no

Font
Theme

အပိုင်း ၁၀၄ (မပီမပြင်လှည့်စားမှုသာဖြစ်သော်လည်း)

တောပုန်းဓားပြလို အသွင်ရှိသူ၏ စကားကြောင့် ခိုရှာရ်က နှာခေါင်းရှုံ့ကာ လှောင်ရယ်လိုက်သည်။

“ဒါက ဘာလဲ၊ လိမ်နည်း အသစ်လား။”

“လိမ်တာ… လိမ်တာမဟုတ်ရပါဘူး။ တကယ်ပြောတာပါ။”

“အဲ့ဒီအရှင်မင်းကြီးက ဧကန္တ တစ်နေရာရာမှာ ရင်းနှီးမြှုပ်နှံခိုင်းမလို့လား။ အခွင့်အလမ်းကောင်းတစ်ခုခု ရှိနေလို့တဲ့လား။”

“ရင်း… ရင်းနှီးမြှုပ်နှံမှုတဲ့လားဗျ။”

ထိုလူက အလန့်တကြား အော်ဟစ်လိုက်ပြီးနောက် ရင်ဘတ်ထဲမှ အနောက်ဘုရင့်တိုင်းပြည်၏ စည်းတံဆိပ်ကို ထုတ်ကာ ကမ်းပေးခဲ့သည်။

“ဒါကို ကြည့်လိုက်ပါ။ အစစ်အမှန်ပါဗျ။”

ခိုရှာရ်က တံဆိပ်ကို စစ်ဆေးကြည့်ပြီးနောက် “အစစ်ပဲ” ဟု အသိအမှတ်ပြုလိုက်သည်။

ထိုလူ၏မျက်နှာ ဝင်းလက်သွား၏။

သို့သော် ခိုရှာရ်က တံဆိပ် အစစ်ဖြစ်ကြောင်းကိုသာ အသိအမှတ်ပြုခဲ့ခြင်းဖြစ်ပြီး၊ အနောက်ဘုရင့်တိုင်းပြည်၏ ဘုရင်က သူ့ကို ရှာနေသည်ဟူသော အချက်ကို လက်ခံခြင်းမဟုတ်ပေ။

သူက ပြတ်သားစွာ ပြောလိုက်သည်။

“အနောက်ဘုရင့်တိုင်းပြည်ရဲ့ ဘုရင်က ကျုပ်ကို ခေါ်စရာအကြောင်းမရှိဘူး။ အထူးသဖြင့် ကျုပ်ညီမကိစ္စနဲ့ဆိုရင် ပိုတောင်မဖြစ်နိုင်သေးတယ်။”

“ဒါပေမဲ့ ဒါက တကယ်ပါဗျ။”

ခိုရှာရ်က ယုံကြည်ပုံမရသေးပေ။

ထိုလူက ခြေဆောင့်မတတ် ဖြစ်နေ၏။

သို့သော် ခံပြင်းသည်က တစ်ပိုင်းဖြစ်သော်လည်း ခိုရှာရ်၏ တုံ့ပြန်မှုကို သူ နားလည်နိုင်ပေသည်။

တကယ်တမ်းတွင် ‘ဘေးတိုင်းပြည်ရဲ့ ဘုရင်က ခင်ဗျားကို ရှာနေတယ်’ ဟု ရုတ်တရက် လာပြောလျှင် ချက်ချင်းလိုက်လာမည့် တိုင်းတစ်ပါးသား မည်မျှရှိမည်နည်း။

အခမ်းအနားနှင့် တရားဝင်ဖိတ်ကြားလျှင်တော့ ‘အာ၊ အစစ်ပဲ’ ဟု လက်ခံမည်ဖြစ်သော်လည်း၊ ယခုက ထိုသို့မဟုတ်ပေ။

မြန်မြန်နှင့် လျှို့ဝှက်စွာ ခေါ်ဆောင်သွားရမည်ဖြစ်သောကြောင့်၊ ထိုအချက်ကပင် နားချရခက်ခဲစေခဲ့သည်။

ခိုရှာရ်က ‘ကြွက်သားပဲရှိပြီး ဦးနှောက်မရှိသူ’ အဖြစ် နာမည်ကြီးသဖြင့် အဆင်ပြေမည်ဟု ထင်ထားသော်လည်း ယခုကဲ့သို့ ပုံမှန်အတိုင်း ဆင်ခြင်တုံတရားဖြင့် တုံ့ပြန်လိမ့်မည်ဟု မျှော်လင့်မထားခဲ့…

ခိုရှာရ်က နှာခေါင်းရှုံ့ကာ မြင်းဇက်ကြိုးကို ပြန်ဆွဲကိုင်ခဲ့သည်။

သို့သော် ထွက်သွားတော့မည့် အမူအရာနှင့်မတူဘဲ ဒီအတိုင်း ရပ်နေ၏။

မသွားဘူးလား။

ထိုလူ အံ့ဩတကြီး ကြည့်နေစဉ် ခိုရှာရ်က ပြန်မေးလာသည်။

“ဘယ်မှာလဲ။ လမ်းပြရမှာမဟုတ်ဘူးလား။”

“ခင်ဗျာ။”

လိုက်မလာဘူးလို့ ထင်ထားတာကို ဘာလို့ ရုတ်တရက်ကြီး……

ထိုလူက ကြောင်အမ်းအမ်းဖြင့် ကြည့်နေသော်လည်း ခိုရှာရ်က ရှင်းပြမနေဘဲ ရှေ့ကသွားရန် မေးငေါ့ပြခဲ့သည်။

“သွားလေ။ လိုက်ခဲ့မယ်။”

‘ဘာလဲ…… ငါ့ကို ရှေ့ကသွားခိုင်းပြီး အနောက်ကနေ ရိုက်ချမလို့လား။’

ထိုလူက စိုးရိမ်စိတ်ဝင်နေလျက်က အမြန်ပင် အရှေ့မှ ဦးဆောင်လိုက်ရသည်။

“ဒီဘက်ကို လိုက်လာခဲ့ပါ။”

သို့သော် ခိုရှာရ်တွင် တစ်ဖက်လူကို အနောက်မှ ရိုက်ချမည့်စိတ်မျိုး မရှိပေ။

သူက အနောက်ဘုရင့်တိုင်းပြည်၏ ဘုရင် နှစ်သစ်ကူးပွဲတော်တုန်းက ရက်ရှ်တာကို မြင်ပြီး စွဲလမ်းသွားသည်ဟူသော ကောလာဟလကို ပြန်တွေးနေခဲ့ခြင်းပင်။

ရက်ရှ်တာ၏ အားနည်းချက်ကို ရှာဖွေရန် သတင်းစုဆောင်းစဉ်က ကြားခဲ့ရသော ကောလာဟလထဲတွင် ထိုစဉ်က တော်ဝင်မင်းသားသာရှိသေးသည့် ပထမမြောက် ဟိုင်န်ရီက ဆိုဗီရ်ရှုနှင့် ​ပေါ်တင်စကားများရသည်အထိ ရက်ရှ်တာကို တစ်ဖက်သတ် ချစ်မြတ်နိုးခဲ့သည်ဟုဆို၏။

ခိုရှာရ်က ထိုလူ၏စကားကို အပြည့်အဝမယုံသေးပေ။

မည်သို့ပင် စဉ်းစားစေကာမူ အနောက်ဘုရင့်တိုင်းပြည်၏ ဘုရင်က သူ့ကို ခေါ်ယူရမည့် အကြောင်းရင်းမရှိ။

သို့သော် ပြည်နှင်ဒဏ်အပေးခံရသည့် ယခုအချိန်တွင် သူ့၌ သွားစရာ နေရာလည်းမရှိသလို၊ လုပ်စရာ အလုပ်လည်းမရှိပေ။

ထို့ကြောင့် လိုက်သွားကြည့်ခြင်းပင်။

အကယ်၍ အကြောင်းတစ်စုံတစ်ခုကြောင့် အနောက်ဘုရင့်တိုင်းပြည်၏ ဘုရင်က သူ့ကို တကယ်ခေါ်ခိုင်းခဲ့ခြင်းဆိုလျှင်……

ထိုဘုရင်အား ရက်ရှ်တာကို တစ်ဆိတ်ခေါ်သွားပေးရန် နားချကြည့်မည်ဟု ကြံစည်နေခဲ့သည်။

~~~~

ရက်ရှ်တာက အပြာရောင်အမွေးလေးများကို ပြုပြင်နေသည့် လှပသောငှက်ကလေးကို ငေးကြည့်နေမိသည်။

ဤငှက်က ဘာအမျိုးအစားမှန်း သူ မသိပေ။

သို့သော် ရက်ရှ်တာ သတ်မှတ်ထားသည့် မှူးမတ်အနွယ်တော်ဆန်သော အငွေ့အသက်မျိုးကို ထိုငှက်ဆီမှ ရနေ၏။

သို့သော် ယခုအချိန်က ငှက်၏ အလှအပကို ခံစားနေရမည့်အချိန် မဟုတ်ပေ။

“တောင်းပန်ပါတယ်။”

ရက်ရှ်တာက တီးတိုးရေရွတ်ပြီးနောက် ငှက်ဆီသို့ လက်လှမ်းလိုက်သည်။

ထို့နောက် အားဖြင့် ငှက်၏အမွေးတစ်ဆုပ်ကို ဆွဲနုတ်လိုက်၏။

ငှက်ကလေးက အမွေးများကို သနေရင်းမှ လန့်ဖျပ်ကာ ခုန်ပျံတော့သည်။

သို့သော် လှောင်အိမ်ထဲတွင် ပိတ်မိနေသဖြင့် ကောင်းကောင်း မပြေးနိုင်ပေ။

ရက်ရှ်တာ ထပ်မံ၍ အမွေးတစ်ဆုပ်ကို ဆွဲနုတ်လိုက်တော့ ငှက်ကလေးက အော်ဟစ်ရင်း ရက်ရှ်တာ၏ လက်ကို တရစပ် ဆိတ်တော့သည်။

ရက်ရှ်တာလည်း လက်ကို အမြန်ပြန်ရုပ်လိုက်၏။

ငှက်ကလေးက လုံးဝ ရန်လိုသွားကာ ရက်ရှ်တာကို စိုက်ကြည့်နေတော့သည်။

လှောင်အိမ်ထဲသို့ လက်ထပ်ထည့်လျှင် တကယ် ဒဏ်ရာရသွားနိုင်၏။

မည်သို့ပင်ဖြစ်စေ ဤမျှဆိုလျှင် လုံလောက်ပြီဖြစ်သဖြင့် ရက်ရှ်တာလည်း အမွေးများကို ထပ်မနုတ်တော့ဘဲ ကြမ်းပြင်ပေါ်ကျနေသည့် အမွေးများကို စုဆောင်းကာ ခေါင်းအုံးစွပ်ထဲသို့ ထည့်လိုက်သည်။

“တောင်းပန်ပါတယ်။”

ရက်ရှ်တာ ငှက်ကလေးကို နောက်တစ်ကြိမ် တောင်းပန်လိုက်ပြန်သည်။

သို့သော် သူက မိမိကိုယ်ကိုယ်နှင့် ရင်သွေးကို ကာကွယ်ရန် ပြတ်သားစွာ ဆုံးဖြတ်ထားပြီးသားဖြစ်၏။

ဧကရီ၏ ရက်စက်လှသော အစ်ကိုက ပြည်နှင်ဒဏ် အပေးခံလိုက်ရသော်လည်း၊ ထိုအိမ်တော်တွင် အင်အားရှိနေဆဲပင်။

ဧကရီနှင့် ထိုအိမ်တော်က မည်သို့တုံ့ပြန်လာမည်ကို မသိနိုင်သဖြင့်၊ ဆိုဗီရ်ရှု၏ ဧကရီတင်မြှောက်ပေးမည်ဟူသော ကတိအပြင် ဘေးကင်းလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရပေမည်။

ထိုအရာက ယခုကဲ့သို့ စက်ဆုပ်ဖွယ်ကောင်းသောကိစ္စ ဖြစ်နေလျှင်ပင်။

‘ဘယ်လိုလုပ်ပြီး ဒီအခြေအနေအထိ ရောက်သွားရတာလဲ။’

အားလုံးက ဧကရီ သူ့အပေါ် ရန်လိုခဲ့သောကြောင့်ပင်။

ဧကရီနှင့် သူ့အစ်ကိုသာ မိမိကို အရင်မတိုက်ခိုက်ခဲ့လျှင်၊ ရက်ရှ်တာအနေဖြင့် ယခုကဲ့သို့ လုပ်ရပ်မျိုး လုပ်စရာလိုလိမ့်မည်မဟုတ်ဟု ယုံကြည်နေသည်။

ထိုသို့တွေးမိတော့ ဝမ်းနည်းလာကာ၊ ဗိုက်ကို ပွတ်သပ်ရင်း ကုလားထိုင်တွင်ထိုင်ပြီး ရှိုက်ကြီးတငင် ငိုကြွေးမိတော့၏။

နာရီပိုင်းအကြာ၊ ကောင်းကင်ယံတွင် မှောင်စပြုလာချိန်။

ဆိုဗီရ်ရှု ရောက်လာသည့်တိုင်အောင် ရက်ရှ်တာက ငိုနေဆဲပင်။

သူက ပင်ပန်းနွမ်းနယ်သော မျက်နှာဖြင့် ဝင်လာရာမှ ရက်ရှ်တာကိုမြင်တော့ အလန့်တကြား မေးလာသည်။

“ဘာလို့ ငိုနေတာလဲ။”

ရက်ရှ်တာက ငှက်လှောင်အိမ်ကို လက်ညှိုးထိုးပြလိုက်၏။

ဆိုဗီရ်ရှုက ငှက်လှောင်အိမ်နှင့် အမွေးများ အနုတ်ခံထားရသည့် ငှက်ကလေးကို နောက်ကျမှ သတိပြုမိသွားကာ မျက်မှောင်ကြုတ်သွားတော့သည်။

“ငှက်အခြေအနေက…… ဘာလို့ ဒီလိုဖြစ်နေတာလဲ။ ပြီးတော့ မင်းဆီမှာ ဒီငှက်က ဘာလို့ ရှိနေတာလဲ။”

“ဧကရီ ပြန်ပို့လိုက်တာကို ဒဲလိစ်က ယူထားပြီး ရက်ရှ်တာ့ကို လာပေးတာပါ။ ရက်ရှ်တာက ယူလာခိုင်းလိုက်လို့။”

“အမွေးတွေက ဘာဖြစ်လို့ ဒီလိုဖြစ်သွားရတာလဲ။”

ဆိုဗီရ်ရှုက ငှက်လှောင်အိမ်နားသို့ ချဉ်းကပ်ကာ ဒဏ်ရာကို စစ်ဆေးကြည့်ပြီးနောက် ဒေါသကို ထိန်းချုပ်နေသည့်အလား နှုတ်ခမ်းကို တင်းတင်းစေ့ထားခဲ့သည်။

“မသိပါဘူး။”

ရက်ရှ်တာက ရှိုက်ငင်ရင်း ခေါင်းခါပြလိုက်၏။

ငှက်ကလေးက သူ့ကို ရန်ငြိုးဖြင့် စိုက်ကြည့်နေသလို ခံစားရ၍ အားနာမိသော်လည်း၊ ထိုအဖြစ်အတွက် နောက်ပိုင်းတွင် ငှက်ကလေးကို ကောင်းကောင်းမွေးမြူရင်း ပြန်ပေးဆပ်မည်ဟု တွေးခဲ့သည်။

ရက်ရှ်တာက လက်နှစ်ဖက်ကို စုစည်းကာ ဆိုဗီရ်ရှုကို အသနားခံလိုက်၏။

“အရှင်ဧကရာဇ်။ ဧကရီက စွန့်ပစ်လိုက်ပြီဆိုတော့ ရက်ရှ်တာ ဒီငှက်ကလေးကို မွေးလို့ရမလားဟင်။”

ဆိုဗီရ်ရှုက ချက်ချင်းပြန်မဖြေဘဲ ငှက်ကလေးကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။

မိမိပေးပို့လိုက်သော လက်ဆောင်က ယခုကဲ့သို့ ပုံပျက်ပန်းပျက်ဖြစ်ကာ ပြန်ရောက်လာသဖြင့် အလွန် စိတ်အနှောင့်အယှက်ဖြစ်နေသည့်ပုံပင်။

ရက်ရှ်တာက စီးကျလာသော မျက်ရည်များကိုသုတ်ရင်း ထပ်မံတောင်းဆိုလိုက်ပြန်သည်။

“အရှင်ဧကရာဇ်။ ရက်ရှ်တာ ဒီကလေးကို ပြုစုစောင့်ရှောက်ပေးချင်ပါတယ်။ တအားသနားစရာကောင်းလို့ပါ။”

ဆိုဗီရ်ရှုက ရက်ရှ်တာကို လှည့်ကြည့်ကာ စိတ်မောစွာ သက်ပြင်းချလိုက်သည်။

“သူများစွန့်ပစ်လိုက်တဲ့ ငှက်ကို ဘာလုပ်ဖို့ ကောက်မွေးမှာလဲ။ အသစ်ဝယ်ပေးမယ်။”

“ဒီကလေးလည်း သက်ရှိပဲကို ဘယ်လိုလုပ် စွန့်ပစ်မှာပါလဲ။”

“ဘယ်သူက စွန့်ပစ်မယ်ပြောလို့လဲ။”

“ရှင်……။ မစွန့်ပစ်ဘူးလားဟင်။”

“ငါ မွေးမှာ။”

“ဧကရီ စွန့်ပစ်လိုက်တဲ့ငှက်ကို အရှင်ဧကရာဇ်က ဘာလို့ မွေးမှာလဲဟင်။”

ရက်ရှ်တာ စိုးရိမ်စိတ်ဝင်ကာ မေးလိုက်မိသည်။

ဆိုဗီရ်ရှု ကိုယ်တိုင်မွေးမည်ဟု ထင်မထားသဖြင့် သူ၏တုံ့ပြန်မှုကို နားမလည်နိုင်ဖြစ်နေမိ၏။

ဧကရာဇ်က မာနအလွန်ကြီးသူပင်။

ဧကရီက သူ၏လက်ဆောင်ကို ပြန်ပို့လိုက်သည့်အပြင် ဖျက်ဆီးလိုက်ခြင်းဖြစ်သဖြင့် ဒေါသထွက်ကာ အော်ဟစ်ရမည်မဟုတ်ပါလား။

ဒေါသထွက်နေပုံရသော်လည်း ငှက်ကို မစွန့်ပစ်ဘူးဟုဆိုသဖြင့် ရက်ရှ်တာ စတင်စိုးရိမ်လာတော့သည်။

ဒေါသထွက်ပေမဲ့ ထင်သလောက် မပြင်းထန်တာလား။

ဒါမှမဟုတ် ဧကရီအပေါ် စိတ်က အကြွင်းအကျန်ရှိနေသေးလို့လား။

ဧကရီနေရာကနေ ဖြုတ်ချတော့မယ်ဆိုပြီးတော့။

ဒီကြားထဲမှာ စိတ်ပြောင်းသွားတာလား။

စိုးရိမ်တကြီးဖြင့် လုပ်ဆောင်လိုက်သည့် ကိစ္စဖြစ်သော်လည်း ဆိုဗီရ်ရှု၏ တုံ့ပြန်မှုက သူ့ကို ပို၍ပင် ထိတ်လန့်စေခဲ့သည်။

သို့သော် ရက်ရှ်တာသာ ဆိုဗီရ်ရှု၏ စိတ်ရင်းကို သိနိုင်မည်ဆိုလျှင် လုံးဝ စိုးရိမ်နေစရာမလိုဘဲ စိတ်အေးသွားပေလိမ့်မည်။

ဆိုဗီရ်ရှုက အလွန် ဒေါသထွက်နေခြင်းပင်။

တော်ဝင်မင်းသား ဟိုင်န်ရီ၏ ငှက် သေသွားသည်ဟူသော အကြောင်းပြချက်ဖြင့် သတိပင်လစ်သွားခဲ့သည်ကို။

သူပေးပို့လိုက်သော ငှက်ကိုမူ အရှင်လတ်လတ် အမွေးနုတ်ပစ်လိုက်သည့် ဧကရီကို အံ့ဩတုန်လှုပ်မိရ၏။

စိတ်ထဲရှိသည့်အတိုင်းဆိုလျှင် ဧကရီဆီသွားကာ ဘာလုပ်တာလဲဟု မေးပစ်လိုက်ချင်သည်။

သို့သော် ဧကရီ သတိလစ်နေခဲ့သည့် နာရီပိုင်းအတွင်း သူက ရေခဲရေထဲ ခေါင်းနှစ်ထားခံရသလို ခံစားချက်မျိုးဖြင့် တောက်လျှောက် ဝေဒနာခံစားနေခဲ့ရ၏။

သွားမေးလိုက်၍ ဧကရီ တစ်ခါထပ်ပြီး လဲကျသွားဦးမလားဟု ကြောက်နေမိသည်။

နောက်ဆုံးတွင် ထွက်ပေါက်ပျောက်နေသော ဒေါသများက သူ၏ကိုယ်တွင်း၌သာ ဟိုဟိုဒီဒီ ရိုက်ခတ်နေတော့၏။

ဆိုဗီရ်ရှုက နှုတ်ခမ်းကို တင်းတင်းစေ့ကာ ငှက်လှောင်အိမ်ကိုယူပြီး ရက်ရှ်တာ၏ အခန်းထဲမှ ထွက်သွားလေတော့သည်။

~~~~

နောက်တစ်နေ့ရောက်သည့်တိုင် မပြေလျော့သေးသော ဆိုဗီရ်ရှု၏ဒေါသက မဆိုင်သူ မားကီး ကားလ်ထံသို့ ကူးစက်သွားလေသည်။

အတွင်းရေးမှူးချုပ်ဖြစ်သူ မားကီးစ် ကားလ်က ‘မှော်စွမ်းအားပျောက်ဆုံးသွားသည့်မှော်ဆရာ’ နှင့် ပတ်သက်သော အစီရင်ခံစာအသစ်ကို ကိုင်ဆောင်ဝင်လာရာမှ လန့်သွားတော့၏။

ရုံးခန်းအတွင်းရှိ ဆိုဗီရ်ရှုက အလွန်ကြောက်စရာကောင်းသော မျက်နှာထားဖြင့် လက်မှိုင်ချနေသောကြောင့်ပင်။

“အရှင်ဧကရာဇ်။”

မားကီးစ် ကားလ်က သူ့ကို သတိထားခေါ်ရင်း ရုံးခန်းထဲသို့ ဝင်လာသည်။

ဆိုဗီရ်ရှု၏ မျက်နှာထား မကောင်းလှသဖြင့် အလိုလို ကိုယ်ကိုကျုံ့မိသွား၏။

“ဘာဖြစ်လို့ပါလဲ။ ကိစ္စတစ်ခုခု ရှိလို့ပါလား။”

“ဘာဖြစ်ရမှာလဲ။ ဘာမှမဖြစ်ဘူး။”

‘ဒါပေမဲ့ မျက်နှာထားက……’

မားကီးစ် ကားလ်က ဆိုဗီရ်ရှု၏ အခြေအနေကို အကဲခတ်ရင်း အစီရင်ခံစာကို ကမ်းပေးလိုက်သည်။

ဆိုဗီရ်ရှုက လက်တစ်ဖက်ဖြင့် အစီရင်ခံစာကိုယူကာ အမြန်ဖတ်ကြည့်သော်လည်း မျက်နှာက လုံးဝ ကြည်လင်မလာပေ။

အစီရင်ခံစာကိုယ်တိုင်ကလည်း မကောင်းသည့် သတင်းဖြစ်နေသဖြင့် ထိုသို့ဖြစ်ရခြင်းပင်။

မှော်ဆရာတစ်ဦး စွမ်းအား ထပ်မံပျောက်ဆုံးသွားသည်ဟူသည့် စာရွက်ကို ဖတ်ပြီးနောက်။

တိတ်တဆိတ် ထွက်သွားရန်ပြင်နေသော မားကီးစ် ကားလ်ကို ဆိုဗီရ်ရှုက မေးခဲ့သည်။

“အရောင်းအဝယ်စာချုပ်ကို အခုအထိ ရှာမတွေ့သေးဘူးလား။”

“အရောင်းအဝယ် စာချုပ်။ အာ။ လေဒီ ရက်ရှ်တာရဲ့ စာချုပ်……”

“မေ့နေတာတော့ မဟုတ်ပါဘူးနော်။”

“အဲ့ဒီလို ဖြစ်စရာမရှိပါဘူး။”

မားကီးစ် ကားလ် သက်ပြင်းချလိုက်သည်။

“သိထားပြီးတဲ့အတိုင်း မြို့စားမင်းအိမ်တော်နဲ့ ဧကရီအရှင်မရဲ့ အခန်းကနေ စာချုပ်က လုံးဝ ထွက်မလာပါဘူး။”

“ဒါနဲ့ပဲ လက်လျှော့ထားတာလား။”

“မဟုတ်ပါဘူး။ အဲ့ဒီနောက်မှာ ဆာ ခိုရှာရ် ပြောခဲ့တဲ့ စကားကို ပြန်တွေးပြီး၊ ကိုယ်ရံတော်တွေရဲ့ အဆောင်တွေကို စစ်ဆေးခဲ့ပါတယ်။”

မားကီးစ် ကားလ်၏ မျက်နှာထားက ညှိုးငယ်သွားသည်။

“ဒါပေမဲ့ အခုအထိ ရှာမတွေ့သေးပါဘူး။”

စာချုပ်ရှိနေသည်မှာ သေချာသည်။

ဗိုင်းကောင့် လိုတဲရှုရော၊ ခိုရှာရ်ရော၊ ပြီးတော့ ဗိုင်းကောင့် လိုတဲရှု စာချုပ် အပ်နှံထားခဲ့သော ကုန်သွယ်ရေးအဖွဲ့ပါ အတည်ပြုထားသည့် ကိစ္စပင်။

အဲ့ဒါတောင် အဲ့ဒီစာရွက်အပိုင်းအစကို အခုအထိ အရိပ်အယောင်တောင် မမြင်ရသေးဘူးတဲ့လား။

ဆိုဗီရ်ရှု လက်သီးကို တင်းတင်းဆုပ်လိုက်သည်။

ဧကရီနဲ့ ကွာရှင်းမဲ့ အစီအစဉ်အထိ ဆွဲထားရတာ တကယ်ပဲ ဘာကြောင့်မို့လို့လဲ။

ထိုစာချုပ်ကို အပြီးတိုင် မဖျက်ဆီးနိုင်သရွေ့၊ စိုးရိမ်စရာ အကြောင်းအရင်းက လုံးဝ ပျောက်ကွယ်သွားမည်မဟုတ်ပေ။

သို့သော် ရှာဖွေနိုင်သည့် နေရာအားလုံးကို ရှာဖွေပြီးပေပြီ။

ကျိန်းသေပေါက် ဧကရာဇ်၏ အမိန့်ဖြင့် မြို့တော်ရှိ လူအားလုံးအပြင် တစ်ပြည်လုံးရှိ အိမ်များကိုပါ ရှာဖွေခိုင်း၍ ရနိုင်၏။

ပြဿနာကား ထိုသို့ အမိန့်ပေးလိုက်ခြင်းဖြင့် စာချုပ်ရှိနေကြောင်း ကြေညာလိုက်သလို ဖြစ်သွားမည်ပင်။

“ဟူး……”

သက်ပြင်းချလိုက်ပြီးနောက် ဆိုဗီရ်ရှုက ကိုက်နေသော နားထင်ကို ဖိလိုက်သည်။

နှုတ်ခမ်းကို ကိုက်ရင်း နံရံကိုစိုက်ကြည့်နေသော်လည်း ထူးခြားသည့် အကြံဉာဏ်မျိုး ပေါ်မလာပေ။

“အချိန်က သိပ်မရှိတော့တာကို ရူးတော့မှာပဲ။”

ရက်ရှ်တာ ကလေးမမွေးမီ ကွာရှင်းခြင်းနှင့် လက်ထပ်ခြင်းကို အပြီးသတ်ရပေမည်။

ဧကရီကတော့ အလွယ်တကူ ကွာရှင်းပေးမှာ မဟုတ်ဘူး။

အချိန်ကို တွက်ချက်ကြည့်ရင်း စိုးရိမ်လာမိ၏။

“မြန်မြန် အဲ့ဒီစာချုပ်ကိုရှာပြီး ဖျက်ဆီးရမှာကို……”

မားကီးစ် ကားလ်က ဘာမှမပြောဘဲ ရပ်နေ၏။

ဆိုဗီရ်ရှုက အကြာကြီး စဉ်းစားနေရာမှ တီးတိုးရေရွတ်ခဲ့သည်။

“မျက်စိပိတ်ပြီး အပေါ်ယံ လှည့်စားရတဲ့နည်းလမ်းမျိုးမို့ မသုံးချင်ခဲ့ပေမဲ့……”

“...”

“စာချုပ်ကို ဖျက်ဆီးလို့မရရင်တော့ မတတ်နိုင်ဘူးပေါ့။”

“ဘာစကားပါလဲ၊ အရှင်ဧကရာဇ်။”

“အရင်ဧကရာဇ်တွေ သူတို့ရဲ့ချစ်သူတွေအတွက် သုံးနေကျ နည်းလမ်းကို သုံးရတော့မယ်။”

မားကီးစ် ကားလ်လည်း ချက်ချင်းပင် သဘောပေါက်သွားတော့သည်။

“ဒါဆို လေဒီ ရက်ရှ်တာရဲ့ မျိုးရိုးဇာစ်မြစ်ကို ပြောင်းလဲပေးဖို့လားခင်ဗျ။”

“ဟုတ်တယ်။ စာချုပ် ပေါ်လာရင်တောင် ဘယ်လိုပဲဖြစ်ဖြစ် ငြင်းဆိုနိုင်အောင် အဲ့ဒီနည်းပဲရှိတော့မယ်။”

ဆိုဗီရ်ရှု၏ အသံတွင် စိတ်ပျက်မှုများ ပါဝင်နေသည်။

“အထည်ကြီးပျက် မှူးမတ်တွေထဲက သင့်တော်တဲ့သူကို ခေါ်လာခဲ့။ မိဘအရွယ်ဆိုရင် အကောင်းဆုံးပဲဆိုပေမဲ့ အဲ့ဒီထက်ငယ်လည်း ကိစ္စမရှိဘူး။ ဇနီးမောင်နှံဖြစ်ဖြစ်၊ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် အရေးမကြီးဘူး။”

ချစ်သူ၏ မျိုးရိုးဇာစ်မြစ်ကို ပြောင်းလဲပေးရာတွင် အသုံးများသော နည်းလမ်းက လက်ထပ်ပေးခြင်းပင်။

သို့သော် တစ်နှစ်အတွင်း ရက်ရှ်တာနှင့် လက်ထပ်ထားရမည့် ဆိုဗီရ်ရှုအတွက် ထိုနည်းလမ်းကို အသုံးမပြုနိုင်ပေ။

“ဟုတ်ကဲ့ပါ၊ အရှင်ဧကရာဇ်။”

“တတ်နိုင်သမျှ မြန်မြန်လေး။”

မားကီးစ် ကားလ် ထွက်သွားပြီးနောက်။

ဆိုဗီရ်ရှု ကုလားထိုင်ကိုမှီကာ လေးလံနေသော မျက်ခွံများကို ပိတ်ထားလိုက်သည်။

ထိုအပြာရောင်ငှက်ကြောင့် ယခုအထိ ဒေါသထွက်နေဆဲပင်။

သို့သော် သတိလစ်နေသည့် နာဗီရယ်၏ ဖြူဖျော့သောမျက်နှာက မျက်စိထဲ တဝဲဝဲလည်ဖြစ်နေ၏။

ကွာရှင်းကြရအောင်လို့ ပြောလိုက်ရင်…… ဒီထက်တောင် ပိုပြီးရှော့ခ်ရသွားရှာမှာ။

တွေးကြည့်ရုံနှင့် ရင်ထဲတွင် လေးလံလာရတော့သည်။

~~~~

ဆိုဗီရ်ရှု ငှက်ပို့လိုက်ခြင်းအပေါ် ဒေါသထွက်ခြင်းများ ပျောက်ကွယ်သွားတော့၊ မက်ကန်နာနှင့် ‘အပြာရောင်ငှက်’ အကြောင်း ပြန်တွေးမိလာသည်။

ကျွန်မ အဖန်ဖန် စဉ်းစားပြီးနောက် ကာယကံရှင်ကို တိုက်ရိုက် မေးမြန်းရန် ဆုံးဖြတ်ကာ မြို့စားမင်း အယ်ရ်ဂီထံသို့ သွားခဲ့၏။

‘မက်ကန်နာရဲ့ အခြေအနေကိုလည်း သိချင်နေတာနဲ့……’

မြို့စားမင်း အယ်ရ်ဂီ အပြင်သွားနေချိန်ဆိုရင် ကောင်းမှာပဲ။

စိတ်ထဲမှ တွေးရင်း ကျွန်မ တောင်နန်းဆောင်သို့ သွားကာ မြို့စားမင်း အယ်ရ်ဂီ တည်းခိုရာ အခန်းတံခါးကို ခေါက်လိုက်သည်။

သို့သော် အတွင်းမှ မည်သည့်အဖြေမျှ မကြားရပေ။

နောက်တစ်ကြိမ် ထပ်မံခေါက်လိုက်တော့ အဖြေက အနောက်မှ ထွက်ပေါ်လာ၏။

“ဟုတ်ကဲ့။”

ရယ်သံစွက်နေသော အသံပင်။

လှည့်ကြည့်လိုက်တော့ မြို့စားမင်း အယ်ရ်ဂီက ဘယ်အချိန်က ရောက်နေသည်မသိ၊ ရင်ခွင်ထဲတွင် အဖြူရောင်ပန်းလေးများ အပြည့် ပိုက်ထားလျက်ရှိနေသည်။

“ပေးရမလားဗျ။”

ကျွန်မ ပန်းစည်းကို ကြည့်နေတော့ သူက ပြုံးရင်း ပိုက်ထားသော ပန်းစည်းကို ကမ်းပေးလာ၏။

ကျွန်မ ပန်းကို မယူဘဲ သူ့ကို မေးလိုက်သည်။

“ရပါတယ်။ ဆာ မက်ကန်နာ အထဲမှာရှိလား။”

သို့သော် မြို့စားမင်း အယ်ရ်ဂီက ပြန်​မဖြေဘဲ အဓိပ္ပာယ်မရှိသည့်စကားများ ပြောလာ၏။

“ကျွန်တော်က ဒီလိုကိစ္စမျိုးနဲ့ အငြင်းခံရဖူးတာမရှိလို့။ နည်းနည်းတော့ မှင်တက်သွားရပါတယ်၊ အခု။”

“……ဆာ မက်ကန်နာရော။”

ဒီလူ ဘာလို့ ဒီလိုထပ်လုပ်နေရတာပါလိမ့်။

သက်ပြင်းချလိုက်ပြီးနောက် ပန်းကို ယူကာ မေးလိုက်တော့ မြို့စားမင်း အယ်ရ်ဂီက တစ်မျိုး ထပ်ပြောပြန်သည်။

“သက်ပြင်းချရင်း ပန်းကို လက်ခံလိုက်တာလားဗျ၊ အခုလေ။ ဝါး။ ဒါမျိုးကလည်း ပထမဆုံးမို့လို့ ပိုပြီး အံ့ဩရပါတယ်။”

“ဆာ မက်ကန်နာရောလို့။”

“တကယ် တစ်မူထူးတဲ့ပုဂ္ဂိုလ်ပဲ။”

“ဖြေပါ။”

“ဓားလိုပါပဲလား။”

နောက်နေတာလား။

ကျွန်မ ခေါင်းငဲ့စောင်းပြီး ကြည့်လိုက်တော့၊ သူက ကျွန်မကို စေ့စေ့ကြည့်ရင်း ရယ်ခဲ့သည်။

ထို့နောက် ညစ်ကျယ်ကျယ်အပြုံးမျိုးဖြင့် မေးလာ၏။

“စိန်ခေါ်ချင်စိတ်ကို နှိုးဆွနိုင်တဲ့သူဆိုတာ၊ သိလားဗျ။”

“……”

“ဟိုင်န်ရီက အဲ့ဒါကြောင့် ဧကရီအရှင်မကို စိတ်ဝင်စားနေတာများလား။”

“မက်ကန်နာ မရှိဘူးထင်တယ်။”

ဆက်တိုက် မက်ကန်နာကို ရှာနေခဲ့သဖြင့်၊ သူသာ တကယ် အခန်းထဲတွင် ရှိနေလျှင် စိတ်ရှုပ်၍ဖြစ်ဖြစ် ထွက်လာပေလိမ့်မည်။

ကျွန်မ မြို့စားမင်း အယ်ရ်ဂီနှင့် စကားဆက်မပြောတော့ဘဲ ပန်းကို သူ့ဆီ ပြန်ပေးလိုက်၏။

ဘာကြောင့်မှန်းမသိ လက်တွင် အားပါသွားသော်လည်း အမူအရာမပျက်အောင် ထိန်းထားခဲ့သည်။

မြို့စားမင်း အယ်ရ်ဂီက ကြောင်အမ်းအမ်းဖြင့် ပန်းကို ပြန်ပိုက်ထားလေ၏။

သို့သော် ကျွန်မ လှည့်ထွက်သွားတော့ သူက ဇွတ်လိုက်လာရင်း ပြောလာခဲ့သည်။

“မက်ကန်နာက ကြည့်ရသလောက် ဒဏ်ရာမပြင်းထန်လို့ ပြန်သွားပါပြီ။”

“စောစောကတည်းက ပြောပြခဲ့ရင် ကောင်းမှာကို။”

ဒီလူ ဘာလို့ ဒီလောက် ပေါ့ပြက်ပြက်နိုင်ရတာပါလိမ့်။

ရက်ရှ်တာနှင့် မြို့စားမင်း အယ်ရ်ဂီတို့ စကားပြောနေသည့် ပုံစံကို သိချင်လာမိသည်။

ရက်ရှ်တာကမူ ကြည့်စရာမလိုဘဲ ‘ရက်ရှ်တာကလေ၊ ရက်ရှ်တာကလေ’ ဟု ပြောမည်သာ။

ဒီလူကတော့ သူပြောချင်တာကိုပဲ ဇွတ်ပြောလောက်တယ်။

စကားပြောလို့ရော ပြီးနိုင်ပါ့မလား။

သိချင်လာမိသည်။

သို့သော် ယခု ယင်းထက် ပို၍ သိချင်နေသည့်အရာ ရှိသေး၏။

အစကတည်းက မက်ကန်နာကို လာရှာရတဲ့ အကြောင်းရင်းတွေထဲက တစ်ခု……

မက်ကန်နာ မရှိတော့ မြို့စားမင်း အယ်ရ်ဂီကို မေးကြည့်လည်း ရလောက်မယ်မဟုတ်လား။

“တစ်ခုလောက် မေးကြည့်ချင်တာရှိလို့လေ။”

“မေးပါခင်ဗျ။”

“မက်ကန်နာက ငှက်လား။”

မက်ကန်နာက ကျွန်မ ထင်ထားသလို ‘အပြာရောင်ငှက်’ ဆိုလျှင်၊ မြို့စားမင်း အယ်ရ်ဂီလည်း သူ၏ သရုပ်မှန်ကို သိနေမည်သာ။

လော်ရာ့ ​စကားအရဆိုရင်၊ မြို့စားမင်း အယ်ရ်ဂီက ပန်းခြံထဲကနေ ‘အပြာရောင်ငှက်’ ကို ကောက်သွားခဲ့တာဆိုတော့။

မြို့စားမင်း အယ်ရ်ဂီက တစ်ယောက်တည်း ဟားတိုက်ရယ်မောရင်း ပြန်ဖြေလာ၏။

“အမ်။ ငှက်ဦးနှောက်နဲ့တော့ နီးစပ်ပေမဲ့ ငှက်တော့ မဟုတ်ပါဘူး။”

“ဒါဆို ‘ငှက်ဦးနှောက် မျိုးနွယ်စု’ လား။”

မျိုးနွယ်စုနာမည်က ဆဲသလိုဖြစ်နေ၍ တတ်နိုင်သမျှ တည်တည်တံ့တံ့ မေးလိုက်ခြင်းပင်။

သို့သော် မြို့စားမင်း အယ်ရ်ဂီက ရုတ်တရက် ရယ်မောကာ ဗိုက်ကိုနှိပ်ပြီး အနောက်ပါ လန်သွားတော့သည်။

သူ့ရယ်သံက ကျယ်လွန်းလှသဖြင့် ဘေးမှလူများပါ လှည့်ကြည့်ရသည်အထိပင်။

ခွက်ထိုးခွက်လန် ရယ်နေသဖြင့် ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်လာပြီး ငုံ့စိုက်ကြည့်လိုက်တော့ သူက အတန်ကြာ ရှိုက်ရယ်နေပြီးမှ မေးလာသည်။

“အဲ့ဒါက။ အဲ့ဒါက တကယ်ပဲ ဘယ်လို ဆဲနည်းအသစ်လဲဗျာ။”

“မဟုတ်ရင်လည်း ပြီးတာပါပဲ။”

ရှက်ကိုးရှက်ကန်း ခံစားချက်ကြောင့် ကျွန်မ ပြတ်ပြတ်သားသား ပြောလိုက်ပြီးနောက် အမြန်ပင် ထိုနေရာမှ ထွက်လာခဲ့တော့သည်။

~~~~

မြို့စားမင်း အယ်ရ်ဂီက နာဗီရယ် ပျောက်ကွယ်သွားပြီးသည့်နောက်၌လည်း တစ်ယောက်တည်း ခြံစည်းရိုးကိုကိုင်ကာ ရယ်နေဆဲပင်။

ဧကရီ နာဗီရယ်က သူ၏ မူပိုင် ထူးခြားသော အေးစက်စက် မျက်နှာထားဖြင့် ‘ငှက်ဦးနှောက် မျိုးနွယ်စု’ ဟု ပြောလိုက်ခြင်းမှာ အလွန် ရယ်စရာကောင်းလှ၏။

ရှေးရိုးစွဲပြီး ပျင်းစရာကောင်းသည့် ရေခဲရုပ်လို လူမျိုးကို ဟိုင်န်ရီ ဘာကြောင့် ဤမျှအထိ တမ်းတမ်းစွဲဖြစ်နေရသလဲဟု တွေးခဲ့သော်လည်း။

အဲ့ဒီလို ပုံစံလေးကြောင့် သဘောကျနေတာများလားဟု တွေးမိသွားသည်။

ထို့အပြင် ဒဏ္ဍာရီလို သတ်မှတ်ခံထားရသည့် မျိုးနွယ်စုအကြောင်း သတင်းအချက်အလက်ကို ယခုကဲ့သို့ တည်တည်တံ့တံ့ လက်ခံပြီး မေးမြန်းခြင်းကလည်း။

သူက နာဗီရယ် ပျောက်ကွယ်သွားသည့်မျိုးနွယ်စုအကြောင်း တည်ငြိမ်စွာ မေးမြန်းနေသည့် ပုံစံကို ပြန်တွေးရင်း တီးတိုးရေရွတ်လိုက်၏။

“အကဲခတ်လည်း မြန်တာပဲ။”

~~~~

Miel’s Translations

Morning Star website နဲ့ telegram paid group မှာ အပိုင်း ၁၇၉ အထိ ဖတ်လို့ရပါပြီ။

Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment