no

Font
Theme

အပိုင်း ၁၀၂ (ကျုပ်တို့ကြားမှာ လျှို့ဝှက်ချက်အဖြစ်)

စာလုံးများကို ဆက်တိုက်ကြည့်နေရာမှ မျက်စိညောင်းလာသဖြင့် အခန်းထဲသို့ ခေတ္တပြန်လာခဲ့လိုက်သည်။

စိတ်အေးချမ်းမှုမရှိ၍လားမသိ၊ ယခုတလော စီရရီစာလုံးများကို ကြည့်နေလျှင် မျက်လုံးများက တဆစ်ဆစ် ကိုက်ခဲလာတတ်၏။

“အခန်းသန့်ရှင်းရေး မပြီးသေးလို့ပါ၊ ဧကရီအရှင်မ။”

“ကိစ္စမရှိဘူး။”

​ဘာလုပ်ရမှန်းမသိဖြစ်နေသော အစေခံမိန်းကလေးကို ‘ထွက်သွားလို့ရပြီ’ ဟု ပြောလိုက်ပြီးနောက် ကျွန်မ အိပ်ခန်းထဲဝင်ကာ ခုတင်ပေါ်၌ ပစ်လှဲလိုက်မိသည်။

အစေခံမိန်းကလေးက အခန်းသန့်ရှင်းရေးမပြီးသေးဘူးဟု ဆိုသော်လည်း တစ်နေ့ သုံးကြိမ်လောက် သန့်ရှင်းရေးလုပ်လေ့ရှိသည့် အခန်းအတွင်းပိုင်းကမူ အမြဲ သန့်ရှင်းနေ၏။

သို့သော် ခုတင်ကိုမှီပြီး မျက်ခွံများကို ဖိထားစဉ် ပြတင်းပေါက်ဘောင်ပေါ်မှ အပြာရောင်အမွေးလေးတစ်ခုကို တွေ့လိုက်ရသည်။

‘ဧကန္တ ဟိုင်န်ရီ စာပို့လိုက်တာများလား။’

သူ ကွီးန်အစား စာပို့ငှက်အဖြစ် အသုံးပြုလေ့ရှိသည့် အပြာရောင်ငှက်ကလေးကို သတိရသွားမိသည်။

ကျွန်မ ဒူးတရွတ်တိုက်နှင့် ပြတင်းပေါက်နားသို့ ချဉ်းကပ်သွားကာ အပြင်ကို ဝေ့ဝဲကြည့်လိုက်မိ၏။

အပြာရောင်အမွေးရှိသည့်ငှက်က ဟိုင်န်ရီ၏ငှက် တစ်ကောင်တည်း မဟုတ်နိုင်သော်လည်း ကျွန်မအခန်းဆီ ပျံလာတတ်သည့် အပြာရောင်ငှက်ဟူ၍ ယင်းတစ်ကောင်သာရှိပေသည်။

သို့ရာတွင် အပြာရောင်ငှက်လေးကို ပြတင်းပေါက်ဘောင်ပေါ်၌ရော ပြတင်းပေါက်အောက်၌ပါ မတွေ့ရပေ။

ထိုအစား ပြတင်းပေါက်အောက်ဘက် နံရံတွင် နီစွေးစွေး အစွန်းအထင်းတစ်ခု ပေကျံနေသည်ကို မြင်လိုက်ရသည်။

‘သွေးလား။’

ကျောရိုးထဲစိမ့်တက်သွားသည့် ခံစားချက်နဲ့အတူ ချက်ချင်း လက်ချောင်းလေးများကို ဆန့်ထုတ်လိုက်သော်လည်း လက်မမှီခဲ့။

ကိုယ်ကို အပြင်ဘက်သို့ကိုင်းကာ အစွမ်းကုန် ကြိုးစားလိုက်မှသာ လက်ဖျားက ထိုနီစွေးစွေးအပိုင်းကို ထိမိသွားသည်။

လက်တွင် စေးကပ်ကပ်ခံစားချက် ရလိုက်သည်နှင့် လက်မောင်းကို ပြန်ရုပ်ကာ လက်ချောင်းကို စစ်ဆေးလိုက်မိ၏။

လက်တွင် ပေကျံသွားသည့်အရာက ကျိန်းသေပေါက် သွေးပင်။

ယင်းကလည်း ယခုအထိ မခြောက်သေးသော သွေး။

‘မဟုတ်မှ……’

အပြာရောင်ငှက်ကလေးက ငါ့ဆီလာရင်းနဲ့ ဒဏ်ရာရသွားတာလား။

လွန်ခဲ့သောရက်ပိုင်းကတင် ဆိုဗီရ်ရှုက ကျွန်မအခန်းထဲသို့ ဝင်လာသည့်ငှက်မှန်သမျှကို မြားနှင့် ပစ်ချပစ်မည်ဟု သတိပေးခဲ့သည်လည်းရှိ၏။

မြားအပစ်ခံလိုက်ရတာလား။

ပြတင်းပေါက်အပြင်ဘက်သို့ ခေါင်းပြူကာ အောက်ဘက်ကို ထပ်ကြည့်လိုက်ပြန်သည်။

သို့ရာတွင် ငှက်အသေကောင်ကိုမူ မတွေ့ရပေ။

သို့သော်လည်း စိတ်မအေးနိုင်သဖြင့် ထပ်ခါထပ်ခါ အတည်ပြုရန်အတွက် အပြင်ထွက်ကာ အနောက်နန်းဆောင်၏ ဥယျာဉ်တစ်ခုလုံးကို လိုက်ရှာမိသည်။

ကျွန်မအခန်း ပြတင်းပေါက်အောက်မှစပြီး အဝေးကြီးရောက်သည်အထိ။

သို့သော်လည်း ငှက်အသေကောင်ကို မတွေ့ခဲ့ရပေ။

တိုက်ဆိုင်တာပဲလား။

တိုက်ဆိုင်မှုဟု သတ်မှတ်ရန်လည်း စိတ်ထဲတွင် မတင်မကျဖြစ်နေမိ၏။

မတော်လို့များဟူသည့်စိတ်ဖြင့် ပင်မနန်းဆောင်ဆီ ပြန်သွားချိန်တွင် ပြတင်းပေါက်ကို အကုန်ဖွင့်ထားခဲ့ကာ လော်ရာကို ကျွန်မအခန်းထဲသို့ ငှက်လေးတစ်ကောင်ကောင် ပျံဝင်လာမလားဟု စောင့်ကြည့်ပေးရန် အကူအညီတောင်းခဲ့လိုက်သည်။

ငှက်ကလေးက ဒဏ်ရာနှင့် ကျွန်မဆီ ပျံလာနိုင်သောကြောင့်ပင်။

သို့သော် အလုပ်လုပ်နေရင်းနှင့်လည်း မည်သို့မျှ အာရုံစိုက်၍မရခဲ့ပေ။

“အရမ်းပင်ပန်းနေတဲ့ပုံပါပဲ၊ ဧကရီအရှင်မ။”

နောက်ဆုံးတွင် မကြည့်ရက်တော့သည့် ကိုယ်ရေးအရာရှိက ကျွန်မကို အနားယူရန် တိုက်တွန်းလာသည်။

ဧကရီတစ်ပါးအနေနှင့် မဖြစ်မနေလုပ်ရမည့် အလုပ်များအားလုံး ပြီးသွားပြီဖြစ်တာ​ရာ သူ၏အကြံပြုချက်ကို လက်ခံကာ အခန်းသို့ မြန်မြန်ပြန်လာခဲ့လိုက်၏။

“လေဒီ လော်ရာ၊ ငှက်လေး ပျံလာသေးလား။”

အခန်းထဲရောက်သည်နှင့် ချက်ချင်းမေးလိုက်သော်လည်း လော်ရာက ငှက်လေးရောက်မလာပါဘူးဟုသာ ဖြေခဲ့သည်။

“မလာပါဘူးရှင့်။ ပြတင်းပေါက်နားမှာ တောက်လျှောက်ထိုင်နေပေမဲ့ ဘာငှက်မှ ပျံမလာပါဘူး။”

ငါပဲ တအား အထိမခံဖြစ်နေမိတာလား။

လော်ရာ ထွက်သွားပြီးသည့်နောက် သူထိုင်ခဲ့သည့် ထိုင်ခုံ၌သာ ဝင်ထိုင်ကာ အပြင်သို့ ငေးကြည့်နေမိသည်။

ဤအတိုင်း ကြည့်မည်ဆိုလျှင် အပြင်ဘက်မှ မြားကိုင်ထားသူများကို မတွေ့ရပေ။

သို့သော် ယင်းက အပေါ်ယံသာ ဖြစ်ပေလိမ့်မည်။

ဆိုဗီရ်ရှု၏ လက်ဖြောင့်တပ်သားများက ကိုယ်ဖျောက်ကာ ဤဘက်သို့ စောင့်ကြည့်နေကြပေလိမ့်မည်။

ထိုသို့ဖြင့် အခန်းအပြင်ဘက်သို့ စိုက်ကြည့်နေစဉ် ဧည့်ခန်းအပြင်ဘက်မှ ရုတ်ရုတ်သဲသဲ အသံအချို့ ကြားလိုက်ရသည်။

ပြတင်းပေါက်ကိုပိတ်ကာ အပြင်ထွက်ကြည့်လိုက်တော့ ဆိုဗီရ်ရှု၏ အစေခံက အစားအသောက်လှည်း၏ လက်ကိုင်ကို ကိုင်ထားကြောင်း တွေ့လိုက်ရ၏။

အစားအသောက်လှည်းပေါ်တွင် ကြီးမားဝိုင်းစက်သည့် ပန်းကန်ပြားကြီးတစ်ခုရှိနေကာ ယင်းအပေါ်တွင် ပြောင်လက်သော ငွေရောင်အဖုံးတစ်ခု အုပ်ထားသည်။

နယ်စားကတော်ကြီး အယ်လီဇာနှင့် လော်ရာကလည်း ဘေး၌ရပ်နေကြ၏။

“ဘာကိစ္စများလဲ။”

ကျွန်မ မေးလိုက်တော့ နယ်စားကတော်ကြီးထက် တစ်လှမ်းဦးအောင် ဆိုဗီရ်ရှု၏အစေခံက အလျင်အမြန် လျှောက်တင်လာသည်။

“အရှင်ဧကရာဇ်က ဧကရီအရှင်မဆီ ဒီဟင်းလျာ ပို့ခိုင်းလိုက်လို့ပါ။”

“ဟင်းလျာ။”

ရုတ်တရက်ကြီး ဟင်းလျာကို ဘာလို့……

ကျွန်မ ဇဝေဇဝါဖြစ်နေစဉ် ဆိုဗီရ်ရှု၏အစေခံက ပြုံးဖြီးဖြီးနှင့် ပန်းကန်ကို အုပ်ထားသည့် အဖုံးကို ချက်ချင်း ဖွင့်ပြခဲ့သည်။

“ဒီဟာပါခင်ဗျ။”

ပန်းကန်ထဲတွင် ရှိနေသည်က ငှက်ကင်တစ်ကောင်ပင်။

အဖုံးဖွင့်လိုက်သည်နှင့် ဟင်းခတ်အမွှေးအကြိုင်နံ့များ ပျံ့လွင့်လာသည်။

“ဝါး။ အရသာရှိမှာပဲ။”

လော်ရာ လက်ခုပ်တီးပြီး ဝမ်းသာအားရအော်လိုက်သည့်အသံကို ကြားလိုက်ရ၏။

သို့သော် ကျွန်မကမူ ဘာကိုမျှ မတွေးနိုင်တော့။

မျက်လုံးထဲတွင် ငှက်ကင်ကို အလှဆင်ထားသည့် အပြာရောင်အမွေးလေးများကိုသာ မြင်နေရတော့သည်။

“……”

“ဧကရီအရှင်မ။”

အပြာရောင်အမွှေး…… ငှက်ကင်……

ငှက်ကင်ပေါ်၌ သုတ်လိမ်းထားသည့် ရွှေအိုရောင်ဆီနှင့် အနီရောင်၊ အစိမ်းရောင် အသီးအနှံများက ဘယ်တုန်းကမှ ဤမျှအထိ ရွံရှာစက်ဆုပ်ဖွယ်မကောင်းခဲ့ဖူးပေ။

ပြည့်ဖြိုးသော ငှက်၏ပေါင်တံနဲ့ ကျောပြင်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ကျွန်မ ရင်ထဲမှ ပျို့တက်လာသဖြင့် ပါးစပ်ကို အမြန်ပိတ်လိုက်မိသည်။

“အု။”

“ဧကရီအရှင်မ။”

ရံရွေတော်များက ကျွန်မထံ အပြေးလာပြီး ဝိုင်းတွဲကြလေသည်။

ကျွန်မကမူ ပါးစပ်ကို လက်နှင့် အုပ်ထားမိဆဲပင်။

မျက်စိရှေ့တွင် အရာအားလုံးက ဝေဝါးကာ ချာချာလည်နေတော့သည်။

မျက်စိထဲ၌ ရွှေအိုရောင် ငှက်အသားကသာ ဝဲပျံနေသည့်အလား။

အပြာရောင်အမွေး၊ အပြာရောင်အမွေး…… ပြတင်းပေါက်အောက်မှာ ပေနေခဲ့တဲ့ သွေးနီနီတွေနဲ့ ပြတင်းပေါက်ဘောင်မှာ ညပ်နေတဲ့ အပြာရောင်အမွေးလေး……

“မဖြစ်ဘူး…… အား၊ မဖြစ်ဘူး။”

“ဧကရီအရှင်မ။”

“သမားတော်။ သမားတော် မြန်မြန်သွားခေါ်ကြစမ်း။”

အစေခံ ပြေးထွက်သွားသည့်အသံပဲဖြစ်မည်လား၊ တစ်စုံတစ်ယောက် ပြေးလွှားနေသည့်အသံ၊ ဝေးကွာသွားသည့် ခြေသံများ၊ ဒုန်းခနဲ ပိတ်လိုက်ပွင့်လိုက်ဖြစ်နေသည့် တံခါးသံများက ပွက်လောရိုက်နေသော ပါတီပွဲတစ်ခုမှ ကကွက်များလို နားထဲတွင် ရစ်ဝဲနေတော့သည်။

တစ်စုံတစ်ယောက်က ကျွန်မကို ဖမ်းတွဲပြီး ကျောကို ပုတ်ပေးနေသော်လည်း ခန္ဓာကိုယ်ထဲမှ ဝိညာဉ်က တစ်ဝက်လောက် လွင့်ထွက်သွားသလို ခံစားချက်များက ဝေးကွာသွားတော့၏။

~~~~

‘ငှက်လား။’

တောင်နန်းဆောင်သို့ သွားနေသော ရက်ရှ်တာတစ်ယောက် မျက်လုံးလေးဝိုင်းစက်သွားကာ မြက်ခင်းပြင်ပေါ်တွင် လဲကျနေသည့် ငှက်ကလေးကို စိုက်ကြည့်နေမိသည်။

ငှက်၏ကိုယ်ပေါ်တွင် မြားတံအကြီးကြီးတစ်ခု စိုက်ဝင်နေ၏။

‘တစ်ယောက်ယောက်က ဒီမှာ အမဲလိုက်နေတာများလား။’

ရက်ရှ်တာလည်း မကြာသေးခင်ကမှ သူ့ဆီသို့ ရောက်လာသော ကျင့်ဝတ်ထုံးတမ်းဆရာ၏ ‘နန်းတော်ထဲမှာ အမဲလိုက်တာကို တားမြစ်ထားတယ်’ ဟူသော ပြောစကားကို ပြန်သတိရကာ မျက်မှောင်ကြုတ်လိုက်မိသည်။

ကျွန်ဖြစ်ဖြစ်၊ သာမန်လူဖြစ်ဖြစ်၊ မှူးမတ်ဖြစ်ဖြစ် မလုပ်နဲ့ဆိုတာကို လုပ်ကြတာကတော့ အတူတူပါပဲလား။

ရက်ရှ်တာ အဓိပ္ပာယ်မရှိတာဟုတွေးရင်း ငှက်ကလေးအနားသို့ အသာလေး တိုးသွားကြည့်လိုက်၏။

“သနားစရာလေး။”

ငှက်များကို သိပ်စိတ်မဝင်စားသော်လည်း ဤမျှအထိ လှပသော အပြာရောင်အမွေးရှိသည့် ငှက်ကိုမူ တစ်ခါမျှ မမြင်ဖူးသဖြင့် နှမြောမိသွားသည်။

‘ဒီလိုငှက်မျိုးကို ရွှေရောင်ငှက်လှောင်အိမ်ထဲမှာ ထည့်ပြီး မွေးထားမယ်ဆိုရင် တကယ့် မှူးမတ်အနွယ်တော်ပုံပေါက်မှာပဲ။’

မြို့စားမင်း အယ်ရ်ဂီလိုမျိုးပေါ့……

‘ဟင်။’

ရက်ရှ်တာ “အာ” ဟု အံ့ဩတကြီးရေရွတ်သံလေး ထွက်သွားမိသည်။

ဤငှက်ကိုကြည့်ပြီး ‘မွေးထားရင် မှူးမတ်နဲ့တူမယ်’ ဟု တွေးမိရသည့်အကြောင်းရင်းမှာ သူက ဤအပြာရောင်ငှက်ကို မြင်ဖူးနေသောကြောင့်ပင်။

ယခင်က မြို့စားမင်း အယ်ရ်ဂီ ဤသို့သောငှက်ကလေးနှင့် အတူရှိနေခဲ့သည်ကို တွေ့ဖူး၏။

‘အဲ့ဒီလိုဆိုမှ အဲ့ဒီတုန်းကငှက်လေးနဲ့ တူလိုက်တာ။’

ရက်ရှ်တာက ခေါင်းကို ဟိုဘက်ဒီဘက် ငဲ့စောင်းကာ ငှက်အနားသို့ နောက်တစ်လှမ်း ထပ်တိုးကြည့်လိုက်ရာ ငှက်ကလေးက မျက်လုံးဖွင့်ပြီး တကျိကျိနှင့် သနားစရာကောင်းအောင် အော်လေသဖြင့် လန့်သွားမိတော့သည်။

ငှက်လေးက အသက်ရှင်နေသေးတာပဲ။

ထို့အပြင် ငှက်၏ခြေထောက်တွင် စာလိပ်သေးသေးလေးတစ်ခု ချည်ထားသည်ကို တွေ့လိုက်ရ၏။

‘ဧကန္တ မြို့စားမင်း အယ်ရ်ဂီ စာပို့ငှက်အဖြစ်သုံးတဲ့ ငှက်များလား။’

ရက်ရှ်တာက တွေဝေတုံ့ဆိုင်းနေသော်လည်း လက်ချောင်းလေးများကို ဆန့်ထုတ်ကာ စာလေးကို အသာဆွဲထုတ်လိုက်သည်။

ဒါက မြို့စားမင်း အယ်ရ်ဂီရဲ့ စာပို့ငှက်ဆိုရင်တော့ စာကို ပို့ပေးရမှာပေါ့။

ရက်ရှ်တာက စာကိုကိုင်ကာ မြို့စားမင်း အယ်ရ်ဂီ၏ အခန်းသို့ လျှောက်သွားရင်း အတွင်းမှ စာသားများကို ဖတ်ကြည့်လိုက်မိသည်။

-မင်းမှာ ဘာကိစ္စတွေဖြစ်နေတာလဲ၊ အဲ့ဒီကိစ္စက ဧကန္တ ပင်ပန်းရတဲ့ကိစ္စများလားလို့ တွေးရုံနဲ့တင် ရင်ထဲမှာ ကြေကွဲရပါတယ်။

-မင်းရဲ့ နာကျင်မှုတွေကို ဝေမျှပေးမယ်ဆိုရင် မင်းအတွက် မက်ကန်နာက အကြံဉာဏ်တွေ ထုတ်ပေးမှာပါ။

အရေးကြီးတဲ့ အကြောင်းအရာတော့မဟုတ်တဲ့ပုံကို…… ပြောရမယ်ဆိုရင် ချစ်သူဆီပို့တဲ့စာလိုပဲ။

‘မြို့စားမင်း အယ်ရ်ဂီရဲ့ ရည်းစားက ပို့လိုက်တာများလား။’

ရက်ရှ်တာက ဇဝေဇဝါဖြစ်နေသော်လည်း မြို့စားမင်း အယ်ရ်ဂီ၏အခန်းသို့သွားကာ စာကို ပေးလိုက်သည်။

“ဘာများလဲ၊ မိန်းကလေး။”

“လမ်းမှာ တွေ့လာလို့ပါ။”

“ရား။ အခု စကားက ရင်ခုန်စရာကြီးပါလား။”

မြို့စားမင်း အယ်ရ်ဂီက ရက်ရှ်တာ နောက်နေသည်ဟု ထင်နေပုံရကာ ပြုံးပြုံးရွှင်ရွှင်နှင့် စာကို ယူဖတ်လိုက်ရာမှ ဆတ်ခနဲတွန့်သွားသည်။

ထို့နောက် ရက်ရှ်တာကိုကြည့်ကာ မေးလိုက်၏။

“ဒါကို ဘယ်မှာ တွေ့လာတာလဲ။”

“အပြာရောင်ငှက်ရဲ့ ခြေထောက်မှာ ချည်ထားတာပါ။”

မြို့စားမင်း အယ်ရ်ဂီ မျက်နှာပျက်သွားသည်ကို မြင်လိုက်ရသဖြင့် ဤငှက်က မြို့စားမင်း၏ ငှက်မှန်း ရက်ရှ်တာ သေချာသွားတော့သည်။

“ငှက်ကရော။”

“မြားအပစ်ခံရပြီး ဟိုဘက် မြေပြင်ပေါ်မှာ……”

မြို့စားမင်း အယ်ရ်ဂီတစ်ယောက် ရက်ရှ်တာ စကားမဆုံးမီ ဝုန်းခနဲ ထရပ်မိတော့၏။

ထို့နောက် ရက်ရှ်တာကို ထားခဲ့ကာ ကမန်းကတန်း ပြေးထွက်သွားရာမှ ခေတ္တအကြာတွင် ဒဏ်ရာရနေသည့် ငှက်ကလေးကို ရင်ခွင်ထဲပိုက်ပြီး ပြန်ဝင်လာသည်။

ရက်ရှ်တာ့အမြင်တွင်မူ ယခုပဲဖြစ်ဖြစ် သေတော့မည့်ငှက်လေးဖြစ်သော်လည်း သူကမူ အင်မတန် ဂရုတစိုက်ရှိလှ၏။

“မြို့စားမင်း မွေးထားတဲ့ ငှက်လေးလားဟင်။”

“အင်း။ ကျုပ်ငှက်လေ။ ကျေးဇူးပဲ။”

မြို့စားမင်း အယ်ရ်ဂီက ငှက်လေးကို ခုတင်ပေါ်တင်လိုက်ကာ စင်ပေါ်မှ အရက်ပုလင်းကိုဖွင့်ပြီး ငှက်၏ဒဏ်ရာပေါ်သို့ လောင်းချခဲ့သည်။

ငှက်လေးက နာကျင်၍ အကျယ်ကြီး အော်လိုက်သော်လည်း သူကမူ မရပ်မနား ဆက်လုပ်နေ၏။

ထို့နောက်တွင်မှ ရုတ်တရက် လုပ်ရပ်များကို ရပ်တန့်လိုက်ကာ ရက်ရှ်တာကို အားနာသလိုအသံနှင့် အကူအညီတောင်းလာသည်။

“အမ်။ ကုသနေတုန်း ဘေးမှာ တစ်ယောက်ယောက်ရှိနေရင် အာရုံစိုက်နေမိလို့။ မိန်းကလေး၊ ဒီနေ့တော့ ပြန်လိုက်ပါလား။”

“ရက်ရှ်တာ ကူညီပေးရမလားဟင်။”

“ကျေးဇူးတင်ပေမဲ့ ရတယ်။ ဪ…… ပြီးတော့ ငှက်ဆီက စာကို လာပေးတာ ကျေးဇူးတင်တယ်။ ငှက်အကြောင်း ပြောပြပေးတာကိုလည်း ကျေးဇူးပဲ။”

စကားကို အဆုံးသတ်လိုက်သည့် မြို့စားမင်း အယ်ရ်ဂီက ခေတ္တစဉ်းစားဟန်ပြုပြီးမှ မေးလာသည်။

“မိန်းကလေး။ စာကို၊ အမှန်အတိုင်းပြောရရင် ဖတ်ကြည့်လိုက်တယ် မဟုတ်လား။”

“အင်း……အဲ့ဒါကလေ……”

“ကိစ္စမရှိဘူး။ ကျုပ်လည်း ပြုတ်ကျနေတဲ့စာတွေ့ရင် အကုန် ဖတ်ကြည့်တာပဲ။”

ရက်ရှ်တာက ချစ်စရာကောင်းအောင် တဟဲဟဲ ရယ်ပြလိုက်တော့ မြို့စားမင်း အယ်ရ်ဂီက လက်ညှိုးကို နှုတ်ခမ်းနားတွင် တင်ပြီး ‘ဒါ လျှို့ဝှက်ချက်နော်’ ဟူသည့် အမူအရာနှင့် ပြောလာသည်။

“စာထဲက အကြောင်းအရာကိုတော့ လျှို့ဝှက်ထားပေး။ ဒီစာပိုင်ရှင်နဲ့ ကျုပ်က ဒီလိုပတ်သက်မှုရှိနေတာ ဘယ်သူ့ကိုမှ မသိစေချင်လို့။”

အဲ့ဒီစာပိုင်ရှင်က ဘယ်သူမို့လို့ပါလိမ့်……

ရက်ရှ်တာ ဇဝေဇဝါဖြစ်သွားသော်လည်း သိပါပြီဟုဖြေပြီး အပြင်ထွက်လာခဲ့လိုက်သည်။

ထို့နောက် သူ့အခန်းသို့ ပြန်ရောက်သည်နှင့် ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်ကိုခေါ်ပြီး မေးခဲ့၏။

“ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်။ မက်ကန်နာဆိုတဲ့လူက ဘယ်သူလဲ သိလားဟင်။”

“မက်ကန်နာလား။”

“မြို့စားမင်း အယ်ရ်ဂီနဲ့ ပတ်သက်နေတဲ့သူနဲ့ဖြစ်မဲ့ပုံပဲ။”

ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်က “မပြောတတ်ဘူးရှင့်” ဟုသာ ခေါင်ခါခဲ့ပြီး ဘယ်သူမှန်းမသိသည့်ပုံစံပေါ်နေ၏။

မက်ကန်နာက ဘယ်သူမှန်း ပြောပြပေးခဲ့သူက ရက်ရှ်တာကို အလုပ်အကျွေးပြုရန် အသစ်ရောက်လာသည့် အစေခံများအနက်မှ ဝါရင့်သူ အာရီယန်ပင်။

“မြို့စားမင်း အယ်ရ်ဂီနဲ့ ပတ်သက်တဲ့ မက်ကန်နာဆိုရင်တော့ ပထမမြောက် ဟိုင်န်ရီရဲ့ အတွင်းရေးမှူး ဖြစ်မှာပါ၊ လေဒီ ရက်ရှ်တာ။”

“ပထမမြောက် ဟိုင်န်ရီ။ တော်ဝင်မင်းသား ဟိုင်န်ရီကို ပြောတာလား။”

“ဟုတ်ပါတယ်။ ပထမမြောက် ဟိုင်န်ရီက မြို့စားမင်း အယ်ရ်ဂီနဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေမို့လို့ ပထမမြောက် ဟိုင်န်ရီရဲ့ လူယုံဖြစ်တဲ့ မက်ကန်နာကိုလည်း မြို့စားမင်း အယ်ရ်ဂီက သိနေမှာပါပဲ။”

ရက်ရှ်တာ တော်ဝင်မင်းသား ဟိုင်န်ရီ ဤနန်းတော်တွင် ရှိနေစဉ်က သူ့ကို တွေ့ခဲ့သည့်အဖြစ်ကို သတိရသွားသည်။

ထိုသို့ဆိုမှ တော်ဝင်မင်းသား ဟိုင်န်ရီ၏ အနောက်တွင် သံလိုက်လို ကပ်ပါနေတတ်သည့် အပြာရောင်ဆံပင်နှင့် လူတစ်ယောက် ရှိခဲ့ဖူးကြောင်း မှတ်မိလိုက်၏။

အဲ့ဒီလူလား။

ရက်ရှ်တာက ‘ဪ…… အဲ့ဒီလူကိုး’ ဟု တွေးနေရင်းမှ ဆတ်ခနဲတွန့်သွားပြန်သည်။

- စာထဲက အကြောင်းအရာကိုတော့ လျှို့ဝှက်ထားပေး။ ဒီစာပိုင်ရှင်နဲ့ ကျုပ်က ဒီလိုပတ်သက်မှုရှိနေတာကို ဘယ်သူမှ မသိစေချင်လို့။

မြို့စားမင်း အယ်ရ်ဂီ ပြောခဲ့သည့်စကားကို ထပ်ခါတလဲလဲ နားထဲ၌ ကြားယောင်နေရသောကြောင့်ပင်။

တဖန် အချစ်ကို တိုးတိုးတိတ်တိတ် ဖော်ပြသလိုဖြစ်နေသည့် စာထဲမှ စကားလုံးများ……

ကျိန်းသေပေါက် ရင်းနှီးသည့် သူငယ်ချင်းအချင်းချင်းကြားတွင် ပေးပို့ရမည့် စာသားမျိုးတော့ မဟုတ်ပေ။

ရက်ရှ်တာလည်း အံ့ဩမှင်တက်စွာ လက်နှစ်ဖက်ဖြင့် ပါးစပ်ကို အမြန်ပိတ်လိုက်မိတော့သည်။

~~~~

မျက်လုံးပွင့်လာ၍ မျက်နှာကြက်ကို ကြည့်နေမိသော်လည်း ကျွန်မ ဘာကြောင့် လဲလျောင်းနေရမှန်း မသိခဲ့။

ကြောင်တောင်တောင်နှင့် မျက်နှာကြက်ကို ကြည့်နေသည့်တိုင် ထူးထူးခြားခြား ဘာမှလည်း သတိမရပေ။

အင်မတန် ကြောက်စရာကောင်းသည့် အရာတစ်ခုကို မြင်လိုက်ရသည်ဟူသော အတွေးမှလွဲ၍……

မျက်လုံးများကို ပြန်မှိတ်လိုက်မိသည်။

ပင်ပန်းပြီး၊ မျက်လုံးအိမ်က အင်မတန် နာကျင်နေသလို၊ ဦးခေါင်းအနောက်ဘက်ကလည်း နာနေ၏။

သို့သော် တစ်စုံတစ်ယောက်က ကျွန်မလက်ကို မြဲမြဲဆုပ်ကိုင်ထားသဖြင့် မတတ်သာဘဲ ထိုဘက်သို့ လှည့်ကြည့်လိုက်ရသည်။

ကျွန်မလက်ကို ဆုပ်ကိုင်ထားသူက ဆိုဗီရ်ရှုပင်။

သူက အင်မတန်လန့်သွားသည့် မျက်နှာမျိုးဖြစ်နေပြီး အနက်ရောင်မျက်လုံးများကလည်း ဝိုင်းစက်လျက်ရှိနေသည်။

မျက်လုံးချင်းဆုံသွားတော့ ဆိုဗီရ်ရှုက ကျွန်မလက်ကို ပိုပြီး တင်းတင်းဆုပ်ကိုင်ရင်း မေးလာ၏။

“အဆင်ပြေရဲ့လား။”

သူ့စကားကိုကြားမှ အရာအားလုံးကို သတိရသွားတော့သည်။

အပြာရောင်ငှက်၊ ဟိုင်န်ရီ ပွေ့ပိုက်ထားခဲ့သည့် ထိုအပြာရောင်ငှက်ကလေး၊ ကျွန်မဆီကို စာများ သယ်ဆောင်လာပေးခဲ့သည့် အပြာရောင်ငှက်ကလေး၊ ကျွန်မဘေးတွင် ခေါင်းချင်းဆိုင်ကာ စာများ အတူဖတ်ခဲ့သည့် အပြာရောင်ငှက်ကလေး၊ ရေသောက်နေသည့် အပြာရောင်ငှက်ကလေး……

ထို့နောက် ပြတင်းပေါက်အောက်တွင် ပေနေခဲ့သည့် သွေးနီနီများ၊ အမွေးများ၊ ရွှေရောင်ဆီများ သုတ်လိမ်းကာ ကင်ထားသည့် ငှက်ကလေး၏ ကြီးမားသောကိုယ်ထည်။

ရင်ထဲတွင် တစ်ဖန် ပျို့တက်လာကာ လည်ချောင်းထဲမှ တစ်စုံတစ်ရာ ထိုးထွက်လာတော့မလိုပင်။

သူ့ကို တွန်းဖယ်ကာ ပျို့အန်မိတော့ ဆိုဗီရ်ရှုက အလန့်တကြား ကျွန်မပါးစပ်နားကို လက်ကမ်းပေးပြီး အော်ဟစ်လေတော့သည်။

“နန်းတွင်းသမားတော်။ နန်းတွင်းသမားတော်ကို ခေါ်လာခဲ့ကြ။”

ကျွန်မ သူ့ကို လက်တစ်ဖက်နှင့် တွန်းထုတ်ကာ တတ်နိုင်သမျှ အေးစက်စက် ပြောလိုက်မိသည်။

“မလိုပါဘူး။”

“ရုတ်တရက်ကြီး သတိလစ်သွားတာလေ။ ကောင်းကောင်းရပ်နေရင်းကနေ ရုတ်တရက်ကြီး နောက်ပြန်လဲကျသွားတာလို့။”

ဆိုဗီရ်ရှု၏စကားကို ကြားပြီးမှ ခေါင်းကိုက်နေရသည့် အကြောင်းရင်းကို သိလိုက်ရ၏။

နဖူးပေါ်တွင် တင်းကျပ်နေသည့် ခံစားချက်ကိုလည်း ခံစားလိုက်ရသည်။

ဦးခေါင်းကို ပတ်တီးစည်းထားပေးသည့်ပုံပင်။

သူက ကျွန်မကို ထပ်ပြီး ထိတွေ့ရန်ကြိုးစားခဲ့သော်လည်း ကျွန်မ လက်ကိုဆန့်ကာ သူ့ကို တွန်းထုတ်လိုက်သည်။

“ဧကရီ။ နာဗီရယ်။”

“ကျွန်မနာမည်ကို မခေါ်ဘဲ ထွက်သွားလိုက်ပါ။”

“ဧကရီ၊ ငါက……”

“ထွက်သွားပါ။”

ခေါင်းကို တစ်ဖက်သို့ ချက်ချင်း လွှဲလိုက်မိသည်။

သူ ငှက်ကို သတ်ပစ်မည်ဟု သတိပေးခဲ့သည်မှာ မှန်သော်လည်း။

ဘယ်လိုများ အဲ့ဒီငှက်လေးကို…… ကင်ပြီးတော့ ငါ့ဆီ ပို့ရက်ရတာလဲ။

ကျောရိုးတစ်လျှောက် စိမ့်တက်သွားတော့သည်။

ငှက်သား မစားဖူးတာလည်းမဟုတ်ဘဲနဲ့ ဘာလို့ ဒီလိုဖြစ်နေတာလဲဟု ပြောလျှင်လည်း မတတ်နိုင်ပေ။

လူတို့တွင် မိမိ၏အသိ သေဆုံးခြင်းနှင့် ဝေးကွာသောသူစိမ်း သေဆုံးခြင်းက ခံစားချက်ချင်း မတူသလိုပင်။

ငှက်ဖြစ်နေ၍လည်း တစ်မျိုးထူးမည်မဟုတ်ပေ။

ကျွန်မချစ်ရသည့် ငှက်ကလေးက ငှက်ကင်ဖြစ်ပြီး ပေါ်လာသော ဤကြောက်စရာ ခံစားချက်ကို မည်သို့ ပြောပြရမည်နည်း။

“တောင်းပန်ပါတယ်။ ဧကရီ ဒီလောက်အထိ လန့်သွားလိမ့်မယ်လို့……”

“လန့်အောင်လို့ ပို့လိုက်တာပဲ မဟုတ်ဘူးလား။”

ဆိုဗီရ်ရှုက နှုတ်ခမ်းကို ဖွင့်လိုက်ပိတ်လိုက်လုပ်နေရာမှ ဝန်ခံလာသည်။

“အဲ့ဒါက တခြားငှက်အသားနဲ့ လုပ်ထားတာ။ ဧကရီဆီ ပျံလာတဲ့ငှက် မဟုတ်ဘူး။”

“လိမ်မနေပါနဲ့။”

“တကယ်ပြောတာ။”

လိမ်နေတာ။

ပြတင်းပေါက်ဘောင်မှာရှိတဲ့ အပြာရောင်အမွေးတွေနဲ့ ပြတင်းပေါက်အောက်က အဲ့ဒီသွေးတွေကရော ဘာလဲ။

“ငှက်ကင်ဘေးမှာရှိနေတဲ့ အမွေးတွေကရော။ အဲ့ဒီအမွေးတွေကလည်း တခြားငှက်ရဲ့ အမွေးတွေလား။”

အပြာရောင်ငှက်က မျက်စိထဲတွင် အရမ်းပေါ်လွင်လွန်းသည့်အပြင် အန္တရာယ်၏သင်္ကေတလို အရောင်မျိုးဖြစ်၍ ဤနန်းတော်တွင် စာပို့ငှက်အဖြစ် မမွေးကြပေ။

အဲ့ဒါနဲ့တောင် တခြားငှက်ရဲ့အမွေးလို့ ပြောနေတာလား။

“အပြာရောင်ငှက်ကို ပစ်ချခဲ့တာကတော့ အမှန်ပဲ။ အမွေးတွေကိုလည်း အဲ့ဒီငှက်ဆီကနေ ကောက်ပြီး သုံးခဲ့တာ။ ဒါပေမဲ့ ဧကရီဆီကို ပို့လိုက်တဲ့ ငှက်သားကတော့ အဲ့ဒီငှက်ရဲ့အသားမဟုတ်ဘူး။”

“ယုတ္တိရှိတဲ့ အလိမ်အညာကိုပဲ ပြောစမ်းပါ။”

ထွက်သွားပါဟု ထပ်ခါတလဲလဲ နှင်ထုတ်လိုက်တော့ ဆိုဗီရ်ရှုလည်း မတတ်သာသည့်အဆုံး ထရပ်ခဲ့လေသည်။

သို့သော် သူက ထပြီးသည်နှင့်လည်း ချက်ချင်း ထွက်မသွားဘဲ ကျွန်မကို ခဏခဏ ပြန်လှည့်ကြည့်နေ၏။

ထိုမျက်လုံးများက သနားစရာကောင်းသလို ဖြစ်နေသောကြောင့် ပို၍ပင် ဒေါသထွက်လာရသည်။

သေသွားသည်က ငှက်၊ မြားမှန်ခဲ့သည်ကလည်း ငှက်၊ နာကျင်ခဲ့သည်ကလည်း ငှက်၊ ထိုအဖြစ်ကိုကြည့်ပြီး လန့်သွားရသူက ကျွန်မ၊ ငှက်ကို ဆုံးရှုံးလိုက်ရသူက ဟိုင်န်ရီ။

ဒါကို အဲ့ဒီလူက ဘာလို့ သူ့မှာပဲ ဒဏ်ရာတွေအားလုံးရထားသလို မျက်လုံးမျိုးနဲ့ ငါ့ကို ကြည့်နေရတာလဲ။

အကြောင်းမရှိ မှိုင်တွေညှိုးငယ်နေသည့် ဆိုဗီရ်ရှု၏ မျက်နှာထားကြောင့် ဒေါသက ငယ်ထိပ်အထိ တက်သွားတော့သည်။

သူ၏ တောင်းပန်စကားများ၊ အလိမ်အညာများ၊ အရာအားလုံးက လှည့်ဖြားမှုများဟုသာ မြင်နေရ၏။

တကယ်တမ်း တောင်းပန်ချင်တဲ့သူဆိုရင် ငါ့ရှေ့ကို ငှက်ကင်ကြီး လာချပေးမှာ မဟုတ်ဘူးလေ။

ကျွန်မ ဟိုင်န်ရီနှင့် စာအပေးအယူလုပ်ခဲ့သည်ကို သူ မည်မျှပင် မုန်းနေပါစေ၊ ကျွန်မကို နည်းနည်းလေးဖြစ်ဖြစ် ထည့်စဉ်းစားခဲ့မည်ဆိုလျှင်၊ သို့မဟုတ် ကျွန်မကို လူတစ်ယောက်လို သဘောထားခဲ့မည်ဆိုလျှင် ယခုလိုတော့ လုပ်မည်မဟုတ်ပေ။

ငှက်ကို သတ်လိုက်ပြီလို့ပဲ ပြောမှာပေါ့။

ကျွန်မ စောင်ကို တင်းတင်းဆုပ်ကိုင်လိုက်မိသည်။

ယခုထက်ပိုပြီး ဆက်ရှိနေမည်ဆိုလျှင် ခေါင်းအုံးနှင့် သူ့ကို လိုက်ရိုက်မိတော့မလိုပင်။

“ထွက်သွားပါ။”

ပြတ်ပြတ်သားသား ပြောလိုက်တော့မှ ဆိုဗီရ်ရှုက နောက်ဆုံးတွင် အခန်းအပြင်သို့ ထွက်သွားလေသည်။

ကျွန်မ စောင်ကိုခြုံကာ ဘေးတစောင်း လဲလျောင်းနေမိ၏။

မျက်လုံးများ ပူနွေးလာပြီး နောက်ဆုံးတွင် မျက်ရည်များ ကျလာတော့သည်။

နာရီပေါင်းများစွာ ထိုအတိုင်းနေပြီးသည့်နောက်မှ ဟိုင်န်ရီကို ဤအကြောင်း ပြောပြရမည်ဟူသည့်အတွေး ဝင်လာ၏။

ဆိုဗီရ်ရှုက သူ့ရဲ့ အပြာရောင်ငှက်လေးကို ငှက်ကင် လုပ်ပစ်လိုက်တယ်ဆိုတဲ့ စကားကိုတော့ မပြောနိုင်ပေမဲ့……အဲ့ဒီလိုဆိုရင်တောင် သူ့ငှက်လေး သေသွားပြီဆိုတာကိုတော့ အသိပေးရမှာပေါ့။

‘ဒါပေမဲ့ အဲ့ဒီငှက်မရှိရင် ဟိုင်န်ရီနဲ့ ဆက်သွယ်ဖို့ နည်းလမ်းမရှိတော့ဘူးပဲ။’

အတော်ကြာအောင် စဉ်းစားပြီးသည့်နောက် ပထမဆုံးအနေနှင့် မြို့စားမင်း အယ်ရ်ဂီထံ သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

မြို့စားမင်း အယ်ရ်ဂီ၏ လုပ်ရပ်များက အမြဲတမ်း ပဟေဠိဆန်နေတတ်သလို၊ နှစ်ယောက်စလုံးကလည်း တစ်ယောက်မရှိတုန်း တစ်ယောက်အကြောင်း မကောင်းပြောတတ်သဖြင့် သူငယ်ချင်းကောင်းများဟု မထင်ရသော်လည်း…… ကောလာဟလများထွက်သည်အထိ ဟိုင်န်ရီနှင့် အမြဲတမ်း တွဲနေတတ်ရာ သူ့ထံတွင် ဆက်သွယ်ရန်နည်းလမ်း ရှိကောင်းရှိနိုင်ပေလိမ့်မည်။

အကြောင်းစုံကို အသေးစိတ် မပြောနိုင်လျှင်ပင် အပြာရောင်ငှက်ကလေး သေသွားပြီဟူသည့် အကြောင်းလောက်တော့ ပြောပြနိုင်မည်သာ။

ကျွန်မ အိပ်ရာပေါ်မှထကာ ဧည့်ခန်းသို့ ထွက်လာတော့ ဧည့်ခန်းတွင် စုဝေးနေသည့် ရံရွေတော်များ အပြေးအလွှား ရောက်လာကြသည်။

လော်ရာက မျက်လုံးများပင် နီရဲနေချေပြီ။

“ဧကရီအရှင်မ။ ဟီးးးး”

ကျွန်မကို ဖက်ကာ ငိုနေသည့် လော်ရာကို မြင်ရတော့ ကျွန်မလည်း မိမိ၏ခံစားချက်ထဲတွင် နစ်မွန်းကာ ဘေးလူများကို စိုးရိမ်အောင် လုပ်မိပြီဟူသည့်အတွေးနှင့် အားနာမိသွားသည်။

“စိတ်ပူသွားကြတာလား။”

“ရုတ်တရက်ကြီး နောက်ပြန်လန်ပြီး ဝုန်းခနဲ လဲသွားတာဆိုတော့…… အရမ်းလန့်သွားတာပါ……”

“တောင်းပန်ပါတယ်။ မငိုပါနဲ့တော့၊ လေဒီ လော်ရာ။”

ကျွန်မ ရံရွေတော်များကို ဘာမှမဟုတ်ပါဘူးဟူ၍၊ ယခုတလော အင်မတန် ပင်ပန်းနေတာကြောင့်ပါဟူ၍ နှစ်သိမ့်ပေးပြီးနောက် ဝတ်ရုံကို ရှာခြုံကာ အပြင်ထွက်ခဲ့လိုက်သည်။

ရံရွေတော်များက ကျွန်မကို တစ်ယောက်တည်း မလွှတ်နိုင်ဘူးဟုဆိုကာ လိုက်ရန်ပြင်ခဲ့ကြသော်လည်း ရပါတယ်ဟုပြောပြီး ဆာ အာရ်တီနာကိုသာ ခေါ်သွားလိုက်၏။

“စိတ်ပူနေခဲ့တာပါ၊ ဧကရီအရှင်မ။”

“ငါတော့ လူအများကြီးကို စိတ်သောကပေးမိပြီထင်တယ်။”

“ဧကရီအရှင်မရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်စေချင်ပါတယ်။ အခုတလော မျက်နှာက အမြဲတမ်း ဖြူဖျော့နေတာပါ။”

“မပူပါနဲ့။ စောစောကတော့…… စိတ်ထဲမှာ နည်းနည်း နေလို့မကောင်းဖြစ်သွားရုံပါ။”

စကားနည်းသည့် ဆာ အာရ်တီနာပင် ကျွန်မ သတိလစ်သွားသည်ကို အင်မတန် စိုးရိမ်နေပုံရကာ တောင်နန်းဆောင်သို့ သွားနေစဉ်တစ်လျှောက်လုံး ပွစိပွစိနှင့် ပြောနေခဲ့သည်။

ကျွန်မလည်း ဘာမှမဖြစ်ဘူးဟု ထပ်ခါတလဲလဲ ပြုံးပြရင်း သူ့ကို ဖျောင်းဖျနေရ၏။

မြို့စားမင်း အယ်ရ်ဂီ တည်းခိုရာ အခန်းနားရောက်တော့ ကျွန်မ သူ့ကို အကူအညီတောင်းလိုက်သည်။

“ဒီမှာ ခဏလောက် စောင့်ပေးလို့ရမလား။”

“မြို့စားမင်း အယ်ရ်ဂီကို တစ်ယောက်တည်း တွေ့မလို့ပါလား။”

ဆာ အာရ်တီနာက မြို့စားမင်း အယ်ရ်ဂီကို လုံးဝ မယုံကြည်သလိုမျက်နှာနှင့် စိုးရိမ်တကြီး မေးလာသော်လည်း ယခု သူ့ကို ပြောမည့်စကားက အင်မတန် ကိုယ်ရေးကိုယ်တာဆန်လွန်းနေ၏။

ကျွန်မလည်း အဆင်ပြေကြောင်း သူ့ကို ထပ်ခါတလဲလဲ ဖျောင်းဖျကာ မြို့စားမင်းရှိနေသည့် အခန်းဆီကို ချဉ်းကပ်သွားလိုက်သည်။

သို့သော် မြို့စားမင်း၏ အခန်းနားရောက်တော့ ညည်းတွားသံသဲ့သဲ့လေး ကြားလိုက်ရ၏။

‘မြို့စားမင်း ဒဏ်ရာရထားတာများလား။’

နာကျင်မှုများ ပြည့်နှက်နေသည့် အသံမျိုးပင်။

လန့်သွားကာ တံခါးခေါက်ရန်ပြင်လိုက်စဉ် အနီးအနားရှိ မြက်ခင်းပေါ်၌ အပြာရောင်အမွေးလေးများ ပြန့်ကြဲနေသည်ကို တွေ့လိုက်ရသည်။

ထိုအမွေးများကို ကြည့်နေရာမှ ကျွန်မ ခြေသံကိုဖော့ကာ ပြတင်းပေါက်နားကို တိုးသွားကြည့်လိုက်မိ၏။

ပြတင်းပေါက်တွင် လိုက်ကာများ ပိတ်ထားသော်လည်း အနည်းငယ် ဟနေသည့်နေရာရှိ၍ သေချာကြည့်မည်ဆိုလျှင် အတွင်းဘက်သို့ မြင်ရပေမည်။

ကျွန်မ ပြတင်းပေါက်ရှေ့တွင် ရပ်နေရင်း အသံကြားရာဘက်သို့ ကြည့်လိုက်မိသည်။

အံ့သြစရာကောင်းလှစွာ ထိုနေရာတွင် ဟိုင်န်ရီ၏ အတွင်းရေးမှူးဖြစ်သော မက်ကန်နာက ဝတ်လစ်စားလစ် လဲလျောင်းလျက်ရှိနေလေ၏။

~~~~

Miel’s Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment