အပိုင်း ၁၁၂ (မကွာရှင်းမီည)
ကျွန်မ ဟိုင်န်ရီ၏လက်ကို ဆုပ်ကိုင်ထားရင်း ခေါင်းညိတ်ပြလိုက်သည်။
ကျွန်မ တွေးနေခဲ့သည့်အရာများကို သူက ထပ်တူထပ်မျှ ထုတ်ဖော်ပြောဆိုပေးခဲ့သည့်အတွက် ကျေးဇူးတင်မိရ၏။
ဟိုင်န်ရီက ဝမ်းသာအားရ ပြုံးပြီးနောက် ဖြည်းဖြည်းချင်း ကိုယ်ကို မတ်လိုက်သည်။
သဘာဝကျစွာပင် ဆုပ်ကိုင်ထားသောလက်ချင်း ခွာသွားရပြီး ကျွန်မလည်း တစ်မျိုးကြီး နေရခက်သွားသဖြင့် ကိုယ့်လက်ချောင်းများကိုသာ အချင်းချင်း ပြန်လည်ယှက်သွယ်ထားမိတော့၏။
အချိန်အတော်ကြာမှ ပြန်လည်ဆုံတွေ့ရခြင်းကို ဝမ်းမြောက်မိပြီး အရေးကြီးသော စကားများကိုပါ အပြန်အလှန် ဖလှယ်ပြီးသွားသည့်အခါမှ စောစောက သူနှင့် တရင်းတနှီးပွေ့ဖက်ခဲ့မိသည်ကို အမှတ်ရလာကာ အလိုလို ရှက်သွေးဖြာမိရပြန်သည်။
သို့သော် ကျွန်မနှင့်မတူဘဲ ဟိုင်န်ရီကမူ တည်ငြိမ်အေးဆေးသော အမူအရာဖြင့် မေးလာ၏။
“ကော်ဖီ ဖျော်ပေးရမလားခင်ဗျ။”
“ကျေးဇူးပါပဲ။”
ကျွန်မလည်း မျက်နှာထားကို ပြန်ထိန်းလိုက်ပြီး ဆိုဖာပေါ်တွင် သွားထိုင်လိုက်၏။
တစ်ဂျိန်းဂျိန်းနှင့် အသံကြားရသဖြင့် ဘေးသို့ လှည့်ကြည့်လိုက်မိရာ သူက ကျင်လည်စွာပင် ရေနွေးအိုးဖြင့် ရေနွေးတည်နေသည်ကို တွေ့လိုက်ရသည်။
ဘေးနားတွင် လူနှစ်ယောက်စာ အချိုးအဆအတိုင်း ကြိုတင်ခွဲထုတ်ထားပုံထောက်လျှင် ကော်ဖီမှုန့်များကို ကြိုတင်ပြင်ဆင်ထားခဲ့ပုံပင်။
ထိုအရာများကို မြို့စားမင်း အယ်ရ်ဂီက ပြင်ဆင်ပေးထားခဲ့ခြင်းများလား။
‘အာ။’
“မြို့စားမင်း အယ်ရ်ဂီက ဘယ်သွားလို့လဲ။”
ဘာလို့ မတွေ့ရတာပါလိမ့်။
“ကျွန်တော် လွှတ်လိုက်တာပါ။ တစ်ခုခု ပြောစရာများရှိလို့လား။”
“လွှတ်လိုက်တယ် ဟုတ်လား။”
“အမ်…… လူသုံးယောက် အတူတူ ရှိမနေချင်လို့ပါ။”
“....”
“ကြိုတင်ပြီး ဝန်ခံရမယ်ဆိုရင် ကျွန်တော်က သဝန်တိုမှုရဲ့ပြယုဂ်လို့ ပြောလို့ရမယ်ထင်ပါတယ်။”
……ဘာရဲ့ ပြယုဂ်။
မတင်မကျ ခံစားချက်ကြောင့် သူ့ကို လှမ်းကြည့်လိုက်မိရာ ဟိုင်န်ရီက လက်ကို အလုပ်ပေးနေရင်းကပင် ရှက်ကိုးရှက်ကန်းနှင့် ပြုံးနေ၏။
“အဲ့ဒီကောင်က တကယ့် လူရှုပ်လူပွေမို့လို့ပါ။ ကွီးန်ရဲ့ ဘေးနားမှာ မထားချင်ပါဘူး။”
သို့သော် ရှက်ရွံ့နေသော မျက်နှာထားနှင့် ပြောလာသည့် စကားလုံးများကမူ အတော်လေး ကြမ်းတမ်းလှသည်။
ယခင်ကတည်းက သိချင်နေခဲ့သော မေးခွန်းတစ်ခု တစ်ဖန် ပြန်လည်ပေါ်ပေါက်လာရပြန်၏။
မြို့စားမင်း အယ်ရ်ဂီနှင့် ဟိုင်န်ရီ။
သူတို့နှစ်ယောက်က သူငယ်ချင်းများဖြစ်ကြပါလျက်နှင့် ဘာကြောင့် တစ်ယောက်၏ကွယ်ရာတွင် အမြဲတမ်း အချင်းချင်း အပြစ်တင် အပုပ်ချနေကြသနည်း။
သို့သော် ဤအချက်ကို မေးမြန်းလိုက်သည့်အခိုက်အတန့်၌ ဟိုင်န်ရီ့နောက်ကွယ်တွင် မြို့စားမင်း အယ်ရ်ဂီကလည်း သူ့အကြောင်းကို မကောင်းပြောလေ့ရှိသည်ဟူသောအချက်ကို သတင်းပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။
ကြားထဲမှ ကျွန်မက ရန်တိုက်ပေးသလို ဖြစ်သွားနိုင်သဖြင့် ယခုတစ်ကြိမ်တွင်လည်း စူးစမ်းချင်စိတ်ကိုသာ ဖိနှိပ်ချုပ်တည်းထားလိုက်ရတော့သည်။
ထိုအတောအတွင်း ရေနွေးဆူသွားပြီဖြစ်၍ ဟိုင်န်ရီက ရေနွေးအိုးကို ကိုင်ကာ ကော်ဖီခွက်ထဲသို့ ငဲ့စောင်းထည့်နေ၏။
ထို့နောက် အကြည့်ကို ခံစားမိသွားပုံရကာ ကျွန်မဘက်သို့ လှည့်ကြည့်ရင်း ပြုံးပြလာသည်။
ထိုအပြုံးက ပန်းချီဆရာများသာမြင်လျှင် သောင်းသောင်းဖျဖျ ချီးကျူးအံ့ဩရလောက်အောင် လှပလွန်းပြီး ကော်ဖီရနံ့ထက်ပင် ပို၍နူးညံ့သိမ်မွေ့နေ၏။
သူသာ ရေနွေးအိုးနှုတ်သီးကို ဘေးသို့ အနည်းငယ်ပိုစောင်းပြီး ရေမလျှံအောင် ငှဲ့နေခဲ့မည်ဆိုလျှင် ပန်းချီကားတစ်ချပ်ထက်ပင် ပို၍ ကြည့်ကောင်းနေဦးမည် ဖြစ်သော်လည်း။
ဟိုင်န်ရီတစ်ယောက် ကျွန်မကိုကြည့်ကာ တပြုံးပြုံးလုပ်နေရင်း အချိန်နှောင်းမှသာ ကိုယ့်အမှားကိုယ် သတိပြုမိသွားပုံရပြီး နားရွက်များ ရဲခနဲဖြစ်သွားကာ ကော်ဖီခွက်ဘေးပတ်ပတ်လည်ကို လက်သုတ်ပဝါဖြင့် အလျင်အမြန် သုတ်လေတော့သည်။
ကျွန်မလည်း ရယ်ချင်စိတ်ကို အောင့်ထားရန် မေးစေ့ကို တင်းထားလိုက်ရ၏။
တော်သေး၍ သူ ကော်ဖီခွက်ကို တစ်ဖက်တစ်ချက်စီကိုင်ပြီး အနားသို့ ချဉ်းကပ်လာချိန်တွင်မူ ပုံမှန်အတိုင်း မျက်နှာထားကို ပြန်လည်ပြင်ဆင်နိုင်ခဲ့သည်။
“ကျွန်တော်က ပုံမှန်ဆို အခုလို အမှားမျိုးတွေ သိပ်မလုပ်တတ်ပါဘူး……”
“လူတိုင်းလည်း အမှားနဲ့ မကင်းနိုင်ဘူးမဟုတ်လား။ လူသားဆန်တဲ့ အငွေ့အသက်ကို ခံစားလိုက်ရတာမို့လို့ ဘာမှမဖြစ်ပါဘူး။”
“ကြည့်ကောင်းအောင် ပြချင်ခဲ့တာကို။”
“လုံလုံလောက်လောက်ကို ရယ်ရ၊ အဲလေ၊ ကြည့်ကောင်းပါတယ်။”
“အဲ့ဒီလို အိန္ဒြေရှိရှိ ပြုံးပြီး ပြောလိုက်တော့ ကျွန်တော် ပိုပြီးတော့တောင် အနေခက်ရပါတယ်၊ ကွီးန်။”
ဟိုင်န်ရီက တိုးတိုးလေး မကျေမနပ် ညည်းတွားရင်း မျက်နှာချင်းဆိုင် ဆိုဖာတွင် ဝင်ထိုင်နေစဉ်တစ်လျှောက်လုံး ကျွန်မ ရယ်ချင်စိတ်ကို အောင့်ထားနိုင်ရန် မေးစေ့ကို တစ်ဖန် ပြန်တင်းထားရပြန်သည်။
ပြီးပြည့်စုံပုံရသော်လည်း တစ်ခါတစ်ရံ တွေ့ရတတ်သည့် ထိုကဲ့သို့သော ဟာကွက်လေးများကြောင့် ဖြစ်ပေလိမ့်မည်။
သူက တိုင်းပြည်တစ်ပြည်၏ ဘုရင်မှန်း သိနေပါလျက်နှင့် ယခင် မင်းသားဘဝတုန်းကလိုသာ သူ့ကို ဆက်ဆံမိသွားတတ်သည်။
ရယ်ချင်စိတ်ကို အောင့်ထားနိုင်ရန် ကျွန်မလည်း တမင်ပင် ကော်ဖီကို ခပ်မြန်မြန် သောက်လိုက်မိ၏။
သို့သော် အချိန်အတော်ကြာအောင် ရယ်ချင်စိတ်ကို အောင့်ထားရခြင်းကြောင့် ယခုတစ်ကြိမ်တွင်မူ အနေအထားက တစ်မျိုးကြီး နေရခက်စရာ ပြောင်းလဲသွားရပြန်သည်။
ဟိုင်န်ရီကလည်း ကော်ဖီကိုသာ သောက်နေသလို ကျွန်မကိုယ်တိုင်လည်း ကော်ဖီကိုသာ သောက်နေမိ၏။
ပန်းပွင့်ဖတ်လေးများ ကြွေကျလာလျှင်ပင် အသံကြားရလောက်သည်အထိ တိတ်ဆိတ်လွန်းနေသည်။
ထိုသို့ တိတ်ဆိတ်နေသည့်တိုင် ဟိုင်န်ရီကမူ မျက်လုံးချင်း ဆုံမိသည့်အခါတိုင်း ကျွန်မကိုကြည့်ကာ ပြုံးပြခဲ့၏။
ထိုအမူအရာကြောင့် ကျွန်မလည်း တဖြည်းဖြည်းနှင့် အနေခက်ခြင်းများ လျော့ပါးသွားခဲ့ရသော်လည်း၊ ရုတ်တရက် သူ့နှင့် ဇနီးမောင်နှံဖြစ်ရတော့မည်ဟူသော အတွေးက တစ်ဖန် ထပ်ဆင့်ပေါ်ပေါက်လာပြန်သဖြင့် လမ်းခုလတ်မှာတင် ရှက်ရွံ့စိတ်က ပြန်လည်ကြီးစိုးလာပြန်သည်။
ဆိုဗီရ်ရှုနှင့်တုန်းကမူ ငယ်စဉ်ကတည်းကပင် ဇနီးမောင်နှံဖြစ်ကြရမည်ဟု တွေးထားခဲ့ကြသဖြင့် ရှက်ရွံ့နေရန် သို့မဟုတ် စိတ်လှုပ်ရှားနေရန် အချိန်မရှိခဲ့သော်လည်း။
ရုတ်တရက် အရွယ်ရောက်ပြီးမှ ဟိုင်န်ရီနှင့် ပေါင်းဖက်ရမည်ဟူသော အတွေးကြောင့် သဘာဝကျစွာ အနေခက်စရာ အတွေးများက နောက်ကွယ်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့ခြင်းပင်။
နိုင်ငံရေးအရ ထိမ်းမြားခြင်းဖြစ်သည့်တိုင် လင်မယားဆက်ဆံရေးကိုမူ ပြုလုပ်ရမည်မဟုတ်ပါလားဟူသော အတွေးမျိုး။
‘ဟိုင်န်ရီနဲ့ လင်မယားဆက်ဆံရေး လုပ်ရမယ်တဲ့လား။’
ထိုအချက်ကို မတွေးခဲ့သင့်ပေ။
ထိုအတွေး ဝင်လာသည်နှင့်တစ်ပြိုင်နက် ရုတ်တရက် ထွက်ပြေးချင်စိတ် ပေါက်လာရသည်အထိ ရှက်ရွံ့စရာ ခံစားချက်က ကြီးစိုးလာသဖြင့် ကျွန်မ ကော်ဖီခွက်ကို တင်းတင်းဆုပ်ကိုင်ထားမိတော့သည်။
တော်သေး၍ ဟိုင်န်ရီကမူ ထိုအဆင့်အထိ တွေးမိပုံမရသော်လည်း……
အာ။ မဖြစ်ဘူး။
တစ်ကြိမ် ထိုအတွေး ဝင်သွားပြီးသည်နောက်တွင်မူ အတွေးများက ထိုဘက်သို့သာ တောက်လျှောက် ရောက်ရှိသွားတော့သည်။
ကျွန်မလည်း လမ်းလွဲနေသည့် ထူးဆန်းသော အတွေးများကို တားဆီးနိုင်ရန်အတွက် တမင်ပင် တွေ့ကရာ မေးခွန်းကို အလျင်အမြန် မေးမြန်းလိုက်ရ၏။
“မြို့စားမင်း အယ်ရ်ဂီရော။ မတွေ့မိပါလား။”
“ကျွန်တော် လွှတ်လိုက်တာပါ။”
အဖြေကို ကြားလိုက်ရသည့်အခါမှ စောစောက မေးခဲ့ပြီးသား မေးခွန်း ဖြစ်နေမှန်း သတိပြုမိတော့သည်။
ဟိုင်န်ရီ၏ ရယ်သံကို ကြားနေရရင်း ကျွန်မ ကော်ဖီခွက်၏ အောက်ခြေကိုသာ စိုက်ကြည့်နေမိတော့၏။
ကော်ဖီခွက်ကို ဆက်တိုက်ဆိုသလို ပွတ်သပ်ကိုင်တွယ်နေမိရင်း စိတ်ထဲမှ တခြားအတွေး တွေးစမ်းပါဟု ဘယ်နှကြိမ်လောက်အထိ အော်ဟစ်နေခဲ့မိမှန်း မသိတော့ပေ။
ယင်းက ထိရောက်မှုရှိသွား၍ ယခုတစ်ကြိမ်တွင်မူ တကယ် မဖြစ်မနေ ပြောရမည့် စကားတစ်ခွန်းက ခေါင်းထဲတွင် ပေါ်လာတော့သည်။
အငွေ့အသက်အနေအထား၏ ဆွဲဆောင်မှုနောက် ပါသွားမိရင်း မေ့လျော့နေခဲ့သည့် စကားများပင်။
“အရှင်ဧကရာဇ်က ရှင် ကွာရှင်းမှုတရားခွင်ကို တက်ရောက်ခွင့်မရအောင် နှောင့်ယှက်တားဆီးတာမျိုး လုပ်လောက်မလားမသိပါဘူး။”
ဟင့်အင်း၊ ဆိုဗီရ်ရှုသာဆိုလျှင် ဟိုင်န်ရီကို ကျိန်းသေပေါက် တားဆီးပေလိမ့်မည်။
ဆိုဗီရ်ရှုက ရက်ရှ်တာ၏ကိစ္စကြောင့် ဟိုင်န်ရီကို မုန်းတီးနေခဲ့သည် မဟုတ်ပါလား။
ကျွန်မ ဟိုင်န်ရီနှင့် စာအပြန်အလှန်ရေးနေမှန်း သိလိုက်ရတုန်းကလည်း မီးဟုန်းဟုန်းတောက်မတတ် ဒေါသထွက်ခဲ့ဖူးသည်မဟုတ်ပါလား။
ဟိုင်န်ရီက ရုတ်တရက် ပေါ်လာပြီး ကွာရှင်းမှုတရားခွင်ကို တက်ရောက်မည်ဟု ဆိုလာလျှင်၊ ပြန်လည်ထိမ်းမြားခြင်းအထိ မတွေးမိသေးသည့်တိုင် သူ့ကို တက်ရောက်ခွင့်မရအောင် လုပ်ဆောင်လာနိုင်ခြေက အလွန်ပင် မြင့်မားလှ၏။
ကွာရှင်းသည့်နေ့မှာတင် ပြန်လည်ထိမ်းမြားခွင့်ကို ရရှိရန်အတွက်ဆိုလျှင် ထိုသို့အဖြစ်ခံ၍ လုံးဝ မဖြစ်ပေ။
လက်ထပ်ခွင့် အတည်ပြုချက်ကို ရယူသည့်အချိန်တွင် အခြားတစ်ဖက်ကလည်း အတူတူ ရှိနေပေးရမည်ဖြစ်သောကြောင့်ပင်။
သို့သော် ကျွန်မ၏ စိုးရိမ်ပူပန်မှုများနှင့်ဆန့်ကျင်စွာ ဟိုင်န်ရီကမူ တည်ငြိမ်အေးဆေးစွာ ပြုံးလျက်ပင် ပြန်လည်ဖြေကြားလာ၏။
“မစိုးရိမ်ပါနဲ့၊ ကွီးန်။ ပြင်ဆင်မှုတွေ သေသေချာချာ လုပ်ထားပြီးသားပါ။”
“ပြင်ဆင်မှု……”
“ဟုတ်ကဲ့။ အဲ့ဒါကြောင့် ကွီးန်အနေနဲ့ ကွာရှင်းမှုကို အတည်ပြုပြီးတာနဲ့ စိတ်အေးလက်အေးနဲ့ ချက်ချင်းပဲ ပြန်လည်ထိမ်းမြားဖို့ လျှောက်ထားပေးရုံပါပဲ။”
ဟိုင်န်ရီက မိမိအနေဖြင့် ထိုအချိန်ကို ကွက်တိကိုက်အောင် တွက်ချက်ပြီး ပေါ်လာမည်ဖြစ်ကြောင်း၊ လူအားလုံး အံ့ဩမှင်တက်သွားကြလိမ့်မည်ဖြစ်ကြောင်း ပြောရင်း ရယ်ခဲ့လေသည်။
ထိုရယ်သံကို ကြားလိုက်ရသည့်အခါမှ အံ့ဩစရာကောင်းလောက်အောင်ပင် စောစောကအထိ ရှုပ်ထွေးနောက်ကျိနေခဲ့သော စိတ်အာရုံများက ငြိမ်သက်သွားရ၏။
ဟိုင်န်ရီက တကယ် လူတစ်ယောက်ကို စိတ်ငြိမ်းချမ်းအောင် လုပ်ပေးနိုင်သည့် စရိုက်မျိုးရှိသူပင်။
စိတ်ထဲ နေသာထိုင်သာရှိသွားသည့်အခါမှ မေ့လျော့နေခဲ့သည့် နောက်မေးခွန်းတစ်ခု ထပ်ပေါ်လာပြန်သည်။
“ဟိုင်န်ရီ။ ရှင် ကျွန်မရဲ့ စာကို ရရချင်း လာခဲ့တာလား။”
“ရတာနဲ့ ချက်ချင်းပဲ လာခဲ့တာပါ။”
“ဒါပေမဲ့ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် မြန်မြန်ဆန်ဆန် ရောက်လာနိုင်ရတာလဲ။”
“....”
“ဆာ အာရ်တီနာ ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ ရှင် ရောက်လာခဲ့တာလေ။ ကျွန်မဘက်ကတော့ ဝမ်းသာပြီး သဘောကျတယ်ဆိုပေမဲ့……”
မည်သို့သောနည်းလမ်းကို အသုံးပြုခဲ့မှန်း လုံးဝ စဉ်းစား၍ မရနိုင်အောင် ဖြစ်နေမိသည်။
သူ ဤနေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း စာကို ရရှိပြီးကတည်းက တောက်လျှောက် သိချင်နေခဲ့သည့် အပိုင်းဖြစ်သော်လည်း။
အခြေအနေအရ အကြောင်းအမျိုးမျိုးကြောင့် ခေတ္တ မေ့လျော့နေခဲ့မိရာမှ ယခုမှသာ သတိပြန်ရလာခြင်းပင်။
မေးပြီးသွားသည့်အခါမှ ပို၍ပင် စူးစမ်းလိုစိတ် ပြင်းပြလာသဖြင့် ကျွန်မ ကော်ဖီခွက်ကို ချထားလိုက်ရင်း သူ့ထံမှ အဖြေကို စောင့်ဆိုင်းနေမိတော့သည်။
သို့သော် လူတွေကို အံ့အားသင့်အောင် လုပ်ပေးကြတာပေါ့ဟုဆိုကာ ယုံကြည်မှုအပြည့်ဖြင့် ပြုံးနေသော ဟိုင်န်ရီက ကျွန်မ၏ မေးခွန်းကြောင့် ရုတ်တရက် ညှိုးမှိုင်သွားသော အသံအေးအေးလေးဖြင့် ပြန်လည်ဖြေကြားလာ၏။
“အဲ့ဒါက……လောလောဆယ်တော့ ထုတ်ပြောလို့ မရသေးပါဘူး၊ ကွီးန်။ လက်ထပ်ပြီးတဲ့နောက်ပိုင်းမှပဲ ပြောပြပါရစေ။”
ဤနေရာသို့ အလျင်အမြန် လာရောက်နိုင်ခဲ့သည့် နည်းလမ်းက လျှို့ဝှက်ချက်ဖြစ်မည့်ပုံပင်။
လျှို့ဝှက်ချက်ဖြစ်နေသည်ကို ဇွတ်အတင်း မေးမြန်းမိရာမှ သူ့ကို စိတ်ဒုက္ခမပေးလိုပေ။
“ကောင်းပါပြီ။”
ကျွန်မလည်း သူ စိတ်မကောင်းမဖြစ်စေရန်အတွက် တမင်ပင် ပုံမှန်ထက် ပိုမိုတောက်ပစွာ ပြုံးပြရင်း ပြန်ဖြေလိုက်သည်။
ထိုအခါမှ ဟိုင်န်ရီက မေးမြန်းလာ၏။
“ကျွန်တော်လည်း မေးခွန်းတစ်ခုလောက် မေးလို့ရမလားခင်ဗျ။”
“ပြောကြည့်ပါ။”
“ကွီးန်က လက်ထပ်ပြီးသွားရင် အရင်ဆုံး ဘာလုပ်ချင်လဲဟင်။”
“လက်ထပ်ပြီးရင် ဟုတ်လား။”
ဟိုင်န်ရီက ကျွန်မကိုကြည့်ကာ ပြုံးနေရာမှ ရုတ်တရက် တစ်ယောက်တည်း မျက်နှာထားကို တင်းလိုက်ပြီးနောက် လက်ကိုဝှေ့ယမ်းပြလာသည်။
“အဲ့ဒါက တကယ် မင်္ဂလာဦးညအကြောင်းကို ပြောတာမဟုတ်ပါဘူး။ အာ၊ အခုလို ပြောလိုက်တော့ ပိုပြီးတော့တောင် ထူးဆန်းသွားသလိုပဲ။ တကယ့် ညစ်ညမ်းတဲ့ ရည်ရွယ်ချက်နဲ့ မေးလိုက်တဲ့ မေးခွန်းမျိုး မဟုတ်ပါဘူးဗျ။”
ကျိန်းသေပေါက် ထိုဘက်သို့ လုံးဝ တွေးတောမိခြင်း မရှိခဲ့ပါဘဲ၊ ကျွန်မ သူ့ထံမှ ဆင်ခြေများကို ကြားလိုက်ရသည့်အခါမှသာ အိုးတိုးအမ်းတမ်းဖြစ်သွားရတော့သည်။
သို့သော် ဟိုင်န်ရီက တကယ်ပင် သေချင်သလို မျက်နှာထားမျိုး ဖြစ်နေသဖြင့် အမှန်အတိုင်းပွင့်လင်းစွာ ပြန်ဖြေလိုက်၏။
“စာရင်းဇယားတွေကို အမြန်ဆုံး ကြည့်ချင်ပါတယ်။”
“စာရင်းဇယားတွေ…လား။”
“စာရင်းဇယားတွေကို အသေးစိတ် စစ်ဆေးကြည့်မှ အနောက်ဘုရင့်တိုင်းပြည်ရဲ့ ဘဏ္ဍာငွေစီးဆင်းမှုကို နားလည်ရလွယ်မှာမို့လို့ပါ။ အလုပ်တွေကို အမြန်ဆုံး အသားကျအောင်လုပ်ရမှာပေါ့။”
“……”
~~~~
ဖာရ်အန်း မားကီးစ်တစ်ယောက် လွန်ခဲ့သော ရက်ပိုင်းကတည်းကပင် ရင်ထဲ၌ မွန်းကျပ်လွန်းလှသဖြင့် မခံမရပ်နိုင်အောင် ဖြစ်နေခဲ့ရသည်။
မည်မျှပင် စောင့်ဆိုင်းပါစေ အနောက်ဘုရင့်တိုင်းပြည်၏ ဘုရင်ဖြစ်သော ပထမမြောက် ဟိုင်န်ရီကို တွေ့ဆုံခွင့်မရရှိသောကြောင့်ပင်။
နဂိုကမူ ဖာရ်အန်း မားကီးစ်က ပထမမြောက် ဟိုင်န်ရီ ပြန်စာရေးပေးသည့်အချိန်အထိ ခိုရှာရ်နှင့်အတူ အချိန်ဖြုန်းရန် စိတ်ကူးထားခဲ့၏။
စာပို့ငှက်ကို အသုံးပြုခြင်းက ပြန်စာရရှိရန် ပို၍မြန်ဆန်မည်ဖြစ်သော်လည်း၊ လောကတွင် စာဖြင့်သာ ထုတ်ဖော်ပြောဆိုရန် ခက်ခဲသော အရာများစွာ ရှိနေသေးသည် မဟုတ်ပါလား။
စာကို ရရှိသည့်အချိန်တွင် တစ်ဖက်လူ၏ တုံ့ပြန်မှု။
နာဗီရယ် ပေးပို့ခိုင်းလိုက်သော စာကို တစ်ဆင့်ပေးအပ်ခဲ့စဉ် ပထမမြောက် ဟိုင်န်ရီက ဝမ်းသာအားရပြုံးပြီးနောက် အလွန်ပင် ဝမ်းမြောက်ပီတိဖြစ်စွာ စာကို လက်ခံရယူခဲ့သည်။
ထင်မှတ်မထားရလောက်အောင်ပင် နှစ်ဦးသား၏ ဆက်ဆံရေးက အင်မတန်ကောင်းမွန်ကြသည့်ပုံပင်။
ထိုမျက်နှာထားကို မြင်တွေ့ခဲ့ရသော ဖာရ်အန်း မားကီးစ်က မိမိကိုယ်တိုင် ပထမမြောက် ဟိုင်န်ရီ၏ ပြန်စာကို ရယူကာ နာဗီရယ်ထံသို့ စာကို တိုက်ရိုက် ပြန်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။
ပထမဆုံး ရက်ပိုင်းအတွင်း ပထမမြောက် ဟိုင်န်ရီက အလုပ်များနေသည်ဟုဆိုသဖြင့် ဖာရ်အန်း မားကီးစ်အနေဖြင့်လည်း စိတ်မလောခဲ့ပေ။
တစ်ဖက်လူက နန်းတက်ခါစ ဘုရင်ဖြစ်သဖြင့် လုပ်ဆောင်ရမည့် အလုပ်များစွာ ရှိနေပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ ခိုရှာရ်နှင့်လည်း အတော်ကြာမှ ပြန်လည်ဆုံတွေ့ရခြင်းဖြစ်၍ အလွမ်းသယ်ခွင့်ရရှိနေသဖြင့် ဖာရ်အန်း မားကီးစ်လည်း ပထမမြောက် ဟိုင်န်ရီကို အတင်းအကျပ် မတောင်းဆိုဘဲ ကောင်းကောင်းစောင့်ဆိုင်းနေခဲ့သည်။
သို့သော် မည်မျှပင် စောင့်ဆိုင်းပြီးရင်း စောင့်ဆိုင်းနေပါစေ ပထမမြောက် ဟိုင်န်ရီထံမှ ပြန်စာ ရှိမလာခဲ့။
“တကယ်ပဲ ဘယ်လောက်တောင် အလုပ်များနေလို့ စာလေးတစ်စောင်လောက်တောင် ပြန်ရေးပေးဖို့ အချိန်မရှိရတာလဲ။”
ဖာရ်အန်း မားကီးစ်လည်း နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ ဘုရင်၏ လူယုံတော်ဖြစ်သော မက်ကန်နာနှင့် တွေ့ဆုံကာ မေးမြန်းလေတော့သည်။
သို့သော် ပြန်လည်ရရှိလာသည့် အဖြေကား ထင်မှတ်မထားသည့်အရာဖြစ်နေ၏။
ပထမမြောက် ဟိုင်န်ရီက အတန်ငယ် ဝေးကွာသော နေရာတစ်ခုသို့ ခရီးထွက်သွားခဲ့သည်ဟူ၍ပင်။
ဘုရင်မင်းမြတ် ခရီးထွက်သွားသည်ဟူသော သတင်းမျိုးကို မကြားသိခဲ့ရပါဘဲ။
စောင့်ဆိုင်းနေခဲ့သော ဖာရ်အန်း မားကီးစ်တစ်ယောက် ဆွံ့အသွားခဲ့ရသော်လည်း အဖြေကမူ ပြောင်းလဲခြင်းမရှိခဲ့ချေ။
“နေပါဦး တကယ်ပဲ ဘာဖြစ်လို့ ရုတ်တရက်ကြီး……”
“အရေးကြီးတဲ့ကိစ္စလေး ရှိနေလို့ပါ။”
မက်ကန်နာက ဖာရ်အန်း မားကီးစ်ကို သနားဂရုဏာသက်သော မျက်နှာထားဖြင့် ကြည့်ပြီးနောက် အင်မတန် ပျာပျာသလဲ အကြံပြုလာသည်။
“နန်းတော်မှာပဲ စောင့်နေလိုက်ပါလားဗျ။ သိပ်ပြီးတော့ အကြာကြီး မကြာလောက်ပါဘူး။”
ကျေးဇူးတင်စရာကောင်းသည့် ကမ်းလှမ်းမှုဖြစ်သော်လည်း ဖာရ်အန်း မားကီးစ်အနေဖြင့် လက်မခံနိုင်ခဲ့ပေ။
ဧကရီအရှင်မ နာဗီရယ်က သူ၏ လူယုံတော်များအနက်မှ တစ်ဦးဖြစ်သော တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့ ဒုတိယတပ်မှူးကို စေလွှတ်ကာ စာကို တစ်ဆင့်ပေးအပ်ရန် ညွှန်ကြားခဲ့ခြင်းပင်။
ပထမ စာကို တစ်ဆင့်ပေးထားပြီးသား အခြေအနေတွင်၊ ထိုမျှအထိ အရေးတကြီးနှင့် စာကို ထပ်မံဖြည့်စွက်ခဲ့သည်။
နာဗီရယ်၏ စရိုက်ကို တွေးကြည့်မည်ဆိုလျှင် တကယ် ဖြစ်တောင့်ဖြစ်ခဲ ထူးဆန်းလွန်းလှသောကိစ္စပင်။
သာမန် နှုတ်ဆက်စာသက်သက်သာဆိုလျှင် ထိုကဲ့သို့ လုပ်ဆောင်စရာ အကြောင်းမရှိပေ။
စာကို ဖွင့်မကြည့်ခဲ့ရသော်လည်း၊ ဤအချက်များဖြင့်ပင် ဖာရ်အန်း မားကီးစ်က ဧကရီအရှင်မ နာဗီရယ်ထံ၌ အလွန် ကြီးမားပြီး အရေးတကြီး ဖြေရှင်းရမည့် ကိစ္စရပ်တစ်ခု ရှိနေလိမ့်မည်ဟု ခန့်မှန်းမိလိုက်သည်။
သို့သော် ဤနေရာတွင် ပထမမြောက် ဟိုင်န်ရီ သူ၏ ကိုယ်ရေးကိုယ်တာကိစ္စရပ်များကို အကုန်အစင် လုပ်ဆောင်ပြီး၍ ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေရမည်တဲ့လား။
ထိုသို့တော့ မလုပ်နိုင်ပေ။
“နောက်မှပဲ တစ်ခေါက် ပြန်လာခဲ့ပါ့မယ်။”
နောက်ဆုံးတွင် ဖာရ်အန်း မားကီးစ်လည်း အလျင်အမြန်ပင် အနောက်ဘုရင့်တိုင်းပြည်မှ ထွက်ခွာရန် ဆုံးဖြတ်ပြီး အဝတ်အစားများကို သိမ်းဆည်းလိုက်တော့သည်။
~~~~
ဟိုင်န်ရီထံသို့ သွားရောက်ခဲ့သည့်နေ့က နောက်ဆုံးဖြစ်ကာ ကျွန်မ ဧကရီနန်းဆောင် အပြင်ဘက်သို့ ထွက်ခွာခွင့်မရရှိတော့သလို၊ ဤအဖြစ်က ရံရွေတော်များအတွက်လည်း ထပ်တူပင်။
လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ ခန့်က ဖြစ်မည်လား……
ကွာရှင်းပြတ်စဲခြင်းကို ရင်ဆိုင်ရခါနီးတွင် ဧကရာဇ်ကို လုပ်ကြံရန် ကြံစည်ခဲ့သော ဧကရီတစ်ပါး ရှိခဲ့ဖူးသည်။
ထိုအချိန်မှစ၍ ကွာရှင်းပြတ်စဲခြင်းကို အကြောင်းကြားပြီးသည့် အချိန်မှစကာ ပထမဆုံးအကြိမ် ကွာရှင်းပြတ်စဲမှု တရားခွင်ကို မကျင်းပမချင်း ဧကရီအနေဖြင့် ဧကရီနန်းဆောင်၏ အပြင်ဘက်သို့ ထွက်ခွာခွင့်မရှိဟူသော ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်၏။
ဧကရီ၏ လူယုံတော်များဟုဆိုနိုင်သည့် ရံရွေတော်များအတွက်လည်း ထပ်တူ ဖြစ်သလို၊ တစ်ဖက်တွင် ပြင်ပလူများကလည်း ဧကရီနန်းဆောင်အတွင်းသို့ ဝင်ရောက်ခွင့်မရှိတော့ပေ။
ပိတ်လှောင်ခံထားရသည့်အတိုင်း ကြီးမားသော ကိစ္စရပ်ကြီးတစ်ခုကို စောင့်ဆိုင်းနေရခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
အချိန်က မြန်ဆန်လွန်းလှသလို၊ တစ်ပြိုင်နက်တည်းမှာပင် အဆုံးမရှိလောက်အောင် နှေးကွေးစွာ ကုန်ဆုံးနေ၏။
နေ့ခင်းဘက်တွင် မည်သည့်ကိစ္စကိုပင် လုပ်ဆောင်နေပါစေ အချိန်က ရွေ့လျားမသွားခဲ့ချေ။
သို့သော် ညချမ်းအချိန်သို့ ရောက်ရှိလာသည့်အခါမှ တစ်နေ့တာလုံးက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ရပြီဖြစ်ကြောင်း သတိပြုမိကာ ဟာတာတာဖြစ်သွားရပြန်သည်။
‘တော်ဝင်မင်းသား ဟိုင်န်ရီက ဒီကိုရောက်နေပြီး သေသေချာချာ စကားတွေတောင် ပြောပြီးသွားပြီဆိုတော့၊ အနည်းဆုံး မိဘတွေကို ပြန်လည်ထိမ်းမြားမဲ့အကြောင်း ပြောပြထားချင်တာကို။’
ကွာရှင်းပြီးနောက် ပြန်လည်ထိမ်းမြားရန် ကြံစည်ထားခဲ့ခြင်း ဖြစ်သည့်တိုင်၊ ထိုသို့ဆိုရုံမျှဖြင့် ကွာရှင်းရမည့်ရက်ကို တစ်ရက်ပြီးတစ်ရက် လက်ချိုးရေတွက်ရင်း စောင့်ဆိုင်းနေခဲ့ခြင်းမျိုးတော့ မဟုတ်ပေ။
နေ့ရက်များ ကုန်ဆုံးသွားလေ၊ ရင်ထဲတွင် ပို၍လေးလံလာရလေဖြစ်ကာ စိတ်အာရုံများကလည်း ရှုပ်ထွေးနောက်ကျိလာရသည်။
ရံရွေတော်များက ပထမဆုံး နှစ်ရက်ခန့်အထိ ကျွန်မကို မြင်သည့်အခါတိုင်း ငိုကြွေးခဲ့ကြသော်လည်း၊ မကြာမီ စိတ်ကို ပြန်လည်ပြင်ဆင်လိုက်ကြပုံရကာ ပုံမှန်အတိုင်း ကျွန်မကို ဆက်ဆံပေးကြရင်း တမင်တကာ တက်ကြွလန်းဆန်းစွာ စကားများ ဖောင်ဖွဲ့ပြောဆိုပေးရှာကြသည်။
ဆိုဗီရ်ရှု ရောက်ရှိလာခဲ့သည့်အချိန်ကား တရားခွင် မကျင်းပမီ တစ်ရက်အလို ညအချိန်ပင်။
ကျွန်မ စိုးရိမ်ပူပန်မှုများနှင့် ဖိအားများအောက်တွင် အလုံးစုံ နစ်မြုပ်နေခဲ့ရာမှ သူ့ကို မြင်လိုက်ရသည့် ခဏ၌ စိတ်က တဒင်္ဂ ဝေဝါးသွားရ၏။
နန်းတက်ပွဲကျင်းပခဲ့သည့်နေ့ကို အမှတ်ရမိသွားသည်။
မင်္ဂလာပွဲ ကျင်းပခဲ့စဉ်ကမူ အလွန်ပင် ငယ်ရွယ်လွန်းလှသဖြင့် ယခုလောက်အထိ စိုးရိမ်ပူပန်ခြင်း မရှိခဲ့။
အတူတူရှိနေရခြင်းကို အသားကျနေပြီဖြစ်၍ မင်္ဂလာပွဲမတိုင်မီ တစ်ရက်အလိုည၌ပင် နှစ်ယောက်သား အတူတူ စကားဖောင်ဖွဲ့ပြောဆိုရင်း ရယ်မောနေခဲ့ကြသေးသည်။
သို့သော် နန်းတက်ပွဲကျင်းပသည့်နေ့တွင်မူ ထိုစဉ်ကထက် ပို၍စိုးရိမ်ပူပန်ခဲ့ရသဖြင့် ရေတစ်ငုံလောက် သောက်ရန်ပင် ခက်ခဲလှသည့်အဆင့်အထိ ဖြစ်ခဲ့ဖူးသည်မဟုတ်ပါလား။
အမှားတစ်ခုခု လုပ်မိလျှင်ပင် ပြန်လည်ပြင်ဆင်ပေးမည့်သူ မရှိတော့သော နေရာတစ်ခုသို့ ရောက်ရှိသွားရမည်ဟူသောအချက်က အလကားနေရင်း ကြောက်ရွံ့စရာကောင်းလှသည်ဟု ခံစားခဲ့ရဖူး၏။
လုံးဝ ကွဲပြားခြားနားသော နေ့များ ဖြစ်ကြပါလျက်။
ဘာကြောင့် ထိုနေ့ကို အမှတ်ရမိနေရသနည်း။
ဝမ်းဗိုက်ထဲမှ မအီမသာနှင့် စတင်နာကျင်လာသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။
ထိုအတောအတွင်း ဆိုဗီရ်ရှုကလည်း တစ်စုံတစ်ရာကို အမှတ်ရသွားပုံရကာ တံခါးဝတွင်သာ မတ်တတ်ရပ်နေ၏။
နောက်ကျမှ သူက ကျွန်မအနားသို့ ချဉ်းကပ်လာပြီး နယ်စားကတော်ကြီး အယ်လီဇာက အသာလေး တံခါးကို ပိတ်ပေးခဲ့သည်။
မျက်နှာရှေ့အထိ ချဉ်းကပ်လာသော ဆိုဗီရ်ရှုက အံ့ဩစရာကောင်းလောက်အောင်ပင် ပုံမှန်နှင့် ခြားနားမှုမရှိခဲ့ချေ။
ယခင်အတိုင်း လွှမ်းမိုးချုပ်ကိုင်နိုင်လောက်အောင် လှပလွန်းနေဆဲဖြစ်သလို၊ ယခင်အတိုင်း ကျန်းမာသန်စွမ်းနေဆဲပင်။
“နှုတ်ဆက်စကားဖြစ်ဖြစ် ပြောဖို့ လာခဲ့တာပါလား။”
သူ့ကြောင့် စိတ်ဓာတ်မကျလိုသဖြင့် ကျွန်မလည်း ဘာမှမဖြစ်သလို ဟန်ဆောင်ရင်း မေးမြန်းလိုက်သည်။
မနေ့ညတုန်းကမူ ဆိုဗီရ်ရှု၏ ဆံပင်များကို အကုန်အစင် ဆွဲနုတ်ပစ်ချင်လောက်အောင်အထိ ဖြစ်ခဲ့သော်လည်း။
ယခု မြင်တွေ့လိုက်ရသည့်အခါတွင်မူ လစ်ဟာသွားရုံမျှသာ ရှိတော့သဖြင့်၊ ထိုသို့ လုပ်ဆောင်လိုစိတ်ပင် မရှိတော့ချေ။
“……ခွဲခွာရမဲ့အချိန်က တိုတောင်းမှာ။”
ဆိုဗီရ်ရှုက ကျွန်မစကားကို ပြန်လည်ဖြေကြားခြင်းမပြုဘဲ တိုးတိုးလေးသာ ရေရွတ်ခဲ့သည်။
မဟုတ်မှ ဒါက နှုတ်ဆက်စကားများလား။
မည်သို့ပင်ဖြစ်စေ လက်ရှိအခြေအနေတွင် သူ့စကားလုံးများက အလွန်ပင် ရယ်စရာကောင်းလှသည်။
ခွဲခွာရမဲ့အချိန်က တိုတောင်းမယ်တဲ့လား။
အလိုလိုပင် နှုတ်ခမ်းဖျားတွင် ခနဲ့ပြုံးတစ်ခု ပေါ်လာရတော့သည်။
“အခုအချိန်ကစပြီး၊ ကျွန်မတို့ အတူတူ ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေထက် အတူတူ မဖြတ်သန်းရတော့မဲ့ နေ့ရက်တွေက ပိုများလာတော့မှာပါ။”
ကျွန်မ ပြတ်ပြတ်သားသားပင် သူ့ကို ကွာရှင်းပြီးလျှင် အားလုံး ပြီးဆုံးသွားပြီဖြစ်ကြောင်း သတိပေးလိုက်သည်။
သို့သော် ဆိုဗီရ်ရှုက ကျွန်မစကားကို နားမလည်ခြင်းများလား။
“ကွာရှင်းပြီးတဲ့နောက်မှာလည်း မင်းက ဘေးနားမှာ ဆက်ပြီးရှိနေပေးရင် ကောင်းမယ်။”
ထူးဆန်းသော စကားများကို ပြောလာပြန်သည်။
ဘာလို့ အဲ့ဒီလို စကားမျိုးကို ပြောရတာပါလိမ့်။
သနားလို့လား။
ကာလအတန်ကြာ သိကျွမ်းခဲ့ရသော သူငယ်ချင်းအပေါ် ထားရှိသည့် ထောက်ထားမှုလား။
ကျိန်းသေပေါက်…… ကွာရှင်းပြီးသည့်နောက်၌ပင် ဧကရာဇ်၏အပါးတွင် ဆက်နေခဲ့သော ဧကရီများ ရှိခဲ့ဖူးသဖြင့် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလှသော်လည်း သူ၏ကမ်းလှမ်းချက်က လုံးဝ အခြေအမြစ်မရှိသည်တော့ မဟုတ်ပေ။
“ကွာရှင်းပြီးတာနဲ့ ကျွန်မတို့က သူစိမ်းတွေ ဖြစ်သွားကြမှာပါ။ အဲ့ဒါကြောင့် အဲ့ဒီလိုဖြစ်စရာအကြောင်းမရှိပါဘူး။”
“သူစိမ်းတွေ ဖြစ်သွားမယ် ဟုတ်လား။”
“ဟုတ်ပါတယ်။”
“နေပါဦး။ ခဏလောက်လေး ကွာရှင်းလိုက်ရုံနဲ့ ငါတို့က သူစိမ်းတွေတော့ ဖြစ်မသွားပါဘူး။”
သို့သော် ဆိုဗီရ်ရှု ထိုသို့သော စကားများ ပြောဆိုလာခြင်းက အလွန်ပင် ထူးဆန်းပြီး ရယ်စရာကောင်းလှသည်။
သူ့စကားများက အဓိပ္ပာယ်မရှိလှခြင်းကြောင့်တော့ မဟုတ်ပေ။
သေသေချာချာ တွေးကြည့်မည်ဆိုလျှင် သူ့စကားက မှန်ပေသည်။
ကွာရှင်းပြီးလျှင် ကျွန်မတို့က သူစိမ်းများဖြစ်သွားကြမည်ဆိုသော်လည်း၊ တကယ့် သူစိမ်းလို ဆက်ဆံရေးမျိုး ဖြစ်သွားနိုင်စရာ အကြောင်းမရှိပေ။
ကျွန်မတို့ကြားတွင် အချစ်နှင့်အမုန်းဟူသော အရာက ကျန်ရှိနေဦးမည် ဖြစ်သလို၊ မည်မျှပင် မေ့ပစ်ရန် ကြိုးစားပါစေ အတူတူ ဖြတ်သန်းခဲ့ရသော အတိတ်သမိုင်းကြောင်းများကို အကုန်အစင် ဖြတ်တောက်ဖယ်ရှားပစ်ရန် ခက်ခဲလှသောကြောင့်ပင်။
ကျွန်မ ယခုထက်တိုင်အောင် သူ့ကို မြင်လျှင် စိတ်ထဲတွင် လေးလံနေရဆဲဖြစ်သလို၊ အချို့သောအခြေအနေများတွင် သူကိုယ်တိုင်လည်း အပြစ်ရှိစိတ် ခံစားနေရခြင်းက ပြင်းထန်ပေလိမ့်မည်။
သို့သော် ထိုကဲ့သို့သော စကားများကို မိမိစိတ်တိုင်းကျ ကွာရှင်းရန် အကြောင်းကြားခဲ့သည့် အခြားတစ်ဖက်က ထုတ်ဖော်ပြောဆိုလာခြင်းမှာ အနည်းငယ် အရှက်မရှိလွန်းရာကျသည် မဟုတ်ပါလား။
ယင်းကိုလည်း စကားအဖြစ် ပြောနေခြင်းလားဟုတွေးရင်း မသင်္ကာစွာ စိုက်ကြည့်နေမိစဉ် ဆိုဗီရ်ရှုက သတိထားကာ ကျွန်မ၏လက်ကို လာရောက်ဆုပ်ကိုင်ခဲ့သည်။
ကျွန်မ အားစိုက်ကာ သူ့လက်ထဲမှ လက်ကို ပြန်ဆွဲထုတ်လိုက်၏။
~~~~
မည်သို့ပင်ဖြစ်စေ ဆိုဗီရ်ရှု နောက်ဆုံးနေ့တွင် လာတွေ့ခဲ့သည့် ကျေးဇူးကြောင့် ကျွန်မလည်း ဟာတာတာနှင့် စိတ်မှိုင်စရာ ခံစားချက်များကို မေ့ဖျောက်နိုင်ခဲ့သည်။
ထိုနေရာကို ဒေါသက အစားထိုးဝင်ရောက်လာခဲ့ခြင်း ဖြစ်သော်လည်း အနာဂတ်အတွက် သန္နိဋ္ဌာန်ချရန်အတွက်မူ ပြောင်းပြန်အနေဖြင့် ဤအခြေအနေက ပိုကောင်းပေ၏။
ဧကရီနန်းဆောင်တွင် နောက်ဆုံးတစ်နပ်ကို စားသုံးနေစဉ်၊ နယ်စားကတော်ကြီး အယ်လီဇာက လေးလံသော မျက်နှာထားဖြင့် ကျွန်မကို မေးလာ၏။
“ဘယ်လို ဝတ်စုံမျိုးကို ဝတ်ချင်ပါသလဲ၊ ဧကရီအရှင်မ။”
ရက်ပိုင်းမျှ ခေတ္တ ငြိမ်သက်သွားခဲ့ကြသော ရံရွေတော်များလည်း တစ်ဖန်ငိုကြွေးကြပြန်လေသည်။
“ပုံမှန်လို ဝတ်စုံမျိုးနဲ့ပဲ ပြင်ဆင်ပေးပါ။”
ကျွန်မ အသံအက်မသွားစေရန် ဘာမှမဖြစ်သလို ချောင်းဟန့်ရင်း ပြန်လည်ဖြေကြားလိုက်သည်။
“ဟုတ်ကဲ့ပါ။”
ဝတ်စုံကို ဝတ်ဆင်နေစဉ်တစ်လျှောက်လုံး အဝတ်စ ပွတ်တိုက်သံ တရှပ်ရှပ်ကိုသာ ကြားနေရ၏။
ဘယ်သူမှ ပါးစပ်မဟခဲ့ကြသလို အနေအထားကလည်း လေးလံနေသည်။
ဝတ်စုံကို အကုန်အစင် ဝတ်ဆင်ပြီးသွားသည့်နောက်။
ကျွန်မ မှန်ထဲ၌ မိမိ၏ပုံရိပ်ကို ကြည့်မိရာမှ ဆတ်ခနဲတုန်သွားရသည်။
မှန်၏ အနောက်ဘက်တွင် ရံရွေတော်များ အသံတိတ် ငိုကြွေးနေကြသည့်ပုံစံကို မြင်တွေ့လိုက်ရသောကြောင့်ပင်။
အထူးသဖြင့် အဆိုးဝါးဆုံး ငိုကြွေးနေရှာသော လော်ရာ……
လေးလံသော သက်ပြင်းတစ်ချက် ထွက်ပေါ်လာခဲ့ရသည်။
ကျွန်မက လွန်ခဲ့သော တစ်လတုန်းကဖြစ်စေ၊ ယခုဖြစ်စေ ပြောင်းလဲသွားခြင်းမျိုး တစ်စုံတစ်ရာမျှ မရှိခဲ့ပါဘဲ။
မကြာမီ မိမိ၏ ဘဝအခြေအနေက လုံးဝကို ကွဲပြားခြားနားသွားပြီဖြစ်ကြောင်း လက်တွေ့ဆန်ဆန် ခံစားလိုက်ရ၏။
ဟိုင်န်ရီနှင့် ပြန်လည်ထိမ်းမြားရန် ကတိပြုထားခဲ့ပြီးသား အခြေအနေမျိုးတွင်ပင် ဤမျှအထိ ဝမ်းနည်းပြီး မွန်းကျပ်နေရသည်ဆိုလျှင်၊ ထိုကတိကဝတ်လေးသာ မရှိခဲ့ပါက မည်မျှအထိ မျှော်လင့်ချက်မဲ့စရာကောင်းလိုက်မည်နည်း။
သို့သော် ယခုမူ ဝမ်းနည်းပူဆွေးမှုများကို ဖိနှိပ်ချုပ်တည်းထားရန် အချိန်ပင် မပေးတော့။
အချိန်တန်ပြီဖြစ်ကြောင်း ဆိုဗီရ်ရှု စေလွှတ်လိုက်သော ကိုယ်ရံတော်စစ်သည်များ ရောက်ရှိလာသောကြောင့်ပင်။
ကျွန်မကို တရားခွင်သို့ ခေါ်ဆောင်သွားရန်အတွက် ရောက်လာကြခြင်း ဖြစ်ပေလိမ့်မည်။
ထွက်ပြေးသွားမည်စိုး၍ ထိုကဲ့သို့သော လုပ်ထုံးလုပ်နည်းများကို ထားရှိခဲ့ခြင်းများလား။
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ရံတော်စစ်သည်များက အမူအရာကင်းမဲ့စွာဖြင့် သူတို့နေရာ၌ ရပ်နေခဲ့ကြကာ ကိုယ်ရံတော်တပ်မှူးက လေးလံသော အသံဖြင့် မေးမြန်းလာသည်။
“အဆင်သင့်ဖြစ်ပြီပါလားခင်ဗျ။”
“ဖြစ်ပြီ။ သွားကြတာပေါ့။”
ကျွန်မ ဝမ်းနည်းနေသည့် အရိပ်အယောင်ကို ထုတ်မပြမိစေရန် တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်ပြီးနောက် ခြေတစ်လှမ်း လှမ်းလိုက်သည်။
သို့သော် အမူအရာကင်းမဲ့စွာ ရပ်နေခဲ့ကြသော ကိုယ်ရံတော်များက ဒူးတစ်ဖက်ထောက်လိုက်ကြသဖြင့် ကြောင်အမ်းအမ်းနှင့် တစ်ချက်ရပ်တန့်လိုက်ရ၏။
အထူးသဖြင့် ကိုယ်ရံတော်တပ်မှူးက တစ်ချက်လေး အကျပ်ရိုက်သွားသည့်ပုံစံဖြင့် သူ၏ လက်အောက်ငယ်သားများကို ငုံ့ကြည့်လိုက်ရာမှ၊ မကြာမီ သူကိုယ်တိုင်ပါ ဖြည်းဖြည်းချင်း ဒူးတစ်ဖက်ထောက်လိုက်ရင်း ကျွန်မကို ဦးညွှတ်ဂါရဝပြုခဲ့သည်။
ရံရွေတော်များ၏ ငိုကြွေးသံများ ပို၍ပင် ကျွက်ကျွက်ညံကုန်တော့၏။
~~~~
Miel’s Translations
Morning Star website နဲ့ telegram paid group မှာ အပိုင်း ၂၀၃ အထိ ဖတ်လို့ရပါပြီ။
Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။