no

Font
Theme

အပိုင်း ၇၃ (မင်းက ဧကရီမို့လို့)

ဆိုဗီရ်ရှုက တစ်ချက် ယိမ်းထိုးသွားသော်လည်း လဲကျမသွားဘဲ အဟုန်ကို အသုံးချကာ ခါ့ဖ်မန်း မင်းသားကြီးကို ပြန်လည်ထိုးနှက်ခဲ့သည်။

ခါ့ဖ်မန်း မင်းသားကြီးက လက်ဖြင့် ပြန်ကာလိုက်သော်လည်း မျက်မှောင်ကြုတ်သွား၏။

လက်သီးကို ကာကွယ်လိုက်ရင်း လက်ချောင်းနှစ်ချောင်း အနောက်သို့ လန်ထွက်သွားသည့်ပုံပင်။

“တော်ကြပါတော့။”

ကျွန်မ ထိတ်လန့်တကြားဖြင့် သူတို့နှစ်ဦးကြားထဲ ဝင်ရပ်လိုက်သည်။

ဆိုဗီရ်ရှုက ဓားရေးကျွမ်းကျင်ရုံသာမက အခြေခံကိုယ်ခံပညာတွင်လည်း အဘက်ဘက်မှ ကျွမ်းကျင်သူပင်။

ဧကရာဇ်နေရာတွင် ရှိနေသောကြောင့် ကိုယ်တိုင်ကိုယ်ကျ ပါဝင်တိုက်ခိုက်ရသည့်ကိစ္စမျိုး ရှားပါးရုံသာ။

တစ်ဖက်တွင် ခါ့ဖ်မန်း မင်းသားကြီးက မည်မျှပင် ကိုယ်လက်လှုပ်ရှားမှု၌ ကျွမ်းကျင်သည်ဆိုစေကာမူ သုတေသနလုပ်ငန်းများအတွက် အချိန်ပိုပေးရသည့် မှော်ဆရာတစ်ဦးသာဖြစ်ပေသည်။

လက်သီးချင်းယှဉ်ထိုးကြမည်ဆိုလျှင် မည်သူနိုင်မည်က အထင်အရှားပင်။

ဟင့်အင်း၊ မည်သူပင်နိုင်ပါစေ ပြဿနာဖြစ်မည်သာ။

တော်သေး၍ ဆိုဗီရ်ရှုနှင့် ခါ့ဖ်မန်း မင်းသားကြီးတို့က တစ်ဦးကိုတစ်ဦး စိုက်ကြည့်ရင်း အသာတကြည်ပင် နောက်ဆုတ်သွားကြသည်။

“အရှင်ဧကရာဇ်။”

“ဖမ်းလိုက်။”

“အား”

ခေတ္တ ငြိမ်ကျသွားသော အခြေအနေက ရုတ်ရုတ်သဲသဲ ပြန်ဖြစ်လာသည်။

အဝေးမှ ကြည့်နေကြသော အစေခံများနှင့် စစ်သည်တော်များက တစ်ပြိုင်နက်တည်း ပြေးဝင်လာကြ၏။

အချို့က ဆိုဗီရ်ရှုအနားသို့ ချဉ်းကပ်သွားကြပြီး အချို့ကမူ ခါ့ဖ်မန်း မင်းသားကြီးကို ကြမ်းတမ်းစွာ ဝိုင်းရံထားလိုက်ကြသည်။

သူ့အား ဝိုင်းထားသော စစ်သည်တော်များက ဓားများကို ဆွဲထုတ်ကာ ချိန်ရွယ်ခဲ့ကြ၏။

ဓားသွားများအလယ်တွင် ရပ်နေရသော်လည်း ခါ့ဖ်မန်း မင်းသားကြီးက တည်ငြိမ်စွာဖြင့် ဆိုဗီရ်ရှုကို စိုက်ကြည့်နေဆဲပင်။

“ဓားတွေကို ချလိုက်စမ်း။”

ကျွန်မ စစ်သည်တော်များကို အမိန့်ပေးလိုက်သော်လည်း သူတို့က ကျွန်မစကားကို နားမထောင်ကြချေ။

“ချလိုက်လို့ ပြောနေတယ်လေ။”

ထပ်မံအော်ပြောလိုက်မှသာ ဆိုဗီရ်ရှု၏ မျက်နှာရိပ်မျက်နှာကဲကို တစ်ချက် အကဲခတ်ကြလေသည်။

သူတို့၏ ပထမဦးစားပေးက ဧကရာဇ်၏ ဘေးကင်းလုံခြုံရေး ဖြစ်သဖြင့် ထိုသို့ပြုမူခြင်းမှာ သဘာဝကျ၏။

“ချလိုက်။”

ဆိုဗီရ်ရှု လေသံတိုးတိုးဖြင့် အမိန့်ပေးလိုက်ပြီးသည့်နောက်တွင်မှ စစ်သည်တော်များက ဓားများကို အောက်သို့ ချလိုက်ကြသော်လည်း ဓားအိမ်ထဲတော့ ပြန်မသွင်းကြသေးပေ။

ခါ့ဖ်မန်း မင်းသားကြီးဘက်မှ အနည်းငယ်မျှ ခြိမ်းခြောက်လာသည်နှင့် တစ်ပြိုင်နက် ထိုးသတ်ရန် အသင့်အနေအထားဖြင့် တင်းမာစွာ စောင့်ကြည့်နေကြ၏။

“စိုးရိမ်စရာမလိုပါဘူး။”

ထိုကဲ့သို့ တင်းမာသော အခြေအနေမျိုး၌ပင် ခါ့ဖ်မန်း မင်းသားကြီးက အေးရာအေးကြောင်း လက်ဖဝါးကို ဖြန့်ပြလာသည်။

“ကျုပ်ရဲ့ အထူးကျွမ်းကျင်ရာက မှော်ပညာဆိုတော့ ဒီအကွာအဝေးကနေလည်း တိုက်ခိုက်လို့ရတယ်လေ။”

ထိုစကားကြောင့် စစ်သည်တော်များ ပို၍လန့်သွားကာ ခါ့ဖ်မန်း မင်းသားကြီးနှင့် အကွာအဝေးကို ပို၍ကျုံ့အောင်လုပ်ခဲ့သည်။

ထိုအခါ စစ်သည်တော်တစ်ဦး၏ ခြေထောက်အောက်မှ လျှပ်စစ်ကဲ့သို့ တဖျပ်ဖျပ်နှင့် အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာ၏။

စစ်သည်တော်လည်း လန့်ဖျပ်ပြီး နောက်ဆုတ်သွားရာမှ ပက်လက်လန်လဲကျသွားသည်။

အခြားစစ်သည်တော်များကလည်း လန့်ဖျပ်ကာ ဓားများကို မြှောက်လိုက်ကြပြန်၏။

ခါ့ဖ်မန်း မင်းသားကြီးက အေးစက်သောအကြည့်ဖြင့် သူတို့ကို စိုက်ကြည့်ရင်း လက်တစ်ဖက်ကို လက်သီးဆုပ်လိုက် ဖြန့်လိုက် အကြိမ်ကြိမ်လုပ်နေသည်။

သူ လက်သီးဆုပ်လိုက် ဖြန့်လိုက် လုပ်နေသည့်အပေါ်တွင် စူးရှသော အဖြူရောင် အလင်းတန်းများက ဝီဝီဟူသော အသံနှင့်အတူ ဝေ့ဝဲနေ၏။

ခါ့ဖ်မန်း မင်းသားကြီး၏ အထူးပြုမှော်ပညာက လျှပ်စစ်ဓာတ် ဖြစ်သည့်ပုံပင်။

ခြိမ်းခြောက်နိုင်သော ထိုအသံနှင့် ပုံရိပ်ကြောင့် စစ်သည်တော်များလည်း ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်ကုန်ကြတော့သည်။

အသက်ကိုစွန့်ပြီး တိုက်ခိုက်ရန်မှာလည်း တစ်ဖက်လူ၏ အဆင့်အတန်းက စိုးရိမ်စရာဖြစ်နေသည်မဟုတ်ပါလား။

“ချထားလို့ပြောနေတယ်လေ။”

ဆိုဗီရ်ရှုက စိတ်မရှည်သလို စုတ်တစ်ချက်သပ်ကာ လက်ကို ဝှေ့ယမ်းလိုက်မှသာ စစ်သည်တော်များလည်း တွေဝေတုံ့ဆိုင်းစွာဖြင့် ဓားများကို အောက်သို့ ပြန်ချလိုက်ကြသည်။

သို့သော် ဆိုဗီရ်ရှုကမူ ခါ့ဖ်မန်း မင်းသားကြီးကို ထိုမျှအထိ ကြောက်လန့်နေပုံမရပေ။

သူက ခါ့ဖ်မန်း မင်းသားကြီးကို စူးရှသောအကြည့်ဖြင့် ကြည့်ကာ ခနဲ့တဲ့တဲ့လေသံဖြင့် မေးခဲ့သည်။

“အခုလို ပြုမူနေပုံလောက်ရင် အနည်းဆုံး မင်းသားကြီးကတော့ ဧကရီအပေါ် ခံစားချက်ရှိနေတဲ့ပုံပါလား။”

“လူပဲ ခံစားချက်ရှိတာပေါ့။”

“ဘာ။”

“ဖောက်ပြန်ဖော်နဲ့ ရထားတဲ့ ကလေးကို ကိုယ့်အိမ်ထောင်ဖက်ဆီမှာ ကြည်ကြည်ဖြူဖြူ လက်ခံပေးဖို့ ပြောနေတာက လူ့အသိတရားနဲ့ ညီညွတ်ပါရဲ့လား။”

“ဖောက်ပြန်ဖော်၊ ဟုတ်လား။”

ဆိုဗီရ်ရှု၏ မျက်နှာထားက ခက်ထန်သွားသည်။

“ရက်ရှ်တာက တရားဝင်ချစ်သူဆိုတာ မသိဘူးလား။”

“အဲ့ဒီချစ်သူကို တရားဝင် အသိအမှတ်ပြုပေးခဲ့တာက ဧကရီအရှင်မ မဟုတ်ဘူးလေ။”

“အဟား။ ဧကန္တ လွီပ်(ထ်)ရဲ့ ဧကရာဇ်ကရော နိုင်ငံရေးအရ လက်ထပ်ထားတဲ့ အိမ်ထောင်ဖက်ဖြစ်နေရင်တောင် မိန်းမတစ်ယောက်တည်းကိုပဲ အဆုံးအထိ သစ္စာရှိရှိ ချစ်သွားလို့များလား။ အဲ့ဒါကြောင့်ဆိုရင်တော့ ဒါက ယဉ်ကျေးမှုချင်း မတူညီလို့ဆိုပြီး ကျုပ်က နားလည်ပေးရမှာပေါ့။”

ဟွာတိုက်ကြီးအကြောင်းမှာ လူသိနည်းလှသော်လည်း လူတို့၏ စိတ်ဝင်စားမှုကို လှုံ့ဆော်ပေးသော ကောလာဟလအချို့ ရှိခဲ့သည်။

ယင်းတို့အနက်တွင် ထိုနေရာမှ တော်ဝင်မိသားစုဝင်များနှင့် မှူးမတ်အနွယ်တော်များ တည်ထောင်ကြသည့် မောင်းမဆောင်စနစ်အကြောင်းလည်း ပါဝင်၏။

သူတို့က ထိုမောင်းမဆောင်အတွင်း၌ မိမိတို့စိတ်ကြိုက် ချောမောလှပသည့် အမျိုးသား၊ အမျိုးသမီးများကို စုဆောင်းထားလေ့ရှိသည်ဟု ဆိုကြသည်။

ဟွာတိုက်ကြီးနှင့် ဟုတ်တိပတ်တိ ကူးလူးဆက်ဆံဖူးခြင်း မရှိသဖြင့် အနည်းငယ် ချဲ့ကားထားသော ကောလာဟလများ ဖြစ်နိုင်သော်လည်း မောင်းမဆောင်ရှိသည်ဟူသောအချက်ကမူ အမှန်တရား ဖြစ်ပေလိမ့်မည်။

ဆိုဗီရ်ရှုက ထိုအချက်ကို သိထားသဖြင့် ထိုသို့ မေးခွန်းထုတ်လိုက်ခြင်းပင်။

ယခုတစ်ကြိမ်တွင်မူ ခါ့ဖ်မန်း မင်းသားကြီး မျက်မှောင်ကြုတ်သွား၏။

“……”

ဆိုဗီရ်ရှုက ‘ကိုယ့်မျက်ချေးကိုယ် အရင်မြင်အောင်ကြည့်ဦး’ ဟူသည့် သဘောမျိုးဖြင့် ခနဲ့တဲ့တဲ့ အပြုံးမျိုး ပြုံးခဲ့သည်။

“မင်းသားကြီးက ဘယ်လိုစိတ်မျိုးနဲ့ အခုလို လုပ်ရပ်မျိုး လုပ်ခဲ့မှန်းမသိပေမဲ့ ခံစားချက်နောက်လိုက်ပြီး ပြဿနာရှာတတ်တဲ့သူဆိုတော့ ယုံကြည်ဖို့တော့ ခက်သွားပြီ။ မင်းသားကြီးမှာလည်း ဂုဏ်သိက္ခာရှိသေးတာမို့လို့ ထောင်ထဲတော့ မထည့်တော့ဘူး။”

ဆိုဗီရ်ရှုက လှည့်ထွက်သွားရင်း အေးစက်စွာ ထပ်ပြောခဲ့သည်။

“ဒါပေမဲ့ လွီပ်(ထ်)နဲ့ ကုန်သွယ်ရေးကိစ္စကိုတော့ ပြန်စဉ်းစားရလိမ့်မယ်။”

ဆိုဗီရ်ရှု နောက်လိုက်အခြံအရံများကို ဦးဆောင်ကာ ထွက်သွားပြီးနောက် ထိုနေရာတွင် ကျွန်မ၊ ခါ့ဖ်မန်း မင်းသားကြီးနှင့် ဆာ အာရ်တီနာတို့သာ ကျန်ရစ်ခဲ့သည်။

အားနာစိတ်ဖြစ်လာသဖြင့် ခါ့ဖ်မန်း မင်းသားကြီးကို လှည့်ကြည့်လိုက်မိ၏။

သူက ဆေး၏ အာနိသင်ကြောင့် ပြုမူခဲ့မိခြင်းဖြစ်သော်လည်း ကျွန်မနှင့် ပတ်သက်နေသည့် ကိစ္စဖြစ်သဖြင့် စိတ်မကောင်း ဖြစ်မိသည်။

“မင်းသားကြီး၊ ဒီကိစ္စက……”

ကျွန်မ တောင်းပန်ရန် ပြင်လိုက်သော်လည်း ခါ့ဖ်မန်း မင်းသားကြီးက ပြတ်သားစွာပင် ပြောလာသည်။

“တောင်းပန်နေဖို့ မလိုပါဘူး။ တဒင်္ဂ ခံစားချက်ကို မထိန်းချုပ်နိုင်ခဲ့တာက ကျွန်တော့်အမှားပါ။”

~~~~

“ဘာကိစ္စရှိလို့လဲ။”

တော်ဝင်မင်းသား ဟိုင်န်ရီက သူ၏ တည်းခိုဆောင်သို့ ပြန်ရောက်သည်နှင့် ချက်ချင်း မေးလေသည်။

ထိုသို့သော အခြေအနေမျိုးတွင်မှ အခေါ်ခံရသဖြင့် မိမိကိုယ်ကိုယ် ထွက်ပြေးလာသလို ခံစားရပြီး စိတ်မကြည်ပေ။

သို့သော် အရေးကြီးကိစ္စမရှိဘဲနှင့် မက်ကန်နာက သူ့ကို ခေါ်မည်မဟုတ်ကြောင်း သိသဖြင့် အသာတကြည် လိုက်လာခဲ့ခြင်းပင်။

“အရေးပေါ် အဆက်အသွယ်ပါ။”

မက်ကန်နာက အလျင်အမြန် တံခါးကို ပိတ်လိုက်ပြီးနောက် ကော်ဖီစားပွဲအနားတွင် ရပ်နေသော တော်ဝင်မင်းသား ဟိုင်န်ရီထံသို့ ချဉ်းကပ်ကာ ရင်ဘတ်ထဲမှ စာတစ်စောင်ကို ထုတ်ပေးခဲ့သည်။

“အစ်ကိုတော်ဆီကလား။”

တော်ဝင်မင်းသား ဟိုင်န်ရီလည်း စာအိတ်ထဲမှ စာကို ထုတ်ကာ ဖြန့်ဖတ်လိုက်၏။

စာပါ အကြောင်းအရာကို အမြန်ဖတ်နေစဉ် တော်ဝင်မင်းသား၏ မျက်နှာက ပျက်ယွင်းသွားတော့သည်။

မက်ကန်နာက ဘေးမှရပ်ကာ တော်ဝင်မင်းသား၏ အခြေအနေကို စိုးရိမ်တကြီး စောင့်ကြည့်နေ၏။

မက်ကန်နာထံသို့လည်း သီးသန့် စာတစ်စောင် ရောက်ရှိထားသဖြင့် တော်ဝင်မင်းသားရရှိသည့် စာထဲတွင် မည်သည့်အကြောင်းအရာများ ပါဝင်မည်ကို ခန့်မှန်းမိပြီးသားဖြစ်သည်။

အနောက်ဘုရင့်တိုင်းပြည်၏ ဘုရင်ဖြစ်သူ တတိယမြောက် ဝေါ်တန်မှာ အခြေအနေ အလွန်စိုးရိမ်ရသဖြင့် အမြန်ပြန်လာရန်ဟူသော အကြောင်းအရာပင်။

စာကို အဆုံးအထိ ဖတ်ပြီးနောက် တော်ဝင်မင်းသား ဟိုင်န်ရီက စာကို စားပွဲပေါ်သို့ တင်လိုက်ရင်း လေးလံသော သက်ပြင်းတစ်ချက်ကို ချခဲ့သည်။

“အဆင်ပြေပါရဲ့လား။”

မက်ကန်နာက တော်ဝင်မင်းသား၏ မျက်နှာကို အကဲခတ်ရင်း မေးလိုက်သည်။

တော်ဝင်မင်းသား ဟိုင်န်ရီက ခေါင်းခါပြ၏။

အဆင်ပြေရဲ့လားဟု မေးလိုက်သော်လည်း ကြည့်ရုံနှင့်ပင် တော်ဝင်မင်းသား အဆင်မပြေကြောင်း သိသာလှသည်။

တော်ဝင်မင်းသား ဟိုင်န်ရီက စားပွဲကိုသာ စိုက်ကြည့်ရင်း ငြိမ်သက်နေသဖြင့် မက်ကန်နာလည်း တစ်ချက် အကဲခတ်ကာ စကားစလိုက်၏။

“တော်ဝင်မိသားစုရဲ့အာဏာစက်က တည်ငြိမ်ပြီး အရှင်မင်းသားနဲ့ ဒုတိယ နန်းမွေခံကြားမှာ ကွာဟချက်က အများကြီး ရှိနေတယ်ဆိုပေမဲ့……အဲ့ဒီလိုဆိုရင်တောင် အမြန်ဆုံး ပြန်သွားတာက ပိုကောင်းပါလိမ့်မယ်။”

“အဲ့ဒီလိုပဲလုပ်ရမှာပေါ့။ နောက်ဆုံးမှာတမ်းကိုလည်း နားထောင်ရဦးမှာကို။”

တော်ဝင်မင်းသား ဟိုင်န်ရီနှင့် တတိယမြောက် ဝေါ်တန်တို့က အလွန် ရင်းနှီးချစ်ခင်သော ညီအစ်ကိုများတော့ မဟုတ်ကြပေ။

သို့သော် ရာဇပလ္လင်အတွက် အသက်လုတိုက်ခိုက်ရသည့် ကြောက်စရာကောင်းသော ဆက်ဆံရေးမျိုးလည်း မဟုတ်ခဲ့။

နှစ်ဦးသားက အတော်အတန် ဘာသိဘာသာပင် နေထိုင်ခဲ့ကြသည်။

ညီအစ်ကိုဆိုသော်ငြားလည်း စရိုက်လက္ခဏာ လုံးဝ ကွဲပြားခြားနားသည့်အပြင် တော်ဝင်မင်းသား ဟိုင်န်ရီက အပြင်၌သာ အချိန်ကုန်နေတတ်သောကြောင့်ပင်။

သို့သော် မည်သို့ပင်ဖြစ်စေ သွေးချင်းနီးစပ်သည့် ညီအစ်ကိုအရင်းအချာများဖြစ်၏။

မိမိ၏ မွေးချင်းအစ်ကို သေအံ့ဆဲဆဲ ဖြစ်နေသည်ဟူသော သတင်းကြောင့် စိတ်သက်သာရာ ရနိုင်မည်မဟုတ်ပေ။

တိတ်တိတ်ပုန်းသားဖြစ်သည့်တိုင် ဝမ်းကွဲညီအစ်ကိုတော်စပ်သူ မက်ကန်နာအတွက်လည်း ထပ်တူပင်။

ဘုရင်မင်းမြတ်ကို အစ်ကိုတော်ဟု ​ပေါ်တင်မခေါ်နိုင်သည့် အခြေအနေမျိုး ဖြစ်သော်လည်း ရင်ထဲတွင်မူ ဆို့နင့်နေမိသည်။

“အရှင်မင်းသား……”

“အကြောင်းကိစ္စအမျိုးမျိုး​နဲ့ ခေါင်းကို ကိုက်နေတာပဲ။”

တော်ဝင်မင်းသား ဟိုင်န်ရီက ကုလားထိုင်ကိုဆွဲကာ ထိုင်လိုက်ပြီး စားပွဲပေါ်သို့ ခေါင်းမှောက်ချခဲ့သည်။

“ဧကရာဇ် ဆိုဗီရ်ရှုကို ပြန်တော့မယ်ဆိုတဲ့အကြောင်း အသိပေးလိုက်ရတော့မလား။”

“အသိပေးရမှာပေါ့။”

“ဟို……”

“ပြော။”

“အရှင်မင်းသားရဲ့ ‘စာဖလှယ်ဖော်’ ဖြစ်တဲ့ အဲ့ဒီပုဂ္ဂိုလ်ကိုရော……”

“……မက်ကန်နာ။”

“ဟုတ်ကဲ့၊ အရှင်မင်းသား။”

ခေါင်းကို အနည်းငယ် မော့လာသော တော်ဝင်မင်းသား ဟိုင်န်ရီက လေဟာနယ်ကို စိုက်ကြည့်နေရင်းမှ မျက်မှောင်ကြုတ်သွား၏။

ထို့နောက် မက်ကန်နာဘက်သို့ အကြည့်လွှဲခဲ့သည်။

စိတ်လွတ်နေသူလို ဖြစ်နေသောအကြည့်ကြောင့် မက်ကန်နာလည်း “အရှင်မင်းသား” ဟု စိုးရိမ်တကြီး ခေါ်လိုက်မိ၏။

“ငါ အဲ့ဒီပုဂ္ဂိုလ်နဲ့ လက်ထပ်နိုင်ဖို့ ရာခိုင်နှုန်း ဘယ်လောက်လောက်ရှိမလဲ။”

“ဗျာ။”

“……ဘာမှမဟုတ်တော့ဘူး။”

သက်ပြင်းချလိုက်ရင်း တော်ဝင်မင်းသား ဟိုင်န်ရီက စားပွဲပေါ်သို့ ခေါင်းပြန်မှောက်သွားပြန်သည်။

~~~~

ခါ့ဖ်မန်း မင်းသားကြီးက သူ့အမှားဖြစ်သဖြင့် စိတ်ထဲမထားရန် ပြောခဲ့သော်လည်း ထိုသို့ထားလိုက်ရန်မှာ မဖြစ်နိုင်ပေ။

အကယ်၍ လက်သီးဖြင့် ထိုးလိုက်ခြင်းက သူ၏ အမှားဖြစ်သည်ဆိုဦးတော့၊ လွီပ်(ထ်)နှင့် သံတမန်ဆက်ဆံရေး၏ တာဝန်ခံက ကျွန်မပင်မဟုတ်ပါလား။

သို့သော်လည်း ဆိုဗီရ်ရှုထံ ချက်ချင်းသွားတွေ့၍ မဖြစ်သေးပေ။

ယခုသွားတွေ့ပါက ခံစားချက်များ ပို၍ ပြင်းထန်လာပေလိမ့်မည်။

လောလောဆယ်တွင် သူလည်း ဒေါသပြေရန် အချိန်လိုအပ်မည်သာ။

‘မနက်ဖြန်မှတွေ့ပြီး စကားပြောကြည့်ရမယ်။’

ထိုသို့ ဆုံးဖြတ်လိုက်ပြီးနောက် ကျွန်မလည်း ကိုယ့်အခန်းထဲကိုယ် ဝင်လာခဲ့သည်။

“ဧကရီ အရှင်မ၊ တကယ်ပဲလားဟင်။”

သတင်းများ ပျံ့နှံ့သွားသည့်ပုံပင်။

လော်ရာက ကျွန်မကို မြင်သည်နှင့်တစ်ပြိုင်နက် အမြန်ပြေးလာကာ မေးတော့သည်။

“ခါ့ဖ်မန်း မင်းသားကြီးနဲ့ အရှင်ဧကရာဇ်တို့ ထိုးကြကြိတ်ကြတယ်ဆိုတာလေ။”

သူက မျက်လုံးလေးများ တောက်ပလျက် လက်နှစ်ဖက်ကို တင်းတင်းစုထား၏။

ကျွန်မ မဖြေရသေးမီမှာပင် ယခုတစ်ကြိမ်တွင် နယ်စားကတော် အယ်လီဇာ ဝင်လာရင်း မေးခဲ့သည်။

“ညစာ သုံးဆောင်ပြီးပါပြီလား။”

“ထိုးကြကြိတ်ကြတာတော့ ဟုတ်တယ်၊ လေဒီ လော်ရာ။ ညစာကတော့ အစားအသောက်ပျက်နေလို့ မစားချင်သေးဘူး နယ်စားကတော် အယ်လီဇာ။”

ကျွန်မ နှစ်ဦးစလုံးကို အစဉ်လိုက် ပြန်ဖြေရင်း ခမ်းနားလှသော ဝတ်စုံကို ချွတ်လိုက်သည်။

“ဘာလို့ ထိုးကြကြိတ်ကြတာလဲဟင်။ ကျွန်မ ကြားသလောက်ဆို ဧကရီအရှင်မကို အလယ်မှာထားပြီး လုကြတာဆို။ တကယ်ပဲလားရှင့်။”

“အဲ့ဒီလိုဆိုရင်တောင် တစ်ခုခုတော့ သုံးဆောင်မှပေါ့။ စွပ်ပြုတ် အရည်ကျဲလေးဖြစ်ဖြစ် သုံးဆောင်ကြည့်မယ်ဆိုရင်ရော ဘယ်လိုလဲရှင့်။”

ယခုတစ်ကြိမ်တွင်လည်း ရံရွေတော်နှစ်ဦးက တစ်ပြိုင်နက်တည်း မေးခွန်းထုတ်လာကြပြန်သည်။

နယ်စားကတော် အယ်လီဇာက အနည်းငယ် မျက်မှောင်ကြုတ်ကာ လော်ရာကို ကြည့်လိုက်သော်လည်း လော်ရာကမူ ထိုအကြောင်းကို မရရအောင် နားထောင်လိုသည့် မျက်နှာထားမျိုးဖြင့် အလျှော့မပေးပေ။

“နားလည်မှုလွဲစရာလေးတွေ နည်းနည်းရှိသွားလို့လေ၊ လေဒီ လော်ရာ။ အဲ့ဒါဆိုလည်း ဟင်းသီးဟင်းရွက် စွပ်ပြုတ်လေးပဲ နည်းနည်းပေးပါ နယ်စားကတော်ကြီး။”

ယခုတစ်ကြိမ်တွင်လည်း နှစ်ဦးစလုံးကို တစ်လှည့်စီ ပြန်ဖြေလိုက်ရာ နယ်စားကတော် အယ်လီဇာက စွပ်ပြုတ်သွားယူရန် အိပ်ခန်းထဲမှ ထွက်သွား၏။

လော်ရာက ကျွန်မအား အဝတ်အစားလဲရာတွင် ကူညီပေးရင်း မေးခွန်းများကို တရစပ် ထပ်မံမေးမြန်းလာသည်။

ထို့နောက် စိတ်ကျေနပ်သွားသည်အထိ စကားများ ပြောဆိုပြီးနောက်မှ သက်ပြင်းတစ်ချက် ချလိုက်ရင်း တီးတိုးရေရွတ်လေ၏။

“ကျွန်မကတော့လေ ခါ့ဖ်မန်း မင်းသားကြီးကို ဧကရီ အရှင်မအပေါ် သဘောကျသွားစေချင်တယ်။”

“လေဒီ လော်ရာ။”

“ဒါမှ အရှင်ဧကရာဇ်လည်း ဧကရီ အရှင်မရဲ့ တန်ဖိုးကို သိမှာလေ။ ကျိန်းသေပေါက်…… ဒီလိုရည်ရွယ်ချက်နဲ့ အသုံးချဖို့ တွေးမိတာကတော့ ခါ့ဖ်မန်း မင်းသားကြီးအပေါ် အားနာစရာကောင်းပေမဲ့ပေါ့။”

ထိုနေ့ညတွင်။

တော်ဝင်မင်းသား ဟိုင်န်ရီက အရေးတကြီး ထွက်သွားသည့်ကိစ္စနှင့် ပတ်သက်ပြီး ကျွန်မထံ စာပို့လေဦးမည်လားဟု တွေးမိသော်လည်း စာရောက်မလာပေ။

အိပ်ရာမဝင်မီ ကွီးန်တစ်ကောင်တည်းသာ ခဏလေး ရောက်လာခဲ့သည်။

ကွီးန်က ပုံမှန်ထက်ပို၍ မှိုင်တွေနေသော မျက်ဝန်းများနှင့် ကျွန်မကို စိုက်ကြည့်နေသဖြင့် “ဘာဖြစ်လို့လဲ” ဟု မေးရင်း ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ရာ ‘ဂူဂူ’ ဟု အားပြတ်နေသလို အသံပြုပြီးနောက် ပျံထွက်သွားလေသည်။

~~~~

နောက်တစ်နေ့တွင်။

မနက်စာ စားပြီးနောက် ပြက္ခဒိန်နှင့် အလုပ်အချိန်ဇယားကို စစ်ဆေးလိုက်သည်။

ယနေ့က အလုပ်များမည့်နေ့ပင်။

‘အလုပ်လုပ်နေရင်းဖြစ်ဖြစ်၊ အချိန်နောက်ကျမှဖြစ်ဖြစ် သွားတွေ့ရင် စိတ်တိုမလားမသိဘူး။’

တွက်ချက်ကြည့်ပြီးနောက် ကျွန်မလည်း သူ ပင်မနန်းဆောင်သို့ မသွားမီ ခဏလေးစကားပြောရန် ဆုံးဖြတ်လိုက်ပြီး အရှေ့နန်းဆောင်သို့ တိုက်ရိုက် သွားခဲ့သည်။

ဆိုဗီရ်ရှုက အဝတ်အစား ဝတ်နေဆဲပင်။

“ဧကရီက ဒီလိုအချိန်ကြီး ငါ့ဆီကို လာတယ်ဆိုတော့။ အံ့သြစရာပါလား။”

တော်သေး၍ မနေ့ကကိစ္စနှင့် ပတ်သက်ပြီး အတော်အတန် စိတ်တည်ငြိမ်သွားပုံရကာ လေသံကလည်း တည်ငြိမ်နေ၏။

ငွေရောင်ကြယ်သီးများကို တပ်နေရင်း မှန်ထဲမှတစ်ဆင့် မျက်လုံးချင်းဆုံတော့ အသာအယာပင် ပြုံးပြလိုက်သေးသည်။

ယင်းကိုမြင်မှ ကျွန်မလည်း အနည်းငယ် စိတ်အေးသွားရ၏။

“ပြောစရာရှိလို့ပါ။”

“ဒီလိုပဲဖြစ်ရမယ်လေ။ မင်းက ပြောစရာရှိမှပဲ ငါ့ဆီ လာတတ်တာကိုး။”

စနောက်သလိုပြောလိုက်သော ဆိုဗီရ်ရှုက အဝတ်အစားလဲရန် ကူညီပေးနေသည့် အစေခံများကို ဖယ်ခိုင်းခဲ့သည်။

“ထွက်သွားကြတော့။”

အစေခံများ ထွက်သွားပြီးနောက် တံခါးပိတ်သွား၏။

“ဆိုပါဦး။ ဘာကိစ္စရှိလို့လဲ။”

“လွီပ်(ထ်)နဲ့ ကုန်သွယ်ရေးကိစ္စပါ။ ပြန်စဉ်းစားမယ်ဆိုတဲ့ စကားက တကယ်လားရှင့်။”

ဆိုဗီရ်ရှုက မှန်ကိုကြည့်နေရာမှ ကျွန်မဘက်သို့ ခေါင်းကို လှည့်လာသည်။

“မနေ့ကကိစ္စကို ပြောတာလား။”

“ဟုတ်ပါတယ်။”

“……”

“မပြောတတ်ဘူး၊ ဘာ​ဖြစ်လို့လဲ။”

“အဲ့ဒီကိစ္စက ကျွန်မ တာဝန်ယူပြီး လုပ်ဆောင်နေတဲ့ အရာဆိုတော့၊ ကျိန်းသေပေါက် မေးကြည့်ဖို့က ခိုင်လုံတဲ့ အကြောင်းရင်းရှိတာပေါ့။”

ဆိုဗီရ်ရှုက ဟမ်းဟု အသံပြုရင်း မျက်လုံးပြူးကြည့်လာသည်။

“အဲ့ဒီတော့။ ကုန်သွယ်ရေးကို ဆက်လုပ်ဖို့အတွက် ငါ့ကို ဖျောင်းဖျဖို့ လာခဲ့တာလား။”

“ဟုတ်ပါတယ်။”

ဆိုဗီရ်ရှုက ဘီးကို ကောက်ကိုင်လိုက်ပြီး သူ၏ဆံပင်ကို ကိုယ်တိုင်ပြင်ဆင်ပုံသွင်းရန် ကြိုးစားနေသည်။

ဘီးတစ်ခုတည်းနှင့် မည်သည့်ပုံစံမျိုးကို ဖန်တီးချင်နေမှန်း မသိသော်လည်း အဆင်မပြေသည့်ပုံပင်။

သူက မျက်မှောင်ကို အစွမ်းကုန် ကြုတ်လိုက်ပြီးနောက် ဘီးကို ပစ်ချသလို ကျွန်မရှေ့မှ စားပွဲပေါ်သို့ တင်ခဲ့သည်။

ထို့နောက် ကျွန်မဘက်သို့ လှည့်ကြည့်လာ၏။

“လွီပ်(ထ်)နဲ့ ကုန်သွယ်ရာကနေ ရလာမဲ့ အရှေ့အင်ပါယာရဲ့ အကျိုးအမြတ်ကို စဉ်းစားပေးပါ။”

ဘာမှ လိမ်းကျံထားခြင်းမရှိသော ဆိုဗီရ်ရှု၏ ဆံပင်များက နူးညံ့သည့်ပုံပင်။

ပုံမှန်ထက် ပို၍ကြည့်ကောင်းသော်လည်း ဆိုဗီရ်ရှုကမူ ပို၍စူးရှသော ပုံစံမျိုးကို လိုချင်သည့်အလား သူ၏ ဆံပင်များကို ကစဉ့်ကလျားဖြစ်အောင် ဖွလိုက်ပြီးနောက် ကျွန်မကို စေ့စေ့ကြည့်လာသည်။

“လွီပ်(ထ်)နဲ့ သံတမန်ဆက်ဆံရေးက အမြတ်ထွက်မလား၊ အရှုံးပေါ်မလားဆိုတာ ဘယ်လိုသိလို့ အဲ့ဒီလို ပြောရတာလဲ။”

“ဆက်တိုက် စုံစမ်းစစ်ဆေးနေခဲ့တာမို့လို့ပါ။ ဟွာတိုက်ကြီးနဲ့ ကုန်သွယ်တာက သာမန်အရပ်သားတွေရော၊ မှူးမတ်အနွယ်တော်တွေပါ အကုန်လုံးရဲ့ စူးစမ်းလိုစိတ်ကို လှုံ့ဆော်ပေးနိုင်မဲ့ အချက်တွေ ရှိနေပါတယ်။”

“စူးစမ်းလိုစိတ်ပဲရှိပြီး ငွေမသုံးကြတာမျိုးလည်း ဖြစ်နိုင်တာပဲလေ။”

“မှူးမတ်အနွယ်တော်တွေက သူတို့ရဲ့ စူးစမ်းလိုစိတ်ကို ဖြေဖျောက်ဖို့အတွက် ငွေသုံးရမှာကို နှမြောကြတဲ့သူတွေ မဟုတ်ပါဘူး။ အဲ့ဒီကနေ လမ်းကြောင်းတစ်ခု ပေါ်လာပြီဆိုရင်၊ သာမန်အရပ်သားတွေ လွီပ်(ထ်)ရဲ့ ထူးခြားတဲ့ ပစ္စည်းတွေကို ဝယ်အောင်လုပ်ဖို့က လွယ်ကူသွားမှာပါ။”

“အကွာအဝေးက အရမ်းဝေးနေတာကို။ ရမဲ့အကျိုးအမြတ်က အဲ့ဒီအကွာအဝေးကနေ ဖြစ်လာမဲ့ အရှုံးကို ပြန်ကာမိနိုင်ပါ့မလား။”

“အဲ့ဒီလိုဖြစ်လာအောင် လုပ်ရမှာပေါ့။”

“ဒါဆို နောက်ဆုံးတော့ ဒါက မရေရာတဲ့ကိစ္စပဲမဟုတ်လား။”

ပြတ်သားစွာ ပြောလိုက်သော ဆိုဗီရ်ရှုက ကျွန်မဘက်ကို ကျောခိုင်းပြီး မှန်ကိုသာပြန်ကြည့်ခဲ့သည်။

သို့သော်လည်း မှန်ထဲမှတစ်ဆင့် သူက ကျွန်မကို ဆက်လက်စိုက်ကြည့်နေဆဲပင်။

ကျွန်မလည်း သူ့ကို ပြန်ကြည့်နေလိုက်သည်။

အစပိုင်းတွင် ကျွန်မကို တည်ငြိမ်စွာ ကြည့်နေသော ဆိုဗီရ်ရှုက တဖြည်းဖြည်းနှင့် မျက်နှာပျက်လာတော့၏။

“ဧကရီကတော့၊ မနေ့က ငါ အထိုးခံခဲ့ရတာ အဆင်ပြေရဲ့လားလို့ တစ်ခွန်းတောင် မေးဖော်မရဘူးနော်။”

“အဆင်ပြေရဲ့လားရှင့်။”

တော်တော်လည်း အမေးစောတာပဲဟူသည့် သဘောမျိုးဖြင့် သူက နှာခေါင်းရှုံ့ခဲ့သည်။

“အမှန်အတိုင်းပြောရရင်……မပြောတတ်ဘူး။ ငါလည်း သေချာမသိဘူး။”

“အပြင်ပန်းကြည့်ရတာတော့ ဘာမှမဖြစ်သလိုပါပဲ။”

“ဟင့်အင်း၊ အဲ့ဒီဘက်ကို ပြောတာမဟုတ်ဘူး။ လွီပ်(ထ်)နဲ့ ကုန်သွယ်ရေးကိစ္စကို ပြောတာ။”

“အရှုံးပေါ်မှာ စိုးရိမ်နေတာဆိုရင် ခန့်မှန်းခြေစာရင်းလုပ်ပြီး..”

“ဟင့်အင်း။ အဲ့ဒါလည်း မဟုတ်ဘူး။”

ဒါဆို ဘာလဲ။ ဘာကို စိုးရိမ်နေတာပါလိမ့်။

နားမလည်နိုင်သလို ကြည့်လိုက်မိတော့ ဆိုဗီရ်ရှုက တွေးတောပူပန်နေသလို မျက်နှာထားဖြင့် မေးလာသည်။

“ဧကရီ ပြောနေတဲ့ အကျိုးအမြတ်ဆိုတာက၊ အရှေ့အင်ပါယာက လိုချင်တဲ့ အကျိုးအမြတ်လား။ ဒါမှမဟုတ် မင်းရမဲ့ အချစ်လား။”

“အရှင်ဧကရာဇ်။”

ပြတ်သားစွာ ခေါ်လိုက်သော်လည်း ဆိုဗီရ်ရှု၏ မျက်နှာက တည်ငြိမ်နေဆဲပင်။

သူက ကျွန်မဘက်သို့ ပြန်လှည့်လာပြီး စားပွဲဘေးမှတစ်ဆင့် ပတ်လျှောက်လာ၏။

ကျွန်မမျက်နှာရှေ့အထိ နီးကပ်စွာ ချဉ်းကပ်လာသော သူက ကျွန်မနှင့် မျက်လုံးချင်း တည့်တည့်ဆုံအောင် ကြည့်ခဲ့သည်။

နက်မှောင်သော သူ၏မျက်ဝန်းများအတွင်း၌ မည်သည့်ခံစားချက်မှန်း မသိနိုင်သော အရာများစွာကို တွေ့မြင်နေရ၏။

မျက်ဝန်းအတွင်း၌ မျက်နှာသေဖြင့်ရပ်နေသော ကျွန်မကို မြင်နေရသည်။

အသေအချာ လေ့ကျင့်ထားခဲ့၍ ဖြစ်လေမလား……

လက်ရှိ ကျွန်မက ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေသော အခြေအနေပင်။

ဆိုဗီရ်ရှု၏ မျက်လုံးထဲတွင် မြင်နေရသော ကျွန်မ၏ပုံရိပ်က အေးစက်ပြီး ခက်ထန်ပုံပေါ်နေသည်။

“ဘယ်ဘက်လဲ၊ ဧကရီ။”

သူက ဖြည်းညင်းစွာ လက်ကိုမြှောက်ကာ ကျွန်မ၏ ဆံစအနည်းငယ်ကို နားရွက်နောက်သို့ သပ်တင်ပေးခဲ့၏။

ပါးပြင်ကို ယားကျိကျိ ဖြစ်စေခဲ့သော ဆံပင်အနည်းငယ်က သပ်ရပ်သွားသဖြင့် နေရသည်မှာလည်း လန်းဆန်းသွားသည်။

ကျွန်မ သူ့အကြည့်ကို ရှောင်ဖယ်ရင်း တစ်ချိန်လုံး ပြောချင်နေခဲ့သော စကားကို ပြောလိုက်မိ၏။

“အရှင်ဧကရာဇ်က အထင်လွဲနေတာကိုး။ ဒါပေမဲ့ ကျွန်မက အချစ်ကို လိုချင်တယ်ပဲဆိုဦးတော့။ တကယ်၊ ရယ်စရာပါပဲ။”

“……ရယ်စရာ။”

“ဝင့်ဝင့်ကြွားကြွားနဲ့ ချစ်သူကို ခေါ်လာပြီး ပါတီပွဲတကာ သူနဲ့အတူရှိနေခဲ့တဲ့ အရှင်ဧကရာဇ်က တကယ်ပဲ ဘာဖြစ်လို့များ ကျွန်မရဲ့ ချစ်ရေးချစ်ရာကိုကျမှ ဒီလောက်အထိ တစ်စိုက်မတ်မတ် နှောင့်ယှက်ချင်နေရသလဲဆိုတာ နားမလည်နိုင်ပါဘူး။”

“နှောင့်ယှက်တယ်။”

ဆိုဗီရ်ရှုက ‘ဟား’ ဟု လုပ်ရယ်သံနှင့် ရယ်ခဲ့သည်။

“ဒါမျိုးတွေ ကျွန်မကိုမဟုတ်ဘဲ လေဒီ ရက်ရှ်တာကိုဖြစ်ဖြစ်သာ သွားလုပ်ပါ။”

ပြတ်ပြတ်သားသား ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ဆိုဗီရ်ရှုက ဘေးမှစားပွဲကို ဒုန်းခနဲ အသံအကျယ်ကြီးထွက်အောင်ထုရင်း အော်ဟစ်လေတော့သည်။

“ဘယ်လိုလုပ် အဲ့ဒီလို ဖြစ်နိုင်မှာလဲ။ ချစ်သူက ချစ်သူပဲ၊ ဧကရီကတော့ မင်းလေ။”

~~~~

Miel’s Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment