အပိုင်း ၁၀၆ (အနောက်ဘုရင့်တိုင်းပြည်တွင် ဆုံတွေ့ခြင်း)
“တကယ်ပဲ ကွာရှင်းဖို့ ဆုံးဖြတ်လိုက်ပါပြီလား၊ အရှင်ဧကရာဇ်။”
“ပြောပြီးသားပဲမဟုတ်လား။”
ဆိုဗီရ်ရှုက ပြတ်သားစွာ ပြောခဲ့သည်။
မားကီးစ် ကားလ်က မှိုင်တွေသော မျက်နှာဖြင့် အခန်းထဲမှ ထွက်သွားပြီးနောက် ၁၅ မိနစ်ခန့်အကြာတွင် ပြန်ရောက်လာ၏။
သူ့လက်ထဲတွင် စာရွက်တစ်ရွက် ပါလာသည်။
ထိုစာရွက်မှာ လက်ထပ်စဉ်က အထွတ်အမြတ်ဘုန်းတော်ကြီး ပေးအပ်ထားခဲ့သော ကွာရှင်းခွင့်တောင်းခံလွှာပင်။
ဆိုဗီရ်ရှုက မားကီးစ် ကားလ်ကို စောင့်နေသည့် ၁၅ မိနစ်အတွင်း ကြိုတင်ရေးသားထားသော စာရွက်ကို ဘေးတွင်ချထားကာ ကွာရှင်းခွင့် တောင်းခံလွှာကို စားပွဲ၏အလယ်တွင် တင်လိုက်သည်။
မင်အသစ် စိမ်ထားသော မင်တံကို ထုတ်ယူကာ လက်တွင်ဆုပ်ကိုင်ရင်း၊ သူက ခေတ္တ ထိုစာရွက်ကို စိတ်ရှုပ်ထွေးသော မျက်လုံးများဖြင့် ငုံ့ကြည့်နေ၏။
မားကီးစ် ကားလ်ကမူ ဆိုဗီရ်ရှု ယခုပဲဖြစ်ဖြစ် စိတ်ပြောင်းသွားပါစေဟု စိတ်ထဲမှ အသည်းအသန် ဆုတောင်းနေခဲ့သည်။
“……”
သို့သော် ပြောင်းလဲမှုမရှိခဲ့ပေ။
စာရွက်ပေါ်သို့ မင်တံတင်ရန် ခက်ခဲနေခဲ့ခြင်းသာ။
တစ်ကြိမ် မင်တစ်စက် ကျသွားပြီးသည့်နောက်တွင်မူ အရာအားလုံးက လျင်မြန်သွားတော့သည်။
ဆိုဗီရ်ရှုက ကွာရှင်းရသည့် အကြောင်းရင်းများကို မဆိုင်းမတွ ရေးသားသွား၏။
ခိုရှာရ် ရီလ်ဒါ ထရိုဗီက ဧကရာဇ်၏ ရင်သွေးကို လွယ်ထားသည့် ရက်ရှ်တာကို တွန်းခဲ့သည့်ကိစ္စ၊ ရက်ရှ်တာ၏ အားနည်းချက်ကို ရှာဖွေရန် ဗိုင်းကောင့် လိုတဲရှုကို ပြန်ပေးဆွဲကာ အကျဉ်းချနှိပ်စက်ခဲ့သည့်ကိစ္စ၊ ရက်ရှ်တာကို လှည့်စားရန် မိဘအတုများကို ငှားရမ်းခဲ့သည့်ကိစ္စ အစရှိသဖြင့်။
သူ့ကို ပြည်နှင်ဒဏ်ပေးခြင်းဖြင့် ကိစ္စဖြတ်ရန် ကြိုးစားခဲ့သော်လည်း ခိုရှာရ်က ပြည်နှင်ဒဏ်ပေးခံရပြီးသည့်နောက်တွင်လည်း ရက်ရှ်တာနှင့် သူ၏ရင်သွေးကို မနားတမ်း ပစ်မှတ်ထားနေသည်ဟုလည်း ရေးသားခဲ့သည်။
လက်ထပ်ပြီး နှစ်အတော်ကြာသည့်တိုင် ရင်သွေးမရခဲ့သော သူ့အဖို့ ရက်ရှ်တာ၏ ဝမ်းဗိုက်ထဲမှ မှေးမှိန်သော အသက်ကလေးကို ကာကွယ်ရမည်ဟုလည်း ဖော်ပြခဲ့၏။
မင်တံကို ချလိုက်ပြီးနောက် ဆိုဗီရ်ရှုက မျက်လုံးများကိုမှိတ်ကာ ခေါင်းကို အနောက်သို့ မှီချလိုက်သည်။
သတိလစ်နေခဲ့သော ဖြူဖျော့ဖျော့ ဧကရီ၏ မျက်နှာကို ထင်ရှားစွာ ပြန်မြင်ယောင်လာ၏။
ရင်ဘတ်တစ်ခုလုံး ကျောက်တုံးကြီးပမာ လေးလံနေသလိုပင်။
အကြောင်းရင်းမသိရသော စိုးရိမ်ပူပန်မှုများ တိုးဝင်လာသည်။
ဒါက မှန်ကန်တဲ့ ရွေးချယ်မှု ဟုတ်ရဲ့လား။
“အရှင်ဧကရာဇ်။”
မားကီးစ် ကားလ်၏ အသံက သူ့ကို အတွေးကမ္ဘာမှ နှိုးခဲ့သည်။
ဆိုဗီရ်ရှု မျက်လုံးဖွင့်လာ၏။
ကွာရှင်းခွင့် တောင်းခံလွှာကို စာအိတ်ထဲသို့ ထည့်ပြီးနောက်၊ ဖယောင်းလောင်းကာ ထိုပေါ်တွင် ဧကရာဇ်၏ တံဆိပ်တုံးကို ခတ်လိုက်သည်။
ထို့နောက် ပေါက်ကွဲတော့မည့် မှော်ဆေးရည်ကို ဖယ်ရှားသလို ထိုစာကို မားကီးစ် ကားလ်ထံ အလျင်အမြန် ကမ်းပေးလိုက်၏။
မားကီးစ် ကားလ်က စာကို လက်နှစ်ဖက်ဖြင့် လက်ခံယူလိုက်သော်လည်း၊ ချက်ချင်း ထွက်မသွားနိုင်ဘဲ တုံ့ဆိုင်းနေခဲ့သည်။
“သွားတော့။ ကိုယ်တိုင် သွားပို့။”
အမိန့်ကို ကြားပြီးသည့်နောက်တွင်လည်း သူက ဆက်လက် တုံ့ဆိုင်းနေသဖြင့် ဆိုဗီရ်ရှုက သူ့ကို ထူးဆန်းသလို ကြည့်လေ၏။
မားကီးစ် ကားလ်လည်း သတ္တိမွေးကာ နောက်တစ်ကြိမ် ထပ်မံ တောင်းဆိုခဲ့သည်။
“အရှင်ဧကရာဇ်။ တကယ်ပဲ ဒီလိုလုပ်ဖို့ လိုလို့လား။ နောက်ထပ် အချိန်နည်းနည်းလောက် ထပ်ပြီးစဉ်းစားကြည့်ရင်……”
“အဲ့ဒီအချိန်က မရှိတော့လို့ အခုလို လုပ်နေရတာ မဟုတ်ဘူးလား။”
“ဧကရီ အရှင်မက ငယ်ရွယ်တုန်းပါပဲ။ အခုအထိ မြုံနေတယ်လို့ အတည်ပြုဖို့ ခက်ခဲပါသေးတယ်။”
“ငယ်တာပေါ့။ ငယ်ပေမဲ့လည်း နှစ်အတော်ကြာအောင် ကလေးမရခဲ့ဘူးလေ။”
ဆိုဗီရ်ရှုက နာကျင်နေဟန်ဖြင့် မျက်လုံးများကို မှိတ်လိုက်သည်။
“ကျုပ်မှာ ကလေးမရှိရင် နောက်ထပ် ဆက်ခံမဲ့သူက ရီထယ်ယန် မင်းသားကြီးပဲ။ ဒါပေမဲ့ လက်တွေ့မှာ သူ့သား ချားလ်က ဆက်ခံဖို့ အခွင့်အလမ်း ပိုများနေတာ။”
“သခင်လေး ချားလ်ကတော့……”
မားကီးစ် ကားလ် စကားမဆက်နိုင်တော့ပေ။
ရီထယ်ယန် မင်းသားကြီးက ရည်မှန်းချက်ကြီးသူဖြစ်သော်လည်း မိမိ၏ အရည်အချင်းကို ကောင်းစွာသိသဖြင့် ဧကရာဇ်နေရာကို စိတ်မဝင်စားခဲ့ပေ။
သားဖြစ်သူ ချားလ်က ကြင်နာသနားတတ်သည့် ကောင်လေးဖြစ်သော်လည်း၊ စိတ်ပျော့လွန်းသဖြင့် သူတစ်ပါးကြိုးဆွဲသမျှ ကတတ်သူပင်။
ချားလ် ဧကရာဇ်ဖြစ်လာပါက သမိုင်းတွင် အညံ့ဖျင်းဆုံး ဧကရာဇ် ဖြစ်လာမည်ဖြစ်သလို၊ ရီထယ်ယန် မင်းသားကြီးက သားဖြစ်သူကို အကာအကွယ်ယူပြီး အာဏာကို လက်ဝါးကြီးအုပ်ကာ အဂတိလိုက်စားမှုများ ပလူပျံတော့မည်မှာ ကျိန်းသေလှ၏။
“ဒါပေမဲ့ အရှင်ဧကရာဇ်။ ဧကရီ အရှင်မကလည်း မကြာခင် ရင်သွေး ရလာမှာပါ။ နောက်ထပ် နှစ်ပိုင်းလောက် ထပ်စောင့်ကြည့်လို့မှ မရသေးရင်၊ အဲ့ဒီအခါကျမှ တရားဝင် ဆက်ခံသူအသစ်ကို……”
“အဲ့ဒီနှစ်ပိုင်းအတွင်းမှာ ပထမဆုံး ကလေးက အရွယ်ရောက်နေပြီလေ။ အဲ့ဒီကလေးကို တိတ်တိတ်ပုန်းကလေးအဖြစ် ထားခဲ့ပြီး ဒုတိယကလေးကို ဆက်ခံသူ လုပ်ခိုင်းရင်၊ အဲ့ဒီကလေး ခံစားရမဲ့စိတ်ဒဏ်ရာကရော။”
“……”
ဆိုဗီရ်ရှု လက်ယမ်းပြလိုက်သည်။
“ပြီးတော့ ပြောပြီးပြီမဟုတ်ဘူးလား။ ဧကရီက မြုံနေတာလို့။”
မားကီးစ် ကားလ်လည်း တွေဝေတုံ့ဆိုင်းနေရာမှ မေးလိုက်သည်။
“ဘာလို့များ အဲ့ဒီလောက်အထိ ယုံကြည်နေရတာလဲခင်ဗျ။”
ဤသည်က သူ အမြဲတမ်း သိချင်ခဲ့သည့် ကိစ္စပင်။
ဖခင်တစ်ယောက် ဖြစ်လာရန်က ဆိုဗီရ်ရှု ငယ်ငယ်ကတည်းက မက်ခဲ့သည့် အိပ်မက်မှန်း သိ၏။
သို့သော် ဘာကြောင့် ဧကရီ နာဗီရယ်ကို မြုံနေသည်ဟု ထိုမျှလောက်အထိ အခိုင်အမာ ယုံကြည်နေမှန်း လုံးဝ နားမလည်နိုင်အောင် ဖြစ်နေမိသည်။
ဆိုဗီရ်ရှုက ပြောပြတော့မလိုလိုဖြင့် တုံ့ဆိုင်းနေရာမှ နောက်ဆုံးတွင် ပါးစပ်ပိတ်ထားလိုက်တော့၏။
“စာသာ သွားပို့စမ်းပါ။ ဘာပဲဖြစ်ဖြစ် အထွတ်အမြတ်ဘုန်းတော်ကြီးကိုတော့ အကြောင်းရင်း သပ်သပ်ပြောရမှာမို့လို့။”
‘အထွတ်အမြတ်ဘုန်းတော်ကြီးကို ပြောလည်း ကျွန်တော်ကတော့ ကြားရမှာ မဟုတ်ပါဘူး၊ အရှင်ဧကရာဇ်။’
မားကီးစ် ကားလ်တစ်ယောက် စိတ်ထဲမှ ရေရွတ်လိုက်သော်လည်း၊ အပြင်ကိုမူ ထုတ်မပြောဝံ့ဘဲ “ဟုတ်ကဲ့ပါ” ဟု ဆိုကာ အခန်းထဲမှ ထွက်လာခဲ့တော့သည်။
~~~~
ဗိုင်းကောင့် လိုတဲရှုတစ်ယောက် တစ်ပတ် နှစ်ပတ်လောက် ရက်ရှ်တာဆီသို့ သွားမတွေ့နိုင်ခဲ့ပေ။
ထိုလူရမ်းကား ခိုရှာရ်ကြောင့် နေရာအနှံ့ ထိုးကြိတ်ခံထားရသည့်အပြင် နားတစ်ဖက်ကလည်း ထက်ဝက်ခန့် ပဲ့ထွက်သွားရာ ခုတင်ပေါ်တွင် လဲလျောင်းကာ ကုသမှုခံယူနေရသောကြောင့်ပင်။
သို့သော် မည်မျှပင် ကောင်းမွန်စွာ ကုသမှုခံယူပါစေ ပဲ့ထွက်သွားသော နားရွက်ကိုမူ မည်သို့မျှ မတတ်နိုင်ခဲ့ပေ။
“နားစည်အထိ ပါမသွားလို့ တော်ပါသေးတယ် အဖေ။ အသားပဲ ပဲ့သွားတာပါ။”
“နားရွက် ပဲ့သွားပါတယ်ဆိုမှ ဘာကို တော်သေးတာလဲ။”
“နားစည်ပါသွားတာထက်စာရင်တော့ ပိုကောင်းတာပေါ့။”
“လုံးဝ မပဲ့တာကမှ တော်သေးတာကွ။ ဒီကောင်စုတ်၊ ထွက်သွား။ ထွက်သွားစမ်း။”
ဤအခြေအနေမျိုးတွင်မှ သားဖြစ်သူဆိုသောကောင်က မမြင်ချင်သော ကလေးကို ပွေ့ချီကာ အဓိပ္ပာယ်မရှိသည့် စကားများ လာပြောနေသည်။
ဗိုင်းကောင့် လိုတဲရှုလည်း ခုတင်ပေါ်တွင် လဲလျောင်းနေရင်း အာလန်ကို ခေါင်းအုံးနှင့် ပစ်ပေါက်လိုက်၏။
ထိုအူကြောင်ကြောင်ကောင်က မြို့တော်သို့ ရောက်လာပြီးသည့်နောက် ပို၍ပင် စိတ်လွတ်နေပုံရသဖြင့် စိုးရိမ်မိသည်။
ဗိုင်းကောင့် လိုတဲရှု ဟင်းခနဲ သက်ပြင်းချလိုက်ရင်း ခုတင်ပေါ်တွင် ပြန်လှဲနေမိ၏။
“အဖေ။ မချီကြည့်ချင်ဘူးလား။”
“ထွက်သွားစမ်း။ ထွက်သွားလို့ ပြောနေတယ်လေ။”
ဖခင်ဖြစ်သူက မြေးလေးကို ချီကြည့်လိုက်လျှင် စိတ်ပြေသွားလိမ့်မည်ဟု ထင်ခဲ့သော အာလန်တစ်ယောက် ဗိုင်းကောင့် လိုတဲရှု၏မျက်နှာ နီမြန်းလာသည်နှင့် ချက်ချင်းပင် သားဖြစ်သူကို ပွေ့ချီကာ အခန်းထဲမှ ထွက်လာခဲ့တော့သည်။
ဂျီကျနေသော ကလေးကို ချော့မြှူရင်း လမ်းလျှောက်နေစဉ် အာလန် ရက်ရှ်တာကို သတိရမိသွား၏။
သူနှင့် အလွန်တူသော ဤကလေးကို ရက်ရှ်တာအား တစ်ကြိမ်လောက်တော့ ပြချင်မိသည်……
ထိုသို့ တွေးနေစဉ်အတွင်း စွပ်ပြုတ်ပန်းကန်ကို ကိုင်ထားသော ရီဗယ်တီက လှေကားပေါ်တက်လာရင်း မေးလာ၏။
“အစ်ကို ဘာလုပ်နေတာလဲ။”
“အဖေ့ဆီ လူမမာမေး သွားတာ။”
“အဲ့ဒီ အထုပ်ကို ချီပြီးတော့လား။ ချထားခဲ့စမ်းပါ။ အဲ့ဒီကလေးကိုမြင်ရင် အဖေက ရောဂါပျောက်မှာမဟုတ်ဘဲ ပိုတိုးမှာ။”
“……ကိုယ့်တူလေးကိုယ် အထုပ်လို့ ပြောရလား။”
“တောင်းပန်ပါတယ်။ ဒါပေမဲ့ သူ့မျက်နှာမြင်ရင် စကားအကောင်း ထွက်မလာဘူး။”
“ရီဗယ်တီ။”
“ဒုတိယမြောက် တူကျရင်တော့ တကယ် ချစ်ပေးပါ့မယ်။ ဒါပေမဲ့ သူ့ကိုတော့ မဟုတ်ဘူး။ သူက အစ်ကို့ကလေးနဲ့မတူဘဲ ရက်ရှ်တာ နှစ်ပိုင်းကွဲထွက်လာတဲ့အတိုင်းပဲလို့။”
ဘယ်လိုများ ပုံစံခွက်တစ်ခုတည်းမှာ ပုံသွင်းထားသလို တစ်ထေရာတည်း တူနေရတာပါလိမ့်။
ရီဗယ်တီက တိုးတိုးလေး ပွစိပွစိပြောရင်း စွပ်ပြုတ်ပန်းကန်ကို ကိုင်ကာ အထဲသို့ ဝင်သွားသည်။
အာလန်လည်း သက်ပြင်းချပြီး ကလေး၏ လှပသော နဖူးလေးကို နမ်းလိုက်၏။
ထို့နောက် လှေကားမှ ဆင်းနေစဉ် ရုတ်တရက် ဗိုင်းကောင့် လိုတဲရှု၏ အခန်းထဲမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
လန့်သွားသော အာလန်လည်း ကလေးကို ပွေ့ချီကာ လှေကားပေါ်သို့ ပြန်တက်ပြီး ဗိုင်းကောင့် လိုတဲရှု၏ အခန်းထဲသို့ ဝင်သွား၏။
“အဖေ။”
ဗိုင်းကောင့် လိုတဲရှုက သတင်းစာကိုကိုင်ကာ တစ်ကိုယ်လုံး တုန်ယင်နေသည်။
“အဖေ။ အဆင်ပြေရဲ့လား။”
အာလန်က ကလေးကို ရီဗယ်တီ၏လက်ထဲသို့ အတင်းထည့်ပေးပြီးနောက် ဗိုင်းကောင့် လိုတဲရှုအနားသို့ သွားလိုက်သည်။
“အဖေ။ သတိရှိသေးရဲ့လား။”
“ဒီကောင်စုတ်။ ဖအေကို သတိရှိသေးရဲ့လားလို့ မေးရသလား။”
ဗိုင်းကောင့် လိုတဲရှု အကောင်းအတိုင်း ရှိနေသည်ကို မြင်ရမှ အာလန်လည်း စိတ်အေးသွားကာ ကလေးကို ပြန်ချီလိုက်သည်။
“ဘာဖြစ်လို့လဲ။ ဝက်သတ်သံကြီး ကြားလိုက်ရသလိုပဲ။”
ဗိုင်းကောင့် လိုတဲရှုက ရှူးရှူးရှားရှားနှင့် သတင်းစာကို သားဖြစ်သူထံ ပစ်ပေါက်ခဲ့သည်။
သတင်းစာက အာလန်၏ ပုခုံးကိုထိကာ ပြုတ်ကျသွား၏။
အာလန်လည်း သတင်းစာကို စားပွဲပေါ်တွင်တင်ကာ လက်တစ်ဖက်တည်းဖြင့် လှန်ကြည့်လိုက်သည်။
ဘယ်လို အကြောင်းအရာကိုမြင်လို့ ဒီလောက်တောင် ဒေါသထွက်နေရတာပါလိမ့်။
ထူးထူးခြားခြား ဘာမှမရှိပေ။
နာမည်ကြီး မုန့်ဆိုင်၊ အထည်ဆိုင်၊ ဒီဇိုင်နာများအကြောင်း၊ လူမှုရေးလောက၏ ကြယ်ပွင့်အသစ်များ ဖြစ်လာသော လော့ဒ် ဘာရ်ရာနှင့် လေဒီ ဟေလီ၊ ဘယ်အိမ်တော်က ကောလာဟလ စသည်ဖြင့်…… ပုံမှန်အတိုင်းပင်။
“ဟင်။”
သို့သော် အပိုင်းတစ်ခုအရောက်တွင် အာလန်၏ အကြည့်များ ရပ်တန့်သွားတော့သည်။
ဧကရာဇ် ဆိုဗီရ်ရှု ကယ်တင်လာခဲ့သော သာမန်လူတန်းစား ချစ်သူတွင် မိဘနှစ်စုံ ပေါ်ပေါက်လာသည်ဟူသော သတင်းပင်။
သူတို့က ချစ်သူ၏ မိဘအရင်းများ ဖြစ်သည်ဟု အခိုင်အမာ ပြောဆိုနေကြကာ နှစ်စုံစလုံးက မှူးမတ်အနွယ်တော်များ ဖြစ်သည်ဟုဆို၏။
“မှူးမတ်အနွယ်တော် မိဘတွေပေါ့လေ။”
အာလန် အံ့ဩတကြီး ရေရွတ်လိုက်သည်။
ထိုသတင်းက ကျိန်းသေပေါက် ရက်ရှ်တာအကြောင်းပင်။
မှူးမတ်အနွယ်တော်မိဘတွေတဲ့လား။
သူ ကြောင်နေစဉ်မှာပင် ဗိုင်းကောင့် လိုတဲရှုက စောင်ကို ကန်ထုတ်ကာ ခုန်ထလိုက်တော့သည်။
“အဓိပ္ပာယ်မရှိတာ။ အဲ့ဒီကလေးမှာ မှူးမတ်အနွယ်တော်မိဘတဲ့လား။”
အာလန်က ဗိုင်းကောင့် လိုတဲရှုကို မေးလိုက်သည်။
“အဖေက ရက်ရှ်တာရဲ့ မိဘတွေကို ဘယ်သူမှန်းသိလို့လား။”
“သိတာပေါ့။ အဲ့ဒီကလေးရဲ့ မိဘတွေက လူလိမ်တွေကွ။ ဆဲတဲ့စကားအနေနဲ့ ပြောတာမဟုတ်ဘူး၊ တကယ် လိမ်စားကြတဲ့သူတွေ။”
ဗိုင်းကောင့် လိုတဲရှု ဒေါသတကြီးနှင့် ထလိုက်သည်။
“အဖေ၊ အခုအထိ ထလို့ မဖြစ်သေးဘူးလေ။”
ရီဗယ်တီက အလန့်တကြား တားဆီးသော်လည်း သူက ခေါင်းလောင်းတီးကာ အစေခံကိုခေါ်ပြီး အမိန့်ပေးလိုက်သည်။
“ငါ့အဝတ်အစားတွေ ယူလာခဲ့။ နန်းတော်ကို သွားမှဖြစ်မယ်။”
“အဖေ။”
“မှူးမတ်အနွယ်တော်မိဘတဲ့လား။ အဓိပ္ပာယ်မရှိတာ။ ဘယ်က လူလိမ်တွေ ရောက်လာတာလဲမသိဘူး။ ဒါမှမဟုတ် အဲ့ဒီမိန်းမက မိဘအတုတွေ ဖန်တီးလိုက်တာများလား။”
အာန် ရှိနေသရွေ့ ဗိုင်းကောင့် လိုတဲရှုက ရက်ရှ်တာကို ဆက်လက် ခြိမ်းခြောက်နိုင်မည်သာ။
သို့သော် ဗိုင်းကောင့် လိုတဲရှုက သူ ဝယ်ယူထားသော ရွှေတွင်းကို အခြားသူများနှင့် ခွဲဝေစားသောက်ရန် အစီအစဉ်မရှိပေ။
နားတစ်ဖက် အပဲ့ခံပြီး ကာကွယ်ထားရတဲ့ ရွှေတွင်းကို၊ ဘယ်ကောင်တွေက လာပြီး ပုဆိန်နဲ့ ပေါက်ချင်နေကြတာလဲ။
ဒေါသက နာကျင်မှုကို ကျော်လွန်သွားသည်။
သို့သော် သူ နန်းတော်သို့ရောက်တော့ ရက်ရှ်တာက အခန်းထဲတွင် ရှိမနေခဲ့ပေ။
~~~~
ထိုအချိန်တွင်။
ရက်ရှ်တာက ဆိုဗီရ်ရှုနှင့်အတူ အနောက်ဘက်မျှော်စင်တွင် ရှိနေခဲ့သည်။
ဘေးပတ်ဝန်းကျင်တွင် စပ်စုတတ်သော မှူးမတ်အချို့နှင့် သတင်းထောက် နှစ်ဦးလည်း ရှိနေ၏။
“ဒီလူတွေက မင်းရဲ့ မိဘတွေလို့ ပြောနေတဲ့သူတွေပဲ၊ ရက်ရှ်တာ။”
ဆိုဗီရ်ရှုက ရက်ရှ်တာကို ခေါ်သွားပြီး ဇနီးမောင်နှံ တစ်စုံစီကို ပြသခဲ့သည်။
ရက်ရှ်တာက သူတို့နှင့် စကားအနည်းငယ်စီ အသေအချာ ပြောဆိုခဲ့၏။
ဆိုဗီရ်ရှုက ထိုပုံစံကို တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့သည်။
ဘလူးဘိုဟဲယန်းမှ လာသော မှူးမတ်အနွယ်တော် ဇနီးမောင်နှံက ရက်ရှ်တာ၏ မိဘအရင်း ဟုတ်၊ မဟုတ်ကို ဆိုဗီရ်ရှုလည်း မသိပေ။
စစ်ဆေးမှုအရ သူတို့တွင် ရက်ရှ်တာကို သမီးအရင်းဟု ထင်မှတ်စရာ အချက်အလက်အချို့ ရှိနေခဲ့သည်။
သံအမတ် ရင်ဂါကလည်း ဤအချက်ကို ကြိုတင်စစ်ဆေးနေခဲ့သဖြင့် ဇနီးမောင်နှံ သူ့ထံ လာရောက်ပြီးနောက် ရက်ပိုင်းမျှကြာမှ အစီရင်ခံခဲ့ခြင်း ဖြစ်၏။
သို့သော် သူတို့ကို မိဘအရင်းအဖြစ် အတည်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ဘယ်ရွန် လန့်ထ် ခေါ်လာသော လူများကမူ သူတို့က အတုဖြစ်ကြောင်း ဝန်ခံလာပေလိမ့်မည်။
နှစ်စုံစလုံး မိဘမဟုတ်ဘူးဟု ကောက်ချက်ထွက်လာပါကလည်း၊ နောက်ထပ် မိဘအသစ်များကို ထပ်ခေါ်လာရုံသာ……
ဤကိစ္စက သတင်းစာထဲတွင် ပါသွားပြီဖြစ်၍၊ ရက်ရှ်တာ၏ သတင်းကို သတင်းစာတွင်မြင်ပြီး လာသည်ဟု ပြောလိုက်လျှင် ဖြစ်ပေသည်……
“အား…”
ထိုစဉ် ဆိုဗီရ်ရှု၏ နားထဲသို့ ရက်ရှ်တာ၏ ညည်းတွားသံ ရောက်လာသည်။
ဆိုဗီရ်ရှု အတွေးများကို ရပ်တန့်ကာ ရက်ရှ်တာကို ကြည့်လိုက်၏။
ရက်ရှ်တာက ဘလူးဘိုဟဲယန်းမှ မှူးမတ်အနွယ်တော်ဇနီးမောင်နှံ၏ တံခါးရှေ့တွင် ရပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့သည်။
“ကျွန်မရဲ့မိဘတွေ အမှန်ပဲထင်ပါတယ်။”
ဘလူးဘိုဟဲယန်းမှ လာသည်ဆိုသော မှူးမတ်အနွယ်တော်ဇနီးမောင်နှံကလည်း အတူတူ ငိုကြွေးနေကြ၏။
“သမီးလေး ပျောက်သွားပြီးတော့ ဘယ်လောက်တောင်ကြာအောင် ရှာနေခဲ့ရမှန်း မသိပါဘူး။”
“အဲ့ဒီအချိန်အတွင်းမှာ ဘယ်လောက်တောင် ဒုက္ခရောက်ခဲ့ရမလဲ။”
အင်မတန် စိတ်လှုပ်ရှားစရာကောင်းသော ဆုံစည်းမှုပင်။
သတင်းထောက်များက မှတ်စုစာအုပ်ပေါ်တွင် လက်ကို အလျင်အမြန် လှုပ်ရှားနေကြ၏။
ခံစားချက် ထိရှလွယ်သော မှူးမတ်အချို့ ရှိုက်ငိုနေကြသည်ကိုလည်း မြင်ရသည်။
သွေးသားတော်စပ်မှု စစ်ဆေးရန် အကြံပေးသည့်မှူးမတ် တစ်ဦးမျှမရှိခဲ့ပေ။
သွေးသားတော်စပ်မှုစစ်ဆေးခြင်းက မှူးမတ်များသာမက သာမန်လူတန်းစားများကြားတွင်ပါ အရှက်ရစရာကိစ္စအဖြစ် သတ်မှတ်ထားသောကြောင့်ပင်။
မလွှဲမရှောင်သာ လိုအပ်သော အခြေအနေမျိုး မဟုတ်ပါက သွေးသားစစ်ဆေးခြင်းကို အသုံးမပြုကြဘဲ ယခုလည်း ထိုနည်းတူသာ။
ရက်ရှ်တာနှင့် ဇနီးမောင်နှံ၏ အဆိုက ဆန့်ကျင်ဘက်ဖြစ်နေမှသာ စစ်ဆေးရမည်ဖြစ်သော်လည်း၊ နှစ်ဖက်စလုံးက မိဘနှင့် သားသမီးဖြစ်သည်ဟု အခိုင်အမာ ပြောဆိုနေကြသဖြင့် အတင်းအကျပ် လုပ်ဆောင်၍ မရချေ။
ခေတ္တ တွေ့ဆုံမှုပြီးသွားသည့်နောက် ဆိုဗီရ်ရှု၏ အမိန့်ကို ကြားလိုက်ရသော ထောင်စောင့်က ဘလူးဘိုဟဲယန်း ဇနီးမောင်နှံ အကျဉ်းကျနေသော အခန်းတံခါးကို ဖွင့်ပေးခဲ့သည်။
ဇနီးမောင်နှံက ထွက်လာသည်နှင့် တစ်ပြိုင်နက် ရက်ရှ်တာကို ထပ်မံ၍ ပွေ့ဖက်ကာ ငိုကြွေးကြပြန်၏။
ဆိုဗီရ်ရှုက သူတို့ စိတ်ငြိမ်သွားသည်အထိ ခေတ္တစောင့်ဆိုင်းပြီးမှ၊ အသံနှိမ့်ကာ သတိပေးလိုက်သည်။
“အကယ်၍ မောင်မင်းတို့ ဇနီးမောင်နှံက လူလိမ်တွေ ဖြစ်နေမယ်ဆိုရင်၊ ကွပ်မျက်စင်ပေါ်မှာ ခေါင်းပြတ်သွားမယ်ဆိုတာ မှတ်ထား။”
ဘလူးဘိုဟဲယန်း ဇနီးမောင်နှံက ကြောက်လန့်သွားဟန်ရှိသော်လည်း၊ သဘာဝကျကျပင် ခေါင်းညိတ်ဝန်ခံခဲ့ကြသည်။
ရက်ရှ်တာက သူတို့နှစ်ဦးကိုခေါ်ကာ မိမိ၏ အခန်းသို့ သွားခဲ့၏။
မြို့စားမင်း အယ်ရ်ဂီ ကြိုတင်အကြံပေးထားသလိုပင်၊ သူတို့ကို မိဘအရင်းများလို ဆက်ဆံပေးရန် ရည်ရွယ်ထားသည်။
အနည်းဆုံး ခေတ္တခဏပေါ့။
သို့သော် အခန်းရှေ့ စင်္ကြံလမ်းအရောက်တွင် တွေ့ရသည်ကိုဝမ်းမသာနိုင်သော လူက ဧည့်ခန်းထဲမှနေ၍ သူ့ကို စောင့်ကြိုနေလေသည်။
ဗိုင်းကောင့် လိုတဲရှုပင်။
ရက်ရှ်တာက သူ့ကို မြင်လိုက်ရသဖြင့် ထိတ်လန့်သွားသော်လည်း ရဲရဲတင်းတင်းပင် မေးလိုက်သည်။
“ဘာကိစ္စရှိလို့လဲ။”
“နင့်ရဲ့ အုပ်ထိန်းသူအနေနဲ့ လာတာပေါ့။ ဘာကိစ္စရှိရမှာလဲ။”
“ကျွန်မရဲ့ အုပ်ထိန်းသူတဲ့လား။ ဗိုင်းကောင့်က ဘာလို့ ကျွန်မရဲ့ အုပ်ထိန်းသူ ဖြစ်ရမှာလဲ။”
ရက်ရှ်တာက တည်ငြိမ်စွာ ပြန်မေးပြီးနောက်၊ သူ၏ မိဘအသစ်များကို ပြရင်း ပြောလိုက်သည်။
“ကျွန်မရဲ့ အုပ်ထိန်းသူတွေက ဒီပုဂ္ဂိုလ်တွေပါ။”
“အုပ်ထိန်းသူ။ ဟို သတင်းစာထဲမှာပါတဲ့ လူတွေလား။ မင်းရဲ့ မိဘတွေလို့ ပြောနေတဲ့သူတွေ။”
“ပြောနေရုံတင်မဟုတ်ဘဲ တကယ်ပါ။”
ဗိုင်းကောင့် လိုတဲရှု ဒေါသထွက်ကာ အော်ဟစ်ပေါက်ကွဲတော့သည်။
“ဟင့်အင်း၊ သူတို့က လူလိမ်တွေပဲ။”
ဆောက်တည်ရာမရဖြစ်နေသော သူ၏ပုံစံကြောင့် ရက်ရှ်တာ ခံစားချက်ကောင်းသွားရ၏။
ဗိုင်းကောင့် လိုတဲရှုကို ရည်ရွယ်ပြီး လုပ်ခဲ့ခြင်းမဟုတ်သော်လည်း သူ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေသည်ကို မြင်ရသည်က ကြည်နူးစရာပင်။
“ကျွန်မမိဘတွေကို လူလိမ်တွေတဲ့လား။”
ရက်ရှ်တာ ပြတ်သားစွာ အော်ဟစ်လိုက်ရာ ဗိုင်းကောင့် လိုတဲရှု ပို၍ပင် ဒေါသထွက်သွားသည်။
“မိဘတွေ ဟုတ်လား။”
သို့သော် ရက်ရှ်တာက ဆက်လက် မတုံ့ပြန်တော့ဘဲ ဘလူးဘိုဟဲယန်း ဇနီးမောင်နှံကို ခေါ်ကာ အခန်းထဲသို့ ဝင်သွားတော့သည်။
“ဗိုင်းကောင့်ကို ဒီလောက်နဲ့ ပြန်ခိုင်းလိုက်တော့။”
တံခါးပိတ်လိုက်သည်နှင့် ဘလူးဘိုဟဲယန်း ဇနီးမောင်နှံအနက်မှ ‘မာရှာ’ ဆိုသူ အမျိုးသမီးကြီးက မေးလာသည်။
“အဆင်ပြေပါ့မလား။”
“အဆင်ပြေပါတယ်။”
ရက်ရှ်တာက ပြတ်သားစွာ ပြောလိုက်ပြီးနောက် သူတို့ကို ဆိုဖာတွင်ထိုင်ရန် ဖိတ်ခေါ်ခဲ့သည်။
ရက်ရှ်တာက သူတို့နှင့် မျက်နှာချင်းဆိုင်တွင်ထိုင်ကာ နှစ်ဦးစလုံးကို အနည်းငယ် စိမ်းသက်စွာကြည့်ရင်း မေးလိုက်၏။
“ဒီဘက်က မာရှာ၊ ဒီဘက်က ဂီလင့်မ်ထ်…… လို့ ခေါ်တယ်နော်။”
“ဟုတ်ပါတယ်။”
“ကျုပ်တို့ကို အစစ်လို့ ပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ လေဒီ ရက်ရှ်တာ။”
သူတို့ နောက်ထပ် စကားအနည်းငယ် ထပ်မံပြောဆိုခဲ့ကြသည်။
မာရှာနှင့် ဂီလင့်မ်ထ်က အင်မတန် နူးညံ့သိမ်မွေ့သော စရိုက်ရှိကြ၏။
မြို့စားမင်း အယ်ရ်ဂီ မိတ်ဆက်ပေးထားသူများဖြစ်၍လားမသိ။
တကယ့် မိဘအရင်းများ ဖြစ်စေချင်မိလောက်သည်အထိ လူကောင်းများဖြစ်နေသည်။
စကားပြောလေလေ၊ ရက်ရှ်တာတစ်ယောက် သူတို့သာ မိမိ၏ မိဘအရင်းများ တကယ်ဖြစ်နေလျှင် ကောင်းမည်ဟု တဖြည်းဖြည်း တွေးမိလာလေပင်။
“မြို့စားမင်း အယ်ရ်ဂီဆီက ကြားပြီးပြီလား မသိပေမဲ့ ကျုပ်တို့က တကယ်ပဲ သမီးနှစ်ယောက် ပျောက်သွားခဲ့တာပါ။”
“တောပုန်းဓားပြအုပ်စုရဲ့ တိုက်ခိုက်မှုကိုခံရလို့ အမြန် ထွက်ပြေးခဲ့ရတာကို ကလေးတွေကို နာနီတွေက တစ်ယောက်စီ ခေါ်သွားခဲ့ကြပေမဲ့…… အဲ့ဒီနောက်မှာ ပျောက်ခြင်းမလှ ပျောက်သွားတော့တာ။”
“တစ်ချိန်လုံး သမီးတွေကို လိုက်ရှာနေခဲ့တာပါ။”
“အဲ့ဒီကာလက အတော်လေး ကြာသွားတော့၊ ပြောရမှာရှက်စရာကောင်းပေမဲ့ ပိုင်ဆိုင်သမျှ ရတနာတွေလည်း ကုန်သွားတော့တာပဲလေ။”
မာရှာနှင့် ဂီလင့်မ်ထ်က ရက်ရှ်တာ၏လက်ကို တစ်ဖက်စီ ဆုပ်ကိုင်ကာ ပြောလာကြသည်။
“ကလေးတစ်ယောက်က လေဒီ ရက်ရှ်တာနဲ့ အသက်တူတူပါပဲ။ ဒုတိယကလေးကတော့ လေဒီ ရက်ရှ်တာထက် နည်းနည်းငယ်ပါတယ်။”
“အဲ့ဒီကလေးတွေကို အခုအထိ ရှာနေတုန်းပါ။”
“ဒီတစ်ခေါက်တော့ သမီးတစ်ယောက် ထပ်တိုးလာတယ်လို့ပဲ သဘောထားပါ့မယ်။”
သူတို့အကြောင်းကို အကျဉ်းချုပ် ပြောပြပြီးနောက် ရက်ရှ်တာ့အကြောင်းကို ပြန်မေးလာကြသည်။
ဘာကြိုက်တတ်လဲ၊ ဘယ်လို နေထိုင်ခဲ့လဲ၊ လက်မှာ ဘာလို့ ဒီလောက်တောင် ဒဏ်ရာတွေ များနေရတာလဲ……
ရက်ရှ်တာက အတိတ်ကို ဝေ့ဝိုက်ပြောပြသောအခါ သူတို့က ငိုယိုကာ ဖက်ထားပေးကြ၏။
ရက်ရှ်တာလည်း လိုက်ပြီး စိတ်လှုပ်ရှားလာမိတော့သည်။
မိမိ၏ အရိုက်အရာကို ပြုပြင်ရန် ခေါ်လာသော မိဘအတုများသာ ဖြစ်သော်လည်း သူတို့၏ မေတ္တာကို ခံယူနေရသည်မှာ ကြည်နူးစရာကောင်းလှ၏။
ဗိုင်းကောင့် လိုတဲရှုလို မိမိကို အသုံးချမည့်သူများ ဖြစ်နေမည်လားဟု စိုးရိမ်ခဲ့သော်လည်း ထိုကဲ့သို့ စိုးရိမ်စရာမလိုတော့ဟု တွေးလိုက်မိသည်။
“ရက်ရှ်တာက မိဘမဲ့ပါ…… ဒါပေမဲ့ မိဘတွေသာ ရှိနေမယ်ဆိုရင် နှစ်ဦးသားလို ဖြစ်လောက်မယ်ထင်ပါတယ်။”
~~~~
ကြည်နူးနေသော ရက်ရှ်တာနှင့် မတူဘဲ၊ ဗိုင်းကောင့် လိုတဲရှုကမူ အံကြိတ်ကာ မိမိ၏အိမ်သို့ ပြန်လာခဲ့သည်။
သူက ရှူးရှူးရှားရှားနှင့် ဤကဲ့သို့ အေးစက်စွာ ဆက်ဆံခံရမှုကို လုံးဝ အလွတ်မပေးဟု ကြိမ်းဝါးနေ၏။
မိမိကမူ သူ့ကြောင့် လူရမ်းကားထံတွင် အမိခံကာ နားတစ်ဖက်ပင် ပဲ့ခဲ့ရသည်။
သို့တိုင်အောင် သူက မိဘအတုများကို အပါးတွင်ထားကာ အဆင့်အတန်းအရိုက်အရာကိုပါ ပြုပြင်ပြီး ပျော်မြူးနေသတဲ့လား။
ထိုပုံစံက အင်မတန် ရွံစရာကောင်းကာ မနှစ်မြို့ဖွယ်ပင်။
အခုတောင် ဤသို့ဖြစ်နေလျှင် နောက်ပိုင်း ဧကရာဇ်၏ကလေးသာ မွေးလာပါက မည်မျှအထိ အာဏာပြဦးမည်နည်း။
“အရင်ဆုံး မာန်ကိုချိုးထားမှဖြစ်မယ်။ ထိန်းကြိုးတပ်ဖို့ အချိန်တန်ပြီ။”
~~~~
တစ်ဖက်တွင်လည်း ထိုအချိန်၌။
ခိုရှာရ်က အနောက်ဘုရင့်တိုင်းပြည်၏ မြို့တော်သို့ ရောက်ရှိကာ နန်းတော်တံခါးကို ဖြတ်ကျော်နေချေပြီ။
ခိုရှာရ်ကို ဤနေရာအထိ လမ်းပြလာသော ဓားပြပုံစံနှင့်လူက ရက်ပိုင်းအတွင်း ခိုရှာရ်အပေါ် အလွန် စွဲလမ်းသွားကာ အမျိုးမျိုးသော အကြောင်းအရာများကို မြိန်ရေယှက်ရေ ပြောပြနေခဲ့သည်။
ကောလာဟလများအရ ခိုရှာရ်က အင်မတန် ဆိုးသွမ်းသော လူရမ်းကားဟု ဆိုသော်လည်း အတူနေကြည့်သောအခါ ထိုမျှအထိ မဟုတ်ကြောင်း သိလာရသောကြောင့်ပင်။
ကျိန်းသေပေါက် လူကောင်းမဟုတ်သလို၊ ဒေါသကြီးသော စရိုက်လည်းရှိသည်။
စိတ်ထားကောင်းသူတော့ မဟုတ်ပေ။
သို့သော် ကောလာဟလထဲကလောက် လူမိုက်ဟုတ်မနေပြန်။
အားလုံးထက်ပို၍ ဓားကိုင်သော စစ်သည်တော်တစ်ဦးအနေဖြင့် ထိုလူက ခိုရှာရ်၏ အရည်အချင်းကို အလွန် အထင်ကြီးသွားခဲ့သည်။
အဓိကအချက်မှာ လုံခြုံရေး ညံ့ဖျင်းသော နယ်စပ်အနီးသို့ ဖြတ်သန်းစဉ် ဓားပြများနှင့် တွေ့ဆုံခဲ့စဉ်ကဖြစ်၏။
ခိုရှာရ်က ဓားပြဆယ်ယောက်ကို တစ်ကိုယ်တည်းဖြင့် အေးအေးဆေးဆေး နှိမ်နင်းလိုက်သည်ကို မြင်ပြီးနောက် ထိုလူက ခိုရှာရ်အပေါ် လုံးဝ အညံ့ခံသွားတော့သည်။
သူ့မျက်လုံးထဲတွင် ခိုရှာရ်က သူရဲကောင်းဝတ္ထုထဲမှ ဆွဲဆောင်မှုရှိသော ဗီလိန်နှင့် တူနေ၏။
“ကျွန်တော်သာ မိန်းမဆိုရင် ကျိန်းသေပေါက် ဆာ ခိုရှာရ်ကို ချစ်မိမှာပါ။”
“ကျုပ်ဘက်က အခြေအနေကိုလည်း စဉ်းစားပေးဦးမှပေါ့။”
“သိပ်ကို သဘောကျသွားမှာပဲပေါ့။”
“ကျုပ်ရဲ့ အခြေအနေကိုတော့ ဂရုမစိုက်ဘူးကိုး။”
“ဟာဟားဟား။ တကယ်တော့ ကျွန်တော့်မှာ ကျွန်တော်နဲ့ ချွတ်စွတ်တူတဲ့ ညီမတစ်ယောက် ရှိတယ်ဗျ။ အခုအထိ အပျိုကြီး….”
“ရောက်ပြီလား။ အာ၊ ဟိုနေရာလား။”
“ဆာ ခိုရှာရ်။ ဆာ ခိုရှာရ်။ အဲ့ဒီဘက် မဟုတ်ပါဘူး။ ပြန်လာပါဦး။”
ထိုလူက ရုတ်တရက် မိဖုရားနန်းဆောင်ဘက်သို့ ပြေးသွားသော ခိုရှာရ်ကို အနိုင်နိုင်ပြန်ဖမ်းကာ ကြိုတင်ချိန်းဆိုထားသော နေရာသို့ ခေါ်သွားခဲ့သည်။
အံ့သြစရာကောင်းသည်က ထိုနေရာတွင် သူ၏ အရှင်သခင် ပထမမြောက် ဟိုင်န်ရီက ကြိုတင်ရောက်ရှိနေခြင်းပင်။
မြို့တော်တံခါးကို ဖြတ်ကျော်စဉ်ကတည်းက စာပို့ငှက် လွှတ်လိုက်သော်လည်း၊ ဤမျှအထိ ကြိုရောက်နေလိမ့်မည်ဟု ထင်မထားသဖြင့် ထိုလူလည်း အလွန်အံ့အားသင့်သွားရ၏။
တကယ်ပဲ သူ၏အရှင်သခင်က ဘာကြောင့် ခိုရှာရ် ရီလ်ဒါ ထရိုဗီကို ဤမျှအထိ တွေ့ချင်ရခြင်းဖြစ်မည်နည်း။
~~~~
Miel’s Translations
Morning Star website နဲ့ telegram paid group မှာ အပိုင်း ၁၈၆ အထိ ဖတ်လို့ရပါပြီ။
Telegram paid group အတွက် Miel's Translations telegram channel ကနေ ဆက်သွယ်နိုင်ပါတယ်။