အပိုင်း ၉၆ (ကြားလိုက်ရခြင်း)
အရေးကြီးသည့် စကားများ ပြောရတော့မည်ဖြစ်၍လားမသိ၊ အချိန်က မြန်မြန်ကုန်မသွားခဲ့ပေ။
အရုဏ်တက်ကတည်းက နိုးနေသဖြင့် ရံရွေတော်များကို စောစောစီးစီး မနှိုးမိစေရန် အတော်လေး သည်းခံခဲ့ရသည်။
မအောင့်နိုင်တော့သည့်အဆုံး ထပြီး စာဖတ်ကြည့်သော်လည်း အာရုံစိုက်ရန် ခက်နေပြန်၏။
မနက်စာ စားချိန်တွင်မူ တစ်ကိုယ်လုံး အင်အားကုန်ခမ်းသွားသလို ခံစားရကာ စိတ်က ပို၍တည်ငြိမ်လာသည်။
ကျွန်မ စားသောက်ကာ ရေချိုးပြင်ဆင်ပြီးသည်နှင့် ချက်ချင်း ပင်မနန်းဆောင်သို့သွားပြီး ဆိုဗီရ်ရှုကို အရင်ရှာခဲ့၏။
အစ်ကို့ကိစ္စအပြင် ဆိုဗီရ်ရှုနှင့် ပြောစရာများရှိနေသဖြင့် မည်သို့ပင်ဖြစ်စေ သွားတွေ့ရမည်သာ။
“ဧကရီ။”
ဆိုဗီရ်ရှုက ကျွန်မကိုမြင်တော့ နူးညံ့စွာ ပြုံးပြရင်း စားပွဲမှ ထရပ်ခဲ့သည်။
ပုံမှန်ထက် ပို၍နွေးထွေးသော မျက်နှာထားမျိုးပင်။
ကျွန်မအစ်ကိုကို အကျယ်ချုပ်ထားပြီးတော့။
သူ ဘာတွေ ကြံစည်နေတာပါလိမ့်။
ကျွန်မ မသင်္ကာသလို ကြည့်လိုက်သော်လည်း သူကမူ အစ်ကို့အကြောင်းမပြောဘဲ စာရွက်စာတမ်းများကို ချထားကာ ကျွန်မဆီ လျှောက်လာပြီး မေးခဲ့၏။
“မနက်စာ စားပြီးပြီလား။”
ကျွန်မ သူ့ဆီ လျှောက်သွားရင်း စာရွက်စာတမ်းများကို အမြန် ဝေ့ကြည့်လိုက်သည်။
တစ်ခုက မှော်ဆရာ လျော့နည်းသွားသည့် အခြေအနေနှင့် ပတ်သက်သည့် စာရွက်ဖြစ်ကာ နောက်တစ်ခုက စစ်အသုံးစရိတ် တိုးမြှင့်ရန် ညွှန်ကြားချက်ပင်။
'လျော့နည်းသွားတဲ့ မှော်ဆရာတွေအစား စစ်အင်အားကို တိုးမြှင့်ဖို့ ကြိုးစားနေတာလား။'
“ဧကရီ။”
“အာ... စားပြီးပါပြီ။”
“ကျန်းမာရေးက အဓိကပဲ။ အစားအသောက် ဂရုစိုက်။”
ဆိုဗီရ်ရှုက နူးညံ့စွာ အကြံပြုပြီး ကျွန်မကိုကြည့်ကာ ခပ်ဖွဖွ ပြုံးပြခဲ့သည်။
ကျွန်မ စိတ်ထင်နေ၍မဟုတ်ဘဲ သူ၏ အပြုအမူက တကယ် ပုံမှန်ထက် ပို၍ကြင်နာနေခြင်းပင်။
'အစ်ကို့ကို ဖမ်းထားတဲ့အတွက် အားနာလို့များလား။'
ယခင်အတိုင်း ဆက်ဆံခြင်းက ပို၍ ရင်းနှီးအသားကျသေးသည်။
ဆိုဗီရ်ရှုက အမှတ်မထင် နူးညံ့သည့် အပြုအမူကို ပြလာတော့ ထူးဆန်းသောအတွေးများသာ ပို၍ဝင်လာရ၏။
ကျွန်မ အိုးတိုးအမ်းတမ်း ပြန်ပြုံးပြလိုက်တော့ ဆိုဗီရ်ရှုက ရယ်ချင်သွားသလိုလေသံနှင့် ရယ်ခဲ့သည်။
“ကျန်းမာရေး ဂရုစိုက်ပါလို့ပြောတာက အဲ့ဒီလောက်တောင် ထူးဆန်းနေလို့လား။”
“……အခု အခြေအနေနဲ့ ပြောရမဲ့စကားမဟုတ်ဘူး ထင်မိလို့ပါ။”
“ငါကတော့ အမြဲတမ်း ဧကရီ ကျန်းမာစေဖို့ မျှော်လင့်တာကို။”
“ကျွန်မလည်း ထပ်တူပါပဲ။”
ဘာကြောင့်ပါလိမ့်။
ဆိုဗီရ်ရှုက ဤတစ်ကြိမ်တွင် ကျွန်မကို စိတ်မကောင်းဖြစ်နေသလို မျက်လုံးများနှင့် ကြည့်လာသည်။
နှုတ်ခမ်းထောင့်စွန်းတွင် နွေးထွေးသောအပြုံး ရှိနေသေးသော်လည်း မျက်ဝန်းထဲတွင်မူ နက်ရှိုင်းသော ဝမ်းနည်းမှုများကို မြင်နေရ၏။
ပို၍ အနေခက်လာသဖြင့် ထိုမျက်လုံးများကို စိုက်ကြည့်နေမိစဉ် ဆိုဗီရ်ရှုက ရုတ်တရက် မှော်ပညာဝန်ကြီးဌာနအကြောင်း စကားစလာသည်။
“မှော်ပညာဝန်ကြီးဌာနရဲ့ အကြီးအကဲ ခါရန်ဇာလိုနဲ့ တွေ့ခဲ့တယ်။”
ဟုတ်တယ်။
ဤသို့ အလုပ်အကြောင်း ပြောသည်ကမှ ပို၍ သက်သောင့်သက်သာရှိသေးသည်။
ကျွန်မလည်း မြန်မြန်ပင် သူ့စကားကိုထောက်ပြီး မေးလိုက်၏။
“မှော်စွမ်းအား ပျောက်သွားတဲ့သူက တကယ် မှော်ဆရာ အဟုတ်ပဲလားဟင်။”
“စိတ်မကောင်းပေမဲ့ အမှန်ပဲ။”
“အကြောင်းရင်းကရော။ ဘာကြောင့်လဲဆိုတာ သိပြီလားရှင့်။”
“အခုအထိတော့ မသိသေးဘူးတဲ့။ အဲ့ဒီမှော်ဆရာရဲ့စွမ်းအား ပျောက်သွားရတဲ့ အကြောင်းရင်းရော၊ မှော်ဆရာတွေ လျော့နည်းသွားတဲ့ အခြေအနေနဲ့ ပတ်သက်တဲ့ အကြောင်းရင်းကိုရော မသိသေးဘူးတဲ့လေ။”
“ဘုရားရေ။”
“ဒါပေမဲ့ အာရုံစိုက်လောက်စရာ စကားတစ်ခုတော့ ကြားခဲ့ရတယ်။”
အာရုံစိုက်လောက်စရာ အခြေအနေ။
“ဘာများပါလဲ။”
“အကြီးအကဲရဲ့ ပြောပြချက်အရဆိုရင် မှော်ဆရာတွေ လျော့နည်းသွားတဲ့ ဖြစ်စဉ်က လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတည်းက စတင်ခဲ့တာတဲ့။”
“ဒါက တစ်ခါမှ မကြားဖူးတဲ့ စကားပါလား။”
“ဟုတ်တယ်။ အဲ့ဒီတုန်းကတော့ ပညာရှင်တွေနဲ့ မှော်ဆရာတွေလောက်ပဲ သတိထားမိနိုင်တဲ့ ကိန်းဂဏန်းတွေမို့လို့လေ။”
“အဲ့ဒီစကားက……”
“အင်း။ မကြာသေးခင်ကမှ အရေအတွက်က သိသိသာသာ မြန်မြန်ဆန်ဆန် လျော့နည်းသွားတာဆိုပဲ။”
“ဒါကတော့ တကယ် ထူးဆန်းနေတာပဲ။”
ကျွန်မတို့နှစ်ယောက်စလုံး ပြောစရာစကားများ ရှိနေကြသော်လည်း အခြား အကြောင်းအရာများကိုသာ လှည့်ပတ်ပြောနေကြသည့် စဉ်းလဲသော မြွေနှစ်ကောင်လို ဖြစ်နေသည်။
အရှေ့အင်ပါယာ၏ ဧကရီတစ်ပါးအနေနှင့် ဆိုဗီရ်ရှု ယခုပြောနေသည်က အလေးအနက် စဉ်းစားရမည့် ကိစ္စဖြစ်သော်လည်း ယခု ကျွန်မခေါင်းထဲ၌ အခြားကိစ္စများနှင့် ပြည့်နေသဖြင့် အာရုံစိုက်ရန် ခက်နေ၏။
သို့တိုင်အောင် အတင်းဖျစ်ညှစ်ကာ အလေးအနက်ထားဟန်နှင့် ခေါင်းညိတ်ပြနေစဉ် ဆိုဗီရ်ရှုက လေသံကိုပြောင်းကာ ထပ်မေးလာသည်။
“ပြီးတော့ အဲ့ဒါ၊ မှတ်မိလား။ ဧကရီ ထောက်ပံ့ပေးနေတဲ့ အစိုးရ မိဘမဲ့ဂေဟာက ကလေးတွေထဲမှာ အကယ်ဒမီကို ရောက်သွားတဲ့ ကလေး ရှိတယ်မဟုတ်လား။”
“အယ်ဗာလီပါ။”
ဆိုဗီရ်ရှု အယ်ဗာလီအကြောင်း စပြောလာမှ ကျွန်မ စကားထဲ အပြည့်အဝ အာရုံစိုက်နိုင်တော့သည်။
“အဲ့ဒီကလေးက ဘာဖြစ်လို့လဲရှင့်။”
စိုးရိမ်စိတ်များ ဝင်လာသောကြောင့်ပင်။
ဤနေရာတွင် ထိုကလေးအကြောင်း ထွက်လာစရာအကြောင်းမရှိပေ။
အယ်ဗာလီ၏ နာမည်ကိုပင် မသိသော ဆိုဗီရ်ရှုက ဘာကြောင့် ရုတ်တရက် ထိုကလေးအကြောင်း ပြောလာရသနည်း။
ဆိုဗီရ်ရှုက လေးလံသော မျက်နှာထားနှင့် ပြောလာသည်။
“အဲ့ဒီကလေးက အကယ်ဒမီမှာ ကောင်းကောင်း နေသားမကျနိုင်ဖြစ်နေတယ်တဲ့။”
“ပတ်ဝန်းကျင် ပြောင်းလဲသွားလို့နေမှာပါ။”
“ဟင့်အင်း၊ အဲ့ဒီအဆင့်လောက် မဟုတ်ဘူးလို့ ပြောတယ်။”
“....”
“ရွယ်တူချင်း ပြဿနာမျိုး ဒါမှမဟုတ် စရိုက်ပိုင်းဆိုင်ရာ ပြဿနာတို့၊ ပတ်ဝန်းကျင်နဲ့ အသားမကျတဲ့ ပြဿနာတို့ဆိုရင် အကြီးအကဲ ခါရန်ဇာလိုက ငါ့ကို ဘယ်ပြောပြပါ့မလဲ။”
ဆိုဗီရ်ရှု၏ စကားကြောင့် ‘မဟုတ်မှ’ ဟု တွေးမိရင်းမှ မကောင်းသည့်အတွေး ဝင်လာရသည်။
ကျွန်မတို့ ယခုလေးတင် မှော်စွမ်းအား ပျောက်ကွယ်သွားသည့် မှော်ဆရာအကြောင်း ပြောခဲ့ကြ၏။
ထို့နောက် ဆိုဗီရ်ရှုက ထိုကလေးနာမည်ကို ပြောလာခြင်းမှာ……
“အစကတော့ မှော်စွမ်းအားလည်း အားကောင်းပြီး ကိုယ်တိုင်လည်း စိတ်အားထက်သန်လို့ ပို့ချမှုတွေကို ကြိုးကြိုးစားစား တက်ခဲ့တာတဲ့။ တော်တော်လေးလည်း လိုက်နိုင်လို့ ပါမောက္ခတွေကလည်း ချစ်ကြတယ်ဆိုပဲ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ မှော်စွမ်းအား ပမာဏက လျော့နည်းလာပြီး သင်ခန်းစာတွေ မလိုက်နိုင်တော့ဘူးလို့ ပြောတယ်။”
“အာ……”
“ကလေးက စိတ်ဓာတ်ကျသွားပေမဲ့ အားလုံးက ကြိုးစားမှုအပိုင်းပဲလား၊ ပတ်ဝန်းကျင် အခြေအနေကြောင့်ပဲလားဆိုပြီး ယူဆခဲ့ကြတာပေါ့။ ဒါပေမဲ့ အခု မှော်ဆရာတွေဆီကနေ မှော်စွမ်းအား ပျောက်ကွယ်သွားတာမျိုး ရှိတယ်ဆိုတာ သိလာရတော့ အားလုံးက အဲ့ဒီကလေးကို စောင့်ကြည့်နေကြတယ်တဲ့။”
အကယ်ဒမီတွင် အင်မတန် စိတ်လှုပ်ရှားနေခဲ့သော ကလေးမလေး၏ပုံရိပ် ပေါ်လာကာ ရင်ထဲတွင် နာကျင်လာရသည်။
အပြင်ပန်းတွင် မပြခဲ့သော်လည်း အကယ်ဒမီသို့ ရောက်လာရခြင်းကို အင်မတန် ဝမ်းသာနေသည့်ပုံစံလေးပင်။
ကြိုးစားမှုအားနည်း၍ သို့မဟုတ် အခြေခံ ဗဟုသုတ မရှိ၍ သင်ခန်းစာ မလိုက်နိုင်ခြင်းဆိုလျှင် တော်သေးသော်လည်း အမှန်တကယ် မှော်စွမ်းအား ဆုံးရှုံးလာခြင်းသာဆိုလျှင်……
'စာရေးကြည့်မှပဲ။'
ကျွန်မ စိတ်မကောင်းကြီးစွာနှင့် ကြမ်းပြင်ကို ငေးကြည့်နေမိသည်။
သို့သော် အတွေးထဲမှ နိုးလာတော့ ပတ်ဝန်းကျင်က တိတ်ဆိတ်နေ၏။
ဆိုဗီရ်ရှုက ဘာမှဆက်မပြောတော့ပေ။
ခေါင်းမော့ကြည့်လိုက်တော့ သူက ကျွန်မကို ရှုပ်ထွေးသော မျက်လုံးများနှင့် ကြည့်နေသည်။
'အခုမှ သူ ငါ့အစ်ကိုကို အကျယ်ချုပ်ချထားတာ သတိရသွားတာလား။'
ဆိုဗီရ်ရှု၏ လေးလံသော အကြည့်ကို မြင်လိုက်တော့မှ ကျွန်မတို့ ပို၍ ပုဂ္ဂိုလ်ရေးဆန်သောကိစ္စများကို ပြောရန်အချိန်တန်ပြီမှန်း သိလိုက်ရသည်။
မနေ့က သတင်းကြားကတည်းက စိုးရိမ်တကြီး စောင့်ဆိုင်းခဲ့သော ကိစ္စက နောက်ဆုံးတွင် ရှေ့မှောက်သို့ ရောက်လာချေပြီ။
“အယ်ဗာလီက ကျွန်မ ထောက်ပံ့ထားတဲ့ ကလေးဆိုတော့ ကျွန်မဘက်ကလည်း သီးသန့် ဂရုစိုက်ပေးလိုက်ပါ့မယ်။”
ကျွန်မ တတ်နိုင်သမျှ တည်ငြိမ်သော မျက်နှာထားကို ထိန်းရင်း အေးအေးဆေးဆေး မေးလိုက်၏။
“ပြီးတော့၊ အဆင်ပြေမယ်ဆိုရင် ကျွန်မအစ်ကိုကို ဘယ်အချိန်အထိ ချုပ်ထားဦးမှာလဲဆိုတာ မေးချင်ပါတယ်။”
ကျွန်မ၏ မေးခွန်းတစ်ခွန်းကြောင့် ဆိုဗီရ်ရှု စောစောကအထိ ပြနေသော နွေးထွေးသည့် အကြည့်များ ပျောက်ကွယ်သွားတော့သည်။
သူက အေးစက်သော မျက်နှာထားနှင့် မျက်နှာလွှဲကာ ပြန်ဖြေခဲ့၏။
“မကြာခင် ပြန်လွှတ်ပေးမှာ။”
“ဘယ်နေရာကို လွှတ်ပေးမှာလဲဆိုတာက ပိုအရေးကြီးမယ် ထင်ပါတယ်။”
သွေးရိုးသားရိုး နေအိမ်တွင် အကျယ်ချုပ်ထားထားခြင်းကို လွှတ်ပေးမည့်ပုံစံတော့ မဟုတ်ပေ။
ဆိုဗီရ်ရှုက စကားမပြောဘဲ စားပွဲပေါ်တွင် ချထားသည့် စာရွက်စာတမ်းများကိုသာ စိုက်ကြည့်နေသည်။
“အရှင်ဧကရာဇ်။”
ထပ်ခါတလဲလဲ ခေါ်လိုက်တော့မှ သူက မှိုင်တိုင်တိုင် အသံနှင့် စကားစလာ၏။
“ငါကတော့…… ဧကရီ၊ မင်းအစ်ကိုရဲ့ ပါးစပ်ကိုရော၊ အပြုအမူကိုရော မယုံကြည်နိုင်ဘူး။”
“....”
“ငါယုံတာက မင်း အဲ့ဒီလူကို မထိန်းချုပ်နိုင်ဘူးဆိုတာရယ်၊ အဲ့ဒီလူက ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူးဆိုတာရယ်ပဲ။”
“အရှင်ဧကရာဇ်။”
“အဲ့ဒီလူက ပြောင်းလဲမယ်ဆိုရင်တောင် အဲ့ဒါက ငါ့ကလေး မမွေးခင်တော့ ဖြစ်လောက်မှာမဟုတ်ဘူး။ ဟုတ်တယ်မဟုတ်လား။”
အစ်ကို့အကြောင်း စပြောကတည်းက စကားပြောနေရင်းပင် ကျွန်မကို မျက်လုံးချင်း မဆုံအောင် ရှောင်နေသည့် ဆိုဗီရ်ရှုက ရုတ်တရက် ကျွန်မဘက်သို့ ဖြတ်ခနဲ လှည့်ကြည့်ကာ ပြတ်သားသော အသံနှင့် ပြောလာသည်။
“ဧကရီက မင်းအစ်ကို အိမ်မှာ အကျယ်ချုပ်ကျနေတာကို သိပြီးသားဖြစ်နေတဲ့ပုံပဲဆိုတော့ ပြောရသေးတာပေါ့။”
ထိုင်ခုံမှ ထလာသော ဆိုဗီရ်ရှုက ကျွန်မအရှေ့အထိ ချဉ်းကပ်လာသည်။
ထို့နောက် ကျွန်မမျက်လုံးများကို တည့်တည့်စိုက်ကြည့်ကာ ပြောလာ၏။
“ငါက ငါ့ကလေးကို ကာကွယ်ဖို့အတွက်၊ မင်းအစ်ကိုကို ပြည်နှင်ဒဏ် ပေးမှာ။”
ထိုအသံတွင် တုန်ယင်မှု တစ်စက်ကလေးပင် ရှိမနေသဖြင့် ယခုလေးတင် ကျွန်မမျက်လုံးကို မကြည့်နိုင်ခဲ့သည့်လူနှင့် မတူတော့ပေ။
'ငါ တစ်ညလုံး ဆိုဗီရ်ရှုကို ပြောရမဲ့စကား ရွေးနေတဲ့အချိန်မှာ၊ ဆိုဗီရ်ရှုက ငါ့အစ်ကိုကို ဘယ်လို စီရင်ရမလဲလို့ စဉ်းစားနေခဲ့တာပဲ။'
သူ အစ်ကို့ကို ပြည်နှင်ဒဏ်ပေးရန် ယတိပြတ် ဆုံးဖြတ်ပြီးသွားကြောင်း ကျွန်မ သဘောပေါက်လိုက်တော့သည်။
သတိဝင်လာတော့ ကျွန်မ ကိုယ့်အောက်နှုတ်ခမ်းကိုယ် ကိုက်ထားမိမှန်း သိလိုက်ရ၏။
ဆိုဗီရ်ရှု၏ လက်ချောင်းများ ကျွန်မနှုတ်ခမ်းနားအထိ ရောက်လာမှ သတိပြုမိသွားခြင်းပင်။
“ကျိန်းသေပေါက် တစ်သက်လုံး ပြည်နှင်ဒဏ်ပေးမယ်လို့တော့ ဆိုလိုတာမဟုတ်ဘူးပေါ့။”
ကျွန်မက ကိုယ်ကို ရှောင်ဖယ်လိုက်တော့ ဆိုဗီရ်ရှုက အမြန်ပင် ထပ်ဖြည့်ပြောလာ၏။
“တရားဝင်မဟုတ်တဲ့ ပြည်နှင်ဒဏ်ဖြစ်သလို၊ နောက်ပိုင်း ခိုရှာရ်က အပြစ်ကို ဆင်ခြင်မယ်ဆိုရင် ပြန်လာခွင့်ပေးမှာ။”
“……”
ကျွန်မ ဘာမှပြန်မပြောဘဲနေတော့ သူက ကျွန်မပခုံးကို အသာအယာကိုင်ကာ သူ့ဘက်သို့ လှည့်စေခဲ့သည်။
ခံစားချက်များကို မပြမိအောင် တတ်နိုင်သမျှ ကြိုးစားသော်လည်း ထင်သလို ဖြစ်မလာခဲ့ပေ။
သို့တိုင်အောင် မျက်လုံးကို အားစိုက်ပြီး ဆိုဗီရ်ရှုကို တည့်တည့်စိုက်ကြည့်လိုက်တော့ သူက အရူးလုပ်ခံလိုက်ရသလို ကျွန်မကိုကြည့်ကာ စိတ်ပျက်သည့် မျက်နှာထားဖြစ်သွားတော့သည်။
ဤသို့သော အခြေအနေ၌ပင် တည်ငြိမ်နေသည့် ကျွန်မကို တကယ့် ကျောက်တုံးပါလားဟု ထင်ပေလိမ့်မည်။
ကျွန်မ မြန်မြန် အသက်ပြင်းပြင်းရှူကာ ပုံမှန် လေသံနှင့် မေးလိုက်၏။
“ဆက်ဆက် ဒီလောက်အထိလုပ်မှ ဖြစ်မှာလား။”
“အဲ့ဒီမေးခွန်းကို၊ ငါက မင်းအစ်ကိုကိုပဲ တစ်ထပ်တည်း ပြန်မေးချင်တာ။”
“ကျွန်မအစ်ကိုကို အတိအကျ ဘာပြစ်မှုနဲ့ ပြည်နှင်ဒဏ် ပေးမှာလဲလို့ မေးနေတာပါ။”
“မင်းက မင်းအစ်ကို အဖမ်းခံရတဲ့အကြောင်းပဲ ကြားပြီး၊ သူ လူတစ်ယောက်ကို စုတ်ပြတ်သတ်သွားအောင် လုပ်ခဲ့တဲ့ အကြောင်းကျတော့ မကြားမိဘူးလား။”
“အဲ့ဒီစုတ်ပြတ်သတ်သွားတဲ့လူက ကျွန်မအစ်ကိုကို အရင် တိုက်ခိုက်ခဲ့တဲ့ ကိစ္စကိုတော့ မကြားဘူးလားရှင့်။”
“အင်း။ မကြားဘူး။”
“...”
“အရင် တိုက်ခိုက်ခံရတယ်ဆိုတာက မင်းအစ်ကိုရဲ့ အပြောသက်သက်ပဲလေ။ ဒါပေမဲ့ ဗိုင်းကောင့် လိုတဲရှု စုတ်ပြတ်သတ်သွားတာကတော့ အရှိတရားပဲ။ မင်းအစ်ကို ဗိုင်းကောင့် လိုတဲရှုကို အဲ့ဒီလို လုပ်တာက အကုန် ရက်ရှ်တာကိုရော၊ ရက်ရှ်တာ့ ဗိုက်ထဲက ငါ့ကလေးကိုပါ အန္တရာယ်ပေးဖို့အတွက်ပဲပေါ့။”
ဆိုဗီရ်ရှုက ဗိုင်းကောင့် လိုတဲရှုအကြောင်း ပါလာတော့ ပို၍ဒေါသထွက်သွားပုံရကာ မျက်လုံးများ တဆတ်ဆတ် တုန်ယင်လာသည်။
ဆိုဗီရ်ရှု မည်သို့သောနည်းနှင့် အစ်ကို ဗိုင်းကောင့် လိုတဲရှုကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ကြောင်း သိသွားမှန်းမသိပေ။
အစ်ကိုက စိတ်ဆတ်သည့်စရိုက်ရှိသူဖြစ်ရာ လမ်းလယ်ခေါင်တွင် ဗိုင်းကောင့်ကို ထိုးကြိတ်ခဲ့ခြင်းလည်း ဖြစ်နိုင်သည့်တိုင်……
မည်သို့ပင်ဆိုစေ ဆိုဗီရ်ရှုက အစ်ကို ဗိုင်းကောင့် လိုတဲရှု ဝယ်လာသည့်လူများ၏ တိုက်ခိုက်ခြင်းခံခဲ့ရသည့် အဖြစ်ကိုမသိဘဲ၊ ဒေါသထွက်ပြီး ဗိုင်းကောင့်ကို ပြန်ပေးဆွဲကာ နှိပ်စက်ခဲ့သည့်အဖြစ်ကိုမူ ကောင်းကောင်းသိနေသည်မှာ သေချာသည်။
ရက်ရှ်တာနဲ့ ပတ်သက်ပြီးတော့ရော။
'ရက်ရှ်တာရဲ့ အတိတ်နဲ့ပတ်သက်ပြီးတော့ရော ကြားပြီးလောက်ပြီလား။'
ပြောရမည်လား၊ မပြောရဘူးလား ဝေခွဲမရဖြစ်နေစဉ်မှာပင်။
ဆိုဗီရ်ရှုက ဝှစ်ခနဲ လှည့်သွားကာ စားပွဲဆီသို့သွားပြီး ကြမ်းတမ်းစွာထိုင်ချရင်း အမိန့်ပေးခဲ့သည်။
“ဧကရီ ဘယ်လိုပဲ ဖျောင်းဖျဖျောင်းဖျ ခိုရှာရ်ကို ထပ်ပြီး ခွင့်မလွှတ်နိုင်ဘူး။ ခိုရှာရ်ကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုချင်တာဆိုရင် အဲ့ဒီမှာတင်ရပ်ပြီး ပြန်သွားလိုက်တော့။”
~~~~
အယ်ဗာလီထံ ပို့မည့်စာကို ရေးနေရင်းမှ ကျွန်မ မင်တံကို အကြိမ်ကြိမ် ချထားမိသည်။
စိတ်က အခြားအတွေးများဆီသာ ရောက်နေသောကြောင့်ပင်။
'ဆိုဗီရ်ရှုက ရက်ရှ်တာကို တကယ် အရမ်းချစ်တာကိုး။'
ဤအတွေးဝင်လာတိုင်း ရင်ထဲတွင် ဆစ်ခနဲ နာကျင်သွားကာ စိတ်က မွန်းကျပ်လာရသည်။
ရက်ရှ်တာနှင့် သူ့ကလေးကို ကာကွယ်ရန်အတွက် အန္တရာယ်ဖြစ်နေသည့် ကျွန်မ အစ်ကိုကို ပြည်နှင်ဒဏ်ပေးရန်အထိ စဉ်းစားသတဲ့……
သူက ‘တရားဝင်မဟုတ်တဲ့ ပြည်နှင်ဒဏ်’ ပေးမယ်ဆိုပြီး ငါ့ကို ငဲ့ညှာသလို ပြောခဲ့ပေမဲ့လည်း၊ မပြောတတ်ဘူးလေ။
ကျွန်မအတွက်မူ တရားရုံးမှတစ်ဆင့် အမှုကို ကိုင်တွယ်လျှင် ရက်ရှ်တာ၏အရှုပ်တော်ပုံများ ပါလာမည်စိုး၍ တိတ်တဆိတ် ဖြေရှင်းချင်သည်ဟုသာ ကြားနေရသည်။
ဆိုဗီရ်ရှုက အစ်ကို့ကို ‘ဗိုင်းကောင့် လိုတဲရှုကို တိုက်ခိုက်ခဲ့တဲ့လူ’ အဖြစ် မဟုတ်ဘဲ ‘ဧကရာဇ်ရဲ့ ကလေးကို တိုက်ခိုက်တဲ့လူ’ အဖြစ် ပုံဖော်ချင်ပုံရသော်လည်း……
သူ လိုချင်သလို အစ်ကို ဗိုင်းကောင့် လိုတဲရှုကို တိုက်ခိုက်ခြင်းက ဧကရာဇ်၏ကလေးကို တိုက်ခိုက်ခြင်း ဖြစ်ရန်ဆိုလျှင်၊ တရားရုံးတွင် ဗိုင်းကောင့် လိုတဲရှုနဲ့ ရက်ရှ်တာက ထိုမျှအထိ နီးစပ်သော ပတ်သက်မှုရှိကြောင်း ဖော်ထုတ်ရမည်ဖြစ်ကာ၊ ထိုဖြစ်စဉ်တွင် ရက်ရှ်တာက ကျွန်ပြေးဖြစ်ကြောင်း သတင်းများ ပြန့်သွားမည်မဟုတ်ပါလား။
ဆိုဗီရ်ရှုအနေနှင့် ဤအဖြစ်ကိုမူ တားဆီးချင်ပေလိမ့်မည်။
ပြီးတော့ ဘာရယ်။
အပြစ်ကိုဆင်ခြင်ရင် ပြန်လာခွင့်ပေးမယ်တဲ့လား။
စောင့်ကြည့်ရမည်ဆိုသော်လည်း အမှန်အတိုင်းပြောရလျှင် ထိုစကားကိုလည်း မယုံကြည်နိုင်ပေ။
မမွေးသေးသော ကလေးအတွက်ပင် အစ်ကို့ကို ပြည်နှင်ဒဏ်ပေးချင်နေသည့် ဆိုဗီရ်ရှုက၊ မွေးလာပြီးသည့် ကလေးအနားသို့ အစ်ကို့ကို ပြန်ခေါ်ပါ့မည်လား။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ဆိုဗီရ်ရှုက အစ်ကို့ကို ရက်ရှ်တာအတွက် အနှောင့်အယှက်ဖြစ်နေလို့ ရှင်းပစ်ချင်နေတာပဲ။
ထိုသို့ဖြင့် ခေါင်းထဲတွင် ဒေါသများ ပြည့်နေခဲ့ရာ ကျွန်မ နှစ်နာရီနီးပါးကြာမှသာ အယ်ဗာလီထံ ပို့မည့် စာတစ်မျက်နှာခွဲစာကို အပြီးသတ်နိုင်ခဲ့သည်။
စိတ်မပူရန် အားပေးစကားနှင့် အမှတ်ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကျွန်မက ဆက်လက်၍ ထောက်ပံ့ပေးသွားမည်ဟူသော အကြောင်းအရာများပင်။
အပူအပင်များကြောင့် စာပင်သေချာမရေးနိုင်သည့် ကျွန်မက ပြောရမည့် အားပေးစကားမျိုးတော့ မဟုတ်ခဲ့ပေ။
“ဒါကို မနက်ဖြန်ကျရင် ဒီလိပ်စာအတိုင်း ပို့ပေးနော်။”
ကျွန်မ စိတ်မကောင်းစွာဖြင့် စာကို စာအိတ်ထဲထည့်ကာ နယ်စားကတော်ကြီး အယ်လီဇာထံ အပ်လိုက်ပြီးနောက်။
အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း ဆိုဗီရ်ရှုနှင့် ရက်ရှ်တာ၊ အစ်ကို့ကိစ္စကို အလေးအနက် စဉ်းစားခဲ့သည်။
ထိုသို့ဖြင့် နောက်ထပ် နှစ်နာရီခန့် ကုန်ဆုံးသွားပြီးမှ စိတ်ကို ဒုံးဒုံးချကာ အခန်းထဲမှ ထွက်လာလိုက်၏။
ကျွန်မကိုယ်တိုင် ရက်ရှ်တာ၏အတိတ်ကို လူမှုရေးလောကထဲ ပြန့်အောင်လုပ်ရန် စိတ်ကူးမရှိသော်လည်း။
ဤအချက်ကို အခွင့်အရေးအနေနှင့်သုံးကာ အစ်ကို့ကို ပြည်နှင်ဒဏ် မပေးရန် အပေးအယူ လုပ်ကြည့်ဖို့ ကြံစည်ခဲ့ခြင်းပင်။
စင်္ကြံလမ်းအတိုင်း လျှောက်လာနေစဉ် အေးစက်သော လေက အနောက်မှ ကျွန်မကို တွန်းပို့နေသလို တိုက်ခတ်လာသည်။
ဆိုဗီရ်ရှုထံ အမြန်သွားပါဟု တိုက်တွန်းနေသလိုပင်။
ကျွန်မ အကြိမ်ကြိမ် အသက်ကိုပြင်းပြင်းရှူပြီး အရှေ့နန်းဆောင်ထဲသို့ ဝင်လာခဲ့၏။
ညနက်နေပြီဖြစ်ရာ ပုံမှန်ဆိုလျှင်ပင် တိတ်ဆိတ်နေတတ်သည့် အရှေ့နန်းဆောင်အတွင်းဘက်က ပို၍ပင် ငြိမ်သက်နေလေသည်။
ကျွန်မ၏ ခြေသံကပင် အင်မတန် ကျယ်လောင်နေသလို ခံစားရသဖြင့် စင်္ကြံလမ်းကိုဖြတ်ပြီး လှေကားပေါ်တက်သည့် အချိန်မှစ၍ တမင် အတတ်နိုင်ဆုံး အသံမထွက်အောင် ဖနောင့်ကိုဖော့ပြီး လျှောက်ခဲ့၏။
သို့သော် ဆိုဗီရ်ရှု၏အခန်းသို့ သွားရာလမ်းတွင်။
ဆိုဗီရ်ရှု၏ အခန်းသို့သွားမည်ဆိုလျှင် ရက်ရှ်တာနေသည့် အခန်းကို ဖြတ်သွားရမည်ဖြစ်သော်လည်း မမျှော်လင့်ဘဲ ရင်းနှီးသည့် မျက်နှာတစ်ခုကို တွေ့လိုက်ရ၏။
ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်ပင်။
ကျွန်မကို သစ္စာဖောက်ပြီး ရက်ရှ်တာ့ဆီ သွားခဲ့သော ရံရွေတော်။
သူက တံခါးဝတွင် စိုးရိမ်တကြီး ရပ်နေသော်လည်း ကျွန်မကိုမြင်တော့ သူလည်း လန့်သွား၍လားမသိ မျက်လုံးအဝိုင်းသား ဖြစ်သွားလေသည်။
'ဒီလိုအချိန်မျိုးမှာ သိသလိုနေရမလား။'
သိသလိုနေလျှင်ရော၊ မသိချင်ယောင်ဆောင်လျှင်ပါ အနေခက်သည့် အခြေအနေပင်။
ကျွန်မ သူ့ကို တစ်ချက် စိုက်ကြည့်နေမိပြီး သူကမူ ကျွန်မ၏အကြည့်ကြောင့် အကြောင်းမဲ့ ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေသည်။
'အချင်းချင်း နှုတ်ဆက်လိုက်တာကမှ အိုးတိုးအမ်းတမ်း ဖြစ်ရမှာပေါ့။'
ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်က ကျွန်မကို ဂါရဝပြုရန် လာမည့်ပုံလည်းမပေါ်သဖြင့် ကျွန်မ ကိုယ်ကို လှည့်လိုက်သည်။
ဧကရီကို မြင်တာတောင် ဂါရဝမပြုရကောင်းလားဟု အပြစ်တင် ဆူပူချင်စိတ်လည်း မရှိတော့ပေ။
သို့သော် သူ့ကိုကျော်ပြီး ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည့် အချိန်မှာပင်။
“အရှင်မ။”
ကြားရရုံလေးသာရှိသော အလွန် တိုးတိမ်သည့် အသံလေး အနောက်မှ ထွက်ပေါ်လာသည်။
သေချာကြားလိုက်ရသလား၊ အထင်မှားခြင်းလား ဝေခွဲမရလောက်အောင် တိုးညင်းလှသည့် အသံပင်။
ထိုအသံတွင် ဝမ်းနည်းမှုများ အတိလွှမ်းလျှက်ရှိနေသည်။
လှည့်ကြည့်လိုက်တော့ ဘရ်ဒီ ဗိုင်းကောင့်ကတော်က တံခါးရှေ့တွင်ရပ်နေရင်း မျက်ရည်ဝဲလျက် ကျွန်မကို ကြည့်နေ၏။
ကျွန်မ သူ့ကို ကြည့်လိုက်တော့ ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်က ပို၍ပင် သနားစရာကောင်းသည့် မျက်နှာမျိုး ဖြစ်သွားသည်။
ငါ့ကို သစ္စာဖောက်ပြီး ရက်ရှ်တာဆီ သွားခဲ့ပြီးတော့များ။
သူကမှ ပို၍ခက်ခဲနေရသည့်ပုံစံမျိုးပင်။
သို့သော် ယခုက သူ့ကို နှစ်သိမ့်ပေးရမည့် အခြေအနေ မဟုတ်ပေ။
သူက နှစ်သိမ့်မှု လိုချင်နေခြင်း ဖြစ်နိုင်သော်လည်း။
ကျွန်မ မျက်နှာပြန်လွှဲရန်ပြင်လိုက်သော်လည်း ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်က နောက်တစ်ကြိမ် တိုးတိုးလေး ပြောခဲ့ပြန်သည်။
“ဧကရီ အရှင်မ။”
ထိုစကားကို ချန်ထားခဲ့သည့် ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်က တံခါးနောက်သို့ တစ္ဆေတစ်ကောင်လို ပျောက်ကွယ်သွား၏။
'ပြောစရာရှိနေတဲ့ပုံပဲ။'
ဘာလို့ ဘာမှမပြောဘဲ ထွက်သွားတာပါလိမ့်။
ပြောရခက်သည့် စကားမျိုးကို ပြောရန်ကြိုးစားခဲ့ခြင်းလား။
ကျွန်မ ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော် ပျောက်ကွယ်သွားရာဘက်ကို ကြည့်ရင်း ကိုယ်ကို လှည့်လိုက်ရာမှ တုံ့ခနဲ ဖြစ်သွားရသည်။
အခန်းတံခါးက အနည်းငယ်ဟနေ၏။
ပုံမှန်ဆိုလျှင် အမှားပဲဖြစ်မည်ဟု ထင်မိမည်သာ။
သို့သော် စောစောကတင် ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော် ရပ်နေခဲ့သည့်နေရာက ဤနေရာပင်။
ထိုအကြောင်းကြောင့်ပေပဲလား။
သူ ငိုတော့မလိုမျက်နှာနှင့်ရပ်ကာ ကျွန်မကို ကြည့်နေခဲ့တဲ့ ထိုနေရာ။
ထိုဘေးမှ တံခါးကြားလေးဆီသို့ အကြည့်ရောက်သွားတော့သည်။
'ငါ့ကို ဘာပြောချင်လို့ပါလိမ့်။'
ထူးဆန်းသော်လည်း နားလည်ရန်ခက်သဖြင့် သွားမည့်လမ်းကို ဆက်သွားရန်ပြင်လိုက်သည့် ထိုအခိုက်အတန့်မှာပင်။
“ဒါပေမဲ့ အရှင်ဧကရာဇ်။ ကွာရှင်းတာဆိုရင်…… ဧကရီရဲ့ မိသားစုက ကန့်ကွက်ကြမယ်ထင်တယ်နော်။”
အံ့အားသင့်မှုများ ပြည့်နှက်နေသည့် အသံသေးသေးလေးတစ်ခုကို ကြားလိုက်ရသည်။
ကျွန်မ တုံ့ခနဲ ရပ်သွား၏။
အသံပိုင်ရှင်က ရက်ရှ်တာပင်။
သို့သော် ရက်ရှ်တာ၏အသံကို ကြား၍ ရပ်လိုက်ခြင်းမဟုတ်။
သူပြောလိုက်သည့် စကားလုံးကြောင့်ပင်။
'ကွာရှင်းမယ်တဲ့လား။'
~~~~
Miel’s Translations