no

Font
Theme

အပိုင်း ၇၁ (ယောက်ယက်ခတ်နေသော အမျိုးသားများ)

အခန်းထဲသို့ ဝင်လာသူက ဆိုဗီရ်ရှုပင်။

"ခါ့ဖ်မန်း မင်းသားကြီးနဲ့ အတူရှိနေတယ် ကြားလို့…"

သူ့တွင် ကိစ္စရှိပုံရပြီး လက်ထဲတွင်လည်း စာရွက်စာတမ်းဖိုင်တွဲတစ်ခု ကိုင်ဆောင်ထားသည်။

သို့သော် ဆိုဗီရ်ရှုက အခန်းထဲသို့ ခြေချရုံသာရှိသေးရာမှ ခါ့ဖ်မန်း မင်းသားကြီးဘက်သို့ လှမ်းကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွား၏။

ထိုသို့အကြည့်ခံရတော့ ခါ့ဖ်မန်းမင်းသားကြီးက မျက်လုံးများကို တင်းတင်းပိတ်ပြီး ကျောခိုင်းလှည့်ရပ်သွားလေသည်။

‘အာ...ဟုတ်သားပဲ။ မျက်နှာကို အရင်ဆုံး မမြင်မိအောင် နေရမယ်လို့ ပြောခဲ့တာကို။'

ကျွန်မနှင့် မျက်လုံးချင်းဆုံသွားပြီဟု ထင်ခဲ့သော်လည်း သူက သောက်ပြီးသည်နှင့် ချက်ချင်းလှည့်သွားခြင်း ဖြစ်နိုင်သဖြင့် ဆေးအာနိသင် မပြသေးပုံပင်။

သို့မဟုတ် ဆေးအာနိသင် မပြမီအချိန်အတွင်း ဆုံမိခြင်းက ပြဿနာမရှိခြင်းပေပဲလား။

မည်သို့ပင်ဖြစ်စေ သူ့အမူအရာကို ကြည့်ရသလောက် ယခုအချိန်မှစ၍ မျက်နှာချင်းဆိုင်မိသည့်သူအပေါ် အာနိသင်သက်ရောက်တော့မည့်ပုံပင်။

"ခါ့ဖ်မန်း မင်းသားကြီး။"

သို့သော် ဤအဖြစ်မှန်ကို မသိသော ဆိုဗီရ်ရှုက မျက်မှောင်ကြုတ်လျက် ကျွန်မနှင့် မင်းသားကြီးကြားသို့ တစ်လှမ်းချင်း ချဉ်းကပ်လာသည်။

ခါ့ဖ်မန်း မင်းသားကြီး ဤနေရာတွင် ရှိနေ၍ အံ့သြသွားခြင်းမျိုး မဟုတ်ဘဲ သူ့ကို ကျောခိုင်းထားသည့်အတွက် မကျေမနပ်ဖြစ်နေပုံပင်။

"မင်္ဂလာပါခင်ဗျ။"

ခါ့ဖ်မန်းမင်းသားကြီးက ကျောခိုင်းထားဆဲပုံစံဖြင့် နှုတ်ဆက်လိုက်ရာ ဆိုဗီရ်ရှု၏ မျက်နှာထားက ပို၍ ပျက်ယွင်းသွားတော့သည်။

"ဘယ်ကိုကြည့်ပြီး နှုတ်ဆက်နေတာလဲ။ ကျုပ်က ဒီမှာကို။"

"……အကြောင်းရှိလို့ပါ။"

ခါ့ဖ်မန်း မင်းသားကြီးက ဆေး၏အာနိသင်ကို တကယ် ယုံကြည်နေပုံပင်။

သူက ဆိုဗီရ်ရှုကို မကြည့်မိစေရန် အစွမ်းကုန် ကြိုးစားနေ၏။

ဤအတိုင်းအတာအထိဆိုတော့ ကျွန်မပင် 'တကယ်ကြီးလား' ဟူသော သံသယဝင်လာမိသည်။

တကယ်သာဆိုရင်…… အာ။

နည်းနည်းတော့ အခက်တွေ့နိုင်တာပဲ။

"ခါ့ဖ်မန်း မင်းသားကြီး။ ဒီဘက်ကို ကြည့်စမ်း။"

"အရှင်ဧကရာဇ်။ ဘာကိစ္စရှိလို့ လာခဲ့တာပါလဲ။"

နောက်ဆုံးတွင် ဤအတိုင်းဆိုလျှင် မတော်တဆမှုတစ်ခုခု ဖြစ်တော့မည်စိုးသဖြင့် ကျွန်မကပင် ကြားဝင်လိုက်ရသည်။

ဆိုဗီရ်ရှုက ကျွန်မဘက်သို့ လှည့်လာ၏။

ကျွန်မက မသိချင်ယောင်ဆောင်ကာ သူကိုင်လာသော ဖိုင်ကို လက်ညှိုးထိုးပြရင်း မေးလိုက်သည်။

"အဲ့ဒါ လာပေးတာလားရှင့်။"

"……"

သို့သော် ဆိုဗီရ်ရှုက မျက်လုံးကို မှေးကြည့်ရုံသာကြည့်ပြီး ကျွန်မ၏ စကားလမ်းကြောင်းလွှဲမှုနောက်သို့ မလိုက်ခဲ့ပေ။

ထိုအစား ကျွန်မက ခါ့ဖ်မန်း မင်းသားကြီးဘက််မှ ရည်ရွယ်ချက်ရှိရှိ ကာကွယ်ပေးနေကြောင်းကို ရိပ်မိသွားကာ ခနဲ့တဲ့တဲ့ ရယ်လိုက်သည်။

"ဘာတွေလုပ်နေကြလို့ တစ်ယောက်က မျက်နှာကို ဖုံးဖိဖို့ ကြိုးစားပြီး၊ နောက်တစ်ယောက် အဲ့ဒါကို ထပ်ပြီး ကာကွယ်ပေးဖို့လုပ်နေရတာလဲ။"

ဆိုဗီရ်ရှုက ကျွန်မနှင့် ခါ့ဖ်မန်း မင်းသားကြီးကို တစ်လှည့်စီကြည့်ကာ မဲ့ပြုံးပြုံးခဲ့သည်။

“ဧကန္တ နမ်းနေကြတာများလား၊ ဧကရီ။ အဲ့ဒီလူရဲ့ နှုတ်ခမ်းတွေ ဖူးရောင်နေလို့များလား။"

ထို့နောက် သူက မဟုတ်ကဟုတ်က ယူဆချက်များကို ပြောဆိုရင်း ခါ့ဖ်မန်း မင်းသားကြီး၏ ပုခုံးကို ဆွဲကိုင်ကာ အတင်းအကျပ် မိမိဘက်သို့ လှည့်စေခဲ့သည်။

အား…… ကျွန်မပင် မသိလိုက်ဘဲ အနောက်သို့ သုံးလှမ်းခန့် ဆုတ်မိသွား၏။

ရှေ့ဆက်ဖြစ်လာမည့် အခြေအနေကို တွေးမိကာ မျက်စိထဲ ပြာဝေသွားရသည်။

"အစ်"

ဆိုဗီရ်ရှု၏ လက်ချောင်းများ ထိတွေ့မိလိုက်သည်နှင့် ခါ့ဖ်မန်း မင်းသားကြီးထံမှ ညည်းသံသဲ့သဲ့ ထွက်ပေါ်လာကာ မျက်လုံးများကို မှိတ်ထားလိုက်တော့၏။

တိုတောင်းလှသော ထိုညည်းသံက တဒင်္ဂမျှသာ ဖြစ်သော်လည်း ထူးဆန်းသော ထင်ယောင်ထင်မှားဖြစ်မှုများကို လှုံ့ဆော်နိုင်သည့် အငွေ့အသက် ပါဝင်နေသည်။

ဘာမှန်းမသိ စိတ်လှုပ်ရှားစရာကောင်းသည်ဟု ​ဆိုရမည်လား။

ဆိုဗီရ်ရှုက လျင်မြန်သော အရှိန်ဖြင့် လက်ကိုဖယ်လိုက်ပြီး သူ့ကို ကြည့်ခဲ့သည်။

ကျွန်မလည်း အံ့သြလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။

ခါ့ဖ်မန်းမင်းသားကြီးက မျက်ရည်များပင်ဝဲလျက် ဆိုဗီရ်ရှုကို ကြည့်နေသည်။

အဲ့ဒီ ခါ့ဖ်မန်း မင်းသားကြီးကပေါ့လေ။

ဒီလောက်လောက် ခပ်တည်တည်နှင့် အထက်စီးဆန်ဆန်နေတတ်တဲ့ ခါ့ဖ်မန်း မင်းသားကြီးကလား။

ဧကရီဖြစ်သူ ကျွန်မကိုပင် ဗြောင်ကျကျ လျစ်လျူရှုခဲ့သော ခါ့ဖ်မန်း မင်းသားကြီး။

မာန်မာနထောင်လွှားသော ထိုလူ၏ မျက်နှာက ရဲတွတ်နေကာ မျက်ဝန်းအိမ်များက စိုစွတ်လျက်ရှိနေသည်။

သူ၏ အကြည့်က ဆိုဗီရ်ရှုထံတွင် ကျောက်ချထားသည့်အလား တွယ်ငြိနေ၏။

ခါ့ဖ်မန်း မင်းသားကြီး၏ အမြင်အာရုံထဲတွင် ကျွန်မက လုံးဝ ပျောက်ကွယ်သွားသလိုပင်။

သူပြောခဲ့သည့်အတိုင်း ဆေးအာနိသင်က တကယ်ရှိပုံရသည်။

မည်သူကြည့်ကြည့် ခါ့ဖ်မန်း မင်းသားကြီးက ဆိုဗီရ်ရှုကို ချစ်မြတ်နိုးပုံ ပေါက်နေသောကြောင့်ပင်။

ကြည့်ရုံနှင့် သိသာလွန်းလှ၏။

ခါ့ဖ်မန်း မင်းသားကြီး စိတ်ဝင်တစား ကြည့်နေသည့်သူမှာ ကျွန်မ မဟုတ်ဘဲ ဆိုဗီရ်ရှု ဖြစ်နေခြင်းက။

ထို့အပြင် ပုံမှန်ဆိုလျှင် ခပ်တည်တည်နေတတ်သော တိုင်းတစ်ပါးသား လူချောလူလှက စိုစွတ်သော မျက်လုံးများဖြင့် ရပ်နေပုံမှာ အလွန်ပင် ဆွဲဆောင်မှုရှိလှသည်။

သို့သော် ဆိုဗီရ်ရှုအတွက်မူ ထိုသို့ မြင်ပုံမရပေ။

သူက လန့်ဖျပ်ကာ အနောက်သို့ အနည်းငယ် ဆုတ်လိုက်ပြီး ကျွန်မဘက်သို့ လှည့်မေးလာသည်။

"ဘာလို့ အဲ့ဒီလိုဖြစ်နေတာလဲ။"

ဆေးအကြောင်းကို ပြောပြလျှင် ကောင်းမလားဟု ခေတ္တစဉ်းစားနေစဉ်။

ခါ့ဖ်မန်း မင်းသားကြီးက ဆိုဗီရ်ရှုအနားသို့ တိုးကပ်သွားကာ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုကို ဆင်မြန်းခဲ့သည်။

"အခုလို တွေ့ရတာ ဝမ်းသာပါတယ်။ အမြဲတမ်းလည်း ဒီလိုပဲဆိုပေမဲ့ ဒီနေ့လည်း လှနေတာပါပဲ။"

ထိုသို့ ချိုသာသော လေသံဖြင့် တိုးတိုးလေး ပြောလိုက်သောအခါ ဆိုဗီရ်ရှု၏ မျက်နှာက ပို၍ တင်းမာသွားတော့သည်။

ပုံမှန် ခါ့ဖ်မန်း မင်းသားကြီး၏ အမူအရာကို သိထားသဖြင့် ဆိုဗီရ်ရှုလည်း တစ်ခုခု ထူးဆန်းနေပြီဟု ရိပ်မိလာပုံပင်။

တစ်ချက်လေး ခါ့ဖ်မန်း မင်းသားကြီးကို စိုက်ကြည့်နေပြီးနောက် ဆိုဗီရ်ရှုက လက်ထဲတွင် ကိုင်လာသော စာရွက်စာတမ်းဖိုင်ကို သူ့ထံ အတင်းထိုးပေးခဲ့သည်။

"ဘယ်လိုဟာသမျိုးလဲတော့ မသိပေမဲ့ တော်လောက်ပြီ။"

ထို့နောက် ခက်ထန်သော လေသံဖြင့် ပြောဆိုကာ အခန်းထဲမှ ထွက်သွားလေတော့သည်။

ထွက်ပြေးသွားတာလား……

ထိုသို့လည်း ထင်ရ၏။

သူပျောက်ကွယ်သွားပြီးနောက် ခြေသံများလည်း ဝေးကွာသွားခဲ့သည်။

ကျွန်မကမူ ယခုအထိ အံ့သြမှင်တက်နေဆဲဖြစ်ကာ ခါ့ဖ်မန်း မင်းသားကြီးကို ခိုးကြည့်လိုက်မိ၏။

ရယ်စရာကောင်းသော်လည်း…… ရယ်၍ကောင်းပါ့မည်လား မသိနိုင်ပေ။

ဤအခြေအနေက ခါ့ဖ်မန်း မင်သားကြီးအတွက်မူ စိုးရိမ်စရာ ဖြစ်နိုင်သောကြောင့်ပင်။

'ဆိုဗီရ်ရှုနောက် လိုက်မသွားဘူးလား။'

သို့သော် ထင်ထားသည်နှင့်ဆန့်ကျင်စွာ ခါ့ဖ်မန်း မင်းသားကြီးက အသာလေး ရပ်နေခဲ့သည်။

သူ့မျက်နှာက ခရမ်းချဉ်သီးကဲ့သို့ နီမြန်းနေဆဲဖြစ်သော်လည်း။

"အဆင်ပြေပါရဲ့လား။"

စိုးရိမ်တကြီး မေးရင်း အနားသို့ တိုးသွားရန် ပြင်လိုက်စဉ်မှာပင် ခါ့ဖ်မန်း မင်းသားကြီးက ကျွန်မဘက်သို့ လက်ကာပြကာ တားဆီးခဲ့သည်။

"မလာပါနဲ့။”

မလာပါနဲ့တဲ့လား။ အာ၊ ဧကန္တ…

"ကျွန်မအပေါ် မနာလိုစိတ်တွေ ဖြစ်နေလို့များလား။"

ခါ့ဖ်မန်း မင်းသားကြီးက ယခု ဆိုဗီရ်ရှုကို ချစ်မိနေသော်လည်း ကျွန်မက သူ၏ ဇနီး ဖြစ်နေသောကြောင့်လား……

ကျွန်မ သတိထားပြီး မေးလိုက်တော့ ခါ့ဖ်မန်း မင်းသားကြီးက မျက်နှာကို မဲ့လိုက်ကာ ကျွန်မကို ကြည့်လာသည်။

'ဟင်။'

သို့သော် ကျွန်မကို ကြည့်နေသော ခါ့ဖ်မန်း မင်းသားကြီး၏ မျက်နှာက စောစောကနှင့် သိပ်မခြားနားလှပေ။

မနာလိုစိတ်ဖြင့် ကြည့်နေသည့် မျက်နှာမျိုး မဟုတ်ဘဲ နီရဲနေသော မျက်နှာနှင့် စိုစွတ်နေသော မျက်လုံးများသာ။

ဟင့်အင်း၊ ပို၍ပင်……လှုံ့ဆော်နှိုးဆွနိုင်သေးသည်။

ရီဝေဝေ မျက်ဝန်းများ၊ နီရဲနေသော နှာသီးဖျားနှင့် တုန်ယင်နေသော နှုတ်ခမ်းများကဲ့သို့……

"မင်းသားကြီး။"

"ခါ့ဖ်မန်းလို့ ခေါ်ပါ။"

"...."

"ငါကွာ။ မကြားခဲ့သလိုပဲ နေပေးပါ။ ထင်ထားတာထက် အာနိသင်က…… အစ်။"

"မင်းသားကြီး……"

"ခါ့ဖ်မန်းလို့ ခေါ်ပါဆိုနေ။ ……ကျေးဇူးပြုပြီး တစ်ဆိတ် ထွက်သွားပေးပါ။"

ကြောင်အမ်းအမ်းဖြင့် ကြည့်နေမိစဉ် သူက လက်ဖြင့် ယပ်ခပ်နေရင်း အကြည့်ကို လေဟာနယ်ဆီသို့ ပို့ထားကာ အမြန်ပြောပြလာသည်။

"ထင်ထားတာထက် အာနိသင်က အစွမ်းထက်တဲ့ဆေးပါ။ အခု ကျွန်တော်က ခင်ဗျားကို ကာကွယ်ပေးဖို့အတွက် ခင်ဗျားခင်ပွန်းဆီကနေ ထူးဆန်းတဲ့ အထင်လွဲမှုတွေ ခံရတာကိုတောင် ဂရုမစိုက်နိုင်လောက်တဲ့အထိ ခင်ဗျားကို ချစ်နေမိပါပြီ။ အနည်းဆုံးတော့ အဲ့ဒီလို ခံစားနေရပါတယ်။"

“အာ”

"မျက်နှာချင်းဆိုင်လိုက်ရင် ခင်ဗျားရဲ့ နှုတ်ခမ်း၊ လည်တိုင်၊ လှပတဲ့ မျက်ဝန်းတွေကလွဲလို့ ဘာမှမမြင်တော့ဘူး။ ခင်ဗျားရဲ့ ဝင်သက်ထွက်သက်လေးက…… ဘာရေမွှေး သုံးတာလဲဗျ။ အနံ့လေးကောင်းလိုက်တာ။"

"……"

တကယ် အစွမ်းထက်သည့်ဆေး ဖြစ်ပုံပင်။

နောက်တစ်ကြိမ် ကိုယ်တိုင်ပင်မသိလိုက်ဘဲ လျှောက်ပြောမိသွားသော ခါ့ဖ်မန်းမင်းသားကြီးက မျက်လုံးများကို မှိတ်ကာ နားထင်ကို ဖိနှိပ်ပြီးနောက် စကားဆက်ခဲ့သည်။

"ဒီလိုအခြေအနေမျိုးမို့လို့ ကျေးဇူးပြုပြီး ထွက်သွားပေးပါ။ ခင်ဗျားရဲ့ ရနံ့တွေ မရှိတော့ရင် မကြာခင် အဆင်ပြေသွားမှာပါ။ အဲ့ဒီနောက်မှ အခန်းပြန်ပြီး ဖြေဆေး သောက်လိုက်ရင် ရပါပြီ။"

သူက အစွမ်းကုန် ကြိုးစားကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့သည်။

ကာရာမယ်လ်ရောင် အသားပေါ်မှ ချွေးစေးများ ထွက်နေသည်ကို မြင်နေရ၏။

ကျွန်မလည်း ခေါင်းညိတ်ပြကာ ထိုအခန်းထဲမှ အမြန်ထွက်လာခဲ့သည်။

ဝေခွဲမရသော ခံစားချက်ဖြင့် အနောက်သို့ လှည့်ကြည့်လိုက်မိ၏။

ခါ့ဖ်မန်း မင်းသားကြီး ရှိနေသော အခန်းတံခါးက ပိတ်ထားဆဲပင်။

ခေတ္တ ထိုတံခါးကို ကြည့်နေမိရင်း ထူးဆန်းသော ခံစားချက်မျိုး ခံစားရသဖြင့် အခန်းသို့ ပြန်လာခဲ့တော့သည်။

တစ်စုံတစ်ယောက်၏ ချစ်ခြင်းကို ရရှိလျှင် ထိုကဲ့သို့သော စကားများကို အနား၌ အမြဲကြားနေရမည်လား။

တစ်စုံတစ်ယောက် မိမိကြောင့် အသိစိတ် လွတ်ထွက်သွားရခြင်းက မည်သို့သော ခံစားချက်မျိုး ဖြစ်မည်နည်း။

တစ်ခါမှ မကြုံဖူးသော ကိစ္စဖြစ်သဖြင့် စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်နေမိတော့သည်။

~~~~

နောက်တစ်နေ့။

ကျွန်မ ခါ့ဖ်မန်း မင်းသားကြီးထံသို့ ရံရွေတော်တစ်ဦးကို စေလွှတ်ကာ ‘မနေ့ကကိစ္စ အဆင်ပြေရဲ့လား’ ဟု သွားရောက်မေးမြန်းခိုင်းလိုက်သည်။

“မနေ့က ကိစ္စတဲ့လားရှင့်။”

“……ခါ့ဖ်မန်း မင်းသားကြီးက အရှင်ဧကရာဇ်နဲ့ နည်းနည်း ပြဿနာတက်သွားလို့။ သေချာလည်း စကားမပြောလိုက်ရလို့လေ။”

ရံရွေတော်က စိတ်မကောင်းဖြစ်သလို စုတ်တစ်ချက်သပ်ပြီးနောက် အမြန်သွားလိုက်မည်ဟုဆိုကာ အပြင်သို့ ထွက်သွားလေသည်။

ကျွန်မလည်း စားပွဲရှေ့တွင်ထိုင်ကာ ရံရွေတော် ပြန်အလာကို စောင့်နေမိ၏။

ခါ့ဖ်မန်း မင်းသားကြီးက သူ့အခန်းသူပြန်ပြီး ဖြေဆေးသောက်လိုက်လျှင် အဆင်ပြေသွားမည်ဖြစ်သော်လည်း မနေ့ကကိစ္စကြောင့် ဆိုဗီရ်ရှု မည်သို့တုံ့ပြန်လာမည်ကို စိုးရိမ်မိသည်။

သို့သော် အမှတ်မထင်စွာ ရံရွေတော်က တစ်ယောက်တည်းပြန်မလာဘဲ ခါ့ဖ်မန်း မင်းသားကြီးနှင့်အတူ ရောက်ရှိလာ၏။

ကျွန်မလည်း သူ့ကိုကြိုဆိုရန် ဧည့်ခန်းသို့ ထွက်လာရင်း အံ့သြမိသွားသည်။

သူ၏အခြေအနေက မနေ့ကနှင့် ထူးမခြားနားလှပေ။

အတိအကျခွဲခြားပြရမည်ဆိုလျှင် မနေ့ကနှင့်မတူသော အချက်တစ်ခုတော့ ရှိသည်။

ပုံမှန်ဆိုလျှင် သက်သောင့်သက်သာရှိပြီး လက်တွေ့အသုံးကျသည့် အဝတ်အစားမျိုးကိုသာ ဝတ်ဆင်လေ့ရှိသူက ယခုမူ အသက်ရှူကျပ်စရာကောင်းလောက်အောင် သပ်ရပ်လွန်းသည့် ဝတ်စုံအပြည့်အစုံကို ဝတ်ဆင်ထားသောကြောင့်ပင်။

ဆံပင်များကိုလည်း အနောက်သို့ သပ်သပ်ရပ်ရပ် အကုန်လှန်တင်ထားသဖြင့် သူ၏ ပြစ်မျိုးမှဲ့မထင်သော မေးရိုးအလှက ပေါ်လွင်နေသည်။

သေချာပြင်ဆင်လာမှန်း သိသာလှ၏။

ကျွန်မနှင့် မျက်လုံးချင်းဆုံလိုက်သည်နှင့် သူ၏မျက်ဝန်းအိမ်တွင် မျက်ရည်များ ပြန်လည်ရစ်ဝဲစပြုလာသောကြောင့် နယ်စားကတော် အယ်လီဇာပင် ကြောင်သွားရသည်။

“အဆင်ပြေပါရဲ့လား……”

အဆင်ပြေပုံမပေါ်သော်လည်း အရင်ဆုံး မေးကြည့်လိုက်သည်။

သူက ခေါင်းခါပြပြီးနောက် ရံရွေတော်များကို ခဏလောက်ဖယ်ပေးရန် တောင်းဆိုလာ၏။

ကျွန်မ ခေါင်းညိတ်ပြလိုက်တော့ ရံရွေတော်များက အခြေအနေကိုရိပ်မိကာ အပြင်သို့ ထွက်သွားကြလေသည်။

ရံရွေတော်များ ထွက်သွားသည်နှင့် ခါ့ဖ်မန်း မင်းသားကြီးက ဖျစ်ညှစ်ထုတ်ထားသမျှ စိတ်ရှည်သည်းခံမှုများ ကုန်သွားသည့်အလား အသက်ရှူကျပ်နေသော အသံဖြင့် တီးတိုးရေရွတ်ခဲ့၏။

“တွေ့ချင်နေတာပါ။ တွေ့ချင်လွန်းလို့ သေတော့မလိုပါပဲ။ …အာရုံမစိုက်ဘဲ လျစ်လျူရှုထားလိုက်ပါ။”

ချက်ချင်းပင် ရှက်ရွံ့မှုများပြည့်နှက်နေသည့် လေသံဖြင့် ဆက်ပြောလာသောကြောင့် ကျွန်မ အိုးတိုးအမ်းတမ်း ပြုံးမိသွားသည်။

သို့သော်လည်း မနေ့ကထက်စာလျှင် ပို၍အသားကျလာသလိုပင်။

ကျွန်မ သူ့ကို စားပွဲရှေ့တွင် ထိုင်စေကာ မေးလိုက်၏။

“ဖြေဆေး မရှိလို့များလား။”

အမှန်အတိုင်းပြောရလျှင် နည်းနည်းရယ်ချင်မိသော်လည်း ရယ်ချင်စိတ်ထက် စိုးရိမ်စိတ်က ပိုကြီးစိုးနေသည်။

ခါ့ဖ်မန်း မင်းသားကြီး၏ လက်ရှိအခြေအနေက ဘယ်သူကြည့်ကြည့် ပုံမှန်မဟုတ်ပေ။

လူတစ်ယောက်၏ မျက်လုံးများက ဤမျှအထိ ချစ်ခြင်းမေတ္တာများ ပြည့်လျှံနေနိုင်သည်ကို ကျွန်မကိုယ်တိုင်လည်း ပထမဆုံးအကြိမ် ခံစားမိရသည်အထိပင်။

အခြားသူများလည်း ခါ့ဖ်မန်းမင်းသားကြီးနှင့် ကျွန်မ အတူရှိနေချိန်တွင် ထူးဆန်းမှုကို သတိထားမိကြပေလိမ့်မည်။

ပြဿနာကား သူက အရေးကြီးသော ကုန်သွယ်ရေးကိစ္စများကို ဆွေးနွေးရန်အတွက် ကျွန်မနှင့် ဆက်လက်တွေ့ဆုံနေရမည့်အချက်ပင်။

“ရှိပါတယ်။ ဒါပေမဲ့ ထိရောက်မှုမရှိလို့ပါ။”

“အာ…… တခြားဖြေဆေးရော မရှိဘူးလား။ ဖြေဆေးက မှားနေတာမျိုးလည်း ဖြစ်နိုင်တာပဲလေ။”

နဂိုကတည်းက ခါ့ဖ်မန်းမင်းသားကြီးတွင် အတိအကျတူညီသော ဖြေဆေးရှိနေခြင်းကလည်း ထူးဆန်းမနေချေဘူးလား။

သို့သော် ခါ့ဖ်မန်းမင်းသားကြီးက ပြန်မဖြေဘဲ လက်နှစ်ဖက်ကို ယှက်ထားလျက် အကျပ်ရိုက်နေသည့် အကြည့်ဖြင့် ပြတင်းပေါက်ဘက်သို့ လှည့်ကြည့်ခဲ့သည်။

“မင်းသားကြီး။”

ဒါကရော ဆေးရဲ့အရှိန်ကြောင့်ပဲလား။

သူက အနည်းငယ် အကျပ်ရိုက်နေပုံပင်။

“ကျွန်မ မျက်နှာကို နည်းနည်းလောက် ဖုံးထားပေးရမလား။”

စိုးရိမ်တကြီးမေးလိုက်တော့ ခါ့ဖ်မန်းမင်းသားကြီးက ခေါင်းခါပြခဲ့သည်။

“ဟင့်အင်း။ အဲ့ဒီလိုဆိုရင် ခင်ဗျားရဲ့မျက်နှာကို မမြင်ရတော့မှာမို့လို့။ ဆေးအရှိန်က ပိုတောင်ပြင်းသွားပါလိမ့်မယ်။”

“……”

အရှေ့စကားက ဆေးရဲ့သက်ရောက်မှု၊ အနောက်စကားက စိတ်ရင်း…… အဲ့ဒီလိုပုံစံမျိုးများလား။

ဆေးကြောင့် ပြောထွက်လာတာဆိုပေမဲ့ ဒီလောက်အထိ အတားအဆီးမရှိ…… ဒါကို ဘယ်လိုခေါ်ရမလဲ။

မည်သို့ပင်ဆိုစေ ရှက်စရာကောင်းသည့် ခံစားချက်ပင်။

ကျွန်မကိုယ်တိုင်လည်း အလိုလိုနေရင်း အနေရခက်လာသည်။

ပြောနေသည့် ကာယကံရှင်ဆိုလျှင် ပို၍တောင် သေချင်စိတ်ပေါက်နေမည်ပင်။

တော်သေး၍ ထိုခံစားချက်က ခါ့ဖ်မန်း မင်းသားကြီး၏ နောက်ထပ်စကားကြောင့် အနည်းငယ် ပြေလျော့သွားခဲ့သည်။

“ဖြေဆေးက မှားစရာအကြောင်းမရှိပါဘူး။”

“ဘာလို့ အဲ့ဒီလောက်တောင် ယုံကြည်နေရတာလဲ။ မင်းသားကြီးဆီမှာ ရှိနေတာက ‘အချစ်ဆေး’ အတွက် သီးသန့်ထုတ်ထားတဲ့ ဖြေဆေးမှ မဟုတ်ဘဲ။”

“……”

ဘာလို့ ပြန်မဖြေတာပါလိမ့်။ မဟုတ်မှ……

“အချစ်ဆေးအတွက် သီးသန့်ဖြေဆေးများလား။”

အံ့သြတကြီးမေးလိုက်တော့ ခါ့ဖ်မန်း မင်းသားကြီးက နှုတ်ခမ်းကို ဖိကိုက်ထားရာမှ နောက်ဆုံးတွင် ဝန်ခံခဲ့သည်။

“ဟုတ်ပါတယ်။”

ကျွန်မလည်း အံ့သြလွန်းသဖြင့် သူ့ကို အကြောင်သား စိုက်ကြည့်နေမိ၏။

ခါ့ဖ်မန်း မင်းသားကြီးက ဘာလို့ အချစ်ဆေးအတွက် ဖြေဆေးကို ဆောင်ထားရတာပါလိမ့်။

သူ့တွင် ထိုကဲ့သို့သောဆေးမျိုး လက်ဝယ်ရှိနေရမည့် အခြေအနေကို လုံးဝနားမလည်နိုင်ပေ။

ခါ့ဖ်မန်း မင်းသားကြီးက စိုးရိမ်တကြီးဖြင့် စားပွဲခုံကို လက်ချောင်းလေးများနှင့် ခေါက်နေရင်းမှ ဖွင့်ဟ​ဝန်ခံလာတော့သည်။

“အဲ့ဒါက ကျွန်တော် ပို့လိုက်တဲ့ လက်ဆောင်မို့လို့ပါ။”

“အချစ်ဆေးကိုလား။”

“……ဟုတ်ကဲ့။ ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့တော့ မျှော်လင့်မထားခဲ့ပေမဲ့ပေါ့။”

ဤသည်ကလည်း ထင်မှတ်မထားသည့် ကိစ္စပင်။

ကျွန်မ ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိသည်။

ခါ့ဖ်မန်း မင်းသားကြီးက ကျွန်မထံသို့ အချစ်ဆေးကို အမည်မဖော်ဘဲ ပို့လိုက်သူ ဖြစ်နေလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။

ယခု ခါ့ဖ်မန်း မင်းသားကြီးက ဆေးသောက်ထား၍သာ ဤသို့ဖြစ်နေသည်ဆိုသော်လည်း ကျွန်မထံ အချစ်ဆေးပေးပို့စဉ်ကမူ သတိအပြည့်ရှိနေမည် မဟုတ်ပေဘူးလား။

မည်သို့ တုံ့ပြန်ရမှန်းမသိဘဲ ငြိမ်နေမိစဉ် သူက တင်းမာသောအသံဖြင့် ဆင်ခြေပေးလာသည်။

“စိတ်ကျဉ်းကျပ်လို့ အဲ့ဒီလို လုပ်ခဲ့မိတာပါ။”

“စိတ်ကျဉ်းကျပ်တယ်ဆိုတာက……”

အာ။

“ဧကန္တ ကျွန်မ၊ ဆိုဗီရ်ရှုနဲ့ လေဒီ ရက်ရှ်တာရဲ့ ကိစ္စကြောင့်လား။”

ခါ့ဖ်မန်း မင်းသားကြီးက ကျွန်မနှင့် ရက်ရှ်တာ နှစ်ယောက်စလုံးကို လျစ်လျူရှုပြီး ထွက်သွားတတ်သည်များကို ပြန်သတိရလိုက်မိသည်။

ကျွန်မကို နားမလည်နိုင်သလို အရေးမစိုက်ဘဲ ပြောဆိုတတ်သည့် ပုံစံကိုပါ။

ခါ့ဖ်မန်း မင်းသားကြီးက အေးစက်စက် မျက်နှာထားဖြင့် ပခုံးတစ်ချက်တွန့်ပြခဲ့သည်။

“မိုက်မဲတဲ့ လုပ်ရပ်မှန်း သိပေမဲ့ ခင်ဗျား ပင်ပန်းနေတဲ့ပုံစံက ကြည့်ရတာ သိပ်ပြီး မကောင်းလို့။”

ယခုပြောလိုက်သည့်စကားက ဆေးကဖန်တီးပေးသော နှစ်သိမ့်မှုလား၊ တကယ့်စိတ်ရင်းလား။

ခွဲခြားရခက်လှသည်။

ကျွန်မ စိုက်ကြည့်နေမိသော်လည်း ခါ့ဖ်မန်း မင်းသားကြီးက မျက်မှောင်ကြုတ်လျက် အကြည့်ကို အခြားသို့ လွှဲထား၏။

အတန်ကြာအောင် ထိုအတိုင်းရှိနေခဲ့ပြီး နာရီလက်တံအသံ သိသိသာသာ ကျယ်လောင်စွာ ထွက်ပေါ်လာသည့်အချိန်တွင်မှ ခါ့ဖ်မန်း မင်းသားကြီးက သက်ပြင်းတစ်ချက်ချကာ ထရပ်လိုက်သည်။

“အတူရှိနေရင် စိတ်တွေ ဂယောက်ဂယက်ဖြစ်လွန်းလို့ မဖြစ်တော့ပါဘူး။ ခင်ဗျားဆီကိုပဲ အာရုံတွေရောက်နေတော့ ဘာစကားမှ ပြောလို့မရတော့ဘူး။”

“ပြန်တော့မလို့လား။”

“ဆွဲထားပေးမလို့လားခင်ဗျ။”

“...”

“သွားပါတော့မယ်။”

သူက တံခါးဝအထိ လျှောက်သွားပြီး ကျွန်မလည်း ခြေတစ်လှမ်းစာလောက် ခွာလျက် အနောက်မှ လိုက်သွားခဲ့သည်။

တံခါးဖွင့်ပြီး ထွက်ခါနီးတွင် သူက ရုတ်တရက် ကျွန်မဘက်သို့ ဆတ်ခနဲ လှည့်လာ၏။

နက်မှောင်သော သူ၏မျက်ဝန်းများက ကျွန်မ၏အကြည့်ကို မညှာမတာ ဖမ်းစာသွားလေသည်။

ပြင်းထန်လှသော အကြည့်ကြောင့် တစ်ချက် လန့်သွားကာ ရပ်တန့်မိသွား၏။

“……”

“……”

အသက်ရှူကျပ်လောက်စရာ တိတ်ဆိတ်မှုက လွှမ်းမိုးသွားသည်။

ကျွန်မလည်း ကိုယ်တိုင်ပင်မသိလိုက်ဘဲ မသိမသာ တံတွေးမျိုချမိလိုက်၏။

သူ၏အကြည့်က ပုံမှန် မြင်တွေ့နေရသော အရေးမစိုက်တတ်သည့် အကြည့်မျိုးနှင့်လည်း မတူသလို၊ မနေ့က တမ်းတနေသော မျက်ဝန်းများနှင့်လည်း ကွဲပြားနေသည်။

စောစောက လော်ရာ ပြောခဲ့သည့် စကားတစ်ခွန်းကို ပြန်သတိရမိ၏။

နှစ်ပေါင်းတစ်ရာလောက် ငတ်မွတ်နေသော လူတစ်ယောက်လို မိမိကို ချစ်ပေးနိုင်သည့်သူကို သဘောကျသည်ဟူသော စကား။

ယခု ခါ့ဖ်မန်း မင်းသားကြီး၏ အကြည့်က အတိအကျ ထိုအတိုင်းပင်။

ထိုသို့ဖြင့် အချိန်အနည်းငယ် ကြာပြီးနောက်တွင် ခါ့ဖ်မန်း မင်းသားကြီးက လက်ကိုမြှောက်ပြီး သူ၏ မျက်ခွံပေါ်သို့ အုပ်လိုက်သည်။

“ဒီလိုဖြစ်နေမှတော့ ဆေးအရှိန် အလိုအလျောက် ပြယ်သွားတဲ့အထိ တစ်ယောက်နဲ့တစ်ယောက် မဆုံတာက ပိုကောင်းပါလိမ့်မယ်။”

“ကောင်းပါပြီ……”

ကျွန်မ အမြင်အရလည်း ထိုသို့လုပ်ခြင်းက ပို၍ သင့်တော်မည်ဟု ထင်မိပေသည်။

~~~~

ဒူးထောက်နေသောလူက သူ၏အကြောင်းစုံကို တဖွဖွနှင့် အရှည်ကြီး ရှင်းပြနေသည်။

အသေးစိတ်ကျပြီး ရှည်လျားလှသော အကြောင်းအရာများဖြစ်သော်လည်း ကျွန်မ၏နားထဲသို့ သေသေချာချာ မဝင်ခဲ့ပေ။

အတန်ကြာအောင် နားထောင်ပေးပြီးနောက် “အလို……” ဟု သနားဂရုဏာသက်စွာ ရေရွတ်လိုက်မိသောအခါ ထိုလူက ဟီးခနဲ အသံထွက်ကာ ငိုချလေတော့သည်။

ထိုအခါမှသာ နောက်ကျမှ နောင်တစိတ် ဝင်လာမိ၏။

ဧကရာဇ်နှင့် ဧကရီကို အခစားဝင်ခွင့်ရသည့် အဆောင်အထိ ရောက်လာသည်ဆိုကတည်းက သူ့တွင် တစ်ကိုယ်ရေ အရေးကြီးသော အကြောင်းကိစ္စတစ်ခုခု ရှိနေ၍သာ ဖြစ်ပေလိမ့်မည်။

ကျွန်မအတွက်မူ ဤလူက အခစားခွင့်တောင်းခံကြသည့် များပြားလှသော ပြည်သူများအနက်မှ တစ်ဦးသာ ဖြစ်သော်လည်း၊ သူ၏ဘဝတွင်မူ ဤသည်က တစ်သက်တွင် တစ်ကြိမ်သာရနိုင်သည့် အခွင့်အရေးကို အသုံးချနေခြင်းဖြစ်ပေမည်။

ထိုသို့တွေးမိသည်နှင့် အားနာသွားသဖြင့် ခေါင်းထဲတွင် ဟိုတစ်စဒီတစ်စ ပြန့်ကျဲနေသော ထိုလူ၏ အကြောင်းအရာများကို အစွမ်းကုန် ပြန်လည်စုစည်းကာ ပုံဖော်ကြည့်လိုက်သည်။

သူ၏အခြေအနေကို ခန့်မှန်းမိပြီးနောက် စိတ်ရင်းဖြင့် နှစ်သိမ့်စကားပြောလိုက်သောအခါ ထိူလူက ပို၍ပင် ရှိုက်ကြီးတငင် ငိုကြွေးလေတော့၏။

ထိုသို့ဖြင့် နောက်ဆုံး အခစားဝင်ခွင့်တောင်းခံသူ ပြန်သွားပြီးနောက်တွင် အရာရှိက အခစားဝင်ခန်းမဆောင်၏ လေးလံလှသော တံခါးကြီးကို ပိတ်လိုက်သည်။

ကျွန်မလည်း သက်ပြင်းတစ်ချက်ချကာ နဖူးကို ဖိထားလိုက်မိ၏။

သတင်းကောင်းများကို လာရောက်ပြောကြားရန် အခစားဝင်ခွင့်တောင်းသူဟူ၍ အလွန်နည်းပါးလှသည်။

အများအားဖြင့် ‘မွေးဖွားလာသည့် ရင်သွေးလေးကို ကောင်းချီးပေးပါ’ ဟူသည့်အဆင့်လောက်သာ ရှိတတ်၏။

ကျန်သူများကမူ မတရားခံရမှု၊ အံ့ဩမှင်တက်ပြီး ဝမ်းနည်းစရာကောင်းလှသည့် အကြောင်းအရာများကို သိပေးရန်အတွက်သာ လာကြခြင်းပင်။

ထို့ကြောင့် အခြားတစ်နေရာသို့ အာရုံအနည်းငယ် ရောက်မိရုံနှင့်ပင် လာရောက်သူများအပေါ် အပြည့်အဝ အာရုံစိုက်ရန်မှာ မလွယ်ကူလှပေ။

အတိအကျဆိုရလျှင် ယနေ့ကဲ့သို့ အခြေအနေမျိုးပင်။

ကျွန်မ ရာဇပလ္လင်ပေါ်မှ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။

“အဲ့ဒီလူရဲ့ ဟာသအကွက်တွေ ပြီးသွားပြီလား။”

သို့သော် တင်ပါးက ပလ္လင်နှင့် မကွာသေးခင်မှာပင် ဆိုဗီရ်ရှုက လှမ်းမေးလာသဖြင့် မတ်တတ်တစ်ဝက်၊ ထိုင်လျက်တစ်ဝက်ဖြင့် ပြန်ထိုင်လိုက်ရ၏။

ဘာကိုဆိုလိုခြင်းလဲဟု ကြည့်လိုက်တော့ ဆိုဗီရ်ရှုက ပလ္လင်၏ ကျောမှီကို မှီထားလျက် ကျွန်မကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။

“နောက်မှ ပြန်စဉ်းစားကြည့်တော့ ငါ လှည့်စားခံလိုက်ရတဲ့ပုံပဲ။”

“လှည့်စားခံရတယ်ဆိုတာက ဘာစကားပါလဲ။”

“ခါ့ဖ်မန်း မင်းသားကြီးလေ။ မျက်နှာ အဲ့ဒီလောက်အထိ နီရဲနေတာက ဧကရီကိုကြည့်ပြီး ဖြစ်နေတာမဟုတ်ဘူးလား။”

“……ကျွန်မ အမြင်မှာတော့ အရှင်ဧကရာဇ်ကို ကြည့်ပြီး ဖြစ်နေတဲ့ပုံပါ။ မဟုတ်ဘူးလားရှင့်။”

“...”

ဆိုဗီရ်ရှု တစ်ချက် မှင်တက်သွားစဉ် ကျွန်မက ပလ္လင်ပေါ်မှ အမြန်ထရပ်လိုက်သည်။

အခစားဝင်ခန်းမဆောင်ထဲမှ ထွက်မလာခင် ကြည့်လိုက်တော့ ဆိုဗီရ်ရှုက ထိုင်ရာမှမထဘဲ ကျွန်မကို စိုက်ကြည့်နေဆဲပင်။

ကျွန်မလည်း တတ်နိုင်သမျှ မျက်နှာသေနှင့် တံခါးကို ပိတ်လိုက်၏။

ထို့နောက် လှည့်လိုက်သည့်အချိန်တွင် တော်ဝင်မင်းသား ဟိုင်န်ရီကို တွေ့လိုက်ရသည်။

စောင့်နေခဲ့ခြင်းလားမသိ၊ တော်ဝင်မင်းသား ဟိုင်န်ရီက တိုင်ကိုမှီကာ ရပ်နေ၏။

မျက်လုံးချင်းဆုံသွားတော့ သူက အသာအယာပြုံးရင်း ကိုင်ထားသည့် စာရွက်စာတမ်းများကို မြှောက်ပြလာသည်။

“တိုင်ပင်စရာလေးရှိလို့ လာခဲ့တာပါ။ အဆင်ပြေပါ့မလားခင်ဗျ။”

~~~~

Miel’s Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment