်တွင် ဆိုဗီရ်ရှုအတွက် နာဗီရယ်မရှိခိုက် လုပ်စရာကိစ္စအချို့ ရှိနေသောကြောင့်ပင်။
“ဗိုင်းကောင့် လိုတဲရှု ဘယ်မှာလဲ။”
“တောင်နန်းဆောင်မှာ ဆေးကုသမှု ခံယူနေပါတယ်။”
“မလှုပ်ရှားနိုင်တဲ့အထိ ဖြစ်နေတာလား။”
“အဲ့ဒီလောက်အထိတော့ မဟုတ်ပါဘူး။”
“ဒါဆိုရင် ရပြီ။ ခေါ်လာခဲ့။”
ဆိုဗီရ်ရှုက ပထမဆုံးအနေဖြင့် ဗိုင်းကောင့် လိုတဲရှုကို ဆင့်ခေါ်ကာ ရက်ရှ်တာနှင့် ပတ်သက်သည့် ကိစ္စရပ်များကို မေးမြန်းခဲ့သည်။
ဗိုင်းကောင့် လိုတဲရှုက ဧကရာဇ်၏လူယုံ မိမိကို ကယ်တင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိထားသဖြင့် အလွန်ပါးနပ်စွာ ပြုမူခဲ့၏။
သူ ခိုရှာရ်အား ပြောခဲ့သမျှအားလုံးကို ဆိုဗီရ်ရှု သိသွားပြီဖြစ်ကြောင်း ရိပ်မိသဖြင့်၊ ငိုယိုကာ ခိုရှာရ်အား ပြောခဲ့သည့် စကားများကိုသာ ထပ်ခါတလဲလဲ ပြောပြခဲ့သည်။
သို့သော် ဆိုဗီရ်ရှု၏ တုံ့ပြန်မှုက အေးစက်လှ၏။
“ဒါဆိုရင် မောင်မင်းက ရက်ရှ်တာရဲ့ ကလေးကို ဝှက်ပေးထားတဲ့ အဖိုးအခအနေနဲ့ သူ့ကို ခြိမ်းခြောက်နေခဲ့တာပေါ့၊ ဟုတ်လား။”
“မဟုတ်ပါဘူး၊ အရှင်ဧကရာဇ်။”
“အဲ့ဒါမှမဟုတ်ရင် ရက်ရှ်တာက မောင်မင်းကို ဘာလို့ ဆက်ပြီး ဂရုစိုက်နေရမှာလဲ။ ထွက်ပြေးချင်လောက်အောင် မုန်းခဲ့တဲ့ မောင်မင်းကိုလေ။”
ဆိုဗီရ်ရှုက ယခုအထိ ရက်ရှ်တာကို ဂရုစိုက်နေဆဲဖြစ်ကြောင်း မြင်လိုက်ရတော့ ဗိုင်းကောင့် လိုတဲရှုလည်း သူ ရက်ရှ်တာ၏ အတိတ်အကြောင်း မမေးတော့ဘဲ လက်ခံထားရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။
အချစ်ကြောင့်လား သို့မဟုတ် ကိုယ်ဝန်လွယ်ထားရ၍လား မသိသော်လည်း ထိုလုပ်ရပ်ကို ကြည့်ခြင်းအားဖြင့် ထင်ရှားလှ၏။
ဗိုင်းကောင့် လိုတဲရှုလည်း တစ်ဖန် ဦးနှောက်သုံးကာ လိမ်ညာ၍ ဝန်ခံခဲ့ပြန်သည်။
“ရက်ရှ်တာ... အဲလေ၊ လေဒီ ရက်ရှ်တာ ကျွန်တော်နဲ့ ဆက်ပြီး အဆက်အသွယ်လုပ်နေရတဲ့ အကြောင်းရင်းက လေဒီ ရက်ရှ်တာရဲ့ ကလေးကို ကျွန်တော်က စောင့်ရှောက်ပေးနေလို့ပါ။”
ဗိုင်းကောင့် လိုတဲရှုက သနားစရာအကောင်းဆုံးဖြစ်အောင် ပြုမူရင်း၊ တစ်ဝက်ပြတ်နေသော သူ၏နားရွက်တစ်ဖက်ကို မြင်သာအောင် ခေါင်းကို ကိုင်းညွှတ်ပြခဲ့သည်။
“တကယ်တော့ လေဒီ ရက်ရှ်တာက ကျွန်တော့်ကို နည်းနည်း အခွင့်အရေးပေးခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ အဲ့ဒါက ကလေးကို ကောင်းကောင်းမွေးမြူပေးဖို့ အကူအညီတောင်းချင်လို့ပါ။ ခြိမ်းခြောက်စရာ အကြောင်းမရှိပါဘူး။ ကျွန်တော်တို့ကြားက ဆက်ဆံရေးက...အဲ့ဒီတော့က၊ အပေးအယူလုပ်တဲ့ ပုံစံမျိုးနဲ့ နီးစပ်ပါတယ်။”
ဆိုဗီရ်ရှုက မျက်မှောင်ကြုတ်ကာ သူ့ကို ငုံ့မိုးကြည့်လိုက်သည်။
ဗိုင်းကောင့် လိုတဲရှု ပြောသည့်စကားက ရှေ့နောက်ညီညွတ်နေ၏။
ထို့အပြင် ရက်ရှ်တာက အမြဲတမ်း ဗိုင်းကောင့် လိုတဲရှုဘက်မှ ကာကွယ်ပေးခဲ့သည် မဟုတ်ပါလား။
လွန်ခဲ့သော ရက်ပိုင်းကပင် ဆိုဗီရ်ရှု ရက်ရှ်တာ လျှို့ဝှက်သိမ်းဆည်းထားသော ကလေး၏ ဆံပင်များကို မြင်တွေ့ခဲ့ရသေးသည်။
ထိုကဲ့သို့သော အချက်များ ထပ်တူကျသွားသဖြင့် ဗိုင်းကောင့် လိုတဲရှု၏ စကားက ပို၍ အချက်အလက်ခိုင်လုံသယောင် ဖြစ်သွား၏။
ဗိုင်းကောင့် လိုတဲရှုလည်း ဆိုဗီရ်ရှု ထပ်မံ၍ မစစ်ဆေးတော့သဖြင့် သက်ပြင်းချနိုင်ခဲ့သည်။
သို့သော် ဆိုဗီရ်ရှု၏ မေးခွန်းထုတ်မှုက မဆုံးသေးပေ။
“ရက်ရှ်တာရဲ့ ကျွန်အရောင်းအဝယ်စာချုပ်က ဘယ်မှာလဲ။”
“ခင်ဗျာ...”
“ခိုရှာရ်ကို ကျွန်အရောင်းအဝယ်စာချုပ်အကြောင်းလည်း ပြောခဲ့တယ်ဆို။”
'အဲ့ဒါကိုပါ သိနေတာလား' ဟူ၍ ဗိုင်းကောင့် လိုတဲရှုတစ်ယောက် လန့်ဖျပ်သွားကာ ဆိုဗီရ်ရှုကို ကြည့်လိုက်မိသည်။
ဆိုဗီရ်ရှုကမူ သူ့ကို အေးအေးဆေးဆေးပင် ငုံ့မိုးကြည့်နေ၏။
ဗိုင်းကောင့် လိုတဲရှုလည်း ဧကရာဇ်က ‘ဘာလို့ အရောင်းအဝယ်စာချုပ်ကို ဖျက်ဆီးမပစ်ဘဲ သိမ်းထားရတာလဲ’ ဟု အပြစ်ရှာမည်ကို စိုးရိမ်သဖြင့်၊ အမြန်ပင် ပျာပျာသလဲ ဝပ်တွားလျက် ပြောခဲ့သည်။
“ကျွန်အရောင်းအဝယ်စာချုပ်ကို ဘဲရ် ကုန်သွယ်ရေးအဖွဲ့မှာ အပ်နှံထားခဲ့ပေမဲ့ ဆာ ခိုရှာရ်က ယူသွားလောက်ပြီထင်ပါတယ်။”
~~~~
ဗိုင်းကောင့် လိုတဲရှုကို ပြန်လွှတ်လိုက်ပြီးနောက် ဆိုဗီရ်ရှုက ခိုရှာရ်ထံသို့ ကိုယ်တိုင်သွားခဲ့သည်။
ခိုရှာရ်က ဒုတိယထပ်ရှိ သူ၏အခန်းထဲတွင် ပိတ်လှောင်ခံထားရသော်လည်း ထင်မှတ်မထားလောက်အောင် ငြိမ်သက်နေ၏။
ပိတ်လှောင်ခံထားရသည်ဟုဆိုသော်လည်း စားစရာများကို စနစ်တကျ ပြင်ဆင်ပေးထားကာ အခန်းထဲတွင် သန့်စင်ခန်းလည်း ပါဝင်သည်။
ဝေယျာဝစ္စလုပ်ပေးသည့် အစေခံလည်း ရှိနေသဖြင့် သူ၏ပုံစံက ထုံးစံအတိုင်း သပ်ရပ်လှပနေဆဲပင်။
ခိုရှာရ်ကို မြင်လိုက်ရသော ဆိုဗီရ်ရှုက စကားများများ မပြောလိုသဖြင့် လိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်သည်။
“မင်းကို ပြည်နှင်ဒဏ်ပေးမယ်။”
နာဗီရယ်ကို ကြားခံထားကာ ငယ်စဉ်ကတည်းက သိကျွမ်းခဲ့ကြသော်လည်း ဆိုဗီရ်ရှုနှင့် ခိုရှာရ်တို့က သိကျွမ်းခဲ့သည့် ကာလတစ်လျှောက်လုံး ဆက်ဆံရေး ဆိုးဝါးခဲ့ကြသည်။
ခိုရှာရ်က ဆိုဗီရ်ရှု ဤသို့ ပြုမူမည်ကို ကြိုတင်ပြင်ဆင်ထားပုံရပြီး ပြည်နှင်ဒဏ်ပေးမည့် သတင်းကိုကြားရသော်လည်း အံ့ဩသည့်ဟန်မရှိပေ။
ထိုအစား သူက အေးစက်စွာ ခနဲ့တဲ့တဲ့ ပြောခဲ့၏။
“အရှင်ဧကရာဇ်ရဲ့ ကစားစရာက ဘယ်လိုလူမျိုးလဲဆိုတာ သိပါရဲ့လား။”
“ကြားသင့်သမျှတော့ အကုန် ကြားပြီးပြီပေါ့။ ပင်ပန်းသွားပြီ။”
ဆိုဗီရ်ရှုက ခိုရှာရ်၏ ရန်စမှုကို လက်မခံဘဲ ခိုရှာရ်ကို ပို၍ဒေါသထွက်အောင် ပြန်လည် တုံ့ပြန်ခဲ့သည်။
“ပင်ပန်းသွားပြီ၊ ဟုတ်လား။”
“အဲ့ဒီကလေး အတိတ်မှာ ဘာတွေလုပ်ခဲ့လဲဆိုတာကို ငါ့အစား ရှာဖွေပေးခဲ့လို့လေ။”
ဆိုဗီရ်ရှုက အေးအေးဆေးဆေး ပြောဆိုပြီးနောက် အခန်းထဲကို တစ်ချက် ဝေ့ကြည့်ကာ မေးလိုက်သည်။
“ရက်ရှ်တာရဲ့ အရောင်းအဝယ်စာချုပ် ဘယ်မှာလဲ။”
“အင်းလေ၊ နားရွက်တစ်ဝက်ပြတ် ပါးစပ်လှုပ်လိုက်ကတည်းက ခန့်မှန်းမိသားဆိုပေမဲ့။ တကယ် ပါးစပ်ဖွာတဲ့လူပဲ။”
“လက်သီးနဲ့ ဦးနှောက် ပေါ့ပြက်ပြက်ဖြစ်နေတဲ့ မင်းထက်တော့ ပိုသာမှာပါ။”
ဆိုဗီရ်ရှု ပြုံးရွှင်စွာ ပြောလာတော့ ခိုရှာရ်က အေးစက်သော မျက်လုံးများဖြင့် ဆိုဗီရ်ရှုကို စိုက်ကြည့်နေရာမှ လိုက်ရယ်ရင်း ပြောခဲ့သည်။
“ကျိန်းသေပေါက် အဲ့ဒီလိုပဲဖြစ်မှာပေါ့။”
ထိုကဲ့သို့ ရုတ်တရက် ပြောင်းလဲသွားမှုကြောင့် ဆိုဗီရ်ရှု မျက်မှောင်ကြုတ်သွားသည်။
ခိုရှာရ် ရယ်ရသည့် အကြောင်းရင်းကို နောက်မှပြောလာသော စကားများမှ ချက်ချင်း သိလိုက်ရ၏။
“အရောင်းအဝယ်စာချုပ်ကို ဘဲရ် ကုန်သွယ်ရေးအဖွဲ့ကနေ ကျွန်တော် သွားယူခဲ့တာအမှန်ပါပဲ။ ဒါပေမဲ့ အရှင်ဧကရာဇ်ရဲ့ စစ်သည်တော်တစ်ယောက်က အဲ့ဒါကို သိမ်းယူသွားလေရဲ့။”
ဆိုဗီရ်ရှုက ဘာတွေလျှောက်ပြောနေတာလဲဟူသော အကြည့်ဖြင့် ခိုရှာရ်ကို ကြည့်လိုက်သော်လည်း ခိုရှာရ်က အေးအေးဆေးဆေးပင် တီးတိုးရေရွတ်နေခဲ့သည်။
“ကျွန်တော်က ကျိန်းသေပေါက် ဧကရာဇ် အမိန့်ပေးလိုက်တဲ့ကိစ္စ မှတ်နေတာ။ အခု ကြည့်ရသလောက်တော့ မဟုတ်တဲ့ပုံပါလား။”
ထို့နောက် ဆိုဗီရ်ရှု တစ်ခုခု မပြောမီ သူက လိုလိုလားလား လက်နှစ်ဖက်ကို ဖြန့်ရင်း ရယ်ခဲ့သည်။
“စိတ်ကြိုက် ရှာဖွေနိုင်ပါတယ်။ ကျွန်တော့်ဆီမှာ တကယ် မရှိတာမို့လို့။”
“...”
ဆိုဗီရ်ရှုက ခိုရှာရ်ကို စိုက်ကြည့်နေရင်း၊ အတူပါလာသော မားကီးစ် ကားလ်ကို အရောင်းအဝယ်စာချုပ်အား ရှာဖွေရန် အမိန့်ပေးလိုက်သည်။
သို့သော် အိမ်တော်အတွင်း နှံ့နှံ့စပ်စပ် ရှာဖွေသော်လည်း စာချုပ်က ပေါ်မလာခဲ့ပေ။
ဘဲရ် ကုန်သွယ်ရေးအဖွဲ့ထံသို့ လူလွှတ်ခဲ့သော်လည်း ကုန်သွယ်ရေးအဖွဲ့ဘက်မှ ခိုရှာရ်က စာချုပ်ကို ယူသွားခဲ့သည်ဟု ပြောခဲ့ပြီး တကယ်တမ်းတွင်လည်း သူတို့လက်၌ စာချုပ် မရှိတော့ပေ။
ဆိုဗီရ်ရှုက လက်အောက်ငယ်သားများ အိမ်တော်နှင့် ကုန်သွယ်ရေးအဖွဲ့ကို တစ်ဖန် ပြန်လည်ရှာဖွေနေစဉ်အတွင်း ဧည့်ခန်းဆိုဖာပေါ်တွင် ထိုင်ကာ လက်ပိုက်ရင်း ဒေါသကို အနိုင်နိုင် ထိန်းချုပ်နေခဲ့သည်။
သို့သော် မည်မျှပင် ရှာဖွေပါစေ နောက်ဆုံးတွင် စာချုပ်က ပေါ်မလာသဖြင့် ဆိုဗီရ်ရှု၏ ဒေါသက အထွတ်အထိပ်သို့ ရောက်သွားတော့၏။
အရောင်းအဝယ်စာချုပ် ပျောက်ဆုံးသွားပြီဖြစ်ရာ ရက်ရှ်တာက နောင်တစ်ချိန်တွင် ကျွန်ဖြစ်ခဲ့သည်ဟူသော သံသယများကြား၌ ပြန်လည် ပတ်သက်ရဖွယ် ရှိနေချေပြီ။
'ဧကန္တ... ဧကရီဆီမှာ ရှိနေတာများလား။'
ဆိုဗီရ်ရှုလည်း နာဗီရယ် ခိုရှာရ် နေအိမ်အကျယ်ချုပ်ကျသည့်ကိစ္စကို နာရီပိုင်းအတွင်း သိသွားခဲ့ခြင်းအား ပြန်တွေးမိကာ သံသယဝင်လာသည်။
စစ်သည်တော်များထဲတွင် နာဗီရယ်ကို ကြည်ညိုလေးစားသူများ အမြောက်အမြားရှိ၏။
ရက်ရှ်တာကို မုန်းတီးသော ဧကရီဆိုပါက အရောင်းအဝယ်စာချုပ်ကို လက်ဝယ်ရရှိသွားခဲ့လျှင်လည်း လုံးဝ လွှဲပြောင်းပေးမည်မဟုတ်ပေ။
ထိုသို့တွေးလိုက်တော့ ပို၍ပင် မသင်္ကာစရာကောင်းလာသည်။
'ဧကရီမရှိတုန်း အခန်းကို ရှာဖွေမိန့်ထုတ်မှပဲ။'
အိမ်တော်မှ မထွက်ခွာမီ။
အိမ်တော်ကို အကြိမ်ကြိမ် ရှာဖွေပြီးသည့်တိုင် မကျေနပ်နိုင်သေးသော ဆိုဗီရ်ရှုက ထရိုဗီ မြို့စားမင်း ဇနီးမောင်နှံကို ခေါ်ကာ သတိပေးလိုက်သည်။
“ထရိုဗီ မြို့စားမင်း၊ မြို့စားကတော်ကြီး... ခင်ဗျားတို့ သားက ကျုပ်ရင်သွေးကို သတ်ဖို့အတွက် နည်းမျိုးစုံ ကြံစည်ခဲ့တာကို သိရဲ့လား။”
“မနေ့က ကြားခဲ့ရပါတယ်။”
“ဧကရီရဲ့ မျက်နှာကို ထောက်ထားပြီး ‘တရားဝင်’ အရေးယူတာမျိုးတော့ မလုပ်ဘူး။ ဒါပေမဲ့ ခိုရှာရ်ကို အခုချက်ချင်း ကျုပ်တိုင်းပြည်ကနေ ပြည်နှင်ဒဏ် ပေးလိုက်ပြီ။”
ဧကရာဇ်၏ စစ်သည်တော်များထံမှ ဖြစ်စဉ်အခြေအနေများကို ကြားသိခဲ့ရသော်လည်း၊ တကယ်တမ်းတွင် မိမိ၏သားက ကြီးလေးသော ပြစ်ဒဏ်ကို ခံရတော့မည်ဖြစ်သဖြင့် မြို့စားမင်းက နဖူးကို ဖိကိုင်ကာ ယိုင်နဲ့သွားတော့သည်။
မြို့စားကတော်ကြီးက မြို့စားမင်းကို ဖေးမရင်း ဆိုဗီရ်ရှုကို မကျေနပ်သလို အကြည့်ဖြင့် ကြည့်လေ၏။
နာဗီရယ်နှင့် ဆင်တူသော ထိုအကြည့်ကြောင့် ဆိုဗီရ်ရှု အလကားနေရင်း ဒိတ်ခနဲဖြစ်သွားသော်လည်း၊ အပြင်ပန်းတွင်မူ မျက်တောင်တစ်ချက် မခတ်ဘဲ စကားကို ဆက်ပြောခဲ့သည်။
“ပြည်နှင်ဒဏ် ပေးခံထားရတဲ့ ကာလအတွင်း ခိုရှာရ်က အရှေ့အင်ပါယာမှာ ဘယ်လို ဥပဒေကြောင်းအရ အခွင့်အာဏာကိုမှ ကျင့်သုံးခွင့်မရှိသလို၊ ပြန်ဝင်လာတာနဲ့ ချက်ချင်း ထောင်ထဲမှာ အကျဉ်းစံရမယ်ဆိုတာကို မှတ်ထားကြ။”
~~~~
ကျွန်မတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များစွာ ရှိနေခဲ့သော်လည်း။
ဝီလ်ဝေါလ်ကမူ အမြဲတစေ တောက်ပကာ ကျန်းမာသော စွမ်းအင်များဖြင့် ပြည့်နှက်နေဆဲသာ။
မှော်ပညာရှင်များ၏ မြို့တော်ဟု ဆိုသော်လည်း၊ မှော်ပညာရှင်များ လျော့နည်းလာသည့် ဖြစ်စဉ်က လူတို့ကို စိတ်ဓာတ်ကျအောင် မလုပ်နိုင်သေးသည့်ပုံပင်။
လူငယ်ပညာတော်သင်များက အမျိုးမျိုးသော သုတေသနပစ္စည်းများ ထည့်ထားသည့် အိတ်ကြီးများကို မနိုင်မနင်း သယ်ဆောင်ကာ ဖြတ်သန်းသွားလာနေကြပြီး၊ အရပ်ရှည်ရှည် အမျိုးသမီးတစ်ဦးက လက်ပေါ်တွင် ဝါကျင့်ကျင့် လေပူဖောင်းလေးကို လှိမ့်ကစားရင်း တစ်စုံတစ်ရာကို အလေးအနက် စဉ်းစားနေ၏။
ကျောင်းသားငယ်လေးများက နေရာအနှံ့တွင် ထူထဲသော စာအုပ်များကို လက်နှစ်ဖက်ဖြင့် ပိုက်ထားကြကာ နားလည်ရခက်သော စကားများကို အပြန်အလှန် ပြောဆိုနေကြသည်။
ကျွန်မကို စောင့်ကြပ်ရန် လိုက်ပါလာသော စစ်သည်တော်များသည်လည်း အံ့ဩမှင်တက်နေကြသလို ဟိုဟိုဒီဒီ ငေးမောကြည့်နေကြ၏။
သူတို့ ပတ်ဝန်းကျင်ကို လေ့လာနေစဉ်အတွင်း ကျွန်မ တမင်ပင် ခြေလှမ်းကို နှေးကွေးစွာ လှမ်းခဲ့သည်။
ထိုသို့ လမ်းလျှောက်နေရင်း ယခင်က ဟိုင်န်ရီနှင့်အတူ ဝင်ခဲ့ဖူးသော စားသောက်ဆိုင်ကို ဖြတ်သွားမိ၏။
အလိုလိုပင် ခြေလှမ်းများ ရပ်တန့်သွားသည်။
တစ်နှစ်ပင်မပြည့်သေးသည့် ကိစ္စဖြစ်သော်လည်း။
ထိုစဉ်က ပျော်ပျော်ရွှင်ရွှင် ရယ်မောခဲ့ကြသည့် အကြောင်းအရာများက ဝေးကွာလှသော အတိတ်တစ်ချိန်ကလိုပင်။
ထိုစဉ်ကလည်း ဆိုဗီရ်ရှုနှင့် ရက်ရှ်တာတို့ကြောင့် ပင်ပန်းခက်ခဲခဲ့ရသည့်တိုင်....
ယခုမူ အစ်ကိုက ပြည်နှင်ဒဏ်ခံရတော့မည်ဖြစ်ပြီး ကျွန်မကလည်း ဧကရီနေရာမှ ဖယ်ထုတ်ခံရတော့မည်ဖြစ်ရာ ထိုအချိန်က ပို၍ငြိမ်းချမ်းခဲ့သည်ဟု ဆိုရပေမည်။
စားသောက်ဆိုင်ကို မြင်လိုက်ရတော့ အလွန် တမ်းတမိသွားသဖြင့်၊ နောက်ဆုံးတွင် ဗိုက်ဆာသည်ဟု အကြောင်းပြကာ စားသောက်ဆိုင်အတွင်းသို့ ဝင်လိုက်မိ၏။
ယခင်က တော်ဝင်မင်းသား ဟိုင်န်ရီနှင့် ထိုင်ခဲ့ဖူးသောနေရာကို သွားကြည့်လိုက်ချိန်တွင်။
ယခင်က ကျွန်မတို့ ထိုင်ခဲ့သည့် ထိုနေရာလေး၌ပင် ရင်းနှီးနေသော ဦးခေါင်းနောက်ပိုင်းကို မြင်လိုက်ရသည်။
'တော်ဝင်မင်းသား ဟိုင်န်ရီများလား။'
မဖြစ်နိုင်တာ။
ဘုရင်ဖြစ်သွားပြီဖြစ်သော လူက ဤနေရာတွင် ရှိနေစရာအကြောင်းမရှိပေ။
သို့ရာတွင် မည်သို့ပင်ကြည့်ကြည့် ထိုရွှေရောင်ဆံပင်ဖျော့ဖျော့နှင့် မတ်မတ်ထိုင်နေသည့် ကိုယ်နေဟန်ထားက တော်ဝင်မင်းသား ဟိုင်န်ရီနှင့် တူလွန်းနေသည်။
အံ့ဩနေသော စိတ်ကို ထိန်းချုပ်ရင်း ကျွန်မက ထိုနေရာသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားကြည့်လိုက်၏။
မျက်နှာကို အသာအတည်ပြုပြီးနောက် အခြားသူဆိုလျှင် အနီးနားတွင်သာ ထိုင်ရန် စိတ်ကူးထားခဲ့သော်လည်း…
“တော်ဝင်မင်းသား...”
မဟုတ်ဘူး။
တကယ် တော်ဝင်မင်းသား ဟိုင်န်ရီ ဖြစ်နေတာပဲ။
ကျွန်မ ကိုယ်တိုင်ပင်မသိလိုက်ဘဲ နှုတ်မှတီးတိုးရေရွတ်လိုက်မိရာ၊ လက်ကမ်းစာစောင်ကို အလေးအနက် ဖတ်နေသော တော်ဝင်မင်းသား ဟိုင်န်ရီက ကျွန်မဘက်သို့ လှည်ကြည့်လာသည်။
“ကွီးန်...”
တော်ဝင်မင်းသား ဟိုင်န်ရီသည်လည်း မျှော်လင့်မထားသော တွေ့ဆုံမှုဖြစ်၍လားမသိ၊ လန့်သွားကာ ဝုန်းခနဲ ထရပ်လေ၏။
သူက စားသောက်ဆိုင်အတွင်း၌ ကျွန်မကို ဧကရီဟု ခေါ်မိတော့မလို ဖြစ်သွားသည်ကို သတိထားမိသွားကာ အမြန်ပင် ပါးစပ်ပိတ်ခဲ့သည်။
သို့သော် ကျွန်မကို ကြည့်နေသော မျက်နှာကမူ ဝင်းပကာ တောက်ပနေ၏။
မည်သည့်အကြံအစည်မှ မပါသော ထိုမျက်နှာကို မြင်လိုက်ရတော့ စောစောက ထိုင်းမှိုင်းနေသောစိတ်များ ပြေပျောက်သွားကာ ကျွန်မပါ လိုက်၍ ပြုံးမိသွားသည်။
“မဖြစ်နိုင်တာ။”
သူက လက်တစ်ဖက်ဖြင့် သူ၏ ဆံပင်များကို အနောက်သို့ သပ်တင်ရင်း တီးတိုးရေရွတ်လေ၏။
“ဒီလိုတိုက်ဆိုင်မှုမျိုး ရှိနိုင်ပါ့မလား။”
ကျွန်မ စစ်သည်တော်များကို အခြားစားပွဲတွင် သွားထိုင်နေရန် ညွှန်ကြားလိုက်ပြီးနောက်၊ တော်ဝင်မင်းသား ဟိုင်န်ရီကို မေးလိုက်သည်။
“ကျွန်မ အတူထိုင်လို့ရော ရမလား။”
“ကျိန်းသေပေါက် ရတာပေါ့။”
တော်ဝင်မင်းသား ဟိုင်န်ရီက အမြန်ထရပ်ကာ မျက်နှာချင်းဆိုင်မှ ကုလားထိုင်ကို ဆွဲထုတ်ပေးခဲ့သည်။
ကုလားထိုင်ပေါ်တွင် ထိုင်လိုက်တော့ သူက သူ့နေရာ၌ ပြန်ထိုင်ပြီး လက်ဖမိုးဖြင့် ပါးကို အကြိမ်ကြိမ် ဖိသပ်နေလေ၏။
“ကွီးန်ကတော့ ကျွန်တော် အခု ဘယ်လောက်တောင်၊ ဘယ်လောက်တောင် အံ့ဩပြီး ဝမ်းသာသွားလဲဆိုတာ သိမှာမဟုတ်ပါဘူး။ ‘ဒီစားသောက်ဆိုင်’ မှာ တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူးလေ။”
တော်ဝင်မင်းသား ဟိုင်န်ရီက ကျွန်မနှင့် တွေ့ရခြင်းကလည်း တွေ့ရခြင်းဖြစ်သည့်တိုင်၊ ကျွန်မတို့ ‘ဒီစားသောက်ဆိုင်’ ၌ တွေ့ရခြင်းကို ပို၍ အံ့ဩမှင်တက်နေသည့်ပုံပင်။
သူ့အတွက်လည်း ဤစားသောက်ဆိုင်က ထူးခြားသော အမှတ်တရတစ်ခု ဖြစ်နေခဲ့ခြင်းလား။
“ကျွန်မလည်း အံ့ဩသွားတာပဲ။ တော်ဝင်မင်းသား ဟိုင်န်ရီက အခုအချိန်ဆိုရင်... အလို။”
အခုက တော်ဝင်မင်းသား မဟုတ်တော့ဘူးပဲ။
စကားမှားသွားကြောင်း သိလိုက်သဖြင့် အိုးတိုးအမ်းတမ်း ပြုံးလိုက်မိရာ၊ တော်ဝင်မင်းသား ဟိုင်န်ရီ မဟုတ်တော့သော ဟိုင်န်ရီက လိုက်ပြုံးရင်း ပြောလာသည်။
“ဟိုင်န်ရီလို့ပဲ ခေါ်ပါ။”
“...အဲ့ဒါကတော့ ခက်ပါလိမ့်မယ်။”
“သေသေချာချာခေါ်ရင် ပိုခက်သွားမှာ မဟုတ်ဘူးလားဗျ။”
“ဒါပေမဲ့လည်း...”
“ကိစ္စမရှိပါဘူး။ ဟိုင်န်ရီလို့ပဲ ခေါ်ပေးပါ။”
ဟိုင်န်ရီတွင် သူ၏အမည်ကို သကြားခဲလေးလို တိုးတိုးလေး ကပ်ချွဲပြောတတ်သည့် အရည်အချင်းရှိသည်။
ဆန်းကြယ်လှသဖြင့် သူ့အမည်သူ ခေါ်သည့်ပုံစံအတိုင်း လိုက်ခေါ်ကြည့်တော့ ဟိုင်န်ရီက ရှက်သွား၍လားမသိ နားရွက်ကို ပွတ်သပ်ရင်း အကြည့်လွှဲသွား၏။
နီမြန်းနေဆဲမျက်နှာက ယခင်အတိုင်း လွတ်လပ်သည့် တော်ဝင်မင်းသားနှင့် တူနေဆဲပင်။
ထိုပုံစံက ချစ်စရာကောင်းသော်လည်း လက်တွေ့ကျသော စိုးရိမ်မှုကို လှုံ့ဆော်ခဲ့သည်။
“ရှင် တိုင်းပြည်ထဲ ဝင်လာလိမ့်မယ်လို့ သတင်းလည်းမကြားမိတာကို။ ဘယ်လိုပြီး ဒီကိုရောက်လာတာလဲ။”
ထို့အပြင် ပတ်ဝန်းကျင်တွင်လည်း သူ၏ ကိုယ်ရံတော်ဟု ယူဆရသူများ မရှိပေ။
“အမ်...”
ဟိုင်န်ရီက ရှက်ကိုးရှက်ကန်းနှင့် အိုးတိုးအမ်းတမ်း ပြုံးရင်း အရှေ့မှ ခွက်ကို ပွတ်သပ်နေခဲ့သည်။
“အာ၊ အလို။”
ထို့နောက် မိမိအရှေ့တွင် လက်ဖက်ရည်ခွက် ရှိနေကြောင်း နောက်ကျမှ သတိထားမိသွားကာ၊ စားပွဲထိုးကိုခေါ်ပြီး အစားအသောက်အချို့ မှာယူခဲ့၏။
“ဒါဆိုရင် အဆင်ပြေမလားဗျ။”
“ကျွန်မက အဆင်ပြေပါတယ်။”
ဟိုင်န်ရီ မှာလိုက်သည့် အစားအသောက်များမှာ ယခင်က ကျွန်မတို့ အတူတူ စားခဲ့ဖူးသည့် ထိုအစားအစာများပင်။
ဟိုင်န်ရီက ကျွန်မနှင့် မျက်လုံးချင်း ဆုံသွားတော့ လက်ချောင်းချင်း ယှက်ထားသည့်အပေါ် မေးတင်ကာ ပြုံးပြလာ၏။
“တကယ်တော့၊ မှူးမတ်တွေ ပူညံပူညံလုပ်တာတွေကို ရှောင်ပြီး အသာလေး လစ်ထွက်လာတာပါ။”
ပြုံးပြီးပြောနေသော်လည်း ပြောသည့်စကားက အခြေအနေ အတော်ဆိုးလှသည်။
“အသာလေး လစ်ထွက်လာတယ်၊ ဟုတ်လား။”
ကျွန်မ အံ့ဩသွားကာ ပြန်မေးလိုက်မိ၏။
“ဘုရင်တစ်ပါးက အသာလေးလစ်ထွက်ပြီး လျှောက်လည်လို့ ရလို့လား။”
အန္တရာယ်ရှိတာလည်း ရှိတာပေမဲ့၊ အဲ့ဒါက ဖြစ်နိုင်လို့လား။
ဟိုင်န်ရီက ခပ်ဖွဖွ ရယ်လိုက်ကာ နားမလည်နိုင်ဖွယ် တီးတိုးရေရွတ်ခဲ့သည်။
“အနောက်ဘုရင့်တိုင်းပြည်က တော်ဝင်မိသားစုဝင်တွေလောက် လစ်ထွက်တဲ့နေရာမှာ ပါရမီရှိတဲ့သူဆိုတာ ရှိမှာမဟုတ်ပါဘူး။”
“အန္တရာယ်များတဲ့ ကိစ္စပဲ။”
“ဒါပေမဲ့ တစ်ခါတလေ အဲ့ဒီလို အန္တရာယ်ကို ရင်ဆိုင်ရကျိုးနပ်အောင် အံ့ဩစရာကောင်းပြီး အင်မတန် ထူးခြားတဲ့ ကိစ္စတွေလည်း ဖြစ်တတ်ပါတယ်။ ဒီနေ့လိုမျိုးပေါ့။”
သူ့စကားကို နားထောင်ရသည်က ကျွန်မနှင့် တွေ့ဆုံရခြင်းကို အံ့ဩစရာကောင်းပြီး ထူးခြားသည့်ကိစ္စဟု ပြောနေသလိုပင်။
အပိုစကားဖြစ်ဖြစ်၊ စိတ်ရင်းဖြစ်ဖြစ်၊ သို့မဟုတ် ကျွန်မ စိတ်အထင်ပဲဖြစ်ဖြစ်၊ အနည်းဆုံး နားထောင်ရသူကို စိတ်ချမ်းသာစေသည့် စကားဖြစ်၏။
ပြုံးရင်း ခေါင်းခါလိုက်တော့ ဟိုင်န်ရီက ကျွန်မကို စိုက်ကြည့်နေသည်။
မျက်တောင်မခတ်ဘဲ ကြည့်နေသဖြင့် “ဘာလို့လဲ” ဟု မေးလိုက်ရာ သူက အသံနိမ့်နိမ့်ဖြင့် ပြောလာ၏။
“သတိရနေခဲ့တာပါ။”
“....”
အလန့်တကြား မျက်လုံးများ ဝိုင်းစက်သွားမိသည်။
ဟိုင်န်ရီက ညင်သာစွာပြုံးရင်း ဆက်ပြောလာ၏။
“ဧကရီအရှင်မနဲ့ အတူရှိခဲ့တဲ့ နေ့ရက်တွေက ကျွန်တော် မင်းသားတစ်ပါးအနေနဲ့ လွတ်လွတ်လပ်လပ် ဖြတ်သန်းခဲ့ရတဲ့ နောက်ဆုံးအချိန်တွေမို့လို့ပါ။”
သူ့စကားကိုကြားမှသာ ကျွန်မလည်း စိတ်အေးလက်အေးနှင့် အတူတူ ခေါင်းညိတ်နိုင်ခဲ့သည်။
သို့သော် ဟိုင်န်ရီက ယခု အလုပ် အင်မတန်ပင်ပန်းနေ၍လားမသိ၊ ဟင်းခနဲ ညည်းသံလေးထွက်ကာ ခေါင်းငိုက်စိုက်ကျသွား၏။
ထိုပုံစံကို မြင်လိုက်ရတော့ ကျွန်မလည်း ပထမဆုံး ဧကရီနေရာကို စတင်ဆက်ခံခဲ့စဉ်က မိမိကိုယ်ကိုယ် သတိရမိသွားသည်။
နတ်ရွာစံဧကရီနောက်လိုက်ရင်း ပညာသင်ယူခဲ့သော်လည်း တကယ်တမ်း ဧကရီဖြစ်လာတော့ အရာအားလုံးက စိမ်းသက်နေကာ ကြောက်လန့်ခဲ့ရ၏။
‘ဒါကို ဒီလိုမျိုး ဖြေရှင်းရင် ရတယ်’ ဟု သိနေသည့်တိုင်၊ အမြဲတစေ စိုးရိမ်ပူပန်နေခဲ့ရသည်။
မတော်၍ ကျွန်မ၏ ရွေးချယ်မှုက ဆိုးဝါးသော ရလဒ်ကို ဖြစ်ပေါ်စေကာ ပြည်သူများအား ထိခိုက်မည်ကို စိုးရိမ်သောကြောင့်ပင်။
ဟိုင်န်ရီသည်လည်း အလားတူ စိုးရိမ်မှုမျိုး ရှိနေခြင်းဖြစ်ပေမည်။
“အဆင်ပြေမှာပါ၊ ဟိုင်န်ရီ။ ရှင်က ဆက်ပြီးတော့လည်း ကောင်းကောင်း လုပ်နိုင်မှာပါ။”
“စောစောက ညည်းသံက အဲ့ဒီကိစ္စကြောင့် မဟုတ်ပါဘူး။”
“မဟုတ်ဘူးလား။”
“တစ်နေ့နေ့... အခွင့်သာရင် ပြောပြပါ့မယ်။ တော်တော်လေး ကိုယ်ရေးကိုယ်တာဆန်လို့ပါ။”
“....”
“ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အခုလည်း အလုပ်တွေက တစ်စက်လေးတောင် ခက်ခဲနေတာမျိုး မရှိပါဘူး။”
နားမလည်သလို ကြည့်နေမိရာ၊ ဟိုင်န်ရီက ယုံကြည်မှုရှိရှိ ပြုံးရင်း လက်ဖက်ရည်ခွက်ကို ကိုင်လိုက်သည်။
စားပွဲထိုးက အစားအသောက်များ တင်ဆောင်လာသော လှည်းကို တွန်းလာသဖြင့် ကျွန်မတို့ ခေတ္တ စကားစပြတ်သွား၏။
စားပွဲထိုး ထွက်သွားသည်နှင့် ဟိုင်န်ရီက လက်ဖက်ရည်ခွက်ကိုချကာ စကားဆက်ခဲ့သည်။
“ကျွန်တော့်ကို ပင်ပန်းစေတာက အလုပ်မဟုတ်ဘဲ တခြားပြဿနာတစ်ခုပါ။”
“တခြားပြဿနာ။”
ဟိုင်န်ရီက ပြောရခက်နေသလို တုံ့ဆိုင်းနေရာမှ ဖွင့်ဟလာသည်။
“မှူးမတ်တွေက မိဖုရားမြှောက်ဖို့ ခဏခဏ တိုက်တွန်းနေကြလို့ပါ။”
“အာ...”
“ကျွန်တော်က အခုအထိ အဆင်ပြေတယ်လို့ ပြောနေတာကို၊ သူတို့ကတော့ တစ်ရက်ပဲဖြစ်ဖြစ် စောစောစီးစီး လက်ထပ်ထိမ်းမြားဖို့ တကယ် ဝိုင်းပြီး ပူညံပူညံလုပ်နေကြတာလေ။”
ဟိုင်န်ရီက စိတ်ကုန်သည့်ဟန်ဖြင့် သက်ပြင်းချခဲ့သည်။
ကျွန်မလည်း ထူးဆန်းနေသဖြင့် မေးလိုက်မိ၏။
“အခုအထိ လျာထားတဲ့ သခင်မလေးတွေ မရှိသေးဘူးလား။”
ငယ်စဉ်ကတည်းက အိမ်ရှေ့စံကြင်ရာတော်အဖြစ် သတ်မှတ်ခံခဲ့ရသော ကျွန်မ၏ အမြင်တွင်မူ ဟိုင်န်ရီ၏ အသက်အရွယ်အထိ နိုင်ငံရေးအရ လက်ထပ်ထိမ်းမြားမည့်သူ မရှိသေးသည်မှာ အထူးအဆန်းဖြစ်နေသည်။
“ကျွန်တော်က အိမ်ရှေ့စံမဟုတ်ခဲ့တော့၊ အဲ့ဒီအပိုင်းမှာ နည်းနည်း လွတ်လပ်ခဲ့တယ်လေ။”
ဟိုင်န်ရီက ပုခုံးတွန့်ပြကာ ကျွန်မကို အသာလေး အကဲခတ်ကြည့်ရင်း ဆက်ပြောလာသည်။
“ဒါပေမဲ့ ကျွန်တော့်အတွက် လိုအပ်တဲ့ မိဖုရားက ချက်ချင်း တိုင်းရေးပြည်ရေးမှာ ပါဝင်ဆောင်ရွက်နိုင်မဲ့သူ ဖြစ်ရမှာကို။ ဘယ်လောက်ပဲ ထက်မြက်တဲ့မိန်းမဖြစ်ပါစေ၊ အိမ်ရှေ့စံကြင်ရာတော်ဘဝကို မဖြတ်သန်းခဲ့ဘဲ ချက်ချင်းကြီး တိုင်းရေးပြည်ရေးတွေကို တာဝန်ယူဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စ မဟုတ်လား။”
ဟိုင်န်ရီ၏ စကားကလည်း ယုတ္တိရှိသဖြင့် ခေါင်းညိတ်နေမိစဉ်မှာပင်၊ သူက အသံကို ပို၍နှိမ့်ကာ နှေးကွေးစွာ ပြောလာသည်။
“အဲ့ဒါအပြင် ကျွန်တော်က ကွီးန်ကို မြင်ဖူးသွားတော့ အမြင်က အရမ်းမြင့်သွားပါပြီ။”
“ကျေးဇူးတင်ပါတယ်။”
“မြှောက်ပင့်တာမဟုတ်ဘဲ အမှန်တရားပါ။ ကျွန်တော်ကတော့ တကယ် ကွီးန်လို လူမျိုးမဟုတ်ရင် မိဖုရားအဖြစ် လက်မခံနိုင်တော့ဘူး။ အမြင်က အရမ်းကို မြင့်သွားလို့။”
သူ့စကားက နောက်ပြောင်သည့်ပုံစံမျိုးဖြစ်သော်လည်း မျက်ဝန်းများကမူ မျက်နှာပူစရာကောင်းလောက်အောင် အလေးအနက်ဖြစ်နေသည်။
ကျွန်မ ရှက်ကိုးရှက်ကန်းနှင့် အိုးတိုးအမ်းတမ်း ပြုံးရင်း အကြည့်လွှဲလိုက်မိ၏။
ခါးသက်သက် ခံစားချက်လည်း ဝင်လာသည်။
ဆိုဗီရ်ရှုက ကျွန်မကို ကွာရှင်းရန် ကြိုးစားနေချိန်တွင် ဟိုင်န်ရီက ကျွန်မလို မိဖုရားမျိုးကို လိုချင်နေသည်ဆိုတော့... ရင်ထဲ၌ လစ်ဟာသွားရ၏။
ဟိုင်န်ရီက လက်နှစ်ဖက်ဖြင့် လက်ဖက်ရည်ခွက်ကို တင်းတင်းဆုပ်ထားရင်း ကျွန်မ၏ အမူအရာကို အကဲခတ်ကာ ထပ်ပြောလာပြန်သည်။
“တကယ်ပဲ၊ တစ်ခါတလေ စဉ်းစားမိပါတယ်။ ကွီးန်သာ အနောက်ဘုရင့်တိုင်းပြည်ရဲ့ မိဖုရားဆိုရင်၊ ပြည်သူတွေ တော်တော်လေး သဘောကျကြမှာပဲဆိုပြီးတော့လေ။”
~~~~
Miel’s Translations