no

Font
Theme

အပိုင်း ၆၅ (အနီရောင်ဝတ်စုံကို ဘယ်သူက)

ယခုတလော တစ်စုံတစ်ယောက်က ကျွန်မနောက် တကောက်ကောက်လိုက်နေသည်ဟု ခံစားနေရသည်။

ထိုသူက မည်သူဖြစ်မည်ဆိုသည်မှာ ရှင်းလှ၏။

ရက်ရှ်တာ။

ကျွန်မခင်ပွန်း၏ မိန်းကလေး။

“နားလည်ပါပြီ။ ဒါဆို ဒီတစ်ခေါက် လူထုကပွဲရဲ့ concept ကို မျက်နှာဖုံးတပ်ကပွဲအနေနဲ့ပဲ သွားကြတာပေါ့။”

“နတ်ရွာစံဧကရာဇ်မင်းမြတ် လက်ထက်တုန်းက တုံ့ပြန်မှု တော်တော်ကောင်းခဲ့တာမို့လို့ အားလုံးလည်း ပျော်ကြမှာပါ။”

“ဒါပေမဲ့ မျက်နှာကို ဖုံးကွယ်ထားကြမှာဆိုတော့ လုံခြုံရေးကို ပိုပြီးဂရုစိုက်မှ……”

“ဧကရီ အရှင်မ။ ဘာဖြစ်လို့ပါလဲ။”

“……ဖြစ်မယ်။”

ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးက နားမလည်နိုင်သော မျက်နှာထားဖြင့် ကြည့်လာသည်။

ကျွန်မ သူ့ကို အားနာကြောင်း အချက်ပြပြီးနောက် မျက်နှာလွှဲလိုက်၏။

ထင်သည့်အတိုင်းပင်။

ယခုတစ်ကြိမ်တွင်လည်း ရက်ရှ်တာကို မြင်လိုက်ရပြန်သည်။

ကျွန်မဘက်ကို ကြည့်မနေသော်လည်း ကျွန်မ၏ မြင်ကွင်းထဲ ရောက်နိုင်သည့် အကွာအဝေးတွင် သူ၏ အစေခံမိန်းကလေးများနှင့် စကားပြောနေခြင်းပင်။

“……”

ဤသို့သောအဖြစ်မျိုး ဖြစ်နေသည်မှာ ရက်အတော်ကြာပေပြီ။

ထူးထူးခြားခြား ဒုက္ခပေးနေခြင်းမျိုး မဟုတ်သော်လည်း မသိမသာ စိတ်အနှောင့်အယှက်ဖြစ်ရ၏။

ဖိအားပေးခံနေရသလိုပင်။

ကျွန်မ ရက်ရှ်တာဘက်ကို စိုက်ကြည့်လိုက်တော့ ညွှန်ကြားရေးမှူးက ကျွန်မ၏ မျက်နှာရိပ်မျက်ကဲကိုကြည့်ကာ အကဲခတ်လျက် မေးလာသည်။

“ဧကရီ အရှင်မ။ လေဒီ ရက်ရှ်တာကို ပြောစရာရှိလို့ပါလား။”

“မနေ့ကလည်း အဲ့ဒီမှာ ရှိနေခဲ့တာ မဟုတ်လား။”

“ဟုတ်ပါတယ်။ ရှိနေခဲ့ပါတယ်။”

ကျွန်မ၏ အမေးကို ညွှန်ကြားရေးမှူးက ဘာမှမဟုတ်သည့်အလား ပြန်ဖြေခဲ့သည်။

သူက ရက်ရှ်တာနှင့် ကျွန်မကို တစ်လှည့်စီ အကဲခတ်ကြည့်နေ၏။

ကျွန်မ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်။

မနေ့က အခြားအလုပ်ကိစ္စများ လုပ်နေစဉ်တွင်လည်း ရက်ရှ်တာက အနီးအနား၌ ရှိနေခဲ့၏။

လွန်ခဲ့သော နှစ်ရက်က အခြားဝန်ကြီးတစ်ဦးနှင့် ရှိနေစဉ်မှာလည်း ထိုနည်းအတိုင်းပင်။

ဝန်ကြီးအသီးသီး၏ အမြင်တွင်မူ ခဏတဖြုတ် ဆုံမိသည့် တိုက်ဆိုင်မှုဟု ထင်ကောင်းထင်ကြမည်ဖြစ်သော်လည်း။

အကြိမ်ကြိမ် ဆုံနေရသည့် ကျွန်မ၏အမြင်တွင်မူ တိုက်ဆိုင်မှုဟု မထင်မိပေ။

ကျွန်မ ရက်ရှ်တာဘက်ကို ဆက်တိုက် စိုက်ကြည့်နေသဖြင့် ယဉ်ကျေးမှုဌာန ညွှန်ကြားရေးမှူးက ရယ်လျက် ပြောလာသည်။

“ဟိုဟိုဒီဒီ လျှောက်သွားနေတတ်တယ်လို့ ကြားမိပါတယ်။ သိပ်ပြီး စိတ်ထဲမထားပါနဲ့၊ ဧကရီ အရှင်မ။ ဒီအတိုင်း နိမ့်ပါးတဲ့ ဇာစ်မြစ်ကလာတဲ့ ချစ်သူပဲမဟုတ်ပါလား။ တော်ဝင်ထုံးတမ်းတွေနဲ့ မရင်းနှီးသေးတော့ မျက်စိထဲ အဆင်မပြေစရာ အများကြီးရှိနိုင်ပေမဲ့ တဖြည်းဖြည်းနဲ့ ကောင်းလာမှာပါ။”

တစ်စုံတစ်ယောက် ကျွန်မနောက်ကို လိုက်နေသဖြင့် ကျွန်မ ထိုသူကို သတိထားမိနေခြင်းကြောင့် ကျွန်မကပဲ အကဲဆတ်ပြီး ထူးဆန်းနေသည့်လူ ဖြစ်သွားရသလား။

နှစ်သိမ့်ပေးသည့်ပုံစံဖြင့် ပြောနေသော သူ၏စကားကြောင့် အနည်းငယ် စိတ်ခုသွားသော်လည်း အပြင်ပန်းတွင်မူ ဘာမှမဖြစ်သလို ဟန်ဆောင်ကာ ပြောလိုက်သည်။

“အခု သွားလို့ရပြီ။”

ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးက ကျွန်မနှင့် ရက်ရှ်တာဘက်ကို တစ်လှည့်စီ ကြည့်ရင်း စင်္ကြံရှည်ကြီးအတိုင်း လျှောက်သွားတော့သည်။

သူ ဝေးကွာသွားသည်အထိ ခေတ္တစောင့်ပြီးမှ ဆာ အာရ်တီနာကို ရက်ရှ်တာအား ခေါ်လာပေးရန် တောင်းဆိုလိုက်၏။

ရက်ရှ်တာက အစေခံမိန်းကလေးများနှင့် အချိန်ဖြုန်းနေသည့်ပုံစံ ဟန်ဆောင်နေပြီးမှ ဆာ အာရ်တီနာ အနားရောက်လာသောအခါ အံ့အားသင့်သည့် မျက်လုံးများဖြင့် ကျွန်မကို လှမ်းကြည့်ခဲ့သည်။

သူက မဝံ့မရဲဖြင့် ဆာ အာရ်တီနာ၏ နောက်မှ လိုက်ပါလာ၏။

“ဟို…… ဘာ၊ ဘာလို့ ရက်ရှ်တာကို ခေါ်တာလဲဟင်။”

အနားသို့ ရောက်လာသော ရက်ရှ်တာက ကြောက်လန့်နေသည့် မျက်နှာဖြင့် မေးလာသည်။

ရက်ရှ်တာ ခေါ်လာသည့် အစေခံမိန်းကလေး နှစ်ယောက်ကလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရက်ရှ်တာ၏ ဘေးတစ်ဖက်တစ်ချက်တွင် မားမားမတ်မတ် ရပ်လိုက်ကြ၏။

စကားကို အရှည်ကြီး ပြောနေရန် မလိုပေ။

ဟိုဟို ဒီဒီ စကားအပိုတွေ ပြောမနေတော့ဘဲ ကျွန်မ တိုက်ရိုက်ပင် မေးလိုက်သည်။

“ဘာလို့ နောက်ကလိုက်နေတာလဲ။”

“ရှင်။”

“နောက်ကလိုက်နေတာ မဟုတ်ဘူးလို့တော့ မပြောရင်ကောင်းမယ်။ အခုတလော တစ်ချိန်လုံး မျက်လုံးချင်း ဆုံနေခဲ့တာကို မင်းလည်း သိမှာပဲ။”

“အာ……”

ရက်ရှ်တာက မျက်နှာတစ်ခုလုံး နီရဲတက်လာကာ လက်ချောင်းလေးများကို ဟိုပွတ်ဒီသပ်လုပ်နေသည်။

မမြင်ရသော်လည်း ခြေချောင်းလေးများကိုပါ ကုပ်ထားမည်မှာ သေချာ၏။

သူ ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေသည်ကိုမြင်တော့ ရက်ရှ်တာ၏ အစေခံမိန်းကလည်း ပို၍ ကြောက်လန့်သွားသည့်ပုံစံဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လေသည်။

ကျွန်မ တစ်ခုခုလုပ်သည်နှင့် ချက်ချင်း အော်ဟစ်လိုက်တော့မလိုပင်။

ထိုအပြုအမူက စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသဖြင့် အစေခံမိန်းကလေးကို အခြားတစ်နေရာတွင် သွားနေရန် အမိန့်ပေးလိုက်သည်။

အစေခံမိန်းကလေးက လန့်သွားသည့်မျက်လုံးမျိုး ဖြစ်သွားသော်လည်း မဝံ့မရဲဖြင့် အဝေးတစ်နေရာသို့ သွားရပ်ခဲ့၏။

“တကယ်တော့လေ……”

အစေခံမိန်းကလေး ဝေးဝေးရောက်သွားသောအခါ ရက်ရှ်တာကလည်း မတတ်သာသည့်အဆုံး မဝံ့မရဲဖြင့် စကားစလာသည်။

“မြို့စားမင်း အယ်ရ်ဂီက ဧကရီ အရှင်မကို ‘စံပြဧကရီ’ တစ်ပါးရဲ့ ပုံစံမျိုးဆိုပြီး ပြောလို့ပါ။”

“...”

“ရက်ရှ်တာက မှူးမတ်အနွယ်တော်ဖွား မဟုတ်တော့ မသိတာတွေလည်း အများကြီးရှိနေတယ်မဟုတ်လား။ ဘယ်ရွန် လန့်တ်က သင်ပေးမယ်ဆိုပေမဲ့ ရှင်းပြတာကို နားထောင်ရုံနဲ့တော့ နားမလည်တာတွေ အများကြီးမို့လို့……”

“အဲ့ဒီတော့။”

“ဧကရီ အရှင်မကိုကြည့်ပြီး သင်ယူချင်လို့ပါ။”

“……”

ရက်ရှ်တာက အသနားခံသည့်ပုံစံဖြင့် ကျွန်မကို မော့ကြည့်လာသည်။

“ကျွန်မ ဧကရီ အရှင်မနဲ့ တူချင်ပါတယ်။ အဲ့ဒါကြောင့် ဟို…… ဒါပေမဲ့ ဧကရီ အရှင်မက ကျွန်မကို နန်းတွင်းကျင့်ဝတ်ထုံးတမ်းတွေ သင်ပေးမှာမဟုတ်တော့…… အဝေးကနေဖြစ်ဖြစ် ကြည့်ပြီး သင်ယူချင်လို့ပါ။”

သူပြောနေသည်မှာ စိတ်ရင်းဟုတ်​၊ မဟုတ် မသိသော်လည်း ပြောသွားသည့်အချက်ထဲတွင် မှန်ကန်သည့်အချက်တစ်ခုတော့ ပါဝင်သည်။

ကျွန်မက သူ့ကို နန်းတွင်းကျင့်ဝတ်ထုံးတမ်းများ သင်ပေးစရာ အကြောင်းမရှိခြင်းပင်။

“နန်းတွင်းကျင့်ဝတ်ထုံးတမ်း သင်ချင်ရင် အရှင်ဧကရာဇ်ကို ပြောလေ။ ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်ကို သင်ပေးခိုင်းတာဖြစ်ဖြစ်။”

ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်၏ အမည်ကို ကြားလိုက်ရချိန်တွင် ရက်ရှ်တာ ခေတ္တမျှ မျက်မှောင်ကြုတ်သွားသည်။

ဘယ်ရ်ဒီ ဗိုင်းကောင့်ကတော်ကို ခေါ်ထားသည်ဆိုသော်လည်း ဆက်ဆံရေးက ထင်သလောက် မကောင်းသည့်ပုံပင်။

“ကျွန်မ တူချင်တာက ဧကရီ အရှင်မပါပဲ။ မြို့စားမင်း အယ်ရ်ဂီက ဧကရီ အရှင်မကို ပြီးပြည့်စုံတဲ့ ဧကရီတစ်ပါးရဲ့ ပုံစံမျိုးလို့ ပြောပါတယ်။”

“ငါ့ကို လိုက်တုဆိုတဲ့ အဓိပ္ပာယ်နဲ့ ပြောတာတော့ ဘယ်ဟုတ်ပါ့မလဲ။”

“စိတ်အနှောင့်အယှက် မဖြစ်စေရမှာမို့လို့ ဒီအတိုင်း မမြင်ချင်ယောင်ဆောင်ပေးလို့ မရဘူးလားဟင်။ ရှိမှန်းမသိအောင် အစအနတောင်မပြဘဲ အဝေးကနေပဲ ကြည့်ပါ့မယ်။ နော်။”

“ရှိမှန်းမသိအောင် ကြည့်မယ်ဆိုရင် ငါက ဘယ်လိုလုပ် သတိထားမိမှာလဲ။ ဒါပေမဲ့ အဲ့ဒီလို မလုပ်နိုင်ခဲ့လို့ ငါက မင်းရှိနေမှန်း သိသွားတာ မဟုတ်ဘူးလား။”

“ပိုပြီးတော့ ဂရုစိုက်ပါ့မယ်။”

ခါ့ဖ်မန်း မင်းသားကြီး၏ အရှေ့တွင် ရက်ရှ်တာက ကျွန်မ၏ လေသံအတိုင်း လိုက်တုခဲ့သည်ကို သတိရမိသွား၏။

နှစ်သစ်ကူးပွဲတော် အကြိုအထူးညစာစားပွဲတွင် ဂုဏ်သရေရှိ ဧည့်သည်တော်များနှင့် နှုတ်ဆက်စဉ်ကလည်း ကျွန်မဘေးမှ လိုက်နေခဲ့ခြင်းကိုပါ။

ထိုအကြောင်းများကို တွေးမိလိုက်သည်နှင့် အလိုလို ကြက်သီးထလာရသည်။

ရက်ရှ်တာ ကျွန်မကိုကြည့်ပြီး သင်ယူလိုခြင်းက ကိုယ်ကျင့်တရားပိုင်းအရ အပြစ်တစ်ခု မဟုတ်နိုင်ပေ။

ကျွန်ပြေးတစ်ယောက်ဖြစ်သည့် သူ့အနေနှင့် အထက်တန်းလွှာ လူမှုအသိုင်းအဝိုင်းထဲ အမြန်ဆုံး ဝင်ဆံ့ချင်နေရှာမည်ဖြစ်ရာ အနီးကပ်ဆုံး နေထိုင်သည့် ကျွန်မကို ရွေးချယ်လိုက်ခြင်းလည်း ဖြစ်နိုင်၏။

သို့သော် ကျွန်မခင်ပွန်းကို လုယူသွားသည့် မိန်းမက ကျွန်မ၏ အပြုအမူများအထိပါ ယူသွားလိုသည်ဟူသော အချက်မှာ အလွန်ပင် မနှစ်မြို့ဖွယ်ကောင်းလှသည်။

“မင်း ဘာလို့ အဲ့ဒီလိုအတွေးမျိုး တွေးလဲတော့ မသိပေမဲ့၊ ရက်ရှ်တာ။”

“....”

“ဆိုဗီရ်ရှု ချစ်တဲ့ မင်းရဲ့ ပုံစံက ငါနဲ့ လုံးဝမတူတဲ့ အခုလက်ရှိ မင်းရဲ့ ပုံစံပဲ။”

“...”

“မြို့စားမင်း အယ်ရ်ဂီ ခင်မင်ပြီး သံယောဇဉ်ဖြစ်တာကလည်း အခုလက်ရှိ မင်းရဲ့ပုံစံကြောင့်ပဲ။ အဲ့ဒီတော့ မဖြစ်မနေ ငါ့ကို လိုက်တုစရာမလိုဘူးလို့ မထင်ဘူးလား။”

ကောင်းမွန်သော စကားများဖြင့် ဖျစ်ညှစ်နားချပြီးနောက် ယခုတွင် ပြတ်သားစွာ ထပ်လောင်းပြောလိုက်သည်။

“ငါ့မျက်စိအောက်မှာ မရှိဘဲ နောက်ကလိုက်နေမယ်ဆိုရင်တော့ ငါလည်း မတားနိုင်ဘူးပေါ့။ ဒါပေမဲ့ ငါ့မျက်စိထဲ မြင်နေရမယ်ဆိုရင် စစ်သည်တော်တွေကိုခိုင်းပြီး မင်းကို အဝေးကို ပို့ပစ်မှာမို့လို့၊ ငါ့နောက် မလိုက်နဲ့တော့။”

~~~~

ထိုနေ့မှစ၍ ရက်အတော်ကြာသည်အထိ ရက်ရှ်တာကို တကယ်ပင် မမြင်ရတော့ပေ။

လုံးဝ ပျောက်သွားခြင်းမျိုး မဟုတ်သော်လည်း သိသိသာသာပင် ဆုံတွေ့ရသည့် အကြိမ်အရေအတွက် နည်းပါးသွားခြင်းဖြစ်သည်။

အကြောင်းစုံကို မသိသောသူများအား ‘လေဒီရက်ရှ်တာက ကျွန်မနောက်ကို တကောက်ကောက်လိုက်နေတယ်’ ဟု ပြောမိပါက ကျွန်မကပဲ အကဲဆတ်စွာ တုံ့ပြန်နေသည်ဟု ထင်ရလောက်သည်အထိပင်။

သို့သော် သူက အူတူတူ အတတတော့ မဟုတ်သည့်အလား ကျွန်မ သူရှိနေကြောင်းကို သတိထားမိလိုက်တိုင်း အရင်ဦးအောင် ရှောင်ဖယ်သွားတတ်သဖြင့် စစ်သည်တော်များကိုလွှတ်၍ နှင်ထုတ်စရာတော့ မလိုခဲ့ပေ။

ထိုသို့ဆိုသော်လည်း ကျွန်မ၏ စိတ်အခြေအနေက ကောင်းမွန်လာခြင်းတော့မဟုတ်။

ဤအတောအတွင်း အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြီး နောက်ဆုံးတွင် လူထုကပွဲ ကျင်းပမည့်နေ့သို့ ရောက်ရှိလာသည်။

လူထုကပွဲဆိုသည်မှာ သာမန်အရပ်သားများက အဓိကဖြစ်ပြီး အဆင့်အတန်းမခွဲခြားဘဲ လူတိုင်း တက်ရောက်နိုင်သည့် ကပွဲမျိုးပင်။

အရပ်သားများနှင့် မှူးမတ်များ တစ်နေရာတည်းတွင် ရောနှောဆင်နွှဲနိုင်သည့် အခွင့်အရေးနည်းပါးသော ပွဲမျိုးဖြစ်၍ လူကြိုက်များလှ၏။

ထို့ကြောင့်လည်း ပြည်သူတို့၏ ထောက်ခံမှု ကျဆင်းလာလျှင် တော်ဝင်မိသားစုက ဤအချက်ကို အသုံးချကာ လူထုကပွဲကို တမင်ပင် ပို၍ ခမ်းခမ်းနားနား ကျင်းပပေးတတ်ကြသည်။

ဆိုဗီရ်ရှု၏ အုပ်ချုပ်မှုအောက်တွင်မူ ထိုသို့ ဟန်ပြလုပ်စရာမလိုလောက်အောင် ပြည်သူ့ထောက်ခံမှု မနိမ့်ကျသော်လည်း ဘက်ပေါင်းစုံမှ ဂရုစိုက်ရမည့် ပွဲတစ်ခုဖြစ်သည်မှာတော့ အမှန်ပင်။

လူထု၏ စိတ်ဝင်စားမှုကို မြှင့်တင်ရန်အတွက် ကျွန်မ ရွေးချယ်လိုက်သည်က မျက်နှာဖုံးတပ်ကပွဲဖြစ်၏။

ကျွန်မ ခေါင်းအစ ခြေအဆုံး အနီရောင်တောက်တောက် ဂါဝန်ကို ဆင်မြန်းလိုက်ပြီးနောက် မျက်နှာဖုံးကိုမူ တမင်ပင် ငန်းငှက်မွေးများဖြင့် တန်ဆာဆင်ထားသည့် အဖြူရောင်မျက်နှာဖုံးကို တပ်ဆင်ခဲ့သည်။

မည်သို့ပင်ဆိုစေ ကျွန်မက ကိုယ်ရံတော်များကြားတွင် ရှိနေမည်ဖြစ်၍ ဧကရီမဟုတ်သလို ဟန်ဆောင်နေစရာ မလိုသော်လည်း ပွဲ၏ concept နှင့် လိုက်ဖက်အောင် ပြင်ဆင်လိုက်ခြင်းပင်။

“အားလုံး အံ့ဩသွားကြမှာပါ။”

“ပုံမှန်အချိန်တွေမှာလည်း အခုလို အရောင်မျိုးတွေဝတ်ရင် ကောင်းမှာပဲ။ ဧကရီ အရှင်မရဲ့ အသားအရေက အနီရောင်နဲ့ တော်တော်လေး လိုက်ဖက်တာပဲရှင့်။”

“အံ့ဩကြမှာ မဟုတ်ပါဘူး။ မျက်နှာဖုံးတပ် ကပွဲတွေမှာဆိုရင် ဒီထက်ဆန်းတဲ့ ဝတ်စုံတွေ အများကြီး ဝတ်လာတတ်ကြတာပဲကို။”

“ဒါပေမဲ့ ဧကရီ အရှင်မလိုမျိုး အရောင်ရင့်ရင့်တောက်တောက် ဝတ်ဆင်ဖို့ကတော့ ခက်ပါလိမ့်မယ်။”

“ဒါက ချီးကျူးတာလား။”

“အမ်……”

ကျွန်မ ရံရွေတော်များနှင့် ပေါ့ပေါ့ပါးပါး နောက်ပြောင်စကား ပြောဆိုရင်း ကပွဲခန်းမထဲသို့ ဝင်ရောက်ခဲ့သည်။

ထိုအခါ ရံရွေတော်များ၏ နောက်ပြောင်စကားက တကယ်ပင် ဖြစ်လာခဲ့၏။

ခန်းမထဲသို့ ရောက်ပြီး မကြာမီမှာပင် လူအားလုံးက ကျွန်မ၏ ဝတ်စုံကိုကြည့်ကာ အံ့အားသင့်သွားကြသောကြောင့်ပင်။

“ဧကရီ အရှင်မ……”

သို့သော် ထိုအံ့ဩမှုက ရံရွေတော်များ ခန့်မှန်းခဲ့သည့် အံ့ဩမှုမျိုး မဟုတ်ခဲ့ပေ။

လူအများ၏ တီးတိုးပြောသံများကို ကြားနေရသော်လည်း ကျွန်မကမူ တည်ငြိမ်သည့် မျက်နှာထားကို အစွမ်းကုန် ထိန်းထားရန် ကြိုးစားလိုက်သည်။

ကပွဲခန်းမထဲသို့ ကြိုတင်ရောက်ရှိကာ ကခုန်နေသူတစ်ယောက်က ကျွန်မနှင့် ထပ်တူနီးပါးတူညီသော ဂါဝန်ကို ဝတ်ဆင်ထား၏။

လျှို့ဝှက်ဆန်းကြယ်ပြီး သန့်စင်သည့် ငွေရောင်ဆံနွယ်များနှင့် သေသပ်လှပသော နှုတ်ခမ်းအစုံကို ကြည့်ရုံဖြင့် ထိုသူက မည်သူဖြစ်ကြောင်း ချက်ချင်း သိလိုက်ရတော့သည်။

“ဘုရားရေ… ဘယ်လိုများ ဒီလိုမျိုး....”

နယ်စားကတော် အယ်လီဇာက ဘေးမှနေ၍ မှင်တက်နေသော အသံဖြင့် ရေရွတ်လိုက်သည်။

ကျွန်မကိုယ်တိုင်လည်း တစ်ချက်ကလေး ခေါင်းထဲ မူးနောက်သွားရ၏။

အနည်းငယ် လွန်လွန်ကဲကဲ ဖြစ်နေသည်ဟု ထင်ရလောက်သော အနီရောင်တောက်တောက် ဂါဝန်နှင့် ဖိနပ်၊ အနီရောင် လည်ဆွဲနှင့် နားကပ်၊ ထို့အပြင် ယင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သော ဖြူဖွေးသည့် မျက်နှာဖုံးအထိ။

မျက်နှာဖုံးတွင် ငှက်မွေးများ တပ်ဆင်ထားသည်အထိပင် ထပ်တူကျနေသည်။

ဝတ်စုံ၏ ဒီဇိုင်းက လုံးဝ ထပ်တူကျမနေသော်လည်း ဝတ်စုံ၏ concept နှင့် ဖွဲ့စည်းပုံက အလွန်ပင် ဆင်တူနေ၏။

လူတို့ ကျွန်မဘက်သို့ လှည့်ကြည့်လာကြမှ ရက်ရှ်တာက နောက်ကျစွာ ခေါင်းလှည့်ကြည့်လာသည်။

ထို့နောက် အံ့ဩသွားသည့် မျက်နှာဖြင့် “ဟင်” ဟု အူကြောင်ကြောင် အသံပြုလိုက်၏။

ခဏချင်းမှာပင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

မည်သူမျှ အသံမထွက်သော်လည်း သူတို့၏ အတွေးများကို မျက်နှာတွင် အထင်းသား မြင်နေရ၏။

ကျွန်မနှင့် ရက်ရှ်တာ၏ မျက်နှာကို ကြည့်ပါက တစ်ယောက်နှင့်တစ်ယောက် တမင်တူအောင် ဝတ်လာခြင်းမဟုတ်သည်ကို သိနိုင်မည်ဖြစ်သော်လည်း။

မဖြူမစင် ညစ်ကျယ်ကျယ် စူးစမ်းလိုစိတ်၊ စိုးရိမ်စိတ်နှင့် စိတ်ဝင်စားမှုများဖြင့် အားလုံးက အသက်ရှူပင် ရပ်မတတ် စောင့်ကြည့်နေကြသည်။

ကျွန်မ ငြိမ်သက်စွာ ရပ်နေရင်း ရက်ရှ်တာကို စိုက်ကြည့်လိုက်၏။

သူ့ကို ပြောချင်သည့် စကားများစွာ ရှိသော်လည်း အရင်ဦးအောင် အနားမကပ်ခဲ့ပေ။

ဆင်ခြေပေးသည်ဖြစ်စေ၊ တောင်းပန်သည်ဖြစ်စေ သို့မဟုတ် တမင်ပင် အရှက်မရှိ ပြုမူသည်ဖြစ်စေ ကျွန်မဆီသို့ အရင်လာရမည့်သူက သူသာ ဖြစ်သင့်သည်။

ဧကရီဆိုသည်မှာ ဆင်ခြေပေးရန်အတွက် မိမိအောက်မှလူကို အရင်သွားမရှာရဟု ကျွန်မ သင်ယူခဲ့ဖူး၏။

ရက်ရှ်တာက ပြောစရာ အများကြီးရှိနေသည့် မျက်နှာထားဖြင့် ကျွန်မဆီသို့ လျှောက်လာခဲ့သည်။

သူ၏ မျက်နှာထားက တကယ်ပင် အံ့အားသင့်နေသည့်ပုံစံပေါ်နေ၏။

လှည့်စားနေသည်ဟု မထင်ရလောက်အောင်ပင်။

“ဧကရီ အရှင်မ။ ဝတ်စုံက…… ရက်ရှ်တာနဲ့ နည်းနည်း……”

အနားသို့ ချဉ်းကပ်လာသော ရက်ရှ်တာက မဝံ့မရဲဖြင့် စကားစခဲ့သည်။

“တမင် ရက်ရှ်တာနဲ့တူအောင် ဝတ်လာတာလားဟင်။”

ဘေးတွင်ရှိနေသော နယ်စားကတော် အယ်လီဇာတစ်ယောက် ဒေါသထွက်သွားတော့သည်။

“ရိုင်းလှချည်လား၊ လေဒီ ရက်ရှ်တာ။”

မနှစ်မြို့ဖွယ် ခံစားချက်က လည်ချောင်းဝအထိ တက်လာသော်လည်း ကျွန်မကမူ တမင်တကာ တုံ့ပြန်ခြင်းမပြုဘဲ ပေါ့ပေါ့ပါးပါးရယ်ရင်း မေးလိုက်၏။

“ငါ့ကို တူချင်တယ်ဆိုတာက။ အရာအားလုံးကို လိုက်တုချင်တယ်လို့ ဆိုလိုတာလား။”

ပြုံးနေသော်လည်း လေသံကိုမူ အတတ်နိုင်ဆုံး အေးစက်အောင် ထိန်းထားလိုက်သည်။

ရက်ရှ်တာက ကြောင်အမ်းအမ်း မျက်နှာဖြင့် ကျွန်မကို ကြည့်လာ၏။

“အဲ့ဒီစကားက အခု ဘာလို့ ထွက်လာတာပါလဲ။ ဒီတစ်ခါတော့ ဧကရီ အရှင်မက ရက်ရှ်တာ့ကိုတုပြီး လိုက်ဝတ်တာ မဟုတ်ဘူးလားရှင့်။”

“ငါက ဘာလို့လဲ။”

“....”

“ဒီလိုလုပ်လို့ နှစ်ယောက်လုံး ရယ်စရာဖြစ်သွားတာကလွဲရင် တခြား ဘာအကျိုးမှမရှိမှာကို မဖြစ်မနေ အဲ့ဒီလိုလုပ်စရာ အကြောင်းဘယ်ရှိပါ့မလဲ။ ရှေ့လျှောက် သေချာစဉ်းစားပြီး ပြင်ဆင်တာ ပိုကောင်းလိမ့်မယ်၊ မင်းလည်း။”

‘ဝတ်စုံအတူတူ ဝတ်တာက နှစ်ယောက်လုံးအတွက် နစ်နာစေတယ်၊ အဲ့ဒါကို ငါသိပြီးသား’ ဟူသည့် စကားကို တမင်ပြောလိုက်ခြင်းပင်။

ဦးနှောက်ရှိသည့်လူဆိုလျှင် ဤစကားကို ကြားရုံဖြင့် ကျွန်မက မိမိကိုယ်ကိုယ် ရယ်စရာဖြစ်အောင် လုပ်မည့်သူမဟုတ်ကြောင်း ခန့်မှန်းနိုင်ပေမည်။

မယုံချင်သူကမူ ကျွန်မ မည်သို့ပင်ပြောပါစေ ယုံကြည်မည် မဟုတ်သော်လည်း။

ကျွန်မကိုယ်တိုင်ပင် အံ့ဩသွားရလောက်အောင် ရက်ရှ်တာက မယုံနိုင်စရာပဲဟူသော မျက်နှာဖြင့် သက်ပြင်းတစ်ချက်ကို လေးပင်စွာချခဲ့သည်။

ကျွန်မက တွက်ချက်ထားသည့် စကားများဖြင့် မိမိကိုယ်ကိုယ် ကာကွယ်ခဲ့သော်လည်း သူကမူ မျက်နှာအမူအရာဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်ခြင်းပင်။

ကျွန်မ သူ့ဘေးမှ ဖြည်းညင်းစွာ ဖြတ်ကျော်သွားရင်း တပ်ထားသည့် မျက်နှာဖုံးကို ချွတ်ကာ ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။

အနောက်သို့ ပြန်လှည့်မကြည့်ဘဲ ကျွန်မအတွက် ပြင်ဆင်ထားသည့် နေရာသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်၏။

ထိုင်ခုံတွင် ထိုင်လိုက်သည်နှင့် နယ်စားကတော် အယ်လီဇာ အပါအဝင် အတူလိုက်ပါလာသော ရံရွေတော်များက ဘေးတွင် နေရာယူလိုက်ကြသည်။

တစ်ချက်အကဲခတ်လိုက်သောအခါ ရက်ရှ်တာက ထိုနေရာ၌ပင် ရပ်နေရင်း နှုတ်ခမ်းကို တင်းတင်းစေ့ထားကြောင်း တွေ့လိုက်ရ၏။

သူ၏ ဘေးပတ်ပတ်လည်တွင် အမျိုးသားများ ဝိုင်းအုံလာကာ နှစ်သိမ့်ပေးနေသည့် အသံများ ထွက်ပေါ်လာသည်။

‘မငိုပါနဲ့’ ဟု ပြောနေကြသည်ကို ကြည့်ရခြင်းအားဖြင့် ငိုနေသည့်ပုံပင်။

သာမန်အရပ်သားများပါ ရောနှောနေသည့် နေရာဖြစ်သည်။

သူတို့အတွက်မူ လက်ရှိအခြေအနေက ထူးဆန်းပြီး စိတ်ဝင်စားစရာကောင်းနေသည့်ပုံစံဖြင့် ကျွန်မနှင့် ရက်ရှ်တာကို တစ်လှည့်စီ အကဲခတ်နေကြ၏။

ဘယ်သူက လိုက်တုသလဲဟု ပြောဆိုနေသံများကို နေရာအနှံ့မှ ကြားနေရသည်။

အသံကို တိုးတိုးလေးနှိမ့်ပြီး ပြောနေကြသော်လည်း ဟိုတစ်စ ဒီတစ်စ ထွက်ပေါ်လာသည့် အသံများကိုမူ အကုန်လုံး မထိန်းချုပ်နိုင်ပေ။

“ရိုင်းရိုင်းစိုင်းစိုင်း ပြောနေတဲ့လူတွေကို ဖမ်းခိုင်းလိုက်ရမလားရှင့်။”

ဆာ အာရ်တီနာက တိုးတိုးလေး မေးလာသည်။

“မလိုဘူး။”

ကျွန်မ ဘာမှမဖြစ်သလို ပြန်ဖြေကာ ထိုင်ခုံနောက်မှီကို မှီလိုက်၏။

အာဏာကို လူသိရှင်ကြား အသုံးချခြင်းက လွယ်ကူရိုးရှင်းသော်လည်း နောက်ဆက်တွဲ ဆိုးကျိုးက ကြီးမားလှပေသည်။

လူတို့က အရှိန်အဝါရှိသောသူကို နှစ်သက်ကြသော်လည်း အာဏာပြသူကိုမူ မုန်းတီးကြ၏။

စိတ်အနှောင့်အယှက် ဖြစ်ရုံမျှဖြင့် လူတို့၏ ပါးစပ်ကို ပိတ်ပစ်ရန် ကြိုးစားလျှင် နောက်ဆက်တွဲက ကျိန်းသေပေါက် လိုက်လာမည်သာ။

“ဒါပေမဲ့ ဝတ်စုံကို အရင်ဝတ်ပြီး ပေါ်လာတဲ့သူက အရင်ပဲဖြစ်မှာပေါ့။”

“ဟို ငွေရောင်ဆံပင်နဲ့ မှူးမတ်အနွယ်တော်အမျိုးသမီးကို ပြောတာလား။”

“ကြည့်ရုံနဲ့တင် ရိုးသားဖြူစင်တဲ့ပုံစံလေးမဟုတ်လား။"

“ဒါပေမဲ့ ဧကရီ အရှင်မက ဘာဖြစ်လို့ သူများရဲ့ဝတ်စုံကိုမှ လိုက်တုပြီးဝတ်ရတာလဲ။”

“အာ၊ ငါ အဲ့ဒါ ကြားဖူးတယ်။ ဟို ငွေရောင်ဆံပင်နဲ့ အမျိုးသမီးက အရှင်ဧကရာဇ်ရဲ့ ချစ်သူတဲ့။ ပြီးတော့ မှူးမတ်အနွယ်တော်မဟုတ်ဘဲ ငါတို့လို သာမန်အရပ်သားထဲကဆိုပဲ။”

“တကယ်လား။ ဝါး၊ ဒါဆိုရင် သူ့ကို အရှက်ခွဲဖို့အတွက် တမင် လိုက်ဝတ်လာတာပေါ့။”

နားထဲတွင် အထူးပင် ကန့်လန့်ဖြစ်နေသော ရယ်သံများနှင့် စကားဝိုင်းများကို လျစ်လျူရှုကာ အေးစက်တည်ငြိမ်သော မျက်နှာထားကို အစွမ်းကုန် ထိန်းထားလိုက်သည်။

မှူးမတ်အနွယ်တော်တော့ မဟုတ်တန်ရာ။

သာမန်အရပ်သား အမျိုးသားများ ဖြစ်ပုံရကာ ရက်ရှ်တာ၏ လျှို့ဝှက်ဆန်းကြယ်ပြီး သန့်စင်သည့် အလှတွင် လုံးဝ နစ်မွန်းနေသည့်ပုံပင်။

သူတို့က ရက်ရှ်တာကို မြေပေါ်သို့ ဆင်းသက်လာသည့် နတ်သမီးလေးအလား မိန်းမောကြည့်နေကြစဉ် ကျွန်မကမူ ခြေထောက်တွင် အားတင်းထားလိုက်မိသည်။

ခြေဖျားများ တုန်ယင်နေသော်လည်း အပြင်ပန်းတွင် မသိသာအောင် ထိန်းထားရပေမည်။

ရက်ရှ်တာက ကျွန်မကို လိုက်တုတာဖြစ်မည်ဟု တီးတိုးပြောနေသံများလည်း အရပ်မျက်နှာအနှံ့မှ ကြားနေရသည့်တိုင် ထူးဆန်းသည်က ဤသို့သော အချိန်မျိုးတွင် ပို၍ စိတ်ထဲရောက်တတ်သည်မှာ မကောင်းသော စကားများပင်။

ရက်ရှ်တာလည်း ထိုနည်းအတိုင်းပင် မိမိဘက်မှ ရပ်တည်ပေးနေသူများ ရှိသော်လည်း မျက်နှာထားက မကောင်းပေ။

ကျွန်မ သူ့ထံမှ အကြည့်လွှဲလိုက်ကာ အခြားအရာတစ်ခုကို အတင်းဖျစ်ညှစ် တွေးနေလိုက်သည်။

ဥပမာအားဖြင့် ရက်ရှ်တာကို ကျွန်မ၏ ဝတ်စုံအကြောင်း သတင်းပေးလိုက်သည့် တရားခံက မည်သူဖြစ်မည်နည်းဟူသောအချက်။

အမှန်တော့ ယခုချက်ချင်း ဒေါသထွက်စရာကောင်းသည့်လူမှာ ရက်ရှ်တာဖြစ်သော်လည်း သေချာစဉ်းစားကြည့်လျှင် ဤကိစ္စတွင် အရေးအကြီးဆုံးက ရက်ရှ်တာ မဟုတ်ပေ။

‘တကယ်ပဲ ဘယ်သူက ငါ့ဝတ်စုံအကြောင်း ရက်ရှ်တာဆီ သတင်းသွားပေးလိုက်တာလဲ။’

အရေးကြီးသည်မှာ သတင်းပေါက်ကြားအောင် လုပ်ခဲ့သည့်လူပင်။

သို့သော် ဝတ်စုံကို တစ်ရက်နှစ်ရက်အတွင်း ဆုံးဖြတ်ခဲ့ခြင်း မဟုတ်သဖြင့် ခန့်မှန်းရခက်နေခဲ့သည်။

သတင်းကို လက်ဆင့်ကမ်းနိုင်သည့် အချိန်၊ နည်းလမ်းနှင့် လူများက များပြားလှသောကြောင့်ပင်။

ကျွန်မကိုယ်စား ဒေါသတကြီး ဖြစ်နေပေးသူက ယခုတစ်ကြိမ်တွင်လည်း လော်ရာပင် ဖြစ်ပေသည်။

“နယ်စားကတော် အယ်လီဇာ၊ တခြားချစ်သူတွေလည်း အဲ့ဒီလိုမျိုးပဲ ပြုမူတတ်ကြတာလားဟင်။ တကယ်ကို ဒေါသထွက်ဖို့ ကောင်းလိုက်တာ။”

“ချစ်သူစနစ်က တရားဝင်ဖြစ်နေတော့ အချစ်ခံနေရတဲ့ အချိန်အတောအတွင်းမှာ သူတို့ကို ထိဖို့က ခက်ခဲတတ်လို့လေ။ ဒါကို အသုံးချပြီး ဒီထက်ပိုဆိုးတဲ့အရာတွေ လုပ်ခဲ့တဲ့ ချစ်သူတွေလည်း အများကြီး ရှိတာပေါ့၊ လော်ရာရဲ့။”

“ဒီထက် ဘယ်လိုများ ပိုဆိုးနိုင်ဦးမှာလဲ။”

“နတ်ရွာစံဧကရီ အရှင်မတုန်းကဆိုရင်……”

ထိုစဉ်။

လော်ရာကို အကြောင်းစုံ ပြောပြနေသော နယ်စားကတော် အယ်လီဇာက ရုတ်တရက် ယပ်တောင်ဖြင့် ပါးစပ်ကို ကာလိုက်ပြီး ကျွန်မ၏ပခုံးအကျော်ဆီသို့ မျက်လုံးဖြင့် အရိပ်အကဲပြခဲ့သည်။

လှည့်ကြည့်လိုက်တော့ ကပွဲ၏ ဝတ်စုံစည်းကမ်းကို လုံးဝ လျစ်လျူရှုထားသော ဆိုဗီရ်ရှုက တရားဝင်အခမ်းအနားဝတ်စုံအပြည့်ဖြင့် လျှောက်လာသည်ကို တွေ့လိုက်ရ၏။

လျှောက်လာနေသော ဆိုဗီရ်ရှုထံသို့ ရက်ရှ်တာက ချက်ချင်း ပြေးသွားရင်း အော်ဟစ်ခဲ့သည်။

“အရှင်ဧကရာဇ်။”

ရက်ရှ်တာ၏ ချွဲနွဲ့သည့်အသံကို ဤနေရာအထိပင် ကြားနေရသည်။

မျက်လုံးများ နီမြန်းနေသော သူက ဆိုဗီရ်ရှု၏ လက်မောင်းအား တွယ်ကပ်ထားသည်ကို မြင်လိုက်ရ၏။

ထို့နောက် သူက တစ်စုံတစ်ရာကို တတွတ်တွတ် ပြောနေသော်လည်း အသံကိုမူ သေချာမကြားရပေ။

သို့သော် ကျွန်မအကြောင်း ပြောနေသည့်အလား ဆိုဗီရ်ရှုက ကျွန်မဘက်ကို လှမ်းကြည့်လာသည်။

ကျွန်မတို့ မျက်လုံးချင်း ဆုံသွား၏။

ကျွန်မလည်း တမင်ပင် တည်ငြိမ်စွာ ပြုံးပြရင်း သူ့ကို နှုတ်ဆက်လိုက်သည်။

ရက်ရှ်တာက ဆိုဗီရ်ရှု၏ လက်မောင်းကို ဖက်တွယ်ထားရင်း ကျွန်မဘက်သို့ လှည့်ကြည့်လာ၏။

ယခုတစ်ကြိမ်တွင်လည်း ကျွန်မက တည်ငြိမ်စွာ ပြုံးပြလိုက်သောအခါ သူက တုံ့ဆိုင်းသွားပြီးမှ ခေါင်းကို ချက်ချင်း ပြန်လွှဲသွားသည်။

ကျွန်မကိုယ်တိုင်လည်း နယ်စားကတော် အယ်လီဇာဘက်ကိုသာ အာရုံစိုက်လိုက်၏။

ရက်ရှ်တာ၏ ဘေးပတ်လည်မှ လူငယ်များ ဧကရာဇ်ကို အနီးကပ် မြင်တွေ့ရသဖြင့် ဝမ်းသာအားရ ပြောဆိုနေကြသည့် အသံများက နားထဲသို့ ကန့်လန့်ဝင်ရောက်လာခဲ့သည်။

“ဧကရီ အရှင်မ။”

နယ်စားကတော် အယ်လီဇာက စိုးရိမ်တကြီးဖြင့် ကျွန်မကို ခေါ်ခဲ့သည်။

ကျွန်မက ဘာမှမဖြစ်ကြောင်း အချက်ပြသည့်အနေဖြင့် ဘာမှမပြောဘဲ ပြုံးပြလိုက်ပြီးနောက် လက်လှမ်းကာ အနီရောင်ဖျော်ရည်တစ်ခွက်ကို ယူလိုက်၏။

ယူပြီးမှ ‘ဘာလို့ အနီရောင်ဖျော်ရည်ကိုမှ ယူမိရတာလဲနော်’ ဟု နောင်တရသွားသော်လည်း နောက်ကျသွားပေပြီ။

ကျွန်မ ဘာမှမဖြစ်သလိုပင် ဖျော်ရည်ကို တစ်ငုံ သောက်လိုက်သည်။

သို့သော် နယ်စားကတော် အယ်လီဇာကမူ ကျွန်မကို တစ်ခုခု သိစေချင်သည့်ပုံစံဖြင့် မျက်လုံးနှင့် အချက်ပြနေဆဲပင်။

ဘေးကို ကြည့်လိုက်တော့ စောစောက အဝေးတွင်ရှိနေသော ဆိုဗီရ်ရှုတစ်ယောက် အနားသို့ ရောက်ရှိနေချေပြီ။

အာ…… ကျွန်မ၏ ဘေးတွင် ထိုင်ရမည်ဖြစ်၍ ကျိန်းသေပေါက် လာရမည်ပင်။

ထို့အပြင် ရက်ရှ်တာကိုပါ ဘေးမှ ခေါ်လာခဲ့သေးသည်။

“ဟားဟားဟား၊ ဒါကြောင့် အစက ဘယ်လောက်တောင် အံ့ဩသွားမှန်းတောင် မသိတော့ပါဘူး။ ဧကရီ အရှင်မနဲ့ လေဒီ ရက်ရှ်တာက အခုလို ဆင်တူဝတ်စုံမျိုး ဝတ်လာကြသတဲ့လား။”

ရီထယ်ယန် မင်းသားကြီးအထိပါ။

“တကယ် အတိအကျပြောရမယ်ဆိုရင် လေဒီ ရက်ရှ်တာက ‘အရင်’ ဝတ်ပြီးတော့ ဝင်လာပြီးမှ ဧကရီ အရှင်မက ပေါ်လာတာဆိုပေမဲ့ပေါ့လေ။”

“ဒါပေမဲ့ နှစ်ဦးလုံးရဲ့ပုံစံက လုံးဝ မတူတာမို့လို့ တစ်မျိုးစီ လိုက်ဖက်ကြပါတယ်။”

ကျွန်မ ပေါ့ပေါ့ပါးပါး ပြုံးကာ ဖျော်ရည်ကို နောက်ထပ် တစ်ငုံထပ်သောက်လိုက်သည်။

ရက်ရှ်တာ၏ နောက်လိုက်များက စကားကို လှည့်ပတ်ပြောကာ ကျွန်မကို ဝေဖန်အပြစ်တင်နေကြခြင်းပင်။

ကျွန်မက ရက်ရှ်တာကို လိုက်တုကာ ဝတ်ဆင်ခဲ့သည်ဟူ၍။

မမြင်ချင်သူများ အကုန်ရောက်လာကြပြီဟု တွေးမိကာ ယခုတစ်ကြိမ်တွင်မူ တကယ်ပင် ပြုံးမိသွားတော့၏။

သို့သော် ဆိုဗီရ်ရှု၏ နောက်ထပ်စကားကြောင့် ကျွန်မ မပြုံးနိုင်တော့ပေ။

“ဟုတ်တယ်၊ တော်တော်လေး ဆန်းကြယ်တဲ့ကိစ္စပဲ။ ဧကရီကို အနီရောင်ဝတ်စုံ ဝတ်လာပေးဖို့ ပြောခဲ့တာက ကျုပ်ကိုယ်တိုင် ဖြစ်နေတာကို။”

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment