no

Font
Theme

အပိုင်း ၈၈ (ဘယ်လိုစကားမျိုးကို ကြားချင်နေတာလဲ)

ရီဗယ်တီတစ်ယောက် အိမ်မက်မက်နေသလို ခံစားချက်ဖြင့် အဖြူရောင်စင်္ကြံလမ်းအတိုင်း လျှောက်လာခဲ့သည်။

ပန်းချီကားထဲ၌သာ အမြဲမြင်ဖူးခဲ့သည့် ဧကရီအရှင်မနှင့် တိုက်ရိုက်တွေ့ဆုံခွင့်ရကာ အနီးကပ် လက်ဖက်ရည် အတူသောက်ခဲ့ရ၏။

ဧကရီအရှင်မက သူ့ကို ပြုံးပြရုံသာမက ရက်ပိုင်းအတွင်း ကျင်းပမည့် လက်ဖက်ရည်ပါတီကိုပင် ဖိတ်ကြားခဲ့သေးသည်။

ရီဗယ်တီအတွက်မူ ရုတ်တရက်ရရှိလာသည့် ခမ်းနားသောစံအိမ်နှင့် အစေခံအများအပြားထက် ဤအချက်က ပို၍ဝမ်းသာကြည်နူးစရာ ဖြစ်နေ၏။

‘လက်ဖက်ရည်ပါတီကျရင် ကွတ်ကီးတွေကို ကိုယ်တိုင်ဖုတ်ပြီး ယူသွားရမယ်။ ဧကရီအရှင်မတော့ သဘောကျမှာပဲ။ ရီဗယ်တီရဲ့ လက်ရာက ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲမို့လို့။’

သို့သော် ပျော်ရွှင်နေသည့် စိတ်အစဉ်က စင်္ကြံလမ်းအဆုံး၌ ရက်ရှ်တာကို တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် ထိုးကျသွားတော့သည်။

ရက်ရှ်တာက လက်ပိုက်လျက် ရပ်နေကာ သူ့ကို တမင်စောင့်နေသည်မှာ သိသာလှ၏။

“ဘာလဲ။”

ရီဗယ်တီက နှုတ်ဆက်ခြင်းကိုကျော်ကာ မျက်နှာသေဖြင့် မေးလိုက်ရင်း ရက်ရှ်တာ၏ ရှေ့တွင် ရပ်လိုက်သည်။

သူ၏မျက်လုံးများက ရက်ရှ်တာကို အထက်အောက် အမြန်ဝေ့ကြည့်သွား၏။

နဂိုကလည်း လှပသည့်တိုင် ယခုမြင်ရသည့် ရက်ရှ်တာက နတ်မိမယ်လေးတစ်ပါးလိုပင်။

သို့သော် တစ်ဖက်လူက မည်မျှပင် လှပနေပါစေ ရီဗယ်တီအတွက်မူ ဘာမှမထူးခြားခဲ့။

ရီဗယ်တီက ရက်ရှ်တာ မိမိ၏အစ်ကို အာလန်နှင့် သမီးရည်းစားဖြစ်ခဲ့စဉ်ကတည်းက သူ့အပေါ် မုန်းတီးခဲ့ခြင်းဖြစ်ပြီး၊ အာလန်နှင့် လမ်းခွဲပြီးသည့် ယခုအချိန်အထိလည်း ထိုခံစားချက်က ပြောင်းလဲမသွားပေ။

“ဧကရီနဲ့ တွေ့ခဲ့တာလား။”

ရက်ရှ်တာကလည်း ရီဗယ်တီကို မုန်းသည်မှာ အတူတူပင်ဖြစ်သဖြင့် စကားပလ္လင်ခံမနေတော့ဘဲ လိုရင်းကိုသာ မေးလိုက်သည်။

“ဧကရီ၊ ဟုတ်လား။ နင် စကားပြောတာ တော်တော်ရိုင်းပါလား။”

“ဧကရီကို ဘာတွေပြောလိုက်လဲ။”

“အခုအထိ စကားပြောတာ မပြင်သေးဘူးကိုး။”

“ဘာတွေပြောလိုက်လဲလို့။”

“​ဘာတွေပဲပြောပြောပေါ့။ ဘာလုပ်မလို့လဲ။”

“……ပြောလိုက်ပြီလား။”

“ဘာအကြောင်းကိုလဲ။”

ရက်ရှ်တာက ‘နင့်အစ်ကိုနဲ့ ကလေးအကြောင်း’ ဟု ထုတ်မပြောနိုင်ဘဲ နှုတ်ခမ်းကိုသာ စေ့ထားမိသည်။

နှုတ်မှ ထုတ်ပြောလိုက်ရုံနှင့် အလကားနေ ကြောင့်ကြနေရမည် စိုးသောကြောင့်ပင်။

ရက်ရှ်တာ မသဲမကွဲ တီးတိုးပြောနေရာ ရီဗယ်တီ၏ မျက်နှာထားတွင် အထက်စီးဆန်ဆန်နှင့် ညစ်ကျယ်ကျယ်အရိပ်အယောင်များ ပေါ်လာသည်။

ဉာဏ်ကောင်းသော ရီဗယ်တီက ရက်ရှ်တာ ဘာပြောချင်မှန်း အကုန်ရိပ်မိလိုက်၏။

ထို့အပြင် ရက်ရှ်တာက ဧကရာဇ်၏ချစ်သူ ဖြစ်လာသည့်တိုင် အတိတ်၏ ခြောက်လှန့်မှုကို ခံနေရဆဲဖြစ်ကြောင်း သတိထားမိသွားတော့သည်။

အတိတ်သာ ပေါ်ပေါက်သွားလျှင် တစ်ဖက်လူလည်း အခက်တွေ့မည်မှာ အမှန်ပင်။

“ဘာကို စိုးရိမ်နေမှန်း သိသလိုပဲ၊ ရက်ရှ်တာ။ သိပ်ပြီးတော့လည်း ပူမနေပါနဲ့။”

ရီဗယ်တီက ပြုံးလိုက်ရင်း ခနဲ့တဲ့တဲ့လေသံဖြင့် ပြောခဲ့သည်။

“နင့်လိုဟာမျိုးကြောင်းကို ဧကရီအရှင်မရှေ့မှာ ဘာလို့ ပြောရမှာလဲ။ အာရုံစိုက်နေဖို့တောင် မတန်တဲ့ဟာကို။”

စော်ကားသည့်စကားကြောင့် ရက်ရှ်တာ၏ မျက်နှာတစ်ခုလုံး နီမြန်းသွားတော့၏။

“ငါကို မတန်ဘူး ဟုတ်လား။”

“နင် ငါ့အစ်ကိုနဲ့ သမီးရည်းစားဖြစ်ခဲ့တိုင်း မှူးမတ်အနွယ်ဝင် ဖြစ်မလာသလိုပဲ၊ အခု အရှင်ဧကရာဇ်ရဲ့ အပျော်ကစားစရာ ဖြစ်နေရုံနဲ့လည်း တော်ဝင်မိသားစုဝင် ဖြစ်မလာဘူးလေ။”

ရီဗယ်တီ အရှိုက်ထိအောင် လှောင်ပြောင်လိုက်သောအခါ ရက်ရှ်တာတစ်ယောက် ဒေါသအလိပ်လိုက် ထွက်လာကာ သူ၏ ပါးကို ဖြန်းခနဲ ရိုက်ချလိုက်မိသည်။

ရိုက်ပြီးမှသာ ‘သွားပြီ’ ဟု တွေးလိုက်မိသော်လည်း လက်လွန်ခဲ့ပေပြီ။

ရီဗယ်တီက ပါးစပ်အဟောင်းသားနှင့် ရက်ရှ်တာကိုကြည့်ရင်း အော်ဟစ်လိုက်၏။

“ရူးသွားပြီကိုး။”

ရီဗယ်တီလည်း ရက်ရှ်တာကို ပြန်ရိုက်ရန် ပြင်လိုက်တော့ ရက်ရှ်တာက သူ့ဗိုက်သူ ဖက်ထားရင်း ရီဗယ်တီကို စိုက်ကြည့်ခဲ့သည်။

ရီဗယ်တီ ဆတ်ခနဲတွန့်သွား၏။

ဗိုင်းကောင့် လိုတဲရှု ထင်ထားသည့်အတိုင်း ရီဗယ်တီက မရင့်ကျက်သေးသော်လည်း ဉာဏ်ကောင်းသည့် သခင်မလေးပင်။

သူက ရက်ရှ်တာ၏ ဗိုက်ထဲတွင် ဘယ်သူရှိနေမှန်း သတိရသွားကာ ဒေါသတကြီး သွားကို တင်းတင်းကြိတ်လိုက်သည်။

စကားများခြင်းက အထောက်အထား မကျန်သလို၊ နှစ်ဦးစလုံး နှုတ်ပိတ်ရမည့်ကိစ္စဖြစ်၍ မည်သို့ပင် ပြောဆိုပါစေ ပြဿနာမရှိပေ။

သို့သော် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းကမူ ထိုသို့မဟုတ်။

မည်မျှပင် အထင်သေးပါစေ ရက်ရှ်တာက ဧကရာဇ်၏ ချစ်သူဖြစ်ပြီး ဗိုက်ထဲတွင် ဧကရာဇ်၏ရင်သွေး ရှိနေ၏။

“နိမ့်ပါးတဲ့ဟာက အကြမ်းဖက်တာပါ လုပ်နေပြီပဲ။ အောက်တန်းစားဆိုတော့လည်း အဲ့ဒီလိုပဲပေါ့။”

ရီဗယ်တီတစ်ယောက် ရှူးရှူးရှားရှား ဖြစ်နေခဲ့သည်။

ရက်ရှ်တာလည်း ဒေါသပြန်ထွက်လာသည့်တိုင် ထိုထက်စာလျှင် ပါးရိုက်လိုက်မိခြင်းကို ပို၍ နောင်တရနေ၏။

သနား၍တော့ မဟုတ်ပေ။

သမီးဖြစ်သူကို အလွန် အလိုလိုက်သည့် ဗိုင်းကောင့် လိုတဲရှု ဘာလုပ်လာမလဲဟု ကြောက်မိသောကြောင့်ပင်။

နှစ်ယောက်စလုံး တစ်ဦးကိုတစ်ဦး စိုက်ကြည့်ရင်း တုံ့ဆိုင်းနေကြသည်။

နောက်ဆုံးတွင် ရီဗယ်တီက ဘာမှမပြောဘဲ ရက်ရှ်တာကို ကျော်ဖြတ်သွားခြင်းဖြင့် အမုန်းများ ပြည့်နှက်နေသည့် ထိုတွေ့ဆုံမှုလည်း အဆုံးသတ်သွားတော့၏။

‘ဘယ်လိုလုပ်မလဲ……’

ရီဗယ်တီ ပျောက်ကွယ်သွားသည်နှင့် ရက်ရှ်တာတစ်ယောက် စိုးရိမ်တကြီးဖြင့် လက်မကို ကိုက်လိုက်မိသည်။

ရီဗယ်တီက ဗိုင်းကောင့် လိုတဲရှုထံ ပါးရိုက်ခံရသည့်အကြောင်း ကျိန်းသေပေါက် ပြောပြမည်သာ။

ဗိုင်းကောင့် လိုတဲရှု ရောက်လာပြီး ငွေထပ်ညှစ်ဦးမှာပဲ……

ခံပြင်းရသော်လည်း ရီဗယ်တီနှင့်မတူဘဲ ရက်ရှ်တာတွင် ဆိုဗီရ်ရှုကို ဤအကြောင်း တိုင်တောခွင့်ပင်မရှိပေ။

သို့သော် အဆိုးဆုံးက ထိုမောက်မာပြီး ကျက်သရေတုံးသည့် ရီဗယ်တီအတွက် ပွဲဦးထွက်ဝတ်စုံကို မိမိကိုယ်တိုင် ရှာပေးရမည်ဟူသောအချက်ပင်။

~~~~

“ဒီနေ့ ပျော်စရာကိစ္စ တစ်ခုခုများ ရှိခဲ့လို့လား။”

ဆိုဗီရ်ရှုနှင့် ညစာအတူစားနေစဉ်ဖြစ်သည်။

အသာလေး အသုပ်နှင့် ဆော့စ်များကို ရောမွှေနေစဉ် ဆိုဗီရ်ရှုက အမှတ်မထင် မေးလာခြင်းပင်။

“မှူးမတ်အိမ်တော်က သခင်မလေးတွေကိုခေါ်ပြီး အချိန်ဖြုန်းကြတယ်ဆို။ ပျော်စရာကောင်းမဲ့ပုံပါလား။”

ရက်ရှ်တာကို မဖိတ်ခဲ့သည့်အတွက် ခနဲ့နေခြင်းလား။

သို့မဟုတ် ဗိုင်းကောင့် လိုတဲရှု၏ သမီးကို ခေါ်ခဲ့၍လား။

တစ်ချက် စဉ်းစားမိသော်လည်း ဆိုဗီရ်ရှု၏ မျက်နှာတွင် ဒေါသထွက်နေခြင်းဖြစ်စေ၊ ခနဲ့နေခြင်းဖြစ်စေ ထိုသို့သောပုံစံမျိုး မရှိပေ။

တည်ငြိမ်စွာပင် ကြွပ်ရွသည့် ငါးဟင်းကို လှီးဖြတ်နေရုံသာ။

“ဟုတ်ကဲ့။ ဖျတ်လတ်တက်ကြွတဲ့ သခင်မလေးတွေဆိုတော့ ကျွန်မလည်း လိုက်ပြီး စိတ်ရွှင်လန်းသွားရပါတယ်။”

ကျွန်မလည်း ရီဗယ်တီအကြောင်း ထုတ်မပြောဘဲ ပုံမှန်အတိုင်းသာ ပြန်ဖြေလိုက်သည်။

ဆိုဗီရ်ရှုက ခေါင်းညိတ်ရင်း ရေရွတ်ခဲ့၏။

“အင်း။ စိတ်တူကိုယ်တူတွေခေါ်ပြီး အချိန်ဖြုန်းတာ ကောင်းတာပေါ့။ ဧကရီက အလုပ်ကို အရမ်းအာရုံစိုက်လွန်းတော့ တစ်ခါတလေတော့လည်း အနားယူဖို့ လိုအပ်တယ်လေ။”

“အဲ့ဒီလို လုပ်ပါ့မယ်။”

“မင်းရဲ့ ကျန်းမာရေးက တိုင်းပြည်ရဲ့ အေးချမ်းသာယာမှုဆိုတာကိုလည်း မမေ့နဲ့ဦး။”

“……ဟုတ်ကဲ့ပါ။”

ကျွန်မ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သော်လည်း ဆိုဗီရ်ရှုကို သေချာအကဲခတ်နေမိသည်။

မကြာသေးမီကအထိ ကျွန်မတို့နှစ်ဦး အမြဲတမ်း စိတ်ချင်းစစ်ခင်းနေခဲ့ကြသည်မဟုတ်ပါလား။

သို့သော် ယခု သူ၏ အပြုအမူက ရက်ရှ်တာ မပေါ်လာခင်ကနှင့် ဆင်တူနေ၏။

‘ဘာလို့ပါလိမ့်။’

ဆိုဗီရ်ရှု ဗျူဟာပြောင်းလိုက်တာများလား။

ကျွန်မကို ရက်ရှ်တာအပေါ် ကောင်းကောင်းဆက်ဆံရန် အမိန့်မပေးဘဲ သူကိုယ်တိုင် စံပြအနေနှင့် အရင်နေပြရန် ဆုံးဖြတ်လိုက်ခြင်းလား။

သူ ကျွန်မအပေါ် ကောင်းပြလျှင် ကျွန်မကလည်း ရက်ရှ်တာအပေါ် ပြန်ကောင်းပြလိမ့်မည်ဟု ထင်နေခြင်းလား။

စဉ်းစားကြည့်သော်လည်း သူ၏ စိတ်ရင်းကို ချက်ချင်း သိနိုင်ရန် ခက်ခဲလှသည်။

သိပ်ပြီး အရေးကြီးသည့်အရာလည်း မဟုတ်သဖြင့် ဆိုဗီရ်ရှု၏ စိတ်ကို ခန့်မှန်းနေမည့်အစား အလုပ်ကိစ္စကိုသာ စတင်ပြောလိုက်၏။

“မှော်ပညာဝန်ကြီးဌာနက ပညာရှင်ကြီးတစ်ယောက် လွှတ်ပေးဖို့ တောင်းဆိုထားတယ်လို့ ကြားပါတယ်၊ ဟုတ်လားရှင့်။”

“သေချာ ကြားခဲ့တာပဲ။”

အတိအကျ ပြောရလျှင် မှော်ပညာဝန်ကြီးဌာန၊ မှော်ဆရာ သို့မဟုတ် ပညာရှင်ကြီးများနှင့် ပတ်သက်သည့် ကိစ္စများမှာ ကျွန်မ တာဝန်ယူရသည့်အလုပ် မဟုတ်ပေ။

သို့သော် မှော်ဆရာတပ်ဖွဲ့က အရှေ့အင်ပါယာ ဧကရာဇ်၏ အာဏာစက်ကို ဖော်ဆောင်သည့် ပြယုဂ်တစ်ခုပင်။

မှော်ဆရာအရေအတွက် လျော့နည်းလာနေသည့် ယခုအချိန်တွင် စိတ်မပူဘဲ မနေနိုင်ပေ။

“မှော်ဆရာ လျော့နည်းလာတဲ့ ဖြစ်စဉ်ကြောင့်များလား။”

“ဟုတ်တယ်။”

ဆိုဗီရ်ရှုက လေးလံသော မျက်နှာထားဖြင့် နဖူးကို အနည်းငယ်ကျုံ့လိုက်သည်။

“အခုအထိ မွေးလာတဲ့ မှော်ဆရာအရေအတွက် လျော့နည်းလာတယ်လို့ပဲ သိထားရတာလေ။ ဒါပေမဲ့ မှော်ဆရာဖြစ်နေတဲ့သူပါ သာမန်လူအဖြစ် ပြန်ပြောင်းသွားတယ်ဆိုတဲ့ အစီရင်ခံစာတွေ တက်လာလို့။”

“တကယ်လားရှင့်။”

“အမှန်ဟုတ်၊ မဟုတ် စစ်ဆေးရဦးမှာပေါ့။”

အမှန်တကယ် ဟုတ်၊ မဟုတ် စစ်ဆေးရခြင်းက မှော်ဆရာယောင်ဆောင်ကာ လိမ်လည်သူများ တစ်ခါတစ်ရံ ပေါ်လာတတ်သောကြောင့် ဖြစ်ပေလိမ့်မည်။

ကျွန်မ ခေါင်းညိတ်လိုက်ပြီး ဤကိစ္စသာ အမှန်ဖြစ်ပါက နောင်တွင် မည်သို့ဖြစ်လာနိုင်သည်ကို စဉ်းစားကြည့်မိ၏။

နယ်မြေအရှင်သခင်များက ကိုယ်ပိုင်စစ်သည် အင်အားအချို့ ထားရှိခွင့်ရှိပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုလည်း ဥပဒေဘောင်အတွင်းမှ အတိုင်းအတာတစ်ခုအထိ ခွင့်ပြုထားသည်။

သို့သော် မည်မျှပင် အာဏာရှိသည့် နယ်မြေအရှင်သခင်ဖြစ်ပါစေ မှော်ဆရာကိုမူ လုံးဝ ငှားရမ်းခွင့်မရှိပေ။

မှော်ဆရာများကို ဘုရင့်တိုင်းပြည်နှင့် အင်ပါယာမှ တော်ဝင်မိသားစုများသာ ခန့်အပ်ပိုင်ခွင့်ရှိပြီး၊ ထိုမှော်ဆရာများက နယ်မြေအရှင်သခင်များနှင့် မှူးမတ်များ ဧကရာဇ်နှင့် ဘုရင်ကို ဦးညွှတ်ရသည့် အဓိက အင်အားစုပင်။

သို့သော် ဤအခြေအနေတွင် မှော်ဆရာအရေအတွက် လျော့နည်းလာမည်ဆိုလျှင်……

“ဧကရီ။”

ကျွန်မ အတွေးပေါင်းစုံဖြင့် ခေါင်းစားနေစဉ် ဆိုဗီရ်ရှုက တိုးညင်းသော လေသံဖြင့် ခေါ်ခဲ့သည်။

လှည့်ကြည့်လိုက်တော့ ဆိုဗီရ်ရှုက ထူးထူးဆန်းဆန်း တောင်းဆိုမှုတစ်ခု လုပ်လာ၏။

“တစ်ခါလောက်ပဲ ပြုံးပြကြည့်ပါဦး။”

“...”

ဒါက ဘယ်လိုတောင်းဆိုမှုပါလိမ့်။

ထူးဆန်းသော်လည်း သူ အလိုရှိသည့်အတိုင်း ပြုံးပြလိုက်သည်။

“……ဟင့်အင်း၊ အဲ့ဒီလို အပြုံးမျိုး မဟုတ်ဘူး။”

သို့သော် ဆိုဗီရ်ရှုက မကျေနပ်ပေ။

သူက ခေါင်းခါကာ ထပ်မံ တောင်းဆိုလာပြန်သည်။

“မှန်ကြည့်ပြီး လေ့ကျင့်ထားတဲ့ အပြုံးမျိုး မဟုတ်ဘဲနဲ့။ စိတ်ရင်းပါတဲ့ အပြုံးမျိုးကို ပြပေး။”

ကျွန်မ မျက်မှောင်ကြုတ်လိုက်မိတော့ ဆိုဗီရ်ရှုက လက်ကို ဆန့်ထုတ်ကာ လေထဲတွင် ကျွန်မ၏ နှုတ်ခမ်းထောင့်စွန်းလေးများကို ဆွဲတင်ပေးသည့် အမူအရာ လုပ်ပြလာသည်။

“အရင်ကတော့ ကောင်းကောင်း ပြုံးတတ်သလိုပဲကို။”

ဘာစကားပါလိမ့်။

ကျွန်မ ဘာမှမပြောဘဲ စိုက်ကြည့်နေမိတော့ ဆိုဗီရ်ရှုက နှမြောသလို သက်ပြင်းတစ်ချက်ချခဲ့သည်။

“အရင်တုန်းကတော့ ငါ့ကိုကြည့်ပြီး ကောင်းကောင်း ပြုံးပြခဲ့တာပဲမဟုတ်လား။ စိတ်ရင်းနဲ့လေ။”

“အခုလည်း စိတ်ရင်းနဲ့ ပြုံးနေတာပါပဲ။”

“ဘယ်လို စိတ်ရင်းမျိုးလဲ။”

“ပြုံးပြမယ်ဆိုတဲ့ စိတ်ရင်းပါ။”

“ဝမ်းသာလို့ဖြစ်ဖြစ်၊ ပျော်လို့ဖြစ်ဖြစ် အဲ့ဒီအခါ ပေါ်လာတဲ့ စိတ်ရင်းမျိုးကို ပြောနေတာ၊ ငါက။”

“ဒါဆို အရင်ဆုံး ဝမ်းသာစရာ၊ ပျော်စရာ ကိစ္စမျိုး ရှိရမှာမဟုတ်ဘူးလားရှင့်။”

သို့သော်……

ပြန်စဉ်းစားကြည့်လျှင် ကွီးန် ထွက်ခွာသွားပြီးနောက် စိတ်ရင်းဖြင့် ပြုံးရသည့်ကိစ္စက မရှိသလောက်ပင်။

ရံရွေတော်များနှင့် စကားပြောဆိုဆက်ဆံရခြင်းကသာ တစ်ခုတည်းသော ပျော်ရွှင်မှု ဖြစ်ခဲ့ရသည်။

ဆိုဗီရ်ရှုက ကျွန်မ၏စကားကို မထင်မှတ်ဘဲ လက်ခံကာ ခေါင်းညိတ်ပြလာ၏။

“ဟုတ်တာပေါ့။ ဝမ်းသာစရာကိစ္စ၊ ပျော်စရာကိစ္စ ရှိရမှာပေါ့။”

ရုတ်တရက် ဘာလို့ အဲ့ဒီလို လုပ်နေတာပါလိမ့်ဟု တွေးနေစဉ် ဆိုဗီရ်ရှုက စားပွဲပေါ်မှ ခေါင်းလောင်းကို တီးလိုက်သည်။

မကြာမီ အသင့်စောင့်နေသည့် အစေခံက လက်တွန်းလှည်းကိုတွန်းကာ ချဉ်းကပ်လာ၏။

လက်တွန်းလှည်းပေါ်တွင် ပန်းကန်ပြားအကြီးကြီးတစ်ခုရှိပြီး ထိုပန်းကန်ပေါ်တွင် ငွေရောင်အဖုံးတစ်ခုဖြင့် အုပ်ထားသည်။

‘ဘာပါလိမ့်။’

ကျွန်မ သိလိုစိတ်ဖြင့် ကြည့်နေစဉ် ဆိုဗီရ်ရှုက အစေခံကို ပြန်လွှတ်လိုက်ပြီး ငွေရောင်အဖုံးကို မျက်ရိပ်ပြရင်း ပြောခဲ့သည်။

“ဖွင့်ကြည့်လိုက်။”

အဖုံးကို ဖွင့်လိုက်တော့ အထဲတွင် ငွေရောင်လက်စွပ်တစ်ကွင်း ရှိနေ၏။

“ဘယ်လိုလဲ။”

ဆိုဗီရ်ရှုက ကျွန်မ၏ မျက်နှာရိပ်မျက်ကဲကို အသာလေး အကဲခတ်ကြည့်ရင်း မေးလာသည်။

“လက်ဆောင်များလား။”

တစ်ချက် စဉ်းစားပြီးမှ မေးလိုက်တော့ သူက အနည်းငယ် စိတ်ပျက်သွားသည့် လေသံဖြင့် ပြန်မေးလာသည်။

“လက်ဆောင်ဆိုတာတော့ ဟုတ်ပေမဲ့။ နောက်ထပ် ဘာမှ ပြောစရာ မရှိတော့ဘူးလား။”

“ကျေးဇူးတင်ပါတယ်။”

ဒါပေမဲ့ ဘာကို မျှော်လင့်နေတာပါလိမ့်။

ဆိုဗီရ်ရှုက ကျွန်မကို စိုက်ကြည့်နေဆဲပင်။

အာ... ပြုံးပြခိုင်းထားတာပဲ။

ကျွန်မ အသာအယာ ပြုံးလိုက်ကာ တစ်ခါထပ်၍ “ကျေးဇူးတင်ပါတယ်” ဟု ပြောလိုက်သည်။

သို့သော် ဆိုဗီရ်ရှုက “နောက်ထပ် ပြောစရာမရှိတော့ဘူးလား” ဟုသာ ဆက်မေးနေ၏။

“ထပ်ပြီး ပြောရဦးမှာလားရှင့်။”

“ဒီလက်စွပ်ကို မြင်ပြီးတော့ ပြောစရာဆိုလို့ ကျေးဇူးတင်စကားပဲ ရှိတာလား။”

“ဆိုဒန်ဘောန်က ထွက်တဲ့ လက်စွပ်ကိုး။ အာရစ်ထ် အလုပ်ရုံရဲ့ တတိယမျိုးဆက် ပညာရှင်က ဖန်တီးထားတဲ့ ပစ္စည်းဖြစ်သလို၊ လွန်ခဲ့တဲ့ ၁၅၆ နှစ်က ဧကရာဇ် ကားလ် မိုင်ရွန် စစ်ထွက်ခါနီး မှာယူခဲ့တဲ့ပစ္စည်းလို့ သိထားပါတယ်။ အဲ့ဒီနောက်ပိုင်း သတင်းအစအန ပျောက်နေခဲ့တာကို အခု အရှင်ဧကရာဇ်ဆီမှာ လက်ဝယ်ရှိနေတာပဲ။”

ဒီစကားကို ကြားချင်တာမဟုတ်ဘူးလား။

ဆိုဗီရ်ရှုက နှုတ်ခမ်းများ လှုပ်ရှားသွားပြီးမှ သက်ပြင်းတစ်ချက်ချကာ အစားအသောက်များကို လက်ညှိုးညွှန်ပြခဲ့သည်။

“ဒီအတိုင်း သုံးဆောင်တော့။”

~~~~

ရက်ရှ်တာတစ်ယောက် မျက်နှာသေဖြင့် ပုံကြမ်းစာအုပ်ကို လှန်ကြည့်နေသည်။

ဒီဇိုင်နာက စိုးရိမ်တကြီးဖြင့် ရက်ရှ်တာကို စောင့်ကြည့်နေ၏။

ရက်ရှ်တာ ဂရုမစိုက်သလို ကြည့်နေသည့် ပုံကြမ်းစာအုပ်မှာ သူ အပင်ပန်းခံ ဒီဇိုင်းဆွဲထားသည့် ဝတ်စုံပုံကြမ်းများပင်။

ဒီဇိုင်နာက ရက်ရှ်တာ၏ တုံ့ပြန်မှုကို မျှော်လင့်ရင်း တံတွေးကို ကြိတ်မျိုချနေမိသည်။

ရက်ရှ်တာက အထက်တန်းလွှာသိုင်းအဝိုင်းတွင်သာမက သာမန်အရပ်သားများကြားတွင်လည်း ပြောစမှတ်ပြုရသူပင်။

ဒီဇိုင်နာက လူတိုင်း၏ အာရုံစိုက်မှုကို ခံနေရသည့် ရက်ရှ်တာအား မိမိဖန်တီးထားသည့် ဝတ်စုံကို ဝတ်ဆင်ပြီး ပါတီတက်ပေးစေလို၏။

“ဟူး……”

သို့သော် အတော်ကြာမှ ရက်ရှ်တာ၏ပါးစပ်မှ ထွက်လာသည်မှာ သက်ပြင်းတစ်ချက်သာ။

“သဘောမကျလို့လားရှင့်။”

ဒီဇိုင်နာက နှမြောတသစွာ မေးခဲ့သည်။

ရက်ရှ်တာက ခေါင်းခါကာ ပုံကြမ်းစာအုပ်ကို ပိတ်လိုက်၏။

“အင်း။ သဘောမကျဘူး။ အရမ်း လှလွန်းနေလို့။”

ငိုမဲ့မဲ့ ဖြစ်သွားတော့မည့် ဒီဇိုင်နာက ရက်ရှ်တာ၏ စကားကြောင့် “ရှင်” ဟု အမှတ်တမဲ့ ပြန်မေးမိသွားသည်။

အရမ်းလှလွန်းလို့ သဘောမကျဘူးတဲ့လား။

“ဒါဆိုရင် ပိုပြီး…… ရိုးရိုးရှင်းရှင်းလေးပဲ လိုချင်တာလားရှင့်။”

တစ်သဝေမတိမ်း ကြိုက်တတ်တဲ့ စတိုင်လ်မျိုး ရှိနေလို့လား။

ဒါကြောင့် လှလွန်းတဲ့ဝတ်စုံကို မကြိုက်တာများလား။

ရက်ရှ်တာက ယခုတစ်ကြိမ်တွင်လည်း ခေါင်းခါပြပြန်သည်။

“ဟင့်အင်း။”

ဒီဇိုင်နာက ဝေခွဲမရဖြစ်နေသော်လည်း ရက်ရှ်တာက သူ့ကို အပြင်ထွက်ရန် လက်ပြလိုက်သည်။

ဒီဇိုင်နာ ထွက်သွားသည်နှင့် ရက်ရှ်တာတစ်ယောက် နောက်တစ်ကြိမ် လေးလံစွာ သက်ပြင်းချရင်း ဆိုဖာကူရှင်ပေါ်သို့ နဖူးမှီလိုက်၏။

မိမိမုန်းတီးသည့်လူအတွက် ပွဲဦးထွက်ဝတ်စုံကို ရွေးပေးနေရခြင်းဖြစ်သဖြင့် ဝတ်စုံက လှလေလေ စိတ်ထဲ၌ မကျေနပ်လေလေ ဖြစ်နေရသည့်အကြောင်းကို မည်သို့ ပြောပြနိုင်မည်နည်း။

ရက်ရှ်တာက ရီဗယ်တီကို လက်ကိုင်ပဝါလေး တစ်ထည်ပင် မပေးလိုပေ။

“ရွေးရတာ ခက်နေရင် ကျွန်မပဲ သင့်တော်သလို ရှာလိုက်ရမလား။”

ရက်ရှ်တာ ငိုင်နေသည်ကိုမြင်တော့ ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်က အနားသို့ လာထိုင်ရင်း မေးခဲ့သည်။

အစပိုင်းတွင် ရက်ရှ်တာကို ရှောင်ဖယ်နေခဲ့သော်လည်း ရက်ရှ်တာတွင် ဧကရာဇ်၏ ရင်သွေး ရှိနေပြီဖြစ်သဖြင့် သူနှင့် အတတ်နိုင်ဆုံး ရင်းနှီးအောင် ကြိုးစားနေခြင်းပင်။

“အဲ့ဒီလို မဟုတ်ပါဘူး။”

ရက်ရှ်တာက စိတ်မပါသလို ပြန်ဖြေပြီး မျက်လုံးကို မှိတ်ထားလိုက်သည်။

ထိုစဉ်မှာပင်။

“လေဒီ ရက်ရှ်တာ၊ လေဒီ ရက်ရှ်တာ။”

အစေခံမိန်းကလေး ဒဲလိစ်က အော်ကြီးဟစ်ကျယ်နှင့် အခန်းထဲသို့ ဝင်လာသည်။

ရက်ရှ်တာအတွက် အသစ်ခန့်အပ်ထားသည့် အစေခံနှစ်ဦးအနက်မှ တစ်ဦးဖြစ်ပြီး ထူးခြားသည်က သူ့တွင် အစေခံလုပ်ငန်း အတွေ့အကြုံ တစ်ခုမှ မရှိခြင်းပင်။

သို့သော် အတွေ့အကြုံမရှိသလောက် စိတ်အားထက်သန်မှုရှိကာ ပထမဆုံးအကြိမ် ခစားရသည့် သခင်မကို အလွန်ပင် သဘောကျနေ၏။

ဆိုဗီရ်ရှုကလည်း ထိုအချက်ကို တမင်ရည်ရွယ်ပြီး အတွေ့အကြုံမရှိသည့် အစေခံကို ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။

“အာကျယ်အာကျယ်တွေ မလုပ်စမ်းနဲ့၊ ဒဲလိစ်။”

ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်က ပြင်းထန်စွာ ငေါက်လိုက်ရာ ဒဲလိစ်လည်း ဆတ်ခနဲတွန့်သွားတော့၏။

“ကိစ္စမရှိပါဘူး။ ဘာဖြစ်လို့လဲ၊ ဒဲလိစ်။”

သို့သော် ရက်ရှ်တာက ကြင်နာစွာ ပြုံးပြရင်း ပြောလိုက်တော့ ဒဲလိစ်က ရက်ရှ်တာ၏ အနားသို့ အပြေးလာကာ ပြောခဲ့သည်။

“ဧကရီအရှင်မက မကြာခင် လက်ဖက်ရည်ပါတီ ကျင်းပတော့မယ်လို့ ကြားရပါတယ်။”

“လက်ဖက်ရည်ပါတီ။”

ရက်ရှ်တာက ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်ကို လှည့်ကြည့်လိုက်သည်။

ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်က ရက်စွဲကို တစ်ချက် တွက်ချက်ကြည့်ပြီးမှ ပြောလာ၏။

“ဟုတ်ပါတယ်။ ဒီလိုအချိန်မျိုးဆိုရင် အနီးအနားမှာနေတဲ့ သခင်မလေးတွေကိုစုပြီး လက်ဖက်ရည်ပါတီ ကျင်းပလေ့ရှိတယ်ရှင့်။”

ရက်ရှ်တာ တဒင်္ဂ ကြမ်းပြင်ကို စိုက်ကြည့်နေမိသည်။

ယခုအခါ သူလည်း ဧကရီက မိမိကိုမုန်းကြောင်း သိထားပြီးဖြစ်သဖြင့် ဘာကိုမှ မမျှော်လင့်တော့ပေ။

“အဲ့ဒီတော့ ဘာဖြစ်လဲ။ ဧကရီက ရက်ရှ်တာကို ဖိတ်မှာမှ မဟုတ်တာ။”

“အခု ဖိတ်စာတွေ ဝေနေပြီဆိုတော့ မစိုးရိမ်ပါနဲ့။ လေဒီ ရက်ရှ်တာကိုလည်း ဖိတ်မှာပါ။”

ရက်ရှ်တာက ထိုသို့မဖြစ်နိုင်ဟု တွေးထားသော်လည်း အနည်းငယ်တော့ မျှော်လင့်မိပြန်သည်။

ဧကရီက သူ့ကို မုန်းသည်မှာ သေချာသော်လည်း သို့တိုင် သိက္ခာက ရှိသေးသည်မဟုတ်ပါလား။

တစ်ဖက်သတ် လျစ်လျူရှုလျှင် အများအမြင်တွင် ရက်စက်သူဟုမြင်သွားနိုင်ရာ အပေါ်ယံ သိက္ခာအတွက်ဖြစ်ဖြစ် ဖိတ်စာ ပေးကောင်းပေးနိုင်သည်ဟုတွေးမိ၏။

သို့သော် မည်သည့်အိမ်တော်မှ မည်သူမည်ဝါ ဖိတ်ကြားခံရသည်ဟူသော သတင်းများ ပျံ့နှံ့နေသည့်တိုင် ဖိတ်စာက ရောက်မလာခဲ့ပေ။

မြို့စားမင်း အယ်ရ်ဂီ ရောက်လာချိန်တွင်။

ရက်ရှ်တာတစ်ယောက် နောက်ဆုံးတွင် အောင့်ထားသမျှ မျက်ရည်များကို ဖောက်ထုတ်ကာ ရင်ဖွင့်လေတော့သည်။

“ရက်ရှ်တာက ဒီနေရာမှာ အင်အားအနည်းဆုံးလူကို။ ဧကရီက ရက်ရှ်တာကို ရှေ့ဆုံးကနေ ဖယ်ကြဉ်ဖို့လုပ်နေတယ်။”

“ဘာဖြစ်လို့လဲ၊ မိန်းကလေးရဲ့။ ဘာကိစ္စရှိလို့လဲ။”

ရက်ရှ်တာထံမှ ဧကရီ၏ လက်ဖက်ရည်ပါတီအကြောင်း ကြားလိုက်ရသောအခါ မြို့စားမင်း အယ်ရ်ဂီက စုတ်တစ်ချက်သပ်လိုက်၏။

“လူမှုရေးလောကမှာ သြဇာအရှိဆုံးပုဂ္ဂိုလ်က ရှေ့ဆုံးကနေပြီး မိန်းကလေးကို ဖယ်ကြဉ်တာမျိုးတော့ မလုပ်သင့်ဘူးပေါ့။ ဒါက အနိုင်ကျင့်တာနဲ့ ဘာများကွာလို့လဲ၊ မဟုတ်ဘူးလား။”

“ဟုတ်ပါတယ်။ ဧကရီက အဲ့ဒီလို မိန်းမမျိုးပါ။”

ရက်ရှ်တာက ရှိုက်ကြီးတငင်ငိုရင်း မေးလိုက်သည်။

“ရက်ရှ်တာရဲ့ မွေးစားမိဘလုပ်ပေးမဲ့သူကို ရှာတွေ့ပြီလားဟင်။”

“အင်း။ မတွေ့သေးဘူး။ အခြေအနေတွေကို အတတ်နိုင်ဆုံး ကိုက်ညီအောင် လုပ်ရမှာမို့လို့။”

“အခြေအနေ……”

“တကယ် ကလေးပျောက်သွားတဲ့သူကို ရှာနေတာလေ။”

“အာ။”

“အဲ့ဒီကိစ္စကတော့ ကျုပ်ကိုသာ အပ်ထားစမ်းပါ။ အဲ့ဒါထက် မိန်းကလေး၊ မိန်းကလေးက ဒီကိစ္စကို ဘယ်လို တုံ့ပြန်မလဲ။”

“တုံ့ပြန်ရမယ် ဟုတ်လား။”

“ဧကရီက မိန်းကလေးကို ဖယ်ကြဉ်ဖို့ ကြိုးစားနေတာ ဒီအတိုင်းပဲ ငြိမ်ခံမလို့လား။”

“ဒါပေမဲ့…… ဖိတ်စာမရဘဲ သွားရင်လည်း လှောင်စရာပဲ ဖြစ်မှာပေါ့။”

“ဒါပေါ့လေ။ အတင်းအကျပ်ကြီး သွားတာကတော့ မကောင်းပါဘူး။”

“ဒါဆို ရက်ရှ်တာ ဘာလုပ်ရမလဲဟင်။”

ရက်ရှ်တာက ငိုမဲ့မဲ့ဖြင့် မေးလိုက်သည်။

“ဧကရီနဲ့ ရင်းနှီးအောင် ကြိုးစားကြည့်လို့တော့ မပြောနဲ့နော်။ အစွမ်းကုန် ကြိုးစားခဲ့ပေမဲ့ မဖြစ်တာမို့လို့။”

မြို့စားမင်း အယ်ရ်ဂီ၏ မျက်လုံးများက ထူးဆန်းစွာ ကွေးညွတ်သွားတော့သည်။

သူက ပြုံးလျက် ရက်ရှ်တာ့အနားသို့ တိုးထိုင်ကာ ချိုသာသော လေသံဖြင့် အကြံပြုလေ၏။

“ဧကရီနဲ့ တစ်ရက်တည်းမှာပဲ လက်ဖက်ရည်ပါတီ ကျင်းပလိုက်၊ မိန်းကလေး။ အဲ့ဒါဆိုရင် ရပြီ။”

ဆိုဗီရ်ရှုက အာဏာ၏ထိပ်ဆုံးမှ အေးစက်ပြီး အထက်စီးဆန်သော ဆွဲဆောင်မှုမျိုး ရှိသည်ဆိုလျှင် မြို့စားမင်း အယ်ရ်ဂီကမူ ဆန့်ကျင်ဘက်ပင်။

သူက အဆင့်အတန်းမြင့်မားပြီး ကြမ်းတမ်းသော စရိုက်ရှိသော်လည်း လိုအပ်သည့်အခါ မိမိကိုယ်ကိုယ် နှိမ့်ချကာ လူများကို လိုက်လျောပေးရန် ဝန်မလေးပေ။

မြို့စားမင်း အယ်ရ်ဂီက နွေးထွေးသော အကြည့်ဖြင့် စိုက်ကြည့်နေရာ ရက်ရှ်တာလည်း မျက်နှာပူလာကာ အကြည့်လွှဲရင်း ရေရွတ်လိုက်သည်။

“တစ်ရက်တည်းမှာလုပ်လည်း အပိုပါပဲ။ မှူးမတ်တွေက ဧကရီကို ထားခဲ့ပြီး ရက်ရှ်တာ့ဆီ လာမှာမှ မဟုတ်တာ။”

“ဒါပေါ့။”

“……ဒါဆို ဘာလို့ အဲ့ဒီလို အကြံပေးတာလဲ။ ပိုပြီး လှောင်စရာ ဖြစ်သွားမှာကို။”

“ဘာမှမလုပ်ရင် ဘာမှဖြစ်မလာဘူးလေ။”

“ဒါဆို လှောင်စရာ အဖြစ်ခံရမယ်ပေါ့။”

ရက်ရှ်တာ နားမလည်နိုင်သဖြင့် မေးလိုက်တော့ မြို့စားမင်း အယ်ရ်ဂီက ပြုံးလျက် ခေါင်းခါပြခဲ့သည်။

“သနားတဲ့မဲလေး ရအောင်လို့။”

“သနားတဲ့မဲ……”

“ဧကရီက ချစ်သူကို မဖိတ်ဘဲ မှူးမတ်တွေကိုခေါ်ပြီး ပျော်ပါးနေတယ်။”

“...”

“ဧကရီနဲ့ ချစ်သူက တစ်ရက်တည်းမှာ လက်ဖက်ရည်ပါတီ ကျင်းပခဲ့ပေမဲ့ မှူးမတ်တွေက သာမန်အရပ်သူ ချစ်သူရဲ့ ပွဲကိုတော့ ဘယ်သူမှ မလာခဲ့ကြဘူး။ ဧကရီက အဲ့ဒီလိုဖြစ်အောင် ဖန်တီးခဲ့တာ။”

မြို့စားမင်း အယ်ရ်ဂီက အန္တရာယ်ရှိစွာပြုံးရင်း လက်ချောင်းဖြင့် ဆိုဖာအနားစကို ဖိလိုက်သည်။

“အဓိပ္ပာယ်က ကွာခြားသွားပြီမဟုတ်လား။”

“အာ”

“ပြောခဲ့သလိုပဲ၊ မိန်းကလေး စည်းရုံးရမှာက သာမန်လူထုလို့။ ပြီးတော့ သာမန်လူထုက မှူးမတ်တွေရဲ့ကိစ္စကို ဘာမှမသိကြဘူး။ ဒီလောက်အထိပဲ သတင်းလွှင့်လိုက်ရင် နောက်ကွယ်က စိတ်လှုပ်ရှားစရာ ဇာတ်လမ်းတွေကို သူတို့ဘာသာသူတို့ ဖန်တီးပေးလိမ့်မယ်။”

“ဇာတ်လမ်းတွေဆိုတာက……”

“ဧကရီက မိန်းကလေးနဲ့ တစ်ရက်တည်းမှာ တမင်တကာ လက်ဖက်ရည်ပါတီ ကျင်းပခဲ့တယ်ဆိုပြီးတော့လေ။”

“....”

~~~~

Miel’s Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment