no

Font
Theme

အပိုင်း ၈၀ (တော်ဝင်မိသားစုဝင် မဖြစ်နိုင်ဘူးတဲ့လား)

သို့သော် ရက်ရှ်တာက မိမိစကားမှားသွားသည်ကိုပင် သိပုံမရသော မျက်နှာထားမျိုး ဖြစ်နေသည်။

သူက ခေါင်းငုံ့ကာ အားငယ်စွာဖြင့် ကြမ်းပြင်ကိုသာ စိုက်ကြည့်နေသော်လည်း အမှားတစ်ခုခုကြောင့် စိတ်မကောင်းဖြစ်နေသည့်ပုံစံမျိုးတော့ မဟုတ်ပေ။

ဆိုဗီရ်ရှုက ဘေးတွင်ရပ်နေသည့် ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်ကို စိုက်ကြည့်လိုက်သည်။

ဤကဲ့သို့သော အခြေခံအချက်များကိုပင် သင်မပေးဘဲ ဘာလုပ်နေသလဲဟူသော အသံတိတ် အပြစ်တင်ကြိမ်းမောင်းမှုပင်။

စူးရှသော ထိုအကြည့်အောက်တွင် ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်ခမျာ ခေါင်းငုံ့ထားရုံမှတစ်ပါး အခြားမရှိခဲ့ချေ။

အကျိုးသင့်အကြောင်းသင့်ပြောရလျှင် သူ့ဘက်ကလည်း ဆင်ခြေပေးစရာ အများကြီးရှိသည်။

ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်က ရက်ရှ်တာနှင့် ရင်ဖွင့်စကားပြောဖူးခြင်း မရှိသလို၊ နေ့စဉ်လူမှုရေးကိစ္စများကိုပင် စကားပြောလေ့မရှိခဲ့။

ထို့ကြောင့် ဤအကြောင်းအရာနှင့်ပတ်သက်၍ ရှင်းပြရန် အခွင့်အရေး လုံးဝမရှိခဲ့ခြင်းပင်။

ထို့အပြင် တစ်ဖက်က မမေးဘဲနှင့်လည်း ‘ရှင်မွေးတဲ့ကလေးက တော်ဝင်မင်းသား၊ မင်းသမီး ဖြစ်လာမှာမဟုတ်ဘူး’ ဟု ဗြုန်းစားကြီးပြောလိုက်လျှင် ရက်ရှ်တာက သူ့အား ရန်ရှာသည်ဟု ထင်သွားနိုင်သည်မဟုတ်ပါလား။

သို့သော် ဤသည်က ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်၏ အခြေအနေသာဖြစ်ပြီး ဆိုဗီရ်ရှုက ထိုသို့သော ဆင်ခြေများကို နားထောင်ပေးမည့်သူ မဟုတ်ပေ။

သို့သော်လည်း လူပုံလယ်တွင် ဤကိစ္စကို အတိအလင်း အပြစ်မတင်လိုသဖြင့် ဆိုဗီရ်ရှုက ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်ကို အပြစ်မဆိုဘဲ နေရာမှထကာ ရက်ရှ်တာကိုပါ တွဲထူပေးလိုက်သည်။

“ရက်ရှ်တာ။ ထတော့။”

ရက်ရှ်တာက ရှိုက်ကြီးတငင်ငိုရင်း ဆိုဗီရ်ရှုနောက်မှ ထလိုက်လာခဲ့သည်။

“အရှင်ဧကရာဇ်……”

“အရင်ဆုံး အထဲဝင်ကြရအောင်။”

“အာ။ ရက်ရှ်တာ အဆင်ပြေပါတယ်။ အရှင်ဧကရာဇ်၊ ရက်ရှ်တာ သည်းခံနိုင်ပါတယ်။”

“ဝင်ရအောင်။”

“ရှောင်မပြေးချင်ပါဘူး အရှင်ဧကရာဇ်။ ရက်ရှ်တာ ကျော်ဖြတ်နိုင်ပါတယ်။”

ဆိုဗီရ်ရှု အကျပ်ရိုက်သွားသည်။

အထက်တန်းလွှာ လူမှုရေးအသိုင်းအဝိုင်းသို့ စတင်ဝင်ရောက်လာကြသော လူငယ်မှူးမတ်အနွယ်တော်များ ပထမဆုံးသင်ယူရသည့်အရာက မာနကိုနှိမ့်ချပြီး သည်းခံဆုတ်ခွာတတ်ရန်ပင်။

မိမိတို့၏ အိမ်တော်နှင့် နယ်မြေများတွင် လူတန်းစားအလွှာ၏ အမြင့်ဆုံး၌ ရှိကြသော်လည်း လူမှုရေးအသိုင်းအဝိုင်းထဲသို့ ရောက်သည်နှင့် မိမိထက် ပို၍ချမ်းသာ၊ ပို၍ဂုဏ်မြင့်ကာ ပို၍ဩဇာအာဏာကြီးမားသူများကြားထဲသို့ ပစ်ချခံလိုက်ရသောကြောင့်ဖြစ်၏။

ဤသည်မှာ သာမန်မှူးမတ်၏ သားသမီးဖြစ်စေ၊ မြို့စား နယ်စားများ၏ သားသမီးဖြစ်စေ အတူတူပင်။

တော်ဝင်မိသားစုဝင်ဖြစ်သော ဆိုဗီရ်ရှုက ဤလူမှုအဆင့်အတန်း အနိမ့်အမြင့်သံသရာမှ ကင်းလွတ်သူဖြစ်သော်လည်း မှူးမတ်အနွယ်တော်တို့၏ အခြေအနေကို လုံးဝမသိသည်တော့မဟုတ်ပေ။

ထို့ကြောင့် ယခုကဲ့သို့ အခြေအနေမျိုးတွင် မာနကိုရှေ့တန်းတင်နေသော ရက်ရှ်တာကိုကြည့်ကာ စိတ်ကုန်မိရခြင်းဖြစ်သည်။

ဆိုဗီရ်ရှုက စူးရှပြတ်သားစွာ တစ်ချက်ကြည့်ကာ အရှေ့မှ ဦးဆောင်လျှောက်သွားလိုက်၏။

ထိုအခါမှသာ ရက်ရှ်တာလည်း ဆိုဗီရ်ရှုက သူ့ကို ချော့မြှူနှစ်သိမ့်ရန်အတွက် အထဲဝင်ခိုင်းနေခြင်းမဟုတ်မှန်း သဘောပေါက်သွားတော့သည်။

လူပုံလယ်တွင် ပြော၍မရသော စကားများကို ပြောလိုသည့်ပုံပင်။

ရက်ရှ်တာလည်း ဆိုဗီရ်ရှုနောက်သို့ အပြေးအလွှား လိုက်သွားလေတော့သည်။

~~~~

“……ဘာလို့ အဲ့ဒီလို လုပ်နေတာပါလိမ့်။”

ကျွန်မ၏ တီးတိုးရေရွတ်သံကြောင့် လော်ရာက “ရှင်” ဟု ဆိုကာ ကျွန်မကို ကြည့်လာပြီးမှ ကျွန်မကြည့်နေသည့်ဘက်သို့ လိုက်ကြည့်ခဲ့သည်။

ထိုနေရာတွင် မြို့စားမင်း အယ်ရ်ဂီ ထိုင်နေ၏။

သူက ရက်ရှ်တာနှင့် ဆိုဖာပေါ်တွင် ယှဉ်တွဲထိုင်နေပြီး ရက်ရှ်တာဘက်သို့ ကိုယ်ကိုကိုင်းလျက် စကားပြောနေသည်။

“ဝါး။ အဲ့ဒီလောက်အထိ ကပ်ထိုင်နေလို့ ဖြစ်လို့လား။”

လော်ရာက အသံတိုးတိုးဖြင့် စုတ်သပ်လိုက်သည်။

လော်ရာပြောသလိုပင် မြို့စားမင်း အယ်ရ်ဂီနှင့် ရက်ရှ်တာတို့၏ အကွာအဝေးက အင်မတန် နီးကပ်လှ၏။

လော်ရာတင်မကဘဲ သူတို့ပတ်ဝန်းကျင်ရှိ အခြားသော မှူးမတ်အနွယ်တော်များလည်း မြို့စားမင်းနှင့် ရက်ရှ်တာကို မသိမသာ အကဲခတ်နေကြသည်အထိပင်။

သို့သော် ဆိုဗီရ်ရှုကမူ ထိုနှစ်ယောက် အတူရှိနေသည်ကို မြင်သော်လည်း မည်သို့မှထင်ပုံမရဘဲ အတွင်းရေးမှူးချုပ်နှင့် စကားပြောရန်သာ အလုပ်များနေ၏။

“အဲ့ဒီမိန်းမနဲ့ ပေါင်းနေပုံထောက်ရင် မြို့စားမင်း အယ်ရ်ဂီရဲ့ မျက်လုံးက ခြေဖဝါးမှာရောက်နေတာ ထင်ပါရဲ့။”

လော်ရာက အသံတိုးတိုးဖြင့် ဗြစ်တောက်ဗြစ်တောက်ပြောပြီးနောက် ကြည့်ပင်မကြည့်ချင်တော့သည့်အလား သူငယ်ချင်းများဘက်သို့ ပြန်လှည့်သွားသည်။

ထိုအချိန်မှာပင် မြို့စားမင်း အယ်ရ်ဂီက ကျွန်မဘက်သို့ လှမ်းကြည့်လာ၏။

မျက်လုံးချင်းဆုံသွားတော့ သူက ခပ်ရေးရေး ပြုံးပြခဲ့သည်။

တစ်ချက်အကြည့်တွင် ကြင်နာတတ်သည့် အပြုံးမျိုးပင်။

သို့သော် ထိုအပြုံးကို မယုံကြည်သင့်ပေ။

ကျွန်မ ရက်ရှ်တာကို ပေးခဲ့သော လက်ဆောင်ကို ကိုင်တွယ်ရင်း သူတို့နှစ်ယောက် စကားပြောနေစဉ် မြို့စားမင်း အယ်ရ်ဂီ တစ်ခုခုပြောလိုက်သည်နှင့် နဂိုက ပြုံးနေသော ရက်ရှ်တာ၏ မျက်နှာက ချက်ချင်း တင်းမာသွားလေသည်။

အတိအကျ ဘာတွေပြောနေကြမှန်း မကြားရသော်လည်း ဆွပေးသည့် စကားမျိုးပြောလိုက်သည်မှာ သေချာ၏။

ထိုသို့သော လူက ကျွန်မကို ကြင်နာစွာ ပြုံးပြနေသတဲ့လား။

မဖြစ်နိုင်ပေ။

သို့သော် လိုအပ်လျှင် ကျွန်မလည်း ပြန်ပြုံးပြပေးနိုင်သည်။

ကျွန်မက မြို့စားမင်း အယ်ရ်ဂီကို အသိအမှတ်ပြုသည့်အနေဖြင့် ညင်သာစွာ ပြန်လည်ပြုံးပြလိုက်၏။

မြို့စားမင်း အယ်ရ်ဂီက တစ်ချက် မှင်တက်သွားသော်လည်း မကြာမီပင် နှုတ်ခမ်းထောင့်စွန်းကိုပင့်ကာ ပြုံးလျက် ခေါင်းပြန်လှည့်သွားတော့သည်။

~~~~

ရက်ရှ်တာကို သူ၏အိပ်ခန်းသို့ ခေါ်သွားပြီးနောက် ဆိုဗီရ်ရှုက ဖြည်းဖြည်းချင်း ရှင်းပြခဲ့သည်။

“ရက်ရှ်တာ။ မင်းရဲ့ကလေးက တော်ဝင်မင်းသားဖြစ်စေ၊ တော်ဝင်မင်းသမီးဖြစ်စေ ဖြစ်မလာနိုင်ဘူး။”

“ရှင်။”

ရက်ရှ်တာက လန့်သွားကာ မျက်လုံးအဝိုင်းသား ဖြစ်သွားသည်။

“အဲ့ဒါ ဘာစကားလဲဟင်။ ဘာလို့လဲ။”

“ချစ်သူကမွေးတဲ့ ကလေးတွေကို တော်ဝင်မင်းသား၊ မင်းသမီးဘွဲ့တွေ မပေးဘူး။”

“ရှင်။”

ရက်ရှ်တာ ကြောင်တောင်တောင် ဖြစ်သွားသည်။

“အရှင်ဧကရာဇ်ရဲ့ ကလေးတွေပဲကို။ အရှင်ဧကရာဇ်ရဲ့ ကလေးတွေဆိုရင် အကုန်လုံး တော်ဝင်မင်းသား၊ မင်းသမီးတွေ ဖြစ်လာမှာ မဟုတ်ဘူးလား။”

“ဧကရီကမွေးတဲ့ ကလေးတွေပဲ တော်ဝင်မင်းသား၊ မင်းသမီး ဖြစ်လာမှာ။”

“အာ……ဟင်။”

ရက်ရှ်တာက ဆိုဗီရ်ရှု၏ ရှင်းပြချက်ကို ကြားသော်လည်း ကောင်းကောင်း နားမလည်နိုင်သေးပေ။

ဧကရာဇ်၏ကလေးဖြစ်ပါလျက် တော်ဝင်မင်းသား၊ မင်းသမီး မဟုတ်ဘူးတဲ့လား။

“ဒါဆိုရင် ကျွန်မရဲ့ ကလေးတွေကို ဘယ်လိုခေါ်မှာလဲဟင်။ ဒီအတိုင်း သာမန်တော်ဝင်မိသားစုဝင်တွေပဲ ဖြစ်မှာလား။”

ဆိုဗီရ်ရှု အကျပ်ရိုက်သွားသည်။

တော်ဝင်မိသားစုနှင့် မှူးမတ်တို့၏ အရေးကိစ္စများအကြောင်း ဘာမှမသိသော ရက်ရှ်တာကို ဟိုဟိုဒီဒီ သင်ပြပေးရသည်မှာ သူသဘောကျသော အလုပ်ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ ထိုသို့မလုပ်နိုင်ပေ။

‘မင်းရဲ့ကလေးတွေက ဧကရီရဲ့ကလေးတွေကို အန္တရာယ်ပြုမှာစိုးလို့’ ဟူသော စကားမျိုးကို ကာယကံရှင်ရှေ့တွင် ပြောရန် ခက်လှသည်။

“အဲ့ဒီကလေးတွေက အဆင့်မြင့်မှူးမတ်တွေ ဖြစ်လာမှာ။ တော်ဝင်မင်းသား၊ မင်းသမီးတွေ မဟုတ်ပေမဲ့ အဲ့ဒါနဲ့ထိုက်တန်တဲ့ ဆက်ဆံမှုကိုတော့ ရမှာပေါ့။”

သူက အတတ်နိုင်ဆုံး လှည့်ပတ်ပြောပြခဲ့သော်လည်း ရက်ရှ်တာက ငိုမဲ့မဲ့မျက်နှာနှင့် ရှိနေဆဲပင်။

“ဒါက ထူးဆန်းနေပါတယ်၊ အရှင်ဧကရာဇ်။”

“ရက်ရှ်တာ။”

“ကျွန်မရဲ့ကလေးရော၊ ဧကရီရဲ့ကလေးရော အကုန်လုံးက အရှင်ဧကရာဇ်ရဲ့ သွေးသားတွေပဲလေ။ ဧကရီက ဧကရီဖြစ်လာတာ အရှင်ဧကရာဇ်နဲ့ လက်ထပ်ထားလို့ပဲမဟုတ်လား၊ ဧကရီက အရှင်ဧကရာဇ်မှ မဟုတ်တာ။ ဒါပေမဲ့ ဘာလို့ ဧကရီကမွေးတဲ့ ကလေးတွေပဲ တော်ဝင်မင်းသား၊ မင်းသမီးတွေ ဖြစ်ရတာလဲ။”

ရက်ရှ်တာက အလွယ်တကူ လက်မခံလိုပေ။

“အဲ့ဒါက ဥပဒေမို့လို့။”

“မတရားတဲ့ ဥပဒေကြီးမဟုတ်လား။ ပြောင်းလိုက်ရင် ရတာပဲလေ။”

“ရက်ရှ်တာ။”

“အရှင်ဧကရာဇ်ကိုယ်တိုင်က ဥပဒေပဲမဟုတ်လား။ အရှင်ဧကရာဇ်က အကုန်လုံးကို စိတ်ကြိုက်လုပ်နိုင်တဲ့ပုဂ္ဂိုလ်ပဲ မဟုတ်ဘူးလား။”

ဆိုဗီရ်ရှုတစ်ယောက် ထိုဥပဒေ ပြဋ္ဌာန်းရခြင်း၏ အကြောင်းရင်းနှင့် သမိုင်းကြောင်းကို နှစ်နာရီနီးပါး ရှင်းပြလိုက်ရသည်။

သို့သော် ရှည်လျားသော ရှင်းပြချက်ကလည်း ရက်ရှ်တာကို နားဝင်အောင် မလုပ်နိုင်ခဲ့ပေ။

“မွေးတောင်မမွေးသေးတဲ့၊ ပြီးတော့ မွေးလာပါ့မလားတောင် မသေချာတဲ့ ကလေးကြောင့် ကျွန်မကလေးရဲ့ နေရာက လုယူခံလိုက်ရတယ်ပေါ့။ ရက်ရှ်တာ လုံးဝ နားမလည်နိုင်ပါဘူး။ အဓိပ္ပာယ်မရှိပါဘူး။”

နောက်ဆုံးတွင် ဆိုဗီရ်ရှုလည်း ပြတ်သားစွာပင် စည်းသားလိုက်ရတော့သည်။

“မင်း နားမလည်နိုင်ရင်တောင် ဒါက ဘုရားကျောင်းမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေပဲ။ ဧကရာဇ်ဖြစ်နေရင်တောင် တစ်ယောက်တည်း ပြောင်းလဲလို့မရတာမို့လို့ နောက်ဆို လူတွေရှေ့မှာ တော်ဝင်မင်းသား၊ မင်းသမီးဆိုတဲ့ စကားမျိုး မပြောနဲ့တော့။ ကြားလား။”

“အရှင်ဧကရာဇ်……”

ရက်ရှ်တာက စိတ်ထိခိုက်သွားသဖြင့် မျက်ဝန်းအိမ်တွင် မျက်ရည်များ ဝိုင်းလာသည်။

“အရှင်ဧကရာဇ်ရဲ့ ကလေးပဲမဟုတ်ဘူးလား……”

“ချစ်ပေး၊ မြတ်နိုးတန်ဖိုးထားပေးပြီးတော့ များပြားလှတဲ့ စည်းစိမ်ဥစ္စာနဲ့ အာဏာကိုပေးမှာပဲ။ တော်ဝင်မင်းသား၊ မင်းသမီးလို့ မခေါ်ရပေမဲ့ အကုန်လုံးက ငါ့ကလေးမှန်း သိနေကြမှာ။ အဲ့ဒီကလေးမှာ မရှိတာဆိုလို့ ဥပဒေ​အရ အဆင့်အတန်းအရိုက်အရာနဲ့ ထီးနန်းဆက်ခံပိုင်ခွင့်ပဲ ရှိတာ။ အဲ့ဒါကြောင့် စိတ်ပျက်စရာလည်းမလိုသလို တသသဖြစ်နေစရာလည်းမလိုဘူး။ နားလည်လား။”

“……”

ရက်ရှ်တာက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ဘာမှပြန်မပြောခဲ့ပေ။

သူ ခေါင်းကို တစ်ဖက်သို့ လွှဲသွားတော့ ဆိုဗီရ်ရှုလည်း သက်ပြင်းတစ်ချက်ချကာ ထပ်လောင်းပြောလိုက်မိ၏။

“အကယ်၍ ဧကရီက မြုံနေလို့ ကလေးမရနိုင်ဘူးဆိုရင်တော့လည်း အဲ့ဒီအခါ ကိစ္စက တစ်မျိုးပြောင်းသွားမှာပေါ့။”

“……ဘယ်လိုမျိုးလဲဟင်။”

“မင်းရဲ့ကလေးကို ဧကရီက မွေးစားတာလည်း ဖြစ်သွားနိုင်သလို အဲ့ဒီလို ဧကရီက မွေးစားလိုက်ပြီဆိုရင်တော့ အဲ့ဒီကလေးက တော်ဝင်မင်းသား၊ မင်းသမီး ဖြစ်လာမှာ။”

ဆိုဗီရ်ရှုက ပါတီပွဲရှိသောကြောင့် နေရာမှ အကြာကြီး ထွက်လာ၍ မရချေ။

သူ အရင်ပြန်သွားပြီးနောက် ရက်ရှ်တာက ထောင့်တစ်နေရာတွင် ကုပ်ကုပ်လေးထိုင်ကာ ဒူးကိုလက်ဖြင့်ပိုက်ပြီး ဒူးပေါ်တွင် နဖူးတင်ထားခဲ့သည်။

ဧကရာဇ်၏ သားသမီးချင်း အတူတူဖြစ်ပါလျက် သူ့ကလေးများက တော်ဝင်မိသားစုဝင် မဟုတ်ဘူးတဲ့လား။

ဤသည်က အင်မတန် မတရားလွန်းလှပေ။

အားလုံးက ဧကရီ မဖြစ်နိုင်သော မိမိကြောင့်ဟု ခံစားရ၏။

ရက်ရှ်တာ ငိုချလိုက်တော့ အနားတွင် ခစားနေရင်း သူတို့နှစ်ယောက် စကားပြောသည်ကို ကြားခဲ့သည့် အစေခံမိန်းကလေး ဆန်ဒရီကလည်း လိုက်ငိုရင်း နှစ်သိမ့်ပေးရှာသည်။

“မငိုပါနဲ့တော့ လေဒီ ရက်ရှ်တာ။”

သူက တော်ဝင်မင်းသား ဟိုင်န်ရီ၏ ကိစ္စနှင့်ပတ်သက်၍ အလုပ်ထွက်သွားသော ချယ်ရီနီ၏ နေရာတွင် အသစ်ခန့်အပ်ခံရသော အစေခံမိန်းကလေးပင်။

“ဒါပေမဲ့ မျက်ရည်တွေက ကျလာနေတုန်းပဲ။”

ရက်ရှ်တာက အင်္ကျီလက်အနားစဖြင့် မျက်လုံးကိုသုတ်ရင်း ဝမ်းနည်းပန်းနည်း ပြောခဲ့သည်။

“ရက်ရှ်တာက သာမန်အရပ်သူဇာစ်မြစ်မို့လို့ အရှင်ဧကရာဇ်ရဲ့ အချစ်ကို ရနေတဲ့ အခုအခြေအနေကိုပဲ ကျေးဇူးတင်ပြီး သဘောကျနေခဲ့တာပါ။ ဒါပေမဲ့ မွေးလာမဲ့ကလေးကတော့ မဟုတ်ဘူးလေ။ ဒီကလေးက မွေးကတည်းက အရှင်ဧကရာဇ်ရဲ့ သွေးသားပဲမဟုတ်လား။ ဒါပေမဲ့ အရှင်ဧကရာဇ်ရဲ့သွေးသား ဖြစ်ရဲ့သားနဲ့ အရှင်ဧကရာဇ်ရဲ့ကလေးလို ဆက်ဆံမခံရရင် ဘယ်လောက်တောင် စိတ်ထိခိုက်စရာကောင်းလိုက်မလဲ။”

“လေဒီ ရက်ရှ်တာ……”

“ဧကရီက ကလေးမွေးလာရင်တောင် ဒီကလေးထက် ငယ်တဲ့ ညီလေး၊ ညီမလေးပဲ ဖြစ်မှာကို။ ကိုယ့်ညီလေး၊ ညီမလေးက တော်ဝင်မင်းသား၊ မင်းသမီးအဖြစ် ဆက်ဆံခံနေရချိန်မှာ ကိုယ်က သူတို့အောက်မှာ နေရမယ်ဆိုရင် ဘယ်လောက်တောင် ဝမ်းနည်းဖို့ကောင်းပြီး သိက္ခာကျလိုက်မလဲ……”

“သိပ်ပြီးလည်း စိတ်မပူပါနဲ့ လေဒီ ရက်ရှ်တာ။ အရွယ်ရောက်ပြီးလို့ နှစ်တွေအများကြီး ကြာတဲ့အထိတောင် ဧကရီအရှင်မက ရင်သွေးတော်ကို မလွယ်နိုင်သေးပါဘူး။”

“ရက်ရှ်တာကျတော့ ချက်ချင်း ကလေးတန်းရတာပဲ မဟုတ်လား။”

“ဒါကြောင့်ပေါ့။ အရှင်ဧကရာဇ်မှာ ဘာပြဿနာမှ မရှိဘူးဆိုတာ သက်သေပြပြီးသား ဖြစ်သွားပြီဆိုတော့ ဧကရီအရှင်မက မြုံနေတာဖြစ်ဖို့များပါတယ်။ ဒါကြောင့် အရှင်ဧကရာဇ် ပြောသလိုပဲ နောက်ဆုံးတော့ လေဒီ ရက်ရှ်တာရဲ့ ကလေးကို ဧကရီအရှင်မက မွေးစားရမှာပါ။”

~~~~

စိတ်ထိခိုက်နေသော ရက်ရှ်တာကို အစေခံမိန်းကလေးက ကြိုးစားပမ်းစား နှစ်သိမ့်နေချိန်တွင်။

အာလန်ကလည်း ထင်မှတ်မထားသော နေရာတွင် ရက်ရှ်တာကို တွေ့လိုက်ရသဖြင့် အံ့အားသင့်ကာ ရှိုက်ကြီးတငင် ငိုနေခဲ့သည်။

တကယ်တော့ သူ မြို့တော်သို့ ရောက်ပြီးသည့်နောက် ပါတီပွဲများတွင် ဧကရာဇ်၏ ချစ်သူအကြောင်း ကြားဖူးထား၏။

ထိုချစ်သူ၏ အမည်က ရက်ရှ်တာ ဖြစ်ကြောင်းကိုလည်း ကြားထားသည်။

သို့သော် အာလန်က မိမိသိသော ရက်ရှ်တာနှင့် ‘ဧကရာဇ်၏ချစ်သူ ရက်ရှ်တာ’ မှာ တစ်ဦးတည်း ဖြစ်လိမ့်မည်ဟု မထင်ခဲ့ပေ။

ဇာတိချင်းလည်း မတူသလို၊ အထူးသဖြင့် အညတရကျွန်မလေးတစ်ဦးသာဖြစ်သော ရက်ရှ်တာက ဧကရာဇ်နှင့် တွေ့ဆုံနိုင်စရာ အကြောင်းမရှိသောကြောင့်ပင်။

သို့သော် ဆံပင်အရောင်၊ မျက်လုံးအရောင်နှင့် ရုပ်ရည်ဖော်ပြချက်များပါ ဆင်တူနေသဖြင့် စိတ်ထဲတွင် မတင်မကျဖြစ်ကာ ပါတီသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖြင့် ‘ဧကရာဇ်၏ချစ်သူ ရက်ရှ်တာ’ က တကယ်ပင် မိမိ၏ ချစ်သူဟောင်း ဖြစ်နေသည်ကို သိလိုက်ရသောအခါ နှလုံးသားက ပြင်းထန်စွာ နာကျင်ခဲ့ရတော့၏။

“အဖေ။ အဖေ သိထားပြီးသားလား။”

အာလန်က စိတ်အနည်းငယ် တည်ငြိမ်လာသည်နှင့် ချက်ချင်း အိမ်သို့ပြန်ကာ ဗိုင်းကောင့် လိုတဲရှုကို ရှာခဲ့သည်။

ဗိုင်းကောင့် လိုတဲရှုက မြို့တော်တွင် အသစ်ဝယ်ထားသော အိမ်ကြီးကို ရှုစားနေသည့်အလား လက်နောက်ပြန်ယှက်ထားရင်း အိမ်တွင်းအလှဆင်မှုများကို ဟိုဟိုဒီဒီ လိုက်ကြည့်နေ၏။

ထိုစဉ် သားဖြစ်သူက ဗြုန်းစားကြီးလာမေးသဖြင့် ဗိုင်းကောင့် လိုတဲရှုလည်း “ဘာကိုလဲ” ဟု ပြန်မေးလိုက်မိသည်။

သို့တိုင် ဗိုင်းကောင့် လိုတဲရှု၏ အကြည့်က ခမ်းနားလှသော နံရံဆေးရေးပန်းချီများဆီမှ မခွာနိုင်သေးပေ။

“ဧကရာဇ်ရဲ့ချစ်သူ ရက်ရှ်တာက ကျွန်တော်တို့သိတဲ့ အဲ့ဒီရက်ရှ်တာ ဖြစ်နေတာကိုပါ။”

သားဖြစ်သူ၏ စကားကိုကြားတော့ ဗိုင်းကောင့် လိုတဲရှုက မျက်မှောင်ကြုတ်ကာ ခေါင်းလှည့်လာသည်။

နှုတ်ခမ်းများ တုန်ရင်နေသော အာလန်ကိုကြည့်ကာ ဗိုင်းကောင့် လိုတဲရှုက စုတ်တစ်ချက်သပ်လျက် ဆူငေါက်လိုက်၏။

“မင်း နန်းတော်ကပါတီကို သွားခဲ့တာလား။ ဖိတ်စာ ပျောက်သွားတယ်ဆိုတာ ရီဗယ်တီမဟုတ်ဘဲ မင်း ယူသွားတာကိုး။”

ဗိုင်းကောင့် လိုတဲရှုက ရက်ရှ်တာ ဧကရာဇ်၏ချစ်သူဖြစ်နေသည်ဆိုသော အချက်ကို လုံးဝ အံ့အားသင့်ပုံမရပေ။

အာလန်လည်း မျက်လုံးအပြူးသား ဖြစ်သွားရသည်။

“သိနေခဲ့တာလား။”

ဖခင်ဖြစ်သူလည်း သူ့အတိုင်း အံ့အားသင့်သွားမည်ဟု ထင်ထားခဲ့ခြင်းပင်။

ယခုကဲ့သို့ အေးဆေးတည်ငြိမ်နေသဖြင့် အံ့ဩမှင်တက်သွားရသည်။

ဗိုင်းကောင့် လိုတဲရှုက ဘာမှမပြောဘဲ မုတ်ဆိတ်မွေးကို သပ်နေပြီးမှ ဆိုဖာကို လက်ညှိုးညွှန်ပြခဲ့၏။

“ထိုင်ဦး။”

အာလန် သူညွှန်ပြသော နေရာတွင် ထိုင်လိုက်တော့ ဗိုင်းကောင့် လိုတဲရှုက အကျဉ်းချုပ် ရှင်းပြခဲ့သည်။

“တကယ်တော့ ငါတို့ မြို့တော်ကို လာနိုင်ခဲ့တာ အကုန်လုံးက ရက်ရှ်တာ့ ကျေးဇူးကြောင့်ပဲ။”

“ဗျာ။”

အာလန်က အဓိပ္ပာယ်ကို နားမလည်ဘဲ ပြန်မေးခဲ့သည်။

“ရက်ရှ်တာက ဘာလို့လဲဟင်။ အာ။ ဧကန္တ အာန်ကြောင့်လား……”

ရက်ရှ်တာက သူ့သားလေး အသက်ရှင်နေသေးကြောင်းသိပြီး စိတ်မကောင်းဖြစ်သွားသည့်ပုံပင်။

အာလန်က မိမိဘာသာ အဓိပ္ပာယ်ဖော်ယူပြီး ခေါင်းညိတ်လိုက်သော်လည်း ဗိုင်းကောင့် လိုတဲရှုက ပြတ်သားစွာ သတိပေးခဲ့သည်။

“အသေးစိတ် အခြေအနေတွေကိုတော့ မင်းကို ပြောပြလို့ မရဘူး။”

“ဗျာ။ ဘာလို့လဲဟင်။”

“ဘာပဲဖြစ်ဖြစ်။ အတတ်နိုင်ဆုံး ရက်ရှ်တာကို သိသလိုမျိုး သွားမလုပ်နဲ့။”

“ဒါပေမဲ့ အဖေ။ ရက်ရှ်တာ ဘေးကင်းနေတယ်ဆိုရင် အာန့်အကြောင်းကိုတော့ ပြောပြရမှာပေါ့….”

အာလန်က ပြန်ပြောရန် ကြိုးစားသော်လည်း ဗိုင်းကောင့် လိုတဲရှုက စကားကို ဖြတ်ပြောခဲ့သည်။

“မင်းလည်း ကြာပြီးသားဖြစ်မယ်ဆိုပေမဲ့ အရှင်ဧကရာဇ်က ရက်ရှ်တာကို တော်တော်လေး တမ်းတမ်းစွဲဖြစ်နေတာ။”

“...”

“အဲ့ဒီစကားက မင်းနဲ့ ရက်ရှ်တာရဲ့ ပတ်သက်မှုကို သိသွားရင် မင်းဆီကိုပါ မီးဟုန်းဟုန်းတောက်သွားနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ နားလည်လား။”

“……”

“အဲ့ဒါကြောင့် ပါးစပ်ကို ပိတ်ထား။ ရက်ရှ်တာကို သိသလိုတောင် လုံးဝ မလုပ်နဲ့။”

“ဒါပေမဲ့ အဖေ….”

“အားလုံးကို ဒီအဖေကပဲ စီစဉ်သွားမယ်။”

~~~~

အစ်ကို သူ၏သူငယ်ချင်း မားကီးစ် ဖာရ်အန်းနှင့်အတူ ပေါ်လာသည်က ပါတီပွဲပြီးသည့် နောက်တစ်နေ့တွင် ဖြစ်သည်။

“နာဗီရယ်။ အတူတူ လမ်းလျှောက်ရအောင်လေ။”

ချက်ချင်းပင် ပြဿနာရှာတော့မည့်ပုံစံမျိုးဖြင့် ပြောခဲ့ပြီး ကျွန်မကို စိုးရိမ်စိတ်ဝင်အောင် လုပ်ခဲ့သော်လည်း အစ်ကိုက ထင်ထားသည်ထက်ပို၍ သည်းခံနေပုံပင်။

နန်းတော်အတွင်းရှိ လမ်းလျှောက်လမ်းအတိုင်း နာရီဝက်ကျော်ကြာအောင် အတူတူ လမ်းလျှောက်ခဲ့ကြသော်လည်း အစ်ကိုက ရက်ရှ်တာအကြောင်းဖြစ်စေ၊ ကလေးအကြောင်းဖြစ်စေ တစ်ခွန်းမှ မဟခဲ့ပေ။

“အိမ်မှာ ကောင်းကောင်းနားခဲ့ရဲ့လား။ အကြာကြီးနေမှ ပြန်လာတာဆိုတော့ ကောင်းတယ်မဟုတ်လားဟင်။”

“​ကောင်းတာပေါ့။ သက်သောင့်သက်သာရှိတယ်။ နင်သာရှိရင် ပိုကောင်းမှာကို။”

“အဆင်ပြေတဲ့တစ်နေ့တော့ အလည်လာခဲ့ပါ့မယ်။”

“ကိုယ့်အိမ်ကိုယ် ပြန်လာတာပဲကို အလည်လာတယ်လို့ သုံးရလား။ ဘယ်လို အသုံးအနှုန်းကြီးလဲ။”

“အဲ့ဒီလိုဖြစ်သွားလား။ အာ။ မားကီးစ် ဖာရ်အန်းရော အခုတလော ဘယ်လိုလဲ။ အဆင်ပြေပြေရှိရဲ့လား။”

“ပူညံပူညံ ပြောတာတွေပဲ ပိုတိုးလာနေပါတယ်။ ဒါတွေအကုန်လုံး ဧကရီအရှင်မရဲ့ အစ်ကိုကြောင့်ပါပဲ။”

မားကီးစ် ဖာရ်အန်း၏ ပြန်ဖြေမှုကိုကြားတော့ အစ်ကိုက မျက်လုံးကိုစွေပြီး သူ့ကို စိုက်ကြည့်ခဲ့သည်။

မားကီးစ် ဖာရ်အန်းကမူ ဘာမှမဖြစ်သလို ပြုံးနေရင်း သူက အစ်ကို့ကြောင့် ဒုက္ခရောက်နေရသည်ဟု ဆက်၍ ပွစိပွစိ ညည်းတွားနေ၏။

“အမြဲတမ်း ဆက်ဆံရေးကောင်းကြတာပဲနော်။ မြင်ရတာကောင်းလိုက်တာ။”

“ခိုရှာရ်က တခြားကိစ္စတွေမှာ အားနည်းပေမဲ့ လူကံတော့ တော်တော်ကောင်းတယ်မဟုတ်လားဗျ။ ကျွန်တော့်လို သူငယ်ချင်းမျိုး ရှိသလို၊ ဧကရီအရှင်မလို ညီမမျိုးလည်း ရှိတာဆိုတော့လေ။”

သူတို့နှစ်ယောက် စကားနိုင်လုနေကြသည်ကို ကြည့်ရင်း ငယ်ဘဝကို သတိရကာ ရယ်မိသွားသည်။

ငယ်ငယ်ကတည်းက ထိုသို့နေလာကြပြီး အရွယ်ရောက်သည့်တိုင်အောင် တစ်ယောက်ကိုတစ်ယောက် ရင်းရင်းနှီးနှီး ရှိနေကြပုံက ကြည့်ရသည်မှာ စိတ်ချမ်းသာစရာပင်။

သို့သော် အရှေ့နန်းဆောင် ဘေးပတ်လမ်းသို့ ရောက်ခါနီးတွင်။

ကျောက်နံရံကို မှီပြီးရပ်နေသော ရက်ရှ်တာကို မြင်လိုက်ရသည်။

ကျွန်မ တုံ့ခနဲ ရပ်လိုက်တော့ အစ်ကိုက ဘာဖြစ်လို့လဲဟု မေးလာ၏။

ထိုစဉ် စိတ်ထဲ၌ ခံစားချက်နှစ်မျိုး ပြိုင်တူပေါ်လာသည်။

တစ်ခုက ဤအတိုင်းပဲ ဆက်သွားလိုသည့်စိတ်၊ ကျန်တစ်ခုက ပြန်လှည့်ပြီး အခြားလမ်းက သွားချင်သည့်စိတ်။

သို့သော် ပြန်လှည့်သွားပြန်လျှင်လည်း ကျွန်မက ရက်ရှ်တာကို ရှောင်နေသည်ဟု ထင်သွားနိုင်သဖြင့် မာနက လက်မခံချေ။

ဤအတိုင်း ဆက်သွားပြန်လျှင်လည်း အစ်ကိုက ရက်ရှ်တာကို မြင်ပြီး မည်သို့တုံ့ပြန်မည်ကို မသိသဖြင့် စိတ်ပူမိသည်။

ဆုံးဖြတ်ရန် မလိုလိုက်ပေ။

လမ်းကြောင်းမရွေးရသေးခင်မှာပင် ရက်ရှ်တာက ကျွန်မတို့ကို အရင်တွေ့သွားကာ အံ့အားသင့်သော မျက်နှာထားဖြင့် ကြည့်လာရာမှ ပြတ်သားသော အမူအရာဖြင့် အနားသို့ လျှောက်လာခဲ့သောကြောင့်ပင်။

အစ်ကိုက ပထမတော့ ရက်ရှ်တာကို ဘယ်သူမှန်း မသိခဲ့။

အစ်ကို့စိတ်ထဲတွင် ရက်ရှ်တာက ညီမဖြစ်သူကို ဒုက္ခပေးနေသော မိန်းမကြမ်းတစ်ယောက်ဟု ထင်ထားမည်ဖြစ်သော်လည်း လက်တွေ့မြင်ရသည့် ရက်ရှ်တာက နတ်သူငယ်လေးလို ချစ်စဖွယ်ကောင်းကာ နတ်သမီးလေးလို လှပနေသဖြင့် ထိုသို့ဖြစ်နိုင်ပေသည်။

“ဧကရီအရှင်မ။ ရက်ရှ်တာ ဆက်ဆက်ပြောစရမဲ့ကား ရှိပါတယ်။”

ရက်ရှ်တာ သူ့အမည်သူ အတိအလင်း ပြောလိုက်မှသာ အစ်ကို့ မျက်နှာက တင်းမာသွားတော့သည်။

ရက်ရှ်တာက ထိုအခါမှ အစ်ကို့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး အံ့အားသင့်သွားသည့်အလား မျက်ခုံးပင့်သွား၏။

ကျွန်မနှင့် အစ်ကိုက အင်မတန် ရုပ်ချင်းဆင်သောကြောင့် ဖြစ်ပေလိမ့်မည်။

သို့သော် ရက်ရှ်တာက အစ်ကို့ကို သီးသန့်နှုတ်ဆက်ခြင်းမပြုဘဲ သူပြောလက်စ စကားကိုသာ ဆက်ပြောခဲ့သည်။

“ဧကရီအရှင်မ ရက်ရှ်တာကို ဓားပေးခဲ့တာက တော်တော်မကောင်းတဲ့ ရည်ရွယ်ချက်ရှိတယ်လို့ ကြားခဲ့ရပါတယ်။”

သူ၏ စကားကြောင့်မဟုတ်ဘဲ အခြေအနေကြောင့်သာ ကျွန်မ အလိုလို သက်ပြင်းချမိတော့သည်။

အစ်ကိုနှင့် မားကီးစ် ဖာရ်အန်း ရှေ့တွင် ရက်ရှ်တာနှင့် ရန်ဖြစ်နေသော ပုံစံမျိုးကို မပြချင်ပေ။

သို့သော် ရက်ရှ်တာ၏ စော်ကားမှုကို ပြုံးလျက် လျစ်လျူရှုထားသည့် ပုံစံမျိုးကိုလည်း မပြလိုပြန်။

ထိုသို့လုပ်လိုက်လျှင် အစ်ကိုက ပို၍စိတ်မကောင်း ဖြစ်သွားမည့်အပြင် အခြားလူများကလည်း ရက်ရှ်တာ၏ ဩဇာအာဏာကို အရှိထက် ပို၍ကြီးမားသည်ဟု ထင်သွားနိုင်သောကြောင့်ပင်။

“လောဘမရှိတဲ့သူအတွက်တော့ မကောင်းတဲ့ ရည်ရွယ်ချက် မဟုတ်လောက်မှာကို။”

နောက်ဆုံးတွင် အေးစက်သော အသံဖြင့် တုံ့ပြန်လိုက်ရာ ရက်ရှ်တာက ပြတ်သားစွာ ပြန်လည်ချေပခဲ့သည်။

“မဟုတ်ပါဘူး။ လောဘရှိရှိ မရှိရှိ၊ အဲ့ဒါက တော်တော့်ကို မကောင်းတဲ့ ရည်ရွယ်ချက်ပါ။ အဲ့ဒါ့အပြင် လူအားလုံးရဲ့ ရှေ့မှာ ရက်ရှ်တာကို လှောင်ပြောင်ခဲ့တာ မဟုတ်လားရှင့်။”

သူ၏ ပြတ်သားသော စကားလုံးများနှင့် မလိုက်ဖက်စွာ ရက်ရှ်တာက ဝမ်းနည်းသောမျက်နှာနှင့် ရှိနေခဲ့သည်။

တစ်ချက် စကားကိုရပ်လိုက်သော ရက်ရှ်တာက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် လက်နှစ်ဖက်ကို ရင်ဘတ်တွင် စုစည်းကာ သနားစရာကောင်းသောအသံဖြင့် ပြောလာ၏။

“ဒါပေမဲ့ ရက်ရှ်တာက ဧကရီအရှင်မရဲ့ စော်ကားမှုကို သည်းခံဖို့ ဆုံးဖြတ်ထားပါတယ်။ ဧကရီအရှင်မက ရက်ရှ်တာကို ဆက်ပြီး လှောင်ပြောင်မယ်၊ နှိမ်ချမယ်၊ လျစ်လျူရှုမယ်ဆိုရင်တောင် ရက်ရှ်တာက သည်းခံသွားမှာပါ။”

“အရှိကိုအရှိအတိုင်း ပြောတာကို နှိမ်ချတယ်တဲ့လား။ မင်းက ကိုယ့်ကိုယ့်ကိုယ် တအားအမြင့်ကြီး တွေးထားတဲ့ပုံပဲ။”

“ရက်ရှ်တာက အရှင်ဧကရာဇ်ချစ်တဲ့ မိန်းမပါ။ ဒါပေမဲ့ ရက်ရှ်တာက ကိုယ့်ကိုယ်ကိုယ် အမြင့်ကြီးမတွေးဘူးဆိုရင် အဲ့ဒါက အရှင်ဧကရာဇ်ရဲ့ ဝေဖန်ပိုင်းခြားတဲ့အမြင်ကို စော်ကားရာ ရောက်မှာပေါ့။”

“မင်းရဲ့တန်ဖိုးက အရှင်ဧကရာဇ်ရဲ့ အချစ်ကို ရနေချိန်မှာပဲ ရှိတာလား။”

“....”

ရက်ရှ်တာက မှင်တက်သွားပြီးမှ ဝမ်းနည်းပန်းနည်းပုံစံနှင့် မသဲမကွဲလေး ပြောလာခဲ့သည်။

“ဘာပဲပြောပြော ရက်ရှ်တာ သည်းခံပါ့မယ်။ ဘာပဲဖြစ်ဖြစ် နောက်ကျရင် မွေးလာမဲ့ ကလေးတွေအတွက်ပဲဖြစ်ဖြစ် ရက်ရှ်တာ ဧကရီအရှင်မနဲ့ မရန်ဖြစ်ချင်တော့လို့ပါ……”

“ဘာစကားလဲ။”

ကျွန်မက သူ့ကလေးများကို ဒုက္ခပေးမည်ဟု ထင်နေခြင်းလား။

မနှစ်မြို့စရာခံစားချက် ဝင်လာသည်။

သို့သော် ရက်ရှ်တာ၏ စကားက ကျွန်မထင်ထားသည်ထက် ပို၍ မနှစ်မြို့စရာကောင်းနေခဲ့၏။

“အရှင်ဧကရာဇ်က ပြောပါတယ်။ ဧကရီ အရှင်မက မြုံနေတာ ဖြစ်ဖို့များတဲ့အတွက် ရက်ရှ်တာမွေးတဲ့ ကလေးတွေရဲ့ မွေးစားမိခင် ဖြစ်လာမှာပါတဲ့။”

~~~~

Miel’s Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment