အပိုင်း ၆၇ (ရုတ်ခြည်းအပြောင်းအလဲ)
ဗိုင်းကောင့် လန်ဒရယ် ဆိုသည်မှာ တူအာနီယာ မြို့စားကတော်ကို အသည်းအသန် စွဲလမ်းမြတ်နိုးနေသော လူငယ်လေးပင်။
နှစ်သစ်ကူးပွဲတော်တွင် မြို့စားကတော်နှင့် ကခွင့်ရခဲ့စဉ်က တစ်လောကလုံးကို ပိုင်ဆိုင်လိုက်ရသလို ဝင်းပစွာ ပြုံးနေခဲ့သည့် ထိုလူငယ်။
ထိုလူငယ်က ရက်ရှ်တာကို တိုက်ခိုက်ခဲ့သည်ဆိုလျှင်……
“ဗိုင်းကောင့် လန်ဒရယ်ကလည်း မြို့စားကတော် တူအာနီယာနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေကို ဖြန့်ခဲ့တာ လေဒီ ရက်ရှ်တာလို့ ထင်နေတဲ့ပုံပဲ။”
သတင်းလာပို့သည့် ရံရွေတော်က အံ့အားသင့်သော မျက်လုံးများဖြင့် ကြည့်လာသည်။
“ဘယ်လိုလုပ် သိတာပါလဲ။”
“အသေးစိတ် ပြောပြစမ်းပါဦး။”
“စစချင်းမှာတော့ အဆင်ပြေနေခဲ့တာတဲ့။ ဗိုင်းကောင့် လန်ဒရယ်ကို အထဲဝင်ခွင့်ပေးခဲ့တာက လေဒီ ရက်ရှ်တာကိုယ်တိုင်လို့ ပြောပါတယ်။ ဘာကြောင့်မှန်းတော့ မသိပေမဲ့...”
သူက တူအာနီယာ မြို့စားကတော်ကို မြတ်နိုးနေသည့် လူငယ်ဖြစ်သောကြောင့် ဝင်ခွင့်ပေးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
နှစ်သစ်ကူးပွဲတော်တွင် မြို့စားကတော်အနား၌ စုဝေးနေခဲ့သော အမျိုးသားများကို ရက်ရှ်တာက အမြဲစောင့်ကြည့်နေခဲ့ရာ ဗိုင်းကောင့်က မြို့စားကတော်၏ ရွေးချယ်မှုကို ခံခဲ့ရတဲ့သူမှန်းလည်း သိနေမည်သာ။
“ဒီလိုစကားမျိုး ပြောလို့ဖြစ်ပါ့မလားမသိပေမဲ့……”
ရံရွေတော်က အနည်းငယ် နှမြောဟန်ဖြင့် တိုးတိုးလေးရေရွတ်လိုက်ပြီးမှ မပြောတော့ဘူးဟူသည့် သဘောဖြင့် လက်ကာပြကာ စကားဆက်လေသည်။
“မြို့စားမင်း အယ်ရ်ဂီ ရောက်လာပြီးတော့ သွေးနံ့ရတယ်ဆိုပြီး တံခါးကို ကန်ဖွင့်ဝင်သွားလိုက်တဲ့အချိန်မှာ နှမြောစရာ... အဲ၊ တော်သေးလို့ တစ်ဝက်မှာတင် ရပ်သွားခဲ့တာပါ။ ဗိုင်းကောင့် လန်ဒရယ်ကတော့ အဲ့ဒီနေရာမှာတင် အဖမ်းခံလိုက်ရပါတယ်။”
“မြို့စားမင်း အယ်ရ်ဂီ။ ပြန်ရောက်လာပြီလား။”
“ဟုတ်ကဲ့။ ဒါပေမဲ့ အရေးကြီးတာက မြို့စားမင်း အယ်ရ်ဂီ မဟုတ်ပါဘူး၊ ဧကရီ အရှင်မ။ အဖမ်းခံရတဲ့အချိန်မှာ ဗိုင်းကောင့် လန်ဒရယ်က တောက်လျှောက် အော်ဟစ်နေခဲ့တာပါတဲ့။ တူအာနီယာ မြို့စားကတော်ကို ပျက်စီးရာပျက်စီးကြောင်းကြံခဲ့တာ ရက်ရှ်တာပါဆိုပြီးတော့……”
ရံရွေတော်က ကျွန်မ၏ မျက်နှာရိပ်မျက်နှာကဲကို ခိုးကြည့်ခဲ့သည်။
“ဧကရီ အရှင်မကလည်း ရုတ်တရက် တူအာနီယာ မြို့စားကတော်အကြောင်း ပြောလာတော့ ကျွန်မ တကယ် လန့်သွားတာပဲ။ တကယ်ပဲ တစ်ခုခု ရှိနေလို့လားဟင်။”
လုံးဝ မတူညီသော အခြေအနေတွင် ရှိနေသည့် ကျွန်မတို့နှစ်ယောက်စလုံး တစ်ပြိုင်တည်း သံသယဝင်နေကြသည်ဆိုလျှင် တစ်ခုခုတော့ ရှိနေမည်မှာ အမှန်ပင်။
“လေဒီ ရက်ရှ်တာရော အခု အခြေအနေ ဘယ်လိုရှိလဲ။”
~~~~
“ဘယ်လိုလဲ။”
သမားတော်က လေးနက်သော မျက်နှာထားဖြင့် ရက်ရှ်တာ၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်နေသည်။
ရက်ရှ်တာ ချွေးစေးများစီးကျကာ ညည်းတွားလိုက်သည့်အချိန်တိုင်း သူ၏ မျက်နှာထားက လိုက်၍ ပျက်ယွင်းသွားသော်လည်း အဖြေကား ထွက်မလာခဲ့ပေ။
“ဘယ်လိုနေလဲလို့။”
ဆိုဗီရ်ရှုက ထပ်ခါတလဲလဲ မေးမြန်းရင်း ရက်ရှ်တာ၏ ဗိုက်တွင် ပတ်ထားသော ပတ်တီးကို ကြည့်လိုက်သည်။
ဖြူဝင်းသော အသားပေါ်တွင် ရစရာမရှိအောင် ပတ်ထားသော ပတ်တီးများက ကြည့်ရဆိုးလှ၏။
တော်ဝင်သမားတော်က သက်ပြင်းတစ်ချက် ချခဲ့သည်။
‘ခဏလောက် တိတ်တိတ်နေပေးပါလား’ ဟု တွေးနေသည့်ပုံစံက သူ၏မျက်နှာတွင် အတိုင်းသားပေါ်လွင်နေ၏။
“ဘယ်လိုနေလဲလို့ မေးနေတယ်မဟုတ်လား။”
ဆိုဗီရ်ရှု အသံမြှင့်ပြောလာသောအခါတွင်မူ သမားတော်လည်း နောက်ဆုံးတွင် မျက်လုံးမှိတ်လျက် သွေးခုန်နှုန်းကို ဆက်လက်စမ်းသပ်ရင်း တောင်းဆိုလိုက်ရတော့သည်။
“အရှင်ဧကရာဇ်၊ ကျေးဇူးပြုပြီး တိတ်တိတ်လေးနေပေးပါ။ ကျေးဇူးပြုပြီး ခဏလေးပဲဖြစ်ဖြစ် တိတ်တိတ်လေး…… အာရုံစိုက်မရလို့ပါ။”
ဆိုဗီရ်ရှုက စိုးရိမ်စိတ်ကြောင့် လက်အနောက်ပစ်ကာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေခဲ့သည်။
‘အခြေအနေ ကောင်းတယ်၊ မကောင်းဘူး’ ဟု စကားတစ်ခွန်းလောက်ဖြစ်ဖြစ် ပြောပေးလျှင် ကောင်းမည်ကို။
ဘာမှမပြောဘဲ ထိုသို့သာ လုပ်နေသဖြင့် ရင်ထဲတွင် မွန်းကျပ်ပြီး ရူးမတတ်ဖြစ်နေရ၏။
ကနဦး ကုသမှုပြီးသွားစဉ်က ‘အသက်အန္တရာယ် မရှိပါဘူး’ ဟု ပြောခဲ့သည်ကို။
ယခုမှ ဘာကြောင့် ဤသို့ဖြစ်နေရသနည်း။
စိတ်မရှည်တော့သည့် ဆိုဗီရ်ရှုတစ်ယောက် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိတော့သည်။
ထို့နောက် ခြေလှမ်းအနည်းငယ် လျှောက်ပြီးချိန်တွင် အနား၌ရှိနေသည့် မြို့စားမင်း အယ်ရ်ဂီနှင့် မျက်နှာချင်းဆိုင် တိုးလေ၏။
မြို့စားမင်း အယ်ရ်ဂီက ခပ်ရေးရေးပြုံးကာ နှုတ်ဆက်လာမှ ဆိုဗီရ်ရှုလည်း နောက်ကျမှပင် သူ၏ပုခုံးကိုပုတ်ကာ ကျေးဇူးတင်ကြောင်းပြောခဲ့သည်။
“ကျေးဇူးပဲ။ မြို့စားမင်းက ရက်ရှ်တာကို ကယ်ပေးခဲ့တာ။”
စောစောက အလွန်ပင် ပျာယာခတ်နေသဖြင့် သူ ရှိနေကြောင်း လုံးဝ မေ့နေခဲ့ခြင်းပင်။
“ကံကောင်းသွားခဲ့ရုံပါ။”
“ဟုတ်တယ်……”
ဆိုဗီရ်ရှုက ခေါင်းညိတ်ပြပြီးနောက် တစ်ဖန် ပြန်၍ ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြန်သည်။
မြို့စားမင်း အယ်ရ်ဂီက ထိုသို့သော ဆိုဗီရ်ရှုကို ထူးဆန်းသော အကြည့်ဖြင့် ခေတ္တစိုက်ကြည့်နေသော်လည်း ဆိုဗီရ်ရှုကမူ စိုးရိမ်စိတ်များနေသဖြင့် ထိုအကြည့်ကို သတိမထားမိခဲ့ပေ။
“……”
မြို့စားမင်း အယ်ရ်ဂီက ဆိုဗီရ်ရှုကို အတော်ကြာအောင် ကြည့်နေပြီးမှ ခေါင်းကို ငဲ့စောင်းလိုက်သည်။
ကယ်ပေးခဲ့သည်မှာ မှန်သော်လည်း ညဉ့်နက်ချိန်တွင် အခြားအမျိုးသားတစ်ယောက်က မိမိချစ်သူ၏ အခန်းထဲသို့ ရောက်လာခဲ့သည်ဟူသော အချက်ကို ထိုမျှလောက် တည်ငြိမ်စွာ သဘောထားနေသည်မှာ အံ့ဩစရာပင်။
‘ဒါက လန့်သွားလို့ ဒီလိုဖြစ်နေတာလား၊ မဟုတ်ရင်……’
သူ၏ အတွေးက သမားတော်၏ “ထင်တဲ့အတိုင်းပဲ” ဟူသော အော်သံကြောင့် ပြတ်တောက်သွား၏။
“တစ်ခုခု ထူးဆန်းနေတယ်လို့ ထင်ခဲ့တာ။ တကယ်ပဲ ထူးဆန်းနေတာကိုး။”
မြို့စားမင်း အယ်ရ်ဂီက ဆိုဗီရ်ရှုထံမှ အကြည့်လွှဲကာ သမားတော်ကို လှမ်းကြည့်လိုက်သည်။
သမားတော်က ရက်ရှ်တာ၏ လက်ကောက်ဝတ်မှ လက်ကိုခွာလိုက်ပြီး ဝမ်းဗိုက်ကို လက်ဖြင့် စမ်းသပ်နေ၏။
“ဒဏ်ရာရထားတဲ့ နေရာကို အဲ့ဒီလိုမျိုး ဖိလို့ဖြစ်ပါ့မလား။”
ဆိုဗီရ်ရှုက အလန့်တကြား မေးလိုက်သော်လည်း သမားတော်ကမူ ပြုံးရွှင်လျက်သာ ရှိနေခဲ့သည်။
“ဒီနေရာ မဟုတ်ပါဘူး။ ပြီးတော့ ပြင်းပြင်းထန်ထန် ဖိနေတာလည်း မဟုတ်ပါဘူး၊ အရှင်ဧကရာဇ်။”
ဆိုဗီရ်ရှုက ‘သတိထား’ ဟု တစ်ခွန်းလောက် ထပ်ပြောရန် ပြင်လိုက်စဉ်မှာပင် သမားတော်က တဟားဟားရယ်လျက် လှည့်လာပြီး ဆိုဗီရ်ရှုကို အနူးအညွတ် ဦးညွှတ်အရိုအသေပြုခဲ့သည်။
“ဂုဏ်ယူပါတယ်၊ အရှင်ဧကရာဇ်။”
“ဂုဏ်ယူတယ်တဲ့လား။ ဒီလို အခြေအနေမျိုးမှာ ဘာကို ဂုဏ်ယူရမှာလဲ။”
“လေဒီ ရက်ရှ်တာရဲ့ ဗိုက်ထဲမှာ ရင်သွေးတော် ရှိနေပါပြီ။”
အခန်းထဲရှိ လူအားလုံး ကျောက်ရုပ်ပမာ တောင့်ခဲသွားကြလေသည်။
“ရင်သွေး……”
ဆိုဗီရ်ရှုသည်လည်း အံ့အားသင့်သွားသည်က အတူတူပင်။
သူက မယုံနိုင်သော အကြည့်ဖြင့် ရက်ရှ်တာ၏ ဗိုက်ကို စိုက်ကြည့်မိသည်။
ဆိုဗီရ်ရှု၏ မျက်လုံးထဲတွင်မူ ဒီအတိုင်း ချပ်ရပ်နေသည့် ဗိုက်လေးတစ်ခုသာ။
“ရင်သွေး ဟုတ်လား။”
“အရှင်ဧကရာဇ် လေဒီ ရက်ရှ်တာကို ကယ်လာခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ကိုယ်ဝန်ရသွားတဲ့ပုံပါပဲ။”
တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
ဆိုဗီရ်ရှုလည်း အံ့ဩလွန်း၍ သူ၏ ပါးစပ်ကို လက်တစ်ဖက်ဖြင့် အုပ်လိုက်မိ၏။
“ကလေး……”
~~~~
ပင်မနန်းဆောင်သို့ အလုပ်သွားရန် ပြင်ဆင်နေစဉ် မှန်ထဲမှတစ်ဆင့် အနောက်ဘက်သို့ ကြည့်လိုက်မိသည်။
နယ်စားကတော် အယ်လီဇာက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ကျွန်မ၏ဆံပင်များကို ပြင်ဆင်ပေးနေ၏။
ကျွန်မ၏အကြည့်ကို သတိထားမိသွားသည်နှင့် နယ်စားကတော်က အိုးတိုးအမ်းတမ်း ပြုံးပြခဲ့သော်လည်း သူ၏မျက်နှာက တင်းမာနေဆဲပင်။
“နယ်စားကတော် အယ်လီဇာ။ အဆင်ပြေရဲ့လား။”
စိုးရိမ်တကြီး မေးလိုက်တော့ သူက သက်ပြင်းတစ်ချက်ချကာ ပြန်ဖြေခဲ့သည်။
“အမှန်အတိုင်းပြောရရင်...ကိစ္စအထွေထွေအတွက် စိတ်ပူနေမိလို့ပါ။”
ထိုသို့ဖြစ်မည်ပင်။
ရုတ်တရက်ဆိုသလို ဖြစ်ရပ်များစွာက တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာခဲ့သည်မဟုတ်ပါလား။
တူအာနီယာ မြို့စားကတော်က ကွာရှင်းပြတ်စဲမှုအတွက် တရားရုံးတက်တော့မည်လားဟု ဝေခွဲမရဖြစ်နေချိန်တွင် ဗိုင်းကောင့် လန်ဒရယ်က မြို့စားကတော်အတွက် လက်စားချေမည်ဆိုကာ ရက်ရှ်တာကို မထင်မှတ်ဘဲ ဓားဖြင့်ထိုးခဲ့သည်။
ဘေးမှနေ၍ ကျွန်မ၏ ဦးထုပ်အနားကို ကိုင်တွယ်နေသော လော်ရာက "အာ" ဟု အသံပြုကာ မေးလာ၏။
“ဗိုင်းကောင့် လန်ဒရယ်ရော ဘယ်လိုဖြစ်သွားမလဲဟင်။”
စိုးရိမ်ပူပန်နေသော လေသံပင်။
သူတို့ချင်း အတန်အသင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသဖြင့် စိတ်ပူနေပုံရ၏။
မည်သို့ပင်ဖြစ်စေ ဧကရာဇ်၏ ချစ်သူကို ဓားဖြင့်ထိုးခဲ့ခြင်းမှာ ငြင်းမရသော ပြစ်မှုဖြစ်ရာ... ယခု သူ့ကို အကျဉ်းထောင်တွင် အရေးပေါ် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ကြားသိရသည်။
“အသေးစိတ်ကို စုံစမ်းကြည့်ပေးမှာမို့လို့ စိတ်မပူနဲ့။”
“ဗိုင်းကောင့် လန်ဒရယ်က ဒီလိုကိစ္စမျိုး လုပ်ခဲ့တယ်ဆိုတာ ယုံရခက်လိုက်တာ။”
ငိုမဲ့မဲ့ဖြစ်နေသော လော်ရာကို နှစ်သိမ့်ရန် ပါးစပ်ဟလိုက်စဉ်မှာပင် ရံရွေတော်တစ်ဦး ဝင်လာကာ အကြောင်းကြားခဲ့သည်။
“ဧကရီ အရှင်မ။ အရှင်ဧကရာဇ် ရောက်ရှိလာပါတယ်။”
“ဒီအချိန်ကြီးလား။”
မနက်စောစောပင် ရှိသေးသည်ကို။
လူလွှတ်လိုက်ရုံမဟုတ်ဘဲ ကိုယ်တိုင်ရောက်လာသတဲ့လား။
ရံရွေတော်သည်လည်း သတင်းစကားပါးရသည့်တိုင် တွေဝေနေသော မျက်နှာထားမျိုးရှိနေ၏။
“ဝင်လာခဲ့ဖို့ ပြောလိုက်။”
နားမလည်နိုင်ဖြစ်မိသော်လည်း ကျွန်မတွင် ရွေးချယ်စရာမရှိပေ။
ရံရွေတော်က “ဟုတ်ကဲ့ပါ” ဟု ဆိုကာ အပြင်သို့ အမြန်ထွက်သွားသည်။
ကျွန်မ မှန်ရှေ့မှ ကိုယ်ကိုလှည့်ကာ ဆိုဗီရ်ရှု ဝင်လာမည့်ဘက်သို့ ကြည့်နေလိုက်၏။
တံခါးပွင့်သွားသည်နှင့် ဆိုဗီရ်ရှု ချက်ချင်း ဝင်လာသည်။
သူ့ကို မည်သို့နှစ်သိမ့်ပေးရမလဲဟု တွေးနေစဉ် ကျွန်မ အနည်းငယ် အံ့အားသင့်သွားရ၏။
သူ၏ မျက်နှာထားက ထင်ထားသလို လေးလံမနေပေ။
ဝမ်းသာလွန်း၍ ပြုံးရွှင်နေခြင်းမျိုး မဟုတ်သော်လည်း ဒေါသဖြစ်စေ၊ ဝမ်းနည်းမှုဖြစ်စေ ပြည့်နေသော မျက်နှာမျိုးလည်း ကျိန်းသေပေါက် မဟုတ်ခဲ့။
သူ၏ မျက်နှာပေါ်တွင် တစ်စုံတစ်ရာသော ပီတိအရိပ်အယောင်များ စွဲထင်နေသည်။
“အရှင်ဧကရာဇ်။”
ရက်ရှ်တာ၏ ဒဏ်ရာက ထင်ထားသလောက် မပြင်းထန်၍လား။
သို့သော် ထိုအချက်ကြောင့် ဝမ်းသာစရာ အကြောင်းမရှိပေ။
နားမလည်နိုင်သဖြင့် စိုက်ကြည့်နေရင်း ဦးစွာ ရက်ရှ်တာ၏ အခြေအနေကို မေးလိုက်သည်။
“လေဒီ ရက်ရှ်တာရော အဆင်ပြေရဲ့လား။”
ပြန်လည်ကြားသိရသော အဖြေမှာ ကျွန်မ လုံးဝ မမျှော်လင့်ထားသည့် အကြောင်းအရာ ဖြစ်နေခဲ့သည်။
“ရက်ရှ်တာမှာ ကိုယ်ဝန်ရှိနေပြီ။”
တဒင်္ဂတော့ ကျွန်မ ဘာစကားကြားလိုက်ရတာလဲ၊ သေချာကြားလိုက်တာရော ဟုတ်ရဲ့လားဟု ဝေခွဲမရဖြစ်သွား၏။
ဘယ်သူက ကိုယ်ဝန်ရှိတယ်။ ရက်ရှ်တာကလား။
“……ဂုဏ်ပြုစကားတော့ မပြောနိုင်ပါဘူး။”
အလိုလိုပင် စိတ်ရင်းအမှန်ပါသော စကားလုံးများ ထွက်သွားခဲ့သည်။
ဆိုဗီရ်ရှုက ကျွန်မကို တော်တော်လွန်သည်ဟူသော အကြည့်ဖြင့် ကြည့်လာသော်ငြား ကျွန်မဘက်ကလည်း ထိုအတိုင်းပင်။
တကယ် ဂုဏ်ပြုစကားကို မပြောနိုင်သလို ဂုဏ်လည်းမပြုလိုပေ။
“တော်ဝင်မိသားစုဝင်အဖြစ် အသိအမှတ်ပြုခံရမှာမဟုတ်ပေမဲ့ ဒါက ငါ့ရဲ့ ပထမဆုံးရင်သွေးပဲ။”
“ဟုတ်ကဲ့။”
နှလုံးက တဒိန်းဒိန်းနှင့် ပြင်းထန်စွာ ခုန်နေသော်လည်း ထူးဆန်းစွာပင် ကျွန်မ၏ မျက်နှာထားက အေးစက်နေခဲ့သည်။
ယခုအချိန်တွင် ကျွန်မ၏ မျက်နှာက အလွန်ပင် တည်ငြိမ်အေးစက်နေမည့်ပုံပင်။
“ဧကရီဆီက ဂုဏ်ပြုစကားတော့ မမျှော်လင့်ပါဘူး။ ဒါပေမဲ့ နောက်လကစပြီး ရက်ရှ်တာကိုပေးတဲ့ ဂုဏ်သိက္ခာထိန်းသိမ်းစရိတ်ကို ကလေးမွေးပေးတဲ့ တခြားချစ်သူတွေနည်းတူ တိုးပေးစေချင်တယ်။”
“အဲ့ဒီအတိုင်း လုပ်လိုက်ပါ့မယ်။”
ထိုကိစ္စက မည်သို့ပင်ဖြစ်စေ ကျွန်မ လုပ်ဆောင်ပေးရမည့် အလုပ်ဖြစ်သောကြောင့်ပင်။
“ရက်ရှ်တာက အခုအထိ သတိမရသေးပေမဲ့ အသက်အန္တရာယ်တော့ မရှိတော့ဘူးတဲ့။”
ဆိုဗီရ်ရှုက သတင်းအချက်အလက်များကို ထပ်မံပြောပြနေသည့်တိုင် ယခုတစ်ကြိမ်တွင်လည်း ကျွန်မ ပြန်လည်တုံ့ပြန်ခြင်းမပြုခဲ့။
တိတ်ဆိတ်စွာပင် ဆိုဗီရ်ရှုကို မဟုတ်ဘဲ ဆိုဖာကိုသာ စိုက်ကြည့်နေမိသည်။
ဆိုဖာတွင် ထွင်းထုထားသော ပန်းပုံစံများနှင့် ယင်းဘေးရှိ သစ်ရွက်လေးများကို ရေတွက်နေလိုက်၏။
ဆိုဗီရ်ရှုက လေးလံစွာ သက်ပြင်းချလိုက်သော်လည်း ကျွန်မ လှည့်မကြည့်ခဲ့။
ဆိုဗီရ်ရှု ထွက်သွားပြီးသည့်နောက်တွင်လည်း ကျွန်မ ထိုနေရာ၌ပင် ဆက်လက်ရပ်နေမိသည်။
တဒင်္ဂ အသိစိတ်လွတ်သွားပုံပင်။
အချိန်အတော်ကြာ ပြတင်းပေါက်နားမှ ဆိုဖာကို ငေးကြည့်နေစဉ် ပြတင်းပေါက်ဘောင်ပေါ်တွင် ထိုင်နေသော ကြီးမားသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။
ကွီးန်က နှုတ်သီးလေးဟလျက် ငေးငေးငိုင်ငိုင် ရပ်နေသည်။
ယနေ့ ပြတင်းပေါက် ပွင့်နေသဖြင့် ပြတင်းပေါက်ဘောင်တွင်ထိုင်ကာ ကျွန်မကို စောင့်နေသည့်ပုံပင်။
ကျိန်းသေပေါက် စောစောတုန်းကတော့ မရှိခဲ့တာကို။
စကားပြောနေတုန်း ရောက်လာတာများလား။
မည်သို့ပင်ဖြစ်စေ တော်သေးသည်။
ကျွန်မ အနားသို့သွားလိုက်တော့ ကွီးန်က ကျွန်မဆီသို့ အမြန်ပျံသန်းလာကာ ရင်ခွင်ထဲသို့ တိုးဝင်လာ၏။
သေးငယ်သော်လည်း ထွားသည့် ခန္ဓာကိုယ်လေးကို တင်းတင်းကျပ်ကျပ် ဖက်ထားရင်း ကျွန်မ မျက်နှာကို သူ၏ တောင်ပံများကြားတွင် အပ်ထားလိုက်မိသည်။
တုန်ခါနေသော နှလုံးခုန်သံ သေးသေးလေးကို ကျယ်လောင်စွာ ကြားနေရ၏။
ကွီးန်က သူ၏ ကြီးမားသော တောင်ပံများဖြင့် ကျွန်မကို တတ်နိုင်သမျှ အစွမ်းကုန် လွှမ်းခြုံပွေ့ဖက်ပေးခဲ့သည်။
“ကျေးဇူးပဲ…… တစ်ယောက်ယောက်က ဖက်ပေးထားတော့ တော်တော်လေး နေလို့ကောင်းသွားပြီ။”
စကားလုံးပေါင်း တစ်ထောင်ထက် ပို၍နှစ်သိမ့်မှုပေးနိုင်သော ပွေ့ဖက်မှုလေးပင်။
~~~~
နာရီအနည်းငယ်ကြာပြီးနောက် သတင်းများက လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
အလုပ်ကိစ္စအတွက် ပင်မနန်းဆောင်သို့ သွားလာနေစဉ်အတွင်း လူအချို့က ကျွန်မ၏ မျက်နှာရိပ်မျက်ကဲကို အကဲခတ်နေကြ၏။
ရက်ရှ်တာ၏ ကိုယ်ဝန်သတင်းအကြောင်း ပြောဆိုနေကြရာမှ ကျွန်မဖြတ်သွားသည်ကို မြင်လျှင် အလျင်အမြန် ပါးစပ်ပိတ်သွားကြသူများလည်း အများအပြားရှိသည်။
ညစာစားချိန်ရောက်သည်နှင့် အလုပ်လုပ်နေသူများကို ချက်ချင်း ပြန်လွှတ်လိုက်တော့၏။
ကျွန်မ စိတ်မယိမ်းယိုင်ကြောင်း ပြသရန်အတွက် နာရီပေါင်းများစွာ မျက်နှာကို တင်းထားခဲ့ရသည်။
စိတ်မယိမ်းယိုင်ကြောင်း ပြနိုင်ခဲ့သော်လည်း မျက်နှာကြွက်သားများကမူ တောင့်တင်းနွမ်းနယ်နေချေပြီ။
ကိစ္စရပ်တိုင်းက တုန်လှုပ်စရာကောင်းလွန်းလှသဖြင့် စိတ်ထိခိုက်မှုထက် စိုးရိမ်စိတ်ကသာ ပို၍ကြီးစိုးနေသည်။
ရက်ရှ်တာ၏ကလေး မွေးလာခဲ့လျှင်...... မွေးလာခဲ့လျှင် ကျွန်မ ဘာလုပ်ရမည်နည်း။
ယခင် ဧကရီအရှင်မက ဧကရာဇ်၏ တိတ်တိတ်ပုန်းကလေးများကို မည်သို့ဆက်ဆံခဲ့သလဲဟု ပြန်တွေးကြည့်မိသည်။
ဧကရီအရှင်မက ထိုကလေးများကို သူစိမ်းများလိုသာ သဘောထားခဲ့၏။
သို့သော် မိမိနှင့် ဆက်ဆံရေး အထူးတလည် ဆိုးဝါးသော ချစ်သူများ၏ ကလေးများကိုမူ အေးစက်စွာ ဆက်ဆံလေ့ရှိသည်။
“……”
လွယ်ကူသောကိစ္စတော့ ဖြစ်လာမည်မဟုတ်ပေ။
လူတို့က ကလေးများအပေါ်တွင် စိတ်ပျော့တတ်ကြသည်။
ရက်ရှ်တာနှင့် ဆိုဗီရ်ရှု နှစ်ယောက်စလုံးက အလွန်လှပကြသူများဖြစ်ရာ မွေးဖွားလာမည့်ကလေးသည်လည်း နတ်သူငယ်လေးပမာ ချစ်စဖွယ်ကောင်းရန် အခွင့်အလမ်းများ၏။
ဧကရာဇ်၏ သားဦးရတနာ၊ ချစ်စဖွယ်ရုပ်ရည်၊ ကလေးငယ်။
ဤအချက်သုံးချက် ပြည့်စုံသွားလျှင် လူတို့လည်း ခဏချင်းပင် နူးညံ့သွားကြပေမည်။
ထိုသို့သောကလေးကို ကျွန်မက အေးစက်စွာဆက်ဆံမိပါက ကျွန်မ၏ပုံရိပ်သာ ပို၍ဆိုးဝါးသွားနိုင်၏။
လူတို့က သွေးအေးလှသော ကျွန်မကိုကြည့်ပြီး ‘အဲ့ဒီကလေးမှာ ဘာအပြစ်ရှိလို့လဲ’ ဟု ပြောကြပေလိမ့်မည်။
ထိုမှတစ်ဖန် ထိုကလေး ကြီးပြင်းလာလျှင် မလျော်ကန်သော အတွေးများ မဝင်စေရန်အတွက် အသက်အရွယ်ကွာဟမှု မကြီးမားခင် ကျွန်မကိုယ်တိုင်လည်း တရားဝင် ထီးနန်းဆက်ခံခွင့်ရှိသော ကလေးကို မွေးဖွားရန် လိုအပ်ပေသည်။
အခန်းထဲသို့ ရောက်သည်နှင့် ပက်လက်ကုလားထိုင်ပေါ်တွင် လဲလျောင်းရင်း အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိ၏။
ဖိအားများက တစ်ကိုယ်လုံးကို မှိုင်တွေထုံထိုင်းသွားစေသည့် ခံစားချက်မျိုးပင်။
“ဧကရီ အရှင်မ။”
နဖူးကို လက်ဖြင့်ဖိထားရာမှ ခေါင်းမော့ကြည့်လိုက်တော့ နယ်စားကတော် အယ်လီဇာ အနားသို့ ရောက်နေကြောင်း တွေ့လိုက်ရသည်။
“ဘာကိစ္စရှိလို့လဲ။”
“တော်ဝင်မင်းသား ဟိုင်န်ရီ ရောက်နေပါတယ်။ အရေးတကြီး ပြောစရာရှိတယ်တဲ့ရှင့်။”
“တော်ဝင်မင်းသား ဟိုင်န်ရီလား။”
ကျွန်မ ကိုယ်ကိုမတ်ကာ ထိုင်လိုက်သည်။
ဘာကိစ္စပါလိမ့်။
‘လျှို့ဝှက်သူငယ်ချင်း’ လုပ်ရန် သဘောတူပြီးနောက် တော်ဝင်မင်းသား ဟိုင်န်ရီက ကျွန်မထံ ပေါ်ပေါ်တင်တင် လာတွေ့ခြင်းမျိုး မရှိခဲ့ပေ။
ကျွန်မတို့ချင်း အပြင်တွင် တိုက်ဆိုင်စွာ ဆုံမိမှသာ နှုတ်ဆက်စကား ပြောဖြစ်ကြသည်။
ကျွန်မဘက်မှလည်း ကွီးန်ကို စိတ်ပူ၍ တစ်ကြိမ်သာ သူ့ထံသို့ တိုက်ရိုက်သွားတွေ့ခဲ့ဖူး၏။
ထိုသို့သော မင်းသားက ကိုယ်တိုင်ရောက်လာသည်ဆိုလျှင် အရေးကြီးကိစ္စ တစ်စုံတစ်ရာရှိနေ၍သာ ဖြစ်ပေလိမ့်မည်။
“ဝင်လာခိုင်းလိုက်ပါ။”
စိတ်ပူသွားသဖြင့် အဝတ်အစားပင် မလဲတော့ဘဲ ဧည့်ခန်းသို့ အမြန်ထွက်လာခဲ့သည်။
ကျွန်မ ဧည့်ခန်းသို့ ထွက်လာသည်နှင့် တစ်ချိန်တည်းမှာပင် တော်ဝင်မင်းသား ဟိုင်န်ရီကလည်း အတွင်းသို့ ဝင်လာလေ၏။
“ဧကရီ အရှင်မ။ လက်ဖက်ရည် ပြင်ပေးရမလားရှင့်။”
“ဟုတ်ကဲ့။ ကျေးဇူးပါပဲ၊ နယ်စားကတော်။”
နယ်စားကတော် အယ်လီဇာ ထွက်သွားပြီး တံခါးပိတ်သွားသည်နှင့် တော်ဝင်မင်းသား ဟိုင်န်ရီက ကျွန်မအနားသို့ လျှောက်လာကာ ပွေ့ဖက်တော့မည့်အလား လက်နှစ်ဖက်ကို ဆန့်ထုတ်ခဲ့သည်။
သို့သော် ပွေ့ဖက်ခြင်းမပြုဘဲ လက်ကို လေထဲ၌ပင် ရပ်တန့်ထားလျက် စိတ်မကောင်းဖြစ်နေသော မျက်နှာထားဖြင့် မေးလာ၏။
“နှစ်သိမ့်ပေးချင်လို့ လာခဲ့တာပါ။ သူငယ်ချင်းအချင်းချင်း နှစ်သိမ့်တဲ့အနေနဲ့ ပွေ့ဖက်လို့မရဘူးလားဗျ။”
ကျွန်မ စိုက်ကြည့်လိုက်တော့ တော်ဝင်မင်းသား ဟိုင်န်ရီက အလျင်အမြန်ပင် ထပ်ဖြည့်ပြောလာသည်။
“သူငယ်ချင်းအချင်းချင်းလည်း တစ်ယောက်ယောက် ဝမ်းနည်းနေရင် ပွေ့ဖက်ပြီး အားပေးတတ်ကြတာပဲ မဟုတ်လား။”
အာ... ဒီကိစ္စကြောင့် လာခဲ့တာကိုး။
ကျွန်မကို အားပေးချင်၍ အပြေးအလွှား ရောက်လာခဲ့ခြင်းပင်။
စိတ်သက်သာရာရမှုနှင့်အတူ ကျေးဇူးတင်စိတ်များကလည်း တစ်ပြိုင်နက်တည်း တိုးဝင်လာခဲ့သည်။
“ရပါတယ်။”
ကျွန်မ ခွင့်ပြုလိုက်သည်နှင့် သူက လက်ကိုချကာ ကျွန်မကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လေတော့သည်။
သူ၏ ပုခုံးများက တောင့်တင်းကျယ်ပြန့်ကာ မှီခိုရန် ကောင်းလှ၏။
ခေတ္တလေး သူ၏ပုခုံးပေါ်သို့ နဖူးမှီထားလိုက်စဉ် ရင်းနှီးနေသော ရနံ့ကို ရလိုက်သည်။
ကွီးန်ထံမှ အမြဲရနေကျ ရနံ့မျိုးပင်။
ကွီးန်ထံတွင် တော်ဝင်မင်းသား၏ရနံ့များ စွဲနေခြင်းလား၊ သို့မဟုတ် တော်ဝင်မင်းသားထံတွင် ကွီးန်၏ရနံ့များ စွဲနေခြင်းလား။
ကွီးန် ပွေ့ဖက်ပေးစဉ်ကလည်း စိတ်အေးချမ်းခဲ့ရသည့်တိုင် တော်ဝင်မင်းသား ဟိုင်န်ရီ၏ ရင်ခွင်က ကွီးန်ထက် အများကြီး ပိုကျယ်၏။
သူက တစ်ကိုယ်လုံးဖြင့် ပွေ့ဖက်ထားသောကြောင့် အကာအကွယ်ပေးခံရသည်ဟု ခံစားရသည်။
အရာအားလုံး အဆင်ပြေသွားလိမ့်မည်ဟု ပြောနေသလိုပင်။
ရင်းနှီးနေသော ရနံ့နှင့် မရင်းနှီးသော ရင်ခွင်ကျယ်ထဲတွင် ရှုပ်ထွေးနေသော စိတ်အစုံက အံ့ဩစရာကောင်းလောက်အောင် ငြိမ်သက်သွား၏။
ထိကပ်နေသော ခန္ဓာကိုယ်မှတစ်ဆင့် ခံစားနေရသည့် သူ၏ နှလုံးခုန်သံကပင် ကျွန်မကို တည်ငြိမ်မှု ပေးနေသည်။
ကျန်းမာသန်စွမ်းသူဖြစ်၍လားမသိ၊ သူ၏ နှလုံးခုန်သံက အလွန်ကျယ်လောင်၍ မြန်ဆန်နေ၏။
“ကျွန်တော်တော့ တကယ်……”
“....”
“မကောင်းတဲ့ကောင်ပဲထင်ပါတယ်၊ ကွီးန်။”
“ဘာစကားလဲရှင့်။”
“ကွီးန် စိတ်မကောင်းဖြစ်နေမှာစိုးလို့ အားပေးဖို့ လာခဲ့တာကို။ ဒီကြားထဲမှာမှ ကျွန်တော်က မကောင်းတဲ့ အတွေးတွေ ဝင်နေပြန်ပါပြီ။”
“မကောင်းတဲ့ အတွေး။”
ဘာကို တွေးနေလို့ပါလိမ့်။
ကျွန်မ ဝေခွဲမရဖြစ်ကာ သူ၏ရင်ခွင်ထဲမှခွာပြီး အနောက်သို့ ဆုတ်လိုက်သည်။
တော်ဝင်မင်းသား ဟိုင်န်ရီကလည်း လက်ကို ချလိုက်၏။
ခြေသုံးလှမ်းခန့် အကွာမှ အကဲခတ်ကြည့်လိုက်တော့ သူ၏မျက်နှာက နီမြန်းနေလေသည်။
“ကျွန်မ အကြာကြီး မှီထားမိလို့လား။”
ကျွန်မ စိုးရိမ်တကြီး မေးလိုက်တော့ တော်ဝင်မင်းသား ဟိုင်န်ရီက “ဗျာ” ဟု ပြန်မေးပြီးနောက် လည်ပင်းမှ နားရွက်အထိ နီရဲသွားကာ လက်ကို ဝှေ့ယမ်းပြလာ၏။
“အဲ့ဒီလို အဓိပ္ပာယ်နဲ့ ပြောတာမဟုတ်ပါဘူး၊ ကွီးန်။ လုံးဝ မဟုတ်ပါဘူးနော်။ ကျွန်တော်က ဒီလိုအခြေအနေမျိုးမှာတောင် စိတ်ကြွတတ်တဲ့ ထူးဆန်းတဲ့ကောင်မျိုး မဟုတ်ပါဘူး။”
“……”
စိတ်ကြွတယ်……
ကျွန်မ ခေတ္တ ကြောင်ကြည့်နေမိသည်။
“ရူးချင်တော့တာပဲ။”
တော်ဝင်မင်းသား ဟိုင်န်ရီက သေချင်သွားသည့်အလား လက်နှစ်ဖက်ဖြင့် မျက်လုံးကို အုပ်လိုက်သည်။
“အဲ့ဒီလိုဆိုလိုတာ မဟုတ်ဘူးကိုး။ ကျွန်တော်ပဲ တစ်ယောက်တည်း တွေးချင်ရာတွေ တွေးနေမိတာပေါ့နော်၊ အခု။”
“……နည်းနည်း။”
သူ၏နှုတ်ဖျားမှ ညည်းတွားသံ ထွက်လာတော့ ကျွန်မ အမှတ်တမဲ့ ရယ်မိသွားသည်။
“ကျွန်မကိုယ်တိုင်လည်း ဒီလိုအခြေအနေမှာ ရယ်နိုင်သေးတာပဲ။ လူ့စိတ်က တကယ် ဆန်းကြယ်တာပဲနော်။”
“ဘယ်လိုပဲဖြစ်ဖြစ် ရယ်နိုင်သွားတာ မြင်ရတော့ ဝမ်းသာပါတယ်။ ကျွန်တော့်ရဲ့ အရှက်ကွဲမှုက ကွီးန်ရဲ့ အပြုံးဖြစ်သွားတယ်ဆိုရင်ပဲ တော်ပါပြီ။”
သက်ပြင်းချလိုက်သော တော်ဝင်မင်းသားက ပြုံးပြခဲ့သည်။
ထိုအချိန်မှာပင် နယ်စားကတော် အယ်လီဇာက လက်ဖက်ရည် ယူလာပေး၏။
လက်ဖက်ရည်ခွက်များကို စားပွဲပေါ် တင်ပေးပြီးသည်နှင့် သူက အမြန်ထွက်သွားသဖြင့် ကျွန်မတို့နှစ်ဦးတည်း ပြန်ဖြစ်သွားပြန်သည်။
ကျွန်မ လက်ဖက်ရည်ခွက်ကို ကမ်းပေးလိုက်တော့ တော်ဝင်မင်းသားက ပူနွေးနေသော ခွက်ကို သတိထားကာ လှမ်းယူခဲ့၏။
ခွက်ကို လွှဲပြောင်းပေးစဉ် လက်ချင်း အနည်းငယ် ထိသွားရာ သူ ဆတ်ခနဲတုန်သွားသည်ကို ခံစားလိုက်ရသည်။
ကျွန်မ လှမ်းကြည့်လိုက်တော့ သူက မျက်လုံးကို လုံးဝ အောက်စိုက်ထားလျက်ရှိနေ၏။
ဆက်ကြည့်နေမိစဉ် သူက မျက်တောင်ကို ဖြည်းဖြည်းချင်း ပင့်ကြည့်လာသည်။
ရွှေရောင် မျက်တောင်နုနုလေးများကြားမှ ခရမ်းရောင် မျက်ဝန်းများက ဖြည်းဖြည်းချင်း ပေါ်ထွက်လာ၏။
ဘယ်အချိန်ကြည့်ကြည့် လှပနေဆဲ မျက်ဝန်းများပင်။
“အကယ်၍ တော်ဝင်မင်းသား ဟိုင်န်ရီသာ မိန်းကလေးဖြစ်ခဲ့မယ်ဆိုရင်……”
“ဗျာ။”
“အရှင်ဧကရာဇ်လည်း ချစ်ကျွမ်းဝင်မိမှာပဲ။ မျက်လုံးတွေက တကယ်လှတာပါ။”
“ချီးမွမ်းတာကလည်း တကယ်ကို ထူးဆန်းတဲ့ နည်းလမ်းနဲ့ပါလား။”
သူက ရယ်လိုက်ကာ ကျွန်မကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း တိုးတိုးလေး ရေရွတ်ခဲ့သည်။
“တော်ဝင်မင်းသား ဟိုင်န်ရီသာ မိန်းကလေးဆိုရင်၊ ကွီးန်ရဲ့ ရံရွေတော်အဖြစ် ဝင်လာပြီး ခစားမှာပါ။”
“ကျွန်မရဲ့ ရံရွေတော်အဖြစ်တဲ့လား။”
“တစ်နေ့လုံး အတူတူရှိနေနိုင်မယ် မဟုတ်လားဗျ။”
“ကျွန်မရဲ့ရံရွေတော် လုပ်ချင်တယ်ပေါ့လေ။”
“အဲ့ဒါမဟုတ်ဘဲ အဲ့ဒီနောက်ကစကားကို ပိုပြီး အာရုံစိုက်ပေးပါ၊ ကွီးန်။”
ကျွန်မ ထပ်မံ၍ ရယ်မိသွားပြန်သည်။
ကလေးသတင်းကြားပြီးနောက် ရှုပ်ထွေးနေသော စိတ်များက တော်ဝင်မင်းသား ဟိုင်န်ရီကြောင့် ပြေလျော့သွားသလိုပင်။
ယာယီ ကုထုံးဖြစ်သဖြင့် သူထွက်သွားလျှင် ပြန်၍ စိတ်ညစ်ရဦးမည်ဖြစ်သော်လည်း။
သို့သော် ငှက် ကွီးန်အကြောင်း အတော်ကြာအောင် စကားလက်ဆုံကျနေကြစဉ်မှာပင် နယ်စားကတော် အယ်လီဇာက တံခါးခေါက်ကာ ဝင်လာပြီး သတိထားလျက် လျှောက်တင်ခဲ့သည်။
“ဧကရီ အရှင်မ။ တူအာနီယာ မြို့စားကတော် ရောက်ရှိနေပါတယ်။”
တူအာနီယာ မြို့စားကတော်ကလား။
“ဝင်ခိုင်းလိုက်ပါ။”
တူအာနီယာ မြို့စားကတော်က ဒီအချိန်ကြီး ဘာကိစ္စပါလိမ့်။
မြို့စားကတော်နှင့် ဆက်ဆံရေးကောင်းသော်လည်း ရံရွေတော်မဟုတ်သော မှူးမတ်အနွယ်တော် အမျိုးသမီးများက ဖိတ်ကြားခြင်းမရှိဘဲ ညနေပိုင်းတွင် လာတွေ့လေ့မရှိပေ။
သို့သော် ကိစ္စများစွာဖြင့် အလုပ်ရှုပ်နေမည့် မြို့စားကတော်က ကျွန်မထံ လာတွေ့သည်မှာ အံ့ဩစရာပင်။
တစ်ခုခု အကူအညီတောင်းစရာ ရှိနေလို့များလား။
ဝင်လာသော တူအာနီယာ မြို့စားကတော်၏ မျက်ဝန်းများက စိုစွတ်နေ၏။
“ကျွန်တော် သွားလိုက်ပါဦးမယ်၊ ကွီးန်။”
တော်ဝင်မင်းသား ဟိုင်န်ရီက သူနားထောင်ရမည့် စကားမျိုးမဟုတ်ဟု ထင်၍လားမသိ၊ အကင်းပါးစွာပင် မြို့စားကတော်ကို နှုတ်ဆက်ပြီး အပြင်သို့ ထွက်သွားခဲ့သည်။
ကျွန်မလည်း မြို့စားကတော်အနားသို့ သွားကာ လက်ကိုဆွဲပြီး ဆိုဖာပေါ်တွင် ထိုင်ခိုင်းလိုက်၏။
“ဘာကိစ္စများလဲ။ အဆင်ပြေရဲ့လားဟင်။”
ထုံးစံအတိုင်း ကိုယ်နေဟန်ထားကို မတ်မတ်ထားကာ ဣန္ဒြေရှိစွာ ပြုမူနေသော်လည်း ပုံမှန်ထက် မျက်နှာပျက်နေသည်။
မြို့စားကတော်က ဆိုဖာပေါ်တွင် ထိုင်သည်နှင့် ကျွန်မ၏လက်ကို တင်းတင်းဆုပ်ကိုင်လာ၏။
အလွန် ခက်ခဲပင်ပန်းနေပုံပင်။
ကျွန်မလည်း အတင်းအကျပ် မမေးဘဲ သူ စကားစလာသည်အထိ စောင့်ဆိုင်းနေခဲ့ရာ နောက်ဆုံးတွင် မြို့စားကတော်က ခက်ခဲစွာဖြင့် အသံကို ဖျစ်ညှစ်ထုတ်ပြီး တောင်းဆိုလာတော့သည်။
“ဧကရီ အရှင်မ။ ဒီလိုအကူအညီတောင်းရတာ အရှက်မရှိရာကျလောက်ပေမဲ့...... ကျေးဇူးပြုပြီး ဗိုင်းကောင့် လန်ဒရယ်ကို ကယ်တင်ပေးပါ။”
~~~~
Miel's Translations