no

Font
Theme

အပိုင်း ၁၀၁ (ဒီနေရာကို မလာနဲ့)

တိုက်တိုက်ဆိုင်ဆိုင် ယနေ့က ဆိုဗီရ်ရှုနှင့်အတူ ထမင်းလက်ဆုံစားရမည့်နေ့ပင်။

ခရီးမှ ပြန်ရောက်ခါစဖြစ်၍ ပင်ပန်းမှုကို ဆင်ခြေပေးကာ စားသောက်ချိန်ကို ရွှေ့ဆိုင်း၍ရသော်လည်း ထိုသို့မလုပ်ဘဲ ကျွန်မ အမြန်ပင် ရေချိုးအဝတ်အစားလဲကာ အချိန်တန်သည်နှင့် အရှေ့နန်းဆောင်သို့ သွားလိုက်သည်။

“ဝီလ်ဝေါလ်မှာ ဘယ်လိုနေလဲ၊ ဧကရီ။”

ဆိုဗီရ်ရှုက ကျွန်မကိုကြည့်ကာ ပြုံးလျက် မေးလာသည်။

ကျွန်မအခန်းကို ရှာဖွေရန် ကိုယ်ရံတော်တပ်မှူးကို ခိုင်းခဲ့သူနှင့် မတူအောင်ပင် တည်ငြိမ်လွန်းလှ၏။

‘ဧကန္တ ဆိုဗီရ်ရှုခိုင်းတဲ့ကိစ္စ မဟုတ်တာများလား။’

တစ်ချက် သံသယဖြစ်မိသော်လည်း ပေါ့ပေါ့တန်တန် သဘောထား၍မရပေ။

သူက ရက်ရှ်တာကို ကွာရှင်းမည့်အကြောင်း တီးတိုးပြောပြီး နောက်နေ့မှာပင် ကျွန်မကို ပုံမှန်အတိုင်း ဆက်ဆံခဲ့သူမဟုတ်ပါလား။

မျက်နှာထား ထိန်းနိုင်သူက ကျွန်မတစ်ယောက်တည်းမဟုတ်ပေ။

“အကယ်ဒမီမှာ ကျောင်းအုပ်ကြီးနဲ့ အယ်ဗာလီကို တွေ့ခဲ့ပါတယ်။”

ပြင်ဆင်ထားသော စားပွဲတွင်ထိုင်ရင်း ကျွန်မ ပြန်ဖြေလိုက်သည်။

“ကလေးရော အဆင်ပြေရဲ့လား။”

“သူ့ရဲ့မှော်စွမ်းအား ပျောက်သွားတော့ တော်တော်လေး စိတ်ထိခိုက်နေပါတယ်။”

“အလို... အခုအထိလည်း မှော်စွမ်းအားက လျော့နေတုန်းပဲလား။”

“ကျွန်မ ရောက်သွားတဲ့အချိန်မှာတော့ လုံးဝ ပျောက်သွားပါပြီ။”

ဆိုဗီရ်ရှု၏ မျက်နှာတွင် အံ့အားသင့်မှုများ ထင်ဟပ်သွားသည်။

“အလို။”

သူက နှမြောတသဟန်ဖြင့် ခေါင်းတခါခါလုပ်နေ၏။

“တော်တော်လေး စိတ်မကောင်းဖြစ်နေရှာမှာပေါ့။”

“သူ့ကိုယ်သူ အသုံးမကျတော့သလို ခံစားနေပါရတယ်တဲ့။”

“အဲ့ဒီလိုဖြစ်စရာလား။”

ဆိုဗီရ်ရှုက စိတ်ရင်းဖြင့် စိုးရိမ်နေသည့်မျက်နှာပင်။

“မှော်စွမ်းအား မရှိတော့ရင် အကယ်ဒမီမှာ ဆက်နေလို့ ရတော့မှာမဟုတ်တာကို... ပုံမှန်အကယ်ဒမီကို ပြောင်းပြီး ထောက်ပံ့ပေးရင်ရော ဘယ်လိုလဲ။”

ကျောင်းလခနှင့် စားစရိတ် အခမဲ့ဖြစ်သော မှော်အကယ်ဒမီလိုမဟုတ်ဘဲ ပုံမှန်အကယ်ဒမီက အလွန်စျေးကြီးသည်။

ထို့ကြောင့် ထိုနေရာရှိ သာမန်အရပ်သားများက နှစ်မျိုးနှစ်စားသာ ရှိတတ်၏။

မှူးမတ်များပင် မကြည့်ရဲလောက်အောင် ချမ်းသာသူများ သို့မဟုတ် ပညာသင်ဆုရလောက်အောင် ထူးချွန်ထက်မြက်သူများပင်။

တစ်ဖက်တွင်လည်း မှူးမတ်များက အချို့သော စာမေးပွဲများအောင်ရုံဖြင့် တက်ရောက်နိုင်ရာ ပုံမှန်အကယ်ဒမီတွင် မှူးမတ်နှင့် အရပ်သားများကြား အားပြိုင်မှု ပြင်းထန်သည်ဟု ကြားဖူးသည်။

သို့သော် အယ်ဗာလီကို ထိုနေရာသို့ ပို့မည်တဲ့လား။

မှော်ဆရာ ဖြစ်လာတော့မည့် ကလေးကို။

“အယ်ဗာလီက ဆန္ဒရှိရင်တော့ ဖြစ်နိုင်ပေမဲ့ ကျွန်မဘက်ကတော့ အတင်းအကျပ် မတိုက်တွန်းချင်ပါဘူး။”

“ဒါပေမဲ့ အကယ်ဒမီအထိ ရောက်နေတဲ့ ကလေးကို ဒီအတိုင်း လူမှုပတ်ဝန်းကျင်ထဲ ပြန်လွှတ်လိုက်ဖို့က သနားစရာကောင်းလွန်းတယ် မဟုတ်ဘူးလား။”

“လောလောဆယ်တော့ ကျောင်းအုပ်ကြီးကို အကူအညီတောင်းပြီး အယ်ဗာလီရဲ့ အချိန်ဇယားကို ပြောင်းခိုင်းထားပါတယ်။ အရင်က မှော်စွမ်းအား အသားပေး သင်ခန်းစာတွေအစား သီအိုရီသင်ခန်းစာတွေကိုပဲ အဓိကထားဖို့ပါ။ မှော်စွမ်းအားပြန်ရနိုင်မဲ့ နည်းလမ်းကိုတော့ မှော်အတတ်ပညာရှင်တွေက ဝိုင်းဝန်းပြီး သုတေသနလုပ်ပေးကြပါလိမ့်မယ်။”

“သုတေသန။ ကလေးကို သုတေသနပစ္စည်းအဖြစ် လုပ်မလို့လား။”

“ဒါက အယ်ဗာလီကိုယ်တိုင် သဘောတူထားတဲ့ကိစ္စပါ။”

ဆိုဗီရ်ရှုက မယုံနိုင်သလို ပါးစပ်အဟောင်းသားဖြင့် ကျွန်မကို အပြစ်တင်လာသည်။

“အဲ့ဒီကလေးက အကျပ်အတည်း ဖြစ်နေတာမဟုတ်ဘူးလား။ ပြီးတော့ ကလေးပဲ ရှိသေးတာလေ။ ကလေးက အဲ့ဒီလိုရွေးချယ်ရင်တောင် ဧကရီက တားပေးရမှာမဟုတ်ဘူးလား။”

“ကလေးရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြန်လည်နိုးကြားလာစေဖို့ အဲ့ဒီနည်းလမ်းက အကောင်းဆုံးပါပဲ။”

“ကိုယ့်လမ်းမဟုတ်ဘူးလို့ထင်ရရင် စွန့်လွှတ်တတ်ဖို့လည်း သင်ပေးရမှာပေါ့။”

“အဲ့ဒါက ကိုယ့်လမ်း ဟုတ်၊ မဟုတ် ဆုံးဖြတ်မှာ အယ်ဗာလီပါ၊ အရှင်ဧကရာဇ် မဟုတ်ပါဘူး။”

ဆိုဗီရ်ရှု၏ မျက်ဝန်းများ တုန်ယင်သွားသည်။

သူက ဖန်ခွက်ကို တင်းတင်းဆုပ်ကိုင်ကာ ကျွန်မကို စိုက်ကြည့်နေပြီးမှ နောက်ဆုံးတွင် အကြည့်လွှဲသွား၏။

ရုတ်တရက် အားလျော့သွားသော သူ၏ပုံစံကို ကြည့်ရင်း ကျွန်မ မေးချင်နေသော မေးခွန်းကို အမြန်ပင် မေးလိုက်သည်။

“ကျွန်မအခန်းကို ရှာဖွေခိုင်းလိုက်တာလားရှင့်။”

ဆိုဗီရ်ရှုက တစ်ချက်သာ ဆတ်ခနဲတွန့်သွားကာ အဖြေမပေးဘဲ တည်ငြိမ်စွာပင် ကင်ထားသော ပုစွန်ကိုလှီးရင်း ပြန်မေးလာသည်။

“ငါ့ကို ဖုံးကွယ်ထားတာရှိလို့လား။”

“မရှိပါဘူး။”

ထိုစကားကြောင့် ဆိုဗီရ်ရှု၏ အားလျော့နေသော ပုံစံက ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

သူက နှာခေါင်းရှုံ့ကာ လှောင်ရယ်လိုက်ပြီး ဝုန်းခနဲ ထရပ်ကာ တစ်နေရာသို့ ထွက်သွား၏။

စားသောက်ရင်း ဆက်၍စောင့်နေစဉ် ဆိုဗီရ်ရှုက သေတ္တာအသေးလေး တစ်လုံးကိုကိုင်ကာ ပြန်ပေါ်လာသည်။

သေတ္တာတွင် အဖုံးမရှိသဖြင့် ဆိုဗီရ်ရှု ကျွန်မရှေ့တွင် သေတ္တာကို ဇောက်ထိုးမှောက်ချလိုက်ရာ စာများက စားစရာများပေါ်သို့ တဖွဲဖွဲ ကျလာတော့၏။

တစ်ချက်ကြည့်ရုံနှင့် ကျိန်းသေပေါက် ဟိုင်န်ရီပို့ထားသော စာများပင်။

ကျွန်မအခန်းကို ရှာပြီး စာများကို ခိုးသွားသူက တကယ်ပင် ဆိုဗီရ်ရှု ဖြစ်နေသည်။

“ဒီလိုဆိုရင်ရော မရှိဘူးလို့ပြောဦးမှာလား။”

ဆိုဗီရ်ရှုက အေးစက်စွာ ခနဲ့ရင်း ထိုင်ခုံတွင် ပြန်ထိုင်ကာ မေးလာသည်။

“ဟုတ်ကဲ့။”

ကျွန်မ တည်ငြိမ်စွာပင် ပြန်ဖြေလိုက်၏။

“ပြောပြဖို့ မလိုအပ်ဘူးထင်တဲ့အတွက် မပြောခဲ့ရုံပဲမို့လို့ပါ။”

“ပြောဖို့မလိုအပ်ဘူး၊ ဟုတ်လား။”

“ထမင်းဝိုင်းယဉ်ကျေးမှုက တော်တော်လေး ဆိုးဝါးတာကိုး။”

“အဲ့ဒီ အပျော်အပါးလိုက်စားတဲ့ ဘုရင်နဲ့ ကိုယ်ရေးကိုယ်တာစာတွေ အပြန်အလှန် ဖလှယ်နေပြီးတော့။ ခင်ပွန်းဖြစ်တဲ့ ငါ့ကို ပြောဖို့ မလိုဘူးပေါ့လေ။”

“လေဒီ ရက်ရှ်တာ ထုံးတမ်းယဉ်ကျေးမှုအတန်း တက်တဲ့အခါ အတူတူ ဘေးနားမှာယှဉ်ထိုင်ပြီး တက်လိုက်ရင် ရမှာပါ။”

ဆိုဗီရ်ရှုက အလွန်ဒေါသထွက်သွားပုံရကာ ရေကို အငမ်းမရ သောက်ခဲ့သည်။

ထိုအတောအတွင်း ကျွန်မက ဟင်းရည်နှင့် ဆော့စ်များ စိုနေသော စာများကို တစ်စောင်ချင်း ဆွဲထုတ်လိုက်၏။

အမှန်အတိုင်း ပြောရလျှင် စာ အပြန်အလှန် ပေးပို့ခဲ့သော်လည်း အများကြီး မဟုတ်သဖြင့် အနည်းငယ်သာရှိသည်။

သို့သော် လေးစောင်မြောက်ကို ယူအံ့ဆဲဆဲတွင်။

ဆိုဗီရ်ရှုက ဖန်ခွက်ကို ဒေါသတကြီး ချလိုက်ကာ ကျွန်မလက်ထဲရှိ စာကို လုယူသွား၏။

ထို့နောက် ကျန်နေသောစာများကိုပါ အကုန်သိမ်းယူကာ ဘေးနားမှ ဖယောင်းတိုင်ပေါ်သို့ တင်ပြီး မီးရှို့ပစ်လေတော့သည်။

“အရှင်ဧကရာဇ်။ အခု ဘာလုပ်တာပါလဲ။”

ဒေါသတကြီး မေးလိုက်တော့ သူက ဝန်ခံသလို ပြန်ဖြေခဲ့သည်။

“မီးရှို့နေတာလေ။”

စာတစ်စောင်လုံး ပြာဖြစ်သွားတော့ ကျန်စာများကို ဘေးသို့ဖယ်ပြီး ဒုတိယမြောက် စာကိုပါ ထပ်မံရှို့ရင်း မေးလာ၏။

“အရင်က တော်ဝင်မင်းသား ဟိုင်န်ရီ ရှာနေတဲ့ စာဖလှယ်ဖော်ဆိုတာ ဧကရီလား။”

“အဖြေသိပြီးသားဖြစ်နေတဲ့ မေးခွန်းကို ဘာလို့ ထပ်မေးနေတာလဲရှင့်။”

“ပျော်ရဲ့လား။”

“....”

“တော်ဝင်မင်းသား ဟိုင်န်ရီနဲ့ နှစ်ယောက်ပေါင်းပြီး ရက်ရှ်တာကို လူလိမ်၊ လူရယ်စရာဖြစ်အောင် လုပ်ရတာ ပျော်ရဲ့လားလို့ မေးနေတာ။”

ဆိုဗီရ်ရှုက စာအားလုံးကို မီးရှို့ပြီးနောက် ပြာများကို လက်ဖြင့် ဝှေ့ယမ်းကာ ကျွန်မကို ကြောက်စရာကောင်းအောင် စိုက်ကြည့်လာသည်။

အဓိပ္ပာယ်မရှိလွန်းသဖြင့် ကျွန်မ အလိုလို လှောင်ရယ်မိသွား၏။

“လေဒီ ရက်ရှ်တာ လိမ်ညာခဲ့တယ်ဆိုတာကို သိသွားတဲ့ ခံစားချက်က အဲ့ဒါပဲလားရှင့်။”

“ရက်ရှ်တာရဲ့ လုပ်ရပ်က မကောင်းဘူးဆိုတာနဲ့ သီးခြားစီ မဆိုင်တဲ့ပြဿနာပဲ။ ဧကရီက ရက်ရှ်တာကို လှောင်ပြောင်ပြီး ကြည့်နေခဲ့တာတော့ ဘယ်ဖြစ်မလဲ။”

“ကျွန်မ ရက်ရှ်တာက တော်ဝင်မင်းသား ဟိုင်န်ရီရဲ့ စာဖလှယ်ဖော် မဟုတ်ဘူးလို့ အတိအလင်း ပြောခဲ့တယ်ထင်ပါတယ်။”

“လူတွေရှေ့မှာ လှောင်ပြောင်သလိုမျိုး ပြောခဲ့တာလေ။”

ဆိုဗီရ်ရှု၏ စိတ်ထဲတွင် ကျွန်မက ဘယ်လိုလူဖြစ်နေသလဲဆိုသည်ကို တကယ် သိချင်လာမိသည်။

ရက်ရှ်တာက ဟိုင်န်ရီကို မကောင်းသည့်သူဖြစ်အောင်လုပ်၍ အမှန်တရားကို ဖွင့်ချပေးခဲ့ခြင်းကို ရက်ရှ်တာအား လှောင်ပြောင်ခြင်းတဲ့။

“ဧကရီက တကယ်ပဲ ကိုယ်ချင်းစာစိတ်ရှိတယ်ဆိုရင် ငါ့ဆီလာပြီး အမှန်တရားကို တိုးတိုးတိတ်တိတ် ပြောပြရမှာပေါ့။ ဒါမှမဟုတ် ရက်ရှ်တာကို တခြားတစ်ယောက်က စာဖလှယ်ဖော်မှန်း သိနေတာမို့လို့ ဝင်မပါနဲ့ဆိုပြီး ပြောပြရမှာလေ။”

စကားဆက်ပြောနေလည်း အပိုဖြစ်မည်သာ။

ရက်ရှ်တာကို ဧကရီအဖြစ် တင်မြှောက်ရန် ကျွန်မကို နှင်ထုတ်ချင်နေသည့်လူပင်။

ကျွန်မ ဘာပြောပြော သူ့စိတ်ထဲတွင် ကျွန်မကသာ လူဆိုးဖြစ်နေပေလိမ့်မည်။

“အစားအသောက်တွေလည်း ပျက်စီးကုန်ပြီဆိုတော့ ဆက်စားလို့မရတော့ဘူး ထင်ပါတယ်။”

ပြီးခဲ့သည့် ကိစ္စများအတွက် စကားများမနေတော့ဘဲ တတ်နိုင်သမျှ ကျက်သရေရှိတင့်တယ်စွာ နေရာမှထလိုက်၏။

“ငါ့စကား မပြီးသေးဘူး။”

“ကြားပြီးပြီလို့ပဲ သတ်မှတ်လိုက်ပါ့မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အကုန် ကျွန်မအပြစ်၊ ကျွန်မအမှားတွေလို့ပဲ ပြောမှာမဟုတ်ပါလား။”

ဆိုဗီရ်ရှုက လိုက်ထကာ ကျွန်မရှေ့အထိ တိုးလာသည်။

ထို့နောက် ကျွန်မကို တည့်တည့်ကြည့်ရင်း ပြတ်သားစွာ ပြောလာ၏။

“စာပို့ငှက်ကို သုံးပြီး စာတွေ ပို့နေတဲ့ပုံပဲ။ ရှေ့လျှောက်တော့ မရတော့ဘူး။ ဧကရီအခန်းထဲ ပျံဝင်လာတဲ့ ငှက်မှန်သမျှကို မြားနဲ့ပစ်ချဖို့ အမိန့်ပေးထားမှာမို့လို့။”

“ကျွန်မဘာသာ ဘယ်သူနဲ့ပဲ စာပေးစာယူလုပ်ပါစေ အရှင်ဧကရာဇ်နဲ့ ဘာဆိုင်လို့ ဒီလိုလုပ်နေမှန်း မသိတော့ပါဘူး။”

“ငါက မင်းရဲ့ ခင်ပွန်းလေ။”

“ဒါပေမဲ့ ချစ်သူမှ မဟုတ်တာ။”

“ဘာ။”

ကျွန်မ ပြန်မဖြေတော့ဘဲ ဘေးသို့လှည့်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။

ကျွန်မ သူ့ကို အများကြီး သဘောကျခဲ့မိမှန်း သဘောပေါက်သွား၍ရော ဘာထူးမည်နည်း။

သူက ရက်ရှ်တာနှင့် ပတ်သက်လာလျှင် လုံးဝ အခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်ကို။

မျက်ရည်များ ဝဲလာသဖြင့် ခြေလှမ်းကို တတ်နိုင်သမျှ အမြန်ဆုံး လှမ်းလိုက်သည်။

ကျင့်သားရသွား၍လား၊ သို့မဟုတ် ကြိုတင်ပြင်ဆင်ထား၍လား မသိ။

တော်သေး၍ အပြင်လေကို ရှူလိုက်ရတော့ မျက်ရည်များ ကျမလာတော့ပေ။

ထိုအစား သံသယဖြစ်လာသည်။

ဆိုဗီရ်ရှုက ကွာရှင်းဖို့အတွက် အကြောင်းပြချက်ရှာဖို့ ငါ့အခန်းကို ရှာဖွေခဲ့တယ်လို့ ထင်ထားတာကို။

အပြစ်ရှာဖို့ အင်မတန်ကောင်းတဲ့ စာတွေကို တွေ့ထားရဲ့သားနဲ့ ဘာလို့ ကိုယ်တိုင် မီးရှို့ပစ်ခဲ့တာပါလိမ့်။

“……”

အေးလေ၊ နားမလည်နိုင်စရာတွေက တစ်ခုတည်းမှ မဟုတ်တာ။

ထိုအကြောင်းကို ဆက်မတွေးတော့ဘဲ အနောက်နန်းဆောင်ရှိ အိပ်ခန်းသို့ အမြန်ပြန်လာကာ နယ်စားကတော်ကြီး အယ်လီဇာကို အပြာရောင် အဝတ်စတစ်ခု ယူပေးရန် အကူအညီတောင်းလိုက်သည်။

“အပြာရောင် ဂါဝန်မဟုတ်ဘဲ အပြာရောင် အဝတ်စကို ပြောတာလားရှင့်။”

“ဟုတ်တယ်။”

အပြာရောင် အဝတ်စက အန္တရာယ်ကို ကိုယ်စားပြုသော အရောင်ပင်။

စာပို့ငှက်ဆိုလျှင် အလံအရောင်ကိုကြည့်ပြီး အန္တရာယ်ကို ဆုံးဖြတ်ရန် လေ့ကျင့်ပေးထားမည်သာ။

ဆိုဗီရ်ရှုက ကျွန်မအခန်းထဲ ဝင်လာသည့် ငှက်မှန်သမျှကို ပစ်ချမည်ဟု ပြောထားသဖြင့် ဟိုင်န်ရီဆီမှ လာသည့်ငှက် ကျွန်မထံ မလာစေရန်အတွက် အပြာရောင်အဝတ်စကို ကြိုချိတ်ထားရန် စဉ်းစားလိုက်ခြင်းပင်။

လက်ရှိတွင် သူနှင့် စာအပေးအယူလုပ်ရန်နည်းလမ်းက စာပို့ငှက်သာ ရှိသဖြင့် လမ်းစပျောက်သွားသလို ခံစားရသော်လည်း...အရင်ဆုံး အရေးကြီးသည်က ငှက်ကလေး မသေစေရေးဖြစ်သောကြောင့်။

“အတတ်နိုင်ဆုံး မြန်မြန်လေး ယူပေးပါ။”

“ဟုတ်ကဲ့ပါ၊ ဧကရီအရှင်မ။”

သို့သော် ဧည့်ခန်းသို့ ထွက်သွားသော နယ်စားကတော်ကြီး အယ်လီဇာ၏ ဂါဝန်အနားစကို မြင်လိုက်မှ ကျွန်မ မှားသွားကြောင်း သတိရလိုက်သည်။

“ခဏလေး။”

“ဟုတ်ကဲ့၊ ဧကရီအရှင်မ။”

“အပြာရောင် မဟုတ်ဘဲ အနီရောင်ကို ရှာပေးပါ။”

စဉ်းစားကြည့်တော့ အနောက်ဘုရင့်တိုင်းပြည်တွင် အန္တရာယ်ကို ကိုယ်စားပြုသည်က အနီရောင် အဝတ်စပင်။

ကွီးန်၏ လက်အောက်ငယ်သားက တော်သည်ဆိုသော်လည်း ငှက်မဟုတ်ပါလား။

ကျိန်းသေပေါက် အနောက်ဘုရင့်တိုင်းပြည် လမ်းစဉ်အတိုင်း လေ့ကျင့်ထားမည်ဖြစ်ရာ အန္တရာယ်ရှိကြောင်း အသိပေးရန် အနီရောင်အဝတ်စကို ချိတ်ထားမှ မှန်ကန်ပေလိမ့်မည်။

~~~~

“ဧကရီ နာဗီရယ်က အနောက်ဘုရင့်တိုင်းပြည်ရဲ့ မိဖုရားဖြစ်ပေးမယ်လို့ ပြောခဲ့တယ်ပေါ့လေ။”

“ဟုတ်တယ်။”

“အရှင်မင်းကြီး။ ဧကန္တ... တစ်ခုခုနဲ့ ခြိမ်းခြောက်လိုက်လို့များလား။”

“……”

“စိုးရွံ့မိပါတယ်။ အရှင်မင်းကြီးကို အဲ့ဒီလို လူဆိုးမျိုးလို့ သံသယဝင်တာ မဟုတ်ပေမဲ့ အဲ့ဒီလိုမှမဟုတ်ရင် ဧကရီအရှင်မက ဘာလို့ အရှင်မင်းကြီးရဲ့ မိဖုရားနေရာကို ယူရမှာလဲ…”

“အကြောင်းရင်းတစ်ခုခု ရှိတဲ့ပုံပဲ။ အလျင်စလို လမ်းခွဲခဲ့ရလို့ ထပ်ပြီး စကားမပြောဖြစ်ခဲ့ပေမဲ့။”

ဟိုင်န်ရီက တစ်ချက်စဉ်းစားပြီး ထပ်ပြောခဲ့သည်။

“ငါ့အထင်။ ဧကရာဇ် ဆိုဗီရ်ရှုက ဧကရီအရှင်မကို ကွာရှင်းချင်နေတာလားမသိဘူး။”

“ရား... ဒါက ငါ့နှယ်။ ဟား။ ဒါက တော်တာ်လည်း၊ တော်တော်လည်း။”

ဟိုင်န်ရီထံမှ နှစ်ယောက်တည်းထားခဲ့သည့် လက်ထပ်ကတိအကြောင်း ကြားလိုက်ရသော မက်ကန်နာတစ်ယောက် အံ့သြလွန်းသဖြင့် ပြောစရာပင်ရှာမတွေ့တော့ပေ။

“ထင်မထားလောက်အောင် နှစ်ယောက်သား တော်တော်လေး လိုက်ဖက်ကြမှန်း မသိခဲ့ပါလား။”

“ထင်မထားဘဲ ဟုတ်လား။”

“ဧကရီအရှင်မ နာဗီရယ်ကို ပြောတာပါ။ ဓားလိုပုဂ္ဂိုလ်လို့ ထင်ထားခဲ့တာကို။”

ဒါပေမဲ့ အဲ့ဒီလို စဉ်းစားတွေးခေါ်ပုံမျိုး ရှိတယ်တဲ့လား။

မည်သည့်အကြောင်းရင်းကြောင့်မှန်း မသိသေည်လည်း အိမ်နီးချင်းတိုင်းပြည်၏ ဧကရီက အိမ်နီးချင်းတိုင်းပြည်၏ ဘုရင်ကို လက်ထပ်ခွင့်တောင်းခြင်းမှာ တကယ် တော်လှန်သည့် စိတ်ကူးပင်။

ဤသည်ကို လက်ထပ်ခွင့်တောင်းသည်ဟု ပြော၍ရမည်လားတော့ မသိသော်လည်း..

“ဒါပေမဲ့ စိတ်ရင်းနဲ့အတည်လားဗျ။”

“အဲ့ဒီလိုကိစ္စမျိုးနဲ့ နောက်ပြောင်မဲ့ပုဂ္ဂိုလ် မဟုတ်ဘူး၊ မက်ကန်နာ။”

“အရှင်မင်းကြီးကရော။ တကယ်ပဲ လက်ခံလိုက်တာလား။”

“ဒါပေါ့။”

ဘာလို့ အဲ့ဒီလို သဘာဝကျတဲ့ကိစ္စကို လာမေးနေတာလဲဟူသော ပုံစံဖြင့် ပြန်ဖြေလာသော ဟိုင်န်ရီကိုကြည့်ပြီး မက်ကန်နာက စိုးရိမ်တကြီး ပြောလာသည်။

“အေးပေါ့လေ။ စစ်ခင်းပြီးတော့ လေဒီ ရက်ရှ်တာကို ဒိုင်းလိုသုံး၊ ဧကရီကို ဓားစာခံအဖြစ် ခေါ်လာမဲ့... ဘာပဲဖြစ်ဖြစ် နဂိုအစီအစဉ်ထက်တော့ အများကြီး ပိုကောင်းပေမဲ့ လုံးဝ လွယ်ကူမဲ့ကိစ္စတော့ ဖြစ်မှာမဟုတ်ပါဘူး၊ အရှင်မင်းကြီး။”

“သိတယ်။ အခုကစပြီး အများကြီး ပြင်ဆင်ရမှာပေါ့။”

ဟိုင်န်ရီက ဂရုမစိုက်ဟန်ဖြင့် ဝင်းပစွာ ပြုံးလျက် ထပ်ပြောလာ၏။

“ဧကရီဖြစ်ခဲ့တဲ့ပုဂ္ဂိုလ်ကို မိဖုရားအဖြစ်ပဲ ထားလို့မဖြစ်လို့။”

နောက်ပြောင်သလို စကားမျိုးဖြစ်သော်လည်း ထိုစကားက ပေါ့ပေါ့တန်တန် သဘောထား၍မရသော အကြောင်းအရာပင်။

မက်ကန်နာက ပေါ့ပေါ့ပါးပါး ပြောသွားသော စကားကြောင့် ခေတ္တ မျက်တောင်ခတ်ရင်း ကြောင်နေမိရာမှ အလန့်တကြား ဝုန်းခနဲ ထရပ်လိုက်သည်။

ယခု ဟိုင်န်ရီ ပြောလိုက်သောစကားမှာ သူက အနောက်ဘုရင့်တိုင်းပြည်အဖြစ် မဟုတ်ဘဲ အနောက်အင်ပါယာအဖြစ် ဧကရာဇ်ဘွဲ့ ခံယူတော့မည်ဟူသော အဓိပ္ပာယ်ပင်။

“အရှင်မင်းကြီး၊ မဟုတ်မှ...”

“မင်းတော့ တော်တော်လေး ပင်ပန်းရတော့မှာပဲ၊ မက်ကန်နာ။”

ပုံမှန်ဆိုလျှင် တတွတ်တွတ် ညည်းညူနေမည်ဖြစ်သော်လည်း မက်ကန်နာက ဟိုင်န်ရီ ဧကရာဇ်ဘွဲ့ ခံယူမည်ဟူသော စကားကြောင့် အလွန် ဝမ်းသာကြည်နူးသွားသဖြင့် ယနေ့တော့ မညည်းညူတော့ပေ။

အနောက်ဘုရင့်တိုင်းပြည်သားများက အရှေ့အင်ပါယာအပေါ် အနည်းငယ် သိမ်ငယ်စိတ်ရှိကြသည်။

အင်အားနှင့် အရည်အချင်းအရာတွင် သူတို့ထက် မနိမ့်သော်လည်း အမြဲတမ်း မှော်ဆရာတပ်ဖွဲ့ကြောင့် ဒုတိယတန်းစားလို ဆက်ဆံခံရသောကြောင့်ပင်။

နိုင်ငံတကာ အခမ်းအနားများတွင်လည်း အရှေ့အင်ပါယာကို အမြဲ ဦးစားပေးရလေ့ရှိ၏။

တိုင်းပြည်က အားနည်း၍မဟုတ်ဘဲ ထိုသို့ဆက်ဆံခံရသဖြင့် မကျေနပ်မှုများ စုပုံနေသည်။

ဟိုင်န်ရီက အကြောင်းမဲ့ တစ်ယောက်တည်း တရှုံ့ရှုံ့ငိုနေသော မက်ကန်နာကို ကြည့်ကာ ရယ်လျက် ကျောကို ပုတ်ပေးလိုက်၏။

“ဘာလို့ အဲ့ဒီလိုဖြစ်နေတာလဲ။ ဘာပဲဖြစ်ဖြစ် ဧကရာဇ်ဘွဲ့ကတော့ ခံမှာပဲလေ။ ငါတို့ထားခဲ့တဲ့ ကတိကို မမှတ်မိတော့ဘူးလား။”

“မှတ်မိတာပေါ့။ မှတ်မိပေမဲ့... အဲ့ဒီလိုဆိုပေမဲ့လည်း ဝမ်းသာလွန်းလို့ပါ။”

ဟိုင်န်ရီက မက်ကန်နာကို ချော့မော့ပြီးနောက် ရင်ဘတ်ထဲမှ စာတစ်စောင် ထုတ်ပေးလိုက်သည်။

“ဒါကို ဧကရီ နာဗီရယ်ဆီ ပို့ပေး။”

မက်ကန်နာက ရှိုက်ကြီးတငင်နှင့် ညည်းညူလေ၏။

“ကိစ္စတွေက အခုလိုတောင်ဖြစ်လာပြီဆိုတော့ စာတွေ ဒီထက်ပိုပြီး အပြန်အလှန် ပို့ကြတော့မှာကိုး။ ကျွန်တော့် တောင်ပံလေးတွေတော့ ပင်ပန်းရဦးမှာပဲ။”

သို့သော် မျက်နှာကမူ ပြုံးလျက်ရှိနေဆဲပင်။

“အားတော့နာပါတယ်။ ဒါပေမဲ့ ရှေ့လျှောက် ပို့မဲ့စာတွေက သာမန်စာပို့ငှက်တွေနဲ့ ပို့လို့မရတဲ့ အကြောင်းအရာတွေမို့လို့ သတိထားမှဖြစ်မယ်။”

“အရင်ကတော့ သာမန်စာပို့ငှက်ကိုပဲ သုံးခဲ့သလိုလို ပြောနေတာပဲဗျ။”

အသေးအဖွဲကိစ္စတွေကိုတောင် ကျွန်တော့်ကို ခိုင်းခဲ့ပြီးတော့။

မက်ကန်နာက တိုးတိုးလေး ပွစိပွစိပြောရင်း ချက်ချင်း ငှက်အဖြစ် ပြောင်းလဲလိုက်သည်။

သူ ဝတ်ထားသော အဝတ်အစားများ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီးနောက် ထိုထဲမှ လှပသော အပြာရောင်တောင်ပံများရှိသည့် ငှက်လေးတစ်ကောင် ပျံတက်လာ၏။

ဟိုင်န်ရီက ငှက်၏ ခြေချင်းဝတ်တွင် စာကို ချည်ပေးပြီးနောက် ခေါင်းကို ပွတ်သပ်ပေးကာ ပြတင်းပေါက် ဖွင့်ပေးလိုက်သည်။

ရင်ထဲတွင်မူ ကြည်နူးမှုများ ပြည့်လျှံလျက်။

ဝီလ်ဝေါလ်တွင် တွေ့ဆုံခဲ့ပြီးကတည်းက တစ်ချိန်လုံး ထိုသို့ဖြစ်နေခဲ့ခြင်းပင်။

ငြိမ်ငြိမ်လေး နေနေရုံနှင့် စိတ်က ကြည်နူးနေကာ နှုတ်ခမ်းတွင် တိမ်တိုက်များ ကပ်နေသလို နွေးထွေးနေသည်။

ဧကရီ နာဗီရယ်က သူ့ကို ချစ်၍ လာမည်မဟုတ်ဟူသောအချက်က ဝမ်းနည်းစရာ ကောင်းသော်လည်း ထိုအရာအားလုံးကို ဖုံးလွှမ်းသွားလောက်အောင် ဝမ်းသာမှုက ပိုကြီးမားနေ၏။

ထို့အပြင် နာဗီရယ်အပေါ် သူ၏ တစ်ဖက်သတ်အချစ်ကို တစ်ချိန်လုံး စိုးရိမ်ပြီး ကန့်ကွက်နေခဲ့သော မက်ကန်နာကလည်း ထင်မထားဘဲ နာဗီရယ်နှင့် သူက လိုက်ဖက်လိမ့်မည်ဟု ပြောပေးခဲ့သည်။

အနည်းငယ် ခနဲ့တဲ့တဲ့ လေသံနှင့် ဖြစ်သော်လည်း ဟိုင်န်ရီက ထိုစကားကြောင့်ပင် ပျော်နေမိ၏။

ထိုအချိန်တွင်။

တံခါးအပြင်ဘက်မှ သူ၏ အတွင်းရေးမှူးက “အရှင်မင်းကြီး။ ခဏလောက် ဝင်လာလို့ရမလားခင်ဗျ။” ဟု အသံပြုလာသည်။

ဝင်လာရန် အချက်ပေးသည့်အနေဖြင့် နံရံရှိ ခေါင်းလောင်းကို တီးလိုက်တော့ အတွင်းရေးမှူး ဝင်လာကာ အစီရင်ခံလေ၏။

“အရှင်မင်းကြီး။ အရှေ့အင်ပါယာရဲ့ သူလျှိုဆီက သတင်းအသစ် ရောက်လာပါတယ်။”

“ဘာကိစ္စလဲ။”

“ထရိုဗီ မြို့စားမင်းအိမ်တော်ရဲ့ ဆက်ခံသူက ဧကရာဇ် ဆိုဗီရ်ရှုရဲ့ ရင်သွေးကို ဒုက္ခပေးဖို့ ကြံစည်မှုနဲ့ မိသွားပြီး ပြည်နှင်ဒဏ်အပေးခံလိုက်ရတယ်လို့ သိရပါတယ်။”

ဟိုင်န်ရီ အံ့သြလွန်းသဖြင့် မျက်ခုံးပင် ပင့်တက်သွားရသည်။

ထရိုဗီ အိမ်တော်ဆိုသည်မှာ ဧကရီ နာဗီရယ်၏ မိသားစု မဟုတ်ပါလား။

“ဧကရီအရှင်မရဲ့ အစ်ကိုက ပြည်နှင်ဒဏ်ပေးခံလိုက်ရတယ်၊ ဟုတ်လား။”

“ဟုတ်ပါတယ်။ ဧကရာဇ် ဆိုဗီရ်ရှုကိုယ်တိုင် စစ်သည်တော်တွေကို လွှတ်ပြီး ထွက်ခွာသွားတာကို အတည်ပြုခိုင်းခဲ့တယ်လို့ ဆိုပါတယ်။”

ဟိုင်န်ရီ ဝုန်းခနဲ ထရပ်လိုက်၏။

“ဒါဆို အခု အဲ့ဒီလူက ဘယ်မှာလဲ။”

“သူလျှိုကတော့ အခု သူက ဧကရာဇ် ဆိုဗီရ်ရှုနဲ့ ပတ်သက်စရာမရှိတော့ဘူးလို့ ယူဆပြီး နောက်ယောင်မခံခဲ့ဘူးလို့ သိရပါတယ်။”

သူလျှိုက နာဗီရယ်အပေါ် ဟိုင်န်ရီ၏ တစ်ဖက်သတ်အချစ်ကို မသိသဖြင့် ထိုသို့ ယူဆခြင်းမှာလည်း ဖြစ်သင့်ပေသည်။

“ရှာပြီးတော့ ကျုပ်ဆီ ခေါ်လာခဲ့။”

“ဟုတ်ကဲ့ပါ၊ အရှင်မင်းကြီး။”

အတွင်းရေးမှူး ထွက်သွားတော့ ဟိုင်န်ရီက ထိုင်ခုံတွင် ခြေထောက်ချိတ်ထိုင်ကာ အလေးအနက် စဉ်းစားနေတော့သည်။

မက်ကန်နာ ပြောသလိုပင် စည်းကမ်းကို ဓားလို တိကျပြတ်သားစွာ လိုက်နာတတ်သော နာဗီရယ် သူ့ဆီလာမည်ဟု ပြောခဲ့စဉ်က အရေးကြီးကိစ္စတစ်ခုခု ရှိခဲ့၍ဖြစ်ပေမည်။

သို့မဟုတ် ဖြစ်လာတော့မည်ကို ကြိုသိနေခြင်းမျိုးလား။

‘ကွီးန်ရဲ့ အစ်ကို အရှေ့အင်ပါယာကနေ ပြည်နှင်ဒဏ်အပေးခံရတာကလည်း ဒီကိစ္စနဲ့ ပတ်သက်နေမလား။’

~~~~

တစ်ဖက်တွင်လည်း ဟိုင်န်ရီ၏ အမိန့်ရသည်နှင့် ချက်ချင်း ခရီးနှင်လာသော မက်ကန်နာက တစ်ရက်မှ မနားဘဲ အရှေ့အင်ပါယာအထိ ပျံသန်းလာခဲ့သည်။

အကြိမ်အနည်းငယ် သွားဖူးသဖြင့် ဧကရီ၏ အခန်းသို့သွားသော လမ်းကို ယခုမူ ကျွမ်းကျင်နေပေပြီ။

သို့သော် ဧကရီ၏ အခန်းပြတင်းပေါက်က ပုံမှန်ထက် ထူးဆန်းနေ၏။

အနီရောင် အဝတ်စ ချိတ်ထားခြင်းပင်။

မက်ကန်နာက တဒင်္ဂ မကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရသော်လည်း အနီရောင်က အရှေ့အင်ပါယာတွင် ကံကောင်းခြင်း၏ ပြယုဂ်ဖြစ်ကြောင်း သတိရကာ တစ်ယောက်တည်း တကျိကျိနှင့် ရယ်မိတော့သည်။

‘သွေးအေးတဲ့ပုဂ္ဂိလ်လို့ ထင်ထားတာကို။ မထင်မှတ်ဘဲ ချစ်ဖို့ကောင်းတဲ့ အပိုင်းလည်း ရှိသားပဲ။’

ဟိုင်န်ရီနှင့် လက်ထပ်ရတော့မည်ဖြစ်၍လားမသိ၊ တမင် ထိုသို့သော အဝတ်စ ချိတ်ထားသည်မှာ ကျိန်းသေ၏။

‘ကြည့်ရတာ ဧကရီအရှင်မ နာဗီရယ်ကလည်း အရှင်မင်းကြီးအပေါ် လုံးဝ စိတ်မရှိတာတော့ မဟုတ်ဘူးထင်တယ်။’

မက်ကန်နာ ပြုံးစိစိနှင့် အမြန်ပင် ပြတင်းပေါက်ဆီသို့ ပျံသန်းသွားသော်လည်း ရုတ်တရက် နာကျင်မှုကို ခံစားလိုက်ရကာ ပြတင်းပေါက်ကို ဒုန်းခနဲဝင်တိုက်ပြီးနောက် ပြုတ်ကျသွားတော့သည်။

~~~~

Miel’s Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment