no

Font
Theme

အပိုင်း ၉၅ (မုန်တိုင်းလာပေတော့မည်)

“အခုလို အချိန်အတော်လင့်နေမှ လာတွေ့ရတဲ့အတွက် တောင်းပန်ပါတယ်၊ ဧကရီအရှင်မ။”

ဖာရ်အန်း မားကီးစ်က ကျွန်မကို ဂါရဝပြုနှုတ်ဆက်ပြီးနောက် ‘လူရှင်းပေးပါ’ ဟူသော အချက်ပြမှုကို တိတ်တဆိတ် ပေးပို့လာသည်။

နယ်စားကတော်ကြီး အယ်လီဇာက အကဲခတ်အလွန်တော်သူပင်။

ကျွန်မ စကားတစ်ခွန်းမှ မပြောရသေးခင်မှာပင် သူက ကျန်ရံရွေတော်နှစ်ယောက်ကိုခေါ်ကာ အခန်းပြင်သို့ အမြန်ထွက်သွားပေးခဲ့သည်။

“ဘာကိစ္စရှိလို့လဲ။”

ကျွန်မတို့နှစ်ယောက်တည်း ကျန်ခဲ့သောအခါ ဖာရ်အန်း မားကီးစ်က မည်မျှ အရေးကြီးနေသည်မသိ၊ ထိုင်ခုံမှာပင် ဝင်မထိုင်နိုင်ဘဲ စကားကို အစပျိုးတော့၏။

ရက်ရှ်တာက ကျွန်ပြေးဖြစ်သည်မှာ မှန်ကန်ကြောင်း၊ ဆိုဗီရ်ရှုနှင့် မတွေ့ခင်ကတည်းက ကလေးတစ်ယောက် မွေးခဲ့ဖူးကြောင်း စသည်ဖြင့်......

“ကလေး။ ရက်ရှ်တာရဲ့ ကလေးပေါ့လေ။”

“ဟုတ်ပါတယ်။ အဖေက ဘယ်သူမှန်း မသိရပေမဲ့ ရက်ရှ်တာက ကလေးကို ပစ်ထားခဲ့ပြီး ထွက်ပြေးလာတာမို့လို့ အခုတော့ ဗိုင်းကောင့် လိုတဲရှုက ပြုစုစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။”

“ရက်ရှ်တာရဲ့ ကလေး......”

ဗိုင်းကောင့် လိုတဲရှုထံတွင် ကလေးတစ်ယောက်ရှိနေကြောင်းကို တစ်ခါနှစ်ခါ ကြားခဲ့ဖူးသော်လည်း။

သို့တိုင် တကယ်ပင် ရက်ရှ်တာ၏ကလေး ဖြစ်နေလိမ့်မည်ဟုတော့ ထင်မထားခဲ့ပေ။

“ကလေးရဲ့အဖေကို မသိဘူးဆိုတာကရော။ အမှန်ပဲလား။”

“သူ့စကားအရဆိုရင်တော့ အဲ့ဒီလိုပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကြီးလာရင် ရောင်းစားတာဖြစ်ဖြစ်၊ ကျွန်အဖြစ် ခိုင်းတာဖြစ်ဖြစ် လုပ်မှာပဲဆိုတော့ အဖေဘယ်သူဖြစ်တယ်ဆိုတာ အရေးမှမပါတာ။”

ဖာရ်အန်း မားကီးစ်က ခနဲ့တဲ့တဲ့လေသံဖြင့် လက်ကိုဝှေ့ယမ်းရင်း စကားဆက်ပြောခဲ့သည်။

နောက်ထပ်ပြောပြလာသော အကြောင်းအရာများက ရက်ရှ်တာအကြောင်း မဟုတ်တော့ဘဲ ကျွန်မအစ်ကိုနှင့် ဆိုဗီရ်ရှုတို့ အကြောင်းပင်။

အစ်ကိုက ဗိုင်းကောင့် လိုတဲရှုထံမှ အချက်အလက်များ စုံစမ်းရင်း အင်အားသုံးခဲ့မိရာမှ ဆိုဗီရ်ရှုက ထိုအကြောင်းကို သိသွားပြီး စစ်သည်တော်များလွှတ်ကာ အစ်ကို့ကို နေအိမ်အကျယ်ချုပ် ချလိုက်သည်ဟူသော သတင်းဖြစ်သည်။

ရက်ရှ်တာက ကျွန်ပြေးဖြစ်မှန်း အစ်ကိုသိသွားပြီး လူတွေကို ဖွင့်ပြောမည်စိုး၍ ဆိုဗီရ်ရှုက ထိုသို့လုပ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

“ကျွန်မတို့ တစ်လှမ်း နောက်ကျသွားပြီကိုး။”

အစ်ကို့ကို သတိထားရန် အရင်ပြောထားချင်ခဲ့သော်လည်း။

ထိုအတောအတွင်းမှာပင် ကိစ္စက ဖြစ်ပျက်သွားခဲ့ပေပြီ။

ကျွန်မ စိတ်မကောင်းစွာဖြင့် သက်ပြင်းချလိုက်မိသော်လည်း ဖာရ်အန်း မားကီးစ်က ပြုံးပြီး ခေါင်းခါပြလာသည်။

“ကျွန်တော်တို့က တစ်လှမ်း ရှေ့ရောက်သွားတာပါ။”

“....”

“ဗိုင်းကောင့် လိုတဲရှုက အဲ့ဒီမိန်းမနဲ့ တစ်ဖက်တည်းဆိုတော့ အရှင်ဧကရာဇ်ကို အဲ့ဒီမိန်းမရဲ့ အားနည်းချက်အကြောင်း ပြောပြမှာမဟုတ်ပါဘူး။ ပြီးတော့ အရှင်ဧကရာဇ်ကလည်း ခိုရှာရ်ကို လုံးဝ မယုံကြည်တဲ့အပြင် မုန်းနေတာဆိုတော့ ခိုရှာရ် ဘာပဲပြောပြော လက်ခံမှာမဟုတ်ဘူးလေ။”

“အဲ့ဒီစကားက...... ကျွန်မကိုပဲ ရက်ရှ်တာရဲ့ လျှို့ဝှက်ချက်အကြောင်း အရှင်ဧကရာဇ်ကို သွားပြောခိုင်းနေတာလား။”

“ဟုတ်ပါတယ်။”

“......”

“သူတစ်ပါးရဲ့ အားနည်းချက်ကို ဆွဲကိုင်ပြီး ခြိမ်းခြောက်ရတာမျိုးကို ဧကရီအရှင်မ မကြိုက်မှန်းသိပါတယ်။”

ဖာရ်အန်း မားကီးစ်က ကျွန်မကို ပြတ်သားသော အကြည့်ဖြင့် စိုက်ကြည့်ရင်း ပြောလာသည်။

“ဒါပေမဲ့ ဧကရီအရှင်မ။ မြင့်မြတ်ပြီး တင့်တယ်လှပတဲ့ ငှက်ထက်စာရင်၊ အဲ့ဒီအသားကို ကိုက်ဖဲ့စားပြီး အသက်ရှင်ကျန်ရစ်ခဲ့တဲ့ သားရဲက ပိုမကောင်းဘူးလားခင်ဗျ။ သွေးစွန်းတာတွေနဲ့ အညစ်အကြေးတွေကိုတော့ ဆေးကြောပစ်လိုက်ရင် ရတာပဲလေ။”

~~~~

ဖာရ်အန်း မားကီးစ် ထွက်သွားပြီးနောက် နယ်စားကတော် အယ်လီဇာက ဘာမှမပြောဘဲ ကော်ဖီပူပူလေးတစ်ခွက် လာချပေးသည်။

ကျွန်မ ဧည့်ခန်းပြတင်းပေါက်ဘေးတွင်ထိုင်ရင်း လမင်းကြီးကို ငေးကြည့်ကာ အချိန်အကြာကြီး တွေးတောနေမိ၏။

ရက်ရှ်တာ၏ အတိတ်က အံ့ဩတုန်လှုပ်စရာကောင်းလှသော်လည်း၊ ဤအကြောင်းကို ဆိုဗီရ်ရှုထံ ကုန်းတိုက်သလို သွားပြောရန် စိတ်မပါလှပေ။

အကြောင်းမူကား ထိုအားနည်းချက်ဆိုသည်မှာ ယခုလက်ရှိ ဧကရာဇ်၏ အချစ်ကိုခံယူရင်း လူမှုရေးလောက၏ လိပ်ပြာလေးသဖွယ် ဖြစ်လာသော ရက်ရှ်တာ၊ လိမ်ညာမှုများဖြင့် ကျွန်မအစ်ကိုကို တိုက်ခိုက်ပြီး ကျွန်မကို အတုခိုးနေသော ရက်ရှ်တာမဟုတ်ဘဲ၊ ဘဝတွင် အားအနည်းဆုံး ဖြစ်ခဲ့သည့် အချိန်က ရက်ရှ်တာ၏အတိတ် ဖြစ်နေသောကြောင့်ပင်။

ထိုအချိန်မှ ရက်ရှ်တာကို ရောင်းစားခြင်းက ဆိုဗီရ်ရှု ကျွန်မထံမှ အမြဲတောင်းဆိုနေခဲ့သော ‘သနားညှာတာမှု’ နှင့်ဆိုင်သည့် ပြဿနာမဟုတ်။

ကျွန်မ၏ မာနနှင့်ဆိုင်သည့် ပြဿနာပင်။

ထို့အပြင် ဗိုင်းကောင့် လိုတဲရှုဆိုသူကိုလည်း ယုံကြည်ရန်ခက်လှသည်။

သူက အစ်ကို့ကို ‘ရက်ရှ်တာက ကလေးကို ပစ်ထားခဲ့တယ်’ ဟု ပြောခဲ့သော်လည်း၊ တကယ်တမ်း ကလေးကို ပစ်ထားခဲ့ခြင်းလား သို့မဟုတ် ကလေး အလုခံခဲ့ရခြင်းလားဆိုသည်မှာ ကာယကံရှင်နှစ်ဦးသာ သိနိုင်သည့်ကိစ္စ မဟုတ်ပါလား။

ဆာ အာရ်တီနာထံမှ ကြားရသလောက် ဗိုင်းကောင့် လိုတဲရှုက ကလေးကို ဖုံးကွယ်ပြီး မွေးထားသည်ဟု သိရသည်။

အကယ်၍ ရက်ရှ်တာ ပစ်ထားခဲ့သော ကလေးသာဆိုလျှင် ဖုံးကွယ်ပြီး မွေးထားရန် လိုအပ်ပါ့မည်လား။

ယခုမူ ရက်ရှ်တာနှင့် တစ်ဖက်တည်းဖြစ်နေ၍ အတိတ်ကို ဖုံးကွယ်ပေးရန် ထိုသို့လုပ်သည်ဆိုသော်လည်း၊ ယခင်က ကျိန်းသေပေါက် ထိုသို့သောဆက်ဆံရေးမျိုး မဟုတ်လောက်ပေ။

“......”

သို့သော်......ဖာရ်အန်း မားကီးစ်၏ စကားကလည်း မှန်ကန်နေပြန်သည်။

ရက်ရှ်တာကို မရှိသလို သဘောထားခြင်းသော်လည်းကောင်း၊ သူ၏ သနားစရာအတိတ်ကို မျက်ကွယ်ပြုပေးခြင်းသော်လည်းကောင်း ထိုသို့လုပ်ရန်မှာ ကျွန်မတို့ချင်း အပြန်အလှန် လျစ်လျူရှုနိုင်ကြသည့် အခြေအနေမျိုးမှသာ ဖြစ်နိုင်ပေလိမ့်မည်။

အစ်ကိုက အကျယ်ချုပ်ကျနေသည့် ယခုကဲ့သို့ အခြေအနေမျိုးတွင် မာနကိုသာ ဖက်တွယ်နေခြင်းက မိုက်မဲပြီး နုံအရာကျမည်သာ။

‘အရင်ဆုံး ဆိုဗီရ်ရှုနဲ့ အစ်ကို့ကိစ္စကို စကားပြောကြည့်တာပေါ့။’

~~~~

စိတ်မသက်မသာဖြစ်နေရသည်က နာဗီရယ်တစ်ယောက်တည်း မဟုတ်ပေ။

မြို့တော်သို့ ဦးတည်နေသော မြင်းရထားထဲတွင် ဆိုဗီရ်ရှုတစ်ယောက် မှော်ဆရာများနှင့် ပတ်သက်သော ကိစ္စရပ်များကို ကောင်းကောင်း မစဉ်းစားနိုင်ခဲ့။

ဘယ်နှစ်ကြိမ်ပင် ကြိုးစားပါစေ အတွေးများက အခြားနေရာသို့သာ ရောက်ရောက်သွားသည်။

ရက်ရှ်တာ ယခင်က ကလေးတစ်ယောက် မွေးခဲ့ဖူးသည်ဟူသော အချက်ကြောင့်ချည်းမဟုတ်။

ကလေးကိစ္စက အံ့ဩစရာဖြစ်သော်လည်း၊ ရက်ရှ်တာတွင် ချစ်ခဲ့ဖူးသည့်လူတစ်ယောက် ရှိခဲ့ဖူးသည်ဆိုသောအချက်က ထိုမျှအထိ စိတ်ထဲနေလို့မကောင်းဖြစ်စရာ မဟုတ်ခဲ့။

ဆိုဗီရ်ရှု စိတ်ထဲတွင် တနုံ့နုံ့ဖြစ်နေရသည်က ရက်ရှ်တာ သူ့ကို လိမ်ညာခဲ့ခြင်းနှင့်၊ ကလေးကိုပစ်ထားပြီး ထွက်ပြေးခဲ့ခြင်းဟူသော အချက်ပင်။

သို့ဆို၍လည်း ဆိုဗီရ်ရှုက ရက်ရှ်တာကို လုံးလုံးလျားလျား အပြစ်မတင်နိုင်ခဲ့။

ပထမတုံး ကယ်တင်ခဲ့စဉ်က မြင်တွေ့ခဲ့ရသည့် ရက်ရှ်တာ၏ သနားစရာကောင်းပြီး အားကိုးရာမဲ့နေသည့် ပုံစံလေးက မျက်စိထဲ၌ စွဲထင်နေဆဲပင်။

ကလေး အလုခံရခြင်းလား၊ တကယ်ပဲ ပစ်ထားခဲ့ခြင်းလားဆိုသည်ကို သေချာမသိဘဲ မိမိစိတ်ကြိုက် မဆုံးဖြတ်လိုပေ။

နောက်တစ်နေ့ မနက်စောစောတွင်။

နောက်ဆုံးတော့ ဆိုဗီရ်ရှု ပြတ်ပြတ်သားသား စိတ်မပိုင်းဖြတ်နိုင်သေးဘဲ နန်းတော်သို့ ပြန်ရောက်လာသည်။

ဆိုဗီရ်ရှုက အရင်ဆုံး ရက်ရှ်တာကိုတွေ့ရန် သွားခဲ့၏။

“လေဒီ ရက်ရှ်တာက မနိုးသေးပါဘူး။ အခုပဲ သွားနှိုးလိုက်ပါ့မယ်၊ အရှင်ဧကရာဇ်။”

အစေခံမိန်းကလေးက လန့်ဖျပ်သွားကာ ရက်ရှ်တာကို သွားနှိုးရန် ပြင်သော်လည်း ဆိုဗီရ်ရှုက မလိုကြောင်းပြောပြီး အခန်းထဲသို့ အသာလေး ဝင်သွားခဲ့သည်။

ရက်ရှ်တာက အိပ်ရာပေါ်တွင် အိပ်မောကျနေ၏။

ဆိုဗီရ်ရှုက တံခါးဝတွင်ရပ်ရင်း ရက်ရှ်တာကိုကြည့်ကာ သက်ပြင်းချလိုက်မိသည်။

ထိုစဉ်မှာပင် စားပွဲပေါ်မှ ထူးဆန်းသောအရာတစ်ခုကို တွေ့လိုက်ရသဖြင့် တုံ့ခနဲ ဖြစ်သွား၏။

ဆိုဗီရ်ရှု စားပွဲအနီးသို့ ချဉ်းကပ်သွားလိုက်သည်။

စားပွဲပေါ်တွင် တင်ထားသည်က လှပသော ငွေရောင်ဆံနွယ်လေးများပင်။

အသာလေး ထိကြည့်လိုက်တော့ ခံစားချက်က အလွန်ပင် နူးညံ့လှသည်။

‘ဆံပင်ညှပ်ထားတာလား။’

အစပိုင်းတွင် ရက်ရှ်တာ၏ဆံပင်ဟု ထင်မှတ်ခဲ့သော်လည်း မဟုတ်ပေ။

အထိအတွေ့အရ ဤဆံပင်က ကလေးတစ်ယောက်၏ ဆံပင်နှင့်တူနေသည်။

ထိုစဉ်မှာပင်။

“အရှင်ဧကရာဇ်။”

ရက်ရှ်တာက အိပ်ရာပေါ်မှ ကိုယ်ကိုထူကာ အိပ်ချင်မူးတူးအသံလေးဖြင့် သူ့ကို ခေါ်ခဲ့သည်။

ဆိုဗီရ်ရှု လှည့်ကြည့်လိုက်တော့ ရက်ရှ်တာက “ဘယ်တုန်းက ရောက်တာလဲဟင်” ဟု မေးရင်း အိပ်ရာပေါ်မှ အမြန်ဆင်းလာ၏။

သို့သော် အိပ်ချင်စိတ်မပြေသေးသော တောက်ပသည့် သူ၏ မျက်နှာလေးက ဆိုဗီရ်ရှု စားပွဲပေါ်မှဆံပင်ကို ကြည့်နေကြောင်း မြင်သွားချိန်တွင် ချက်ချင်းပင် ဖြူဖျော့သွားတော့သည်။

“အရှင်......ဧကရာဇ်။”

ရက်ရှ်တာက ကြောက်လန့်တကြားအသံလေးဖြင့် ဆိုဗီရ်ရှုကို ခေါ်လိုက်သည်။

“အဲ့ဒါ...... အဲ့ဒါက...... ခုနက ဆံပင်ဖျားလေးတွေကို နည်းနည်း တိလိုက်တာကို မှားပြီး ထားခဲ့မိတာထင်ပါတယ်။”

ထို့နောက် ဆိုဗီရ်ရှု၏အဖြေကိုပင် မစောင့်တော့ဘဲ အမြန်ပြေးလာကာ ဆံပင်လေးကိုယူပြီး ခုတင်ဆီသို့ ပြန်သွားခဲ့သည်။

ထိုသို့သော ထူးဆန်းသည့် အပြုအမူက ဆိုဗီရ်ရှုကို ပို၍သတိထားမိသွားစေ၏။

ဆိုဗီရ်ရှုက ရက်ရှ်တာ ယူသွားသော ဆံနွယ်လေးကို ဘယ်သူ့ဆံနွယ်မှန်း အရိပ်အမြွက် သိလိုက်သဖြင့် “အာ” ဟု အသံထွက်သွားသည်။

ရက်ရှ်တာ ယခင်က မွေးခဲ့ဖူးသည်ဆိုသော ထိုကလေး။

ကျိန်းသေပေါက် ထိုကလေး၏ ဆံနွယ်လေးဖြစ်ပေမည်။

‘တကယ်တော့ ကလေးကို ပစ်ထားခဲ့တာ မဟုတ်ဘူးပဲ။’

ဆိုဗီရ်ရှု စိတ်ထဲမှ ကြိတ်ပြီးခေါင်းခါမိသည်။

မတတ်သာဘဲ ကလေးနှင့် ခွဲခွာခဲ့ရသော ရက်ရှ်တာက ကလေးကို လွမ်းဆွတ်တမ်းတပြီး ဆံနွယ်လေးကိုသာ တိတ်တဆိတ် သိမ်းဆည်းထားသည်ဟု ယူဆလိုက်ခြင်းပင်။

ထိုအခါ ရက်ရှ်တာ၏ အခြေအနေနှင့် မိခင်မေတ္တာအပေါ် ကရုဏာ သက်မိသွားပြန်သည်။

ထိုအတွေးက ဆိုဗီရ်ရှု၏စိတ်ကို ပြောင်းလဲစေရန် နောက်ဆုံးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့၏။

လိမ်ညာခဲ့သည့်ကိစ္စက မပြေလည်သေးသော်လည်း......

‘ငါ အချစ်လျော့သွားမှာစိုးလို့ မပြောခဲ့တာနေမှာပေါ့။’

ဆိုဗီရ်ရှုက လောလောဆယ် ဤကိစ္စကို မသိသလိုနေရန် ဆုံးဖြတ်ခဲ့သည်။

သို့သော်လည်း အရှေ့နန်းဆောင်ရှိ ဥယျာဉ်ငယ်လေးတွင် တစ်ယောက်တည်း လမ်းလျှောက်ရင်း စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်ပြီးသည့်နောက်မှသာ၊ အိပ်ခန်းထဲတွင်ထိုင်ကာ မားကီးစ် ကားလ်ကို ခေါ်လိုက်၏။

ဆိုဗီရ်ရှု ပြန်ရောက်ကတည်းက နန်းတော်တွင် ကြိုတင်စောင့်ဆိုင်းနေသော မားကီးစ် ကားလ်လည်း အမြန်ဝင်လာသည်။

သူက ရက်ရှ်တာ၏ လျှို့ဝှက်ချက်ကို အတူတူသိထားသူဖြစ်သဖြင့် မျက်နှာက အလွန်ပင် တင်းမာနေ၏။

“ပြန်ရောက်ပါပြီလား၊ အရှင်ဧကရာဇ်။”

“ခိုရှာရ်ရော။”

“ဆာ ခိုရှာရ်ကတော့ သူ့အိမ်ထဲမှာပဲ ငြိမ်ငြိမ်လေး ရှိနေပါတယ်။”

“......”

“လေဒီ ရက်ရှ်တာကိစ္စကတော့......”

“ကွာရှင်းဖို့ စဉ်းစားထားတယ်။”

“လေဒီ ရက်ရှ်တာနဲ့ ချစ်သူအဖြစ်ပတ်သတ်မှုကို အဆုံးသတ်တော့မလို့လားခင်ဗျ။”

“မဟုတ်ဘူး။ ဧကရီနဲ့။”

သို့သော် ဆိုဗီရ်ရှု၏စကားက မားကီးစ် ကားလ် ထင်ထားခဲ့သည့်အရာနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေသည်။

ဆိုဗီရ်ရှုက ရက်ရှ်တာအပေါ် စိတ်ပျက်ပြီး ချစ်သူစာချုပ်ကို ဖျက်သိမ်းကာ၊ ဤဒေါသကို ဆာ ခိုရှာရ်အပေါ် ပုံချလိမ့်မည်ဟု ထင်ထားခဲ့သော မားကီးစ် ကားလ်လည်း လွန်စွာအံ့ဩသွားရ၏။

အကြောင်းရင်းက ဘာကြောင့် ဧကရီဘက်ကို လှည့်သွားရမှန်း နားမလည်နိုင်ပေ။

“ဧကရီအရှင်မကို ဘာဖြစ်လို့ ရုတ်တရက်ကြီး......”

“ခိုရှာရ်ဆိုတဲ့ လူပေလူတေကို ဧကရီကိုယ်တိုင်တောင် ထိန်းချုပ်လို့မရဘူး။”

“အာ။”

“ခိုရှာရ် ပြဿနာရှာတာက အခုဆိုရင် ဒုတိယအကြိမ်​ပဲ။ ဒါတောင် ကိုယ်ဝန်ဖျက်ဆေးကိစ္စ ဖြစ်ပျက်ခဲ့တာ ဘယ်လောက်မှကြာသေးတာမဟုတ်ဘူး။”

“လေဒီ ရက်ရှ်တာက......”

ဆိုဗီရ်ရှုက ခေါင်းကိုက်သလိုပုံစံဖြင့် နဖူးကို ဖိထားလိုက်သည်။

“ရက်ရှ်တာအပေါ် စိတ်ပျက်တာ မပျက်တာထက်၊ အခု သူက ကျုပ်ကလေးကို လွယ်ထားရတဲ့သူ။ အခု ရက်ရှ်တာကို တိုက်ခိုက်တာက ကျုပ်ကလေးကို တိုက်ခိုက်တာနဲ့ အတူတူပဲ။”

“ဒါပေမဲ့ အရှင်ဧကရာဇ်၊ ဘယ်လောက်ပဲ အဲ့ဒီလိုဖြစ်ဖြစ် ကွာရှင်းမယ်ဆိုတာကတော့......”

မားကီးစ် ကားလ်တစ်ယောက် စိတ်ပျက်သလို မျက်နှာထားမျိုး ဖြစ်သွားသည်။

ဧကရီ နာဗီရယ်က အများအားဖြင့် ‘ဧကရီကောင်း’ ဟု ရည်ညွှန်းလေ့ရှိသော ကြင်နာထောက်ထားတတ်သည့် ဧကရီမျိုး မဟုတ်ပေ။

သို့သော်လည်း စည်းစနစ်ကျသော လုပ်ရည်ကိုင်ရည်နှင့် ပြီးပြည့်စုံသော ဧကရီပုံရိပ်ကြောင့် ပြည်သူများ၏ လေးစားအားကျမှုကို ရရှိထားသူပင်။

သို့သော် ကွာရှင်းမည်ဆိုသည်က.....

“အခုလို လျှောက်တင်တာကို ကိုယ့်နေရာကိုယ်မသိဘူးလို့ ထင်ကောင်းထင်နိုင်ပေမဲ့၊ အရှင်ဧကရာဇ်။ တစ်ခါလောက် ပြန်စဉ်းစားပေးပါဦး။”

မားကီးစ် ကားလ်က ဧကရာဇ်၏ အမျက်ဒေါသကို ခံယူရန်ဆုံးဖြတ်ကာ အမှန်အတိုင်း လျှောက်တင်ခဲ့သည်။

“ဆာ ခိုရှာရ်က ပြဿနာဆို ဆာ ခိုရှာရ်ကိုပဲ အပြစ်ပေးရင် ရတာပဲမဟုတ်ပါလား။”

ဧကရီအတွက်ရော ဧကရာဇ်အတွက်ပါ ကွာရှင်းခြင်းကို တားဆီးရမည်ဟူသော အတွေးကြောင့် နှလုံးခုန်မြန်နေသည်။

“ခိုရှာရ်က ဧကရီရဲ့ အစ်ကိုအရင်းဖြစ်သလို၊ ဧကရီတို့ အိမ်တော်ရဲ့ တစ်ဦးတည်းသော ဆက်ခံသူမဟုတ်ဘူးလား။”

“ဒါပေမဲ့ ဆာ ခိုရှာရ်ရဲ့အပြစ်ကို ဧကရီအရှင်မအပေါ် ပုံချတာကတော့...... မဟုတ်သေးပါဘူး။ တကယ်ကို မဟုတ်သေးတာပါ။”

ဆိုဗီရ်ရှုက ခပ်တိုတို သက်ပြင်းတစ်ချက် ချလိုက်သည်။

“တစ်ဦးတည်းသော အရိုက်အရာခံ ခိုရှာရ် အပြစ်ပေးခံရရင် ထရိုဗီ အိမ်တော်ရဲ့ အနေအထားက ယိုင်နဲ့သွားလိမ့်မယ်။ အစ်ကိုအရင်းက အပြစ်ပေးခံရပြီး အိမ်တော်ရဲ့ အနေအထားက ယိုင်နဲ့သွားရင် ဧကရီရဲ့ အနေအထားကလည်း အကျပ်ရိုက်သွားမှာပဲ။”

ထို့နောက် တစ်ယောက်ထိုင် ထိုင်ခုံတွင်ထိုင်ရင်း စိတ်မကောင်းသောအသံဖြင့် ပြောလာသည်။

“ဧကရီရဲ့ အနေအထားက အကျပ်ရိုက်သွားရင်၊ သူ ဘယ်လောက်ပဲ ကောင်းအောင်ကြိုးစားနေပါစေ သူ့ကို မနာလိုဘဲ စောင်းမြောင်းအပြစ်ပြောမဲ့သူတွေ ပေါ်လာမှာ။”

မားကီးစ် ကားလ်လည်း ဆိုဗီရ်ရှု၏ စကားကို ချက်ချင်း နားမလည်နိုင်ဘဲ မျက်တောင်တခတ်ခတ် လုပ်နေမိသည်။

“ခင်ဗျာ။”

ဧကရီနှင့် ကွာရှင်းမည်ဟု ပြောနေသည့်တိုင်၊ တစ်ဖက်ကလည်း ဧကရီကို အလေးအနက်ထားသလို ပြောနေသည်မဟုတ်ပါလား။

ဧကရာဇ်၏ သဘောထားကို နားမလည်နိုင်ဖြစ်နေသည်။

“ခိုရှာရ်လို လူပေလူတေဆီကနေ ကျုပ်ကလေးကို ကာကွယ်ဖို့နဲ့၊ အဲ့ဒီရဲ့ အကျိုးဆက်တွေကနေ ဧကရီကို ကာကွယ်ဖို့ဆိုရင် ဒီနည်းလမ်းတစ်ခုပဲ ရှိတယ်။ တခြားနည်းလမ်းတွေ စဉ်းစားကြည့်ပေမဲ့ ဒီနည်းလမ်းက အကောင်းဆုံးပဲ။”

“ဧကရီအရှင်မကို ကာကွယ်ဖို့အတွက် ကွာရှင်းမယ်တဲ့လားခင်ဗျ။”

“ကျုပ်ကတော့ အဲ့ဒီ လူပေလူတေ ခိုရှာရ်ကို မဖြစ်မနေ အပြစ်ပေးမှာပဲ။ ဒါပေမဲ့ ခိုရှာရ်ကို အပြစ်ပေးရင်း ဧကရီကို အဲ့ဒီအတိုင်း ထားထားရင် ဧကရီဆီကို ထိခိုက်မှုတွေ ရောက်သွားမှာ။”

“....”

“ဒါပေမဲ့ ပြောင်းပြန်စဉ်းစားကြည့်စမ်း။ ခိုရှာရ်ကို အပြစ်ပေးရင်း ဧကရီနဲ့ပါ ကွာရှင်းလိုက်ရင် လူတွေအားလုံးက ကျုပ်ကို အရမ်းလွန်တယ်လို့ ထင်ကြမှာပဲ။ အခု မောင်မင်း ထင်နေသလိုပေါ့။”

“အဲ့ဒီလို...... ဖြစ်မှာပေါ့။”

“ကွာရှင်းလိုက်ရင်တောင် ဧကရီက ထုံးစံအရ နောက်အိမ်ထောင်ပြုမှာမဟုတ်ဘဲ တစ်ယောက်တည်း ဆက်နေသွားမှာ။ လူတွေက ဧကရီကို သနားကြလိမ့်မယ်။”

ဆိုဗီရ်ရှုက မေးစေ့ကိုသပ်ရင်း မျက်လုံးကို အနည်းငယ် မှေးကြည့်လိုက်သည်။

“အဲ့ဒီအတောအတွင်းမှာ ရက်ရှ်တာကို ဧကရီအဖြစ် တင်မြှောက်ထားမယ်။”

အံ့ဩတုန်လှုပ်ဖွယ်ရာ စကားများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

မားကီးစ် ကားလ်ခမျာ မူးလဲမတတ်ပင်။

“အရှင်...... အရှင်ဧကရာဇ်။”

“ကလေးမွေးပြီး တစ်နှစ်လောက်ကြာတဲ့အထိပဲဖြစ်ဖြစ် ရက်ရှ်တာကို ဧကရီနေရာမှာ ထားမယ်။ အဲ့ဒါဆိုရင် အဲ့ဒီကလေးက တရားဝင် နန်းမွေခံ ဖြစ်လာမှာပဲ။”

“အဓိပ္ပာယ်မရှိပါဘူး။ လေဒီ ရက်ရှ်တာက...... တောင်းပန်ပါတယ်၊ ဒါပေမဲ့ အရှင်ဧကရာဇ်၊ လေဒီ ရက်ရှ်တာက ဧကရီတစ်ပါးရဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်မဲ့အရည်အချင်း မရှိပါဘူး။”

“ကလေးမွေးပြီးခါစ မိခင်က ဘာအလုပ်တွေများ အားစိုက်ပြီး လုပ်နိုင်မှာမို့လို့လဲ။ သာမန် အခြေခံအလုပ်လေးတွေ တစ်နှစ်လောက်လုပ်ရင်းနဲ့ နေရာလေးကို ထိန်းပေးထားရုံပဲ။”

“ဒါပေမဲ့ လုပ်နိုင်မှာမဟုတ်ပါဘူး။ လေဒီ ရက်ရှ်တာက ချစ်စရာကောင်းပြီး လှပပေမဲ့၊ တိုင်းရေးပြည်ရေးဆိုတာက ရုပ်ရည်နဲ့ လုပ်ရတာမှမဟုတ်တာ။”

“ဟုတ်တယ်။ လူတိုင်းက အဲ့ဒီလိုပဲ တွေးကြမှာပေါ့။”

“ခင်ဗျာ။”

မားကီးစ် ကားလ်လည်း တစ်ဖန်ထပ်၍ အံ့ဩသွားကာ ဆိုဗီရ်ရှုကို ကြည့်လိုက်မိသည်။

“ရက်ရှ်တာက ဘယ်လောက်ပဲ အလုပ်တွေကို အဆင်ပြေအောင်လုပ်ပါစေ၊ လူတိုင်းက ဧကရီနဲ့ပဲ နှိုင်းယှဉ်ကြမှာဖြစ်သလို ဧကရီကိုပဲ တမ်းတနေကြမှာ။ အလိုလို ဧကရီကို နေရာပြန်ပေးဖို့အတွက် လူထုရဲ့တောင်းဆိုသံတွေ ထွက်ပေါ်လာမှာဆိုတော့......”

“ဧကန္တ...... အရှင်ဧကရာဇ်။”

“အဲ့ဒီအချိန်ကျရင် ဧကရီကို ဧကရီနေရာ ပြန်တင်ပေးမယ်။”

ဆိုဗီရ်ရှုက နာကျင်နေသော မျက်နှာထားဖြင့် မျက်လုံးကိုမှိတ်ကာ ရေရွတ်ခဲ့သည်။

“နှစ်နှစ်လောက်တော့ ကြာမှာပေါ့။ ဧကရီက ကွာရှင်းတာကို လက်မခံရင် တရားရင်ဆိုင်ရမှာနဲ့ ပိုပြီး ကြာသွားနိုင်ပေမဲ့။”

မားကီးစ် ကားလ်တစ်ယောက် ဆိုဗီရ်ရှု၏ ထင်မှတ်မထားသော စကားများကြောင့် စိတ်လွတ်သွားရသည်။

သူက အထစ်ထစ်အငေါ့ငေါ့နှင့် ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက် လုပ်နေရာမှ မနည်းအသံထွက်အောင် ကြိုးစားလိုက်ရ၏။

“အရှင်......ဧကရာဇ်။ ဒါ…ဒါပေမဲ့ ဧကရီအရှင်မက နောက်ပိုင်းမှာ ကလေးရလာနိုင်တာပဲ မဟုတ်ပါလား။”

ဆိုဗီရ်ရှုက ညိုမှောင်နေသောမျက်နှာဖြင့် ရေရွတ်ခဲ့သည်။

“......ဧကရီက ကလေးမရနိုင်ဘူး။ အဲ့ဒီလိုဖြစ်စရာ အကြောင်းမရှိဘူး။”

တိုးညင်းသောအသံဖြစ်သော်လည်း ပြတ်သားလှ၏။

မားကီးစ် ကားလ်က ဆိုဗီရ်ရှု ဘာကြောင့် ဧကရီကို ကလေးမရနိုင်​ဟု ထိုမျှအထိ ယုံကြည်နေမှန်း နားမလည်နိုင်ဖြစ်နေသည်။

လက်ထပ်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း နှစ်ဦးစလုံးက ငယ်ရွယ်ဆဲဖြစ်ကာ၊ ဧကရာဇ်ရော ဧကရီပါ ကျန်းမာနေကြသည်မဟုတ်ပါလား။

“ဒါပေမဲ့ အရှင်ဧကရာဇ်….”

ဆိုဗီရ်ရှုက မားကီးစ် ကားလ် တစ်ခုခုပြောရန်ပြင်သည်ကို လက်ကာပြကာ ဖြတ်ပြောခဲ့သည်။

“ဘာပြောပြော အပိုပဲ။ ကျုပ်က ကျုပ်ကလေးကို ကာကွယ်မှာဖြစ်သလို၊ ခိုရှာရ်ကိုလည်း ဒီအတိုင်း လွှတ်ထားမှာမဟုတ်ဘူး။”

မားကီးစ် ကားလ်တစ်ယောက် ခြေထောက်များ ယိုင်နဲ့သွားသဖြင့် ဘေးမှစားပွဲကို အားပြုကိုင်ထားလိုက်ရသည်။

ဆိုဗီရ်ရှုက မျက်နှာလွှဲကာ ကြမ်းပြင်ကိုသာ ကြည့်နေပြီး မားကီးစ် ကားလ်ကို ထပ်ပြီး စကားမပြောတော့ပေ။

ဆိုဗီရ်ရှု ကိုယ်တိုင်လည်း ခက်ခဲသော ဆုံးဖြတ်ချက်ကို ချခဲ့ရသည့်ပုံပင်။

ထို့အပြင် ထိုဆုံးဖြတ်ချက်ကို ပြောင်းလဲရန် ဆန္ဒရှိပုံလည်းမရပေ။

“ဒါဆို အရှင်ဧကရာဇ်၊ လေဒီ ရက်ရှ်တာရဲ့ အတိတ်နဲ့ ပတ်သက်ပြီးတော့ရော ဖုံးကွယ်ထားဖို့ စိတ်ကူးထားတာလား။”

မားကီးစ် ကားလ်က အိမ်ကို အပြေးပြန်ပြီး ရေနွေးနွေးလေးထဲတွင် နားချင်နေသည့်စိတ်ကို အောင့်ထားရင်း မေးလိုက်သည်။

“အရင်က မွေးခဲ့တဲ့ ကလေးကို ခေါ်ပြီးမွေးပေးဖို့ စိတ်ကူးမရှိပေမဲ့၊ တကူးတက လိုက်ရှာပြီး သတ်ပစ်ဖို့လည်း စိတ်မကူးဘူး။ ကျုပ်နဲ့ မသက်ဆိုင်တဲ့ ကလေးပဲလေ။”

ပုံမှန်ဆိုလျှင် ချစ်သူတွင် ထိုသို့သော အတိတ်မျိုးရှိလျှင် သစ္စာဖောက်ခံရသလို ခံစားရခြင်းဖြစ်စေ၊ သဝန်တိုခြင်းဖြစ်စေ ရှိတတ်သော်လည်း။

ဆိုဗီရ်ရှုကမူ ထိုကိစ္စတွင် အေးရာအေးကြောင်းပင်။

“အရှင်ဧကရာဇ်။ သာမန်အရပ်သား ချစ်သူကို ဧကရီနေရာ တင်မြှောက်ဖို့ ကြိုးစားရင် ကန့်ကွက်မှုတွေ အများကြီးရှိလာမှာ မဟုတ်ဘူးလားခင်ဗျ။ ကလေးကြောင့်ဆိုရင်တောင်၊ တခြား အိမ်တော်ကောင်းကောင်းက အမျိုးသမီးတစ်ယောက်ကိုရှာပြီး ပြန်လက်ထပ်တာ ပိုမကောင်းလောက်ဘူးလား။”

“အိမ်တော်ကောင်းကောင်းက မိန်းကလေးသာ ဧကရီနေရာ ရောက်သွားရင် နာဗီရယ်ကို ပြန်လိုချင်တဲ့အသံတွေ အားနည်းသွားမှာပေါ့။ အဲ့ဒီလိုဆိုရင် နာဗီရယ်ကို နေရာပြန်ပေးဖို့ ခက်သွားမှာမဟုတ်လား။”

“....”

“ကန့်ကွက်မှုတွေ ရှိလာဆိုမှာပေမဲ့၊ ရက်ရှ်တာမှာ ကျုပ်ကလေး ရှိနေတာမို့လို့ ဖိနှိပ်ထားလို့ရတယ်။ အရင်ကလည်း အဲ့ဒီလိုမျိုး ရှိခဲ့ဖူးတာပဲ။ ဒါမှမဟုတ် လုံးဝ မရဘူးဆိုရင်လည်း သင့်တော်တဲ့ မှူးမတ်အိမ်တော်တစ်ခုခုထဲ သွင်းပေးလိုက်ရင် ရတာပဲ။”

“လေဒီ ရက်ရှ်တာကရော။ ဧကရီဖြစ်သွားတဲ့ လေဒီ ရက်ရှ်တာက အဲ့ဒီနေရာကို အလွယ်တကူ ပြန်ပေးချင်ပါ့မလား။”

“လောဘ လုံးဝမရှိတာတော့ မဟုတ်ပေမဲ့၊ အကန့်အသတ်ကိုသိတဲ့ ကလေးပဲ။ အထိုက်အသင့် စိတ်ရင်းကောင်းပြီး ပါးနပ်တယ်။ ကိုယ်နဲ့ ထိုက်တန်တဲ့နေရာ မဟုတ်မှန်းလည်း သိမှာပေါ့။”

“ဧကရီနေရာမှာရှိနေတုန်း လောဘတက်လာမလား မသိနိုင်ပါဘူး။”

“ဆင်းမပေးချင်ဘူးဆိုရင် ဆင်းပေးရအောင် လုပ်လိုက်ရုံပေါ့။”

ဆိုဗီရ်ရှုက လက်ထောက်ကာ မျက်လုံးမှေးရင်း ပြောလာသည်။

“ရက်ရှ်တာ ဗိုင်းကောင့် လိုတဲရှုနဲ့ပေါင်းပြီး တူအာနီယာ မြို့စားကတော်ကို ဒုက္ခပေးခဲ့တဲ့ ကိစ္စ။ အဲ့ဒီလောက်ဆိုရင် နေရာကနေ ပြန်ဖယ်ခိုင်းဖို့ လုံလောက်မှာပေါ့။”

“...”

မားကီးစ် ကားလ် ဆိုဗီရ်ရှုကို အံ့ဩတကြီး ကြည့်လိုက်မိသည်။

ထိုစဉ်က ဗိုင်းကောင့် လန်ဒရယ် ရေးခဲ့သော အစီရင်ခံစာကို မဖျက်ဆီးဘဲ သိမ်းထားခိုင်းခဲ့သည်မှာ။

ဧကန္တ ထိုအချိန်ကတည်းက ဤကဲ့သို့သော အခြေအနေမျိုးကို ကြိုတင် စဉ်းစားထားခဲ့ခြင်းလား။

ရှေ့လျှောက် ဧရာမမုန်တိုင်းကြီး နန်းတော်ကို ဖုံးလွှမ်းဝါးမျိုပေတော့မည်။

မားကီးစ် ကားလ်တစ်ယောက် စိတ်ထဲမှ သက်ပြင်းကြိတ်ချရင်း ဆိုဗီရ်ရှုကို ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်နေမိသော်လည်း ဘာမှမတတ်နိုင်ခဲ့ပေ။

မားကီးစ် ကားလ်က “ဟုတ်ကဲ့ပါ” ဟုသာ ဖြည်းညင်းစွာ ပြန်လည် လျှောက်တင်လိုက်တော့သည်။

~~~~

Miel’s Translations

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment


Comments (1)
Lilacnan

4 months ago

တေနာကြီးဆိုဗီရ်ရှု