no

Font
Theme

အပိုင်း ၇၆ (ခါ့ဖ်မန်း မင်းသားကြီး၏ ကမ်းလှမ်းချက်)

မနေ့က ဆိုဗီရ်ရှု ပြောသွားခဲ့သည့် စကားများက ခေါင်းထဲတွင် တဝဲလည်လည် ရစ်ဝဲလျက်။

မနက်ခင်းလေထုက ကြက်သီးထလောက်အောင် အေးမြလတ်ဆတ်နေသော်လည်း ဗလောင်ဆူနေသည့် စိတ်ကိုမူ ငြိမ်သက်သွားအောင် မစွမ်းသာခဲ့ပေ။

အဝေးမှ ကြားနေရသော ငှက်သံလေးများကလည်း ‘ကွီးန်’ ကို သတိရစေသဖြင့် စိတ်မကောင်းဖြစ်ရုံသာ။

ချစ်သူကမွေးတဲ့ ကလေးက တော်ဝင်မင်းသား ဒါမှမဟုတ် တော်ဝင်မင်းသမီး ဘယ်ဖြစ်နိုင်ပါ့မလဲ။

ဆိုဗီရ်ရှု ပြောသလို ငါတို့ကြားမှာ သားသမီးမထွန်းကားဘူးဆိုရင်၊ အဲ့ဒီကလေးကို ငါကပဲ မွေးစား……ရတော့မှာကို။

မုန်းသည်။

ထိုအစား သွေးသား လုံးဝမတော်စပ်သည့် ကလေးဖြစ်နေသည်ကမှ တော်ဦးမည်။

ရက်ရ်ှတာနှင့် ဆိုဗီရ်ရှုတို့ကြားတွင် မွေးလာမည့်ကလေးတဲ့လား။

မည်သို့ပင် တွေးကြည့်ပါစေ ထိုကလေးကို ကျွန်မ ချစ်ပေးနိုင်မည် မထင်ပေ။

ဟင့်အင်း၊ ကျွန်မ ထိုကလေးကို လုံးဝ ချစ်နိုင်မည်မဟုတ်။

“ဧကရီ အရှင်မ။”

နယ်စားကတော် အယ်လီဇာ၏ အသံကြောင့် အတွေးကမ္ဘာမှ ရုတ်တရက် နိုးထလာသည်။

ကျွန်မ လန့်သွားကာ ပြတင်းပေါက်ဘောင်မှ ခွာလိုက်မိ၏။

အတွေးလွန်နေခဲ့သဖြင့် သူ အနားရောက်လာသည်ကိုပင် မသိလိုက်ပေ။

“ဘာကိစ္စရှိလို့လဲ။”

ဘာမှမဖြစ်သလို တည်ငြိမ်ဟန်ဆောင်ပြီး မေးလိုက်တော့ နယ်စားကတော် အယ်လီဇာက အသံကိုနှိမ့်ပြီး ပြောလာသည်။

“ခါ့ဖ်မန်း မင်းသားကြီး ရောက်နေပါတယ်။”

“ခါ့ဖ်မန်း မင်းသားကြီးလား။”

“ဟုတ်ကဲ့။”

ဧည့်ခန်းထဲသို့ ထွက်လာတော့ ခါ့ဖ်မန်း မင်းသားကြီးက ဦးထုပ်ကိုချွတ်ကာ လက်တစ်ဖက်ဖြင့်ကိုင်ပြီး ရပ်နေ၏။

ဆိုဗီရ်ရှုနှင့် လက်သီးချင်းဖလှယ်ပြီးနောက်ပိုင်း ဤသည်က ပထမဆုံးအကြိမ် ပြန်တွေ့ရခြင်းပင်။

လက် အဆင်ပြေရဲ့လားဟု သိချင်သဖြင့် အမြန်အကဲခတ်ကြည့်လိုက်သော်လည်း ဒဏ်ရာရထားပုံတော့ မပေါ်ပေ။

“ဘာမှမဖြစ်ပါဘူး။ စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

ကျွန်မ အကဲခတ်နေသည်ကို ရိပ်မိသွားခြင်းများလား။

ခါ့ဖ်မန်း မင်းသားကြီးက သူ့လက်ကို တစ်ချက်လှုပ်ပြကာ ဘာမှမဖြစ်သလို ပြန်ဖြေလာသည်။

ထိုအမူအရာကြောင့် ကျွန်မလည်း ကိုယ်တိုင်ပင်မသိလိုက်ဘဲ ရေရွတ်မိသွား၏။

“နောက်ဆုံးတော့ ဆေးအာနိသင် ပြယ်သွားပြီပေါ့။”

သို့သော် ကျွန်မစကားအဆုံးတွင် သူက အေးစက်စွာ ပြန်မေးလာသည်။

“ပြယ်သွားမှာကို စောင့်နေခဲ့တဲ့ပုံစံမျိုးနဲ့ ပြောနေတာပဲ။ ကျွန်တော့်ကို မောင်းထုတ်ချင်နေတာလား။”

ကျွန်မ လန့်သွားသည်ကို မြင်တော့မှ သူက ချက်ချင်း သက်ပြင်းချကာ တောင်းပန်လာ၏။

“……တောင်းပန်ပါတယ်။ အခု ကျွန်တော်က ခံစားချက်တွေ အရမ်းပြင်းထန်နေတဲ့ အခြေအနေမှာ ရောက်နေလို့ပါ။ အဲ့ဒါကြောင့် ဧကရီ အရှင်မ ပြောတဲ့စကားတွေကို တလွဲတွေးနေမိတာထင်ပါရဲ့။ နားလည်ပေးဖို့ မျှော်လင့်ပါတယ်။”

“အာ။ ဧကန္တ အခုအထိ……”

“ဟုတ်ပါတယ်။”

ခါ့ဖ်မန်း မင်းသားကြီးက အပြင်ပန်းကြည့်လျှင် တည်ငြိမ်နေသယောင်နှင့် ခေါင်းညိတ်ပြလာသည်။

သို့သော် သေချာကြည့်လိုက်တော့မှ ဦးထုပ်ကိုင်ထားသည့် လက်များက တဆတ်ဆတ် တုန်ယင်နေ၏။

ထိုအခြင်းအရာကို မြင်တော့ စိုးရိမ်စိတ်က တိုးလာရပြန်သည်။

“ဆေးအာနိသင်က နဂိုကတည်းက ဒီလောက်အထိ ကြာတတ်တာလား။”

“ကျွန်တော်လည်း အဲ့ဒါကို တွေးပူနေတာပါ။”

ခါ့ဖ်မန်း မင်းသားကြီးက ထပ်ပြီး သက်ပြင်းချခဲ့ပြန်သည်။

ထို့နောက် ကျွန်မနှင့် သူ့အကြား အကွာအဝေးကို မျက်မှန်းဖြင့် သေချာတွက်ချက်နေ၏။

ကျွန်မနှင့် အတန်အသင့် ဝေးဝေးတွင် နေချင်သည့်ပုံပင်။

“ခါ့ဖ်မန်း မင်းသားကြီးကိုယ်တိုင် ဖော်ထားတဲ့ ဆေးဆို။”

“အကယ်ဒမီမှာတုန်းက မှောင်ခိုဈေးကွက်ကို သွားချင်လို့ ဖော်စပ်ခဲ့တာပါ။ ……ပုံမှန်ဆိုရင်တော့ ဒီလောက်အထိ အာနိသင် မပြင်းထန်ပါဘူး။”

ခါ့ဖ်မန်း မင်းသားကြီးက နောက်တစ်ကြိမ် သက်ပြင်းချပြီးနောက် သူ့ဦးထုပ်ကို ဟိုကိုင်ဒီကိုင် လုပ်နေခဲ့သည်။

“နဂိုက ဘယ်လောက်အထိ အာနိသင်ရှိလို့လဲ။”

“ဒီအတိုင်း အချစ်မှာ ကျဆုံးသွားတဲ့ ထင်ယောင်ထင်မှားဖြစ်မှုမျိုးလောက်ပါပဲ။ ဒီလောက်အထိလည်း မကြာသလို၊ ဖြေဆေးကလည်း ကျိန်းသေပေါက် ထိရောက်ပါတယ်။”

“လူတွေအပေါ်မှာရော သုံးဖူးရဲ့လား။”

“ကျိန်းသေပေါက် သုံးဖူးတာပေါ့။ ဒါကြောင့်လည်း လက်ဆောင်ပေးခဲ့တာပါ။”

ခါ့ဖ်မန်း မင်းသားကြီးက တတိယအကြိမ်မြောက် သက်ပြင်းကို ချလိုက်ပြန်သည်။

“ဖော်စပ်ထားတာ နှစ်အတော်ကြာနေပြီဖြစ်တဲ့ ဆေးပါ။ တကယ်လို့ အဲ့ဒီဆေးသာ နဂိုကတည်းက ဒီလောက်အထိ အာနိသင်ရှိခဲ့မယ်ဆိုရင် အခုလောက်ဆို တစ်ကမ္ဘာလုံး ရုန်းရင်းဆန်ခတ်တွေ ဖြစ်နေလောက်ပါပြီ။”

သူပြောတာလည်း ဟုတ်သည်။

ခါ့ဖ်မန်း မင်းသားကြီး၏ လက္ခဏာက အပျော်ပတ်သက်ချင်သည့် စိတ်မျိုးမဟုတ်ဘဲ အချစ်နာကျနေသူလို ဖြစ်နေသောကြောင့်ပင်။

ဤမျှအထိ အချစ်စိတ်ကို နှိုးဆွပေးနိုင်မည့် ဆေးမျိုးသာဆိုလျှင်…… အသုံးချစရာ အများကြီးရှိမည်သာ။

“ဘေးထွက်ဆိုးကျိုးများလား။”

ကျွန်မ စိုးရိမ်တကြီး ထပ်မေးလိုက်သည်။

သို့သော် ခါ့ဖ်မန်း မင်းသားကြီးက ကျွန်မမေးခွန်းကို​မဖြေဘဲ အခြားစကားကို ပြောလာ၏။

“……ကျွန်တော် အရှေ့အင်ပါယာကနေ ထွက်ခွာတော့မလို့ပါ။”

လမ်းခွဲမည့်အကြောင်း အသိပေးလိုက်ခြင်းပင်။

ယခုတစ်ကြိမ်တွင်လည်း။

ရုတ်ခြည်းဆိုသလို မျက်ဝန်းထဲမှ အားများ လျော့သွားရသည်။

ခါ့ဖ်မန်း မင်းသားကြီးနှင့် တော်ဝင်မင်းသား ဟိုင်န်ရီ၊ ကွီးန်၊ တူအာနီယာ မြို့စားကတော်တို့လောက် မရင်းနှီးသော်လည်း ဆက်တိုက်ဆိုသလို ကြားနေရသည့် ခွဲခွာခြင်းသတင်းများကြောင့် ရင်ထဲတွင် ဟာသွားရ၏။

ကျွန်မလည်း ကိုယ်တိုင်ပင် သတိမထားမိဘဲ စောဒကတက်သလို မေးခွန်းများ ပုံအောမေးမိတော့သည်။

“ကုန်သွယ်ရေးကရော။ သံတမန် ဆက်ဆံရေးကရော။ အခုမှ စရုံပဲရှိသေးတာကို ထွက်သွားတော့မယ်ဆိုတော့……”

“အရှင်ဧကရာဇ်က မလိုလားတော့လို့ပါ။”

“ဒီကိစ္စရဲ့ တာဝန်ခံက ကျွန်မလေ။”

“ဒါပေမဲ့ တိုင်းပြည်အချင်းချင်း ဆက်ဆံရေးဖြစ်နေသရွေ့၊ ခင်ဗျားရဲ့ ခင်ပွန်းက နောက်ဆုံးအတည်ပြုချက် မပေးသရွေ့တော့ ကုန်သွယ်လို့ မရနိုင်ပါဘူး။”

ယခုတစ်ကြိမ်တွင်တော့ အခြားအဓိပ္ပာယ်နှင့် ရင်ထဲ၌ စို့တက်လာရသည်။

မနှစ်မြို့ဖွယ် ခံစားချက်ပင်။

လွီပ်(ထ်)နှင့် သံတမန် ဆက်ဆံရေးဖော်ဆောင်ရန်အတွက် ကျွန်မ အချိန်အတော်ကြာ ကြိုးစားခဲ့သမျှက ဆိုဗီရ်ရှု၏ စိတ်လိုက်မာန်ပါလုပ်မှုကြောင့် သဲထဲရေသွန် ဖြစ်သွားရပြီဟု တွေးမိကာ ဒေါသထွက်လာရသည်။

နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ရပ်နေစဉ် ခါ့ဖ်မန်း မင်းသားကြီး၏ လက်က ဆတ်ခနဲလှုပ်ရှားသွား၏။

“စိတ်မကောင်းမဖြစ်ပါနဲ့။”

“……”

“ကျေးဇူးပြုပြီးတော့။ အခု ခင်ဗျား စိတ်မကောင်းဖြစ်နေရင် ကျွန်တော့် ရင်ဘတ်ထဲက အရမ်းနာကျင်ရလို့ပါ။ ကျေးဇူးပြုပြီး……”

ခက်ခက်ခဲခဲ မျက်မှောင်ကြုတ်ထားသည့် ခါ့ဖ်မန်း မင်းသားကြီးက သူ့ရင်ဘတ်၏ နာကျင်မှုကို လက်ဖြင့် ဖိထားခဲ့သည်။

တကယ် နာကျင်ခံစားနေရသည့် မျက်နှာထားမျိုးပင်။

သူ့အတွက်​ ကျွန်မ အတင်းဖျစ်ညှစ်ပြုံးပြလိုက်သော်လည်း ထိရောက်မှုရှိပုံမရပေ။

နောက်ဆုံးတွင် ကျွန်မလည်း စကားလမ်းကြောင်း လွှဲလိုက်ရသည်။

“ဒါဆိုရင် သံတမန် ဆက်ဆံရေးကိစ္စက လုံးဝ ပျက်ပြယ်သွားပြီလို့ ပြောလို့ရတာလား။”

စကားလမ်းကြောင်းလွှဲလိုက်မှ ထိရောက်သွားပုံရကာ ခါ့ဖ်မန်း မင်းသားကြီးက ရင်ဘတ်ပေါ်မှ လက်ကို ဖြည်းဖြည်းချင်း ဖယ်ကာ ပြန်ဖြေလာသည်။

“အရှေ့အင်ပါယာနဲ့ သံတမန် ဆက်ဆံရေး မလုပ်နိုင်မှတော့ တခြားတိုင်းပြည်တွေကိုပဲ ရှာကြည့်ရတော့မှာပေါ့။ တကယ်တော့ လွီပ်(ထ်)ဘက်ကကြည့်ရင် ဘယ်တိုင်းပြည်နဲ့ပဲဖြစ်ဖြစ် ကုန်သွယ်နိုင်ရင် ရပါပြီ။”

“……အဲ့ဒီလိုကိုး။”

အချည်းနှီးဖြစ်သွားရသည့် ခံစားချက်ကြောင့် အားမရှိသော အပြုံးလေးတစ်ခု ထွက်လာသည်။

ဗြောင်းဆန်နေသည့်စိတ်ကို ဖိနှိပ်ချုပ်တည်းရင်း သူ့ကို ကျေးဇူးတင်​ကြောင်းပြောလိုက်၏။

“ဘာပဲဖြစ်ဖြစ် အခြေအနေကို လာပြောပြပေးတဲ့အတွက် ကျေးဇူးပါပဲ။”

“တခြားတိုင်းပြည်တွေကို လှည့်လည်ရင်း ဆေးအာနိသင် ပြယ်စေမဲ့ နည်းလမ်းကိုလည်း ရှာဖွေကြည့်ဦးမှာပါ။”

သူက စကားဆုံးသည်နှင့် ကျွန်မကို စိုက်ကြည့်လာသည်။

ကျွန်မလည်း မတတ်သာဘဲ ဆုတောင်းပေးလိုက်ရ၏။

“ဟုတ်ပါပြီ။ ကုန်သွယ်ရေး…… အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။”

သို့သော် စကားပြောနေရင်း ဤသည်က ကျွန်မ၏ စိတ်ရင်း ဟုတ်၊ မဟုတ်ကိုမူ မသဲကွဲခဲ့ပေ။

တစ်ချိန်က ကြိုးစားပြီး ဦးတည်ချက်တစ်ခုတည်းသို့ သွားခဲ့သော ကုန်သွယ်ဘက်ဖြစ်ခဲ့ဖူးသူအနေနှင့် သူ ပိုကောင်းမည့် အခြားကုန်သွယ်ဘက်ကို ရှာတွေ့ပါစေဟု ဆုတောင်းပေးသင့်သော်လည်း တစ်ဖက်တွင် ထိုသို့မဖြစ်ပါစေနှင့်ဟုလည်း တွေးမိနေပြန်သည်။

အကယ်၍ ထိုသို့သာ ဖြစ်သွားခဲ့လျှင် ကျွန်မ အင်မတန် စိတ်မကောင်းဖြစ်ရမည် ဖြစ်သောကြောင့်ပင်။

“……တစ်ဝက်လောက်ကတော့ စိတ်ရင်းပါ။”

နောက်ဆုံးမှ တိုးတိုးလေး ထပ်ဖြည့်ပြောလိုက်တော့ ခါ့ဖ်မန်း မင်းသားကြီး မျက်လုံးပြူးသွားကာ ခဏအကြာတွင် ရယ်ခဲ့လေသည်။

တစ်ဖက်လူ ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်ရလောက်အောင် အကျယ်ကြီး ရယ်နေသည့် သူက မျက်ရည်များပင် ထွက်လာ၏။

အချစ်ဆေးသောက်ထားလျှင် တစ်ဖက်လူ ပြောသမျှအပေါ် တုံ့ပြန်မှုက ပို၍ပြင်းထန်သွားတတ်ခြင်းပဲလား။

ဘယ်နားက ရယ်စရာကောင်းနေမှန်း မသိပေ။

သို့သော် သူ အားရပါးရ ရယ်နေသဖြင့် ကျွန်မသာ အနေခက်လာရသည်။

မိမိ၏လောဘကို ပေါ်တင်ထုတ်ပြမိသလို ခံစားရသောကြောင့်ပင်။

‘အပိုထပ်မပြောဘဲ နေခဲ့ရမှာ။’

“ရပါတယ်ဗျ။ တအားချစ်ဖို့ကောင်းလို့ပါ။”

“ရှင်။”

စကားမပြောဘဲ ပြုံးနေသည့် ခါ့ဖ်မန်း မင်းသားကြီးကို ကြည့်ရင်း စိတ်ထဲ တစ်မျိုးကြီးဖြစ်လာသည်။

အတွေးလွန်နေခြင်းပဲလား မသိသော်လည်း…… တစ်ခါတလေ သူက အချိန်ကိုက်ပြီး စကားပြောတတ်၏။

ကျွန်မစိတ်ထဲမှ စကားများကို ပြန်ဖြေပေးနေသလိုပင်။

စိတ်မသန့်သလို ခံစားရသဖြင့် မျက်မှောင်ကြုတ်လိုက်တော့မှ ခါ့ဖ်မန်း မင်းသားကြီးက နှုတ်ခမ်းကို ဟလိုက်သည်။

သို့သော် နှုတ်ခမ်း လှုပ်ရုံသာလှုပ်ပြီး ဘာစကားမှ ထွက်မလာခဲ့ပေ။

ခွဲခွာခြင်း နှုတ်ဆက်စကား ပြောမလို့များလား။

နှုတ်ဆက်ခါနီးမှ ဆေးအာနိသင်ကြောင့် ခက်ခဲနေခြင်းလား။

ထိုသို့ဆိုလျှင် ကျွန်မကပဲ အရင် နှုတ်ဆက်ပေးလိုက်ခြင်းက ပိုကောင်းမည်လား။

မည်သို့ပင်ဖြစ်စေ တစ်ချိန်က ‘အချစ်ခံရသည့် ခံစားချက်’ ကို သိအောင်လုပ်ပေးခဲ့သည့် ပုဂ္ဂိုလ်ပင်။

တော်ဝင်မင်းသား ဟိုင်န်ရီလောက် သံယောဇဉ်မရှိသော်လည်း သူနှင့်ဆုံရသည့် ခဏတာက ပျော်စရာကောင်းခဲ့သည်။

နောက်ဆုံး ပြုံးလျက် အရင်နှုတ်ဆက်ရန် ပြင်လိုက်စဉ်မှာပင် ခါ့ဖ်မန်း မင်းသားကြီးက ထင်မှတ်မထားသည့် ကမ်းလှမ်းချက်ကို ပြောလာ၏။

“အတူတူ သွားရအောင်လားဗျာ။”

“...”

“အတူတူ သွားချင်ပါတယ်။ အတူတူသွားရရင် ကောင်းမှာပါ။”

ကျွန်မ အံ့ဩသွားကာ သူ့ကို ငေးကြည့်နေမိသည်။

ဘာလဲဟ။

ကျွန်မ ကျောက်ရုပ်လို ဖြစ်နေသည်ကို ကြည့်ရင်း သူက ဦးထုပ်ကို ရင်ဘတ်တွင်ကပ်ကာ ပြောလာ၏။

“ဒီမှာ ဆက်နေရင် နှလုံးပဲ ပုပ်ဆွေးသွားရမှာပါ။ ဟွာတိုက်ကြီးကို သွားကြရအောင်လား။ ခေါင်းရှုပ်စရာတွေ တစ်ခုမှမရှိဘဲ၊ လောကရဲ့ ပျော်စရာကောင်းတာတွေ၊ ကောင်းမွန်တာတွေပဲ မြင်တွေ့ပြီး နေထိုင်သွားနိုင်အောင် လုပ်ပေးပါ့မယ်။”

“မင်းသားကြီး……”

ဒီတစ်ခါလည်း ပေါက်ကရတွေ ပြောပြန်ပြီလား။

ဆေးအာနိသင်ကြောင့် မဟုတ်ကဟုတ်ကတွေ ထွက်လာတာနေမှာပေါ့။

သို့သော် သူက စကားကို ပြန်ပြင်မပြောခဲ့ပေ။

မျက်မှောင် အနည်းငယ်ကြုတ်ထားသော်လည်း ယခင်က ပေါက်ကရပြောချိန်များနှင့်မတူဘဲ စကားကို ပြန်မရုပ်သိမ်းခဲ့။

မျက်လုံးချင်း ဆုံနေစဉ်မှာပင် သူက တုန်ယင်နေသည့် လက်ကို ကျွန်မဆီ ကမ်းပေးလာသည်။

“ခွင့်ပြုပေးမယ်ဆိုရင် အားလုံးကို ကျွန်တော် အဆင်သင့် ဖြစ်အောင် ပြင်ဆင်ထားပါ့မယ်။”

တဒင်္ဂတော့ ကျွန်မ ဘာကြားလိုက်ရမှန်း နားမလည်နိုင်အောင် ဖြစ်ခဲ့ရသည်။

ရယ်ချင်စိတ်ပေါက်လာသော်လည်း ခါ့ဖ်မန်း မင်းသားကြီး၏ မျက်လုံးများကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ရယ်ချင်စိတ်များ အကုန်ပျောက်သွားရ၏။

သူ၏ မျက်ဝန်းများထဲတွင် ကြောင့်ကြမှုများက အတိုင်းသား ပေါ်လွင်လျက်။

အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိကာ ခပ်အေးအေးနေတတ်သည့် လူက ယခုအချိန်တွင် ကျွန်မ၏ငြင်းဆိုမှုကို ကြောက်ရွံ့နေလေသည်။

ဆေးကြောင့်ဖြစ်နိုင်သော်လည်း ယခုအချိန်တွင် သူက စိတ်ရင်းနှင့်ပင်။

အားနာစိတ် တိုးလာရသည်။

သို့သော်……. ကျွန်မ ခေါင်းခါပြလိုက်၏။

“မဖြစ်ပါဘူး။”

“ဧကရီ အရှင်မ။”

“ခါ့ဖ်မန်း မင်းသားကြီး။ ဆင်ခြင်တုံတရားနဲ့ စဉ်းစားပါ။ မင်းသားကြီးက အခု ဆေးကြောင့် ဒီလိုဖြစ်နေတာလေ။”

“သိပါတယ်။ သိပေမဲ့……အဆင်ပြေပါတယ်။”

ရတယ်တဲ့လား။

ကျွန်မ မျက်မှောင်ကြုတ်ရင်း ပြုံးမိသွားသည်။

“ဟင့်အင်း။ ရှင့်အတွက် အဆင်မပြေပါဘူး။”

“ဒါက ကျွန်တော့်ရဲ့ ခံစားချက်ပါ။ ကျွန်တော့်ရဲ့ ခံစားချက်ကို ငြင်းပယ်တာက ခင်ဗျားရဲ့ ဆန္ဒဆိုပေမဲ့ ကျွန်တော့် ခံစားချက်ကိုတော့ မရှိသလိုမျိုး မသတ်မှတ်လိုက်ပါနဲ့။”

“မင်းသားကြီး။ မင်းသားကြီးလည်း သိနေတာပဲ။ ရှင်က အခု ဆေးအာနိသင်ကြောင့် စိတ်လိုက်မာန်ပါ ကမ်းလှမ်းမိတာပါ။”

“……”

“ဆေးအာနိသင် ပြယ်သွားရင် ကျိန်းသေပေါက် နောင်တရပါလိမ့်မယ်။”

ရည်ရွယ်ချက်ရှိရှိနှင့် တမင် အပြုံးကိုဖျောက်ပြီး ပြောလိုက်သည်။

ခါ့ဖ်မန်း မင်းသားကြီးလည်း အနည်းငယ် မျက်မှောင်ကြုတ်သွား၏။

ကျွန်မ သက်ပြင်းချလိုက်မိသည်။

“တဒင်္ဂ ဆေးအာနိသင်ကို ယုံကြည်ပြီး ကျွန်မအပေါ် ဘဝကို မပုံအပ်လိုက်ပါနဲ့၊ ခါ့ဖ်မန်း မင်းသားကြီး။”

“ဒီဆေးအာနိသင် ပျောက်ကွယ်သွားတဲ့အခါ ကျွန်တော့်ရဲ့ ခံစားချက်တွေက အရင်လို ပြန်ဖြစ်သွားနိုင်မယ်လို့ ဘယ်လိုများ အတပ်ပြောနိုင်မှာပါလဲ။”

“အစမှာ မင်းသားကြီးက ကျွန်မကို သဘောကျတာမဟုတ်ဘူးလေ။ မမှတ်မိတော့ဘူးလားရှင့်။”

“သဘောမကျတာ မဟုတ်ပါဘူး။”

“...”

“စိတ်ကျဉ်းကျပ်စရာကောင်းတယ်လို့ပဲ တွေးခဲ့တာပါ။”

ခါ့ဖ်မန်း မင်းသားကြီးက မျက်နှာသေနှင့် ရှိနေသော်လည်း ဘယ်နေရာကမှန်းမသိ သနားစရာကောင်းနေခဲ့သည်။

ထိုပုံစံကို မြင်ရသည်မှာ ကရုဏာသက်စရာပင်။

သို့သော်လည်း သူ၏ကမ်းလှမ်းချက်က သနားစိတ်ဖြင့်သော်လည်းကောင်း၊ စိတ်လိုက်မာန်ပါနှင့်သော်လည်းကောင်း ရွေးချယ်နိုင်မည့် ကမ်းလှမ်းချက်မျိုး မဟုတ်ပေ။ ကျွန်မ ကိုယ်ကို လှည့်လိုက်ကာ အခြားတစ်ဖက်ကိုကြည့်ရင်း ပြောလိုက်သည်။

“ခါ့ဖ်မန်း မင်းသားကြီး။ ရှင့်အမြင်မှာတော့ ကျွန်မ လုပ်နေတဲ့ အလုပ်တွေကို ခေါင်းရှုပ်စရာလို့ မြင်နိုင်လောက်မလားမသိပေမဲ့…… ကျွန်မကတော့ အဲ့ဒီလောက် မပင်ပန်းပါဘူး။”

“...”

“အရှင်ဧကရာဇ်က တခြားမိန်းမကို ဂရုစိုက်ပြီး ချစ်နေတာ၊ ကျွန်မအပေါ် အေးစက်လာတာတွေအတွက် နာကျင်ရပါတယ်။ ဒါပေမဲ့ ကျွန်မက ဧကရီပါ။”

ခါ့ဖ်မန်း မင်းသားကြီးထံမှ တိုးညင်းစွာနှင့် အဓိပ္ပာယ်မဖော်နိုင်သော အသံတစ်ခု ထွက်လာသည်။

လှည့်ကြည့်လိုက်တော့ သူက ပါးစပ်လေး အနည်းငယ်ဟနေ၏။

“ကျွန်မက တစ်ဘဝလုံး ဧကရီဖြစ်ဖို့အတွက် ရှင်သန်လာခဲ့ပြီး သင်ယူလာခဲ့တာပါ။ ဒါက ကျွန်မရဲ့ အိပ်မက်ဖြစ်သလို လက်တွေ့ဘဝဆိုလည်း ဟုတ်ပါတယ်။ ခင်ပွန်းက ကျွန်မကို ပင်ပန်းအောင်လုပ်တယ်ဆိုတဲ့ အကြောင်းရင်းတစ်ခုတည်းနဲ့ ကျွန်မရဲ့တစ်ဘဝလုံးကို မစွန့်ပစ်လိုက်ချင်ပါဘူး။”

ခါ့ဖ်မန်း မင်းသားကြီးက နှုတ်ခမ်းကို လေးလံစွာ လှုပ်ရှားခဲ့သည်။

“လေးစားဖို့ကောင်းပေမဲ့ အန္တရာယ်များတဲ့အတွေးပါ။”

“ဘာက အန္တရာယ်များတာလဲရှင့်။”

“ခင်ဗျားရဲ့ ခင်ပွန်းက…… ခင်ဗျားကို အရင် ကွာရှင်းဖို့တောင်းဆိုလာရင် ဘယ်လိုလုပ်မှာပါလဲ။”

ထိုသို့ဖြစ်စရာ အကြောင်းမရှိဘူးဟု မဖြေမီမှာပင် သူက အရင်ဆက်ပြောလာသည်။

“ခင်ဗျားရဲ့ ဧကရီတစ်ပါးအနေနဲ့ ကိုယ်ပိုင်လက္ခဏာက တအားပြင်းထန်ခိုင်မာပါတယ်။ ဒါပေမဲ့ ဧကရာဇ်နဲ့ ကွာရှင်းလိုက်ရင် ခင်ဗျားက ဧကရီ မဟုတ်တော့ဘူးလေ။ အဲ့ဒီအချိန်ကျရင် ခင်ဗျား ပြိုလဲသွားမှာကို ကျွန်တော် ကြောက်မိတယ်။”

ကျွန်မ ပြတ်ပြတ်သားသားနှင့် သူ့စကားကို ငြင်းဆိုလိုက်သည်။

“အဲ့ဒီလိုဖြစ်စရာ အကြောင်းမရှိပါဘူး။ အရှင်ဧကရာဇ်က အရူးမှမဟုတ်တာ။”

ဤသည်က စိတ်ရင်းပင်။

ဆိုဗီရ်ရှုကို ထိုမျှအထိ မိုက်မဲလိမ့်မည်ဟု မထင်ပေ။

သို့သော် ခါ့ဖ်မန်း မင်းသားကြီးက အေးစက်စွာနှင့် ကျွန်မစကားကို တုံ့ပြန်လာသည်။

“ခင်ဗျားကို ပစ်ပယ်လိုက်တဲ့အချိန်ကစပြီး သူက အရူးဖြစ်နေပါပြီ။ ပြီးတော့ အချစ်မှာ ယစ်မူးနေတဲ့ လူတွေက ပုံမှန်လူတွေ လုံးဝ မလုပ်မဲ့ အပြုအမူတွေကို စိတ်လိုက်မာန်ပါ လုပ်မိတတ်ကြတယ်မဟုတ်လား။ ကျွန်တော် ခင်ဗျားရဲ့ ခင်ပွန်းကို လက်သီးနဲ့ ထိုးခဲ့သလိုမျိုးပေါ့။”

“...”

ခါ့ဖ်မန်း မင်းသားကြီးက သက်ပြင်းဖွဖွချခဲ့သည်။

ထပ်ပြောချင်သည့်အရာများ အများကြီးရှိပုံရသော်လည်း နောက်ဆုံးတွင် သူက မပြောခဲ့ပေ။

ထိုအစား သူက သတိထားပြီး တောင်းဆိုလာသည်။

“မထွက်ခွာခင် နောက်ဆုံးအနေနဲ့ တစ်ခါလောက်။ တစ်ခါလောက်ပဲ ပွေ့ဖက်ကြည့်လို့ ရမလားခင်ဗျ။”

မှူးမတ်အသိုင်းအဝိုင်းတွင် ပေါ့ပေါ့ပါးပါး ဖက်လှဲတကင်း နှုတ်ဆက်ခြင်းက ထုံးစံတစ်ခုလို ရှိနေသဖြင့် ခွင့်ပြုလိုက်သည်။

ခါ့ဖ်မန်း မင်းသားကြီးက ခွင့်ပြုချက်ရသည်နှင့် ချက်ချင်း ကျွန်မရှေ့ တိုးလာကာ ကျွန်မကို တင်းကျပ်စွာ ပွေ့ဖက်လေတော့၏။

သို့သော် ကျွန်မ ထင်ထားသည့် ပွေ့ဖက်ခြင်းမျိုး မဟုတ်ပေ။

စောစောကအထိ တည်ငြိမ်ပြီး လေးလံနေသည့် အမူအရာက ဘယ်ရောက်သွားသနည်း။

သူ၏ ပွေ့ဖက်မှုက အလောတကြီးဆန်ကာ ပြင်းထန်လွန်းလှသည်။

အသက်ရှူကျပ်လာရ၏။

သူ့ရင်ခွင်ထဲတွင် ကျွန်မကိုယ်လေးက မြုပ်ဝင်နေသည်။

အံ့ဩရန် အချိန်မရလိုက်ခင်မှာပင် သူက နာကျင်နေသည့် သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်ကာ ပခုံးပေါ်တွင် သူ့နဖူးကို တဒင်္ဂ မှီအပ်လာ၏။

ဤသည်က…… ပွေ့ဖက်ခြင်း မဟုတ်ပေ။

“မင်းသားကြီး။”

“……”

“ခါ့ဖ်မန်း မင်းသားကြီး။”

နည်းနည်းလွန်သွားပြီဟု ထင်မိသဖြင့် သူ့ကို အသာအယာ ခေါ်လိုက်သည်။

တော်သေး၍ ကျွန်မနှုတ်ဖျားမှ ထိုစကားများ ထွက်မလာမီမှာပင် မင်းသားကြီးက အရင် နောက်ဆုတ်သွား၏။

စောစောက ဆာလောင်မွတ်သိပ်နေသလို ပွေ့ဖက်မှုက ဘယ်ရောက်သွားမှန်း မသိရအောင် မျက်နှာထားက ပြန်၍ တည်ငြိမ်သွားပြန်သည်။

စိတ်ကို ပြန်ထိန်းကာ ယဉ်ကျေးစွာ နှုတ်ဆက်ပြီးနောက် သူ ကိုင်ထားသည့် ဦးထုပ်ကို ခေါင်းပေါ် ပြန်ဆောင်းခဲ့၏။

ထို့နောက် တံခါးဝသို့သွားကာ ကျွန်မကို တစ်ချက် ပြန်ကြည့်ပြီး အပြင်သို့ ထွက်သွားလေတော့သည်။

တစ်ယောက်တည်း ကျန်ခဲ့သည်နှင့် ကျွန်မ ဆိုဖာပေါ်သို့ ပစ်ထိုင်လိုက်မိ၏။

သူ ချန်ရစ်ခဲ့သော ခံစားချက်၏ အငွေ့အသက်ကြောင့်လားမသိ၊ စိတ်ထဲတွင် ဟာတာတာ ဖြစ်ကျန်ခဲ့သည်။

သို့သော် ထိုသို့သော ခံစားချက်မျိုးနှင့် ကြာကြာ မနေလိုက်ရပေ။

“ဧကရီ အရှင်မ။ ဆာ ခိုရှာရ် ရောက်လာပါတယ်။”

ခါ့ဖ်မန်း မင်းသားကြီး ထွက်သွားပြီး ၁၅ မိနစ် မပြည့်သေးမီ အစ်ကိုဖြစ်သူ ခိုရှာရ်က ကျွန်မဆီ ရောက်လာသောကြောင့်ပင်။

“နာဗီရယ်။”

အစ်ကိုက နယ်စားကတော် အယ်လီဇာ တံခါးဖွင့်ပေးလိုက်သည်နှင့် သူ့အား နှုတ်ဆက်ရန်ပင် မေ့ကာ ကျွန်မဆီ ပြေးလာပြီး ပွေ့ဖက်ခဲ့သည်။

စောစောက ခါ့ဖ်မန်း မင်းသားကြီးနီးပါး အားပါလှ၏။

သို့သော် ခါ့ဖ်မန်း မင်းသားကြီး၏ ပွေ့ဖက်မှုလိုမဟုတ်ဘဲ အလွန် သက်သောင့်သက်သာရှိလှသည်။

အသာလေး အပွေ့ဖက်ခံနေစဉ် အစ်ကိုက ကျွန်မပခုံးပေါ်သို့ ခါ့ဖ်မန်း မင်းသားကြီးနည်းတူ နဖူးကို မှီလာ၏။

အရပ်ရှည်သူများထံတွင် ပွေ့ဖက်ခံရလျှင် ဤသို့သောပုံစံမျိုး ထွက်လာတတ်သည်က သဘာဝပေပဲလား။

“နာဗီရယ်။ ပခုံးက စိုနေတယ်။”

ရောက်တတ်ရာရာအတွေးက ခဏသာ။

အစ်ကို၏ တီးတိုးရေရွတ်သံကြောင့် “ဟင်” ဟု ပြန်မေးလိုက်မိသည်။

“ဘာ​စကားလဲ။”

“ပခုံးမှာ ရေစိုနေလို့။”

“...”

အစ်ကို ခွာသွားသည်နှင့် စောစောက ခါ့ဖ်မန်း မင်းသားကြီး နဖူးမှီသွားခဲ့သည့် ပခုံးပေါ်သို့ လက်တင်လိုက်မိသည်။

စမ်းကြည့်လိုက်တော့ တကယ်ပင် စိုထိုင်းနေ၏။

“အာ……”

မင်းသားကြီး…… ငိုသွားတာလား။

အဲ့ဒီလို ငိုပြီးတော့ အဲ့ဒီလောက်အထိ တည်ငြိမ်တဲ့ မျက်နှာထားနဲ့ ထွက်သွားခဲ့တာလား။

အားနာစိတ်ကြောင့် အလိုလို စို့နင့်သွားရသည်။

ကျွန်မ အိုးတိုးအမ်းတမ်းနှင့် လက်ကို ပြန်ချလိုက်၏။

အစ်ကိုက ကျွန်မ၏ အပြုအမူများကို အသာလေးကြည့်နေရင်းမှ မေးလာသည်။

“နာဗီရယ်။ နင့်မျက်နှာက အခု တအား ညှိုးမှိုင်နေတာပဲ။ နင့်ယောက်ျားနဲ့ အဲ့ဒီမိန်းမကြောင့်မဟုတ်လား။”

“ဟင်။”

“ရာရာစစ နင့်ကို ပစ်ထားပြီး မျက်လုံးချင်းဆုံနေတဲ့ အဲ့ဒီ ကောင်နဲ့ ကောင်မကြောင့် ဒီလောက်အထိ မျက်နှာက လေးလံထိုင်းမှိုင်းနေတာ မဟုတ်လား။”

ကျွန်မ အံ့ဩသွားသည်ကိုမြင်တော့ အစ်ကိုက သွားကြိတ်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

“သာမန်အရပ်သားတွေကြားမှာလည်း အဲ့ဒီသတင်းတွေပဲ ပြောနေကြတာ။ နင့်ယောက်ျားနဲ့ ချစ်သူအကြောင်း။”

“အာ……”

သတင်းတွေ အကုန်ကြားလာပြီပေါ့။

စိတ်မသက်မသာ ဖြစ်မိသဖြင့် အိုးတိုးအမ်းတမ်းနှင့် အကြည့်လွှဲလိုက်ရသည်။

ကျွန်မ ခင်ပွန်းက တခြားမိန်းမကို ချစ်နေပြီး တိတ်တိတ်ပုန်းကလေးပင် ရနေပြီဟူသည့် စကားကို အစ်ကို့ထံမှ မကြားလိုပေ။

တစ်နေ့နေ့တွင် ဤအကြောင်းကို ပြောဖြစ်ကြမည်မှန်း သိထားသော်လည်း……

အကြည့်ကိုချလိုက်မှ အစ်ကို ကိုင်ထားသည့် ဈေးဝယ်အိတ်များကို နောက်ကျမှ မြင်လိုက်ရသည်။

ကျွန်မလည်း တမင်စကားလွှဲရန် အံ့ဩသလို မေးလိုက်၏။

“ဒါတွေက ဘာလဲ။”

“လက်ဆောင်။”

အစ်ကိုက ဗုံးကို ကမ်းပေးသလို အိတ်များကို ကျွန်မထံ ထိုးပေးလာကာ ကျွန်မ လှမ်းအယူတွင် ဆိုဖာနောက်မှီ၌ မှီချသလို မှီထားခဲ့သည်။

“ဖွင့်ကြည့်လို့ရမလား။”

သို့သော် အစ်ကိုက ကျွန်မ စကားလွှဲသည်ကို အရှုံးမပေးခဲ့ပေ။

“နောက်မှကြည့်။ လက်ဆောင်က ထွက်မပြေးဘူး။”

အစ်ကိုက ပြတ်ပြတ်သားသားပြောပြီး ကျွန်မကို ဆိုဖာပေါ်တွင် ထိုင်ခိုင်းကာ၊ အရှေ့မှ ပိတ်ရပ်ပြီး မေးလာသည်။

“အဲ့ဒီမိန်းမက ဘယ်မှာ နေနေတာလဲ၊ နာဗီရယ်။”

“အဲ့ဒီမိန်းမ ဆိုတာက။”

“ငါ့ရဲ့ တော်လှထက်လှတဲ့ ညီမလေး။ ဘယ်ကိုလာပြီး မသိချင်ယောင်ဆောင်နေတာလဲ။ ဗိုက်ကြီးနေတဲ့ အဲ့ဒီမိန်းမလေ။ အဲ့ဒီ သောက်ကျက်သရေတုံးကောင်နဲ့ အတူတူ ရှိနေတာလား။”

“အစ်ကို။”

ကျွန်မ အမြန်ထပြီး အစ်ကို့ပါးစပ်ကို ပိတ်လိုက်ရသည်။

“စကားပြောဆင်ခြင်ပါ။ အန္တရာယ်များတယ်။”

နန်းတော်ထဲတွင် နားများ၊ မျက်စိများ အများအပြားရှိသည်။

ဤနေရာမှလူများက အကုန် ကျွန်မလူယုံများဆိုသော်လည်း ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်၏အဖြစ်ကို သတိမူရပေမည်။

ကျွန်မ၏လူယုံဆိုလျှင်ပင် အခြေအနေအရ သစ္စာဖောက်သွားနိုင်သည် မဟုတ်ပါလား။

အစ်ကိုက ကျွန်မလက်ကို ဖယ်ထုတ်ရင်း မျက်လုံးများ တဝင်းဝင်းတောက်နေသည်။

“ဘာပဲဖြစ်ဖြစ် ငါ့ကို အမှိုက်လိုစရိုက်နဲ့ကောင်မှန်း မသိတဲ့သူမှမရှိတာ။ ဘယ်မှာလဲ၊ နာဗီရယ်။”

“ဘာလုပ်မလို့လဲ။”

“နှစ်ကောင်စလုံးကို သတ်ပစ်မယ်။”

ကျွန်မ အစ်ကို့ပါးစပ်ကို အမြန်ပြန်ပိတ်လိုက်ရသည်။

နယ်စားကတော် အယ်လီဇာကို မျက်ရိပ်ပြလိုက်တော့ သူက ပါးနပ်စွာပင် အခြားရံရွေတော်များကို အကုန်အပြင် ထွက်ခိုင်းလေ၏။

သူကိုယ်တိုင်လည်း အပြင်ထွက်သွားပြီးနောက် တံခါးကို သေသေချာချာ ပိတ်ပေးခဲ့သည်။

ကျွန်မလည်း အစ်ကို့ကို ဆိုဖာပေါ်သို့ တွန်းချလိုက်ရင်း လေသံနှိမ့်ကာ ဆူလိုက်၏။

“ကျေးဇူးပြုပြီး စကားကို ဆင်ခြင်ပြောပါဦး အစ်ကိုရယ်။ စိတ်တိုလို့ လွှတ်ခနဲ ပြောလိုက်တဲ့ စကားဆိုရင်တောင် သူတစ်ပါးက အပြစ်ရှာရင် ရှာလို့ရနေတာကို။”

“စိတ်ရင်းနဲ့ ပြောနေတာ။”

ပြတ်ပြတ်သားသား ပြန်ဖြေသည့် အစ်ကို့မျက်နှာက တည်တင်းနေကာ မျက်လုံးများက စူးရှနေ၏။

သူ့စကားအတိုင်း စိတ်ရင်းမှန်း သိသာလှသည်။

ထို့ကြောင့် ပို၍စိတ်ပူမိရ၏။

တကယ်ပဲ အစ်ကိုက သူ ကိုင်တွယ်နိုင်မည်မဟုတ်သည့် ကိစ္စတစ်စုံတစ်ရာကို လုပ်မိမည်စိုးသောကြောင့်ပင်။

~~~~

Miel’s Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment