အပိုင်း ၉၉ (တကယ်ပဲ ကျွန်မကို မိဖုရားဖြစ်စေချင်တာလား)
သူ့စကားများက ရယ်လည်းရယ်ရသလို စိတ်ဝင်စားဖို့လည်း ကောင်းနေသည်။
ဆိုဗီရ်ရှု၊ ကျွန်မခင်ပွန်းက ကျွန်မကို စွန့်ပစ်ချင်လှသဖြင့် ကွာရှင်းရမည့်ရက်ကိုသာ စောင့်မျှော်နေကာ ကျွန်မကို အသည်းမာသလေး၊ ရက်စက်သလေးနှင့် အပြစ်တင်နေခဲ့သည်ကို။
သို့သော် တိုင်းတစ်ပါးမှ ဘုရင်တစ်ပါးကမူ သူ့ပြည်သူများက ကျွန်မကို ချစ်ကြမှာပါဟု ပြောကာ ချီးမွမ်းခန်းဖွင့်နေ၏။
ဒါက ဘယ်လို ထူးဆန်းတဲ့ အခြေအနေပါလိမ့်။
“ချီးမွမ်းပေးလို့ ကျေးဇူးတင်ပါတယ်။”
ကျွန်မ ခါးသက်သက် ခံစားချက်ကို ဖုံးကွယ်ရန် ပြုံးသာပြရင်း ကျေးဇူးတင်စကားဆိုလိုက်သည်။
ဟိုင်န်ရီက ထူးဆန်းနေသည်ကို ချက်ချင်း သတိထားမိသွားကာ မေးလာ၏။
“ကွီးန်။ မျက်နှာသိပ်မကောင်းဘူးပဲ။ တစ်ခုခု ဖြစ်လို့လား။”
“မဟုတ်ပါဘူး။”
“မဟုတ်တာတော့ မဟုတ်လောက်ဘူး ထင်တယ်နော်……”
“……”
“ကွီးန်။”
သူက အလေးအနက် ထပ်ခါတလဲလဲ မေးနေသော်လည်း ကျွန်မ ဘာမှပြန်မပြောခဲ့။
မည်သို့ပင် ဟိုင်န်ရီက မိတ်ဆွေကောင်းတစ်ယောက် ဖြစ်နေပါစေ၊ ကျွန်မ၏ အရှက်ရစရာ အခြေအနေများကို သူ့အား အကုန်မသိစေလိုပေ။
မကြာမီ ဆိုဗီရ်ရှုဆီမှ တစ်ဖက်သတ် ကွာရှင်းခံရတော့မည့်အကြောင်း ပြောပြရန်က ကိုယ့်သိက္ခာကိုယ် စော်ကားနေသလို ခံစားရသောကြောင့်ပင်။
ဤသည်က ကျွန်မအမှားမဟုတ်မှန်း သိနေသော်လည်း။
ဟိုင်န်ရီက ကျွန်မကို အကဲခတ်နေခဲ့သော်လည်း ကျွန်မဘက်မှ အဆုံးအထိ နှုတ်ဆိတ်နေသဖြင့် ဖြစ်ကြောင်းကုန်စင်ကို သိရရန် ဆက်ပြီး အတင်းအကျပ် မမေးမြန်းခဲ့ပေ။
ထိုအစား သူက ခေတ္တ တုံ့ဆိုင်းနေပြီးမှ အင်မတန် တည်ကြည်လေးနက်သည့် မျက်နှာထားနှင့် စောစောက ပြောလက်စ စကားကို ဆက်ပြောလာခဲ့သည်။
“စကားအဖြစ်ပဲ ချီးမွမ်းနေတာ မဟုတ်ပါဘူး။ စိတ်ရင်းနဲ့ပါ။”
“စိတ်ရင်း။”
“ကျွန်တော်က ကွီးန်လို ပုဂ္ဂိုလ်မျိုးမဟုတ်ရင် ဘယ်သူ့ကိုမှ မိဖုရားအဖြစ် မတင်မြှောက်ချင်ပါဘူး။”
“....”
“ဟင့်အင်း၊ ကွီးန်သာ ကျွန်တော့်မိဖုရား ဖြစ်လာရင် သိပ်ကောင်းမှာပဲ။ ကွီးန်က တစ်ယောက်တည်းရှိတာမို့လို့။”
သူ့အသံက ပြတ်သားလွန်းလှသည်။
ဘယ်သူကြားကြား ဤသည်က နောက်ပြောင်နေခြင်းမဟုတ်မှန်း သိနိုင်လောက်သည့်အထိပင်။
ကျွန်မ သူ့ကို စိုက်ကြည့်နေမိတော့ ဟိုင်န်ရီ၏ မျက်နှာက အနည်းငယ် နီမြန်းသွားသော်လည်း အကြည့်ကို ရှောင်မသွားဘဲ ကျွန်မကို ပြန်စိုက်ကြည့်နေခဲ့သည်။
သူ့အကြည့်ထဲတွင် နွေးထွေးသော အပူရှိန်တစ်ခုကို ခံစားနေရ၏။
ဟိုင်န်ရီက ကျွန်မလို မိဖုရားမျိုးကိုသာ လိုချင်သည်ဟူသော သဘောဖြင့် ချီးမွမ်းလိုက်ခြင်း ဖြစ်နိုင်သော်လည်း……ထိုကဲ့သို့ စူးရှသော အကြည့်များကြောင့်လားမသိ၊ ကျွန်မ နားထဲတွင် သူ့စကားက တစ်မျိုးကြီး ဖြစ်နေသည်။
ရှက်ကိုးရှက်ကန်း ဖြစ်လာသဖြင့် ဗိုက်ဆာနေသည့်ပုံစံမျိုးဖမ်းကာ အရှေ့၌ရှိနေသော စွပ်ပြုတ်ကို တစ်ဇွန်းခပ်သောက်လိုက်မိ၏။
သို့သော် ဟိုင်န်ရီ၏ အကြည့်များကို ဆက်၍ ခံစားနေရသဖြင့် ကျွန်မ တမင် နောက်ရွှတ်ရွှတ်လေသံနှင့် ရယ်လျက် ပြောလိုက်သည်။
“အဲ့ဒီလိုကနေ ကျွန်မက တကယ်ပဲ မိဖုရားအဖြစ် လက်ခံပေးပါလို့ ပြောလာရင် ဘယ်လိုလုပ်မလဲ။”
စွပ်ပြုတ်က ပူနေဆဲပင်။
ကျွန်မ စွပ်ပြုတ်ကို နောက်တစ်ဇွန်း ထပ်သောက်ပြီး ဟိုင်န်ရီကို ကြည့်လိုက်သည်။
ဟိုင်န်ရီက ကျွန်မ၏ ပြက်လုံးကို ရယ်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း မည်သည့်ရယ်သံမှ ထွက်မလာသဖြင့် ထူးဆန်းသွားရ၏။
“....”
ဟိုင်န်ရီကို ကြည့်လိုက်မိတော့ ကျွန်မ တစ်ဖန်ထပ်ပြီး အံ့အားသင့်သွားရသည်။
သူ့မျက်နှာက ဝင်းပသွားကာ နှုတ်ခမ်းအစုံကလည်း အပေါ်သို့ သိသိသာသာ ပင့်တက်သွားသောကြောင့်ပင်။
“အဲ့ဒီလိုဆိုရင်တော့ တကယ်ကို ကောင်းမှာပါ။”
“နောက်လိုက်တာပါ။”
“ကျွန်တော်ကတော့ အတည်ပြောတာပါ။ ကွီးန်သာ ကျွန်တော့်ဆီ လာမယ်ဆိုရင် ကျွန်တော်က အခုချက်ချင်းပဲ ကွီးန်ကို စောင့်ကြပ်ပြီးခေါ်ဆောင်သွားမှာမို့လို့။”
“……”
“ကျွန်တော့်အသက်နဲ့ ရင်းပြီးတော့တောင် ကျိန်ဆိုနိုင်ပါတယ်။”
ကျွန်မတို့ ကျိန်းသေပေါက် ဟိုင်န်ရီ၏ မိဖုရားအကြောင်းသာ ပြောနေခဲ့ကြသည်ကို။
သို့သော် ဘာကြောင့် စကားဝိုင်းက ဟိုင်န်ရီ၏ အသက်နှင့်ရင်းသော ကျိန်ဆိုမှုအထိ ရောက်သွားရမှန်း မသိတော့ပေ။
ကျွန်မ ပြန်ဖြေမည့်အစား အသံမထွက်ဘဲ အသာလေး ပြုံးနေလိုက်သည်။
အတည်ပြောနေခြင်းလား၊ သို့မဟုတ် ကျွန်မကို နှစ်သိမ့်ရန်အတွက် ပြောပေးသည့် ဝတ်ကျေတမ်းကျေ စကားလားဆိုသည်ကို မသိပေ။
သို့သော် ထိုမျှအထိ ပြောပေးလာခြင်းအပေါ် စိတ်ခုစရာအကြောင်းမရှိချေ။
‘ဆိုဗီရ်ရှုရဲ့ ကွာရှင်းမယ်ဆိုတဲ့ စကားကြောင့် နာကျင်နေတဲ့ နှလုံးသားပေါ်ကို ပျားရည်ဆမ်းလိုက်ရင် ကွက်တိဖြစ်လာမဲ့ ခံစားချက်မျိုးပဲ။’
ခါးသက်သော်လည်း ချိုမြိန်၏။
“အမြင်ကောင်းနဲ့ ကြည့်ပေးလို့ ကျေးဇူးတင်ပါတယ်၊ ဟိုင်န်ရီ။”
တကယ်ပါ။
“အရှိအတိုင်း မြင်ပေးရုံပါ။”
ခဏတော့ ကျွန်မတို့ စကားပြောခြင်းကိုရပ်ကာ အစားဆက်စားခဲ့ကြသည်။
ကျွန်မကမူ ဝမ်းနည်းသည့်စိတ်နှင့် ကျေးဇူးတင်စိတ်တို့ ရောပြွမ်းနေသဖြင့် ဘာမှမပြောချင်တော့ဘဲ၊ ဟိုင်န်ရီကလည်း ဘာမှ ထွေထွေထူးထူး ထပ်မပြောတော့သဖြင့် စားပွဲဝိုင်းက တိတ်ဆိတ်နေ၏။
အစားအသောက်များ အကုန် ကုန်ခါနီးမှ ဟိုင်န်ရီက မေးလာခဲ့သည်။
“ကွီးန်က ဘာကိစ္စနဲ့ ဒီကိုလာရတာလဲဗျ။ တရားဝင် ကြွချီတာမျိုးတော့ မဟုတ်တဲ့ပုံပဲ။”
“ကျွန်မ ထောက်ပံ့ပေးထားတဲ့ ကလေးတွေထဲမှာ မှော်အကယ်ဒမီကို ရောက်လာတဲ့ ကျောင်းသားတစ်ယောက်ရှိလို့ပါ။”
“အကယ်ဒမီကို တက်ခွင့်ရတာလား။ တော်လိုက်တာ။”
“တော်တဲ့ကလေးပေါ့။ သူ့ကို ကြည့်ဖို့ လာခဲ့တာပါ။”
“အာ။ အားပေးစကား ပြောမလို့ကိုး။”
“နှစ်သိမ့်ပေးဖို့ လာတာပါ။”
“တစ်ခုခု ဖြစ်လို့များလား……”
“အဲ့ဒီကလေးရဲ့ မှော်စွမ်းအင်တွေ လျော့ကျလာတယ်ဆိုပြီး သတင်းကြားလို့။”
“....”
မှော်ဆရာ လျော့နည်းလာသည့် ပြဿနာက ဖုံးကွယ်ထားရမည့်ကိစ္စ မဟုတ်ပေ။
အထူးသဖြင့် ကိုယ်တိုင်က မှော်ဆရာဖြစ်ပြီး အကယ်ဒမီကို စိတ်ကြိုက် ဝင်ထွက်သွားလာနေသည့် ဟိုင်န်ရီက ဤအခြေအနေကို ပိုပြီး သိနေမည်ပင်။
ထင်သည့်အတိုင်း ဟိုင်န်ရီက ဤအကြောင်းကို သိပြီးသားဖြစ်ပုံရကာ တစ်ချက် အံ့အားသင့်သွားသည့် ပုံစံကိုသာ ပြခဲ့သည်။
“စိတ်မကောင်းစရာပဲ။”
နှစ်ယောက်စလုံး စားသောက်ပြီးသွားသဖြင့် ကျွန်မတို့ ထိုင်ရာမှ ထလိုက်ကြသည်။
သို့သော် ဟိုင်န်ရီက အကယ်ဒမီသို့ သွားရာလမ်းတွင် စားသောက်ဆိုင်၌ရှိခဲ့စဉ်ကထက် ပို၍ တိတ်ဆိတ်သွား၏။
စစချင်း ကျွန်မ ‘မှော်စွမ်းအင် လျော့နည်းလာသည့်အကြောင်း’ ပြောစဉ်ကမူ ထိုမျှအထိ အံ့သြသွားသည့်ပုံမပေါ်ခဲ့သည်ကို။
သူကိုယ်တိုင်လည်း မှော်ဆရာဖြစ်နေ၍လားမသိ။
တစ်စုံတစ်ရာကို တွေးပူနေသလို တစ်လမ်းလုံး တည်ငြိမ်လေးနက်သည့် မျက်နှာထားနှင့် ဖြစ်နေခဲ့သည်။
ထို့ကြောင့် ကျွန်မလည်း ‘ဘယ်အထိ လိုက်လာဦးမှာလဲ’ ဟု မမေးဖြစ်တော့ဘဲ ဟိုင်န်ရီကလည်း သဘာဝကျကျပင် အကယ်ဒမီထဲအထိ လိုက်လာခဲ့၏။
အတိအကျ ပြောရလျှင် ဝင်ပေါက်နားတွင် လမ်းခွဲခဲ့ကြခြင်းဖြစ်သော်လည်း ကျောင်းအုပ်ကြီး အခန်းသို့ သွားလိုက်တော့ သူက အရင်ရောက်နှင့်နေသည်ကို တွေ့လိုက်ရသည်။
ကျွန်မ အံ့သြတကြီး ကြည့်နေတော့ ဟိုင်န်ရီက ညစ်ကျယ်ကျယ်အပြုံးနှင့် ကိုင်ထားသည့် ကော်ဖီခွက်ကို အောင်ပွဲခံသလို လေထဲသို့ မြှောက်ပြလာ၏။
“လိုက်လာတာလား။”
ကျွန်မ ရယ်လျက် မေးလိုက်တော့ ဟိုင်န်ရီကလည်း လိုက်ရယ်ပြီး ပြန်ငြင်းခဲ့သည်။
“ကွီးန်ကသာ ကျွန်တော့်နောက် လိုက်လာတာပေါ့။ ကျွန်တော်က အရင်ရောက်နေတာမဟုတ်ဘူးလား။”
သူ တကယ်ပဲ ကျွန်မနောက်လိုက်လာခြင်း ဟုတ်၊ မဟုတ်ကို မသိသော်လည်း တော်ဝင်မင်းသား ဟိုင်န်ရီက ကျောင်းအုပ်ကြီးဆီသို့ အလည်လာခြင်းသာဖြစ်၍ ကျွန်မကိစ္စကို အရင်ဆောင်ရွက်နိုင်ခဲ့သည်။
“ဒါက အယ်ဗာလီရဲ့ အမှတ်စာရင်းပါ။”
အယ်ဗာလီအကြောင်း မေးလိုက်တော့ ကျောင်းအုပ်ကြီးက အပတ်စဉ် မှတ်တမ်းတင်ထားသည့် ပညာရည်တိုးတက်မှု မှတ်တမ်းကို ပြလာ၏။
“တွေ့တဲ့အတိုင်း အစပိုင်းမှာတော့ တော်တော်လေး လိုက်နိုင်ခဲ့တာပါ။”
“ဟုတ်ပါရဲ့။”
“အထွေထွေဘာသာရပ်တို့၊ အခြေခံဗဟုသုတတို့မှာတော့ အလိုက်သင့်ဖြစ်ဖို့ နည်းနည်း ခက်ခဲခဲ့ပေမဲ့ မှော်စွမ်းအင်ကတော့ အင်မတန် ကောင်းမွန်တဲ့အဆင့်မှာ ရှိခဲ့တာဆိုတော့၊ မှော်ပညာနဲ့ပတ်သက်တဲ့ ဘာသာရပ်တွေ အားလုံးနီးပါးက ထိပ်တန်းအဆင့်မှာ ရှိခဲ့တာချည်းပါပဲ။”
ကလေး၏ အမှတ်စာရင်းတွင် ဘာသာရပ်အလိုက် ဂရပ်ဖ်လေးများက တက်လိုက်ကျလိုက် ဖြစ်နေသော်လည်း သူ့စကားအတိုင်း မှော်ပညာနှင့်ပတ်သက်သည့် သင်ခန်းစာများတွင်မူ အမှတ်များက ကောင်းနေသည်။
ကျောင်းအုပ်ကြီးက သက်ပြင်းတစ်ချက်ချကာ ဖိုင်ကို အမြန်လှန်ပြီး နောက်ဆုံးပိုင်းမှ အမှတ်စာရင်းကို ပြလာ၏။
“ဒါကတော့ မကြာခင်က ထွက်ထားတဲ့ အမှတ်စာရင်းပါ။”
ဘေးမှ လိုက်ကြည့်နေသည့် ဟိုင်န်ရီက စုတ်တစ်ချက်သပ်ခဲ့သည်။
အထွေထွေဘာသာရပ်နှင့် အခြေခံဗဟုသုတ အမှတ်များက အလယ်အလတ်အဆင့်အထိ တက်လာသော်လည်း မှော်ပညာနှင့်ပတ်သက်သည့် အမှတ်များကမူ ကြည့်မကောင်းလောက်အောင် ထိုးဆင်းသွား၏။
အဆင့်တစ်ခုကို ထိန်းထားနိုင်ခြင်းက စာတွေ့သင်ခန်းစာများသာ ရှိတော့သည်။
ကျောင်းအုပ်ကြီးက ကလေး၏ အမှတ်စာရင်းများ ထည့်ထားသည့် ဖိုင်ကို ပိတ်လိုက်ကာ စိတ်မကောင်းဖြစ်သည့်လေသံနှင့် ပြောလာ၏။
“ကြိုးစားပေမဲ့ မလိုက်နိုင်တော့ ကလေးခမျာ တော်တော်လေး ပင်ပန်းနေရပါတယ်။ ဧကရီ အရှင်မရဲ့ ထောက်ပံ့မှုကို ရနေတာတောင် ရလဒ်ကောင်းတွေ ထွက်မလာတဲ့အပေါ်မှာ ဖိအားတွေ အများကြီးခံစားနေရတဲ့ ပုံပါပဲ။”
“အလို။”
“လာရောက်ကြည့်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဧကရီ အရှင်မ။ မဟုတ်တောင် မနေ့က ကလေးလည်း တရားလွန် လေ့ကျင့်ရာကနေ သတိလစ်သွားလို့ပါ။”
“အဆင်ပြေရဲ့လား။”
ကျွန်မက အလန့်တကြား မေးလိုက်တော့ ကျောင်းအုပ်ကြီးက လေးလံသော မျက်နှာထားနှင့် ခေါင်းခါပြခဲ့သည်။
“အဲ့ဒီနောက်ပိုင်းမှာ မှော်စွမ်းအင်က…… လုံးဝ ပျောက်ကွယ်သွားပါတယ်။”
~~~~
ကလေးက ကျွန်မနှင့် တွေ့ရမည်ကို ဖိအားဖြစ်နေမည်လား။
မတွေ့ခင်ကတည်းက ကျွန်မ၏ ထောက်ပံ့မှုကို ရယူထားသဖြင့် ဖိအားခံစားနေရသည့် ကလေးပင်။
ယခုအချိန်တွင် တွေ့လိုက်ခြင်းက ကလေးအတွက် ပို၍ ဆိုးကျိုးဖြစ်စေမလားဟု အကြာကြီး စဉ်းစားနေခဲ့မိ၏။
သို့သော် နောက်ဆုံးတွင် ကလေးကိုတွေ့ရန် ဆုံးဖြတ်လိုက်သည်။
ဤသို့ ခက်ခဲသည့် အခြေအနေတွင် အားပေးမည့်သူတစ်ယောက်ယောက်တော့ လိုအပ်လိမ့်မည်ဟု ထင်မိသောကြောင့်ပင်။
ဟိုင်န်ရီက ကျွန်မနောက်သို့ လိုက်လာခဲ့သော်လည်း ကလေးနှင့် တွေ့သည်အထိတော့ လိုက်မလာပေ။
ကျွန်မတစ်ယောက်တည်းသာ ကလေးရှိနေသည့် အခန်းထဲသို့ ဝင်သွားခဲ့သည်။
ကျွန်မ လာမည့်အကြောင်း ကြိုသိထား၍ အခန်းထဲတွင် စိုးရိမ်တကြီးနှင့် ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည့် ကလေးက ကျွန်မ ဝင်လာသည်ကို မြင်သည်နှင့် ငိုချလေတော့၏။
“ဧကရီ အရှင်မ။”
ကလေးကို ပွေ့ဖက်ပြီး ချော့လိုက်တော့ တရှုံ့ရှုံ့ ငိုနေသည့် ကလေးက မကြာခင်မှာပင် ပို၍ ရှိုက်ကြီးတငင် ငိုတော့သည်။
အင်မတန်မှ ဝမ်းနည်းပက်လက်ဖြစ်နေသည့် ငိုသံကို ကြားလိုက်ရတော့ ကျွန်မလည်း ရင်ထဲတွင် တစ်မျိုးကြီးဖြစ်လာကာ မျက်ရည်ဝဲလာရ၏။
ကလေး အနည်းငယ် တည်ငြိမ်သွားသည့်အခါမှ ကျွန်မ ကလေးနှင့်အတူ ခုတင်ပေါ်တွင် ယှဉ်ထိုင်ကာ ပြောပြခဲ့သည်။
“မင်းရဲ့ စွမ်းရည်က အဖိုးတန်ပြီး ထူးခြားတဲ့စွမ်းရည်ဆိုပေမဲ့ အဲ့ဒီစွမ်းရည် ပျောက်သွားတယ်ဆိုရုံနဲ့ မင်းက တန်ဖိုးမရှိတော့တာ၊ ထူးခြားမှု မရှိတော့တာ မဟုတ်ဘူး။ ညာဘက်လမ်းကနေ သွားနေရင်းနဲ့ ဘယ်ဘက်လမ်းကို ဦးတည်ချက် ပြောင်းလိုက်တာမျိုးပဲပေါ့။”
“....”
“မှော်ဆရာ ဖြစ်ဖြစ်၊ မဖြစ်ဖြစ် မင်းက ငါ့ရဲ့ အဖိုးတန်တဲ့ အယ်ဗာလီဖြစ်သလို၊ ငါက မင်းကို ဆက်ပြီး ကူညီသွားမှာ။ အဲ့ဒါကြောင့် ခန္ဓာကိုယ် ပျက်စီးတဲ့အထိတော့ စိတ်မဆင်းရဲနဲ့။ ဟုတ်ပြီလား။”
ကလေးက ပခုံးများတုန်သည်အထိ ငိုနေရင်းမှ ပြောလာသည်။
“ကျွန်မက ဧကရီ အရှင်မအတွက် ရှင်သန်နိုင်ဖို့ မျှော်လင့်ခဲ့တာပါ။”
“အယ်ဗာလီ……”
“ဧကရီ အရှင်မအတွက် အသုံးဝင်တဲ့သူဖြစ်ဖို့က ကျွန်မဘဝရဲ့ တစ်ခုတည်းသော ရည်မှန်းချက်ပါ၊ ဧကရီ အရှင်မ။ ဒါပေမဲ့ ကျွန်မဆီမှာ မှော်စွမ်းအင်ကလွဲရင် ဘာမှမရှိလို့ မှော်ဆရာဖြစ်မှပဲ ဧကရီ အရှင်မအတွက် နည်းနည်းလောက်ဖြစ်ဖြစ် အသုံးဝင်တဲ့သူဖြစ်မှာပါ။ ဒါပေမဲ့ မှော်စွမ်းရည် ပျောက်သွားတာက…… ကျွန်မဆိုတဲ့ လူသားရဲ့ တန်ဖိုး ပျောက်သွားတာနဲ့ အတူတူပဲမဟုတ်ပါဘူးလား။”
အတတ်နိုင်ဆုံး နှစ်သိမ့်ကြည့်သော်လည်း အယ်ဗာလီကမူ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သည့်စိတ်မှ အလွယ်တကူ ရုန်းမထွက်နိုင်ခဲ့ပေ။
ကလေး ငိုရင်းနှင့် မောပြီးအိပ်ပျော်သွားသည်အထိ ချော့မော့နှစ်သိမ့်ပေးပြီးမှ ထွက်လာတော့ ဟိုင်န်ရီက တံခါးဘေးမှ နံရံကိုမှီပြီး မျက်လုံးမှိတ်ထားသည်ကို တွေ့လိုက်ရသည်။
ပထမတော့ သူလည်း စောင့်နေရင်း အိပ်ပျော်သွားခြင်းဖြစ်မည်ဟု ထင်ခဲ့သော်လည်း ထိုသို့မဟုတ်ပေ။
ကျွန်မ ထွက်လာသည်နှင့် ဟိုင်န်ရီက မျက်လုံးများကို ချက်ချင်း ဖွင့်လိုက်ကာ ခရမ်းရောင် မျက်ဝန်းများဖြင့် ကျွန်မကို ကြည့်လာသည်။
ထိုအကြည့်က…… အတော်လေး စိတ်ရှုပ်ထွေးနေသည့်ပုံပင်။
‘ဟိုင်န်ရီကလည်း မှော်ဆရာဆိုတော့ အယ်ဗာလီရဲ့ကိစ္စကို စိုးရိမ်နေတာများလား။’
~~~~
အကယ်ဒမီ၌ လုပ်စရာရှိသည့်ကိစ္စများ အကုန်ပြီးသွားသော်လည်း ကျွန်မ ဟိုင်န်ရီနှင့်အတူ အကယ်ဒမီကို တစ်ပတ်လောက် ပတ်ပြီးမှ ပြန်ရန် ဆုံးဖြတ်လိုက်သည်။
အကြာကြီးနေမှ ပြန်ဆုံခြင်းဖြစ်သလို နောက်ထပ် နှစ်အတော်ကြာသည်အထိ ထပ်မတွေ့ရတော့မည်လည်းဖြစ်သဖြင့် ဟိုင်န်ရီနှင့် စကားများ ထပ်ပြောချင်သောကြောင့်ပင်။
အကယ်ဒမီ အပြင်ဘက်တွင်မူ ကိုယ်ရံတော်စစ်သည်များ စောင့်ကြပ်နေကြသည်။
စစ်သည်များအနက် ကျွန်မအပေါ် သစ္စာစောင့်သိသူများ ပါနေသဖြင့် ဝီလ်ဝေါလ်တွင် မြင်ခဲ့ကြားခဲ့ရသည်များကို လူတို့ထံ အလွယ်တကူ ဖြန့်မည်တော့မဟုတ်။
သို့သော်လည်း တတ်နိုင်သလောက် အခြားယောက်ျားတစ်ယောက်နှင့် အကြာကြီး အတူရှိနေသည့် ပုံစံမျိုးကိုမူ မပြချင်ပေ။
ဘယ်လိုပဲဖြစ်ဖြစ် ကွာရှင်းရတော့မှာကို၊ ဘာအရေးလဲ……ဟူသည့် စိတ်က တစ်ဖက်တွင်ရှိနေသော်လည်း။
“ဒါကို ဝတ်ပြီး သွားရင် ရပါတယ်။”
ကျောင်းအုပ်ကြီးက ကျောင်းသားများဝတ်သည့် ဝတ်ရုံအကြီးကြီးကို ငှားပေးခဲ့သဖြင့် ကျွန်မနှင့် ဟိုင်န်ရီက ပုံစံတူ ဝတ်ရုံကြီးများကို ရုံကာ ကျောင်းဝင်းထဲတွင် ယှဉ်တွဲလမ်းလျှောက်ခဲ့ကြသည်။
ကျောင်းသားများ ဝတ်သည့် ဝတ်ရုံနှင့် ပုံစံတူသည့်အပြင် ခေါင်းဆောင်းကိုပါ ငိုက်ငိုက်ဆောင်းထားသဖြင့် မည်သူကမျှ ကျွန်မတို့ကို သတိမထားမိကြပေ။
ဟိုင်န်ရီက စောစောက အယ်ဗာလီနဲ့ တွေ့ခဲ့သည့်ကိစ္စကို မေးလာရာ ကျွန်မလည်း အမှန်အတိုင်းသာ ပြန်ဖြေပေးလိုက်သည်။
“မလာတာထက်စာရင်တော့ ကောင်းပေမဲ့။ ကျွန်မက အယ်ဗာလီအတွက် နှစ်သိမ့်မှု ကြီးကြီးမားမား မဖြစ်ခဲ့ဘူးထင်ပါရဲ့။”
“အဲ့ဒီလိုဖြစ်စရာအကြောင်းမရှိပါဘူး။”
“အဲ့ဒီကလေးအတွက် မှော်ပညာဆိုတာက သာမန်စွမ်းရည်တစ်ခုသက်သက် မဟုတ်တာမို့လို့လေ။”
ဟိုင်န်ရီက လေးလံသည့်အသံနှင့် ပြောလာသည်။
“ချောင်းနားထောင်ဖို့ ရည်ရွယ်တာ မဟုတ်ပေမဲ့…… အဲ့ဒီအပိုင်းကိုတော့ ကျွန်တော်လည်း ကြားလိုက်မိပါတယ်။”
ကျွန်မက တစ်ချက် ဘာမှမပြောဘဲနေပြီးမှ တီးတိုးရေရွတ်လိုက်မိသည်။
“အဲ့ဒီကလေး ဘယ်လိုခံစားနေရမယ်မှန်း၊ နားလည်ပါရဲ့။”
ဟိုင်န်ရီက ကျွန်မ စကားကြောင့် ရယ်ပြီး ပြန်မေးလာသည်။
“ကွီးန်ကလား။”
ကျွန်မ ပြောသည့်စကားကို လုံးဝ သဘောမတူသည့် ပုံစံမျိုးနှင့် ရယ်လိုက်ခြင်းပင်။
နောင်တွင် ကျွန်မ ကွာရှင်းခံရတော့မည်ဖြစ်ကြောင်း မသိသည့် သူ့အတွက်မူ ကျိန်းသေပေါက် ကျွန်မ စကားက ထူးဆန်းနေပေလိမ့်မည်။
ကျွန်မ အတင်းဖျစ်ညှစ်ကာ ပြုံးလိုက်မိ၏။
ဟုတ်တယ်။
အသေးစိတ်အချက်များ ကွဲပြားနိုင်သော်လည်း ကျွန်မက အယ်ဗာလီနှင့် အခြေအနေ အတူတူပင်။
ဆိုဗီရ်ရှုက ကွာရှင်းရန် ဆုံးဖြတ်ထားသောကြောင့် ကျွန်မက ငြိမ်ခံရရုံအပြင် မရှိပေ။
ကွာရှင်းရန် ငြင်းဆန်ပြီး တရားရင်ဆိုင်၍ရနိုင်သော်လည်း ယင်းက အချိန်ဆွဲရုံသာရှိပေမည်။
ကွာရှင်းမှုကို ရှောင်လွှဲ၍မရနိုင်သလို ကျွန်မကလည်း ဧကရီနေရာမှ နှင်ထုတ်ခံရမည်သာ။
တစ်ဖန် ရှည်လျားသော ကွာရှင်းမှုဖြစ်စဉ်အတွင်း ကျွန်မ၏ ဂုဏ်သတင်းကလည်း ထိုးဆင်းသွားပေလိမ့်မည်။
လူတို့က အစပိုင်းတွင် ဆိုဗီရ်ရှုကို အပြစ်တင်ကြမည်ဖြစ်သော်လည်း ကွာရှင်းမှု ဖြစ်စဉ် ကြာလာ၍ စိတ်ကုန်လာချိန်တွင် မာနမရှိဘဲ တွယ်ကပ်နေသည်ဟူ၍ ကျွန်မကို အပြစ်တင်လာကြမည်သာ။
“အဲ့ဒီကလေးက မှော်ဆရာ မဟုတ်တော့ဘူးဆိုရင် သူ့ရဲ့ အသုံးဝင်မှုက ပျောက်သွားပြီလို့ ထင်နေတာ။”
“အလို……”
“အဲ့ဒီကလေးက မှော်စွမ်းရည်မှာ သူ့ရဲ့ တန်ဖိုးနဲ့ အသုံးဝင်မှုရှိတယ်ဆိုပြီး ထင်နေတာလေ။ ……ကျွန်မလည်း အတူတူပါပဲ။”
ဟိုင်န်ရီက ချောင်းတစ်ချက် ဟန့်ခဲ့သည်။
“ဗျာ။”
ကျွန်မက အယ်ဗာလီ၏ စကားကို ထောက်ခံနေသည်ဟု အထင်လွဲသွားသည့်ပုံပင်။
ဤကြားထဲ၌ပင် ထိုပုံစံက ရယ်ချင်စရာကောင်းနေသဖြင့် ကျွန်မ တစ်ချက် ရယ်နေပြီးမှ စကားဆက်ခဲ့သည်။
“အယ်ဗာလီရဲ့ မှော်ပညာက ကျွန်မအတွက်တော့ ဧကရီဆိုတဲ့ နေရာပဲ။ ကျွန်မက ဧကရီဖြစ်နေတဲ့ အချိန်မှာပဲ ကျွန်မရဲ့ တန်ဖိုးနဲ့ အသုံးဝင်မှု ရှိတယ်ဆိုပြီး ထင်နေမိလို့ပါ။”
“...”
“အဲ့ဒီအရာ ပျောက်ကွယ်သွားတယ်ဆိုတာက…… ဘယ်လိုပဲဖြစ်ဖြစ် မျှော်လင့်ချက် ကုန်ဆုံးသွားတဲ့ ခံစားချက်မျိုးဖြစ်မှာပေါ့။ သိက္ခာကျစရာ ကောင်းပြီး။ ရှေ့ဆက်ဖို့ လမ်းမရှိတော့သလိုမျိုး။ အနာဂတ် ပျောက်ဆုံးသွားသလိုမျိုးလည်းဖြစ်မှာပဲ။”
“ကွီးန်။”
“……”
ဟုတ်တယ်။
ဆိုဗီရ်ရှု ရက်ရှ်တာကို ခေါ်လာပြီး သူ့အတွက်နှင့် ကျွန်မကို လျစ်လျူရှုသည့်အခါတွင်။
နာကျင်ပြီး ဝမ်းနည်းခဲ့ရသော်လည်း၊ အခြားသူများက ကျွန်မကို သနားခဲ့ကြသော်လည်း ကျွန်မ အဆင်ပြေခဲ့သေးသည်။
ဧကရီက ကျွန်မပဲဖြစ်၍ သည်းခံနိုင်ခဲ့ခြင်းပင်။
ကျွန်မ တစ်သက်လုံး သင်ယူလာခဲ့သည့်အရာ။
ကျွန်မ ထောက်တိုင်အဖြစ် ထိန်းထားခဲ့သည့် အရာ။
ထိုအရာက ဧကရီတစ်ပါးအနေနှင့် ရှင်သန်သည့် နည်းလမ်းဖြစ်ပြီး ဆိုဗီရ်ရှု၏ ဇနီးအဖြစ် ရှင်သန်သည့်နည်းလမ်း မဟုတ်ခဲ့သောကြောင့်ပင်။
သို့သော် ယခု ထိုအရာအားလုံး ပျောက်ကွယ်သွားရပေတော့မည်။
ကျွန်မ ‘ဧကရီ မဟုတ်တဲ့ နာဗီရယ်’ ဆိုတာ ဘာလဲ၊ ‘ဧကရီ မဟုတ်တဲ့ နာဗီရယ်’ က ဘယ်လို ရှင်သန်နေထိုင်ရမလဲဟူသည်ကို ခန့်မှန်းကြည့်၍ပင် မရသေး။
အားလုံးက ကျွန်မကို အနေခက်စွာ ဆက်ဆံကြမည်ဖြစ်သလို၊ ယခုမှ သာမန် မှူးမတ်အနွယ်တော် အမျိုးသမီးတစ်ယောက်အဖြစ်သို့ ပြန်သွားရန်မှာလည်း မဖြစ်နိုင်တော့။
အစ်ကိုက ပြည်နှင်ဒဏ်အပေးခံရပြီး ကျွန်မကလည်း ဧကရီ အရိုက်အရာမှ ဖယ်ထုတ်ခံရလျှင် အိမ်တော်နှင့် မိဘများက လူရယ်စရာများ ဖြစ်သွားကြပေတော့မည်။
ဟိုင်န်ရီက တစ်ချက်ကြောင်အမ်းသွားပြီးမှ အိုးတိုးအမ်းတမ်းနှင့် ရယ်လျက်ပြောလာသည်။
“ကွီးန်က ရာဇပလ္လင် အလုခံရစရာ အကြောင်းမှမရှိတာ၊ အဲ့ဒီခံစားချက်ကို ဘယ်လိုလုပ် သိမှာလဲ။”
“……”
ကျွန်မ ဘာမှပြန်မဖြေတော့ သူ့မျက်နှာက မှောင်ကျသွားသည်။
“တစ်ခုခုများ ဖြစ်နေလို့လား။”
ကျွန်မ ဤတစ်ကြိမ်တွင်လည်း ဘာမှပြန်မဖြေခဲ့။
ဟိုင်န်ရီက လမ်းလျှောက်ခြင်းကိုရပ်ကာ ကျွန်မဘက်သို့ လှည့်လာသည်။
“ကွီးန်။ ဘာဖြစ်လို့လဲ။”
ကျွန်မ ဘာမှမပြောဘဲ အကြောင်သားရပ်နေရင်း သူ့ကို မော့ကြည့်နေမိ၏။
အယ်ဗာလီကို နှစ်သိမ့်ပေးရန် လာခဲ့ခြင်းဖြစ်သော်လည်း။
အယ်ဗာလီနှင့် စကားပြောပြီးသည့်နောက်တွင် ကျွန်မ၏ တုန်လှုပ်မှုက ပို၍ကြီးမားလာခဲ့ရသည်။
ထို့အပြင် စိတ်ထဲ၌သာ တွေးနေခဲ့သည့်အရာများကို နှုတ်မှ ထုတ်ပြောလိုက်ပြီးသည့်နောက် အမြဲတမ်း ဝေဝေဝါးဝါး ဖြစ်နေခဲ့သည့် ကြောက်ရွံ့မှုများက လက်တွေ့ ဖြစ်လာကာ ကျွန်မ၏လည်ပင်းကို ညှစ်ထားသလို ခံစားလိုက်ရ၏။
“ကွီးန်။”
ငါ ဘာလုပ်ရမလဲ။
ငါက ဘာဖြစ်သွားမှာလဲ။
ဧကရီ မဟုတ်တဲ့ ငါက……ငါက တကယ်ပဲ ဘယ်လို ရှင်သန်နေထိုင်သွားရမှာလဲ။
သာမန်အားဖြင့် အခြားသူများ၏ အကြည့်များက အနေရခက်လာမည်ဟူသော ပြဿနာတင်မကဘဲ၊ တကယ် အရှေ့သို့မမြင်ရဘဲ လမ်းပျောက်နေသလိုပင်။
ထိုကြောက်ရွံ့မှုကြောင့်လားမသိ။
ရုတ်တရက် ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်လာတော့သည်။
“ကွီးန်။ ကွီးန်။”
ဟိုင်န်ရီက အလန့်တကြား မျက်လုံးများနှင့် ကျွန်မကိုကြည့်ရင်း အလောတကြီး ခေါ်နေ၏။
“ကွီးန်၊ ဘာဖြစ်တာလဲ။ ကွီးန်။”
အဆင်ပြေပါတယ်ဟု ပြောရန်ကြိုးစားလိုက်သော်လည်း နှုတ်ခမ်းများ တုန်ယင်နေကာ အသံကထွက်မလာခဲ့ပေ။
ကျွန်မ အလွယ်တကူ တည်ငြိမ်မသွားသဖြင့် သူက ကျွန်မနာမည်ကို ခေါ်ရင်း သူ၏လက်ဖဝါး နှစ်ဖက်နှင့် ကျွန်မ၏မျက်နှာကို ထွေးဆုပ်ခဲ့သည်။
“နာဗီရယ်။”
ဟိုင်န်ရီ၏ လက်ဖဝါးအကြီးကြီးများ မျက်နှာပေါ်သို့ ထိလာသည်နှင့် အနွေးဓာတ်များ ပျံ့နှံ့သွားကာ ကြောက်စရာကောင်းအောင် လှုပ်ခတ်နေသည့် စိတ်က နည်းနည်းလောက်ဖြစ်ဖြစ် ငြိမ်ကျသွား၏။
ဟိုင်န်ရီ၏ မျက်ဝန်းများ တုန်လှုပ်နေသည်ကို မြင်လိုက်ရသည်။
အံ့သြစရာကောင်းလောက်အောင် သူက ယခု အင်မတန် ကြောက်လန့်နေ၏။
သူ ကြောက်လန့်နေသည်ကို မြင်လိုက်ရတော့ ထူးဆန်းစွာပင် ကျွန်မက တဖြည်းဖြည်း တည်ငြိမ်လာသည်။
ထို့နောက်……
“တကယ်ပဲ ကျွန်မကို မိဖုရားဖြစ်စေချင်တာလား။”
စိတ်လိုက်မာန်ပါ မေးခွန်းတစ်ခု ထွက်သွားခဲ့သည်။
ဟိုင်န်ရီ၏ ခရမ်းရောင်မျက်ဝန်းများထဲမှ အနက်ရောင် သူငယ်အိမ်လေးများ ကျယ်သွားတော့၏။
သူ၏နှုတ်ခမ်းများကလည်း ခပ်ဟဟ ဖြစ်သွားခဲ့သည်။
ငါ အခု ရူးကြောင်ကြောင်စကားတွေ ပြောနေတာပဲ။
စိတ်ထဲမှ ဝန်ခံနေသော်လည်း ဟိုင်န်ရီ၏အဖြေကို စောင့်နေမိ၏။
ယခုမှစပြီး ကျွန်မ ကမ်းလှမ်းမည့်ကိစ္စက သာမန်မဟုတ်မှန်း သိသော်လည်း ဤကဲ့သို့ ရူးမိုက်သော ကမ်းလှမ်းချက်မျိုးကို ဟိုင်န်ရီ ဖြစ်နေ၍သာ ပြောထွက်ခြင်းပင်။
ဟိုင်န်ရီက……
“ဖြစ်စေချင်ပါတယ်။ ဖြစ်စေချင်နေတာပါ။”
ဟိုင်န်ရီက တုန်ယင်နေသည့် အသံနှင့် ပြန်ဖြေခဲ့သည်။
မေးစေ့က တုန်နေသလို သူ၏ နူးညံ့သော ရွှေရောင် မျက်တောင်လေးများကအစ တုန်ယင်နေ၏။
မျက်တောင်အောက်မှ ခရမ်းရောင်မျက်ဝန်းများက ဘယ်တုန်းကနှင့်မှမတူအောင် ပို၍ ထိလွယ်ရှလွယ်နုနယ်နေသလိုပင်။
ဟိုင်န်ရီက သူ၏ လက်နှစ်ဖက်နှင့် ကျွန်မ၏ပါးကို ထွေးဆုပ်ထားဆဲဖြစ်သည်။
ကျွန်မလည်း ပါးပေါ်တွင် တင်ထားသည့် သူ၏လက်ပေါ်သို့ ကျွန်မ၏ လက်ကို ထပ်တင်ကာ ကမ်းလှမ်းလိုက်တော့၏။
“ရှင့်ရဲ့မိဖုရား ဖြစ်လာပေးပါ့မယ်။”
“....”
~~~~
Miel’s Translations