အပိုင်း ၈၄ (ယခုရွေးချယ်မှု၊ နောင်လာမည့်ရွေးချယ်မှု)
စာလွှာထဲတွင် မျှော်လင့်ချက်များ အပြည့်ပါဝင်နေသည်။
တော်ဝင်မင်းသား ဟိုင်န်ရီက ကျွန်မ နန်းတက်ပွဲသို့ လာလိမ့်မည်ဟု ကြိုတင်တွေးဆကာ ဝမ်းသာနေခဲ့ပုံပင်။
‘တော်ဝင်မင်းသားက နည်းနည်းလောက်ပဲဖြစ်ဖြစ် အရိပ်အကဲမသိတတ်တဲ့သူဆိုရင် ပိုကောင်းဦးမယ်……’
တော်ဝင်မင်းသား ဟိုင်န်ရီ ထင်ထားသည့်အတိုင်း စာရေးစဉ်က သွားရန်စိတ်ကူးထားခဲ့သည်မှာ အမှန်ပင်။
ပြဿနာက……
‘ဘယ်လိုလုပ်ရပါ့မလဲ။’
ယခုအခြေအနေနှင့် နန်းတက်ပွဲသို့ မသွားနိုင်ခြင်းပင်။
ကိုယ်ဝန်ဖျက်ဆေးကိစ္စနှင့် ပတ်သက်၍ အခြေအနေများက မကောင်းလှပေ။
ဆိုဗီရ်ရှုက ကျွန်မ၏ အစ်ကိုအရင်းဖြစ်သူကို တရားခံဟု အခိုင်အမာ ယုံကြည်နေသည်။
စုံစမ်းကြည့်လိုက်တော့လည်း အစ်ကိုဖြစ်သူက သူ၏သူငယ်ချင်းနှင့် နှစ်ယောက်သား တကယ်ပင် လုပ်ကြံခဲ့ခြင်းဖြစ်နေ၏။
ဤအတောအတွင်း ကျွန်မက နန်းတော်တွင် ကာလကြာရှည်မရှိဘဲ ခရီးထွက်နေရန်မှာ မလွယ်ပေ။
“ဟူး……”
ကျွန်မ စားပွဲဆီသို့သွားကာ စာရေးစက္ကူကို ထုတ်လိုက်ပြီး မင်တံတွင် မင်တို့လိုက်သည်။
‘ဒါပေမဲ့လည်း တော်ဝင်မင်းသားက အပြာရောင်ငှက်လေးကို နောက်တစ်ခေါက် လွှတ်ပေးလိုက်လို့ တော်ပါသေးရဲ့။’
သံတမန်အဖွဲ့ ပြန်ရောက်သွားလျှင် ကျွန်မအစား ရီထယ်ယန် မင်းသားကြီးက ဂုဏ်ပြုသံတမန်အဖွဲ့၏ ခေါင်းဆောင်အဖြစ် တက်ရောက်မည်ကို သိသွားမည်ဖြစ်သော်လည်း အကြောင်းစုံကို ကိုယ်တိုင် ရှင်းပြလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
— ခရီးက ဝေးလွန်းလှသလို ဒီအတောအတွင်း အရေးကြီးကိစ္စ အများကြီးရှိနေတဲ့အတွက် အချိန်မပေးနိုင်လို့ပါ။ ဂုဏ်ပြုချင်တဲ့ စိတ်ဆန္ဒကိုပဲ တစ်ဆင့်ပါးလိုက်ပါတယ်။
သို့သော် စကားလုံးများ ရွေးချယ်၍ စာရေးနေစဉ် အပြာရောင်ငှက်လေးက စာရွက်ဘေးမှနေ၍ ထူးဆန်းသောအသံလေးများ ပြုနေသည်။
ရေးလက်စ စာကို ခဏရပ်ပြီး လှည့်ကြည့်လိုက်ရာ ငှက်လေးက စာကို အသေအချာ စိုက်ကြည့်လျက်ရှိနေ၏။
ကျွန်မ၏ အကြည့်ကို သတိထားမိသွား၍လားမသိ၊ ငှက်လေးက ကျွန်မကို တစ်ချက် စောင်းငဲ့ကြည့်ပြီးနောက် ရုတ်တရက် တောင်ပံများကို ပြုပြင်နေတော့သည်။
“....”
အတိအကျပြောရလျှင် ဟန်ဆောင်နေသည့်ပုံစံမျိုးပင်။
ဆန်းကြယ်ပြီး ချစ်ဖို့ကောင်းသော်လည်း ယခုအချိန်တွင် စာရေးရန်က ပိုအရေးကြီး၏။
ကျွန်မ စာထဲသို့ နောက်ထပ် စကားအချို့ ထပ်ဖြည့်လိုက်ပြီးနောက် အပြာရောင်ငှက်လေး၏ ခြေထောက်တွင် ချည်ပေးလိုက်သည်။
အလုပ်များနေ၍လားမသိ၊ ကျွန်မ စာချည်ပေးလိုက်သည်နှင့် ချက်ချင်းပင် အပြာရောင်ငှက်လေးက ပြတင်းပေါက်အပြင်ဘက်သို့ ဝှစ်ခနဲ ပျံထွက်သွား၏။
ဝေးကွာသွားသည့် ငှက်ကလေး၏ အမြီးကို ခေတ္တငေးကြည့်နေပြီးနောက် ပြတင်းပေါက်ကိုပိတ်ကာ ဧည့်ခန်းသို့ ထွက်လာလိုက်သည်။
ထို့နောက် ထိုနေ့ညအထိ အလေးအနက် စဉ်းစားပြီးမှ ဆုံးဖြတ်ချက်တစ်ခုချကာ ဆိုဗီရ်ရှုထံသို့ သွားခဲ့၏။
အချိန်ဆွဲကာ ‘ဆိုဗီရ်ရှု သိသိကြီးနှင့် လိမ်ပြောရမည်လား၊ မာနကိုလျှော့ပြီး တောင်းပန်ရမည်လား’ ဟု စဉ်းစားနေလျှင် အပိုသာဖြစ်မည်ဟု ဆုံးဖြတ်လိုက်သောကြောင့်ပင်။
ဤကဲ့သို့သော ကိစ္စများက စဉ်းစားလေလေ ပိုရှုပ်ထွေးလေဖြစ်သည်။
မည်သည့်လမ်းကို ရွေးချယ်သည်ဖြစ်စေ မာနထိခိုက်မည်ဆိုလျှင် တောင်းပန်ခြင်းကိုသာ ပြတ်ပြတ်သားသား လုပ်ဆောင်လိုက်ခြင်းက ပိုကောင်းပေမည်။
တောင်းပန်လိုက်လျှင် ဤကိစ္စက ဤမျှနှင့် ပြီးသွားမည်ဖြစ်သော်လည်း လိမ်ညာလိုက်လျှင်မူ ထိုအလိမ်အညာထဲ၌ပင် ဆက်လက်ပိတ်မိနေရမည် မဟုတ်ပါလား။
သို့သော် မနက်ဖြန်အထိ ဆက်စောင့်နေလျှင် စိတ်ပြန်ပြောင်းသွားမည် စိုးသဖြင့် အချိန်နှောင်းနေသော်လည်း ဆိုဗီရ်ရှုထံသို့ ချက်ချင်း သွားတွေ့ခဲ့သည်။
‘ဧကန္တ ဆိုဗီရ်ရှုက ရက်ရှ်တာနဲ့ အတူရှိနေမလား။’
အရှေ့နန်းဆောင် စင်္ကြံလမ်းအတိုင်း လျှောက်လာရင်း နောက်ကျမှ ဤအတွေးက ဝင်လာသော်လည်း တောင်းပန်ရန် အချိန်လေးပင် မပေးနိုင်စရာမရှိဟုတွေးကာ ဆက်သွားလိုက်၏။
တော်သေး၍ ဆိုဗီရ်ရှုက အိပ်ဆောင်ထဲတွင် တစ်ယောက်တည်း ရှိနေခဲ့သည်။
ယခုတစ်ကြိမ်တွင် သူက ကျွန်မကို ချက်ချင်းပင် အထဲသို့ ဝင်ခွင့်ပေးခဲ့၏။
“စုံစမ်းစစ်ဆေးတာ ပြီးသွားပြီလား။”
တံခါးပိတ်ပြီး အနားသို့ လျှောက်သွားသည်နှင့် ဆိုဗီရ်ရှုက ချက်ချင်း မေးလာသည်။
ကျွန်မ မည်သည့်ကိစ္စဖြင့် ရောက်လာသည်ကို အကုန်သိနေသည့် လေသံမျိုးပင်။
ထိုသို့ဆိုလျှင် ကွေ့ပတ်ပြောနေစရာ မလိုတော့ပေ။
“ဟုတ်ကဲ့။”
ကျွန်မ ခေါင်းညိတ်လိုက်တော့ သူက မျက်ခုံးပင့်ကာ ကျွန်မ၏အဖြေကို စောင့်ဆိုင်းနေခဲ့၏။
မခံချင်စိတ်များ ဖြစ်ပေါ်လာသော်လည်း အံကြိတ်သည်းခံကာ နှုတ်ခမ်းကို မနည်းဖွင့်လိုက်ရသည်။
“အရှင်ဧကရာဇ်ရဲ့ စကားက……”
သို့သော် နောက်ဆက်တွဲစကားကို မပြောမီမှာပင် ဆိုဗီရ်ရှုက လက်ဖဝါးကို ဆန့်ထုတ်ကာ ကျွန်မ၏ နှုတ်ခမ်းပေါ်သို့ တင်ခဲ့သည်။
မမျှော်လင့်ဘဲ အလိုလို ပါးစပ်ပိတ်သွားရတော့၏။
‘ဘာလုပ်တာလဲ’ ဟု မျက်လုံးကို တင်းတင်းစိုက်ကြည့်လိုက်ရာ ဆိုဗီရ်ရှုက ထိုအတိုင်းပင် ဆက်ပြောလာသည်။
“ဒီလောက်ဆိုရပြီ။”
“……ဘာအဓိပ္ပာယ်လဲရှင့်။”
“မင်း ပြောမဲ့စကားကို ငါ သိနေတာမို့လို့ ပြောဖို့မလိုတော့ဘူးလို့။”
“တောင်းပန်တာ လိုချင်တယ်ဆို။”
“အဲ့ဒါက စိတ်တိုတိုနဲ့ ပြောလိုက်မိတာ။”
“လေဒီ ရက်ရှ်တာ နေမကောင်းဖြစ်သွားလို့လား။”
“ဒီနေရာမှာ ရက်ရှ်တာအကြောင်းက ဘာလို့ ထွက်လာရပြန်တာလဲ။”
အစကတည်းက ကျွန်မ တောင်းပန်ရမည့် အကြောင်းရင်းမှာ အစ်ကိုနှင့် ရက်ရှ်တာကြောင့်ပင်။
သို့သော် ဆိုဗီရ်ရှုကမူ ကျွန်မ ရက်ရှ်တာအကြောင်း စကားစလိုက်သည်နှင့် စိတ်တိုသွားပုံရ၏။
နှုတ်ခမ်းများ လှုပ်ရှားသွားသည့်ပုံစံက မကျေမနပ်ဖြစ်နေသလိုပင်။
သို့သော် သူက ရက်ရှ်တာနှင့် ပတ်သက်၍ ဘာမှမပြောဘဲ အေးစက်စွာဖြင့် ထင်မှတ်မထားသော သတိပေးချက်တစ်ခုလုပ်ခဲ့သည်။
“တောင်းပန်စရာ မလိုတော့ပေမဲ့ ဒါကိုတော့ မှတ်ထား။ ဒီတစ်ခါတော့ မင်းကို ကာကွယ်ဖို့အတွက် မင်းအစ်ကို ငါ့ကလေးကို သတ်ဖို့ကြိုးစားခဲ့တာကို ဖုံးကွယ်ပေးလိုက်မယ်။ ဒါပေမဲ့ နောက်တစ်ခါ အလားတူကိစ္စမျိုး ထပ်ဖြစ်လာရင်တော့ ငါ့ကလေးကို ကာကွယ်ဖို့အတွက်ပဲ ရွေးချယ်တော့မှာ။”
“……”
“နားလည်လား။”
ဆိုဗီရ်ရှုက ကျွန်မကို ကာကွယ်ရန်အတွက် အစ်ကိုဖြစ်သူ လုပ်ခဲ့သည့်ကိစ္စကို ဖုံးကွယ်ပေးခဲ့သည်ဆိုသည်မှာ မယုံနိုင်စရာပင်။
ယင်းထက် ဤကိစ္စ လူသိရှင်ကြားဖြစ်သွားပါက နောက်ဆက်တွဲ ပြဿနာများ ရှုပ်ထွေးမည်စိုး၍သာ ဖုံးကွယ်ထားသည်ဟုပြောလျှင် ပို၍ ယုတ္တိတန်ပေလိမ့်မည်။
သို့သော် ယခုက အစ်ကိုဖြစ်သူ၏ ဆိုးဝါးလှသော အမှားအတွက် တောင်းပန်ရန် လာခဲ့သည့်နေရာပင်။
ထိုသို့သော စကားများကို ပြန်ပြောနေစရာ မလိုပေ။
“မှတ်ထားပါ့မယ်။”
ကျွန်မ တတ်နိုင်သမျှ တည်ငြိမ်စွာ ဖြေကြားခဲ့သော်လည်း ဆိုဗီရ်ရှုက ပို၍လေးနက်သော မျက်နှာထားဖြင့် ထပ်မံ၍ အလေးအနက်ပြောခဲ့သည်။
“ဧကရီက ထက်မြက်တဲ့သူဆိုတော့ အမှားတစ်ခုကို နှစ်ခါပြန်လုပ်မှာမဟုတ်ဘူး။ ယုံကြည်တယ်။”
~~~~
ဆိုဗီရ်ရှုက ပြတင်းပေါက်တွင်ရပ်၍ စင်္ကြံလမ်းကို ကြည့်နေခဲ့သည်။
သို့သော် ဧကရီက အမိုးအောက်တွင်သာ မသွေမဖည် လျှောက်သွားသောကြောင့်လားမသိ၊ ပြန်သွားသည့် ပုံရိပ်ကို လုံးဝ မမြင်ရပေ။
အနောက်နန်းဆောင်ဘက်သို့ လုံးဝ ဝင်မသွားမီတွင်မှ အရိပ်လေးတစ်ခု ခေတ္တ တုံ့ဆိုင်းလျက် လှုပ်ရှားသွားသည်ကိုသာ မြင်လိုက်ရ၏။
ဧကရီ လုံးဝ ထွက်ခွာသွားသည်ကို အတည်ပြုပြီးမှသာ ဆိုဗီရ်ရှုက ပြတင်းပေါက်ကိုပိတ်၍ အိပ်ဆောင်ထဲမှ ထွက်လာခဲ့သည်။
သူ ဦးတည်သွားခဲ့သည့်နေရာက အနီးအနားရှိ ရက်ရှ်တာ၏ အခန်းပင်။
“လေဒီ ရက်ရှ်တာက အိပ်ပျော်နေပါပြီ၊ အရှင်ဧကရာဇ်။”
ရက်ရှ်တာ၏ ဧည့်ခန်းနံရံကိုမှီ၍ ငိုက်မြည်းနေသော အစေခံမိန်းကလေးအသစ်က ဆိုဗီရ်ရှုကို မြင်သည်နှင့် မျက်နှာဖြူဖျော့သွားကာ အလျင်အမြန် လျှောက်တင်ခဲ့သည်။
သူက ကိုယ်ဝန်ဖျက်ဆေး ဖြစ်ရပ်ကြောင့် ရက်ရှ်တာ၏ ယခင်အစေခံများ နှင်ထုတ်ခံရပြီးသည့်နောက်တွင် အသစ်ခန့်အပ်ခံခြင်းခဲ့ရသူပင်။
ဆိုဗီရ်ရှုက ခေါင်းညိတ်ပြလိုက်ပြီးမှ အိပ်ဆောင်ခန်းဆီးကို ချက်ချင်းလှပ်၍ ဝင်သွားခဲ့သည်။
ရက်ရှ်တာက ခုတင်ကြီးပေါ်တွင် မြုပ်နေသလို လဲလျောင်းနေ၏။
သူက ရက်ရှ်တာအနားသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး ငုံ့ကြည့်လိုက်သည်။
ဆိုဗီရ်ရှုက ရက်ရှ်တာကို မနှိုးဘဲ ပါးပေါ်တွင်ကပ်နေသည့် ဆံစလေးများကို ဖယ်ပေးလိုက်ပြီးနောက် ခုတင်ပေါ်တွင်ထိုင်ကာ ခါးကို ကိုင်းလိုက်၏။
သူက စိတ်မသက်မသာဖြစ်နေသော မျက်နှာဖြင့် ရက်ရှ်တာ၏ ဗိုက်ကို အသာလေးကြည့်နေရာမှ နားကို ဗိုက်ပေါ်သို့ အသာလေး ကပ်ကြည့်ခဲ့သည်။
ထိုစဉ်။
“အရှင်ဧကရာဇ်……”
အိပ်ပျော်နေသော ရက်ရှ်တာက အိပ်ချင်မူးတူး အသံလေးဖြင့် သူ့ကို ခေါ်လာသည်။
“ငါ့ကြောင့် နိုးသွားတာလား။”
“အင်း…… ဟုတ်ပါတယ်။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ နိုးနိုးချင်း အရှင်ဧကရာဇ်ကို မြင်ရလို့ ပျော်တယ်ရှင့်။”
ဆိုဗီရ်ရှု ဗိုက်ပေါ်မှ နားကိုခွာသွားတော့ ရက်ရှ်တာက ရှက်ပြုံးလေး ပြုံးခဲ့သည်။
“ဘာအသံမှ ကြားမှာမဟုတ်ပါဘူး။ ကလေးက မလှုပ်သေးဘူးလေ။”
“နေကောင်းရဲ့လား။ နာတာကျင်တာရော မရှိဘူးလား။”
“ပြီးခဲ့တဲ့ ရက်ပိုင်းက ရက်ရှ်တာ နှလုံးတွေအောင့်ပြီး ဗိုက်လည်းနာ၊ ခါးတွေလည်း နာနေခဲ့တာပါ။ ကိုယ်ဝန်ကြောင့်လို့ ထင်ခဲ့ပေမဲ့…… ကိုယ်ဝန်ဖျက်ဆေး သောက်လိုက်မိလို့ ဖြစ်မယ်ထင်တယ်ရှင့်။ အခုအထိ ဗိုက်က နည်းနည်း နာနေသေးပုံထောက်ရင် အဲ့ဒီဆေးက ကျိန်းသေပေါက် တကယ့်အပြင်းစား ဖြစ်မှာပါ။”
ဆိုဗီရ်ရှု၏ လက်ချောင်းများက တစ်ချက်တုံ့ဆိုင်းသွားသော်လည်း သူက သနားဖို့ကောင်းလိုက်တာဟူသော မျက်နှာထားဖြင့် ဗိုက်ကို အသာလေး ပုတ်ပေးခဲ့သည်။
“မြန်မြန်လေး နေကောင်းအောင်လုပ်ရမှာပေါ့။ ဒါပေမဲ့ အခုတော့ အဲ့ဒီလိုအဖြစ်မျိုး ထပ်မဖြစ်စေရမှာမို့လို့ စိတ်ချလက်ချနေ။”
“တရားခံကို မိပြီလား၊ အရှင်ဧကရာဇ်။”
“မိအောင်လုပ်ရမှာပေါ့။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စကြောင့် စားဖိုမှူးနဲ့ အစေခံတွေကို ထုတ်လိုက်ပြီဆိုတော့ အသစ်လာတဲ့သူတွေကလည်း အရမ်း သတိထားကြမှာပဲ။”
ရက်ရှ်တာက ဆိုဗီရ်ရှု၏ လက်ပေါ်သို့ သူ၏ လက်ကလေးကို တင်လိုက်ကာ လက်ချင်းယှက်ထားခဲ့သည်။
ထို့နောက် မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ဆိုဗီရ်ရှုကိုကြည့်ကာ အသနားခံလာ၏။
“အရှင်ဧကရာဇ်။ ရက်ရှ်တာနဲ့ ကလေးကို ဘယ်သူက သတ်ချင်နေတာလဲဆိုတာ ရက်ရှ်တာ သိနေသလိုပါပဲ။”
“……ဘယ်သူလို့ ထင်လို့လဲ။”
“ဘယ်သူလဲဆိုတာ မပြောတော့ပါဘူး။ အဲ့ဒီလူလည်း အကျပ်ရိုက်လို့ လုပ်မိလုပ်ရာ လုပ်ခဲ့တာဖြစ်မှာပါ။”
“ဧကန္တ၊ အဲ့ဒါက…… ဧကရီကို ရည်ညွှန်းချင်တာလား။”
“မပြောတော့ပါဘူး။ သေချာတာ မဟုတ်လို့။”
“……”
“ဒါပေမဲ့ အရှင်ဧကရာဇ်။ တရားခံက ဘယ်လိုလူပဲဖြစ်ဖြစ် ကျွန်မတို့ကလေးကိုတော့ ဆက်ဆက် ကာကွယ်ပေးမှဖြစ်မှာပါ။ ဆက်ဆက်နော်။”
~~~~
နောက်တစ်နေ့တွင် ကျွန်မ မားကီးစ် ဖာရ်အန်းကို နောက်တစ်ကြိမ် ခေါ်လိုက်ပြန်သည်။
ယခုတစ်ကြိမ်တွင်လည်း သူက ခေါ်လိုက်သည်နှင့် ချက်ချင်း ရောက်လာ၏။
“ဒေါသ ပြေသွားပြီလားဗျ။”
“မှာစရာလေးရှိလို့ပါ။”
“ခက်ခဲတဲ့ အကူအညီများလားဗျ။”
“အစ်ကိုက ဒီလိုကိစ္စမျိုးတွေ ထပ်လုပ်မယ်ဆိုရင် တားပေးပါ။”
‘အတူတူ ပြဿနာမရှာဘဲနဲ့’ ဟူသော စကားကိုမူ ရိုင်းရာကျမည်စိုး၍ ချန်လှပ်ထားလိုက်သည်။
မားကီးစ် ဖာရ်အန်းက မျက်ခုံးများကို နှင်းလူသားရုပ်လေးလို အောက်သို့ ညှိုးမှိုင်ကျသွားအောင် လုပ်ခဲ့၏။
သနားစရာကောင်းဟန်ဆောင်နေသော်လည်း လုံးဝ သနားစရာမကောင်းပေ။
အစ်ကိုဖြစ်သူက စိတ်လိုက်မာန်ပါနှင့် မကောင်းမှု ကျူးလွန်တတ်သည့် အမျိုးအစားဆိုလျှင် မားကီးစ် ဖာရ်အန်းက တည်ငြိမ်စွာဖြင့် ထိုကိစ္စတွင် ပါဝင်တတ်သည့်သူမျိုးပင်။
ကျိန်းသေပေါက် ယခုတစ်ကြိမ်တွင် အစ်ကိုဖြစ်သူက ကိုယ်ဝန်ဖျက်ဆေးသုံးမည်ဟု ပြောစဉ်ကလည်း သူက အံ့သြချင်ယောင်ဆောင်ရင်းနှင့်ပင် ချက်ချင်း ပါဝင်လုပ်ဆောင်ခဲ့ပေလိမ်မည်။
“ကတိပေးပါ။”
“ဧကရီ အရှင်မလည်း သိတဲ့အတိုင်း ခိုရှာရ်က ကြမ်းတမ်းတဲ့စရိုက်ရှိတော့……”
“လွယ်တဲ့လူ မဟုတ်မှန်း သိပါတယ်။”
ကျွန်မ ပြတ်ပြတ်သားသား ပြောလိုက်တော့ မားကီးစ် ဖာရ်အန်းက မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးခဲ့သည်။
သို့သော် ပြုံးရုံသာပြုံးနေကာ ယခုတစ်ကြိမ်တွင်လည်း အဖြေမပေးခဲ့ပေ။
“ပြီးခဲ့တဲ့ နှစ်ရက်ကလည်း ပြောခဲ့ပေမဲ့၊ အရှင်ဧကရာဇ်က ကိုယ်ဝန်ဖျက်ဆေး ဖြစ်ရပ်ရဲ့ တရားခံကို ဘယ်သူမှန်း သိနေပြီးသားပါ။”
“……”
“အခိုင်အမာကို သိနေတာ။ ပြီးတော့ ဒီတစ်ကြိမ်ကို လွှတ်ပေးလိုက်ပေမဲ့ နောက်တစ်ခါ ကလေးကို ထိခိုက်အောင်လုပ်ရင်တော့ ဘယ်လိုမှ ငြိမ်မနေဘူးလို့ ပြောခဲ့တာပါ။”
ဆိုဗီရ်ရှု၏ သတိပေးချက်ကို ကြားမှသာ မားကီးစ် ဖာရ်အန်းလည်း လေးနက်သောမျက်နှာထား ဖြစ်သွားတော့သည်။
“ဒါကြောင့် ကျေးဇူးပြုပြီး နှစ်ယောက်စလုံး ဆင်ခြင်ပေးကြပါ။ အရှင်ဧကရာဇ် သိတာ၊ မသိတာထက် ကိုယ်ဝန်ဖျက်ဆေးသုံးတာမျိုးကို ကျွန်မကိုယ်တိုင်လည်း မလိုလားဘူး။”
~~~~
“မှော်ဆရာ ရှားပါးလာခြင်း ဖြစ်စဉ်……”
ဟိုင်န်ရီက စားပွဲရှေ့တွင်ထိုင်ကာ အစီရင်ခံစာကို လျင်မြန်စွာ ဖတ်ကြည့်လိုက်သည်။
အရှေ့အင်ပါယာတွင် ရှိနေစဉ်က မှော်ပညာဝန်ကြီးဌာနမှ ခိုးဝှက်ကူးယူလာခဲ့သော အစီရင်ခံစာဖြစ်ပြီး တကယ်တမ်းလည်း အလွန်လျှို့ဝှက်သော စာရွက်စာတမ်းပင်။
ဟိုင်န်ရီက အစီရင်ခံစာကို လေးလေးနက်နက် ဖတ်ရှုရင်း ‘ဟမ်း… ဟမ်း…’ ဟု အသံပြုနေ၏။
မှော်ဆရာအရေအတွက် လျော့နည်းလာသည်မှာ အနည်းငယ်မျှ အာရုံစိုက်လိုက်ရုံနှင့် သိနိုင်သောကိစ္စပင်။
သို့သော် တိကျသော ကိန်းဂဏန်းများကိုမူ မသိရပေ။
အစီရင်ခံစာအရ စစ်ဆေးကြည့်လိုက်တော့ လျော့နည်းသွားသည့်အရှိန်က ထင်ထားသည်ထက် ပို၍ စိုးရိမ်ဖွယ်ကောင်းနေ၏။
‘မှော်ဆရာတွေက အရှေ့အင်ပါယာရဲ့ ဧကရာဇ်ကို ထောက်ကန်ပေးထားတဲ့ အင်အားပဲပေါ့။’
ဟိုင်န်ရီက ခပ်ရေးရေးပြုံးကာ အစီရင်ခံစာကို သေသေသပ်သပ် ခေါက်လိုက်သည်။
ထို့နောက် “ဟင်” ဟု အသံပြုပြီး ပြတင်းပေါက်သို့ ကြည့်လိုက်၏။
အပြာရောင်ငှက်လေးတစ်ကောင်က ပြတင်းပေါက် အပြင်ဘက်တွင် အတောင်ပံများကို ဝုန်းဒိုင်းကြဲကာခတ်နေခဲ့သည်။
အနားသို့သွား၍ ပြတင်းပေါက်ကို ဖွင့်ပေးလိုက်တော့ အပြာရောင်ငှက်လေးက အခန်းထဲသို့ အမြန်ဝင်လာကာ အသက်ကို ပြင်းပြင်းရှူနေတော့၏။
“ပြန်တောင်ရောက်လာပြီလား။”
ဟိုင်န်ရီက ပြုံးလျက် ငှက်လေး၏ ခေါင်းလေးကို လက်ချောင်းဖြင့် ပွတ်ပေးရင်း ခြေထောက်တွင် ချည်ထားသောစာကို ဖြုတ်ယူလိုက်သည်။
ငှက်လေးက စိတ်ကောက်နေသည့်အလား ခေါင်းကို ဆတ်ခနဲလွှဲလိုက်ကာ ဟိုင်န်ရီ စာကို ယူသွားသည်နှင့် အနောက်သို့ဆုတ်ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ဝတ်လစ်စားလစ် အမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲသွားတော့၏။
မက်ကန်နာပင်။
ဟိုင်န်ရီက တစ်ကြိမ်နှစ်ကြိမ်လည်း မဟုတ်သဖြင့် မက်ကန်နာဘက်သို့ လှည့်ပင်မကြည့်ဘဲ စာကို အရင်စစ်ဆေးခဲ့သည်။
“ပင်ပန်းသွားပြီလို့တောင် မပြောတော့ဘူးလားဗျ။”
“အားလပ်ရက် ဆယ်ရက် ထပ်တိုးပေးမယ်။”
“စကားနဲ့မပြောလည်း ခံစားလို့ရတဲ့အရာတွေရှိတာပဲ။”
ဟိုင်န်ရီက ပြုံးစစဖြင့် စာကို လျင်မြန်စွာ ဖတ်ကြည့်လိုက်သည်။
သို့သော် နှုတ်ခမ်းထက်မှ အပြုံးက ချက်ချင်းပင် ပျောက်ကွယ်သွားကာ ဝမ်းနည်းနေသော မျက်နှာထား ဖြစ်သွားတော့၏။
နာဗီရယ် စာရေးနေစဉ် ဘေးမှနေ၍ ဝင်ဖတ်ခဲ့သော မက်ကန်နာက တစ်ယောက်တည်း ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်လာသဖြင့် ဟိုင်န်ရီ သူ့အတွက် ပြင်ဆင်ပေးထားသော အဝတ်အစားများကိုသာ အလုပ်များဟန်ဆောင်ကာ ဝတ်နေခဲ့သည်။
“မက်ကန်နာ။”
“ဟုတ်ကဲ့၊ အရှင်မင်းကြီး။”
“ကွီးန်က မလာနိုင်ဘူးတဲ့။”
“ဪ…… ဟုတ်လား။”
“အကုန်သိနေပြီးတော့ ဘာတွေဟန်ဆောင်နေတာလဲ။”
“အဲ့ဒါက…… ဟုတ်ပါတယ်။”
ဟိုင်န်ရီက သက်ပြင်းအရှည်ကြီး ချလိုက်ပြီးနောက် စာကို နဂိုအတိုင်း ပြန်ခေါက်ကာ လျှို့ဝှက်အံဆွဲထဲသို့ ထည့်လိုက်သည်။
“တအား အလုပ်များနေလို့များလား။ ကျန်းမာရေးကိုလည်း ဂရုစိုက်ရမှာကို……”
ဟိုင်န်ရီက မျက်လုံးနားတစ်ဝိုက်ကို ဖိနှိပ်ရင်း တီးတိုးရေရွတ်ကာ စားပွဲရှေ့တွင် ပြန်ထိုင်လိုက်သည်။
စိတ်မကောင်းဖြစ်ရသော်လည်း အတင်းအကျပ်ပူဆာပြီး စိတ်အနှောင့်အယှက် မဖြစ်စေလိုပေ။
“ဟို…… အရှင်မင်းကြီး။”
သို့သော် အဝတ်အစား အကုန်ဝတ်ပြီးသွားသော မက်ကန်နာက အပြင်သို့ ထွက်မသွားဘဲ စားပွဲရှေ့သို့ လျှောက်လာ၏။
“ဘာဖြစ်လို့လဲ။”
ဟိုင်န်ရီ မော့ကြည့်လာတော့ မက်ကန်နာက အရှေ့အင်ပါယာတွင် ဖြစ်ပွားခဲ့သော ကိုယ်ဝန်ဖျက်ဆေးဖြစ်ရပ်အကြောင်းကို သတိထားကာ ရှင်းပြခဲ့သည်။
“တကယ်တော့ အရှေ့အင်ပါယာမှာ တော်တော်လေး ပွက်လောရိုက်သွားခဲ့တာပါ။ ဧကရာဇ် ဆိုဗီရ်ရှုရဲ့ ချစ်သူ စားတဲ့အစားအသောက်ထဲမှာ ကိုယ်ဝန်ဖျက်ဆေး ရောထားတာကို တွေ့လိုက်ရလို့ ပြဿနာတွေတက်ကုန်တယ်လေ။”
ဟိုင်န်ရီက မျက်ခုံးပင့်လိုက်သည်။
“ဧကရီ အရှင်မက အဲ့ဒီကိစ္စကြောင့် အလုပ်များသွားတာများလား။”
“အဲ့ဒါက……”
“နောက်ဆက်တွဲဇာတ်လမ်း ရှိသေးတာပဲ။ ဘာလဲ။”
“ဒါက သိတဲ့သူတွေလည်း နှုတ်ပိတ်ထားကြသလို အရှေ့အင်ပါယာက မှူးမတ်တွေတောင် သိပ်မသိတဲ့ကိစ္စဆိုပေမဲ့……”
“....”
“ကိုယ်ဝန်ဖျက်ဆေး တိုက်တဲ့သူက ဧကရီ နာဗီရယ်ရဲ့ အစ်ကိုအရင်းဆိုပြီး သတင်းလည်းရှိနေပါတယ်။”
စကားပြောနေစဉ်မှာပင် မက်ကန်နာက ‘ဒီကိစ္စကို ပြောလိုက်တာ ကောင်းပါ့မလား’ ဟူသော မျက်နှာထားမျိုး ဖြစ်နေခဲ့သည်။
ဟိုင်န်ရီလည်း အလွန်အံ့သြသွား၏။
“ဧကရီ အရှင်မရော။ အဆင်ပြေရဲ့လား။”
“ကိုယ်ဝန်ဖျက်ဆေးသောက်မိတဲ့သူနဲ့ ကလေးကတော့ အဆင်ပြေပါတယ်။”
“ဧကရီ အရှင်မရောလို့။”
“ဆေးမသောက်ရတော့ ကျိန်းသေပေါက် အဆင်ပြေမှာပေါ့။”
“အဲ့ဒါကိုပြောတာ မဟုတ်ဘူး၊ ဧကရာဇ် ဆိုဗီရ်ရှုက ဧကရီ အရှင်မကို ထပ်ပြီးတော့ လက်လွတ်စပယ် ဆက်ဆံပြန်ပြီလားလို့ မေးနေတာ။”
“ကျွန်တော် ရောက်သွားတဲ့အချိန်က တည်ငြိမ်သွားပြီးတဲ့အချိန်မို့လို့ အဲ့ဒီအထိတော့ မသိပါဘူး။”
ဟိုင်န်ရီ မျက်နှာပျက်သွားတော့သည်။
အထူးဧည့်ခံပွဲတုန်းက ရက်ရှ်တာကို ဂရုတစိုက် ကြည့်ရှုနေသော ဆိုဗီရ်ရှု၏ပုံစံကို သတိရသွားသောကြောင့်ပင်။
ထိုပုံစံကိုကြည့်ပြီး စိတ်ထိခိုက်နေမည့် တစ်စုံတစ်ဦးကို တွေးမိတော့ သူ၏ နှလုံးသားကလည်း လိုက်၍ နာကျင်လာရသည်။
“အဲ့ဒီကိစ္စကြောင့် မလာနိုင်တော့တဲ့ပုံပဲ။”
“ကျွန်တော့်အထင်လည်း အဲ့ဒီလိုပါပဲ။”
“ဒါတောင် ငါ စိတ်ပူမှာစိုးလို့ ဘာအရိပ်အယောင်မှ မပြဘူးတဲ့လား……”
“ဒီအတိုင်း တော်ဝင်မိသားစုရဲ့ အရှက်ရစရာကိစ္စမို့လို့ ထည့်မရေးလိုက်တာ မဟုတ်ဘူးလားဗျ။”
မက်ကန်နာက အတော်ပင် လက်တွေ့ကျသော ထင်မြင်ချက်ကို ပေးခဲ့သော်လည်း ဟိုင်န်ရီက ခေါင်းခါခဲ့သည်။
ထို့နောက် သူက အတန်ကြာအောင် လက်ကိုနောက်ပစ်လျက် ငြိမ်သက်စွာ ရပ်နေ၏။
မစောင့်နိုင်တော့သော မက်ကန်နာလည်း တံခါးဆီသို့ ဖြည်းညင်းစွာ လျှောက်သွားခဲ့သည်။
အလေးအနက် စဉ်းစားနေပုံရသော်လည်း ထိုအတွေးများက တိုင်းရေးပြည်ရေးကိစ္စမဟုတ်ဘဲ အင်မတန် ကိုယ်ရေးကိုယ်တာဆန်နေသဖြင့် ဖယ်ပေးရန် ကြိုးစားခဲ့ခြင်းသာ။
သို့သော် မက်ကန်နာ တံခါးဖွင့်ပြီး ထွက်မသွားမီမှာပင် ဟိုင်န်ရီက တီးတိုးရေရွတ်လိုက်သည်။
“တကယ်ပဲ ဒီအတိုင်းတော့ မဖြစ်တော့ဘူး။”
မက်ကန်နာက တံခါးလက်ကိုင်မှ လက်ကိုလွှတ်ကာ ဖြည်းဖြည်းချင်း လှည့်လာခဲ့သည်။
ဟိုင်န်ရီက စိတ်ရှုပ်ထွေးကာ ဝမ်းနည်းနေသော မျက်နှာထားဖြင့် ရပ်နေ၏။
တစ်စုံတစ်ရာကို အခိုင်အမာ ဆုံးဖြတ်လိုက်သည့် မျက်နှာမျိုးပင်။
“အဲ့ဒီမှာ ခဏနေဦး၊ မက်ကန်နာ။”
ဟိုင်န်ရီက မက်ကန်နာကို ညွှန်ကြားလိုက်ပြီးနောက် စာရွက်ကိုထုတ်ကာ တစ်စုံတစ်ခုကို အသည်းအသန် ရေးခြစ်တော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် စာတစ်စောင်လုံးကို ရေးပြီးသွားသော ဟိုင်န်ရီက မက်ကန်နာဘက်သို့ ထိုစာကို ကမ်းပေးရင်း အကူအညီတောင်းလိုက်၏။
“နောက်တစ်ခေါက်လောက် ပင်ပန်းပေးပါဦး။ ဒီတစ်ခါတော့ အယ်ရ်ဂီဆီ သွားပေးရင် ရပြီ။”
“……အရှေ့အင်ပါယာကို နောက်တစ်ခါ ထပ်သွားရဦးမှာလားဗျ။”
“မင်းက အမြန်ဆုံးပဲလေ။”
မက်ကန်နာလည်း စိတ်ပျက်လက်ပျက်ဖြင့် စာကို လှမ်းယူလိုက်ရတော့သည်။
~~~~
ဆိုဗီရ်ရှုက ရက်ရှ်တာ စိတ်ပြေလက်ပျောက်ဖြစ်စေရန်အတွက် ပါတီအသေးစားလေးတစ်ခု ကျင်းပပေးခဲ့သည်။
အသေးစားဟုဆိုသော်လည်း နန်းတော်တွင် ကျင်းပခြင်းဖြစ်သလို ဖိတ်စာမလိုသော ပါတီဖြစ်သဖြင့် လူအတော်များများ စုဝေးခဲ့ကြ၏။
ထိုသူများအနက် သုံးပုံတစ်ပုံက ဧကရာဇ်၏ ချစ်သူနှင့် ရင်းနှီးလိုသူများဖြစ်ပြီး၊ ကျန်သုံးပုံတစ်ပုံကမူ မည်သည့်နည်းနှင့်မဆို အထက်တန်းလွှာများနှင့် အဆက်အသွယ်ရလိုသူများ ဖြစ်ကြသည်။
ဧကရီလည်း တက်ရောက်ခြင်းမရှိသောကြောင့် ဤပါတီ၏ ဇာတ်လိုက်က အမှန်တကယ်ပင် ရက်ရှ်တာဖြစ်နေ၏။
ရက်ရှ်တာက ဝမ်းသာအားရစွာ သူတို့၏ ချီးမွမ်းစကားနှင့် မြှောက်ပင့်စကားများကို လက်ခံရင်း ရယ်မောပျော်ပါးနေခဲ့သည်။
သို့သော် ထိုအပြုံးများက မမြင်ချင်သော မျက်နှာတစ်ခုကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ပျောက်ကွယ်သွားတော့၏။
“ဝေးလံတဲ့ ကျေးလက်မှာနေခဲ့ရာက မကြာသေးခင်ကမှ မြို့တော်ကို ပြောင်းလာတဲ့ သူငယ်ချင်းလေ။ အရမ်းလည်း ပျော်တတ်ပြီး ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းမို့လို့ လေဒီ ရက်ရှ်တာနဲ့ ဆက်ဆက် မိတ်ဆက်ပေးချင်လို့ပါ။”
မှူးမတ်အနွယ်တော်တစ်ဦးက အနားသို့လာကာ သူငယ်ချင်းဖြစ်သူကို မိတ်ဆက်ပေးလာရာ ထိုသူငယ်ချင်းက အခြားသူမဟုတ်ဘဲ ဗိုင်းကောင့် လိုတဲရှု၏ သမီးဖြစ်သူ ရီဗယ်တီဖြစ်နေသောကြောင့်ပင်။
ရက်ရှ်တာတစ်ယောက် ရီဗယ်တီကိုမြင်ပြီး အလွန်လန့်သွားသဖြင့် သူ့ကို မိတ်ဆက်ပေးသော မှူးမတ်အနွယ်တော်က ညစ်ကျယ်ကျယ် ပြုံးလိုက်သည်ကိုပင် သတိမထားမိခဲ့ပေ။
ပတ်ဝန်းကျင်ရှိ မှူးမတ်အနွယ်တော်အချို့လည်း မရိုးမသားအကြည့်များ အချင်းချင်း ဖလှယ်လိုက်ကြသည်။
ထိုသူတို့က ယခင်က အာလန်ကို ‘ဧကရာဇ်၏ ချစ်သူ ရက်ရှ်တာ’ အကြောင်း မနားတမ်း ပြောပြခဲ့သူများလည်းဖြစ်၏။
ကြီးမားလှသော ဖြစ်ရပ်များကြောင့် မြုပ်ကွယ်သွားသော်လည်း မှူးမတ်အနွယ်တော်များကြားတွင် ရက်ရှ်တာက ဗိုင်းကောင့် လိုတဲရှု၏ ကျွန်ဖြစ်ခဲ့သလားဟု သိလိုသူနှင့် အခိုင်အမာ ယုံကြည်သူများ ရှိနေဆဲပင်။
ထိုသူတို့အနက် နောက်ပြောင်တတ်သူများက ‘အကယ်၍ လေဒီ ရက်ရှ်တာသာ ဗိုင်းကောင့် လိုတဲရှုရဲ့ ကျွန်ဖြစ်ခဲ့မယ်ဆိုရင် အာလန် ဒါမှမဟုတ် ရီဗယ်တီကို မြင်တာနဲ့ တုံ့ပြန်မှုတစ်ခုခု ရှိမှာပဲ’ ဟု ဆိုကာ အချင်းချင်း အလောင်းအစား လုပ်ထားကြသေးသည်။
ထိုကဲ့သို့သော နောက်ကွယ်မှ အကြောင်းရင်းများကို မသိနိုင်သော်လည်း လူတို့က ရီဗယ်တီကို သူ့ထံ တမင်ခေါ်လာပေးခြင်းဖြစ်ကြောင်း ရက်ရှ်တာ ချက်ချင်း သိလိုက်၏။
သို့သော် ရက်ရှ်တာက ဒေါသမထွက်ဘဲ မျက်နှာထားကိုပြင်ကာ ပြုံးပြခဲ့သည်။
“တွေ့ရတာဝမ်းသာပါတယ်။”
သိပြီးလာခဲ့ခြင်း မဟုတ်သောကြောင့်လားမသိ၊ ရီဗယ်တီကလည်း အစပိုင်းတွင် အံ့သြနေသော မျက်နှာထား ဖြစ်နေခဲ့သည်။
သို့သော် ရက်ရှ်တာ၏ နှုတ်ဆက်စကားကို ကြားလိုက်ရတော့ သူက ရယ်စရာကောင်းသလို ပြုံးလိုက်၏။
ရက်ရှ်တာက ဆက်လက်ပြီး အတတ်နိုင်ဆုံး ပြုံးနေသော်လည်း ရင်တစ်ခုလုံး တုန်လှုပ်နေသည်။
သို့သော် ရီဗယ်တီ တစ်ခုခု မပြောမီမှာပင်။
“ခွင့်ပြုပါဦးဗျ၊ တစ်ဆိတ်လောက်၊ ခွင့်ပြုပါဦး။”
လူအုပ်ကြားသို့ တိုးဝှေ့ကာ အာလန်က အရင်ဆုံးပေါ်လာပြီး အိမ်ကိစ္စကြောင့် အမြန်ပြန်ရမည်ဟုဆိုကာ ညီမဖြစ်သူကို ခေါ်သွားလေသည်။
ရက်ရှ်တာဘက်သို့ တစ်ချက် စောင်းငဲ့ကြည့်ခဲ့သော်လည်း နှုတ်ဆက်ခြင်းမပြုသလို သိဟန်ပင် မပြခဲ့ပေ။
စိတ်ဝင်စားမှုမရှိသလို တစ်ခါမှ မမြင်ဖူးသော သူစိမ်းတစ်ယောက်လိုပင်။
လူတို့လည်း စိတ်ဝင်စားစရာ မရှိတော့သဖြင့် ငြီးငွေ့စွာ လူစုခွဲလိုက်ကြသည်။
အခြေအနေကို ပျော်ပျော်ကြီး စောင့်ကြည့်နေသူများကလည်း ရက်ရှ်တာကို ပြန်လည်၍ အချိုသပ်ကာ စကားပြောလာကြ၏။
သို့သော် ရက်ရှ်တာကမူ စောစောကကဲ့သို့ ပါတီကို ပျော်ပျော်ပါးပါး မဆင်နွှဲနိုင်တော့ပေ။
တမင် ရီဗယ်တီကို ခေါ်လာပြီးမှ မသိချင်ယောင်ဆောင်နေကြသော ထိုသူများကို မြင်ရသည်မှာ အလွန်စိတ်မသက်မသာဖြစ်စရာပင်။
သူက မှူးမတ်အနွယ်တော်များနှင့် ရောနှောမနေတော့ဘဲ အခွင့်ကောင်းကိုကြည့်ကာ အပြင်သို့ထွက်လာ၏။
သို့သော် စောစောက ထွက်သွားရမည့် အာလန်က မလှမ်းမကမ်းတွင် ရှိနေခဲ့သည်။
တုံ့ဆိုင်းသွားသော ရက်ရှ်တာထံသို့ အာလန်က စောင့်နေခဲ့သည့်အလား ချက်ချင်းပင် ချဉ်းကပ်လာကာ ပြောလာ၏။
“အဖေက မင်းကို မသိချင်ယောင်ဆောင်ဖို့ မှာထားပေမဲ့၊ အဲ့ဒီလိုဆိုရင်တောင် အာန်နဲ့ ပတ်သက်တဲ့အကြောင်းကိုတော့ ပြောပြရမယ်ထင်လို့ လာခဲ့တာ။”
~~~~
Miel’s Translations