no

Font
Theme

အပိုင်း ၇၀ (ကောင်းသောဧည့်သည်၊ ဆိုးသောဧည့်သည်)

“ကိုယ်ဝန်ရှိနေတယ်၊ ဟုတ်လားရှင့်……”

ဆိုဗီရ်ရှုက ခေါင်းညိတ်ပြလိုက်သည်။

ရက်ရှ်တာကမူ ကြောင်အမ်းအမ်းဖြစ်နေ၏။

သတိရလာသည်နှင့် ချက်ချင်းပင် မျှော်လင့်မထားသော သတင်းကို ကြားလိုက်ရသောကြောင့် ထိုသို့ဖြစ်သွားခြင်းမှာလည်း ဖြစ်သင့်ပေသည်။

ရက်ရှ်တာက သူ၏ဗိုက်ကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်၏။

“ကျွန်မမှာ ကိုယ်ဝန်……”

“ပထမဆုံးကိုယ်ဝန်ဆိုတော့ ကြောက်လည်း ကြောက်နေနိုင်ပေမဲ့…… ကျေးဇူးတင်တယ်။”

ဆိုဗီရ်ရှုက ကိုယ်ကိုကိုင်းကာ ရက်ရှ်တာကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။

ပွေ့ဖက်ထားသည့် လက်မောင်းကြားတွင် ရက်ရှ်တာ တုန်ယင်နေသည်ကို သူ ခံစားမိနေ၏။

ဆိုဗီရ်ရှုက ရက်ရှ်တာ၏နုနယ်သော ကျောပြင်လေးကို ပုတ်ပေးရင်း ထပ်တလဲလဲ ကျေးဇူးတင်စကား ပြောနေခဲ့သည်။

သူက အမြဲတမ်း ကလေးလိုချင်ခဲ့ပြီး ဖခင်တစ်ယောက် ဖြစ်ချင်ခဲ့သူပင်။

ရာဇပလ္လင်ကို ဆက်ခံမည့် နန်းမွေခံ လိုအပ်ခြင်းဆိုသည်ထက်ပို၍ နွေးထွေးသည့် မိသားစုတစ်ခု တည်ထောင်ခြင်းက သူ အမြဲမက်ခဲ့ဖူးသော စံပြအိပ်မက်ဖြစ်သည်။

ထိုအိပ်မက်ကို နန်းတော်ထဲရောက်လာသည်မှာ လပိုင်းမျှသာရှိသေးသည့် ချစ်သူက ဖြည့်ဆည်းပေးခဲ့သတဲ့လား……

သို့သော် ဝမ်းသာနေသည့်ကြားမှပင် မရေရာသော စိုးရိမ်စိတ်က ဝင်လာသည်။

အကောင်းဆုံးပုံစံက ဧကရီနှင့်သူ့ကြားတွင် ပထမဆုံးရင်သွေး ထွန်းကားခြင်းပင်။

ချစ်သူ၏ သားသမီးများက ထီးမွေနန်းမွေခံ မဖြစ်နိုင်ဟုဆိုသော်လည်း မိဘနှင့် သားသမီးကြားမှ သံယောဇဉ်မှာ ထိုမျှအလွယ်တကူ ပြတ်တောက်နိုင်သည့်အရာ မဟုတ်ပေ။

လိမ္မာပါးနပ်သော တိတ်တိတ်ပုန်းကလေးများက တစ်ခါတရံတွင် ပဋိပက္ခများ၏ မျိုးစေ့များ ဖြစ်လာတတ်ကြသည်။

ဆိုဗီရ်ရှုက မိမိလက်ထက်တွင် ထိုသို့သောကိစ္စမျိုး လုံးဝ မဖြစ်စေလိုပေ။

သို့သော် နောက်ဆုံးတွင် တိတ်တိတ်ပုန်းကလေးက အရင်မွေးဖွားလာတော့မည်ဖြစ်သဖြင့် ဝမ်းသာသော်လည်း စိုးရိမ်မကင်း ဖြစ်နေရ၏။

“အရှင်ဧကရာဇ်။ ဒီထဲမှာ၊ ဒီထဲမှာ ကျွန်မတို့ကလေးလေး ရှိနေတာပေါ့နော်……”

သို့သော် ယခုမှ ကိုယ်ဝန်ရခါစလူ၏ အရှေ့တွင် ထိုကဲ့သို့သော အရိပ်အယောင်မျိုး မပြနိုင်ပေ။

သူက စိတ်မသက်မသာဖြစ်မှုကို ဖုံးဖိထားကာ ပြုံးရွှင်သောမျက်နှာဖြင့် ရက်ရှ်တာ၏ဗိုက်ပေါ်သို့ လက်ကို ညင်သာစွာ တင်လိုက်သည်။

“အဲ့ဒီလောက်တောင် ဆန်းကြယ်လို့လား။”

“ဟုတ်ကဲ့။ ဘာမှမခံစားရသေးပေမဲ့……တအားကို ဆန်းကြယ်လွန်းပါတယ်။”

တီးတိုးပြောနေသည့် ရက်ရှ်တာကို ဘေးနားမှ တော်ဝင်သမားတော်က သတိထား၍ မေးလာသည်။

“လေဒီ ရက်ရှ်တာ၊ ဧကန္တ ဓမ္မတာစက်ဝန်းက ပုံမှန်မဟုတ်တတ်လို့လားဗျ။”

ရက်ရှ်တာက မျက်နှာတစ်ခုလုံး နီမြန်းသွားကာ ခေါင်းညိတ်ပြခဲ့သည်။

“ဟုတ်ကဲ့။ ဟုတ်ပါတယ်။ အဲ့ဒါကြောင့် ကိုယ်ဝန်ရှိမယ်လို့ စိတ်တောင်မကူးမိတာပါ။ အမြဲတမ်း ပုံမှန်မဟုတ်တတ်လို့……”

“ခန္ဓာကိုယ်အတွက်ကောင်းတဲ့ ဆေးဝါးတွေနဲ့ စားသောက်မှုပုံစံကို စီစဉ်ပေးပါ့မယ်။ လောလောဆယ်တော့ ကျွန်တော် ညွှန်ကြားထားတဲ့ အစားအစာတွေကိုပဲ အဓိကထားပြီး သုံးဆောင်ပေးပါ။”

တော်ဝင်သမားတော် ထွက်သွားပြီးနောက် ဆိုဗီရ်ရှုက ရက်ရှ်တာ၏ဘေးတွင် ယှဉ်လျက်ထိုင်ကာ မေးခဲ့သည်။

“စားချင်တာပဲဖြစ်ဖြစ်၊ လိုချင်တာပဲဖြစ်ဖြစ် ရှိတယ်ဆိုရင် ဘာမဆို အကုန်ပြော။”

“အကုန်လုံး……လားဟင်။”

“မိခင်ဖြစ်သူ ပျော်ရွှင်မှ မွေးလာမဲ့ကလေးကလည်း ပျော်ရွှင်မှာပေါ့။”

“...”

ထိုခဏတွင် မျက်ရည်ဝဲနေပုံရသော ရက်ရှ်တာတစ်ယောက် ဝမ်းနည်းပက်လက် ငိုချလိုက်တော့သည်။

“ရက်ရှ်တာ။”

ဆိုဗီရ်ရှုက လန့်သွားပြီး သူ့မျက်နှာလေးကို မော့ကြည့်လာအောင် ကြိုးစားလိုက်သော်လည်း ရက်ရှ်တာကမူ ခါးကိုငုံ့ကာ မျက်နှာကို ဒူးပေါ်တွင် ဝှက်ထား၏။

“ဘယ်နားက နာလို့လဲ။ ရက်ရှ်တာ။ ငါ့ကို ကြည့်စမ်းပါဦး။ တော်ဝင်သမားတော်ကို ပြန်ခေါ်ပေးရမလား။”

“အဲ့ဒါကြောင့် မဟုတ်ပါဘူး……”

“....”

“အရမ်း ကြားချင်ခဲ့ရတဲ့ စကားမျိုးမို့လို့ပါ။”

“ရက်ရှ်တာ။"

ဆိုဗီရ်ရှုလည်း ဝေခွဲမရဖြစ်သွားပြီးမှ ရက်ရှ်တာ၏ခေါင်းကို အတင်းမော့စေခဲ့သည်။

ပုံမှန်လို ချစ်စရာကောင်းပြီး လှလှပပ ငိုနေခြင်းမျိုး မဟုတ်တော့ပေ။

သူတစ်ပါး၏ အကြည့်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ပေါက်ကွဲထွက်လာသည့်အလား တရှုံ့ရှုံ့နှင့် ငိုကြွေးနေရှာသည်။

အတန်ကြာအောင် ထိုသို့ငိုနေပြီးမှ ရက်ရှ်တာက လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ဆိုဗီရ်ရှု၏ရင်ခွင်ထဲသို့ တိုးဝင်ပြီး ဖက်ထားလေတော့၏။

“အရှင်ဧကရာဇ်က ရက်ရှ်တာရဲ့ ကယ်တင်ရှင်ပါ။ အရှင်ဧကရာဇ်က ရက်ရှ်တာ အရှင်ဧကရာဇ်ကို ဘယ်လောက်အထိချစ်မှန်း သိမှာမဟုတ်ပါဘူး။”

သို့သော်လည်း ရက်ရှ်တာ၏ အတိုင်းအဆမရှိ မြင့်တက်နေခဲ့သော စိတ်အခြေအနေက နောက်တစ်နေ့ မြို့စားမင်း အယ်ရ်ဂီနှင့် တွေ့ဆုံပြီးနောက် မြေပြင်သို့ ပြန်လည်ရိုက်ချခံလိုက်ရတော့သည်။

အသက်ကို ကယ်တင်ပေးခဲ့သည့်အတွက် ကျေးဇူးတင်စကား ပြောနေသော ရက်ရှ်တာကို မြို့စားမင်း အယ်ရ်ဂီက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောလာ၏။

“ရင်မ်ဝဲလ်ကို သွားခဲ့ပေမဲ့၊ မိန်းကလေး။ ကြည့်ရတာ ဗိုင်းကောင့် လိုတဲရှု ခေါ်ထားတယ်ဆိုတဲ့ ကလေးက……မိန်းကလေးရဲ့ ကလေး အမှန်ပဲထင်တယ်။”

ရက်ရှ်တာတစ်ယောက် မျက်လုံးအဝိုင်းသားဖြင့် သူ့ကို စိုက်ကြည့်မိသွားသည်။

ပထမဆုံး ရင်သွေးကို ရခဲ့စဉ်က တစ်ခါမှ မကြားဖူးခဲ့သည့် စကားများနှင့် ဂုဏ်ပြုလွှာများကြောင့် ပြည့်ဖောင်းနေခဲ့သော သူ၏ ရင်ထဲသို့ အပ်ကြီးတစ်ချောင်းဖြင့် အားရပါးရ ထိုးစိုက်ခံလိုက်ရသလိုပင်။

“ဘုရားကျောင်းမှာ စစ်ဆေးဖို့ အကူအညီ တောင်းခဲ့သေးလားဟင်။”

ရက်ရှ်တာက သူ၏ဗိုက်ကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ရင်း မေးလိုက်သည်။

ချစ်ခြင်းမေတ္တာ မရရှိဘဲ မွေးဖွားလာခဲ့သည့် ပထမကလေးက ချစ်ခြင်းမေတ္တာများကြားတွင် ရှင်သန်လာမည့် ဒုတိယကလေး၏ ခြေထောက်ကို ဆွဲချတော့မည်လားဟု ကြောက်ရွံ့နေမိ၏။

မြို့စားမင်း အယ်ရ်ဂီက ခေါင်းခါပြခဲ့သည်။

“ဟင့်အင်း။”

“ဒါဆိုရင် အရင်ဆုံး စစ်ဆေးကြည့်မှ……”

“ဘယ်သူကြည့်ကြည့် မိန်းကလေးရဲ့ ကလေးပဲ။ မိန်းကလေးနဲ့ ချွတ်စွပ်တူနေလို့လေ။”

“...”

ရက်ရှ်တာ၏ မျက်နှာက ဖြူရော်သွားတော့သည်။

ဤအခြေအနေသို့ ရောက်လာမှတော့ ရှောင်လွှဲရန် လုံးဝမဖြစ်နိုင်တော့ပေ။

ဗိုင်းကောင့် လိုတဲရှု၏ လက်ခုပ်ထဲတွင် အမိဖမ်းခံထားရသည့်အတွက် နှုတ်ပိတ်ခအဖြစ် ငွေပေး၍သာ ဖြေရှင်းရပေတော့မည်။

ထိုကဲ့သို့ ဖြစ်နေသော ရက်ရှ်တာကို တိတ်တဆိတ် စိုက်ကြည့်နေရင်း မြို့စားမင်း အယ်ရ်ဂီက ပြုံးလျက် အကြံပြုလာ၏။

“အရင်တစ်ခါ ပြောဖူးသလိုပဲ၊ လိုအပ်တဲ့ ငွေကို ကျုပ် ချေးပေးနိုင်တယ် မိန်းကလေး။”

အလွန်လွယ်ကူသည့် ကိစ္စတစ်ခုပမာ ဘာမှမဟုတ်သလို ပေါ့ပါးလှသော အသံပင်။

လောလောဆယ်တွင် ငွေကို စိတ်ကြိုက်မသုံးစွဲနိုင်သော ရက်ရှ်တာက ကြောက်လန့်တကြား မေးလိုက်၏။

“ဘယ်လောက်……အထိလဲဟင်။”

ယခင်ကမူ ငွေချေးသည့်ကိစ္စတွင် သူက အလွန်ပင် သတိထားခဲ့သည်။

သို့သော် အခြေအနေများက ပြောင်းလဲသွားပေပြီ။

ဗိုက်ထဲတွင် ယခု ဧကရာဇ်၏ရင်သွေး ရှိနေပြီ မဟုတ်ပါလား။

ပျော်ရွှင်မှုက သူ၏ ခြေဖျားအထိ စီးဝင်လာပေပြီ။

ငွေဆိုသည်မှာ နောက်ပိုင်းတွင် မည်မျှပင်ဖြစ်စေ သုံးစွဲနိုင်မည်ဖြစ်ရာ မည်သည့်နည်းနှင့်မဆို ဗိုင်းကောင့် လိုတဲရှုကို ပျော်ရွှင်စရာ ဤစည်းရိုးတံတိုင်းအတွင်းသို့ အဝင်မခံဘဲ တားဆီးရမည်သာ။

“ဘယ်လောက်ဖြစ်ဖြစ်။”

ရက်ရှ်တာက အတန်ကြာ တွန့်ဆုတ်နေပြီးမှ မေးလိုက်သည်။

“ဒါဆိုရင် ခရန်းတစ်ထောင်လောက်ရော ဖြစ်နိုင်မလားဟင်……”

“တစ်သောင်း ချေးပေးမယ်။”

မြို့စားမင်း အယ်ရ်ဂီက သူပြောသည့်အတိုင်းပင် ပမာဏကို အလျှံပယ် မြှင့်တင်ပေးလိုက်ပြီးနောက် နေရာတွင်ထိုင်ကာ အိတ်ထဲမှ စာရွက်တစ်ရွက် ထုတ်ခဲ့သည်။

လက်မှတ်မထိုးရသေးသည့် ငွေချေးစာချုပ်ပင်။

သူက စာချုပ်ပေါ်တွင် သူ၏ အမည်နှင့် လက်မှတ်ကို ရေးထိုးပြီးနောက် ပမာဏနေရာတွင် ‘ခရန်း တစ်သောင်း’ ဟု ရေးလိုက်သည်။

“ရော့။”

ဆက်လက်၍ သူ၏ ရင်ဘတ်အိတ်ထဲမှ ထုတ်လိုက်သည်မှာ ငါးထောင်တန် ချက်လက်မှတ် နှစ်စောင်ပင်။

ဝေါလ်တိုက်ကြီးတွင် ယုံကြည်စိတ်ချရမှုအရှိဆုံးဟုဆိုသော ကုန်သည်ကြီးများအသင်းမှ ထုတ်ပေးထားခြင်းဖြစ်သည်။

“ကျေးဇူးတင်ပါတယ်……”

ရက်ရှ်တာက မြို့စားမင်း အယ်ရ်ဂီ ကမ်းပေးသော စာချုပ်တွင် လက်မှတ်ထိုးပြီးနောက် ချက်လက်မှတ်များကို သိမ်းဆည်းရင်း ကျေးဇူးတင်စကား ပြောခဲ့သည်။

အနည်းဆုံး ဤအရာဖြင့် ခေတ္တခဏတော့ ဗိုင်းကောင့် လိုတဲရှု၏ ပါးစပ်ကို ပိတ်ထားနိုင်ပေမည်။

“အမြဲတမ်း ကြိုးဆွဲခံနေရရင် ပင်ပန်းမှာဆိုတော့ သင့်တော်သလို အဆက်ဖြတ်ဖို့ နည်းလမ်းကိုလည်း စဉ်းစားထားဦး။”

“ကောင်းတဲ့နည်းလမ်း ရှိလို့လားဟင်……”

“မပြောတတ်ဘူးလေ။ ဒီကိစ္စမျိုးကိုတော့ ကျုပ်လည်း သိပ်မသိလို့။”

မြို့စားမင်း အယ်ရ်ဂီက ငိုမဲ့မဲ့ဖြစ်နေသော ရက်ရှ်တာကိုကြည့်ကာ အားတင်းထားရန် ဝတ်ကျေတမ်းကျေ ပြောပြီးနောက် တံခါးဆီသို့ လျှောက်သွားခဲ့သည်။

တံခါးအပြင်သို့ မထွက်မီ သူက တံခါးဘေးကို ကိုင်ထားလျက် ကိုယ်ကိုတစ်ဝက်လှည့်ကာ မေးလာ၏။

“ဒါနဲ့ မိန်းကလေး။”

“ရှင်။”

“ဗိုင်းကောင့် ခေါ်ထားတဲ့ ကလေးလေ။ သမီးလေးလား၊ သားလေးလားဆိုတာ မသိချင်ဘူးလား။”

~~~~

“ဟုတ်လား……သတိရလာပြီပေါ့။”

ညနေစောင်းအချိန်ပင်။

အလုပ်ကိစ္စများအပြီး ကျွန်မဆီ ရောက်လာသည့် လော်ရာက ရက်ရှ်တာ ဘေးကင်းစွာ သတိပြန်ရလာပြီဖြစ်ကြောင်း သတင်းပေးလာသည်။

ထို့အပြင် ဆိုဗီရ်ရှုက ရက်ရှ်တာကို အထိမ်းအမှတ်လက်ဆောင်အဖြစ် အနားယူရန် အလွန်ကောင်းသည့် ဧရာမ ပက်လက်ကုလားထိုင်ကြီးတစ်လုံး ပေးခဲ့သည်ဟူသော အကြောင်းကိုပါ ထပ်ဖြည့်ပြောပြခဲ့သေး၏။

ကျွန်မက ဘာမှမဖြစ်သလို ဟန်ဆောင်ပြုံးကာ စားပွဲတွင် ဝင်ထိုင်လိုက်သည်။

သို့ရာတွင် အနည်းငယ် စိတ်လေးလံနေသည်ကို ရိပ်မိပုံရသော ရံရွေတော်များက စစ်တုရင်ကစားနေကြခြင်းကိုရပ်ကာ ကျွန်မအနားသို့ စုရုံးရောက်ရှိလာပြီး စကားအမျိုးမျိုး ပြောပေးကြ၏။

နားထောင်ကြည့်တော့ ယနေ့က ရက်ရှ်တာအကြောင်းတင်မကဘဲ နန်းတော်တစ်ခုလုံးတွင် ထူးဆန်းသည့်သတင်း အတော်များသည့်နေ့ပင်။

“တူအာနီယာ မြို့စားကတော်က မြို့စားမင်းနဲ့ ကွာရှင်းဖို့ ဆုံးဖြတ်လိုက်တဲ့ပုံပဲရှင့်။ ဒါပေမဲ့ နှစ်ဦးသဘောတူ ညှိနှိုင်းမရလို့ နောက်ဆုံးတော့ ပိုင်ဆိုင်မှုခွဲဝေတဲ့ တရားခွင်အဆင့်အထိ ရောက်သွားပြီလို့ သိရပါတယ်။”

“ဗိုင်းကောင့် လန်ဒရယ်ကတော့ မနေ့ကပဲ ပြည်နှင်ဒဏ် အပေးခံလိုက်ရတယ်လို့ ကြားပါတယ်၊ ဧကရီအရှင်မ။”

သို့သော် အားလုံးထဲတွင် အံ့ဩစရာအကောင်းဆုံး သတင်းက သူတို့အကြောင်း မဟုတ်ပေ။

“ဧကရီအရှင်မ။ ဗိုင်းကောင့် လိုတဲရှုကို မှတ်မိသေးလားရှင့်။ ‘အဲ့ဒီမိန်းမ’ က သူ့ရဲ့ကျွန်ပါဆိုပြီး လာပြောခဲ့တဲ့လူလေ။”

ရက်ရှ်တာ၏ သခင်ဟောင်း……

ဆိုဗီရ်ရှုက ဖုံးဖိထားခဲ့သော်လည်း ရက်ရှ်တာ၏ သခင်ဟောင်းအစစ်ဖြစ်ခဲ့သည့် ထိုလူ။

ကျိန်းသေပေါက် သူ့နာမည်ကို မေ့စရာအကြောင်းမရှိပေ။

ဒါပေမဲ့ သူက ဘာလို့ ရုတ်တရက်ကြီး……

ကျွန်မ သိချင်စိတ်နှင့် စိုက်ကြည့်လိုက်တော့ ရံရွေတော်က အသံကိုနှိမ့်ပြီး တိုးတိုးလေး ပြောလာသည်။

“ဗိုင်းကောင့် လိုတဲရှုက မြို့တော်မှာပဲ အခြေချနေထိုင်တော့မယ်လို့ သိရပါတယ်။ နန်းတော်နားဝန်းကျင်ကို ပြောင်းလာဖို့အတွက် ဒီမှာဟိုမှာ အိမ်လိုက်ရှာနေတယ်လို့ ပြောနေကြတယ်ရှင့်။”

ထိုစကားကို ကြားလိုက်ရချင်းမှာပဲ ရက်ရှ်တာကို တန်းပြီးသတိရလိုက်မိသည်။

ဆိုဗီရ်ရှု၏ အမိန့်ကြောင့် ဗိုင်းကောင့် လိုတဲရှုတစ်ယောက် ‘ရက်ရှ်တာက ကျွန်တော့်ကျွန် မဟုတ်ပါဘူး’ ဟု စကားပြောင်းပြောခဲ့သော်လည်း အတိတ်က ပျောက်ကွယ်သွားမည် မဟုတ်ပေ။

ရက်ရှ်တာက သူ၏ကျွန် ဖြစ်ခဲ့ဖူး၏။

ယင်းကလည်း ကျွန်ပြေးတစ်ယောက်။

ဗိုင်းကောင့် လိုတဲရှုက စကားလေး နည်းနည်းပြောင်းပေးလိုက်ရုံဖြင့် သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးက ကောင်းသွားနိုင်မည့် အနေအထားမျိုး မဟုတ်။

ထိုသို့ဖြစ်နေလျက်ကပင် ဗိုင်းကောင့် လိုတဲရှုက ရက်ရှ်တာအတွက် တူအာနီယာ မြို့စားကတော်နှင့် ပတ်သက်သော သတင်းအချက်အလက်များကို လိုက်လံလုပ်ကြံပေးခဲ့သေးသည်။

ယခုမူ နန်းတော်အနီးသို့ ပြောင်းလာမည်တဲ့လား။

‘ဧကန္တ ရက်ရှ်တာ အကျပ်ကိုင်ခံနေရတာများလား။’

ကျွန်မ တွေးတောနေစဉ်မှာပဲ လော်ရာက “ဪ အဲ့ဒီအကြောင်း ကျွန်မလည်း ကြားမိတယ်” ဟု ကြားဖြတ်ပြောလာသည်။

“အိမ်တင် လိုက်ရှာနေတာမဟုတ်ဘဲ နို့ထိန်းပါ တစ်ခါတည်း ရှာနေတယ်လို့ ကြားတယ်ရှင့်။ အိမ်မှာ ကလေးများမွေးထားလို့လား မသိဘူး။”

နှုတ်မှ ထုတ်ပြောရမည့်ကိစ္စ မဟုတ်သော်လည်း……အမှန်အတိုင်း ပြောရလျှင် ရက်ရှ်တာ အကျပ်ကိုင်ခံနေရသည်ဆိုလျှင်ပင် ကျွန်မအနေနှင့် ဝင်ပါလိုစိတ် မရှိပေ။

ကာယကံရှင်သာ ကြည့်ကြပ်ဖြေရှင်းမှာပေါ့။

တကယ်သာ ခက်ခဲနေလျှင် ဆိုဗီရ်ရှုကို အကူအညီတောင်းပေလိမ့်မည်။

ဆိုဗီရ်ရှုကို ပြောပြ၍မရသည့် ကိစ္စမျိုးနှင့် အကျပ်ကိုင်ခံနေရသည်ဆိုလျှင်လည်း ယင်းက ကျွန်မ ကူညီပေးရမည့် ကိစ္စမဟုတ်ဟု ယူဆ၏။

ကျွန်မ ရက်ရှ်တာနှင့်ပတ်သက်သည့် စကားများကို နားတစ်ဖက်ကဝင် တစ်ဖက်ကထွက် လွှတ်ထားလိုက်ရင်း အံဆွဲကိုဖွင့်ကာ ပစ္စည်းများကို မွှေနှောက်ကြည့်လိုက်မိသည်။

‘ဟင်။’

ထိုစဉ် လက်ထဲတွင် မာကျောသော ပုလင်းလေးတစ်ခုကို စမ်းမိသွား၏။

ထုတ်ကြည့်လိုက်တော့ တစ်ထွာလောက်သာရှိသည့် လှပသော ပန်းနုရောင် ပုလင်းလေးပင်။

“ဟင်။ ဒါက ဟိုတစ်ခါရခဲ့တဲ့ အဲ့ဒီဟာမဟုတ်လားရှင့်။”

ပုလင်းကို ခေတ္တကြည့်နေစဉ် ဘေးနားမှ ဗိုင်းကောင့် လိုတဲရှုအကြောင်း ပြောနေသည့် လော်ရာက အော်ပြောခဲ့သည်။

“အရင်က ဧကရီအရှင်မ လက်ဆောင်အဖြစ် ရထားတဲ့ အဲ့ဒီဟာမဟုတ်လား။ အချစ်ဆေးဆိုတာလေ။”

“ဟုတ်တယ်။”

ပို့သူအမည်မပါဘဲ ရောက်လာသဖြင့် စိတ်မသန့်၍ မသုံးခဲ့သည်ကို။

ဒီမှာ ထားထားမိပြီး လုံးဝ မေ့နေခဲ့တာပဲ။

အဲ့ဒီနောက်ပိုင်းမှာ သီးသန့်နန်းဆောင်ကို သွားလိုက်၊ ဆိုဗီရ်ရှုက နေမကောင်းဖြစ်လိုက်နဲ့ ကိစ္စတွေလည်း အများကြီးရှိခဲ့တာကိုး။

“လုံးဝ ဖွင့်တောင်မဖွင့်ရသေးဘူးပဲ။”

“တစ်ယောက်ယောက် နောက်ထားတာထင်လို့လေ။”

လော်ရာက ပြုံးဖြီးဖြီးနှင့် အနားသို့ချဉ်းကပ်လာပြီး ပုလင်းကို သေချာစိုက်ကြည့်နေသည်။

အချစ်ဆေးဟူသည့်စကားကြောင့် စပ်စုချင်စိတ် ပေါ်လာပုံပင်။

“ဧကန္တ တကယ်ရော ဖြစ်မနေနိုင်ဘူးလားဟင်။”

“ဘယ်ဖြစ်နိုင်ပါ့မလဲ။ ဒီလိုဟာမျိုးသာ တကယ်ဆိုရင် သတင်းတွေ အကြီးအကျယ် ထွက်နေမှာပေါ့။”

“ဒါပေမဲ့ လောကမှာ မဖြစ်နိုင်တာမှ မရှိတာ၊ ဧကရီအရှင်မရယ်။”

ဒါပေမဲ့လည်း အချစ်ဆေးသာဆိုရင် ထိရောက်တယ်ဆိုတာနဲ့ ချက်ချင်း သတင်းက ပြန့်သွားမှာ မဟုတ်ဘူးလား။

ကျွန်မ တွေဝေစွာနှင့် ပုလင်းကို ငုံ့ကြည့်နေစဉ် လော်ရာက မျက်လုံးလေးများ တောက်ပလာရင်း ပြောလာသည်။

“တစ်ခါလောက် စမ်းသုံးကြည့်ပါလား၊ ဧကရီအရှင်မ။”

“ဒါကို သုံးမယ်ဆိုရင်တောင် သုံးစရာနေရာက မည်မည်ရရမရှိ……”

ကျွန်မက တွန့်ဆုတ်စွာ ပြန်ဖြေလိုက်တော့ လော်ရာက ပါးစပ်လှုပ်ရှားမှုလေးနှင့် ‘အရှင်ဧကရာဇ်’ ဟု အရိပ်အယောင်ပြလာခဲ့သည်။

~~~~

ရံရွေတော်များ သူတို့၏ အလုပ်ကိစ္စအသီးသီးအတွက် ထွက်သွားကြပြီးသည့်နောက်တွင်။

မအိပ်မီ ကျွန်မ အိပ်ရာထက်၌ လဲလျောင်းရင်း ‘အချစ်ဆေး’ ဟု ဆိုသော အရာကို ကြောင်တောင်တောင် စိုက်ကြည့်နေမိသည်။

‘ဒါကို ပို့တဲ့သူက ဘယ်လိုရည်ရွယ်ချက်နဲ့ ပို့တာပါလိမ့်။’

ရက်ရှ်တာထံတွင် ခင်ပွန်း လုယူခံလိုက်သည့် ကျွန်မကို သနား၍များလား။

သို့မဟုတ် ဤအရာက အဆိပ်ပဲလား။

အချစ်ဆေးဟု အမည်တပ်ထားသည့် အဆိပ်များလား။

အာ... ဟုတ်သား။

အဲ့ဒီလိုဆိုမှ ခါ့ဖ်မန်း မင်းသားကြီးက မှော်အကယ်ဒမီကနေ ဂုဏ်ထူးဆောင်ဘွဲ့ ရခဲ့တာကို။

သူ့ကို မေးကြည့်ရင် တစ်ခုခုတော့ သိနိုင်မှာပဲ။

တော်ဝင်မင်းသား ဟိုင်န်ရီကလည်း မှော်ပညာကို ကောင်းကောင်းအသုံးချနိုင်ပုံရပေမဲ့ သူက အကယ်ဒမီကျောင်းဆင်း မဟုတ်တော့ သီအိုရီပိုင်းမှာ အားနည်းနိုင်ခြေရှိတာမို့လို့။

နောက်တစ်နေ့တွင်။

မည်သို့ပင်ဖြစ်စေ လွီပ်(ထ်)နှင့် သံတမန်ရေးရာကိစ္စ ဆွေးနွေးစရာများ များစွာရှိနေသဖြင့် ကျွန်မလည်း ဆေးပုလင်းကို ယူဆောင်ကာ နန်းတော်ထဲမှ အခန်းလွတ်တစ်ခုဆီသို့ သွားခဲ့သည်။

လွန်ခဲ့သော ရက်ပိုင်းကတည်းက ထိုနေရာတွင် တွေ့ဆုံရန် ချိန်းဆိုထားခဲ့ကြသဖြင့် ခါ့ဖ်မန်း မင်းသားကြီးကလည်း မကြာမီမှာပင် ရောက်ရှိလာ၏။

“တွေ့ချင်တယ်လို့ ကြားပါတယ်၊ ဧကရီအရှင်မ။”

“အရင်က ပြောခဲ့တဲ့ ပို့ကုန်သွင်းကုန် အလားအလာရှိတဲ့ ပစ္စည်းစာရင်းကို ပြုစုပြီးပြီလား။”

“တစ်ဝက်လောက်ပေါ့...”

“ဒီကို ပေးကြည့်ပါ။”

“...”

“လွီပ်(ထ်)ကနေ ဝေါလ်တိုက်ကြီးကို ရောက်နေတဲ့ ကုန်သည်က စုစုပေါင်း ဘယ်လောက်ရှိလဲ။”

“အခုအထိတော့ အတိအကျ ကိန်းဂဏန်းပြနိုင်လောက်တဲ့ ကုန်သည်မျိုး မရှိသေးဘူးလို့ သိထားပါတယ်။”

“တိုင်းပြည်အဆင့် စီမံကိန်းအဖြစ် မဆောင်ရွက်ခင် ခိုင်လုံတဲ့ အချက်အလက်တွေ လိုအပ်ပါတယ်။ အနည်းဆုံးတော့ စိတ်ချရမှုရှိဖို့ လိုတာပေါ့။ ဈေးကွက် စစ်တမ်းကောက်တဲ့အနေနဲ့ ကနဦးအရောင်းအဝယ်တွေကို အရင်စမ်းလုပ်ကြည့်ရင် ကောင်းမယ်ထင်တယ်။”

“ဟုတ်ကဲ့။”

“ပြီးတော့ အဲ့ဒါအပြင် တခြား ဟွာတိုက်ကြီးက တိုင်းပြည်တွေနဲ့ ဝေါလ်တိုက်ကြီးကြားမှာ ကုန်သွယ်လို့ရမဲ့ပစ္စည်းတွေရော မရှိနိုင်ဘူးလား။”

ကျွန်မက လွီပ်(ထ်) အပြင် အခြားတိုင်းပြည်များနှင့်ပါ ကုန်သွယ်ရန် ကြိုးစားနေသည်ကို ရိပ်မိသွား၍လားမသိ၊ ခါ့ဖ်မန်း မင်းသားကြီး မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။

“မပြောတတ်ပါဘူး။”

“ခါ့ဖ်မန်း မင်းသားကြီးဘက်ကနေ စုံစမ်းပေးပါ။ နှစ်ပြည်ထောင် ကုန်သွယ်တာလည်း ကောင်းပေမဲ့ လွီပ်(ထ်)နဲ့ ကျွန်မတို့ အရှေ့အင်ပါယာက ဝေါလ်တိုက်ကြီးနဲ့ ဟွာတိုက်ကြီးကြားမှာ ကြားခံဖြန့်ချိရေးဗဟိုချက်တွေ ဖြစ်လာပြီး အကျိုးဆောင်ခ ရယူတဲ့ပုံစံမျိုးကို အကောင်အထည်ဖော်နိုင်ရင် ပိုကောင်းမယ်ထင်လို့ပါ။”

“နားလည်ပါပြီ။”

ထို့နောက်တွင်လည်း အခြားသော ကိစ္စအချို့ကို ထပ်မံပြောဆိုခဲ့ကြသည်။

အလုပ်ကိစ္စများ အားလုံးပြီးသွားချိန်တွင်မှ ကျွန်မလည်း အချစ်ဆေးအကြောင်း ပြောရန်အတွက် အစပျိုးလိုက်၏။

“ခါ့ဖ်မန်း မင်းသားကြီးက အကယ်ဒမီမှာ ထိပ်တန်းကျောင်းသားအဖြစ် ဘွဲ့ရခဲ့တယ်လို့ ကြားဖူးတယ်ရှင့်...”

“ဟုတ်ပါတယ်။”

“ဧကန္တ မှော်ဆေးရည်တွေအကြောင်းရော ကောင်းကောင်းသိလား။”

ခါ့ဖ်မန်း မင်းသားကြီးက အရေးမပါတဲ့ကိစ္စတွေ ဘာလို့ လာမေးနေတာလဲဟူသည့် အကြည့်ဖြင့် ကျွန်မကို တစ်ချက် စောင်းကြည့်လာသည်။

ယခင်ကတည်းက တွေးမိသော်လည်း ဤလူက ကျွန်မကို မုန်းနေပုံပင်။

အရေးကြီးသော ကုန်သွယ်ရေး၏ ကိုယ်စားလှယ်အဖြစ် ကျွန်မကို ထောက်ခံပေးခြင်း၊ အလုပ်အကြောင်းပြောသည့်အခါ ကျွန်မ၏အမြင်များကို သေချာနားထောင်ပေးခြင်းမျိုး ရှိသော်လည်း အခြားကိစ္စများတွင် သူပြတတ်သည့် အပြုအမူကိုကြည့်လျှင် သိနိုင်၏။

ကျွန်မ တစ်ယောက်တည်းကိုတင် မဟုတ်ဘဲ ရက်ရှ်တာနှင့် အခြားလူများကိုပါ အားလုံးကို မုန်းနေသည့်ပုံစံမျိုးပင်။

‘လူတွေနဲ့ ပတ်သက်ဆက်ဆံရမှာကို ကြောက်တာမျိုးများလား။’

“မဟုတ်ပါဘူး။”

“ရှင်...”

“...မှော်ဆေးရည်တွေအကြောင်းလည်း ကောင်းကောင်းသိပါတယ်။”

“အာ...ဟုတ်ကဲ့။”

လန့်သွားတာပဲ။

ငါ့စိတ်ထဲ တွေးနေတာကို ပြန်ဖြေလိုက်တယ်မှတ်နေတာ။

တိုက်ဆိုင်သွားသည့် အချိန်ကိုက်ဖြစ်မှုကြောင့် ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားရသည်။

လန့်သွားသည့်စိတ်ကို ပြန်ထိန်းရင်း ယူလာခဲ့သော ပန်းရောင်ဆေးပုလင်းလေးကို ထုတ်လိုက်၏။

“အဆင်ပြေမယ်ဆိုရင် ဒါလေးကို တစ်ချက်လောက် ကြည့်ပေးနိုင်မလားရှင့်။”

“ဒါက ဘာများပါလဲ။”

ခါ့ဖ်မန်း မင်းသားကြီးက မျက်ခုံးကိုပင့်ကာ ကျွန်မ ကမ်းပေးလိုက်သည့် ဆေးပုလင်းကို သဘာဝကျကျပင် ယူခဲ့သည်။

“အချစ်ဆေးပါ...”

“ဗျာ...”

“မွေးနေ့လက်ဆောင်အဖြစ် ရထားတာကို အချစ်ဆေးဆိုပြီး ရေးထားတာ တွေ့လို့လေ။”

မေးမိတာ မှားသွားပြီလား။

ခါ့ဖ်မန်း မင်းသားကြီးက မျက်မှောင်ကို ပို၍ကြုတ်လိုက်သည်။

“ယုံကြည်လို့ ယူလာတာတော့ မဟုတ်ပါဘူး။ အမည်မသိတဲ့သူဆီက ရထားတာဆိုတော့ စိတ်ထဲ တစ်မျိုးဖြစ်နေလို့လေ။”

အဓိပ္ပာယ်မရှိလိုက်တာဟု တွေးနေသည့်မျက်နှာထား ဖြစ်နေသဖြင့် ကျွန်မလည်း ဤဆေးပုလင်းထံမှ ထူးခြားသည့် အာနိသင်ကို မျှော်လင့်ပြီး ယူလာခြင်းမဟုတ်ကြောင်း သေချာလေး ထပ်ဖြည့်ပြောလိုက်ရသည်။

သို့သော်လည်း ခါ့ဖ်မန်း မင်းသားကြီး၏ အမူအရာကမူ ပြောင်းလဲသွားခြင်း မရှိပေ။

“ဒါပေမဲ့ လက်ဆောင်ဆိုတော့ ဒီအတိုင်း လွှင့်ပစ်လိုက်ဖို့ကလည်း ခက်နေလို့ပါ။ သုံးဖို့ကျတော့လည်း စနိုးစနောင့်ဖြစ်နေရပြန်ရော။ အဆင်ပြေမယ်ဆိုရင် ဒါက အန္တရာယ်ရှိတဲ့ပစ္စည်း ဟုတ်၊ မဟုတ်လောက်လေးပဲ စစ်ဆေးပေးလို့ ရမလားရှင့်။”

သို့ရာတွင် လူကို လုံးဝ အထင်သေးသည့် မျက်နှာထားဖြင့်ရှိနေသည့် ခါ့ဖ်မန်း မင်းသားကြီးက လုံးဝ ထင်မှတ်မထားသည့် စကားကို ပြောလာသည်။

“ဒါက အန္တရာယ်ရှိလားတော့ မသိပေမဲ့ ဒီလိုဆေးမျိုးတွေက မှောင်ခိုဈေးကွက်မှာ ပြန့်နေတတ်ပါတယ်။ အတိုင်းအတာတစ်ခုအထိတော့ အာနိသင်ရှိတာပေါ့။”

“ဒီလိုဆေးမျိုး ရှိတယ်လို့ တစ်ခါမှ မကြားဖူးတာကို....”

“မှောင်ခိုဈေးကွက်မှာပဲ တိုးတိုးတိတ်တိတ် ရောင်းဝယ်နေကြတာမျိုးမို့လို့ပါ။ အဲ့ဒီမှာတောင် ပစ္စည်းအစစ်ဆိုတာ မရှိသလောက် ရှားပါတယ်။”

ခါ့ဖ်မန်း မင်းသားကြီးက ခနဲ့တဲ့တဲ့ ပြောနေသော်လည်း အင်မတန် စိတ်ဝင်စားသည့်ပုံပင်။

သူက "ခဏလေးပါ" ဟု ပြောပြီးနောက် ကျောခိုင်းကာ ဆေးပုလင်းကို အသာအယာ လှုပ်ယမ်းခဲ့သည်။

ထို့နောက် အဖုံးကိုဖွင့်ကာ အနံ့ကို ရှူကြည့်လေ၏။

အကြိမ်အနည်းငယ် စစ်ဆေးပြီးသည့်နောက်တွင်မှ သူက ပြန်လှည့်လာကာ မရေမရာလေသံဖြင့် ပြောလာသည်။

“ဒါက အတိုင်းအတာတစ်ခုအထိ အာနိသင်ရှိတဲ့ဆေး ဖြစ်မယ်ထင်ပါတယ်။”

“ဒါဆို ဒါကို သောက်လိုက်ရင်...”

“ပထမဆုံး တွေ့တဲ့လူကို ချစ်သွားမိမှာပါ။ အာ... အတိအကျပြောရရင်တော့ တကယ် ချစ်သွားအောင် လုပ်ပေးတာ မဟုတ်ဘဲ၊ ချစ်မိသွားတဲ့အခါမှာ ဖြစ်ပေါ်တတ်တဲ့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုတွေကို ပေးတာမျိုးပေါ့။ ဥပမာ နှလုံးခုန် မြန်လာတာ၊ မျက်နှာ နီလာတာ၊ ပြီးတော့... အဟမ်း။ သိတယ်မဟုတ်လား။ အစရှိသဖြင့်ပေါ့။”

တကယ် ထူးဆန်းသည့်အရာတွေလည်း ရှိပါလားဟု တွေးမိကာ ရယ်ချင်စိတ်ကို ထိန်းလိုက်ရသည်။

ဤအရာကို လက်ဆောင်ပေးသူက တကယ်ပင် မကောင်းသည့် ရည်ရွယ်ချက်မရှိဘဲ ရက်ရှ်တာထံတွင် ဆိုဗီရ်ရှုကို လုယူခံလိုက်ရသော ကျွန်မကို သနား၍ ပို့ပေးခြင်းများလား။

တစ်ချက်လေး ကျွန်မ၏အမူအရာကို အကဲခတ်နေသော ခါ့ဖ်မန်း မင်းသားကြီးက ဘာရယ်မဟုတ်သလို ပြောလာသည်။

“ဆန္ဒရှိတယ်ဆိုရင် အရှင်ဧကရာဇ် ဆိုဗီရ်ရှုအပေါ်မှာ သုံးကြည့်ပါလားဗျ။ တိုက်ပြီးတာနဲ့ အရှင်ဧကရာဇ် ပထမဆုံး မြင်ရတဲ့သူက ဧကရီ အရှင်မ ဖြစ်နေဖို့ပဲလိုတာပါ။”

“...”

ကျွန်မ အံ့အားသင့်ကာ စိုက်ကြည့်လိုက်တော့ သူက ပုခုံးတွန့်ပြခဲ့သည်။

အထွေအထူး ဘာမှမပြောလိုက်သလိုမျိုးပင်။

ကျွန်မလည်း အိုးတိုးအမ်းတမ်းပြုံးရင်း ရပါတယ်ဟု တိုးတိုးလေး ရေရွတ်လိုက်မိသည်။

ထိုနည်းလမ်းမျိုးသုံးပြီး ဆိုဗီရ်ရှု၏အာရုံကို ဆွဲဆောင်ရန်မှာ မာနထိခိုက်စရာဖြစ်နေသလို၊ အမှန်အတိုင်း ပြောရလျှင် မာနထက် ဤဆေးကို ကိုယ်တိုင်က မယုံကြည်ခြင်းလည်းပါ၏။

ခါ့ဖ်မန်း မင်းသားကြီးက အဆင်ပြေသည်ဟု ပြောသော်လည်း ဤမျှအစွမ်းထက်သည့် အရာမျိုး သတင်းမထွက်ရခြင်းမှာ အကြောင်းရင်း ရှိမည်ပင်။

ပြီးတော့ ဆေးနံ့လေး ရှူကြည့်ရုံနဲ့ အာနိသင် ရှိ၊ မရှိ သိနိုင်တယ်ဆိုတာကလည်း နည်းနည်းတော့...

သို့သော် ကျွန်မမျက်နှာတွင် မယုံကြည်သည့် အရိပ်အယောင်များ ပေါ်သွား၍လားမသိ။

ဆေးပုလင်းကို ပြန်ယူရန်ပြင်လိုက်စဉ်မှာပင် ခါ့ဖ်မန်း မင်းသားကြီးက စိတ်ခုသွားသည့်အလား ဆေးပုလင်းကို သူ့ဘက်သို့ ပြန်ဆွဲယူသွားသည်။

ထို့နောက် “မယုံတဲ့ပုံပဲ...” ဟု တီးတိုးရေရွတ်ကာ ဆေးပုလင်းအဖုံးကို ပြန်ဖွင့်လိုက်၏။

“ကျွန်တော်ကိုယ်တိုင် အာနိသင်ကို ပြပေးပါ့မယ်။”

“မဟုတ်တာ၊ အဲ့ဒီလို လုပ်ဖို့ မလို....”

“ဘယ်လိုပဲဖြစ်ဖြစ် ဖြေဆေးရှိတာမို့လို့ အဆင်ပြေပါတယ်။”

“ဖြေဆေး ဟုတ်လား။"

အဲ့ဒါက ဘာလို့ ရှင့်ဆီမှာ ရှိနေရတာလဲဟု မေးရန်အချိန်မရလိုက်ခင်မှာပင် ခါ့ဖ်မန်း မင်းသားကြီးက ဆေးကို တစ်ငုံသောက်ပြီး ကျွန်မကို စိုက်ကြည့်လာသည်။

လန့်သွားသဖြင့် မျက်လုံးချင်း ဆုံသွားသည့် အခိုက်အတန့်တွင်။

တံခါးက ဝုန်းခနဲ ပွင့်သွားကာ တစ်စုံတစ်ယောက် ဝင်လာလေသည်။

“ဧကရီ။”

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment