no

Font
Theme

အပိုင်း ၉၄ (လျှို့ဝှက်ချက်ကို တားဆီးလိုသူ)

“ကလေးရှိနေလို့ အသက်ချမ်းသာပေးပါဆိုပြီး အသနားခံနေတာလား။”

ခိုရှာရ်က တဟားဟားရယ်မောရင်း လှောင်ပြောင်ခဲ့သည်။

“တော်တော်လေး ပေါ့ပြက်ပြက်နိုင်လွန်းတဲ့ အသနားခံပုံပါလား။ ယုန်လေးတို့ မြေခွေးလေးတို့ အထူးပြုစကားလုံးတွေပါ အသေအချာ ထည့်ပြောရမှာမဟုတ်ဘူးလား။”

ဗိုင်းကောင့် လိုတဲရှုက အကြောက်အကန် အော်ဟစ်ခဲ့သည်။

“အဲ့ဒါမဟုတ်ဘဲ ရက်ရှ်တာမှာ အရင်က မွေးထားတဲ့ကလေး ရှိနေတာပါ။”

“ဟင်။”

ခိုရှာရ်က တစ်ချက် ကြောင်အမ်းသွားပြီးမှ “ဟိုး...” ဟု တီးတိုးရေရွတ်ကာ ပြုံးလိုက်သည်။

“တကယ်လား။”

ဗိုင်းကောင့် လိုတဲရှုကို စစ်ဆေးမေးမြန်းကြည့်လျှင် ရက်ရှ်တာကို ဆွဲချနိုင်မည့် နည်းလမ်းတစ်ခုခု ရနိုင်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ကလေးရှိနေသည်ဟူသော အချက်အထိ သိရလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် အတော်လေး အံ့သြသွားမိ၏။

“ရက်ရှ်တာနဲ့ ဘယ်သူ့ရဲ့ ကလေးလဲ။”

“အဲ့ဒါတော့ မသိပါဘူး။”

“မသိဘူးပေါ့လေ။ မင်းက ဘာလို့ မသိရတာလဲ။”

“နယ်မြေက သေးတယ်ဆိုပေမဲ့ ကျွန်တစ်ယောက်တည်း ရှိတာမဟုတ်ပါဘူး။ ကျွန်တော်က ကျွန်တွေ အကုန်လုံးကို လိုက်ကြည့်မနေနိုင်ဘူးလေ။”

“ဟမ်း...”

“အ... အချိန်ကာလအရ ကြည့်မယ်ဆိုရင်တော့ ခရီးသွားတစ်ယောက်ယောက် ဖြစ်မလားမသိနိုင်ပေမဲ့......”

ဗိုင်းကောင့် လိုတဲရှုက ကြောက်လန့်တုန်ယင်နေသည့်ကြားမှ ရက်ရှ်တာ၏ အဖော်က သူ၏သားဖြစ်ကြောင်းကိုမူ မပြောခဲ့ပေ။

အခြေအနေများ မည်သို့ပြောင်းလဲသွားမည်မှန်း မသိသဖြင့် မိမိသားကိုပါ မပတ်သက်စေလိုခြင်းပင်။

တော်သေး၍ ခိုရှာရ်က ကလေးအဖေ မည်သူဖြစ်ကြောင်း စိတ်မဝင်စားခဲ့။

“အဲ့ဒီကလေးက ဘယ်မှာလဲ။”

“အဖေ ဘယ်သူမှန်းမသိ၊ အမေကလည်း ကလေးကို စွန့်ပစ်ပြီး ထွက်ပြေးသွားတော့ ဘယ်လိုများလုပ်ရဦးမှာလဲ။ ကျွန်တော်ပဲ ကျွေးမွေးစောင့်ရှောက်ထားရတာပေါ့။”

ခိုရှာရ်က ပါးစပ်ကို နားရွက်တက်ချိတ်မတတ်ဖြဲပြီး အားရပါးရ ရယ်မောတော့သည်။

အားနည်းချက်ကို လိုက်ရှာနေခဲ့ခြင်းမှန်သော်လည်း ဤကဲ့သို့သောကိစ္စမျိုး ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

ကြောက်စရာကောင်းအောင် ရယ်နေသည့် ခိုရှာရ်ကိုကြည့်ရင်း ဗိုင်းကောင့် လိုတဲရှုတစ်ယောက် တံတွေးကို အနိုင်နိုင် မျိုချနေရ၏။

ဒီကိစ္စကြောင့် ရက်ရှ်တာ ပြိုလဲတော့မှာလား။

ပြိုလဲတော့မယ်ဆိုရင် ဘယ်လိုလုပ်မှ အသာလေး ခြေရာဖျောက်နိုင်မှာလဲ။

ခေါင်းထဲတွင် အမျိုးမျိုး တွေးတောနေခဲ့သည်။

ထိုသို့ဖြစ်နေသည်ကို ဂရုမစိုက်ဘဲ ခိုရှာရ်က အတော်ကြာအောင် ရယ်နေပြီးနောက်မှ ကျေနပ်သော မျက်နှာထားဖြင့် စေခိုင်းပြန်၏။

“ကောင်းပြီ။ နောက်ထပ်ရော ဘာရှိသေးလဲ။”

“နောက်ထပ် ဘာမှမရှိတော့ပါဘူး။ တကယ်ပါ။”

“သေချာစဉ်းစားကြည့်ဦး။ ရှိဦးမှာပေါ့။”

“မဟုတ်ပါဘူး၊ တကယ်မရှိတော့တာပါ။”

ခိုရှာရ်က အတွင်းစိတ်ကို ထိုးဖောက်ကြည့်တော့မည့်အလား ခါးကိုကိုင်းကာ ဗိုင်းကောင့် လိုတဲရှု၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။

ဗိုင်းကောင့် လိုတဲရှုလည်း ကြောက်စရာ ထိုအကြည့်ကို တံတွေးမျိုချရင်း ခက်ခဲစွာ တောင့်ခံနေရ၏။

ကျားရှေ့တွင် အဝတ်မဲ့ပစ်ချခံထားရသည့် ခံစားချက်မျိုးပင်။

တော်သေး၍ ခိုရှာရ်က သူ၏စကားကို ယုံကြည်ရန် ဆုံးဖြတ်လိုက်သည့်အလား ခါးကိုပြန်မတ်ရင်း မေးလာသည်။

“ရက်ရှ်တာက ကျွန်ဖြစ်ခဲ့တယ်ဆိုတဲ့ အထောက်အထား မရှိဘူးလား။”

“အထောက်အထားလား။”

“လူတွေကို ရက်ရှ်တာက ကျွန်ဖြစ်ပါတယ်လို့ အခိုင်အမာ ပြောနိုင်မဲ့အထောက်အထားမျိုး။”

“ကျွန်တော်ကိုယ်တိုင် ထွက်ဆိုပေးမယ်ဆိုရင်…”

“မင်းက ရက်ရှ်တာကို ကျွန်လို့ စွပ်စွဲပြီးမှ မဟုတ်ပါဘူးဆိုပြီး ပြန်ပြင်ပြောခဲ့တဲ့ ရာဇဝင်ရှိပြီးသားလေ။ မင်းရဲ့ထွက်ဆိုချက်က ယုံကြည်စိတ်ချရမှု မရှိဘူး။”

ခိုရှာရ်က အေးအေးဆေးဆေး ပြောနေသော်လည်း တစ်ဖက်တွင်မူ ခါးတွင်ချိတ်ထားသည့် ဓားကို ပွတ်ကာသပ်ကာ ကိုင်နေခဲ့သည်။

ထိုလုပ်ရပ်က ‘မပြောရင် ခုတ်သတ်ပစ်မယ်’ ဟု သွယ်ဝိုက်ပြီး ခြိမ်းခြောက်နေသလိုပင်။

ဗိုင်းကောင့် လိုတဲရှုလည်း အလျင်အမြန် အော်ပြောလိုက်တော့သည်။

“အရောင်းအဝယ်စာချုပ် ရှိပါတယ်။”

“အရောင်းအဝယ်စာချုပ်။”

“ကျွန် အရောင်းအဝယ်စာချုပ်ပါ။ အဲ့ဒီမှာ ရက်ရှ်တာရဲ့ ရုပ်ရည်သွင်ပြင်ကို အသေးစိတ် ရေးထားပါတယ်။”

~~~~

ထိုအချိန်တွင်။

ပစ်ထားသော အိမ်အိုကြီးထဲ၌ ဗိုင်းကောင့် လိုတဲရှုနှင့် ခိုရှာရ်တို့ နှစ်ဦးတည်း ရှိနေခြင်း မဟုတ်ပေ။

ခိုရှာရ်က ကျွမ်းကျင်သော အဆင့်မြင့်စစ်သည်တော်ဖြစ်ပြီး အာရုံခံနိုင်စွမ်းလည်း ကောင်းမွန်လှသည့်တိုင် အသေးအမွှား အသံမှန်သမျှကို သိနိုင်သော ထူးခြားသည့် မျိုးနွယ်စုဝင်တော့မဟုတ်။

မည်မျှပင် ခိုရှာရ် ဖြစ်နေပါစေ၊ ဗိုင်းကောင့် လိုတဲရှု အော်ဟစ်နေသည့် ကြားထဲမှ ခိုးဝင်လာသောသူများကိုမူ အကုန်လုံး သတိပြုနိုင်မည်မဟုတ်ပေ။

အထူးသဖြင့် ခိုးဝင်လာသူကလည်း သူနှင့်မခြား ကျွမ်းကျင်သူဖြစ်နေပါက ပို၍ပင်။

‘ဘယ်လိုများ ဖြစ်ရတာလဲ။’

တိတ်တဆိတ် ခိုးဝင်လာသည့် အခြားကျူးကျော်သူက အတွင်းရေးမှူးချုပ် မားကီးစ် ကားလ်၏ လက်အောက်ငယ်သားပင်။

နဂိုက မားကီးစ် ကားလ်၏ အမိန့်အရ ဗိုင်းကောင့် လိုတဲရှုနောက်သို့ လိုက်နေခြင်းဖြစ်သော်လည်း မမျှော်လင့်ဘဲ ဤမြင်ကွင်းကိုပါ တွေ့မြင်သွားခြင်းဖြစ်၏။

ထိုလူက ဗိုင်းကောင့် လိုတဲရှု ဖူးရောင်နေသောမျက်နှာဖြင့် ပြောခဲ့သည့် စကားများကိုကြားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

ရက်ရှ်တာဆိုသည်မှာ မကြာသေးမီကမှ ဧကရာဇ် တမ်းတမ်းစွဲဖြစ်နေသည့် သာမန်အရပ်သားချစ်သူ မဟုတ်ပါလော။

သို့သော် ကျွန်ဖြစ်နေသည့်အပြင်၊ ကျွန်ပြေးဖြစ်ပြီး ယခင်က ကလေးပင် မွေးခဲ့ဖူးသတဲ့......

ဧကရာဇ်တို့၏ ချစ်သူများက အားလုံး အပျိုစင်များ မဟုတ်ကြပေ။

အချို့က အိမ်ထောင်ကျဖူးသူများ ရှိသလို၊ ကလေးရှိသူများလည်း ရှိဖူး၏။

သို့သော် ကလေးမရှိသော အပျိုစင်ပါဟု လိမ်ညာပြောဆိုပြီးမှ နောက်ပိုင်းတွင် အလိမ်အညာပေါ်သွားသူမျိုးတော့ မရှိခဲ့ဖူးပေ။

ပိုဆိုးသည်မှာ ဗိုင်းကောင့် လိုတဲရှုနှင့် ရက်ရှ်တာတို့က ဧကရာဇ် ဆိုဗီရ်ရှုကို တမင် ပူးပေါင်းလိမ်ညာနေကြခြင်းမဟုတ်ပါလား။

ထိုလူက အသက်အောင့်ကာ ဆက်လက်၍ချောင်းမြောင်း နားထောင်ကြည့်သော်လည်း ထိုထက်ပိုသော စကားများ ထွက်မလာတော့ပေ။

သူက တံတွေးကို အသာတိတ်တဆိတ် မျိုချလိုက်မိသည်။

မားကီးစ် ကားလ်က ဗိုင်းကောင့် လိုတဲရှု ဘာကိုသုံးပြီး လေဒီ ရက်ရှ်တာကို ခြိမ်းခြောက်အကျပ်ကိုင်နေသလဲဟု စုံစမ်းခိုင်းခဲ့ခြင်းပင်။

အမှတ်မထင် ပေးအပ်ထားသော တာဝန်ကို ပြီးမြောက်သွားခဲ့ပေပြီ။

သို့သော် အခြေအနေအရ မည်သို့ဆက်လုပ်ရမည်ကို မဝေခွဲနိုင်ဖြစ်နေ၏။

‘ဗိုင်းကောင့် လိုတဲရှုကို ကယ်သွားရမှာလား။’

သို့သော် နာမည်ဆိုးဖြင့် ကျော်ကြားသော သားရဲကြီး ခိုရှာရ်နှင့် တိုက်ခိုက်ပြီး အနိုင်ယူနိုင်မည့် ယုံကြည်ချက်တော့ မရှိပေ။

ထို့အပြင် ဝင်လာစဉ်က အော်သံများကြားမှ ခိုးဝင်လာခဲ့သော်လည်း ယခုမူ ပတ်ဝန်းကျင်က တိတ်ဆိတ်လွန်းနေသဖြင့် တစ်ယောက်တည်း ပြန်ထွက်ရန်ပင် မလွယ်ကူတော့။

ထိုလူက နာရီအဟောင်းကြီးအတွင်း၌ ကိုယ်ကိုကျုံ့ထားကာ အတော်ကြာအောင် အသက်ရှူအောင့်နေခဲ့ရသည်။

အတော်အတန် ကြာပြီးသည့်နောက်တွင် ခိုရှာရ်က ဗိုင်းကောင့် လိုတဲရှုကို ပြုံးပြရင်း လက်ပြနှုတ်ဆက်နေသည်ကို မြင်လိုက်ရ၏။

“ကောင်းကောင်းနေခဲ့။”

ထို့နောက် ကိုယ်ကို လှည့်သွားလေသည်။

ဗိုင်းကောင့် လိုတဲရှုကို ဤအတိုင်း ပစ်ထားခဲ့ပြီး တစ်ယောက်တည်း ထွက်သွားမည့်ပုံပင်။

“နေပါဦး။ ကျွန်... ကျွန်တော်ကရော။ ကျွန်တော်ကရော။”

ဗိုင်းကောင့် လိုတဲရှုက ထိတ်လန့်တကြား ခိုရှာရ်ကို လှမ်းခေါ်လေသည်။

ဤအိမ်အိုကြီးထဲတွင် တစ်ယောက်တည်း ပစ်ထားခံရမည်ကို ကြောက်လန့်နေသည့် မျက်နှာမျိုးပင်။

“အေး၊ ငါလည်း ကောင်းကောင်းသွားပြီ။ တခြားလူတစ်ယောက် မကြာခင် လာကယ်မှာမို့လို့ မစိုးရိမ်နဲ့။”

သို့သော် ခိုရှာရ်က အဓိပ္ပာယ်မရှိသော စကားကိုသာပြောပြီး လှည့်ထွက်သွားလေသည်။

ထိုလူလည်း ခိုရှာရ်၏ အဓိပ္ပာယ်ပါသော စကားကြောင့် တစ်ချက် ရင်အေးသွားရာမှ မကြာမီပင် တိုက်ဆိုင်မှုသာ ဖြစ်လိမ့်မည်ဟုတွေးကာ လျစ်လျူရှုလိုက်၏။

သူသိသော ခိုရှာရ်ဆိုသည်မှာ ခိုးချောင်းနေသည်ကို မိသွားပါက ချက်ချင်း ဆွဲထုတ်ပြီး သတ်မည့်လူမျိုးပင်။

ဤအတိုင်း အေးအေးဆေးဆေး သွားမည်မဟုတ်ပေ။

‘တခြားလူ မကြာခင် လာကယ်လိမ့်မယ်’ ဆိုသည်မှာ......

အိမ်အိုကြီးဖြစ်သော်လည်း လူမိုက်များ မကြာခဏ လာတတ်သည့်နေရာဖြစ်၍ စိတ်အေးအေးထားဟု ဆိုလိုခြင်းဖြစ်ပေလိမ့်မည်။

‘နေပါဦး၊ ဒါက ပိုအန္တရာယ်များတာ မဟုတ်ဘူးလား။’

ကြောက်စိတ်ဝင်လာသော ထိုလူလည်း သူ့လက်မောင်းသူ ပြန်ပွတ်သပ်လိုက်မိ၏။

ဗိုင်းကောင့် လိုတဲရှု၏ ကြိုးဖြေပေးပါဟု ငိုယိုအော်ဟစ်သံများက နားထဲသို့ တရစပ် ရိုက်ခတ်နေသည်။

သို့သော် ထိုလူက ဗိုင်းကောင့်ကို ချက်ချင်း မကယ်တင်ခဲ့ပေ။

သူက မားကီးစ် ကားလ်ရှိရာသို့သာ တန်းတန်းမတ်မတ် သွားခဲ့သည်။

“မားကီးစ်။ ဗိုင်းကောင့် လိုတဲရှုက ဘာနဲ့ လေဒီ ရက်ရှ်တာကို ခြိမ်းခြောက်အကျပ်ကိုင်နေမှန်း သိခဲ့ပါပြီ။”

မားကီးစ် ကားလ်က ထိုလူကို အခန်းထဲသို့ အမြန်ဝင်ခိုင်းခဲ့သည်။

“မြန်မြန်ပြောစမ်း။”

ထိုလူက မိမိမြင်ခဲ့ ကြားခဲ့သမျှကို အကုန် ဖွင့်ဟပြောပြလေ၏။

ရက်ရှ်တာ၏ လျှို့ဝှက်ချက်ကို ကြားလိုက်ရသော မားကီးစ် ကားလ်လည်း အံ့အားသင့်လွန်းသဖြင့် မျက်လုံးပြူးသွားရသည်။

ဧကရာဇ်၏ အတွင်းရေးမှူးအချို့က ရက်ရှ်တာကို ကျွန်ပြေးဖြစ်ကြောင်း သိထား၊ ယုံကြည်ထားကြပြီး မားကီးစ် ကားလ်သည်လည်း တစ်ဦးအပါအဝင် ဖြစ်၏။

ထို့ကြောင့် ရက်ရှ်တာ တကယ့် ကျွန်ပြေးဖြစ်နေသည်ဟူသော အချက်က သူ့ကို သိပ်မအံ့သြစေခဲ့ပေ။

ဤကိစ္စက ဧကရာဇ် ဆိုဗီရ်ရှု ကိုယ်တိုင် နှုတ်ပိတ်မိန့်ချထားသော ကိစ္စဖြစ်သဖြင့် ဗိုင်းကောင့် လိုတဲရှု အနေနှင့်လည်း စကားကို လက်လွတ်စပယ် လျှောက်ပြော၍မရသည့် အနေအထားပင်။

သို့သော် ကလေးရှိနေသည်ဆိုခြင်းကမူ.....

“ဒုက္ခပါပဲ။”

မားကီးစ် ကားလ်တစ်ယောက် စိုးရိမ်တကြီးဖြင့် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိသည်။

“ဘယ်လိုလုပ်ရမလဲခင်ဗျ။”

လက်အောက်ငယ်သားက သတိထားပြီး မေးလာသော်လည်း အလွယ်တကူ ပြန်ဖြေနိုင်သော ပြဿနာမဟုတ်ပေ။

“ဖြစ်ချင်တော့ အရှင်ဧကရာဇ်ကလည်း နန်းတော်မှာ ရှိမနေဘူး။”

မားကီးစ် ကားလ်က ပြတင်းပေါက်အပြင်ဘက်ကိုကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။

ထို့နောက်တွင် နာရီဝက်ခန့် ဆက်လက်စဉ်းစားပြီးနောက် စားပွဲတွင်ထိုင်ကာ ဧကရာဇ်ထံ တင်ပြမည့်စာကို ရေးခဲ့၏။

ထို့နောက် အခြားသော လက်အောက်ငယ်သားတစ်ဦးကို ခေါ်ယူကာ ညွှန်ကြားလိုက်သည်။

“အရှင်ဧကရာဇ် ဂရင်းရမ်ဘဲလ်ကို ကြွချီနေတယ်။ တရားဝင်ကြွချီတာမို့လို့ နေရာရှာဖို့ မခက်ဘူး။ အခုချက်ချင်း အရှင်ဧကရာဇ်ဆီ သွားပြီး ဒီတံဆိပ်ပြားနဲ့ စာကို ပေးလိုက်။”

“ဟုတ်ကဲ့။”

လက်အောက်ငယ်သား စာနှင့် တံဆိပ်ပြားကို ယူဆောင်သွားတော့ မားကီးစ် ကားလ်လည်း ကုလားထိုင်ပေါ်သို့ ပစ်ထိုင်ကာ အားမရှိစွာ ရယ်လိုက်မိသည်။

“ကလေးတဲ့လား......”

~~~~

“ဒါဆို နဂိုကတည်းကလည်း မှော်ဆရာအရေအတွက် လျော့နည်းနေခဲ့တာလား။”

“ဟုတ်ကဲ့။ မှော်ဆရာ လျော့နည်းလာတဲ့ဖြစ်စဉ်က နှစ် ၂၀ နီးပါး ဆက်တိုက် ဖြစ်နေတဲ့ ဖြစ်စဉ်ပါ။ ပြဿနာက မကြာသေးခင် နှစ်ပိုင်းအတွင်းမှာ အဲ့ဒီဖြစ်စဉ်က တအားကို မြန်ဆန်လာတာပါပဲ။”

“အကြောင်းရင်းကရော။”

“အကြောင်းရင်းကိုသိဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေပါတယ်။”

သန်းခေါင်ယံအချိန်ပင်။

ဆိုဗီရ်ရှုက မှော်ပညာဝန်ကြီးဌာန အကြီးအကဲနှင့် ဆွေးနွေးခဲ့သည်များကို ပြန်တွေးရင်း ဆိုဖာနောက်မှီတွင် ကိုယ်ကို မှီချလိုက်သည်။

သူက လက်တင်ပေါ်တွင် တံတောင်ဆစ်တင်ကာ မေးထောက်ထားရင်း ဤကိစ္စ၏ အကျိုးသက်ရောက်မှုများကို တွေးတောနေ၏။

နဂိုကတည်းကပင် အဖိုးတန်လှသော မှော်ဆရာအရေအတွက်က ပို၍လျော့နည်းလာနေသတဲ့......

မှော်ဆရာများကို ဖယ်လိုက်သည့်တိုင် အရှေ့အင်ပါယာ၏ တိုင်းပြည်အင်အားက တောင့်တင်းပြီး စစ်တပ်ကလည်း အင်အားအကြီးဆုံးပင်။

သို့သော် မှော်ဆရာ ရှိခြင်းနှင့် မရှိခြင်းက ကွာခြားချက် ကြီးမားလှသည်။

မှော်ဆရာများ ရှိခြင်းကြောင့်သာ အရှေ့အင်ပါယာက အခြားတိုင်းပြည်များ မယှဉ်နိုင်သော တိုင်းပြည်အင်အားကို ကြွားဝါနိုင်ခြင်းဖြစ်၏။

သို့သော် မှော်ဆရာများ ကွယ်ပျောက်ကုန်မည်ဆိုပါလျှင်။

ကျိန်းသေပေါက် ဤအခွင့်အရေးကို အသုံးချပြီး အရှေ့အင်ပါယာနှင့် ယှဉ်ပြိုင်လိုသော တိုင်းပြည်များ ပေါ်လာပေလိမ့်မည်။

“စစ်တပ်ကို ပြန်လည်ပြင်ဆင်နေရာချပြီး ဘတ်ဂျက်ကို တိုးမြှင့်ရမယ်။”

ဆိုဗီရ်ရှုက တီးတိုးရေရွတ်ရင်း ဆုံးဖြတ်ချက်ချပြီးသည်နှင့် ချက်ချင်းပင် စက္ကူကိုထုတ်ကာ မှူးမတ်များထံပေးမည့် အမိန့်စာကို စတင်ရေးသားတော့သည်။

သို့သော် အမိန့်စာ တစ်ဝက်ခန့်ရေးပြီးချိန်တွင်။

အပြင်ဘက်မှ အပါးတော်မြဲက ဆိုဗီရ်ရှုကို ခေါ်ပြီး မားကီးစ် ကားလ်၏ လက်အောက်ငယ်သား ရောက်ရှိလာကြောင်း အစီရင်ခံခဲ့သည်။

‘မားကီးစ် ကားလ်။’

ဆိုဗီရ်ရှု ထူးဆန်းသလို ခံစားရသော်လည်း ထိုသူကို ဝင်လာခိုင်းရန် အမိန့်ပေးလိုက်သည်။

ကွင်းဆင်းစစ်ဆေးနေသော မိမိထံသို့ လူလွှတ်သည်အထိဆိုလျှင် ကျိန်းသေပေါက် အလွန်အရေးကြီးသော ကိစ္စရှိ၍ဖြစ်ပေမည်။

အခန်းထဲသို့ဝင်လာသော လက်အောက်ငယ်သားတွင် ပင်ပန်းနွမ်းနယ်နေသော မျက်နှာရှိနေ၏။

မြင်းကို ဒုန်းစိုင်းနှင်လာပုံခဲ့ပုံပင်။

“ဘာကိစ္စလဲ။”

တကယ်ပဲ ဘယ်လိုကိစ္စမျိုးကြောင့် ဤမျှအထိ အလျင်စလို လာခဲ့ရသနည်း။

ဆိုဗီရ်ရှု သိချင်စိတ်ဖြင့် နှုတ်ဆက်စကားများကိုကျော်ကာ မေးလိုက်သည်။

လက်အောက်ငယ်သားက ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ မားကီးစ် ကားလ် ပေးလိုက်သော တံဆိပ်ပြားနှင့် စာကို ကမ်းပေးခဲ့လေ၏။

“မားကီးစ် ကားလ်က ဒါကို အရှင်ဧကရာဇ်ထံ တစ်ဆင့်ပေးခိုင်းလိုက်ပါတယ်။”

“စာလား။”

ဆိုဗီရ်ရှုလည်း စာကိုယူကာ စာအိတ်ကို ဖွင့်လိုက်သည်။

“......”

ဆိုဗီရ်ရှု၏ မျက်လုံးများ စာကို အပေါ်ယံ အမြန်ဖတ်ရှုသွားသည်။

သို့သော် တစ်နေရာအရောက်တွင် ရုတ်တရက် ရပ်တန့်သွား၏။

အလုပ်လုပ်နေရင်း ရပ်သွားသော သစ်သားရုပ်သေးလိုပင်။

စာလာပို့သော လက်အောက်ငယ်သားလည်း စိုးရိမ်တကြီးဖြင့် ဆိုဗီရ်ရှုကို အကဲခတ်နေမိသည်။

တစ်ခုခု ဖြစ်လို့များလား။

ဆိုဗီရ်ရှု၏ မျက်နှာက တဖြည်းဖြည်း မှောင်ကျလာသဖြင့် ထိုလူလည်း ပို၍ပင် နေရခက်လာသည်။

အတော်ကြာအောင် ထိုအတိုင်း ငြိမ်နေပြီးမှ ဆိုဗီရ်ရှုက စာကို တစ်ဝက်ခေါက်လိုက်ရင်း အမိန့်ပေးလာ၏။

“အရင်ဆုံး ဗိုင်းကောင့် လိုတဲရှုကို ကယ်ထုတ်ပြီး ခိုရှာရ်ကို အိမ်မှာပဲ အကျယ်ချုပ် ချုပ်ထားလိုက်။”

လက်အောက်ငယ်သားလည်း ထိတ်လန့်တကြားဖြင့် ဆိုဗီရ်ရှုကို မော့ကြည့်လိုက်မိသည်။

ဤလက်အောက်ငယ်သားက အိမ်အိုကြီးထဲတွင် မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သည်ကို မသိရှိထားသဖြင့် ဧကရီ၏ အစ်ကိုဖြစ်သူကို အကျယ်ချုပ် ချုပ်ခိုင်းသော ဆိုဗီရ်ရှု၏ အမိန့်က အလွန်ပင် အံ့သြစရာကောင်းနေ၏။

သို့သော် သူက ဧကရာဇ်ကို ပြန်လည်အကြံပြုနိုင်သော အဆင့်အတန်း မဟုတ်ပေ။

“ဟုတ်ကဲ့။”

ကိုယ်ကိုညွှတ်ကာ ဂါရဝပြုပြီး လက်အောက်ငယ်သားလည်း အပြင်သို့ အမြန် ထွက်သွားလေတော့သည်။

~~~~

နန်းတော်သို့ သွားမည်ဟုပြောပြီး ထွက်သွားသော ဖခင်ဖြစ်သူ ပြန်မလာခဲ့ပေ။

အစပိုင်းတွင် ဘာမှမတွေးဘဲ ကလေးကိုကြည့်ရင်း နေခဲ့သော အာလန်တစ်ယောက် တစ်နေ့လုံး ကုန်ဆုံးသွားသည့်တိုင် ဖခင်က ပြန်မရောက်လာသဖြင့် တဖြည်းဖြည်း စိုးရိမ်လာမိသည်။

ဗိုင်းကောင့် လိုတဲရှုက နန်းတော်သို့ သွားပြီးလျှင် အခြားနေရာသို့ လုံးဝ မသွားဘဲ ပြန်လာတတ်သူပင်။

သို့သော် ယခုအချိန်အထိ ပြန်မလာသေးပုံထောက်လျှင်......

‘တစ်ခုခု ဖြစ်နေတာလား။’

အာလန် စိုးရိမ်စိတ်ဖြင့် နောက်ဆုံးတွင် အကောင်းဆုံး အဝတ်အစားများကို ဝတ်ဆင်ကာ နန်းတော်သို့သွားရန် ပြင်ဆင်လိုက်သည်။

ဖခင် နန်းတော်တွင်တွေ့မည့်သူက မည်သူဖြစ်မည်မှန်း သိထားပြီးသားပင်။

ရက်ရှ်တာ။

သူ့ထံ သွားရောက်ပြီး ဖခင်အကြောင်းကို မေးမြန်းကြည့်ရန် စိတ်ကူးလိုက်ခြင်း ဖြစ်သည်။

ကျိန်းသေပေါက် ထိုစိတ်ကူး၏နောက်ကွယ်တွင် ရက်ရှ်တာနှင့် နောက်တစ်ကြိမ် ထပ်တွေ့လိုသောစိတ်လည်း ပါဝင်နေ၏။

အိမ်မှ မထွက်ခွာမီ။

အာလန်က ခေတ္တ တုံ့ဆိုင်းနေပြီးမှ ကလေး၏ ဆံပင်အဖျားလေးကို အနည်းငယ် ညှပ်ယူလိုက်သည်။

ရက်ရှ်တာကို ပေးရန်အတွက်ပင်။

ဆံပင်လေးများကို နူးညံ့သော အဝတ်စလေးဖြင့် သေချာထုပ်ကာ ရင်ခွင်ထဲ ထည့်လိုက်ပြီး အာလန်က ခုန်လှုပ်နေသော ရင်အစုံဖြင့် နန်းတော်အတွင်းသို့ ဝင်ရောက်ခဲ့၏။

နန်းတော်တွင် ဝင်ထွက်ရန် လွယ်ကူသောနေရာနှင့် မလွယ်ကူသော နေရာဟူ၍ ခွဲခြားထားသည်။

အာလန်က ဝင်ထွက်ရ လွယ်ကူသောနေရာသို့ ဝင်ရောက်သွားပြီးနောက် ရက်ရှ်တာနှင့် တွေ့ဆုံလိုကြောင်း တင်ပြကာ ဥယျာဉ်ထဲတွင် စိုးရိမ်တကြီး လမ်းလျှောက်ရင်း စောင့်ဆိုင်းနေ၏။

ခဏအကြာတွင် အစေခံမိန်းကလေးတစ်ဦး ထွက်လာကာ အာလန်ကို တစ်နေရာသို့ လမ်းပြခေါ်ဆောင်သွားသည်။

အစေခံမိန်းကလေး ခေါ်သွားသောနေရာက တိတ်ဆိတ်ငြိမ်သက်နေသော ဥယျာဉ်အတွင်းပိုင်းပင်။

နန်းတော်၏ မြေပုံကိုမသိသော အာလန်က ထိုနေရာကို မည်သည့်နေရာမှန်း မသိသော်လည်း ရက်ရှ်တာ နေထိုင်သည့်နေရာ မဟုတ်သည်မှာတော့ သေချာ၏။

အစေခံမိန်းကလေး ထွက်သွားသည်နှင့် လူချင်းလဲလိုက်သလို ရက်ရှ်တာ ပေါ်လာသည်။

အာလန်က ရက်ရှ်တာကို မြင်မြင်ချင်း အလိုလိုပင် ပြုံးလိုက်မိသော်လည်း ရက်ရှ်တာ၏ မျက်နှာကမူ ခက်ထန်နေ၏။

“ဘာကိစ္စလဲ။”

ရက်ရှ်တာက သေးငယ်သော်လည်း အေးစက်စူးရှသောအသံဖြင့် အာလန်၏ အရှေ့ ငါးလှမ်းအကွာမှ လှမ်းမေးခဲ့သည်။

အာလန်က ရက်ရှ်တာ၏ ကြောက်စရာကောင်းသော မျက်နှာကြောင့် တွန့်သွားသော်လည်း မကြာမီ တုံ့ဆိုင်းစွာဖြင့် ရင်ခွင်ထဲမှ ယူလာသော အဝတ်စလေးကို ကမ်းပေးခဲ့၏။

“ဘာလဲ။”

“ပေးချင်လို့......”

“ဒါက ဘာလဲလို့။”

“ဆံပင်လေးတွေ။”

“နောက်နေတာလား။”

“အာန်ရဲ့ ဆံပင်လေး။”

ရက်ရှ်တာက အာလန် ကမ်းပေးထားသော လက်ကို ဖြတ်ခနဲ ပုတ်ချလိုက်သည်။

အဝတ်စလေးက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွား၏။

သေချာထုပ်ထားသော အဝတ်စလေး ပွင့်သွားတော့ အတွင်းမှ ရက်ရှ်တာနှင့် တစ်ထေရာတည်းတူသော ငွေရောင်ဆံပင်လေးအချို့ ပေါ်ထွက်လာသည်။

“အာ...... တောင်းပန်ပါတယ်။ ဝမ်းသာသွားမယ်ထင်လို့......”

“အဲ့ဒီကလေးက ရှင့်ကလေးလေ၊ ရက်ရှ်တာ့ ကလေးမှ မဟုတ်တာ။ ရက်ရှ်တာက ဘာလို့ ဝမ်းသာရမှာလဲ။”

“ဟုတ်ပါရဲ့။ အင်း။ တောင်းပန်ပါတယ်။”

အာလန်က အနည်းငယ် စိတ်ပျက်သွားသော်လည်း အလျင်အမြန်ပင် ပြန်တောင်းပန်ခဲ့သည်။

အာန်အတွက် မြို့တော်တွင် အိမ်ကြီးအိမ်ကောင်းအထိ ပြင်ဆင်ပေးထားသော ရက်ရှ်တာက ထိုစကားကို စိတ်ရင်းဖြင့်ပြောနေသည်ဟု မထင်သောကြောင့်ပင်။

“ဒီလို အရေးမပါတဲ့အရာမျိုး လာပေးဖို့ ပေါ်လာတာလား။”

ရက်ရှ်တာက အထစ်ထစ်အငေါ့ငေါ့ဖြစ်နေသော အာလန်ကိုကြည့်ရင်း စိတ်ပျက်သလို မေးလိုက်သည်။

အာလန်၏ ရည်ရွယ်ချက်က မည်သို့ပင်ဖြစ်စေ၊ ရက်ရှ်တာအတွက်မူ အာလန် မျက်စိရှေ့သို့ ပေါ်လာခြင်းကိုက ခြိမ်းခြောက်မှုတစ်ခုလို ခံစားနေရ၏။

ကျိန်းသေပေါက် အကောင်းမြင်နိုင်စရာမရှိပေ။

အာလန်က “အာ” ဟု ရုတ်တရက် သတိရသွားကာ မိမိ ဤနေရာသို့လာရသည့် ရည်ရွယ်ချက်အစစ်အမှန်ကို ပြောပြလိုက်သည်။

“မနေ့က အဖေ့နဲ့ တွေ့ခဲ့သေးလား။”

“အဖေ။ ဗိုင်းကောင့် လိုတဲရှုလား။”

ရက်ရှ်တာက မျက်မှောင်ကြုတ်ရင်း “ဟင့်အင်း” ဟု ပြန်ဖြေလာသည်။

“မလာဘူးလား။”

“ဘာဖြစ်လို့လဲ။”

“မင်းကို တွေ့ဖို့သွားမယ်လို့ပြောပြီး ထွက်သွားတာ တစ်နေ့လုံး အဆက်အသွယ် မရတော့လို့......”

အာလန်က စကားကို အဆုံးမသတ်ဘဲ အားမရှိစွာ ထွက်ခွာသွားခဲ့သည်။

ရက်ရှ်တာက အစေခံမိန်းကလေးကိုခေါ်ကာ အာလန်ကို ပြန်ပို့ခိုင်းလိုက်ပြီးနောက် တစ်ယောက်တည်း ကျန်ရစ်ခဲ့ချိန်တွင် စိုးရိမ်တကြီး နှုတ်ခမ်းကို ကိုက်နေမိ၏။

ဗိုင်းကောင့် လိုတဲရှုက ဒီဘက်ကိုလာရင်း ပျောက်သွားတယ်တဲ့လား။

အခြားအချိန်ဆိုလျှင် စိတ်ပြောင်းသွားလို့နေမှာပါဟု တွေးမိမည် ဖြစ်သော်လည်း မကြာသေးမီက ဆိုဗီရ်ရှု ပြောပြခဲ့သော စကားကို သတိရသွားမိသည်။

‘တစ်စုံတစ်ယောက်’ က ဗိုင်းကောင့် လိုတဲရှုကို နောက်ယောင်ခံလိုက်နေသည်ဟု ဆို၏။

ထိုကိစ္စနှင့် ပတ်သက်နေမည်လား။

သို့သော် ယခုအချိန်တွင် ဆိုဗီရ်ရှု မရှိသဖြင့် ဤကိစ္စကို အကြောင်းကြားရန်လည်း မဖြစ်နိုင်ပေ။

ရက်ရှ်တာ စိတ်ထဲမှကျိန်ဆဲရင်း ထိုနေရာမှ ထွက်ခွာရန် ပြင်လိုက်စဉ် ရုတ်တရက် အာလန် ချန်ထားခဲ့သော အဝတ်စနှင့် ဆံပင်ကို တွေ့သွားပြီး ရပ်တန့်သွားသည်။

“......”

ရက်ရှ်တာက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက် လက်ကိုဆန့်ကာ အဝတ်စနှင့် ဆံပင်ကို ကောက်ယူလိုက်၏။

ဆံပင်အရောင်က တကယ် သူနှင့် တစ်ရောင်တည်းပင်။

သို့သော် ပို၍နူးညံ့နေသဖြင့် ကလေးငယ်၏ဆံပင်ဖြစ်ကြောင်း သိသာလှ၏။

ရက်ရှ်တာတစ်ယောက် တုန်ရီနေသော မျက်ဝန်းများဖြင့် ဆံပင်လေးကို ကြည့်နေမိရာမှ နောက်ဆုံးတွင် အဝတ်စဖြင့် ပြန်လိပ်ကာ အခန်းထဲသို့ ယူဆောင်သွားတော့သည်။

~~~~

ထိုနေ့ညတွင်။

ဆိုဗီရ်ရှု၏ အမိန့်ကို လက်ခံရရှိထားသော လက်အောက်ငယ်သား မြို့တော်သို့ ရောက်ရှိလာသည်။

လက်အောက်ငယ်သားက မားကီးစ် ကားလ်ထံ ဧကရာဇ်၏ အမိန့်ကို တင်ပြခဲ့ပြီး၊ မားကီးစ် ကားလ်က လက်အောက်ငယ်သားများကို စေလွှတ်ကာ အိမ်အိုကြီးတွင် ပစ်ထားခံရဆဲဖြစ်သော ဗိုင်းကောင့် လိုတဲရှုကို ကယ်ထုတ်ရန် ညွှန်ကြားလိုက်၏။

သို့သော် ခိုရှာရ်ကို နေအိမ်တွင် အကျယ်ချုပ် ချုပ်နှောင်ထားရန်အတွက်မူ ဧကရာဇ်၏ ကိုယ်ရံတော်စစ်သည်များအား တာဝန်ပေးအပ်လိုက်သည်။

အင်အားသုံး၍ ခိုရှာရ်ကို ဖမ်းဆီးရန် ခက်ခဲလှသဖြင့် ဧကရာဇ်၏ အမိန့်တော်ကို အသုံးချမှဖြစ်ပေမည်။

ထိုသို့ဖြင့် ဧကရာဇ်၏ ကိုယ်ရံတော်တပ်ဖွဲ့ ခိုရှာရ်ကို ဖမ်းဆီးရန်အတွက် ထရိုဗီ အိမ်တော်သို့ ရောက်ရှိလာချိန်က။

ခိုရှာရ် သူငယ်ချင်းဖြစ်သူ ဖာရ်အန်း မားကီးစ်အား မိမိ မြင်ခဲ့ ကြားခဲ့ရသမျှကို ပြောပြနေချိန်ဖြစ်သည်။

ဖာရ်အန်း မားကီးစ်က အံ့သြတကြီးရေရွတ်ရင်း ခိုရှာရ်၏ စကားများကို နားထောင်နေစဉ် အပြင်ဘက်တွင် ဆူညံသံများ ကြားလိုက်ရသဖြင့် စကားကိုဖြတ်ကာ အခန်းအပြင်သို့ ထွက်ကြည့်ခဲ့၏။

လှေကားလက်ရန်းကိုမှီရင်း သူက အောက်ထပ်တွင် ဖြစ်ပျက်နေသော အခြေအနေကို အမြန်အကဲခတ်လိုက်သည်။

ကိုယ်ရံတော် စစ်သည်များက ထရိုဗီ မြို့စားကတော်ကြီးအား ခိုရှာရ်ကို အိမ်တော်အတွင်း၌ အကျယ်ချုပ် ချုပ်ထားရန် ဧကရာဇ်၏ အမိန့်တော် ရှိကြောင်း ပြောဆိုကာ ခွင့်တောင်းနေကြခြင်းပင်။

ဖာရ်အန်း မားကီးစ်လည်း ကိစ္စများ မည်သို့ဖြစ်ပျက်နေသည်ကို ချက်ချင်းပင် ရိပ်မိသွားတော့သည်။

သူက အမြန်ပင် ခိုရှာရ်၏ အခန်းထဲသို့ ပြန်ဝင်လာပြီးနောက် ခိုရှာရ်ကို ပြောလိုက်၏။

“အခု အရှင်ဧကရာဇ်ရဲ့ ကိုယ်ရံတော်စစ်သည်တွေ ရောက်နေပြီ။ မင်းကို အိမ်မှာပဲ အကျယ်ချုပ် ချုပ်ထားဖို့ အရှင်ဧကရာဇ်က အမိန့်ပေးလိုက်တယ်တဲ့။”

“ဟား။”

“ကြည့်ရတာ အရှင်ဧကရာဇ်က မင်း ဗိုင်းကောင့် လိုတဲရှုကို ခြိမ်းခြောက်ခဲ့တာတွေ သိသွားပြီး စကားမထွက်အောင် ပိတ်လိုက်တဲ့ပုံပဲ။”

လှေကားမှ တက်လာသော ခြေသံများက နီးကပ်လာပေပြီ။

“ငါ ဒီကိုလာတာ ဘယ်သူမှ မသိစေနဲ့။ ဧကရီ အရှင်မဆီသွားပြီး ဒီသတင်းကို သွားပြောလိုက်မယ်။”

ဖာရ်အန်း မားကီးစ်က ထပ်မံ ရှင်းပြနေခြင်းကို ရပ်လိုက်ကာ ပြတင်းပေါက်ကို အမြန်ဖွင့်ပြီး အပြင်ဘက်သို့ ခုန်ချထွက်ခွာသွားတော့သည်။

~~~~

“ဧကရီ အရှင်မ။”

ခါ့ဖ်မန်း မင်းသားကြီး ပေးသွားသော လွီပ်(ထ်)၏ စာအုပ်များထဲမှ နောက်ဆုံးတွဲကို ဖတ်နေချိန်ပင်။

နယ်စားကတော် အယ်လီဇာက ပုံမှန်ထက်ပို၍ လေးနက်သောပုံစံဖြင့် ချဉ်းကပ်လာကာ တိုးတိုးလေး ကပ်ပြောလေသည်။

“ဖာရ်အန်း မားကီးစ် ရောက်လာပါတယ်။”

“ဒီအချိန်ကြီးမှလား။”

အလိုလိုပင် နာရီကို ကြည့်မိသွားသည်။

အချိန်က အတော်လင့်နေပေပြီ။

‘တစ်ခုခု ဖြစ်လို့ထင်တယ်။’

သို့သော် ဤအချိန်ကြီးတွင် ဖာရ်အန်း မားကီးစ်က မိမိကို လာတွေ့သည်ဆိုလျှင် ကျိန်းသေပေါက် အလွန်အရေးကြီးသောကိစ္စ ရှိပေလိမ့်မည်။

“ဝင်ခိုင်းလိုက်ပါ။”

ကျွန်မ စာအုပ်ကိုပိတ်ကာ ပြတင်းပေါက်နားတွင် ထားခဲ့ပြီးနောက် ဧည့်ခန်းသို့ ထွက်လာခဲ့သည်။

ခဏအကြာတွင် ဆန့်ကျင်ဘက် စင်္ကြံဘက်မှ တံခါးပွင့်လာကာ ဖာရ်အန်း မားကီးစ်က တည်ကြည်လေးနက်သောမျက်နှာဖြင့် ဝင်လာလေ၏။

~~~~

Miel’s Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment