အပိုင်း ၇၄ (ထွက်ခွာသွားသော ဟိုင်န်ရီ)
တံခါးအပြင်ဘက်သို့ ထွက်လာသော အသံများကြောင့် ရက်ရှ်တာတစ်ယောက် အရုပ်ကြီးကို တင်းကျပ်စွာ ဖက်ထားလိုက်မိသည်။
‘ချစ်သူက ချစ်သူသက်သက်ပဲတဲ့လား……’
တံခါးဝတွင် စောင့်ကြပ်နေသော တော်ဝင်ကိုယ်ရံတော်များပင် နေရခက်သွားကာ အချင်းချင်း အကြည့်ဖလှယ်ကုန်ကြသည်။
ရက်ရှ်တာက နှုတ်ခမ်းကို တင်းတင်းကိုက်ထားလိုက်၏။
ငိုတော့မည့် မျက်နှာဖြင့် တံခါးကို စိုက်ကြည့်နေပြီးမှ ကျောခိုင်းကာ မိမိအခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။
ဗိုင်းကောင့် လိုတဲရှု၏ စကားက အမှန်ပင်။
ဆိုဗီရ်ရှု သူ့ကို မည်မျှပင် ချစ်ပါစေ၊ နောက်ဆုံးတော့ သူက ချစ်သူတစ်ယောက်အပြင်မပို။
ဘယ်အချိန် ပြောင်းလဲသွားမည်မှန်းမသိရသော လူတစ်ယောက်၏ စိတ်အပေါ်တွင်သာ အခြေပြုထားရသည့် ဤနေရာက အလွန်ပင် မရေရာလွန်းလှ။
ရက်ရှ်တာက ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်ကိုခေါ်ကာ မေးလိုက်သည်။
“ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်။”
“ဟုတ်ကဲ့၊ လေဒီ ရက်ရှ်တာ။”
“ဧကရာဇ်ရဲ့ ချစ်သူတွေထဲမှာ…… ဧကရာဇ်ရဲ့ အချစ်ကို တစ်သက်လုံး ရခဲ့တဲ့သူ ရှိဖူးလားဟင်။”
ပုံမှန်ဆိုလျှင် ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်နှင့် စကားပြောရန် တတ်နိုင်သမျှ ရှောင်ရှားမိမည်ဖြစ်သော်လည်း ဤသို့သော ကိစ္စမျိုးဆိုလျှင် သူခိုင်းသမျှ လုပ်ပေးနေသည့် အစေခံနှစ်ယောက်ထက် ဗိုင်းကောင့်ကတော်က ပိုသိနိုင်မည်ဟု ထင်မိသောကြောင့်ပင်။
ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်က အကျပ်ရိုက်သွားသလို မျက်နှာထားဖြင့် မျက်လုံးအစုံကို ဟိုဟိုဒီဒီ ဝေ့ဝဲနေ၏။
ထိုအမူအရာကပင် အဖြေကို ဖော်ပြနေသည်။
“မရှိဘူးပေါ့လေ။”
“မရှိတာတော့ မဟုတ်ပါဘူး။”
“သိပ်မများတာလား။”
“……ဟုတ်ကဲ့။”
“……”
ရက်ရှ်တာ ငိုတော့မလို ဖြစ်လာသောအခါ ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်က အလျင်အမြန်ပင် နှစ်သိမ့်စကား ပြောလာသည်။
“ဒါပေမဲ့ စိတ်မပူပါနဲ့၊ လေဒီ ရက်ရှ်တာ။ အရှင်ဧကရာဇ်ရဲ့ အချစ်ကို မရတော့ရင်တောင် အရှင်ဧကရာဇ်နဲ့ရထားတဲ့ ကလေးသာရှိမယ်ဆိုရင် တော်ဝင်မိသားစုနဲ့ အဆက်အသွယ် ပြတ်သွားမှာ မဟုတ်ပါဘူး။ အဲ့ဒီကလေးက လေဒီ ရက်ရှ်တာအတွက် အင်အားဖြစ်စေမှာပါ။”
“ရက်ရှ်တာက ရက်ရှ်တာ ချစ်ပေးနိုင်ပြီး တာဝန်ယူနိုင်မဲ့ ကလေးကိုပဲ လိုချင်တာပါ။ အဲ့ဒီကလေးကို အသုံးချချင်တာ မဟုတ်ဘူးရှင့်။”
“အဲ့ဒီလို အဓိပ္ပာယ်နဲ့ ပြောတာမဟုတ်ပါဘူး……”
ထိုစဉ် တံခါးကို ညင်သာစွာခေါက်သံ ကြားလိုက်ရသည်။
ပါးစပ်ပိတ်နေလိုက်ရာ ဧည့်ခန်းတံခါး ပွင့်လာပြီး အစေခံမိန်းကလေး ချယ်ရီနီက သတိထားကာ ဝင်လာ၏။
“လေဒီ ရက်ရှ်တာ။ ဗိုင်းကောင့် လိုတဲရှု ရောက်နေပါတယ်။”
ရက်ရှ်တာက ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်ကို ထွက်သွားခိုင်းပြီးနောက် ဗိုင်းကောင့် လိုတဲရှုကို ဝင်ခိုင်းလိုက်သည်။
နဂိုကတည်းက စိတ်မကြည်မလင် ဖြစ်နေရသည့်အထဲ ဗိုင်းကောင့် လိုတဲရှုကို မြင်လိုက်ရသဖြင့် ပို၍ပင် စိတ်အနှောင့်အယှက် ဖြစ်သွားသော်ငြား နှင်ထုတ်၍လည်း မရပြန်ပေ။
“ဒီတစ်ခါရော ဘာကိစ္စနဲ့ လာပြန်တာလဲ။”
ရက်ရှ်တာက စက်ဆုပ်မှုကို မဖုံးကွယ်နိုင်ဘဲ အေးစက်စွာ မေးလိုက်သည်။
ထိုအငွေ့အသက်ကို သိသော်ငြားလည်း ဗိုင်းကောင့် လိုတဲရှုက တည်ငြိမ်စွာ ပြန်ဖြေခဲ့၏။
“ဖြည်းဖြည်းချင်း အိမ်ပြောင်းရင်ကောင်းမလားလို့လေ။”
သူ မြို့တော်တွင် နေထိုင်ရန် အိမ်ရှာနေသည်ဟူသော သတင်းကို ကြားထားပြီးသားပင်။
ကြိုတင်ပြင်ဆင်ထားသည့် ကိစ္စဖြစ်သဖြင့် ရက်ရှ်တာက အံကြိတ်ထားရင်း မေးလိုက်၏။
“အဲ့ဒီတော့။”
“အိမ်ဖိုး လိုတာပေါ့။”
“ဘယ်လောက် လိုတာလဲ။”
ရက်ရှ်တာလည်း လွန်ခဲ့သော ရက်ပိုင်းက မြို့စားမင်း အယ်ရ်ဂီ ချေးပေးခဲ့သည့် ခရန်းတစ်သောင်းကို သတိရလိုက်သည်။
ခရန်းတစ်သောင်းဆိုသည်မှာ အလွန်များပြားသော ပမာဏပင်။
အိမ်ဖိုးက မည်မျှအထိ ရှိမည်ကို မသိသော်လည်း…
“ဟမ်း။ ခရန်းငါးသိန်းဆိုရင်တော့ ဖြစ်မယ်ထင်တာပဲ။”
“ခရန်းငါးသိန်း။”
ရက်ရှ်တာ လန့်ဖျပ်ကာ ဝုန်းခနဲ ထရပ်လိုက်မိသည်။
ဗိုင်းကောင့် လိုတဲရှု ပြောလိုက်သည့် ပမာဏက ရက်ရှ်တာ စိတ်ကူးပင်မယဉ်ဖူးသည့် ပမာဏမျိုး ဖြစ်နေ၏။
“ဘယ်လိုအိမ်မျိုးမို့လို့ အဲ့လောက်တောင် ဈေးကြီးရတာလဲ။”
“ဥယျာဉ်ပါတဲ့ စံအိမ်ကြီးလေ။ တကယ်တော့ စံအိမ်တန်ဖိုးက ခရန်းလေးသိန်းလောက်ပဲရှိတာ၊ ကျန်တဲ့ တစ်သိန်းက အသစ်ပြန်ပြင်တဲ့နေရာမှာ ကုန်မှာမို့လို့။”
နားထောင်ရုံနှင့်ပင် လက်များ တုန်ယင်လာစေသည့် ထိုပမာဏကို ဗိုင်းကောင့် လိုတဲရှုက သာမန်ကာလျှံကာ ပြောနေခဲ့သည်။
“တစ်ယောက်တည်း နေမှာကို ဘယ်လောက်ကြီးတဲ့ စံအိမ်မှာ နေချင်နေတာလဲ။”
“ဘယ်သူက တစ်ယောက်တည်းနေမယ် ပြောလို့လဲ။”
ဗိုင်းကောင့် လိုတဲရှု၏ မျက်လုံးထောင့်စွန်းများက ညစ်ကျယ်ကျယ် ကွေးညွတ်သွားသည်။
“ငါ့မြေးကိုလည်း ခေါ်လာရဦးမှာပေါ့။ နင့်သားလေးလေ၊ ရက်ရှ်တာ။”
“အဲ့၊ အဲ့ဒီကလေးကို ခေါ်လာမယ်၊ ဟုတ်လား။”
“အလို။ ဒါဆို အဲ့ဒီကလေးငယ်ငယ်လေးကို တောမှာ တစ်ယောက်တည်း ပစ်ထားခဲ့ရမှာလား။ တယ်လည်း ရက်စက်တဲ့ အမေကိုး။”
ရက်ရှ်တာတစ်ယောက် အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသားဖြစ်ကာ တုန်ယင်နေမိသည်။
“ဘုရားရေ၊ ရက်ရှ်တာ။ ကိုယ့်ကလေးအတွက် သုံးရမဲ့ ပိုက်ဆံကို အဲ့ဒီလောက်တောင် နှမြောနေတာလား။”
ထိုသို့သော ရက်ရှ်တာကိုကြည့်ကာ ဗိုင်းကောင့် လိုတဲရှုက မျှော့တစ်ကောင်လို ပြုံးခဲ့လေသည်။
~~~~
မည်မျှပင် အလုပ်လုပ်ရန် ကြိုးစားပါစေ အလုပ်ထဲ စိတ်မရောက်နိုင်ခဲ့။
ဆိုဗီရ်ရှု၏စိတ်ရင်းကို လုံးဝ နားမလည်နိုင်ပေ။
သူက ငါ့ကို မချစ်ဘဲနဲ့ တကယ်ပဲ ဘာဖြစ်လို့များ…..
နှလုံးသားထဲက နာကျင်လာကာ ရင်ထဲတွင်လည်း မွန်းကျပ်လာသည်။
ရင်ပြည့်နေသလို ခံစားရရာမှ နောက်ပိုင်းတွင် ပျို့အန်ချင်လာသဖြင့် နောက်ဆုံးတွင် ကျွန်မ ပင်မနန်းဆောင်မှထွက်ကာ အပြင်ဘက်သို့ လမ်းလျှောက်ခဲ့သည်။
ထိုသို့လျှောက်လာရင်း တော်ဝင်မင်းသား ဟိုင်န်ရီ အလောတကြီး ပြေးသွားခဲ့သည့်ကိစ္စကို သတိရမိသဖြင့် ခြေလှမ်းများက အလိုလိုပင် တောင်နန်းဆောင်ဆီသို့ ဦးတည်သွားတော့သည်။
‘ဟင်။’
သို့သော် လမ်းလျှောက်လာစဉ် တစ်ဖက်စင်္ကြံလမ်းတွင် ရက်ရှ်တာကို တွေ့လိုက်ရ၏။
သူက အလောတကြီး လျှောက်သွားနေသဖြင့် ကျွန်မဘက်ကို သတိထားမိပုံမရသော်လည်း မျက်နှာကမူ ဖြူဖျော့နေသည်။
‘နေမကောင်းလို့များလား။’
ပြေးလုမတတ် လျှောက်နေသော သူက တစ်စုံတစ်ယောက်၏ အခန်းရှေ့သို့ ချဉ်းကပ်သွား၏။
ခဏအကြာတွင် တံခါးဖွင့်ပေးကာ ထွက်လာသူက မြို့စားမင်း အယ်ရ်ဂီ ဖြစ်နေသည်။
ရက်ရှ်တာက အခန်းထဲသို့ အရင်ဝင်သွား၏။
မဝင်ခင်လေးတွင် မြို့စားမင်း အယ်ရ်ဂီက အကြည့်ကိုပင့်ကာ ကျွန်မဘက်သို့ လှမ်းကြည့်လာသည်။
မျက်လုံးချင်းဆုံသွားတော့ သူက ပြုံးပြကာ ခေါင်းညိတ်နှုတ်ဆက်ပြီးနောက် တံခါးပိတ်သွား၏။
“……”
ငါနဲ့ ဘာဆိုင်လို့လဲလေ။
ကျွန်မ ခြေလှမ်းများကို ပြန်လည်ရွေ့လှမ်းကာ တော်ဝင်မင်းသား ဟိုင်န်ရီ တည်းခိုသည့်နေရာသို့ သွားလိုက်သည်။
အချိန်ကိုက်ပင် တော်ဝင်မင်းသား ဟိုင်န်ရီကလည်း ဤဘက်သို့ လမ်းလျှောက်လာနေ၏။
ကျွန်မတို့ စင်္ကြံလမ်းအလယ်တွင် မျက်နှာချင်းဆိုင် ဆုံမိကြသည်။
“……ကွီးန်။”
သူက ကျွန်မကို တစ်ချက် အသာလေးကြည့်နေပြီးမှ လေးတိလေးပင်ပြုံးလျက် ခေါ်ခဲ့သည်။
“ကျွန်တော်တို့ စိတ်ချင်းဆက်နေတာပဲ။ မဟုတ်တောင် ကွီးန်ကို လာတွေ့ဖို့ လုပ်နေတာပါ။”
“ကျွန်မကို ပြောစရာရှိလို့လား။”
“ပြောစရာတွေ အများကြီးရှိပေမဲ့။ အဲ့ဒီထဲမှာမှ အပြောချင်ဆုံးမဟုတ်တဲ့ စကားကို ပြောရတော့မယ် ထင်ပါတယ်။”
သူက လက်မောင်းဖြင့် ဥယျာဉ်ဘက်ကို ညွှန်ပြကာ မေးလာသည်။
“ခဏလောက် အတူလမ်းလျှောက်လို့ ရမလားဗျ။”
ကျွန်မတို့ ဘေးချင်းယှဉ်ကာ လမ်းလျှောက်ထွက်လာခဲ့ကြ၏။
ထိုစဉ် သစ်ပင်များထက်တွင် ပွင့်ဝေနေသော ပန်းပွင့်လေးများက လေပွေတစ်ခုပမာ အရှေ့တွင် ဝေ့ဝဲသွားကြသည်။
ဆောင်းပန်းလေးများပင်။
လေထဲ ဝဲတက်သွားသော ပွင့်ချပ်လေးများ ပြန်ကျလာပြီးနောက် ယင်းတို့ကို နင်းလျှောက်လာစဉ် ပခုံးပေါ်သို့ တစ်စုံတစ်ရာက လေးလံစွာ ကျရောက်လာသည်။
တော်ဝင်မင်းသား ဟိုင်န်ရီ၏ ကုတ်အင်္ကျီပင်။
“ရပါတယ်။”
“ကျွန်တော် ချမ်းလို့ပါ။”
“တော်ဝင်မင်းသားက ချမ်းတာကို ဘာလို့ ကျွန်မဆီ ကုတ်အင်္ကျီ ပေးရတာလဲ……”
“ကွီးန်လည်း ချမ်းမှာစိုးလို့ပါ။”
“ကျွန်မ မချမ်းပါဘူး။”
“တော်သေးတာပေါ့။”
သူ၏ ထူးဆန်းသော စကားပြောဟန်ကြောင့် ကျွန်မ အလိုလို ပြုံးမိသွား၏။
လှမ်းကြည့်လိုက်တော့ သူက ခရမ်းရောင်မျက်ဝန်းများဖြင့် မျက်လုံးချင်းဆုံအောင်ကြည့်ကာ အတူလိုက်ပြုံးပြခဲ့သည်။
သူပေးထားသည့် ကုတ်အင်္ကျီမှ သူ၏ ကိုယ်သင်းနံ့ကိုရနေ၏။
ကွီးန်ထံမှလည်း ရနေကျဖြစ်၍ ယခုမူ အလွန်ပင် ရင်းနှီးနေသည့် ရနံ့လေး ဖြစ်လာပေပြီ။
အနည်းငယ် နေရခက်သဖြင့် ကုတ်အင်္ကျီစကို ဆုပ်ကိုင်ထားရင်း ဆက်လက် လမ်းလျှောက်ခဲ့သည်။
“ရိပ်မိပြီးသားလား မသိပေမဲ့……”
သစ်ရွက်ခြောက်များအပေါ်နင်းသံကို နားထောင်ရင်း အတော်ကြာ လမ်းလျှောက်ပြီးမှ တော်ဝင်မင်းသား ဟိုင်န်ရီက ဖြည်းဖြည်းချင်း စကားစလာသည်။
“အနောက်ဘုရင့်တိုင်းပြည်ကို ပြန်သွားရတော့မယ် ထင်ပါတယ်။”
“……ဟုတ်လား။”
ကြိုတင် ပြင်ဆင်ထားသော်လည်း ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် နှမြောတသစိတ် ဝင်လာသည်။
သို့သော် အစ်ကိုဖြစ်သူက အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသဖြင့် ပြန်သွားမည့်သူကို ထိုကဲ့သို့သော အရိပ်အယောင်မျိုး မပြနိုင်ခဲ့ပေ။
သစ်ရွက်ခြောက်များ နင်းမိသံက ပို၍ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
လေကလည်း ရုတ်တရက် ပိုအေးလာသလို ခံစားရသဖြင့် ကျွန်မ သူ၏ ကုတ်အင်္ကျီကို ပို၍တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိ၏။
သူရော ကျွန်မပါ ဘာစကားမှ မပြောဖြစ်ခဲ့ကြပေ။
အတော်ကြာ လမ်းလျှောက်ပြီးမှသာ သူက တိုးညင်းသော အသံဖြင့် မေးလာသည်။
“အဲ့ဒီလိုဆိုပေမဲ့လည်း စာတွေတော့ ဆက်ပြီးဖလှယ်လို့ ရမယ်မဟုတ်လားဗျ။”
“ကျိန်းသေပေါက် ရတာပေါ့။”
“တော်ပါသေးရဲ့။”
ကျွန်မ ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
တော်ဝင်မင်းသား ဟိုင်န်ရီနှင့်တော့ ပြန်တွေ့နိုင်တော့မည် မဟုတ်သော်လည်း ကွီးန်ကတော့ ဆက်လာနေဦးမည် ဖြစ်သဖြင့်……
လာရောက်သည့် အကြိမ်အရေအတွက် နည်းသွားနိုင်သော်လည်း တွေ့နိုင်ဦးမည်ဖြစ်သဖြင့် ထိုအချက်ဖြင့်ပင် ဝမ်းနည်းမှုကို ဖြေဖျောက်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော် ထိုကိစ္စပင်လျှင် မဖြစ်နိုင်ခဲ့ပေ။
“ကွီးန်က…… အလုပ်များသွားမလား မသိပါဘူး။”
တော်ဝင်မင်းသား ဟိုင်န်ရီ ခဲရာခဲဆစ် ပြောလာသည့်စကားကြောင့် ကျွန်မ ကိုယ်တိုင်ပင်သတိမထားမိဘဲ ရပ်တန့်သွားမိသည်။
လှမ်းကြည့်လိုက်တော့ သူက သက်ပြင်းအသာချခဲ့၏။
“တခြားငှက်ကို လွှတ်ရမလားမသိပါဘူး။ ဖြစ်ပါ့မလား။”
“ကွီးန်က ဘာလို့ အလုပ်များရမှာလဲဟင်။”
“အထိမ်းအမှတ်လက္ခဏာ အများကြီးဆောင်တဲ့ ငှက်မို့လို့ပါ။”
“……”
“အရင်တစ်ခါက မြင်ဖူးတဲ့ အပြာရောင်ငှက်ကို လွှတ်လိုက်ပါ့မယ်။”
ဒီအတိုင်း စိတ်ရင်းကောင်းသည့် မင်းသားဟုသာ ထင်ခဲ့မိသော်လည်း မသိလိုက်ခင်မှာပင် သူနှင့်ရော ကွီးန်နှင့်ပါ အတော်လေး ရင်းနှီးသွားခဲ့ပေပြီ။
နှုတ်ဆက်စကားကဲ့သို့သော သူ၏ စကားများကြောင့် ခြေလှမ်းများက အလိုလို လေးလံလာ၏။
ပထမဆုံး ကြုံတွေ့ရသည့် သူငယ်ချင်းနှင့် ခွဲခွာရခြင်းက ထင်ထားသည်ထက် ပို၍မွန်းကျပ်ပြီး ပိတ်လှောင်နေသလိုပင်။
ကျွန်မ ခေါင်းညိတ်ပြလိုက်ပြီးနောက် လှည့်ထွက်ကာ ပြန်လည်လျှောက်လာခဲ့တော့သည်။
~~~~
ထိုလမ်းမှ ဧကရီ နာဗီရယ်နှင့် လမ်းခွဲလာခဲ့သော တော်ဝင်မင်းသား ဟိုင်န်ရီက ချက်ချင်းပင် ဧကရာဇ် ဆိုဗီရ်ရှုထံ သွားရောက်ကာ ဤသတင်းကို အသိပေးခဲ့သည်။
“ပြန်တော့မယ်ပေါ့လေ။”
ဟိုင်န်ရီထံမှ ပြန်တော့မည်ဟူသော အစီရင်ခံချက်ကို ကြားရသည့် ဆိုဗီရ်ရှုက တစ်ချက် ‘အဲ့ဒီလိုလား’ ဟူသော မျက်နှာထားဖြင့် ကြည့်နေပြီးမှ တီးတိုးရေရွတ်ခဲ့သည်။
“ထင်တဲ့အတိုင်း မင်းသားကြီးဘက်များလား……”
ဟိုင်န်ရီက သူ၏ စကားကို ကြားသော်လည်း မကြားချင်ယောင်ဆောင်နေလိုက်သည်။
တကယ်တမ်း သူ့ကို အတိအလင်းပြောသည့် စကားဖြစ်နေလျှင်ပင် ပြန်ဖြေမည်မဟုတ်ပေ။
အချစ်ကို သက်သေပြရန်အတွက် အနာဂတ်ကို ဖျက်ဆီးပစ်ခြင်းမှာ ခံစားချက်ကို ဦးစားပေးပြီး နေထိုင်တတ်ကြသော ၅ နှစ်၊ ၆ နှစ်အရွယ် ကလေးများသာ လုပ်လေ့ရှိသည့်ကိစ္စမျိုး ဖြစ်သောကြောင့်ပင်။
တဒင်္ဂ အချင်းချင်း အကဲခတ်နေကြသော လူနှစ်ယောက်၏ အနေအထားက ခမ်းနားထည်ဝါသော ထိုနေရာကြီးကို တင်းမာပြီး နေရခက်အောင် ဖန်တီးခဲ့သည်။
ထိုသို့ ခေတ္တအကဲခတ်နေပြီးနောက် ဆိုဗီရ်ရှုက ပြုံးလိုက်၏။
“ကောင်းပြီ။ ဂရုစိုက်ပြီး ပြန်ပါ။”
ထို့နောက် တော်ဝင်မင်းသား ဟိုင်န်ရီ သွားရောက်တွေ့ဆုံသူက မြို့စားမင်း အယ်ရ်ဂီပင်။
သို့သော် ထိုနေရာတွင် ဧည့်သည်တစ်ဦး ရောက်နှင့်နေသည်။
“ဆက်ဆက်ပြန်ဆပ်ပါ့မယ်။”
မြို့စားမင်း၏ အခန်းထဲမှ ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာ၏။
“ဆက်ဆက်ပါ။ တကယ်…… တကယ်ကို ကျေးဇူးတင်ပါတယ်။”
အမျိုးသမီးတစ်ဦး၏ အသံပင်။
တော်ဝင်မင်းသား ဟိုင်န်ရီက ကိုယ်ကိုကွယ်ဝှက်ထားရင်း သူငယ်ချင်းဖြစ်သူ တစ်ယောက်တည်းကျန်ရစ်မည့်အချိန်ကို စောင့်နေလိုက်သည်။
မကြာခင်မှာပင် မြို့စားမင်း အယ်ရ်ဂီ၏ အခန်းတံခါး ပွင့်လာကာ ရက်ရှ်တာ ထွက်လာ၏။
“စိတ်မပူပါနဲ့၊ မိန်းကလေး။”
မြို့စားမင်း အယ်ရ်ဂီ၏ အသံအပြီးတွင် တစ်ယောက်တည်း ပြေးသွားသော ခြေသံလေးက ဝေးကွာသွားတော့သည်။
တော်ဝင်မင်းသား ဟိုင်န်ရီလည်း ထိုအခါမှသာ တိုင်နောက်မှ ထွက်လာပြီး မြို့စားမင်း အဲရ်ဂီဆီသို့ လျှောက်သွားလိုက်၏။
“ဘယ်အချိန် ထွက်လာမလဲလို့ စောင့်နေတာ။”
မြို့စားမင်း အယ်ရ်ဂီက တော်ဝင်မင်းသား ဟိုင်န်ရီ မျှော်လင့်မထားသည့် နေရာမှ ပေါ်လာသော်လည်း ရယ်ရုံသာ ရယ်နေခဲ့သည်။
“မင်းကတော့ အမြဲတမ်း ဟိုနားဒီနား ပုန်းနေတော့တာကိုး။”
“ပြောစရာရှိလို့ လာတာ။”
“ပြန်တော့မယ်လို့လား။”
“တခြားစကား။”
“ဘာစကားလဲ။”
တော်ဝင်မင်းသား ဟိုင်န်ရီက စကားအစား လက်ဖြင့် အခန်းထဲကို ညွှန်ပြလိုက်ကာ နှစ်ယောက်သား မြို့စားမင်း အယ်ရ်ဂီ၏ အခန်းထဲသို့ ဝင်သွားကြ၏။
တံခါးပိတ်သွားသည်နှင့်တစ်ပြိုင်နက် တော်ဝင်မင်းသား ဟိုင်န်ရီက လိုရင်းကို တန်းပြောလေတော့သည်။
~~~~
နောက်တစ်နေ့မနက် နိုးလာတော့ တော်ဝင်မင်းသား ဟိုင်န်ရီက ထွက်ခွာသွားပေပြီ။
သတင်းလာပေးသူက ဆာ အာရ်တီနာ ဖြစ်ပြီး၊ တော်ဝင်မင်းသားက အရုဏ်တက်ကတည်းက အလောတကြီး ထွက်သွားခဲ့သည်ဟုဆို၏။
“……ဟုတ်လား။”
မနေ့က နှုတ်ဆက်စကား ပြောခဲ့သော်လည်း။
တကယ်တမ်းတွင် ယင်းက နောက်ဆုံးနှုတ်ဆက်စကား ဖြစ်ခဲ့ခြင်းပင်။
သတင်းကိုကြားရတော့ နှမြောတသမိ၏။
ဤသို့ဖြစ်မည်မှန်း သိခဲ့လျှင် မနေ့က စကားအနည်းငယ် ပိုပြောမိမည်ကို။
မနက်ဖြန်လည်း ထပ်တွေ့ရဦးမည့်အလား နှုတ်ဆက်မိခဲ့သည်။
စတင်ခဲ့ပုံက ထူးဆန်းခဲ့သော်လည်း တော်ဝင်မင်းသားက သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်ခဲ့ကြောင်း။
ထိုသို့သော စကားမျိုး ပြောခဲ့သင့်သည်ကို။
သို့သော် ကျွန်မအနားမှ ထွက်ခွာသွားသူမှာ တော်ဝင်မင်းသား ဟိုင်န်ရီနှင့် ကွီးန်တို့သာ မဟုတ်ခဲ့ပေ။
ပင်မနန်းဆောင်တွင် အလုပ်သွားလုပ်ခဲ့သော်လည်း စိတ်ထဲ ဟာတာတာ ဖြစ်နေသဖြင့် နေ့လယ်စာကို ရံရွေတော်များနှင့် အတူစားရန် အနောက်နန်းဆောင်သို့ ပြန်လာခဲ့ရာ ရံရွေတော်များက မျှော်လင့်မထားသော သတင်းကို ပြောပြလာကြသည်။
“ဧကရီ အရှင်မ။ တူအာနီယာ မြို့စားကတော်က မြို့တော်ကနေ ထွက်ခွာတော့မယ်လို့ ကြားပါတယ်။”
“မြို့တော်ကနေပေါ့လေ။ ဒါဆို ကွာရှင်းတဲ့ကိစ္စကရော…”
“ဗိုင်းကောင့် လန်ဒရယ်အမှုကြောင့် တရားသူကြီးက မြို့စားမင်းဘက်ကို အလေးသာတဲ့ စီရင်ချက် ချပေးလိုက်တဲ့ပုံပါပဲ။”
“အလို…”
ချက်ချင်းပင် အပြစ်ရှိသလို ခံစားလိုက်ရသည်။
ဗိုင်းကောင့် လန်ဒရယ်ကို ကယ်တင်ရန်အတွက် ကျွန်မ သူရှာထားသော သတင်းအချက်အလက်နှင့် သူ၏ အသက်ကို လဲလှယ်ခဲ့သည်။
ထိုအချက်ဖြင့် ဗိုင်းကောင့် လန်ဒရယ်ကို ကယ်တင်နိုင်ခဲ့သော်လည်း။
သူရှာထားသော သတင်းများ ပျောက်ဆုံးသွားသဖြင့် တူအာနီယာ မြို့စားကတော်အတွက် တရားခွင်၌ အခြေအနေ မဟန်တော့ခြင်းပင်။
“……”
မိမိကိုယ်ကိုယ် အပြစ်တင်နေစဉ်မှာပင် လော်ရာက ခေါင်းခါပြလာသည်။
“တအားလည်း စိတ်မကောင်းမဖြစ်ပါနဲ့ဦး၊ ဧကရီ အရှင်မ။ တူအာနီယာ မြို့စားကတော်က ဧကရီ အရှင်မကို ကျေးဇူးတင်စကားပြောပေးဖို့ မှာသွားခဲ့ပါတယ်။”
“တူအာနီယာ မြို့စားကတော်ကလား။”
နယ်စားကတော် အယ်လီဇာက အတွင်းအိတ်ထဲမှ စာအိတ်လေးတစ်အိတ် ထုတ်ပေးလာသည်။
“ဆက်ဆက် ဧကရီအရှင်မကိုပဲ ပေးပေးဖို့ မှာသွားခဲ့တာပါ။”
စားသောက်ပြီးနောက် ရံရွေတော်များ ထွက်သွားကြမှသာ တစ်ယောက်တည်း စာကို ဖြန့်ဖတ်ကြည့်လိုက်သည်။
— ဧကရီ အရှင်မ ဗိုင်းကောင့် လန်ဒရယ်အတွက် လုပ်ပေးခဲ့တာတွေကို သိပါတယ်။ အကူအညီ ပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဧကန္တများ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမှာစိုးလို့ စာချန်ထားခဲ့တာပါ။
‘မြို့စားကတော်……’
— ကျွန်မ ဗိုင်းကောင့် လန်ဒရယ်နောက်ကို လိုက်သွားဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ကျွန်မအတွက် အသက်စွန့်ခဲ့တဲ့သူမို့လို့၊ အခုတော့ ကျွန်မကပဲ သူ့ကို လက်တွဲခေါ်ပေးချင်လို့ပါ။ လုံးဝ မဖြစ်လာရင်တော့ အကောင်းဆုံးဆိုပေမဲ့၊ နောင်တစ်ချိန် ဧကရီအရှင်မ ခက်ခဲတဲ့အခြေအနေ ကြုံလာရရင် ဒီကျေးဇူးကို ဆက်ဆက်ပြန်ဆပ်ပါရစေ။ ဒီစာကို ဖတ်ပြီးရင် မီးရှို့ပစ်ပေးပါ။
နာမည်ကို လက်မှတ်ထိုးမထားသော်လည်း တူအာနီယာ မြို့စားကတော်၏ လက်ရေး အမှန်ပင်။
ကျွန်မ တစ်ချက်လေး စာကိုငေးကြည့်နေပြီးမှ ဖယောင်းတိုင်မီးဖြင့် စာကို မီးရှို့လိုက်သည်။
‘ဗိုင်းကောင့် လန်ဒရယ်ရဲ့ စစ်မှန်တဲ့အချစ်က နောက်ဆုံးတော့ သူ့ရဲ့စိတ်ကို ပြောင်းလဲစေခဲ့တာပဲ……’
တူအာနီယာ မြို့စားကတော်က ထက်မြက်သူဖြစ်သဖြင့် အရာရာကို ကောင်းမွန်စွာ ကျော်ဖြတ်နိုင်ပေလိမ့်မည်။
စာရွက်က အစပိုင်းတွင် ဖြည်းညင်းစွာ လောင်ကျွမ်းနေသော်လည်း မကြာခင်မှာပင် မီးတောက်များ မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားသည်။
စာရွက် အကုန်လောင်သွားပြီးနောက် ကျန်ရစ်ခဲ့သည်မှာ ကျွန်မ လက်ချောင်းများကြားတွင် ညှပ်ထားသော စာရွက်စလေးသာ။
စာရွက်စကို စားပွဲပေါ် ချလိုက်ပြီးနောက် ဖယောင်းတိုင်မီးကို ငြှိမ်းလိုက်သည်။
တော်ဝင်မင်းသား ဟိုင်န်ရီ၊ ကွီးန်၊ တူအာနီယာ မြို့စားကတော်အထိ။
လူသုံးယောက် ဝေးရာသို့ ထွက်ခွာသွားချေပြီ။
နှစ်ယောက်က ဝေးရာသို့၊ တစ်ယောက်က မသိသော နေရာသို့။
အလွန်ပင် အားငယ်လာ၏။
ထိုညတွင် ကွီးန် ပြတင်းပေါက်အပြင်ဘက်မှ နှုတ်သီးလေးဖြင့် ဖန်သားကို တတောက်တောက် ခေါက်မလာနိုင်လောက်ဘူးလားဟု စောင့်မျှော်ခဲ့သော်လည်း ထိုသို့သောကိစ္စမျိုး ဖြစ်မလာခဲ့ပေ။
ပြတင်းပေါက်ကို ဖွင့်လိုက်တော့ အေးစက်သော လေပြင်းများသာ တိုက်ခတ်လာပြီး အသားပေါ်တွင် ကြက်သီးများ ထသွားစေခဲ့သည်။
-မချမ်းဘူးလားဗျ။
တော်ဝင်မင်းသား ဟိုင်န်ရီ မနေ့က မေးခဲ့သည့် မေးခွန်းကို လေထဲတွင် ပြန်လည်ကြားယောင်လာသလိုပင်။
“……ချမ်းတာပဲ။”
နောက်ကျမှ ပြန်ဖြေလိုက်ပြီးနောက် ကျွန်မ ပြတင်းပေါက်ကို ဖွင့်ထားလျက်ပင် စောင်ထဲသို့ တိုးဝင်ခဲ့လိုက်သည်။
နောက်တစ်နေ့ မနက်တွင်လည်း ကွီးန် လာသွားသည့် အရိပ်အယောင် မရှိခဲ့ပေ။
~~~~
“ဟတ်ချိုး။”
“အလို။ အအေးမိသွားတာ ထင်ပါတယ်၊ ဧကရီ အရှင်မ။”
မနက်ပိုင်း အလုပ်အကျွေးပြုရန် ရောက်လာသော နယ်စားကတော် အယ်လီဇာက ကျွန်မ နှာချေလိုက်သည်ကို မြင်တော့ အလန့်တကြား ပြောလာသည်။
ကျွန်မလည်း နှာစေးနေသဖြင့် အိုးတိုးအမ်းတမ်းနှင့် ခေါင်းညိတ်ပြလိုက်မိ၏။
“အဲ့ဒီလိုဖြစ်သွားတယ် ထင်ပါရဲ့။”
မနေ့က ပြတင်းပေါက် ဖွင့်အိပ်ခဲ့မိ၍ဖြစ်မည်။
“ဒီနေ့ အစီအစဉ်တွေကို ဖျက်လိုက်ရမလားရှင့်။”
နယ်စားကတော် အယ်လီဇာက စိုးရိမ်တကြီး မေးလာသည်။
ကျွန်မ အချိန်ဇယားနှင့် ပြက္ခဒိန်ကို စစ်ဆေးပြီးနောက် ထိုသို့ လုပ်ပေးရန် အကူအညီတောင်းလိုက်၏။
“ပြီးတော့ တော်ဝင်သမားတော်ကို ခေါ်ပေးပါဦး။”
သာမန် အအေးမိရုံက ပြဿနာမရှိသော်လည်း နှာစေးနေလျှင်တော့ ဇာတ်လမ်းက တစ်မျိုးဖြစ်သွားပေပြီ။
အခစားဝင်ချိန်တွင် ပြည်သူများနှင့် တည်ငြိမ်စွာ ဆွေးနွေးပေးရမည်ဖြစ်ပြီး၊ ကျန်သည့်အချိန်များတွင်လည်း မှူးမတ်အရာရှိများနှင့် အလေးအနက် ဆွေးနွေးငြင်းခုံရမည် ဖြစ်သောကြောင့်ပင်။
သူတို့ရှေ့တွင် နှာစေးပြီး တရှူးရှူးအသံပေးနေ၍ မဖြစ်ပေ။
“ဒီနေ့တော့ သက်တောင့်သက်သာဝတ်တာက ပိုကောင်းမယ် ထင်ပါတယ်။”
နယ်စားကတော် အယ်လီဇာ တော်ဝင်သမားတော်ကို သွားခေါ်ရန် ထွက်သွားတော့ အခြားရံရွေတော်တစ်ဦး ရောက်လာပြီး နွေးထွေး၍ ထူထဲသော ဂါဝန်ဝတ်ဆင်ရာတွင် ကူညီပေးခဲ့သည်။
အခြား လက်ဝတ်ရတနာများကို ဆင်မြန်းမနေတော့။
ထို့နောက် လော်ရာက စွပ်ပြုတ်တစ်ခွက် ယူလာပေးသဖြင့် ယင်းဖြင့်ပင် မနက်စာကို ဖြေရှင်းလိုက်သည်။
နာရီဝက်ခန့်ကြာတော့ နယ်စားကတော် အယ်လီဇာက တော်ဝင်သမားတော်ကို ခေါ်လာ၏။
တော်ဝင်သမားတော်က ခုတင်ပေါ်တွင် လဲလျောင်းနေသော ကျွန်မကို စမ်းသပ်ပေးပြီးနောက် သာမန်အအေးမိရုံ ဖြစ်သော်လည်း ရာသီဥတုက အတော်အေးသဖြင့် ပေါ့ပေါ့တန်တန် သဘောမထားရန် သတိပေးပြီး ဆေးညွှန်းပေးကာ ပြန်သွားခဲ့သည်။
အိပ်ဆေး အနည်းငယ်ပါပုံရသဖြင့် ဆေးသောက်ပြီးသည်နှင့် မျက်လုံးများ မှေးစင်းလာ၏။
ပြန်နိုးလာသောအခါ မွန်းတည့်ချိန် ရောက်နေပေပြီ။
ဆေးခွက်ကို ရံရွေတော်က သိမ်းသွားပုံရသဖြင့် မရှိတော့ဘဲ ပြတင်းပေါက်ကလည်း လုံခြုံစွာ ပိတ်ထားလျက်ရှိ၏။
အကျင့်ပါနေသဖြင့် ပိတ်ထားသော ပြတင်းပေါက်ကို ကြည့်နေမိရာမှ ကိုယ်တိုင်ပင်မသိလိုက်ဘဲ ပြန်ဖွင့်မိပြန်သည်။
ကျွန်မ အိပ်ပျော်နေစဉ် သို့မဟုတ် မရှိချိန်တွင် ကွီးန် ရောက်လာနိုင်သောကြောင့်ပင်……
ထိုစဉ် ရေဇလုံကြီးထဲတွင် တဘက်လေးထည့်ကာ ဝင်လာသော နယ်စားကတော် အယ်လီဇာက ထိုမြင်ကွင်းကို မြင်တော့ ချက်ချင်းပင် ပူညံပူညံလုပ်တော့သည်။
“အလို။ အပြင်မှာ လေက အေးနေတာကို ပြတင်းပေါက် ဖွင့်ထားလို့ မဖြစ်ပါဘူး၊ ဧကရီအရှင်မ။”
သူက ဇလုံကို ခုတင်ဘေးတွင် ချထားခဲ့ပြီး ချက်ချင်းပင် ပြတင်းပေါက်ကို ပိတ်လိုက်သည်။
ပြန်ဖွင့်ခိုင်းချင်သော်လည်း ကျွန်မကို စိုးရိမ်၍ လုပ်သည့်လုပ်ရပ်ကို ငြင်းဆန်ကာ စကားမများချင်ပေ။
‘ငါ အခန်းထဲမှာရှိပြီး နိုးနေတဲ့အချိန်ဆိုရင်တော့ ရမှာပါ။’
ကွီးန်လာလျှင်လည်း ချက်ချင်း တံခါးဖွင့်ပေးရုံသာ။
ကျွန်မ သူ့ကို မလုပ်ပါနဲ့ဟု မပြောဘဲ ဇလုံကိုသာ စိုက်ကြည့်နေလိုက်သည်။
ဇလုံထဲတွင် ရေနွေးများ ထည့်ထားပုံရသဖြင့် အခိုးအငွေ့များ ထွက်ပေါ်နေ၏။
သူက တဘက်ကို ရေနွေးထဲစိမ်ကာ အဝတ်ကိုညှစ်ပြီးနောက် ကျွန်မ၏ လက်နှင့် ခြေထောက်များကို နွေးသွားအောင် လုပ်ပေးခဲ့သည်။
“မြန်မြန်သက်သာအောင်နေရမှာပေါ့။”
“ဟုတ်ပါရဲ့။”
“အာ၊ ဒါနဲ့ တော်ဝင်သမားတော် သွားခေါ်တဲ့လမ်းမှာ ကြားခဲ့တာတော့ ဆာ ခိုရှာရ် မကြာခင် မြို့တော်ကို ရောက်တော့မယ်တဲ့ရှင့်။”
“အစ်ကိုကလား။”
ပထမဦးစွာ ဝမ်းသာစိတ်ဖြစ်မိပြီး ထို့နောက်တွင် စိုးရိမ်စိတ်ဝင်လာသည်။
အစ်ကိုက…… ကျွန်မအတွက် ကျိန်းသေပေါက် အစ်ကိုကောင်း တစ်ယောက်ဆိုသော်လည်း……
ဒေါသကြီးသည့် စရိုက်က နည်းနည်း၊ ဟင့်အင်း၊ တော်တော် ပြင်းထန်သည်။
အရင်စပြီး ရန်ရှာတတ်သူ မဟုတ်သော်လည်း တစ်ယောက်ယောက်က လာစလျှင် ဆတူတုံ့ပြန်တတ်သဖြင့် ကိုယ်ထိလက်ရောက်မှုများစွာတွင် ပါဝင်ပတ်သက်ခဲ့ဖူး၏။
ကျွန်မ ဧကရီဖြစ်လာတော့ အစ်ကို ပြဿနာတစ်ခုခု ရှာမိပြီး ကျွန်မဆီအထိပါ ကူးစက်လာမည်ကို စိုးရိမ်သည့် အဖေက အလောတကြီး နယ်စွန်နယ်ဖျားဒေသသို့ ပို့ပစ်ခဲ့ရသည့်အထိပင်။
ထိုသို့သော အစ်ကိုက ပြန်လာပြီး ရက်ရှ်တာကို၊ ရက်ရှ်တာ ကိုယ်ဝန်ရှိနေသည်ကို မြင်သွားလျှင် အသာနေနိုင်ပါ့မည်လား……
~~~~
Miel’s Translations