no

Font
Theme

အပိုင်း ၆၉ (စာနာသနားစိတ်သက်သက်ပဲလား)

ခဏတာ ကျွန်မကို စိုက်ကြည့်နေသော ဆိုဗီရ်ရှုက ဟက်ခနဲ ရယ်ခဲ့သည်။

“အခု အဲ့ဒီစကားက၊ အဲ့ဒီလိုလား။ ဗိုင်းကောင့် လန်ဒရယ်ရဲ့အပြစ်ကို နယ်နှင်ဒဏ်အဖြစ် မပြောင်းပေးဘူးဆိုရင် ဧကရီက ရက်ရှ်တာအကြောင်း မကောင်းသတင်းတွေ ဖြန့်မယ်လို့ ပြောနေတာလား။”

“သတင်းဖြန့်တယ်တဲ့လား။ အစီရင်ခံစာကို တရားဝင်ထုတ်ပြန်ဖို့ လုပ်နေရုံပါ။ အာ၊ သက်ဆိုင်ရာ အစီရင်ခံစာရှိနေတာကို သိပြီးသားလားရှင့်။”

“ငါက အဲ့ဒါကို အလျှော့ပေးမယ် မှတ်နေတာလား။”

“အရှင်ဧကရာဇ် အလျှော့ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ကိစ္စမရှိပါဘူး။ အရှင်ဧကရာဇ်က ဗိုင်းကောင့် လန်ဒရယ်ကို ဥပဒေအတိုင်း စီရင်ပါ။ ကျွန်မကလည်း လေဒီ ရက်ရှ်တာကို ဥပဒေအတိုင်းပဲ စီရင်ဖို့ စဉ်းစားထားတာမို့လို့။”

“ဥပဒေအတိုင်း စီရင်မယ်၊ ဟုတ်လား။”

“လေဒီ ရက်ရှ်တာက သတင်းအမှားတွေ လုပ်ကြံဖန်တီးပြီး မြို့စားကတော်ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့သလို၊ မြို့စားမင်းတို့ ဇနီးမောင်နှံ ကွာရှင်းပြတ်စဲအောင်လည်း သွေးထိုးပေးခဲ့ပါတယ်။ ပြီးတော့ လူမှုရေးအသိုင်းအဝိုင်းထဲမှာလည်း အသရေဖျက်ခဲ့တာပါ။ လူတွေကိုပါ ငွေပေးပြီး ဝယ်ယူတဲ့အထိ ‘တက်တက်ကြွကြွ’ ဆောင်ရွက်ခဲ့တာလေ။ ဒီလိုအခြေအနေမျိုးမှာဆိုရင် အကျဉ်းချပြီး ကြိမ်ဒဏ်ပေးဖို့ သတ်မှတ်ထားပါတယ်။”

“...”

“အတိအကျ အဲ့ဒီအတိုင်း လုပ်ဆောင်သွားမှာပါ။”

ဆိုဗီရ်ရှု၏ မယုံကြည်နိုင်သော အကြည့်က ကျွန်မ၏ အသားကို စူးသွားစေသလိုပင်။

သူက ကျွန်မ၏စကားကို တကယ်ပင် အံ့ဩတုန်လှုပ်ဖွယ်ရာဟု ယူဆနေပုံရ၏။

“နေပါဦး၊ ဘယ်လောက်ပဲ ရက်ရှ်တာကို မုန်းတယ်ဆိုဦးတော့။ လူသတ်ဖို့ ကြိုးစားခဲ့တဲ့လူကို ဘယ်လိုများ ကာကွယ်ပေးနိုင်ရတာလဲ။”

ဆိုဗီရ်ရှုက ကျွန်မအနားသို့ ချဉ်းကပ်လာကာ သူ၏ နက်မှောင်သော မျက်ဝန်းများဖြင့် စိုက်ကြည့်ခဲ့သည်။

“အရှင်ဧကရာဇ်က သတင်းအမှားတွေနဲ့ လူတစ်ယောက်ရဲ့ဘဝကို ဖျက်ဆီးဖို့ကြိုးစားခဲ့တဲ့လူကို ကာကွယ်ပေးနေတာနဲ့ အတူတူပါပဲ။”

“နှစ်ခုက အတူတူပဲတဲ့လား။ ရက်ရှ်တာလုပ်ခဲ့တဲ့ ကိစ္စက လူမှုရေးအသိုင်းအဝိုင်းမှာ ခဏခဏ ဖြစ်နေကျကိစ္စပဲကို။”

“အဲ့ဒါဆို ဒီကိစ္စ ပေါက်ကြားသွားရင်လည်း အားလုံးက နားလည်ပေးကြမှာပေါ့။ လူမှုရေးအသိုင်းအဝိုင်းမှာ ခဏခဏ ဖြစ်နေကျကိစ္စဆိုပြီးတော့လေ။”

“တကယ်ပဲ စကားကို……”

ဆိုဗီရ်ရှုက အသက်ကို ပြင်းပြင်းရှူထုတ်ပြီး တစ်ဖက်သို့ လှည့်သွားသည်။

‘ဟူး... ဟူး...’ ဟု သက်ပြင်းချသံကို အနောက်မှပင် ကြားနေရ၏။

နောက်ဆုံးတွင် အနည်းငယ် စိတ်ငြိမ်သွားပုံရပြီးမှ ဆိုဗီရ်ရှုက ကျွန်မဘက်သို့ ပြန်လှည့်လာကာ အေးစက်ခက်ထန်စွာ ခနဲ့ခဲ့သည်။

“ဧကရီမှာ စာနာသနားစိတ်ဆိုတာ မရှိဘူးလား။”

“ရှိပါတယ်။ ဒါကြောင့်လည်း ဗိုင်းကောင့် လန်ဒရယ်ကို ကယ်ဖို့ကြိုးစားနေတာပေါ့။”

“……”

“ကျွန်မလည်း တစ်ခုလောက် မေးပါရစေ။”

ဆိုဗီရ်ရှုက ပြန်မဖြေဘဲ ကျွန်မကို စိုက်ကြည့်လာသည်။

ကျွန်မက တကယ် သိချင်နေသော မျက်နှာထားဖြင့် မျက်ခုံးလေးပင့်ကာ မေးလိုက်၏။

“အရှင်ဧကရာဇ် လေဒီ ရက်ရှ်တာအပေါ် ထားတဲ့စိတ်က စာနာသနားစိတ်သက်သက်ပဲလား။”

“ဘာ။”

“အမြဲတမ်း ကျွန်မကို မေးနေတယ်မဟုတ်လား။ လေဒီ ရက်ရှ်တာက သနားဖို့မကောင်းဘူးလားဆိုပြီးတော့လေ။”

ခနဲ့လိုသော ရည်ရွယ်ချက်ဖြင့် မေးလိုက်ခြင်းဖြစ်သော်လည်း ဆိုဗီရ်ရှုက ချက်ချင်း ပြန်မဖြေခဲ့။

စာနာသနားစိတ်သက်သက်တော့ မဟုတ်နိုင်သော်လည်း စာနာသနားစိတ် အများအပြားရောယှက်နေသော ခံစားချက်မျိုး ဖြစ်နေသည့်ပုံပင်။

တဒင်္ဂတော့ ကျွန်မတို့နှစ်ယောက် ဘာမှမပြောဘဲ အပြန်အလှန် စိုက်ကြည့်နေမိကြ၏။

ဆိုဗီရ်ရှုက ခံစားချက်အမျိုးမျိုးဖြင့် ရှုပ်ထွေးနေပုံပင်။

ကျွန်မကိုလည်း ဒေါသထွက်နေ၊ ရက်ရှ်တာကိုလည်း ကြိမ်ဒဏ်အခတ်မခံစေချင်၊ သို့သော်လည်း ဗိုင်းကောင့် လန်ဒရယ်ကို မလွှတ်ပေးချင်ပြန်……

“ကောင်းပြီလေ။”

အတော်ကြာအောင် စိုက်ကြည့်နေပြီးနောက် နောက်ဆုံးတွင် ဆိုဗီရ်ရှုက လက်မြှောက်အရှုံးပေးခဲ့သည်။

အစကတည်းက ကျွန်မ နိုင်မည်ဟု ယုံကြည်ချက်ရှိရှိနှင့် လုပ်ခဲ့သောကိစ္စဖြစ်၍ ထူးပြီးဝမ်းမသာမိပေ။

“ဒါပေမဲ့ အခြေအနေတစ်ခုရှိတယ်။”

“ပြောပါ။”

“အစီရင်ခံစာ။ သက်ဆိုင်ရာ အစီရင်ခံစာရှိတယ်လို့ ပြောခဲ့တယ်မဟုတ်လား။ အဲ့ဒါ ငါ့ကိုပေး။”

“ဗိုင်းကောင့် လန်ဒရယ် ထွက်သွားပြီးတာနဲ့ ပေးပါ့မယ်။”

အတတ်နိုင်ဆုံး တည်ငြိမ်သော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။

ဆိုဗီရ်ရှုက မေးရိုးများ တင်းမာနေအောင် ကျွန်မကို စိုက်ကြည့်ပြီးနောက် စားပွဲပေါ်ရှိ ခေါင်းလောင်းကို တီးလိုက်၏။

ခဏအကြာတွင် တံခါးပွင့်လာပြီး သူ၏ ကိုယ်ရေးအရာရှိတစ်ဦး ဝင်လာသည်။

“ဗိုင်းကောင့် လန်ဒရယ်အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို ပြောင်းမယ်။ သေဒဏ်မဟုတ်ဘဲ နယ်နှင်ဒဏ်အဖြစ် သတ်မှတ်လိုက်တယ်။”

ဆိုဗီရ်ရှုက ‘အခု ကျေနပ်ပြီလား’ ဟူသည့် အဓိပ္ပာယ်ဖြင့် ကျွန်မဘက်သို့ မျက်ခုံးပင့်ပြခဲ့သည်။

ကျွန်မက အဖြေပြန်မပေးဘဲ ယဉ်ကျေးစွာ ဂါရဝပြုပြီးနောက် ရုံးခန်းထဲမှ ထွက်လာခဲ့၏။

အလုပ်အများကြီး လုပ်လိုက်ရသလို ခံစားရသော်လည်း ညနေပင်မစောင်းသေးပေ။

ကောင်းကင်က လင်းထိန်နေဆဲဖြစ်ပြီး လူများကလည်း ဟိုဟိုဒီဒီ သွားလာနေကြသည်။

လူတစ်ယောက်၏ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရသည့် နာရီပိုင်းအတွင်း၌ ကမ္ဘာကြီးက အေးချမ်းနေဆဲပင်။

ဤကြားထဲမှာပင် လူတို့က ဧကရာဇ်၏ ပထမဆုံးသော ရင်သွေးအကြောင်းကို ပြောဆိုရန် အလုပ်ရှုပ်နေကြသည်။

ဖော်ပြရန်ခက်ခဲသော ခံစားချက်များ တိုးဝှေ့လာသဖြင့် ကျွန်မ အရှေ့နန်းဆောင်ဘက်သို့ လှမ်းကြည့်မိ၏။

ထိုအထဲရှိ တစ်နေရာရာတွင် ရက်ရှ်တာ လဲလျောင်းနေပေလိမ့်မည်။

သတိမရသေးသော်လည်း မျက်လုံးပွင့်လာသည်နှင့် သူ၏ ကမ္ဘာကြီးက ပြောင်းလဲသွားပေတော့မည်။

ကလေးမရှိသော ချစ်သူဆိုလျှင် စာချုပ်သက်တမ်း မတိုးတော့ဘဲ ဧကရာဇ်၏ စွန့်ပစ်ခြင်းကို ခံရပါက အရာအားလုံး ပြီးဆုံးသွားမည်သာ။

သို့သော် ကလေးရှိသော ချစ်သူအတွက်မူ ‘ကလေး’ ဟူသော ဆက်နွှယ်မှုက ကျန်ရှိနေပေဦးမည်။

ဧကရာဇ်၏ အချစ်များ အေးစက်သွားပြီး ချစ်သူဘဝမှ နားလိုက်ရလျှင်ပင်။

“……”

ဗိုင်းကောင့် လန်ဒရယ်ကို ကယ်တင်နိုင်ခဲ့သလို၊ ဆိုဗီရ်ရှုနှင့် အချေအတင် စကားပြောရာမှာလည်း အနိုင်ရခဲ့၏။

သို့သော် ဘာကြောင့် စိတ်ထဲတွင် လုံးဝ မလန်းဆန်းရသနည်း။

သက်ပြင်းတစ်ချက်ချပြီး အနောက်သို့ လှည့်လိုက်သည်။

“ကွီးန်။”

ထင်မှတ်မထားဘဲ နောက်လှည့်လိုက်သည်နှင့် ကွီးန်ကို တွေ့လိုက်ရ၏။

ကွီးန်က ကျောက်တုံးပေါ်တွင် ထိုင်နေကာ နှုတ်သီးတွင် စာအိတ်တစ်ခုကို ကိုက်ထားသည်။

မည်မျှအထိ ဉာဏ်ကောင်းသလဲဆိုလျှင် လူဖြတ်သွားသည်နှင့် ကွီးန်က ချက်ချင်း ချုံပုတ်နောက်သို့ ပုန်းခဲ့၏။

လူအကုန် ဖြတ်သွားပြီးမှ တလှုပ်လှုပ် ထွက်လာကာ ကျွန်မကို ပြန်လည်စိုက်ကြည့်နေပြန်သည်။

ကွီးန်ကို မြင်လိုက်ရတော့မှ ရှုပ်ထွေးနေသော စိတ်က အတော်လေး ငြိမ်သက်သွားကာ ပြုံးမိတော့၏။

အနားသို့ တိုးသွားတော့ ကွီးန်က ကျွန်မလက်ပေါ်သို့ စာအိတ်ကို ချပေးပြီး အဝေးသို့ ပျံထွက်သွားခဲ့သည်။

‘ဖက်ကြည့်မလို့ကို။’

အိုးတိုးအမ်းတမ်းနှင့် ဆန့်ထုတ်မိသော လက်ကို ပြန်ရုပ်လိုက်ပြီးနောက် ကျွန်မ ခုံတန်းလျားရှိရာသို့ လျှောက်သွားလိုက်၏။

ခုံတန်းရှည်ပေါ်တွင်ထိုင်ကာ စာအိတ်ကို ဖွင့်လိုက်သည်။

ယခင်က တိုတိုထွာထွာ စာတိုလေးများလိုမဟုတ်ဘဲ ယခုတစ်ကြိမ်တွင် စာရွက်အပြည့်ပါသော စာတစ်စောင်ဖြစ်နေ၏။

-အစ်ကိုတော် ကျန်းမာရေး သိပ်မကောင်းဘူးလို့ သိရပါတယ်။ စိတ်ပူမိတယ်။

-ဆံပင်အပြာရောင်နဲ့ စစ်သည်တော်ကို မှတ်မိသေးလား။ ကျွန်တော့်ရဲ့ စစ်သည်တော်လည်း ဟုတ်သလို၊ ကိုယ်ရေးအရာရှိလည်းဖြစ်၊ ဝမ်းကွဲလည်း တော်ပေမဲ့ အခုတလောတော့ ရန်သူလည်း ဖြစ်ချင်နေတဲ့ပုံပါပဲ။

-ခင်ဗျားကို နာကျင်အောင် လုပ်တဲ့သူတွေကို ကလဲ့စားချေနည်း (၁) အင်မတန် ချောမောလှပပြီး အဆင့်အတန်းအရိုက်အရာမြင့်တဲ့ အံ့သြစရာ ယောက်ျားတစ်ယောက်ကို ချစ်သူအဖြစ် ထားကြည့်ရင် ဘယ်လိုလဲ။

-ခင်ဗျားကို နာကျင်အောင် လုပ်တဲ့သူတွေကို ကလဲ့စားချေနည်း (၂) တော်ဝင်မင်းသား ဟိုင်န်ရီကို အကူအညီတောင်းပါ။

စာတိုမဟုတ်သဖြင့် ပုံမှန်ထက်စာလျှင် အကြောင်းအရာက ပိုရှည်သည်။

ရှည်သည်ဆိုသည့်တိုင် အားလုံးက အပိုင်းအစလေးများကဲ့သို့သော စာသားများသာဖြစ်သော်ငြား။

ထို့အပြင် ရယ်ရခက်၊ ငိုရခက် ဖြစ်စေသော အကြောင်းအရာများပင်။

ကလဲ့စားချေနည်းအကြောင်း၊ ဆံပင်အပြာရောင်နှင့် စစ်သည်တော်အကြောင်းတို့က ရယ်စရာကောင်းသော်လည်း၊ သူ့အစ်ကိုတော် နေမကောင်းဘူးဆိုသည်က……

ဟိုင်န်ရီ၏ အစ်ကိုဆိုလျှင် အနောက်ဘုရင့်တိုင်းပြည်၏ဘုရင် မဟုတ်ပါလား။

ကျန်းမာရေး အမြဲမကောင်းဘူးဟူသည့် သတင်းကို ကြားနေရသော်လည်း။

အခြေအနေက ပိုဆိုးဝါးသွားတာများလား။

အခြေအနေ တကယ် ဆိုးဝါးလာလျှင် တော်ဝင်မင်းသား ဟိုင်န်ရီကို အနောက်တိုင်းပြည်က ပြန်ခေါ်နိုင်ပေသည်။

ထီးနန်းဆက်ခံသူ ပထမဆုံးနေရာတွင် ရှိနေသူအနေဖြင့် အဆင်သင့်ရှိနေရမည်ဖြစ်သောကြောင့်ပင်။

ထိုသို့ တွေးလိုက်မိသည်နှင့် ရုတ်တရက် စိတ်မကောင်းဖြစ်သွားရသည်။

တော်ဝင်မင်းသား ဟိုင်န်ရီနှင့် ကွီးန် နှစ်ယောက်စလုံး အနောက်ဘုရင့်တိုင်းပြည်သို့ ပြန်သွားကြတော့မည်တဲ့လား။

လတ်တလောမှ ရခဲ့သော သူငယ်ချင်းများ ဖြစ်သော်လည်း အရင်းနှီးဆုံး သူငယ်ချင်းနှစ်ယောက်လုံး ပျောက်ကွယ်သွားတော့ပေမည်။

“ဘာလို့ အဲ့ဒီလောက်တောင် မျက်နှာက ညှိုးမှိုင်နေရတာလဲဗျ။”

ထိုစဉ် ဘေးနားမှ အသံတစ်သံ ထွက်ပေါ်လာသည်။

လန့်ဖျပ်ပြီး လှည့်ကြည့်လိုက်ရာ တော်ဝင်မင်းသား ဟိုင်န်ရီက ထူထပ်သော သစ်ရွက်ပုံကြီးပေါ်တွင် လက်တင်ကာ ရပ်နေသည်ကို တွေ့လိုက်ရ၏။

သူ၏ နှုတ်ခမ်းထောင့်စွန်းတွင် ညစ်ကျယ်ကျယ်အပြုံးတစ်ခု စွဲထင်နေကာ သူ့အနောက်၌မူ စာထဲတွင်ပါသော ဆံပင်အပြာရောင်နှင့် စစ်သည်တော်ကို မြင်လိုက်ရသည်။

မျက်လုံးချင်းဆုံသွားသည်နှင့် ဆံပင်အပြာရောင်ရှိသော စစ်သည်တော်က ကျွန်မကို အလျင်အမြန်ပင် ဦးညွှတ်အရိုအသေပေးခဲ့၏။

တော်ဝင်မင်းသား ဟိုင်န်ရီက သူ့ကို လက်ဝှေ့ယမ်းပြကာ နောက်ဆုတ်ခိုင်းပြီးနောက် ကျွန်မအနားသို့ တိုးကပ်လာပြီး စောင့်ကြပ်ပို့ဆောင်ပေးရန် ကမ်းလှမ်းလာသည်။

“ခဏလောက် အတူတူလမ်းလျှောက်ရင်ရော အဆင်ပြေမလား၊ ကွီးန်။”

မွန်းကျပ်နေသောစိတ်ကို ပြေပျောက်စေရန်အတွက် ကောင်းမည်ဟု တွေးလိုက်မိသည်။

ကျွန်မ ခေါင်းညိတ်ပြပြီး ထရပ်ကာ သူ၏ လက်မောင်းပေါ်သို့ လက်တင်လိုက်၏။

ထိုခဏ၌ လက်အောက်မှ ကြွက်သားများ တောင့်တင်းသွားသည်ကို ခံစားလိုက်ရသည်။

ကျွန်မ ကိုယ်တိုင်ပင်သတိမထားမိဘဲ အောက်သို့ ငုံ့ကြည့်မိသွား၏။

ကြည့်လိုက်ရုံနှင့် အဝတ်အစားများကိုသာ မြင်ရမည် ဖြစ်သော်လည်း။

အခြားသူများ၏ စောင့်ကြပ်ပို့ဆောင်ပေးမှုကို အကြိမ်ကြိမ် ခံယူဖူးသော်လည်း……

တော်ဝင်မင်းသား ဟိုင်န်ရီက ထူးထူးခြားခြား ကြွက်သားတွေ တောင့်တင်းနေပါလား။

ဘာလို့ပါလိမ့်။

ကြည့်လိုက်ရင် ပိန်ပိန်သွယ်သွယ်လေးနဲ့ကို။

မထင်မှတ်ဘဲ လက်မောင်းမှာ ကြွက်သားတွေ အများကြီး ရှိနေတာလား။

‘ရူးသွားပြီပဲ၊ နာဗီရယ်။ စောင့်ကြပ်ပို့ဆောင်ပေးနေတဲ့သူကို ဘယ်လိုအတွေးတွေ လျှောက်တွေးနေတာလဲ။’

ရှက်စိတ်ကြောင့် မျက်နှာတွင် အပူရှိန်တက်လာစဉ် တော်ဝင်မင်းသား ဟိုင်န်ရီက ချက်ချင်းပင် မေးလာသည်။

“ပူလို့လား၊ ကွီးန်။”

“ရှင်။”

“မျက်နှာက နီနေလို့ပါ။”

“နည်းနည်း…… ပူလို့ပါ။”

စကားပင် မဆုံးသေး၊ ဝှစ်ခနဲ တိုက်ခတ်လာသော လေအေးကြောင့် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားရသည်။

ခပ်လှမ်းလှမ်းမှ လိုက်ပါလာသော ဟိုင်န်ရီ၏ စစ်သည်တော်ထံမှ ‘ဟတ်ချိုး’ ဟု နှာချေသံ ထွက်လာ၏။

ရှက်ကိုးရှက်ကန်း ဖြစ်သွားသဖြင့် ကျွန်မ နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။

ဘေးနားမှ ရယ်ချင်သည်ကိုအောင့်ထားသော အသံကို ကြားရသဖြင့် မျက်နှာက ပို၍ ထူပူလာရ၏။

“ကျန်းမာရေး ကောင်းတဲ့ပုံပဲနော်၊ ကွီးန်။ အအေးမိမှာ စိုးရိမ်စရာမလိုတော့ဘူးပဲ။”

“……နည်းနည်းပေါ့။”

အိုးတိုးအမ်းတမ်းဖြင့် သူ၏ လက်မောင်းမှ လက်ကို ပြန်ရုပ်လိုက်တော့ တော်ဝင်မင်းသား ဟိုင်န်ရီတစ်ယောက် နောက်ဆုံးတွင် ခပ်တိုးတိုး ရယ်လေတော့သည်။

တမင်ပင် စကပ်ကို တင်းတင်းဆုပ်ကိုင်ကာ မေးကို မော့ထားရင်း ကျွန်မ ချက်ချင်း အခြားအကြောင်းအရာတစ်ခုကို စကားလမ်းကြောင်း လွှဲလိုက်၏။

“စာက လေ့ကျင့်ခန်း အများကြီး လုပ်ထားတဲ့ပုံကို။ စိတ်ပူနေမှာပဲ။”

“ဖူး...”

“...”

တကယ်…… ငါးနာရီလောက်ဖြစ်ဖြစ် မေ့လဲသွားလိုက်ချင်တော့သည်။

တွေးနေသည့်ကိစ္စနှင့် စာထဲမှအကြောင်းအရာတွေ ရောထွေးသွားရသတဲ့လား။

သို့သော် စကားက ထွက်သွားပြီးသား ဖြစ်နေပြီး တော်ဝင်မင်းသား ဟိုင်န်ရီခမျာ အသည်းအသန် ရယ်ချင်စိတ်ကို အောင့်ထားရသဖြင့် နှုတ်ခမ်းကို ကိုက်ထားရရှာသည်။

“ဟုတ်ကဲ့။ တောင့်တင်းကြံ့ခိုင်တဲ့ စာရွက်ကို ရွေးဖို့ တော်တော်လေး စဉ်းစားခဲ့ရတာပါ။ ကွီးန် နှုတ်သီးနဲ့ ကိုက်ရာကနေ စာရွက်ပြဲသွားရင် မဖြစ်လို့လေ။”

အတတ်နိုင်ဆုံး တည်ငြိမ်ဟန်ဆောင်ခဲ့သော်လည်း တော်ဝင်မင်းသား ဟိုင်န်ရီ၏ နောက်ရွှတ်ရွှတ်အဖြေကြောင့် ကျွန်မ၏ မျက်နှာထား ပျက်သွားရသည်။

မကျေနပ်သလို စိုက်ကြည့်လိုက်တော့ တော်ဝင်မင်းသား ဟိုင်န်ရီက ကြောက်ပါပြီဟူသော အမူအရာဖြင့် လက်နှစ်ဖက်ကိုစုကာ တောင်းပန်ဟန် ပြုခဲ့၏။

ထိုသို့ လုပ်နေလျက်ကပင် တောက်လျှောက်ရယ်ရင်း အလုပ်ရှုပ်နေဆဲဖြစ်သော်လည်း။

“တောင်းပန်၊ ဟားဟား၊ တောင်းပန်ပါတယ်ဗျ။”

“မှားပြောမိတာပါ။”

“သိပါတယ်။ ကျွန်တော် လေ့ကျင့်ခန်း အများကြီး လုပ်သလားလို့ မေးချင်တာ မဟုတ်လား၊ ကွီးန်။”

“မဟုတ်ပါဘူး။ ရှင့်အစ်ကိုတော်အကြောင်း မေးမလို့ပါ။”

“အစ်ကိုတော်ကတော့ လေ့ကျင့်ခန်း သိပ်မလုပ်ပါဘူး။”

တကယ်ပဲ…… ဒီမင်းသားကတော့။

ဆက်တိုက် နောက်ပြောင်နေသဖြင့် စိတ်တိုတိုနှင့် ရပ်လိုက်မိသည်။

တမင် အေးစက်သော မျက်နှာထား လုပ်လိုက်တော့မှ တော်ဝင်မင်းသား ဟိုင်န်ရီလည်း တောင်းပန်ကြောင်းပြောကာ သေသေချာချာ ပြန်ဖြေရှာ၏။

“အရင်ကထက် ကျန်းမာရေး အခြေအနေ မကောင်းဘူးလို့တော့ ပြောကြပေမဲ့။ ‘အခုအထိ’ တော့ အန္တရာယ်ရှိတဲ့ အခြေအနေ မဟုတ်သေးပါဘူး။ နဂိုကတည်းက ခန္ဓာကိုယ် အားနည်းတဲ့သူမို့လို့ပါ။”

‘တော်သေးတာပေါ့’ ဟု ပြောရန်အတွက် တွေးဆစရာ ဖြစ်နေသည်။

‘အခုအထိ’ အန္တရာယ်မရှိသေးဘူးဆိုသည်မှာ နောက်ပိုင်းတွင် ပို၍ အန္တရာယ်ရှိလာနိုင်သည်ဟု အဓိပ္ပာယ်ရသည် မဟုတ်ပါလား။

စိုးရိမ်စိတ်ဖြင့် စိုက်ကြည့်လိုက်ရာ တော်ဝင်မင်းသား ဟိုင်န်ရီက ​အနေအထားကို ပြောင်းလဲရန်အတွက် နှစ်နှစ်ကာကာပြုံးရင်း မေးလာ၏။

“ကျွန်တော့်ရဲ့ အကြံပြုချက်ကို စဉ်းစားပြီးပြီလားဗျ။”

“အကြံပြုချက် ဟုတ်လား။”

“ကလဲ့စားချေနည်း နံပါတ် ၁ နဲ့ ၂ လေ။”

ကျွန်မ၏ မျက်နှာရိပ်မျက်ကဲကို ကြည့်ကာ တော်ဝင်မင်းသား ဟိုင်န်ရီက ‘အဟမ်း’ ဟု ချောင်းတစ်ချက်ဟန့်ရင်း ထပ်ပြောခဲ့သည်။

“နံပါတ် ၁ ကို အကြံပြုချင်ပါတယ်။”

“ချောမောလှပပြီး အဆင့်အတန်းအရိုက်အရာမြင့်တဲ့ အံ့သြစရာယောက်ျားကို ချစ်သူအဖြစ် ထားဖို့လား။”

“မလုပ်ချင်ဘူးဆိုရင်လည်း ချစ်သူအတုအနေနဲ့ဖြစ်ဖြစ်ပေါ့……”

တီးတိုးရေရွတ်လိုက်သော တော်ဝင်မင်းသား ဟိုင်န်ရီက ကျွန်မ၏ မျက်နှာရိပ်မျက်ကဲကို တစ်ဖန် ပြန်ကြည့်ပြီးနောက် လက်နှစ်ဖက်ကို အနောက်ပစ်ကာ မသိသလိုလုပ်နေသည်။

ရုတ်တရက် သူပြောသော ‘ချစ်သူအတု’ ဆိုသည်မှာ တော်ဝင်မင်းသားကိုယ်တိုင်ကို ရည်ညွှန်းနေခြင်းလားဟု တွေးမိသွား၏။

သူက ဆိုဗီရ်ရှုကို မုန်းသည်မဟုတ်ပါလား။

ဆိုဗီရ်ရှုကို အရှက်ခွဲနိုင်မည့် ကိစ္စမျိုးဆိုလျှင် ဝမ်းပန်းတသာ လုပ်ချင်ပေလိမ့်မည်။

သို့သော် စောစောက ကျွန်မကို စနောက်ခဲ့သည့်အပေါ် မကျေနပ်သဖြင့် မသိချင်ယောင်ဆောင်ကာ မေးလိုက်၏။

“ခါ့ဖ်မန်း မင်းသားကြီးကို ရည်ရွယ်ပြီး ပြောတာလား။”

“မဟုတ်ပါဘူး။”

“ခါ့ဖ်မန်း မင်းသားကြီးနဲ့ ကွက်တိပဲကို။”

“မဟုတ်ပါဘူးဆို။”

“ဒါပေမဲ့ သူကလွဲပြီးတော့ ချောမောလှပပြီး အဆင့်အတန်းအရိုက်အရာမြင့်တဲ့ အံ့သြစရာယောက်ျားက တခြားရှိသေးလို့လား။”

“……”

ဟိုင်န်ရီက စိတ်ကောက်သွားသော မျက်နှာဖြင့် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး “မရှိလောက်ဘူးလား” ဟု အတည်ပေါက် မေးလာသည်။

ထို့နောက် မျက်နှာကို အနားသို့ တိုးကပ်လာကာ သူ မည်မျှချောသလဲဆိုသည်ကို အသေအချာကြည့်ပြီးမှ ပြောပါဟူသော အမူအရာ လုပ်ပြနေ၏။

ကျွန်မ ရယ်လိုက်တော့ သူက စနောက်နေခြင်းမှန်း သိသွားဟန်ဖြင့် ပြုံးစစနှင့် မေးလာသည်။

“နောက်နေတာ မဟုတ်လားဗျ။”

“အတည်ပြောနေတာကို။”

“....”

ဒါကြောင့် စောစောက တော်ဝင်မင်းသား ဟိုင်န်ရီ ကျွန်မကို နောက်ပြောင်ခဲ့တာကိုး။

တုံ့ပြန်ပုံက အင်မတန် ရယ်စရာကောင်းလှ၏။

“နောက်တာပါ။”

“ဟုတ်တယ်မဟုတ်လား။”

“ဟုတ်ပါတယ်။ ကိုယ်မလိုချင်တဲ့ ယောက်ျားကို ဘေးနားထားပြီး ဖောက်ပြန်နေသလိုတော့ အထင်မခံချင်ပါဘူး။”

“……အဲ့ဒီအပိုင်းကရော နောက်နေတာလားဗျ။”

“ဘာလို့လဲ။”

တော်ဝင်မင်းသား ဟိုင်န်ရီက ညှိုးငယ်သွားသော မျက်နှာဖြင့် မြေပြင်ကို ငုံ့ကြည့်ကာ လမ်းလျှောက်နေသည်။

ကာယကံရှင်က စနောက်ခံရသဖြင့် ဝမ်းနည်းနေသည့် မျက်နှာမျိုး ဖြစ်နေသော်လည်း ခံစားချက်ကို အရှိအတိုင်း ဖော်ပြနေ၍ပဲလား မသိ။

သနားစရာထက် ချစ်စရာပိုကောင်းနေသည်။

ကျွန်မ သူ၏ ဘေးနားမှ အရှိန်တူ လမ်းလျှောက်ရင်း ရယ်ချင်စိတ်ကို အောင့်ထားရန်အတွက် သိုးများကို ဖျစ်ညှစ်ရေတွက်နေမိ၏။

ထို့နောက်တွင် နှစ်ယောက်သား စကားမပြောဘဲ ခရစ္စတယ်လ် ဟောက်စ် အနီးအထိ လမ်းလျှောက်သွားခဲ့ကြသည်။

တော်ဝင်မင်းသား ဟိုင်န်ရီက ဘာကြောင့် စကားမပြောမှန်း မသိသော်လည်း ကျွန်မကမူ ပတ်ဝန်းကျင်ကို ခံစားနေရသဖြင့် စကားပြောရန် အချိန်မရှိပေ။

ယနေ့မှ ကောင်းကင်ကြီးက ထူးထူးခြားခြား လှပနေသည်။

နေဝင်ရီတရောအချိန်ဖြစ်၍ ကောင်းကင်တွင် နီမြန်းသော အရောင်များ ယှက်သန်းနေပြီး ထိုအလင်းရောင်ကြောင့် ခရစ္စတယ်လ် ဟောက်စ်၏ အမိုးက ဧရာမပတ္တမြားကြီးပမာ တောက်ပနေ၏။

ကျွန်မ ထိုမြင်ကွင်းကို ခဏ ငေးကြည့်နေမိသည်။

ယခင်ကလည်း အကြိမ်ကြိမ် မြင်ဖူးသည့် မြင်ကွင်းဖြစ်သော်ငြား ထိုခဏ၌ ခေါင်းထဲတွင် ဘာမှမရှိတော့ဘဲ ဘာကိုမှ မတွေးမိတော့။

“ကျွန်တော် အနောက်ဘုရင့်တိုင်းပြည်ကို ပြန်သွားရင်……“

ငေးနေသော ကျွန်မ၏ အသိစိတ်ကို ပြန်လည် နိုးကြားစေခဲ့သည်က တော်ဝင်မင်းသား ဟိုင်န်ရီ၏ စိုးရိမ်တကြီး ထွက်ပေါ်လာသော အသံပင်။

လှည့်ကြည့်လိုက်တော့ တော်ဝင်မင်းသား ဟိုင်န်ရီက လှပသော အိမ်တော်ကြီးကို မဟုတ်ဘဲ ကျွန်မဘက်ကို ကြည့်နေခဲ့သည်။

နေဝင်ချိန်ဖြစ်၍လား မသိ၊ သူ၏ ခရမ်းရောင် မျက်ဝန်းများက ပုံမှန်ထက် ပို၍ မှောင်နေသလိုပင်။

“အနောက်ဘုရင့်တိုင်းပြည်ကို ပြန်သွားရင်……”

“ကွီးန်က ကျွန်တော့်ကို လွမ်းနေပေးမှာလားဗျ။”

ဂူ... ဂူ... ဟူသော ငှက်အော်သံကို အဝေးမှ ကြားနေရသည်။

ကျွန်မ တစ်ချက်လေး သူ့ကို ငေးကြည့်နေမိပြီးမှ သူ၏ မေးခွန်းကို နားလည်သွား၏။

အနောက်ဘုရင့်တိုင်းပြည်ကို ပြန်သွားရင် လွမ်းနေပေးမှာလားပေါ့လေ။

အနောက်ဘုရင့်တိုင်းပြည်ကို ပြန်သွားမယ်……

ဟုတ်သားပဲ။

တော်ဝင်မင်းသား ဟိုင်န်ရီက ကွီးန်နဲ့အတူ သူ့ရဲ့ တိုင်းပြည်ကို ပြန်တော့မှာပဲ။

အာ... ဟုတ်သား။

သူက တစ်နေ့မှာ ပြန်ရမည့်သူပဲကိုး။

အထူးသဖြင့် သူက ထိုနေရာ၏ ဆက်ခံသူ မဟုတ်ပါလား။

“……”

ရင်ထဲတွင် ဆို့နင့်လာသလို ခံစားလိုက်ရသည်။

မသိလိုက်ခင်မှာ သူနဲ့ ဒီလောက်အထိ ရင်းနှီးသွားလိုက်တာလား။

အဖိုးတန်သော သူငယ်ချင်းတစ်ယောက် အဝေးသို့ ထွက်သွားတော့မည်ဟူသည့် အချက်ကြောင့် ဆုံးရှုံးမှုတစ်ခုကို ခံစားလိုက်ရသလိုပင်။

ဘာလို့ ဒီလိုဖြစ်ရတာပါလိမ့်။

စဉ်းစားကြည့်တော့ ကျွန်မက မိသားစုဝင် သို့မဟုတ် သူငယ်ချင်းကဲ့သို့သော အဖိုးတန်သူများနှင့် အဝေးသို့ ခွဲခွာဖူးခြင်း မရှိခဲ့ပေ။

လက်ထပ်ပြီးနောက် မိသားစုဝင်များနှင့် မကြာခဏ မတွေ့ရသော်လည်း အကွာအဝေးကတော့ မဝေးလှသည် မဟုတ်ပါလား။

“……လွမ်းနေမှာပါ။ အများကြီးပေါ့။”

အတတ်နိုင်ဆုံး တည်ငြိမ်ဟန်ဆောင်ကာ ပြန်ဖြေလိုက်သည်။

ကျွန်မကိုယ်ကျွန်မ ပြန်ကြားရသော အသံမှာ အတော်လေး တည်ငြိမ်နေသဖြင့် ဝတ်ကျေတမ်းကျေ ပြောလိုက်သော စကားနှင့်ပင် တူနေ၏။

“တကယ် ပြောတာပါ။”

ထပ်ဖြည့်ပြောလိုက်တော့ တော်ဝင်မင်းသား ဟိုင်န်ရီက ဝမ်းနည်းဟန်ဖြင့် ပြုံးခဲ့သည်။

“အခုချက်ချင်းကြီး ထွက်သွားမှာတော့ မဟုတ်ပါဘူး။”

ဘာပြန်ပြောရမှန်း မသိတော့။

ပတ္တမြားရောင် တောက်နေသော အမိုးဆီသို့သာ အကြည့်ကို လွှဲလိုက်မိသည်။

ဘေးကို အသာလေး လှမ်းကြည့်လိုက်တော့ တော်ဝင်မင်းသား ဟိုင်န်ရီက သူ၏ အိတ်ဆောင်နာရီကိုထုတ်ကာ အချိန်ကို စစ်ဆေးနေကြောင်း တွေ့လိုက်ရ၏။

“အချိန်တောင်လင့်ပြီပဲ။”

သူက ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက် လိုက်ပို့ပေးမည်ဟုဆိုကာ အနောက်နန်းဆောင်သို့ ဦးတည်သောလမ်းသို့ ခြေလှမ်းလေတော့သည်။

~~~~

ဆိုဗီရ်ရှုက အစီရင်ခံစာကို ကိုင်ထားရင်း စားပွဲတွင် ထိုင်နေခဲ့သည်။

တစ်စုံတစ်ခုကို အလေးအနက် စဉ်းစားနေပုံပင်။

ဆိုဗီရ်ရှု၏ ကိုယ်ရေးအရာရှိချုပ်ဖြစ်သူ မားကီးစ် ကားလ်က ဘေးနားတွင် ရပ်နေရင်း မျက်နှာရိပ်မျက်နှာကဲကြည့်ကာ သတိထား၍ မေးလာသည်။

“အရှင်ဧကရာဇ်။ လေဒီ ရက်ရှ်တာကို ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားနေတာလားခင်ဗျ။”

“ဘာကို ဘယ်လိုလုပ်ရဦးမှာလဲ။ ကိုယ်ဝန်ရှိနေတဲ့လူကို အပြစ်ပေးရမှာလား၊ ဘာလုပ်ရမှာလဲ။”

ဒါပေမဲ့ အခုဆို နှစ်နာရီတောင် ရှိနေပြီကို...

မားကီးစ် ကားလ်က စိတ်ထဲမှသာ ရေရွတ်ကာ မိမိ၏ အမြင်ကို ပြောလိုက်သည်။

“မျှော်လင့်မထားတဲ့ကိစ္စ ဖြစ်နေပေမဲ့လည်း အရှင်ဧကရာဇ်။ အဆင့်အတန်းနိမ့်တဲ့ ချစ်သူတစ်ယောက်အနေနဲ့ လူမှုရေးအသိုင်းအဝိုင်းမှာ ရှင်သန်နိုင်ဖို့ဆိုရင် ဒီလောက်အတိုင်းအတာ ခုခံနိုင်စွမ်းတော့ ရှိသင့်ပါတယ်။”

“ခုခံတယ်……”

“လက်ဖက်ရည်ပါတီမှာ မြို့စားကတော်နဲ့ လေဒီ ရက်ရှ်တာတို့ အချင်းချင်း ထိပ်တိုက်တွေ့ခဲ့ကြတယ်လို့ ကြားရပါတယ်။ အဲ့ဒီကိစ္စကြောင့်ပဲ အခုလိုလုပ်ခဲ့တာ မဟုတ်ပါလား။”

“……မပြောတတ်ဘူး။”

ဆိုဗီရ်ရှုက မျက်မှောင်ကြုတ်လိုက်သည်။

ထိုရေရွတ်သံကို ကြားရတော့ မားကီးစ် ကားလ်လည်း ဆိုဗီရ်ရှု ဘာတွေးနေမှန်း လုံးဝ ခန့်မှန်းရခက်သွားတော့၏။

မြို့စားကတော်ကို ခုခံရန် လုပ်ခဲ့သည်ဟု မထင်ခြင်းပေပဲလား။

“နောင်မှာလည်း ဒီလိုကိစ္စမျိုးတွေ ထပ်ဖြစ်မှာ စိုးရိမ်တယ်ဆိုရင်တော့ သေသေချာချာ သတိပေးထားလိုက်တာက ပိုမကောင်းဘူးလားဗျ။”

“မားကီးစ် ကားလ်။”

“ဟုတ်ကဲ့၊ အရှင်ဧကရာဇ်။”

“ဒါက ကျုပ်ရဲ့ အိမ်​တွင်းရေးကိစ္စမို့လို့ မောင်မင်း ဝင်ပါစရာမလိုဘူး။”

“စိုးရွံ့မိပါတယ်။”

ပြတ်ပြတ်သားသား စည်းသားလိုက်သော ဆိုဗီရ်ရှုက သက်ပြင်းတစ်ချက်ချလိုက်ပြီး ကိုင်ထားသော အစီရင်ခံစာကို မားကီးစ် ကားလ်ထံသို့ ကမ်းပေးလိုက်သည်။

မားကီးစ် ကားလ်က အစီရင်ခံစာကို လှမ်းယူရင်း မေးလာ၏။

“ဒီအစီရင်ခံစာကို ဖျက်ဆီးလိုက်ရမလားခင်ဗျ။”

စိတ်ထဲတွင် ဘာရှိရှိ ဆိုဗီရ်ရှုက ဤကိစ္စကို ဖုံးကွယ်ထားချင်မည်မှာ သေချာသည်။

ထိုသို့ဆိုလျှင် နောင်တွင် ပြဿနာမတက်စေရန် သက်ဆိုင်ရာ အစီရင်ခံစာကို အပြီးအပိုင် ဖျက်ဆီးပစ်ရမည်သာ။

သို့သော် ဆိုဗီရ်ရှုက ခေတ္တ စဉ်းစားလိုက်ပြီးမှ လုံးဝ ထင်မှတ်မထားသော ညွှန်ကြားချက်ကို ပေးလာ၏။

“……လောလောဆယ်တော့ သိမ်းထားရအောင်။”

~~~~

Miel's Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment